အခန်း (၈၁-၈၂)
Vol. 5 Ch. 81-82
အပိုင်း (၈၁) ကိုယ့်အားကိုယ်ကိုးခြင်းနှင့် အမမေကို နှစ်သိမ့်ခြင်း
ဆုန့်ဝမ် စကားပြောပြီးချိန်တွင် သူမ၏မျက်နှာအမူအရာမှာ အသနားခံလိုစိတ်များဖြင့် ပြည့်နှက်နေလေ၏။
အခြားရွေးချယ်စရာ လမ်းမရှိတော့၍သာ ဤသို့ အကူအညီတောင်းရခြင်း ဖြစ်ပြီး သူတပါးအမုန်းခံရမည့် အလုပ်ကို သူမလည်း မလုပ်ချင်ပေ။
ယခုလိုအချိန်မျိုးတွင် မည်သူက ပိုလျှံသည့် အစားအစာ ရှိနိုင်မည်နည်း။ ရှိလျှင်လည်း ကိုယ်တိုင်စားရန် ချန်ထားမည်သာ ဖြစ်ပြီး သူမကို ငှားရမ်းပေးကမ်းလိုစိတ် ရှိပါမည်လော။
သို့သော် သူမတွင် ရွေးချယ်စရာ မရှိတော့ပေ။ တစ်ခုခုသာ မစားရလျှင် သူမ သေဆုံးရတော့မည် ဖြစ်၏။
အဒေါ်ကြီးလီက ခေတ္တမျှ တိတ်ဆိတ်သွားပြီး မည်သို့ ငြင်းပယ်ရမည်ကို မသိအောင် ဖြစ်သွားရရှာ၏။
သူမတို့အိမ်အခြေအနေကလည်း ခက်ခဲလှသည်။ လင်မယားနှစ်ယောက်တည်း ရှိသော်လည်း သူမက ဆီးချိုဝေဒနာသည် ဖြစ်သဖြင့် ပစ္စည်းရှာဖွေခြင်းကိစ္စများကို ဦးလေးမာအပေါ်တွင်သာ မှီခိုနေရ၏။
ယခုအခါ ဦးလေးမာ ဒဏ်ရာရထားလေသည်။ လွန်ခဲ့သည့်တစ်ခေါက် လင်းယွမ်နှင့် လျှိုအားလုံထံမှ ပြန်ယူလာသည့် ပစ္စည်းများကို ခွဲဝေကြရာတွင် ဦးလေးမာ ဒဏ်ရာရထားသဖြင့် ပို၍ ဝေစုရခဲ့၏။
သို့သော် ထိုအစားအစာများမှာ ဦးလေးမာ ဒဏ်ရာရနေစဉ် အာဟာရဖြည့်တင်းရန်အတွက် ဖြစ်ရာ သူမအနေဖြင့် ဆုန့်ဝမ်အား မည်သို့ ထုတ်ပေးနိုင်ပါမည်နည်း။
ခဏမျှကြာသော် သူမ စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်မိပြီး ရန်မေ့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ရန်မေ၏ အခြေအနေကို အခြားသူများထက် သူမ ပို၍ နားလည်ထား၏။
ထိုကိစ္စအားလုံးကို လင်းယွမ်ကသာ ဆုံးဖြတ်ပေလိမ့်မည်။
ပြောရလျှင် ရန်မေသည် လင်းယွမ်၏ ကျွေးမွေးစောင့်ရှောက်မှုကို အပြည့်အဝ ခံယူထားသူ ဖြစ်၏။
သို့မဟုတ်ပါက ရန်မေ၏ဘဝသည် ဆုန့်ဝမ်ထက်ပင် ဆိုးရွားသော အခြေအနေနှင့် ကြုံတွေ့ရနိုင်ပြီး ငတ်သေသွားနိုင်သည်... သို့မဟုတ် အခြားယောက်ျားတစ်ယောက်၏...
သူမ ခေါင်းခါလိုက်ပြီး နောက်ဆုံးတွင် လင်းယွမ်အား လှမ်းကြည့်လိုက်လေသည်။
လင်းယွမ်က စကားမပြောဘဲ ဆုန့်ဝမ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်မေ့အား လှမ်းကြည့်လိုက်၏။
ရန်မေက လင်းယွမ်နှင့် အကြည့်ချင်းဆုံသွားသောအခါ မျက်နှာလေး ရဲခနဲ ဖြစ်သွားရှာသည်။
အစားအသောက် ချေးငှားခြင်းတဲ့လား။
ဒါ သူမ အစောပိုင်းက လုပ်ခဲ့ဖူးသည့် ကိစ္စမျိုး မဟုတ်ပါလော။
နောက်ဆုံးတွင် အစားအသောက်ကို ချေးငှားရရှိခဲ့သော်လည်း သူမကိုယ်တိုင်လည်း လင်းယွမ်ထံတွင် ပုံအပ်လိုက်ရလေသည်။
အမှန်တော့ သူမအနေဖြင့်လည်း ထိုသို့ ပုံအပ်လိုက်ရသည်ကို ကျေနပ်မိပါသည်။
သို့သော် ယခု ဆုန့်ဝမ်က အစားအသောက် လာချေးငှားပြန်ပြီ။
ဒါက... သူမ စိတ်ထဲတွင် သတိထားလိုက်မိသည်။
ဆုန့်ဝမ်၏ ရင်ဘတ်မှ မို့မောက်နေသောအရာများကို သူမ အကဲခတ်ကြည့်လိုက်ပြီး မိမိအရာနှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ ဖိအားတိုးသွားရ၏။
တစ်ဖက်လူက သူမထက် သိပ်ငယ်ပုံမရချေ။
သို့သော် ဤကိစ္စကို သူမ ဆုံးဖြတ်၍ မရနိုင်ပါ။
အဘယ်ကြောင့်ဆိုသော် သူမ ယခု စားသောက်နေရသည်များက လင်းယွမ် ရှာဖွေပေးထားသည်များ ဖြစ်နေ၍ပင်။
ထို့ကြောင့် သက်ပြင်းချလိုက်ပြီး လင်းယွမ်အား ကြည့်ကာ...
"မောင်လေး... နင်ပဲ ဆုံးဖြတ်လိုက်ပါတော့..."
ဆုန့်ဝမ်သည် အဒေါ်ကြီးလီ စကားမပြောဘဲ နေနေသည်ကို မြင်သောအခါ စိတ်ပျက်အားငယ်သွားခဲ့ပြီ ဖြစ်၏။
ရန်မေ၏ စကားကို ကြားလိုက်ရမှသာ မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီး ယခုအချိန်တွင် အကူအညီတောင်းခံနိုင်သူမှာ ဤလူချောလေးသာ ရှိတော့ကြောင်း သတိရသွားလေသည်။
သူမသည် လင်းယွမ်အား အသနားခံသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိ၏။
လင်းယွမ်က သက်ပြင်းချလိုက်ပြီး... "ဆုန့်ဝမ်... ခင်ဗျားလည်း သိမှာပဲ... အခုလိုအချိန်မျိုးမှာ စားစရာဆိုတာ တန်ဖိုးမဖြတ်နိုင်ဘူးလေ..."
"ချေးတယ်ဆိုပေမယ့်... ခင်ဗျား ဘာနဲ့ ပြန်ဆပ်မှာလဲ..."
"အခုချိန်မှာ အပြင်မှာ ရေကြီးနေပြီး မိုးကလည်း မတိတ်သေးဘူး... အပြင်ထွက်ဖို့တောင် ခက်ခဲနေတာ..."
"ခင်ဗျားက အစားအသောက် ချေးတယ်သာ ပြောတာ... တကယ်တော့ ပြန်ဆပ်နိုင်ဖို့ မဖြစ်နိုင်မှန်း ကျွန်တော့်တို့အားလုံး သိနေကြတာပဲ မဟုတ်လား..."
ဆုန့်ဝမ်၏ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ရှက်စိတ်ဖြင့် ခေါင်းငုံ့သွားရှာ၏။
ထိုစကားမှာ မှန်ကန်နေပါသည်။ ယခုလိုအချိန်တွင် အစားအသောက် ချေးငှားသည်ဆိုခြင်းမှာ တောင်းရမ်းစားသောက်ခြင်းနှင့် မခြားနားပေ။
မိမိအနေဖြင့် သူတပါးကို မည်သည့်အရာဖြင့် ပြန်လည်ပေးဆပ်နိုင်ပါမည်နည်း။
သူမ မျက်ရည်ဝဲလာပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။
သူမ ငိုလိုက်သောအခါ ရန်မေနှင့် အဒေါ်ကြီးလီတို့မှာ နေရခက်သွားကြသည်။
အဒေါ်ကြီးလီက မနေနိုင်တော့ဘဲ... "ဒီလိုလုပ်ပါ ဆုန့်ဝမ်ရယ်... အဒေါ် အိမ်ပြန်ပြီး ရှာကြည့်လိုက်မယ်... ပေါင်မုန့် ကျန်သေးတယ် ထင်တာပဲ... အဒေါ် သွားယူပြီး တစ်ခုပေးမယ်... အဲဒါ ချေးတာ မဟုတ်ပါဘူး... အဒေါ် ပေးတာပါ..."
ဆုန့်ဝမ် ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ် ဒူးထောက်ကာ အဒေါ်ကြီးလီအား ကန်တော့ရန် ပြင်လိုက်သည်။
အဒေါ်ကြီးလီက သူမအား အမြန်လှမ်းဆွဲထားပြီး "မလုပ်ပါနဲ့... မလုပ်ပါနဲ့ ကွယ်... အဒေါ်တို့အိမ်လည်း ခက်ခဲပါတယ်... ညည်း ဦးလေးမာကလည်း အိပ်ရာထဲ လဲနေရှာတာ... သူ ဒဏ်ရာရထားတော့ အဒေါ်တို့အိမ်မှာ ပစ္စည်းထွက်ရှာမယ့်သူ မရှိတော့ဘူး... ဒါကြောင့် ထပ်ပြီးလည်း မပေးနိုင်တော့ဘူး... ညည်း... ညည်း နားလည်ပေးပါကွယ်..."
အဒေါ်ကြီးလီက ယခုတစ်ကြိမ် ကူညီပြီးနောက် နောက်နောင် ထပ်မလာရန် သွယ်ဝိုက်ပြောဆိုနေခြင်း ဖြစ်ကြောင်း ဆုန့်ဝမ် နားလည်လိုက်၏။
သူမ ငိုရင်း ခေါင်းညိတ်ကာ... "ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် အဒေါ်ကြီးလီ... အဒေါ် ကူညီတာ လုံလောက်ပါပြီ... တကယ်ပဲ ကျေးဇူးတင်ပါတယ်..."
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်မေ စိတ်မကောင်းဖြစ်လာကာ လင်းယွမ်အား လှည့်ကြည့်ပြီး မျက်လုံးဖြင့် အသနားခံလိုက်မိသည်။
လင်းယွမ်က ဂရုမစိုက်ဘဲ တံခါးဖွင့်ပေးလိုက်ပြီး... "အဒေါ်ကြီးလီ... ဆုန့်ဝမ်... ကျွန်တော် လိုက်မပို့တော့ဘူးနော်..."
သူက နှင်ထုတ်သည့်အမိန့် ပေးလိုက်ခြင်းပင်။
အဒေါ်ကြီးလီက လင်းယွမ်အား တစ်ချက်ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
လင်းယွမ်က စိတ်နှလုံး မာကျောသူလေးပါလား။
သို့သော် ဤကဲ့သို့ စိတ်ဓာတ်မာကျောသူ မဟုတ်လျှင်လည်း သူတို့အဖွဲ့လေးကို ဦးဆောင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူမ ပြုံးလိုက်ပြီး... "ဒါဆို အဒေါ် ပြန်တော့မယ်... ဆုန့်ဝမ်ရေ... ညည်း လမ်းလျှောက်နိုင်ရဲ့လား..."
"ရပါတယ်... သမီး လျှောက်နိုင်ပါတယ်..."
ဆုန့်ဝမ် ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွား၏။
ရန်မေက မြင်မကောင်းသဖြင့် အမြန်ပြေးသွား တွဲကူလိုက်ပြီး... "အမ လိုက်ပို့ပေးမယ်..."
ဆုန့်ဝမ် မျက်ရည်ဝဲရင်း... "ကျေးဇူးတင်ပါတယ် အမမေ..."
ရန်မေလည်း သူမ၏ အရင်က ဒုက္ခရောက်ခဲ့ပုံများကို ပြန်မြင်ယောင်လာပြီး မျက်ရည်ဝဲကာ လေသံတိုးတိုးဖြင့် "စိတ်မကောင်းပါဘူးဟာ... အမ ဘာမှ မကူညီပေးနိုင်လို့..."
"မ... မဟုတ်တာပဲ..." ဆုန့်ဝမ် ခေါင်းခါလိုက်ပြီး တံခါးအပြင်သို့ ရောက်သွားကြ၏။
အဒေါ်ကြီးလီက ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းချကာ အိမ်ပြန်ပြီး ပေါင်မုန့်တစ်လုံး ယူလာကာ ဆုန့်ဝမ်လက်ထဲ ထည့်ပေးလိုက်သည်။
"ဆုန့်ဝမ်... ဒါလေး ယူသွားလိုက်..."
ဆုန့်ဝမ် ရှိုက်ကြီးတငင် ကျေးဇူးတင်လွန်း၍ ဒူးထောက်ရန် ပြင်လိုက်ပြန်သည်။
အဒေါ်ကြီးလီက ဒူးမထောက်စေရန် အမြန်ဆွဲထူထားလိုက်၏။
ရန်မေလည်း ဆုန့်ဝမ်ကို နှုတ်ဆက်ပြီးနောက် လင်းယွမ်ဘေးသို့ ပြန်လာခဲ့သည်။
ဆုန့်ဝမ်သည် လှေကားလက်ရန်းကို ကိုင်၍ ခက်ခဲစွာ ဆင်းသွားရရှာ၏။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် စကားပြောလိုက်သည်။ "ဒါနဲ့... ကျွန်တော် ဒီမှာ သန္ဓေပြောင်း ငါးတွေ လက်ခံတယ်... ခင်ဗျား စားချင်ရင် ငါးသွားဖမ်းလို့ရတယ်... ငါးသားကိုလည်း စားလို့ရတာပဲ..."
"ငါး မစားချင်ရင်လည်း ငါးကို ယူလာပြီး ကျွန်တော့်ဆီမှာ တခြားအစားအစာနဲ့ လာလဲလို့ ရတယ်..."
ဆုန့်ဝမ် ခြေလှမ်းတုံ့သွားပြီး လင်းယွမ်အား လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာလေ၏။
"အောက်ထပ်က... အန္တရာယ်မရှိဘူးလား..."
လင်းယွမ်က ခေါင်းတစ်ချက်ညိတ်ကာ "စိတ်ချပါ... တိုက်တွဲ (၁) က ဘေးကင်းသွားပြီ... စင်္ကြံလမ်းတွေ အကုန် ပိတ်ထားပြီးပြီ... ကျွန်တော့်နေတဲ့ ဒီအထပ်ကနေပဲ တိုက်တွဲ (၂) ကို ကူးလို့ရမှာ..."
"တိုက်တွဲ (၁) ထဲမှာ နေကြတဲ့ မိသားစု ၃ စု ရှိသေးတယ်... သူတို့နဲ့ တွေ့ရင်လည်း ကြောက်မနေနဲ့... တိုက်တွဲ (၁) ထဲမှာ မင်းမဲ့စရိုက်ဆန်ဆန် လုပ်တာမျိုး... ခင်ဗျားကို လက်ပါတာမျိုး လုပ်ရဲရင် ကျွန်တော်ကိုယ်တိုင် လာရှင်းမယ်လို့ သူတို့ကို ပြောလိုက်..."
လင်းယွမ်က သူမအား နက်နက်နဲနဲ ကြည့်လိုက်ပြီး "နောက်တစ်ခါ ပြန်တွေ့ရင် ခင်ဗျား ငါးတွေ ယူလာပြီး စားစရာနဲ့ လာလဲတာမျိုးပဲ ကျွန်တော်မြင်ချင်တယ်"
ဆုန့်ဝမ် ဝမ်းသာမျက်ရည်များ ကျလာပြီး လင်းယွမ်အား ခါးကိုင်း၍ အရိုအသေ ပြုလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်..."
လင်းယွမ်၏ စေတနာကို သူမ ကောင်းကောင်း နားလည်လိုက်ပြီ ဖြစ်၏။
သူမကို အစားအစာ အလကား မပေးသော်လည်း အသက်ဆက်ရှင်သန်နိုင်မည့် လမ်းကို ညွှန်ပြပေးလိုက်ခြင်း ဖြစ်သည်။
ငါးဖမ်းပြီး အစားအစာနှင့် လဲလှယ်ခြင်း... ဤသည်မှာ ကိုယ့်အားကိုယ်ကိုး၍ အသက်ရှင်နိုင်မည့် လမ်းပင်။
မိမိ၏ ဂုဏ်သိက္ခာကို ရောင်းစားစရာ မလို၊ ခန္ဓာကိုယ်ကို ရောင်းစားစရာ မလိုတော့ပေ။
သူမ၏ လင်းယွမ်အပေါ် ကျေးဇူးတင်ရှိမှုသည် အဒေါ်ကြီးလီအပေါ် ကျေးဇူးတင်မှုအောက် မလျော့နည်းချေ။
လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ ကျေးဇူးတင်မှုကို လက်ခံလိုက်ကာ "ပြန်တော့လေ... ကျွန်တော့် ဒီကနေ ကြည့်နေပေးမယ်... ခင်ဗျား ပေါင်မုန့်ကို ဘယ်သူမှ လုရဲမှာ မဟုတ်ဘူး"
ဆုန့်ဝမ် ထပ်မံ ကြည်နူးသွားရပြန်ပြီး မျက်ရည်သုတ်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်က သစ်တော်သီးသကြားဖျော်ရည်၊ ကျန်လက်တစ်ဖက်က ပေါင်မုန့်ကို ကိုင်၍ အိမ်ပြန်သွားလေတော့၏။
အဒေါ်ကြီးလီက ထိုအဖြစ်အပျက်ကို ကြည့်ရင်း ပြုံးလိုက်မိပြီး လင်းယွမ်အား လက်မထောင်ပြကာ "လင်းယွမ်... နင် တော်တယ်... ဒီကိစ္စကို လုံးဝ ဂရုမစိုက်ဘူးလို့ အဒေါ် ထင်နေခဲ့တာ..."
လင်းယွမ်က ပြုံး၍ "သူ့ကို အလကား ပေးလိုက်တာထက် စာရင် ကိုယ့်အားကိုယ်ကိုးဖို့ နည်းလမ်းရှာခိုင်းတာက ပိုကောင်းတယ်လေ..."
"သူ အိမ်ထဲမှာ ပုန်းနေတာ ၆ လ လောက် ရှိနေပြီ... အိမ်တံခါးဝက ထွက်တာနဲ့ သိက္ခာအကျခံပြီး သူများကို ဒူးထောက်တောင်းရမ်းနေရင် နောက်လည်း ဒီလိုပဲ လုပ်မိနေတော့မှာ..."
"ကမ္ဘာပျက်ကပ်ဘေး ရောက်နေပေမယ့် လူတိုင်းကို သိက္ခာရှိရှိ ရှင်သန်စေချင်တယ်... ကိုယ်ကျင့်တရား စောင့်ထိန်းပြီး လူတစ်ယောက်လိုမျိုး အသက်ရှင်စေချင်တယ်"
ထိုစကားကြောင့် အဒေါ်ကြီးလီနှင့် ဘေးနားမှ ရန်မေတို့မှာ စိတ်လှုပ်ရှားသွားကြသည်။
အဒေါ်ကြီးလီက လင်းယွမ်ကို ထပ်မံ လက်မထောင်ပြပြီး "လင်းယွမ်... နင်က တကယ် လူတော်လေးပဲ... နင့်လို လူငယ်မျိုးက ပါတီဝင်သင့်တာ"
လင်းယွမ် ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ရန်မေလည်း ရယ်မောလိုက်လေသည်။
လင်းယွမ်နှင့် ရန်မေ အိမ်ထဲသို့ ပြန်ရောက်သောအခါ အရာအားလုံး တိတ်ဆိတ်သွား၏။
ရန်မေသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး သန္ဓေပြောင်း ငါး ၅ ကောင်ကို စိတ်မပါတပါဖြင့် ကိုင်တွယ်နေလေသည်။
လင်းယွမ် ထူးဆန်းသွားပြီး မီးဖိုချောင်တံခါးဝသို့ သွားကာ "အမမေ... ဘာဖြစ်လို့လဲ"
ရန်မေ မျက်ရည်ဝဲနေပြီး ခေါင်းငုံ့ကာ ငါးများကိုသာ ဆက်လက် ကိုင်တွယ်နေ၏။ စကားပြန်မပြောပေ။
သူမ စကားမပြောသဖြင့် လင်းယွမ် လျှောက်သွားလိုက်ပြီး သူမ၏ တင်ပါးကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်သည်။
"အမလေး..."
ရန်မေ လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်၏။
ထိုအခါမှ သူမ ငိုနေသည်ကို လင်းယွမ် သတိပြုမိသွားသည်။
သူမ၏ ပျော့ပျောင်းသော ခါးလေးကို ဖက်လိုက်ပြီး "ဘာဖြစ်လို့လဲဗျ"
"ဘာ... ဘာမှ မဖြစ်ပါဘူး..."
"ဘာမှ မဖြစ်ဘူးသာ ဆိုတယ်... မျက်ရည်တွေက ပဲစေ့လောက် ကျနေပြီ... ကျွန်တော် စားစရာ မပေးလို့ စိတ်ဆိုးနေတာလား"
ရန်မေ ခေါင်းခါလိုက်ပြီး လေသံတိုးတိုးဖြင့် "မောင်လေး... အမက မောင်လေး ပြောသလိုမျိုး ကိုယ့်သိက္ခာကိုယ် မစောင့်ထိန်းတတ်တဲ့ မိန်းမမျိုးလားဟင်"
လင်းယွမ် ကြောင်သွားပြီးမှ သူမ ဘာကြောင့် စိတ်အားငယ်နေသည်ကို သဘောပေါက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ရေကြီးစက လင်းယွမ်ထံသို့ အစားအသောက် လာချေးခဲ့သူ ဖြစ်သောကြောင့်ပင်။
စောစောက သူပြောခဲ့သော စကားများသည် ဆုန့်ဝမ်ကို အားပေးခဲ့သည် ဆိုသော်ငြား ရန်မေ၏ သိက္ခာကိုမူ မရည်ရွယ်ဘဲ ထိခိုက်စေခဲ့လေပြီ။
လင်းယွမ် ရယ်မောလိုက်ပြီး "အမက ဘာလို့ အဲဒီလို ဖြစ်ရမှာလဲ"
ရန်မေ ရှိုက်ကြီးတငင်ဖြင့် "ဟုတ်ပါတယ်... အမက အရှက်မရှိတဲ့ မိန်းမပါ... မောင်လေးဆီ အစားအစာ လာချေးတုန်းက အမ ကိုယ့်အားကိုယ်မကိုးခဲ့ဘူး"
လင်းယွမ်က သူမကို ချော့လိုက်ပြီး "ဘယ်သူပြောလဲ... အမ လာချေးတုန်းက လီကျစ်ချန် အတင်းခိုင်းလို့ လာရတာ မဟုတ်လား"
"သိက္ခာမရှိဘူး... အရှက်မရှိဘူး ဆိုရင် အဲဒီ ခွေးကောင်လီကျစ်ချန်ကမှ မရှိတာ..."
"ပြီးတော့ ကိုယ့်အားကိုယ်ကိုးတယ် ဆိုတာက... အမမေ... အခု အမ ကျွန်တော့်ဆီမှာ နေနေတာက ကိုယ့်အားကိုယ်ကိုးတာ မဟုတ်လို့ ဘာလဲ"
"ကျွန်တော့်က စားဖို့သောက်ဖို့ ရှာပေးတယ်... အမက ကျွန်တော့်အတွက် နွေးထွေးတဲ့ အိမ်လေး ဖန်တီးပေးတယ်လေ"
"ကြည့်ပါဦး... မနက်တိုင်းထပြီး ထမင်းဟင်းချက်ရတယ်... နေ့လယ်ဆို ကျွန်တော့်ကို နှိပ်နယ်ပေးရတယ်... ညဘက်ကျတော့လည်း အိပ်ရာထဲမှာ အပင်ပန်းခံပြီး ပြုစုပေးရသေးတယ်"
"မနက်တိုင်း အိပ်ရာကနေ မထနိုင်အောင် ပင်ပန်းနေတာ... အဲဒါ ကိုယ့်အားကိုယ်ကိုးတာ မဟုတ်လို့ ဘာလဲ"
"အဓိကအချက်က အမက အခု ကျွန်တော့်မိန်းမလေ... ကျွန်တော့် အမကို ရှာကျွေးတာက သဘာဝကျပါတယ်"
"ဟို ဆုန့်ဝမ်က ဘာမို့လို့လဲ... သူက အမနဲ့ တူမလား... သူက ကျွန်တော့်လူမှ မဟုတ်တာ... ကိုယ့်အားကိုယ်မကိုးဘဲ ကျွန်တော်က အလကားသက်သက် ကျွေးထားရမှာလား"
လင်းယွမ်၏ စကားများကြောင့် ရန်မေ ကျေနပ်သွားပြီး သူမ၏ မျက်နှာတွင် သွေးရောင်လွှမ်းကာ နီမြန်းလာလေသည်။
သူမ ခေါင်းထဲတွင် မူးဝေနေပြီး ညဘက်တွင် ပင်ပန်းသည်တို့၊ မနက်ဘက် အိပ်ရာမထနိုင်သည်တို့ ဆိုသော စကားများကြောင့် ရှက်သွေးဖြာနေရ၏။
အထူးသဖြင့် ဆုန့်ဝမ်က သူမနှင့် လုံးဝ နှိုင်းယှဉ်၍ မရ ဟူသော နောက်ဆုံးစကားကြောင့် သူမ ရင်ထဲ ကြည်နူးသွားရသည်။
"မောင်လေးနော်... ဘာတွေ လျှောက်ပြောနေတာလဲ"
သူမ ရှက်ရမ်းရမ်းပြီး ပြောနေစဉ်မှာပင် ကြီးမားသော လက်ကြီးတစ်ဖက်က သူမ၏ ဘောင်းဘီစထဲသို့ တိုးဝင်လာလေပြီ။
သူမ ခန္ဓာကိုယ်လေး တုန်ခါသွားပြီး မည်သည့်အရာကိုမျှ ဆက်လက် စဉ်းစားနိုင်စွမ်း မရှိတော့ချေ။
ပူပြင်းသော နွေရာသီ ဖြစ်သော်လည်း မီးဖိုချောင်ထဲတွင်မူ နွေဦးပေါက်သကဲ့သို့ သာယာနေလေသည်။
လေသံ၊ မိုးသံနှင့် မောဟိုက်သံများသည် တသားတည်း ပေါင်းစပ်သွားကြလေ၏။
......................................................................................................
ဆုန့်ဝမ် အိမ်ပြန်ရောက်သောအခါ ခေါင်းမူးပြီး ခြေလက်များ မသယ်ချင်လောက်အောင် ဖြစ်နေလေပြီ။
ထိုင်ခုံတွင် ခေတ္တမျှ ဝင်ထိုင်လိုက်ပြီး လက်ထဲရှိ ပေါင်မုန့်ကို ကြည့်ကာ တံတွေး မြိုချလိုက်မိ၏။
အိမ်ထဲတွင် စားစရာဟူ၍ ဘာမျှ မရှိတော့။ ကျန်ရှိသည့် ပေါင်မုန့်အနည်းငယ်ကို ၂ပုံ ပုံထားခဲ့သည်။
မထင်မှတ်ဘဲ ကျန်တစ်ပုံက မှိုတက်ပျက်စီးသွားသဖြင့် ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။
သူမ ပေါင်မုန့်ကို ဖောက်လိုက်သည်။ ဒီတစ်ခါတော့ နောက်တစ်နပ်စာအတွက် မချန်ရဲတော့ဘဲ တစ်ခါတည်း အကုန်စားလိုက်၏။
ထို့နောက် သစ်တော်သီးသကြားဖျော်ရည်ကို သောက်လိုက်ရာ အနည်းငယ် သက်သာလာလေသည်။
ခဏမျှ နားပြီးသောအခါ အားအင်ပြန်လည် ပြည့်ဖြိုးလာ၏။
"အစ်ကိုလင်းယွမ် ပြောတာ မှန်တယ်... ငါ ကိုယ့်အားကိုယ်ကိုးရမယ်... တိုက်တွဲ (၁) ထဲမှာ အန္တရာယ် မရှိတော့ဘူး... တခြားသူတွေတောင် ငါးသွားဖမ်းရဲရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ..."
သူမ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး ပစ္စည်းများ လိုက်ရှာရာ ယုန်မွေးသည့် လှောင်အိမ်တစ်ခုကို တွေ့လိုက်ရသည်။
"ဒီလှောင်အိမ်ကို ပြန်ပြင်လိုက်ရင် ငါးဖမ်းလို့ရနိုင်လောက်တယ်..."
"ငါမှတ်မိသလောက်ဆို မျက်နှာချင်းဆိုင် အခန်းက အိမ်ရှင်အမျိုးသားက ငါးမျှားရတာ ဝါသနာပါတယ်... သူ့အိမ်မှာ ငါးမျှားကိရိယာတွေ ရှိလောက်တယ်... တခြားသူတွေ ယူသွားကြပြီလားတော့ မသိဘူး..."
သူမ အမြန်ထပြီး မျက်နှာချင်းဆိုင် အခန်း ၃၁၀၂ သို့ ပြေးသွားလိုက်သည်။
တံခါးခေါက်ကြည့်သော်လည်း ပြန်ထူးသံ မကြားရပေ။ ပြောင်းရွှေ့သွားကြပုံ ရ၏။
အတွင်းထဲတွင် ပစ္စည်းများ ကျန်မကျန်သာ သူမ စိုးရိမ်နေမိသည်။
တံခါးကို တွန်းဖွင့်ကြည့်လိုက်ရာ တံခါးသော့ ပျက်နေသည်ကို တွေ့လိုက်ရသဖြင့် တစ်စုံတစ်ယောက် ဝင်သွားဖူးသည်မှာ သေချာနေလေပြီ။
သူမ စိတ်ပျက်သွားသော်လည်း အထဲသို့ ဝင်ပြီး ကိုယ်သုံးမည့် ပစ္စည်းများ ရှာဖွေလေသည်။
စားသောက်ကုန်များကတော့ ပြောစရာမလို လင်းယွမ်တို့အဖွဲ့ ယူဆောင်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်၏။
ဆေးဝါးဆိုလျှင်လည်း လင်းယွမ်တို့တောင် ရှာမတွေ့ခဲ့ရာ သူမ ရှာတွေ့ရန် မဖြစ်နိုင်ပေ။
သို့သော် အိပ်ခန်းထဲတွင် အမျိုးသမီးလစဉ်သုံးပစ္စည်း တစ်ထုပ် ရှာတွေ့လိုက်သဖြင့် သူမ အလွန် ဝမ်းသာသွားရသည်။
အမျိုးသမီး မဟုတ်လျှင် ရာသီလာချိန်တွင် ခံစားရသည့် စေးကပ်ကပ် ခံစားမှုကို နားလည်နိုင်မည် မဟုတ်ချေ။
ထို့ပြင် ရာသီလာချိန် ဗိုက်နာခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း ဝေဒနာများကိုလည်း နားလည်နိုင်မည် မဟုတ်။
ဤပစ္စည်းလေး ရလိုက်သည်နှင့်ပင် သူမ ဒီအခန်းထဲ လာရကျိုး နပ်သွားခဲ့ပြီ။
ထိုပစ္စည်းကို သိမ်းဆည်းလိုက်ပြီး အသေအချာ ထပ်မံ ရှာဖွေလေသည်။
မထင်မှတ်ဘဲ အိပ်ခန်းကြီးရှိ မွေ့ရာအောက်မှ ငွေစက္ကူတစ်ထပ်ကို ရှာတွေ့လိုက်လေ၏။
သူမ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ဒါတွေက အိမ်ရှင်အမျိုးသား ခိုးဝှက်စုဆောင်းထားသော ပိုက်ဆံများ ဖြစ်လောက်သည်။ ကံဆိုးသည်က ယခုအချိန်တွင် စက္ကူစုတ်များသာ ဖြစ်နေလေပြီ။
သူမ အိတ်ထဲ ထည့်လိုက်သည်။ စက္ကူစုတ် ဖြစ်သော်လည်း မီးမွှေးရန် အသုံးဝင်သဖြင့် အလဟဿ မဖြစ်စေလိုပါ။
အိပ်ခန်းများကို ရှာဖွေပြီးနောက် ဝရန်တာသို့ ထွက်ကြည့်လိုက်ရာ သူမ လိုချင်နေသည့် ပစ္စည်းကို တန်းတွေ့လိုက်ရတော့၏။
"ငါးမျှားတံ တစ်ချောင်းပဲ..."
"ပိုက်ကွန်ရော... ငါးမျှားကြိုးရော ရှိတာပဲ..."
"ကံကောင်းလိုက်တာ..."
ဆုန့်ဝမ် ဝမ်းသာအားရ ဖြစ်သွားပြီး ပစ္စည်းများကို သူမ၏ အခန်းဘက်သို့ သယ်ယူလေသည်။
ထို့နောက် ပြန်လာပြီး စွန့်ပစ်ထားသော အဝတ်အစားများ၊ စောင်များကိုပါ အိမ်သို့ သယ်ယူပြန်၏။
"နောက်ဆို ဒီအခန်းမှာပဲ ထမင်းချက်တော့မယ်... ဒီအဝတ်အစားတွေ ရှိတော့ လောင်စာအတွက် မပူရတော့ဘူး..."
"ခဏလောက် နားပြီးရင် ငါးသွားမျှားမယ်... ဆုန့်ဝမ်... နင် လုပ်နိုင်ပါတယ်..."
သူမ လက်သီးဆုပ်ပြီး မှန်ထဲရှိ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
ငါးမျှားကိရိယာများကို ပြင်ဆင်ပြီးနောက် သတ္တိမွေးကာ အောက်ထပ်သို့ ဆင်းလာခဲ့၏။
လှေကားလမ်းတစ်လျှောက် မှောင်မည်းနေပြီး ကောင်းကောင်း မမြင်ရပေ။
နေရာတိုင်းတွင် သွေးကွက်များ ရှိနေပြီး အချို့မှာ မည်းနက်ကာ အနံ့ဆိုးများ ထွက်နေလေပြီ။
သူမသည် ပျို့အန်ချင်စိတ်နှင့် ကြောက်ရွံ့စိတ်ကို မြိုသိပ်ကာ စိတ်ထဲမှ ဘုရားစာ ရွတ်ဖတ်နေမိ၏။
မိန်းကလေးငယ်တစ်ယောက် ဖြစ်သဖြင့် ထိုအရာများကို သဘာဝအလျောက် ကြောက်ရွံ့မိသည်။
သူမ အိမ်ထဲတွင် ပုန်းအောင်းနေသည်မှာ ၆ လခန့် ရှိနေပြီ ဖြစ်၏။ တံခါးချောင်းပေါက်မှ တဆင့် ညစ်ပတ်ရိုင်းစိုင်းသော ကိစ္စများကို မြင်ဖူးသော်လည်း...
ကိုယ်တိုင် ကြုံတွေ့ဖူးခြင်း မရှိသဖြင့် ကမ္ဘာမပျက်ခင်ကကဲ့သို့ပင် သတ္တိနည်းပြီး ကြောက်တတ်နေဆဲ ဖြစ်သည်။
တင်းယန် ကဲ့သို့ ဒုက္ခပင်လယ်ဝေပြီးမှ မီးလျှံထဲက ဇာမဏီငှက်လို ပြန်လည် မွေးဖွားလာသူမျိုးမှာ အလွန် ရှားပါးလှသည်။
၁၉ လွှာသို့ ရောက်သောအခါ သူမ ခြေလှမ်းတုံ့သွားပြီး အခန်းနှစ်ခန်းထဲမှ စကားပြောသံများကို ကြားလိုက်ရ၏။
"အစ်ကိုလျှို... ပြင်ဆင်ပြီးပြီလား... ငါတို့ နောက်တစ်ခေါက် ပြန်ဆင်းရအောင်... ဒီနေ့ ငါးများများရဖို့ လုပ်ရမယ်"
"ပြီးပြီ... ပြီးပြီ... ခဏလေး... ဒီပိုက်ကွန်က ပြင်ရခက်လိုက်တာ..."
"ဟေ့လူ... အောက်ရောက်မှ ပြင်ဗျာ... ငါတို့နှစ်ယောက် ကံကောင်းလို့ ဒီပိုက်ကွန် ရှာတွေ့တာ... ဒီတစ်ခေါက်တော့ သေချာပေါက် အများကြီး ဖမ်းမိမှာပဲ..."
"အဖေ... သမီး... သမီးလည်း လိုက်မယ်လေ"
"ဖိန်ဖိန်... သမီးက အိမ်စောင့်နေခဲ့နော်... ဖေဖေတို့အိမ်မှာ ပစ္စည်းတွေ မနည်းဘူး... သူခိုးခိုးခံရရင် ဒုက္ခရောက်ကုန်မယ်..."
ဆုန့်ဝမ်သည် အောက်ထပ်မှ စကားပြောသံများကို နားထောင်ရင်း လှေကားကြားမှ ချောင်းကြည့်လိုက်၏။
စင်္ကြံလမ်းတွင် လူ ၃ ယောက် ရပ်နေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသား ၂ ဦးနှင့် လူငယ် ၁ ဦး။
နှစ်ဖက်စလုံး အိမ်တံခါးများ ဖွင့်ထားပြီး စင်္ကြံလမ်းတွင် စကားပြောနေကြခြင်း ဖြစ်သည်။
ထိုအထဲမှ လူငယ်မှာ ယောကျာ်းလေး ဝတ်စုံ ဝတ်ထားပြီး ဆံပင်ကိုလည်း တိုတိုညှပ်ထားသော်လည်း မိန်းကလေးမှန်း ဆုန့်ဝမ် တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
မျက်မှန်တပ်ထားသော ဦးလေးကြီးနှင့် သားအဖများ ဖြစ်ပုံရ၏။
ဘာကြောင့် ယောကျာ်းလေးလို ဝတ်ဆင်ထားရသနည်း ဆိုသည်ကိုမူ စဉ်းစားနေစရာပင် မလိုပေ။
သူမ ပေါင်ကို ပုတ်လိုက်မိပြီး"ငါ ဘာလို့ ရုပ်ဆိုးအောင် မပြင်ဆင်မိတာလဲ"
ထိုသို့ တွေးမိသည်နှင့် သူမသည် ဘေးပတ်ဝန်းကျင်မှ ရွှံ့ချေးများကို လက်ဖြင့်ကော်ယူကာ ပျို့အန်ချင်စိတ်ကို အောင့်အီးလျက် သူမ၏ ပြိုင်ဘက်ကင်း လှပသော မျက်နှာလေးပေါ်သို့ သုတ်လိမ်းလိုက်လေသည်။
ထိုအချိန်တွင် အောက်ထပ်မှ လူလတ်ပိုင်းအရွယ် နှစ်ဦးလည်း အဆင်သင့် ဖြစ်သွားပြီး အိမ်ရှိလူများကို နှုတ်ဆက်ကာ အတူတကွ ဆင်းသွားကြတော့၏။
ဆုန့်ဝမ် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ရင်ဘက်ထဲရှိ သစ်သီးလှီးဓားကို စမ်းသပ်ကြည့်လိုက်ကာ နောက်ဆုံးတွင် သတ္တိကို မွေး၍ အောက်ထပ်သို့ ဆင်းသွားလေတော့သတည်း။
ဆက်ရန်...
အပိုင်း (၈၂) လူသစ်များ ကံတက်ချိန်၊ အမှတ်များ ရေလိုဝင်ချိန်
"ရ... ရပ်လိုက်"
ဆုန့်ဝမ်သည် ကိုယ်ကို ကုန်းကုန်းကွကွဖြင့် ၁၉ လွှာကို ဖြတ်ကျော်နေစဉ်...
ရုတ်တရက် အခန်း ၁၉၀၂ ၏ တံခါး ပွင့်သွားပြီး ယောက်ျားလေးလို ဝတ်ဆင်ထားသော မိန်းကလေးက သစ်သီးလှီးဓားကို ကိုင်လျက် အော်ဟစ်လိုက်လေသည်။
မျက်နှာချင်းဆိုင် အခန်း ၁၉၀၁ ၏ တံခါးလည်း ပွင့်သွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက သစ်သီးလှီးဓားကို ကိုင်ကာ မျက်နှာဖြူဖျော့စွာဖြင့် ထွက်ပေါ်လာ၏။
"မလှုပ်နဲ့"
ထိုနှစ်ယောက်၏ အမူအရာကြောင့် ဆုန့်ဝမ်မှာ လန့်ဖျပ်သွားပြီး လက်ကို အမြန်မြှောက်ကာ အော်ပြောလိုက်ရသည်။
"မလုပ်ပါနဲ့... ရှင်တို့ မလုပ်ကြပါနဲ့... ကျွန်မက အစ်ကိုလင်းယွမ်ကို သိပါတယ်... ကျွန်မက သူ့အိမ်နီးချင်းပါ... သူက တိုက်တွဲ (၁) ထဲမှာ ဘယ်သူမှ အချင်းချင်း အနိုင်ကျင့်ခွင့် မရှိဘူးလို့ ပြောထားပါတယ်"
ဆုန့်ဝမ်၏ စကားကြောင့် လျှိုဖိန်ဖိန်နှင့် မျက်နှာချင်းဆိုင်မှ လျှိုရှုချင်းတို့ ကြောင်အသွားကြသည်။
လျှိုရှုချင်းက သံသယဖြင့် မေးလိုက်၏။
"မင်းလည်း ငါတို့ တိုက်တွဲ (၁)ကပဲလား"
လျှိုဖိန်ဖိန်ကလည်း ဆုန့်ဝမ်ကို သေချာကြည့်ပြီး ပြောလိုက်သည်။
"ခမောက်ဆောင်းကို ချွတ်လိုက်"
ဆုန့်ဝမ်သည် မလုပ်ရဲဘဲ မနေနိုင်သဖြင့် ခမောက်ဆောင်းကို အမြန်ချွတ်လိုက်ရာ နက်မှောင်သော ဆံနွယ်ရှည်များ ကျဆင်းလာတော့သည်။
"ရှင်က... မိန်းကလေးပဲကိုး"
လျှိုဖိန်ဖိန် အံ့ဩသွားပြီး ရေရွတ်လိုက်မိသည်။
ဆုန့်ဝမ်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်... ဟုတ်ပါတယ်... ကျွန်မက ၃၁ လွှာ၊ အခန်း ၃၁၀၁ မှာ နေတာပါ... အစ်ကိုလင်းယွမ်ရဲ့ အောက်ထပ်ကပါ... ကျွန်မနဲ့သူနဲ့က တော်တော်ရင်းနှီးပါတယ်... ရှင်တို့... ရှင်တို့ ကျွန်မကို ရန်မရှာကြပါနဲ့နော်"
လျှိုဖိန်ဖိန်သည် ထိုစကားကို ကြားသောအခါ သစ်သီးလှီးဓားကို ချက်ချင်းပြန်သိမ်းလိုက်ပြီး ပြောလိုက်သည်။
"မဟုတ်ပါဘူး... ငါတို့က နင့်ကို ရန်ရှာချင်တာ မဟုတ်ဘူး... အစ်ကိုလင်းယွမ်က သူ့ခွင့်ပြုချက်မရဘဲ တခြားတိုက်တွဲက လူတွေ တိုက်တွဲ (၁)ထဲ ဝင်ခွင့်မရှိဘူးလို့ မှာထားလို့လေ"
လျှိုရှုချင်းလည်း ဆုန့်ဝမ်မှာ မိန်းကလေးဖြစ်ကြောင်း မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"သမီးရေ... အထင်မလွဲပါနဲ့... တိုက်တွဲ (၁)က စင်္ကြံလမ်းတွေ အကုန်လုံးကို သော့ခတ်ထားတာလေ"
"ဆရာလင်းက မှာထားတယ်... အပြင်လူ တွေ့တာနဲ့ သူ့ကို ချက်ချင်းအကြောင်းကြားပါဆိုပြီး... အဒေါ်တို့က သမီးကို တခြားတိုက်တွဲက လူများလားလို့ ထင်သွားတာ"
ဆုန့်ဝမ် ထိုစကားကို ကြားမှ သက်ပြင်းချနိုင်တော့သည်။
မိန်းကလေးအချင်းချင်း ဖြစ်သည့်အတွက်ကြောင့်လားတော့ မသိ၊ သူမ သတိထားနေမှုကို လျှော့ချလိုက်ပြီး ကြမ်းပြင်ပေါ်မှ ငါးမျှားတံကို ညွှန်ပြကာ ပြောလိုက်၏။
"ကျွန်မ ဗိုက်ဆာလွန်းလို့ သည်းမခံနိုင်တော့တာနဲ့ အောက်ဆင်းပြီး ငါးသွားမျှားမလို့ပါ... အစ်ကိုလင်းယွမ်က သူ့ဆီမှာ ငါးနဲ့ စားစရာ လဲလို့ရတယ်လို့ ပြောထားလို့"
ထိုစကားကို ကြားရသောအခါ လျှိုဖိန်ဖိန်နှင့် လျှိုရှုချင်းတို့ စိတ်အေးသွားကြတော့သည်။
ဆုန့်ဝမ်၏ ပုံစံကို ကြည့်ရသည်မှာ လူဆိုးမလေးနှင့် တူမနေပေ။
လျှိုဖိန်ဖိန်က မေးလိုက်၏။
"ရှင်တစ်ယောက်တည်းလား... ရှင့်မိသားစုရော"
ဆုန့်ဝမ်၏ မျက်လုံးများ နီရဲလာသည်။
"ကျွန်မ... ကျွန်မ တစ်ယောက်တည်း နေတာပါ"
မိန်းကလေးနှစ်ဦး အံ့ဩသွားကြသည်။ တစ်ကိုယ်တည်းသမား မိန်းကလေးတစ်ယောက်က ဒီအချိန်ထိ ဘေးမသီရန်မခဘဲ နေနိုင်သည်တဲ့လား။
သို့သော် မကြာမီ သူတို့ သဘောပေါက်သွားကြသည်။ ဤမိန်းကလေးက လင်းယွမ်၏ အောက်ထပ်တွင် နေသည်ဖြစ်၍ လုံခြုံရေး အတော်ကောင်းမွန်ပုံရ၏။
အစောပိုင်းကာလတွင် လျှိုအားလုံတို့အုပ်စုသည် လင်းယွမ်ကိုသာ အာရုံစိုက်နေခဲ့ကြသဖြင့် အခြားသူများကို ဂရုမစိုက်အားခဲ့ကြပေ။
နောက်ပိုင်း လင်းယွမ်က လျှိုအားလုံတို့ကို ရှင်းပစ်လိုက်ပြီး တိုက်တွဲအတွင်း ဝမ်ယန်မေ၏ သန္ဓေပြောင်းလဲမှု ဖြစ်ရပ်ပေါ်ပေါက်လာသောအခါ တိုက်တွဲ (၁)မှ လူအများစု ထွက်ပြေးကုန်ကြသည်။
ထိုအကြောင်းရင်းများကြောင့်သာ ဤမိန်းကလေး ယခုအချိန်ထိ အကောင်းပကတိ အသက်ရှင်နေနိုင်ခြင်း ဖြစ်တန်ရာ၏။
မည်သို့ပင်ဆိုစေကာမူ ဤခေတ်ကြီးထဲတွင် တစ်ကိုယ်တည်းနေထိုင်သော မိန်းကလေးတစ်ဦးအတွက် အလွန်အန္တရာယ်များလှသည်။
သူတို့နှစ်ဦး ဆုန့်ဝမ်ကို သနားကြင်နာစွာ ကြည့်လိုက်မိကြ၏။
လျှိုရှုချင်းက မေးလိုက်သည်။
"သမီး နာမည် ဘယ်လိုခေါ်လဲ"
"ဆုန့်ဝမ်ပါ"
လျှိုရှုချင်းက ခေါင်းညိတ်လိုက်ပြီး "အဒေါ်က လျှိုရှုချင်းပ... သူကတော့ လျှိုဖိန်ဖိန်တဲ့... သူ့အဖေနဲ့ အဒေါ့်အမျိုးသားက အောက်ထပ်မှာ ငါးသွားဖမ်းကြတယ်... အဒေါ်တို့က သူတို့ အန္တရာယ်ဖြစ်မှာစိုးလို့ စောင့်ကြည့်နေရင်း သမီးကို လှမ်းတားမိလိုက်တာ"
"စိတ်မပူပါနဲ့... ဆရာလင်းက တိုက်တွဲ (၁)ထဲမှာ အချင်းချင်း ရန်မဖြစ်ရဘူးလို့ မှာထားပြီးသားပဲ... အဒေါ်တို့ ဘာမှမလုပ်ပါဘူး... အောက်ထပ်ကငါးတွေက ဘယ်သူမဆို မျှားလို့ရပါတယ်... သမီး သွားချင်ရင် သွားပါ"
"ကျေးဇူးပါ... ကျေးဇူးတင်ပါတယ်"
ဆုန့်ဝမ်က ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုပြီး ငါးမျှားတံကိုကောက်ကာ အောက်ထပ်သို့ အမြန်ဆင်းသွားလေတော့သည်။
သူမ ထွက်ခွာသွားသည်ကို ကြည့်ပြီး လျှိုဖိန်ဖိန်နှင့် လျှိုရှုချင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
လျှိုဖိန်ဖိန်က ရုတ်တရက် ပြောလိုက်သည်။
"အဒေါ်လျှို... ကျွန်မ သူ့နောက် လိုက်ကြည့်လိုက်ဦးမယ်... သူ တကယ်ပဲ ငါးသွားမျှားတာ ဟုတ်မဟုတ် ဆိုတာကိုလေ... ပြီးတော့ ဖေဖေတို့ကိုလည်း သွားပြောလိုက်ဦးမယ်"
လျှိုရှုချင်း မျက်မှောင်ကြုတ်လိုက်သည်။
"နင်သူ့ကို သံသယဖြစ်လို့လား"
"မဟုတ်ပါဘူး... ဘာမတော်တဆမှ မဖြစ်အောင်လို့ပါ... တော်ကြာ သူက တခြားစင်္ကြံလမ်းတံခါးတွေကို ဖွင့်ပေးပြီး တခြားတိုက်တွဲက လူတွေကို အထဲဝင်ခွင့်ပေးလိုက်ရင် ဒုက္ခရောက်ကုန်မှာပေါ့"
လျှိုရှုချင်း စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်၏။
"အေး... ဒါဆို သွားလိုက်လေ... အဒေါ်က အပေါ်ထပ်တက်ပြီး ဆရာလင်းတို့ကို သွားမေးကြည့်လိုက်မယ်"
"သိပြီ"
နှစ်ဦးသား လမ်းခွဲလိုက်ကြပြီး တစ်ဦးက အပေါ်ထပ်သို့၊ တစ်ဦးက အောက်ထပ်သို့ ထွက်ခွာသွားကြသည်။
လျှိုဖိန်ဖိန်သည် ဆုန့်ဝမ်နောက်သို့ တောက်လျှောက် လိုက်ပါသွားခဲ့သည်။ ဆုန့်ဝမ်သည် သူခိုးမလေးကဲ့သို့ သတိကြီးစွာဖြင့် သွားလာနေသော်လည်း စင်္ကြံလမ်းတံခါးများကို ဖွင့်ရန် မကြိုးစားသည်ကို တွေ့ရ၏။
၁၃ လွှာသို့ ရောက်သောအခါ ဆုန့်ဝမ် ရပ်တန့်လိုက်သည်။ အောက်ထပ်သို့ ဆက်မဆင်းရဲတော့ပေ။
သူမသည် ၁၃ လွှာရှိ အခန်းတစ်ခန်းကို ဖွင့်ဝင်လိုက်ပြီး ဝရံတာသို့ သွားကာ ထိုနေရာမှနေ၍ ငါးစတင်မျှားလေတော့သည်။
တစ်ချိန်တည်းမှာပင် သူမသည် ယုန်လှောင်အိမ်ကို ထုတ်ယူကာ သွေးစွန်းနေသော အဝတ်စများကို ငါးစာအဖြစ် ထည့်သွင်းပြီး အောက်သို့ ချလိုက်၏။
လျှိုဖိန်ဖိန်သည် ဆုန့်ဝမ် အခန်းထဲဝင်သွားပြီး ပြန်ထွက်မလာသည်ကို မြင်သောအခါ သူမ အမှန်တကယ် ငါးမျှားနေခြင်းဖြစ်ကြောင်း ယုံကြည်သွားသည်။
ထို့ကြောင့် သူမသည် ဖခင်ဖြစ်သူ လျှိုတနန်နှင့် ဦးလေး ဟူဝေမင်တို့ကို ရှာဖွေရန် အောက်ထပ်သို့ ဆက်ဆင်းလာခဲ့သည်။
၁၂ လွှာသို့ ရောက်သောအခါ ဟူဝေမင်က လှေကားခွင်တွင် ငါးမျှားနေသည်ကို တွေ့လိုက်ရ၏။
ဖခင်ဖြစ်သူကမူ ဝရံတာဘက်တွင် ပိုက်ကွန်ပစ်နေသည်။
ရေမျက်နှာပြင်သည် ၁၂ လွှာ ကြမ်းပြင်အထိ ရောက်ရှိနေပြီဖြစ်ပြီး ခြေထောက်ချလိုက်တိုင်း "ပလပ်... ပလပ်" မြည်ကာ ရေများ စင်တက်လာသည်။
သူမ အလွန်အမင်း အံ့ဩသွားပြီး လှမ်းအော်လိုက်သည်။
"ဦးလေးဟူ... ဖေဖေ... ရေတွေက ၁၂ လွှာထိတောင် ရောက်နေပြီလား"
ဟူဝေမင်က သူမကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားပြီး ပြုံးပြလိုက်၏။
"ဖိန်ဖိန် ပါလား"
လျှိုတနန်က သမီးဖြစ်သူကို မြင်သောအခါ မျက်နှာပျက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။
"အိမ်စောင့်ခိုင်းထားတာ မဟုတ်ဘူးလား... ဘာလို့ ဆင်းလာတာလဲ"
လျှိုဖိန်ဖိန်က အလျင်အမြန် ရှင်းပြလိုက်၏။
"လူတစ်ယောက် ဆင်းလာတာ တွေ့လို့ ဖေဖေတို့ကို လာပြောတာပါ"
"ဘာ... လူတစ်ယောက် ဆင်းလာတယ်"
"ဘယ်မှာလဲ"
ဟူဝေမင်နှင့် လျှိုတနန်တို့ အံ့ဩထိတ်လန့်သွားကြပြီး ဘေးနားရှိ လက်နက်များကို ကောက်ကိုင်ကာ သတိအနေအထား ယူလိုက်ကြသည်။
လျှိုတနန်ဆိုလျှင် ငါးမျှားတံကို ပစ်ချပြီး သမီးဖြစ်သူအနားသို့ ပြေးကာ ကာကွယ်ပေးထားလိုက်၏။
လျှိုဖိန်ဖိန်က အလျင်အမြန် ရှင်းပြလိုက်သည်။
"အဲလောက်ကြီး မလန့်ပါနဲ့... မိန်းကလေးတစ်ယောက်ပါ... သမီးနဲ့ ရွယ်တူလောက်ပဲ ရှိမယ်... သူက တိုက်တွဲ (၁)ကပဲတဲ့... အစ်ကိုလင်းယွမ်ရဲ့ အိမ်နီးချင်းတဲ့"
"သူ့မှာ စားစရာ မရှိတော့လို့ ငါးဆင်းမျှားတာတဲ့... သမီး သူ့နောက်ကို ခိုးလိုက်လာတာ သူ မသိဘူး"
လျှိုတနန်က အမောတကော မေးလိုက်၏။
"သူ ဘယ်မှာလဲ"
"၁၃ လွှာက အခန်းတစ်ခန်းထဲမှာ ငါးမျှားနေတယ်... အောက်ထိ ဆင်းမလာရဲဘူး ထင်တယ်"
ထိုစကားကို ကြားမှ နှစ်ယောက်သား စိတ်အေးသွားကြတော့သည်။
ဟူဝေမင်က ပြောလိုက်၏။
"မိန်းကလေးတစ်ယောက်တည်းဆိုရင်တော့ ဘာပြဿနာမှ မရှိလောက်ပါဘူး"
လျှိုတနန်က ခေါင်းညိတ်လိုက်သည်။
"ငါတို့ တိုက်တွဲကပဲ ဖြစ်မှာပါ... မဟုတ်ရင် ဆရာလင်းရဲ့ အိမ်နီးချင်းဆိုပြီး နာမည်သုံးရဲမှာ မဟုတ်ဘူး... ခဏနေ ငါးရရင် ဆရာလင်းဆီသွားပြီး မေးကြည့်ကြတာပေါ့"
ဟူဝေမင်က ထောက်ခံလိုက်၏။ "ကောင်းတယ်"
လျှိုဖိန်ဖိန်က ဆက်ပြောသည်။ "သူ့ပုံစံက လူဆိုးနဲ့ မတူပါဘူး... သူပြောတာတော့ အခုထိ တစ်ယောက်တည်း နေတာတဲ့... မလွယ်လိုက်တာနော်"
လျှိုတနန်နှင့် ဟူဝေမင်တို့ အံ့ဩသွားကြသည်။ ဒီမိန်းကလေးက အခုထိ တစ်ကိုယ်တည်း နေထိုင်နိုင်ခဲ့သည်တဲ့လား။
တကယ် မလွယ်ကူလှပေ။ တစ်ကိုယ်တည်းသမား မိန်းကလေးများ အလွန်အန္တရာယ်များလှသည်။ ယခင်က ဒုက္ခရောက်ခဲ့သူ အများစုမှာ တစ်ကိုယ်တည်းသမား မိန်းကလေးများ ဖြစ်ကြသည်။
သို့သော် သူတို့ ချက်ချင်း တွေးမိလိုက်သည်မှာ အကယ်၍ ဆရာလင်း၏ အိမ်နီးချင်းသာ ဖြစ်ပါက ဤအချက်မှာ ဖြစ်နိုင်ချေ ရှိပေသည်။
"ဒီကောင်မလေးက ဆရာလင်းနဲ့ ငါတို့ထက် ပိုရင်းနှီးလောက်တယ်... ငါတို့ သူ့ကို ပြဿနာမလုပ်မိတာ ကောင်းမယ်"
"အစ်ကိုဟူ ပြောတာ မှန်တယ်... ဆရာလင်းနဲ့ အိမ်နီးချင်းဖြစ်ခွင့်ရတာဆိုတော့ ငါတို့ လေးလေးစားစား ဆက်ဆံတာ ပိုကောင်းမယ်"
"ဒါနဲ့... ငါတို့လည်း အပေါ်ထပ်ကို ပြောင်းပြီး ဆရာလင်းနဲ့ အိမ်နီးချင်း သွားလုပ်ကြမလား"
"အင်း... ဒီကိစ္စကို ငါလည်း စဉ်းစားနေတာ... ငါတို့အိမ်မှာလည်း သုံးလို့ရတဲ့ပစ္စည်း သိပ်မကျန်တော့ဘူး... ၁၉ လွှာဆိုတာက နိမ့်လည်းမနိမ့် မြင့်လည်းမမြင့်ဘူးလေ"
"ရေတက်နှုန်းကိုလည်း ကြည့်ဦး... ပြီးခဲ့တဲ့ရက်ပိုင်းကမှ ၁၁ လွှာ... အခု ၁၂ လွှာ ရောက်နေပြီ... ဘယ်အချိန် ၁၉ လွှာ ရောက်လာမလဲ ဘယ်သူသိမှာလဲ"
"အဓိကအချက်က အခု တခြားတိုက်တွဲကလူတွေ တိုက်တွဲ (၁) လုံခြုံသွားပြီဆိုတာ မသိကြသေးဘူး... သိသွားရင် အလုအယက် ပြောင်းလာကြလိမ့်မယ်"
"အဲဒီအချိန်ကျရင် ငါတို့ အထပ်ရွေးခွင့် ရချင်မှရတော့မှာ"
"ပြောင်းကြတာပေါ့ကွာ... ဒီတစ်ခေါက် ငါးမျှားပြီးရင် ပြန်ပြောင်းကြမယ်"
လျှိုတနန်၏ စကားကြောင့် ဟူဝေမင် ခေါင်းညိတ်လိုက်မိသည်။
"ငါလည်း အဲလိုပဲ တွေးမိတယ်... ရေတက်မြန်တာအပြင် ငါစဉ်းစားမိတာက ဆရာလင်းတို့နဲ့ နီးနီးကပ်ကပ်နေရင် လုံခြုံရေး ပိုစိတ်ချရမယ်လို့လေ"
"တကယ်လို့ တစ်ယောက်ယောက်က ငါတို့ကို ရန်လာရှာရင် ဆရာလင်းက အနီးအနားမှာ ရှိနေတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်လောက်ဘူး"
"နောက်တစ်ချက်က ဆရာလင်းတို့လူစုက မဟာမိတ်အဖွဲ့လေး ဖွဲ့ထားပြီးပြီ... ငါတို့ သူတို့နဲ့ နီးနီးကပ်ကပ်နေရင် သူတို့အဖွဲ့ထဲ ဝင်ခွင့်ရကောင်းရနိုင်တယ်... အဲဒီကျရင် ငါတို့မှာလည်း အဖွဲ့အစည်းရှိသွားပြီပေါ့"
လျှိုတနန် သဘောတူလိုက်ပြီး နှစ်ယောက်သား ခဏတာ ဆွေးနွေးပြီးနောက် ညရောက်လျှင် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ကြသည်။
လျှိုဖိန်ဖိန်သည် ဖခင်ဖြစ်သူ၏ ငါးမျှားတံကို ကြည့်ပေးနေရင်းမှ စကားဝိုင်းကို ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဖေဖေ... ဖေဖေ ပြောချင်တာက ရက်ပိုင်းလေးနဲ့ ရေက တစ်ထပ်တောင် တက်လာတယ်ပေါ့"
"သုံးရက်... မိုးက မရပ်မနားရွာနေတာ... သုံးရက်အတွင်း တစ်ထပ်တောင် တက်လာတယ်... အနည်းဆုံး ၁၀ ပေလောက် ရှိမယ်"
"ကြောက်ဖို့ကောင်းလိုက်တာ"
"ဒီမိုးသာ မတိတ်ရင် ၃၂ ထပ်လုံး နစ်မြုပ်သွားမလား မသိဘူး"
ဟူဝေမင်နှင့် လျှိုတနန်တို့၏ မျက်နှာများ ညှိုးငယ်သွားပြီး မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။
အကယ်၍ တိုက်ကြီး တစ်ခုလုံးသာ ရေမြုပ်သွားပါက သူတို့ မည်သို့ ဆက်လက်ရှင်သန်ကြမည်နည်း။
လျှိုဖိန်ဖိန်ပင်လျှင် စိုးရိမ်တကြီး မေးလိုက်မိသည်။
"ဖေဖေ... ဦးလေးဟူ... တကယ်ကြီး အဲလိုဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲဟင်... ၃၂ လွှာကို ပြောင်းရင်တောင် စိတ်ချရပါ့မလား"
"ဖြစ်လာမှ ကြည့်ရှင်းကြတာပေါ့... အခု ဗိုက်တောင် မဝသေးတာ... အဲဒါတွေ တွေးပူမနေနိုင်ပါဘူး" လျှိုတနန်က သက်ပြင်းချလိုက်သည်။
ဟူဝေမင်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ဆရာလင်းတို့အဖွဲ့ကရော ဒီကိစ္စကို တွေးမိကြပါ့မလား"
"ဒါကတော့" လျှိုတနန် တွေဝေသွားသည်။
လျှိုဖိန်ဖိန်က ချက်ချင်း ဝင်ပြောလိုက်၏။
"သူက လူတော်ပဲ... သေချာပေါက် တွေးမိမှာပေါ့... နည်းလမ်းတောင် ရှာထားပြီးလောက်ပြီ... ဖေဖေ... နောက်ကျရင် သူတို့အောက်ထပ်ကို ပြောင်းပြီး အခွင့်အရေးရရင် ရင်းနီးအောင်ပေါင်းပြီး မေးမြန်းကြည့်လို့ရတာပဲ"
လျှိုတနန်က သမီးဖြစ်သူကို စွေကြည့်လိုက်ပြီး ပြောလိုက်သည်။
"နင်ကတော့ သူစိမ်းတစ်ယောက်ကို တယ်ယုံကြည်နေပါလား"
လျှိုဖိန်ဖိန် ကြောင်အသွားပြီး မျက်နှာလေး ရဲသွားကာ ပြောလိုက်၏။
"ဟာ... သမီးက သူတော်တယ်လို့ ပြောတာပါ... လျှိုအားလုံတို့တစ်ဖွဲ့လုံးကိုတောင် နိုင်အောင်တိုက်နိုင်တာ... ရေကြီးမယ့်ကိစ္စလောက်တော့ သူ သေချာပေါက် တွေးမိမှာပေါ့"
လျှိုတနန် တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရေပြင်မှ "ဗွမ်း" ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟိုက်... ငါးဟပ်ပြီဟေ့"
လျှိုတနန် ချက်ချင်း သတိဝင်လာပြီး ငါးမိမမိ ကြည့်ရန် ဝရံတာဘက်သို့ အပြေးသွားလိုက်သည်။
သို့သော် ရောက်ရောက်ချင်း မြင်လိုက်ရသည်က လေပေါ်သို့ ပျံတက်သွားသော ငါးတစ်ကောင်ကို တစ်စုံတစ်ယောက်က ဆွဲတင်သွားခြင်းပင် ဖြစ်သည်။
သူ အနည်းငယ် ကြောင်အသွားပြီး အပေါ်သို့ ခေါင်းမော့ကြည့်လိုက်၏။
အပေါ်ထပ်မှ လက်တစ်ဖက်က ငါးမျှားကြိုးကို ဆွဲကာ ဝရံတာထဲသို့ ငါးကို ဆွဲယူနေသည်ကို တွေ့လိုက်ရသည်။
ကိုင်ပုံကိုင်နည်း ကြည့်ရသည်မှာ သေချာပေါက် လူသစ်ပင် ဖြစ်သည်။
ထို့နောက် အပေါ်ထပ်မှ အံ့ဩဝမ်းသာနေသော မိန်းကလေးအသံတစ်သံကို ကြားလိုက်ရသည်။
"ဟားဟား... ငါးမိပြီ... ငါးမိပြီ... ဟီးဟီး... ငါ ငါးမျှားနိုင်ပြီ"
အသံမှာ အလွန်တရာ စိတ်လှုပ်ရှားနေပုံရပြီး ပထမဆုံးအကြိမ် ငါးမျှားဖူးခြင်း ဖြစ်တန်ရာ၏။
လျှိုတနန် စိတ်ပျက်သွားပြီး မိမိ၏ ငါးမျှားတံကို ကြည့်လိုက်ရာ ဘာလှုပ်ရှားမှုမှ မရှိပေ။
သူ မနေနိုင်ဘဲ ပြောလိုက်သည်။
"လူသစ်တွေ ကံကောင်းတတ်တယ်ဆိုတာ ဒါမျိုးပဲ"
ဟူဝေမင်လည်း ဆွံ့အသွားပြီး ပြောလိုက်သည်။
"ငါတို့နှစ်ယောက်က ဝါရင့်တွေ.. ဒီနေ့တော့ ကောင်မလေးတစ်ယောက်လက်မှာ အရှုံးပေးလို့မဖြစ်ဘူး"
"အမှန်ပဲ"
လျှိုတနန် စိတ်ဓာတ်တက်ကြွသွားသည်။ ငါးမျှားဝါသနာအိုး၏ သိက္ခာကို အကျမခံနိုင်ပေ။
သူ အလေးအနက်ထားလိုက်ပြီး ငါးမျှားကြိုးကို ပြန်သိမ်းကာ ငါးစာကို စစ်ဆေးလိုက်၏။
"ငါးစာလဲလိုက်ဦးမယ်... ဒီငါးစာက သိပ်လတ်တဲ့ပုံမပေါ်ဘူး"
ထို့နောက် ပေါင်မုန့်အစလေး တစ်ခုကို ချိတ်လိုက်သည်။
ဟူဝေမင်က မနေနိုင်ဘဲ ပြောလိုက်၏။
"အစ်ကိုလျှို... ချွေတာပါဦး... ပေါင်မုန့်က သိပ်မကျန်တော့ဘူးနော်"
လျှိုတနန် ခေါင်းညိတ်လိုက်ပြီး သတိထားကာ ငါးမျှားလေတော့သည်။
လျှိုဖိန်ဖိန်က စိတ်ဝင်တစားဖြင့် မေးလိုက်၏။
"ဖေဖေ... ငါးမျှားတံ ရှိသေးလား... သမီးလည်း စမ်းကြည့်ချင်လို့"
ဟူဝေမင်က လှမ်းအော်ပြောလိုက်သည်။
"ဦးလေးဆီမှာ တစ်ချောင်းရှိတယ်... ဦးလေးက ပိုက်ကွန်ပစ်လိုက်မယ်... ဖိန်ဖိန်... ဦးလေးဟာနဲ့ မျှားလိုက်"
"ကောင်းလိုက်တာ"
လျှိုတနန်က ပြောလိုက်သည်။
"နင်က တိုက်ခန်းဝရံတာဘက်မှာ သွားမျှား... ဖေဖေ့နေရာမှာ အစာချထားတာ... လာမရှုပ်နဲ့"
လျှိုဖိန်ဖိန်က နှာခေါင်းရှုံ့လိုက်ပြီး ပေါင်မုန့်အနည်းငယ် ယူရန်ပြင်လိုက်စဉ် လျှိုတနန်က တားလိုက်သည်။
"နင်က မျှားတတ်တာလည်း မဟုတ်ဘူး... ပေါင်မုန့်သုံးရင် နှမြောစရာကြီး... တခြားငါးစာ သွားရှာချေ"
လျှိုဖိန်ဖိန် စိတ်ပျက်သွားသော်လည်း အစားအစာ ရှားပါးသည်ကို သိသဖြင့် အပြင်ထွက်ကာ ငါးစာလိုက်ရှာရလေတော့သည်။
ခဏအကြာတွင် အမည်မသိ အသားစအချို့ကို မြေကြီးပေါ်တွင် တွေ့လိုက်ရ၏။ အနည်းငယ်ပင် ပုပ်စော်နံနေပြီဖြစ်သည်။
သူမ ရွံရှာသွားပြီး လူသားစ ဟုတ်မဟုတ် မစဉ်းစားရဲတော့ပေ။ မည်သို့ပင်ဖြစ်စေ နောက်ပိုင်း ငါးမစားတော့ရန် ဆုံးဖြတ်လိုက်သည်။
ဝရံတာသို့ ပြန်ရောက်သောအခါ သူမ ငါးစတင်မျှားလေသည်။
ငါးမျှားချိတ်ချပြီး နှစ်မိနစ်ပင် မကြာလိုက်၊ အပေါ်ထပ်မှ အော်ဟစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
လျှိုဖိန်ဖိန် မိုးထဲလေထဲ ခေါင်းမော့ကြည့်လိုက်၏။
ငွေရောင် တလက်လက်တောက်ပနေသော ငါးရှည်ကြီးတစ်ကောင် ပါသွားသည်ကို တွေ့လိုက်ရသည်။
အပေါ်ထပ်က ဆုန့်ဝမ် နောက်တစ်ကောင် ရသွားပြန်ပြီ။
သူမ အံ့ဩသွားပြီးနောက် ဘေးခန်းမှ ဖခင်ဖြစ်သူ၏ အသံကို ကြားလိုက်ရသည်။
"လူသစ်တွေ ကံကောင်းချိန်မို့လို့ပါ... စိတ်မလှုပ်ရှားနဲ့... စိတ်မလှုပ်ရှားနဲ့"
လျှိုဖိန်ဖိန် ရယ်ချင်သွားပြီး "ခစ်" ခနဲ ဖြစ်သွားစဉ် လက်ထဲမှ ငါးမျှားတံ ရုတ်တရက် လေးလံသွားသည်။
"အမလေး... ငါး... ငါးဟပ်ပြီ!"
"ဖေဖေ... ဖေဖေ..."
သူမ ပြာပြာသလဲ အော်ဟစ်လိုက်တော့သည်။
လျှိုတနန် ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်း အော်ပြောလိုက်၏။
"အစ်ကိုဟူ... ငါ့မျှားတံကို ကြည့်ထားပေး"
သူ ခေါင်းပြန်လှည့်ကာ အပြေးလွှားသွားပြီး လျှိုဖိန်ဖိန်ရှိရာ တိုက်ခန်းသို့ ဝင်လိုက်သည်။
သမီးဖြစ်သူက ငါးမျှားတံကို အသေအလဲ ဆွဲထားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အော်ဟစ်နေသည်ကို တွေ့လိုက်ရ၏။
လျှိုတနန်သည် သမီးဖြစ်သူကို ဂရုမစိုက်နိုင်တော့ဘဲ ခြေလှမ်းကျဲကြီးဖြင့် ဝင်လာကာ ငါးမျှားတံကို လှမ်းဆွဲလိုက်လေသည်။
သူ့ကိုယ်အလေးချိန်ကို အားပြုပြီး ငါးမျှားတံကို ဆွဲကာ ကြိုးကို အတင်းရစ်ပတ်လိုက်သည်။
"ဟာ... အကောင်ကြီးကွ... အစ်ကိုဟူ... အကောင်ကြီးဟေ့"
သူအော်ဟစ်လိုက်ရာ ဘေးမှ ဟူဝေမင်လည်း ပိုက်ကွန်ကို ကိုင်ကာ အပြေးရောက်ရှိလာသည်။
သူ ဝရံတာလက်ရန်းကို ကိုင်ကာ အောက်သို့ငုံ့ကြည့်လိုက်ရာ ဝမ်းသာအားရ အော်ဟစ်လိုက်၏။
"ဟာ... နည်းတဲ့ငါးကြီးမဟုတ်ဘူး... အစ်ကိုလျှို... တောင့်ထားနော်"
ပြောရင်းဆိုရင်း ပိုက်ကွန်ကို ရေထဲချကာ အားကုန်သုံး၍ ဆယ်ယူလိုက်လေသည်။
သုံးယောက်သား မနည်းအားစိုက်လိုက်ရပြီးမှ ထိုငါးကြီးကို ဆွဲတင်နိုင်ခဲ့ကြသည်။
"ဘုန်း"
ငါးကြီးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာပြီး ပြင်းထန်စွာ ရုန်းကန်နေကာ အမြီးဖြင့် ကြမ်းပြင်ကို ရိုက်ခတ်နေလေသည်။
သစ်သားကြမ်းခင်းများပင် ကွဲအက်မတတ် ဖြစ်သွားရ၏။
လျှိုတနန်နှင့် ဟူဝေမင်တို့ နောက်သို့ဆုတ်လိုက်ကြပြီး မောဟိုက်နေကြသည်။
လျှိုတနန်က ထိတ်လန့်တကြား ပြောလိုက်သည်။
"ဘုရားရေ... ဒါ လူကို ရိုက်မိရင် ချက်ချင်း ဖူးယောင်သွားမှာပဲ"
လျှိုဖိန်ဖိန်က ဝမ်းသာအားရ ပြောလိုက်၏။
"သမီးမျှားတာ... ဖေဖေ... သမီးမျှားတာနော်"
လျှိုတနန်က မနာလိုသံဖြင့် ပြောလိုက်သည်။
"အေးပါ... အေးပါ... အဲဒါ အဖေတူသမီးမို့လို့ပေါ့"
"အစ်ကိုလျှို... ဒီငါးက ဘာငါးလဲ"
"ကြည့်ရတာ... ကျောက်ငါး ဖြစ်မယ်"
"ဟေ... ကျောက်ငါးက ဒီလောက်ကြီးပါ့မလား" ဟူဝေမင်က သံသယဖြင့် မေးလိုက်သည်။
လျှိုတနန် ရယ်မောလိုက်ပြီး ရှင်းပြလိုက်၏။
"ဒါ မင်း နားမလည်လို့... ကျောက်ငါးတွေက ၃ ပေကျော်အထိ ကြီးနိုင်တယ်... ၆ ပေလောက်ထိတောင် ရောက်နိုင်သေးတာ"
"ဟီးဟီး... ငါ့သမီးမျှားတဲ့အကောင်က အနည်းဆုံး ၄ ပေလောက် ရှိမယ်... အရင်ခေတ်ကဆိုရင် တစ်သောင်းနှစ်သောင်းလောက် တန်မှာကွ"
ဟူဝေမင်က ပင်လယ်ငါး မျှားခြင်းကို နားမလည်သော်လည်း နှမြောတသဖြစ်စွာ ပြောလိုက်သည်။
"နှမြောစရာပဲ... ဆရာလင်းက ငါးကို အကောင်ရေနဲ့ပဲ တွက်တာ... အကြီးအသေး မကြည့်ဘူး"
ထိုစကားကြောင့် လျှိုတနန်လည်း စိတ်ပျက်သွားသည်။
သူ မနေနိုင်ဘဲ ညည်းညူလိုက်၏။
"သူ ဘာတွေတွေးနေလဲ မသိပါဘူး... ဒီလောက်ကြီးတဲ့ ကျောက်ငါးကြီးကို ဆာဒင်းငါးလေးတွေနဲ့ တန်းတူထားလို့ ဖြစ်မလား... အကောင်ရေနဲ့ လဲရင် ငါတို့ အရမ်းရှုံးမှာပေါ့"
ဟူဝေမင်က ရုတ်တရက် အကြံပြုလိုက်သည်။
"ဒါမှမဟုတ်... ဒီအကောင်ကို ငါတို့ဘာသာ သိမ်းထားပြီး စားကြမလား"
"ဒီလောက်ကြီးတာ... ငါတို့နှစ်အိမ် ခွဲစားရင်တောင် ဗိုက်ကားအောင် စားလို့ရတယ်"
"ဆရာလင်းဆီသွားလဲရင် အရမ်းရှုံးတယ်... ကိုယ့်ဘာသာစားတာ ပိုကောင်းမယ်" လျှိုတနန်လည်း သဘောတူလိုက်သည်။
လျှိုဖိန်ဖိန်လည်း စဉ်းစားကြည့်ပြီး ဖခင်နှင့် ဦးလေးဟူ ပြောသည်မှာ ဟုတ်သည်ဟု ထင်မြင်မိလိုက်သည်။
သုံးယောက်သား တိုင်ပင်ပြီးနောက် ငါးကြီးကို ဘေးဖယ်ထားကာ ဆက်လက်၍ ငါးမျှားကြပြန်သည်။
ခဏကြာသော် ဟူဝေမင်၏ ပိုက်ကွန်တွင် တစ်စုံတစ်ရာ မိလာပြန်သည်။
ဆွဲတင်လိုက်သောအခါ ငါးကြီး ၄၊ ၅ ကောင်သာ ပါလာပြီး ကျန်သည်များမှာ ပလတ်စတစ်ဘူးခွံများနှင့် အမှိုက်သရိုက်များသာ ဖြစ်နေလေသည်။
ထိုအခါမှ လျှိုအားလုံတို့အဖွဲ့ ၁၁ လွှာကို သိမ်းပိုက်ထားစဉ်က အဘယ်ကြောင့် ငါးမလောက်မငှ ဖြစ်ခဲ့ရသည်ကို သူ နားလည်သွားတော့သည်။
ရေထဲတွင် အမှိုက်များလွန်းသဖြင့် ပိုက်ကွန်ပစ်လိုက်တိုင်း အမှိုက်များသာ ပါလာတတ်သောကြောင့် ဖြစ်၏။
ငါးမျှားခြင်းက ပို၍ ထိရောက်မှုရှိပုံရသည်။
နောက်ပိုင်းအချိန်များတွင် အပေါ်ထပ်မှ ဆုန့်ဝမ်က ငါး ၁၀ ကောင်ကျော် ဆက်တိုက် ရရှိခဲ့သည်။
လျှိုဖိန်ဖိန်လည်း အားကျမခံ ၅၊ ၆ ကောင်ခန့် ရရှိခဲ့၏။
ဝါရင့်ကြီး လျှိုတနန် တစ်ယောက်သာ ဘာမှမရဘဲ ဖြစ်နေလေသည်။
လူသစ်နှစ်ဦး တရစပ် ငါးရနေသည်ကို ကြည့်ပြီး သူ မျက်လုံးအပြူးသား ဖြစ်နေရှာ၏။
ညနေစောင်းလုနီးပါးတွင် ဆုန့်ဝမ် နောက်ထပ် တစ်စုံတစ်ရာကို မျှားမိပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ငါးမဟုတ်ဘဲ ခရုခွံကြီးတစ်ခု ဖြစ်နေလေ၏!
ဆုန့်ဝမ် အံ့ဩသွားပြီး ခရုခွံကြီးကို ဆွဲတင်လိုက်သည်။
သူမ ရရှိထားသော ငါး ၁၀ ကောင်ကျော်နှင့် ခရုခွံကြီးကို ပေါင်းလိုက်လျှင် ပိဿာ (၃၀) ခန့် ကျော်နေပြီဖြစ်သည်။
"တော်လောက်ပြီ... ဒီထက်ပိုရင် ငါ သယ်နိုင်မှာ မဟုတ်တော့ဘူး"
"ဒီညနေစာတော့ ရပြီ"
ဆုန့်ဝမ်သည် ဆာလောင်နေသော ဗိုက်ကလေးကို ပွတ်သပ်လိုက်ပြီး ငါးအားလုံးကို ရေစိုခံကျောပိုးအိတ်ကြီးထဲသို့ ထည့်လိုက်သည်။ အိတ်ထဲတွင် ပင်လယ်ရေအနည်းငယ်လည်း ထည့်လိုက်၏။
"ဒါနဲ့... ယုန်လှောင်အိမ် ကျန်သေးတယ်"
သူမ ယုန်လှောင်အိမ်ကို အလျင်အမြန် ဆွဲတင်လိုက်သည်။
ဤတစ်ကြိမ်တွင်လည်း ဆုလာဘ်ကြီး ရလိုက်ပြန်သည်။ လှောင်အိမ်ထဲတွင် ဂဏန်းကြီးနှစ်ကောင် ပါလာသောကြောင့် ဖြစ်၏။
ဆုန့်ဝမ် ဝမ်းသာလွန်းသဖြင့် ပြုံးပျော်သွားသည်။ သူမ လှောင်အိမ်ကို ဆွဲ၊ ကျောပိုးအိတ်ကို လွယ်ကာ အခန်းထဲမှ ထွက်ခွာလာခဲ့လေသည်။
အပြင်ရောက်သောအခါ အောက်ထပ်မှ ဟူဝေမင်၊ လျှိုတနန်တို့နှင့် ဆုံမိကြသည်။
လျှိုဖိန်ဖိန်က နှုတ်ဆက်လိုက်၏။
"အမဆုန့်... ငါးမျှားလို့ ပြီးသွားပြီလား"
ဆုန့်ဝမ်က ကျောပိုးအိတ်ကို နောက်သို့ မသိမသာ ဝှက်လိုက်ပြီး ဟန်လုပ်ကာ ပြုံးပြလိုက်သည်။
"ဟုတ်တယ်... အမ အပေါ်တက်တော့မယ်... လင်းယွမ်က ငါးအသေတွေ လက်မခံဘူးဆိုတော့ အမြန်သွားပို့မှ ဖြစ်မှာ"
"ေဩာ်... ဟုတ်ကဲ့... တာ့တာနော်" လျှိုဖိန်ဖိန်က လက်ပြနှုတ်ဆက်လိုက်သည်။
ဆုန့်ဝမ်ကလည်း အလျင်အမြန် ပြန်နှုတ်ဆက်လိုက်၏။ "တာ့တာ... တာ့တာ"
လျှိုတနန်က မနာလိုသံဖြင့် ပြောလိုက်သည်။
"ဒီကောင်မလေး တော်တော်ရသွားတယ်ဟ"
ဟူဝေမင်က ပြုံးလိုက်သည်။ "အစ်ကိုလျှို... ခင်ဗျားပဲ ပြောတော့... လူသစ်ကံကောင်းတာပါဆို"
လျှိုတနန်က သမီးဖြစ်သူဘေးနားတွင် ပုံထားသော ငါး ၇၊ ၈ ကောင်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
"ငါဆိုရင် အရင်တုန်းက တစ်နေ့ကို ပိဿာ ၃၀ ကျော် ရတာကွ... ဘယ်တုန်းကမှ လက်ဗလာနဲ့ ပြန်မလာဖူးဘူး"
"ကဲပါ... သွားကြစို့... ငါးတွေ အများကြီးပဲ... သေကုန်ရင် စားစရာနဲ့ လဲလို့ရမှာ မဟုတ်ဘူး"
ဟူဝေမင် ပြောလိုက်သဖြင့် သုံးယောက်သား ပစ္စည်းများသိမ်းဆည်းကာ အပေါ်ထပ်သို့ တက်လာခဲ့ကြလေသည်။
ထိုအချိန်တွင် လင်းယွမ်သည် မိမိထံသို့ အမှတ်များစွာ ဝင်ရောက်လာတော့မည်ကို မသိရှိသေးပေ။
ဆက်ရန်...