အခန်း (၈၃-၈၄)
Vol. 5 Ch. 83-84
အပိုင်း (၈၃) အမှတ်များ အကြီးအကျယ် ရရှိခြင်း
အခန်း ၃၂၀၁ အတွင်း၌ လင်းယွမ်က လက်ထဲတွင် ကွန်ပျူတာကို ကိုင်ကာ အသေအချာ ကြည့်ရှုစစ်ဆေးနေ၏။
ကွန်ပျူတာတွင် အင်တာနက်လိုင်း မရှိတော့သည်မှာ သေချာသလောက်ပင် ဖြစ်ရာ လင်းယွမ် ကြိုတင်သိမ်းဆည်းထားခဲ့သော ဖိုင်များကိုသာ ကြည့်နေခြင်း ဖြစ်သည်။
သူ ယခုကြည့်နေသည်မှာ သစ်ဖောင်ပြုလုပ်နည်း ဗီဒီယိုဖိုင် ဖြစ်၏။
မူလက သူသည် လှေတစ်စင်း တည်ဆောက်ချင်ခဲ့သော်လည်း လှေတည်ဆောက်ခြင်း လုပ်ငန်းစဉ်နှင့် နည်းပညာ အခက်အခဲမှာ ယခုလက်ရှိ သူ့အခြေအနေဖြင့် လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူသည် ဒုတိယရွေးချယ်မှု အနေဖြင့် သစ်ဖောင်တစ်စင်းသာ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ရသည်။
"တခြားလူတွေကိုပါ ခေါ်သွားချင်တယ်ဆိုရင် သစ်ဖောင်ရဲ့ အရွယ်အစားက အရမ်းအရေးကြီးတယ်... ပြီးတော့ ပစ္စည်းတွေ သိုလှောင်မယ့်နေရာလည်း ပါရဦးမယ်ဆိုတော့ သစ်ဖောင်က သေးလို့မဖြစ်ဘူး"
"ဒါပေမဲ့ လောလောဆယ် တိုက်ပေါ်မှာ ရှာလို့ရတဲ့ သစ်သားတွေက သေးလွန်းပြီး အပိုင်းအစတွေ ဖြစ်နေတယ်... ဗီရိုတံခါးတွေ အခန်းတံခါးတွေလောက်ပဲ အသုံးဝင်မယ့်ပုံ ရှိတယ်"
လင်းယွမ်က စဉ်းစားရင်းဖြင့် တဖြည်းဖြည်း အကြံတစ်ခု ရလာသည်။
"အရင်ဆုံး သစ်သားတံခါးတွေ ဗီရိုတံခါးတွေကို သံနဲ့ရိုက်ပြီး ခိုင်ခံ့တဲ့ အောက်ခံပြားတစ်ခု လုပ်ရမယ်"
"အောက်ခြေကို သတ္တုဘောင်နဲ့ ခိုင်အောင်ချုပ်ရင် အကောင်းဆုံးပဲ... သတ္တုဘောင်အတွက် ရွေးချယ်စရာကတော့... လိုက်ကာဘောင်တွေ ပစ္စည်းတင်စင်တွေ"
သူသည် စာရွက်ကြမ်းပေါ်တွင် ပုံကြမ်းဆွဲကာ လိုအပ်သော ပစ္စည်းများကို ချရေးလိုက်သည်။
ထို့ပြင် မောင်းနှင်ရေးစနစ်ကိုလည်း စီစဉ်ရပေဦးမည်။ လောလောဆယ် သူစဉ်းစားမိသလောက်မှာတော့ ဘက်ထရီအိုးများကို အသုံးပြုပြီး စွမ်းအင်ပေးရန် ဖြစ်သည်။
ရေအောက် ပန်ကာဒလက်အတွက်မူ ပန်ကာအဟောင်းများကို ရှာဖွေဖြုတ်ယူကာ ဒလက်လုပ်ရန် စဉ်းစားထားပြီး ယင်းသို့လုပ်ဆောင်မှသာ လူအားဖြင့် လှော်ခတ်ရခြင်းကို လျှော့ချနိုင်မည် ဖြစ်သည်။
သစ်ဖောင်၏ ရွက်ဖျင်ကတော့ လွယ်ကူသည်။ မိုးကာအင်္ကျီများ၊ လေကာအင်္ကျီများနှင့် လိုက်ကာစများကို ရှာဖွေပြီး ရိုးရိုးရှင်းရှင်း ချုပ်လုပ်လိုက်လျှင် ရပြီဖြစ်သည်။
"ဒေါက် ဒေါက် ဒေါက်"
စဉ်းစားခန်း ဖွင့်နေဆဲမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။
လင်းယွမ် မော့ကြည့်လိုက်ရာ ရန်မေက တံခါးဝတွင် ရပ်နေပြီး ဝမ်းသာအားရ ပြောလာသည်။
"မောင်လေး... ဆုန့်ဝမ် ရောက်နေတယ်... သူ ငါးနဲ့ စားစရာ လဲချင်လို့တဲ့"
လင်းယွမ် အံ့ဩသွားပြီး မေးလိုက်သည်။
"ဟင်... သူ ငါးမိလာတယ်ပေါ့"
ရန်မေ၏ မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
"အစ်မ ကြည့်ပြီးပြီ... ၁၀ ကောင်ကျော်တောင် ပါတယ်"
လင်းယွမ် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
"သိပြီ... ကျွန်တော် သွားကြည့်လိုက်မယ်"
သူ ထရပ်ကာ ဧည့်ခန်းသို့ ထွက်လာလိုက်ရာ ဆုန့်ဝမ်က စိုးရိမ်တကြီးဖြင့် ဧည့်ခန်းထဲတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်နှာမှာ ညစ်ပေနေသော်လည်း လှပသော မျက်ဝန်းအိမ်ကြီးများကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ယခုအချိန်တွင် သူမ၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ အပြည့်ရှိနေပြီး လင်းယွမ်ကို မြင်လိုက်သည်နှင့် ချက်ချင်း ပြောလိုက်သည်။
"အစ်ကိုလင်းယွမ်... ကြည့်ပါဦး... ဒါ ညီမ မျှားမိထားတဲ့ ငါးတွေပါ... ပြီးတော့ ကဏန်းတွေနဲ့ ခုံးကောင်တွေလည်း ပါတယ်"
လင်းယွမ် ကြောင်အမ်းသွားပြီး ကြမ်းပြင်ပေါ်ရှိ ခုံးကောင်နှင့် ကဏန်းများကို ကြည့်ကာ အတော်လေး အံ့သြသွားရသည်။
"ကဏန်းနဲ့ ခုံးကောင်တွေတောင် ပါတယ်လား"
ပင်လယ်ရေ ဝင်ရောက်မှု ဧရိယာ ပိုမိုကျယ်ပြန့်လာပြီး မူလကုန်းမြေပေါ်သို့ ပင်လယ်သတ္တဝါ အမြောက်အမြား ကျူးကျော်ဝင်ရောက်လာပြီ ဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။
ဒါက သတင်းကောင်းတော့ မဟုတ်ပေ။
ရေသတ္တဝါ ပေါများလာခြင်းက ဤနေရာသည် ပို၍ အန္တရာယ်များလာကြောင်း ပြသနေခြင်း ဖြစ်သည်။
သူ့မျက်နှာထား အနည်းငယ် တည်သွားပြီး ငါးများကို ကြည့်လိုက်ရာ စုစုပေါင်း ၁၃ ကောင်ရှိပြီး အရွယ်အစားမှာ မတူညီကြပေ။
အကောင်ကြီးများသည် တစ်ပေခွဲခန့် ရှိပြီး အကောင်ငယ်များမှာမူ လက်ဖဝါး အရွယ်အစားခန့်သာ ရှိကြသည်။
လင်းယွမ်က စဉ်းစားပြီးနောက် ပြောလိုက်သည်။
"မဆိုးဘူးပဲ... ဘယ်လို လဲမလဲဆိုတာ သိတယ်မလား"
"အစ်မရန်မေ ပြောပြထားပါတယ်"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ... ဘာနဲ့ လဲချင်တာလဲ"
ဆုန့်ဝမ်က ချက်ချင်းပင် ပြောသည်။
"ငါးတွေကိုတော့ အကုန်လုံး မုန့်တွေနဲ့ လဲချင်တယ်... အသားပါတာမျိုးကို အဓိက လိုချင်တယ်... ဟို ကဏန်းနှစ်ကောင်နဲ့ ခုံးကောင်ကိုရော ဘယ်လို လဲပေးမလဲဟင်"
လင်းယွမ် အနည်းငယ် အံ့သြသွားသည်။
"အကုန်လုံးကို မုန့်တွေနဲ့လဲမှာလား... မုန့်တွေက အဆာမခံဘူးနော်"
ဆုန့်ဝမ် ပြုံးလိုက်သည်။
"အိမ်မှာ ငါးတစ်ကောင် ချန်ထားတယ်... ဒီည ငါးစားမှာဆိုတော့ ဆာမှာ မဟုတ်ပါဘူး"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ... ကဏန်းဆိုရင်တော့ အရင်ဆုံး တစ်ကောင်ကို သတ်ကြည့်ဖို့ လိုမယ်... ပြီးတော့ ဟို ခုံးကောင်ကိုလည်း ဖွင့်ကြည့်ရဦးမယ်... အဆင်ပြေမလား"
ဆုန့်ဝမ် နားမလည်စွာဖြင့် လင်းယွမ် ဘာကိုဖွင့်ကြည့်ချင်မှန်း မသိသော်လည်း ခေါင်းညိတ်လိုက်သည်။
"ရပါတယ်... ကြိုက်သလိုသာ ကြည့်ပါ"
လင်းယွမ်က စကားအများကြီး မပြောတော့ဘဲ သံတူရွင်းကို ရှာယူလိုက်ပြီး ကဏန်း၏ နှလုံးသားနေရာကို ချိန်ရွယ်ကာ 'ဒုတ်' ခနဲ မြည်အောင် ထိုးစိုက်ချလိုက်လေသည်။
မကြာခင်မှာပင် ကြောက်မက်ဖွယ် ကဏန်းကြီးမှာ ငြိမ်ကျသွားတော့သည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၃၁ မှတ် ရရှိပါသည်]
လင်းယွမ် ချက်ချင်း မျက်ခုံးပင့်လိုက်မိသည်။
"၃၁ မှတ်တောင်လား... ဒီကဏန်းရဲ့ သန္ဓေပြောင်းလဲနှုန်းက ငါးတွေထက် အဲ့လောက်တောင် မြင့်နေတာလား"
သာမန် သန္ဓေပြောင်း ငါးသေတ္တာတစ်ကောင်သည် ၇ မှတ်၊ ၈ မှတ်ခန့်သာ ရရှိကြောင်း သိထားရမည်။
လင်းယွမ်က နောက်ထပ် ကဏန်းတစ်ကောင်ကို ထပ်မံ ထိုးသတ်လိုက်သည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၂၇ မှတ် ရရှိပါသည်]
လင်းယွမ် စိတ်လှုပ်ရှားသွားသည်။
"ဒီကဏန်းက အကောင် သိပ်မကြီးဘဲ ပုံမှန်ရွှံ့ကဏန်းလောက်ပဲ ရှိတာကို ဘာလို့ ဒီလောက်အမှတ်များတာလဲ"
"အခွံမာရေသတ္တဝါတွေရဲ့ သန္ဓေပြောင်းလဲမှုနှုန်းက ငါးတွေထက် ပိုမြင့်နေတာလား"
လင်းယွမ် တွေးတောရင်းဖြင့် ခုံးကောင်ကြီးကို လှမ်းကြည့်လိုက်သည်။
ထိုခုံးကောင်သည် မူလတန်းကျောင်းသား လွယ်အိတ်ခန့် အရွယ်အစားရှိပြီး အခွံမှာ စိမ်းပြာရောင် သမ်းနေကာ ကျောက်တုံးကြီး တစ်တုံးကဲ့သို့ ဖြစ်နေသည်။
လင်းယွမ်က ဓားမဖြင့် အပေါက်တစ်ခု ဟလိုက်ပြီးနောက် သံတူရွင်းကို ထိုးထည့်လိုက်သည်။
သာမန်လူထက် သုံးဆမျှသာလွန်သော သူ့ခွန်အားဖြင့်ပင် ဤခုံးကောင်ကို ဖွင့်ရန် အတော်လေး အားစိုက်လိုက်ရသည်။
"ဒုတ်..."
ခုံးကောင် ပွင့်သွားပြီး ကြွပ်ဆတ်သော အသံ ထွက်ပေါ်လာသည်။ အတွင်းတွင် ဖြူဖွေးသောအသားများမှာ ကြက်ဥအနှစ်ကဲ့သို့ ဖွေးဥနေသည်။
လင်းယွမ်က သံတူရွင်းဖြင့် အတွင်းပိုင်းကို ထိုးကော်လိုက်ရာ မကြာခင်မှာပင် ခုံးကောင်အတွင်းမှ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟလာသည်။
ထိုအက်ကွဲကြောင်းထဲ၌ ချွန်ထက်သော သွားတန်းများ ရှိနေ၏။
"ချပ်" ဟူသော အသံနှင့်အတူ သံတူရွင်းကို ကိုက်ခဲထားလိုက်သည်။
ထိုမြင်ကွင်းကြောင့် အမျိုးသမီးနှစ်ဦးမှာ လန့်ဖျပ်ပြီး နောက်သို့ ဆုတ်သွားကြသည်။
လင်းယွမ်က အားကုန်သုံးကာ ထိုးချလိုက်ရာ "ဒုတ်" ခနဲ အသံနှင့်အတူ ခုံးကောင်အသားကို လုံးဝ ဖောက်ထွင်းသွားတော့သည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၄၁ မှတ် ရရှိပါသည်]
"၄၁ မှတ်တောင်..."
လင်းယွမ် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများ အရောင်တောက်လာသည်။
ခုံးကောင်၏ အမှတ်က ဒီလောက်တောင် များတာလား။
"ကဏန်းနှစ်ကောင်နဲ့ ဒီခုံးကောင် တစ်ကောင်တည်းတင် အမှတ် ၉၉ မှတ်တောင် တန်ဖိုးရှိနေပြီပဲ"
သူ အသံထွက်ပြီးပင် ရယ်မောချင်သွားသည်။ ဒါက တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းသည်။
သူ ခေတ္တမျှ စဉ်းစားလိုက်ပြီး စိုးရိမ်တကြီး ဖြစ်နေသော ဆုန့်ဝမ်ကို ပြောလိုက်သည်။
"ကဏန်းနှစ်ကောင်နဲ့ ခုံးကောင်တစ်ကောင်ကို ငါး ၁၀ ကောင်နဲ့ ညီမျှတယ်လို့ သတ်မှတ်ပေးမယ်"
"ပါလာတဲ့ ငါး ၁၃ ကောင်နဲ့ပေါင်းရင် စုစုပေါင်း ၂၃ ကောင်ပေါ့... အလွယ် ၂၅ ကောင်လို့ သတ်မှတ်လိုက်မယ်... ဘယ်လိုလဲ"
သူက ဒီအမျိုးသမီးကို အတော်လေး ဦးစားပေးလိုက်ခြင်း ဖြစ်သည်။
ငါးတစ်ကောင်သည် ပုံမှန်အားဖြင့် ၇ မှတ်၊ ၈ မှတ်ခန့်သာ ရှိသည်။
ငါး ၁၀ ကောင်ဆိုလျှင် အမှတ် ၇၀၊ ၈၀ ခန့်သာ ရှိမည်။ အပိုဆောင်းပေးလိုက်သော ၂ ကောင်နှင့် ပေါင်းလျှင် ၉၀ မှတ် ဝန်းကျင် ရှိပေမည်။
ဆုန့်ဝမ်က အနည်းငယ် တွက်ချက်ကြည့်လိုက်သည်။ ငါး ၂၅ ကောင်... ငါးတစ်ကောင်ကို မုန့် နှစ်ထုပ်နှင့် လဲနိုင်သည် ဆိုတော့...။
ဒါဆိုရင် အကုန်လုံးကို မုန့်နဲ့ လဲလိုက်ရင် အထုပ် ၅၀ တောင် ရမှာပေါ့...
သူမ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ တချို့ မုန့်များက ကယ်လိုရီ အလွန်မြင့်မားသည်။ အဆာမခံသော်လည်း စွမ်းအင်ကုန်ခမ်းမှုကိုတော့ ကာမိစေသည်။
သူမ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြောလိုက်သည်။
"အကုန်လုံးကို မုန့်နဲ့ပဲ လဲပါမယ်"
ဘေးနားမှ ရန်မေက ထိုစကားကိုကြားလျှင် မနေနိုင်ဘဲ ဝင်ပြောသည်။
"ဆုန့်ဝမ်... သေချာ စဉ်းစားဦးနော်... ထမင်းလို အစာမျိုး မစားရင် လူက ခံနိုင်မှာ မဟုတ်ဘူး"
ဆုန့်ဝမ်က ပြုံးလိုက်သည်။
"အစ်မရန်မေ... ကျွန်မ စဉ်းစားပြီးပါပြီ"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်သည်။ ဒီအမျိုးသမီး ဘာအကြံအစည် ရှိလဲဆိုတာ သူ မသိပေ။
သို့သော် ဒါက သူနှင့်မဆိုင်သဖြင့် အခန်းထဲမှ မုန့်ထုပ် အိတ်ကြီးကို ယူလာပေးလိုက်သည်။
နေကြာစေ့၊ ပေါင်မုန့်၊ နို့သကြားလုံး၊ ကြက်ခြေထောက်၊ ဝါးဟားဟား၊ ဝမ့်ဝမ့်နို့ဘူး၊ အာလူးချောင်းကြော် စသည့် မုန့် အမျိုးပေါင်းစုံ ပါဝင်သည်။
လင်းယွမ်က ပြတ်သားစွာ ပြောလိုက်သည်။
"ကြိုက်တာရွေး"
"ဟုတ်... ဟုတ်ကဲ့"
ဆုန့်ဝမ်သည် မုန့် များကို ကြည့်ပြီး တံတွေး အကြိမ်ကြိမ် မျိုချကာ စိတ်လှုပ်ရှားစွာ ရွေးချယ်လေတော့သည်။
သူမသည် အသားပါသော မုန့်များကို ဦးစားပေး ရွေးချယ်သည်။ ကြက်ခြေထောက်၊ အမဲသားခြောက်၊ ဝက်သားပြား စသည်တို့အပြင် ကယ်လိုရီများသော ပေါင်မုန့်၊ အာလူးချောင်းကြော်နှင့် သကြားလုံးများကို ရွေးယူသည်။
အထုပ် ၅၀ ပြည့်အောင် ရွေးပြီးနောက် ကျောပိုးအိတ်ထဲ ထည့်ကာ လင်းယွမ်နှင့် ရန်မေကို လေးလေးနက်နက် ဦးညွှတ်အရိုအသေ ပြုလိုက်သည်။
"အစ်ကိုလင်းယွမ်... အစ်မရန်မေ... ကျေးဇူးတင်ပါတယ်... အစ်ကိုတို့သာ မရှိရင် ညီမ... ညီမ ဘယ်လို အသက်ဆက်ရှင်ရမလဲတောင် မသိပါဘူး"
လင်းယွမ်က လက်ကာပြလိုက်ပြီး ပြောသည်။
"ဒါက နှစ်ဦးနှစ်ဘက် အကျိုးရှိဖို့အတွက်ပဲလေ"
သူမက မျက်ရည်သုတ်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် တံခါးဝသို့ နောက်ထပ် လူသုံးယောက် ရောက်လာပြန်သည်။
ဟူဝေမင်၊ လျှိုတနန်နှင့် မျက်နှာတွင် စိတ်လှုပ်ရှားမှု အပြည့်ရှိနေသော လျှိုဖေးဖေးတို့ ဖြစ်ကြသည်။
လင်းယွမ်က သူတို့သုံးဦးကို ကြည့်လိုက်ပြီးနောက် သူတို့ သယ်ဆောင်လာသော ရေပုံးကို ကြည့်ကာ ပြုံးလိုက်မိသည်။
"စားစရာ လာလဲကြတာလား"
ဟူဝေမင်က ပြုံးဖြီးဖြီးဖြင့် ဖြေသည်။
"ဟုတ်တယ်... ကျွန်တော်တို့ စားစရာလေး နည်းနည်းလောက် လာလဲတာ"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။
"ငါး ဘယ်နှကောင်လဲ"
"၁၉ ကောင်ပါ... ပြီးတော့ ပင်လယ်ခရု လေးငါးကောင်လည်း ပါတယ်... ခင်ဗျား လက်ခံမလားတော့ မသိဘူး"
ပင်လယ်ခရုများမှာ ပိုက်ကွန်ပစ်ရာတွင် မတော်တဆ ပါလာခြင်း ဖြစ်သည်။
သူက ကံစမ်းကြည့်သည့် သဘောဖြင့် ယူလာခြင်း ဖြစ်သည်။ ဒီအကောင်တွေက သိပ်မကြီးဘဲ ငါးခေါင်းလောက်ပင် အရွယ်မရှိပေ။ အသားကလည်း မာသဖြင့် လင်းယွမ် လက်ခံမခံ သူ မသေချာပေ။
လင်းယွမ် စိတ်ဝင်စားသွားပြီး အနားသို့ လျှောက်သွားလိုက်သည်။ ငါးများကို မကြည့်ဘဲ ပင်လယ်ခရုများကိုသာ ကြည့်လိုက်သည်။
ထိုခရုများသည် ကလေးလက်သီးဆုပ်ခန့် အရွယ်အစားရှိပြီး အခွံမှာ ဝါညိုရောင် သမ်းနေသည်။
လင်းယွမ်က လက်ကိုဆန့်ထုတ်ကာ အားဖြင့် ညှစ်လိုက်၏။
"ဂျွတ်..."
မာကျောသော ခရုခွံမှာ ချက်ချင်း အက်ကွဲသွားပြီး အတွင်းမှ ခရုအသားလည်း သူ့လက်ထဲသို့ ထွက်ကျလာသည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၂၉ မှတ် ရရှိပါသည်]
လင်းယွမ် ရင်ခုန်သွားသော်လည်း ဟန်မပျက် ခေါင်းညိတ်ပြလိုက်သည်။
"အင်း... ခရုသားက စားရခဲတယ်... ဒီလိုလုပ်... ဒီက ခရု ငါးကောင် ခြောက်ကောင်ကို ငါးတစ်ကောင်လို့ သတ်မှတ်ပေးမယ်"
"အာ... ကျေးဇူး... ကျေးဇူးတင်ပါတယ် ဆရာလင်း" ဟူဝေမင် ချက်ချင်း ဟားတိုက်ရယ်မောလိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
ဒီခရုတွေက အသုံးမဝင်ဘူး၊ လင်းယွမ် ကြိုက်မှာမဟုတ်ဘူးဟု ထင်ထားခဲ့သော်လည်း ငါးတစ်ကောင်နှင့် ညီမျှနေသည်မို့ အမြတ်ထွက်သွားပြီဟု တွေးလိုက်သည်။
လင်းယွမ်လည်း ရင်ထဲတွင် ပျော်လွန်း၍ ပန်းတွေပွင့်နေပြီ ဖြစ်သည်။ အခွံမာရေသတ္တဝါတွေက အမှတ် ဒီလောက်တောင် များတာပဲ။
သူက မျက်လုံးမှေးကာ ပြုံးရင်း မေးလိုက်သည်။
"စုစုပေါင်း ငါး အကောင် ၂၀ ရှိတယ်... ခင်ဗျားတို့ ဘာနဲ့ လဲချင်လဲ"
"ဂျုံ... ကျွန်တော်တို့ ဂျုံမှုန့် လိုချင်ပါတယ်"
ဟူဝေမင်က အလျင်အမြန် ပြောလိုက်သည်။
လျှိုတနန်ကလည်း ခေါင်းညိတ်သည်။
"ဟုတ်တယ်... ဂျုံမှုန့်ပဲ"
လင်းယွမ် အံ့ဩသွားသည်။ ငါးအကောင် ၂၀ ကို ဂျုံမှုန့်နှင့်လဲလျှင် ချိန်ခွက် လေးခွက်ခန့်သာ ရမည်ဖြစ်သည်။
သူက ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
"ဟုတ်ပြီ... ဒါဆို ဂျုံမှုန့် လေးခွက် ပေးမယ်"
ထို့နောက် ရန်မေကို ဂျုံမှုန့်သွားယူခိုင်းလိုက်သည်။
မကြာခင်မှာပင် နှစ်ဖက် အရောင်းအဝယ် ပြုလုပ်ပြီးစီးသွားရာ လင်းယွမ်က သူတို့ကို ဂရုမစိုက်တော့ပေ။
သူသည် ငါးများအားလုံးကို မီးဖိုချောင်သို့ သယ်ဆောင်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ငါးများကို စတင်သတ်ဖြတ်တော့သည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၈ မှတ် ရရှိပါသည်]
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၇ မှတ် ရရှိပါသည်]
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၉ မှတ် ရရှိပါသည်]
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၇ မှတ် ရရှိပါသည်]
...............
စနစ်မှ အသိပေးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လင်းယွမ် ပျော်လွန်းသဖြင့် ရူးချင်သလိုပင် ဖြစ်သွားသည်။ စုစုပေါင်း သန္ဓေပြောင်းငါး ၃၂ ကောင်ရှိရာ ငါးတစ်ကောင်လျှင် အနည်းဆုံး အမှတ် ၇ မှတ် ရရှိသည်။
ငါးများအားလုံးကို သတ်ဖြတ်ပြီးချိန်တွင် သူသည် အမှတ်ပေါင်း ၂၅၇ မှတ် ရရှိခဲ့လေသည်။
ခရု ခြောက်ကောင်၊ ကဏန်း နှစ်ကောင်နှင့် ခုံးကောင် တစ်ကောင်တို့ပါ ပေါင်းလိုက်လျှင်...
လက်ရှိ သူ့စုစုပေါင်း အမှတ်မှာ ၅၂၆ မှတ်အထိ မြင့်တက်သွားပြီ ဖြစ်သည်။
တစ်ရက်တည်းနှင့် သူ အမှတ် ၅၂၆ မှတ် ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဟားဟားဟား... ၁၀၀ တန် ကံစမ်းမဲဘီးဆိုရင်တောင် ငါ ၅ ကြိမ် ဆက်တိုက် လှည့်လို့ရပြီ... ဘုံအရည်အသွေးမှတ်တွေ မရနိုင်ဘူးလို့ ငါမယုံတော့ဘူးကွ"
လင်းယွမ် စိတ်ထဲတွင် အားရပါးရ ရယ်မောလိုက်ပြီး အနာဂတ်အတွက် ယုံကြည်မှုများ ပြည့်ဝလာသည်။
"မောင်လေး... ငါးတွေ ဒီလောက်အများကြီးကို အမတို့ ဘယ်လိုလုပ် ကုန်အောင် စားမလဲ"
ရန်မေက မီးဖိုချောင်ထဲ ဝင်လာပြီး ခါးစည်း ဝတ်ဆင်ကာ လင်းယွမ်သတ်ပြီးသား ငါးများကို ကူညီဆေးကြောပေးရင်း မေးလိုက်သည်။
လင်းယွမ်က ဂရုမစိုက်ဘဲ ပြုံးကာ ပြောသည်။
"ကိစ္စမရှိပဘူး... ဒီငါးတွေကို ရိက္ခာအဖြစ် သိမ်းထားလို့ ရတယ်"
ရန်မေက မနေနိုင်ဘဲ ပြောသည်။
"ဒါပေမဲ့ အမတို့ရေခဲသေတ္တာက ဒီလောက်ပဲ ဆံ့တာ... ထည့်စရာ နေရာမရှိတော့ဘူး"
လင်းယွမ် ပြုံးလိုက်သည်။
"ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်"
ရန်မေက သူ ဒီလိုပြောမှတော့ ဆက်မမေးတော့ဘဲ ငါးများကိုသာ ခေါင်းငုံ့ပြီး ဆက်လက် ကိုင်တွယ်နေလိုက်သည်။
လင်းယွမ်က မီးဖိုချောင်မှ ထွက်လာပြီး အိပ်ခန်းထဲသို့ အမြန်ပြန်ဝင်လိုက်သည်။
"ကံစမ်းမယ်... ကံစမ်းမယ်"
"စနစ်... အမှတ် ၁၀၀ အထက် ကံစမ်းမဲဘီးက ဘယ်လိုပုံစံလဲ"
[ဒင်... နောက်တစ်ဆင့် ကံစမ်းမဲဘီးသည် အမှတ် ၂၀၀ တန် ကံစမ်းမဲဘီးဖြစ်ပြီး အမျိုးအစား သတ်မှတ်ရွေးချယ် ကံစမ်းနိုင်ပါသည်... ရွေးချယ်လိုပါသလား]
လင်းယွမ် ကြောင်အမ်းသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။
သူ ချက်ချင်း မေးလိုက်သည်။
"အရည်အသွေးမှတ် အမျိုးအစားကို သတ်မှတ်ရွေးချယ်လို့ ရလား"
[ယင်းအမျိုးအစားသည် အမှတ် ၁၀၀၀ တန် သတ်မှတ်အမျိုးအစား ဖြစ်ပါသဖြင့် အမှတ်မလုံလောက်သောကြောင့် ကံစမ်း၍ မရနိုင်ပါ]
လင်းယွမ် ဆွံ့အသွားပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
"ဒါဆို အမှတ် ၂၀၀ နဲ့က ဘာအမျိုးအစားတွေ ရွေးလို့ရတာလဲ"
[လတ်ဆတ်သောအစားအစာ၊ ပဲမျိုးစုံ၊ ဆေးဝါး၊ သားဆက်ခြားနှင့် ကာမအားတိုးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ ပင်လယ်စာ၊ ဒစ်ဂျစ်တယ်ပစ္စည်း၊ အမျိုးသားဝတ်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ၊ အမျိုးသမီးအလှကုန်၊ အိတ်၊ ဖိနပ်]
စနစ်က အမျိုးအစား ပေါင်းစုံကို ပြသလိုက်သည်။
လင်းယွမ် တောက်ပေါင်း ဈေးဝယ်ဝက်ဘ်ဆိုက်ကို ရောက်သွားသကဲ့သို့ပင် ထင်ယောင်ထင်မှား ဖြစ်သွားသည်။
သူ တစ်ချက် ဝေ့ကြည့်လိုက်ရာ ဆေးဝါး၊ လက်နက်နှင့် သားဆက်ခြားပစ္စည်း အမျိုးအစားများကိုသာ အနည်းငယ် ဂရုစိုက်ကြည့်မိပြီး ကျန်အရာများက သူ့ကို မဆွဲဆောင်နိုင်ပေ။
ဒါတွေက ကမ္ဘာမပျက်ခင်တုန်းက သာမန် ပစ္စည်းတွေသာ ဖြစ်သည်။
အခုချိန်မှာ ဒီပစ္စည်းတွေကို ရဖို့အတွက် အမှတ် ၂၀၀ ပေးပြီး မဲဖောက်ရမယ်တဲ့လား။
သူ့ကို အရူးများထင်နေလား။
ထို့ကြောင့် ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
"အမျိုးအစား မသတ်မှတ်တော့ဘူး"
ချက်ချင်းပင် ကံစမ်းမဲဘီး ပေါ်လာပြီး မျက်စိကျိန်းလောက်စရာ ကုန်ပစ္စည်းများ ပေါ်လာသည်။
လင်းယွမ် တစ်ချက်ကြည့်လိုက်ရာ ရင်းနှီးနေသော အရည်အသွေးမှတ် ဧရိယာကို တွေ့လိုက်ရသည်။ ဤတစ်ကြိမ်တွင်မူ အမှတ် ၁၀၀ တန် မဲဘီးထက် အရည်အသွေးမှတ် ရနိုင်ချေ ပိုများလာပြီး ၄ ရာခိုင်နှုန်း နီးပါး ရှိလာသည်။
လင်းယွမ်က အခြားပစ္စည်းများကို ကြည့်လိုက်ရာ များပြားလွန်းလှသည်။
အမှန်အတိုင်း ပြောရရင် အမျိုးအစား သတ်မှတ်မထားသည့်အတွက် ဘာမဲပေါက်မလဲ ဆိုတာ မသိနိုင်ပေ။
အရင်တုန်းက အရည်အသွေးမှတ် မဲပေါက်ခဲ့တာ ဘယ်လောက်တောင် ကံကောင်းခဲ့လဲ ဆိုတာ သူ အခုမှ တကယ် နားလည်သွားတော့သည်။
သူ ခဏတာ တွန့်ဆုတ်နေပြီးနောက် ကံစမ်းမဲဘီးကို ပိတ်လိုက်တော့သည်။
"ခဏလောက် စောင့်ဦးမယ်... တစ်ရက်တည်းနဲ့ ငါ အမှတ်တွေ ဒီလောက် စုမိနေပြီပဲ... မနက်ဖြန်ဆိုရင် အမှတ် ၁၀၀၀ ပြည့်လောက်တယ်... အဲဒီကျမှ အရည်အသွေးမှတ်ကို တိုက်ရိုက်ရွေးပြီး မဲနှိုက်တော့မယ်"
လင်းယွမ်က သူ့စိတ်ဆန္ဒကို ထိန်းချုပ်လိုက်ပြီး စိတ်လောကြီးစွာ မဲမနှိုက်ဘဲ စောင့်ဆိုင်းရန် ရွေးချယ်လိုက်သည်။
.............................................................................................
ဆုန့်ဝမ်သည် မုန့်များ ပြည့်နေသော ကျောပိုးအိတ်ကို လွယ်ကာ တံခါးဝတွင် ခေတ္တမျှ စောင့်နေလိုက်သည်။
ထို့နောက် လျှိုဖေးဖေး၊ လျှိုတနန်နှင့် ဟူဝေမင်တို့ ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ရေပုံးမှာ လွတ်နေပြီဖြစ်ပြီး ဂျုံမှုန့်အိတ်တစ်အိတ်ကို အစားထိုး သယ်ဆောင်လာကြသည်။
ဂျုံမှုန့်ကို မြင်တော့ ဆုန့်ဝမ် အနည်းငယ် အံ့သြသွားသည်။
ဂျုံမှုန့်က ဒီတိုင်းစားလို့ရတာ မဟုတ်ဘဲနဲ့ သူတို့က ဘာကိစ္စ ဂျုံမှုန့်နဲ့ လဲလှယ်ခဲ့ကြတာလဲ။
လျှိုဖေးဖေးတို့ သုံးယောက်လည်း ဆုန့်ဝမ်က တံခါးဝတွင် စောင့်နေသည်ကို မြင်သောအခါ အနည်းငယ် ကြောင်သွားကြသည်။
နှစ်ဖက်စလုံးက တစ်နေ့လုံး အတူတူ ငါးမျှားခဲ့ကြသော်လည်း ရင်းနှီးသည်ဟု မဆိုနိုင်။
ဒီနေ့ တစ်နေ့လုံး စကားတောင် မပြောဖြစ်ခဲ့ကြပေ။
လျှိုဖေးဖေးက မနေနိုင်ဘဲ မေးလိုက်သည်။
"အစ်မက ကျွန်မတို့ကို စောင့်နေတာလား"
ဆုန့်ဝမ်က အလျင်အမြန် ပြောသည်။
"ဟုတ်... ဟုတ်ပါတယ်... ကျွန်မ ရှင်တို့နဲ့ တိုင်ပင်စရာ ကိစ္စလေး ရှိလို့ပါ"
လျှိုဖေးဖေး ထူးဆန်းသွားပြီး မေးလိုက်သည်။
"ဘာကိစ္စလဲ"
လျှိုတနန်လည်း ဆုန့်ဝမ်ကို ကြည့်ကာ မေးလိုက်သည်။
"သမီး... ဘာကိစ္စ ရှိလို့လဲ"
ဟူဝေမင်က ဆုန့်ဝမ်၏ ကျောပိုးအိတ်ကို ကြည့်ကာ မျက်လုံးထဲတွင် စဉ်းစားခန်း ဝင်သွားသည်။
ဆုန့်ဝမ်က ပြောလိုက်သည်။
"ဒီလိုပါ... သမီး ဦးလေးတို့နှစ်ယောက်ကို အကူအညီ တောင်းချင်လို့ပါ"
လျှိုတနန် အံ့ဩသွားပြီး မေးသည်။
"ဘာအကူအညီလဲ"
ဟူဝေမင်လည်း သူမကို စိုက်ကြည့်နေသည်။
"သမီး အခုပဲ အစ်ကိုလင်းယွမ်ဆီကနေ မုန့်တွေ အများကြီး လဲလာခဲ့တယ်... သမီးမှာ အကြံတစ်ခု ရှိတယ်... အဲဒါက စားစရာတွေ ပိုရလာနိုင်မယ့် နည်းလမ်းပါ... ဒါပေမဲ့ သမီးတစ်ယောက်တည်း မလုပ်ရဲဘူး... ဒါကြောင့် ဦးလေးတို့နဲ့ တိုင်ပင်ချင်လို့ပါ"
ဟူဝေမင်နှင့် လျှိုတနန် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဟူဝေမင်က စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
"ဟုတ်လား... နင့်မှာ ဘာအကြံ ရှိလို့လဲ"
ဆုန့်ဝမ်က ဘယ်ညာကြည့်လိုက်ပြီး လေသံနှိမ့်ကာ ပြောသည်။
"သမီးလက်ထဲမှာ အခု မုန့်တွေ အများကြီး ရှိနေတယ်... သမီးက အဲဒီထဲက တချို့ကို ထုတ်ပြီး တခြားတိုက်တွဲတွေကို သွားပြီး ငါးနဲ့ သွားလဲချင်တယ်"
"အစ်ကိုလင်းယွမ်ဆီမှာက ငါးတစ်ကောင်ကို မုန့်နှစ်ထုပ်နဲ့ လဲလို့ရတယ်... သမီးက ဟိုဘက်မှာ ငါးတစ်ကောင်ကို မုန့်တစ်ထုပ်နဲ့ လဲပြီး ကြားကနေ အမြတ်ယူမယ်"
"ပြီးမှ ရလာတဲ့ ငါးတွေကို အစ်ကိုလင်းယွမ်ဆီ ပြန်လာပြီး တခြားစားစရာတွေနဲ့ လာလဲမယ်"
သူမ၏ စကားကြောင့် ဟူဝေမင်နှင့် လျှိုတနန်တို့ မျက်နှာထား ပြောင်းလဲသွားကြသည်။
လျှိုတနန်က ဟူဝေမင်ကို ကြည့်ကာ ပြုံးလိုက်ပြီး ပြောသည်။
"အစ်ကိုဟူရေ... ကြည့်စမ်း... ငါ ဘာပြောလဲ... ဒီခေတ်ကြီးမှာ လူလည်တွေ မရှားပါဘူးဆို"
ဟူဝေမင်လည်း ခေါင်းခါပြီး ချီးကျူးလိုက်သည်။
"နင့်ခေါင်းက တော်တော်ပြေးတာပဲ... ရေမကြီးခင်တုန်းက စီးပွားရေး လုပ်ခဲ့တာလား"
ဆုန့်ဝမ် မျက်နှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး လက်ကာပြလိုက်သည်။
"မ... မလုပ်ပါဘူး... သမီး အရင်တုန်းက လိုင်းပေါ်မှာ ဈေးရောင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက်ပါ"
ဟူဝေမင် ထပ်မံ အံ့ဩသွားသော်လည်း ချက်ချင်းပင် ပြောလိုက်သည်။
"တိုက်ရိုက်ထုတ်လွှင့်တဲ့သူ ဆိုတော့လည်း သတ္တိကောင်းကောင်းနဲ့ အင်တာနက်ခေတ်ရဲ့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်သူပဲပေါ့... ဒီလို ခေါင်းသုံးတတ်တာ မဆန်းပါဘူး"
သူက လျှိုတနန်ကို ကြည့်ပြီး မေးလိုက်သည်။
"အစ်ကိုလျှို... မင်းရော ဘယ်လိုသဘောရလဲ"
လျှိုတနန်က စဉ်းစားပြီးနောက် မေးလိုက်သည်။
"သမီးက အောက်ထပ် ဘယ်အခန်းမှာ နေတာလဲ"
ဆုန့်ဝမ်က အလျင်အမြန် ဖြေသည်။
"၃၁၀၁ ပါ... သမီးက ၃၁၀၁ မှာ နေပါတယ်"
"မျက်နှာချင်းဆိုင် အခန်းမှာ လူနေလား"
ဆုန့်ဝမ် ခေါင်းခါလိုက်သည်။
"မနေပါဘူး"
သူမ ရုတ်တရက် သဘောပေါက်သွားပြီး သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။
"ဦးလေးတို့က အပေါ်ကို တက်နေချင်လို့လား"
လျှိုတနန် ပြုံးလိုက်သည်။
"ဟုတ်တယ်... သမီးကို မလိမ်ပါဘူး... ဦးလေးတို့က အပေါ်တက်နေချင်တာ တကယ်ပဲ... ၁၂ ထပ်ရဲ့ အခြေအနေကို သမီးလည်း မြင်သားပဲ... မိုးက အရမ်းကြီးပြီး ရေတက်တာ မြန်လွန်းတယ်... ဦးလေးတို့ ၁၉ ထပ်မှာ နေပေမယ့် ကြာရင် ရေမြုပ်သွားမှာ စိုးရိမ်ရတယ်"
"နောက်တစ်ချက်က ဦးလေးတို့က ဆရာလင်းတို့နဲ့ နီးနီးကပ်ကပ် နေချင်တာ... ဆရာလင်း ရှိတဲ့နေရာက ပိုပြီး လုံခြုံမယ်လေ"
ဆုန့်ဝမ် ခေါင်းညိတ်လိုက်သည်။
"အဲဒါတော့ ဟုတ်တယ်... သမီးအိမ် မျက်နှာချင်းဆိုင်က လူမနေဘူး... ဦးလေးတို့ တက်နေလို့ ရပါတယ်... သမီးက ကန့်ကွက်စရာ မရှိပါဘူး... ဒါနဲ့... ဒါက မျက်နှာချင်းဆိုင် အခန်းရဲ့သော့ပါ"
"အရင်တုန်းက မျက်နှာချင်းဆိုင်အခန်းရဲ့ တံခါးသော့ ပျက်နေလို့ သမီးက သော့အသစ် ဝယ်ပြီး လဲထားလိုက်တာ"
မျက်နှာချင်းဆိုင် အခန်းကို မူလက မီးဖိုချောင်လုပ်ရန် သူမ ချန်ထားခဲ့ခြင်း ဖြစ်သည်။ အိမ်ထဲတွင် ချက်ပြုတ်လျှင် မီးခိုးများလွန်းမည် စိုးသောကြောင့် ဖြစ်၏။
ထို့ကြောင့် သူမသည် သော့အသစ်ခတ်ကာ သိမ်းထားခဲ့သည်။
သို့သော် ယခု လျှိုတနန်တို့ နေချင်သည်ဆိုသောအခါ သူမ ချက်ချင်းပင် သော့ထုတ်ပေးပြီး မိတ်ဖွဲ့လိုက်သည်။
သူမ ကောင်းကောင်း သိသည်။ သူမ သဘောမတူရင်တောင် သူတို့က အတင်းဝင်နေချင်ရင် သူမ တားလို့ရမည် မဟုတ်ပေ။
ထိုအိမ်က သူမပိုင်သည့် အိမ်လည်း မဟုတ်သလို သော့ဆိုတာလည်း ဖျက်ချင်ရင် အလွယ်လေး ဖျက်လို့ရသည်။
ပြီးတော့ သူမက အခု သူတို့အကူအညီကို လိုအပ်နေချိန်မို့ သူတို့အပေါ် ကောင်းပြလိုက်တာ ပိုအကျိုးရှိသည်။
လျှိုတနန် ပြုံးလိုက်ပြီး နှစ်ယောက်သား ကြည့်လိုက်ကြသည်။ ဟူဝေမင်က သော့ကို လှမ်းယူလိုက်သည်။
ထို့နောက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သမီးရယ်... ဦးတို့ နောက်ဆို မျက်နှာချင်းဆိုင် အိမ်နီးနားချင်းတွေ ဖြစ်သွားပြီပဲ... အချင်းချင်း စောင့်ရှောက်ကြတာပေါ့"
"သမီးပြောတဲ့ အစားအစာ ရှာမယ့်နည်းလမ်းကို ဦးလေးတို့လည်း တွေးမိပါတယ်"
"ဒါပေမဲ့ ဦးလေးတို့က မုန့် ရောင်းဖို့ အစီအစဉ် မရှိဘူး... ဒီပစ္စည်းတွေက ဘယ်လောက်စားစား ဗိုက်မဝဘူးလေ"
ဒီတစ်ခါတော့ ဆုန့်ဝမ် အံ့ဩသွားရပြီး မေးလိုက်သည်။
"ဒါဆို ဦးလေးတို့က"
လျှိုဖေးဖေးသည် ဘေးနားတွင် တစ်ချိန်လုံး ငြိမ်နေခဲ့ရာမှ ယခု နှစ်ဖက် သဘောတူညီမှု ရသွားသည်ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် ဂျုံမှုန့်အိတ်ကို မြှောက်ပြပြီး ရယ်မောကာ ပြောလိုက်သည်။
"တို့တွေက ပေါက်စီရောင်းကြမှာ"
"ပေါက်စီရောင်းမယ်"
ဆုန့်ဝမ် ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းသွားသည်။
လျှိုဖေးဖေးက ရယ်မောရင်း ပြောသည်။
"ဦးလေးဟူနဲ့ အဒေါ်ကြီးလျိုက အရင်တုန်းက ပေါက်စီဆိုင် ဖွင့်ခဲ့တာလေ... သူတို့အိမ်မှာ ပေါက်စီလုပ်တဲ့ အတွေ့အကြုံရော ကုန်ကြမ်းတွေရော အများကြီး ရှိတယ်"
"ရေကြီးကာစတုန်းက ဦးလေးဟူတို့ဆီမှာ ပစ္စည်းလက်ကျန်တွေ ရှိနေလို့သာပေါ့... မဟုတ်ရင် ကျွန်မနဲ့ အဖေလည်း တောင့်ခံနိုင်ခဲ့မှာ မဟုတ်ဘူး"
"ဒီဂျုံမှုန့်တွေကို ပြန်ယူသွားပြီး ပေါက်စီလုပ်မယ်... ပြီးရင် တိုက်တွဲ (၂) ဘက်သွားပြီး ငါးနဲ့ သွားလဲကြမယ်"
ဆုန့်ဝမ် သဘောပေါက်သွားပြီး ခါးသက်သက် ပြုံးလိုက်မိသည်။
"သမီးက... သမီးတစ်ယောက်တည်းပဲ ဒီနည်းလမ်းကို စဉ်းစားမိတယ် ထင်နေတာ"
"လူတော်လူကောင်းတွေက အများကြီးပါ သမီးရယ်... ဦးတို့ ဒီနည်းလမ်းကို သုံးလို့ရတာကလည်း သူတို့တွေ ဆရာလင်းရဲ့ ဖလှယ်နှုန်းထားကို မသိသေးလို့လေ... ဒါကြောင့် ဦးတို့ အချိန်လုပြီး လုပ်မှရမယ်... ဆရာလင်းရဲ့ သတင်း အပြင်မပေါက်ခင် မြန်မြန်လေး အမြတ်ထုတ်ထားရမယ်"
"နောက်ပိုင်းကျရင် ဦးတို့ ဒီလောက် ကံကောင်းတော့မှာ မဟုတ်ဘူး"
ဟူဝေမင်၏ သတိပေးစကားကြောင့် ဆုန့်ဝမ် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
လျှိုတနန်က ပြောသည်။
"ဦးတို့ ဒီည မိုးချုပ်တဲ့အထိ ငါးထပ်မျှားမယ်... အစားအစာတွေ ပိုရအောင် လဲမယ်... မနက်ဖြန် မနက်စောစောကျရင် တိုက်တွဲ (၂) ဘက်ကို သွားစမ်းကြည့်ကြတာပေါ့... အဲဒီကျရင် သမီးလည်း ဦးလေးတို့နဲ့အတူ လိုက်ခဲ့လေ"
ဆုန့်ဝမ်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
"ကျေးဇူး... ကျေးဇူးတင်ပါတယ် ဦးလေးတို့ရယ်... ဒါဆို သမီးလည်း ဒီည ဦးလေးတို့နဲ့အတူ ငါးလိုက်မျှားမယ်နော်"
လျှိုဖေးဖေးက ချက်ချင်း ဝင်ပြောသည်။
"သမီးလည်း လိုက်မယ်... သမီးလည်း လိုက်မယ် ဖေဖေ... ဒီနေ့ရတဲ့ ငါးတွေ အများစုက သမီး မျှားမိတာနော်"
လျှိုတနန် မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း ဟူဝေမင်က ဟားတိုက် ရယ်မောလိုက်သည်။
"ဒီလိုလုပ်... ငါတို့အားလုံး အတူတူ သွားကြမယ်... ရှုချင်းကိုတော့ အိမ်မှာ မန်ထိုပေါင်းခိုင်းထားခဲ့မယ်... ကျန်တဲ့လူတွေ အကုန်ဆင်းပြီး ငါးများများရအောင် ရှာကြတာပေါ့"
ဆုန့်ဝမ်လည်း လိုက်ပါ ရယ်မောလိုက်မိသည်။ ပထမဆုံးအကြိမ်အဖြစ် သူမသည် အဖွဲ့အစည်းတစ်ခု၊ မိတ်ဖက်အပေါင်းအသင်းများကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ နွေးထွေးမှုကို ခံစားလိုက်ရသည်။
ဆက်ရန်...
အပိုင်း (၈၄) ဘုံအရည်အသွေးမှတ် ထပ်မံကံစမ်းခြင်း
လင်းယွမ်က အမမေကို ပွေ့ဖက်ရင်း သန်းခေါင်ကျော်မှ အိပ်စက်အနားယူခဲ့သည်။
အမမေဆိုလျှင် ပို၍ပင် နုန်းချိနေပြီး ကိုယ်လက်လှုပ်ရှားရန်ပင် အင်အားမရှိတော့ချေ။ မိုးလင်းသည့်တိုင်အောင် နှစ်ယောက်သား တံခါးခေါက်သံကြောင့်သာ နိုးလာကြသည်။
လင်းယွမ်က လက်ပတ်နာရီကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ "ဒီလောက်စောစောကြီး ဘယ်သူပါလိမ့်"
သူ အိပ်ရာမှထကာ ဘောင်းဘီဝတ်လိုက်သည်။ အမမေက ထရန်ပြင်သော်လည်း အားမရှိဘဲ ပြန်လဲကျသွားပြန်သည်။
လင်းယွမ်က သူမ၏ ပြည့်ဖြိုးသောကိုယ်လုံးလေးကို ဆွဲညှစ်လိုက်ပြီး ပြုံးလျက် "အမ ဆက်အိပ်နေလိုက်... ကျွန်တော်သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
ရန်မေ၏ မျက်နှာလေး ရဲတက်သွားပြီး အင်းဟုသာ ပြန်ထူးလိုက်လေသည်။
လင်းယွမ် ဧည့်ခန်းသို့ရောက်သောအခါ တံခါးချောင်းကြည့်ပေါက်မှတစ်ဆင့် အပြင်ကို ကြည့်လိုက်ပြီး ကြောင်စီစီ ဖြစ်သွားသည်။
"ဟမ်... ဘာလို့ ထပ်လာကြတာလဲ"
သူ တံခါးဖွင့်လိုက်သောအခါ ဆုန့်ဝမ် နှင့် လျှိုဖိန်ဖိန်တို့အဖွဲ့ကို တွေ့လိုက်ရသဖြင့် "ခင်ဗျားတို့ ဘာလို့ ထပ်လာကြတာလဲ" ဟု နားမလည်နိုင်စွာ မေးလိုက်သည်။
ဟူဝေမင်က "ဆရာလင်းယွမ်... ကျွန်တော်တို့ ငါးတွေ ထပ်ရလာလို့လေ... စားစရာနဲ့ လဲလို့ရသေးလား" ဟု အလျင်အမြန် ပြောသည်။
လင်းယွမ် အံ့ဩသွားပြီး "ထပ်ရလာပြန်ပြီလား... ခင်ဗျားတို့ တစ်ညလုံး မအိပ်ကြဘူးလား"
ထိုအခါမှသာ ထိုလူများအားလုံး မျက်ကွင်းညိုနေသည်ကို သူ သတိထားမိလိုက်သည်။ တစ်ညလုံး မအိပ်ထားမှန်း သိသာလှသည်။
မိမိအတွက် အမှတ်တွေရှာပေးနေသည့် လူလိမ္မာလေးများကို ကြည့်ရင်း လင်းယွမ်က အမြန်ပင် တံခါးဖွင့်ပေးလိုက်ကာ "လာ လာ... အထဲဝင်ကြဦး... ဘယ်လောက်တောင် ရလာတာလဲ" ဟု မေးလိုက်သည်။
လျှိုဖိန်ဖိန်က စိတ်လှုပ်ရှားစွာဖြင့် "အစ်ကိုလင်းယွမ်... ဒီတစ်ခါ အများကြီးရတယ်... အကောင် ၈၀ ကျော်တောင် ပါတယ်"
"ဟာ... ဟုတ်လား"
လင်းယွမ် အကြီးအကျယ် အံ့ဩသွားပြီး မျက်နှာထက်တွင် အပြုံးပန်းများ ချက်ချင်း ဝေဆာသွားတော့သည်။ "တကယ်လား... ပြစမ်းပါဦး"
လျှိုဖိန်ဖိန်နှင့် ဆုန့်ဝမ်တို့က ဘေးသို့ ဖယ်ပေးလိုက်ကြသည်။
ဟူဝေမင်နှင့် လျှိုတနန်တို့က ကလေးရေချိုးသည့် ဇလုံအကြီးကြီးတစ်ခုကို မလာကြသည်ကို တွေ့ရသည်။ ထိုအထဲတွင် သန္ဓေပြောင်းငါးများ ပြည့်နှက်နေသည်။
အခြားနှစ်ယောက်၏ လက်ထဲတွင်လည်း ပိုက်ကွန်အိတ် တစ်လုံးစီပါလာပြီး ထိုအထဲတွင် ပင်လယ်ခရုကြီး ဆယ်ကောင်ကျော် ပါလာသည်။
လင်းယွမ်မှာ ဝမ်းသာလွန်း၍ ထခုန်မိမတတ်ပင် ဖြစ်သွားရသည်။ သန္ဓေပြောင်းငါး အကောင် ၈၀ ကျော်ကို မဆိုထားနှင့်၊ ပင်လယ်ခရုကြီး ဆယ်ကောင်ကျော်တစ်ခုတည်းနှင့်ပင် အမှတ် ၂၀၀၊ ၃၀၀ လောက် ရနိုင်ချေရှိသည်။
မနေ့ကမှ အမှတ် ၁၀၀၀ ပြည့်ဖို့ ရက်အနည်းငယ် စောင့်ရဦးမည်ဟု တွက်ထားခဲ့သော်လည်း တစ်ညအိပ်ရာ နိုးလာသည်နှင့် အမှတ်များက အလိုအလျောက် ရောက်လာခဲ့လေပြီ။
သူသည် ပစ္စည်းများကို အိမ်ထဲသို့ အမြန်သယ်ယူလိုက်သည်။
ထို့နောက် ပစ္စည်းများကို စစ်ဆေးရေတွက်ကြည့်ရာ သန္ဓေပြောင်းငါး စုစုပေါင်း ၈၃ ကောင်နှင့် ပင်လယ်ခရုကြီး ၁၇ ကောင် ဖြစ်နေသည်။
လင်းယွမ်က စကားများများမပြောဘဲ မုန့်များ၊ ဆန်နှင့် ဂျုံမှုန့်များကို ထုတ်ပေးလိုက်ကာ သူတို့စိတ်ကြိုက် ရွေးချယ်စေသည်။
လင်းယွမ် မထင်မှတ်ထားသည်မှာ ယခုတစ်ကြိမ်တွင် လျှိုတနန်နှင့် ဟူဝေမင်တို့က ဝင်မရွေးဘဲ ဆုန့်ဝမ်ကိုသာ ဦးဆောင်ရွေးချယ်ခိုင်းထားခြင်း ဖြစ်သည်။
ဆုန့်ဝမ်က မုန့် အနည်းငယ်ရွေးပြီး ကျန်တာကို ဂျုံမှုန့်နှင့် ဆန်အနည်းငယ် လဲလှယ်လိုက်သည်။
လင်းယွမ်က ဆုန့်ဝမ်နှင့် ကျန်လူများကို တွေးတွေးဆဆ ကြည့်လိုက်မိသည်။
ဤလူတွေ ပူးပေါင်းလိုက်ကြပြီဟု သူ ရိပ်မိလိုက်သည်။
သူက ပြုံးလိုက်ပြီး ဘာမှမပြောဘဲ "ကျွန်တော် အရင်ပြောထားတဲ့အတိုင်းပဲ... ဒီတိုက်ထဲမှာ အချင်းချင်း ရန်ဖြစ်တာမျိုး ခွင့်မပြုဘူး... လုယက်တာတွေ ရန်ဖြစ်တာတွေ ကြားရရင်တော့ ကျွန်တော့်အကြောင်းသိမယ်... ပြဿနာရှိရင် ကျွန်တော့်ဆီလာခဲ့... ကျွန်တော်က ဒီတိုက်ရဲ့ တည်ငြိမ်ရေးနဲ့ စည်းကမ်းကို ထိန်းသိမ်းချင်တာ... နားလည်လား" ဟု သတိပေးစကား ဆိုလိုက်သည်။
သူက ဟူဝေမင်နှင့် လျှိုတနန်တို့ကို ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။
ဟူဝေမင်နှင့် လျှိုတနန်တို့ ရင်ထဲထိတ်ခနဲ ဖြစ်သွားပြီး စည်းကမ်းမဖောက်ဖျက်ပါကြောင်း အလျင်အမြန် ကတိပေးကြသည်။
ဆုန့်ဝမ်က လင်းယွမ်ကို ကြည့်ရင်း မျက်ရည်ဝဲလာသည်။
လင်းယွမ်ပြောသည့်စကားများက သူမဘက်မှ ရပ်တည်ပေးနေခြင်းဖြစ်ကြောင်း သူမ နားလည်သည်။
"ကျေးဇူးပါ"
သူမက ရွေးချယ်ထားသည့် ပစ္စည်းများကို လှမ်းယူရင်း တိုးဖွဖွ ပြောလိုက်သည်။
လင်းယွမ်က သူမကို ကြည့်ပြီး ပြုံးပြလိုက်ကာ ဘာမျှပြန်မပြောခဲ့ပေ။
သူတို့ကို ပြန်လွှတ်ပြီးသည်နှင့် လင်းယွမ်က ငါးများသေကုန်မည် စိုးသဖြင့် အချိန်မဆွဲဘဲ ငါးသတ်ခြင်း၊ ခရုခွဲခြင်းများကို ချက်ချင်း စတင်လိုက်တော့သည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၈ မှတ် ရရှိပါသည်]
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၉ မှတ် ရရှိပါသည်]
...
ခေါင်းထဲတွင် စနစ်ဆီမှ အချက်ပေးသံများ ဆက်တိုက်ကြားနေရသဖြင့် လင်းယွမ်တစ်ယောက် စိတ်လက်ပေါ့ပါးစွာ လေချွန်လိုက်မိသည်။
"ဈေးထဲက ငါးသည်တွေတောင် ငါ့လောက် လက်သွက်မယ်မထင်ဘူး ဟားဟား"
မိနစ် ၂၀ ပင် မကြာလိုက်၊ ငါး ၈၃ ကောင်နှင့် ပင်လယ်ခရုကြီး ၁၇ ကောင်ကို ရှင်းလင်းပြီး ဖြစ်သွားသည်။
လင်းယွမ် စုစုပေါင်း အမှတ် ၁၀၅၅ မှတ် ရရှိလိုက်သည်။
ထိုအထဲတွင် သန္ဓေပြောင်းငါး ၈၃ ကောင်မှ အမှတ် ၆၆၄ မှတ် ရရှိပြီး ပျမ်းမျှ ငါးတစ်ကောင်လျှင် ၈ မှတ် ရသည်။
ပင်လယ်ခရုကြီးများက ပိုမိုများပြားပြီး ၁၇ ကောင်တည်းနှင့် အမှတ် ၃၉၁ မှတ် ရရှိကာ ပျမ်းမျှ တစ်ကောင်လျှင် ၂၃ မှတ် ရရှိသည်။
တကယ့်ကို တန်ဖိုးမြင့်မားလှသည်။
"နှမြောစရာကောင်းတာက သူတို့ ကဏန်းတွေ ပုစွန်တွေ မမိလာတာပဲ... အဲဒါတွေဆိုရင် အမှတ်ပိုရလောက်တယ်"
"ဟဟ... ကြည့်ရအောင်... အခု အမှတ်ဘယ်လောက်ရှိပြီလဲလို့"
သူက မိမိ၏ အရည်အသွေးပြ ဇယားကွက်ကို အမြန်ဖွင့်ကြည့်လိုက်သည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈
ခွန်အား - ၂.၉
အလျင် - ဝ.၈
စိတ်စွမ်းအား - ၁.၇
သန္ဓေပြောင်းလဲနှုန်း - ၃%
အမှတ် - ၁၅၈၁ မှတ်
ရမှတ် ၁၅၈၁ မှတ်ကို ကြည့်ရင်း လင်းယွမ် ပျော်လွန်း၍ ပါးစပ်ပင် မပိတ်နိုင်တော့။ သူ စကားဆက်မပြောနေတော့ဘဲ စနစ်ကို ချက်ချင်း ခေါ်လိုက်သည်။
"စနစ်... ကံစမ်းမယ်... သတ်မှတ်ထားတဲ့ အရည်အသွေးအမှတ်ကို ကံစမ်းမယ်"
[ဒင်... အမှတ် ၁၀၀၀ တန် သတ်မှတ်အရည်အသွေးအမှတ် ကံစမ်းခြင်း အစီအစဉ် စတင်ပါပြီ]
လင်းယွမ်၏ မြင်ကွင်းရှေ့တွင် ထူးခြားသည့် ကံစမ်းမဲဘီးအသေးစားလေးတစ်ခု ပေါ်လာသည်။
ကံစမ်းမဲဘီးပေါ်တွင် အကွက် ၅ ကွက် ပါရှိသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ အလျင်၊ စိတ်စွမ်းအား၊ ဘုံအရည်အသွေး။
ကံစမ်းမဲဘီးရှိ အကွက်တိုင်းသည် အချိုးအစား တူညီကြသည်။ ဆိုလိုသည်မှာ အမှတ် ၁၀၀၀ သုံးလိုက်သည်နှင့် အရည်အသွေးအမှတ် ၁ မှတ် သေချာပေါက် ရရှိမည်ဖြစ်သည်။
လင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် လက်ကိုပွတ်လိုက်ပြီး စနစ်ကို အမိန့်ပေးလိုက်သည်။
"ကံစမ်းမယ်"
ကံစမ်းမဲဘီးက လျင်မြန်စွာ လည်ပတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မြှားတံက ရပ်တန့်သွားသည်။
[ဒင်... ဂုဏ်ယူပါတယ်... သင် ဘုံအရည်အသွေးအမှတ် ၁ မှတ် ကံထူးသွားပါသည်... ကျေးဇူးပြု၍ အရည်အသွေးအမှတ်ကို ခွဲဝေထည့်သွင်းပါ]
လင်းယွမ် ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။ "ဘုံအရည်အသွေးအမှတ်တဲ့... သိပ်ကောင်းတာပဲ"
ဘုံအရည်အသွေးအမှတ်ဆိုသည်မှာ မိမိကြိုက်နှစ်သက်ရာ အရည်အသွေးတစ်ခုခုတွင် ပေါင်းထည့်၍ မိမိ၏ အရည်အသွေးကို မြှင့်တင်နိုင်ခြင်း ဖြစ်သည်။
သူက မိမိ၏ အရည်အသွေးအသီးသီးကို တစ်ချက်ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ ဆုံးဖြတ်ချက်ချလိုက်သည်။
"ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာပဲ ပေါင်းထည့်လိုက်မယ်"
လက်ရှိတွင် သူ၏ ခွန်အားက သာမန်လူထက် သုံးဆ၊ စိတ်စွမ်းအားက နှစ်ဆနီးပါး ရှိသော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အလျင်တို့က သာမန်လူအဆင့်သာ ရှိသေးသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုဆိုသည်မှာ ခံနိုင်ရည်၊ ကာကွယ်နိုင်စွမ်း အစရှိသည့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ကိုယ်စားပြုသည်။
ပြီးခဲ့သည့်တစ်ခေါက် ဝမ်ယန်မေကို သတ်ဖြတ်စဉ်က ပြဿနာတစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့သည်။
သူ၏ ခွန်အားက သာမန်လူထက် သုံးဆရှိသော်လည်း အားကုန်ထုတ်သုံးလိုက်သည့်အခါ ကုန်ဆုံးသွားသည့် ကိုယ်ကာယစွမ်းအင်ကလည်း သာမန်လူထက် သုံးဆဖြစ်နေသည်။
ဆိုလိုသည်မှာ သူသည် သာမန်လူတစ်ယောက်၏ ခံနိုင်ရည်ဖြင့် သာမန်လူထက် သုံးဆများသော ခွန်အားကို ထုတ်သုံးနေရခြင်းဖြစ်သည်။
ထို့ကြောင့် သိပ်ကြာကြာမတိုက်ခိုက်လိုက်ရဘဲ မောပန်းနွမ်းနယ်လာတတ်သည်။
ရေရှည်တိုက်ပွဲဝင်နိုင်စွမ်း အားနည်းလွန်းသည်။
ထို့ကြောင့် အရေးတကြီး လိုအပ်နေသည်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရည်အသွေးကို မြှင့်တင်ပြီး ခံနိုင်ရည်၊ အမောခံနိုင်စွမ်းနှင့် ကာကွယ်နိုင်စွမ်းကို တိုးမြှင့်ရန်ဖြစ်သည်။
သူ စိတ်ကူးလိုက်သည်နှင့် ထို ဘုံအရည်အသွေးအမှတ်သည် ကိုယ်ကာယအရည်အသွေးထဲသို့ ချက်ချင်း ပေါင်းထည့်သွားသည်။
နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးသော စီးကြောင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားသလို ခံစားလိုက်ရသည်။
ညက အားကုန်သုံးထားသည့် ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ထိုအစား တက်ကြွလန်းဆန်းသော စွမ်းအင်များနှင့် ရှင်သန်မှုစွမ်းအားများ အစားထိုး ဝင်ရောက်လာသည်။
သူက စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
"ဝှီးးးးး"
လက်သီးဖြင့် လှမ်းထိုးလိုက်ရာ လေတိုးသံ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
သာမန်ထက် သုံးဆပြင်းထန်သော ခွန်အားဖြင့် ထိုးလိုက်သဖြင့် လေထုပင် ဆုတ်ဖြဲခံလိုက်ရသလို အသံမြည်သွားသည်။
သူက ဆက်တိုက်ဆိုသလို လက်သီးဖြင့် အကြိမ်ကြိမ် ထိုးနှက်လိုက်သည်။ အချက်ပေါင်းများစွာ ထိုးနှက်ပြီးသည့်တိုင်အောင် တက်ကြွလန်းဆန်းနေဆဲဖြစ်ပြီး အင်အားများ ပြည့်ဝနေဆဲပင်။
လင်းယွမ် ပြုံးလိုက်မိသည်။ "ခံနိုင်ရည် တကယ်တိုးလာတာပဲ... အရင်ကဆို လက်သီးချက် အများကြီး ထိုးပြီးရင် သိသိသာသာ အားပျော့သွားတတ်တယ်... အခုတော့ အားတွေက သုံးမကုန်တော့သလိုပဲ"
"ကာကွယ်နိုင်စွမ်း တိုးမတိုး စမ်းကြည့်ရမယ်"
လင်းယွမ် ဝရန်တာဘက် ထွက်လာပြီး နံရံကို လက်သီးဖြင့် အားကုန် ပစ်ထိုးလိုက်သည်။
"ဒုန်း"
နံရံက သိသိသာသာ တုန်ခါသွားပြီး ဆေးသုတ်ထားသည်များ ကွာကျကုန်သည်။
လက်သီးထိမှန်သွားသော အုတ်ခဲများ အက်ကွဲသွားကာ နံရံပေါ်တွင် လက်သီးရာ ထင်းခနဲ ပေါ်လာသည်။
လင်းယွမ်က လက်သီးကို ပြန်ရုတ်လိုက်ပြီး မိမိ၏ အရေပြားကို ကြည့်ကာ ပြုံးလိုက်မိသည်။
"နည်းနည်းတော့ ကျင်သွားတယ်... ဒါပေမဲ့ မနာဘူး"
"ငါ့အရေပြားက ပွန်းတောင်မပွန်းဘူးပဲ"
"ကာကွယ်နိုင်စွမ်း သိသိသာသာ တိုးလာတာပဲ"
အရင်တုန်းက ခွန်အားတိုးလာပြီးနောက် လျှိုအားလုံကို အသေအလဲ ရိုက်နှက်ခဲ့စဉ်က အဖြစ်အပျက်ကို သူ မှတ်မိနေသေးသည်။
လျှိုအားလုံက သန္ဓေပြောင်းသွားပြီး ခေါင်းပေါ်တွင် အနီရောင်အကြေးခွံများ ပေါက်လာခဲ့သည်။
ထိုအချိန်က သူ၏ လက်သီးချက်များက ပြင်းထန်ပြီး ဖျက်ဆီးအား ကောင်းသော်လည်း သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိစမြဲဖြစ်သည်။
ထို့ကြောင့် သူ၏ အရေပြားလည်း ထိခိုက်ခဲ့ရသည်။ လျှိုအားလုံကို သတ်ဖြတ်ပြီးချိန်တွင် သူ၏ လက်သီးများ ပေါက်ပြဲကာ ဒဏ်ရာမနည်း ရရှိခဲ့သည်။
သို့သော် ယခုအချိန်တွင် လျှိုအားလုံနှင့် ထပ်မံတိုက်ခိုက်ရမည်ဆိုလျှင် သူ၏ လက်သီးများ မည်သည့်ဒဏ်ရာမျှ ရတော့မည်မဟုတ်ကြောင်း သူ ခံစားမိနေသည်။
အတိုချုပ်ပြောရလျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအရည်အသွေး ၁ မှတ် ပေါင်းထည့်လိုက်ခြင်းက သူ၏ ခန္ဓာကိုယ် လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားသည်။
ယခင်က သူ၏ ခန္ဓာကိုယ်သည် မြင်းတစ်ကောင်တည်းဖြင့် ဆွဲသော ရထားလုံးလိုဖြစ်နေပြီး ဟန်ချက်မညီ ဖြစ်နေခဲ့သည်။
ယခုအခါတွင်မူ မြင်းနှစ်ကောင်ဖြင့် မောင်းနှင်သည့် ရထားလုံးကဲ့သို့ ဘက်စုံအရည်အသွေး တိုးတက်လာပြီဖြစ်သည်။
အားနည်းချက်များ နည်းသွားပြီး ဘက်စုံတိုက်ခိုက်နိုင်စွမ်း မြင့်မားလာသည်။
လင်းယွမ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ "နောက်တစ်ဆင့်ကတော့ တိုက်ခန်းပိုင်ရှင်တွေ ငါးဘယ်လောက် ဖမ်းနိုင်မလဲဆိုတာ စောင့်ကြည့်ရုံပဲ"
"မောင်လေး... ဘာဖြစ်တာလဲ"
ထိုအချိန်တွင် အိပ်ခန်းထဲမှ ရန်မေက ညအိပ်ဝတ်စုံပါးလေး ခြုံလျက် ထွက်လာသည်။ အပြင်ဘက်မှ လက်သီးထိုးသံ ကြားလိုက်ရသဖြင့် စိတ်ပူကာ ထွက်ကြည့်ခြင်း ဖြစ်သည်။
လင်းယွမ် လှည့်ကြည့်လိုက်ရာ ပန်းရောင်ဇာ ညအိပ်ဝတ်စုံပါးလေး ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ အင်္ကျီက ပေါင်ရင်းလောက်သာ ရှိသဖြင့် ဝက်အူချောင်းနှစ်ချောင်းသဖွယ် သွယ်လျလှပသော ပေါင်တံများကို ထင်းလင်းစွာ မြင်နေရသည်။
ရင်ဘတ်ဟိုက်ဟိုက် ဒီဇိုင်းကြောင့် ဖြူဖွေးနုဖတ်သော ရင်သားအထက်ပိုင်းကို မြင်နေရပြီး ရင်သားမို့မို့တွင် အနီရောင်အရာလေးများပင် ရှိနေသေးသည်။
ခါးနေရာတွင်လည်း အပေါက်ဖောက် ဒီဇိုင်းဖြစ်သဖြင့် ခါးသိမ်သိမ်လေးကို မပေါ်တပေါ် မြင်နေရသည်။
လင်းယွမ်၏ သွေးများ ဆူပွက်လာပြီး စိတ်အခြေအနေ ကြည်လင်နေချိန်ဖြစ်သဖြင့် ဟားဟား ဟု ရယ်မောကာ လှမ်းလာခဲ့သည်။
ရန်မေ၏ အာမေဋိတ်သံကြားထဲမှပင် သူမကို ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။
"အို... မောင်လေး"
ရန်မေ မျက်နှာပျက်သွားသော်လည်း အချိန်နှောင်းသွားချေပြီ။
.................................................................................
အခန်း ၃၁၀၂ တွင် လျှိုတနန်၊ လျှိုဖိန်ဖိန် သားအဖနှင့် ဟူဝေမင်တို့ မိသားစုသုံးယောက်တို့ အတူတကွ ရောက်ရှိနေကြသည်။
"ပေါက်စီ ရပြီ... ဆုန့်ဝမ်၊ ဖိန်ဖိန်၊ တုတု... လာစားကြည့်ကြဦး" လျှိုရှုချင်းက ပြုံးရွှင်စွာဖြင့် အားလုံးကို လှမ်းခေါ်လိုက်သည်။
မီးဖိုချောင်ထဲတွင် ရေနွေးငွေ့များ တလူလူထွက်နေပြီး ပေါင်းအိုးထဲမှ လုံးဝန်းသော ပေါက်စီများ ပူပူနွေးနွေး ထွက်လာသည်။
ဖြူဖွေးအိစက်ပြီး ပြည့်ဖောင်းနေသော ပေါက်စီလုံးများကို မြင်လိုက်ရုံဖြင့် စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ဆုန့်ဝမ်မှာ သွားရည်ကျမတတ် ဖြစ်သွားရသည်။ ပေါက်စီမစားရသည်မှာ ဘယ်လောက်ကြာပြီမှန်းပင် သူမ မမှတ်မိတော့။
လျှိုဖိန်ဖိန်က ပူသည်ကို ဂရုမစိုက်နိုင်တော့ဘဲ ပေါက်စီတစ်လုံးကို ကောက်ကိုင်လိုက်ကာ ပါးစပ်ဖြင့် မှုတ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အနံ့လေးက မွှေးလိုက်တာ... အဒေါ်ကြီးလျှို သမီး ပေါက်စီမစားရတာ နှစ်ဝက်တောင်ရှိနေပြီ"
ဟူတုတုကလည်း အော်ပြောသည်။ "ကျွန်တော့်အမေ လုပ်တဲ့ပေါက်စီက စားလို့အကောင်းဆုံးပဲ"
ပြောနေရင်းနှင့်ပင် လျှိုဖိန်ဖိန်က တစ်ကိုက် ကိုက်လိုက်ရာ ပူနွေးသော ဂျုံသားရနံ့က ပါးစပ်ထဲတွင် ပျံ့လွင့်သွားပြီး မုန့်နှစ်၏ ချိုမြသောအရသာကြောင့် သွားရည်ပင် ယိုစီးလာသည်။
သူမ မျက်လုံးများ နီရဲလာပြီး "စားလို့ကောင်းလိုက်တာ... အရမ်းစားလို့ကောင်းတာပဲ" ဟု ထပ်တလဲလဲ ရေရွတ်နေမိသည်။
တစ်ဖက်မှ ဆုန့်ဝမ်လည်း တစ်ကိုက် ကိုက်လိုက်ရာ အသားကိုပါ ကိုက်မိသွားသည်။
အသား၏ အရသာက လတ်ဆတ်ချိုမြပြီး အငန်ဓာတ်ပါရှိသဖြင့် သူမ အံ့ဩသွားကာ "အသား... အသားပါတယ်လား... ဘယ်က အသားလဲ" ဟု မေးလိုက်မိသည်။
လျှိုရှုချင်းက ရယ်မောကာ "ငါးအသားလေ... ဖိန်ဖိန် မျှားမိထားတဲ့ ကျောက်ငါးကို စားစရာနဲ့ သွားမလဲဘဲ ကိုယ်တိုင်စားဖို့ ချန်ထားလိုက်တာ"
"အဲဒါကို နုပ်နုပ်စဉ်းပြီး အစာသွပ်ထားတာ... အရသာ မဆိုးဘူးမလား"
ဆုန့်ဝမ် ဝမ်းသာအံ့ဩသွားသည်။ "ကျောက်ငါးအသားနဲ့ လုပ်ထားတဲ့ အစာသွပ်ပေါက်စီပေါ့... ဒါ... ဒါက သိပ်စားလို့ကောင်းတာပဲ"
သူမ နှစ်ကိုက် သုံးကိုက်ဖြင့် ပေါက်စီတစ်လုံးကုန်အောင် စားလိုက်ပြီး ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမတတ် ဖြစ်သွားသည်။
မည်သည့် မုန့်မှ အသားပေါက်စီတစ်လုံးကို မမီနိုင်ချေ။
ဟူဝေမင်လည်း ပေါက်စီတစ်လုံးစားပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ကဲ ပြောကြပါဦး... ဒီပေါက်စီတစ်လုံးကို ငါးဘယ်နှစ်ကောင်နဲ့ လဲရင် ကောင်းမလဲ"
လျှိုတနန်က စဉ်းစားပြီး ပြောသည်။ "အခု လူအတော်များများက ထမင်းမစားရတာ ကြာပြီ... အဓိက က အစာအာဟာရ ပြတ်လပ်နေတာ... ထမင်းတို့ ဂျုံတို့ ရေရှည် မစားရရင် လူခန္ဓာကိုယ်က နေရထိုင်ရ ခက်လာတယ်... ဟော်မုန်းတွေ မညီမျှတော့ဘဲ လူက ဒေါသထွက်လွယ်လာတယ်"
"ဒီအသားပေါက်စီက လတ်ဆတ်တယ်... ရှုချင်း လက်ရာကလည်း ကောင်းတော့ ငါ့အထင် ပေါက်စီတစ်လုံးကို ငါး ၃ ကောင်၊ ၄ ကောင်နဲ့ လဲရင် ပြဿနာမရှိလောက်ဘူး"
ဆုန့်ဝမ် အားကျသွားသည်။ ဤပေါက်စီက မုန့်ထက် ပိုပြီး ဈေးကွက်ဝင်မည်မှာ သေချာသည်။
သူမက မုန့် တစ်ထုတ်ကို ငါးတစ်ကောင်နှင့် လဲပြီး ဈေးကွာဟချက်မှ အမြတ်ထုတ်ရန် ကြံစည်ထားသည်။
သို့သော် ဟူဝေမင်တို့က လဲလှယ်ရရှိထားသော ဂျုံမှုန့်ကို အဆင့်မြှင့်တင်ပြီး ပေါက်စီအဖြစ် ပြောင်းလဲလိုက်ရာ ငါးပြန်လဲသည့်အခါ အမြတ်အစွန်းက အဆများစွာ တက်သွားတော့သည်။
ဤပေါက်စီ အလုံးရေ သုံးလေးဆယ်က ခဏလေးနှင့် ကုန်သွားမည်ကို သူမ ကြိုတွက်ဆနိုင်သည်။
သူတို့ ဂျုံမှုန့် လေးခွက်ဖြင့် ပေါက်စီ အလုံးရေ သုံးလေးဆယ် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ လုံးဝ ပုံကြီးချဲ့ပြောခြင်း မဟုတ်။ လျှိုရှုချင်း ဂျုံနယ်သည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
တစေးထည့်လိုက်ပြီးနောက် ဂျုံနယ်ဖတ် အသေးလေးက ဇလုံအပြည့် ပွတက်လာခဲ့ခြင်း ဖြစ်သည်။
ပေါက်စီခွံကို ပါးပါးလုပ်ပြီး ငါးအသား များများထည့်ထားသဖြင့် အခွံပါးပါး အသားများများ ပေါက်စီအစစ် ဖြစ်သည်။
ပေါက်စီတစ်လုံးကို ငါး ၃၊ ၄ ကောင်နှင့် လဲမည်ဆိုလျှင် သူမသာဆိုလည်း လဲမည်ဟု ဆုန့်ဝမ် တွေးမိသည်။
အခုမှ လုပ်ငန်းစခါစ သူမအနေဖြင့် တစ်နေ့လျှင် ငါးဆယ်ကောင်ကျော် ရနေပြီဖြစ်၍ နည်းနည်းတော့ လက်ဖွာချင်နေပြီ ဖြစ်သည်။
သို့သော် လျှိုတနန်၏ ဈေးသတ်မှတ်ချက်က ဖြစ်ကတတ်ဆန်း ပြောခြင်းမဟုတ်ဘဲ သေချာစဉ်းစားထားခြင်း ဖြစ်သည်။
လက်ရှိ တိုက်တစ်တိုက်လုံးတွင် စားစရာဟူ၍ ရေထဲမှရသော ငါးများ၊ ခရုများနှင့် ဂုံးကောင်များသာ ရှိတော့သည်။
ကစီဓာတ်က လုံးဝနီးပါး ပြတ်လပ်နေပြီဖြစ်ရာ ဂျုံမှုန့်၊ ဆန်၊ ဟင်းသီးဟင်းရွက် စသည်တို့က အလွန်တန်ဖိုးကြီးသည့် ပစ္စည်းများ ဖြစ်လာသည်။
ငါးများကမူ များလွန်းသဖြင့် လူတိုင်းစားရလွန်း၍ အန်ချင်နေကြပြီ ဖြစ်သည်။
ပေါက်စီနှင့် လဲနိုင်မည်ဆိုလျှင် ပိုလျှံနေသူများက သေချာပေါက် လဲကြပေလိမ့်မည်။
သူတို့တစ်တွေ တစ်ယောက်တစ်လုံး စားပြီးသည်နှင့် ဆက်မစားရက်တော့ဘဲ ရပ်လိုက်ကြသည်။
လျှိုရှုချင်းက "ဒီဂျုံမှုန့်တွေနဲ့ ပေါက်စီ ၃၄ လုံး ရတယ်... ငါတို့ တစ်ယောက်တစ်လုံး စားလိုက်တော့ ၂၈ လုံး ကျန်တယ်... ငါးဘယ်လောက် ရမလဲတော့ မသိဘူး"
"ပေါက်စီတစ်လုံးကို ငါး ၄ ကောင်နှုန်းနဲ့ လဲမယ်ဆိုရင် ၂၈ လုံးအတွက် ၁၁၂ ကောင် ရမယ်... အဲဒါကို ဆရာလင်းယွမ်ဆီမှာ ဂျုံမှုန့် သွားပြန်လဲမယ်... ငါး ၅ ကောင်ကို ဂျုံတစ်ခွက်နှုန်းနဲ့ဆိုရင် ၂၂ ခွက် ပြန်ရမယ်... ပေါက်စီတွေ အများကြီး ထပ်လုပ်လို့ရပြီ"
ဟူဝေမင်က ဝမ်းသာအားရ လက်ကိုပွတ်လိုက်ပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်နေသည်။
ကျန်လူများ၏ မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများနှင့်အတူ ကြီးပွားတော့မည့် အရိပ်အယောင်များ ယှက်သန်းနေသည်။
"ဒါနဲ့ အစ်ကိုဟူ... မင်းအိမ်မှာ တစေးနဲ့ ပွဆေး လုံလောက်ရဲ့လား" လျှိုတနန်က မေးလိုက်သည်။
ထိုပစ္စည်းများက အခွံပါးပါး အသားများများ ပေါက်စီရဖို့အတွက် အဓိကသော့ချက်များ ဖြစ်သည်။ ထိုပစ္စည်းများ မရှိလျှင် ပြဿနာတက်လိမ့်မည်။
ဟူဝေမင်က တဟားဟား ဟု ရယ်မောလိုက်ပြီး "ငါတို့အိမ်မှာ တခြားဟာသာ မရှိတာ... တစေးနဲ့ ပွဆေးကတော့ အများကြီးရှိတယ်"
လျှိုရှုချင်းကလည်း ရယ်မောလိုက်ပြီး "အစ်ကိုလျှိုရယ်... ရှင်ပြောတာ လူရယ်စရာ ဖြစ်နေပြီ... ဂျုံဖောက်တာ တစေးမရှိလည်း ရပါတယ်"
"တစေးမရှိဘဲ ဖောက်လို့ရတယ်... ဘယ်လိုလုပ်မှာလဲ" လျှိုတနန် ကြောင်သွားသည်။
လျှိုရှုချင်းက ပြုံးလျက် "ရှင် ပေါက်စီမလုပ်ဖူးဘူးဆိုတာ သိသာလိုက်တာ... ဟိုးအရင် စုပေါင်းနေကြတုန်းက ဘယ်မှာ တစေးရှိမလဲ... ကျွန်မတို့က ဂျုံအဟောင်းနဲ့ အချဉ်ဖောက်ကြတာ"
"နောက်ဆို ဂျုံအဟောင်း နည်းနည်းချန်ထားပြီး ပေါက်စီလုပ်ခါနီး ကြိုပြီး အချဉ်ဖောက်ထားလိုက်ရင် ရပြီ"
ထိုစကားကို ကြားသောအခါ ဆုန့်ဝမ်က သူမ၏ ပေါင်မုန့် တစ်ညထားလိုက်ရုံနှင့် ပုပ်သွားသည့်ကိစ္စကို သတိရသွားသည်။
သူမက အလျင်အမြန် သတိပေးလိုက်သည်။ "စားစရာတွေကို ညသိပ်မခံနဲ့နော်... ကျွန်မ မနေ့က ပေါင်မုန့်တစ်ဝက် ချန်ထားပြီး ဒီနေ့မှ စားလိုက်တာ... စားပြီးတာနဲ့ ဝမ်းလျှောတော့တာပဲ"
"အစ်ကိုလင်းယွမ်နဲ့ အဒေါ်ကြီးလီတို့သာ အဖျားပျောက်ဆေး ရှာမပေးရင် ကျွန်မ ဒီတစ်ခါ လွယ်မှာမဟုတ်ဘူး"
"ဘာ... တစ်ညတည်းနဲ့ ပုပ်သွားတယ်ဟုတ်လား" ဟူဝေမင် မျက်နှာပျက်သွားသည်။
လျှိုရှုချင်းလည်း မျက်နှာပျက်သွားပြီး အကျိုးအကြောင်း အလျင်အမြန် မေးမြန်းလေသည်။
ဆုန့်ဝမ်က ထိုစဉ်က အခြေအနေကို ပြောပြပြီးနောက် "အစ်ကိုလင်းယွမ်တို့ ပြောတာတော့ အခု တိရစ္ဆာန်တွေ... ငါးတွေနဲ့ လူတွေတောင် သန္ဓေပြောင်းနေကြတာဆိုတော့... အဏုဇီဝပိုးမွှားတွေလည်း သန္ဓေပြောင်းနေကြတယ် ထင်တယ်တဲ့... အရင်က တစ်ရက်နှစ်ရက် ခံတဲ့ပစ္စည်းတွေက အခု တစ်ညတည်းနဲ့ ပုပ်ကုန်တာ"
"ဒါကြောင့် ကျွန်မတို့ စားစရာမှန်သမျှ မဖောက်ရသေးရင် ကိစ္စမရှိဘူး... ဖောက်ပြီးရင်တော့ အမြန်ကုန်အောင်သာစား... ညမသိပ်နဲ့... မဟုတ်ရင် လွှင့်ပစ်ရလိမ့်မယ်"
ဟူဝေမင်က ရုတ်တရက် မေးလိုက်သည်။ "ဒါဆို ဆရာလင်းယွမ်က ငါးတွေအများကြီး လက်ခံထားတာ ဘယ်လို သိမ်းထားလဲ"
ထိုမေးခွန်းကြောင့် အားလုံး အဖြေရှာမရ ဖြစ်သွားကြသည်။ လင်းယွမ်က စားစရာတွေကို ဘယ်လို သိမ်းဆည်းထားပါလိမ့်။
သူ့အိမ်တွင် အသားနှင့် ဟင်းသီးဟင်းရွက်များပင် ရှိသေးသည်။
ဆုန့်ဝမ်လည်း အတွင်းရေးကို သိပ်မသိသဖြင့် ခေါင်းခါလိုက်သည်။
ဟူဝေမင်က မေးစေ့ကို ပွတ်ရင်း "ဆရာလင်းယွမ်အိမ်မှာ ရေခဲသေတ္တာ ရှိနေတာများလား"
"မီးဖိုချောင်ဘက်မှာ ရေခဲသေတ္တာအကြီးကြီးတစ်ခုတော့ တွေ့သလိုပဲ... ဟိုးအရင်တုန်းက ရေခဲချောင်းတွေ ထည့်တဲ့ပုံစံမျိုးလေ" ဆုန့်ဝမ်က ပြန်စဉ်းစားရင်း ပြောလိုက်သည်။
"ရေခဲသေတ္တာ... မီးပျက်နေတာ ကြာပြီမဟုတ်လား... သူ့အိမ်မှာ ဘယ်က မီးရနေတာလဲ" လျှိုတနန်က သံသယဖြင့် မေးလိုက်သည်။
သူတို့တစ်တွေ ဆွေးနွေးတိုင်ပင်ကြရင်း လင်းယွမ်တွင် မီးစက်ရှိကောင်း ရှိနိုင်သည်ဟု ခန့်မှန်းမိကြပြီး ဆွေးနွေးမှုကို ရပ်လိုက်ကြသည်။
အရေးကြီးသည်မှာ ဤပေါက်စီများကို ငါးနှင့် အမြန်လဲလှယ်ပြီး လင်းယွမ်ထံတွင် ဂျုံမှုန့်သွားလဲရန် ဖြစ်သည်။
သူတို့တွင် အချိန်သိပ်မရှိ။ လင်းယွမ်က စားစရာနှင့် ငါးလဲလှယ်နေသည်ဆိုသော သတင်း မပြန့်သွားခင် ရက်ပိုင်းအတွင်း ပထမဆုံး အရင်းအနှီး ရအောင် ရှာရမည်။
နောက်ပိုင်း လူသိသွားကြလျှင် အားလုံးက လင်းယွမ်ဆီ တန်းသွားကြပေလိမ့်မည်။
သို့သော် လျှိုရှုချင်းတို့၏ ပေါက်စီကတော့ ဈေးကွက်ရှိနေဦးမည်သာ။ အဘယ်ကြောင့်ဆိုသော် လင်းယွမ်ထံတွင် ဂျုံမှုန့်သာရှိပြီး ပူပူနွေးနွေး ပေါက်စီမရှိသောကြောင့် ဖြစ်သည်။
ပေါက်စီလုပ်ရန် တစေး၊ ပွဆေးနှင့် လက်ရာလည်း လိုအပ်သေးသည်။
ထို့ကြောင့် သူတို့နေရာ ပျောက်သွားမည်ကို မပူရ။
သို့သော် ဆုန့်ဝမ်၏ မုန့်ဖြင့် ကြားပွဲစားလုပ်မည့် လုပ်ငန်းကတော့ လုံးဝ ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် သူမက အလျင်လိုဆုံး ဖြစ်နေသည်။
သူတို့ တိုင်ပင်ပြီးနောက် လျှိုတနန်နှင့် ဟူဝေမင်က ပေါက်စီ လေးလုံးစီ ထည့်လိုက်ပြီး၊ ဆုန့်ဝမ်က မုန့် ငါးထုပ်ထည့်ကာ ရေစိုခံအိတ်ကိုယ်စီ ဆွဲလျက် ၃၂ ထပ်သို့ တက်သွားကြသည်။
ဒုတိယတိုက်တွဲသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်၍ လုယက်ခံရမည်စိုးသဖြင့် စားစရာ သိပ်အများကြီး မယူရဲကြပေ။
၃၂ ထပ်သို့ ရောက်သောအခါ လင်းယွမ်၏ တံခါးကို ခေါက်ပြီး စင်္ကြံလမ်း တံခါးဖွင့်ပေးရန် တောင်းဆိုကြသည်။
လင်းယွမ်က ဒုတိယတိုက်တွဲသို့ ဘာသွားလုပ်မည်ကို မမေးဘဲ စင်္ကြံလမ်းကို ဖွင့်ပေးလိုက်သည်။ ထို့နောက် စဉ်းစားမိပြီး ကျောက်ခိုင်ကို လှမ်းခေါ်လိုက်သည်။
"အစ်ကိုလင်း... ကျွန်တော့်ကို ခေါ်တာလား" ကျောက်ခိုင် ရောက်လာပြီး ကျန်လူများကို တစ်ချက်ကြည့်ကာ လင်းယွမ်ကို မေးလိုက်သည်။
လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "ကျောက်ခိုင်... မင်း လောလောဆယ် လုပ်စရာမရှိရင် ဒီစင်္ကြံလမ်းတံခါးကို စောင့်ကြည့်ပေး... ဝင်ချင်ထွက်ချင်တဲ့လူရှိရင် ဒါမှမဟုတ် ပြဿနာရှာမယ့်လူရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြား"
"အလကား ခိုင်းတာ မဟုတ်ဘူး... မင်းအမ ရန်မေကို ထမင်းဟင်း ပို့ခိုင်းလိုက်မယ်"
ကျောက်ခိုင် ဝမ်းသာအားရ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။ "အစ်ကိုလင်း... စိတ်ချပါ... ဒီကိစ္စ ကျွန်တော့်တာဝန်ထား"
လင်းယွမ်က သူ့ကို တမင်အကူအညီပေးနေမှန်း သူသိသည်။ လက်ဒဏ်ရာကြောင့် ဘာမှလုပ်မရ ဖြစ်နေချိန်တွင် ဤအလုပ်က အားစိုက်စရာမလိုဘဲ တံခါးစောင့်ရုံသာ ဖြစ်သည်။
ဆက်ရန်...