← Chapters

ကိုယ်ပွားပုံရိပ်ပျက်စီးခြင်း

Vol. 16 Ch. 154

ကိုယ်ပွားပုံရိပ်ပျက်စီးခြင်း

Vol. 16 Ch. 154

ဓားသမားရဲ့ လှုပ်ရှားမှုက တည်ငြိမ်သည့် မြစ်တစင်း စီးဆင်းသည့်နှယ် လှုပ်ရှားသွားသည်။

ရွှေရောင်ဓားကြီးက နောက်ထပ်တဖန် ကြီးမားသွားပြီး ယခုတကြိမ်မှာတော့ ဓားပုံရိပ်က တခုမှသုံးခုထိ တိုးသွားသည်။

လောကအပြင်ဘက်ရှိ လေဟာနယ်များ စတင်တွန့်ခေါက်လာကာ ဓားပုံရိပ်သုံးခု တပြိုင်နက်ထွက်ပေါ်လာပြီးနောက် အပြင်းထန်ဆုံး ဖိအားတစ်ခု ခံစားလိုက်ရသည့်နှယ် မင်ယုရှန်းတို့မှာ အသက်ရှုမဝ ဖြစ်သွားတော့သည်။

ဓားသမားက တီးတိုးပြောလိုက်သည်။

“ဒီ ဓားချက်ကို ကြည့်ထား”

ထိုအသံက ဓားဖြူဧကရာဇ်ရဲ့နားထဲ တိုးဝင်သွားပြီး မူလက ဓားလမ်းစဥ်ကိုထိတွေ့နေသည့် ဓားဖြူဧကရာဇ်မှာ လမ်းစဥ်သဘောတရားများ အရှိန်ဟုန်ဖြင့် တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

ထို့အပြင် သူကိုယ်တိုင်ကလည်း အဆိုပါဓားပုံရိပ်ကြီး ဖန်တီးသူနေရာကို ရောက်ရှိသွားသလို ခံစားလိုက်ရပြီး ဓားနဲ့တစ်သားတည်းအဆင့်မှနေ၍ ဓားအရာရာကိုကျော်လွန်ကာ အဆုံးသတ်၌ ဓားလမ်းစဥ်ကို အပြည့်အဝ ထိတွေ့လုနီးပါး ဖြစ်သွားချိန်မှာတော့ ရုတ်ချည်း ရပ်တန့်သွားသည်။

“ဘာလို့လဲ.”

ဓားဖြူဧကရာဇ်မှာ ပါးစပ်နားထိရောက်လာပြီး အနံ့ခံ အနည်းငယ်အရသာခံပြီးမှ အကုန်မစားလိုက်ရသူလို တွန့်ဆုတ်သွားပြီး ထိုထက်ပို လိုချင်စိတ်များ ဖြစ်ပေါ်လာမိသည်။ သို့သော် ကျောက်စိမ်းဧကရီက အခြေနေကိုသိနားစွာဖြင့် ဓားလမ်းစဥ်ကို နောက်ထပ်တောင့်တနေသည့် ဓားဖြူဧကရာဇ်အား အသိပေးလိုဟန် အရှိန်ဝါတချို့ဖြင့် အသိပေးလိုက်ရသည်။

ထိုအခါမှ အလျင်မြန်သတိပြန်ဝင်ကာ ထိတ်လန့်သွားပြီး လောဘတတ်မိသည့် သူ့ကိုယ်သူ ရွံရှာသွားကာ ဓားသမားရှိရာဘက် ဦးညွတ်၍ အရိုသေပေးလိုက်တော့သည်။ ထိုအပြုအမူက ဓားဖြူဧကရာဇ်ဘဝတလျှောက် ပထမဆုံး ဓားလမ်းစဥ်၌ အခြားသူကိုအရိုသေပေးခြင်း ဖြစ်သည်။

ဓားသမားက တည်ငြိမ်စွာပဲ ဓားချက်ကိုထုတ်ဖော်လိုက်သည်။ ဓားပုံရိပ်သုံးခုက ဖိုခနောက်ဆိုင် အနေထားဖြင့် လောကအပြင်ဘက် လေဟာနယ်ကို ထိုးခွင်းကာ ထွက်ပြေးရန်ကြိုးစားနေသည့် ကိုယ်ပွားပုံရိပ်ကြီးကို အညှာတာမဲ့ ထိမှန်သွားပြီး ပြင်းထန်တဲ့ မီးအပူကြောင့် ပြာများပြောင်းသွားသည့်နှယ် ပုံရိပ်ကြီးမှာ ထွက်ပြေးရန်အပြည့်အဝ အကောင်ထည်မဖော်ခင်မှာပဲ ပျက်စီးသွားရတော့သည်။

ထျန်းဟွမ်လောက ကောင်းကင်တခုလုံးမှာတော့ ပြန်လည်တည်ငြိမ်သွားပြီဖြစ်ကာ ထာဝရကျေးရွာအပေါ်ရှိ ရွှေရောင်အကာရံများက မူလအတိုင်း ပြန်လည်စီးဆင်းသွားသည်။

မင်ယုရှန်း ကျင်းလုံ ရှယီနဲ့ အခြားသူများမှာ တိုက်ပွဲပြီးဆုံးသည်အထိ မှင်သက်နေကြပြီး ဓားသမားပုံရိပ်က ထာဝရကျေးရွာထဲ ပြန်လည်ဆင်းသက်သွားသည်ကို မြင်မှသာ သတိပြန်ဝင်လာကြသည်။

ပုံရိပ်က ဖြေးညင်းစွာ ဆင်းသက်သွားပြီး ခြံဝန်းအတွင်း အိမ်ထဲတိုးဝင်သွားကာ မိနစ်အနည်းငယ်အကြာမှာပဲ မည်သည့်အရာမှ ထွက်ပေါ်မလာသည့်နှယ် ပြီးဆုံးပျောက်ကွယ် သွားတော့သည်။

“ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအား”

“ဓားချက်က လောကအပြင်ဘက် လေဟာနယ်ကိုတောင် တွန့်ခေါက်သွားစေတယ်”

အခြားသူများက ယန်ချန့်ကိုအဆက်မပြတ်ချီးကျုးနေစဥ် မင်ယုရှန်းနဲ့ ကျောက်စိမ်းဧကရီတို့ကတော့ ထိုအရာမှ ထိုသူ၏ အစွမ်းကုန်မဟုတ်ပဲ ပင်လယ်ထဲနစ်ဝင်နေသည့် ရေခဲတောင်ရဲ့ အစွန်အဖျားမျှသာ ရှိသည်ကို သတိပြုမိကြသည်။

နောက်ထပ်မိနစ်အနည်းငယ်အကြာမှာတော့ မင်ယုရှန်းတို့အားလုံး ယန်ချန်ရဲ့ ခြံဝင်းဆီ ဆင်းသက်သွားကြပြီး ရှုယင်က တိုက်ပွဲပြီးဆုံးသွားသည်ကို အစအဆုံးမြင်ထားခဲ့သည်။ ထို့ကြောင့် ဒဏ်ရာရလာသူများအတွက် ဆေးဝါးအချို့ပေးကမ်းလိုက်ပြီး အိမ်ထဲခေါ်ဆောင်ကာ ဧည့်ခံသည်။

ထိုအချိန် မင်ယုရှန်းတို့အနောက်၌ အသက်သုံးဆယ်အရွယ် ခန့်ညားချောမောသည့် ဓားသမားတစ်ဦးနဲ့အတူ ပြင်းထန်တဲ့စွဲဆောင်မှုများ တဖက်ပုရိသအား အကြည့်တချက်ဆုံရုံဖြင့် တမ်းတမ်းစွဲ ဖြစ်သွားစေနိုင်သည်အထိ နတ်သမီးတမျှ လှပသည့် အမျိုးသမီးတစ်ဦးတို့ကို တွေ့လိုက်ရသည်။

ရှုယင်ရဲ့အကြည့်ကို ခံစားမိလျင် ကျောက်စိမ်းဧကရီက ရှေ့တိုးကာ အရင်နှုတ်ဆက်သည်။

“ ကျွန်မက သခင်လေးကို လေးစားတဲ့ ကျင့်ကြံသူတယောက်ပါ ခုနကတိုက်ပွဲမှာ သခင်လေးရဲ့ အစွမ်းကိုသိမြင်လိုက်ရပြီး ဂါဝရပြုချင်လို့ ရောက်လာခဲ့တာပါ”

ရှုယင်ရဲ့အကြည့်က မင်ယုရှန်းဆီ ရောက်သွားသည်။ မင်ယုရှန်းမှာလည်း သူမတို့အနောက်မှ တိတိတဆိတ် လိုက်ပါလာနိုင်သည့် တဖက်သူများကိုမြင်လျင် အလေးအနက်ဖြစ်သွားပြီး မည်သည့်အတွက်ကြောင့်မှန်းမသိ ထိုအမျိုးသမီးကိုမြင်ချိန်၌ ပြင်းထန်တဲ့ ပြိုင်ဘက်တဦးကို ရင်ဆိုင်လိုက်ရသည့်နှယ် ခံစားလိုက်ရသည်။ သူမ မသိသည်က ကျောက်စိမ်းဧကရီကလည်း ထို့အတူပင်။

တခဏကြာ စိုက်ကြည့်ပြီးနောက် ထိုနှစ်ဦးထံမှ မကောင်းသည့်စိတ်ဆန္ဒကို အာရုံမခံမိသည့်အပြင် လက်ရှိယန်ချန်၏အစွမ်းအရ ထိုသူများမှာ တိုက်ပွဲကို မြင်ထားပြီး ဖြစ်ဟန်တူသည်။

“ဧည့်သည်တွေကို ကြိုဆိုပါတယ်”

သူမက အနည်းငယ်ပိုင်စိုးပိုင်နင်း လေသံကိုဖန်တီးထားပြီး ရှုယင်ကိုယ်စား အိမ်ထဲဝင်ရန် ဖိတ်ခေါ်လိုက်သည်။ ဓားဖြူဧကရာဇ်ကတော့ ဧကရီနှစ်ပါးကြား အသံတိတ်ပြိုင်ဆိုင်မှုကို သတိမပြုမိချေ။

အခြားကျင့်ကြံသူများကို နှိမ့်ချသည့်အကြည့် လုံးဝမပါစေပဲ ရင်းနီးဖော်ရွေသည့်အပြုံးဖြင့် လိုက်လံနှုတ်ဆက်နေလေသည်။

ကျောက်စိမ်းဧကရီက တည်ငြိမ်စွာပဲ ခေါင်းညိတ်ပြလိုက်ပြီး ရှုယင်ရဲ့အနောက်မှ လိုက်ပါသွားတော့သည်။ မကြာမီမှာပဲ ဧည့်ခန်းအတွင်း နေရာယူလိုက်ကြချိန် အကုန်လုံး၏ အကြည့်က ဧည့်ခန်း၏ လူမြင်သာသည့်နေရာ၌ ချိတ်ဆွဲထားသည့် ပန်းချီကားအား သတိပြုမိသွားကြသည်။

“ပန်းချီကားထဲက ဓားသမားက ခုန..”

ရှယီမှာ ဆက်မပြောရဲချေ။ အဖြစ်ပျက်များက သူထင်မှတ်ထားသည်ထက် ကျော်လွန်နေပြီး ယန်ချန့်ကိုယ်စား ယန်ချန်ဖန်တီးထားသည့် ပန်းချီကားက သူတို့ကိုကယ်တင် သွားခြင်းဖြစ်နေသည်။

ဓားဖြူဧကရာဇ်မှာ ပန်းချီကားထဲ စျာန်ဝင်နေပြီး ကျောက်စိမ်းဧကရီ မင်ယုရှန်းနဲ့ အခြားသူများအားလုံးကတော့ တုန်လှုပ်နေမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားနေကြရသည်။ ယန်ချန်ကမည်သူနည်း။ ထိုပုဂ္ဂိုလ်ထူးကြီးက မည်သည့်စွမ်းအားများဖြင့် တည်ရှိနေသနည်း။

“သြော်.. ဧည့်သည်တွေအများကြီး ရောက်နေတာပဲ”

အကုန်လုံး မှင်သက်နေစဥ် ယန်ချန်ရဲ့စကားသံကြောင့် သတိဝင်သွားကြပြီး အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့တွေ့လိုက်ရသည်က ယခုမှအိပ်ရာမှနိုးလာသည့်ပုံစံ ဖရိုဖရဲအမူရာဖြင့် ယန်ချန်ကိုမြင်လိုက်ရပြီး လက်ရှိပုံစံက ဓားတချောင်းကိုကိုင်ဆွဲ၍ နတ်ဆိုးပုံရိပ်ကြီးကို ပိုင်းဖြတ်သည့် ဓားသမားနဲ့ လားလားမှ မတူညီချေ။

သို့သော် ထိုအချက်ကိုမည်သူမှ သံသယဝင်မည် မဟုတ်ပဲ ကျောက်စိမ်းဧကရီနဲ့ ဓားဖြူဧကရာဇ်မှာ ငယ်ရွန်းလွန်းပြီး မည်သည့်စွမ်းအင် အရှိန်ဝါမှ မလွင့်ထုတ်ထားသည့် ယန်ချန်ကို ဆွံ့အစွာ ကြည့်နေမိသည်။

……………………………………………..

All Chapters