ဓားတစ်ချောင်း…
Vol. 16 Ch. 157
အချိန်အနည်းငယ်ကြာသည်အထိ စစ်ဆေးသော်လည်း စိတ်ထဲဘဝင်ကျသည့် လက်ဆောင်ဟူ၍ ရှာမတွေ့ချေ။
တဖက်သူမှာ မသေမျိုးအင်မော်တယ်ဖြစ်ပြီး သာမန်အရာများက သူမစိတ်ထဲ သက်ရောက်မှု မရှိနိုင်ဟု ယူဆမိသည်။ ထို့ကြောင့် အကောင်းဆုံးဟု ထင်ရသည့် အရာကိုသာ ရွေးချယ်နေခြင်းဖြစ်ကာ ခက်သည်က လတ်တလော ပြုလုပ်ထားသည့် အရာမှာလည်း ဓားသမားပန်းချီကားသာ ရှိနေသည်။
“ငါဘာပေးရမလဲ..”
အနည်းငယ် ခေါင်းရှုပ်သလို ခံစားသွားရပြီး အချိန်အတန်ကြာ စဥ်းစားပြီးချိန်မှာတော့ စနစ်ရဲ့အကဲဖြတ်မှုကာလတုန်းက သူနောက်ဆုံးပြုလုပ်ခဲ့သည့် ဓားတစ်ချောင်းအား အမှတ်ရမိသွားသည်။ ထိုဓားမှာ ရှားပါးသတ္တုတစ်မျိုးနဲ့ ပြုလုပ်ထားပြီး လက်ကိုင်၌ ထူးခြားတဲ့ ကျောက်မြတ်ရတနာတစ်မျိုး ထည့်သွင်းထားကာ ဓားသွားက အရှည်သုံးပေခန့်သာရှိပြီး အနည်းငယ်တိုသည်။
သို့သော် နှစ်ဖက်သွားဓားဖြစ်ပြီး ဓားသွားကိုနေရောင်၌ ထိုင်၍ကြည့်လျင် တောက်ပသည့် အလင်းရောင်က ဖြာထွက်နေကာ ပတ်ဝန်းကျင်တခုလုံး လင်းသွားသည်ကို ယန်ချန်အမှတ်ရသွားသည်။
“ဟုတ်တယ် အဲ့ဒီဓား ငါအမည်တောင်မပေးရသေးဘူး ဆိုပေမယ့် အရည်သွေးကတော့ နတ်ဘုရားအဆင့်ပဲလို့ စနစ်က အကဲဖြတ်ပေးဖူးတယ်”
ချက်ချင်းပဲ စနစ်သိုလှောင်ခန်းထဲမှ ဓားကိုဆွဲထုတ်လိုက်သည်။ ဓားမှာ အေးမြသည့် ခံစားချက်တခုပေးစွမ်းနေပြီး ဓားဆီမှ သက်တောင့်သက်သာ ခံစားချက်တမျိုးကိုလည်း ရနေခဲ့သည်။
“အရမ်းကောင်းတယ် အချိန်ကြာသွားတာတောင် အရည်သွေးကျမသွားဘူး ငါပစ်ထားတာ ကြာပြီဆိုပေမယ့် ထုတ်လုပ်ကာစအတိုင်းပဲ”
ယန်ချန်က ဓားကိုအနည်းငယ် ဝေ့ယမ်းကြည့်သည်။ ဓားအလင်းအနည်းငယ် ဖြာထွက်လာပြီး ယန်ချန်မသိလိုက်ခင်မှာပဲ ဓားဆန္ဒများက အပြင်ဘက်ဧည့်ခန်းထဲ ထိုင်နေကြသည့် မင်ယုရှန်းတို့ထံ ရောက်ရှိသွားသည်။
ဓားဖြူဧကရာဇ်နဲ့ အခြားသူများမှာ လက်ဖက်ရည်ကို အရသာခံသောက်နေကြပြီး ယန်ချန်တယောက် အိပ်ခန်းထဲဝင်သွားသည်ကို စောင့်ဆိုင်းနေစဥ် နူးညံ့သော်လည်း ကြောက်စရာကောင်းတဲ့ အငွေ့သက်များပါဝင်သည့် ဓားဆန္ဒအချို့ ရောက်ရှိလာသည်ကို သတိပြုမိသွားကာ တုန်ယင်သွားကြသည်။
“သခင်လေးက အိပ်ခန်းထဲ ဓားရေးလေ့ကျင့်နေတာလား”
ကျင်းလုံတယောက် တီးတိုးရေရွတ်လိုက်ပြီး အကုန်လုံးက ထိုစွမ်းအင်ထံမှ တစုံတရာ ရလိုရငြား စမ်းသပ်ကြည့်ကြတော့သည်။ ဓားဆန္ဒများမှာ ထူးဆန်းစွာဖြင့် ကျောက်စိမ်းဧကရီဆီ အဆက်မပြတ်စီးဝင်နေပြီး ကျောက်စိမ်းဧကရီမှာ ထူးခြားတဲ့ ဆက်နွယ်မှုတစ်ခု ခံစားလိုက်ရသည်။
ထိုခံစားချက်က မိမိအတွက်ရည်ရွယ်သည့် ထိပ်တန်းရတနာတခုနဲ့ နီးကပ်လာချိန် ခံစားရခြင်းမျိုးဖြစ်ပြီး သိမ့်မွေ့တဲ့ဆန္ဒများက သူမနဲ့ပေါင်းစည်းလိုဟန် တိုးဝင်လာခြင်းဖြစ်သည်။ လုလင်းယွဲ့တစ်ယောက် အချိန်အနည်းငယ့ မှင်သက်သွားမိသော်လည်း တခဏအကြာမှာတော့ သတိပြန်ဝင်လာကာ ထိုဓားဆန္ဒအလင်းများကို စုပ်ယူရန်ကြိုးစားတော့သည်။
ထိုစဥ် အခြားသူများမှာ သူမနည်းတူ စုပ်ယူရန်ကြိုးစားသော်လည်း ရရှိသည်က အလွန်နည်းပါးသည်ကို သတိပြုမိသွားကာ ထိုဆန္ဒများက ကျောက်စိမ်းဧကရီဆီ မြစ်တစ်စင်းနှယ် စီးဝင်နေသည်ကို မြင်ချိန်မှာတော့ သခင်လေးက ကျောက်စိမ်းဧကရီကို ရည်ရွယ်မှန်းသိသွားကြပြီး စုပ်ယူသည်ကို ရပ်တန့်လိုက်ကြသည်။
“စောင့်နေရတာ ကြာသွားလား”
ယန်ချန်ရဲ့အသံ ထွက်ပေါ်လာပြီး ယန်ချန်က ထူးခြားသည့် ဓားတစ်ချောင်းကို ပေါ့ပေါ့ပါးပါးပင် ကိုင်ဆောင်လာသည်ကို သတိပြုမိသွားကြသည်။
“ဒီဓားက..”
ဓားဖြူဧကရာဇ်မှာ ဓားသမားပီသစွာပဲ ဓားဆီမှ အရာများစွာကို ခံစားမိသွားပြီး ဧကရီတစ်ပါးကဲ့သို့ မြင့်မြတ်သန့်စင်သည့် အရှိန်ဝါက ဓားတချောင်းလုံးကို ဖုံးလွှမ်းထားလေသည်။
ယန်ချန်က အဆိုပါဓားအား လုလင်းယွဲ့ဆီ ကမ်းပေးလိုက်သည်။
“ဧကရီကြီး ဒါက ကျုပ်ရဲ့လက်ဆောင်ပါ တန်ဖိုးနည်းအရာကို ပေးရတာ အားနာပါတယ်”
တန်ဖိုးနည်းအရာကိုပေးရတာ အားနာတယ်..။
ဟုတ်လား..။
သခင်လေးက ကြာလေမျက်နှာဖြတ်ရိုက်တာ ကျွမ်းကျင်လေပဲနော်..။ ကျုပ်တို့မျက်နှာကို တပြိုင်နက်ဖြတ်ရိုက်ပစ်တာ သတိမထားမိဘူးလား။
ကျင်းလုံ မင်ဝမ် တင်းဟောက် ရှယီ ရှောင်ချီနဲ့ အခြားသူများမှာ မချိတင်ကဲ ဖြစ်သွားကြပြီး တင်းဟောက်မှာ ဓားရဲ့အဆင့်ကို မခန့်မှန်းနိုင်သည်အထိ မြင့်နေမှန်းခံစားမိလေ ပို၍ဆိုးလေဖြစ်သည်။
နတ်ဘုရားအဆင့်ဓားတစ်ချောင်းကို တန်ဖိုးနည်းအရာလို့ပြောပြီး လက်ဆောင်ပေးပစ်ခြင်း။ ထိုအပြုအမူက နတ်ဘုရားများပင် စွမ်းနိုင်မည်မဟုတ်ဟု တင်းဟောက်ထင်သည်။
ကျောက်စိမ်းဧကရီမှာ ယန်ချန်ကမ်းပေးလာသည့် ဓားကို တခဏကြာတုန့်ဆိုင်းပြီးနောက် လှမ်းယူလိုက်သည်။ သူမကမည်သည့် လက်ဆောင်မှမယူလာခဲ့သော်လည်း ကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးက အပြစ်မမြင်ချေ။ သူ့ဘက်ကပင် သူမအတွက် နတ်ဘုရားအဆင့်ဓားတချောင်း လက်ဆောင်ပြန်ပေးလိုက်သေးသည်။
ထိုစိတ်ဓာတ်က သူမတို့ပင် မတတ်နိုင်သည့် အရာဖြစ်ပြိး အင်မော်တယ်လောကတခုလုံး၌ ပထမဆုံး နတ်ဘုရားအဆင့်ဓားတလက် ကိုင်ဆောင်ခွင့်ရမည်ဟု သူမမထင်မိခဲ့ပေ။ တဖက်၌ မင်ယုရှန်းမှာ ဓားကို အချိန်အနည်းငယ် ကြည့်ပြီးနောက် မျက်နှာလွှဲလိုက်သည်။ ယန်ချန်က သူမကိုဓားတချောင်းသာမက လေဟာနယ်လောက ပါဝင်တဲ့ ပန်းချီကားတချပ်ပင် ပေးထားဖူးပြီး ထိုနှစ်ခုက နတ်ဘုရားအဆင့်များမဟုတ်သော်လည်း အင်မော်တယ်ပင် မဖြစ်သေးသည့် သူမအတွက်တော့ တန်ဖိုးကြီးမားပေသည်။
အခြားသူများမှာ ဓားကိုဝိုင်း၍ ကြည့်နေကြပြီး ထိုဓားဆီမှ အရှိန်ဝါကိုလည်း ကျိတ်၍ အထင်ကြီးနေမိကြသည်။ လုလင်းယွဲ့မှာ ဓားကိုတချက်ဝေ့ယမ်းကြည့်သည်။ သိမ်မွေ့တဲ့ခံစားချက်တခု ဓားကိုင်ထားတဲ့ လက်မှတဆင့် စီးဝင်လာပြီး သက်တောင့်သက်သာ ခံစားချက်တစ်ခုက သူမခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားသည်။
ထို့အပြင် ဓားဆီမှ အသက်ဓာတ်တခုရှိနေပြီး ထိုအသက်ဓာတ်က သူမကိုဆက်သွယ်နေသည်ကို ခံစားမိကာ ထိုအရာက ဓား၏စိတ်ဝိဉာဥ်တစ်ခု ဖြစ်မည်ဟု ယူဆမိသည်။ လက်နက်များ၌ လက်နက်ဝိဉာဥ်များစွာရှိပြီး နတ်ဘုရားအဆင့် လက်နက်များတွင်လည်း နတ်ဘုရားအဆင့် လက်နက်ဝိဉာဥ်ဟူ၍ ရှိသည်။
ထိုလက်နက်ဝိဉာဥ်ပါသည့် လက်နက်များက အဆင့်တူ၌ပင်ပြိုင်ဘက်ကင်းပြီး လက်နက်ဝိဉာဥ်တိုးတက်လာလေ ဓား၏ အရည်သွေးမှာလည်း တိုးမြင့်လာလေဖြစ်သည်။ လုလင်းယွဲ့က မည်သည့်ရည်ရွယ်ချက်ကြောင့်မှန်းမသိ မင်ယုရှန်းမြင်သာစေရန် အနည်းငယ်ဝေ့ယမ်းပြီးနောက် ဓားကိုပြန်သိမ်းကာ ယန်ချန်ကို အလေးအနက် ကျေးဇူးတင်စကားဆိုလာသည်။
မကြာခင်မှာပဲ စကားဝိုင်းတခု ဖြစ်ပေါ်လာပြီး လုလင်းယွဲ့က လောကသုံးခု ပေါင်းစပ်ထားသည်ကို မထုတ်ဖော်ပဲ ယန်ချန်ဆန္ဒရှိပါက အင်မော်တယ်လောကအား လည်ပတ်ရန်ဖိတ်ခေါ်လိုက်သည်။ ယန်ချန်ကလည်း ကျင့်ကြံသူမဟုတ်သေးချိန်၌ပင် အင်မော်တယ်လောကဆီ သွားရောက်ရခြင်းကို ကျေနပ်နေပြီး မကြာခင်လည်ပတ်မည်ဟု ကတိပေးလိုက်တော့သည်။ သေချာသည်က ထျန်းဟွမ်လောက ပြိုင်ပွဲကြီးပြီးလျင် သေချာပေါက် သွားရောက်မည် ဖြစ်သည်။
ညအတော်နက်သည်အထိ စကားဝိုင်းဖွဲ့ကြပြီးနောက် လုလင်းယွဲ့နဲ့တင်းဟောက်တို့မှာ နှုတ်ဆက်၍ ပြန်သွားကြသည်။ အခြားသူများကလည်း ထိုနည်းတူပင် ယန်ချန်နဲ့ရှုယင်တို့ကို နှုတ်ဆက်ကာ ၎င်းတို့နေထိုင်သည့် ခြံဝန်းဆီ ပြန်သွားခဲ့ကြပြီး နောက်ရက်အနည်းငယ်အတွင်း ပြိုင်ပွဲကြီးစတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယန်ချန်က ထိုပြိုင်ပွဲကြီးကို လက်နက်များ ဆုလက်ဆောင်ချီးမြင့်မည်ဖြစ်ပြီး လုလင်းယွဲ့နဲ့ တင်းဟောက်တို့မှ ပါဝင်ကူညီမည်ဟု ကတိပေးထားခြင်းကြောင့် သေမျိုးလောကပြိုင်ပွဲကြီးမှာ အင်မော်တယ်များ ပါဝင်စီစဥ်သည့် ထူးခြားတဲ့ ပြိုင်ပွဲကြီးတခုအသွင် ပြောင်းလဲသွားတော့သည်။
သိသာစွာပင် မင်ယုရှန်းတို့က လုလင်းယွဲ့တို့အကြောင်းကို ဖုံးကွယ်ထားပြီး ထုတ်ဖော်ရန်ဆန္ဒမရှိချေ။ လုလင်းယွဲ့၏ စကားအရ လောကတခုစီ၌ မမြင်ရသည့်အန္တရာယ်များရှိကာ ထိုအရာများကို အလေးနက်ထားရမည်ဟု သတိပေးသွားခဲ့သည်။ ယန်ချန်က ထိုကိစ္စနဲ့ပက်သက်၍ သတိမပြုသော်လည်း မင်ယုရှန်းတို့ကမူ လုလင်းယွဲ့ပြောလိုသည့် အကြောင်းရာကို သိထားသူများဖြစ်ကာ အလေးနက်ထပ်မံဆွေးနွေးရန် အချိန်တခုသက်မှတ်လိုက်ကြသည်။ သေချာသည်က ယန်ချန်ကိုအသိပေးမည်မဟုတ်ပေ။
……………………………………………….