← Chapters

အခန်း (၈၅-၈၆)

Vol. 5 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 5 Ch. 85-86

အပိုင်း (၈၅) ပေါက်စီရောင်းရန် ကြိုးပမ်းမှု အဆင်မပြေခြင်း

ကျောက်ခိုင်၏ ကျေးဇူးတင်သည့် မျက်နှာထားကို မြင်သောအခါ လင်းယွမ်က ပြုံးရုံသာ ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ဦးလေးမာရဲ့ အခြေအနေ ဘယ်လိုလဲ"

"ဒဏ်ရာက အနာဖေးတက်နေပြီ... ခုဆို ကုတင်ပေါ်ကဆင်းပြီး လမ်းလျှောက်နိုင်နေပြီ"

ကျောက်ခိုင်က သက်ပြင်းချကာ ပြောလိုက်၏။

"ကံကောင်းလို့ ဆေးရှိနေတာ... ပိုးမဝင်သွားဘူး... ပြီးတော့ ဒီရက်ပိုင်း အဟာရလည်း မပြတ်လပ်တော့ တော်သေးတာပေါ့... မဟုတ်ရင် ဒုက္ခရောက်ပြီ"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဆေးရှိရုံသက်သက်ကြောင့်တော့ မဟုတ်လောက်ဘူး... သူက သန္ဓေပြောင်းငါးတွေ စားထားတော့ သူ့ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်း ဗီဇတွေ ရှိနေမှာသေချာတယ်... သန္ဓေပြောင်းအစွမ်း မနိုးထသေးပေမယ့် သန္ဓေပြောင်း စွမ်းအင်တွေက မသိမသာနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ခုခံနိုင်စွမ်းကို မြှင့်တင်ပေးနေလောက်တယ်"

"မင်း လက်မောင်းဆိုရင်လည်း ရက် ၁၀၀ တောင် စောင့်စရာမလိုဘဲ ပြန်ကောင်းလာနိုင်တယ်"

ထိုစကားကို ကြားသောအခါ ကျောက်ခိုင်က ရယ်လိုက်မိသည်။

"မျှော်လင့်ရတာပဲဗျာ... အစ်ကိုလင်းယွမ်... ကျွန်တော်သာ သန္ဓေပြောင်းအစွမ်း နိုးထလာရင် ဝမ်ယန်မေလို အရူးမကြီး ဖြစ်သွားမလား"

လင်းယွမ်က ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် သူ့ကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်လေသည်။

"သွားမစမ်းသပ်နဲ့ဦး... အခုချိန်မှာ သန္ဓေပြောင်းအစွမ်း နိုးထတာရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာ မသိရသေးဘူး... မင်း တကယ်ပဲ အစွမ်းနိုးထချင်တယ် ဆိုရင်တောင် ငါ... ဒါမှမဟုတ် တင်းယန်ကို အရင် အနားခေါ်ထားဖို့ မမေ့နဲ့"

"ဟုတ်ကဲ့... ကျေးဇူးပါ အစ်ကိုလင်းယွမ်"

"ကျေးဇူးတင်စရာ မလိုပါဘူးကွ... ဒါနဲ့ ချိုင်ကြည်ကိုလည်း ပြောထားလိုက်ဦး... အားရင် အောက်ဆင်းပြီး ငါးမျှားဖို့... သန္ဓေပြောင်းငါးတွေ၊ ဂဏန်းတွေ၊ ခရုတွေ၊ ခရုခွံတွေ ရရင် ငါ့ဆီမှာ စားစရာနဲ့ လာလဲလို့ရတယ်လို့"

"သိပြီ"

နှစ်ဦးသား စကားအနည်းငယ် ပြောပြီးနောက် အထပ်များရှိ စင်္ကြံလမ်းများကို ဖောက်ထွင်းခံထားရခြင်း ရှိမရှိ သတိထားစောင့်ကြည့်ရန် လင်းယွမ်က မှာကြားလိုက်၏။ အကယ်၍ တွေ့ရှိပါက ချက်ချင်း ပိတ်ဆို့ရမည်ဖြစ်ပြီး လက်သည်တရားခံကို ရှာဖွေနိုင်လျှင် ပိုကောင်းသည်ဟု ဆိုသည်။

ထို့ပြင် တိုက်တွဲ (၁) ရှိ သူ၏နေရာသို့ အစားအစာ လာရောက်လဲလှယ်လိုသူများသည် ၃၂ လွှာ စင်္ကြံလမ်းမှတစ်ဆင့်သာ ဝင်ရောက်ခွင့်ရှိမည်ဟု စည်းကမ်းသတ်မှတ်လိုက်လေသည်။

အခြားအထပ်များမှ စင်္ကြံလမ်း တံခါးများကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ကာ တက်လာသူများကို လုံးဝ လက်ခံမည်မဟုတ်သည့်အပြင် မောင်းထုတ်မည်ဖြစ်ပြီး နာမည်ပျက်စာရင်းသွင်းမည် ဖြစ်သည်။

ဤသို့လုပ်ဆောင်ခြင်းဖြင့် တိုက်တွဲ (၁) သည် သီးခြားလွတ်လပ်သော နေရာတစ်ခု ဖြစ်လာစေပြီး အခြားအထပ်များနှင့် ရောနှောခြင်း မရှိတော့ပေ။ သို့မှသာ သန္ဓေပြောင်း သတ္တဝါများ သို့မဟုတ် မသမာသူများ ဝင်ရောက်လာခြင်းကို တားဆီးနိုင်ပြီး လုံခြုံရေးပြဿနာများကို ကာကွယ်နိုင်မည် ဖြစ်သည်။

ဆုန့်ဝမ်၊ လျှိုတနန်နှင့် ဟူဝေမင်တို့ သုံးဦး ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် လင်းယွမ်က အခန်းထဲသို့ ပြန်မဝင်ဘဲ အောက်ထပ်သို့ဆင်းကာ ဖောင်လုပ်ရန် ပစ္စည်းများ စတင်စုဆောင်းလေသည်။

စနစ် ၏ ပစ္စည်းသိုလှောင်ခန်း ရှိနေသဖြင့် ပစ္စည်းများကို တစ်ခုချင်း သယ်ယူနေရန် မလိုဘဲ သိုလှောင်ခန်းထဲသို့ တိုက်ရိုက် ထည့်လိုက်ရုံပင်။

ဤနည်းဖြင့် လူအင်အား များစွာ သက်သာသွားလေသည်။

လင်းယွမ်က ဖောင်လုပ်ရန် ပစ္စည်းများ အလုပ်ရှုပ်ခံ စုဆောင်းနေစဉ် သတင်းရရှိသွားသော ချိုင်ကြည်သည်လည်း ချက်ချင်း အောက်ထပ်သို့ ဆင်းလာပြီး ကူညီပေးလေသည်။ သူက အထပ်များကို ကင်းလှည့်ပေးရင်း လင်းယွမ်အတွက် ပစ္စည်းအချို့ကို ကူညီသယ်ဆောင်ပေး၏။

ထိုအချိန်တွင် ဆုန့်ဝမ်တို့ သုံးဦးသည် ၃၂ လွှာ စင်္ကြံလမ်းကို ဖြတ်ကျော်ကာ တိုက်တွဲ (၂) သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

တိုက်တွဲ (၂) ၏ လှေကားလမ်းတစ်လျှောက်တွင် အညစ်အကြေးများ ပြန့်ကျဲနေပြီး မစင်နှင့် သွေးစက်များ နေရာအနှံ့ ပေကျံနေ၏။

နံရံများပေါ်ရှိ မှိုကွက်များ၊ ထောင့်စွန်းများရှိ အမှိုက်ပုံများနှင့် ချက်ပြုတ်ထားသော မီးသွေးခိုးအရာများဖြင့် ရှုပ်ပွနေလေသည်။

ဤနေရာတွင် လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေသဖြင့် သုံးဦးသား သတိကြီးစွာထား၍ စူးစမ်းရှာဖွေနေကြသည်။

လူတိုင်း အိမ်ထဲတွင်သာ ပုန်းအောင်းနေကြပုံရပြီး စင်္ကြံလမ်းတွင် နေထိုင်သူ မရှိသလောက်ပင်။

ယခင်က ဝမ်ယန်မေ၏ သရဲခြောက်သည်ဟူသော ကောလာဟလကြောင့် လူအများစုမှာ ကြောက်လန့်ပြီး တိုက်တွဲ (၃) ဘက်သို့ ပြောင်းရွှေ့သွားကြပုံ ရသည်။

တိုက်တွဲ (၂) တွင် ကျန်ရစ်သူ နည်းပါးလှပြီး အများစုမှာ ကိုယ့်အိမ်ကို မစွန့်ခွာနိုင်သူများနှင့် စင်္ကြံလမ်းတွင် မနေချင်သူများသာ ဖြစ်ကြသည်။

ဆုန့်ဝမ်သည် ဆံပင်ကို တိုတိုညှပ်ထားပြီး ဆိုင်ကယ်ဦးထုပ်ကို ဆောင်းထား၏။ အမျိုးသား ဝတ်စုံကို ဝတ်ဆင်ထားကာ အထဲတွင် ပလတ်စတစ်ပြားများ ခံ၍ အကာအကွယ် ပြုလုပ်ထားသည်။

ယခင်က လင်းယွမ်၏ အပြည့်အစုံ ဝတ်ဆင်ထားသော ပုံစံကို မြင်ဖူးသဖြင့် သူမလည်း အားကျကာ ယခုကဲ့သို့ အကာအကွယ် ပြုလုပ်ထားခြင်း ဖြစ်သည်။

အဆောက်အအုံ တစ်ခုလုံးတွင် လင်းယွမ်က ဤကဲ့သို့သော ဖက်ရှင်ရေစီးကြောင်းကို စတင်ခဲ့သည်ဟု ဆိုရမည်။ ယခုအခါ အပြင်ထွက်သူတိုင်း ဆိုင်ကယ်ဦးထုပ် ဆောင်းထားသည်ကို တွေ့မြင်နေရပြီ ဖြစ်သည်။

"အပြင်မှာ ဘယ်သူမှ မရှိဘူး... တံခါးခေါက်ကြည့်ကြမလား"

ဟူဝေမင်က တစ်ပတ် လှည့်ကြည့်လိုက်သော်လည်း လူအရိပ်အယောင် မတွေ့သဖြင့် တိုက်တွဲ (၃) သို့ ချက်ချင်း မသွားလိုသေးဘဲ တံခါးခေါက် မေးမြန်းရန် အကြံပြုလိုက်သည်။

လျှိုတနန်က ခေါင်းညိတ်ကာ ပြောလိုက်၏။

"ခေါက်ကြည့်တာပေါ့... တိုက်တွဲ (၃) မှာ လူတွေ အရမ်းများပြီး ရှုပ်ထွေးလွန်းတယ်... လောလောဆယ် မသွားတာ ပိုကောင်းမယ်"

"သိပြီ"

ဟူဝေမင်က စကားအများကြီး မပြောတော့ဘဲ ၃၂၀၃ အခန်းကို ရွေးချယ်ကာ တံခါးခေါက်လိုက်လေသည်။

အထဲမှ အသံကြားရသော်လည်း မည်သူမျှ ပြန်မထူးရဲကြပေ။

အထဲတွင် လူရှိကြောင်း ဟူဝေမင် သိသော်လည်း ထိုသူများက မိမိတို့ သုံးဦးကို သတိထား စောင့်ကြည့်နေပုံရသည်။

ထို့ကြောင့် သူက ဦးစွာ စတင်မိတ်ဆက်လိုက်သည်။

"မင်္ဂလာပါဗျ... လူရှိလား... ကျွန်တော်တို့က လူဆိုးတွေ မဟုတ်ပါဘူး... တိုက်တွဲ (၁) က အိမ်ပိုင်ရှင်တွေပါ... ပစ္စည်း လဲစရာ ရှိမရှိ လာမေးတာပါ"

ခေတ္တမျှ စောင့်ဆိုင်းသော်လည်း အထဲမှ လှုပ်ရှားသံ မကြားရသေးပေ။

ဟူဝေမင်က စိတ်မရှည်တော့ဘဲ ထပ်ပြောလိုက်၏။

"ကျွန်တော်တို့ဆီမှာ စားစရာတွေ ရှိတယ်... ငါးနဲ့ လဲချင်လို့ပါ... ဘာငါးဖြစ်ဖြစ် ရပါတယ်... ခင်ဗျားတို့ ကြည့်လို့ရတယ်နော်... ကျွန်တော်တို့က တကယ် လဲချင်လို့ပါ... ပြဿနာ လာရှာတာ မဟုတ်ပါဘူး"

ပြောရင်းဖြင့် သူက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အိတ်ထဲမှ ပေါက်စီတစ်လုံးကို ထုတ်ပြလိုက်သည်။

"ကြည့်ပါ... ဒါ အသားပေါက်စီပါ... ကျွန်တော့်မိန်းမ ခုလေးတင် လုပ်ထားတာ... ပူပူနွေးနွေးလေး ရှိသေးတယ်... ငါးအသားနဲ့ လုပ်ထားတာပါ... ပေါက်စီတစ်လုံးကို ငါး ၄ ကောင်နဲ့ပဲ လဲမယ်"

"လူရှိလားဗျ... ပေါက်စီက အများကြီး မပါဘူးနော်... ခင်ဗျားတို့ မလဲရင် နောက်တစ်အိမ် သွားတော့မယ်"

"အခုချိန်မှာ ဂျုံမှုန့် ဘယ်လောက် ရှားလဲဆိုတာ ခင်ဗျားတို့ သိမှာပါ... ပေါက်စီ မပြောနဲ့ ခေါက်ဆွဲတောင် စားရဖို့ မလွယ်ဘူး"

"ကျွန်တော်ပြောတာ ကြားရလား"

သူ နောက်ထပ် စကားအနည်းငယ် ထပ်ပြောသော်လည်း အထဲမှ တုံ့ပြန်သံ မကြားရပေ။

ဟူဝေမင်က မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ၃၂၀၄ အခန်းဘက်သို့ လှည့်လိုက်လေသည်။

တိုက်တွဲ (၂) သည် တိုက်တွဲ (၁) ကဲ့သို့ပင် တစ်ထပ်၌ အခန်းနှစ်ခန်းသာ ရှိသည်။ တိုက်တွဲ (၁) တွင် အခန်းနံပါတ် ၀၁ နှင့် ၀၂ အဆုံးသတ်သကဲ့သို့ တိုက်တွဲ (၂) တွင် ၀၃ နှင့် ၀၄ ဖြင့် အဆုံးသတ်သည်။

"ဒေါက် ဒေါက် ဒေါက်... လူရှိလားဗျ... ပစ္စည်း လာလဲတာပါ"

"ပစ္စည်း လာလဲတာ ဟုတ်လား"

တံခါးခေါက်လိုက်သည်နှင့် အထဲမှ သံသယဖြစ်နေသော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

ထို့နောက် နောက်ထပ် အသံတစ်သံ ထပ်ထွက်လာသည်။

"အစ်ကိုလီ... ဘယ်သူလဲ"

"အပြင်မှာ လူသုံးယောက် ရောက်နေတယ်... ပစ္စည်း လာလဲတာတဲ့"

"ပစ္စည်းလဲမယ်... စိတ်ဝင်စားစရာပဲ... ကြည့်ရအောင်"

"သူတို့ဆီမှာ လက်နက်တွေ ပါတယ်နော်"

"ဘာကြောက်စရာ ရှိလဲ... ငါတို့ဆီမှာလည်း လူလေးယောက် ရှိတာပဲ... ပစ္စည်းတွေ အသင့်ပြင်ထား"

လူအများအပြား ပြောဆိုနေသံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ဟူဝေမင်၏ မျက်နှာ အရောင်ပြောင်းသွားကာ ချက်ချင်း နောက်ဆုတ်လိုက်ပြီး လျှိုတနန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"သမီးဆုန့်... နင် စင်္ကြံလမ်းတံခါးကို သွားဖွင့်ထားလိုက်... အခြေအနေ မဟန်ရင် တိုက်တွဲ (၁) ဘက်ကို ပြေးပြီး ဆရာလင်းကို သွားခေါ်"

လျှိုတနန်က တီးတိုး လှမ်းပြောလိုက်၏။

ဆုန့်ဝမ်မှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခေါင်းကို တရစက် ညိတ်ကာ စင်္ကြံလမ်းဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားသည်။

ထိုအချိန်တွင် ၃၂၀၄ တံခါး ပွင့်သွားပြီး တောင့်တင်းခိုင်မာသော လူကြီးနှစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူနှစ်ဦးမှာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး အရပ် ၆ ပေခန့် မြင့်မားကြသည်။ လက်ထဲတွင်လည်း ဓားကိုယ်စီ ကိုင်ဆောင်ထားကြ၏။

သူတို့၏ နောက်တွင် အရပ်အနည်းငယ်ပုသော လူနှစ်ဦး ထပ်ထွက်လာပြီး တစ်ဦးမှာ ဒဏ်ရာရထားပုံရကာ ခေါင်းတွင် ပတ်တီးစည်းထားသည်။

ဘယ်ဘက် ပခုံးပေါ်တွင် နဂါးစိမ်း တက်တူးထိုးထားသော ခေါင်းဆောင်ဖြစ်သူက ဟူဝေမင်နှင့် လျှိုတနန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက လှုပ်ရှားသွားပြီး ပါးစပ်ဖြဲကာ မေးလိုက်၏။

"ပစ္စည်းလဲမယ်... မင်းတို့ဆီမှာ ဘာပစ္စည်း ရှိလို့လဲ"

ဟူဝေမင်က ထိုလူများကို ကြည့်ကာ စိုးရိမ်ထိတ်လန့်သွားသော်လည်း ဟန်မပျက် ပြောလိုက်သည်။

"ပေါက်စီ... ကျွန်တော်တို့ဆီမှာ ပေါက်စီရှိတယ်... ခုမှ ပေါင်းထားတာ... အငွေ့တောင် ထွက်နေတုန်း"

ထိုစကားကို ကြားသောအခါ ခေါင်းဆောင်ဖြစ်သူက မျက်လုံးပြူးကာ မေးလိုက်၏။

"ပေါက်စီ... ဘယ်မှာလဲ... ငါ့ကို ပြစမ်း"

ဟူဝေမင်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။

"ကျွန်တော်တို့က ငါး၊ ခရုခွံ၊ ဂဏန်း၊ ခရု... ဒီလို ရေနေသတ္တဝါတွေနဲ့ပဲ လဲတာပါ... ပြီးတော့ အရှင် ဖြစ်မှရမယ်"

"ပေါက်စီတစ်လုံးကို ငါး ၄ ကောင်၊ ဒါမှမဟုတ် ခရု ၁၀ ကောင်၊ ဒါမှမဟုတ် ဂဏန်း ၂ ကောင်နဲ့ လဲမယ်... ခင်ဗျားတို့ဆီမှာ ရှိလား"

သူက ပေါက်စီကို ထုတ်မပြဘဲ ဦးစွာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။

တက်တူးနှင့် လူက မျက်လုံးကို ကျဉ်းလိုက်ပြီး ပြော၏။

"မင်း အမေ... မင်းက ပစ္စည်း လာလဲတာလား... စားစရာ လာလုတာလား... ဒီလို လဲတဲ့နှုန်းနဲ့ဆိုရင် ငါတို့က လေပဲ စားရမှာလား"

ဟူဝေမင်က အလျင်အမြန် ရှင်းပြလေသည်။

"ပေါက်စီက ဂျုံမှုန့်နဲ့ လုပ်ထားတာလေ... အထဲမှာလည်း ငါးအသားတွေ ပါသေးတယ်... ငါးဆိုတာက အောက်ဆင်းပြီး မျှားလိုက်ရင် ရတာပဲ... ခင်ဗျားတို့ မရှုံးပါဘူး"

"အစ်ကိုလီ"

ဘေးနားရှိ မုတ်ဆိတ်မွေးများနှင့် လူက အချက်ပြကာ လှမ်းခေါ်လိုက်သည်။

လျှိုတနန်က အခြေအနေ မကောင်းမှန်း ရိပ်မိလိုက်သဖြင့် ဟူဝေမင်ကို ဆွဲကာ အော်ပြောလိုက်၏။

"ပြေးတော့"

နှစ်ဦးသား နောက်လှည့်ပြီး တာစူပြေးကြတော့သည်။ ဟိုဘက်ရှိ ဆုန့်ဝမ်ကလည်း ထိုမြင်ကွင်းကို မြင်သည်နှင့် စကားတစ်ခွန်းမျှ မဆိုဘဲ ပုလင်းလွတ်တစ်လုံးဖြင့် ပစ်ပေါက်ကာ အော်ဟစ်လိုက်လေသည်။

"ကယ်ကြပါဦး"

သူမက တိုက်တွဲ (၁) ဘက်သို့ လှည့်ပြေးလေတော့သည်။

မုတ်ဆိတ်မွေးနှင့်လူ၊ တက်တူးနှင့်လူတို့သည်လည်း ချက်ချင်းပင် ခြေကုန်သုတ်ကာ လိုက်ဖမ်းကြ၏။

သူတို့နောက်မှ ကျန်လူနှစ်ဦးသည်လည်း အတူတကွ ပြေးလိုက်လာကြသည်။

ခြေလှမ်း အနည်းငယ်မျှဖြင့် သူတို့သည် စင်္ကြံလမ်းကို ဖြတ်ကျော်ကာ တိုက်တွဲ (၁) တံခါးဝသို့ ရောက်ရှိလာကြသည်။

တိုက်တွဲ (၁) ဘက်တွင် ကျောက်ခိုင်သည် စင်္ကြံလမ်း တံခါးဝ၌ ထိုင်နေပြီး သူ့ဘေးတွင် ဆံပင်တိုနှင့် မိန်းကလေးတစ်ဦး ရှိနေသည်။

"အဖေ... ဦးလေးဟူ... မြန်မြန်လာ... မြန်မြန်"

ထိုမိန်းကလေးမှာ လျှိုဖေးဖေး ဖြစ်သည်။ သူမသည် ဖခင်ဖြစ်သူတို့ကို စိတ်ပူသဖြင့် ခိုးကြောင်ခိုးဝှက် လိုက်လာခြင်း ဖြစ်၏။

ယခုလို အခြေအနေဆိုးကို မြင်သောအခါ သူမက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

ကျောက်ခိုင်က မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်၏။

"မကြောက်နဲ့"

သူက ဆုန့်ဝမ်တို့ သုံးဦးကို ဖြတ်သွားစေလိုက်ပြီးနောက် ဓားမြှောင်ကို ကိုင်ကာ ပြေးဝင်လာသော လူသုံးဦးကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

"ရပ်လိုက်"

သူက အေးစက်စွာ အော်ဟစ်တားဆီးလိုက်၏။ တစ်ယောက်တည်း ဖြစ်သော်လည်း သူ၏ အရှိန်အဝါကြောင့် မည်သူမျှ အထင်သေးရဲခြင်း မရှိပေ။

သူသည် လူသတ်ဖူးသူ၊ သွေးစက်လက်တွေ့ မြင်ဖူးသူ ဖြစ်သဖြင့် သာမန်လူများနှင့်မတူ သတ္တိဗျတ္တိ ပြည့်စုံနေသည်။ အထူးသဖြင့် သူ့နောက်တွင် လင်းယွမ်တို့ ရှိနေသည်ဟူသော အသိက သူ့ကို ပိုမို ယုံကြည်မှု ရှိစေသည်။

တက်တူးနှင့်လူက ထိုအခြေအနေကို မြင်သောအခါ ဆဲရေးလိုက်၏။

"တောက်... ဖယ်စမ်းကွာ"

သူက ရှေ့သို့တိုးကာ ကျောက်ခိုင်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။

ကျောက်ခိုင်က နောက်သို့ ချက်ချင်း ခြေတစ်လှမ်း ဆုတ်လိုက်ကာ ကိုယ်ကို ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ဓားမြှောင်ဖြင့် လှီးဖြတ်လိုက်သည်။

"ရွှပ်..."

ထက်မြက်သော ဓားမြှောင်ကြောင့် တစ်ဖက်လူ၏ ဘောင်းဘီစုတ်ပြဲသွားလေသည်။

တက်တူးနှင့်လူမှာ လန့်ဖျပ်သွား၏။ လက်မောင်းတွင် ပတ်တီးစည်းထားသော ကောင်လေးက ဤမျှ ကြမ်းတမ်းပြီး လှုပ်ရှားမှု မြန်ဆန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူက ချက်ချင်း အော်ပြောလိုက်သည်။

"လာကြစမ်း... လောင်မုန့်၊ ရှောင်ချိုး၊ လေးလုံး... ငါတို့အတူတူ ဝိုင်းချမယ်... ဒီကောင်ကို အရင် သတ်ပစ်"

သူ အော်ဟစ်လိုက်သည်နှင့် ကျန်လူများကလည်း ချက်ချင်း ပြေးဝင်လာကြသည်။

ထိုစဉ် ၃၂၀၂ အခန်းတံခါး ရုတ်တရက် ပွင့်သွားပြီး သန်မာဖျတ်လတ်သော အရိပ်တစ်ခု လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာ၏။

တက်တူးနှင့်လူ သတိမဝင်ခင်မှာပင် ပြင်းထန်သော လက်သီးချက်တစ်ခု ဝုန်းခနဲ ကျရောက်လာသည်။

အမွှေးနံ့သင်းပျံ့သော လေပြေတစ်ချက် ဖြတ်သန်းသွားပြီးနောက် "ဘုန်း" ခနဲ အသံနှင့်အတူ သူ၏ မျက်လုံးများ ပြာဝေသွားကာ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားလေ၏။

"အစ်ကိုလီ"

မုတ်ဆိတ်မွေးနှင့်လူမှာ လန့်ဖျပ်သွားပြီး အာမေဋိတ် ရေရွတ်လိုက်မိသည်။ သူ ဘာမှမလုပ်နိုင်ခင်မှာပင် ထိုလူက ဝိုက်ကန်ချက်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

ခြေတံရှည်ရှည်ဖြင့် ကန်လိုက်သော ထိုကန်ချက်၏ အစွန်းတစ်ဝိုက်တွင် ဖျော့တော့သော အလင်းရောင်များ ပါရှိနေသည်။

"ဘုန်း..."

ထိုကန်ချက်က မုတ်ဆိတ်မွေးနှင့်လူ၏ ရင်ဘတ်ကို ထိမှန်သွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

ဘေးရှိ စင်္ကြံလမ်း တံခါးနှင့် ဝင်ဆောင့်မိပြီး "ဝေါ့" ခနဲ သွေးအန်ကာ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားသည်။

စင်္ကြံလမ်းပေါ်တွင် ကူညီရန် ပြေးလာသော မျက်မှန်နှင့်လူ၊ ပတ်တီးစည်းထားသော လူတို့မှာ ကြောင်အမ်းကာ ရပ်တန့်သွားကြသည်။

ရက်စက်ကြမ်းကြုတ်သော မျက်နှာထားများ ပျောက်ကွယ်သွားပြီး မယုံနိုင်စရာ မြင်ကွင်းကို ကြည့်ကာ ကြက်သေသေနေကြ၏။

"မင်း"

"အစ်ကိုလီ... အစ်ကိုမုန့်"

ခါးပတ်စည်း ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသော တင်းယန်က အားကစား ဖိနပ်စီးထားသည့် ခြေထောက်ဖြင့် လှမ်းလာကာ သတိပြန်ဝင်လာစ ပြုနေသော အစ်ကိုလီ၏ ခေါင်းကို နင်းလိုက်ပြီး အေးစက်စွာ ပြုံးလိုက်လေသည်။

လက်ထဲတွင် သွေးထားသော သံချောင်းတစ်ချောင်းကို ကိုင်ဆောင်ထားပြီး အစ်ကိုလီ၏ နားထင်ကို ထောက်ကာ မေးလိုက်၏။

"သေချင်လို့လား"

အစ်ကိုလီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ကြောက်ရွံ့ခြင်းများက လှိုင်းတံပိုးများကဲ့သို့ ဝင်ရောက်လာသည်။

သူက ထိတ်လန့်တကြား အသနားခံလိုက်လေသည်။

"အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ... ကျွန်တော်... ကျွန်တော် နောက်မလုပ်ရဲတော့ပါဘူး"

တင်းယန်က အေးစက်စွာ ရယ်မောလိုက်သည်။

"သေချာ နားထောင်... တိုက်တွဲ (၁) က အခု ငါတို့ပိုင်တာ... ဘယ်သူမဆို တိုက်တွဲ (၁) ကို လာပြီး ပြဿနာရှာရဲရင် လည်စင်းခံဖို့သာ ပြင်ထားလိုက်"

"ငါ့နာမည်က တင်းယန်... ငါ့တို့ရဲ့ ခေါင်းဆောင်က လင်းယွမ်... ဒီနေ့ကစပြီး တိုက်တွဲ (၁) ထဲ ဝင်ချင်တဲ့ ဘယ်သူမဆို ၃၂ လွှာ စင်္ကြံလမ်းကနေပဲ လာရမယ်"

"တခြားအထပ်က စင်္ကြံလမ်းတွေကို ငါတို့ အသေပိတ်ထားပြီးပြီ... သော့ဖျက်ပြီး ကျူးကျော်ဝင်ရောက်လာရဲရင် ငါတို့ဘက်က ညှာတာမှာ မဟုတ်ဘူး"

"ထွက်သွား"

သူမက အစ်ကိုလီ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ ပြင်းထန်သော အားကြောင့် အစ်ကိုလီမှာ ကြမ်းပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လှိမ့်သွားပြီး အရိုးများ ကျိုးလုမတတ် နာကျင်သွားလေသည်။

သို့သော် ဤအစ်ကိုလီမှာလည်း သတ္တိရှိသူဟု ဆိုရမည်။ နာကျင်မှုကြောင့် ချွေးစေးများ ပြန်နေသော်လည်း ညည်းသံတစ်ချက်သာ ပြုပြီး အော်ဟစ်ခြင်း မရှိပေ။

အသက်တစ်ချက် ရှူလိုက်ပြီးမှ သွေးအန်ချင်စိတ်ကို အတင်းမျိုသိပ်ကာ ယိုင်နဲ့နဲ့ဖြင့် ထွက်ခွာသွားလေသည်။

ကျန်လူသုံးဦးအနက် သတိလစ်နေသော လောင်မုန့်မှလွဲ၍ ကျန်နှစ်ဦးမှာ အစ်ကိုလီကို အမြန်တွဲကာ တိုက်တွဲ (၂) ဘက်သို့ ပြေးသွားကြသည်။

တင်းယန်က လောင်မုန့်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"ကျောက်ခိုင်... ဒီကောင် သေမသေ ကြည့်လိုက်ဦး... သေပြီဆိုရင် အောက်ကို ပစ်ချလိုက်... ဒီနေရာကို မညစ်ပတ်စေနဲ့"

ကျောက်ခိုင်က လျှောက်လာပြီး တင်းယန်ကို လက်မထောင်ပြကာ တီးတိုး ပြောလိုက်သည်။

"အမတင်း... မိုက်တယ်ဗျာ"

တင်းယန်က ပြုံးလိုက်ပြီး ကျောက်ခိုင်၏ ပုခုံးကိုပုတ်လိုက်သည်။

ကြမ်းပြင်ပေါ်မှ လောင်မုန့်မှာ ရုတ်တရက် မျက်လုံးပွင့်လာပြီး အလျင်အမြန် အသနားခံလေသည်။

"မသေသေးပါဘူး... မသေသေးပါဘူး... အလှမယ်လေး အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါဗျာ"

ကျောက်ခိုင်က ရှေ့တိုးလာပြီး ဓားမြှောင်ဖြင့် သူ့မျက်နှာကို ရွယ်ကာ မေးလိုက်၏။

"အမတင်း ခုနက ပြောတာတွေ ကြားလိုက်လား"

"ကြား... ကြားပါတယ်... ကြားပါတယ်ဗျ"

"မင်း ဟိုပြန်ရောက်ရင် အားလုံးကို ပြောလိုက်... စည်းကမ်းမလိုက်နာရင် အမတင်းက လူသတ်လိမ့်မယ်လို့"

"ဟုတ်... ဟုတ်ကဲ့... ပြန်ရောက်ရင် ပြောလိုက်ပါ့မယ်... တခြားလူတွေကိုလည်း အသိပေးလိုက်ပါ့မယ်"

"ထွက်သွား"

"ကျေးဇူးပါ... ကျေးဇူးပါဗျာ"

မုတ်ဆိတ်မွေးနှင့် လောင်မုန့်မှာ ကပျာကသီ ထရပ်ကာ ရင်ဘတ်ကို ဖိ၍ ယိုင်နဲ့နဲ့ဖြင့် တိုက်တွဲ (၂) ဘက်သို့ ပြန်ပြေးသွားလေသည်။

ကျောက်ခိုင်က တင်းယန်ဘက်သို့ လှည့်ကာ ရယ်မောလိုက်သည်။

"အမတင်း... ကိစ္စပြတ်သွားပြီ"

တင်းယန်က ပြောလိုက်၏။

"နောက်မှ ငါ့ဒူးလေး နင့်ကိုပေးမယ်... လင်းယွမ်က နင့်ကို ဒီမှာ စောင့်ခိုင်းထားတာ... အဝေးပစ် လက်နက်မရှိလို့ ဘယ်ဖြစ်မလဲ"

ကျောက်ခိုင်က ခေါင်းကုတ်လိုက်ပြီး အားကျသည့် လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်မှာသာ အမတင်းလို အစွမ်းမျိုးရှိရင် ဘာလက်နက်မှ မလိုပါဘူးဗျာ"

တင်းယန်က ပြုံးလိုက်၏။

"အားကျတာလား... အသက်နဲ့ ရင်းထားရတာဟဲ့"

သူမက ပြောပြီးသည်နှင့် ဆုန့်ဝမ်တို့ သုံးဦးကို ကြည့်ကာ မေးလိုက်သည်။

"ရှင်တို့က တိုက်တွဲ (၁) မှာ ကောင်းကောင်းမနေဘဲ ဟိုဘက်ကို ဘာသွားလုပ်ကြတာလဲ"

သုံးဦးသား မျက်နှာပျက်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

စီးပွားရေး အသေးစားလေးလုပ်ပြီး ကြားပေါက် အမြတ်ရှာကြမယ်လို့ တွေးခဲ့မိတာ...။

အသက်ပါ ပေးလိုက်ရလုနီးပါး ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

ခေတ်ကြီးက တကယ် ပြောင်းလဲသွားပြီပဲ... လက်သီးမခိုင်ရင် အိမ်ပြင်တောင် မထွက်သင့်တော့ပါလား။

ဆုန့်ဝမ်က ခါးသက်စွာ ပြုံးလိုက်ပြီး အမှန်တိုင်းသာ ဝန်ခံလိုက်ရသည်။

"ကျွန်... ကျွန်မတို့ ပစ္စည်းသွားလဲမလို့ပါ... ဒီလိုဖြစ်မယ်လို့ ထင်မထားမိဘူး"

ပြောရင်းဖြင့် သူမက ကြားပွဲစားလုပ်မည့် အစီအစဉ်ကို ဖွင့်ပြောလိုက်ရသည်။

ဟူဝေမင်နှင့် လျှိုတနန်တို့လည်း ဖုံးကွယ်မထားနိုင်တော့သဖြင့် ပေါက်စီရောင်းမည့် အစီအစဉ်ကို အမှန်အတိုင်း ပြောပြလိုက်ကြသည်။

တင်းယန်က နားထောင်ပြီးနောက် အလွန်အံ့ဩသွားလေသည်။

သူမက သုံးဦးသားကို အထက်အောက် စုန်ဆန်ကြည့်လိုက်ပြီး အံ့ဩတကြီး ပြောလိုက်၏။

"ရှင်တို့က ဦးနှောက်တော့ ရှိသားပဲ... ဟားဟား... ဒီကိစ္စကို လင်းယွမ် ပြန်လာမှ သူဘယ်လို ဆုံးဖြတ်မလဲ ကြည့်ကြတာပေါ့... ဒါနဲ့ ရှင်တို့ရဲ့ ပေါက်စီ ကျွန်မကိုပြစမ်း"

ဟူဝေမင်က မထုတ်ပေးရဲဘဲ မနေနိုင်သဖြင့် ပေါက်စီတစ်လုံးကို ချက်ချင်း ထုတ်ပေးလိုက်သည်။

တင်းယန်က ပေါက်စီကို ယူကာ ကိုက်စားလိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွားလေသည်။

"ရှယ်ပဲ... တကယ် စားလို့ကောင်းတယ်... ခေါက်ဆွဲပြုတ်ထက် အများကြီး ပိုကောင်းတာပဲ"

သူမက နှစ်ကိုက် သုံးကိုက်ဖြင့် ပေါက်စီတစ်လုံးကို ကုန်စင်အောင် စားလိုက်ပြီးနောက် မေးလိုက်၏။

"ရှင့်မှာ ဘယ်လောက် ကျန်သေးလဲ"

ဟူဝေမင်က ခါးသက်စွာ ပြုံးလိုက်ပြီး မဖြေဘဲ မနေရဲတော့ပေ။

"လေးလုံး ကျန်ပါသေးတယ်"

"ဒီလိုလုပ်... ဒီပေါက်စီတွေ အကုန် ကျွန်မကိုပေး... ကျွန်မ ရှင့်ကို အနိုင်ကျင့်ပြီး အလကား မယူပါဘူး... ငါးနဲ့တော့ မလဲဘူး... ဂျုံမှုန့်နဲ့ ပြန်လဲပေးမယ်"

"စိတ်ချ... ကျွန်မက အတင်းအဓမ္မ ဝယ်တာမျိုး မလုပ်ဘူး... ရှင်ပဲ ဈေးပြော... ပေါက်စီလေးလုံးကို ဂျုံမှုန့် ဘယ်လောက်လဲ"

သူမ၏ စကားကြောင့် ဟူဝေမင်မှာ ကြောင်အမ်းသွားလေသည်။

အစွမ်းထက်လွန်းလှသော တင်းယန်က အလကား မစားဘဲ ဂျုံမှုန့်ဖြင့် ပြန်လဲပေးမည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

တင်းယန်က သူ့ကို စမ်းသပ်နေခြင်း ဖြစ်မလားဟုပင် သံသယဝင်မိလိုက်သည်။

သူက ပြာပြာသလဲ ပြောလိုက်၏။

"မ... မလုပ်ပါနဲ့... ခင်ဗျား ကြိုက်ရင် ယူစားလိုက်ပါ"

တင်းယန်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

"ရှင်က ဘာသဘောလဲ... ကျွန်မကို လျှိုအားလုံတို့လို လူမျိုးလို့ ထင်နေတာလား... ကျွန်မက ရှင့်ပေါက်စီကို အလကား မယူဘူးလို့ ပြောပြီးပြီပဲ... ဒီမှာစောင့်နေ"

သူမက ၃၂၀၂ အခန်းထဲသို့ ချက်ချင်း ပြန်ဝင်သွားလေသည်။

ဟူဝေမင်မှာ စိတ်လှုပ်ရှားသွားပြီး ကျောက်ခိုင်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

"မောင်ကျောက်ခိုင်... ကြည့်ပါဦး... ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ... ဦးလေး ပြောတာ မှားသွားလို့လား"

ကျောက်ခိုင်က သူ့ကို ကြည့်ပြီး ပြောလိုက်၏။

"ဦးလေးက အမတင်းကို လျှိုအားလုံတို့လို ဓားပြတွေနဲ့ သွားနှိုင်းတာကိုး... သူက ဘယ်ပျော်မလဲ... ကျွန်တော်တို့က လျှိုအားလုံတို့လို လူတွေ မဟုတ်ဘူး... အစ်ကိုလင်းယွမ်က လျှိုအားလုံကို သတ်လိုက်တာလည်း လူတွေဆီက ပစ္စည်း လုချင်လို့ မဟုတ်ဘူး"

"ကျွန်တော်တို့ လိုချင်တာက တည်ငြိမ်ပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုပဲ... တိရစ္ဆာန်လို အပြုအမူတွေကို ထပ်မမြင်ချင်တော့ဘူးလေ"

"ကျွန်တော်တို့ကို လျှိုအားလုံတို့ လူစုနဲ့ ထပ်မရောနဲ့တော့... ခဏနေ အမတင်း ဘာခိုင်းခိုင်း ဦးလေးတို့ နားထောင်လိုက်ပါ"

ဟူဝေမင်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ ကပ်ဘေးရေလွှမ်းမိုးမှု ဖြစ်ကတည်းက အနိုင်ကျင့်မှုပေါင်း များစွာကို သူ မြင်တွေ့ခဲ့ရသည်။

လျှိုအားလုံတို့ လူစုက မလုပ်ရဲတာ ဘာမှမရှိပေ။ သူက အရင်တုန်းက ရိုးသားတဲ့ လုံခြုံရေး ဝန်ထမ်းတွေ ရက်စက်ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေ ဖြစ်ကုန်တာကို မြင်ဖူးသလို၊ အရင်တုန်းက သူ့ကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တတ်တဲ့ အိမ်ရာစီမံခန့်ခွဲသူတွေက လုယက်သတ်ဖြတ်တဲ့ လူယုတ်မာတွေ ဖြစ်ကုန်တာကိုလည်း မြင်ဖူးသည်။

ထိုအချိန်ကတည်းက လောကကြီး မတူတော့မှန်း သူ နားလည်ခဲ့သည်။ ဒီလိုလူမျိုးတွေကို ရင်ဆိုင်ရရင် ဆန့်ကျင်မလား၊ ဒါမှမဟုတ် ငြိမ်ငြိမ်လေး နေမလား၊ မဟုတ်ရင် ပုန်းနေမလား ဆိုတာပဲ ရွေးချယ်စရာ ရှိသည်။

သူက မဆန့်ကျင်ရဲသလို၊ ခိုင်းတာလုပ်ပြီး ထိုတိရစ္ဆာန်တွေရဲ့ နောက်လိုက်လည်း မလုပ်ချင်ပေ။ ထို့ကြောင့် ဝေးဝေးသာ ရှောင်ပုန်းနေခဲ့ရသည်။

သို့သော် ယနေ့တွင် သူ့အပေါ် ဗိုလ်ကျစိုးမိုးနိုင်သည့် လူတစ်ယောက်က စည်းကမ်းထိန်းသိမ်းချင်ကြောင်း၊ တည်ငြိမ်မှု လိုချင်ကြောင်း ပြောလာသည်။

ဒါက သူ့အတွက် တကယ် အံ့ဩစရာ ကောင်းသလို စိတ်လှုပ်ရှားစရာလည်း ဖြစ်နေမိသည်။

"ဆရာလင်းတို့ လူစုက... တကယ်ပဲ... တခြားသူတွေနဲ့ မတူဘူး"

စဉ်းစားနေစဉ်မှာပင် တင်းယန်က အခန်းထဲမှ ပြန်ထွက်လာသည်။ လက်ထဲတွင် ဂျုံမှုန့်အိတ်လေး တစ်လုံး ပါလာ၏။

"လင်းယွမ်က ရှင်တို့ကို ငါး ၅ ကောင်ကို ဂျုံမှုန့် ၁ ခွက်နှုန်းနဲ့ လဲပေးတယ်မလား... ရှင့်ပေါက်စီတစ်လုံးကို ဂျုံမှုန့် ဘယ်လောက်ကုန်လဲ ကျွန်မ မသိဘူး... ဒါပေမယ့် ရှင်တို့ လင်းယွမ်ဆီက ဂျုံမှုန့် ၄ ခွက် လဲသွားတာကိုတော့ ကျွန်မသိတယ်"

"ဒီမှာ ဂျုံမှုန့် ၈ ခွက်စာ ရှိတယ်... ရှင် ကြည့်လိုက်... ပေါက်စီ ဘယ်နှစ်လုံးရမလဲ"

ပြောရင်းဖြင့် သူမက ဂျုံမှုန့်အိတ်ကို ဟူဝေမင်လက်ထဲ ထည့်ပေးလိုက်လေသည်။

ဟူဝေမင်မှာ တုန်ယင်သွားပြီး ဝမ်းသာအားရ ဖြစ်သွား၏။

ဂျုံမှုန့် ၄ ခွက်နဲ့ ပေါက်စီ ၃၀ ကျော် လုပ်လို့ရသည်။

အခု ဂျုံမှုန့် ၈ ခွက်ဆိုတော့ ပေါက်စီ ၆၀ ကျော် ထွက်မှာပေါ့...။

လူကောင်းတွေပါလား...

ညီမတင်းက တကယ်ပဲ လူကောင်းကြီးပါလား...။

သူက စိတ်လှုပ်ရှားစွာဖြင့် ကျောပိုးအိတ်ကို ဖွင့်ကာ ပြောလိုက်သည်။

"ညီမတင်း... ကျွန်တော့်ဆီမှာ... ပေါက်စီ ၅ လုံး ရှိပါတယ်... အစ်ကိုလျှို... အစ်ကိုလျှို"

လျှိုတနန်လည်း သတိဝင်လာပြီး ရင်ခွင်ထဲမှ ပေါက်စီများကို အမြန်ထုတ်ပေးလိုက်လေသည်။

"ညီမတင်း... ကျွန်တော့်ဆီမှာလည်း ပေါက်စီ ၅ လုံး ရှိပါတယ်... အကုန် ယူလိုက်ပါ"

တင်းယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ဂျုံမှုန့် ၈ ခွက်က ပေါက်စီ ၁၀ လုံးပဲ ရတာလား"

ဟူဝေမင်က ကပျာကသီ ရှင်းပြလေသည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော်တို့လည်း မလိမ်ရဲပါဘူး... တကယ်တော့ ဂျုံမှုန့် ၄ ခွက်နဲ့ ပေါက်စီ ၃၀ ကျော် လုပ်လို့ရပါတယ်"

တင်းယန်က အံ့ဩသွားသည်။

"အဲ့လောက်တောင် ရတာလား"

ဟူဝေမင်က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။

"ပွဆေး နည်းနည်း ပိုထည့်ထားလို့ပါ"

တင်းယန်က သဘောပေါက်သွားသည်။ ပွဆေးက မုန့်ကို တော်တော်ပွစေမှန်း သူမ သိလိုက်ပြီ ဖြစ်သည်။ သူမက ထပ်မငြင်းတော့ဘဲ ပေါက်စီ ၁၀ လုံးကို သိမ်းကာ ပြောလိုက်၏။

"ကောင်းပြီလေ... ဒါဆို ပေါက်စီ ၁၀ လုံးပဲ ထားလိုက်တော့မယ်... ရှင်တို့ မရှုံးရင် ပြီးတာပဲ"

"ကျောက်ခိုင်... ညကျရင် လင်းယွမ်ကို ခေါ်ပြီး ပေါက်စီ အတူစားကြမယ်"

"ပြီးတော့ ရှင်တို့လည်း ကိစ္စရှိရင် ကျွန်မကို လာပြောလို့ရတယ်... ရှင်တို့ပစ္စည်းကို လာလုရဲတဲ့ကောင် ရှိရင် ကျွန်မ ရှင်းပေးမယ်"

တင်းယန်က ဟူဝေမင်တို့ကို ပြောပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားလေသည်။

မကြာမီ အခန်းထဲမှ အဒေါ်ကြီးလီ၊ ချိုင်ယောင်နှင့် ဝူချင်းတို့၏ ပျော်ရွှင်စွာ ရယ်မောသံများ ထွက်ပေါ်လာသည်။

ကျောက်ခိုင်က ပြုံးလိုက်ပြီး သူတို့ကို ကြည့်ကာ ပြောလိုက်၏။

"မြင်ပြီမလား... အမတင်းက လူဆိုး မဟုတ်ပါဘူး... ကျွန်တော်တို့အားလုံး လူဆိုးတွေ မဟုတ်ကြပါဘူး... ကဲ... ခင်ဗျားတို့ လုပ်စရာရှိတာ သွားလုပ်ကြတော့"

ဟူဝေမင်နှင့် လျှိုတနန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပျော်ရွှင်စွာ ကျေးဇူးတင်စကား ဆိုကာ ပေါက်စီယူရန် အိမ်သို့ အမြန်ပြန်ပြေးကြလေသည်။

တင်းယန်၏ စကားကြောင့် သူတို့ သတ္တိတွေ ပိုရှိလာကာ နောက်တစ်ကြိမ် ထပ်မံကြိုးစားရန် ဆုံးဖြတ်လိုက်ကြသည်။

ပေါက်စီက ညသိပ်လို့ မခံပေ။ ကြာရင် ပျက်စီးသွားလိမ့်မည်။

ငါးအရှင်တွေနဲ့ လဲထားတာက ပိုတွက်ခြေကိုက်သည်။

ထိုနေရာတွင် ဆုန့်ဝမ်တစ်ယောက်သာ မျက်နှာငယ်လေးဖြင့် ကျန်ရစ်ခဲ့လေသည်။ သူမက ယခုအချိန်ထိ မုန့်ထုပ် တစ်ထုပ်မှ မရောင်းရသေးပေ။

ဆက်ရန်...

အပိုင်း (၈၆) မျက်နှာသစ် မိတ်ကပ်လိမ်းပြီး ငါနဲ့လိုက်ခဲ့

"စောစောက အစ်မကြီးက အရမ်းမိုက်တာပဲ... သူ ဘယ်လိုလုပ် အဲ့လောက်တော်နေရတာလဲ"

ဖခင်ဖြစ်သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း လျှိုဖေးဖေးတစ်ယောက် ဘေးနားရှိ ဆုန့်ဝမ်အား စိတ်လှုပ်ရှားစွာ ပြောလိုက်ခြင်း ဖြစ်သည်။

ခုနလေးတင် တင်းယန်က အမှတ် ၂ တိုက်တွဲမှ လူကောင်ကြီးများကို နှစ်ချက်သုံးချက်နှင့် အပြတ်ကိုင်လိုက်သည်ကို ကြည့်ပြီး လျှိုဖေးဖေးတစ်ယောက် သွေးဆူကာ စိတ်လှုပ်ရှားနေရသည်။

ယခု တင်းယန် ထွက်သွားပြီ ဖြစ်သဖြင့် သူမသည် မနေနိုင်တော့ဘဲ ဆုန့်ဝမ်နှင့် ဆွေးနွေးမိတော့သည်။

ဆုန့်ဝမ်ကလည်း အားကျသည့် မျက်နှာထားဖြင့် ပြောလာသည်။ "သူ့ခွန်အားက သိပ်ကြီးတာပဲ... ဘယ်လိုလုပ်ထားလဲ မသိဘူးနော်"

ကမ္ဘာပျက်ကပ် ရေဘေးကြီးအောက်တွင် ဥပဒေစိုးမိုးမှုများ ပျက်စီးယိုယွင်းကာ လူအများ၏ ရက်စက်ကြမ်းကြုတ်သည့် စိတ်ဓာတ်များ နိုးထလာကြပြီး အင်အားသည်သာ အရာရာ ဖြစ်လာခဲ့သည်။ မိန်းမသားများမှာမူ ဤအခြေအနေတွင် သဘာဝအရ အားနည်းသူများ ဖြစ်နေတတ်သည်။

သို့သော် ယနေ့ တင်းယန်၏ စွမ်းဆောင်ရည်က ဆုန့်ဝမ်နှင့် လျှိုဖေးဖေးတို့အား မျှော်လင့်ချက် ရောင်ခြည်များ မြင်တွေ့စေခဲ့သည်။

မိန်းမတစ်ယောက်က ဤမျှလောက်အထိ စွမ်းဆောင်နိုင်တယ်တဲ့လား...။ ဘယ်လိုလုပ်လိုက်တာလဲ...။

သူတို့နှစ်ဦး တီးတိုးတီးတိုးဖြင့် ခန့်မှန်းနေကြသော်လည်း သန္ဓေပြောင်းလဲခြင်းအကြောင်းကိုမူ သဘာဝကျစွာပင် မသိရှိကြပေ။ လက်ရှိတွင် ဤကိစ္စကို သိရှိသူဟူ၍ လင်းယွမ်တို့အဖွဲ့သာ ရှိလေသည်။

လျှိုဖေးဖေးက မနေနိုင်တော့ဘဲ ဘေးနားရှိ ကျောက်ခိုင်ကို လှမ်းကြည့်လိုက်သည်။ မျက်လုံးလေး ကလည်ကလည်ဖြင့် သူ့အနားသို့ ကပ်သွားကာ ချိုသာစွာ မေးလိုက်သည်။ "အစ်ကိုကြီး... စောစောက အစ်မကြီးက အစ်ကိုကြီး သူငယ်ချင်းလား"

ကျောက်ခိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။

ချစ်သူကောင်မလေး ဆုံးပါးသွားပြီးကတည်းက သူ့စိတ်နေစိတ်ထားမှာ အေးစက်စက် နိုင်လာခဲ့သည်။ လင်းယွမ်တို့မှလွဲ၍ သူသည် အခြားသူများနှင့် စကားသိပ်မပြောချင်တော့။

တစ်ချိန်က တက်ကြွရွှင်လန်းခဲ့သော ကောင်လေးမှာ အပြီးတိုင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

"သူ့နာမည်က တင်းယန်တဲ့လား... ခုနက သူကိုယ်တိုင် ပြောတာ ကြားလိုက်လို့"

ကျောက်ခိုင်က မျက်မှောင်ကြုတ်လိုက်ပြီး ဒီတစ်ခါတော့ လုံးဝ ဂရုမစိုက်တော့ပေ။

လျှိုဖေးဖေးမှာ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံလိုက်ရသဖြင့် အနည်းငယ် မျက်နှာပူသွားသော်လည်း သူမ၏ သွက်လက်သော အကျင့်စရိုက်ကြောင့် ကျောက်ခိုင် စကားပြောလာအောင် ဆက်လက် စနောက်နေမိသည်။

ကျောက်ခိုင် စိတ်မရှည်တော့ပေ "မင်း ဘာသိချင်တာလဲ"

သူ ပြန်ပြောလာသည်ကို မြင်တော့ လျှိုဖေးဖေး ဝမ်းသာသွားပြီး အလျင်အမြန် မေးလိုက်သည်။ "အဲ့ဒီ အစ်မကြီးက တပည့်လက်ခံလား သိချင်လို့ပါ... ညီမလည်း သူ့လိုမျိုး တော်ချင်တယ်... ဒါမှ အပြင်က လူဆိုးတွေကို ကြောက်စရာ မလိုတော့မှာ... ဖေဖေလည်း ညီမအတွက် အမြဲတမ်း ပူပန်နေစရာ မလိုတော့ဘူးပေါ့"

သူမက မျှော်လင့်ချက် အရိပ်အယောင်များဖြင့် ကျောက်ခိုင်ကို ကြည့်နေသည်။

ကျောက်ခိုင်က အလိုအလျောက် ငြင်းဆန်ချင်သော်လည်း သူမ၏ မျက်ဝန်းများကို ကြည့်လိုက်မိချိန်တွင်မူ အနည်းငယ် မှင်သက်သွားရသည်။

လျှိုဖေးဖေး၏ ဖြူစင်သော မျက်ဝန်းများက သူ၏ ကွယ်လွန်သွားသည့် ချစ်သူနှင့် သိပ်တူနေသည် မဟုတ်ပါလော။

သူ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး သူမပြောစကားများကို ပြန်ကြားယောင်ရင်း စိတ်ထဲတွင် လှုပ်ရှားသွားရသည်။

သူမက မိန်းမကောင်း တစ်ယောက်ပါ... တကယ်လို့သာ ရှောင်မန်ကလည်း တင်းယန်လိုမျိုး စွမ်းရည်ရှိခဲ့ရင် အခုလို ဖြစ်သွားမှာ မဟုတ်ဘူး...။

ထိုသို့ တွေးမိရင်း သူ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် မျက်နှာလွှဲလိုက်ပြီး လျှိုဖေးဖေးကို မကြည့်တော့ဘဲ ပြောလိုက်သည်။ "မစဉ်းစားနဲ့... တင်းယန်က သန္ဓေပြောင်းပြီး အစွမ်းရရှိထားတဲ့သူ... သာမန်လူတွေအနေနဲ့ အဲ့လောက်တော်အောင် လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူး"

လျှိုဖေးဖေး လန့်သွားပြီး အံ့သြစွာ မေးလိုက်သည်။ "သန္ဓေပြောင်းတာ... အဲ့ဒါ... ဘာကို ဆိုလိုတာလဲ... သန္ဓေပြောင်း အစွမ်းရတယ်ဆိုတာ ဘာလဲဟင်"

ဘေးနားရှိ ဆုန့်ဝမ်လည်း အနည်းငယ် အံ့သြသွားပြီး နားစွင့်နေလိုက်သည်။

သို့သော် ကျောက်ခိုင်က မျက်မှောင်ကြုတ်လျက် ဘာမှ ဆက်မပြောတော့ပေ။ သန္ဓေပြောင်းခြင်း ကိစ္စမှာ အလွန် လျှို့ဝှက်သော ကိစ္စဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။ အစ်ကိုလင်းယွမ် ခွင့်မပြုဘဲ သူ့နှုတ်မှတစ်ဆင့် ဤသတင်း ပြန့်သွားမည်ကို မလိုလားပေ။ ထို့ကြောင့် လျှိုဖေးဖေး မည်မျှပင် တောင်းဆိုပါစေ သူ တစ်ခွန်းမှ ထပ်မဟတော့။

ထိုအချိန်၌ လင်းယွမ်က တိုက်ခန်းအလိုက် ပိုက်စိပ်တိုက် ရှာဖွေမှု ပြီးဆုံးသဖြင့် ပစ္စည်းပုံကြီးကို ထမ်းလျက် ပြန်တက်လာခဲ့သည်။

အိမ်ရှေ့တွင် ထိုလူများကို တွေ့လိုက်ရသဖြင့် သူ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ကျောက်ခိုင်အား လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်ကြတာလဲ"

ကျောက်ခိုင်က အလျင်အမြန် ထရပ်လိုက်ပြီး။"အစ်ကိုလင်း... ပြန်ရောက်ပြီလား... သူတို့ စောစောက အမှတ် ၂ တိုက်တွဲကို သွားပြီး ပစ္စည်းရောင်းကြတာ"

သူက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရာ လင်းယွမ်က မိန်းကလေးနှစ်ဦးကို အံ့သြစွာ လှမ်းကြည့်လိုက်သည်။

အထူးသဖြင့် ဆုန့်ဝမ်ကို ကြည့်ပြီး သူ ပြုံးလိုက်သည်။ "မုန့်တွေ အများကြီး လဲထားတယ်ဆိုလို့ ငါက အံ့သြနေတာ... မင်းက အမှတ် ၂ တိုက်တွဲဘက်သွားပြီး ကြားခိုစားချင်နေတာကိုး... ဟားဟား... အကြံကောင်းပဲ"

တစ်ဖက်လူက သတင်းအချက်အလက် ကွာဟချက်ကို အခွင့်ကောင်းယူပြီး ငါးရှာသည်ကို သူ ဂရုမစိုက်ပေ။ ပြောရလျှင် သူ့နှင့်လည်း သိပ်မဆိုင်လှ။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း သန္ဓေပြောင်းငါးများ ပိုမို ရှာဖွေပေးမည့် လူအင်အားကို လိုအပ်နေသည်။

ထို့အပြင် ဤကဲ့သို့ သတင်းအချက်အလက် ကွာဟချက်က သိပ်ကြာရှည်ခံမည် မဟုတ်ဟု ခန့်မှန်းရသည်။ မကြာမီ အခြားတိုက်ခန်းတွဲများမှ လူများက မိမိတို့ဆီ လာရောက် စုံစမ်းကြပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဆုန့်ဝမ်၏ စီးပွားရေးမှာ အလိုအလျောက် ရပ်တန့်သွားရမည်သာ။ သူမ လုပ်နိုင်လျှင်တောင် ရက်ပိုင်းလောက်သာ ခံမည်ဖြစ်သည်။

ဟူဝေမင်နှင့် လျှိုတနန်တို့၏ ပေါက်စီဈေးရောင်းပွဲကမူ လင်းယွမ်ကို အံ့သြစေခဲ့သည်။ ထိုလူများတွင် အကြံဉာဏ်ကောင်းများ ရှိကြသည်။ ပေါက်စီရောင်းသည့် လုပ်ငန်းမှာ မိမိဘက်နှင့် မပတ်သက်သလို ဈေးကွက်လည်း အသင့်အတင့် ရှိနေသည်။

လင်းယွမ် မျှော်လင့်နေသည်မှာ မကြာမီ သူတို့က သန္ဓေပြောင်းငါးများ ပိုမို ယူဆောင်လာပေးကြလိမ့်မည် ဟူ၍ပင်။ ထိုအချိန်ကျလျှင် မိမိ ကံစမ်းမဲဘီး လှည့်ရလွန်း၍ လက်ညောင်းမည့်ကိန်း ဆိုက်တော့မည် မဟုတ်ပါလော။

စဉ်းစားနေဆဲမှာပင် ကျောက်ခိုင်က စောစောက အမှတ် ၂ တိုက်တွဲမှ လူများ လုယက်သည့် အကြောင်းကို ပြောပြလာသည်။

သူ့မျက်နှာထား ချက်ချင်း မည်းမှောင်သွားသည်။ "သြော်... လျှိုအားလုံ သေသွားတော့ နောက်ထပ် လူမိုက်တွေ ထပ်ပေါ်လာချင်ကြတယ်ပေါ့"

လင်းယွမ်က လူတိုင်း သူ့အတွက် ငါးဖမ်းပြီး အမှတ်ရှာပေးနိုင်မည့် တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခုကို လိုလားသည်။ စည်းကမ်းမရှိ၊ အဖွဲ့အစည်းမရှိသည့် ထိုလူများကို သူ အလွန် မုန်းတီးသည်။ ထိုကဲ့သို့ လူယုတ်မာများ ရှိနေခြင်းကြောင့် လူတိုင်း အပြင်ထွက် ငါးဖမ်းရန် ကြောက်ရွံ့နေကြရခြင်း ဖြစ်သည်။

အဲ့ဒီလို ဘယ်ဖြစ်မလဲ...။ လူတွေ အပြင်ထွက် ငါးမဖမ်းရင် သူ ဘယ်ကနေ အမှတ်တွေ ရနိုင်ပါ့မလဲ။

ဒေါသထွက်လာသဖြင့် သူက ဆုန့်ဝမ်ကို ချက်ချင်း ပြောလိုက်သည်။ "မင်း ငါနဲ့လိုက်ခဲ့... ငါ မင်းဘေးနားကနေ စောင့်ကြည့်ပေးမယ်... တစ်ခန်းဝင်တစ်ခန်းထွက် ငါးနဲ့ လဲကြတာပေါ့... ဘယ်ကောင်တွေက လုရဲလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

"အဲ့ဒီလို ဥပဒေမဲ့ကောင်တွေကို တစ်ခါတည်း ရှင်းပစ်မှ ရမယ်"

လင်းယွမ်က ကြုံးဝါးလိုက်ရင်း လျှိုဖေးဖေးကိုပါ လှမ်းခေါ်လိုက်သည်။ "မင်းလည်း လိုက်ခဲ့... မင်းတို့နှစ်ယောက် မျက်နှာသစ်... မိတ်ကပ် လှလှလေး လိမ်းထားကြ... ဘယ်ကောင်တွေက လူရေခြုံပြီး တိရစ္ဆာန်စိတ် ပေါက်နေသလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

လျှိုဖေးဖေးနှင့် ဆုန့်ဝမ်တို့ ကြောင်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ခိုးကြည့်လိုက်ကြသည်။

ကျောက်ခိုင်လည်း မနေနိုင်ဘဲ ထရပ်လိုက်သည်။ "အစ်ကိုလင်း... အစ်ကိုက"

"တစ်ခန်းဝင်တစ်ခန်းထွက် အိမ်မွေးတိရစ္ဆာန်တွေ စာရင်းကောက်ရင်း လုံခြုံရေးအတွက် အန္တရာယ် ရှင်းလင်းရေး လုပ်မလို့... ဒီနေ့ သူတို့နှစ်ယောက်ကို အကြောင်းပြပြီး တစ်ခါတည်း လုပ်လိုက်မယ်"

"ကျွန်တော်လည်း လိုက်မယ်" ကျောက်ခိုင် ချက်ချင်း ပြောလိုက်သည်။

လင်းယွမ် ခေါင်းခါလိုက်သည်။ "မလိုဘူး... လူများသွားရင် တချို့တိရစ္ဆာန်တွေက လူရေခွံ ခွာရဲကြမှာ မဟုတ်ဘူး... ငါ သူတို့နှစ်ယောက်နောက်က လိုက်သွားရင် ရပြီ"

ထို့နောက် မိန်းကလေးနှစ်ဦးကို အလျင်လိုလိုက်သည်။ "ဘာရပ်လုပ်နေကြတာလဲ... မြန်မြန်လုပ်"

စကားဆုံးသည်နှင့် ၃၂၀၂ တံခါး ပွင့်လာပြီး တင်းယန် ထွက်လာသည်။ "ကျွန်မပါ လိုက်ခဲ့မယ်... မိန်းမလှလေး သုံးယောက်ရယ်... အစားအသောက်တွေရယ်ဆိုတော့... ဆွဲဆောင်မှုက တော်တော်လေး ကောင်းသွားပြီ မဟုတ်လား"

လင်းယွမ် သူမကို ကြည့်လိုက်ရာ တင်းယန်က မေးစေ့ကို ပင့်လိုက်သည်။ ကိုယ်နေဟန်ထား ထိန်းသိမ်းသည့် ဝတ်စုံကြောင့် သူမ၏ ရင်သားများမှာ ပိုမို ကြွရွနေသည်။

လင်းယွမ် ပြုံးလိုက်သည်။ "ကောင်းပြီလေ"

မကြာမီ ဆုန့်ဝမ်နှင့် လျှိုဖေးဖေးတို့မှာ မျက်နှာသစ် မိတ်ကပ်လိမ်းခြယ်လိုက်ကြပြီး တင်းယန်ကပါ ပုံမှန်မိန်းကလေးများ ဝတ်ဆင်သည့် အဝတ်အစားများကို ဝတ်ဆင်စေလိုက်သည်။ သူတို့သုံးဦးမှာ ချက်ချင်းဆိုသလိုပင် လှပနုပျိုကာ ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးများအဖြစ် ပြောင်းလဲသွားကြသည်။

လင်းယွမ်ပင် မနေနိုင်ဘဲ နှစ်ခါပြန် ကြည့်လိုက်မိသည်။

"သွားကြစို့... အလှလေးတို့"

တင်းယန်က တစ်ချက် ရယ်မောလိုက်ပြီး ရှေ့ဆုံးမှ ဦးဆောင် ထွက်သွားလေသည်။

ဆုန့်ဝမ်နှင့် လျှိုဖေးဖေးတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လျှိုဖေးဖေး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် အသစ်အဆန်း ဖြစ်နေမှုများ ပေါ်လွင်နေသော်လည်း ဆုန့်ဝမ်မှာမူ စိုးရိမ်စိတ်ဖြင့် သတိထားနေပုံ ရသည်။

သူတို့သုံးဦး အမှတ် ၂ တိုက်တွဲ၊ အခန်း ၃၂၀၃ ရှေ့သို့ ရောက်လာပြီး တံခါးခေါက်လိုက်ကြသည်။

ဒီတစ်ကြိမ်တွင် ယခင်နှင့်မတူဘဲ အထဲမှလူများက အပြင်အခြေအနေကို မြင်တွေ့နေရပုံရပြီး အံ့သြစွာ မေးလာသည်။"ဘယ်သူလဲ"

တင်းယန်က ဆုန့်ဝမ်ကို ကြည့်လိုက်သည်။ ဆုန့်ဝမ် တံတွေးတစ်ချက် မျိုချလိုက်ပြီး။ "ကျွန်မဆီမှာ မုန့်တွေ ရှိတယ်... ငါးနဲ့ လဲချင်လို့... ရှင်တို့ဆီမှာ ငါးရှိလား"

အခန်းထဲတွင် တီးတိုး ဆွေးနွေးသံများ ကြားရပြီး ခဏအကြာတွင် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ "ဘယ်လို လဲမှာလဲ"

"မုန့်တစ်ထုပ်ကို ငါးတစ်ကောင်"

အထဲမှလူက တွေဝေသွားပြီး မေးလိုက်သည်။ "ဘာမုန့်တွေ ရှိတာလဲ"

အခြေအနေ ကောင်းလာသည်ကို မြင်တော့ ဆုန့်ဝမ်က အလျင်အမြန် ပြောလိုက်သည်။ "ကြက်ခြေထောက်... အမဲအကြောပေါင်း... ဘဲလျှာ... ခေါက်ဆွဲပြုတ်နဲ့ မြေပဲဆားလှော်တွေ ရှိတယ်"

အခန်းထဲမှ လူများ တံတွေးမျိုချသံ ကြားလိုက်ရသည်။ ခဏအကြာတွင် တံခါးပွင့်သွားပြီး တစ်ကိုယ်လုံး အကာအကွယ် ဝတ်စုံများ ဝတ်ဆင်ထားသော လူနှစ်ဦး သူတို့အမြင်အာရုံထဲသို့ ရောက်လာသည်။

ထိုနှစ်ဦးမှာ ကျားတစ်ဦး၊ မတစ်ဦး ဖြစ်ပြီး လင်မယားဟု ယူဆရသည်။

အမျိုးသားက သူတို့သုံးဦးကို သတိထားကြည့်လိုက်ပြီး တင်းယန်တို့၏ ဝတ်စားဆင်ယင်မှုကို သတိပြုမိသွားကာ အနည်းငယ် ကြောင်အမ်းသွားသည်။

သို့သော် ချက်ချင်းပင် သတိပြန်ဝင်လာပြီး ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။ "မုန့်တွေ ကြည့်လို့ ရမလား"

ဆုန့်ဝမ်က မုန့်ထုပ် ၅ ထုပ်လုံး ထုတ်ပြလိုက်သည်။

ထိုအမျိုးသားက မုန့်ထုပ်များကို ကြည့်ပြီး တံတွေးမျိုချလိုက်မိသည်။ "ခဏစောင့်"

ထို့နောက် ဘေးနားရှိ အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ "လီလီ... မင်း ဘာစားချင်လဲ"

လီလီဆိုသော အမျိုးသမီးလည်း တံတွေး မမျိုချဘဲ မနေနိုင်တော့။ "ခေါက်ဆွဲပြုတ်... တို့တွေ ခေါက်ဆွဲပြုတ် ယူမယ်"

"သိပြီ... ငါးတစ်ကောင်ကို တစ်ထုပ်နော်" ဆုန့်ဝမ်က ပြောလိုက်ပြီး ထပ်လောင်း သတိပေးလိုက်သည်။ "အရှင် လိုချင်တယ်"

"ရတယ်" လီလီက ပြတ်သားစွာ ပြောပြီး အခန်းထဲ ပြန်ဝင်သွားသည်။ မကြာမီ ပလတ်စတစ်အိတ် တစ်လုံးကို ကိုင်လျက် ပြန်ထွက်လာရာ အထဲတွင် ငါးနှစ်ကောင် ပါလာသည်။

"ခေါက်ဆွဲပြုတ် တစ်ထုပ်... နောက်တစ်ကောင်ကို မြေပဲနဲ့ လဲမယ်"

ဆုန့်ဝမ် ဝမ်းသာသွားပြီး အရောင်းအဝယ် လုပ်လိုက်သည်။

လက်ထဲမှ မုန့် ၅ ထုပ်တွင် ၂ ထုပ် ထွက်သွားပြီ ဖြစ်သဖြင့် သူမ စိတ်ထဲတွင် ကျိတ်ပြီး ပျော်ရွှင်နေမိသည်။

အရောင်းအဝယ် ပြီးသွားသောအခါ ထိုစုံတွဲလည်း သက်ပြင်းချလိုက်နိုင်သည်။ လီလီဆိုသော အမျိုးသမီးက ပြောလာသည်။ "ကျွန်မနာမည် ဝမ်လီလီပါ... ဒါက ကျွန်မ ကောင်လေး ကျန်းဖန်... ရှင်တို့နာမည်က ဘယ်လိုခေါ်လဲ"

ဆုန့်ဝမ်က။ "ကျွန်မက ဆုန့်ဝမ်... သူက လျှိုဖေးဖေး... ဒါကတော့ တင်းယန်... ကျွန်မတို့က အမှတ် ၁ တိုက်တွဲမှာ နေတာ... စိတ်မပူပါနဲ့... ကျွန်မတို့က လူဆိုးတွေ မဟုတ်ပါဘူး... ပစ္စည်း လာလဲကြတာပါ"

ဝမ်လီလီက မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင်တို့ဆီမှာ စားစရာတွေ အများကြီး ရှိတာလား... ဒီငါးတွေက အောက်ထပ် ရေထဲမှာ ဖမ်းလို့ရတာကို... ဘယ်လိုလုပ် မုန့်တွေနဲ့ လဲရက်တာလဲ"

"အဲ့ဒါက... ဟို... ကျွန်မလည်း အမှတ် ၁ တိုက်တွဲကနေ ငါးနဲ့ လဲလာတာလေ... ဒီဘက်လာပြီး အမြတ်ရှာတာပါ"

ဆုန့်ဝမ် လိမ်မပြောဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။

ဝမ်လီလီက လေးစားစွာဖြင့် "ရှင်တို့ သတ္တိကောင်းလိုက်တာ... အပြင်မှာ လူကောင်း သိပ်မရှိဘူးနော်... အထူးသဖြင့် ကျွန်မတို့ အိမ်ရှေ့ခန်းက လူလေးယောက်ကို သတိထားကြပါ"

"နောက်ပြီး အပြင်ထွက်ရင် ဒီလောက် လှလှပပတွေ ဝတ်မလာနဲ့... အခုခေတ် လူတချို့က တိရစ္ဆာန်တွေနဲ့ ဘာမှ မခြားတော့ဘူး"

တင်းယန်က ချက်ချင်း ဝင်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... မျက်နှာချင်းဆိုင်က လူလေးယောက်က ဘာမိုက်ရိုင်းတာတွေ လုပ်ထားလို့လဲ"

ဝမ်လီလီက ခေါင်းညိတ်လိုက်ပြီး မျက်နှာချင်းဆိုင် အခန်းကို သတိထားကြည့်ကာ များများစားစား မပြောရဲပေ။ "အတိုချုပ်ပြောရရင် ရှင်တို့ သတိထားတာ အကောင်းဆုံးပဲ"

ကျန်းဖန်က မနေနိုင်တော့ဘဲ ဝင်ပြောသည်။ "အဲ့ဒီလူတွေက ကျွန်တော့်ကောင်မလေးကို မျက်စိကျနေတာ ကြာပြီ... အရင်တုန်းကလည်း သူတို့ မိန်းမတစ်ယောက်ကို အခန်းထဲ ဖမ်းခေါ်သွားတာ တွေ့လိုက်တယ်... အခုထိ ပြန်ထွက်မလာသေးဘူး... မင်းတို့ သတိထား"

ပြောပြီးသည်နှင့် သူ ဘာမှဆက်မပြောတော့ဘဲ အခန်းထဲသို့ အမြန်ပြန်ဝင်သွားသည်။

ဆုန့်ဝမ်နှင့် လျှိုဖေးဖေးတို့က မျက်နှာချင်းဆိုင် အခန်းသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။ လျှိုဖေးဖေးက ဒေါသတကြီးဖြင့် "ဒီလူစုက တကယ်ကို လူကောင်းတွေ မဟုတ်ဘူးပဲ... ကျွန်မတို့ဆီက အစားအသောက်တွေကို လုချင်ရုံတင် မကဘူး... အရင်ကတည်းက ယုတ်မာတာတွေ လုပ်ထားတာကိုး"

ဆုန့်ဝမ်လည်း ရင်တုန်ပန်းတုန် ဖြစ်နေရသည်။ "ကံကောင်းလို့ အစ်မတင်းယန်ကြောင့်ပေါ့... မဟုတ်ရင် ကျွန်မတို့တွေ"

စောစောကသာ ထိုလူစု အဖမ်းခံလိုက်ရပါက မည်သို့ ဖြစ်သွားမည်ကို သူမ တွေးပင် မတွေးရဲတော့ပေ။

တင်းယန်၏ မျက်နှာတွင် အေးစက်သော အမူအရာများ ဖုံးလွှမ်းသွားပြီး စင်္ကြံလမ်းဘက်ရှိ လင်းယွမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ဘယ်လို လုပ်မှာလဲ"

လင်းယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် ထွက်လာသည်။ "တံခါးကို ရိုက်ချိုးလိုက်"

တင်းယန် ရက်စက်စွာ ပြုံးလိုက်သည်။ "ကျွန်မ တာဝန်ထား"

စကားဆုံးသည်နှင့် သူမ အော်ဟစ်ကာ အားကုန်သုံးပြီး တည့်တည့် ကန်ထည့်လိုက်သည်။

"ဘုန်း"

မျက်နှာချင်းဆိုင် ၃၂၀၄ ၏ တံခါးကြီးမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ကွဲအက်သွားပြီး တံခါးဘောင်များပါ ချက်ချင်း အက်ကွဲကုန်သည်။

ဆုန့်ဝမ်နှင့် လျှိုဖေးဖေးတို့ ပါးစပ်အုပ်ကာ အာမေဋိတ် သံများ ထွက်ပေါ်လာသည်။

ကျန်းဖန်နှင့် ဝမ်လီလီ စုံတွဲမှာလည်း တင်းယန်အား ဒိုင်နိုဆောမမကြီးကို ကြည့်သကဲ့သို့ မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ကြည့်နေမိကြသည်။

တင်းယန် ရပ်မသွားပေ။ တံခါးကို ထပ်မံ၍ ဆက်တိုက် ကန်ကျောက်လိုက်သည်။

"ဘုန်း" "ဘုန်း" "ဘုန်း"

သုံးချက်မျှ ကန်လိုက်သည်နှင့် တံခါးတစ်ခုလုံး ပုံပျက်သွားပြီး သစ်သားများ ကွဲအက်ကာ အတွင်းမှ သံပြားများ ပေါ်ထွက်လာသည်။

သို့သော် သံပြားပါဝင်နေသဖြင့် တင်းယန်တွင် အစွမ်းရရှိထားသော်လည်း တံခါးကို တိုက်ရိုက် ကန်ဖွင့်၍ မရနိုင်သေးပေ။

သူမ မျက်မှောင်ကြုတ်လိုက်စဉ် လင်းယွမ်က ပြောလိုက်သည်။ "ငါ လုပ်လိုက်မယ်"

လင်းယွမ် လျှောက်လာပြီး ကွဲအက်နေသော တံခါးဘောင်ကို ကိုင်ကာ ရုတ်တရက် အားကုန်သုံး၍ ဆွဲဖြဲလိုက်သည်!

"ဂျွတ်"

တံခါးတစ်ခုလုံးနှင့် တံခါးဘောင်ပါမကျန် သူ၏ ကြောက်မက်ဖွယ် ခွန်အားအောက်တွင် ပြုတ်ထွက်လာခဲ့ရသည်!

သာမန်လူထက် သုံးဆမျှသာလွန်သော ခွန်အားဖြင့် တံခါးကို မကာ ပစ်လိုက်ရာ "ဘုန်း" ခနဲ အသံကြီးနှင့်အတူ စင်္ကြံလမ်းပေါ်သို့ ပြုတ်ကျသွားလေသည်။

ဖုန်မှုန့်များ ထသွားပြီးနောက် လင်းယွမ်က လက်ကာပြရင်း အခန်းထဲသို့ ကြည့်လိုက်သည်။

ဧည့်ခန်းထဲတွင် အစ်ကိုလီ ဦးဆောင်သော လူလေးယောက် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြင့် လင်းယွမ်တို့ လေးယောက်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။

လင်းယွမ်က အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး လက်ထဲမှ သံတူရွင်းဖြင့် ကြမ်းပြင်ကို ခေါက်ကာ မေးလိုက်သည်။ "ငါ့ကို သိလား"

အစ်ကိုလီက လင်းယွမ်ကို ကြည့်ရင်း တစ်စုံတစ်ခုကို သတိရသွားကာ အော်ဟစ်လိုက်သည်။ "မင်းပဲ... မင်း... မင်းက လျှိုအားလုံကို သတ်ခဲ့တဲ့ တိုက်ခန်းပိုင်ရှင်ပဲ"

လင်းယွမ် နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "မင်း ငါ့ကို သိသားပဲ... မင်းတို့ မိန်းမတစ်ယောက်ကို ဖမ်းထားတယ်လို့ ကြားတယ်"

အစ်ကိုလီ မျက်နှာပျက်သွားပြီး လက်ထဲမှ သစ်သီးလှီးဓားကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိသည်။

ကျန်လူများကလည်း ထွက်ပြေးရန် လမ်းကြောင်းရှာသကဲ့သို့ ဘေးဘီဝဲယာကို ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် တင်းယန်လည်း ဝင်ရောက်လာပြီး အေးစက်စွာ ပြုံးလိုက်သည်။ "လူယုတ်မာတွေ... ပြန်တွေ့ကြပြီနော်"

"မင်းပဲ"

အစ်ကိုလီ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ စောစောက သူတို့ကို ပညာပေးသွားသော ဤမိန်းမ မည်မျှ ကြောက်စရာကောင်းကြောင်း သူ ကောင်းကောင်း သိထားပြီး ဖြစ်သည်။

ယခု လင်းယွမ်ပါ ရောက်လာသဖြင့် သူ့ရင်ထဲတွင် မျှော်လင့်ချက် ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဆုန့်ဝမ်နှင့် လျှိုဖေးဖေးတို့မှာ အခန်းထဲ မဝင်ရဲဘဲ အနောက်မှသာ ချောင်းကြည့်နေကြသည်။

လင်းယွမ်က အိပ်ခန်းတံခါးကို ကန်ဖွင့်လိုက်ရာ ကုတင်ပေါ်တွင် အဝတ်ဗလာနှင့် မိန်းမတစ်ဦးကို တွေ့လိုက်ရသည်။

ထိုမိန်းမမှာ တစ်ကိုယ်လုံး အညိုအမဲစွဲလျက် စောင်ပေါ်တွင် သွေးများ ပေကျံနေပြီး သေလုမျောပါး ဖြစ်နေရှာသည်။

လင်းယွမ် မျက်နှာထား တင်းမာသွားသည်။ "တိရစ္ဆာန်လေးကောင်"

တင်းယန်လည်း အိပ်ခန်းထဲမှ မြင်ကွင်းကို မြင်လိုက်ရပြီး ယခင်က သူ မကယ်တင်နိုင်ခဲ့သော အမျိုးသမီးကို သွားသတိရလိုက်သည်။

သူမ မျက်နှာ နီရဲလာပြီး ဓားမြှောင်ကို ထုတ်ကာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့်။ "တိရစ္ဆာန်တွေ... နင်တို့ အသက်ရှင်ဖို့ မတန်ဘူး"

ပြောပြီးသည်နှင့် သူမ ချက်ချင်း ပြေးဝင်သွားပြီး ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်သည်။

ထိပ်ဆုံးမှ ရှိနေသော အစ်ကိုလီ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ "ချကြ"

သူ့လက်ထဲမှ သစ်သီးလှီးဓားကို ရမ်းကား ခုတ်လိုက်သော်လည်း တင်းယန်က ဓားသွားကို ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

"ဒုန်း"

သစ်သီးလှီးဓား၏ ဓားသွားမှာ တွန့်လိပ်သွားပြီး တင်းယန်၏ လက်ဝါးပေါ်တွင်မူ ပါးလွှာသော အလင်းရောင် အကာအကွယ်တစ်ခု ပေါ်လာကာ မည်သည့် ဒဏ်ရာမျှ မရရှိပေ။

ထို့နောက် တင်းယန်၏ ညာလက်မှ ဓားမြှောင်က "ရွပ်" ခနဲ မြည်သံနှင့်အတူ အစ်ကိုလီ၏ မျက်နှာတည့်တည့်သို့ စိုက်ဝင်သွားသည်။

ချက်ချင်းဆိုသလိုပင် အစ်ကိုလီ၏ သနားစဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး မျက်လုံးတစ်လုံးမှာ ကလော်ထုတ်ခံလိုက်ရတော့သည်။

ကျန်လူများ မြင်လိုက်ရသဖြင့် ကြောက်လန့်ကာ နေရာအနှံ့ ထွက်ပြေးကြတော့သည်။

တချို့က အိပ်ခန်းကျဉ်းဘက်၊ တချို့က ဝရံတာဘက်၊ နောက်တစ်ယောက်ကမူ ရေချိုးခန်းဘက်သို့ ပြေးဝင်သွားသည်။

လေးဖက်လေးတန် ထွက်ပြေးနေကြစဉ် လင်းယွမ်က သံတူရွင်းကို ကိုင်ဆောင်လျက် အပြေးလိုက်လာသည်။

လောင်မုန့် ဆိုသူက ရေချိုးခန်းတံခါးကို ပိတ်ကာ ပြတင်းပေါက်မှ ကျော်ထွက်ရန် ကြိုးစားသည်။

ပြတင်းပေါက်အပြင်ဘက်တွင် လမ်းရှိမရှိ သူ ဂရုမစိုက်တော့၊ အမြန်ဆုံး ထွက်ပြေးချင်ရုံသာ ရှိသည်။

"ဘုန်း"

သစ်သားဖြင့် ပြုလုပ်ထားသော ရေချိုးခန်းတံခါးမှာ ပေါက်ကွဲသံနှင့်အတူ လင်းယွမ်၏ ကန်ချက်ကြောင့် တစ်စစီ ကွဲကြေကာ ပြိုကျသွားသည်။

လင်းယွမ်က ကျားသစ်တစ်ကောင်အလား လျင်မြန်သော အရှိန်ဖြင့် ဝင်ရောက်လာသည်။

လောင်မုန့် ပြတင်းပေါက်ပေါ် ရောက်ရုံ ရှိသေး၊ လင်းယွမ်၏ လက်ကြီး မြောက်တက်လာပြီး သံတူရွင်းဖြင့် ထိုးစိုက်လိုက်သည်။

"ဒုတ်"

"အား"

တိုတောင်းသော အော်သံတစ်ချက် ထွက်ပေါ်လာပြီး လင်းယွမ်၏ ကန်ချက်ကြောင့် လောင်မုန့်၏ အလောင်းမှာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လွင့်ထွက်သွားတော့သည်။

ဘုန်းခနဲ အသံတစ်ချက် ကြားလိုက်ရပြီး ရေထဲသို့ တိုက်ရိုက် မကျဘဲ အောက်ထပ် တစ်နေရာရာရှိ စင်္ကြံလမ်းပေါ်သို့ ကျသွားပုံရသည်။

ဆူညံသံများကြောင့် အောက်ထပ်မှ လူများ အော်ဟစ်ကုန်ကြပြီး အများအပြားက အခြေအနေကို ကြည့်ရန် ထွက်လာကြသည်။

လင်းယွမ်က အောက်ထပ်မှ အခြေအနေကို ဂရုမစိုက်ဘဲ ရေချိုးခန်းထဲမှ ထွက်ကာ အိပ်ခန်းကျဉ်းဘက်သို့ ပြေးသွားသည်။

အိပ်ခန်းငယ်ထဲတွင် လူမရှိသဖြင့် လင်းယွမ်က ဗီရိုတံခါးကို ဖွင့်ကြည့်သော်လည်း ရှာမတွေ့ပေ။

သူ့အကြည့်က ပွင့်နေသော ပြတင်းပေါက်ဆီသို့ ရောက်သွားသည်။ ပြတင်းပေါက် လိုက်ကာများမှာ လေပြင်းများကြားတွင် တဖျပ်ဖျပ် လွင့်နေသည်။

သူ အနားသို့ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

ခေါင်းတွင် ပတ်တီးစည်းထားသော လူတစ်ယောက် ဝရံတာမှတစ်ဆင့် အနီးရှိ အဲကွန်းပုံးပေါ်သို့ ခုန်ချထားသည်ကို တွေ့လိုက်ရသည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်အကြားတွင် ထိုလူက အဲကွန်းပုံးပေါ်တွင် ဝပ်နေပြီး လင်းယွမ် ခေါင်းပြူထွက်လာသည်ကို မြင်သောအခါ ချက်ချင်း တောင်းပန်တော့သည်။ "အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါဗျာ"

"ကျွန်တော်တို့ကို အတင်းခိုင်းလို့ လုပ်ရတာပါ... တခြားရွေးစရာမရှိလို့ပါ... အဲ့ဒီမိန်းမကို အစ်ကိုလီတို့ ဖမ်းလာတာပါ... ကျွန်တော်နဲ့ မဆိုင်ပါဘူး... ကျွန်တော်နဲ့ မဆိုင်ပါဘူးဗျာ"

လင်းယွမ်၏ မျက်ဝန်းများ အေးစက်နေသည်။ "မင်း အဲ့ဒီကနေ ခုန်ချလိုက်... ဒါဆို ငါ မင်းကို ယုံပေးမယ်"

ပတ်တီးနှင့်လူ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ တောင်းပန်မရမှန်း သိလိုက်သဖြင့် ဆဲဆိုကြိမ်းမောင်းလေတော့သည်။

"ခွေးမသား... ငါက အသက်ရှင်ချင်ရုံလေးပါကွ... ငါ့မှာ ဘာအမှားရှိလို့လဲ"

"အခုချိန်မှာ ဘယ်သူက ပစ္စည်း မလုဘဲ နေလို့လဲ... ဘယ်သူက မိန်းမနဲ့ မပျော်ပါးဘဲ နေလို့လဲ"

"ရေမကြီးခင်တုန်းက ငါက တစ်သက်လုံး ဆင်းရဲလာခဲ့တာ... ဘာကြောင့်လဲ... ဘာကြောင့် ဟိုလူတွေက ဘာမှမလုပ်ဘဲ အိမ်တစ်လုံး ဖျက်လိုက်ရုံနဲ့ ပိုက်ဆံတွေ သုံးမကုန် ဖြစ်နေရတာလဲ"

"ယီးပဲကွာ... လာလေ... မင်း အောက်ဆင်းလာခဲ့လေ... ငါ မင်းနဲ့ အသေခံ ချမယ်"

"သတ္တိရှိရင် ဆင်းလာခဲ့လေ... လာလေကွာ"

ပတ်တီးနှင့်လူက ဖြစ်ချင်ရာဖြစ်ဟု သဘောပိုက်လိုက်ပြီး ဆဲလေလေ အားတက်လေလေ ဖြစ်ကာ ရက်စက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

အန္တရာယ်များသော အဲကွန်းပုံးပေါ်သို့ လင်းယွမ် ဆင်းရဲမည် မဟုတ်ဟု သူ တွက်ဆထားသည်။

လင်းယွမ်က သူ့အား ငြိမ်သက်စွာ ကြည့်နေပြီး "မင်းအသုံးမကျလို့ဆင်းရဲတာနဲ့ သူများတွေကို ပြဿနာရှာချင်တာလား... ဟမ်... ဒါဆို ဘာလို့ အကျင့်ပျက် ဝန်ထမ်းတွေကို သွားမသတ်တာလဲ... ဘာလို့ လျှိုအားလုံတို့ကို ရန်သွားမလုပ်တာလဲ"

"အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူဆို ကြောက်တတ်တဲ့ကောင်က... ငါ့ရှေ့မှာလာဟန်လုပ်ပြမနေနဲ့"

"ငါက အခုမှ အခြေအနေတည်ငြိမ်လို့ အမှတ်ရှာမလို့ လုပ်နေတာ... မင်းလိုခွေးမသားက ထွက်လာပြီး အခုမှ လာပြီး ဝမ်းနည်းပြနေတယ်"

သူက နံရံမှ အုတ်ခဲတစ်ချပ်ကို ဆွဲခွာလိုက်ပြီး အဲကွန်းပုံးရှိရာသို့ ပစ်ပေါက်လိုက်သည်။

"ဝှီးးးးးးး"

လေခွင်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အုတ်ခဲက လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားသည်။

အဲကွန်းပုံးပေါ်မှ ပတ်တီးနှင့်လူက ကိုယ်ကိုကိုင်းကာ ရှောင်လိုက်သည်။

သို့သော် လင်းယွမ်က မီးအိမ်တစ်ခုဖြင့် ထပ်မံ ပစ်ပေါက်လိုက်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

"ဘုန်း"

ဤတစ်ကြိမ်တွင် မီးအိမ်က ပတ်တီးနှင့်လူ၏ ရင်ဘတ်တည့်တည့်သို့ ထိမှန်သွားသည်။

ပြင်းထန်သော အားကြောင့် ထိုလူမှာ သနားစဖွယ် အော်ဟစ်ကာ ခြေလှမ်း နှစ်လှမ်းခန့် နောက်ဆုတ်လိုက်မိသည်။

ထို့နောက် ခြေချော်သွားပြီး "အား" ခနဲ အော်ဟစ်လျက် အောက်သို့ ပြုတ်ကျသွားတော့သည်။

ရေထဲသို့ မရောက်မီ လမ်းတစ်ဝက် ၁၅ လွှာ၊ ၁၆ လွှာ အကြားတွင် ထိုးထွက်နေသော အဝတ်လှန်းစင်တန်းနှင့် ချိတ်မိကာ တွဲလောင်း ဖြစ်သွားသည်။

သွေးများက တောက်တောက်ကျကာ ၁၂ လွှာရှိ ရေပြင်ပေါ်သို့ ကျရောက်နေသည်။

ထိုစဉ် ရေအောက်မှ တစ်ထပ်တိုက်နီးပါးခန့် (၁၀ ပေ မှ ၁၂ ပေခန့်) ကြီးမားသော ငါးကြီးတစ်ကောင် ဝုန်းခနဲ ခုန်တက်လာသည်ကို လင်းယွမ်တစ်ယောက် အံ့သြမှင်သက်စွာ မြင်လိုက်ရသည်။

ငါးကြီးက ပတ်တီးနှင့်လူ၏ ခန္ဓာကိုယ် အောက်ပိုင်းကို ဟပ်ခနဲ ကိုက်ချလိုက်သည်။

"ဂျွတ်" ခနဲ အသံနှင့်အတူ ထိုလူ၏ ကိုယ်တစ်ပိုင်းနှင့် အဝတ်လှန်းစင်တန်းပါမကျန် ရေပြင်ကြီးထဲသို့ ဆွဲချခြင်း ခံလိုက်ရသည်။

ကျန်ရှိနေသော ခန္ဓာကိုယ် အပေါ်ပိုင်းမှာ မသေသေးဘဲ လေထဲတွင် စူးရှစွာ အော်ဟစ်နေပြီး နောက်ဆုံး၌ "ဗွမ်း" ခနဲ ရေထဲသို့ ကျသွားတော့သည်။

ချက်ချင်းဆိုသလိုပင် သန္ဓေပြောင်း ငါးအုပ်ကြီး ရောက်ရှိလာပြီး ရေပြင်တစ်ခုလုံး ငါးများဖြင့် ပြည့်နှက်သွားရာ ကြည့်ရသူအဖို့ ကြက်သီးထဖွယ်ရာပင်။

ဆက်ရန်...

All Chapters