← Chapters

အခန်း (၈၇-၈၈)

Vol. 5 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 5 Ch. 87-88

အပိုင်း (၈၇) တိုက်တွဲ ၂ ကို ရှင်းလင်းခြင်း

"ကယ်ကြပါ... ကယ်ကြပါဦးဗျ... ကယ်ကြပါ"

ဝရံတာဘက်ခြမ်း၌ ပတ်တီးစည်းထားသော အမျိုးသားတစ်ဦးကို သန္ဓေပြောင်းငါးကြီးတစ်ကောင်က ကိုက်ဖြတ်ကာ နှစ်ပိုင်းပိုင်းလိုက်ပြီး ရေလွှမ်းမိုးမှုထဲသို့ ပြုတ်ကျသေဆုံးသွားသည့်မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသဖြင့် ဝရံတာဘက်သို့ ကျော်တက်လာခါစ မျက်မှန်နှင့်လူသည် ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။

သူသည် ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့် အသေကုတ်တွယ်ထားရင်း တစ်ကိုယ်လုံး တုန်ယင်ကာ ရူးမတတ် အော်ဟစ်နေတော့သည်။

ဤဘက်တွင်မူ တင်းယန်သည် အစ်ကိုလီ၏ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်လိုက်ပြီးနောက် လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်သည်။

သူမ၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး အစ်ကိုလီတစ်ယောက် ပါးစပ်ကိုအုပ်လျက် "အီး... အား" အသံများ ထွက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်အထိ လွှတ်ထားလိုက်သည်။

ထို့နောက် သူမသည် ထလိုက်ပြီး ဝရံတာဘက်သို့ လျှောက်သွားကာ ပြတင်းပေါက်ဘောင်ကို တွယ်ကပ်ထားသော မျက်မှန်နှင့်လူကို စူးစိုက် ကြည့်လိုက်သည်။

ထိုအချိန်တွင် မျက်မှန်နှင့်လူ၏ မျက်မှန်မှာ ရွဲ့စောင်းကာ မျက်နှာပေါ်တွင် တွဲလောင်းကျလုနီးပါး ဖြစ်နေရှာသည်။ သူသည် ထိတ်လန့်တကြားဖြင့် တောင်းပန်လိုက်သည်။

"ကယ်ပါဗျာ... ကျွန်တော့်ကို ကယ်ပါ... တောင်းပန်ပါတယ်... ခိုင်းတာ အကုန်လုပ်ပါ့မယ်"

တင်းယန်က အေးစက်စွာ ပြုံးလိုက်သည်။

"အကုန်လုပ်မယ်ဟုတ်လား... ဒါဆို လက်လွှတ်လိုက်လေ"

မျက်မှန်နှင့်လူက သနားခံလေသည်။

"တောင်းပန်ပါတယ်ဗျာ... ကျွန်တော် ခင်ဗျားကို ဘာမှမလုပ်ခဲ့ဖူးပါဘူး... ကျေးဇူးပြုပြီး ချမ်းသာပေးပါဗျာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"

တင်းယန်သည် လက်ထဲမှ မြှောင်ဓားကို ကစားလိုက်ရင်း မှန်ပြတင်းပေါက်ပေါ်သို့ ဓားဖြင့် ဖွဖွလေးခြစ်ကာ သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။

သူမက ဖြည်းညှင်းစွာ မေးလိုက်သည်။

"အခန်းထဲက မိန်းမကရော... အဲဒီတုန်းက နင်တို့ကို အဲဒီလိုမျိုး မတောင်းပန်ခဲ့ဘူးလား"

"နင်တို့ သူ့အဝတ်အစားတွေကို ဆွဲချွတ်တုန်းက သူ နင်တို့ကို အသနားမခံခဲ့ဘူးလား"

ထိုသို့ပြောလိုက်ပြီးသည်နှင့် သူမ၏လက်ထဲမှ ဓားမြှောင်သည် ရုတ်တရက် လှုပ်ရှားသွားကာ "ရွှပ်" ခနဲ အသံနှင့်အတူ မှန်ဘောင်ကို ကုတ်တွယ်ထားသော ထိုမျက်မှန်နှင့်လူ၏ လက်သန်းကို ပြတ်ထွက်သွားအောင် လှီးဖြတ်လိုက်တော့သည်။

မျက်မှန်နှင့်လူသည် ရုတ်တရက် နာကျင်လွန်းသဖြင့် "အား" ခနဲ အော်ဟစ်လိုက်ပြီး အသိစိတ်လွတ်ကာ ထိုလက်ကို လွှတ်လိုက်မိသည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အောက်သို့ လေးလံစွာ ကျဆင်းသွားတော့သည်။

လက်တစ်ဖက်တည်းဖြင့် မှန်ပြတင်းပေါက်ဘောင်ကို မည်သို့မျှ ဖမ်းဆွဲမထားနိုင်တော့ဘဲ ကမ္ဘာမြေ၏ ဆွဲငင်အားကြောင့် အောက်ဘက်ရှိ ပြင်းထန်သော ရေလှိုင်းများထဲသို့ ထိန်းချုပ်မရနိုင်ဘဲ ပြုတ်ကျသွားလေသည်။

"ဗွမ်း"

ရေပြင်ကြီးသည် လှိုင်းထန်သွားပြီး ငါးအုပ်စုများသည် သွေးညှီနံ့ရလိုက်သကဲ့သို့ ချက်ချင်းပင် ထိုနေရာသို့ ဝိုင်းအုံလာကြသည်။

"ဂျိမ်း"

မိုးကြိုးသံတစ်ချက် ပေါက်ကွဲထွက်ပေါ်လာပြီး လျှပ်စီးကြောင်းတစ်ခု လက်ခနဲဖြစ်သွားကာ ကောင်းကင်တစ်ခုလုံး ဖြူဖွေးသွားသည်။

ရေလွှမ်းမိုးမှုထဲတွင် ထိုမျက်မှန်နှင့်လူ ပြုတ်ကျသွားသော နေရာတစ်ဝိုက်၌ သွေးများဖြင့် ရဲရဲနီသွားပြီး ဖြူဖွေးသော အကြေးခွံများရှိသည့် ငါးများစွာသည် ရူးသွပ်မတတ် တိုးဝှေ့လှုပ်ရှားကာ အလောင်းကို အလုအယက် စားသောက်နေကြသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။

တင်းယန်သည် ထိုမြင်ကွင်းကိုကြည့်ရင်း မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

ခဏကြာမှ သက်ပြင်းတစ်ချက်ချလိုက်ပြီး ရေရွတ်လိုက်သည်။

"သေတာကောင်းတယ်..."

သူမ နောက်သို့ လှည့်လိုက်သောအခါ လင်းယွမ်သည်လည်း အိပ်ခန်းကျဉ်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်၏ မျက်နှာထား တည်ကြည်လေးနက်နေသည်ကို မြင်သောအခါ သူမက မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

လင်းယွမ်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"စောစောက ရေအောက်က အခြေအနေကို မြင်လိုက်လား"

တင်းယန်က ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်နှာထားလည်း သိပ်မကောင်းလှပေ။

"သန္ဓေပြောင်းငါးတွေ အများကြီးပဲ... ပြီးတော့... ဒီသန္ဓေပြောင်းငါးတွေက ဆင့်ကဲပြောင်းလဲတာ အရမ်းမြန်ပုံရတယ်"

လင်းယွမ်သည် စောစောက သူမြင်လိုက်ရသော တစ်ထပ်တိုက်စာလောက်ရှိသည့် ငါးကြီးကို ပြန်လည်အမှတ်ရလိုက်သည်။

ထိုငါးက ဘာငါးအမျိုးအစားလဲဆိုတာ သူ မသိသော်လည်း ဤမျှ အရွယ်အစားကြီးမားနေသည့် သတ္တဝါသည် သေချာပေါက် သန္ဓေပြောင်းနေပြီဖြစ်သည်။

"ရေကြီးနေတဲ့ထဲမှာ သန္ဓေပြောင်းငါးတွေက တဖြည်းဖြည်း များလာပြီ... ဒီတိုက်ကနေ ထွက်ချင်ရင် အမြန်လုပ်မှရမယ်... အချိန်ကြာကြာ ဆွဲထားလို့မဖြစ်တော့ဘူး"

ထိုသို့ တွေးမိလိုက်သည်နှင့် တိုက်တစ်ခုလုံးကို ရှင်းလင်းပစ်မည့် သူ၏ ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားသည်။

ဤအချိန်တွင် သူ့အတွက် ငါးဖမ်းပေးပြီး အမှတ်များရှာပေးရန် လူတိုင်းကို ခိုင်းစေမှရမည်။ သို့မှသာ သူ၏ အစွမ်းကို လျင်မြန်စွာ မြှင့်တင်နိုင်မည်ဖြစ်သည်။

ဤအတိုင်းသာ ဆက်ပြီး မတည်မငြိမ်ဖြစ်နေပါက မည်သူက သူ့အတွက် စိတ်ပါလက်ပါ ငါးဖမ်းပေးကြမည်နည်း။

ထို့ကြောင့် နောက်ပိုင်းတွင် သူသည် မကျေနပ်သူ မှန်သမျှကို သံမဏိစည်းကမ်းဖြင့် အတင်းအကျပ် ဖိနှိပ်အုပ်ချုပ်ရတော့မည်။

ဆန့်ကျင်ဘက်ပြုကာ ခေါင်းထောင်ထလာသူ မည်သူ့ကိုမဆို အကုန် သတ်ပစ်ရမည်။

"အစ်ကိုလင်းယွမ်... မမတင်း... ဒီကို မြန်မြန်လာကြည့်ကြပါဦး... သူ... သူ မရတော့ဘူး ထင်တယ်"

တံခါးဝရှိ ဆုန့်ဝမ်က ရုတ်တရက် အော်ပြောလိုက်သည်။

လင်းယွမ်နှင့် တင်းယန်တို့သည် ချက်ချင်းပင် ထိုနေရာသို့ လျှောက်သွားလိုက်ကြသည်။

အိပ်ခန်းကျယ်အတွင်းရှိ ကုတင်ပေါ်၌ ကိုယ်လုံးတီးဖြစ်နေသော အမျိုးသမီးသည် မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်လုံးများတွင် အလင်းရောင် ကင်းမဲ့နေကာ အသက်ရှူသွင်းသည်ကနည်းပြီး ရှူထုတ်သည်က များနေပြီဖြစ်သည်။

လင်းယွမ်သည် ကုတင်ပေါ်မှ သွေးကွက်များကို ကြည့်လိုက်ပြီးနောက် အခန်းထဲတွင် နေရာအနှံ့ ပြန့်ကျဲနေသော တစ်ရှူးစက္ကူများကို ကြည့်ကာ မျက်နှာ အုံ့မှိုင်းသွားသည်။

တင်းယန်၏ မျက်နှာထားမှာမူ အဆိုးရွားဆုံး ဖြစ်နေသည်။ သူမသည် ထိုအမျိုးသမီးနားသို့ လျှောက်သွားပြီး ကြည့်ကာ မေးလိုက်သည်။

"ရှင် မဖြည့်ဆည်းရသေးတဲ့ ဆန္ဒတစ်ခုခု ရှိလား"

ထိုအမျိုးသမီးသည် တင်းယန်ကို ကြည့်လိုက်သည်။ မျက်လုံးထဲတွင် အရောင်အနည်းငယ် ပြန်လည် လင်းလက်လာပြီး နှုတ်ခမ်းများ လှုပ်ရမ်းလာသည်။

တင်းယန်က မျက်မှောင်ကြုတ်ကာ နားကို ကပ်ပြီး နားထောင်လိုက်သည်။

"အိတ်... အိတ်ကပ်..."

တင်းယန်သည် ကြမ်းပြင်ပေါ်မှ စုတ်ပြဲနေသော ဂျင်းဘောင်းဘီကို ကြည့်လိုက်ပြီး မွှေနှောက်ရှာဖွေလိုက်ရာ ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။

ဓာတ်ပုံထဲတွင် မိသားစုသုံးယောက်ပုံ ဖြစ်ပြီး အမျိုးသားက အနည်းငယ် ဝဝဖိုင့်ဖိုင့်နှင့် ပြုံးရွှင်နေသည်။

အမျိုးသမီးမှာမူ ယခု မျက်စိရှေ့မှ အမျိုးသမီးပင် ဖြစ်သည်။ သို့သော် ဓာတ်ပုံထဲတွင် သူမသည် ကောင်လေးတစ်ယောက်ကို ပွေ့ဖက်ထားပြီး မျက်နှာပေါ်တွင် ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးနေသည်။

ဤအမျိုးသမီးတွင်လည်း မူလက ပျော်ရွှင်စရာကောင်းသော မိသားစုလေး ရှိခဲ့ဖူးသည်။

တင်းယန်သည် ဓာတ်ပုံကို သူမအား ပြလိုက်သည်။

အမျိုးသမီး၏ မျက်လုံးများမှ မျက်ရည်များ ချက်ချင်း စီးကျလာပြီး တိုးညှင်းစွာ ညည်းတွားလိုက်သည်။

"သား... သားသားလေး..."

သူမ စိတ်လှုပ်ရှားစွာဖြင့် လက်ကို လှမ်းချင်သော်လည်း လက်မောင်းကိုမြှောက်ရန် အားအင်မရှိတော့သဖြင့် ကုတင်ပေါ်သို့ ပြန်ကျသွားသည်။

သူမ၏ မျက်လုံးများထဲတွင် သံယောဇဉ်ဖြတ်ရခက်မှု၊ သနားစရာကောင်းမှု၊ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်...

ထိုသို့ ဓာတ်ပုံကို ကြည့်ရင်းနှင့်ပင် သူမ မျက်လုံးမမှိတ်နိုင်ဘဲ သေဆုံးသွားရှာသည်။

"ဟင့်... ဟင့်..."

လျှိုဖေးဖေးသည် ပါးစပ်ကိုအုပ်လျက် မျက်ရည်များ တသွင်သွင်စီးကျကာ ရှိုက်ငိုနေတော့သည်။

ဘေးနားရှိ ဆုန့်ဝမ်သည်လည်း မျက်လုံးများ နီရဲနေပြီး မျက်ရည်များ ဝဲနေသည်။

တင်းယန်တစ်ဦးတည်းသာ မျက်နှာထား အေးစက်နေသည်။ သူမသည် ဓာတ်ပုံကို သိမ်းလိုက်ပြီး လက်ဖြင့် ထိုအမျိုးသမီး၏ မျက်လုံးများကို ပိတ်ပေးလိုက်သည်။

ထို့နောက် သူမသည် ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ ရုတ်တရက် အစ်ကိုလီ၏ အလောင်းကို ကြည့်လိုက်ပြီး အရှိန်မြှင့်ကာ အစ်ကိုလီ၏ ခေါင်းကို ခြေထောက်ဖြင့် အားကုန် ဖိနင်းချလိုက်သည်။

"ဝှီး"

ချက်ချင်းပင် အားဖြည့်ပေးထားသော စွမ်းအားအရှိန်ကြောင့် သူမ၏ ခြေဖဝါးသည် ဧရာမတူကြီးတစ်လက်ကဲ့သို့ ဖြစ်သွားပြီး "ဘုန်း" ခနဲ အသံနှင့်အတူ အစ်ကိုလီ၏ ခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။

သူမ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ယားးးးးးးးး"

ဆက်တိုက်ဆိုသလို ဆယ်ချက်မက နင်းခြေလိုက်ရာ ထိုအလောင်းသည် အသားပြားအဖြစ်သို့ ရောက်သွားသည်အထိ ကြေမွသွားတော့သည်။

လင်းယွမ်သည် သူမကို မတားဆီးပေ။ သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ပြောလိုက်သည်။

"သွားကြစို့... တခြားအခန်းတွေကို သွားကြည့်ရအောင်"

တင်းယန်က ချက်ချင်းရပ်လိုက်ပြီး ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ပြောသည်။

"သိပြီ... ဒီတိုက်ထဲက တိရစ္ဆာန်တွေအကုန်လုံးကို ကျွန်မသတ်ပစ်မယ်"

လူတစ်စုသည် အခန်းထဲမှ အတူတူ ထွက်ခွာလာခဲ့ကြသည်။ အခန်းထဲရှိ ပစ္စည်းများကိုမူ လင်းယွမ်တစ်ယောက် သေချာပေါက် ချန်ထားခဲ့မည် မဟုတ်ပေ။

သူတို့ အောက်ထပ်သို့ ဆင်းသွားသောအခါ မျက်နှာချင်းဆိုင် အခန်းတံခါး ပွင့်လာသည်။

ဝမ်လီလီနှင့် ကျန်းဖန်တို့နှစ်ဦး ဝင်ကြည့်လိုက်ရာ ဆိုးရွားစွာ သေဆုံးနေသော အမျိုးသမီးနှင့် ကြမ်းပြင်ပေါ်တွင် အသားကပ်သဖွယ် နင်းခြေခံထားရသော အစ်ကိုလီတို့ကို မြင်လိုက်ရသဖြင့် နှစ်ဦးစလုံး မျက်နှာပျက်သွားကြသည်။

ကျန်းဖန်က ဝမ်လီလီကို အလျင်အမြန် ဆွဲခေါ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။

"အမြန်သွားရအောင်... ဒီလူတွေက လီယုံလီတို့ထက်တောင် ပိုကြမ်းသေးတယ်"

ဝမ်လီလီကမူ ထိတ်လန့်ခြင်းမရှိပေ။ သူမသည် စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားလိုက်ပြီး ပြောသည်။

"ကိစ္စမရှိဘူး... သူတို့ကြည့်ရတာ လူဆိုးတွေနဲ့ မတူပါဘူး... မဟုတ်ရင် ကျွန်မတို့နဲ့ ပစ္စည်းလဲမှာ မဟုတ်ဘူး"

"ဒါနဲ့... ဟို လင်းယွမ်ဆိုတဲ့လူက ပြီးခဲ့တဲ့ရက်ပိုင်းက လူတွေပြောနေကြတဲ့ လျှိုအားလုံကို သတ်လိုက်တဲ့လူမလား"

ကျန်းဖန်က ပြန်စဉ်းစားလိုက်ပြီး ခေါင်းအနည်းငယ် ညိတ်ကာ ပြောသည်။

"ဟုတ်မယ် ထင်တယ်"

ဝမ်လီလီက မနေနိုင်ဘဲ ပြောလိုက်သည်။

"သူ စောစောက ပြောသွားတာလေ... အခု ဒီတိုက်ကို သူအုပ်ချုပ်မယ်တဲ့... ဒီတိုက်ရဲ့ စည်းကမ်းကို သူတို့ ထိန်းသိမ်းမယ်ဆိုလား"

ကျန်းဖန်က နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်သည်။

"အဲဒီလို ပြောသွားတာပဲ"

"အစကတော့ နောက်ထပ် လျှိုအားလုံတစ်ယောက် ပေါ်လာတယ်လို့ ထင်နေတာ... ဒါပေမဲ့ ဒီလင်းယွမ်ကတော့ တော်တော်လေး ကွဲပြားတဲ့ပုံပဲ"

"သူတို့အခု တစ်ခန်းဝင်တစ်ခန်းထွက် အခြေအနေ လိုက်ကြည့်နေကြပုံရတယ်" ဟု ကျန်းဖန်က မနေနိုင်ဘဲ ပြောလိုက်သည်။

ဝမ်လီလီ၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောသည်။

"သွား... တံခါးသေချာပိတ်ပြီး သူတို့နောက် လိုက်ကြည့်ရအောင်"

"ဟာ... ဒါ... အရမ်း အန္တရာယ်မများလွန်းဘူးလား"

"ဘာကြောက်စရာရှိလဲ... ကျွန်မတို့က သူတို့နောက်ကနေ လိုက်ပြီး သူတို့ပြောသလို တကယ်ရော ဟုတ်ရဲ့လားဆိုတာ ကြည့်ကြတာပေါ့"

"နောက်တစ်ချက်က... သူသာ တကယ်ပဲ စည်းကမ်းထိန်းသိမ်းပေးနိုင်တယ်ဆိုရင် ကျွန်မတို့က သူ့ဘက်ကနေ အားဖြည့်ပေးသလို ဖြစ်တာပေါ့"

"ဒီတိုက်ထဲမှာက အရမ်း ရှုပ်ထွေးလွန်းတယ်... တည်ငြိမ်တဲ့ စည်းကမ်းတစ်ခုမှ မရှိရင် ကျွန်မတို့ တကယ် အသက်ရှင်ဖို့ မလွယ်ဘူး... ရှင် ညဘက်သန်းခေါင်ခိုးပြီး ငါးသွားမျှားတိုင်း ကျွန်မ ဘယ်လောက် စိတ်ပူနေရလဲ ရှင်သိလား"

"အခု ခေါင်းဆောင်ပြီး ပြဿနာတွေကို ဖြေရှင်းပေးချင်တဲ့လူတစ်ယောက် ပေါ်လာတာပဲ... ကျွန်မတို့ ထောက်ခံပေးသင့်တာပေါ့... မြန်မြန်သွားရအောင်"

ဝမ်လီလီသည် ဉာဏ်များသောသူတစ်ယောက် ဖြစ်ပုံရပြီး ချစ်သူ ကျန်းဖန်ကို တိုက်တွန်းနေသည်။

ကျန်းဖန်သည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း နောင်တစ်ချိန်တွင် တည်ငြိမ်သော စည်းကမ်းတစ်ခု တကယ်ရှိလာပါက သူ၏ ငါးမျှားဝါသနာနှင့် ငါးမျှားကျွမ်းကျင်မှုဖြင့် တကယ်ပင် ရပ်တည်နိုင်မည်ဟု တွေးမိလိုက်သည်။

ထို့ကြောင့် ချက်ချင်းပင် ပြောလိုက်သည်။

"သိပြီ... ငါတို့ အတူတူ လိုက်ကြည့်ကြတာပေါ့"

နှစ်ဦးသားသည် ချက်ချင်းပင် အောက်ထပ်သို့ ဆင်းကာ လိုက်သွားကြသည်။

အောက်ထပ်သို့ ရောက်ရောက်ချင်းပင် ဆူညံသံများကို ကြားလိုက်ရသည်။

နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ ကျန်းဖန်က အံ့သြစွာဖြင့် ပြောလိုက်သည်။

"အမကြီးရွှီ မလား"

ဝမ်လီလီကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။

"ဟုတ်ပုံရတယ်... အမကြီးရွှီက နည်းနည်းတော့ စွာကျယ်ကျယ်နိုင်ပေမယ့် မကောင်းတာ လုပ်တဲ့လူတော့ မဟုတ်ပါဘူး... ဘယ်လိုဖြစ်ပြီး သူတို့ကို သွားရန်စမိတာပါလိမ့်"

"သွား... သွားကြည့်ရအောင်"

နှစ်ဦးသား အောက်သို့ ဆင်းလာကြရာ လင်းယွမ်တို့ လေးယောက်သည် တံခါးကို ဖျက်မဝင်သေးသော်လည်း အခန်းထဲမှ အမကြီးရွှီကမူ ဆဲဆိုကြိမ်းမောင်းနေသည်ကို တွေ့လိုက်ရသည်။

"ထွက်သွား... ဖယ်ကြ... နင်တို့အကုန် ထွက်သွား... နင်တို့ ဘာလုပ်ချင်နေလဲဆိုတာ ငါမသိဘူး မထင်နဲ့"

"မုန့်နဲ့ လဲမယ်ဟုတ်လား... တော်စမ်းပါ... နင်တို့ ငါ့ကို တံခါးဖွင့်ခိုင်းဖို့ လိမ်နေတာမလား... နင်တို့ ငါ့သားကို စားချင်နေကြတာမလား"

"ငါက အရူးမ မဟုတ်ဘူးဟဲ့... အောက်တန်းစားမ... နင် အိမ်မက်ပဲ မက်နေလိုက်တော့"

အခန်းထဲမှ အမကြီးရွှီ၏ ဆဲဆိုသံများမှာ နားထောင်ရ ခက်လှသည်။ "အောက်တန်းစားမ" ဟု တဖွဖွ ပြောနေသဖြင့် ဆုန့်ဝမ်နှင့် လျှိုဖေးဖေးတို့၏ မျက်နှာများ ပျက်နေကြသည်။

လင်းယွမ်က တင်းယန်ကို ကြည့်ပြီး မေးလိုက်သည်။

"အခန်းထဲက ခွေးဟောင်သံ ကြားလား"

တင်းယန်က ခေါင်းညိတ်သည်။

"ကြားတယ်... သေချာကြားလိုက်တယ်"

လင်းယွမ်က စဉ်းစားလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒီက အမကြီး... အခုက အခြေအနေ ထူးခြားနေတဲ့အချိန်ဗျ... အိမ်မွေးတိရစ္ဆာန်တွေက အရမ်း အန္တရာယ်များတယ်... အချိန်မရွေး သန္ဓေပြောင်းပြီး ဘီလူးသတ္တဝါအဖြစ် ပြောင်းလဲသွားနိုင်တယ်"

"ကျွန်တော်တို့က ခင်ဗျားရဲ့ခွေးကို စားချင်တာ မဟုတ်ပါဘူး... သန္ဓေပြောင်းသတ္တဝါ ဟုတ်မဟုတ် ဆိုတာကိုပဲ အတည်ပြုချင်တာပါ... တံခါးဖွင့်ပြီး ကြည့်ခွင့်ပေးပါ"

"ပေါက်ကရတွေ... နင့်အမေလင် ပေါက်ကရတွေ လာပြောနေတာလား... နင်တို့သာ သန္ဓေပြောင်းသတ္တဝါတွေ... နင်တို့တစ်ဆွေလုံး တစ်မျိုးလုံး သန္ဓေပြောင်းကောင်တွေ... ငါ့သားက ဘယ်တော့မှ သန္ဓေပြောင်းမှာ မဟုတ်ဘူး... ထွက်သွားစမ်းပါ"

အခန်းထဲမှ အမျိုးသမီးသည် စူးစူးဝါးဝါး အော်ဟစ်ပြီး ဆဲဆိုကြိမ်းမောင်းနေတော့သည်။

လင်းယွမ်၏ မျက်နှာထား အနည်းငယ် တင်းမာသွားသည်။ သန္ဓေပြောင်းသတ္တဝါများသည် မည်မျှ ကိုင်တွယ်ရခက်ကြောင်း သူ ကောင်းကောင်းကြီး သိသည်။

ယခင်က သန္ဓေပြောင်းကြောင်အချို့နှင့် တွေ့စဉ်က သူ ပြန်တိုက်ခိုက်ရန်ပင် မတတ်နိုင်လုနီးပါး ဖြစ်ခဲ့ရသည်။

အကယ်၍ ခွေးတစ်ကောင်သာ သန္ဓေပြောင်းသွားပါက မည်မျှ ကြောက်စရာကောင်းမည်နည်း။

ထို့ကြောင့် သူ စကားဆက်မများတော့ဘဲ တဲ့တိုးပင် ပြောလိုက်သည်။

"ခင်ဗျားက မပူးပေါင်းဘူးတော့ ကျွန်တော်တို့ကို အပြစ်မတင်နဲ့တော့"

သူက တင်းယန်ကို လှည့်ပြောလိုက်သည်။

"နင် နောက်နည်းနည်း ဆုတ်နေ"

တင်းယန်က ခေါင်းညိတ်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

လင်းယွမ်သည် သံချောင်း တူးရွင်းပြားကို ကိုင်ကာ တံခါးလက်ကိုင်ဘုကို အားကုန် ရိုက်ချလိုက်တော့သည်။

"ဒုန်း" "ဒုန်း" "ဒုန်း"

သုံးချက်မျှသာ ရိုက်လိုက်ရပြီး ချက်ချင်းပင် "ဂျွတ်" ခနဲ အသံနှင့်အတူ တံခါးလက်ကိုင်ဘု ကျိုးထွက်သွားကာ အတွင်းမှ သော့အိမ် ပေါ်လာသည်။

လင်းယွမ်သည် ခြေထောက်မြှောက်ကာ အားကုန် ကန်ထည့်လိုက်သည်။

"ဘုန်း" "ဘုန်း" "ဘုန်း"

ဆယ်ချက်ကျော် ထပ်ကန်လိုက်ရာ သော့အိမ် ကွဲအက်သွားတော့သည်။

အတွင်းမှ အမကြီးရွှီသည် ဆဲဆိုနေရင်းနှင့်ပင် ထိတ်လန့်တုန်လှုပ်လာပုံရသည်။

သူမသည် အခြားလူများ ရောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဆူညံပွက်လောရိုက်အောင် အော်ဟစ်နေသည်။

လင်းယွမ်သည် နောက်ထပ် ခြေတစ်ချက် ထပ်ကန်လိုက်ရာ "ဝုန်း" ခနဲ အသံနှင့်အတူ အခန်းတံခါးတစ်ခုလုံး ပွင့်ထွက်သွားတော့သည်။

ထိုအချိန်မှာပင် ရုတ်တရက် အခန်းထဲမှ အရိပ်မည်းတစ်ခု ခုန်ထွက်လာသည်။

ထို့နောက် "ဝုတ် ဝုတ်" ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုအရိပ်မည်း၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် စိတ်စွမ်းအား ၁.၇ အထိ ရှိသော လင်းယွမ်ပင်လျှင် တော်ရုံနှင့် တုံ့ပြန်နိုင်ခြင်း မရှိပေ။

သူသည် ကိုယ်ကို အလျင်အမြန် တိမ်းရှောင်လိုက်ပြီး အရိပ်မည်းကို ရှောင်ရှားလိုက်သည်။

"ရွှပ်"

အရိပ်မည်း၏ လက်သည်းသည် လင်းယွမ်၏သားရေအင်္ကျီကို ကုတ်မိသွားပြီး အပေါ်ယံသားရေများ ပြဲထွက်သွားကာ အတွင်းမှ သံပြား ပေါ်လာသည်။

သံပြားပေါ်၌ သံထဲသို့ ထွင်းဖောက်ဝင်ရောက်လုနီးပါးဖြစ်နေသော အဖြူရောင် ခြစ်ရာအချို့ ကျန်ရစ်ခဲ့သည်။

လင်းယွမ် ချက်ချင်း မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။

"သန္ဓေပြောင်းသတ္တဝါ"

တင်းယန်ကမူ လှုပ်ရှားလိုက်ပြီဖြစ်သည်။ သူမ ခြေတစ်ဖက်ဖြင့် ကန်ထည့်လိုက်သည်။

ထိုအရိပ်မည်းသည် မရှောင်တိမ်းနိုင်လိုက်ဘဲ ချက်ချင်းပင် တင်းယန်၏ ကန်ချက်ကို မိသွားသည်။

"ဂိန်" ခနဲ အသံနှင့်အတူ အခန်းထဲသို့ ပြန်လည် လွင့်စင်သွားတော့သည်။

လင်းယွမ်သည် ဘာမျှဆက်မပြောတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲသို့ သေနတ်တစ်လက် ရောက်လာပြီး ခွေးမည်းကို ရှာဖွေရန် အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်သည်။

သို့သော် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်းပင် လန့်ဖျပ်သွားသည်။

အခန်းထဲတွင် အပုပ်နံ့များ နံစော်နေပြီး နေရာအနှံ့၌ လူသေအလောင်းများနှင့် အရိုးများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။

အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် ဆိုဖာပေါ်တွင် မလှုပ်မယှက် ထိုင်နေသည်။

ထိုခွေးမည်းကမူ ဆိုဖာဘေးတွင် ပုန်းအောင်းနေပြီး လင်းယွမ်တို့ကို ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

လင်းယွမ် အကြမ်းဖျင်း လှမ်းကြည့်လိုက်ရာ ဤအခန်းထဲတွင် အနည်းဆုံး အလောင်းဆယ်လောင်းခန့် ရှိပြီး လူကြီးရော ကလေးပါ ပါဝင်နေသည်။

သူ့မျက်နှာထား တင်းမာသွားပြီး ချက်ချင်း သဘောပေါက်လိုက်သည်။ ဒီခွေးမည်းက လူတွေကို စားနေခဲ့တာပဲ။

သူ့ရင်ထဲတွင် ဒေါသများ ဆူပွက်လာပြီး အော်ဟစ်ဆဲဆိုလိုက်သည်။

"တိရစ္ဆာန်ကောင်... ထွက်ခဲ့စမ်း"

တင်းယန်လည်း ချက်ချင်း ပြေးဝင်လာသည်။ အခန်းတွင်း အခြေအနေကို မြင်သောအခါ သူမလည်း မျက်နှာပျက်သွားသည်။

သူမက ဆိုဖာပေါ်မှ အမျိုးသမီးကို ချက်ချင်း လှမ်းအော်လိုက်သည်။

"ရှင့်ခွေးက လူတွေ စားထားတာလား"

ဆိုဖာပေါ်မှ အမျိုးသမီးက မလှုပ်ရှားပေ။ သို့သော် အသံတစ်ခု ထွက်ပေါ်လာသည်။

"လူစားတော့ ဘာဖြစ်လဲ... ဒီလူတွေအကုန်လုံးက ငါ့ကို အခွင့်ကောင်းယူချင်ကြတာ... ငါ့အိမ်က အစားအသောက်တွေကို လုချင်ကြတာ"

"သူတို့က ငါ့ဆီက လုတယ်... ငါက သူတို့ကို ပြန်စားတယ်... တရားမျှတတယ် မဟုတ်ဘူးလား"

လင်းယွမ်သည် ဆိုဖာပေါ်မှ ထိုအမျိုးသမီးကို ကြည့်နေသည်။ တစ်ဖက်လူက ပါးစပ်ဟပြီး စကားပြောနေခြင်း မရှိသော်လည်း ထိုနေရာမှ အသံများ ထွက်ပေါ်နေခြင်းဖြစ်သည်။

ကြက်သီးထစရာ ခံစားမှုတစ်ခု သူ့ဆီသို့ ဝင်ရောက်လာသည်။

"သတိထား... သူက သန္ဓေပြောင်းစွမ်းရည် နိုးထထားတာ ဖြစ်နိုင်တယ်"

လင်းယွမ် ချက်ချင်း သတိပေးလိုက်သည်။

တင်းယန်၏ မျက်နှာထားလည်း ချက်ချင်း ပြောင်းလဲသွားသည်။ သန္ဓေပြောင်းစွမ်းရည် နိုးထခြင်းက မည်မျှ အစွမ်းထက်ကြောင်း သူမ အခြားသူများထက် ပိုသိသည်။

သူမကိုယ်တိုင်က သန္ဓေပြောင်းစွမ်းရည်ရှင်တစ်ဦး ဖြစ်သောကြောင့် သန္ဓေပြောင်းစွမ်းရည်ရှင်များ မည်မျှ ကြောက်စရာကောင်းကြောင်း ကောင်းကောင်းကြီး သိသည်။

ထို့ကြောင့် ချက်ချင်း အော်ပြောလိုက်သည်။

"ဆုန့်ဝမ်... လျှိုဖေးဖေး... အပေါ်ထပ်ကို ချက်ချင်း တက်ကြ"

သူမ ပြောစရာပင် မလိုဘဲ လျှိုဖေးဖေးနှင့် ဆုန့်ဝမ်တို့သည် အပေါ်ထပ်သို့ အပြေးကလေး တက်သွားကြပြီ ဖြစ်သည်။

ထို့နောက် ရောက်ခါစ ဝမ်လီလီ၊ ကျန်းဖန်တို့ နှစ်ဦးနှင့်အတူ အပေါ်ထပ်တွင် ပုန်းအောင်းရင်း အောက်ထပ်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

ခဏမျှ ကြန့်ကြာသွားသော အချိန်လေးအတွင်း ရုတ်တရက် ခွေးမည်းက ထပ်မံ ခုန်ထွက်လာရာ လင်းယွမ်က သေနတ်ကို ဆွဲထုတ်ပြီး ပစ်ခတ်လိုက်သည်။

"ဒိုင်း" "ဒိုင်း" "ဒိုင်း"

သုံးချက်ဆက်တိုက် ပစ်ခတ်လိုက်ရာ အရိပ်မည်း၏ ကိုယ်ပေါ်သို့ ကျည်ဆန်များ ထိမှန်သွားပြီး "ဘုန်း" ခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။

"အား..."

ထူးဆန်းသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။ ထိုခွေးမည်း၏ ပါးစပ်မှ သနားစဖွယ် အော်ဟစ်သံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုအော်ဟစ်သံသည် အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်နေသည်။

လင်းယွမ်နှင့် တင်းယန်တို့ နှစ်ဦးစလုံး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြသည်။

တင်းယန်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ဘာဖြစ်တာလဲ"

လင်းယွမ်၏ မျက်လုံးများ လှုပ်ရှားသွားသည်။ စကားတစ်ခွန်းမှ မဆိုဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။

"နင် ဆိုဖာပေါ်က မိန်းမကို သွားဖမ်းလိုက်... သတိထားနော်"

တင်းယန်က အလျင်အမြန် ခေါင်းညိတ်ပြီး ဆိုဖာဆီသို့ ပြေးသွားလိုက်သည်။

ထိုအချိန်တွင် ကြမ်းပြင်ပေါ်၌ လဲကျကာ တက်နေသော ခွေးမည်း၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် လျင်မြန်စွာ ပျံသန်းသွားပြီး ဆိုဖာပေါ်မှ အမျိုးသမီး၏ ကိုယ်ပေါ်သို့ ရောက်သွားသည်။

ထိုအလင်းတန်းသည် အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအမျိုးသမီး မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ချက်ချင်း ပြန်လည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။

နောက်တစ်စက္ကန့်တွင် သူမ ရုတ်တရက် ထထိုင်လိုက်ပြီး ဆိုဖာပေါ်တွင် ကြိုတင်ဝှက်ထားသော ဓားကို ယူကာ တင်းယန်ကို တည့်တည့် ထိုးချလိုက်သည်။

တင်းယန်သည် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သဖြင့် လက်နှစ်ဖက်တွင် စွမ်းအားအလင်းရောင်များ လင်းလက်လာကာ ဓားသွားကို လက်ဗလာဖြင့် ရိုက်ထုတ်လိုက်သည်။

"ထန်"

ဓားသွားကို သူမ ရိုက်ထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ ညာလက်မှ ဓားမြှောင်ကို အားကုန် ထိုးထုတ်လိုက်ကာ အမျိုးသမီး၏ နဖူးကို ချိန်ရွယ်လိုက်သည်။

ထိုအမျိုးသမီးသည် တုံ့ပြန်မှု အလွန်မြန်ဆန်လှသည်။ စူးဝါးစွာ အော်ဟစ်လိုက်ပြီး ကိုယ်ကို လှည့်ကာ ဆိုဖာနောက်သို့ ဝင်ရောက် ပုန်းအောင်းလိုက်သည်။

ထို့နောက် အရည်များထည့်ထားသော ဇလုံတစ်လုံးကို မကာ တင်းယန်ဆီသို့ ပက်လိုက်သည်။

တင်းယန် လန့်သွားသည်။ ဘာအရည်မှန်း မသိသဖြင့် ကိုယ်ကို အလျင်အမြန် တိမ်းရှောင်ပြီး အခြားဆိုဖာတစ်ခု၏ နောက်သို့ ဝင်ပုန်းလိုက်သည်။

"ဗွမ်း"

အရည်များ ကျလာပြီး ဆိုဖာနှင့် ကြမ်းပြင်ပေါ်သို့ စင်သွားသည်။

ချက်ချင်းပင် "ရှဲ ရှဲ" ဟူသော စားသွားသည့် အသံများ ထွက်ပေါ်လာသည်။

ဤအရည်သည် ပြင်းထန်သော အက်ဆစ်တစ်မျိုး ဖြစ်နေသည်။

"ဒိုင်း"

သေနတ်သံ ထွက်ပေါ်လာသည်။ လင်းယွမ်သည် ထိုအခွင့်အရေးကို အသုံးချပြီး ထိုအမျိုးသမီးကို သေနတ်ဖြင့် ပစ်လိုက်သည်။

အမျိုးသမီးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်ထဲမှ ဇလုံသည် "ဂလွမ်" ခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ကျသွားသည်။

ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး "ဝုန်း" ခနဲ အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားတော့သည်။

လင်းယွမ် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး အခြေအနေကို ကြည့်ရှုရန် ရှေ့သို့တိုးသွားလိုက်သည်။

တင်းယန်လည်း ထရပ်ပြီး လျှောက်သွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လင်းယွမ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"အနားမသွားနဲ့"

သူ့စနစ်က မည်သည့်အချက်ပေးသံမှ မလာသည်ကို ရုတ်တရက် သတိရလိုက်ခြင်း ဖြစ်သည်။

ဤမိန်းမက သေချာပေါက် သန္ဓေပြောင်းစွမ်းရည်ရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သူမကို သတ်လိုက်ပါလျက်နှင့် စနစ်က ဘာလို့ အမှတ်မပေးသနည်း။

ဒါက ဘာကို ပြနေသလဲ။

ဒီမိန်းမ မသေသေးဘူး။

လင်းယွမ်သည် လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး သေနတ်သံများ ထပ်မံ ထွက်ပေါ်လာသည်။

"ဒိုင်း" "ဒိုင်း"

နောက်ထပ် နှစ်ချက်။ တစ်ချက်က ထိုအမျိုးသမီး၏ ဦးခေါင်းကို ထိမှန်သွားသည်။

နောက်တစ်ချက်က အမျိုးသမီး၏ နှလုံးတည့်တည့်ကို ထိမှန်သွားသည်။

ထိုအမျိုးသမီး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီးနောက် တကယ့်လူသေကဲ့သို့ ဘာတုံ့ပြန်မှုမှ မရှိတော့ပေ။

လင်းယွမ် စိတ်ထဲတွင် စိုးရိမ်ပူပန်လာသည်။ သူ ချက်ချင်း လှည့်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် လဲနေသော ခွေးမည်းကို ချိန်ရွယ်လိုက်သည်။

"ဒိုင်း"

နောက်ထပ် သေနတ်တစ်ချက်ဖြင့် ထိုခွေးမည်း၏ ခေါင်းကို ပစ်ခွဲလိုက်ပြန်သည်။

ခွေးမည်းမှာ ဘာလှုပ်ရှားမှုမှ မရှိပေ။

သို့သော်လည်း လင်းယွမ်သည် ဘာအမှတ်မှ ရရှိကြောင်း အသိပေးချက် မရရှိသေးပေ။

သူ့မျက်နှာထား ပျက်ယွင်းသွားပြီး စိတ်ထဲတွင် သံသယများ ဖြစ်လာကာ ဘေးဘီဝဲယာကို လိုက်လံကြည့်ရှုလိုက်သည်။

စိတ်ထဲတွင်လည်း "ဘယ်မှာလဲ... သူ မသေသေးဘူး... ဘယ်မှာလဲ" ဟု မေးခွန်းထုတ်နေမိသည်။

တင်းယန်က မျက်မှောင်ကြုတ်လျက် ပြောသည်။

"လင်းယွမ်... သူ သေလောက်ပါပြီ"

သူမသည် အားတင်းပြီး ထိုအမျိုးသမီးအလောင်းနားသို့ တိုးသွားလိုက်သည်။

လင်းယွမ် သူမကို မတားလိုက်နိုင်ခင်မှာပင် သူမ၏လက်ထဲမှ ဓားမြှောင်သည် "ရွှပ်" ခနဲ အသံနှင့်အတူ ထိုအမျိုးသမီး၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။

ဒီတစ်ချက်နှင့်မှ မသေသေးရင်တော့ တကယ် သရဲခြောက်နေပြီဖြစ်သည်။

လင်းယွမ် မျက်မှောင်ကြုတ်လျက် သံသယဖြစ်နေမိသည်။

သူသည်လည်း ထိုခွေးမည်းနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။

ခွေးမည်းက မလှုပ်မယှက် ရှိနေပြီး ကိုယ်ပေါ်မှ သွေးများ ဒလဟော စီးကျနေသည်။

လင်းယွမ်သည် လက်ထဲမှ သံချောင်း တူးရွင်းပြားကို မြှောက်လိုက်ပြီး ချွန်ထက်သော ထိပ်ဖျားဖြင့် ခွေးမည်း၏ ခေါင်းထဲသို့ အားကုန် ထိုးစိုက်လိုက်သည်။

ခွေးမည်းက မလှုပ်မယှက်ပင်။ သိသိသာသာကို သေဆုံးနေပြီဖြစ်သည်။

သို့သော် လင်းယွမ်သည် ဘာအမှတ်မှ ရရှိကြောင်း အသိပေးချက် မရရှိသေးပေ။

"မဟုတ်ဘူး... မဟုတ်သေးဘူး"

သူ့စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းသံများ ဆူညံသွားပြီး စနစ်များ ပျက်နေသလားဟုပင် သံသယဝင်လာမိသည်။

"စနစ်"

သူ ချက်ချင်း စနစ်ကို ခေါ်လိုက်သည်။

ဦးနှောက်ထဲတွင် စနစ်က အလိုအလျောက် ပေါ်လာပြီး သူ့အချက်အလက်များကို ပြသလိုက်သည်။

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈

ခွန်အား - ၂.၉

အလျင် - ဝ.၈

စိတ်စွမ်းအား - ၁.၇

သန္ဓေပြောင်းလဲနှုန်း - ၃%

အမှတ် - ၅၈၁ မှတ်

"ဘာမှ မပြောင်းလဲဘူး... ဘယ်လိုဖြစ်ပြီး ဘာမှ မပြောင်းလဲရတာလဲ"

"ငါ့ရမှတ်တွေ ဘာမှ မပြောင်းလဲဘူးပဲ"

သူ မယုံကြည်နိုင် ဖြစ်နေသည်။ ထူးဆန်းလွန်းနေသည်။

"ဝူး... ဝူး..."

ရုတ်တရက် အိပ်ခန်းဘက်ဆီမှ ရုန်းကန်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

လင်းယွမ်နှင့် တင်းယန်တို့ ကြောင်သွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

လင်းယွမ်က ပြောလိုက်သည်။

"သတိထား"

တင်းယန်က ခေါင်းညိတ်ပြီး အိပ်ခန်းနားသို့ ဖြည်းဖြည်းချင်း ကပ်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။

ထင်မှတ်ထားသလို ချောင်းမြောင်းတိုက်ခိုက်မှုမျိုး မကြုံရဘဲ ကုတင်ပေါ်တွင် ကြိုးတုပ်ခံထားရသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

သက်လတ်ပိုင်း အမျိုးသမီး၏ ခြေလက်များကို ကြိုးတုပ်ထားပြီး ပါးစပ်ကိုလည်း လက်ကိုင်ပဝါ တစ်ခုဖြင့် ဆို့ပိတ်ထားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ လင်းယွမ်နှင့် တင်းယန်တို့ စိတ်အနည်းငယ် သက်သာရာ ရသွားကြသည်။

တင်းယန်က လျင်မြန်စွာ လျှောက်သွားပြီး ပြောလိုက်သည်။

"အဆင်ပြေရဲ့လား... ကျွန်မတို့က လူဆိုးတွေ မဟုတ်ပါဘူး"

သူမသည် ရှေ့သို့တိုးသွားပြီး အမျိုးသမီးကို ချည်နှောင်ထားသော ကြိုးများကို အမြန်ဖြေပေးလိုက်သည်။

လင်းယွမ်၏ မျက်လုံးများကမူ အိပ်ခန်းနေရာအနှံ့ကို သတိကြီးစွာဖြင့် လိုက်လံကြည့်ရှုနေသည်။

ဤအိပ်ခန်းသည် သန့်ရှင်းပြီး သပ်ရပ်နေသည်။ ရှုပ်ပွနေသော လက္ခဏာ မတွေ့ရပေ။

ကုတင်ခေါင်းရင်းတွင် ဓာတ်ပုံဘောင်တစ်ခု တင်ထားသည်။

ဓာတ်ပုံဘောင်ထဲတွင် သားအမိနှစ်ယောက်ပုံ ရှိသည်။

မိခင်ဖြစ်သူမှာ ယခုတွေ့နေရသော သက်လတ်ပိုင်း အမျိုးသမီးဖြစ်ပုံရပြီး သမီးဖြစ်သူမှာမူ ပျောက်ဆုံးနေသည်။

လင်းယွမ်သည် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ထိုသက်လတ်ပိုင်း အမျိုးသမီးကို ကြည့်လိုက်သည်။

ရုတ်တရက် သူ့မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ကြက်သီးထစရာ ကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကြောင့် ခေါင်းက ဒိန်းခနဲ ဖြစ်သွားသည်။

ထိုသက်လတ်ပိုင်း အမျိုးသမီး၏ ခြေထောက်ပေါ်တွင် ခွေးမွေးနက်တစ်မျှင် ကပ်နေသည်ကို တွေ့လိုက်ရခြင်းကြောင့်ပင်။

ထိုအချိန်မှာပင် ထိုအမျိုးသမီးသည် ကြိုးများ ဖြေပြီးသွားပြီဖြစ်ရာ မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာဖြင့် တင်းယန်နားသို့ ကပ်သွားပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သမီးရယ်..."

သူမ ထိုစကားပြောရင်း ထိတ်လန့်ဟန်ဆောင်ကာ တင်းယန်အနားသို့ တိုးကပ်သွားသည်။

"ဒိုင်း"

ထိုအချိန်မှာပင် သေနတ်သံ ထွက်ပေါ်လာသည်။

လင်းယွမ် ပစ်လိုက်ခြင်း ဖြစ်သည်။

ဆက်ရန်...

အပိုင်း (၈၈) သန္ဓေပြောင်း သက်လတ်ပိုင်းအမျိုးသမီး

"အားးးးးးး"

ကျယ်လောင်သော အော်သံတစ်ချက်နှင့်အတူ ကျည်ဆန်က သက်လတ်ပိုင်းအမျိုးသမီး၏ ပခုံးစွန်းကို ဖောက်ထွင်းသွားလေသည်။

ထိုအမျိုးသမီး၏ နှုတ်ဖျားမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ ဒေါသနှင့် ထိတ်လန့်မှုတို့ ရောယှက်သွားတော့၏။

သူမက ကုတင်ပေါ်သို့ လဲကျသွားကာ သေနတ်ဒဏ်ရာကို လက်ဖြင့် ဖိအုပ်ရင်း နာကျင်စွာ ညည်းညူအော်ဟစ်နေရှာသည်။

တင်းယန်ပင်လျှင် ခေတ္တမျှ ကြောင်အမ်းသွားပြီး လင်းယွမ်ကို အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။

"သမီး... သမီး... ကယ်ပါဦး... သမီးတို့က လူဆိုးတွေ မဟုတ်ဘူးဆို"

ထိုအမျိုးသမီးက ငိုယိုအော်ဟစ်ရင်း တင်းယန်အား ကြည့်ကာ အကူအညီ တောင်းခံလာသည်။

သို့သော် တင်းယန်က သူမထင်ထားသလို ဖြစ်မလာခဲ့ပေ။ တင်းယန်သည် ဘာကိုမျှ စဉ်းစားမနေတော့ဘဲ ချက်ချင်းဆိုသလို အနောက်သို့ ဆုတ်လိုက်ပြီး ထိုအမျိုးသမီးနှင့် ခပ်ဝေးဝေးသို့ အကွာအဝေးတစ်ခု ယူလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် လက်ထဲမှ ဓားမြှောင်ကို မြှောက်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"မလှုပ်နဲ့"

သူမ၏ အမူအရာက တည်ငြိမ်နေပြီး ထိုအမျိုးသမီးကို စိုက်ကြည့်ကာ အလျင်အမြန် မေးလိုက်သည်။

"လင်းယွမ်... ဘာဖြစ်တာလဲ"

သူမသည် လင်းယွမ်ကို သံသယ မဝင်ခဲ့ပေ။ လင်းယွမ်ကို ပထမဆုံး ယုံကြည်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် သာမန်ဟု ထင်ရသော ဤသက်လတ်ပိုင်း အမျိုးသမီးနှင့်လည်း အလျင်အမြန် ခွာလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်က စိတ်ထဲတွင် ကျေနပ်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒီမိန်းမမှာ ပြဿနာရှိတယ်"

လင်းယွမ်၏ စကားတစ်ခွန်းကြောင့် ကုတင်ပေါ်မှ အမျိုးသမီးနှင့် တင်းယန်တို့ နှစ်ဦးစလုံး ကြောင်အမ်းသွားကြသည်။

တင်းယန်က အလျင်စလို မေးလိုက်၏။

"ဘာပြဿနာလဲ"

ကုတင်ပေါ်မှ အမျိုးသမီးကလည်း တောင်းပန်တိုးလျှိုး လာတော့သည်။

"အဒေါ်က ပြန်ပေးဆွဲ ခံထားရတာပါ... အဒေါ်က တကယ်ပဲ လူကောင်းပါ... တောင်းပန်ပါတယ်... အဒေါ့်ကို မသတ်ပါနဲ့... အဒေါ့်ကို ဒုက္ခမပေးပါနဲ့... ဟီး"

သူမက ငိုပင် ငိုလာပြီး မျက်နှာတစ်ခုလုံး ကြောက်ရွံ့ထိတ်လန့်နေပုံ ပေါက်နေသဖြင့် ဟန်ဆောင်နေသည်နှင့် လုံးဝ မတူချေ။

လင်းယွမ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"သူသာ တကယ်ပဲ ပြန်ပေးဆွဲ အဖမ်းခံထားရမယ်ဆိုရင် ဒီအခန်းက ဒီလောက်ကြီး သန့်ရှင်းသပ်ရပ်နေစရာ အကြောင်းမရှိဘူး"

"လူယုတ်မာတွေရဲ့ အခန်းကို ငါနဲ့အတူတူ နင်ဘယ်လောက်တောင် ရောက်ဖူးပြီလဲ... ဒီလောက် သန့်ရှင်းနေတဲ့ အခန်းမျိုး နင်မြင်ဖူးလား"

"ပြီးတော့... သူ့ခြေထောက်မှာ ခွေးမွေးတွေ ကပ်နေတယ်... အပြင်က ခွေးနဲ့ သူက သေချာပေါက် သိကျွမ်းနေတာပဲ... အဲဒီခွေးရဲ့ သန္ဓေပြောင်း အခြေအနေကို ကြည့်ရတာ သူ့ကို မစားဘဲ ထားတယ်ဆိုကတည်းက သူ့မှာ သေချာပေါက် ပြဿနာအကြီးကြီး ရှိနေတယ်"

လင်းယွမ်၏ စကားအနည်းငယ်က တင်းယန်၏ သတိအနေအထားကို ချက်ချင်း မြင့်တက်သွားစေသည်။

သူမက ကုတင်ပေါ်မှ အမျိုးသမီးကို စူးစိုက်ကြည့်လိုက်ရာ တစ်ဖက်လူ၏ ခြေထောက်တွင် ကပ်နေသော ခွေးမွေးတစ်စုကို သတိပြုမိလိုက်သည်။

လင်းယွမ်၏ စကားများသည် အဓိပ္ပာယ်ရှိသော်လည်း အမှန်တကယ်တော့ အနည်းငယ် ဖြည့်စွတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။

သူ့အတွက် အရေးအကြီးဆုံး သက်သေမှာ စနစ်က သူ့အား အမှတ်များ ထုတ်မပေးခြင်းပင် ဖြစ်၏။

ဤအခန်းထဲတွင် ယခုအချိန်ထိ သူနှင့် တင်းယန်၊ ပြီးလျှင် ရှေ့မှ သက်လတ်ပိုင်း အမျိုးသမီးသာ ရှိလေသည်။ အခြားမည်သူမျှ မရှိပါဘဲလျက် ဤအမျိုးသမီးသာ ပြဿနာမရှိလျှင် သရဲခြောက်နေသည်ဟု ဆိုရပေမည်။

လင်းယွမ်ကဲ့သို့ သတိကြီးသူ တစ်ယောက်အဖို့ သေချာပေါက် သေနတ်ဖြင့် ပစ်မည်သာ ဖြစ်သည်။

တင်းယန်က အသက်ကို ဝဝရှူလိုက်ပြီး ထိုအမျိုးသမီးကို စိုက်ကြည့်ကာ ငေါက်ငမ်းလိုက်သည်။

"ရှင် ဘယ်သူလဲ"

ကုတင်ပေါ်မှ အမျိုးသမီးက ငိုယိုကာ ပြောရှာသည်။

"အဒေါ်က ဒီအခန်းပိုင်ရှင်ပါ... အဒေါ့်နာမည် ရွှီလိဟွာ ပါ... အဒေါ့်ကို ယုံပါသမီးရယ်... အဒေါ်က တကယ်ပဲ ပြန်ပေးဆွဲ ခံထားရတာပါ"

"အဒေါ့်ကို ပြန်ပေးဆွဲတာက အပြင်က မိန်းမပါ... အဒေါ်က သူ့ကို သနားလို့ လက်ခံပေးခဲ့တာပါ"

"သူက လူရေခြုံထားတဲ့ မြွေပွေးမမှန်း အဒေါ် မသိခဲ့မိဘူး... သူက အဒေါ့်ကို ကြိုးတုပ်တယ်... ပြီးတော့ သူ့အတွက် အဝတ်လျှော် ထမင်းချက်ခိုင်းတယ်... သူ့ခွေးကိုတောင် ပြုစုခိုင်းသေးတယ်"

"ဒီခွေးမွေးတွေက ခွေးကို အစာကျွေးရင်း မတော်တဆ ကပ်ပါလာတာပါ... အဒေါ်ကို ယုံပါ"

သက်လတ်ပိုင်းအမျိုးသမီးက ငိုယိုအော်ဟစ်ရင်း အဖြစ်အပျက်များကို ရှင်းပြနေသည်။

နားထောင်ရသည်မှာ အကြောင်းအကျိုး ညီညွတ်နေပြီး မည်သည့် အားနည်းချက်မျှ မရှိသကဲ့သို့ပင်။

တင်းယန်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ဟိုးအရင်က ဖန်းမေချင်း ဆိုသည့် အမျိုးသမီးကို သတိရသွားမိသည်။

ထိုစဉ်က သူမသည် စိတ်သဘောထား နူးညံ့လွန်းသဖြင့် ဖန်းမေချင်းကို ယုံကြည်ကာ တံခါးဖွင့်ပေးပြီး လက်ခံခဲ့မိသည်။

သို့သော် ဝံပုလွေကို အိမ်ထဲခေါ်မိမှန်း မသိလိုက်ဘဲ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလို ဖြစ်ခဲ့ရသည်။ ယခု ဤအမျိုးသမီး၏ အဖြစ်အပျက်က သူမနှင့် မည်မျှတူလိုက်ပါသနည်း။

သူမက လင်းယွမ်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။

"လင်းယွမ်... ရှင်... ရှင့်မှာ တခြား သံသယရှိစရာ ရှိသေးလို့လား"

လင်းယွမ်ကတော့ တစ်ခွန်းမှ မယုံပေ။

စနစ်က အမှတ်မှ မပေးဘဲကိုး။

အပြင်ဘက်တွင် သေဆုံးနေသော လူတစ်ယောက်နှင့် ခွေးတစ်ကောင်တွင် တစ်ကောင်မှ သန္ဓေပြောင်း သတ္တဝါ မဟုတ်ချေ။

တင်းယန်၏ အကြည့်ကို တုံ့ပြန်ရင်း သူက သက်လတ်ပိုင်း အမျိုးသမီး ရွှီလိဟွာကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ကျုပ်မှာ နည်းလမ်းတစ်ခုရှိတယ်... ခင်ဗျား လိမ်မလိမ် သက်သေပြလို့ရတယ်"

ရွှီလိဟွာက ကြောင်အမ်းသွားပြီး လင်းယွမ်ကို မော့ကြည့်ကာ မသိစိတ်ဖြင့် မေးလိုက်မိသည်။

"ဘာနည်းလမ်းလဲ"

လင်းယွမ်က လက်ထဲမှ သေနတ်ဖြင့် ရွှီလိဟွာ၏ ခေါင်းကို ချိန်ရွယ်လိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျားကို သတ်လိုက်ရင် ကျုပ်သိရပြီပဲ"

"ဒိုင်း"

သေနတ်သံ ထွက်ပေါ်လာသည့် ခဏ၌ ရွှီလိဟွာ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

သူမက ခန္ဓာကိုယ်ကို ရုတ်တရက် ကွေးညွှတ်လိုက်ရာ ကျည်ဆန်က သူမ၏ ဦးခေါင်းခွံကို ရှပ်ထိလုနီးပါး ဖြတ်ကျော်သွားသည်။

နောက်တစ်ခဏတွင် ရွှီလိဟွာသည် သနားစဖွယ် ပုံစံမှ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားသို့ ပြောင်းလဲသွားပြီး စူးဝါးစွာ အော်ဟစ်လျက် ကုတင်ပေါ်မှ ခုန်ထွက်လာတော့သည်။

လင်းယွမ်ထံသို့ အရှိန်ဖြင့် ခုန်အုပ်လိုက်လေ၏။

"အား"

သူမ၏ အော်ဟစ်သံနှင့် ပုံစံသည် ရူးသွပ်နေသော ခွေးတစ်ကောင်နှင့် တူလှသည်။

လင်းယွမ်ကမူ အစောကတည်းက ပြင်ဆင်ထားပြီးဖြစ်ရာ လက်ထဲမှ သံတူရွင်းဖြင့် အားကုန် လွှဲရိုက်လိုက်တော့သည်။

"ဒုန်း"

ရွှီလိဟွာသည် လေထဲတွင် ရောက်နေသဖြင့် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ဘဲ လင်းယွမ်၏ ရိုက်ချက်ကြောင့် လက်တစ်ဖက် ကျိုးသွားရရှာသည်။

"ဂျွတ်" ဟူသော အသံနှင့်အတူ လူတစ်ကိုယ်လုံး လင်းယွမ်၏ ရိုက်ချက်အရှိန်ကြောင့် ဘေးသို့ လွင့်စင်ထွက်သွားတော့သည်။

ဘေးနားရှိ အဝတ်ဘီဒိုနှင့် ခေါင်းချင်းဆောင့်မိကာ ခေါင်းကွဲပြီး သွေးများ စီးကျလာလေ၏။

ဤသို့ ရုတ်ခြည်း ဖြစ်ပျက်သွားသော အပြောင်းအလဲက တင်းယန်ကို အကြီးအကျယ် အံ့အားသင့်သွားစေသည်။

သူမ သတိဝင်လာချိန်တွင် ရွှီလိဟွာမှာ လင်းယွမ်၏ ရိုက်ချက်ကြောင့် လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။

ယခုအချိန်ထိ ရွှီလိဟွာ၌ ပြဿနာရှိမှန်း သူမ မရိပ်မိသေးလျှင် သူမသည် တကယ့် အရူးမ ဖြစ်သွားပေလိမ့်မည်။

ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ငါ့ကို လိမ်တယ်ပေါ့"

သူမက ရှေ့သို့ တစ်လှမ်းတိုးပြီး ရွှီလိဟွာ၏ ခြေသလုံးရိုးကို ခြေထောက်ဖြင့် ကန်ထည့်လိုက်၏။

"ဂျွတ်"

ရွှီလိဟွာ၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး ခြေထောက်အရိုးပါ ကျိုးသွားတော့သည်။

တင်းယန်က ဓားမြှောင်ကို မြှောက်လိုက်ပြီး မျက်နှာပေါ်တွင် ရက်စက်သော အငွေ့အသက်များဖြင့် ထိုအမျိုးသမီးကို အပြတ်ရှင်းရန် ပြင်လိုက်သည်။

လင်းယွမ်က ချက်ချင်း လှမ်းတားလိုက်သည်။

"နေဦး"

တင်းယန်က ခေါင်းမော့လာပြီး နားမလည်နိုင်စွာဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။

လင်းယွမ်က လျှောက်လာပြီး ရွှီလိဟွာ၏ ခေါင်းကို အဝတ်ဘီဒိုကြားမှ ဆွဲထုတ်လိုက်သည်။

သေနတ်ဖြင့် သူမ၏ ခေါင်းကို တေ့ထားပြီးမှ တင်းယန်ကို ပြောလိုက်သည်။

"သူ့စိတ်အခြေအနေက ပုံမှန်ဖြစ်နေတာကို နင်သတိမထားမိဘူးလား"

"ဘာ"

တင်းယန် ကြောင်သွားသည်။

လင်းယွမ်က လေးနက်စွာ ပြောလိုက်၏။

"သူက သန္ဓေပြောင်း အစွမ်းကို နိုးထထားပေမယ့် ရူးမသွားဘူး"

တင်းယန် ချက်ချင်း သတိဝင်လာပြီး ရွှီလိဟွာကို ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။

"သူ ဘယ်လိုလုပ်လိုက်တာလဲ"

လင်းယွမ်က မေးလိုက်သည်။

"ပြောစမ်း... ဒါက ဘယ်လိုဖြစ်တာလဲ... ခင်ဗျားခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ"

ရွှီလိဟွာ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခြေထောက်ကို ဖက်ထားရင်း မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် နာကျည်းမှုတို့ ရောယှက်နေသည်။

သူမက လင်းယွမ်နှင့် တင်းယန်ကို ဒေါသတကြီး ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။

"ပြောပြရင် နင်တို့ ငါ့ကို လွှတ်ပေးမှာလား"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"ပြောရင် လွှတ်ပေးမယ်"

"တကယ်လား"

လင်းယွမ်က"အင်း"ဟု ပြန်ဖြေရင်း ဆက်ပြောလိုက်သည်။

"ကျုပ် ဘယ်တော့မှ လူတွေကို မလိမ်ဘူး"

ရွှီလိဟွာက မယုံကြည်နိုင်သေးပေ။ လင်းယွမ်က အလွယ်တကူပင် ကတိပေးလိုက်သည် မဟုတ်ပါလော။

လင်းယွမ်က ဆက်ပြောသည်။

"ကျုပ်တို့နှစ်ယောက်လုံးလည်း သန္ဓေပြောင်းအစွမ်း နိုးထထားတဲ့သူတွေဆိုတာ ခင်ဗျားကြည့်တာနဲ့ သိမှာပါ... ခင်ဗျားက ကျုပ်တို့အတွက် ဘာခြိမ်းခြောက်မှုမှ မရှိဘူး"

"ဒီကမ္ဘာကြီးက ပြောင်းလဲနေပြီ... သန္ဓေပြောင်းအစွမ်း နိုးထထားတဲ့ လူတွေကပဲ ဒီကမ္ဘာကြီးနဲ့ အစစ်အမှန် လိုက်လျောညီထွေ နေနိုင်ကြမှာ... ကျုပ်တို့က လူတန်းစားတူတူပဲ မဟုတ်လား"

ဤစကားကို ကြားသောအခါ ရွှီလိဟွာ၏ မျက်လုံးများ အရောင်တောက်သွားပြီး လင်းယွမ်ကို အနည်းငယ် ယုံကြည်သွားပုံ ရသည်။

တင်းယန်က မျက်မှောင်ကြုတ်ကာ လင်းယွမ်ကို ကြည့်လိုက်သည်။

လင်းယွမ်က အပြုံးမပျက်ဘဲ ဆက်ပြောလေ၏။

"ပြော... ခင်ဗျား ဘယ်လိုလုပ်ပြီး သန္ဓေပြောင်းအစွမ်း ရခဲ့တာလဲ... အပြင်က မိန်းမနဲ့ ခွေးကရော ဘယ်လိုဖြစ်တာလဲ"

ရွှီလိဟွာက ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ပြောလာသည်။

"နင်ပြောတာ မှန်တယ်... ငါတို့လိုလူတွေကမှ အနာဂတ်ကမ္ဘာကြီးရဲ့ အရှင်သခင်တွေ ဖြစ်လာမှာ"

"သာမန်လူတွေကတော့ စောစောစီးစီး ဖယ်ရှားခံလိုက်ရသင့်တာ"

လင်းယွမ်က ပြုံး၍ တုံ့ပြန်လိုက်သည်။

ထိုအချက်က ရွှီလိဟွာ၏ သံသယများကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေပြီး ပြောလာသည်။

"နင့်သေနတ် ဖယ်လိုက်ဦး"

လင်းယွမ်က ပြုံးရင်း ခေါင်းခါလိုက်သည်။

"အဲဒါတော့ မဖြစ်ဘူး... ခင်ဗျားရဲ့ အစွမ်းက ဘာလဲဆိုတာ ကျုပ်မသိသေးဘူး... တော်ကြာ အန္တရာယ်များနေရင် ဘယ်လိုလုပ်မလဲ"

ရွှီလိဟွာက စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"နင်က တော်တော် ဉာဏ်ကောင်းပြီး သတိကြီးတာပဲ... အလုပ်ကြီးအကိုင်ကြီး လုပ်နိုင်မယ့်သူပဲ... ကောင်းပြီလေ... ငါ ပြောပြမယ်"

"ငါ ရှားစောင်းပင်ရဲ့ အသီးကို စားလိုက်မိရာကနေ ရုတ်တရက် ထူးဆန်းတဲ့ အစွမ်းတစ်ခု ရလာတာ"

"ငါက တခြား သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ထိန်းချုပ်နိုင်မှန်း ငါ့ဘာသာ ရှာတွေ့ခဲ့တယ်"

"ဟိုခွေးနဲ့ ဟိုမိန်းမက စောစောက ငါ ထိန်းချုပ်ထားတဲ့ သားကောင်တွေပဲ"

ဤစကားကြောင့် လင်းယွမ်နှင့် တင်းယန်တို့၏ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။

ဒါက ဘယ်လိုတောင် ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ အစွမ်းမျိုးလဲ။

"ထိန်းချုပ်နိုင်တဲ့ အစွမ်း"

လင်းယွမ်က သူမပြောသည့် ရှားစောင်းသီး ဆိုသည်ကို ရုတ်တရက် သတိပြုမိသွားပြီး စိတ်ဝင်စားသွားသည်။

တိရစ္ဆာန်တွေ သန္ဓေပြောင်းနိုင်လျှင် အပင်တွေလည်း သဘာဝအတိုင်း သန္ဓေပြောင်းနိုင်သည်ပေါ့။

လူသားများသည် သန္ဓေပြောင်း ငါးများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း မျိုးရိုးဗီဇ ပြောင်းလဲမှုနှုန်း မြင့်တက်လာပြီး အတိုင်းအတာတစ်ခု ရောက်သောအခါ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကြောင့် သန္ဓေပြောင်းအစွမ်းများ နိုးထလာကြသည်။

ထိုသို့ဆိုလျှင် သန္ဓေပြောင်းနေသော အပင်၏ အသီးကို စားလိုက်လျှင်ရော။

လင်းယွမ်က အမှတ် ၁၀၀ တန် ကံစမ်းမဲဘီးတွင် ပါဝင်သော ဆုမဲကို ချက်ချင်း သတိရလိုက်သည်။

ထို သန္ဓေပြောင်း စတော်ဘယ်ရီသီး။

ထိုစဉ်က သန္ဓေပြောင်း စတော်ဘယ်ရီသီးကို မြင်လိုက်ရကတည်းက အပင်များလည်း သန္ဓေပြောင်းနိုင်ကြောင်း သူ ချက်ချင်း သဘောပေါက်ခဲ့သည်။

ထို့အပြင် သန္ဓေပြောင်း စတော်ဘယ်ရီသီး၏ အရည်အသွေး၊ သန့်စင်မှုနှင့် အဆင့်အတန်းများလည်း ရှိပုံရသည်။

ယခု ဤသက်လတ်ပိုင်း အမျိုးသမီးသည် ရှားစောင်းသီး တစ်လုံးကို စားလိုက်ရုံဖြင့် သန္ဓေပြောင်းအစွမ်း နိုးထလာခဲ့သည်။

သို့သော် လင်းယွမ် အာရုံစိုက်မိသည်မှာ ဤအမျိုးသမီး၏ စိတ်အခြေအနေက ပုံမှန်အတိုင်း ရှိနေခြင်းပင် ဖြစ်သည်။

လင်းယွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ချက်ချင်း မေးလိုက်သည်။

"ခင်ဗျား သန္ဓေပြောင်း ရှားစောင်းသီး စားပြီးတော့ ဒီအစွမ်း နိုးထလာတဲ့အချိန်မှာ ဘာမှ မခံစားရဘူးလား"

တင်းယန်ကလည်း ရွှီလိဟွာကို စူးစိုက်ကြည့်နေပြီး မျက်လုံးထဲတွင် သိလိုစိတ်များ ပြည့်နေသည်။

ရွှီလိဟွာက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကို ခံစားရမှာလဲ... ငါ ဘာမှ မခံစားရဘူး... ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ထူးခြားတဲ့ စွမ်းအားတစ်ခု ပိုလာတယ်လို့ပဲ ခံစားလိုက်ရတယ်... ငါ့ရဲ့ အသိစိတ်က အဲဒီစွမ်းအားရဲ့ ထောက်ပံ့မှုအောက်မှာ ခန္ဓာကိုယ်ကနေ ခွာထွက်ပြီး တခြား သက်ရှိတွေဆီ ဝင်ရောက် ထိန်းချုပ်လို့ ရသွားတာပဲ"

"နင်တို့ရော အဲဒီလို မဟုတ်ဘူးလား"

သူမက သံသယဖြင့် မေးလိုက်သည်။

လင်းယွမ်၏ မျက်လုံးများ လှုပ်ရှားသွားပြီး သူမကို ပြန်မဖြေဘဲ နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။

"ခင်ဗျား အဲဒီအစွမ်း နိုးထလာတဲ့အချိန်မှာ ဘာလုပ်နေလဲ"

"ဗိုက်ဆာလွန်းလို့ စားစရာတွေ အသည်းအသန် ရှာနေတာ"

"ငါ့ခွေးကလည်း ဆာလွန်းလို့ ရူးနေပြီ... သူက ငါ့ကိုတောင် ကိုက်စားမလို့ လုပ်နေလို့ အခန်းထဲမှာ လှောင်ထားလိုက်ရတယ်"

"နောက်တော့ ငါလည်း ဗိုက်ဆာလွန်းလို့ မခံနိုင်တော့တာနဲ့ ဝရံတာမှာ ရှားစောင်းပင် တစ်အိုးရှိတာ သတိရပြီး ရှားစောင်းပင်ကို စားမလို့ ကြံလိုက်တာ"

"မထင်မှတ်ဘဲ ရှားစောင်းပင်က အသီးသီးနေတာ တွေ့တော့ ငါလည်း စားပစ်လိုက်တာပဲ... အဲဒီနောက်မှာ ဒီအစွမ်းကို ပိုင်ဆိုင်သွားတာ"

"နင်တို့လည်း အဲဒီလို အသီးမျိုး စားခဲ့ကြတာ မဟုတ်ဘူးလား"

ရွှီလိဟွာက သူတို့နှစ်ဦးကို သံသယဖြင့် ကြည့်လိုက်သည်။

တင်းယန်နှင့် လင်းယွမ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် အံ့သြမှုများကို မြင်တွေ့လိုက်ရသည်။

ဒီအမျိုးသမီး အစွမ်းနိုးထလာတဲ့ ဖြစ်စဉ်က ဒီလောက်တောင် လွယ်ကူနေပါလား။

စိတ်ဖောက်ပြန်မတတ် အန္တရာယ်မျိုး မကြုံတွေ့ခဲ့ရသလို ပြင်ပမှ သေရေးရှင်ရေး ဖိအားပေးမှုမျိုးလည်း မခံခဲ့ရပေ။

တစ်ဖက်လူက သန္ဓေပြောင်းအပင်၏ အသီးတစ်လုံး စားလိုက်ရုံဖြင့် သန္ဓေပြောင်းအစွမ်း နိုးထလာခဲ့သည်တဲ့လား။

တင်းယန်သည် သူမ အစွမ်းနိုးထစဉ်က ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရမှုများကို ပြန်လည်အမှတ်ရမိပြီး တကယ်ပင် လန့်မိသွားသည်။

လင်းယွမ်၏ မျက်လုံးထဲတွင် အတွေးနက်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သန္ဓေပြောင်းအပင်နဲ့ သန္ဓေပြောင်း တိရစ္ဆာန်တွေကို စားသုံးတာက လူတွေအပေါ် သက်ရောက်မှုချင်း မတူတာလား"

သူက မေးလိုက်သည်။

"အဲဒီ ရှားစောင်းပင်ရော"

"စားလိုက်ပြီ"

ရွှီလိဟွာက ပြောသည်။

"အဲဒီတုန်းက ဆာလွန်းလို့လေ... အသီးစားပြီးတော့လည်း အဆာမပြေတာနဲ့ ရှားစောင်းပင်ပါ အကုန် စားပစ်လိုက်တယ်"

လင်းယွမ်က နှမြောတသ ဖြစ်သွားပြီးနောက် အပြင်ဘက်မှ အလောင်းများကို ကြည့်ကာ မေးလိုက်သည်။

"အဲဒီ အလောင်းအပိုင်းအစတွေက ဘယ်လိုဖြစ်တာလဲ... ပြီးတော့ ဟိုမိန်းမကရော ဘယ်သူလဲ"

ရွှီလိဟွာက ပါးစပ်ဖြဲကာ ပြုံးလိုက်ရာ ထူးဆန်းအေးစက်သော အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။

"ဟဲဟဲ... အားလုံးက သာမန်လူတွေပါ... ဘာများ ပြောစရာ ရှိလို့လဲ"

"အဲဒီမိန်းမကိုတော့ ငါ့ရဲ့ ဝင်ပူးတဲ့အစွမ်းကို စမ်းသပ်ဖို့ ဖမ်းလာတာ... ကျန်တဲ့လူတွေကတော့ ငါ့သားအတွက် အစာလုပ်ဖို့ ဖမ်းလာတာလေ"

"ငါတို့က ဒီလူတွေနဲ့ မတူတော့ဘူးလေ... သူတို့က ဘယ်လိုပဲဖြစ်ဖြစ် မျိုးတုန်းသွားမယ့် အဆင့်နိမ့်သတ္တဝါတွေပဲ"

"ငါးတွေရဲ့ အစာ ဖြစ်သွားမယ့်အတူတူ ငါ့သားကို ကျွေးလိုက်တာက ပိုမကောင်းဘူးလား"

တင်းယန်၏ မျက်ခွံများ လှုပ်ခါသွားပြီး လက်ထဲမှ ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်လိုက်ရာ အသက်ရှူသံများလည်း ပြင်းလာသည်။

လင်းယွမ်က တင်းယန်ကို တစ်ချက်ကြည့်လိုက်ရာ တင်းယန်သည် ဤစိတ်ဖောက်ပြန်နေသော သက်လတ်ပိုင်း အမျိုးသမီးကို သည်းမခံနိုင်တော့မှန်း သိလိုက်သည်။

ဤအမျိုးသမီးသည် ထိုအစွမ်းကို အသုံးပြုပြီး သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ဝင်ပူးကပ်ကာ နေထိုင်ခဲ့သည်။

ထို့နောက် သူမ၏ ခွေးထံတွင်လည်း ကပ်ပါးပြုပြီး အရှင်လတ်လတ် လူကို ခွေးစာကျွေးခဲ့သည်။

တကယ်ကို လူစိတ်မရှိတော့ပေ။

"ပြောစရာရှိတာ အကုန်ပြောပြီးပြီ... ငါ့ဘက်က နင်တို့ကို လုံလောက်တဲ့ ရိုးသားမှု ပြပြီးပြီလို့ ယူဆတယ်... သေနတ် ဖယ်လို့ရပြီ မဟုတ်လား"

ရွှီလိဟွာက အေးစက်စွာ ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်၏။

"အင်း... ကျုပ်လည်း မေးစရာ မရှိတော့ပါဘူး"

နောက်တစ်ခဏတွင် သေနတ်သံက ရုတ်ခြည်း ထွက်ပေါ်လာတော့သည်။

"ဒိုင်း"

ရွှီလိဟွာ၏ ဦးခေါင်းခွံ ပွင့်ထွက်သွားပြီး ဦးနှောက်များ ပန်းထွက်လာသည်။

သူမ၏ မျက်နှာတွင် အံ့ဩမှင်သက်မှုများ၊ နားမလည်နိုင်မှုများဖြင့် ခန္ဓာကိုယ်ကြီး ပျော့ခွေကျသွားတော့သည်။

[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၅၉ မှတ် ရရှိပါသည်]

လင်းယွမ်က ဂလော့ခ် ပစ္စတိုသေနတ်ကို ပြန်သိမ်းလိုက်ချိန်တွင် ခေါင်းထဲ၌ စနစ်၏ အသိပေးသံကို ကြားလိုက်ရသည်။

"၅၉ မှတ်တောင်"

လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ဒါက ယခုအချိန်ထိ သူ ရရှိဖူးသမျှထဲတွင် အများဆုံး ရမှတ်ပမာဏ ဖြစ်သည်။

ဆိုလိုသည်မှာ ဤအမျိုးသမီး၏ သန္ဓေပြောင်း တိုးတက်မှု အဆင့်သည် လက်ရှိ သူတွေ့ဖူးသမျှထဲတွင် အမြင့်ဆုံး ဖြစ်နေသည်ဟု ဆိုရမည်။

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး အလောင်းကို ကြည့်ကာ ပြောလိုက်သည်။

"ကျုပ်က ခင်ဗျားလို အမှိုက်မျိုးနဲ့ ဘယ်တော့မှ အဆင့်တူ ဖြစ်မှာ မဟုတ်ဘူး"

သူက လှည့်ထွက်လိုက်ပြီး တင်းယန်ကို ပြောလိုက်သည်။

"ပစ္စည်းတွေ သိမ်းပြီး နောက်တစ်ခန်း သွားဖို့ ပြင်ရအောင်"

တင်းယန်က အလောင်းကို တစ်ချက်ကြည့်လိုက်၊ လင်းယွမ်ကို တစ်လှည့် ကြည့်လိုက်နှင့် မေးလိုက်သည်။

"ရှင် တကယ်ပဲ အဲဒီ အသေးစိတ်အချက်လေးလောက်နဲ့ သူ့မှာ ပြဿနာရှိမှန်း ကောက်ချက်ချလိုက်တာလား"

လင်းယွမ်က အိပ်ခန်းထဲမှ ထွက်လာပြီး ဝရံတာဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ကာ ပြန်ပြောလိုက်သည်။

"အသိသာကြီးပဲလေ... ပြန်ပေးဆွဲခံရတဲ့ လူတစ်ယောက်က ဒဏ်ရာတစ်ချက်မှ မရှိတဲ့အပြင် တစ်ကိုယ်လုံး သပ်သပ်ရပ်ရပ်နဲ့ အဝတ်အစားကလည်း သေသပ်နေတယ်... ပြင်ဆင်ခြယ်သထားတာကလည်း အိမ်ရှင်မတစ်ယောက်လိုပဲ"

"အဲဒီခွေးက သန္ဓေပြောင်းသတ္တဝါရဲ့ အမြန်နှုန်း ရှိနေတာ သိသာတယ်... ဒါပေမယ့် သူ့ကို ဘာမှမလုပ်ဘူး ဆိုကတည်းက သံသယ ဖြစ်စရာ မကောင်းဘူးလား"

"အခုထိတော့ သန္ဓေပြောင်းသတ္တဝါကို ထိန်းချုပ်နိုင်တဲ့သူ ငါ မတွေ့ဖူးသေးဘူး"

လင်းယွမ်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်ပြီး ရုတ်တရက် အကြည့်စူးသွားကာ ဒူးထောက်ထိုင်ချလိုက်ပြီး ဝရံတာ ထောင့်ရှိ အရည်ရွှမ်းသော အပင်အိုးတစ်လုံးကို ကြည့်လိုက်သည်။

ထိုအပင်မှာ ခြောက်သွေ့သေဆုံးနေပြီ ဖြစ်ပြီး ထိုအပင်ဘေးတွင် ပန်းအိုးတစ်လုံး ရှိနေသော်လည်း အတွင်းမှ အပင်မှာ တူးဆွခံထားရသည်။

"ဒါက သန္ဓေပြောင်းအသီး သီးခဲ့တဲ့ ရှားစောင်းပင်လား"

လင်းယွမ်က ပန်းအိုးထဲမှ မြေကြီးများကို သွန်ချလိုက်ပြီး မွှေနှောက်ရှာဖွေကြည့်လိုက်သည်။

ထိုအမျိုးသမီး ပြောခဲ့သလိုပင် သူမက နည်းနည်းလေးမှ မချန်ဘဲ အကုန်စားပစ်ခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က ဘေးနားရှိ ညှိုးရော်နေသော အပင်ကို ကြည့်လိုက်ပြီး စဉ်းစားကာ ထိုပန်းအိုးကို သိမ်းဆည်းလိုက်သည်။

"ဒီအပင်ကို ပြန်ကယ်လို့ ရမရတော့ မသိဘူး... တကယ်လို့ ပြန်ရှင်လာခဲ့ရင် သန္ဓေပြောင်းအသီး သီးမလား ဆိုတာတော့ မပြောတတ်ဘူး"

တင်းယန်က သူ ပန်းအိုးသိမ်းလိုက်သည်ကို မြင်သောအခါ မေးလိုက်သည်။

"ရှင် အဲဒါကို စိုက်မလို့လား"

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။

"အင်း... သန္ဓေပြောင်းအသီး စိုက်လို့ ရရင်ရနိုင်တယ်... ဒါပေမယ့် လွယ်မှာမဟုတ်ဘူး... မိုးတွေက ဆက်တိုက် ရွာနေတော့ နေရောင်ကို မမြင်ရဘူး... ဒီအပင်တွေက နေရောင်မရဘဲ ရှင်နိုင်ပါ့မလား မသိဘူး"

တင်းယန်က အပြင်ဘက်မှ သည်းထန်စွာ ရွာသွန်းနေသော မိုးနှင့် လှိုင်းထန်နေသော ရေပြင်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"အပြင်မှာ ရေတွေက ဒီလောက်ကြီးနေပြီး ကုန်းမြေတွေတောင် နစ်မြုပ်ကုန်ပြီ... အပင် ဘယ်နှပင်များ ရှင်ကျန်နေဦးမှာလဲ"

သူမ၏ စကားက လင်းယွမ်ကို သတိပေးလိုက်သလို ဖြစ်သွားပြီး လင်းယွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

ရေလွှမ်းမိုးမှုအောက်တွင် လူသားများအတွက် နေစရာ နေရာမရှိတော့သလို အပင်များသည်လည်း အမှီပြုစရာ မြေကြီး လိုအပ်သည်။

အနာဂတ်တွင် အပင်များ ပို၍ ရှားပါးလာဖွယ်ရှိပြီး လက်ရှိရှိနေသော အပင်များသည်လည်း တန်ဖိုးရှိလာပေလိမ့်မည်။

ချက်ချင်းပင် သူက ပြောလိုက်သည်။

"နောက်နောင် အပင်တွေ တွေ့ရင် ဘာအမျိုးအစားပဲဖြစ်ဖြစ် တတ်နိုင်သမျှ စုဆောင်းထားရမယ်"

"နောက်ပိုင်း ရေလွှမ်းမိုးမှုတွေ ဆက်ဖြစ်နေရင် အပင်တွေ ပိုရှားလာလိမ့်မယ်"

တင်းယန်က အနည်းငယ် ကြောင်သွားပြီးနောက် ခေါင်းညိတ်ကာ "သိပြီ" ဟု ပြောလိုက်သည်။

သူတို့နှစ်ဦး ပစ္စည်းများ သိမ်းဆည်းနေစဉ် အပြင်ဘက်မှ ဆုန့်ဝမ် နှင့် လျှိုဖိန်ဖိန်တို့လည်း သတ္တိမွေးကာ ဝင်ရောက် ကူညီပေးကြသည်။

သို့သော် အခန်းထဲ ဝင်ဝင်ချင်းပင် အတွင်းရှိ အသားများ စားသောက်ခံထားရသော အရိုးစု ဆယ်စုကျော်ကို မြင်လိုက်ရသဖြင့် လန့်ဖျပ်ကာ အော့အန်ကြတော့သည်။

နောက်မှ လိုက်ဝင်လာသော ဝမ်လီလီနှင့် ကျန်းဖန်တို့ နှစ်ဦးမှာလည်း အစက ဘာဖြစ်မှန်း မသိကြသော်လည်း ဝင်ရောက်ကူညီရန် ရောက်လာကြချိန်တွင် ချက်ချင်းပင် အန်ကြလေတော့သည်။

မနည်း အသားကျအောင် လုပ်ယူပြီးမှ ကျန်းဖန်က ထိတ်လန့်တကြား ပြောလိုက်သည်။

"ရွှီလိဟွာရဲ့ အိမ်က ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ"

ဝမ်လီလီကလည်း တုန်တုန်ယင်ယင်ဖြင့် ပြောရှာသည်။

"ဒါ... ဒါက ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ"

လင်းယွမ်က သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

"ဒီ ရွှီလိဟွာကို ခင်ဗျားတို့ သိကြလား"

ဝမ်လီလီက ခေါင်းညိတ်သည်။

"သိ... သိတာပေါ့... သူက ကျွန်မတို့နဲ့ အိမ်နီးချင်းတွေပါ... လူကတော့ နည်းနည်း စိတ်သဘောထား သေးသိမ်တယ်... သူ့သမီးနဲ့ အတူနေတာလေ... ဒါနဲ့ သူ့သမီးရော"

လင်းယွမ် မျက်ခုံးပင့်သွားသည်။

"သူ့သမီးက ဒီမှာပဲ အမြဲနေတာလား... ရေလွှမ်းမိုးပြီးတဲ့ နောက်ပိုင်းရောလား"

ကျန်းဖန်က အလျင်အမြန် ခေါင်းညိတ်သည်။

"ဒီမှာပဲနေတာ... ကျွန်တော် အရင်က တွေ့ဖူးတယ်"

လင်းယွမ်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။

အခန်းထဲတွင် သူတို့မှလွဲ၍ အရိုးစုများသာ ရှိတော့သည်။

သို့သော် ဤအခိုက်အတန့်တွင် လင်းယွမ်သည် ကျောချမ်းစရာ ခံစားမှုမျိုးကို ခံစားလိုက်ရသည်။

တစ်စုံတစ်ခုက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားချက်မျိုး။

"သူ့သမီးက ဒီမှာ ပုန်းနေတာများလား"

လင်းယွမ်က သံသယဖြင့် တင်းယန်ကို ကြည့်လိုက်သည်။

တင်းယန်လည်း လင်းယွမ် ဘာကို စိုးရိမ်နေမှန်း ချက်ချင်း နားလည်လိုက်ပြီး ခေါင်းနပန်း ကြီးသွားသလို ခံစားလိုက်ရသည်။

"ကျွန်မတို့ သူ့သမီးကို မတွေ့ဘူးနော်... သူ့သမီးက အခန်းထဲမှာ ပုန်းနေနိုင်မလား"

လင်းယွမ်က ဆိုဖာပေါ်ရှိ အမျိုးသမီးကို ညွှန်ပြကာ မေးလိုက်သည်။

"ဒီမိန်းမကိုရော ခင်ဗျားတို့ သိလား"

ဝမ်လီလီနှင့် ကျန်းဖန်တို့ ခေါင်းကို ဆန့်ထုတ်ကာ ဆိုဖာပေါ်မှ အမျိုးသမီးကို ကြည့်လိုက်ကြရာ မျက်နှာထားများ ပြောင်းလဲသွားကြသည်။

"ဒါ ကျွန်မတို့အောက်ထပ်က ကောင်မလေးပဲ" ကျန်းဖန်က ချက်ချင်း အာမေဋိတ် သံဖြင့် အော်လိုက်သည်။

ဝမ်လီလီကလည်း အလျင်အမြန် ပြောသည်။

"လီဟန် လေ... ကျွန်မတို့နဲ့ အပေါ်ထပ်အောက်ထပ် အိမ်နီးချင်းတွေ... ဒီကောင်မလေးက သဘောကောင်းပါတယ်... အရင် ရေကြီးကာစတုန်းက ကျွန်မတို့ကို စားစရာတောင် ပေးဖူးသေးတယ်"

"ဒါပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သူ ပျောက်သွားတာ... မထင်မှတ်ဘဲ... မထင်မှတ်ဘဲ ရွှီလိဟွာ အိမ်ရောက်နေတယ်"

ကျန်းဖန်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ရွှီလိဟွာက သူ့ကို ဒုက္ခပေးလိုက်တာလား... သူနဲ့ ရွှီလိဟွာက ဆက်ဆံရေး မဆိုးပါဘူး... ဘာစကားများတာမှလည်း မရှိဖူးဘူး"

လင်းယွမ်က ဘာမှ ထပ်မမေးတော့ပေ။ စောစောက ရွှီလိဟွာ၏ လေသံကို ကြည့်ခြင်းအားဖြင့် သူမသည် ကိုယ့်ကိုယ်ကိုယ် သာမန်လူများနှင့် မတူတော့ဟု ခံယူထားပြီး ဖြစ်သည်။

ယခင်က အိမ်နီးချင်း ဖြစ်ခဲ့ဖူးတော့ကော ဘာဖြစ်သနည်း။

ရွှီလိဟွာ၏ မျက်လုံးထဲတွင် ထိုလူများသည် သူမ၏ ချစ်လှစွာသော ခွေးလေးလောက်ပင် အရေးပါမည် မဟုတ်ချေ။

တင်းယန်က ထိုအချိန်တွင် စောစောက ဖြစ်ပျက်ခဲ့သည်များကို သူတို့အား ရှင်းပြလိုက်သည်။

အားလုံးမှာ ကြောက်ရွံ့ထိတ်လန့်သွားကြတော့၏။

အထူးသဖြင့် ရွှီလိဟွာသည် သန္ဓေပြောင်းအစွမ်း နိုးထလာပြီး သူတစ်ပါး ခန္ဓာကိုယ်တွင် ပူးကပ်နိုင်ကြောင်း ကြားလိုက်ရသောအခါ ပို၍ လန့်သွားကြသည်။

လီဟန်ကို အသုံးချပြီး အပြင်မှ အပြစ်မဲ့သော လူများကို အိမ်ထဲ ဝင်လာအောင် မျှားခေါ်ကာ သတ်ဖြတ်ပြီး ခွေးစာကျွေးခဲ့သည်တဲ့။

ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်မျိုးက သူတို့၏ အောက်ထပ်တွင် ဖြစ်ပျက်ခဲ့သည်ပင်။

စဉ်းစားကြည့်လိုက်ရုံနှင့်ပင် သူတို့ ခေါင်းနပန်း ကြီးကုန်ကြသည်။

ဒီကမ္ဘာကြီးက ဘာတွေ ဖြစ်ကုန်တာလဲ။

ဘယ်လိုတောင် ကြောက်ဖို့ကောင်းတာလဲ။

ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့မှာလည်း တင်းယန်ပြောပြသည်များကို နားထောင်ပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်သည်။

ဆုန့်ဝမ်ဆိုလျှင် လင်းယွမ်တို့နှင့်အတူ လိုက်လာမိ၍ တော်သေးသည်ဟု တိတ်တဆိတ် တွေးမိကာ ရင်တမမ ဖြစ်နေရှာသည်။

သူမက အိမ်နီးနားချင်းများနှင့် ပစ္စည်းဖလှယ်ကာ အမြတ်ထုတ်ချင်ခဲ့သည့် ရိုးအသော အတွေးမျိုး တွေးခဲ့မိသေးသည်။

ယခုလို အခြေအနေမျိုးတွင် မသေတာကပင် ကံကောင်းလှပြီ ဖြစ်သည်။

လျှိုဖိန်ဖိန်လည်း ဆုန့်ဝမ်ကဲ့သို့ပင် ခံစားနေရသည်။

သူမ၏ အဖေနှင့် ဦးလေးဟူတို့ ကံကောင်းလိုက်တာဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

တကယ်လို့များ စောစောက ရွှီလိဟွာဆီ ပစ္စည်းလာရောင်းမိလျှင် ဝက်သားပေါက်စီကို ခွေးပစ်ကျွေးလိုက်သလို အသွားသာရှိပြီး အပြန်မရှိ ဖြစ်သွားပေလိမ့်မည်။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"တိုက်တွဲ (၂) မှာ ရွှီလိဟွာလို သန္ဓေပြောင်း လူသားတွေ ဘယ်လောက်တောင် ရှိနေဦးမလဲ မသိဘူး"

"ဒီလူတွေထဲမှာ လူ့စိတ်ကျန်နေသေးတဲ့သူ ဘယ်နှယောက် ရှိမလဲဆိုတာ မသိနိုင်ဘူး... ဒါကြောင့် ခင်ဗျားတို့ အပြင်ထွက်မယ်ဆိုရင် တစ်ယောက်တည်း မသွားတာ အကောင်းဆုံးပဲ"

"သံသယဖြစ်စရာ ကိစ္စ တစ်ခုခုတွေ့ရင် တိုက်တွဲ (၁) ရဲ့ ၃၂ ထပ်ကို လာပြီး ကျွန်တော်တို့ကို ရှာလို့ရတယ်"

"အခု ကျွန်တော်တို့ တစ်ထပ်ချင်းစီ လိုက်ရှင်းလင်းမယ်... ဒီလို အန္တရာယ်မျိုးတွေကို တစ်ခုချင်း လိုက်စစ်ဆေးပြီး အပေါ်ထပ် လုံခြုံအောင် လုပ်ရမယ်"

"ရှင်းလင်းပြီးသား အခန်းတွေကို ကျွန်တော်တို့ မယူဘူး... ဒါပေမယ့် အထဲက သုံးလို့ရတဲ့ ပစ္စည်းတွေကိုတော့ ကျွန်တော်တို့ ယူသွားမယ်"

လင်းယွမ်က စကားအနည်းငယ် မှာကြားပြီးနောက် တင်းယန်ကို လှမ်းခေါ်လိုက်သည်။

"သွားစို့... နောက်တစ်ခန်း သွားကြမယ်"

ဆက်ရန်...

All Chapters