အခန်း (၈၉-၉၀)
Vol. 5 Ch. 89-90
အပိုင်း (၈၉) အမှတ်များရရှိခြင်းနှင့် အရည်အသွေးမှတ်လေးကြိမ် ဆက်တိုက်မဲနှိုက်ခြင်း
တိုက်တွဲ(၂) အတွင်း ရှင်းလင်းရေးလုပ်ငန်းစဉ်များက ဆက်လက်လုပ်ဆောင်လျက်ရှိ၏။
ရွှီလီဟွာ၏ နေအိမ်မှ ထွက်ပေါ်လာခဲ့သော ဆူညံသံများက အမှတ်(၇၆) အဆောက်အအုံတစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။
အထူးသဖြင့် သေနတ်သံအချို့ ထွက်ပေါ်လာချိန်တွင် လူအများအပြားမှာ စိတ်အားတက်ကြွသွားကြပြီး အခြေအနေကို စူးစမ်းရန် သတ္တိမွေးကာ ထွက်လာခဲ့ကြလေသည်။
တရုတ်နိုင်ငံတွင် သေနတ်ဟူသည် နိုင်ငံတော်အာဏာကို ကိုယ်စားပြုပြီး စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့ကို ကိုယ်စားပြုပေသည်။
ထို့ကြောင့် လူအများအပြားက စစ်တပ် သို့မဟုတ် ရဲများ ရောက်လာကြပြီဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။
ခဏချင်းမှာပင် လူအများအပြားမှာ ဝမ်းသာအားရဖြင့် အခြေအနေကို ကြည့်ရှုရန် ပြေးထွက်လာကြ၏။
သို့သော် လင်းယွမ်က သေနတ်ကိုကိုင်ဆောင်လျက် တစ်ထပ်ပြီးတစ်ထပ် ရှင်းလင်းရေးလုပ်လာသောအခါမှသာ လူတိုင်း အခြေအနေမှန်ကို သဘောပေါက်သွားကြလေသည်။
အမှတ်(၇၆) အဆောက်အအုံတွင် သေနတ်ပိုင်ဆိုင်ထားသော အိမ်ရှင်တစ်ဦး ရှိနေခြင်းပင်။
ထိုအိမ်ရှင်မှာ လျှိုအားလုံကို သတ်ဖြတ်ခဲ့ဖူးသည့် အစွမ်းအစရှိသူ တစ်ဦးလည်း ဖြစ်ပေသည်။
ယခုအခါ ထိုသူက လျှိုအားလုံ၏ နေရာတွင် အစားထိုးဝင်ရောက်လာပြီး အဆောက်အအုံတစ်ခုလုံး၏ တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ဦးဆောင်လာခဲ့ချေပြီ။
လူအချို့က ဝမ်းမြောက်ကြသော်လည်း လူအချို့မှာမူ ကြောက်ရွံ့ထိတ်လန့်နေကြ၏။
မကောင်းမှုကျူးလွန်ထားသူများမှာ ကြောက်ရွံ့တုန်လှုပ်လျက် တိုက်တွဲ(၂) မှ အလျင်အမြန် ထွက်ပြေးကြပြီး အခြားတိုက်တွဲများဘက်သို့ တိမ်းရှောင်သွားကြလေသည်။
ဖိနှိပ်ခံထားရသူများမှာမူ သတ္တိမွေးကာ လင်းယွမ်တို့ထံ လာရောက်ပြီး လူဆိုးအချို့၏ ယုတ်မာမှုများကို တိုင်တန်းကြသည်။
လင်းယွမ်ကလည်း လာသမျှလူကို လက်ခံတွေ့ဆုံပြီး စိတ်ဖောက်ပြန်ကာ ရက်စက်ကြမ်းကြုတ်သော လူဆိုးများကို တစ်ဦးချင်း ရှင်းလင်းပစ်လေသည်။
မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု ကျူးလွန်ထားသူ မှန်သမျှကို လင်းယွမ်နှင့် တင်းယန်တို့က ညှာတာခြင်းမရှိဘဲ နေရာမှာပင် ချက်ချင်း အဆုံးစီရင်ပစ်လိုက်ကြ၏။
ထို့ကြောင့် ခဏတာအတွင်းမှာပင် တိုက်တွဲ(၂) မှ လူများမှာ ဝမ်းမြောက်ဝမ်းသာ ဟစ်ကြွေးကြိုဆိုကြပြီး တိုက်တွဲ(၁) မှ ရောက်လာသော ဤသူရဲကောင်းကြီးကို ထောက်ခံအားပေးကြတော့သည်။
လင်းယွမ်ဟူသော နာမည်ကြီးမှာလည်း တိုက်တွဲ(၂) တွင် ပျံ့နှံ့သွားခဲ့ပြီး တဖြည်းဖြည်းနှင့် အခြားတိုက်တွဲများဆီသို့ပါ သတင်းစကား ပျံ့နှံ့သွားလေ၏။
ထိုအချိန်အတွင်း ဆုန့်ဝမ်... ဟူဝေမင်နှင့် လျှိုတနန်တို့သည် အခွင့်ကောင်းကို အသုံးချလျက် သူတို့လက်ထဲရှိ မုန့်များ... ပေါက်စီများကို ဈေးကြီးပေးကာ လဲလှယ်ကြပြီး သန္ဓေပြောင်းငါး အမြောက်အမြားကို ရရှိသွားကြသည်။
လျှိုဖိန်ဖိန်က ပို၍ပင် ဉာဏ်နီဉာဏ်နက်များကာ ကြားထဲမှနေ၍ ငါးများကို ယူဆောင်သွားပြီး ရန်မေထံတွင် မုန့်များ သွားရောက်လဲလှယ်လိုက်... ပြန်ရောက်လျှင် ထိုမုန့်များဖြင့် ငါး ထပ်လဲလိုက်နှင့် အလုပ်ရှုပ်နေတော့သည်။
တစ်ရက်တာအတွင်း လင်းယွမ်တို့အဖွဲ့သည် တိုက်တွဲ(၂) ရှိ အထပ်အားလုံးကို ရှင်းလင်းနိုင်ခဲ့ကြ၏။
ထိုသို့ ရှင်းလင်းရေးလုပ်ဆောင်နေစဉ်အတွင်း သူတို့နှင့် ပူးပေါင်းလာသည့် အိမ်ရှင်အရေအတွက်မှာလည်း ပိုမိုများပြားလာသည်။
မူလက တစ်ကိုယ်တော် လှုပ်ရှားပါက အန္တရာယ်ကို ကြောက်ရွံ့နေကြသော်လည်း လူအုပ်စုလိုက် ဖြစ်သွားသောအခါ စိတ်ဓာတ်ခွန်အားများ တက်ကြွလာကြခြင်း ဖြစ်သည်။
လူကောင်းများနှင့် ဖိနှိပ်ခံရသူများ စည်းလုံးညီညွတ်သွားကြသောအခါ လူဆိုးများမှာ ခေါင်းမထောင်ရဲကြတော့ပေ။
ဤတစ်ရက်တာအတွင်း လင်းယွမ် သတ်ဖြတ်ခဲ့သော လူဆိုးအရေအတွက်မှာ ငါးယောက်မက ရှိခဲ့သည်။
တင်းယန်က ပို၍ပင် လက်ရဲဇက်ရဲနိုင်ကာ ခုနစ်ယောက် ရှစ်ယောက်ခန့်ကို သုတ်သင်ခဲ့၏။
ထိုသို့ ရှင်းလင်းနေစဉ်အတွင်း သန္ဓေပြောင်းလူသားများနှင့် သန္ဓေပြောင်းသတ္တဝါများကိုမူ ထပ်မံ မတွေ့ရှိရတော့ပေ။
တိုက်တွဲ(၂) မှ အန္တရာယ်များကို ရှင်းလင်းပြီးနောက် လင်းယွမ်က လူများကို စုစည်းကာ တိုက်တွဲ(၂) ၏ ဆက်သွယ်ရေးစင်္ကြံတံခါးကို သော့ခတ်ပိတ်ထားလိုက်စေသည်။
ဝင်ထွက်သွားလာမှုကို အပေါ်ဆုံးထပ်ဖြစ်သည့် ၃၂ လွှာရှိ စင်္ကြံလမ်းမှတစ်ဆင့်သာ ပြုလုပ်စေ၏။
ထို့ပြင် သူက တိုက်တွဲ(၂) မှ လူများကို စုစည်းကာ လုံခြုံရေးကင်းလှည့်အဖွဲ့တစ်ခု ဖွဲ့စည်းပေးလိုက်ပြီး လုံခြုံရေးတာဝန်ယူစေသည်။
အဖွဲ့ခေါင်းဆောင်များအဖြစ် ၃၂ လွှာမှ ကျန်းဖန်နှင့် ဝမ်လီလီတို့ကို တာဝန်ပေးအပ်လိုက်သည်။
ကိစ္စအားလုံး ပြီးဆုံးသွားသောအခါ လင်းယွမ်... တင်းယန်... ဟူဝေမင်... လျှိုတနန်... ဆုန့်ဝမ်နှင့် လျှိုဖိန်ဖိန်တို့အားလုံး တိုက်တွဲ(၁) သို့ ပြန်လာခဲ့ကြ၏။
အခန်း ၃၂၀၁ အတွင်း၌ ဟူဝေမင်နှင့် လျှိုတနန်တို့မှာ မျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက် လင်းယွမ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
လင်းယွမ်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဧည့်ခန်းထဲတွင် ယာယီပြုလုပ်ထားသော ငါးကန်ကို ကြည့်လိုက်သည်။
ငါးကန်ကို ပလတ်စတစ်စများဖြင့် ယာယီကာရံထားခြင်းဖြစ်ပြီး အတွင်း၌ ပြည့်သိပ်နေအောင် များပြားလှသော သန္ဓေပြောင်းငါးများမှာ ဖျတ်ဖျတ်လူး ခုန်ပေါက်နေကြ၏။
လင်းယွမ်၏ စိတ်ထဲတွင် ကြည်နူးမှုများ ဖုံးလွှမ်းသွားပြီး ဘေးနားရှိ ရန်မေကို လှမ်းမေးလိုက်သည်။
"စာရင်းကောက်ပြီးပြီလား... ငါးဘယ်နှကောင်ရှိလဲ"
ရန်မေက စိတ်ပူပန်သော မျက်နှာထားဖြင့် ပြန်ဖြေလေသည်။
"စာရင်းကောက်ပြီးပြီ... စုစုပေါင်း ၄၃၂ ကောင် ရှိတယ်"
"မောင်လေး... ငါးတွေ အများကြီးပဲ... အမတို့... ရေခဲသေတ္တာထဲလည်း ဆံ့တော့မှာ မဟုတ်ဘူး"
လင်းယွမ်က ပြုံးလိုက်ရင်း...
"အဲဒါအတွက် ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်... ကဲ... ဦးလေးဟူ... ဦးလေးလျှိုနဲ့ ဆုန့်ဝမ်တို့ကို ရှင်းပေးလိုက်ဦး"
သူက ဟူဝေမင်တို့ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။
"ခင်ဗျားတို့ ဒီတစ်ခါတော့ အမြတ်ထွက်သွားတာပဲ... ဒါပေမဲ့ မနက်ဖြန်ကစပြီး ဒီလိုလုပ်လို့ရတော့မှာ မဟုတ်ဘူး... ခင်ဗျားတို့ ငါးတွေအများကြီး လဲပြီး ဘာလုပ်ကြတယ်ဆိုတာ ဒီနေ့ လူတွေသိကုန်ကြပြီ"
ဟူဝေမင်က ကျေးဇူးတင်စွာဖြင့် ပြောလေသည်။
"ကျွန်တော်တို့ကို အစကတည်းက ဖွင့်မပြောဘဲ ဈေးကွာခြားချက်နဲ့ အမြတ်ထုတ်ခွင့်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ"
လင်းယွမ်က လက်ကာပြလိုက်သည်။
"ခင်ဗျားတို့ရဲ့ ပေါက်စီကတော့ ဈေးကွက်ရှိပါသေးတယ်... ဒါပေမဲ့ နောက်ဆို ပေါက်စီတစ်လုံးကို ငါးလေးကောင်နဲ့ လဲဖို့တော့ မဖြစ်နိုင်လောက်တော့ဘူး"
"ဆုန့်ဝမ်ရဲ့ မုန့်တွေနဲ့ ငါးလဲတာကတော့ ဆက်လုပ်ဖို့ မလွယ်လောက်တော့ဘူး... လူတွေက ငါးတွေကို ကျွန်တော့်ဆီ တိုက်ရိုက်လာလဲကြတော့မှာ"
ဆုန့်ဝမ်ကလည်း ကျေးဇူးတင်စွာဖြင့် ပြောရှာသည်။
"ကျေးဇူးပါ အစ်ကိုလင်းယွမ်... အစ်ကိုသာ ဒီနေ့ နောက်ဆုံးကျမှ သူတို့ကို ရှင်းမပြရင် သူတို့က မနက်ကတည်းက ကျွန်မတို့နဲ့ လာလဲတော့မှာ မဟုတ်ဘူး"
လင်းယွမ်က ပြုံး၍ ပြောလိုက်၏။
"တိုက်တွဲ(၁) က အိမ်ရှင်အချင်းချင်းပဲဗျာ... ကျွန်တော် ကူညီပေးနိုင်သလောက် ကူညီပေးရမှာပေါ့"
"ကဲ... ခင်ဗျားတို့ ဒီတစ်ခါ ဘာနဲ့လဲချင်လဲ"
"ဂျုံမှုန့်... ကျွန်တော်တို့ ဂျုံမှုန့် လိုချင်တယ်"
ဟူဝေမင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
ပေါက်စီဈေးကွက် ရှိနေသေးသရွေ့ သူ ဆက်လုပ်နေဦးမည်သာ။
နောက်ပိုင်းတွင် ပေါက်စီတစ်လုံးလျှင် ငါးလေးကောင် မရနိုင်တော့လျှင်တောင် အနည်းဆုံး ငါးနှစ်ကောင်နှင့် လဲလှယ်၍ ရနိုင်သေးသည် မဟုတ်ပါလား။
အမြတ်ကျန်နေသရွေ့ သူ လုပ်မည်သာ။
လျှိုတနန်သည်လည်း ဟူဝေမင်နှင့် တစ်ဖွဲ့တည်းဖြစ်ရာ အားလုံးကို ဂျုံမှုန့်နှင့်သာ လဲလှယ်လိုက်ကြသည်။
လင်းယွမ်က ဆုန့်ဝမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဆုန့်ဝမ်ကလည်း...
"ကျွန်မလည်း ဂျုံမှုန့်ပဲ ယူမယ်" ဟု ပြောလာ၏။
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး...
"မင်းလည်း ဂျုံမှုန့်ယူမလို့လား"
ဆုန့်ဝမ်က ပြုံးလိုက်သည်။
"ကျွန်မ ဦးလေးဟူတို့နဲ့ ပေါင်းပြီး ပေါက်စီလုပ်မလို့... ဂျုံမှုန့်က ကျွန်မရဲ့ ရှယ်ယာပေါ့"
လင်းယွမ် သဘောကျစွာ ပြုံးမိသွားပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ... ငါး ၄၃၂ ကောင်... ငါး ၄ ကောင်ကို တစ်ခွက်နှုန်းနဲ့ဆိုတော့ ၁၀၈ ခွက်... ကျွန်တော့်ဆီက ဂျုံတစ်ခွက်က လေးအောင်စနီးပါးလောက်ရှိတယ်... ၁၀၈ ခွက်ဆိုတော့ ပေါင် ၃၀ လောက်ရှိမယ်"
သူ့လက်ထဲတွင် လျှိုအားလုံ၏ အခန်းမှ သိမ်းဆည်းရမိထားသော ဂျုံမှုန့်နှင့် ဆန်အများအပြား ရှိနေသည်။
ဂျုံပေါင် ၃၀ ဆိုသည်မှာ သူ့အတွက် အိတ်တစ်လုံးနှင့် အပိုအနည်းငယ်မျှသာ ရှိ၏။
ထို့ကြောင့် အိပ်ခန်းထဲသို့ ဝင်သွားပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ ဂျုံမှုန့် ပေါင် ၂၀ အိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ရန်မေကို မီးဖိုချောင်ထဲမှ နောက်ထပ် ဂျုံ ၈ ပေါင်ခန့် ထပ်ယူခိုင်းပြီး ဟူဝေမင်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ဟူဝေမင်တို့တစ်သိုက်မှာ ဝမ်းသာအားရ ပြုံးရယ်နေကြပြီး လင်းယွမ်နှင့် နှုတ်ဆက်စကား အနည်းငယ်ပြောကာ ဂျုံမှုန့်များကို သယ်ဆောင်၍ ထွက်ခွာသွားကြတော့သည်။
သူတို့ ထွက်သွားပြီးနောက် လင်းယွမ်သည် အခန်းထဲမှ ပြည့်လျှံနေသော ငါးများကို ကြည့်ရင်း ပြုံးလိုက်မိသည်။
"မောင်လေး... ငါးတွေ ဒီလောက်များတာ... အမ ကူသတ်ပေးမယ်လေ"
လင်းယွမ်က ငါးသတ်ရန် ဓားယူနေသည်ကို မြင်သောအခါ ရန်မေက ချက်ချင်း ထရပ်ပြီး ဓားသွားယူကာ ကူညီရန် ပြင်လိုက်သည်။
လင်းယွမ်က ချက်ချင်း တားလိုက်၏။
"မလိုဘူး... ဒီငါးတွေကို ကျွန်တော် ကိုယ်တိုင် သတ်မှာ... သူတို့ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေကို လေ့လာပြီး ကိုယ်တွေ့ အချက်အလက်တွေ ရယူချင်လို့"
"ပြီးတော့ ဒီသန္ဓေပြောင်းငါးတွေက အရမ်း အန္တရာယ်များတယ်... ကိုက်ခံရရင် ဒုက္ခရောက်လိမ့်မယ်"
ရန်မေမှာ ရင်ထဲတွင် ကြည်နူးသွားရပြီး မောင်လေးက သူမကို အလွန် ဂရုစိုက်သည်ဟု တွေးမိလိုက်သည်။
"ဒါပေမဲ့ ငါးတွေ အများကြီးကို... မောင်လေးတစ်ယောက်တည်း ဘယ်အချိန်ထိ သတ်နေမှာလဲ"
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကျွန်တော်က ငါးသတ်ရတာ ကြိုက်တယ်"
သူက ချက်ချင်းပင် ခေါင်းငုံ့ကာ အလုပ်စလုပ်တော့သည်။ ပုံမှန်ထက် သုံးဆမျှသာလွန်သော ခွန်အားဖြင့် ဓားကို ဝင့်လိုက်ရာ ငါးကြေးခွံ မည်မျှပင် မာကျောပါစေ ချက်ချင်း နှစ်ပိုင်း ပြတ်သွားလေ၏။
"ဒုန်း... ဒုန်း... ဒုန်း"
အခန်းထဲတွင် ငါးခေါင်းဖြတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လင်းယွမ်၏ ခေါင်းထဲတွင်လည်း စနစ်မှ အသိပေးသံများ ဆက်တိုက် ကြားနေရတော့၏။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၈ မှတ် ရရှိပါသည်]
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၉ မှတ် ရရှိပါသည်]
...
လင်းယွမ်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်တက်သွားပြီး အပြုံးများကို ထိန်းမရ ဖြစ်နေလေသည်။
အခြားတစ်ဖက်တွင် ရန်မေလည်း အားမနေပေ။
လင်းယွမ်က ငါးသတ်ရာတွင် ဓားတစ်ချက်လျှင် တစ်ကောင်နှုန်းဖြင့် မြန်ဆန်နေသော်လည်း ငါးကို သန့်စင်ရသည့် သူမအဖို့မှာမူ လက်ဝင်လှသည်။
ငါးကြေးခွံထိုးရသည်သာမက ဗိုက်ခွဲပြီး အတွင်းကလီစာများနှင့် အချွဲအမြှေးများကိုပါ သန့်စင်ရသေး၏။
လင်းယွမ်က ၅၊ ၆ ကောင် သတ်ပြီးချိန်တွင် သူမက တစ်ကောင်ပင် သန့်စင်၍ မပြီးသေးချေ။
ငါးကောင်ရေ ၄၃၂ ကောင်မှာ နားထောင်ရုံဖြင့် များပြားလှသော်လည်း လင်းယွမ်၏ နှုန်းက အလွန်မြန်ဆန်လှသည်။
တစ်နာရီပင် မပြည့်မီ အားလုံးကို သတ်ဖြတ်ပြီးစီးသွားလေသည်။
"မောင်လေး... ငါးတွေ ဒီလောက်အများကြီးကို အမတို့ ဘယ်လို သိမ်းထားကြမလဲ"
ရန်မေက မျက်နှာငယ်လေးဖြင့် မေးရှာသည်။
လင်းယွမ်တွင် ပစ္စည်းသိမ်းဆည်းနိုင်သော နေရာလွတ် ရှိသဖြင့် ငါးများကို သိမ်းဆည်းရန် အလွန် လွယ်ကူလှသည်။
သို့သော် ဤလျှို့ဝှက်ချက်ကို လူသိခံ၍ မဖြစ်သောကြောင့် ဟန်ပြလုပ်ဆောင်မှု အချို့တော့ ပြုလုပ်ရပေမည်။
သူက ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"အမမေ အရင်ဆုံး ငါးဆက်သတ်နေလိုက်... ကျွန်တော် ခုနက တိုက်တွဲ(၂) ကို ရှင်းလင်းရေးသွားတုန်းက မုန့်ဖုတ်စက်ရှိတဲ့ အိမ်တွေ အများကြီးတွေ့ခဲ့တယ်... ကျွန်တော် သွားသယ်လိုက်ဦးမယ်... ပြီးတော့ ကျွန်တော်ရှာထားတဲ့ ပစ္စည်းတွေထဲမှာ လေစုပ်စက်လည်း ပါတယ်"
"ကျွန်တော်တို့ဆီမှာ မီးစက်ရှိတာပဲ... ဒီငါးတွေအားလုံးကို ငါးခြောက်ဖုတ်ပြီးတော့ လေစုပ်ပြီး ထုပ်ပိုးသိမ်းထားလိုက်မယ်"
"ဒါနဲ့... အမမေ အားရင် ငါးမဖုတ်ခင် နယ်ထားလိုက်ဦး... အရသာ ပိုရှိတာပေါ့... နောက်ကျရင် ငါးခြောက်စပ်စပ်လေးတွေ ဘာတွေလုပ်ပြီး မုန့်အနေနဲ့ ပြန်ရောင်းကာ ငါးတွေ ထပ်လဲလို့ရတာပေါ့"
ရန်မေ ကြားသောအခါ ဝမ်းသာသွားလေသည်။
"အဲဒီနည်း ကောင်းသားပဲ... ဒါဆို အမတို့ဆီမှာ ငါးတွေ ပြတ်တော့မှာ မဟုတ်ဘူးပေါ့"
လင်းယွမ်က ပြုံးလိုက်သည်။
"ပြီးရင်ဝူချင်းတို့... အဒေါ်ကြီးလီတို့ကိုပါ မေးကြည့်လိုက်ဦး... သူတို့မှာ ပစ္စည်းရှာနိုင်မယ့် တခြားနည်းလမ်းမရှိတော့ ငါးမျှားရင်လည်း ယောကျာ်းတွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူတို့ကို ငါးလာလုပ်ခိုင်းပြီး ကျွန်တော်တို့က လုပ်အားခ ပေးလိုက်လို့ရတယ်"
"အဲဒါ... ငါးက သိပ်အများကြီးမှ မဟုတ်တာ... ပစ္စည်းတွေကို အဲဒီလောက် ဖြုန်းတီးစရာ မလိုပါဘူး" ရန်မေက တုံ့ဆိုင်းစွာဖြင့် ပြောသည်။
သူမမှာ ငတ်မွတ်ဖူးသောကြောင့် ပစ္စည်းများကို သူစိမ်းများအား ခွဲဝေပေးရန် နှမြောနေခြင်း ဖြစ်သည်။
လင်းယွမ်က ရယ်မောကာ ပြောလိုက်၏။
"စိတ်ချပါ... ကျွန်တော်တို့ဆီမှာ ပစ္စည်းတွေ အများကြီးရှိတယ်... အဒေါ်ကြီးလီနဲ့ ဝူချင်းတို့ကို လုပ်အားခအနေနဲ့ ဆန်ပေးလိုက်ရင် ရပြီပဲ"
သူ ပြီးခဲ့တဲ့တစ်ခေါက်က ကံစမ်းမဲနှိုက်ရာမှ ဆန် ပေါင် ၁၁၀၀ ကျော် ရရှိထားပြီး လျှိုအားလုံထံမှ ရထားသော ဆန်များပါ ပေါင်းလိုက်လျှင် စုစုပေါင်း တစ်တန်နီးပါး (ပေါင် ၂၀၀၀ ကျော်) ရှိနေပြီဖြစ်ရာ စား၍ပင် ကုန်မည် မဟုတ်ပေ။
ထို့ပြင် အမှတ်များ ရှိနေသရွေ့ အစားအသောက်များကို မဲနှိုက်ရယူရန်မှာ အလွန် လွယ်ကူလှသည်။
ဆုမဲများစွာထဲတွင် အစားအသောက် ပါဝင်နှုန်းမှာ မနည်းလှချေ။
ယခု သူ လိုအပ်နေသည်မှာ အစားအစာ မဟုတ်ဘဲ ဘုံအရည်အသွေးမှတ်များ သို့မဟုတ် ကျည်ဆန်ကဲ့သို့သော လက်နက်ခဲယမ်းများသာ ဖြစ်သည်။
"အမမေ ဆက်လုပ်နေနော်... ကျွန်တော် မုန့်ဖုတ်စက် သွားရှာလိုက်ဦးမယ်"
ရန်မေက ခေါင်းညိတ်လိုက်သည်။
"အင်း... အင်း... သွားလေ... ကျန်တာ အမ ဆက်လုပ်ထားလိုက်မယ်"
လင်းယွမ် ချက်ချင်းပင် အခန်းထဲမှ ထွက်လာခဲ့သည်။ တိုက်တွဲ(၂) တွင် မုန့်ဖုတ်စက်ရှိသော အိမ်များကို သူ မှတ်မိနေသည်။
ယခုအခါ အိမ်တိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်နေပြီ ဖြစ်သဖြင့် မုန့်ဖုတ်စက်များ၊ လေပူစက်များမှာ အသုံးမဝင်တော့သော အရာများ ဖြစ်နေကာ မည်သူမျှ မလိုချင်ကြတော့ပေ။
လင်းယွမ်သည် မုန့်ဖုတ်စက် ၄၊ ၅ လုံးနှင့် လေပူစက် ၅၊ ၆ လုံးခန့်ကို လွယ်ကူစွာပင် ရှာဖွေတွေ့ရှိခဲ့သည်။
သူ့မီးဖိုချောင်တွင် နေရာမဆံ့တော့မှသာ ရှာဖွေခြင်းကို ရပ်တန့်လိုက်သည်။
ကျန်ရှိသော အလုပ်များကို ရန်မေထံ လွှဲအပ်လိုက်တော့၏။
ကံကောင်းသည်မှာ ရန်မေသည် စံပြအိမ်ရှင်မတစ်ဦး ဖြစ်ပြီး အစားအသောက် ပြုလုပ်ရသည်ကို နှစ်သက်သူဖြစ်သည်။
သူမသည် စိတ်ပျက်အားလျော့ခြင်း မရှိသည့်အပြင် ပျော်ရွှင်စွာ လုပ်ကိုင်နေလေသည်။
အိမ်တွင် ဟင်းခတ်အမွှေးအကြိုင်များ အလုံအလောက်ရှိသဖြင့် သူမက ပုံးကြီးတစ်ပုံးကို ယူကာ ဆေးကြောပြီးနောက် ဟင်းခတ်မှုန့်များကို ရောစပ်လိုက်သည်။ ရေကျက်အေး အများအပြား ထည့်ကာ အချိုးကျ ဖျော်စပ်လိုက်၏။
ထို့နောက် ငါးများကို အတုံးသေးများတုံးကာ ထည့်ပြီး နှပ်ထားလိုက်သည်။
ပင်လယ်ငါးများ ဖြစ်သောကြောင့် ဆားကို သိပ်မထည့်ဘဲ ငရုတ်သီးမှုန့်နှင့် ငရုတ်ကောင်းကိုသာ ပိုထည့်ထားလိုက်သည်။
"ဆုန့်ဝမ်ရဲ့ ပေါင်မုန့်တွေက တစ်ညတည်းနဲ့ ပုပ်သွားတယ်ဆိုတော့... ဆားများများ အစပ်များများဆိုရင်တော့ ပိုပြီး အထားခံလောက်တယ်"
သူမ စိတ်ထဲတွင် တွေးလိုက်ပြီးနောက် မူရင်းအရသာအတိုင်း ငါးအချို့ကိုလည်း သီးသန့် ဖယ်ထားလိုက်သည်။
သူမသည် မီးဖိုချောင်ထဲတွင် ပျားမလေးတစ်ကောင်ပမာ တက်ကြွစွာ လှုပ်ရှားလုပ်ကိုင်နေတော့သည်။
လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးမိလိုက်၏။
အမမေလို မိန်းမမျိုးကို ရတဲ့သူကတော့ တကယ်ကို ကံကောင်းတာပဲ။
လီကျစ်ချန်လို ငတုံးကောင်က ဒီလို အလှပဂေးမျိုးနဲ့ ထိုက်တန်လို့လား...
လင်းယွမ်က အိပ်ခန်းထဲသို့ ပြန်ဝင်ကာ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
"စနစ်... အရည်အသွေးတွေ ပြပေး"
အိမ်ရှင် - လင်းယွမ်
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈
ခွန်အား - ၂.၉
အလျင် - ဝ.၈
စိတ်စွမ်းအား - ၁.၇
သန္ဓေပြောင်းလဲနှုန်း - ၄%
အမှတ် - ၄၀၃၇ မှတ်
"ဟားဟားဟား... အမှတ်တွေက ၄၀၀၀ ကျော်သွားပြီဆိုတော့... ငါ အနည်းဆုံး ဘုံအရည်အသွေးမှတ် ၄ မှတ်လောက်တော့ မဲနှိုက်လို့ရပြီပဲ"
လင်းယွမ်က သူ့၏ သန္ဓေပြောင်းလဲမှု အတိုင်းအတာကို တစ်ချက် ကြည့်လိုက်သည်။
ယခုအခါ သန္ဓေပြောင်းလဲမှုနှုန်းမှာ ၄% ထိ ရောက်ရှိနေပြီ ဖြစ်၏။
ပြီးခဲ့သည့် အကြိမ်က ကိုယ်ခန္ဓာကြံ့ခိုင်မှု အမှတ်ကို ပေါင်းထည့်လိုက်သောကြောင့် သန္ဓေပြောင်းလဲမှုနှုန်း တိုးလာခြင်း ဖြစ်သည်။
"တင်းယန်တို့ သန္ဓေပြောင်းစွမ်းရည် နိုးထလာဖို့အတွက် သန္ဓေပြောင်းလဲတဲ့နှုန်း ဘယ်လောက်ထိ ရောက်ဖို့လိုမလဲ မသိဘူး"
လင်းယွမ် စိတ်ထဲတွင် သိချင်နေမိသည်။ သန္ဓေပြောင်းလဲမှုနှုန်း အတိုင်းအတာတစ်ခု ရောက်ရှိသွားမှသာ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို ခံစားရပြီး သန္ဓေပြောင်းစွမ်းရည် နိုးထလာမည်ဟု သူ ခန့်မှန်းမိသည်။
ထိုအတိုင်းအတာ ပမာဏမှာ မည်မျှဖြစ်မည်ကိုမူ မသိနိုင်သေးပေ။
၁၀% ဖြစ်နိုင်သလို ၂၀% လည်း ဖြစ်နိုင်ပေသည်။
သို့သော် ၁၀၀% မဟုတ်ကြောင်းကိုတော့ လင်းယွမ် သေချာပေါက် ပြောရဲသည်။
တင်းယန်... ဝမ်ယန်မေနှင့် လျှိုအားလုံတို့ နေ့တိုင်း ငါးစားနေကြလျှင်ပင် ဒီလောက်တိုတောင်းသော အချိန်အတွင်း သန္ဓေပြောင်းလဲမှုနှုန်း ၁၀၀% အထိ ရောက်ရှိသွားစရာ အကြောင်းမရှိပေ။
၅၀% အောက် တစ်နေရာရာတွင် သန္ဓေပြောင်းလဲမည့် လက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ခြေ များသည်။
လင်းယွမ်က ထိုထင်မြင်ချက်များကို ဘေးဖယ်လိုက်ပြီး အရည်အသွေး မျက်နှာပြင်ကိုသာ အာရုံစိုက်လိုက်သည်။
သူက စနစ်ကို လှမ်းခေါ်လိုက်၏။
"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်"
[ဒင်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲ စတင်ပါပြီ]
"ဝမ်..."
ကံစမ်းမဲဘီးကြီးက အလိုအလျောက် ပွင့်လာပြီး စွမ်းရည်ကဏ္ဍ ငါးခု ပေါ်လာသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ အလျင်၊ စိတ်စွမ်းအား၊ ဘုံအရည်အသွေးမှတ်။
လင်းယွမ်က စိတ်ထဲမှ ရွတ်ဆိုလိုက်သည်။ "မဲနှိုက်မယ်"
"ဝှီး..."
မြှားတံလေးက လည်ပတ်သွားပြီး ခဏအကြာတွင် ရပ်တန့်သွားသည်။
မြှားတံသည် စိတ်စွမ်းအား ကဏ္ဍအပေါ်တွင် ရပ်တန့်နေ၏။
[ဒင်... သင် စိတ်စွမ်းအား ၁ မှတ် မဲပေါက်သွားပါသည်]
လင်းယွမ် ကြောင်သွားပြီး ၁.၇ သာ ရှိသော သူ၏ စိတ်စွမ်းအားကို ကြည့်ကာ နှာခေါင်းကို ပွတ်လိုက်မိသည်။
စိတ်စွမ်းအားက သူ့၏ အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပုံရပြီး အမှောင်ထဲတွင်ပင် အပြင်မှ အခြေအနေများကို ဝိုးတဝါး မြင်နိုင်စေသည်။
အကြားအာရုံ၊ အနံ့ခံအာရုံ၊ အထိအတွေ့နှင့် အရသာခံအာရုံများလည်း အသီးသီး တိုးတက်လာခဲ့၏။
ထို့ပြင် ဆဌမအာရုံသည်လည်း သာမန်လူထက် ပို၍ အားကောင်းလာပုံ ရသည်။
ထို ၁ မှတ် ပေါင်းထည့်လိုက်သည်နှင့် လင်းယွမ်၏ ခေါင်းထဲသို့ အေးမြသော ခံစားမှုတစ်ခု ဝင်ရောက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
အာရုံခြောက်ပါး ပိုမို ထက်မြက်လာပြီး ဦးနှောက်ထဲတွင် တစ်စုံတစ်ခုက ဖောက်ထွက်လာတော့မလို ခံစားနေရ၏။
မျက်ခုံးနှစ်ခုကြားတွင် တင်းကြပ်နေပြီး ယားယံသလိုလို ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာလည်း များစွာ တိုးတက်လာကြောင်း ခံစားလိုက်ရသည်။
လင်းယွမ် နှာခေါင်းကို ပွတ်သပ်လိုက်ရင်း...
"ခံစားချက်ကတော့ မဆိုးပါဘူး... တိုက်ခိုက်နိုင်စွမ်းကို တိုက်ရိုက် တိုးမြှင့်မပေးဘူး ဆိုပေမဲ့ပေါ့"
"စနစ်... သတ်မှတ် ဘုံအရည်အသွေးမှတ် ထပ်နှိုက်မယ်"
[ဒင်... ဂုဏ်ယူပါတယ် သင် စိတ်စွမ်းအား ၁ မှတ် မဲပေါက်သွားပါသည်]
လင်းယွမ် အနည်းငယ် အံ့အားသင့်သွားသော်လည်း အေးမြသော ခံစားမှုက ဦးနှောက်ထဲသို့ ထပ်မံ စီးဝင်လာပြန်သည်။
နောက်တစ်ခဏတွင် မျက်ခုံးနှစ်ခုကြားမှ ယားယံမှုက ပို၍ ပြင်းထန်လာ၏။
အာရုံငါးပါးက ပိုမို စူးရှလာပြီး ဆိုဖာပေါ်တွင် ထိုင်နေရင်းပင် ဧည့်ခန်းထဲမှ ရန်မေ၏ နှလုံးခုန်သံနှင့် အသက်ရှူသံကို ရှင်းလင်းစွာ ကြားနေရသည်။
ဘေးခန်းမှ ဦးလေးမာနှင့် အဒေါ်ကြီးလီတို့ စကားပြောနေသံများကိုလည်း ရှင်းလင်းစွာ ကြားနေရ၏။
ထိုအချိန်မှာပင် သူ့ဦးနှောက်ထဲတွင် ပြည့်လျှံထွက်တော့မည့် ခံစားချက်က ပို၍ ပြင်းထန်လာသည်။
နည်းနည်းလေးပဲ လိုတော့တယ်...
ထူးဆန်းသော ပြည့်လျှံလာသည့် ခံစားမှုက အပြင်သို့ တကယ်ပင် ဖောက်ထွက်လာတော့မလို ဖြစ်နေသည်။
လင်းယွမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ထဲမှ ထိုထူးဆန်းသော ခံစားမှုများကို ဖိနှိပ်ထားလိုက်၏။
သူက စိတ်ထဲမှ ဆက်လက် ရွတ်ဆိုလိုက်သည်။ "စနစ်... သတ်မှတ် ဘုံအရည်အသွေးမှတ် ထပ်နှိုက်မယ်"
[ဒင်... သင် အလျင် ၁ မှတ် မဲပေါက်သွားပါသည်]
လင်းယွမ် မျက်လုံးများ အရောင်တောက်သွားသည်။
"အလျင် စွမ်းရည်ပဲ"
သူ့၏ နောက်ဆုံး အားနည်းချက်တစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့လေပြီ။
လင်းယွမ် အလျင်အမြန် ထရပ်လိုက်ပြီး လက်သီးထိုးကြည့်ရန် ပြင်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
တစ်စက္ကန့်လျှင် လက်သီး သုံးလေးချက်ခန့် ထိုးနိုင်၏။
သာမန်လူတစ်ယောက်သည် လက်သီးတစ်ချက်ထိုးရန် ဝ.၅ မှ ၁ စက္ကန့်ခန့် ကြာမြင့်ကြောင်း သိထားရမည်။
လင်းယွမ်၏ လက်သီးအမြန်နှုန်းမှာ သုံးလေးဆခန့် ပိုမြန်လာခြင်း ဖြစ်သည်။
ဒါက ကြီးမားသော တိုးတက်မှုကြီးပင်။
သူ့၏ ခွန်အားနှင့်သာဆိုလျှင် တစ်စက္ကန့်ကို လက်သီးသုံးလေးချက် ထိုးလိုက်ပါက သာမန်လူတစ်ယောက် ချက်ချင်း သေဆုံးသွားနိုင်သည်။
လင်းယွမ်က သူ့၏ ရွေ့လျားနှုန်းကို စမ်းသပ်ကြည့်ရာ ယခင်ကထက် သုံးလေးဆခန့် ပိုမို မြန်ဆန်လာသည်ကို တွေ့ရ၏။
"မဆိုးဘူး... ဒါပေမဲ့ ဝမ်ယန်မေတို့ တင်းယန်တို့နဲ့ ယှဉ်ရင်တော့ အများကြီး လိုသေးပုံပဲ"
ဝမ်ယန်မေ၏ အမြန်နှုန်းမှာ အရိပ်ကိုပင် မမြင်ရလောက်အောင် မြန်ဆန်လွန်းသည်။
အစကတည်းက သူ့၏ စိတ်စွမ်းအား တိုးမြင့်မထားခဲ့ပါက တစ်ဖက်လူ၏ ကိုယ်ခန္ဓာကိုပင် သေချာ မြင်ရမည် မဟုတ်ပေ။
တင်းယန်ကလည်း ခြေထောက်နှစ်ဖက်တွင် စွမ်းအားဖြည့်လိုက်ပါက ပေါက်ကွဲထွက်မတတ် မြန်ဆန်သွားပြီး သာမန်လူထက် အနည်းဆုံး ငါးဆ၊ ခြောက်ဆခန့် ပိုမြန်ပေသည်။
လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်သည်။ ထိုကွာခြားချက်ကို သူ သိပ်ဂရုမစိုက်လှပေ။
အဘယ်ကြောင့်ဆိုသော် သူ ဆက်လက် မဲနှိုက်နိုင်သေးသောကြောင့်ပင်။
"စနစ်... ထပ်နှိုက်မယ်"
ကံစမ်းမဲဘီးကြီး ဆက်လက် လည်ပတ်သွားပြီး နောက်ဆုံးကျန်သော အမှတ် တစ်ထောင်ကို သုံးစွဲလိုက်သည်။
[ဒင်... သင် စိတ်စွမ်းအား ၁ မှတ် မဲပေါက်သွားပါသည်]
လင်းယွမ် ကြောင်အသွားပြီး မျက်နှာတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
စိတ်စွမ်းအား ထပ်ကျပြန်ပြီ...
ဒီနေ့ စနစ်က စိတ်ဖောက်ပြန်နေတာလား...
ငါ့ကို စိတ်စွမ်းအားတွေချည်းပဲ သက်သက်မဲ့ ပေးနေပါလား...
ထိုအချိန်တွင် အေးမြသော အရှိန်အဝါတစ်ခုက ဦးနှောက်ထဲသို့ ထပ်မံ ဝင်ရောက်လာပြန်သည်။
လင်းယွမ်၏ ဦးခေါင်းမှာ တင်းကြပ်နေပြီး မျက်ခုံးကြားနေရာမှာ ယားယံလွန်း၍ မခံမရပ်နိုင် ဖြစ်လာ၏။
သူ့လက်က အလိုအလျောက် ကုတ်လိုက်မိသော်လည်း မျက်ခုံးကြားကို ထိလိုက်ချိန်တွင် ထိုယားယံသောနေရာကို စမ်း၍ မမိပေ။
ထိုယားယံနေသော နေရာမှာ ဦးနှောက်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသယောင် ခံစားရသည်။
သူက ခေါင်းကို အုပ်ထားပြီး သွားကိုတင်းတင်း စေ့ထားလိုက်မိသည်။
အေးမြသော ခံစားမှုက ဦးနှောက်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် ရုတ်တရက်...
ထိုတင်းကြပ်နေသော ခံစားမှုက ဦးနှောက်၏ ချုပ်နှောင်ထားမှုကို ဖောက်ထွက်သွားသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် ဆန်းကြယ်သော အာရုံခံစားမှုတစ်ခုက ချက်ချင်း ပျံ့လွင့်ထွက်ပေါ်လာ၏။
လင်းယွမ်မှာ မျက်လုံးများ မှိတ်ထားသော်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အသေးစိတ်ကအစ ၃၆၀ ဒီဂရီ ပတ်ပတ်လည် သူ့ခေါင်းထဲတွင် ပေါ်လာသည်ကို ခံစားလိုက်ရသည်။
"ဒါ... ဒါက ဘာလဲ"
လင်းယွမ် အံ့အားသင့်သွားပြီး မျက်လုံးများကို ကပျာကယာ ဖွင့်ကြည့်လိုက်သည်။
အမြင်အာရုံမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး မျက်နှာချင်းဆိုင် နံရံပေါ်ရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။
သို့သော် သူ့ခေါင်းထဲတွင်မူ မျက်လုံးဖြင့် မမြင်ရသော နေရာများမှ ပုံရိပ်များပါ အလိုအလျောက် ပေါ်လာနေခြင်း ဖြစ်သည်။
သူ့ခေါင်းနောက်ဘက်မှ မြင်ကွင်းများကိုပါ "မြင်" နေရသည်။
ဤခံစားမှုက အရာအားလုံးကို သိမြင်နိုင်သော နတ်ဘုရားများ၏ အမြင်အာရုံမျိုးနှင့် တူနေ၏။
လင်းယွမ် အံ့အားသင့် ဝမ်းသာသွားသည်။
"ဒါ ငါ့ရဲ့ စိတ်စွမ်းအားက အတိုင်းအတာတစ်ခုကို ကျော်လွန်သွားပြီး တစ်ခုခု ပြောင်းလဲသွားတာလား"
"ငါ အခု မျက်လုံးကို အားကိုးစရာမလိုဘဲ ပတ်ဝန်းကျင်က အရာအားလုံးကို အာရုံခံနိုင်သွားပြီပေါ့"
သူ မျက်လုံးကို ပြန်မှိတ်လိုက်ပြီး စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စမ်းသပ်ကြည့်လိုက်သည်။
စိတ်အာရုံအောက်တွင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ အသေးစိတ်ကအစ သူ့ခေါင်းထဲတွင် ထင်ဟပ်နေ၏။
သို့သော် မကြာမီမှာပင် လင်းယွမ်က ဤအမြင်အာရုံ၏ အားနည်းချက်ကို ရှာတွေ့သွားသည်။
"အကွာအဝေးပဲ"
"စိတ်အာရုံက ဆယ်ပေကနေ ဆယ့်ငါးပေဝန်းကျင်လောက်ပဲ ရောက်တာလား"
လင်းယွမ် ခန့်မှန်းကြည့်လိုက်ရာ သူ့၏ စိတ်အာရုံအောက်တွင် မြင်တွေ့ရသော အကွာအဝေးမှာ ဆယ်ပေမှ ဆယ့်ငါးပေ ဝန်းကျင်ခန့် သာ ရှိသည်။
ဆိုလိုသည်မှာ ဆိုဖာမှ တီဗီစင်နောက် နံရံအထိလောက်သာ ရှိခြင်းဖြစ်သည်။
ထိုထက်ဝေးသော နေရာများ... ဥပမာ ဝရံတာဘက်ကဲ့သို့ နေရာများဆိုလျှင် အာရုံခံစားမှုမှာ ဝိုးတဝါး ဖြစ်သွားလေသည်။
လင်းယွမ် အတွေးပေါက်သွားသည်။ စိတ်စွမ်းအား တိုးလာခြင်းက ဒီလိုအကျိုးကျေးဇူးတွေ ရှိနေတာကိုး။
လက်ရှိ စိတ်စွမ်းအား တိုးတက်လာခြင်းကြောင့် ဘယ်လို ကောင်းကျိုးတွေ ရလာသလဲဆိုတာ သူ ချက်ချင်း သဘောပေါက်သွားသည်။
ပထမဆုံးအနေဖြင့် အာရုံခြောက်ပါးက အလွန်အမင်း တိုးတက်လာသည်။ ယခု သူ၏ အမြင်အာရုံသည် မှောင်ရိပ်ကျနေသော အခြေအနေမျိုးတွင်ပင် ပေ ၄၀၊ ၅၀ အကွာအဝေးရှိ ပစ္စည်းများကို ရှင်းလင်းစွာ မြင်နိုင်နေပြီ ဖြစ်သည်။
အကြားအာရုံက ပို၍ပင် ဆိုးရွားစွာ ကောင်းမွန်နေပြီး နံရံခြားနေသော အိမ်နီးချင်းများ၏ နှလုံးခုန်သံနှင့် အသက်ရှူသံများကိုပင် အာရုံခံမိနေသည်။
အထိအတွေ့နှင့် အရသာခံအာရုံကိုမူ မစမ်းသပ်ရသေးသော်လည်း သေချာပေါက် အများကြီး တိုးတက်လာပေလိမ့်မည်။
နောက်တစ်ချက်က စိတ်စွမ်းအား တိုးလာခြင်းကြောင့် ကမ္ဘာလောကကြီးကို စိတ်အာရုံဖြင့် ခံစားနိုင်သည့် ထူးခြားသော စွမ်းရည်တစ်ခု ပိုလာခြင်းပင်။
ဤအာရုံခံစားမှုသည် မျက်လုံးဖြင့် မြင်ရသည်နှင့် အလွန် ကွာခြားသည်။
ကြည်လင်ပြတ်သားမှုနှင့် အသေးစိတ်ကျမှုတို့တွင် အမြင်အာရုံထက် များစွာ သာလွန်၏။
သို့သော် စိတ်အာရုံ ရောက်ရှိနိုင်သည့် အကွာအဝေးကမူ အမြင်အာရုံလောက် ကျယ်ပြန့်ခြင်း မရှိပေ။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ မဲလေးကြိမ်နှိုက်ထားသော အမှတ်များက နည်းနည်းတော့ အမြတ်မထွက်သလို ခံစားနေရဆဲပင်။
ဤစိတ်စွမ်းအားက သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို တိုက်ရိုက် မြှင့်တင်ပေးတာမျိုး မရှိချေ။
လင်းယွမ် စိတ်ဓာတ်ကျသွားပြီး ကျန်ရှိနေသော အမှတ်များကို ကြည့်လိုက်သည်။
မူလက အမှတ် ၄၀၃၇ မှတ် ရှိရာမှ သတ်မှတ် ဘုံအရည်အသွေးမှတ် လေးကြိမ် နှိုက်ပြီးသောအခါ ၃၇ မှတ်သာ ကျန်တော့၏။
သတ်မှတ် မဲနှိုက်ခွင့်က တစ်ကြိမ်လျှင် အမှတ် တစ်ထောင် ပေးရသည်။
အမှန်တိုင်းပြောရလျှင် နှမြောစရာတော့ ကောင်းလှသည်။
"ကိစ္စမရှိပါဘူး... နောက်ဆို သန္ဓေပြောင်းငါးတွေ အများကြီး ထပ်ရောက်လာဦးမှာပဲ... ငါ့ရဲ့ အမှတ်တွေကလည်း ဆက်တိုက် တိုးလာဦးမှာ"
"ငါ စိတ်စွမ်းအားချည်းပဲ ဆက်တိုက် မဲပေါက်နေမယ်လို့တော့ မယုံဘူးကွ"
လင်းယွမ် မခံချင်စိတ် ဖြစ်သွားပြီး နှုတ်ခမ်းကို သပ်လိုက်ရာ ရေဆာနေသည်ကို သတိထားမိလိုက်သည်။
စားပွဲပေါ်ရှိ ရေနွေးခွက်ကို လှမ်းကြည့်လိုက်ပြီး ရေသောက်ချင်စိတ် ဖြစ်ပေါ်သွား၏။
ထိုစိတ်ကူး ဖြတ်ခနဲ ပေါ်လာသည်နှင့် တပြိုင်နက် ရေနွေးခွက်မှာ ရုတ်တရက် လှုပ်ခါသွားသည်။
ထို့နောက် လင်းယွမ် အံ့အားသင့်နေစဉ်မှာပင် ထိုခွက်ကလေးသည် သူ့ဘက်သို့ အနည်းငယ် ရွေ့လာခဲ့ချေပြီ။
ရွေ့လာသည့် အကွာအဝေးမှာ အလွန်တရာ နည်းပါးလှသော်လည်း လင်းယွမ်၏ လက်ရှိ မျက်လုံးအစွမ်းဖြင့် အလွန် ရှင်းလင်းစွာ မြင်လိုက်ရပေသည်။
သူ မျက်လုံးပြူးကျယ်သွားပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်မိတော့သည်။
ဆက်ရန်...
အပိုင်း (၉၀) စိတ်စွမ်းအင်နှင့် စိုက်ပျိုးရေး
"စိတ်ထင်တာလား... မဟုတ်ဘူး... မဖြစ်နိုင်ဘူး"
လင်းယွမ်က ခွက်ကို လှမ်းယူမည်ဟု ဆက်လက်၍ စိတ်ကူးကြည့်ရန် ချက်ချင်းပင် ကြိုးစားလိုက်၏။
ထင်ထားသည့်အတိုင်းပင် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်မှာ နောက်တစ်ကြိမ် ထပ်မံ၍ တုန်ခါသွားပြန်သည်။
ထိုအခါ လင်းယွမ်၏ ဦးနှောက်ထဲသို့ မောပန်းနွမ်းနယ်မှုလှိုင်းလုံးတစ်ခု ရိုက်ခတ်လာတော့သည်။
သူက ဆိုဖာပေါ်သို့ ပြန်ထိုင်ချလိုက်မိပြီး ခေါင်းကိုဖိကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
ဤမောပန်းမှုက ရောက်လာသည်မှာ မြန်ဆန်သလို ပျောက်ကွယ်သွားသည်မှာလည်း လျင်မြန်လှသည်။
လင်းယွမ်က မျက်လုံးဖွင့်လိုက်ပြီး "ဒါ စိတ်စွမ်းအင်လား" ဟု ရေရွတ်လိုက်မိသည်။
သူ့မျက်ဝန်းများထဲတွင် စူးရှတောက်ပသော အရိပ်အယောင်များ ယှက်သန်းသွား၏။ စိတ်စွမ်းအင် (၃) မှတ်ခန့် တိုးပွားလာပြီးနောက်တွင် ပြင်ပအာရုံကို ခံစားသိရှိနိုင်ရုံသာမက စိတ်အာရုံဖြင့် အရာဝတ္ထုများကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့ပြီဖြစ်သည်။
ဤထိန်းချုပ်နိုင်စွမ်းမှာ အလွန်အားနည်းသေးသော်လည်း ဤသည်ကား အလွန်ကောင်းမွန်သော အစပျိုးမှုတစ်ခုပင် ဖြစ်ချေသည်။
"ရေခွက်က လေးလွန်းနေတယ်... ဒီထက်ပိုပေါ့တဲ့ ပစ္စည်းတစ်ခုခုနဲ့ စမ်းကြည့်ရမယ်"
လင်းယွမ်က ဧည့်ခန်းထဲတွင် ချက်ချင်းပင် ရှာဖွေလိုက်၏။
မကြာမီမှာပင် သွားကြားထိုးတံ တစ်ဘူးကို သူ ရှာတွေ့သွားသည်။
သစ်သားဖြင့် ပြုလုပ်ထားသော သွားကြားထိုးတံများက အလွန်ပေါ့ပါးလှသည်။ လင်းယွမ်က ၎င်းကို လက်ဖက်ရည်ပွဲ ခုံပုလေးပေါ်တွင် တင်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ သွားကြားထိုးတံဘူးကို စူးစိုက်ကြည့်နေလိုက်၏။
သူ့စိတ်အာရုံများ လည်ပတ်လှုပ်ရှားလာပြီး အတွေးစများသည် သွားကြားထိုးတံ တစ်ချောင်းတည်းအပေါ်သို့ တဖြည်းဖြည်းချင်း စုစည်းသွားတော့သည်။
"ထစမ်း"
သူ့စိတ်ထဲမှ တိတ်တဆိတ် အမိန့်ပေးလိုက်မိ၏။
နောက်တစ်ခဏတွင် အံ့ဖွယ်ရာတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
ထိုသွားကြားထိုးတံလေးမှာ တကယ်ပင် လေထဲသို့ မြောက်တက်လာခဲ့၏။
ထို့အပြင် မြောက်တက်လာသည့် အမြန်နှုန်းမှာလည်း မနှေးကွေးလှပေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝှစ်ခနဲ ပျံဝဲတက်လာခြင်း ဖြစ်သည်။
လင်းယွမ်က မထိန်းချုပ်နိုင်ဘဲ ဝမ်းသာအားရ ဖြစ်သွားမိရာ စိတ်အာရုံ အနည်းငယ် လျော့ရဲသွားပြီး အာရုံစူးစိုက်မှု ပျက်ပြားသွားလေသည်။
ထိုခဏ၌ပင် သွားကြားထိုးတံလေးမှာ စားပွဲပေါ်သို့ ပြန်လည်ပြုတ်ကျသွားတော့၏။
လင်းယွမ်က တစ်ချက် ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားသည်။ "စိတ်စွမ်းအင်ဆိုတာက အရာဝတ္ထုတွေ လေထဲမှာ ဆက်ပြီး ပျံဝဲနေဖို့အတွက် အချိန်တိုင်း ထိန်းသိမ်းထားဖို့ လိုအပ်တာပဲ"
"နေဦး... ဒီလိုဆိုရင် အတွေးတစ်ခုခု များသွားတာနဲ့ အရာဝတ္ထုတွေကို မထိန်းချုပ်နိုင်တော့ဘူးဆိုတဲ့ သဘောလား"
"မဟုတ်ဘူး... မဟုတ်သေးဘူး... ငါ ပုံမှန် လက်နဲ့ ပစ္စည်းတစ်ခုခုကို လှမ်းယူတဲ့အခါ ငါ့ဦးနှောက်က ငါ့လက်ကို ထိန်းချုပ်ဖို့ အချိန်တိုင်း အာရုံစိုက်နေစရာ မလိုပါဘူး"
"ဒါက မသိစိတ်ကနေ ဖြစ်ပေါ်လာတဲ့ အလိုအလျောက် တုံ့ပြန်မှုမျိုးပဲ... ပြီးတော့ ပစ္စည်းတစ်ခုကို လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့အခါ ငါ့အတွေးတွေ လျော့ရဲသွားရုံနဲ့ လက်က ပြေလျော့သွားပြီး ပစ္စည်းပြုတ်ကျသွားတာမျိုး မရှိဘူးလေ"
"စိတ်စွမ်းအင်ဆိုတာကလည်း ငါ့ရဲ့ လက်မောင်းတွေ လက်ဖဝါးတွေလိုပဲ ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရမယ်"
"အခု ငါက မကျွမ်းကျင်သေးလို့... စိတ်စွမ်းအင် ရှိနေတာကို အသားမကျသေးလို့... ဒါကို ထိန်းချုပ်ဖို့ စိတ်အာရုံ အများကြီး သုံးစွဲနေရတာ ဖြစ်လောက်တယ်"
လင်းယွမ်က ၎င်း၏ သဘောတရားကို လျင်မြန်စွာပင် နားလည်သဘောပေါက်သွား၏။
ငယ်စဉ်က စက်ဘီးစီး သင်ခဲ့စဉ်ကကဲ့သို့ပင် ဖြစ်သည်။ အစပိုင်းတွင် လူကြီးများက အနောက်မှ ထိန်းပေးရန် လိုအပ်ပြီး မိမိတို့ကလည်း တစ်ကိုယ်လုံး အားစိုက်ကာ အာရုံစိုက် သင်ယူကြရသည်။
သို့သော် ကျွမ်းကျင်လာသောအခါ တကူးတက တွေးတောနေစရာ မလိုတော့ဘဲ ဟန်ချက်ညီအောင် ထိန်းကာ လျင်မြန်စွာ စီးနင်းနိုင်လာကြသည်။
စက်ဘီးစီးရင်းဖြင့် လက်တစ်ဖက်လွှတ်ကာ အခြားအလုပ်များကိုပင် လုပ်နိုင်လာကြသည် မဟုတ်ပါလော။
ဥပမာ ဖုန်းသုံးခြင်း၊ ဘောလုံးလှည့်ခြင်း စသည်ဖြင့်ပေါ့။
အကြောင်းရင်းမှာ မိမိတို့၏ ဦးနှောက်သည် လုပ်ငန်း၊ လုပ်ဆောင်ချက်ပေါင်းများစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်သော စွမ်းအားမြင့် ကိရိယာတစ်ခု ဖြစ်နေသောကြောင့်ပင်။
အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်နိုင်ပြီး အခြားအလုပ်များကို ခွဲဝေမလုပ်နိုင်ခြင်းမျိုး မဟုတ်ပေ။
အရာတစ်ခုကို ဗီဇစိတ် ဖြစ်လာသည်အထိ ကျွမ်းကျင်အောင် လေ့ကျင့်လိုက်ပါက ထိုအရာကို ဆက်လက်လုပ်ဆောင်ရန်အတွက် ဦးနှောက်မှ အားစိုက်ထုတ်မှုနှင့် စိတ်အာရုံ သုံးစွဲမှု များစွာ မလိုအပ်တော့ပေ။
စိတ်စွမ်းအင်သည်လည်း ထိုသဘောတရားအတိုင်းပင် ဖြစ်သည်။
"နောက်ပိုင်း လေ့ကျင့်ရမယ့် အစီအစဉ်တွေထဲမှာ နောက်ထပ် တစ်မျိုး တိုးလာပြီပေါ့"
လင်းယွမ်က ပြုံးလိုက်ရင်း စားပွဲပေါ်ရှိ သွားကြားထိုးတံကို စူးစိုက်ကြည့်လိုက်သည်။
သွားကြားထိုးတံလေးမှာ နောက်တစ်ကြိမ် ပြန်လည် မြောက်တက်လာပြီး သူ၏ လက်ဖဝါးပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာ၏။
သန္ဓေပြောင်းအစွမ်းများက ဤမျှအထိ ဆန်းကြယ်ကြောင်း လင်းယွမ် ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
သေချာသည်မှာ သူ၏ အစွမ်းက သန္ဓေပြောင်းလဲခြင်းမှ နိုးထလာသည် မဟုတ်ပေ။
စနစ်မှ တစ်ဆင့် အမှတ်ပေါင်းထည့်ခြင်းဖြင့် ရရှိလာခြင်း ဖြစ်သည်။
လင်းယွမ်က အကြည့်ကို လွှဲလိုက်ပြီး သူ၏ လက်ရှိ အရည်အသွေး ဇယားကွက်ကို ဖွင့်ကြည့်လိုက်၏။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁.၈
ခွန်အား - ၂.၉
အလျင် - ၁.၈
စိတ်စွမ်းအင် - ၄.၇
သန္ဓေပြောင်းလဲနှုန်း - ၇%
အမှတ် - ၃၇ မှတ်
(မင်မင် စိတ်စွမ်းအင်လို့ပြန်ထားပါတယ်။ စိတ်စွမ်းအားလို့ မသုံးတော့ဘူး)
"သန္ဓေပြောင်းလဲနှုန်းက တကယ်ပဲ ၇% ထိ တက်သွားတာပဲ... စိတ်စွမ်းအင် အရည်အသွေးက ငါ့ရဲ့ အဓိက အရည်အသွေးကြီး လေးခုထဲမှာ အမြင့်ဆုံး ဖြစ်သွားပြီ"
ယခုအချိန်တွင် သူ၏ စိတ်စွမ်းအင် အရည်အသွေးသည် သာမန်လူများထက် ငါးဆနီးပါး မြင့်မားနေပြီဖြစ်သည်။
စိတ်စွမ်းအင် အခြေပြု သန္ဓေပြောင်းလဲသူများ နိုးထလာလျှင်ပင် ဤမျှလောက်သာ ရှိကြမည်ဟု လင်းယွမ် ခန့်မှန်းမိသည်။
သူက ရှုလိဟွာကို သတိရသွား၏။
ရှုလိဟွာ၏ ပူးကပ်နိုင်စွမ်းမှာ စိတ်စွမ်းအင် အရည်အသွေးနှင့် များစွာ သက်ဆိုင်နေပေလိမ့်မည်။
မဟုတ်သေး... ရှုလိဟွာ တစ်ယောက်တည်း မဟုတ်ပေ။
သန္ဓေပြောင်းစွမ်းရည် နိုးထလာမှု အားလုံးသည် စိတ်စွမ်းအင်နှင့် ကြီးမားသော ဆက်စပ်မှု ရှိနေပုံရသည်။
တင်းယန်၊ ဝမ်ယန်မေ၊ လျှိုအားလုံ တို့အားလုံး စွမ်းရည်နိုးထလာချိန်တွင် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကို ခံစားခဲ့ကြရသည်။
အချို့မှာ ထိုစိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု၏ လွှမ်းမိုးထိန်းချုပ်ခြင်းကို ခံရပြီး စိတ်ခံစားချက်နောက်သို့ လိုက်ပါသွားသော ဘီလူးသဘက်များ ဖြစ်သွားကြသည်။
ရှုလိဟွာ တစ်ဦးတည်းသာလျှင် မည်သည့် အန္တရာယ်မှ မရှိဘဲ သန္ဓေပြောင်းစွမ်းရည် နိုးထလာခဲ့ခြင်း ဖြစ်သည်။
"သူစားခဲ့တဲ့ သန္ဓေပြောင်း အသီးကြောင့်များလား"
"ဒါမှမဟုတ် သူက ပါရမီထူးပြီး အစကတည်းက စိတ်စွမ်းအင် လုံလုံလောက်လောက် ရှိနေခဲ့လို့များလား"
လင်းယွမ် မသိနိုင်ပေ။ လောလောဆယ်တွင်လည်း သက်သေပြရန် နည်းလမ်း မရှိသေး။
သူ့တွင် သန္ဓေပြောင်းအသီး တစ်လုံး ရှိနေလျှင်တော့ တစ်မျိုးပေါ့။
သန္ဓေပြောင်းအသီးအကြောင်း တွေးမိရာမှ သူ၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် သန္ဓေပြောင်း နေကြာစေ့ တစ်ထုပ် ရှိနေသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။
အတွေးတစ်ခု ဝင်လာသည်နှင့် လင်းယွမ်က လက်ဖဝါးကို ဖြန့်ကာ သန္ဓေပြောင်း နေကြာစေ့များကို ထုတ်ယူလိုက်၏။
အစေ့ပေါင်း (၂၀) တိတိ ရှိသည်။ လင်းယွမ်က ဝရံတာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် သူ မကြာသေးမီက စုဆောင်းထားသော မြေကြီးများနှင့် ပန်းအိုးများ ဝရံတာအပြည့် ရှိနေသည်။
ဤသည်က တစ်စိတ်တစ်ဒေသသာ ရှိသေးသည်။ အများစုကို ပစ္စည်းသိုလှောင်ခန်း ထဲသို့ ထည့်သိမ်းထားရ၏။ သို့မဟုတ်ပါက သူ့ဝရံတာတွင် နေရာဆံ့မည် မဟုတ်ပေ။
"စိုက်ကြည့်ရတာပေါ့... နေရောင်ခြည်မရှိတဲ့ ဒီလိုရာသီဥတုမျိုးမှာ သန္ဓေပြောင်း နေကြာပင်တွေ အသီးသီးနိုင်မလား မသိဘူး"
လင်းယွမ်က ချက်ချင်းပင် မျိုးစေ့ချရန် ပြင်ဆင်လိုက်သည်။
မျိုးစေ့ နှစ်စေ့ခန့် စိုက်ပျိုးပြီးချိန်မှာပင် တံခါးခေါက်သံ ကြားလိုက်ရ၏။
ရန်မေက အလျင်အမြန် ထရပ်လိုက်ပြီး လင်းယွမ်အား ပြောလာသည်။ "အမဝူနဲ့ အဒေါ်ကြီးလီ ရောက်လာကြတာ... ဒီက ငါးတွေကို ကူပြီး ကိုင်ပေးဖို့ ကျွန်မ သူတို့ကို ခေါ်လိုက်တာလေ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဪ...အမတို့ပဲ တိုင်ပင်လုပ်ကိုင်ကြလိုက်တော့... ငါးကို ကျွန်တော် သတ်ပေးမယ်... ကျန်တာ အမတို့ တာဝန်ယူလိုက်" ဟု ပြောလိုက်၏။
ယုံကြည်မှု ရရှိလိုက်သော ရန်မေမှာ အလွန်ပျော်ရွှင်သွားပြီး တံခါးဖွင့်ကာ အမဝူနှင့် အဒေါ်ကြီးလီကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။
အမဝူနှင့် အဒေါ်ကြီးလီ အခန်းထဲသို့ ဝင်လာသည်နှင့် ရန်မေက ခါးစည်း ဝတ်ဆင်ထားသည်ကို မြင်လိုက်ရ၏။
အဒေါ်ကြီးလီက ပြုံး၍ ပြောလိုက်သည်။ "အယ်... ရန်မေရယ် ညည်းအခန်းထဲမှာလည်း အနံ့အသက်တွေက ပြင်းလိုက်တာ"
အမဝူကလည်း ဝင်ပြောသည်။ "ဒီတိုက်မှာ အခန်းတွေ အများကြီးပဲဟာကို ညည်းက ဘာလို့ အခန်းထဲမှာ ငါးသတ်နေရတာလဲ... စင်္ကြံလမ်းမှာ သွားလုပ်လုပ်... ဒါမှမဟုတ် ခေါင်မိုးထပ် သွားလုပ်လုပ် ရတာပဲကို"
ယခုအခါ ဤတိုက်တွဲတွင် လူအနည်းငယ်သာ ရှိတော့သလို အစ်ကိုချိုင်နှင့် ဦးလေးမာတို့ ကင်းလှည့်နေသဖြင့် လုံခြုံရေးအတွက် စိတ်ချရသော အနေအထား ဖြစ်သည်။
အမဝူနှင့် အဒေါ်ကြီးလီတို့လည်း သတ္တိရှိလာကြပြီဖြစ်သည်။ ယခုနောက်ပိုင်း မီးဖိုချောင်ကိစ္စများကို အိမ်ထဲတွင် မလုပ်ကြတော့ဘဲ အိမ်မီးခိုးမမွှန်စေရန် အောက်ထပ် စင်္ကြံလမ်းများတွင်သာ ချက်ပြုတ်ကြတော့သည်။
ရန်မေက ရယ်မော၍ ပြောလိုက်သည်။ "မေ့နေလို့ပါ အမရယ်... အခြေအနေ ငြိမ်သက်သွားတာက နှစ်ရက်ပဲ ရှိသေးတော့ ကျွန်မလည်း အသားမကျသေးလို့ပါ"
အမဝူက ဟားတိုက် ရယ်မောလိုက်ပြီး "လင်းယွမ်ကို ကျေးဇူးတင်ရမှာ... သူသာ လျှိုအားလုံကို အပြတ်မရှင်းခဲ့ရင် တို့တွေ အခုထိ အပြင်ထွက်ရဲကြမှာ မဟုတ်ဘူး" ဟု ပြောလိုက်၏။
အဒေါ်ကြီးလီက ဝရံတာရှိ လင်းယွမ်ကို လှမ်းကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "မောင်လင်းယွမ် ဘာလုပ်နေတာတုန်း"
လင်းယွမ်က ပြုံးပြနှုတ်ဆက်လိုက်ပြီး ပြန်ဖြေလိုက်၏။ "မျိုးစေ့ နည်းနည်း ရှာတွေ့ထားလို့လေ... အသားကြီးပဲ စားနေလို့လည်း မဖြစ်သေးတော့ ဟင်းသီးဟင်းရွက် စိုက်လို့ရမလား စမ်းကြည့်နေတာပါ"
အမဝူက ထိုစကားကို ကြားသည်နှင့် ပြုံး၍ ပြောလိုက်သည်။ "ဟမ်... လင်းယွမ်... နင်က အဒေါ်ကြီးလီ ရှေ့မှာမှ ဆရာလုပ်ချင်နေတာလား... စိုက်ပျိုးရေး လုပ်မယ်ဆိုရင် အဒေါ်ကြီးလီကို မမေးဘဲ ကိုယ့်ဘာသာ လျှောက်စမ်းနေရသလား"
"ဟင်... အဒေါ်ကြီးလီကလား"
လင်းယွမ်က အံ့အားသင့်စွာဖြင့် အမဝူကို လှမ်းကြည့်လိုက်သည်။
ဝူချင်းက ပြုံး၍ ပြောသည်။ "ဆရာယွမ် မသိဘူးလား... အပင်စိုက်တာနဲ့ပါတ်သတ်လာရင် လက်စောင်းထက်တဲ့ နေရာမှာ အဒေါ်ကြီးလီက တို့ရပ်ကွက်ရဲ့ နံပါတ်တစ်ပဲ... ရပ်ကွက်ထဲမှာ မြေကွက်လပ်တစ်ခု ရှိခဲ့ဖူးတယ်... အဲဒါ အဒေါ်ကြီးလီ ပြုပြင်စိုက်ပျိုးထားတာလေ... ဘူးသီးဖရုံသီးကစလို့ ဟင်းသီးဟင်းရွက် အကုန်စိုက်တာ... ပြီးတော့ အသီးအနှံတိုင်းက ဈေးထဲမှာ ရောင်းတာတွေထက်တောင် ပိုထွားသေးတယ်"
အဒေါ်ကြီးလီက လင်းယွမ်အနားသို့ လျှောက်လာပြီး လင်းယွမ်က မျိုးစေ့များကို မြေကြီးထဲ တိုက်ရိုက် ထည့်နေသည်ကို မြင်သောအခါ ခေါင်းကို တခါခါ ယမ်းလေတော့သည်။
"မောင်လင်းယွမ်... ကြည့်ရတာ နင်က ဘာမှ နားမလည်ပါလား... ဒီမျိုးစေ့တွေကို ဒီအတိုင်း ထိုးစိုက်လိုက်လို့ ဘယ်တော့မှ အပင်ပေါက်မှာတုန်း"
"ပြီးတော့ နင့် မြေကြီးက ကြည့်ရတာ မြေဆီခန်းနေပြီ... မြေဩဇာ အရင်မထည့်ဘဲ မြေမဆွဘဲ စိုက်ရင် ဒီမြေကြီးက ခဲနေမှာပေါ့... ဘယ်လိုလုပ် အပင်ပေါက်လာတော့မှာလဲ"
"ဒါတင် မကသေးဘူး... မျိုးစေ့တွေ မြန်မြန် အပင်ပေါက်စေချင်ရင် အရင်ဆုံး ရေစိမ်ရတယ်... မျိုးစေ့တွေ ရေဝသွားပြီး အစို့လေးတွေ ထွက်လာမှ မြေကြီးထဲ ပြောင်းစိုက်ရတာ... ဒါမှ သန်သန်မာမာ ကြီးထွားလာမှာပေါ့ကွဲ့"
ဤရိုးရှင်းသော စကားအနည်းငယ်ဖြင့်ပင် လင်းယွမ် တစ်ယောက် အဒေါ်ကြီးလီအား လေးစားကြည်ညိုသွားမိသည်။
သူက စိုက်ပျိုးရေးနှင့် ပတ်သက်လျှင် ဘာမှ မသိပေ။
သူမှ မဟုတ်၊ မြို့ပြတွင် အလုပ်လုပ်နေကြသော လူငယ်အများစုသည် ဤကိစ္စမျိုးကို နားမလည်ကြပေ။
ဇာတိမြေမှ မြို့ပေါ်သို့ ပြောင်းရွှေ့လာကြသော လူကြီးပိုင်းများကသာ တစ်ခုခု စိုက်ပျိုးချင်စိတ် ရှိနေတတ်ကြသည်။ အဒေါ်ကြီးလီက ထိုကဲ့သို့သော လူကြီးမျိုး ဖြစ်ပုံရသည်။
အဒေါ်ကြီးလီ၏ ကျွမ်းကျင်နှံ့စပ်မှုကို မြင်လိုက်ရသဖြင့် လင်းယွမ်က ပြုံးရွှင်စွာ မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်သည်။ "အဒေါ်ကြီးလီ... ဒါဆို ဒီလိုလုပ်ဗျာ... ခင်ဗျား ကျွန်တော့်ကို ဒီမျိုးစေ့တွေ ကူစိုက်ပေးပါ... တကယ်လို့ အပင်ပေါက်လာရင် ကျွန်တော် လုပ်အားခ ပေးပါ့မယ်"
အဒေါ်ကြီးလီက ချက်ချင်းပင် ရယ်မောလိုက်ပြီး "ကဲကဲ... နင် ပြောတာနော်... ဟားဟား... ဒါက အဒေါ်ကြီး ကျွမ်းကျင်တဲ့ အလုပ်ပဲ" ဟု ပြောလိုက်၏။
သူမက တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်ရာ အမှိုက်ပုံးထဲရှိ ငါးအူ၊ ငါးသွေးများကို မြင်လိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။ "ဒီငါးအူတွေ ကလီစာတွေကို ဘယ်လိုလုပ်မလို့လဲ"
ရန်မေက အံ့သြစွာဖြင့် "လွှင့်ပစ်မှာပေါ့ အဒေါ်ကြီးရဲ့... အပူချိန်က ဒီလောက်မြင့်နေတာ အိမ်ထဲမှာထားရင် ပုပ်စော်နံကုန်မှာပေါ့" ဟု ဖြေလိုက်သည်။
အဒေါ်ကြီးလီက နှမြောတသစွာဖြင့် ပေါင်ကို ရိုက်လိုက်ပြီး "အမယ်လေး... ငါ့တူမ အတုံးလေးရယ်... ဒါတွေက အဖိုးတန် ပစ္စည်းတွေအေ့"
"ဘာလို့ လွှင့်ပစ်ရမှာလဲ... ဒါတွေကို ဟောဒီမြေကြီးတွေနဲ့ ရောနယ်ပြီး ပုံးအကြီးကြီး တစ်ပုံးထဲထည့် အချဉ်ဖောက်လိုက်ရင် သဘာဝ သြဂဲနစ် မြေဩဇာစစ်စစ် တစ်ပုံး ရလာမှာဟဲ့"
"ရှင်..."
ရန်မေတစ်ယောက် ကြောင်အမ်းသွားသည်။ အိမ်မှုကိစ္စ ကျွမ်းကျင်သော်လည်း စိုက်ပျိုးရေးကိုတော့ သူမ နားမလည်ပေ။
လင်းယွမ်က စိတ်ထဲမှ ချီးကျူးလိုက်မိပြန်သည်။ အဒေါ်ကြီးလီက စိုက်ပျိုးရေးနှင့် ပတ်သက်လျှင် တကယ်ပင် ဆရာတစ်ဆူ ဖြစ်၏။
စနစ်၏ ဖော်ပြချက်အရ ဤမျိုးစေ့များ ရှင်သန်နှုန်းမှာ ၂၀% သာ ရှိသည်။
ကိုယ့်ဘာသာ စိုက်မည်ဆိုလျှင် သန္ဓေပြောင်း နေကြာပင် တစ်ပင် ပေါက်လာဖို့ပင် ခဲယဉ်းပေလိမ့်မည်။
အဒေါ်ကြီးလီ လက်ထဲ အပ်လိုက်လျှင်မူ အပင်တစ်ပင် နှစ်ပင်လောက်တော့ ရှင်သန်နိုင်မည့် မျှော်လင့်ချက် ရှိပေသည်။
လင်းယွမ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး "အဒေါ်ကြီးလီ... ဒီမျိုးစေ့တွေကို ခင်ဗျားလက်ထဲ အပ်လိုက်ပြီဗျာ... ကျွန်တော် အောက်ထပ်မှာ အခန်းတစ်ခန်း ရွေးပြီး ဖန်လုံအိမ်လို ပျိုးခန်းတစ်ခု လုပ်ပေးမယ်... မြေဩဇာလုပ်တာ၊ ပျိုးထောင်တာ၊ စိုက်ပျိုးတာ အကုန်လုံး ခင်ဗျားပဲ တာဝန်ယူပေးပါ"
"ကျွန်တော်တို့ ဟင်းသီးဟင်းရွက်တွေ များများ စိုက်နိုင်ဖို့ ကြိုးစားရမယ်... ဒါမှ လူတိုင်း အသားကြီးပဲ စားနေရတဲ့ ဒုက္ခက ကင်းဝေးမှာ"
"ဟောတော့ မောင်လင်းယွမ်... နင် တကယ် ပြောနေတာလား"
အဒေါ်ကြီးလီ၏ မျက်နှာပေါ်မှ အရေးအကြောင်းများအားလုံး ပွင့်လန်းသွားပြီး အံ့သြဝမ်းသာစွာ မေးလိုက်သည်။
လင်းယွမ်က ပြုံး၍ "ကျွန်တော်က ခင်ဗျားကို နောက်စရာလားဗျာ... ကျွန်တော်တို့တွေ အသားချည်းပဲ စားလို့ မဖြစ်ဘူး... ဟင်းသီးဟင်းရွက်လည်း စားမှ ဖြစ်မယ်... မဟုတ်ရင် ဗီတာမင်ချို့တဲ့ပြီး ရောဂါတွေ ရလာနိုင်တယ်"
"ဒါကြောင့် ဒီကိစ္စကို အလေးထားပြီး လုပ်မှဖြစ်မယ်"
အဒေါ်ကြီးလီက ထိုတာဝန်မှာ အရေးကြီးကြောင်း ကြားလိုက်ရသဖြင့် ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။ "မောင်လင်းယွမ် စကားက မှန်တယ်... ကဲ... ဒီကိစ္စ အဒေါ်ကြီးကိုသာ လွှဲလိုက်... နောက်မှ လက်ထောက်လုပ်ဖို့ လူနည်းနည်း ထပ်ရှာလိုက်မယ်... ဘယ်လိုလဲ"
"ကောင်းတာပေါ့ဗျာ... ခင်ဗျားတို့ကို ကျွန်တော် အလကား မခိုင်းပါဘူး... တစ်နေ့ ထမင်း ၃နပ် ကျွေးပါ့မယ်" ဟု လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
အဒေါ်ကြီးလီ မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။ "ထမင်း ၃နပ်တောင်... ဟို အပြင်ကလူတွေ ကြားရင်တော့ ခေါင်းကွဲအောင် လုပြီး လာလုပ်ကြလိမ့်မယ်... မောင်လင်းယွမ် အဒေါ်ကြီးတို့ကတော့ ၂နပ်ဆို လုံလောက်ပါပြီ"
လင်းယွမ်က ပြုံးလိုက်သည်။ "၃နပ် ကျွေးမှာပါ... ကျွန်တော့်အတွက် အလုပ်လုပ်ပေးရင် ဘယ်သူ့ကိုမှ ကျွန်တော် မနှိမ်ပါဘူး... ဒါပေမဲ့ ကျွန်တော် ကြိုပြောထားချင်တာ ရှိတယ်"
"ခံစားခွင့် ပေးထားပြီးရင် အလုပ်ကို သေသေချာချာ လုပ်ပေးရမယ်... ခိုးတာဝှက်တာ အချောင်ခိုတာမျိုး လုံးဝ မရှိစေရဘူး... စိုက်ပျိုးလို့ ရလာတဲ့ အသီးအနှံတွေကို ခိုးယူတာမျိုး ပိုလို့တောင် လက်မခံဘူး"
အဒေါ်ကြီးလီက လေးနက်သော အမူအရာဖြင့် "အဲဒါတော့ စိတ်ချ... ဘယ်သူကများ အဲဒီလို လုပ်ရဲလို့လဲ... လုပ်ရဲတဲ့သူရှိရင် အဒေါ်ကြီး ကိုယ်တိုင် ဆုံးမပစ်မယ်" ဟု ပြောလိုက်၏။
လင်းယွမ်က ရယ်မောကာ ခေါင်းညိတ်လိုက်သည်။ "အဒေါ်ကြီးလီရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် စိတ်ချပါတယ်... ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းပဲဟာ"
အဒေါ်ကြီးလီက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။ "ဒါပေါ့... တို့က ပါတီဝင်အဆင့်ပဲလေ"
လူအများ ရယ်မောလိုက်ကြပြန်သည်။
လင်းယွမ်က ပြောပြီးသည်နှင့် လက်တွေ့ လုပ်ဆောင်တတ်သူ ပီပီ အောက်ထပ်တွင် နေရာသွားရွေးရန် ပြင်လိုက်သည်။
သို့သော် အဒေါ်ကြီးလီက သူ့ကို အလျင်အမြန် တားလိုက်၏။
"အဒေါ်ကြီး အထင်တော့ အခန်းထဲမှာ မစိုက်သင့်ဘူး... ခေါင်မိုးထပ်မှာ သွားစိုက်ကြတာပေါ့... အခန်းထဲမှာက နေရာကျဉ်းတယ်... အလင်းရောင်လည်း မရဘူး... ရေလောင်းရတာလည်း လက်ဝင်တယ်"
"ခေါင်မိုးထပ်က နေရာကျယ်တယ်... တဲလေးထိုးပြီး စိုက်ခင်း လုပ်လိုက်ရင် အဆင်ပြေတယ်"
လင်းယွမ်က ပြုံး၍ မေးလိုက်သည်။ "အဒေါ်ကြီးလီ... ခင်ဗျား ခေါင်မိုးထပ်ကို မရောက်တာ ဘယ်လောက်ကြာပြီလဲ"
"ဟေ... ဘာဖြစ်လို့တုန်း" အဒေါ်ကြီးလီက နားမလည်စွာ မေးလိုက်သည်။
လင်းယွမ်က ခေါင်းယမ်းလိုက်၏။ "ခေါင်မိုးထပ်မှာ ရေတွေကြီးနေတယ်... ပြီးတော့ မိုးသက်လေပြင်းတွေက အရမ်းကြမ်းတာ... တဲထိုးထားရင်လည်း ခံနိုင်မှာ မဟုတ်ဘူး... ခေါင်မိုးထပ်မှာ စိုက်ဖို့ မဖြစ်နိုင်ဘူး"
ထိုအခါမှ အဒေါ်ကြီးလီ သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။ "အင်း... ဟုတ်သားပဲ... ဒါဆိုလည်း အခန်းထဲမှာပဲ စိုက်ကြတာပေါ့"
"ဒါပေမဲ့ အပင်ရှင်မယ်လို့တော့ အဒေါ်ကြီး အာမ မခံရဲဘူးနော်... ရာသီဥတုက ဒီလိုဖြစ်နေတော့... နေရောင်ခြည်ကလည်း တစ်စက်မှ မရှိဘူး... ဟင်း"
အပင်များမှာ နေရောင်ခြည်မရှိလျှင် ရှင်သန်ရန် အလွန် ခက်ခဲလှသည်။
လင်းယွမ်လည်း ထိုအချက်ကို သိသဖြင့် "ကံတရားအတိုင်းပေါ့ဗျာ" ဟုသာ ပြောလိုက်ရသည်။
ထိုကိစ္စကို အဒေါ်ကြီးလီအား လွှဲအပ်လိုက်သည်။
ဘေးနားတွင် နားထောင်နေသော ဝူချင်းတစ်ယောက် လင်းယွမ်က တစ်နေ့ ထမင်း ၃နပ် ကျွေးမည်ဆိုသည်ကို ကြားလိုက်ရသဖြင့် စိတ်လှုပ်ရှားကာ မျက်လုံးများ အရောင်တောက်လာသည်။
သူမက တစ်ခုခု ပြောချင်သော်လည်း မပြောရဲ ဖြစ်နေ၏။ အဒေါ်ကြီးလီနှင့်အတူ စိုက်ပျိုးရေး ဝင်လုပ်ချင်နေပုံ ရသည်။
လင်းယွမ်က သူမ၏ အတွေးကို ရိပ်မိသဖြင့် ပြုံး၍ ပြောလိုက်သည်။ "အမဝူ... ခင်ဗျားကိုလည်း ကျွန်တော် အကူအညီ တောင်းစရာ ရှိတယ်"
"ကျွန်တော့်ဆီမှာ ငါးတွေက များများလာတော့ အမမေ တစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူး"
"ခင်ဗျား ယုံကြည်စိတ်ချရတဲ့ လူနည်းနည်းလောက် ရှာပေးပါ... ငါးကို ကျွန်တော် သတ်ပေးမယ်... ခင်ဗျားတို့က သန့်စင်ဆေးကြောပေး... အမမေက နယ်တာ ပေါင်းတာ ကြပ်တင်တာ လေစုပ်ပိတ်တာတွေ လုပ်လိမ့်မယ်"
"ခံစားခွင့်က အဒေါ်ကြီးလီတို့ဘက်နဲ့ အတူတူပဲ... လာလုပ်တဲ့သူတွေကို တစ်နေ့ ထမင်း ၃နပ် ကျွေးမယ်... အဆင်ပြေမလား"
ဝူချင်းက ထိုစကားကို ကြားသည်နှင့် ဝမ်းသာအားရ ပြောလိုက်သည်။ "အမယ်လေး... ပြေတာထက်တောင် ပိုသေးတယ်... မောင်လင်းယွမ်ရေ... အမက အရင်တုန်းက စူပါမားကတ် ရေထွက်ပစ္စည်းတန်းမှာ ငါးရောင်းဖူးတယ်... ငါးကိုင်တာတော့ ကျွမ်းပြီးသား"
လင်းယွမ်က "ငါးကိုတော့ ကျွန်တော် ကိုယ်တိုင် သတ်ပေးမယ်... ခင်ဗျားတို့ ထိခိုက်မိမှာစိုးလို့... ခင်ဗျားတို့က ဆေးကြောသန့်စင်တဲ့ အလုပ်ကိုပဲ တာဝန်ယူပေးပါ" ဟု ပြောလိုက်သည်။
ဝူချင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပျော်ရွှင်နေတော့သည်။
ကမ္ဘာပျက်ကပ် ကာလတွင် အမျိုးသမီး အများစုသည် ခွန်အားဗလအရရော သတ္တိအရပါ အမျိုးသားများကို မယှဉ်နိုင်ကြသဖြင့် အစားအစာ ဖြုန်းတီးသော ဝန်ထုပ်ဝန်ပိုးများအဖြစ် သတ်မှတ်ခံနေကြရသည်။
ယခု လင်းယွမ်က အားလုံးကို အလုပ်ပေးရုံသာမက စားစရာပါ ပေးမည်ဟု ဆိုသဖြင့် အမျိုးသမီးများ၏ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။
အမဝူတစ်ယောက် ကျေးဇူးတင်မဆုံး ဖြစ်နေတော့သည်။
လင်းယွမ်ဆီတွင် ရိက္ခာ ထိုမျှလောက် များများစားစား ရှိမရှိ သူမ မတွေးမိသလို တွေးလည်း မတွေးချင်ပေ။
သူမ၏ အမြင်တွင် လင်းယွမ်သည် အရည်အချင်းရှိသူ တစ်ဦးဖြစ်သည်။
သူက ဒီလောက် ပြောရဲမှတော့ သေချာပေါက် အာမခံချက် ရှိပြီးသား ဖြစ်ပေလိမ့်မည်။
ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ဖို့သာ လိုသည်။
တင်းယန်လိုတော့ သူမ အဖြစ်မခံနိုင်။
ဝမ်ယန်မေ၏ အိမ်တွင် ဖြစ်ပျက်ခဲ့သည်များကို အစ်ကိုချိုင်က ပြန်ပြောပြထားပြီး ဖြစ်သည်။
ထိုစဉ်က အလောင်းသွားသယ်နေသဖြင့် လူကိုယ်တိုင် မရှိခဲ့သော်လည်း လင်းယွမ်ပြောခဲ့သော "ကျွန်တော် ဘာလို့ ရန်မေကို သဘောကျလဲ ခင်ဗျားတို့ သိလား... သူက ကျွန်တော့်ကို အဲဒါတွေ မမေးလို့ပဲ" ဆိုသည့် စကားကိုတော့ ကြားခဲ့ရသည်။
အစ်ကိုချိုင်က အိမ်ပြန်ရောက်သောအခါ ဝူချင်းကို ထိုအကြောင်းများ ပြောပြပြီး အနေအထိုင် ဆင်ခြင်ရန် သတိပေးထားသည်။
ထို့ကြောင့် လင်းယွမ်သည် သူ့ကိစ္စများကို သူများ စပ်စုတာ မကြိုက်ကြောင်း ဝူချင်း သိနေသည်။
သူမက အလုပ်ကိုသာ လုပ်မည်။ ကျန်တာ စိတ်မဝင်စား။
ရန်မေကမူ လက်ထဲမှ အလုပ်ကို အမဝူထံ လွှဲပြောင်းပေးပြီးနောက် လင်းယွမ့်ဘေးသို့ ရောက်လာ၏။
သူမက တိုးတိုးလေး မေးလိုက်သည်။ "မောင်လေး... အမတို့ဆီမှာ မီးစက်မောင်းဖို့ ဓာတ်ဆီ လောက်ရဲ့လား... ဟိုအကင်စက်တွေက မီးအား တအား စားတာနော်"
လင်းယွမ်က ပြုံးလိုက်သည်။ "စိတ်ချပါ... ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်"
ရန်မေက ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပေ။
သူမက တကယ်ပင် ဉာဏ်ကောင်းသူ ဖြစ်သည်။ ဘာကို မေးသင့်သည်၊ ဘာကို မမေးသင့်သည် သူမ ကောင်းကောင်း နားလည်သည်။
ဤနေရာမှ ကိစ္စအဝဝကို သူတို့အား လွှဲအပ်ခဲ့ပြီးနောက် လင်းယွမ်က ခေါင်မိုးထပ်သို့ တက်လာခဲ့သည်။
အပေါ်ရောက်သည်နှင့် မာကောချိုင်နှင့် ချိုင်ကြည်တို့နှစ်ဦး အလုပ်များနေသည်ကို တွေ့လိုက်ရ၏။
သူတို့နှစ်ဦးက သစ်သားများနှင့် သံပိုက်လုံးများကို သယ်ယူနေကြခြင်း ဖြစ်သည်။
ယခုအခါ ခေါင်မိုးထပ်တွင် ပစ္စည်းပစ္စယများစွာ ပုံနေပြီဖြစ်သည်။
ဒါတွေအားလုံးက လင်းယွမ် တစ်ယောက် တိုက်နံပါတ် (၁) တစ်ခုလုံးကို မွှေနှောက်ရှာဖွေပြီး သစ်ဖောင်လုပ်ရန် စုဆောင်းထားခြင်း ဖြစ်သည်။
လင်းယွမ်ကို မြင်သောအခါ မာကောချိုင်နှင့် ချိုင်ကြည်တို့ အလုပ်ရပ်လိုက်ကြသည်။
ချိုင်ကြည်က ပြုံး၍ ပြောလိုက်၏။ "လင်းယွမ် ရောက်လာပြီလား... ကြည့်ပါဦး... ဒီလောက်များတဲ့ သစ်သားတွေ သံပိုက်တွေ ရေပိုက်တွေ ရှိနေမှတော့ ဖောင်ရိုးရိုးလေး တစ်စင်းလောက် ဖွဲ့ဖို့က ပြဿနာ မရှိပါဘူး"
လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ "ရိုးရိုးဖောင်ဆို မဖြစ်ဘူး... ရေထဲက အခြေအနေကို ခင်ဗျားတို့လည်း မြင်တယ်မလား... သန္ဓေပြောင်း ငါးတွေက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ... ကျွန်တော်က သံပိုက်လုံးတွေကို အောက်ခံဘောင် လုပ်မယ်... အတွင်းထဲမှာ သစ်သားတွေ ဖြည့်မယ်... အပြင်ဘက်မှာ ဖော့တွေ ထပ်ထည့်ပြီး အောက်ခံဘောင်ကို မြင့်အောင် လုပ်မယ်"
"ပြီးမှ အပေါ်ကနေ ကြမ်းခင်းပြီး နေစရာ အဆောက်အအုံ ဆောက်မယ်"
မာကောချိုင်က အနည်းငယ် အခက်တွေ့သွားပြီး ပြောလိုက်သည်။ "မောင်ရင့် လိုအပ်ချက်က မလွယ်ဘူးနော်... တို့ဆီမှာ လူအင်အား မလောက်မှာ စိုးရတယ်... ပြီးတော့ နည်းပညာနဲ့ ကုန်ကြမ်းပစ္စည်းတွေလည်း လုံလောက်ပါ့မလား"
"လူအင်အားက လွယ်ပါတယ်... တိုက် (၁) နဲ့ တိုက် (၂) ကို သိမ်းပြီးသွားပြီဆိုတော့ လူတွေ အများကြီး ရှိနေတာပဲ... လူသစ် စုဆောင်းလိုက်ရင် ရပါတယ်"
"နည်းပညာနဲ့ ကုန်ကြမ်းပိုင်းမှာ ဘာပြဿနာ ရှိလဲ ပြောပါ"
မာကောချိုင်က ပြောလိုက်သည်။ "သံပိုက်လုံးနဲ့ ဘောင်ဆင်မယ်... ကြားထဲမှာ သစ်သားပြားတွေ ဖြည့်မယ်ဆိုတော့ အကြံကတော့ ကောင်းပါတယ်... ဒါပေမဲ့ သိပ်သည်းဆ များသွားပြီး ရေပေါ် မပေါ်မှာ စိုးရတယ်"
"နောက်တစ်ခုက ဟန်ချက်ညီဖို့လည်း စဉ်းစားရမယ်လေ... ဝန် ဘယ်လောက် ခံနိုင်မလဲဆိုတာ တွက်ချက်ရဦးမယ်"
လင်းယွမ် စဉ်းစားလိုက်သည်။ "အဲဒါတွေက အရမ်း ပညာရှင် ဆန်လွန်းတယ်... ကျွန်တော်တို့က သိပ်ပြီး တိကျသေချာအောင် လုပ်နိုင်မှာ မဟုတ်ဘူး... ဒီလိုလုပ်... ကျွန်တော် တခြားတိုက်တွေမှာ ဒီအပိုင်း ကျွမ်းကျင်တဲ့လူ ရှိမရှိ မေးကြည့်လိုက်မယ်"
"ကုန်ကြမ်းပိုင်းကရော... ဘာပြဿနာ ရှိလဲ"
"ဒီသစ်သားပြားတွေက တိုလွန်းတယ်... သံနဲ့ တွဲရိုက်ဆက်မှ သုံးလို့ရမှာ... ဒါပေမဲ့ တို့ဆီမှာ သံ အဲဒီလောက် အများကြီး မရှိဘူး"
"သံပိုက်လုံးတွေကလည်း အရှည် မလောက်ဘူး... ဂဟေဆော်ဖို့ လိုလိမ့်မယ်"
"ဒါပေမဲ့ ဂဟေဆက်ရာတွေက ခိုင်ခံ့ပါ့မလား မသေချာဘူး"
လင်းယွမ် ခေါင်းကိုက်သွားသည်။
လူအားလုံးကို ခေါ်ဆောင်သွားနိုင်မည့် သစ်ဖောင်ကြီး တစ်စင်း တည်ဆောက်လိုလျှင် ဖောင်က သေချာပေါက် အကြီးကြီး ဖြစ်နေရမည်။
သို့သော် လက်ရှိ ပစ္စည်းများဖြင့် မည်သို့မှ မလုံလောက်နိုင်ပေ။
"အမှတ်တွေ သုံးပြီး ဆောက်လုပ်ရေး ပစ္စည်းတွေ မဲနှိုက်ရမလား"
လင်းယွမ် နှမြောနေမိသည်။ မဲပေါက်လာရင်တောင် ဒီပစ္စည်းတွေ ဘယ်က ရလာသလဲဆိုတာ ရှင်းပြဖို့ ခက်ဦးမည်။
"အရင်ဆုံး ဖောင်အသေးလေး တစ်စင်း လုပ်ကြည့်ကြတာပေါ့"
"အနည်းဆုံး လူ ၁၀ ယောက်လောက် တင်လို့ရရင် တော်ပြီ... ပြီးသွားရင် ကျွန်တော် လူနည်းနည်း ခေါ်ပြီး အပြင်ထွက် ပစ္စည်းရှာကြည့်မယ်"
"ကျွန်တော် မှတ်မိသလောက် အိမ်ရာ အပြင်ဘက် မလှမ်းမကမ်းမှာ ဟာ့ဒ်ဝဲ ဆိုင်တစ်ဆိုင် ရှိတယ်... အဲဒီကနေ သုံးလို့ရမယ့် ပစ္စည်းတွေ ရနိုင်မလား ကြည့်ရမယ်"
မာကောချိုင်နှင့် ချိုင်ကြည်တို့ ခေါင်းညိတ်လိုက်ကြသည်။ ဒီနည်းလမ်းသာ ရှိတော့သည်လေ။
သူတို့ ဆက်လက် တိုင်ပင်နေကြစဉ် လင်းယွမ်က တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် မျက်နှာချင်းဆိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။
မျက်နှာချင်းဆိုင် တိုက်အမှတ် (၇၅) ၏ ခေါင်မိုးထပ်တွင် လူရိပ်အချို့ ရပ်နေကြပြီး သူတို့ဘက်သို့ လက်များ မပြတ်တမ်း ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။
တိုက်နှစ်လုံးကြား အကွာအဝေးမှာ ပေ ၃၀၀ လောက်သာ ရှိသော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းများ တိုက်ခတ်နေသဖြင့် တစ်ဖက်လူများ ဘာအော်ပြောနေသည်ကို လုံးဝ မကြားရပေ။
လင်းယွမ်က မေးလိုက်သည်။ "သူတို့ ဘာလုပ်နေကြတာလဲ"
မာကောချိုင်က ခေါင်းယမ်းလိုက်၏။ "မသိဘူး... ဦးလေးနဲ့ ကိုချိုင်လည်း ဟိုဘက်က လူတွေကို မြင်နေတာ ကြာပြီ... ဒါပေမဲ့ ဘာအော်နေမှန်း မကြားရဘူး"
ချိုင်ကြည်က "ဘာအော်ရမှာလဲ... ကယ်ကြပါလို့ အော်နေတာ နေမှာပေါ့... အခု ဘယ်သူ့ဆီမှာမှ စားစရာ မရှိကြတော့ဘူး... တိုက်ပေါ်မှာ ပိတ်မိနေကြတာ... ကြည့်ရတာ ဒီလူတွေလည်း ရေတက်လာလို့ အပေါ်ကို တက်ပြေးလာကြရတဲ့သူတွေ ဖြစ်လောက်တယ်" ဟု ပြောလိုက်သည်။
လင်းယွမ်က ကျန်းကော်ချင်း ဆိုသော အဖိုးကြီးကို သတိရသွားသည်။
ထိုစဉ်က အဖိုးကြီးတစ်သိုက်ကို ကယ်ခဲ့သော်လည်း သူတို့ ဘယ်တိုက် ဘယ်အခန်းထဲ ဝင်ပုန်းနေကြမှန်း မသိပေ။ တိုက် (၂) ကို ရှင်းလင်းရေး လုပ်တုန်းကလည်း အရိပ်အယောင် မတွေ့ခဲ့ရ။
"သူတို့ကို ဂရုစိုက်မနေနဲ့... ကိုယ့်ဖာသာတောင် ကိုယ်မလောက်မင ဖြစ်နေတာ"
လင်းယွမ်က ပြောလိုက်ပြီး ဆက်လက်၍ "မနက်ဖြန်ကျရင် တင်းယန်နဲ့ ကျွန်တော် တိုက် (၃) ကို ရှင်းလင်းရေး သွားလုပ်မယ်... ပစ္စည်းတွေ အများကြီး ထပ်ရဖို့ ရှိတယ်"
"အဲဒီကျရင် ယုံကြည်ရတဲ့လူတချို့ ခေါ်ပြီး ခင်ဗျားတို့ကို ကူခိုင်းမယ်"
"သစ်ဖောင်ကိစ္စကို အပြင်လူတွေ မသိစေနဲ့ဦး" ဟု မှာကြားလိုက်သည်။
"စိတ်ချပါ... ဦးလေးတို့ နားလည်ပါတယ်" ဟု ဦးလေးမာက ပြောလိုက်၏။
ချိုင်ကြည်ကလည်း ခေါင်းညိတ်ကာ "သဘောပေါက်ပါပြီ" ဟု ပြောလိုက်လေသည်။
ဆက်ရန်...