အခန်း (၉၃-၉၄)
Vol. 5 Ch. 93-94
အပိုင်း (၉၃) ဝမ်ကျဲအဖွဲ့
"အစ်ကိုဝမ်ကျဲ... အခု ဘယ်လိုလုပ်ကြမလဲ... အပြင်ကလူတွေ ပြောနေကြတာ တိုက်တွဲ (၁) က ဟိုကောင်လေးမှာ သေနတ်ရှိတယ်တဲ့"
"တောက်... ဟိုကောင်က ဘယ်လိုလုပ်ပြီး သေနတ်ရှိရတာလဲ... ရေ မကြီးခင်တုန်းက ဒီကောင်က ရာဇဝတ်ကောင်များ ဖြစ်နေမလား"
"ဒါကြောင့်လည်း လျှိုအားလုံတို့အဖွဲ့ကိုတောင် ယှဉ်ရဲတာကိုး... တောက်... ငါ့မှာသာ သေနတ်ရှိရင် ငါလည်း လုပ်ရဲတာပေါ့ကွ"
"အစ်ကိုဝမ်ကျဲ... ဟိုကောင်က အမိန့်ထုတ်လိုက်ပြီ... တိုက်တွဲတွေ အားလုံးကို ရှင်းလင်းမယ်တဲ့... သူက ငါတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
"ဟုတ်တယ် အစ်ကိုဝမ်ကျဲ... တိုက်တွဲ (၁) နဲ့ (၂) မှာလည်း လူတော်တော်များများကို သူ သတ်ပစ်လိုက်ပြီ... အခုသာ ညီအစ်ကိုတွေက တိုက်တွဲ (၃) နဲ့ (၄) ကြားက လူသွားစင်္ကြံလမ်းကို စောင့်ကြပ်မထားရင် ငါတို့ဘက်ကလူတွေ ဟိုဘက်ကို ထွက်ပြေးကုန်ကြလောက်ပြီ"
"ဟုတ်တယ်... အဲဒီလူတွေက ပုံမှန်အချိန်တုန်းကသာ ကျုံ့ကျုံ့လေး နေခဲ့ကြပေမယ့် ငါတို့ကိုတော့ သေချာပေါက် အငြိုးအတေး ရှိနေကြမှာ... တကယ်လို့များ သူတို့အားလုံး ဟိုဘက်ကို ပြေးသွားကြရင် အဲဒီအချိန်ကျ ငါတို့အတွက် အန္တရာယ်ရှိလာနိုင်တယ်"
အခန်း ၃၂၁၂ အတွင်း၌ တောင့်တင်းသန်မာသော အမျိုးသား ဆယ်ယောက်ကျော်သည် စိုးရိမ်သောကရောက်နေသော မျက်နှာထားများဖြင့် ဧည့်ခန်းထဲရှိ ဝမ်ကျဲကို ကြည့်နေကြသည်။
ထိုသူအများစုမှာ တိုက်တွဲ (၅) နှင့် (၆) မှ လူများဖြစ်ကြပြီး လူနည်းစုသာလျှင် တိုက်တွဲ (၂) နှင့် (၃) မှ ထွက်ပြေးလွတ်မြောက်လာသူများ ဖြစ်ကြသည်။
သို့သော် ခြွင်းချက်မရှိဘဲ ထိုသူအားလုံးသည် မကောင်းမှုဒုစရိုက်များကို လုပ်ကိုင်ဖူးသူများသာ ဖြစ်ကြ၏။ လူသတ်ပြီး အစာလုခြင်း၊ အမျိုးသမီးများကို ကစားစရာလုပ်ခြင်း၊ အားနည်းသူများကို အနိုင်ကျင့်ခြင်း စသည်တို့ ပင်တည်း။
ထိုသူအားလုံးကို ရာဇဝတ်သားများဟု ဆိုနိုင်ပြီး လင်းယွမ်က အပြစ်ပေးမည်ဟု ကြွေးကြော်ထားသော လူအုပ်စုလည်း ဖြစ်ပေသည်။
ဝမ်ကျဲက ထိုအချိန်တွင် ဧည့်ခန်းထဲ၌ ထိုင်နေပြီး မျက်နှာတွင် တွေဝေသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ငါတို့က သူနဲ့ ဘာရန်ငြိုးမှလည်း မရှိဘူး... ကိုယ့်လမ်းကိုယ်သွား နေကြတာပဲ... သူက ငါတို့ကို လာရှာပါ့မလား"
ဘေးနားတွင်ရပ်နေသော အနက်ရောင် လက်ပြတ်အင်္ကျီနှင့် ကြွက်သားအဖုအထစ်များ ထွက်နေသည့် ထိပ်ပြောင်ခေါင်းတုံးနှင့် လူက မနေနိုင်ဘဲ ဝင်ပြောသည်။
"အစ်ကိုဝမ်ကျဲ... စကားကို ဒီလိုပြောလို့ မရဘူးလေ... သူက အစ်ကို့ရဲ့ ဂုဏ်သတင်းကို ကြောက်ပြီး ဒီဘက်မလာရဲဘူး ဆိုရင်တောင် ဒီတိုက်တွဲတွေက အခန်းပိုင်ရှင်တွေက အဲဒီလို တွေးကြမှာ မဟုတ်ဘူး"
"အထူးသဖြင့် ငါတို့ ညီအစ်ကိုတွေရဲ့ ပညာပေးတာကို ခံထားရတဲ့ ကောင်တွေဆိုရင် ရင်ထဲမှာ ငါတို့ကို သေချာပေါက် မုန်းတီးနေကြမှာ... သူတို့က နည်းလမ်းအမျိုးစုံသုံးပြီး ရှေ့က တိုက်တွဲတွေကို သွားကြလိမ့်မယ်... ပြီးရင် လင်းယွမ်ဆိုတဲ့ ကောင်ဆီမှာ သွားခိုလှုံကြမှာ"
ဘယ်ဘက်တွင်ရှိသော စာပေသမား ရုပ်ရည်နှင့် လူငယ်တစ်ဦးကလည်း ချက်ချင်း ထောက်ခံပြောဆိုသည်။
"ဟုတ်တယ် အစ်ကိုဝမ်ကျဲ... အစ်ကိုဟုန် ပြောတာ မှန်တယ်... ဟိုဘက်မှာ သေနတ်ရှိတယ်... လျှိုအားလုံကိုတောင် ပစ်သတ်နိုင်ခဲ့တာဆိုတော့ လျှိုအားလုံထက် ပိုကြမ်းတာ သေချာတယ်"
"အရင်တုန်းက လျှိုအားလုံက အစ်ကိုဝမ်ကျဲရဲ့ နာမည်ဂုဏ်သတင်းကို ကြောက်လို့ တိုက်တွဲ (၃) ဘက်ကို ကျော်မလာရဲခဲ့တာ"
"ဒါပေမဲ့ ဒီကောင်လေးကတော့ မပြောတတ်ဘူး... ပြီးတော့ ကျွန်တော် သတင်းတစ်ခု ကြားထားသေးတယ်"
ဝမ်ကျဲက တိတ်ဆိတ်နေသော်လည်း သူ့ဘေးနားရှိ အမျိုးသမီးတစ်ဦးက ဝင်မေးလိုက်သည်။
"ဘာသတင်းလဲ"
ထိုအမျိုးသမီးမှာ အလွန်လှပပြီး ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာကောက်ကြောင်းကို ပိုင်ဆိုင်ထားသည်။ အသားအရေမှာ ဖြူဖွေးဝင်းပနေပြီး ရင်သားထွားထွားနှင့် ဖြစ်၏။ သူမသည် အပေါ်ပိုင်းတွင် ရင်ဘတ်ဟိုက်သော အနီရောင် တီရှပ်အပွကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အဖြူရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထားရာ ခါးသေးသေးလေး တစ်နေရာကို လှစ်ဟပြထားသကဲ့သို့ ရှိသည်။
တစ်ကိုယ်လုံးမှ နုပျိုလန်းဆန်းသော အငွေ့အသက်များ ထွက်ပေါ်နေသလို ရင့်ကျက်မှုရှိသော ဆွဲဆောင်မှုမျိုးလည်း ရှိနေပြန်သည်။ သူမ စကားစပြောလိုက်သည်နှင့် ရှိသမျှ အမျိုးသားအားလုံး၏ အကြည့်များက သူမထံသို့ ရောက်ရှိသွားကြသည်။
ကျန်းယွမ်ယွမ်က စိတ်ထဲတွင် ကျေနပ်သွားပြီး ထိုလူများ၏ စိုက်ကြည့်နေသော အကြည့်များကို ရိုးအီနေပြီ ဖြစ်သည်။ ကမ္ဘာပျက်ကပ်ဘေး မတိုင်ခင်ကလည်း သူမသွားလေရာ နေရာတိုင်းတွင် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသလို ကမ္ဘာပျက်ပြီးနောက်တွင်လည်း ထိုအတိုင်းပင် ဖြစ်နေဆဲ။
စာပေသမားရုပ်နှင့် လူငယ်၏ မျက်လုံးထဲတွင် တပ်မက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်ပြီး ဝမ်ကျဲကို မသိမသာ တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
"အစ်မ... ကျွန်တော် ကြားတာကတော့ အဲဒီ လင်းယွမ်ဆိုတဲ့လူက စားစရာတွေနဲ့ ရေထွက်ပစ္စည်းတွေကို လဲနေတယ်တဲ့... ငါးတွေ ခရုတွေ ခုံးကောင်တွေ ဘာပဲဖြစ်ဖြစ် အကုန်လက်ခံတယ်တဲ့"
ကျန်းယွမ်ယွမ်က ကြားလိုက်ရသည်နှင့် မျက်ခုံးပင့်လိုက်မိသည်။
"သူက အဲဒါတွေ အများကြီး လက်ခံပြီး ဘာလုပ်မလို့လဲ... စားစရာတွေရှိရင် ကိုယ့်ဘာသာကိုယ် မစားဘူးလား"
ဝမ်ကျဲလည်း အနည်းငယ် ထူးဆန်းနေပြီး မေးလိုက်သည်။
"အဲဒီငါးတွေ ဖမ်းလာရင် သိမ်းဆည်းရတာ မလွယ်ဘူး... မကုန်ရင် နောက်တစ်ရက်ဆို ပုပ်သိုးကုန်မှာ... သူက ငါးတွေ အဲဒီလောက်အများကြီးကို ဘာလုပ်မလို့လဲ"
ဝမ်ကျဲသည် ငါးစားလေ့ရှိသူ ဖြစ်သောကြောင့် ငါး၏ သက်တမ်းကို ကောင်းကောင်း နားလည်သည်။ မီးကင်ပြီး အခြောက်ခံထားသော ငါးဖြစ်လျှင်ပင် လေလုံအိတ်နှင့် ထည့်ထားမှ သုံးလေးရက်လောက်သာ အထားခံမည် ဖြစ်သည်။
ဘေးနားမှ ချန်ဟုန်က ချက်ချင်း ဝင်ပြောသည်။
"သူက ငါးတွေအများကြီးကို ဘာလုပ်လုပ် ဂရုစိုက်စရာ မလိုပါဘူး... အဓိကက သူ့လက်ထဲမှာ စားစရာတွေ ရှိနေတာပဲ"
"အစ်ကိုဝမ်ကျဲ... သူ့လက်ထဲမှာ စားစရာတွေ မရှိရင် ဒီလောက် အကြီးအကျယ်လုပ်ပြီး ငါးတွေ လဲရဲပါ့မလား"
စာပေသမားရုပ်နှင့် လူငယ်ကလည်း ချက်ချင်း ထောက်ခံသည်။
"အစ်ကိုဟုန် ပြောတာ ဟုတ်တယ်... အဲဒီလူလက်ထဲမှာ စားစရာတွေ တော်တော်များများ ရှိနေလောက်တယ်... ကျွန်တော် ထင်တာတော့ လျှိုအားလုံဆီက စားစရာတွေကို သူသိမ်းပိုက်လိုက်တာ ဖြစ်မယ်"
"အစ်ကိုဝမ်ကျဲ... အဲဒီလူက အခြေအနေကို မကြည့်တတ်ဘူး... တကယ်လို့ ငါတို့နယ်မြေဘက်ကို ကျော်လာရဲရင် ငါတို့လည်း သူနဲ့ ချကြတာပေါ့... ဒါမှ ငါတို့အကြောင်း သိသွားမှာ"
"အဲဒီကျရင် သူ့လူတွေကို ဖမ်းပြီး စားစရာတွေနဲ့ လာရွေးခိုင်းမယ်"
သူ့စကားဆုံးသောအခါ ဝမ်ကျဲ ဘာမှမပြောရသေးခင် ကျန်းယွမ်ယွမ်၏ မျက်လုံးများ အရောင်တောက်လာသည်။
"စားစရာတွေ အများကြီး ဟုတ်လား... ကျိုးဝမ်... နင့်သတင်းက စိတ်ချရရဲ့လား"
ကျိုးဝမ်ဟုခေါ်သော စာပေသမားရုပ်နှင့် လူငယ်က ချက်ချင်း ပြန်ဖြေသည်။
"သေချာပေါက် စိတ်ချရပါတယ်... အပြင်ကလူတွေ ပြောနေကြတာ သတင်းတွေ ပျံ့နေပြီ... ကျွန်တော်တို့သာ လူသွားစင်္ကြံ တံခါးတွေကို ထိန်းချုပ်မထားရင် အောက်ကလူတွေ အကုန်လုံး ငါးသွားလဲဖို့ တိုက်တွဲ (၁) ကို ပြေးကုန်ကြလောက်ပြီ"
"ကျွန်တော် ကြားတာတော့ ဟိုဘက်မှာ ငါးနဲ့ ပေါက်စီ လဲစားတဲ့လူတွေတောင် ရှိသတဲ့... ပေါင်းအိုးထဲက အခုလေးတင် ထွက်လာတဲ့ ပူပူနွေးနွေး ပေါက်စီတွေနော်"
ကျန်းယွမ်ယွမ် မျက်လုံးပြူးသွားပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။
"ဘာ... သူတို့မှာ ပေါက်စီလုပ်ဖို့ ဂျုံမှုန့်တွေ ရှိနေသေးတာလား"
ပေါက်စီဆိုသည့် အသံကြားလိုက်သည်နှင့် သူမ တံတွေးမျိုချလိုက်မိသည်။ ပူပူနွေးနွေး ပေါက်စီ မစားရသည်မှာ ဘယ်လောက်ကြာပြီလဲဆိုတာ ဘုရားသာ သိလိမ့်မည်။
တိုက်တွဲ (၄)၊ (၅)၊ (၆) တို့တွင် ပစ္စည်းဥစ္စာ မနည်းပါးသော်လည်း အများစုမှာ ဆန်သာဖြစ်ပြီး မုန့်ပဲသရေစာပင် များများစားစား မရှိပေ။
သူမလို ဂိုဏ်းစတားကတော်က တကယ်တော့ အစားအသောက် ကြမ်းတမ်းစွာ စားသောက်နေရခြင်း ဖြစ်ပြီး ရေရှည် ငါးပဲစားနေရသဖြင့် အီနေပြီ ဖြစ်သည်။ ရုတ်တရက် ပေါက်စီအကြောင်း ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ မေးမိခြင်း ဖြစ်သည်။
ဝမ်ကျဲလည်း တံတွေးတစ်ချက် မျိုချလိုက်ပြီး မေးလိုက်သည်။
"ယွမ်ယွမ်... ငါတို့ဆီမှာလည်း ဂျုံမှုန့် ရှိတယ်မလား... ငါတို့လည်း ပေါက်စီလုပ်စားလို့ ရတာပဲ"
ကျန်းယွမ်ယွမ်က သက်ပြင်းချကာ ပြောသည်။
"ဂျုံမှုန့်ချည်းပဲ ရှိလို့ ဘာလုပ်ရမှာလဲ... ပေါက်စီလုပ်ရင် တစေးလိုတယ်... ကျွန်မတို့ဆီမှာ တစေးမှုန့်လိုမျိုး ပစ္စည်းတွေ မရှိဘူး"
"ပြီးတော့ အခု လောင်စာက ရှားပါးနေတာ... သစ်သားအများစုကို သစ်ဖောင်ဖွဲ့ဖို့ ချန်ထားရဦးမယ်"
ဝမ်ကျဲက ထိုစကားကိုကြားလျှင် ခေါင်းကို ကုတ်လိုက်ပြီး မေးသည်။
"ဒါနဲ့... သစ်ဖောင်က ဘယ်တော့လောက် ပြီးမှာလဲ"
သူတို့သည်လည်း သစ်ဖောင်လုပ်ရန် စောစီးစွာကပင် ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။ ကျန်းယွမ်ယွမ်က ခေါင်းမော့ပြီး ကျိုးဝမ်ကို ကြည့်ကာ မေးလိုက်သည်။
"ကျိုးဝမ်... သစ်ဖောင် အခြေအနေ ဘယ်လိုရှိလဲ"
ကျိုးဝမ်က အလျင်အမြန် ဖြေသည်။
"မြန်ပါတယ်... လက်စသတ်ဖို့ နည်းနည်းပဲ လိုတော့တယ်"
"အခု အရေးတကြီးက သစ်ဖောင်မဟုတ်ဘူး... ဒီ လင်းယွမ်ဆိုတဲ့ကောင်ပဲ... အစ်ကိုဝမ်ကျဲ... ကျွန်တော်တို့ ဒီကိစ္စကို အလေးထားမှ ဖြစ်မယ်"
ဝမ်ကျဲက တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သူသည် သတ္တိရှိသူ တစ်ယောက် မဟုတ်ပေ။ ဂိုဏ်းခေါင်းဆောင် ဖြစ်လာပြီး လူတိုင်းက သူ့ကို အစ်ကိုဝမ်ကျဲဟု ခေါ်နေကြခြင်းမှာ သူ၏ သန္ဓေပြောင်း အစွမ်းကြောင့်သာ ဖြစ်သည်။
"အစ်မ... အစ်မကော ဘယ်လိုမြင်လဲ"
ဝမ်ကျဲ တွေဝေနေသည်ကိုမြင်တော့ ကျိုးဝမ်က ဘေးနားရှိ ကျန်းယွမ်ယွမ်ကို လှမ်းကြည့်လိုက်သည်။ ဝမ်ကျဲသည် ကျန်းယွမ်ယွမ်၏ စကားကို အနားထောင်ဆုံးမှန်း သူသိသည်။
ချန်ဟုန်လည်း ကျန်းယွမ်ယွမ်ဘက် လှည့်ကာ ပြောလိုက်သည်။
"အစ်မ... ဒီကိစ္စ ဘယ်လိုစီစဉ်ရင် ကောင်းမလဲ... အစ်ကိုဝမ်ကျဲကို နားဝင်အောင် ပြောပေးပါဦး"
ကျန်းယွမ်ယွမ် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ဝမ်ကျဲဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဝမ်ကျဲ... သူတို့ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ယွမ်ယွမ် ထင်တယ်"
"အဲဒီ လင်းယွမ်က ဘယ်လောက်ကြမ်းလဲဆိုတာ မပြောနဲ့ဦး... သူက လျှိုအားလုံလိုမျိုး ရည်မှန်းချက်ကြီးတဲ့လူ ဖြစ်နေရင် ကျန်နေတဲ့ ကျွန်မတို့တိုက်တွဲတွေကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး"
"စဉ်းစားကြည့်လေ... ဒီတိုက်တွဲသုံးခုထဲက ပစ္စည်းတွေက ကျွန်မတို့ ခက်ခက်ခဲခဲ ရှာဖွေထားရတာ... သူရောက်လာလို့ ကျွန်မတို့ဆီက အကုန်လုသွားရင် ကျွန်မတို့ ငတ်ကုန်မှာပေါ့"
"နောက်တစ်ချက်က သူ ဒီဘက်ကို မလာရဲဘူး ဆိုရင်တောင် သူက ဒီလိုမျိုး လှုပ်လှုပ်ရှားရှား လုပ်နေရင် ကျွန်မတို့တိုက်တွဲက လူတွေက သူ့မြှောက်ပင့်မှုကြောင့် ပုန်ကန်ကုန်ကြလိမ့်မယ်"
ဝမ်ကျဲက ကျန်းယွမ်ယွမ်ကို ကြည့်ပြီး ခေါင်းကုတ်လိုက်သည်။
"မင်းလည်း သူက ပြဿနာလို့ ထင်တာလား"
"ဒါပေါ့"
ကျန်းယွမ်ယွမ်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ ထို့နောက် ဖြူဖွေးသော လက်မောင်းလေးကို ဆန့်ထုတ်ကာ ဝမ်ကျဲ၏ လည်ပင်းကို ဖက်တွယ်လိုက်ပြီး ချွဲနွဲ့ကာ ပြောလိုက်သည်။
"ဝမ်ကျဲ... ရှင်က သဘောကောင်းလွန်းနေတာ... အဲဒီလူက အရမ်းယုတ်မာတာ... သူ့လက်ထဲမှာ အစားအသောက်တွေ အများကြီး ရှိနေပြီးသားကို ကျွန်မတို့တိုက်တွဲတွေကို ကျူးကျော်ချင်နေသေးတယ်"
"ကျွန်မကြည့်ရတာ သူက မရိုးသားဘူး... အရင်ဆုံး လူကောင်းလုပ်ပြပြီး လူဆိုးတွေကို သတ်မယ်လို့ ကြွေးကြော်တယ်... တကယ်တမ်းကျတော့ အောက်က ငတုံးတွေကို မြှောက်ပင့်ပြီး သူ့အစား အသက်ပေးခိုင်းမလို့လေ"
"အဲဒီလူတွေ ထကြွလာရင် သူက အဲဒီလူတွေကို ခေါ်ပြီး ကျွန်မတို့ကို လာတိုက်လိမ့်မယ်... အဲဒီကျရင် ကျွန်မတို့ ခံရတော့မှာ"
ကျန်းယွမ်ယွမ်၏ သုံးသပ်ချက်များမှာ အကျိုးအကြောင်း ခိုင်လုံနေသည်။
ဝမ်ကျဲမှာ သူမ၏ ဖက်တွယ်ထားမှုကို ခံထားရပြီး မျက်စိရှေ့မှ ဖြူဖွေးနေသော ရင်သားများကြောင့် မျက်နှာတစ်ခုလုံး နီရဲကာ ဘာကိုမှ စဉ်းစားနိုင်စွမ်း မရှိတော့ပေ။
ခေါင်းကိုသာ တဆတ်ဆတ်ညိတ်ပြီး သူမ၏ ခန္ဓာကိုယ်ကို ကြည့်ကာ တံတွေးမျိုချရင်း ပြောလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်... ယွမ်ယွမ် ပြောတာ မှန်တယ်"
"ဒါဆို ငါတို့ သူ့ကို ရှင်းပစ်သင့်တယ် မဟုတ်လား" ကျန်းယွမ်ယွမ်က ကိုယ်ကို ပိုပြီး လှုပ်ရမ်းလိုက်သည်။
"အင်း... ရှင်း... ရှင်းပစ်ရမယ်"
"ခစ်ခစ်... ဝမ်ကျဲ အတော်ဆုံးပဲ"
ကျန်းယွမ်ယွမ်က ရယ်မောချွဲနွဲ့လိုက်ပြီးနောက် ခေါင်းပြန်လှည့်လိုက်ချိန်တွင် မျက်နှာပေါ်မှ ချစ်စရာကောင်းသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူမက ချန်ဟုန်နှင့် ကျိုးဝမ်တို့ကို အေးစက်စွာ ပြောလိုက်သည်။
"နင်တို့ ကြားတယ်မလား... လက်နက်တွေ သွားပြင်ဆင်တော့"
ချန်ဟုန်နှင့် ကျိုးဝမ်တို့နှစ်ဦး မျက်နှာတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာပြီး ချက်ချင်း ပြောလိုက်သည်။
"ကျွန်တော်တို့ လူသွားစုလိုက်ဦးမယ်"
လူတစ်စု ချက်ချင်း အခန်းထဲမှ ထွက်ခွာသွားကြသည်။
ဝမ်ကျဲက ခေါင်းကိုကုတ်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"ယွမ်ယွမ်... အန္တရာယ် မများဘူးလား... အဲဒီလူဆီမှာ သေနတ်ရှိတယ် ကြားတယ်"
ကျန်းယွမ်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း မျက်နှာပေါ်တွင် ပြုံးလိုက်ကာ ပြောသည်။
"ဝမ်ကျဲကလည်း... သေနတ်ရှိတော့ ဘာဖြစ်လဲ... ရှင့်ကို ထိမှ အသုံးဝင်မှာပေါ့"
"ရှင့်ရဲ့ သန္ဓေပြောင်း အစွမ်းနဲ့ သူ့ကို နည်းနည်းလောက် ထိန်းချုပ်လိုက်ရင် သူ့ဘေးကလူကို ပစ်သတ်မိပြီး အဲဒီနေရာမှာတင် စိတ်ဓာတ်ပျက်ပြားသွားအောင် လုပ်လို့ရတာပဲ"
ဝမ်ကျဲက စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။
"ဟူး... ငါက သစ်ဖောင် မြန်မြန်ပြီးစေချင်တာ... ငါတို့ ဒီတိုက်ကြီးကနေ အမြန်ဆုံး ထွက်ခွာကြရအောင်... ဒီနေရာက မလုံခြုံဘူးလို့ ငါခံစားနေရတယ်"
"ငါတို့ မြင့်တဲ့နေရာ တစ်ခုခုရှာပြီး နှစ်ယောက်တည်း ကမ္ဘာလေး တည်ဆောက်ရင် ပိုမကောင်းဘူးလား"
ကျန်းယွမ်ယွမ်က သက်ပြင်းချရင်း ပြောသည်။
"၃၂ ထပ်ဆိုတာ မြင့်နေပါပြီ... ဒီလင်ကျန်းတစ်မြို့လုံးမှာ ကျွန်မတို့ထက် ပိုမြင့်တဲ့နေရာဆိုလို့ ဟိုတောင်ကုန်း (၅) လုံးပဲ ရှိတော့တာ"
"အပြင်မှာ ရေကြီးတာကလည်း အကြီးအကျယ်ပဲ... သစ်ဖောင်နဲ့ ထွက်သွားတာကလည်း အရမ်း အန္တရာယ်များတယ်"
"ပြီးတော့ ဒီမိုးကြီးကလည်း တစ်ချိန်လုံး ရွာနေမှာမှ မဟုတ်တာ... နှစ်ဝက်တောင် ရှိနေပြီပဲ"
ဝမ်ကျဲက ပြတင်းပေါက်အပြင်ဘက်မှ သဲကြီးမဲကြီး ရွာသွန်းနေသော မိုးကိုကြည့်ပြီး ပြောလိုက်သည်။
"နှစ်ဝက်တောင် ရှိနေပြီဆိုတော့... နောက်ထပ် နှစ်ဝက်လောက် ထပ်ရွာရင်လည်း ငါတော့ မထူးဆန်းတော့ဘူး"
ကျန်းယွမ်ယွမ်လည်း စိတ်လေးလံသွားရသည်။
ရုတ်တရက် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ထူးခြားမှုကို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် မူနွဲ့နွဲ့ဖြင့် အော်လိုက်သည်။
"ရှင်ကလည်း... လုပ်လာပြန်ပြီ"
ဝမ်ကျဲ မျက်နှာတစ်ခုလုံး နီရဲသွားပြီး လက်ကာပြကာ ပြောသည်။
"ဆော... ဆောရီးပါ ယွမ်ယွမ်... ကိုယ် တမင်လုပ်တာ မဟုတ်ပါဘူး"
"ဟွန်း... ရှင် ဘာတွေ တွေးနေတာလဲ... ညစ်ပတ်တာတွေ တွေးနေတယ် မဟုတ်လား"
ဝမ်ကျဲ အလျင်အမြန် ရှင်းပြသည်။
"မ... မဟုတ်ပါဘူး... ကိုယ် မတွေးပါဘူး"
ပါးစပ်ကသာ ပြောနေသော်လည်း သူ့မျက်လုံးများက ကျန်းယွမ်ယွမ်၏ ထွားကြိုင်းသော ရင်သားများကို ခိုးကြည့်နေမိသည်။
ကျန်းယွမ်ယွမ် စိတ်ထဲတွင် ကျေနပ်နေသော်လည်း မျက်နှာတွင်မူ ဝမ်းနည်းပက်လက်ဖြစ်နေသည့် ပုံစံဖြင့် ပြောသည်။
"ပြောထားတော့ ကိုယ့်မိဘတွေကို တွေ့ပြီး မင်္ဂလာဆောင်ကျမှ ကျွန်မ ခန္ဓာကိုယ်ကို ယူမယ်ဆို... ရှင်... ရှင်က အခုကတည်းက ကျွန်မကို အနိုင်ကျင့်ချင်နေတာ... ဟင့်... ဟင့်"
သူမက ထိုသို့ငိုလိုက်ရာ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး သနားစရာ ကောင်းသွားသည်။
ဝမ်ကျဲ ချက်ချင်း ပျာယာခတ်သွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် ယွမ်ယွမ်ရယ်... ကိုယ် မကောင်းပါဘူး... ကိုယ် ဘာမှ မလုပ်ချင်ပါဘူး... ကိုယ့်ကို ယုံပါ... ကိုယ်က ဟိုလူဆိုးတွေနဲ့ မတူပါဘူး"
သူ အတော်ကြာအောင် ချော့လိုက်မှ ကျန်းယွမ်ယွမ် အငိုရပ်ပြီး ပြုံးလာသည်။
ကျန်းယွမ်ယွမ် စိတ်ထဲတွင် ကျေနပ်သွားသည်။ သန္ဓေပြောင်း အစွမ်းပိုင်ရှင် ဖြစ်နေတော့ကော ဘာလုပ်ရမှာလဲ...။ မိန်းမခိုင်းဖတ်က သန္ဓေပြောင်းသွားလည်း မိန်းမခိုင်းဖတ်ပဲ ဖြစ်နေမှာပါပဲ။
ဒီလိုလူစားမျိုးရဲ့ စိတ်ကို သူမ ကောင်းကောင်း နားလည်သည်။
ဒီလိုလူမျိုးကို ကိုင်တွယ်တဲ့ အရေးကြီးဆုံးအချက်ကတော့ တစ်ဖက်လူကို ကိုယ့်ခန္ဓာကိုယ် လုံးဝ အထိမခံဖို့ပါပဲ။
...
"ဖယ်ကြ... ဖယ်ကြ... ငါတို့ သွားကြမယ်"
"မင်းတို့က ဘာကိစ္စနဲ့ ငါတို့ကို တိုက်တွဲ (၄) ထဲကနေ ထွက်ခွာခွင့် မပေးတာလဲ... ငါတို့ တိုက်တွဲ (၃) ဘက်ကို သွားမယ်"
"ဟုတ်တယ်... မင်းတို့က ငါတို့ဆီက စားစရာတွေ လုသွားတယ်... ငါတို့က အခု တိုက်တွဲ (၃) ကိုသွားပြီး စားစရာနဲ့ လဲမလို့ကို မင်းတို့က ဘာကိစ္စ တားနေရတာလဲ"
"မင်းတို့က ငါတို့ကို အသေဖိအားပေးနေတာပဲ"
တိုက်တွဲ (၄) ၏ လူသွားစင်္ကြံလမ်းတွင် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပြီး လှုပ်ရှားမှုများ ပိုမိုကြီးမားလာသည်။
လူဆယ်ယောက်ကျော်သည် စင်္ကြံလမ်း တံခါးဝတွင် ပိတ်ဆို့နေကြပြီး တိုက်တွဲ (၃) ဘက်သို့ အတင်းဝင်ရောက်ရန် ကြိုးစားနေကြသည်။
သို့သော် စင်္ကြံလမ်းပေါ်တွင် ဓားမများ၊ သစ်သီးလှီးဓားများကို ကိုင်ဆောင်ထားသော လူမိုက် လေးငါးယောက်က တံခါးဝတွင် ရက်စက်ကြမ်းကြုတ်သော ပုံစံဖြင့် ပိတ်ရပ်ထားကြသည်။
ထိုအထဲမှ လူတစ်ယောက်၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာ ပေါ်လာပြီး လူအုပ်ထဲမှ တစ်ယောက်ကို ခြေထောက်ဖြင့် ပြေးကန်လိုက်သည်။
"ခွေးမသားတွေ... မျက်နှာပေးထားလို့လား... လာလေ... မင်းတို့... ကျော်ရဲရင် ကျော်ကြည့်လိုက်လေ"
"ဒီတိုက်တွဲ (၄) မှာ မင်းတို့က ဘုရားဖြစ်ချင်နေတာလား"
"ခွေမသား... သွားစုံစမ်းကြည့်လိုက်ဦး... ငါ ဝမ်ဝေတုန်းက ဘယ်လိုလူလဲဆိုတာ... ဟေ့ကောင်... မင်း... ဟုတ်တယ်... ခုနက အကျယ်ဆုံး အော်နေတဲ့ကောင်... လာ... မင်း ထပ်အော်ကြည့်လိုက်စမ်း"
သူက လက်ထဲမှ ဓားမကို ဝှေ့ယမ်းပြီး လူအုပ်ထဲမှ လူငယ်တစ်ယောက်ကို လက်ညှိုးထိုးကာ မိုးချုန်းသလို ဆဲဆိုကြိမ်းမောင်းလိုက်သည်။
လူဆယ်ယောက်ကျော်မှာ ချက်ချင်း လန့်ဖျပ်သွားပြီး နောက်သို့ ဆုတ်သွားကြသည်။ လက်ညှိုးထိုးခံရသော လူငယ်မှာ မျက်နှာတစ်ခုလုံး နီရဲနေပြီး ဒေါသကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
သို့သော် ဘေးလူများက နောက်ဆုတ်သွားသဖြင့် သူတစ်ယောက်တည်း ရှေ့ထွက်နေသလို ဖြစ်သွားသည်။
ဝမ်ဝေတုန်း၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ သူ ကြောက်ရွံ့သွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။
"ဝမ်ဝေတုန်း... ဒီတိုက်က မင်းအဖေပိုင်တာမို့လား... မင်းက ဘာအခွင့်အရေးနဲ့ လူတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ရတာလဲ... မင်း ဥပဒေကို ချိုးဖောက်နေတာနော်"
ဝမ်ဝေတုန်းက ထိုစကားကိုကြားလျှင် ဟားတိုက် ရယ်မောလိုက်သည်။
တံခါးစောင့်နေသော အခြားလူမိုက်များလည်း လိုက်ရယ်ကြသည်။
ဝမ်ဝေတုန်းက ရယ်မောရင်း ပြောသည်။
"ဟားဟားဟား... သားကြီးတို့... မင်းတို့ ဘာကြားလိုက်လဲ... ဥပဒေတဲ့... လွတ်လပ်ခွင့်တဲ့... ဟားဟားဟား"
"လာ... တာ့လင်... ဥပဒေဆိုတာ ဘာလဲဆိုတာ သူ့ကို ပြောပြလိုက်စမ်း"
ဘေးနားမှ ပုဆိန်ကိုင်ထားသော တာ့လင်ဆိုသည့် လူငယ်တစ်ယောက်က ပြုံးဖြဲဖြဲဖြင့် ရှေ့တိုးလာပြီး မျက်နှာနီနှင့် လူငယ်ရှေ့သို့ ရောက်လာသည်။
သူက ပုဆိန်ဖြင့် ထိုလူငယ်၏ ညာဘက်ပါးကို ပုတ်လိုက်သည်။
မျက်နှာနီနှင့် လူငယ်မှာ ချက်ချင်း မျက်နှာဖြူရော်သွားပြီး မသိစိတ်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
တာလင်ဆိုသော လူငယ်က ရုတ်တရက် လက်ကိုဝှေ့ကာ သူ့မျက်နှာကို ပုဆိန်ဖြင့် ရိုက်ချလိုက်သည်။
တာလင်က ရုတ်တရက် လက်ကိုဝှေ့ယမ်းကာ သူ့ပါးကို တစ်ချက်ရိုက်လိုက်သည်။
ထို့နောက် မောက်မာစွာဖြင့် ဆဲဆိုလိုက်သည်။
"မင်းတို့ကို ပြောလိုက်မယ်... အခု ဒီတိုက်ထဲမှာ ငါတို့ ညီအစ်ကိုတွေက ဥပဒေပဲကွ"
"ငါ့ကို လူ့အခွင့်အရေး လွတ်လပ်ခွင့်တွေ လာပြောမနေနဲ့... ဒီနေ့ မင်းတို့ကို ငါသတ်ပစ်လိုက်ရင်တောင် ဘယ်သူမှ ငါ့ကို ပြဿနာမလုပ်ရဲဘူး"
"မင်း... မင်းတို့"
မျက်နှာနီနှင့် လူငယ်က ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
စာပေသမား စစ်သားနှင့်တွေ့တော့ ရှင်းပြရခက်ဆိုသလိုပင်။
သူတို့မှာ လက်နက်မရှိပေ။ ဓားနှင့် လက်နက်များကို ဝမ်ကျဲ၏ လူများက စောစီးစွာကတည်းက သိမ်းဆည်းသွားခဲ့ပြီ ဖြစ်သည်။
ယခုလို အနိုင်ကျင့်ခံနေရသော်လည်း ဒေါသထွက်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပေ။
နောက်ဘက်မှ လူအုပ်ကြီးမှာ ဒေါသထွက်ပြီး တီးတိုး ပြောဆိုနေကြသည်။
"လွန်လွန်းတယ်"
"သူတို့က ငါတို့ စားစရာတွေကို လုယူသွားတာတောင် မကျေနပ်သေးဘူး... အခု ငါတို့ လွတ်လပ်ခွင့်ကိုပါ ကန့်သတ်နေပြန်ပြီ"
"ငါတို့ ဟိုဘက်သွားပြီး ငါးဖမ်းတာကိုတောင် မသွားခိုင်းဘူး... ဒီခွေးမသားတွေ"
...........................................................................
ပြောဆိုသံများ တဖြည်းဖြည်း ကျယ်လောင်လာသည်။ တာ့လင်၏ ခြိမ်းခြောက်မှုက ပြောင်းပြန်အကျိုးသက်ရောက်မှု ဖြစ်သွားပြီး လူအများကို ဒေါသထွက်စေပုံ ရသည်။
မျက်နှာနီနှင့် လူငယ်က နောက်ဘက်မှ ပြောဆိုသံများကို ကြားသောအခါ အားဆေးစားလိုက်ရသလို သတ္တိများ တိုးပွားလာသည်။
သူက တာ့လင်ကို ဒေါသတကြီးကြည့်ပြီး ဆဲဆိုလိုက်သည်။
"မတရားတာများရင် ကိုယ်တိုင် ပျက်စီးတတ်တယ်ကွ... ဟေ့ကောင် တာ့လင်... နိုင်ငံတော်က မကြာခင် ငါတို့ကို လာကယ်မှာ... မင်းတို့ကောင်တွေ အကုန်လုံးကို နိုင်ငံတော်က အရေးယူလိမ့်မယ်"
"ဟုတ်တယ်... ပြောလိုက်"
လူအုပ်ထဲမှ လူတစ်ယောက်က အားပေးထောက်ခံလိုက်သည်။
တာ့လင် မျက်နှာ ပျက်သွားပြီး ဝမ်ဝေတုန်းလည်း မျက်မှောင်ကြုတ်လိုက်သည်။
အရင်တုန်းကဆိုလျှင် တာ့လင် ဒီလိုခြိမ်းခြောက်လိုက်သည်နှင့် ဒီအညတရကောင်တွေ ကြောက်လန့်သွားကြမြဲ။
ဒီနေ့ကျမှ ဘာလို့ မကြောက်ကြတာလဲ။
ကြည့်ရတာ ဒီကောင်တွေက ဟိုဘက်အခြမ်းက လူတွေရဲ့ စကားကို နားယောင်ပြီး သေချာပေါက် ဆူပူအုံကြွချင်နေကြပုံပဲ။
သူက ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ စဉ်းစားနေစဉ်မှာပင်...
ရုတ်တရက် လူအုပ်ထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"အား"
"ဘယ်သူလဲ"
"ဟုန်... အစ်ကိုဟုန်"
လူအုပ်ကြီး၏ နောက်ဘက်တွင် တောင့်တင်းသန်မာသော အမျိုးသား လေးငါးယောက် ရောက်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ ခေါင်းဆောင်မှာ ချန်ဟုန် ပင်ဖြစ်သည်။
ချန်ဟုန်၏ မျက်နှာထားက တည်ငြိမ်နေသည်။ အရပ်ရှည်ပြီး ဗလတောင့်သော သူသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာရာ ဘေးနှစ်ဖက်မှ လူမိုက်များက လမ်းရှင်းပေးပြီး လမ်းပိတ်နေသူများကို တွန်းဖယ်ပစ်ကြသည်။
မကြာခင်မှာပင် ချန်ဟုန်သည် မျက်နှာနီနှင့် လူငယ်ရှေ့သို့ ရောက်လာသည်။ သူက ထိုလူငယ်ကိုကြည့်ကာ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"မင်းက ဦးဆောင်ပြီး ဆူပူနေတာလား"
မျက်နှာနီနှင့် လူငယ် မျက်နှာပျက်သွားပြီး ပါးစပ်ဟကာ ပြောလိုက်သည်။
"ချန်... ချန်ဟုန်... မင်း"
"ဝှစ်..."
ရုတ်တရက် ချန်ဟုန်က လက်ကိုမြှောက်ကာ တာလင်၏ လက်ထဲမှ ပုဆိန်ကို လှမ်းဆွဲယူလိုက်သည်။
ထို့နောက် လူငယ် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ပုဆိန်ဖြင့် လူငယ်၏ လည်ပင်းကို ခုတ်ပိုင်းလိုက်တော့သည်။
"အား"
နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး လူငယ်မှာ သွေးအိုင်ထဲသို့ လဲကျသွားသည်။
ချန်ဟုန်က လက်မရပ်လိုက်ပေ။ ပုဆိန်ကို ဆွဲနုတ်လိုက်ပြီး မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာကာ မျက်နှာကြီး ရှုံ့တွသွားသည်။
သူက လက်ကို ရူးသွပ်စွာ ဝှေ့ယမ်းပြီး ပုဆိန်ဖြင့် တစ်ချက်ပြီးတစ်ချက် ထပ်ခါထပ်ခါ ခုတ်ပိုင်းလိုက်သည်။
"ဒုတ်... ဒုတ်... ဒုတ်..."
အရိုးများကို ခုတ်ပိုင်းနေသော အသံများ ထွက်ပေါ်လာရာ လူအားလုံး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
မကြာခင်မှာပင် လူငယ်၏ ခေါင်းသည် လည်ပင်းမှ ပြတ်ထွက်သွားတော့သည်။
ချန်ဟုန်က ပြတ်သွားသော လူခေါင်းကို ဆွဲမလိုက်ရာ မျက်နှာပေါ်တွင် သွေးများ ပေကျံနေသည်။
သူက လည်ပင်းကို တစ်ချက်လှည့်ကာ သွေးအေးစွာ ပြုံးလိုက်ပြီး လူအားလုံးကို ဝေ့ကြည့်လိုက်သည်။
"လာလေ... ဘယ်သူက ငါ့ကို ဥပဒေအကြောင်း လာပြောချင်သေးလဲ... ဘယ်သူက လွတ်လပ်ခွင့် လိုချင်သေးလဲ... ငါ့ရှေ့လာပြော"
လူအားလုံး မျက်နှာများမှာ ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေပြီး နောက်သို့ တရွေ့ရွေ့ ဆုတ်သွားကြသည်။
တချို့ဆိုလျှင် ခြေထောက်များ တုန်ရီနေပြီး နောက်လှည့် ထွက်ပြေးကြတော့သည်။
တစ်ယောက် စပြေးသည်နှင့် ကျန်လူများလည်း စိတ်ဓာတ်ကျကာ အကုန်လုံး လှေကားဘက်သို့ ပြေးကြတော့သည်။
ချန်ဟုန်က ထိုမြင်ကွင်းကိုကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ သူ လိုက်မဖမ်းတော့ပေ။
သူက လက်ထဲမှ လူခေါင်းကို အောက်ဘက်သို့ ပစ်ချလိုက်သည်။
ထို့နောက် လက်ခုပ်တစ်ချက်တီးကာ တာ့လင်နှင့် ဝမ်ဝေတုန်းကို ပြောလိုက်သည်။
"အလောင်းကို ရှင်းပစ်လိုက်... ငါးစာလုပ်မယ်... အလဟဿ မဖြစ်စေနဲ့"
ဝမ်ဝေတုန်းက အလျင်အမြန် ခေါင်းညိတ်သည်။
"ဟုတ်ကဲ့... အစ်ကိုဟုန်"
ချန်ဟုန်က တိုက်တွဲ (၃) ဘက်သို့ လှမ်းကြည့်လိုက်ရာ တိုက်တွဲ (၃) ဘက်မှ လူတော်တော်များများသည် လူသွားစင်္ကြံကို ခြားလျက် ဒီဘက်ကို လက်ညှိုးထိုးကာ ဝေဖန်ပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။
သူက အေးစက်စွာ တစ်ချက်ရယ်လိုက်ပြီး ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝှီးးးး"
သူ့လက်ထဲမှ ပုဆိန်သည် လေကိုခွင်းကာ ပြေးထွက်သွားသည်။
"ဒုန်း"
ပုဆိန်သည် တစ်ဖက်ကမ်းရှိ စင်္ကြံလမ်း တံခါးပေါ်သို့ စိုက်ဝင်သွားသည်။
ကျယ်လောင်သော အသံကြောင့် တိုက်တွဲ (၃) မှ လူများ လန့်ဖျပ်ပြီး အော်ဟစ်ကာ ခေါင်းကိုကာ၍ ထွက်ပြေးကုန်ကြသည်။
ချန်ဟုန်က အေးစက်စွာ အော်ပြောလိုက်သည်။
"ထပ်ကြည့်ရဲရင်... မင်းတို့ကိုပါ သတ်ပစ်မယ်"
တစ်ဖက်ကမ်းရှိ တိုက်တွဲ (၃) မှ လူများ ကြောက်လန့်ပြီး ပုန်းရှောင်ကုန်ကြကာ စင်္ကြံလမ်းပေါ်တွင် မနေရဲကြတော့ပေ။
သို့သော် သတ္တိရှိသူ တချို့လည်း ရှိနေပြီး လှေကားဘက်မှနေ၍ အော်ပြောလိုက်သည်။
"မင်းတို့ ဘာတွေ ဒီလောက်တောင် မောက်မာနေတာလဲ... တိုက်တွဲ (၁) က လင်းယွမ်က မကြာခင် မင်းတို့လို လူယုတ်မာတွေကို လာရှင်းလင်းတော့မှာ"
"တောက်... ချန်ဟုန်... ခွေးမသား... မင်းလည်း အခန်းပိုင်ရှင်ပဲလေ... အခု လူသတ် မုဒိမ်းကျင့်နေတယ်ပေါ့လေ... မင်း စောင့်နေလိုက်... လင်းယွမ်တို့အဖွဲ့ မင်းတို့ကို လာရှင်းလင်းလိမ့်မယ်"
"ချန်ဟုန်... မင်း မိုက်ချင်ရင် လင်းယွမ်ရှေ့သွားပြီး မိုက်ပြလိုက်စမ်းပါ"
................................................................................................
ချန်ဟုန် မျက်နှာ အုံ့မှိုင်းသွားသည်။ သူက သွေးထွက်သံယို နည်းလမ်းဖြင့် လူသတ်ပြပြီး အားလုံးကို ခြိမ်းခြောက်ချင်ခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ အခုကြည့်ရတာ သူ့ဘက်က လူတွေကိုတော့ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် တစ်ဖက်ကမ်းက လူတွေကိုတော့ မခြိမ်းခြောက်နိုင်ခဲ့ပါလား။
ဒီ လင်းယွမ်ဆိုတဲ့လူက... ဩဇာအာဏာ မသေးလှဘူးပဲ...
ဆက်ရန်...
အပိုင်း (၉၄) ၉ ကြိမ် ဆက်တိုက်မဲနှိုက်ခြင်း
တတိယတိုက်တွဲရှိ ချန်ဟုန်ကြောင့် လန့်ဖျပ်ပြီး ကစဉ့်ကလျားဖြစ်သွားသော လူအုပ်ကြီးထဲတွင် ဖြစ်၏။
ကျန်းကောချန်က ဒေါသတကြီး ဆဲဆိုလျက် လူအုပ်ကြားမှ အော်ဟစ်လိုက်လေသည်။
စောစောက ထွက်ပေါ်လာသော ဆဲဆိုသံများမှာ သူအော်ဟစ်လိုက်ခြင်းပင် ဖြစ်ပေသည်။
သူသည် ယခုလေးတင် ဖြစ်ပျက်သွားသော မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် ထိတ်လန့်ခြင်းနှင့် ဒေါသတို့ ရောပြွမ်းနေတော့သည်။
"ရှောင်ဝူ"
သူကိုယ်တိုင် စည်းရုံးထားသော ရှောင်ဝူဆိုသည့် လူငယ်လေး အခင်းဖြစ်ပွားရာနေရာ၌ပင် ခေါင်းဖြတ် အသတ်ခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရလေ၏။
ကျန်းကောချန်၏ စိတ်ထဲတွင် ထိတ်လန့်ဒေါသထွက်မိသည်နှင့် တစ်ပြိုင်နက် နောင်တကြီးစွာ ရမိတော့သည်။
ဟုတ်ပေသည်... ထို မျက်နှာနီနီနှင့် လူငယ်လေး ရှောင်ဝူသည် ကျန်းကောချန်၏ တိုက်တွန်းမှုကြောင့်သာ ရှေ့ထွက်လာခဲ့ပြီး စတုတ္ထတိုက်တွဲမှ လူများကို ဦးဆောင်ကာ ဆူပူအုံကြွခဲ့ခြင်း ဖြစ်သည်။
ကျန်းကောချန်၏ ရည်ရွယ်ချက်မှာ ဖိနှိပ်ခံနေရသော အိမ်ပိုင်ရှင်များအားလုံးကို စုစည်းကာ ဝမ်ကျဲ၏ လက်အောက်မှ ရုန်းထွက်ပြီး ပထမ၊ ဒုတိယနှင့် တတိယတိုက်တွဲများဘက်သို့ ကူးပြောင်းလာစေရန် ဖြစ်၏။
ထိုသို့ရောက်လာမှသာ သူက ထိုလူများကို ဦးဆောင်ပြီး လင်းယွမ်ထံ သွားရောက်ပူးပေါင်းပါက ပို၍ မျက်နှာပန်းလှမည် ဖြစ်သည်။
ထို့ပြင် သူ့စိတ်ထဲတွင် ကိုယ်ကျိုးကြည့်သည့် သဘောထားအချို့လည်း ကိန်းအောင်းနေခဲ့သေးသည်။
ဤမျှလောက် လူအုပ်ကြီးကို ဦးဆောင်ပြီး လင်းယွမ်ထံ ရောက်သွားပါက မည်သို့ပင်ဖြစ်စေ ရာထူးနေရာကောင်းတစ်ခု ရနိုင်မည်ဖြစ်ပြီး လင်းယွမ်၏ အလေးပေးမှုကို ခံရနိုင်သည်ဟု တွက်ဆထားခဲ့ခြင်း ဖြစ်သည်။
သို့သော် တစ်ဖက်မှ ချန်ဟုန်က ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
လူကို ချက်ချင်းပင် သတ်ပစ်လိုက်လေသည်။
နောင်တတရားတို့ တလိပ်လိပ် တက်လာခဲ့ရ၏။ ဤသို့ဖြစ်မည်မှန်းသာ စောစီးစွာ သိခဲ့ပါက လင်းယွမ်ထံ တန်းသွားလိုက်လျှင် ရှောင်ဝူ၏ အဖြစ်ဆိုးကို ရှောင်လွှဲနိုင်ကောင်း ရှောင်လွှဲနိုင်ပေလိမ့်မည်။
သူ၏ မျက်လုံးအိုကြီးများမှာ နီရဲနေပြီး ဘေးနားမှ အဘိုးအိုတစ်ဦးက တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အစ်ကိုကျန်... မအော်နဲ့တော့... မြန်မြန်သွားကြစို့"
"ဟုတ်တယ်... လင်းယွမ်ဆီ သွားကြမယ်... အခုချိန်မှာ ဝမ်ကျဲအဖွဲ့ကို ယှဉ်နိုင်တာ သူတို့ပဲ ရှိတော့တယ်"
ကျန်းကောချန်က အံကိုကြိတ်လျက် ခေါင်းညိတ်လိုက်လေ၏။
"သွားမယ်... ပထမတိုက်တွဲဆီ သွားကြမယ်"
................................................
"မောင်လင်း... ငါ နည်းလမ်းတစ်ခု စဉ်းစားမိတယ်... သစ်သားပြားအရှည်တွေ အများကြီး မလိုလောက်တော့ဘူး"
ခေါင်မိုးထပ်တွင် ဦးလေးမာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လင်းယွမ်က သံမဏိပိုက်များကို ကြိုးနှင့် ချည်နှောင်နေရာမှ လက်ထဲမှအလုပ်ကို ခေတ္တရပ်ကာ မေးလိုက်၏။
"အော်... ဘာနည်းလမ်းလဲ"
"သစ်သားဖောက်ဆက်နည်းလေ"
"ငါတို့တွေ သစ်သားဖောက်ဆက်နည်းကို သုံးပြီး သစ်သားပြားတိုလေးတွေကို စတုရန်းပုံ ပျဉ်ပြားတွေဖြစ်အောင် ဆက်လိုက်မယ်... ပြီးမှ အဲဒီ စတုရန်းပုံပျဉ်ပြားတွေကို သံမဏိပိုက် အောက်ခံဘောင်ပေါ်မှာ ခင်းလိုက်မယ်"
"အဲဒီလိုလုပ်ရင် ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်လိမ့်မယ်"
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားလေသည်။
"ဦးလေးက အဲဒီလို သစ်သားဖောက်ဆက်နည်းကို တတ်လို့လား"
ဦးလေးမာက ခေါင်းခါလိုက်၏။
"မတတ်ပါဘူး... ဒါပေမဲ့ ငါအရင်က အဲဒါနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေ ကြည့်ဖူးတယ်... စမ်းကြည့်လို့ရလောက်တယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"အဲဒါဆိုရင် လုပ်ရမယ့်အလုပ်က နည်းမှာမဟုတ်ဘူး... ဦးလေး အရင်စမ်းကြည့်ပါ... အဆင်ပြေတယ်ဆိုရင် ကျွန်တော် လူတွေထပ်ခေါ်ပေးမယ်"
"သိပြီ... ငါ့တာဝန်ထားလိုက်"
ဦးလေးမာ၏ မျက်နှာပေါ်တွင် အပြုံးပန်းတို့ ဝေဆာနေလျက်ရှိ၏။ မိုးရေစက်များ မျက်နှာပေါ် ကျရောက်နေသော်လည်း သူ မောပန်းသည်ဟု မခံစားရပေ။
အသက် ငါးဆယ်ကျော်အရွယ် လူတစ်ယောက်အနေဖြင့် ခွန်အားဗလတို့ ယုတ်လျော့လာပြီ ဖြစ်သည်။
သူသည် အဖွဲ့ထဲတွင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာမည်ကို အမြဲ စိုးရိမ်ပူပန်ခဲ့ရ၏။
ယခု သစ်ဖောင်လုပ်သည့်ကိစ္စတွင် သူ့စွမ်းဆောင်ရည်ကို ပြသခွင့်ရသဖြင့် သူ ဝမ်းမြောက်နေမိသည်။
ထို့နောက် သူသည် တဖက် တိုက် ၇၅ မှ လူများ အရေးပေါ်ကိစ္စရှိလာလျှင် ဆက်သွယ်နိုင်ရန် ပြုလုပ်ထားသည့် ''ပလတ်စတစ်ပုံး တယ်လီဖုန်း'' ကို စောင့်ကြည့်ရင်း၊ တစ်ဖက်တွင်လည်း သစ်သားဖောက်ဆက်နည်းကို လေ့လာကာ သစ်သားပြားများကို ဆက်နေတော့သည်။
ချိုင်ကြည်နှင့် လင်းယွမ်တို့ကမူ သစ်ဖောင်၏ အောက်ခံဘောင်ကို အာရုံစိုက် ပြုလုပ်နေကြ၏။
သူတို့ တိုင်ပင်ဆွေးနွေးပြီးနောက် မာကျောခိုင်ခံ့သည့် သံမဏိပိုက်အထူများကို အဓိကဘောင်အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက် ပီဗွီစီ ရေပိုက်ကဲ့သို့သော ပစ္စည်းများကို ကြားထဲတွင် ဖြတ်သန်းတပ်ဆင်ကြလေသည်။
လက်ဝါးကပ်တိုင်ပုံစံမှစ၍ အလျားလိုက် ဒေါင်လိုက် ရက်လုပ်ကာ စတုရန်းပုံ အောက်ခြေတစ်ခု ဖန်တီးလိုက်ကြသည်။
ရေပေါ်တွင် ပေါလောပေါ်နိုင်စွမ်းရှိစေရန် အောက်ခြေတွင် ဖော့များ၊ ပလတ်စတစ်ပြားများနှင့် ပလတ်စတစ်ပုလင်း အများအပြားကို ချည်နှောင်ထားရန်လည်း ဆုံးဖြတ်ထားကြ၏။
ထို ပလတ်စတစ်ပုလင်းများကို ရေထည့်စရာအဖြစ်လည်း အသုံးပြုနိုင်သဖြင့် ယခု ရှာဖွေစုဆောင်းထားသော ပစ္စည်းများထဲတွင် ပလတ်စတစ်ပုလင်းများကို အဓိကထား စုဆောင်းထားကြသည်။
ထို့အပြင် ဘေးပတ်လည်တွင် ပန်ကာဒလက် တပ်ဆင်ရန် နေရာချန်ထားရသေးသည်။
ပန်ကာဒလက်အတွက် ဖြုတ်ယူထားသော လျှပ်စစ်ပန်ကာများကို အသုံးပြုမည်ဖြစ်ပြီး အင်ဂျင်ကိုလည်း ပန်ကာမှပင် ရယူမည်ဖြစ်သည်။
စွမ်းအင်အရင်းအမြစ်မှာကား ရှာဖွေတွေ့ရှိထားသော ဘက်ထရီအိုးများပင် ဖြစ်ပေ၏။
ထိုမျှသာမက လင်းယွမ်သည် စက်ဘီးမှ ဂီယာနှင့် ချိန်းကြိုးများကို ဖြုတ်ယူကာ လည်ပတ်မည့်စက်နှင့် ချိတ်ဆက်ထားလိုက်သည်။
ဤသည်မှာ ဘက်ထရီအားကုန်သွားသည့်အခါ လက်ဖြင့် လှည့်၍ ပန်ကာဒလက်ကို လည်ပတ်စေကာ ရွေ့လျားနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
သစ်ဖောင်၏ ရွက်ကိုလည်း ပြုလုပ်ရဦးမည် ဖြစ်သော်လည်း ထိုအပိုင်းကို ရန်မေနှင့် အမျိုးသမီးများထံ လွှဲအပ်ထားလိုက်ပြီ ဖြစ်၏။
သစ်ဖောင်၏ အဓိကလုပ်ဆောင်ချက်များမှာ ဤမျှပင်ဖြစ်ပြီး သက်တောင့်သက်သာရှိရေးနှင့် ပတ်သက်၍မူ ထည့်သွင်းစဉ်းစားခြင်း မရှိသေးပေ။
လက်ရှိအရေးကြီးသည်မှာ အချောထည်တစ်ခု အမြန်ဆုံး ဖန်တီးပြီး ရေထဲဆင်းနိုင်မနိုင် စမ်းသပ်ရန်သာဖြစ်ပြီး ထိုအဆင့်ပြီးမှသာ သက်တောင့်သက်သာရှိရေးကို စဉ်းစားရမည် ဖြစ်သည်။
အလုပ်များနေရင်းဖြင့် ညနေစောင်းသို့ ရောက်ရှိလာခဲ့လေပြီ။
ကောင်းကင်ကြီး မောင်မိုက်လာပြီဖြစ်သဖြင့် လင်းယွမ်က လူများကို အနားယူရန် ပြောလိုက်သည်။
ထိုစဉ် ၃၂ လွှာမှ ကျောက်ခိုင်က ပြေးတက်လာပြီး အော်ပြောလိုက်၏။
"အစ်ကိုလင်း... အောက်မှာ လူတွေအများကြီးပဲ... ငါးတွေနဲ့ စားစရာ လာလဲနေကြတယ်"
လင်းယွမ် ထိုစကားကို ကြားသော် စိတ်ထဲတွင် ဝမ်းသာသွားပြီး ချက်ချင်း အောက်ထပ်သို့ ဆင်းလာကာ မေးလိုက်သည်။
"ဘယ်က လူတွေလဲ"
"ဒုတိယနဲ့ တတိယတိုက်တွဲက လူတွေလေ... ဒီနေ့ အစ်ကို့ဆီမှာ ငါးနဲ့ စားစရာ လဲလို့ရတယ်ဆိုတာကို ကြားပြီး အောက်ထပ်ဆင်း ငါးမျှားတာတွေ ငါးဖမ်းတာတွေ လုပ်ကုန်ကြတာ"
"ဒါနဲ့... လူတော်တော်များများက ဆုန့်ဝမ်နဲ့ ဟူဝေမင်တို့ ကြားပွဲစားလုပ်ပြီး အမြတ်ထုတ်တဲ့ကိစ္စကို ပြောဆိုနေကြတယ်... ကျွန်တော် ဆုန့်ဝမ်ကို ဒီရက်ပိုင်း ဒုတိယနဲ့ တတိယတိုက်တွဲဘက် သိပ်မသွားဖို့ ပြောထားတယ်" ကျောက်ခိုင်က ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်၏။
"အဲဒီ အမျိုးသမီး ပေါ့တာမဟုတ်ဘူး... သူ ကြားက အမြတ်ထုတ်ဖို့ စဉ်းစားမိတယ်ဆိုကတည်းက လူတွေ အပြစ်တင်တာ ခံရမယ်ဆိုတာလည်း သိပြီးသားနေမှာပါ... ဘာပဲဖြစ်ဖြစ် စိတ်ချပါ... ငါက လုံခြုံရေးကို တာဝန်ယူပေးမယ်လို့ ပြောထားပြီးမှတော့ သူတို့ကို ပြဿနာအဖြစ်ခံမှာ မဟုတ်ပါဘူး"
အောက်ထပ်သို့ ရောက်သောအခါ ၃၂ လွှာတွင် လူအုပ်ကြီး ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့လိုက်ရလေသည်။
ထိုလူများသည် လက်ထဲတွင် ရေပုံးများ၊ သို့မဟုတ် ရေထည့်ထားသော ပလတ်စတစ်အိတ်များကို အသီးသီး ကိုင်ဆောင်ထားကြ၏။
အခန်း ၃၂၀၁ ထဲတွင် ရန်မေသည် ငါးများကို စတင်လက်ခံနေပြီဖြစ်ပြီး အမျိုးအစားအလိုက် ခွဲခြားကာ စာရင်းမှတ်ထားလေသည်။ လင်းယွမ်ဆင်းလာပြီး ရှင်းပေးမည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။
လင်းယွမ် ဆင်းလာသည်နှင့်အမျှ အပြင်ဘက်မှ ဆူညံသံများ တိုးသွားပြီး လူအားလုံး၏ အကြည့်များက ရေပန်းစားနေသော အိမ်ပိုင်ရှင်လူငယ်လေးထံသို့ ရောက်ရှိလာကြ၏။
လင်းယွမ်က လူများကို တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။
အခန်းထဲသို့ ဝင်ကာ ရေကန်ထဲတွင် ကူးခတ် လှုပ်ရှားနေကြသော သန္ဓေပြောင်းငါးများကို ကြည့်ပြီးမှ သူ ပြုံးလိုက်မိတော့သည်။
"အမမေ... ငါးဘယ်လောက်ရပြီလဲ"
ရန်မေက နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ဖြေလိုက်သည်။
"အကောင် နှစ်ရာကျော်နေပြီ"
လင်းယွမ်က ခေါင်းညိတ်လျက် ပြောလိုက်၏။
"လဲရမယ့် စာရင်းပေး"
ရန်မေက စာရင်းကို လင်းယွမ်ထံ အမြန်ကမ်းပေးလိုက်သည်။ လင်းယွမ် တစ်ချက်ကြည့်လိုက်ရာ အများစုမှာ ဆန်ကို လိုချင်ကြပြီး လူနည်းစုက မုန့်၊ အချို့က ဆားနှင့် ပဲငံပြာရည်ကဲ့သို့သော ဟင်းခတ်ပစ္စည်းများကို လိုချင်ကြကြောင်း တွေ့လိုက်ရသည်။
ဟင်းခတ်ပစ္စည်းများမှာ အသုံးခံလေသည်။ ပဲငံပြာရည်တစ်ပုလင်းဆိုလျှင် လဝက်ကျော်ကျော်လောက် အသုံးခံသည်။
ပုံမှန်အိမ်များတွင် ဟင်းခတ်ပစ္စည်းများကို အများအပြား ဝယ်ယူစုဆောင်းထားလေ့ မရှိကြပေ။
ရေကြီးလာသည်မှာ ကြာပြီဖြစ်သဖြင့် အိမ်အများစုတွင် ပဲငံပြာရည်ကဲ့သို့သော ပစ္စည်းများ ပြတ်လပ်နေပြီဖြစ်ကာ ဆားဖြင့်သာ အရသာဖြည့်စွက် စားသောက်နေရသည်မှာ ကြာပြီဖြစ်သည်။
လင်းယွမ်သည် ပစ္စည်းများအတွက် ဈေးနှုန်းကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ ပဲငံပြာရည်တစ်ပုလင်းလျှင် ငါးဆယ်ကောင် ပေးရမည်ဖြစ်သည်။
ရှားပါးသော ပစ္စည်းဖြစ်လေ တန်ဖိုးက မြင့်လေပင် ဖြစ်၏။
"အမ ဆက်ပြီး စာရင်းကောက်ထားလိုက်... ကျွန်တော် ပစ္စည်းတွေ သွားပြင်လိုက်ဦးမယ်"
လင်းယွမ် ပြောပြီးသည်နှင့် အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
သူသည် စနစ်၏ ပစ္စည်းသိုလှောင်ခန်းကို ဖွင့်ကာ စာရင်းထဲမှ လိုအပ်သော ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူလိုက်လေသည်။
ဆယ်မိနစ်ခန့် ကြာသောအခါ သူသည် ပစ္စည်းများကို သက်ဆိုင်ရာလူများ၏ လက်ထဲသို့ ထည့်ပေးလိုက်ကာ ပထမဆုံးအကြိမ် အရောင်းအဝယ်ကို ပြီးမြောက်စေလိုက်သည်။
နောက်မှလူများက ငါးဖြင့် ပစ္စည်းများ အမှန်တကယ် လဲလှယ်၍ရကြောင်း တွေ့ရှိသွားသောအခါ စိတ်လှုပ်ရှားသွားကြ၏။
"တကယ်ကြီး ဆန်နဲ့ လဲလို့ရတာပဲ"
"သူ့အိမ်မှာ ဆန်တွေ ဘယ်လောက်တောင် ရှိနေတာလဲ"
"ဦးလေးဆွန်းနဲ့ ဦးလေးချင်တို့ ဒီတစ်ခေါက် ငါးတွေ အများကြီးရတာတောင် ငါးဆယ်ကောင်ပေးပြီး ပဲငံပြာရည်တစ်ပုလင်း လဲရက်တယ်နော်"
"နေ့တိုင်း ပင်လယ်ငါးကြီးပဲ စားနေရတာ အီနေပြီလေ... ပဲငံပြာရည်လေးတစ်ပုလင်းလောက်ရှိရင် အရသာလေး ပြောင်းသွားမှာ... ငါသာဆိုရင်လည်း လဲမှာပဲ"
"ပြန်ရောက်ရင် ဦးလေးဆွန်းတို့ကို သွားညှိကြည့်ရမယ်... ငါးနှစ်ကောင်လောက်ပေးပြီး ပဲငံပြာရည် ခွက်ကလေးတစ်ခွက်လောက် ပြန်လဲလို့ရမလားလို့"
"ဘုရားရေ... ဒီ ဆရာလင်းအိမ်မှာ အရက်တောင် ရှိတာပဲ... မော်ထိုက်အရက်နော်"
"ဘယ်သူလဲကွာ... ငါးနဲ့များ မော်ထိုက်အရက်ကို လာလဲနေတာ"
......
တံခါးဝတွင် ဆွေးနွေးသံများ ဆူညံနေလေရာ လင်းယွမ်က လှမ်းအော်လိုက်သည်။
"ပစ္စည်းလဲပြီးရင် ပြန်ကြတော့လေ... တခြားလူတွေအတွက် နေရာပေးလိုက်ကြဦး... ပြီးတော့ မိုးသိပ်မချုပ်သေးဘူး... ညဘက်ဆို ငါးတွေက ပိုအဖမ်းရလွယ်တယ်... မြန်မြန်သွားဖမ်းကြ... ကျွန်တော့်ဆီက ပစ္စည်းတွေက လဲလိုက်ရင် တစ်ခုလျော့သွားမှာနော်"
သူ ထိုသို့ ပြောလိုက်ရာ အပြင်ဘက်တွင် ပစ္စည်းလဲပြီးသော်လည်း အုံကြည့်နေကြသော လူများ သတိဝင်လာကြတော့သည်။
"ဆရာလင်း ပြောတာ ဟုတ်သားပဲ... ဒီမှာ အုံကြည့်နေမယ့်အစား ငါးသွားဖမ်းတာက ပိုကောင်းတယ်"
"သူ့ပစ္စည်းတွေက အကန့်အသတ်နဲ့ဆိုတော့ မြန်မြန်ဖမ်းပြီး မြန်မြန်လာလဲမှ ရမှာ"
ထို့ကြောင့် လူအုပ်ကြီးမှာ လင်းယွမ်အတွက် ငါးဖမ်းပေးရန် အပြေးအလွှား ပြန်သွားကြတော့လေသည်။
လင်းယွမ်က ထိုလူများ ထွက်ခွာသွားသည်ကို ကြည့်ပြီး ပြုံးလိုက်မိသည်။
ည ၇ နာရီ၊ ၈ နာရီခန့်အထိ အလုပ်များပြီးနောက် လူများ တဖြည်းဖြည်း လျော့နည်းသွားကြသည်။
နောက်ဆုံးလူ ပြန်သွားသောအခါ လင်းယွမ်က တံခါးအပြင်ဘက်သို့ လှမ်းကြည့်ပြီး အော်လိုက်၏။
"နောက်တစ်ယောက်"
ရန်မေက ရယ်လိုက်သည်။
"နောက်တစ်ယောက် ဘယ်ရှိတော့မလဲ... လူကုန်သွားပြီ"
လင်းယွမ် ခေါင်းခါလျက် သက်ပြင်းချလိုက်မိ၏။
"ကုန်သွားပြီလား"
"မောင်လေးရယ်... ငါးတွေ ဒီလောက်များနေပြီ... ဒီနေ့တစ်ရက်တည်းနဲ့တောင် ပစ္စည်းတွေ အများကြီး လဲပေးလိုက်ရပြီလေ... တော်လောက်ပါပြီ"
ရန်မေက အခန်းပြည့်နေသော ငါးများကို ကြည့်ကာ ပါသွားသော ပစ္စည်းများအတွက် နှမြောပြီး ပြောလိုက်သည်။
လင်းယွမ်က ပြုံးလိုက်၏။
"စိတ်မပူပါနဲ့ အမရဲ့... ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်"
"ကဲ... အမ နားလိုက်ဦး... ကျွန်တော် ငါးအရင်သတ်လိုက်မယ်... ပြီးမှ အမဝူကို လူခေါ်ခိုင်းပြီး ငါးတွေ လာယူခိုင်းလိုက်... ဒီညတော့ မိုးလင်းမယ့်ပုံပဲ"
ရန်မေက အခန်းပြည့်နေသော ငါးများကို ကြည့်လိုက်သည်။
"ဒီလောက်အများကြီးကို တစ်နာရီ နှစ်နာရီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး... အမ ထမင်းအရင်သွားချက်လိုက်မယ်"
လင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်လိုက်ပြီး မေးလိုက်၏။
"ငါး စုစုပေါင်း ဘယ်လောက်ရှိလဲ"
"စုစုပေါင်း ၅၇၇ ကောင်... အဲဒီအထဲမှာ ခရု ၁၀၂ ကောင်၊ ခရုခွံအကြီးစား ၁၀ ကောင်ကျော်၊ ပင်လယ်လိပ် ၇ ကောင်၊ ဂဏန်း ၁၂ ကောင်၊ ကျောက်ပုစွန် ၆ ကောင် ပါတယ်... ဟုတ်သားပဲ... ပင်လယ်မျှော့နဲ့တူတဲ့ အကောင်တစ်ကောင်လည်း ပါတယ်... အမလည်း မမြင်ဖူးဘူး... မောင်လေး ကြည့်ကြည့်ဦး"
လင်းယွမ် မျက်လုံးများ အရောင်လက်သွား၏။ မျိုးစိတ်သစ်တဲ့လား...
သူ ရေဇလုံတစ်ခုနားသို့ လျှောက်သွားလိုက်ရာ မည်းမည်းသည်းသည်း ပျော့စိစိ အရာတစ်ခုကို တွေ့လိုက်ရသည်။
ပုံစံကြည့်ရသည်မှာ ရေကြီးခြင်း မဖြစ်ပွားမီက ပင်လယ်မျှော့နှင့် အတော်လေး တူလေသည်။
လင်းယွမ်က သံမဏိချောင်းတိုဖြင့် ထိုးကြည့်လိုက်ရာ အသက်ရှိသေးကြောင်း တွေ့ရသည်။
"ဒါ သန္ဓေပြောင်း သတ္တဝါလား"
လင်းယွမ် စိတ်ထဲတွင် သံသယဖြစ်နေစဉ် ထို ပင်လယ်မျှော့သတ္တဝါကြီးက အရည်တစ်မျိုးကို "ဗွက်" ခနဲ မှုတ်ထုတ်လိုက်လေသည်။
လင်းယွမ် လန့်ဖျပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။
ထိုအရည်များက ကြမ်းပြင်ပေါ်ကျသွားပြီး ဘေးနားရှိ ဂဏန်းတစ်ကောင်အပေါ်သို့ စင်သွားလေသည်။
ထိုဂဏန်းမှာ ချက်ချင်းပင် လက်များ ခြေထောက်များ ယက်ကန်ယက်ကန် ဖြစ်သွားသော်လည်း ခဏကြာသောအခါ ခြေလက်များမှာ ထိုအရည်နှင့် ကပ်ငြိသွားသကဲ့သို့ ဖြစ်လာပြီး လှုပ်ရှားရ ခက်ခဲလာတော့သည်။
မကြာမီ ထိုအရည်များ အစိုင်အခဲ ဖြစ်သွားပြီး ဂဏန်းမှာလည်း ကြမ်းပြင်တွင် ဂဟေဆော်ပြီး ကပ်ထားသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
လင်းယွမ် အံ့အားသင့်သွားလေ၏။ "ဒီအကောင်က... ကော်လိုမျိုးပါလား"
သူက သံမဏိချောင်းဖြင့် ဂဏန်းကို ရိုက်ကြည့်လိုက်ရာ ထိုအရည်များ အစိုင်အခဲဖြစ်သွားသော်လည်း ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိနေသေးကြောင်း တွေ့ရသည်။ ဂျယ်လီသကြားလုံးကဲ့သို့ ပျော့ပျောင်းပြီး ကွဲအက်လွယ်ခြင်း မရှိပေ။
လင်းယွမ် စိတ်ဝင်စားသွားကာ သစ်သီးလှီးဓားတစ်ချောင်း ယူလာပြီး အစိုင်အခဲဖြစ်သွားသော အရည်ကို လှီးဖြတ်ကြည့်လိုက်သည်။
အစိုင်အခဲကို မလေ့လာမီ အမှတ်ဆုံးရှုံးမည်စိုးသဖြင့် ဂဏန်းကို အရင်သတ်လိုက်သေး၏။
သစ်သီးလှီးဓားဖြင့် လှီးလိုက်သောအခါ နွားသားရေကို လှီးဖြတ်နေရသကဲ့သို့ ခံစားလိုက်ရပြီး အတော်လေး ခိုင်ခံ့မာကျောလေသည်။
ရန်မေက မလှမ်းမကမ်းမှ ရပ်ကြည့်ရင်း အံ့ဩစွာ ပြောလိုက်သည်။
"ဒီ ပင်လယ်မျှော့က ဘယ်လိုလုပ် ကော်တွေ မှုတ်ထုတ်တတ်ရတာလဲ"
လင်းယွမ်က မေးစေ့ကို ပွတ်ရင်း ပြောလိုက်၏။
"ပင်လယ်သတ္တဝါတွေက ဆန်းကြယ်တယ်... အခု သန္ဓေပြောင်းပြီး ဆင့်ကဲဖြစ်စဉ်တွေ ဖြစ်လာတော့ ထူးဆန်းတဲ့ အစွမ်းတွေ ပေါ်လာတာပေါ့"
ရန်မေက စိတ်ဝင်တစားဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ဟယ်... အမ စဉ်းစားမိလို့... မောင်လေးတို့ သစ်သားပြားတွေ တိုလွန်းလို့ စိတ်ညစ်နေကြတယ် မဟုတ်လား... ဒီအရည်ကို လောင်းပြီး အဲဒီသစ်သားပြားတွေကို ဆက်လိုက်ရင် ရမလား"
"ပြီးတော့ ကြည့်ရတာ ဒီအရည်က ကာကွယ်နိုင်စွမ်းလည်း မဆိုးဘူးနော်"
လင်းယွမ် ကြားလိုက်သည်နှင့် မျက်လုံးများ အရောင်လက်သွားတော့သည်။
"ဟုတ်သားပဲ... ဒီဟာက သဘာဝကော်ပဲဟ"
သူ ရယ်မောလိုက်ပြီး ဆွဲဆောင်မှုရှိလှသော ရန်မေကို ဖက်ကာ နမ်းလိုက်လေ၏။ "အမမေ... အမကတော့ ကျွန်တော့်ရဲ့ လာဘ်ကောင်လေးပါပဲဗျာ... မွ"
ရန်မေ မျက်နှာလေး ရဲသွားပြီး ရယ်မောလျက် ပြောလိုက်သည်။
"အမက ရုတ်တရက် စဉ်းစားမိလို့ပါ... ဒါနဲ့ ဒီဟာက ရေပေါ်ပေါ်နိုင်မလား ကြည့်ဦး... တကယ်လို့သာ ရေပေါ်ပေါ်နိုင်တယ်ဆိုရင် သိပ်ကောင်းသွားပြီ"
လင်းယွမ် မနေနိုင်ဘဲ သူမကို ထပ်မံ နမ်းလိုက်ပြန်သည်။
"လိမ္မာလိုက်တဲ့ ကောင်မလေး... အမက တော်တော် အသုံးဝင်တာပဲ"
သူသည် ချက်ချင်းပင် ဂဏန်းကို ဘေးနားမှ ရေပုံးထဲသို့ ပစ်ထည့်လိုက်၏။
ထင်ထားသည့်အတိုင်းပင် ကော်ကဲ့သို့သော အရာကြီးသည် ရေပေါ်တွင် ပေါလောပေါ်နေလေသည်။ ယင်းက ၎င်း၏ သိပ်သည်းဆသည် ရေထက် နည်းကြောင်း ပြသနေသည်။
လင်းယွမ် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ သိပ်သည်းဆနည်းပြီး ပေါ့ပါးသည့်အပြင် ပြင်းထန်သော ကပ်ငြိနိုင်စွမ်းလည်း ရှိသေးရာ သဘာဝကော်စစ်စစ်ပင် ဖြစ်လေ၏။
သူသည် ပင်လယ်မျှော့ကို ရတနာတစ်ပါးကဲ့သို့ ကြည့်လိုက်မိသည်။
"ဒီကောင်ကို ကောင်းကောင်း မွေးထားမှ ဖြစ်မယ်... သေလို့မဖြစ်ဘူး... ပင်လယ်မျှော့က ဘာစားလဲ မသိဘူး"
ရန်မေလည်း ပင်လယ်မျှော့ ဘာစားသည်ကို မသိပေ။
အားလုံးက ပင်လယ်မျှော့ကို စားဖူးကြသော်လည်း ပင်လယ်မျှော့က ဘာစားသည်ကိုတော့ မည်သူမျှ လေ့လာဖူးခြင်း မရှိကြချေ။
လင်းယွမ် စဉ်းစားပြီး ပြောလိုက်သည်။
"ခဏထားလိုက်ဦး... ဦးလေးမာတို့ကို မေးကြည့်ရမယ်"
"ကျွန်တော် အမှတ်တွေ အရင်ရှာ... အဲလေ... ငါးအရင်သတ်လိုက်ဦးမယ်"
ရန်မေက ခေါင်းညိတ်လိုက်၏။
"အဲဒါဆို အမ အမဝူတို့ကို သွားခေါ်လိုက်မယ်"
"သွား"
ထို့နောက် လင်းယွမ်သည် ငါးသတ်သည့် အစီအစဉ်ကို အမြန် စတင်လိုက်တော့သည်။
လက်ထဲမှ သံမဏိချောင်းတိုမှာ သွေးပြီးသားဖြစ်သဖြင့် ထက်မြက်သော လှံတိုတစ်ချောင်း ဖြစ်နေပြီဖြစ်သည်။
ချွန်ထက်သော ထိပ်ဖျားဖြင့် တစ်ချက်ထိုးလိုက်ရုံဖြင့် ငါးခေါင်းကို ဖောက်ထွင်းသွားလေ၏။
တစ်နာရီခန့် အလုပ်ရှုပ်ပြီးနောက် လင်းယွမ်သည် သန္ဓေပြောင်းသတ္တဝါအားလုံးကို သတ်ပစ်လိုက်နိုင်သည်။
သူ၏ အမှတ်များကို ကြည့်လိုက်သောအခါ မျက်နှာတွင် အပြုံးတို့ ဝေဆာသွားတော့သည်။
ယခု ငါးသတ်ခြင်းမှ စုစုပေါင်း အမှတ် ၉၀၅၇ မှတ် ရရှိခဲ့လေ၏။
မူလက လက်ကျန် ၃၇၁ မှတ်နှင့်ပေါင်းလိုက်လျှင် ယခု သူ့တွင် စုစုပေါင်း အမှတ် ၉၄၂၈ မှတ် ရှိနေပြီဖြစ်သည်။
အရည်အသွေးမှတ် ၉ ကြိမ်တိတိ မဲနှိုက်နိုင်ပြီ ဖြစ်ပေသည်။
"ထင်တဲ့အတိုင်းပဲ... လူများတော့ အားရှိတာပဲ... ဒီငါးတွေကို ငါတစ်ယောက်တည်း လိုက်ဖမ်းနေရရင် ဘယ်တော့ပြီးမလဲ"
လင်းယွမ် စိတ်ထဲတွင် ကြည်နူးသွားပြီး မနက်ဖြန်ကျလျှင် ၃၊ ၄၊ ၅၊ ၆ တိုက်တွဲများကို ချက်ချင်း ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။
သူသည် လူအားလုံးကို စည်းရုံးပြီး သူ့အတွက် ငါးဖမ်းခိုင်းကာ အမှတ်များများ ရှာဖွေရပေမည်။
"စနစ်... သတ်မှတ် အရည်အသွေးမှတ် မဲနှိုက်တာကို ဖွင့်... ၉ ကြိမ် ဆက်တိုက်နှိုက်မယ်"
လင်းယွမ် တွေဝေခြင်းမရှိဘဲ ဆက်တိုက်မဲနှိုက်သည့် ပုံစံကို စတင်လိုက်လေသည်။
မဲနှိုက်သည့် ဘီးဝိုင်းကြီး ပေါ်လာပြီး အရည်အသွေးမှတ် ၅ မျိုးတို့ လက်ခနဲ ဖြစ်သွားကြသည်။
နောက်တစ်ခဏ၌ စနစ်ထံမှ သာယာနာပျော်ဖွယ်ကောင်းသော အသံ ၉ ကြိမ် ထွက်ပေါ်လာတော့၏။
[ဒင်... သင် အလျင် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် အလျင် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ဘုံအရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ခွန်အား ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် အလျင် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ခွန်အား ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် ဘုံအရည်အသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် စိတ်စွမ်းအင် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် စိတ်စွမ်းအင် ၁ မှတ် မဲပေါက်သွားပါသည်]
၉ ကြိမ်တိတိ အချက်ပေးသံ ထွက်ပေါ်လာပြီးနောက် လင်းယွမ် ရလဒ်ကို အလျင်အမြန် ကြည့်လိုက်သည်။
၉ ကြိမ် မဲနှိုက်ရာတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးမှတ် တစ်မှတ်မှ မပါလာခဲ့ချေ။
အလျင် ၃ မှတ်၊ ခွန်အား ၂ မှတ်၊ စိတ်စွမ်းအင် ၂ မှတ်နှင့် ဘုံအရည်အသွေးမှတ် ၂ မှတ်တို့ ဖြစ်ကြသည်။
အရည်အသွေးမှတ်များသည် သက်ဆိုင်ရာ နေရာများသို့ အလိုအလျောက် ရောက်ရှိသွားကြ၏။
လင်းယွမ်၏ ခန္ဓာကိုယ်တွင် ပူနွေးသော စီးကြောင်းများ လည်ပတ်သွားပြီး ဦးခေါင်းထဲတွင် အေးမြမှုများ ခံစားလိုက်ရသည်။
သူ၏ အချက်အလက်များသည် လျင်မြန်စွာ တိုးတက်လာပြီး ခန္ဓာကိုယ်အစွမ်းများလည်း လျင်မြန်စွာ ပြောင်းလဲလာတော့သည်။
လင်းယွမ်သည် ခန္ဓာကိုယ်အတွင်း ကိန်းအောင်းနေသော ကြီးမားလှသည့် စွမ်းအားများကို ခံစားလိုက်ရပြီး စိတ်ထဲတွင် ဝမ်းသာသွားမိ၏။
ကျန်ရှိနေသော ဘုံအရည်အသွေးမှတ် ၂ မှတ်ကို ကြည့်ပြီး တွေဝေခြင်းမရှိဘဲ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းတွင် ပေါင်းထည့်လိုက်လေသည်။
ချက်ချင်းပင် အရည်အသွေးမှတ်တမ်း မျက်နှာပြင် ပြောင်းလဲသွားပြီး အချက်အလက်များ ပြောင်းသွားကြသည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၄.၈
ခွန်အား - ၄.၉
အလျင် - ၄.၈
စိတ်စွမ်းအင် - ၇.၇
သန္ဓေပြောင်းလဲနှုန်း - ၁၈%
အမှတ် - ၄၂၈ မှတ်
[ဒင်... သင့်ရဲ့ သန္ဓေပြောင်းလဲမှု ၁၀% ကျော်သွားသဖြင့် အစွမ်းနိုးထနိုင်ခြေ မြင့်တက်လာပါပြီ]
ရုတ်တရက် စနစ်မှ အချက်ပေးသံ ထွက်ပေါ်လာရာ လင်းယွမ် ရင်တုန်သွားလေ၏။
အခြား အရည်အသွေးမှတ် အပြောင်းအလဲများကို ဂရုမစိုက်နိုင်တော့ဘဲ သန္ဓေပြောင်းလဲမှု အပိုင်းကို အလျင်အမြန် ကြည့်လိုက်သည်။
သန္ဓေပြောင်းလဲမှုသည် ၁၈% အထိ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။
လင်းယွမ်သည် စနစ်၏ အချက်ပေးစာကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို ခန့်မှန်းလိုက်မိသည်။
"သန္ဓေပြောင်းအစွမ်း နိုးထမယ့် တံခါးဝက သန္ဓေပြောင်းလဲနှုန်း ၁၀% ပေါ့လေ"
"ဒါဆိုရင် တင်းယန်၊ ဝမ်ယန်မေ၊ ရွှီလိဟွာတို့ အဲဒီတုန်းက ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းလဲနှုန်း ၁၀% ရောက်နေကြပြီပေါ့"
"အခုလောက်ကြာသွားပြီဆိုတော့ တင်းယန်ရဲ့ ခန္ဓာကိုယ်ထဲမှာ သန္ဓေပြောင်းလဲနှုန်း ဘယ်လောက် ရောက်နေပြီလဲ မသိဘူး"
"သူတို့ရဲ့ အစွမ်းက သန္ဓေပြောင်းလဲနှုန်း ပမာဏနဲ့ ဆိုင်နေမလား"
လင်းယွမ် စိတ်ထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်နေသော်လည်း လောလောဆယ်တွင် သူ၏ ခန့်မှန်းချက်များသာဖြစ်ပြီး သက်သေမပြနိုင်သေးပေ။
"ငါ့ရဲ့ လက်ရှိအစွမ်းကို စမ်းကြည့်ရမယ်"
လင်းယွမ် မတ်တတ်ရပ်လိုက်ပြီး သံမဏိလှံတိုနှင့် သစ်သီးလှီးဓားတစ်ချောင်းကို ယူဆောင်ကာ ခေါင်မိုးထပ်သို့ တက်လာခဲ့လိုက်သည်။
ညဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး ခေါင်မိုးထပ်၌ လူသူကင်းမဲ့နေ၏။
အမှောင်ထုထဲတွင် မိုးခြိမ်းသံများ ရံဖန်ရံခါ ထွက်ပေါ်နေသည်။
"ပထမဆုံး ငါ့ရဲ့ ခံနိုင်ရည်... ခံနိုင်ရည်တိုးလာရင် အမောခံနိုင်ရုံတင်မကဘူး... ကာကွယ်နိုင်စွမ်းနဲ့ နှလုံး၊ အဆုတ် အစွမ်းတွေလည်း တက်လာမှာ"
"ငါ့ရဲ့ ကာကွယ်နိုင်စွမ်း ဘယ်လိုရှိလဲ ကြည့်ရအောင်"
လင်းယွမ်က သစ်သီးလှီးဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး လက်ဖဝါးကို အနည်းငယ် အားစိုက်ကာ လှီးချလိုက်သည်။
မည်သည့် နာကျင်မှုကိုမျှ မခံစားရဘဲ လက်ဖဝါးပြင်ပေါ်တွင် ဖြူဖျော့ဖျော့ ဓားရာတစ်ခုသာ ထင်ကျန်ရစ်လေသည်။
ကြည့်ရသည်မှာ လက်သည်းဖြင့် ကုတ်လိုက်သကဲ့သို့သော ပုံစံမျိုးပင် ဖြစ်၏။
လင်းယွမ် မျက်ခုံးပင့်သွားပြီး အားနည်းနည်း ထပ်ထည့်လိုက်သည်။
လက်ဖဝါးမှ အဖြူရာလေး အနည်းငယ် နက်သွားပြီး နီရဲလာသည်။
လင်းယွမ် ရယ်မောလိုက်မိ၏။ "ဒီလောက် ကာကွယ်နိုင်စွမ်းမျိုးဆိုရင် သာမန်လူတစ်ယောက်က ဓားကိုင်ပြီး အကုန်အားစိုက်ခုတ်ရင်တောင် ငါ့ကို ဒဏ်ရာရအောင်လုပ်ဖို့ ခက်သွားပြီ"
သူ ရုတ်တရက် အကြံတစ်ခု ရသွားပြီး ကိုယ်ပေါ်တွင် ပါလာသော သံရိုက်သေနတ်ကို ထုတ်ကာ သူ့လက်ဖဝါးကို ချိန်လိုက်သည်။
"အခုဆိုရင်သံရိုက်သေနတ်ရဲ့ ဒဏ်ကိုတောင် ခံနိုင်လောက်ပြီ ထင်တယ်"
သူ တစ်ချက်တွေဝေသွားပြီးမှ မောင်းခလုတ်ကို ဆွဲလိုက်လေ၏။
"ဝှစ်"
သံချောင်းတစ်ချောင်း အရှိန်ဖြင့် ထွက်သွားပြီး လင်းယွမ်၏ လက်ဖဝါးတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
သူ လက်ကို အမြန်ပြန်ရုပ်ကာ ကြည့်လိုက်သည်။
လက်ဖဝါးပြင်တွင် အနီရောင်အစက်ကလေးတစ်ခု ဖြစ်နေပြီး သွေးစကလေးများ စိမ့်ထွက်လာသည်ကို တွေ့ရ၏။
ပုံစံမှာ သာမန်လူတစ်ယောက် ပျားတုပ်ခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။
လင်းယွမ် ရယ်မောလိုက်မိပြီး သံချောင်းကို ကြည့်လိုက်သည်။
မူလက ချွန်ထက်သော သံချောင်းသည် ထိပ်ဖျား တုံးသွားပြီး ဖြောင့်တန်းသော ကိုယ်ထည်မှာလည်း အနည်းငယ် ကွေးကောက်သွားလေသည်။
"နာတာတော့ ရှိပေမယ့် တကယ် ကာကွယ်နိုင်တာပဲ"
သူ့စိတ်ထဲတွင် ဝမ်းသာသွားသည်။ ဤသည်မှာ သံရိုက်သေနတ်ဖြစ်ပြီး ပစ်လိုက်သည့် ဖျက်ဆီးအားက သာမန်လူတစ်ယောက် ဓားနှင့်ခုတ်ခြင်းထက် အများကြီး ပိုပြင်းထန်သည်။
သူ ပထမဆုံးအကြိမ် လုံခြုံမှုရှိသည်ဟု ခံစားလိုက်ရတော့သည်။
"ငါ့ရဲ့ ခွန်အားဘယ်လို ပြောင်းလဲသွားလဲ ကြည့်ရအောင်"
လင်းယွမ် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ စတီးလ်ရေလှောင်ကန်ကြီးတစ်ခုဆီသို့ အကြည့်ရောက်သွားသည်။
ထို စတီးလ်ကန်ကြီးသည် အမြင့် ၇ ပေခန့်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံး ရေပူစက်မှ ရေလှောင်ကန်ဖြစ်ပုံ ရသည်။
ရေအပြည့်ဖြည့်ထားသော ရေလှောင်ကန်တစ်ခုသည် အလေးချိန် ၃ တန်ခန့် ရှိလေ၏။
သူသည် အောက်ဘက်ရှိ ဒေါက်တိုင်ကို လှမ်းဆွဲလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"ဟိတ်"
အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်ပြီး လင်းယွမ် ရုတ်တရက် အားစိုက်လိုက်ရာ လက်မောင်းနှစ်ဖက်မှ ကြွက်သားများ ဖောင်းကြွလာပြီး သွေးကြောများ ထောင်ထလာကာ လက်ချောင်းငါးချောင်းဖြင့် ဒေါက်တိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်လေသည်။
လက်မောင်းတစ်လျောက် အကြောများ ပြိုင်းပြိုင်းထကာ ကြွက်သားအမြှောင်းလိုက် ပေါ်လာတော့၏။
နောက်တစ်ခဏ၌ အလေးချိန် ၃ တန်ခန့်ရှိသော ရေလှောင်ကန်ကြီးသည် မြေကြီးပေါ်မှ ကြွတက်လာပြီး တဖြည်းဖြည်း မြောက်တက်လာလေတော့သည်။
ဆက်ရန်...