တစ်ချက်နဲ့မသေရင် နှစ်ချက်ခုတ်မယ်
Vol. 16 Ch. 153
ဓားသမားရဲ့လေသံမှာ တိုးညင်းသော်လည်း နတ်ဆိုးပုံရိပ်ကြီး၏ နားထဲမှာတော့ ပြင်းထန်တဲ့ အသံလှိုင်းများ အဆက်မပြတ်စီးဝင်လာသည်ဟု ခံစားလိုက်ရသည်။
မင်ယုရှန်းနဲ့ အခြားသူတို့မှာလည်း ဓားသမားကြောင့် အသက်ရှုချောင်သွားရပြီး အက်ကွဲနေသည့် ရုပ်ခန္ဓာများကို အလျင်မြန်ကုသကာ ဓားသမား၏ အနောက်ဘက် ခပ်လှမ်းလှမ်းထိ ဆုတ်ခွာသွားလိုက်သည်။
ဓားသမားရဲ့ပုံစံမှာ ယန်ချန်နဲ့ဆင်တူသော်လည်း မတူညီသည့်အရှိန်ဝါများ ရှိနေသေးပြီး ယန်ချန်က သက်တောင့်သက်သာရှိသည့် သန့်စင်တဲ့ဖိအားကို ပိုင်ဆိုင်ထားကာ ဓားသမားကတော့ ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်အပြည့် ကြောက်မက်ဖွယ် ဖိအားမျိုး ပိုင်ဆိုင်ထားသည်။
“ဒါ..သခင်လေးယန်လား”
“ဟုတ်လောက်တယ် သူနဲ့တပုံစည်းတည်းပဲ”
“ဒါဆို သခင်လေးယန်က ဓားသမားပေါ့”
အကုန်လုံးက အသံပေးပို့ဆွေးနွေးနေကြပြီး ထိုသူများထဲ၌ ထူးခြားစွာဖြင့် မင်ယုရှန်းတယောက်သာ ယန်ချန်မဟုတ်သည်ကို ခံစားမိနေပြီး ယန်ချန်နဲ့ဆက်စပ်နေသည်ကိုတော့ သူမလက်ခံလိုက်ရသည်။
ဓားဖြူဧကရာဇ်မှာ ဓားသမား၏ ဓားရှည်ကိုင်ဆောင်ပုံကစ မလွတ်တမ်းကြည့်နိုင်ရန် အာရုံစိုက်ထားပြီး ကျောက်စိမ်းဧကရီကတော့ အလေးအနက်ဖြစ်နေခဲ့ကာ ထိုဓားသမားက နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်လောက်သည်ဟု ခံစားမိနေသည်။
ကျေးရွာထဲမှာတော့ ရှုယင်က ယန်ချန်ရဲ့အိပ်ခန်းဘက် မကြာခန လှည့်ကြည့်မိနေပြီး ကောင်းကင်ထက်တည်ငြိမ်စွာ ရပ်နေသည့် ပုံရိပ်ကိုတော့ ယန်ချန့်ကိုယ်ပွားဟု မှတ်ယူလိုက်သည်။
ယန်ပိုင်နဲ့အခြားဝက်ဝံများ တောဝက်များနဲ့ အဆင့်နိမ့်ကျင့်ကြံသူများမှာ ယန်ချန်ရဲ့အစွမ်းကို မြင်တွေ့ရပြီဟုတွေးလျက် စိတ်လှုပ်ရှားနေကြကာ ထိုအထဲ၌ ယန်ပိုင်က အဆိုးဆုံးဖြစ်သည်။ ယန်ချန့်ကိုအထင်ကြီးဆုံးမှာ မည်သူနည်းဟုမေးလျင် ယန်ပိုင်က နံပါတ်တစ် ဖြစ်ပြီး မည်သူမှ သူ့လောက်ယန်ချန့်အပေါ် လေးစားအထင်ကြီးသူ မရှိချေ။ ယခု သူ့သခင်က ကြောက်မက်ဖွယ်နတ်ဆိုးကြီးကို သတ်ဖြတ်မည်အား စောင့်ကြည့်ရတော့မည်။
နတ်ဆိုးပုံရိပ်ကြီးက ပို၍ ကြီးထွားလာသည်။ သူက မမြင်ရသည့်ဖိအားအပေါ် ကြောက်ရွံသွားခြင်းအား အနည်းငယ်ရှက်ရွံသွားပြီး ဒေါသလည်းထွက်လာကာ စတင်တိုက်ခိုက်ရန် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
“ သေလိုက်တော့..”
ကျယ်လောင်တဲ့ အော်သံကြီးနဲ့အတူ ကြီးမားတဲ့လက်တဖက်က ဓားသမားကိုဆုပ်ကိုင်ရန် ကြိုးစားလာပြီး အကာကွယ်စည်းမျဥ်းကို တိုက်ရိုက်ထိုးဖောက်ရန် ဖြစ်သည်။ အကာကွယ်စည်းမျဥ်းက ထိုပြင်းထန်တဲ့တိုက်ခိုက်မှုကို တားစီးလိုက်ချိန်မှာတော့ နတ်ဆိုးပုံရိပ်ကြီးမှာ မှင်သက်သွားပြီး ထျန်းဟွမ်သေမျိုးလောက၏ အကာကွယ်အပေါ် သူအထင်သေးမိသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် အရာရာက နောက်ကျသွားလေပြီ။ လောကစည်းမျဥ်းကိုပင် ထိုးဖောက်ရန်ခက်ခဲနေချိန်၌ ဓားသမားက စတင်လှုပ်ရှားလာခြင်းဖြစ်ပြီး ထျန်းဟွမ်လောက၏ အဝေးတနေရာမှာတော့ ကမ္ဘာဝိဉာဥ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူကနတ်ဆိုးပုံရိပ်၏ ဖိအားများကိုသာ ထုတ်လွှင့်ခွင့်ပေးထားပြီး တိုက်ရိုက်တိုက်ခိုက်မှုကိုတော့ ထိန်းချုပ်ပေးခဲ့သည်မဟုတ်လား။ အကြောင်းမှာ ဖိအားအနည်းငယ် ထိခတ်ရုံဖြင့် ယန်ချန်လှုပ်ရှားမည်ကို သူသိထား၍ ဖြစ်သည်။
ထိုအချိန် မင်ယုရှန်းတို့ကတော့ ထျန်းဟွမ်လောက၏ အကာကွယ်မှာ သူမတို့ထင်ထားသည်ထက် သန်မာသည်ကို မြင်တွေ့လိုက်ကြပြီး ကျောက်စိမ်းဧကရီတို့မှာလည်း ထိုနည်းတူပင်။
ဓားသမားက ဓားချက်တခုထုတ်ဖော်ရန် ဓားကိုပင့်မြှောက်လိုက်သည်။ ဓားရှည်က မီတာထောင်ပေါင်းများစွာ ရှည်လျားသည့် ဓားကြီးတစင်းအသွင်ပြောင်းကာ ကောင်းကင်ထက် မြင့်တက်သွားသည်။ ထို့နောက် ဓားရဲ့ပုံရိပ်မှ ရွှေရောင်အလင်းများ ဖြာထွက်လာပြီး ထိုအလင်းများက ပတ်ဝန်းကျင်တခုလုံး မျက်စိများ ကျိန်းလုမတက် ဖြစ်သွားစေသည်။
ရွှီး……ရွှတ်
ဓားချက်တချက်…။ ကြီးမားတဲ့ဓားကြီးက လောကအပြင်ဘက်မှ တိုက်ခိုက်ရန်ကြိုးစားနေသည့် နတ်ဆိုးပုံရိပ်ကြီးဆီ တိုးဝင်သွားသည်။ ဓားမှ ပြင်းထန်တဲ့စွမ်းအင်ကို ခံစားမိချိန်မှာတော့ ထိတ်လန့်သွားပြီး စွမ်းအင်များကို အကာကွယ်တခုနှယ် ဖန်တီးကာ ကိုယ်ပွားပုံရိပ်ကြီးတခုလုံး လွှမ်းခြုံထားလိုက်သည်။
သို့သော်.. ထိုမျှက မလုံလောက်ပေ။ ဓားချက်က ထိုအကာကွယ်ကိုပင် ဖောက်ထွက်သွားပြီး အရှိန်နဲ့စွမ်းအား အနည်းငယ်လျော့ကျသွားသည်။ လက်ကျန်အရှိန်နဲ့ စွမ်းအားမှာ ပြင်းထန်လွန်းရာမှ အနည်းငယ်လျော့ကျသွားပြီး နတ်ဆိုးပုံရိပ်ကြီးအား ထိမှန်သွားတော့သည်။
“အား….”
သွေးနီရောင်ပုံရိပ်ကြီးကို ရွှေရောင်ဓားကြီးတချောင်းက ခုတ်ပိုင်းပြီး လွင့်ထွက်သွားစေခြင်း….။
ကျောက်စိမ်းဧကရီ မင်ယုရှန်းနဲ့ အခြားသူများမှာ မှင်သက်စွာငေးကြည့်နေကြပြီး ဓားဖြူဧကရာဇ်ကတော့ ထိုဓားချက်မှ အကျိုးမြတ်များစွာ ရရှိသွားပုံရသည်။
ပထမဓားချက်ပြီးနောက် ဓားသမားက လောကအပြင်ဘက် တနေရာအား စိုက်ကြည့်လိုက်သည်။ ပုံရိပ်ကြီးမှာ မိုင်ပေါင်းများစွာ လွင့်စင်သွားသော်လည်း ပျက်စီးသွားခြင်းမရှိပဲ စွမ်းအင်များလျော့နည်းသွားခြင်းကြောင့် ပုံရိပ်အနည်းငယ်မှိန်ဖျော့သွားသည်။
“မပျက်စီးသွားသေးဘူးလား..”
ဓားသမားက ခက်ထန်သည့်လေသံဖြင့် ရေရွတ်လိုက်သည်။ ပြီးနောက် ဆက်၍
“တစ်ချက်နဲ့မသေရင် နောက်တစ်ချက်ခုတ်မယ် မင်းဘာတတ်နိုင်မှာလဲ”
ဟု ရေရွတ်လိုက်ပြီး ထိုအသံကို လွင့်စင်သွားသည့် ပုံရိပ်ကြီးမှာ ကြားလိုက်ရသည်။ မူလအတိုင်းပင် တိုးညင်းသည့်အသံကပင် သူ့နားထဲ ပြင်းထန်တဲ့ တိုက်ခိုက်မှုအသွင်ရှိနေပြီး ယခု သတ်ဖြတ်လိုစိတ်အမြင့်ဆုံးပါသည့် စကားသံက နတ်ဆိုးပုံရိပ်ကြီးကို နောင်တအကြီးကျယ် ရသွားစေကာ ထွက်ပြေးရန် ကြိုးစားတော့သည်။
………………………………………………