← Chapters

ကျောက်စိမ်းဧကရီက ခေါက်ဆွဲကြော်အမာခံ ပရိတ်သတ်ပဲ

Vol. 16 Ch. 156

ကျောက်စိမ်းဧကရီက ခေါက်ဆွဲကြော်အမာခံ ပရိတ်သတ်ပဲ

Vol. 16 Ch. 156

အကုန်လုံးရဲ့အကြည့်က ဓားဖြူဧကရာဇ်ဆီ ရောက်နေကြပြီး ပန်းချီကားထဲမှ ဓားသမားရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြပြီးနောက် ဓားဖြူဧကရာဇ်ရရှိသွားသည့် လက်ဆောင်အပေါ် မနာလို ဖြစ်မိသွားကြသည်။

ယန်ချန်က ထိုကိစ္စကို သတိမပြုမိပေ။ သူက ဧကရီအတွက် လက်ဆောင်တခုပေးရန် စိတ်ကူးနေပြီး မည်သည့်လက်ဆောင်ပေးရမည်ကိုတော့ စဥ်းစားမရဖြစ်နေသည်။

ထိုစဥ် ရှုယင်မှ ညစာအသင့်ဖြစ်ပြီဖြစ်ကြောင်း လာရောက်အသိပေးချိန်မှာတော့ လက်ဆောင်ကိစ္စအား ခဏဘေးဖယ်၍ စားသောက်ခန်းထဲသို့ ခေါ်ဆောင်သွားရတော့သည်။

“ညစာအတွက်ကတော့ ဖြစ်သလိုပဲဗျာ အသားစွပ်ပြုတ်နဲ့ ဂျုံခေါက်ဆွဲကြော်ပေါ့”

ယန်ချန်က ရှုယင်နဲ့အတူ စားသောက်ဖွယ်ရာများကို ခင်းကျင်းနေပြီး ဧည့်သည်များကိုလည်း စိတ်ပေါ့ပါးစေရန် စကားစမြည်းပြောပေးနေခဲ့သည်။

မင်ယုရှန်းတို့မှာ ဂျုံမှရသည့် အစားအစာများ စားဖူးပြီဖြစ်၍ အထူးဆန်းဖြစ်မနေတော့။ ဓားဖြူဧကရာဇ်နဲ့ ကျောက်စိမ်းဧကရီတို့မှာတော့ အနည်းငယ်နေရခက်နေပြီး အားတုံ့အားနာ အမူအရာများ ဖြစ်နေကြသည်။

“ဒီက မိတ်ဆွေနဲ့ ဧကရီတို့ ထိုင်ကြပါ”

ယန်ချန်က နေရာအချို့ စီမံပေးပြီး သူကိုယ်တိုင်လည်း ရှုယင်ဘေး၌ ထိုင်သည်။ မကြာခင်မှာပဲ ယင်ယင်ရောက်ရှိလာပြီး သူမလေးက ရှုယင်နဲ့အတူ ခုံတခုတည်းထိုင်ကာ မအေဖြစ်သူမှ ခွံ့ကျွေးမည်ကို အသင့်စောင့်နေလေသည်။

“ဒါက ကျုပ်ပြောတဲ့ ခေါက်ဆွဲကြော်ဆိုတဲ့အရာပေါ့ အထဲမှာဂေါ်ဖီ အသားနဲ့ ရောသမမွှေပြီး ကြော်ထားတယ် မြည်းကြည့်ကြပါ”

ယန်ချန်က ထိုသို့ပြောရင်း သူကိုယ်တိုင်လည်း ခေါက်ဆွဲကြော့အနည်းငယ်ကို ပန်းကန်လုံးထံထည့်ကာ တဇွန်းခပ်စားကြည့်သည်။ ခေါက်ဆွဲ၏အစိမ့်အရသာက စီးဝင်သွားပြီး ရှုယင်ရဲ့လက်ရာမှာ ကြာလေသူ့ကိုမီလာလေ ဖြစ်သည်။

မင်ယုရှန်းတို့မှာလည်း အသားစွပ်ပြုတ်အနည်းငယ်ကို ပန်းကန်လုံးထဲ ခပ်ထည့်ထားပြီး ယန်ချန့်နည်းတူ ခေါက်ဆွဲကြော်ကို ထည့်ကာ စတင်စားသောက်ကြသည်။

ဓားဖြူဧကရာဇ်နဲ့ ကျောက်စိမ်းဧကရီတို့က ပထမ၌ အနည်းငယ်အမူအရာ ထိန်းနေသေးသော်လည်း မွှေးပျံ့လွန်းသည့် ခေါက်ဆွဲကြော်ရဲ့ ဆွဲဆောင်မှုကို တောင့်မခံနိုင်တော့ချေ။

တူဖြင့် အနည်းငယ် ခပ်စားကြည့်သည်။ အင်မော်တယ်များမှာ သေမျိုးဘဝမှကျော်လွန်ပြီးနောက် အစားအသောက်စားခြင်းက အရေးမပါ မလိုအပ်တော့ချေ။ ရံဖန်ရံခါ၌သာ စားကြပြီး ကျင့်ကြံခြင်းအရ စွမ်းအင်များစုပ်ယူခြင်းက အစားသောက်စားခြင်းကဲ့သို့ပင်။

ယန်ချန်က သူကိုယ်တိုင်တီထွင်ထားသည့် ဂေါ်ဖီချဥ်ကို တူဖြင့်အနည်းငယ်ညှပ်ကာ ခေါက်ဆွဲကြော်နဲ့အတူ စားလိုက်သည်။ ပြီးနောက်

“ခေါက်ဆွဲကြော်သီးသန့်ဆို ခင်ဗျားတို့ အီလိမ့်မယ် ဒီအချဥ်လေးနဲ့ တွဲစားကြည့်ပေါ့”

ရှုယင်က ယင်ယင်လေးကိုမခွံ့ခင် ယန်ပိုင်တို့အတွက် ညစာအချို့အရင်ပေးပို့သည်။ ပြီးမှ သမီးဖြစ်သူကိုပေါင်ပေါ်တင်လျက် အတူစားကြရသည်။

ယန်ချန်က ခေါက်ဆွဲကြော်ထဲမှ အသားတဖက်အား ရှုယင်ရဲ့ပန်းကန်ထဲ လှမ်းထည့်ပေးလိုက်သည်။ ထိုမြင်ကွင်းကို မင်ယုရှန်းတယောက် သတိပြုမိသော်လည်း မသိချင်ယောင်ဆောင်၍ ဆက်စားနေလေသည်။

တဖက်တွင်တော့ လုလင်းယွဲ့နဲ့တင်းဟောက်တို့မှ ခေါက်ဆွဲကြော်၏ အရသာထူးကို ခံစားမိသွားကြပြီး ထူးကဲတဲ့အရသာနဲ့အတူ သန့်စင်တဲ့စွမ်းအင်များက ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းစီးဆင်းသွားသည်။

လုလင်းယွဲ့ရဲ့မျက်လုံးအစုံမှာ သိသာစွာပဲ ပွင့်ဟသွားရသည်။ ခေါက်ဆွဲကြော်၏ အရသာတင်မက ပါဝင်တဲ့စွမ်းအင်များမှာလည်း သန့်စင်လွန်းပြီး သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုသာမရှိပါက စွမ်းအင်ကိုပင် လက်ခံရန်ခက်ခဲနေပေလိမ့်မည်။

သူမနဲ့မတူညီစွာ တင်းဟောက်မှာတော့ အနည်းငယ်မအီမသာ ဖြစ်နေရပြီး များပြားလွန်းတဲ့ စွမ်းအင်များအား မည်ကဲ့သို့ချေဖျက်ရမည်ကို စဥ်းစားမရဖြစ်ကာ ယန်ချန့်ကိုလည်း အထင်ကြီးလေးစားသွားတော့သည်။

ပုဂ္ဂိုလ်ထူးကြီးများ၏ သာမန်ညစာတခုက နတ်ဘုရားများကိုပင် အလုအယက်ဖြစ်စေသည်။ ထို့အပြင် စွမ်းအင်အရဖြစ်စေ အရသာအရဖြစ်စေ နတ်ဘုရားအဆင့်ဖြစ်ကာ ထိုနဲ့တူညီသည့် အစားသောက်မျိုး အင်မော်တယ်လောက၌ပင် သူတို့မရနိုင်ပေ။

ယန်ချန်က ခေါက်ဆွဲကြော်ကို အဆက်မပြတ်စားသောက်နေကြသည့် သူများကို ကျေနပ်စွာဖြင့် တချက်ကြည့်လိုက်ပြီး လုလင်းယွဲ့ဆီ အကြည့်ရောက်ချိန်မှာတော့ သူမကလည်း အဆက်မပြတ်စားသောက်နေပြီး ခေါင်းပင်မဖော်တော့ပေ။

“ခေါက်ဆွဲကြော်က အရမ်းအရသာရှိတယ်”

ယင်ယင်လေးက ဆီများဝေ့နေသည့် ပါးနှစ်ဖက်ကို လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်းဆွဲသုတ်ကာ ပြောလာသည်။

“ယင်ယင်လေးကြိုက်လား”

“အရမ်းကြိုက်တယ်”

ယန်ချန်က သူမလေး၏ခေါင်းကို ညင်သာစွာပွတ်ပေးလိုက်သည်။

“ဒါဆို ဦးဦးက ခဏခဏကြော်ပေးမှာပေါ့ ဟုတ်ပြီလား”

ဓားဖြူဧကရာဇ်မှာ ခေါက်ဆွဲကြော်ကို ဆက်မစားနိုင်တော့။ စွမ်းအင်များပြည့်သိပ်လွန်းနေပြီး သူ့နည်းတူ မင်ယုရှန်းတို့မှာလည်း မအီမသာပုံစံများ ဖြစ်လာကြသည်။

သူမတို့က ယန်ချန်၏စေတနာကို အသိမှတ်ပြုသော်လည်း လက်ခံနိုင်စွမ်းနည်းပါးမှုကို မချိတင်ကဲ ဖြစ်နေကြသည်။ ယန်ချန်က ထိုအချင်းရာကို သတိပြုမိသွားပြီး ထိုသူများမှာ ဂျုံခေါက်ဆွဲကြော် ပထမဆုံးစားဖူးသည်ဖြစ်၍ အနည်းငယ် အီသွားကြသည်ဟု မှတ်ယူလိုက်သည်။

“ကျုပ်ပြောပါတယ် အချဥ်နဲ့တွဲစားပါလို့ အခုတော့ အီနေကြပြီမဟုတ်လား”

ပေါ့ပေါ့ပါးပါး အမူရာဖြင့်ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ ခေါက်ဆွဲလက်ကျန်များကို လက်စသပ်လိုက်သည်။ ထိုအချိန်ထိ လုလင်းယွဲ့မှာ ခေါက်ဆွဲကြော်ကို အငမ်းမရစားနေသေးပြီး သူမက တကယ်ကိုပင် ခေါက်ဆွဲကြော်ကြိုက်နှစ်သက်သည့် အမာခံပရိတ်သတ်တဦးနဲ့ပင် တူညီနေသည်။

ယန်ချန်ရဲ့ အကြည့်ကိုသတိထားမိလျင် လုလင်းယွဲ့မှာ အနည်းငယ်ရှက်သွားခဲ့ပြီး အရှိန်လည်းတန့်သွားသည်။ သူမက သန့်စင်တဲ့ စွမ်းအင်များကို သူမရဲ့သန်မာတဲ့ရုပ်ပိုင်းဆိုင်ရာကိုသုံး၍ အဆက်မပြတ်သန့်စင်နေခြင်းဖြစ်ကာ အရသာကလည်း သူမကိုဆက်တိုက်စားနေစေရန် တွန်းအားပေးနေခဲ့သည်။

အကုန်လုံးက ဆက်၍မစားနိုင်ကြတော့ပဲ ယန်ချန့်နည်းတူ လက်စသပ်လိုက်ကြပြီး ဧည့်ခန်းဆီပြန်လည်ရောက်ရှိသွားချိန်မှာတော့ ယန်ချန်က အိပ်ခန်းဆီ အမြန်ဝင်ကာ စနစ်ရဲ့သိုလှောင်ခန်းထဲသို့ စစ်ဆေးကြည့်သည်။ ရည်ရွယ်ချက်က ကျောက်စိမ်းဧကရီကို လက်ဆောင်ပေးရန်ဖြစ်သည်။

………………………………………………

All Chapters