← Chapters

အခန်း (၉၉-၁၀၀)

Vol. 5 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 5 Ch. 99-100

အပိုင်း (၉၉) ဆုန့်ဝမ် အစွမ်းနိုးထလာခြင်း၊ ချန်ဟုန်၏ အဖြစ်ဆိုးနှင့် သန္ဓေပြောင်း ရေဘဝဲကြီး

လွန်ခဲ့သော တစ်မိနစ်ခန့်ဆီသို့ .....

ဆုန့်ဝမ်၊ လျှိုဖိန်ဖိန်၊ လျှိုတနန်နှင့် ဟူဝေမင်တို့ လေးယောက်သား အတူတကွ ငါးဝိုင်းဖမ်းနေကြခြင်း ဖြစ်သည်။

ဒီတစ်ခေါက် ပိုက်ကွန်ဆွဲရာမှာတော့ မထင်မှတ်ဘဲ ခရုခွံကြီးတစ်ခု ပါလာခဲ့၏။

ဆုန့်ဝမ်က လင်းယွမ် ကမ်းလှမ်းထားသည့် ဈေးကောင်းကို သတိရသွားပြီး ဝမ်းသာအားရ ဖြစ်သွားကာ ခရုခွံကြီးကို ဆယ်ယူရန် ချက်ချင်း ရှေ့တိုးလိုက်သည်။

ထိုအချိန်မှာပင် ချန်ဟုန်နှင့် လူတစ်စုက တံခါးသော့ကို ဖျက်ဆီးကာ ဝင်ရောက် စီးနင်းလာကြတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ခြည်း ပရမ်းပတာ ဖြစ်သွားပြီး အော်ဟစ်ငိုယိုသံများ ဆက်တိုက် ထွက်ပေါ်လာ၏။

ဆုန့်ဝမ်တို့အဖွဲ့လည်း ကြောက်လန့်တကြား ဖြစ်ကုန်ကြပြီး အချို့က လင်းယွမ်သည် ၎င်းတို့အား အလွတ်ပေးမည် မဟုတ်ကြောင်း အော်ဟစ် သတိပေးကြသည်။

သို့သော် ချန်ဟုန်နှင့် လူတစ်စုက လင်းယွမ်၏ အရှိန်အဝါကို ဂရုမစိုက်ဘဲ မဲ့ပြုံးပြုံးကာ လူများကို ခုတ်ဖြတ် တိုက်ခိုက်ကြတော့သည်။

ချန်ဟုန်၏ တပည့်တစ်ယောက်က ဓားဖြင့် လျှိုဖိန်ဖိန်အား ခုတ်ပိုင်းရန် ရွယ်လိုက်သည်ကို မြင်လိုက်ရ၏။

ဆုန့်ဝမ်က အချိန်ဆွဲမနေတော့ဘဲ ခရုခွံကြီးကို ဒိုင်းအဖြစ်အသုံးပြုကာ လျှိုဖိန်ဖိန့် ရှေ့မှ ကာပေးလိုက်၏။

ထိုလူမိုက်၏ ခွန်အားက မသေးလှပေ။ ဓားချက်ကြောင့် ခရုခွံကြီး ကွဲအက်သွားလေသည်။

ခရုခွံကြီး ပါးစပ်ဟသွားပြီး ထိုလူ၏ လက်မောင်းကို ညှပ်လိုက်သည့်အပြင် ပုလဲစိမ်းတစ်လုံးပါ ပြုတ်ကျလာခဲ့သည်။

ထိုလူမိုက်မှာ နာကျင်သွားပြီး ဒေါသတကြီးဖြင့် လက်မောင်းကို ခါရမ်းလိုက်၏။

ထိုအခါ ပုလဲစိမ်းလေးက ခရုခွံထဲတွင် တစ်ပတ်လည်သွားပြီး အကွဲကြောင်းကြားမှ တစ်ဆင့် အရှိန်ဖြင့် လွင့်ထွက်လာကာ ဆုန့်ဝမ် ပါးစပ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေတော့၏။

ဆုန့်ဝမ်မှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ မတော်တဆ မျိုချမိလျက်သား ဖြစ်သွားသည်။

ထို့နောက် သူမတစ်ကိုယ်လုံး ထူးဆန်းသော နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရပြီး ကိုယ်ခန္ဓာထဲတွင် အပူစီးကြောင်းတစ်ခု စီးဆင်းနေသကဲ့သို့ ဖြစ်လာသည်။

သူမလက်တွင် ခရုခွံရှပ်မိ၍ ပြတ်ရှသွားသော ဒဏ်ရာမှာ မျက်စိရှေ့မှာပင် အနာဖေးတက်ကာ သွေးတိတ်သွားလေ၏။

ထိုလူမိုက်က ဒေါသတကြီး အော်ဟစ်ရင်း ခရုခွံကြီးကို ခါထုတ်မရသဖြင့် ခရုခွံနှင့်အတူ ဆုန့်ဝမ်အား ရိုက်ချလိုက်တော့သည်။

ဆုန့်ဝမ်က ကြောက်လန့်တကြား အော်ဟစ်ကာ ခေါင်းကို လက်ဖြင့်ကာပြီး ရှောင်လိုက်သော်လည်း သူမနောက်ရှိ လျှိုဖိန်ဖိန်၏ ခေါင်းကို ရိုက်မိလျက်သား ဖြစ်သွားသည်။

လျှိုဖိန်ဖိန်မှာ ရိုက်ချက်ကြောင့် မျက်ဖြူလန်သွားပြီး မြေပြင်ပေါ်သို့ "ဘုန်း" ခနဲ လဲကျသွားရှာ၏။

ဆုန့်ဝမ်မှာ ထိတ်လန့်သွားပြီး လျှိုဖိန်ဖိန်ကို ဆွဲထူရန် ပြင်လိုက်သည်။

ထိုစဉ် လူသတ်၍ သွေးကြွနေသော ချန်ဟုန်က ပြေးဝင်လာပြီး ဆုန့်ဝမ်ကို ဓားဖြင့် ခုတ်ပိုင်းရန် ရွယ်လိုက်ပြန်သည်။

ဆုန့်ဝမ်က ထိတ်လန့်တကြားဖြင့် အသိစိတ်မဲ့စွာ လက်ကို မြှောက်ကာလိုက်မိ၏။

ထိုအခါ သူမ၏ လက်ဝါးပြင်မှ အစိမ်းရောင် အလင်းတန်းများ လင်းလက် တောက်ပလာသည်ကို တွေ့လိုက်ရသည်။

ရုတ်တရက် အစိမ်းရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ရေအောက်မှ ဧရာမ အစိမ်းရောင် ရေညှိမျှင်ကြီးတစ်ခု ရေကိုခွဲကာ ထိုးထွက်လာတော့သည်။

ဤမျှ ထူးခြားဆန်းပြားသော အပြောင်းအလဲကြောင့် လူသတ်ရာတွင် လက်ယဉ်နေသော ချန်ဟုန်ပင်လျှင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

အစိမ်းရောင် ရေညှိမျှင်ကြီး၏ ရိုက်ချက်ကြောင့် ချန်ဟုန်မှာ လွင့်ထွက်သွားလေတော့သည်။

ချန်ဟုန်၏ ခန္ဓာကိုယ်က သန်မာသဖြင့် ရိုက်ချက်ကြောင့် ထိခိုက်ဒဏ်ရာ မရလိုက်ဘဲ လျင်မြန်စွာ ပြန်ထလာနိုင်သည်။

သူက ရေညှိမျှင်ကြီးကို လှမ်းကြည့်လိုက်ရာ သာမန်ဖဲပြားမဟုတ်ဘဲ ပင်လယ်ရေမှော်ပင်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

အံ့အားသင့်နေစဉ်မှာပင် ဆုန့်ဝမ်လက်မှ အစိမ်းရောင် အလင်းတန်းကို ကြည့်မိပြီး ရင်တစ်ခုလုံး တဒိန်းဒိန်း ခုန်လာတော့သည်။

ထိုအချိန်တွင် လျှိုတနန်နှင့် ဟူဝေမင်တို့ ရောက်ရှိလာကြပြီး မိန်းကလေး နှစ်ယောက်ရှေ့မှ ကာပေးလိုက်ကြ၏။

နှစ်ဖက် ထိပ်တိုက်တွေ့နေကြပုံမှာ လင်းယွမ် စတင် မြင်တွေ့လိုက်ရသည့် မြင်ကွင်းပင် ဖြစ်လေသည်။

"မသေချင်ရင် ဖယ်ကြစမ်း"

ချန်ဟုန်က စိုးရိမ်စိတ်ကို ဖိနှိပ်ကာ ဖရဲသီးခွဲသည့်ဓားဖြင့် လျှိုတနန်နှင့် ဟူဝေမင်တို့ကို ချိန်ရွယ်လိုက်သည်။

လျှိုတနန်နှင့် ဟူဝေမင်တို့မှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကြပြီး ခြေထောက်များပင် တုန်ယင်နေကြရှာ၏။

လျှိုတနန်က "မင်း... မင်းတို့ မဟုတ်တာတွေ မလုပ်ကြနဲ့နော်... ဒီနေရာက လင်းယွမ်ပိုင်တာ... သူ... မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

ဟူဝေမင်ကလည်း ထောက်ခံကာ "ဟုတ်တယ်... ဟုတ်တယ်... လင်းယွမ်က မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး" ဟု အော်ပြောလိုက်သည်။

ချန်ဟုန်က မဲပြုံးပြုံးရင်း "လင်းယွမ် ဟုတ်လား... မင်းတို့ကို ရှင်းပြီးတာနဲ့ သူ့ဆီ ငါလာခဲ့မယ်"

"တက်ကြ"

သူက လက်ကို ဝှေ့ယမ်းပြလိုက်ရာ သူ၏ နောက်ပါ လူမိုက်များက ဓားများကို ကိုင်ဆောင်ကာ ပြေးဝင်လာကြတော့သည်။

"ဝှီးးးးးးးးးး"

လေကို ခွင်းသော အသံတစ်ခု လှေကားဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာ၏။

ချန်ဟုန် ဘာမှ မလုပ်နိုင်ခင်မှာပင် သူ့တပည့်တစ်ယောက်၏ ခေါင်းမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။

"ဒေါင်"

သံတုတ်တစ်ချောင်းက ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ စိုက်ဝင်သွားပြီး ရေပွက်များနှင့်အတူ ဦးနှောက်စများပါ လွင့်စင်သွားကြ၏။

ထို့နောက် လူရိပ်တစ်ခု လှေကားပေါ်မှ ခုန်ဆင်းလာပြီး ရေထဲသို့ ကျသွားလေသည်။

ထိုလူ၏ ခန္ဓာကိုယ်မှာ သန်မာထွားကျိုင်းကာ ကြွက်သားများဖြင့် ပြည့်နှက်နေပြီး မျက်နှာထား တည်ကြည်အေးစက်လျက် မျက်လုံးများက လျှပ်စီးသဖွယ် စူးရှနေ၏။

"လင်းယွမ်"

ဆုန့်ဝမ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

ဟူဝေမင်နှင့် လျှိုတနန်တို့လည်း ဝမ်းသာသွားကြပြီး "လင်းယွမ်" ဟု ပြိုင်တူ ခေါ်လိုက်ကြ၏။

ပြေးဝင်လာကြသော လူမိုက်များသည် လင်းယွမ်၏ အရှိန်အဝါကြောင့် ခြေလှမ်းများ တုံ့ဆိုင်းသွားကြပြီး ခေါင်းပွင့်ထွက်သွားသော အလောင်းကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြသည်။

ထို့နောက် ကြမ်းပြင်ပေါ် စိုက်ဝင်နေသော သံတုတ်ကို ကြည့်ကာ လေအေးတစ်ချက် ရှိုက်မိပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြ၏။

ချန်ဟုန်၏ မျက်နှာထားလည်း ပြောင်းလဲသွားသည်။ ခေါင်းပြတ်နေသော အလောင်းနှင့် တစ်မိုက်ခန့် နက်ဝင်အောင် စိုက်ဝင်နေသော သံတုတ်ကို ကြည့်ရင်း အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

သူက လင်းယွမ်ကို မော့ကြည့်ရင်း တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ဘာပြောရမှန်း မသိ ဖြစ်နေ၏။

လင်းယွမ်က ထိုလူအုပ်စုကို အေးစက်စွာ ကြည့်ရင်း "ချန်ဟုန် ဆိုတာမင်းလား... ခုနက ငါ့ကို လာရှာမယ်လို့ ပြောလိုက်တာလား"

သူက တစ်ဖက်လူများဆီသို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်သွားလိုက်သည်။

သူ ရှေ့တစ်လှမ်း တိုးလေတိုင်း တစ်ဖက်လူများက ကြောက်လန့်တကြား နောက်တစ်လှမ်း ဆုတ်လေ ဖြစ်နေကြ၏။

ချန်ဟုန်လည်း ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်လာပြီး နောက်သို့ အနည်းငယ် ဆုတ်ကာ "မင်းက သန္ဓေပြောင်း အစွမ်းရှိနေတာလား" ဟု မေးလိုက်သည်။

လင်းယွမ်က လက်ကို ဆန့်ထုတ်ကာ ကြမ်းပြင်ပေါ်မှ သံတုတ်ကို ဆွဲနှုတ်လိုက်ပြီး "မင်းက သန္ဓေပြောင်း အစွမ်းအကြောင်း သိနေပါလား... ဒါဆို မင်းနောက်က ဝမ်ကျဲဆိုတဲ့ကောင်ကလည်း သန္ဓေပြောင်း အစွမ်းရှိတဲ့သူ ဖြစ်လောက်တယ်" ဟု လှောင်ပြုံးဖြင့် ပြောလိုက်၏။

ချန်ဟုန်မှာ စကားမှားသွားမှန်း သိလိုက်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။

ထို့နောက် သူက "တက်စမ်း... တက်ကြစမ်း... သူ့ကို သတ်နိုင်တဲ့လူကို ဆန်တစ်အိတ် ပေးမယ်... ငါပြောတဲ့အတိုင်း ပေးမယ်" ဟု အော်ဟစ် အမိန့်ပေးလိုက်သည်။

သူ အော်ဟစ်နေသော်လည်း မည်သူမျှ မလှုပ်ရဲကြပေ။

အကြောင်းမှာ လင်းယွမ်က သံတုတ်ကို ဆွဲနှုတ်ပြီး သူတို့ကို အေးစက်စွာ စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။

ချန်ဟုန်က ဒေါသထွက်သွားပြီး သူ့ရှေ့မှ တပည့်နှစ်ယောက်ကို တွန်းထုတ်ကာ "တက်လေကွာ" ဟု ဆဲဆိုလိုက်၏။

ထိုနှစ်ယောက်မှာ ရှေ့သို့ ရောက်သွားပြီး နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။

နှစ်ယောက်သား တစ်ချက် ကြည့်လိုက်ကြပြီး ရက်စက်သော အမူအရာများ ပေါ်လာကာ အံကိုတင်းတင်းကြိတ်၍ အော်ဟစ်လိုက်ကြသည်။

"သေစမ်းကွာ"

"သေပေတော့"

နှစ်ယောက်သား ဘယ်ညာ ခွဲကာ ပြေးဝင်လာကြပြီး တစ်ယောက်က လင်းယွမ်၏ ခေါင်းကို ဓားဖြင့် ခုတ်ရန်၊ နောက်တစ်ယောက်က ဗိုက်ကို ထိုးရန် ရွယ်လိုက်ကြသည်။

ထိုနှစ်ယောက်မှာ လူသတ်ဖူးသူများ ဖြစ်ပြီး တိုက်ခိုက်ရာတွင် အတွေ့အကြုံ ရှိသူများ ဖြစ်ကြသည်။

သို့သော် ဤအရာအားလုံးက လင်းယွမ်၏ မျက်လုံးထဲတွင် အလွန်နှေးကွေးနေ၏။

လင်းယွမ်၏ စိတ်စွမ်းအင်က (၇.၇) အထိ ရှိနေသဖြင့် သာမန်လူတစ်ယောက်၏ တွေးခေါ်နိုင်စွမ်းထက် ခုနစ်ဆမျှ ပိုမြန်နေသည်။

ထိုလူများ၏ လှုပ်ရှားမှု၊ ခြေလှမ်း၊ အသက်ရှူသံများ အပါအဝင် အရာအားလုံးက လင်းယွမ်အတွက် ခုနစ်ဆမျှ နှေးကွေးသွားသကဲ့သို့ ဖြစ်နေတော့သည်။

"ဝှီးးးးးး"

လင်းယွမ် လှုပ်ရှားလိုက်သည်နှင့် လေခွင်းသံများ ထွက်ပေါ်လာ၏။

"ဘုန်း"

"ရွှပ်"

အသံနှစ်သံ ထွက်ပေါ်လာပြီး မည်သူမျှ လင်းယွမ်၏ လှုပ်ရှားမှုကို သေချာ မမြင်လိုက်ရဘဲ လင်းယွမ်က ထိုနှစ်ယောက်ကို ကျော်လွန်သွားပြီး ဖြစ်နေသည်။

ထိုနှစ်ယောက်မှာ ကြောင်တောင်တောင်ဖြင့် ယိုင်နဲ့နဲ့ ဖြစ်သွားကြသည်။ မျက်စိလျင်သူ တစ်ယောက်က လက်ဝဲဘက်မှ လူ၏ ခေါင်းမှာ သံတုတ်ဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်ကို တွေ့လိုက်ရ၏။

ညာဘက်မှ လူ၏ ခန္ဓာကိုယ်ပေါ်တွင်မူ မည်သည့် ဒဏ်ရာမှ မတွေ့ရပေ။

သို့သော် နှစ်ယောက်စလုံး "ဘုန်း" ခနဲ မြေပြင်ပေါ်သို့ ပြိုင်တူ လဲကျသွားကြသည်။

လင်းယွမ်က လှည့်ပင် မကြည့်တော့ဘဲ ချန်ဟုန်ကို ကြည့်ကာ "မင်းအလှည့်ပဲ" ဟု ပြောလိုက်၏။

ချန်ဟုန်မှာ ကြက်သီးမွေးညှင်းများ ထသွားပြီး "ခွန်အားအမျိုးအစားလား... မဟုတ်ဘူး... အမြန်နှုန်း အမျိုးအစားပဲ" ဟု တွေးလိုက်မိသည်။

"ပြေး... မြန်မြန်ပြေးမှ"

သူ ရုတ်တရက် လှည့်ပြေးတော့သည်။ ခါတိုင်းအချိန်များတွင် လူသတ်ရာ၌ မျက်တောင်မခတ်ခဲ့သူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ တွေဝေခြင်း မရှိဘဲ ထွက်ပြေးရန် ရွေးချယ်လိုက်လေပြီ။

သာမန်လူများကို သတ်ဖြတ်ရာတွင် ကြက်ကလေး ငှက်ကလေးများကို သတ်သကဲ့သို့ ညှာတာမှုမရှိသူ ဖြစ်သော်လည်း လင်းယွမ်နှင့် တွေ့သောအခါတွင်မူ သူကိုယ်တိုင်က ကြက်ကလေး ငှက်ကလေး ဖြစ်သွားရရှာသည်။

ယခုအချိန်တွင် လူသတ်ကောင် ဟူသော ဂုဏ်ပုဒ်များ၊ လူမိုက်များ၏ အစ်ကိုကြီး ဆိုသည့် အခေါ်အဝေါ်များ၊ ဂုဏ်ရောင်များ အားလုံး အသုံးမဝင်တော့ပေ။

သူ အမြန်ဆုံး ထွက်ပြေးချင်ရုံသာ ရှိတော့သည်။

သန္ဓေပြောင်း အစွမ်းပိုင်ရှင်များ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သူ အသိဆုံး ဖြစ်သည်။

"အား"

"အစ်ကိုချန်... ကယ်ပါဦး"

"အသက်ချမ်းသာပေးပါ... အသက်"

သူ့နောက်မှ တပည့်များ၏ အော်ဟစ် ငိုယိုသံများ ဆက်တိုက် ထွက်ပေါ်နေ၏။

သို့သော် မည်သူမျှ စကားတစ်ခွန်းကို ဆုံးအောင် ပြောနိုင်ခြင်း မရှိကြပေ။

ချန်ဟုန်တစ်ယောက် ကျောချမ်းသွားပြီး သေမထူး နေမထူး ပုံစံဖြင့် ထွက်ပြေးနေတော့သည်။

"ပြေး... အမြန်ပြေး"

"သူ့လက်ထဲ မိသွားရင် ငါသေလိမ့်မယ်"

အတွေးများ လည်နေပြီး သူ့ခြေဖနောင့်က တင်ပါးကို ရိုက်မိလုမတတ် အစွမ်းကုန် ပြေးနေရှာ၏။

ထွက်ပြေးနေပုံမှာ အလွန်ပင် သနားကမား နိုင်လှသည်။

"ရွှပ်"

ရုတ်တရက် အသံတစ်သံ ကြားလိုက်ရပြီးနောက် ချန်ဟုန်၏ ခြေထောက်တစ်ဖက် ထုံကျင်သွားသည်ကို ခံစားလိုက်ရ၏။

သူ့ခန္ဓာကိုယ်က ထိန်းချုပ်မရတော့ဘဲ ရှေ့သို့ လဲကျသွားတော့သည်။

"ဒုန်း"

ခေါင်းနှင့် ကြမ်းပြင် ဆောင့်မိသွားပြီး ခေါင်းကွဲကာ သွေးများ စီးကျလာသည်။

"အား"

နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး အမြန် ပြန်ထရန် ကြိုးစားလိုက်၏။

သို့သော် ဘယ်ဘက်ခြေထောက်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

လှည့်ကြည့်လိုက်သောအခါ ကြောက်လန့်တကြား အော်ဟစ်လိုက်မိ၏။ "ငါ့ခြေထောက်... ငါ့ခြေထောက်"

သူ့ဘယ်ဘက် ခြေထောက် ဒူးအောက်ပိုင်းကို ပုဆိန်တစ်လက်က ပိုင်းဖြတ်သွားခြင်း ဖြစ်နေသည်။

ပုဆိန်မှာ ကြမ်းပြင်ပေါ် စိုက်ဝင်နေပြီး ခြေသလုံးတစ်ပိုင်းမှာ သွေးသံရဲရဲဖြင့် ဘေးသို့ လွင့်စင်သွားလေပြီ။

ချန်ဟုန်မှာ အလွန်ကြောက်လန့်သွားပြီး လက်နှစ်ဖက်ဖြင့် ခန္ဓာကိုယ်ကို ထူမကာ ခြေထောက်တစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွ လုပ်ရင်း နံရံကို ကိုင်၍ ဆက်လက် ထွက်ပြေးရန် ကြိုးစားနေသည်။

ပြေးရင်းလွှားရင်း သူက အော်ဟစ်ပြောဆိုနေ၏။ "ငါက အစ်ကိုဝမ်ရဲ့ လူနော်... မင်း ငါ့ကို သတ်လို့မရဘူး... မင်း ငါ့ကို သတ်ရင် အစ်ကိုဝမ်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

"အစ်ကိုဝမ်ကလည်း သန္ဓေပြောင်း အစွမ်းပိုင်ရှင်ပဲ... မင်း သူ့ကို နိုင်မှာ မဟုတ်ဘူး... သူ မင်းကို သတ်လိမ့်မယ်"

သူက အော်ဟစ် ခြိမ်းခြောက်နေရှာသည်။

လင်းယွမ်က အေးအေးဆေးဆေးပင် လိုက်လာ၏။

သူ့လက်ထဲတွင် သံတုတ်ကို ပြန်လည် မြှောက်ထားလိုက်ပြီ ဖြစ်သည်။

"ဝှီးးးးးးးး"

သံတုတ်ကို ပစ်လွှတ်လိုက်ရာ လေခွင်းသံ ထွက်ပေါ်လာ၏။

ထိုသံတုတ်က ချန်ဟုန်၏ ရင်ဘတ်ကို တန်းတန်းမတ်မတ် ဖောက်ထွင်းသွားလေတော့သည်။

ချန်ဟုန်မှာ အော်ဟစ်ညည်းညူရင်း ကြမ်းပြင်ပေါ်သို့ ထပ်မံ လဲကျသွားပြန်သည်။

သူ မသေသေးပေ။ လက်ရော ခြေထောက်ပါ အသုံးပြု၍ တွားသွားနေဆဲ ဖြစ်သည်။

စင်္ကြံလမ်းတစ်ခုလုံး သွေးများဖြင့် ရဲရဲနီနေပြီး ပင်လယ်ရေထဲသို့ စီးဝင်ကာ ဘေးနှစ်ဖက်ရှိ ရေကြီးနေသော နေရာများဆီသို့ ပျံ့နှံ့သွား၏။

ထိုအရာက သန္ဓေပြောင်း ငါးအုပ်စုကြီးကို ဆွဲဆောင်လိုက်သလို ဖြစ်သွားပြီး ရေထဲတွင် ငါးများ ဥဒဟို သွားလာ လှုပ်ရှားနေကြသည်။

လင်းယွမ်က ချန်ဟုန်၏ အနောက်သို့ လျှောက်လာပြီး သူ့ကျောကုန်းကို ခြေထောက်ဖြင့် နင်းထားလိုက်၏။

ချန်ဟုန်က လက်နှစ်ဖက်ဖြင့် ကုတ်ကပ် ယက်ကန်နေသည်။ လူသတ်ရာတွင် မျက်တောင်မခတ်ခဲ့သူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး မျက်ရည်၊ နှာရည်များ စီးကျနေရှာသည်။

"အသက်ချမ်းသာပေးပါ... ကျွန်တော့်ကို လွှတ်ပေးပါ... နောက် မလုပ်ရဲတော့ပါဘူး... တကယ် မလုပ်ရဲတော့ပါဘူး"

လင်းယွမ်က ကြမ်းပြင်ပေါ်မှ သံတုတ်ကို ဆွဲနှုတ်လိုက်ပြီး သူ့နောက်စေ့ကို ဖြည်းဖြည်းချင်း ချိန်ရွယ်ကာ "ဒီလို အသနားခံသံမျိုး မင်း အကြိမ်ကြိမ် ကြားဖူးမှာပေါ့"

"အဲဒီတုန်းကရော မင်း သူတို့ကို ခွင့်လွှတ်ခဲ့သလား"

"ကျွန်တော် မှားပါတယ်... မှားမှန်း သိပါပြီ... အစ်ကိုကြီးလင်း... ခိုင်းတာ အကုန်လုပ်ပါ့မယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ"

"ကျွန်တော်က အစားအသောက် လိုက်ပို့တဲ့သူ တစ်ယောက်ပါဗျာ... အရင်တုန်းကလည်း အနိုင်ကျင့် ခံခဲ့ရလွန်းလို့ပါ... နောက် တကယ် မလုပ်ရဲတော့ပါဘူး"

လူသတ်ကောင် ချန်ဟုန်ဟု လူတိုင်း ကြောက်ရွံ့ခဲ့ရသူသည် ရေကြီးမှု မဖြစ်ပွားခင်က အစားအသောက် ပို့ဆောင်သူ (ဒယ်လီဗာရီ) တစ်ဦးသာ ဖြစ်ခဲ့သည်။

လူ့အဖွဲ့အစည်း၏ အောက်ခြေတွင် နေထိုင်ခဲ့ရသူ ဖြစ်ပြီး မတရားမှုများနှင့် အနိုင်ကျင့် ဖိနှိပ်မှုများကို ခံခဲ့ရဖူးသည်။

ရေကြီးမှု ဖြစ်ပွားပြီးနောက် ဥပဒေနှင့် ကိုယ်ကျင့်တရား စည်းကမ်းများ ပျောက်ဆုံးသွားသောအခါ...

သူ့စိတ်ထဲရှိ အမှောင်မိုက်ဆုံး အခြမ်းများ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက် သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် မုဒိမ်းကျင့်ခြင်း အစရှိသော မကောင်းမှု ဒုစရိုက်များကို ကျူးလွန်ခဲ့သည်။

အာဏာရလာချိန်တွင် တစ်လောကလုံးကို ရန်ရှာခဲ့၏။

ကံဆိုးစွာဖြင့် သူ မသိခဲ့သည်မှာ သူသည်လည်း အခြားသူများ၏ မျက်လုံးထဲတွင် ဝမ်ကျဲ၏ အနားရှိ ခွေးဆိုးတစ်ကောင် အဆင့်သာ ရှိသည် ဆိုသော အချက်ပင်။

လင်းယွမ်က သူ၏ ငိုယို တောင်းပန်မှုများကို ဂရုမစိုက်ဘဲ "ဝမ်ကျဲ ဘယ်မှာလဲ... သူ့ရဲ့ သန္ဓေပြောင်း အစွမ်းက ဘာလဲ" ဟု အေးစက်စွာ မေးလိုက်သည်။

ချန်ဟုန်က ခေါင်းကို မော့ကာ "ကျွန်တော် ပြောပြရင်... ကျွန်တော့်ကို လွှတ်ပေးမှာလား" ဟု မေးလိုက်၏။

လင်းယွမ်က "အေး" ဟု မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

ချန်ဟုန် ဝမ်းသာသွားသော်လည်း လင်းယွမ် သူ့ကို လိမ်နေမှန်း ချက်ချင်း ရိပ်မိသွားသည်။

သူက ချက်ချင်းပင် အသနားခံကာ "ကျွန်တော် တကယ် အကုန် ပြောပြပါ့မယ်... ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် သိထားသမျှ အကုန် ပြောပြပါ့မယ်"

"ဝမ်ကျဲရဲ့ အစွမ်းက အရမ်း ကြောက်စရာ ကောင်းတယ်... ဘယ်သူမှ မဖြေရှင်းနိုင်ကြဘူး... ခင်ဗျားက အမြန်နှုန်း အမျိုးအစား ဖြစ်နေရင်တောင် သူ့ကို တွေ့ရင် သေလမ်းပဲ ရှိလိမ့်မယ်"

"ကျွန်တော် မပါဘဲ ခင်ဗျား သူ့ကို တကယ် နိုင်မှာ မဟုတ်ဘူး... ခင်ဗျား သူ့လက်ချက်နဲ့ သေလိမ့်မယ်"

ချန်ဟုန်က ဝမ်ကျဲ မည်မျှ ကြောက်စရာကောင်းကြောင်း ပြောဆိုရင်း အဆက်မပြတ် တောင်းပန်နေ၏။

လင်းယွမ်က မျက်မှောင်ကြုတ်ကာ "ဒါဆို ပြောစမ်း... သူက ဘယ်နေရာမှာ ကြောက်စရာ ကောင်းတာလဲ"

"ကျွန်တော့်ကို အရင်ကယ်ပါ... ကျွန်တော့်ကို အရင်ကယ်"

ချန်ဟုန်က လက်မခံဘဲ အပေးအယူ လုပ်နေဆဲ ဖြစ်သည်။ သူ အသက်ရှူရ ခက်ခဲလာသည်ကို ခံစားနေရ၏။

ရင်ဘတ်ရှိ အပေါက်က သူ့အဆုတ်ကို ဖောက်ထွင်းသွားခဲ့ပြီ ဖြစ်သည်။

အဆုတ်လေအိတ်များ ပေါက်ကွဲကာ အဆုတ် လုပ်ဆောင်ချက်များ ကျဆင်းလာပြီး ခြေထောက်ပြတ်ရာမှ သွေးထွက်လွန်နေသဖြင့် သူ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

လင်းယွမ်က သူ့ကို မျက်နှာသေဖြင့် ကြည့်ကာ "မင်း အသက်ရှင်မှာ မဟုတ်တော့ဘူး... မင်းတစ်ယောက်တည်း သေမယ့်အစား ဝမ်ကျဲကိုပါ ခေါ်သွားတာ မကောင်းဘူးလား... ငါ့ကို ပြောပြစမ်း"

"မလုပ်နဲ့... မလုပ်နဲ့... ကျွန်တော် မသေချင်ဘူး... ကယ်ပါဦး... ခင်ဗျားက သန္ဓေပြောင်း အစွမ်းပိုင်ရှင်ပဲ... နည်းလမ်း ရှိမှာပါ... ကျွန်တော့်ကို ကယ်ပါဦး"

ချန်ဟုန်က ငိုယို တောင်းပန်နေသော်လည်း သူ့မျက်လုံးများ ပြာဝေလာပြီး အားကုန်ခမ်းလာသည်။

အသက်ရှူ မြန်လာပြီး အသံများ တိုးဝင်သွားကာ "ကျွန်တော့်ကို ကယ်ပါ... ကယ်... ကျွန်တော်... ကျွန်တော်... မသေချင်"

သူ စကားမဆုံးခင်မှာပင် အသက်ပျောက်သွားလေတော့သည်။

စီးကျလာသော သွေးများကို ရေများက ဆေးကြောသွား၏။

လင်းယွမ်က ခေါင်းခါလိုက်ပြီး ချန်ဟုန်၏ နောက်ဆုံး စကားများကို တွေးတောနေမိသည်။

"ဝမ်ကျဲက အရမ်းတော်တယ် ဟုတ်လား"

"သူ့အစွမ်းက အရမ်း ထူးဆန်းတယ်တဲ့လား"

"ဒီဝမ်ကျဲ ဆိုတဲ့လူမှာ ဘယ်လို အစွမ်းမျိုး ရှိနေတာလဲ"

သူ့စိတ်ထဲတွင် သတိထားလိုက်မိသည်။ ချန်ဟုန် ခေါ်လာသော လူများ အားလုံး သေကုန်ကြပြီ ဖြစ်သည်။

အလောင်း အများစုမှာ ပထမနှင့် ဒုတိယ အဆောက်အအုံကြားရှိ စင်္ကြံလမ်းပေါ်တွင် ရှိနေကြ၏။

လင်းယွမ်က တွေးတောရင်း ဆုန့်ဝမ်တို့၏ အခြေအနေကို ကြည့်ရန် ပထမ အဆောက်အအုံ စင်္ကြံလမ်းဘက်သို့ ပြန်လှည့်လိုက်သည်။

"ဝုန်း"

သူ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် စင်္ကြံလမ်းတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။

စင်္ကြံလမ်းအပြင်ဘက် ရေထဲမှ ဧရာမ အရိပ်မည်းကြီးတစ်ခု ရေကိုခွဲကာ ထိုးထွက်လာ၏။

ထို့နောက် ရေဘဝဲလက်တံကြီးတစ်ခု စင်္ကြံလမ်းပေါ်သို့ ရိုက်ချလိုက်တော့သည်။

ရုတ်တရက် တိုက်ခိုက်မှုကြောင့် လင်းယွမ်ပင် တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

စင်္ကြံလမ်းမှာ ကျိုးပဲ့ပျက်စီးသွားပြီး ကျောက်တုံး၊ အုတ်ခဲများ ကွဲကြေကုန်ကာ လင်းယွမ်လည်း ဟန်ချက်ပျက်ပြီး ရေထဲသို့ ပြုတ်ကျသွားလေသည်။

"ဗွမ်း"

ရေထဲသို့ ဆီပူလောင်းချလိုက်သကဲ့သို့ ရေပြင်တစ်ခုလုံး ဆူပွက်သွား၏။

သန္ဓေပြောင်း ငါးများစွာသည် သွေးညှီနံ့ ရလိုက်သကဲ့သို့ ရူးသွပ်စွာ ဝင်ရောက် ကိုက်ခဲကြတော့သည်။

လင်းယွမ် မျက်နှာပျက်သွားပြီး ရေကို ကန်ကာ အပေါ်သို့ တက်ရန် ကြိုးစားလိုက်သည်။

သို့သော် ရေ၏ ခုခံအားကြောင့် လေပေါ်သို့ ပျံတက်နိုင်ခြင်း မရှိပေ။

သူက လက်နှစ်ဖက်ကို ယက်ကာ အသည်းအသန် ရေကူးလိုက်ရသည်။

အဝတ်အစားထဲတွင် သံပြားများ ခံထားသဖြင့် လင်းယွမ်အဖို့ ရေပေါ်ပြန်တက်ရန် ခက်ခဲနေ၏။

ဘေးပတ်ဝန်းကျင်မှ သန္ဓေပြောင်း ငါးများက သူ့ကို အတင်း ဝင်ရောက် ကိုက်ခဲနေကြသည်။ ကံကောင်းသည်မှာ လင်းယွမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက (၄.၈) အထိ ရှိသဖြင့် ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။

သန္ဓေပြောင်း ငါးအများစုက သူ့အရေပြားကို ဖောက်အောင် မကိုက်နိုင်ကြသော်လည်း ငါးပေါင်းများစွာ ကိုက်ခဲမှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုက သူ့ကို ထိတ်လန့်စေသည်။

"ဝုန်း... ဝုန်း"

စင်္ကြံလမ်း အပြင်ဘက်တွင် ဧရာမ ရေဘဝဲလက်တံကြီးတစ်ခုက အဆောက်အအုံ နံရံများကို ရမ်းကား ရိုက်နှက်နေ၏။

အဆောက်အအုံ တစ်ခုလုံး တုန်ခါနေပြီး စင်္ကြံလမ်းမှ အလောင်းများ ရေထဲသို့ ပါသွားကြသည်။

ဧရာမ လက်တံကြီးက အလောင်းများကို သိမ်းကျုံးယူကာ ရေအောက်သို့ ဆွဲယူသွားလေသည်။

လင်းယွမ်မှာ ရင်တမမ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကလည်း ရေအောက်သို့ နစ်မြုပ်သွား၏။

သူက သံပြားများ ခံထားသော သားရေအင်္ကျီကို အမြန် ချွတ်လိုက်ရာ ခန္ဓာကိုယ် ပေါ့ပါးသွားတော့သည်။

ထို့နောက် လက်ကို အားကုန်ခတ်ကာ အပေါ်သို့ အမြန် ရေကူးတက်လိုက်သည်။

ခဏအတွင်းမှာပင် (၁၂) ထပ်ရှိ ပြတင်းပေါက် ဘောင်တစ်ခုကို လှမ်းကိုင်မိလိုက်၏။

သူ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ပြတင်းပေါက်ဘောင်ကို ကိုင်ကာ အပေါ်သို့ အမြန် တက်လိုက်သည်။

ရေပေါ်သို့ ရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် သန္ဓေပြောင်း ငါးများ တွဲလောင်း ပါလာသည်ကို တွေ့လိုက်ရ၏။

ထိုငါးများက သူ့အဝတ်အစားနှင့် ဆံပင်များကို ခဲထားကြပြီး လွှတ်မပေးကြပေ။

လင်းယွမ်က ထိုအကောင်များကို ဂရုမစိုက်နိုင်ဘဲ လက်ရော ခြေထောက်ပါ အသုံးပြု၍ (၁၂) ထပ်ကို ကျော်ဖြတ်ကာ အခန်းတစ်ခုထဲသို့ ဝင်ရောက်လိုက်သည်။

ထို့နောက် ကိုယ်ကို ခါရမ်းလိုက်ရာ ငါးဆယ်ကောင်ခန့် ပြုတ်ကျလာ၏။

သူက ခြေထောက်ဖြင့် နင်းခြေလိုက်ရာ "ဘွပ်... ဘွပ်" ဆိုသော အသံများနှင့်အတူ သန္ဓေပြောင်း ငါးများ ကြေမွကုန်ကြသည်။

အမှတ်ပေါင်းများစွာ ရရှိလိုက်သော်လည်း လင်းယွမ်က ဂရုမစိုက်ဘဲ ပြတင်းပေါက် အပြင်ဘက်ကိုသာ စူးစိုက်ကြည့်နေမိ၏။

ထို ရေဘဝဲလက်တံကြီးက အလောင်းများကို ယူဆောင်ကာ ရေအောက်သို့ တဖြည်းဖြည်း နစ်မြုပ် ပျောက်ကွယ်သွားလေသည်။

ယခုမှသာ လင်းယွမ်က ရေအောက်ရှိ အရိပ်မည်းကြီး၏ ပုံစံကို သေချာ မြင်လိုက်ရခြင်း ဖြစ်သည်။

ထိုအကောင်မှာ ဧရာမ ရေဘဝဲကြီး တစ်ကောင် ဖြစ်လေသည်။

လက်တံတစ်ခုတည်းကပင် ပေ (၃၀) ခန့် ရှည်လျားပြီး အချင်း (၆) ပေကျော် ရှိလေသည်။

ဒါက လက်တံတစ်ခုတည်းသာ ရှိသေး၏။ တစ်ကိုယ်လုံးဆိုလျှင် အထပ်မြင့်တိုက်ကြီး တစ်တိုက်စာလောက် မြင့်မားပေလိမ့်မည်။

လင်းယွမ်၏ မျက်နှာထား တင်းမာသွားပြီး "သန္ဓေပြောင်း သတ္တဝါတွေက ပိုပိုပြီး သန်မာလာကြပြီ... ဒီရေဘဝဲကြီးဆိုရင် သန္ဓေပြောင်းလဲနှုန်း ၃၀% ကျော်လောက် ရှိနေလောက်တယ်"

"ငါ့ အစွမ်းကမလုံလောက်သေးဘူး... လုံးဝ မလုံလောက်သေးဘူး"

သူ့စိတ်ထဲတွင် အန္တရာယ် အငွေ့အသက်ကို ပိုမို ခံစားလာရသည်။

သန္ဓေပြောင်း ရေဘဝဲကြီးက အလောင်းများကို ရစ်ပတ်ကာ ရေထဲသို့ ဆွဲယူပြီး တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

မိုးက သည်းထန်စွာ ဆက်လက် ရွာသွန်းနေပြီး အရာအားလုံး ပြန်လည် ငြိမ်သက်သွားသယောင် ရှိသည်။

ကျိုးပဲ့သွားသော စင်္ကြံလမ်းကသာ ခုနက ဖြစ်ပျက်ခဲ့သော ထိတ်လန့်ဖွယ် အခြေအနေကို သက်သေပြနေ၏။

လင်းယွမ်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး တံခါးပေါက်မှ အမြန် ထွက်ခွာကာ (၁၃) ထပ်သို့ တက်လိုက်သည်။ ထို့နောက် (၁၃) ထပ် စင်္ကြံလမ်းမှ တစ်ဆင့် ပထမ အဆောက်အအုံဘက်သို့ ပြန်ကူးလာခဲ့၏။

ယခုအခါ (၁၂) ထပ်ရှိ ပထမနှင့် ဒုတိယ အဆောက်အအုံကြား စင်္ကြံလမ်းမှာ ပြတ်တောက်သွားပြီ ဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရတော့ပေ။

ထိုနေရာသို့ ရေတက်လာပြီ ဖြစ်သဖြင့် မကြာခင် လမ်းပိတ်သွားတော့မည် ဖြစ်သည်။

ယခု ပို၍ စိုးရိမ်စရာ ကောင်းသည်မှာ သန္ဓေပြောင်း ရေဘဝဲကြီးက စင်္ကြံလမ်းကို ဖျက်ဆီးလိုက်သဖြင့် အဆောက်အအုံ တည်ဆောက်ပုံကို ထိခိုက်သွားမည်လား ဆိုသည့် အချက်ပင်။

"ဒီအဆောက်အအုံက သိပ်ပြီး ခိုင်တော့တာ မဟုတ်ဘူး... ဒီကနေအမြန်ထွက်ဖို့ လုပ်မှပဲ"

သူ့စိတ်ထဲတွင် လေးလံသွားပြီး ဖောင်တည်ဆောက်မှုကို အရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဤ သန္ဓေပြောင်း ရေဘဝဲကြီးမှာ သွေးနံ့ကြောင့် ရောက်လာခြင်း ဖြစ်ကြောင်း သူ နားလည်လိုက်၏။

နောက်ဆိုလျှင် အလောင်းများကို ရှင်းလင်းရာတွင် ရေထဲသို့ ဒီအတိုင်း ပစ်ချ၍ ရတော့မည် မဟုတ်ပေ။

သို့မဟုတ်ပါက ကြီးမားသော သန္ဓေပြောင်း သတ္တဝါများကို ဆွဲဆောင်မိပြီး ဒုက္ခရောက်နိုင်လေသည်။

"လင်းယွမ်... လင်းယွမ်... ကျေးဇူးပြုပြီး... ဖိန်ဖိန့်ကို ကယ်ပါဦး"

လျှိုတနန်က လင်းယွမ်ကို မြင်သည်နှင့် ဒူးထောက်ချလိုက်ပြီး မျက်ရည်များဖြင့် အသနားခံတော့သည်။

လင်းယွမ်က သူ့ကို ဆွဲထူလိုက်ပြီး "ဦးလေးလျှို... မလန့်ပါနဲ့ဦး... ကျွန်တော် ကြည့်ပေးပါမယ်" ဟု ပြောလိုက်၏။

သူက လျှိုဖိန်ဖိန်ဘေးတွင် ထိုင်နေသော ဆုန့်ဝမ်ကို ကြည့်ကာ "အခြေအနေ ဘယ်လို ရှိလဲ... အသက်ရှူသေးလား" ဟု မေးလိုက်သည်။

ဆုန့်ဝမ်က "ရှူတယ်... အသက်ရှူသေးတယ်... ခုနက ခေါင်းကို ရိုက်မိသွားပြီး သတိမရတော့တာ... အားလုံး ကျွန်မကြောင့်... ကျွန်မကြောင့် ဖြစ်ရတာ... ခုနက ကျွန်မသာ မရှောင်လိုက်ရင် ဖိန်ဖိန်"

ဆုန့်ဝမ်က မျက်ရည်များ ကျဆင်းလာသည်။

သူမသည် ဟူဝေမင်နှင့် လျှိုတနန်တို့ အဖွဲ့နှင့် ပူးပေါင်းပြီးနောက်ပိုင်း ရေလွှမ်းမိုးသည့် ကပ်ဘေးကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် နွေးထွေးမှုကို ခံစားခဲ့ရခြင်း ဖြစ်သည်။

လျှိုဖိန်ဖိန်နှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်း ဖြစ်သဖြင့် စကားပြော အလွန် အဆင်ပြေကြပြီး နေ့တိုင်းလိုလို တပူးတွဲတွဲ ရှိနေကြရာ သံယောဇဉ် တွယ်နေကြပြီ ဖြစ်သည်။

ယခု သူမ၏ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုမှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။

လင်းယွမ်က လျှိုဖိန်ဖိန်၏ နှာခေါင်းဝသို့ လက်တင်ကြည့်ရာ အသက်ရှူနေသေးသည်ကို တွေ့ရသည်။

လျှိုဖိန်ဖိန်၏ နဖူးကို ကြည့်လိုက်ရာ နီရဲ ရောင်ရမ်းနေသည်ကို တွေ့လိုက်ရ၏။

သူက "အသားမပွန်းဘူး... ရောင်သွားရုံပဲ... သတိလစ်သွားတာ ဖြစ်လောက်တယ်... အရင်ဆုံး ပြန်ခေါ်သွားပြီး ကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

ခေါင်းထိခိုက်မှုက ကြီးချင်လည်း ကြီးနိုင်သလို သေးချင်လည်း သေးနိုင်သည်။ ဦးနှောက်တွင်း သွေးယိုစိမ့်မှု မရှိလျှင် ပြဿနာ မရှိနိုင်ပေ။

သို့သော် ဦးနှောက်တွင်း သွေးယိုစိမ့်ပါက ဒုက္ခရောက်နိုင်လေသည်။

လင်းယွမ်က လျှိုဖိန်ဖိန်ကို ပွေ့ချီလိုက်ပြီး ဆုန့်ဝမ်လက်မှ အစိမ်းရောင် အလင်းတန်းကို သတိရသွားသဖြင့် "နင် သန္ဓေပြောင်း အစွမ်းနိုးလာတာလား" ဟု မေးလိုက်သည်။

"ဟင်... ကျွန်မ... ကျွန်မလည်း နားမလည်ဘူး... ခုနက အစိမ်းရောင် ပုလဲလုံး စားမိလိုက်ပြီး... ခန္ဓာကိုယ်ထဲမှာ ပူလာသလို ခံစားလိုက်ရတယ်"

ဆုန့်ဝမ်က အမြန် ပြန်ဖြေလိုက်၏။ ခုနက အခြေအနေမှာ အလွန် အန္တရာယ်များခဲ့သဖြင့် သူမ ထိုကိစ္စကိုပင် မေ့နေခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က အလျင်စလို မမေးမြန်းတော့ဘဲ လျှိုဖိန်ဖိန်ကို ပွေ့ချီလျက် သူတို့ သုံးဦးကို ခေါ်ဆောင်ကာ အပေါ်ထပ်သို့ အမြန် တက်လိုက်သည်။

အရေးကြီးဆုံးမှာ ဝမ်ကျဲကို သွားရောက် ရှင်းလင်းရမည် ဖြစ်သည်။ တင်းယန်ဘက်တွင် ဘယ်လို အခြေအနေ ရှိနေလဲ မသိနိုင်ပေ။

ဆက်ရန်...

အပိုင်း (၁၀၀) ဝမ်ကျဲ၏ သန္ဓေပြောင်းအစွမ်း

လူအုပ်ကြီးသည် အပေါ်ထပ်သို့ လျင်မြန်စွာ တက်ရောက်သွားကြသည်။ တစ်ဦးနှင့်တစ်ဦး ပြောစရာစကားများ ရင်ထဲတွင် ပြည့်နှက်နေကြသော်လည်း ပြောဆိုရန် အချိန်မရနိုင်ခဲ့ပေ။

၁၇ ထပ်သို့ ရောက်ရှိချိန်၌ ချိုင်ကြည်က လူအများအပြားကို ဦးဆောင်လျက် အလောတကြီး ဆင်းလာရာ နှစ်ဖက်လူအုပ် ဆုံမိကြလေသည်။

ချိုင်ကြည်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။ "လင်းယွမ်... မင်း ဘာမှမဖြစ်ဘူးနော်... ငါ့ကို ကျောက်ခိုင်ပြောလို့"

လင်းယွမ်က ခေါင်းခါလိုက်ပြီး ပြန်ဖြေသည်။ "ကျွန်တော် ဘာမှမဖြစ်ပါဘူး... အပေါ်ထပ် အခြေအနေ ဘယ်လိုလဲ"

"အပေါ်ထပ် အားလုံး အဆင်ပြေပတယ်... ကျောက်ခိုင်နဲ့ ဦးလေးမာတို့ လူအုပ်ကို စောင့်ကြပ်နေကြတယ်... ပြီးတော့ ရန်မေနဲ့ ငါ့မိန်းမကို တံခါးပိတ်ထားဖို့ မှာခဲ့တယ်"

လင်းယွမ် စိတ်အနည်းငယ် အေးသွားရသည်။ "အောက်ထပ်က ရန်သူတွေကို ကျွန်တော ရှင်းပြီးပြီ... လျှိုဖေးဖေး ခေါင်းထိသွားလို့ မေ့မြောနေတယ်... သူ့ကို အရင်ပြန်ပို့ပြီး အနားယူခိုင်းလိုက်ဦး"

"ဒါနဲ့ ၁၂ ထပ်ဘက်ကို သွားမကြည့်နဲ့ဦး... အဲဒီမှာ အကောင်ကြီးတစ်ကောင် ပုန်းနေတယ်... လူတွေကို အောက်မဆင်းခိုင်းနဲ့ဦး"

"ကျွန်တော် အခု တိုက်တွဲ ၄ ဘက်ကို ချက်ချင်း သွားလိုက်ဦးမယ်... တင်းယန် အဲဒီမှာ ကျန်နေခဲ့တယ်"

သူက တစ်ဆက်တည်း အမိန့်ပေး မှာကြားလိုက်ရာ ချိုင်ကြည်လည်း ခေါင်းတညိတ်ညိတ်ဖြင့် အားလုံးကို လက်ခံကတိပြုလိုက်သည်။

လျှိုဖေးဖေးကို ချိုင်ကြည်တို့လက်ထဲ အပ်နှံပြီးနောက် လင်းယွမ်က ဆုန့်ဝမ်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်း သန္ဓေပြောင်းအစွမ်း နိုးလာမှတော့ ဘာအစွမ်းလဲဆိုတာ အချိန်လုပြီး လေ့လာထားလိုက်ဦး... ငါ ပြန်လာရင် မင်းဆီ လာခဲ့မယ်"

စကားဆုံးသည်နှင့် ဆုန့်ဝမ်၏ အဖြေကိုပင် မစောင့်တော့ဘဲ လင်းယွမ်က လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ၃၂ ထပ်သို့ ပြေးတက်သွားတော့သည်။

အသက် ၁၀ ကြိမ်ခန့် ရှူရှိုက်ချိန်မပြည့်မီမှာပင် လင်းယွမ်က ၁၀ ထပ်ကျော်ကို ဖြတ်ကျော်ကာ ၃၂ ထပ်သို့ ရောက်ရှိသွားသည်။

တံခါးဝရှိ ကျောက်ခိုင်၊ အစ်ကိုမာနှင့် ကင်းလှည့်အဖွဲ့ဝင်များသည် လင်းယွမ်ကို မြင်လိုက်ရသဖြင့် လှမ်းနှုတ်ဆက်ကြသည်။

လင်းယွမ်က သူတို့နှင့် စကားပြောမနေတော့ဘဲ မှာကြားလိုက်သည်။ "တိုက်တွဲ ၁ ကို သေချာစောင့်ကြပ်ထား"

ထိုသို့ပြောပြီးနောက် သူက တံတားကူးစင်္ကြံလမ်းဆီသို့ ချက်ချင်း ပြေးထွက်သွားသည်။

လမ်းတစ်လျှောက်တွင် မည်သူ့ကိုမျှ မတွေ့ရပေ။ ဤနေရာမှ ဆူညံသံများကြောင့် ယခင်က ပွဲကြည့်နေကြသော အခန်းပိုင်ရှင်များသည် အိမ်ထဲသို့ ဝင်ရောက် ပုန်းအောင်းနေကြပြီ ဖြစ်သည်။

လင်းယွမ် တိုက်တွဲ ၄ သို့ ရောက်ရှိသွားချိန်တွင် ကြမ်းပြင်ပေါ်မှ အလောင်းများအား ရှင်းလင်းပြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တင်းယန်၊ ကျန်းဖန်၊ ဝမ်လီလီတို့ တစ်ယောက်မှ ရှိမနေကြပေ။

သူက စင်္ကြံလမ်းဘေးရှိ သွေးကွက်များကို ကြည့်လိုက်မိပြီး ချက်ချင်း သဘောပေါက်သွားသည်။

စောစောက ၁၂ ထပ်ရှိ ရေဘဝဲကြီးသည် ချန်ဟုန်တို့လူစု၏ အလောင်းများကြောင့်သာ အာရုံရောက်လာခဲ့ခြင်း မဟုတ်တန်ရာ။

တင်းယန်တို့ကလည်း အလောင်းများကို ရေထဲ ပစ်ချလိုက်သည့်အတွက် သွေးနံ့များစွာက ထိုသန္ဓေပြောင်း ရေဘဝဲကြီးကို ဆွဲဆောင်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

သူ့စိတ်ထဲ လေးလံသွားပြီးနောက် နောင်တစ်ချိန် အလောင်းများ ရှင်းလင်းရာတွင် တိုက်ပတ်ဝန်းကျင်ရှိ ရေထဲသို့ တတ်နိုင်သမျှ မပစ်ချကြရန် ဆုံးဖြတ်ချက် ချလိုက်သည်။

"ဘုန်း"

ရုတ်တရက် စင်္ကြံလမ်းအဆုံး တိုက်တွဲ ၆ ဘက်ခြမ်းမှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ဒေါသတကြီး အော်ဟစ်သံများနှင့် လန့်ဖျပ်အော်သံများကိုလည်း သဲ့သဲ့ကြားလိုက်ရသည်။

လင်းယွမ် ရင်ထိတ်သွားသည်။ "တင်းယန်ရဲ့ အသံလား"

သူက တိုက်တွဲ ၆ ဘက်သို့ အပြေးအလွှား သွားလိုက်သည်။

တိုက်တွဲ ၅ ၏ စင်္ကြံလမ်းကို ဖြတ်ကျော်ချိန်တွင် ကြမ်းပြင်ပေါ်၌ အလောင်းအများအပြား ကျန်ရှိနေသေးသည်ကို တွေ့ရသည်။

စင်္ကြံလမ်းတစ်ခုလုံး သွေးကွက်များဖြင့် ပေကျံနေပြီး လွင့်စင်ဝင်ရောက်လာသော မိုးရေစက်များကြောင့် သွေးချင်းနီရဲနေသည်။

လင်းယွမ်က အလောင်းများကို ကျော်ခွလျက် တိုက်တွဲ ၆ သို့ အရောက်သွားလိုက်သည်။

ထိုအခါ တိုက်တွဲ ၆ ၏ စင်္ကြံလမ်းပေါ်တွင် တင်းယန်က ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်လျက် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းဖန်၊ ဝမ်လီလီနှင့် အခြားသူများမှာမူ ကြောက်လန့်တကြား အောက်ထပ်သို့ ပြေးဆင်းနေကြသည်။

သို့သော် လင်းယွမ် မျက်မှောင်ကြုတ်သွားရသည်မှာ တင်းယန်သည် လက်နှင့်ခြေထောက်များတွင် စွမ်းအင်စီးဝင်နေပြီး ပေါက်ကွဲအားပြင်းပြင်းဖြင့် ဓားမြှောင်ကို ဝှေ့ယမ်းတိုက်ခိုက်နေသော်လည်း...

တစ်ဖက်တွင် မည်သူမျှ ရှိမနေခြင်းပင် ဖြစ်သည်။ သူမက လေထုကို တိုက်ခိုက်နေသကဲ့သို့ ပုံစံမျိုးဖြင့် သဲကြီးမဲကြီး သတ်ဖြတ်နေခြင်း ဖြစ်သည်။

လင်းယွမ် စိတ်ထဲ သံသယဖြစ်သွားပြီး ချက်ချင်း ပြေးဝင်သွားကာ လှမ်းအော်လိုက်သည်။ "တင်းယန်... နင် ဘာလုပ်နေတာလဲ"

မထင်မှတ်ထားစွာပင် တင်းယန်က အသံကြားသည်နှင့် ချက်ချင်း လှည့်ကြည့်လာသည်။

သူမ၏ ညာဘက်ခြေဖျားက ကြမ်းပြင်ကို ဆောင့်ကန်လိုက်ရာ စွမ်းအင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး အရိပ်တစ်ခုအသွင် ပြောင်းလဲလျက် လင်းယွမ်ဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။

လင်းယွမ် မျက်နှာပျက်သွားပြီး အရှိန်သတ်ကာ ဘေးသို့ အမြန် ရှောင်တိမ်းလိုက်ရသည်။

"ဝှစ်"

တင်းယန်၏ ဓားမြှောင်က လေထုကို ခွဲဖြတ်ကာ ဝှစ်ခနဲမြည်သံ ထွက်ပေါ်လာသည်။

"တင်းယန်"

လင်းယွမ် အော်ဟစ်လိုက်မိသည်။ တင်းယန်က ဘာကြောင့် မိမိကို တိုက်ခိုက်နေသနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။

တင်းယန်က နောက်ကို လှည့်မကြည့်ဘဲ လက်ကို ဝိုင်းစက်အောင် ဝှေ့ယမ်းလျက် ဓားမြှောင်ကို ပြန်လည်ဆွဲယူကာ လင်းယွမ်၏ ဝမ်းဗိုက်ကို ထိုးစိုက်လိုက်သည်။

လင်းယွမ်က ဒေါသနှင့် ထိတ်လန့်မှု ရောထွေးသွားကာ လက်ကို လျှော့မထားတော့ပေ။

ခြေတစ်ဖက်ကို မြှောက်၍ ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။

"ဘုန်း"

ဤကန်ချက်တွင် ပါဝင်သော စွမ်းအားများ ပေါက်ကွဲထွက်သွားပြီး တင်းယန်၏ ဝမ်းဗိုက်ကို တည့်တည့်ထိမှန်သွားသည်။

ထိုခဏချင်းမှာပင် တင်းယန်၏ ရင်ဘတ်မှ စွမ်းအင်အလင်းတန်း တစ်ချက်လက်သွားပြီးနောက် ချက်ချင်းပင် ကွဲကြေသွားတော့သည်။

လင်းယွမ်၏ ကန်ချက်ကြောင့် သူမတစ်ကိုယ်လုံး နောက်သို့ လွင့်စဉ်ထွက်သွားသည်။

လင်းယွမ်၏ ခွန်အားက ၄.၉ အထိ ရောက်ရှိနေပြီဖြစ်ရာ သာမန်လူတစ်ယောက်၏ ၅ ဆနီးပါး ရှိလေသည်။

တင်းယန်သည် ပေါက်ကွဲအားနှင့် ခံစစ်စွမ်းအားကို မြှင့်တင်ပေးသော စွမ်းအင်ပိုင်ဆိုင်ထားသော်လည်း လင်းယွမ်၏ ဧရာမခွန်အားကြီးကို မည်သို့မျှ တောင့်ခံနိုင်စွမ်းမရှိပေ။

လင်းယွမ်က ခြေလှမ်းမပျက်ဘဲ ကြမ်းပြင်ကို ဆောင့်ကန်ကာ ကိုယ်ကို ပစ်လွှတ်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း တင်းယန်၏ ရှေ့သို့ ရောက်ရှိသွားသည်။

တင်းယန်၏ ပါးစပ်ထောင့်မှ သွေးများစီးကျနေသော်လည်း မျက်လုံးများကမူ ရက်စက်ကြမ်းကြုတ်နေဆဲပင်။ သူမက ကြမ်းပြင်ပေါ် ကျနေသော ဓားမြှောင်ကို လှမ်းကောက်ပြီး ဆက်လက် တော်လှန်ရန် ပြင်လိုက်သည်။

လင်းယွမ်က သူမ၏ လက်ဖဝါးကို ခြေထောက်ဖြင့် ဖိနင်းလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် သူမ၏ ခေါင်းကို ကြမ်းပြင်နှင့် ကပ်သွားအောင် ဖိချလိုက်သည်။

သူက ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။ "တင်းယန်... နင် ဘာလုပ်နေတာလဲ"

တင်းယန်က ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်ကာ ဆဲရေးလိုက်သည်။ "တိရစ္ဆာန်ကောင်... ငါ နင့်ကို သတ်မယ်... နင့်ကို သတ်ပစ်မယ်"

လင်းယွမ် မျက်ခုံးလှုပ်သွားပြီး တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိထားမိလိုက်သည်။

ယခုအချိန်တွင် တင်းယန်၏ မျက်လုံးများထဲ၌ အမုန်းတရားနှင့် ရူးသွပ်မှုများသာ ပြည့်နှက်နေပြီး မိမိကို လုံးဝ မမှတ်မိသကဲ့သို့ ဖြစ်နေသည်။

သူမက ပြင်းထန်စွာ ရုန်းကန်နေပြီး ကျန်လက်တစ်ဖက်မှ စွမ်းအင်အလင်းတန်းများ လင်းလက်လာကာ လင်းယွမ်ကို လက်သီးဖြင့် ထိုးနှက်ရန် ပြင်လိုက်သည်။

လင်းယွမ်က ကျန်လက်တစ်ဖက်ဖြင့် သူမ၏ လက်သီးကို ဖမ်းချုပ်လိုက်သည်။

တင်းယန်၏ လက်သီးပေါ်မှ အလင်းတန်းများ တုန်ခါနေပြီး သွေးကြောများ ထောင်ထလာသော်လည်း မည်သို့မျှ အရာမထင်တော့ပေ။

"နင် ဘာဖြစ်နေတာလဲ"

လင်းယွမ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ ခေါင်းကို ဖိထားသောလက်ကို အားထည့်လိုက်မိသည်။

တင်းယန်က စူးစူးဝါးဝါး အော်ဟစ်လိုက်ရာ ပို၍ပင် ရူးသွပ်လာပုံရသည်။

လင်းယွမ်၏ မျက်လုံးများ တည်ငြိမ်လေးနက်သွားပြီး စကားဆက်မပြောတော့ဘဲ လက်ဝါးစောင်းဖြင့် ခုတ်ချလိုက်သည်။

"ဒုတ်"

လက်ဝါးစောင်းက တင်းယန်၏ လည်ပင်းကို တည့်တည့်ထိမှန်သွားရာ တင်းယန်၏ လည်ပင်းနေရာရှိ စွမ်းအင်ခံစစ်က တစ်ချက် လက်ခနဲ ဖြစ်သွားသည်။

ချက်ချင်းပင် ကြီးမားသော ခွန်အားအောက်တွင် ပျက်စီးသွားပြီး သူမ မျက်ဖြူလန်ကာ တစ်ကိုယ်လုံး အားအင်ကုန်ခမ်း၍ ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။

ထိုအခါမှ လင်းယွမ်က တင်းယန်ကို လွှတ်ပေးလိုက်ပြီး မလှမ်းမကမ်းတွင် ကြောက်လန့်နေသော ကျန်းဖန်တို့ကို လှည့်ကြည့်လိုက်သည်။

"ဒါ ဘယ်လိုဖြစ်တာလဲ... ကျန်းဖန်... မင်း ပြောစမ်း"

လင်းယွမ်က နာမည်တပ်ခေါ်လိုက်သဖြင့် ကျန်းဖန်က အလန့်တကြား အော်ပြောလိုက်သည်။ "အစ်ကိုလင်း... အမတင်း ရူးသွားပြီ... သူ ဘယ်လိုဖြစ်တာလဲ မသိဘူး... စောစောက ကျတော်တို့ကို လိုက်သတ်နေတာ"

ဝမ်လီလီကလည်း အလျင်အမြန် ဝင်ပြောသည်။ "အစ်ကိုလင်း... အမတင်းက အစတုန်းက ကောင်းကောင်းကြီးပါ... တိုက်တွဲ ၆ ထဲ ဝင်လိုက်တာနဲ့ အဲဒီလို ဖြစ်သွားတာ"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိပြီး တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ "ဝမ်ကျဲ လက်ချက်များလား"

သူက တိုက်တွဲ ၆ ရှိ အခန်း ၃၂၁၂ ဘက်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

ထိုအခန်းတံခါးနှင့် ၁၆ ပေခန့်သာ ကွာဝေးတော့ပြီး ကျန်းဖန်တို့က လှေကားထစ်များတွင် ပုန်းနေကြခြင်း ဖြစ်သည်။

"တင်းယန်က ဒီနေရာရောက်မှ ရုတ်တရက် ရူးသွပ်ပြီး လူသတ်ချင်လာတာလား"

သူ့မျက်နှာထား လေးနက်သွားသည်။ "ဒီဝမ်ကျဲဆိုတဲ့ကောင်ရဲ့ သန္ဓေပြောင်းအစွမ်းက လူတွေကို ရူးသွပ်သွားအောင် လုပ်နိုင်တာလား"

သူ့မျက်နှာထား တင်းမာသွားပြီး မတ်တတ်ရပ်ကာ ခါးကြားမှ ပစ္စတိုကို ဆွဲထုတ်လိုက်သော်လည်း ချက်ချင်း တိုးမဝင်သေးပေ။

"ကျန်းဖန်... မင်း လူနည်းနည်းခေါ်ပြီး တံခါးကို ဝင်တိုက်ချိုး" လင်းယွမ်က အမိန့်ပေးလိုက်သည်။

ကျန်းဖန် မျက်နှာပျက်သွားပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ "အစ်ကိုလင်း"

သူ့ခြေထောက်များ ပျော့ခွေနေပြီဖြစ်ရာ ဘယ်လိုလုပ် သွားရဲပါ့မလဲ။

သူ ဘယ်လောက်အသည်းငယ်ငယ် တင်းယန် ရူးသွပ်သွားခြင်းက တံခါးနောက်ကွယ်ရှိ ဝမ်ကျဲနှင့် သက်ဆိုင်နေမှန်း သူ နားလည်သည်။

သို့သော် ယခု လင်းယွမ်က အမိန့်ပေးနေပြီဖြစ်ရာ နားမထောင်လျှင် နောက်ပိုင်း ဘယ်လိုလုပ် စခန်းသွားမလဲ။

သူ တွန့်ဆုတ်နေစဉ် ဘေးနားရှိ သူ၏ချစ်သူ ဝမ်လီလီက ရုတ်တရက် ထရပ်ကာ အသံကုန်အော်ဟစ်လိုက်သည်။ "ကျွန်မ သွားမယ်"

ထို့နောက် ကျန်းဖန် ဘာမှမပြောနိုင်ခင်မှာပင် ဝမ်လီလီက အံကြိတ်၍ ၃၂၁၂ တံခါးဆီသို့ ပြေးဝင် ဆောင့်တိုက်လိုက်သည်။

"ဘုန်း"

အသံအုပ်အုပ် ထွက်ပေါ်လာသည်။ သို့သော် ဝမ်လီလီကဲ့သို့ မိန်းမသားအားဖြင့် ဤတံခါး ပွင့်သွားမည် မဟုတ်ပေ။

သို့သော် သူမက ဦးဆောင်လိုက်သဖြင့် အခြားသူများလည်း သွေးကြွလာကြသည်။

ကျန်းဖန်လည်း သွေးဆူလာပြီး ကျန်လူများကို အော်ပြောလိုက်သည်။ "အားလုံးဝိုင်းပြီး တံခါးကို တိုက်ဖွင့်ကြ"

အခြားသူများလည်း အားတက်သွားကာ တံခါးဆီသို့ ပြေးဝင်သွားကြပြီး တံခါးကို တိုက်ဖွင့်ရန် ပြင်လိုက်ကြသည်။

သို့သော် လူအများ တံခါးကို ဖျက်ဆီးရန် ပြင်လိုက်ချိန်တွင် တံခါးက "ကျွီ" ခနဲ ပွင့်သွားသည်။

ထို့နောက် လူအများက နေရာတွင်ပင် ကြောင်တောင်တောင် ရပ်တန့်သွားကြသည်။

လင်းယွမ်က အနည်းငယ်လှမ်းသော နေရာမှနေ၍ လူအားလုံး မလှုပ်မယှက် ဖြစ်သွားသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျန်းဖန်... ဝမ်လီလီ... အထဲမှာ ဘာအခြေအနေလဲ" သူက မနေနိုင်ဘဲ မေးလိုက်သည်။

သူမေးလိုက်သည်နှင့် တပြိုင်နက် လူအုပ်ကြီးက ပြိုင်တူ နောက်လှည့်ကြည့်လာကြပြီး လင်းယွမ်ကို စိုက်ကြည့်ကြသည်။

စောစောက စိတ်လှုပ်ရှားနေသော လူအုပ်ကြီးသည် ယခုအခါ အေးစက်သော မျက်နှာထားများဖြင့် လင်းယွမ်ကို အမုန်းကြီးမုန်းနေသည့်အလား ကြည့်နေကြသည်ကို လင်းယွမ် တွေ့လိုက်ရသည်။

သူ့ရင်ထဲ ထိတ်လန့်သွားသည်။ "မင်းတို့"

သူ စကားမဆုံးခင်မှာပင် ကျန်းဖန်နှင့် ဝမ်လီလီတို့က ရုတ်တရက် အော်ဟစ်လိုက်ကြသည်။ "သူ့ကို သတ်"

ထို့နောက် လူအုပ်ကြီးသည် ရူးသွပ်သွားသကဲ့သို့ လက်ထဲရှိ လက်နက်များကို မြှောက်ကာ လင်းယွမ်ဆီသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

လင်းယွမ် မျက်နှာပျက်သွားပြီး ဒေါသထွက်သွားသည်။ "မင်းတို့ ရူးကုန်တာလား"

သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး နောက်သို့ ရှောင်တိမ်းလိုက်သည်။

သို့သော် ထိုလူများသည် တကယ်ပင် ရူးသွပ်သွားကြသည့်အလား ဟင်းလှီးဓား၊ ဓားမြှောင်များကို ကိုင်ဆောင်လျက် အသက်ကိုပင် ပဓာနမထားဘဲ လင်းယွမ်ကို အတင်းထိုးခုတ်ကြလေသည်။

လင်းယွမ် အကြိမ်ကြိမ် ရှောင်တိမ်းသော်လည်း လက်နှစ်ဖက်က လက်လေးဖက်ကို မနိုင်နိုင်သကဲ့သို့၊ ကျန်းဖန်၏ ဓားမြှောင်က မတော်တဆ ထိခိုက်သွားပြီး လက်မောင်းတွင် ဓားရာတစ်ခု ထင်သွားသည်။

သို့သော် ၄.၇ အထိ မြင့်မားသော သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးကြောင့် သူ၏ ခံစစ်စွမ်းအားမှာ အလွန်မြင့်မားနေပြီ ဖြစ်သည်။

ထိုဓားချက်က နာကျင်မှု အနည်းငယ်သာ ပေးနိုင်ခဲ့ပြီး သူ၏ အရေပြားကို ဖောက်ထွင်းနိုင်ခြင်း မရှိပေ။

သို့သော် ဤအဖြစ်အပျက်က လင်းယွမ်ကို ချက်ချင်း ဒေါသထွက်စေခဲ့သည်။

ထို့ကြောင့် ရှောင်တိမ်းမနေတော့ဘဲ လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

"ဘုန်း"

ကင်းလှည့်အဖွဲ့ဝင်တစ်ဦး၏ လည်ပင်းကို လက်သီးဖြင့် ထိုးနှက်လိုက်ရာ ထိုသူ မျက်ဖြူလန်သွားပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။

လင်းယွမ်က လက်သီးကို ပြန်မရုပ်ဘဲ ဘေးသို့ ဝှေ့ယမ်း ရိုက်ချလိုက်သည်။

"ဘုန်း" "ဘုန်း" "ဘုန်း"

လက်သီးချက် အနည်းငယ်ဖြင့်ပင် လူများ ဆက်တိုက် လဲကျသွားကြသည်။

ကျန်းဖန်၏ ရှေ့သို့ရောက်သောအခါ လင်းယွမ်က လက်သီးကို လက်ဝါးအဖြစ် ပြောင်းလဲလိုက်ပြီး ကျန်းဖန်၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ကျန်းဖန်၏ ပါးပြင် ချက်ချင်း ရောင်ရမ်းသွားပြီး သုံးခွအာရုံကြော ထိခိုက်သွားသဖြင့် မျက်လုံးများ အနည်းငယ် ကြည်လင်လာသယောင် ရှိသည်။

သူက မသိစိတ်ဖြင့် လှမ်းခေါ်လိုက်သည်။ "အစ်ကိုလင်း"

သို့သော် ချက်ချင်းပင် သူ့အသိစိတ်များ ပြန်လည် ဝေဝါးသွားပြန်သည်။ ဘေးမှ ဝမ်လီလီကလည်း လင်းယွမ်ကို ပြေးဝင် တိုက်ခိုက်လာသည်။

လင်းယွမ် မျက်မှောင်ကြုတ်လျက် လက်ဝါးစောင်းဖြင့် ထပ်မံ ခုတ်ချလိုက်သည်။

"ဘုန်း" ခနဲ အသံမြည်သွားပြီး ဝမ်လီလီ ကြမ်းပြင်ပေါ် ခွေကျသွားသည်။

ကျန်းဖန်က လင်းယွမ်ကို ထပ်မံ ပြေးဝင်တိုက်ခိုက်ပြန်သည်။

သူ့အသိစိတ်များ ပြန်လည် ရှုပ်ထွေးသွားသည်မှာ ထင်ရှားလှသည်။

လင်းယွမ် မျက်နှာထား တင်းမာလျက် ပေါ့ပါးသော လက်သီးချက်ဖြင့် ကျန်းဖန်ကို မေ့လဲအောင် ထိုးလိုက်သည်။

ခဏချင်းမှာပင် စင်္ကြံလမ်း၌ လူများ ကန့်လန့်ဖြတ် လဲကျကုန်ကြသည်။

လင်းယွမ်က ထိုလူများကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး ပွင့်နေသော ၃၂၁၂ အခန်းတံခါးကို စူးစိုက်ကြည့်လိုက်သည်။

"ကြောက်စရာကောင်းတဲ့ အစွမ်းပဲ... သူတို့ရဲ့ အသိစိတ်ကို ထိန်းချုပ်လိုက်တာလား"

လင်းယွမ်က သူ၏ အရည်အသွေးမှတ်တမ်းကို တစ်ချက်ကြည့်လိုက်သည်။

သူ၏ စိတ်စွမ်းအား အရည်အသွေးက ၇.၇ အထိ ရှိနေရာ တစ်ဖက်လူက သူ၏ စိတ်ကိုပါ ထိန်းချုပ်နိုင်မလား မသိပေ။

သူ အနည်းငယ် တွန့်ဆုတ်နေစဉ် အခန်းဝမှ ခန္ဓာကိုယ် အချိုးအစားကျနပြီး ချောမောလှပသော အမျိုးသမီးတစ်ဦး ထွက်လာသည်။

ထိုအမျိုးသမီးက ပြုံးရွှင်သော မျက်နှာထားဖြင့် တံခါးဝတွင် ရပ်ကာ ပြောလိုက်သည်။ "ရှင်ကလည်း သန္ဓေပြောင်း အစွမ်းရှိတဲ့သူကိုး... ဒါကြောင့် လျှိုအားလုံကို သတ်နိုင်ခဲ့တာပဲ"

လင်းယွမ်က ထိုအမျိုးသမီးကို သတိကြီးစွာဖြင့် ကြည့်လိုက်သည်။ "မင်းက ဘယ်သူလဲ"

"မိတ်ဆက်ပေးရစေ... ကျွန်မနာမည်က ကျန်းယွမ်ယွမ်ပါ... အစ်ကိုကျဲရဲ့ ချစ်သူပဲ... ရှင်က လင်းယွမ် မဟုတ်လား... အစ်ကိုကျဲက ရှင့်ကို စကားပြောချင်လို့တဲ့"

ထိုအမျိုးသမီးက ပေါ့ပါးစွာ ပြုံးလိုက်ပြီးနောက် လင်းယွမ် ဝင်လာရန် လမ်းဖယ်ပေးလိုက်သည်။

လင်းယွမ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စွာ ပြောလိုက်သည်။ "ငါနဲ့ စကားပြောချင်ရင် သူကိုယ်တိုင် ထွက်လာလို့မဘူးလား"

အမျိုးသမီးက ဟားတိုက် ရယ်မောလိုက်သည်။ "ကျွန်မတို့ အစ်ကိုကျဲက ရှင့်ကို ထွက်တွေ့ရမယ် ဟုတ်လား" ရုတ်တရက် သူမ၏ မျက်နှာထား အေးစက်သွားသည်။ "ရှင်က အဲဒီလောက် အဆင့်ရှိလို့လား"

လင်းယွမ် မျက်လုံးများ မှေးစင်းသွားပြီး ရုတ်တရက် မေးလိုက်သည်။ "ကျန်းယွမ်ယွမ်... ကျန့်ကော်ချန်က မင်းရဲ့ ဘာတော်လဲ"

ကျန်းယွမ်ယွမ် ကြောင်အသွားပြီး အံ့သြသွားပုံရသည်။ "ရှင်က ကျွန်မဦးလေးကို သိတာလား... သူ ဘယ်မှာလဲ"

လင်းယွမ်က ထိုအမျိုးသမီးကို အပေါ်အောက် ကြည့်လိုက်ပြီးနောက် ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်သည်။ "မင်းဦးလေး ပြောတာတော့ မင်းကို ဝမ်ကျဲတို့အဖွဲ့က အတင်းအဓမ္မ ဖမ်းခေါ်သွားတာတဲ့... အခု မင်းပုံစံကြည့်ရတာ သူပြောသလို အတင်းအကျပ် ခံရတဲ့ပုံ မပေါ်ပါလား"

ကျန်းယွမ်ယွမ်က မထီမဲ့မြင် ပြုံးလိုက်သည်။ "ကျွန်မနဲ့ အစ်ကိုကျဲက စစ်မှန်တဲ့ ချစ်သူတွေပါ... ဦးလေးက မသိလို့ပါ... လင်းယွမ်... စကားတွေ သိပ်မပြောပါနဲ့... ရှင်က ၇၆ တစ်တိုက်လုံးကို သိမ်းပိုက်ချင်ရင် ရှင့်မှာ အရည်အချင်းရှိမရှိ အရင် ပြန်မေးဦး"

"အစ်ကိုကျဲက ရှင့်ကို လူတော်တစ်ယောက်လို့ မြင်တယ်... သူက အခု လူအင်အား လိုနေတာ... ရှင်သာ သူ့နောက်လိုက်မယ်ဆိုရင် တိုက်တွဲ ၁၊ ၂၊ ၃ ကို ရှင့်ကို အုပ်ချုပ်ခိုင်းမယ်"

"ဒါပေမယ့် ရှင့်လက်ထဲက စားစရာတွေကို သုံးပုံနှစ်ပုံ အစ်ကိုကျဲဆီ အပ်ရမယ်"

ကျန်းယွမ်ယွမ်က လင်းယွမ်နှင့် စကားနိုင်လုမနေတော့ဘဲ ရင်ထဲရှိစကားများကို တဲ့တိုး ပြောချလိုက်သည်။

သူမက မာန်မာနထောင်လွှားသော အမူအရာဖြင့် လင်းယွမ်ကို အထက်စီးမှ ဆက်ဆံနေပြီး ဤကမ်းလှမ်းချက်သည် လင်းယွမ်အတွက် ကံကောင်းခြင်းဟု ယူဆထားပုံရသည်။

လင်းယွမ် စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်မိသည်။ တောတစ်တောတွင် ကျားတစ်ကောင်သာ ရှိရမည်။ ၇၆ တစ်တိုက်လုံးကို ထိန်းချုပ်ပြီး လူတိုင်းကို ငါးဖမ်းခိုင်းကာ အမှတ်များ ရှာဖွေခိုင်းရန် သူ ရည်ရွယ်ထားသည်။

သူများလက်ပါးစေ လုပ်ရန် မဟုတ်ပေ။

"ငါ စဉ်းစားလိုက်ဦးမယ်"

သူက စဉ်းစားသယောင် ဟန်ဆောင်လိုက်ပြီး ရုတ်တရက် လက်မောင်းကို မြှောက်ကာ ညာလက်ထဲရှိ ဂလော့ခ်သေနတ်ဖြင့် တွန့်ဆုတ်ခြင်းမရှိ ပစ်ခတ်လိုက်သည်။

"ဒိုင်း"

သေနတ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး တံခါးဝရှိ ကျန်းယွမ်ယွမ်၏ ရင်ဘတ်ကို ကျည်ဆန် ထိမှန်သွားရာ နောက်သို့ ယိုင်နဲ့နဲ့ ဆုတ်သွားသည်။

သူမ၏ မျက်နှာတွင် အံ့သြမှင်သက်သွားသော အရိပ်အယောင်များ ပေါ်လာပြီး လင်းယွမ်ကို မော့ကြည့်လိုက်သည်။

"ရှင်က"

လင်းယွမ်က ပြေးဝင်သွားပြီး သူမကို စကားပြောခွင့် မပေးတော့ပေ။

ကျန်လက်တစ်ဖက်ရှိ သံတူရွင်းဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဘုန်း"

သံတူရွင်းက သူမ၏ နဖူးကို တည့်တည့်ထိမှန်သွားသည်။

သို့သော် ထင်မှတ်ထားသလို သွေးများ ပတ်ဖြန်းသွားခြင်း မရှိပေ။

လင်းယွမ်၏ လက်ဖဝါးသာ ထုံကျင်သွားပြီး သံတူရွင်း ရိုက်မိသော နေရာမှ အုတ်မှုန်အုတ်ခဲများသာ လွင့်စင်ထွက်လာသည်။

လင်းယွမ် မျက်စိရှေ့တွင် ရိပ်ခနဲဖြစ်သွားပြီး ရှေ့မှ အမျိုးသမီးသည် မှန်ရိပ်၊ ရေရိပ်ကဲ့သို့ ပျောက်ကွယ်သွားသည်။

ထို့နောက် ဘေးဘက်မှ တခစ်ခစ် ရယ်မောသံကို ကြားလိုက်ရသည်။

"ခစ်ခစ်... ခွန်အားအမျိုးအစား သန္ဓေပြောင်းအစွမ်းလား... ဒါက ရှင့်ရဲ့ ဝှက်ဖဲလား"

လင်းယွမ် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

"ဘုန်း"

နောက်ဘက်ရှိ ကျန်းယွမ်ယွမ်သည် ရေပန်းများအဖြစ် ပြောင်းလဲကာ ချက်ချင်း ပျောက်ကွယ်သွားပြန်သည်။

သူမ၏ ပုံရိပ်သည် မလှမ်းမကမ်းရှိ စင်္ကြံလမ်းပေါ်တွင် ထပ်မံ ပေါ်လာပြန်သည်။

လင်းယွမ်က မသိစိတ်ဖြင့် လိုက်ဖမ်းရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။

"မဟုတ်ဘူး... သူက ငါ့ကို စင်္ကြံလမ်းဘက် မျှားခေါ်နေတာ"

"အဲဒီဘက်မှာ ကင်းလှည့်အဖွဲ့က လူတွေရှိတယ်... ငါ မေ့အောင် ရိုက်ထားပေမယ့် တကယ်တမ်း တိုက်ခိုက်ရင် ငါ့လက်ချက်နဲ့ သူတို့ ထိခိုက်ကုန်လိမ့်မယ်"

"ငါ့ရှေ့က မိန်းမက ပုံရိပ်ယောင်များလား... ဒါမှမဟုတ် တခြားဟာလား"

"ဒါက စောစောက တင်းယန် မြင်ခဲ့တဲ့ မြင်ကွင်းမျိုးလား"

"ငါ့အခုပုံစံကရော သူများတွေအမြင်မှာ ရူးသွပ်ပြီး လျှောက်တိုက်ခိုက်နေတဲ့ ပုံစံမျိုး ဖြစ်နေမလား"

လင်းယွမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ကို အမြန်တည်ငြိမ်အောင် လုပ်ကာ တွေ့ကရာကို မတိုက်ခိုက်တော့ပေ။

လင်းယွမ် လိုက်မလာသည်ကို မြင်သောအခါ ကျန်းယွမ်ယွမ်က ရုတ်တရက် လှောင်ပြောင်လိုက်သည်။ "ဘာလဲ... ရှင်က ဒီလောက်ပဲ တတ်နိုင်တာလား"

"ဟင်း... ရှင်လို အသုံးမကျတဲ့ကောင်က ၇၆ တစ်တိုက်လုံးကို သိမ်းပိုက်ချင်တာလား... အစ်ကိုကျဲနဲ့ စည်းကမ်းချက်တွေ ဆွေးနွေးချင်သေးတယ်ပေါ့"

"လင်းယွမ်... အစ်ကိုကျဲက အခု ရှင့်ကို အခွင့်အရေး ပေးနေတာနော်... မျက်နှာသာပေးတာကို ရောင့်မတက်ချင်နဲ့"

ကျန်းယွမ်ယွမ်က လင်းယွမ်ကို ဒေါသထွက်ပြီး တိုက်ခိုက်လာအောင် စကားလုံးများဖြင့် လှုံ့ဆော်နေသည်။

လင်းယွမ်က ဂရုမစိုက်ဘဲ မျက်လုံးများကို ရုတ်တရက် မှိတ်လိုက်သည်။ သူ့ဦးနှောက်ထဲမှ စိတ်စွမ်းအင်များ စိမ့်ထွက်လာပြီး ပတ်ဝန်းကျင်ကို လျင်မြန်စွာ လွှမ်းခြုံလိုက်သည်။

သူ၏ စိတ်စွမ်းအင်သည် ပတ်ဝန်းကျင် ၂၅ ပေ ဝန်းကျင်အထိ ပျံ့နှံ့သွားပြီး အရာအားလုံးသည် သူ့စိတ်အာရုံထဲတွင် ပေါ်လာတော့သည်။

ထင်ထားသည့်အတိုင်းပင် စင်္ကြံလမ်းပေါ်၌ သူရိုက်၍ မေ့လဲနေသော တင်းယန်တို့မှလွဲ၍ ကျန်းယွမ်ယွမ်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ပေ။

လင်းယွမ်က လျင်မြန်စွာ လှည့်လိုက်ပြီး အိမ်ခန်းထဲသို့ စိတ်စွမ်းအားဖြင့် စူးစမ်းလိုက်သည်။

ထိုအခန်းထဲတွင်လည်း ဗလာသက်သက်သာဖြစ်ပြီး မည်သူမျှ ရှိမနေပေ။

ရှေ့မှ တံခါးပင် ပွင့်မနေပေ။ အစမှအဆုံး ကျန်းယွမ်ယွမ်သည် ဤအခန်းထဲမှ ထွက်မလာခဲ့ဖူးပေ။

စိတ်စွမ်းအင်၏ ထိုးဖောက်စူးစမ်းနိုင်စွမ်းသာ မရှိပါက လင်းယွမ်အနေဖြင့် ဤအချက်ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

သူက အေးစက်စွာ ရယ်မောလိုက်သည်။ "ဝမ်ကျဲ... ယောကျ်ားဆိုရင် ထွက်လာပြီး ငါ့ကို စကားပြော... ပုန်းလျှိုးကွယ်လျှိုးနဲ့ မိန်းမတစ်ယောက်ကို အရှေ့ထွက်ပြီး ပေါက်ကရတွေ ပြောခိုင်းနေတာလား... မင်းမှာ ဒီလောက်ပဲ အရည်အချင်း ရှိတာလား"

သူက စမ်းသပ်သည့်အနေဖြင့် လှောင်ပြောင် ပြောဆိုလိုက်သည်။

ကျန်းယွမ်ယွမ်က ဒေါသတကြီး ဆဲရေးတိုင်းထွာလေတော့သည်။ "မိန်းမဖြစ်တော့ ဘာဖြစ်လဲ... နင့်အမေက မိန်းမ မဟုတ်ဘူးလား... နင့်ကို မိန်းမက မွေးတာ မဟုတ်ဘူးလား... နင်က မိန်းမတွေကို အထင်သေးတယ်ပေါ့... ငါ နင့်ကို မိန်းမလက်ချက်နဲ့ သေအောင် သတ်ပြမယ်"

သူမ စူးစူးဝါးဝါး အော်ဟစ်နေစဉ်မှာပင် မျက်နှာချင်းဆိုင် အခန်း ၃၂၁၁ ထဲမှ စိတ်စွမ်းအင်တစ်ခု စိမ့်ထွက်လာသည်ကို လင်းယွမ် အာရုံခံမိလိုက်သည်။

ထို့နောက် လူရိပ်တစ်ခုသည် အသံတိတ် တံခါးရှေ့သို့ ရောက်လာသည်။

ထိုလူက တံခါးဖွင့်လိုက်ပြီး လက်ထဲတွင် ချွန်ထက်သောအသွားရှိသည့် ကပ်ကြေးတစ်လက်ကို ကိုင်ဆောင်လျက် ခြေသံလုံလုံဖြင့် လင်းယွမ်၏ နောက်ကျောဘက်သို့ လျှောက်လာသည်။

လင်းယွမ်၏ စိတ်အာရုံဖြင့် စူးစမ်းချက်အရ ထိုလူမှာ လူငယ်တစ်ဦး ဖြစ်သည်။

အသက် ၂၀ ကျော်ဝန်းကျင်ခန့် ရှိမည်။ သန့်သန့်ပြန့်ပြန့် ဝတ်စားထားပြီး မျက်နှာ ပြည့်ပြည့်ဖောင်းဖောင်း ရှိသဖြင့် ရေရှည် ငတ်မွတ်ထားသည့် ပုံစံမရှိပေ။

ထိုလူက သတိကြီးစွာထားပြီး ကပ်ကြေးကို ကိုင်လျက် တဖြည်းဖြည်း ကပ်လာသည်။

လင်းယွမ်က မျက်လုံးဖွင့်လိုက်ပြီး ရုတ်တရက် နောက်သို့ လှည့်လိုက်သည်။

မျက်လုံးဖြင့် ကြည့်လိုက်ရာ ဘာကိုမျှ မတွေ့ရပေ။

သူ့မျက်လုံးက ထိုလူကို လုံးဝ မမြင်ရပေ။

ထိုလူငယ်သည်လည်း လင်းယွမ် ရုတ်တရက် လှည့်ကြည့်လိုက်သဖြင့် လန့်သွားပြီး နေရာမှာပင် တောင့်ခနဲ ရပ်တန့်သွားကာ အသက်ပင် မရှူရဲတော့ပေ။

ဘေးပတ်ဝန်းကျင်မှ ကျန်းယွမ်ယွမ်၏ ဆဲရေးသံများ ထွက်ပေါ်နေဆဲပင်။

"လင်း ဆိုတဲ့အကောင်... နင်က သောက်သုံးမကျတဲ့ကောင်... သတ္တိရှိရင် ဝင်လာခဲ့လေ"

"ဒီစကားတွေကို အစ်ကိုကျဲ ရှေ့ရောက်ရင် နင် ပြောရဲပါ့မလား"

"နင့်လိုကောင်မျိုးကို အစ်ကိုကျဲက လက်တစ်ဖက်တည်းနဲ့ သတ်ပစ်လို့ရတယ်"

လင်းယွမ်က ကျန်းယွမ်ယွမ်၏ ဆူညံသံများကို ဂရုမစိုက်တော့ပေ။

တစ်ဖက်လူ ဘယ်နားရောက်နေမှန်း မသိသော်လည်း ၃၂၁၂ အခန်းထဲတွင် မရှိကြောင်း သူ သေချာပေါက် သိနေသည်။

ယခု သူ့အာရုံက စိတ်စွမ်းအင်ဖြင့် ထောက်လှမ်းတွေ့ရှိထားသော လူငယ်ဆီတွင်သာ ရှိသည်။

ထိုလူငယ်က လင်းယွမ် သူ့ကို မမြင်ရသေးဘူးဟု ထင်မှတ်နေဆဲပင်။ သူက တိတ်တဆိတ် ကပ်ကြေးကို မြှောက်လိုက်သည်။

လင်းယွမ်၏ လည်ပင်းကို ချိန်ရွယ်ကာ အားကုန် ထိုးစိုက်ရန် လက်ကို မြှောက်လိုက်သည်။

ထိုအချိန်တွင် လင်းယွမ်က ရုတ်တရက် ပြုံးလိုက်ပြီး ချက်ချင်း တိုက်ခိုက်လိုက်သည်။

သူက ဘာမှမရှိသော လေထုထဲသို့ ဖမ်းဆုပ်လိုက်သကဲ့သို့ ထင်ရသော်လည်း သူ၏ လက်ဖဝါးက ကပ်ကြေးကိုင်ထားသော လက်မောင်းကို တိကျစွာ ဖမ်းဆုပ်မိသွားသည်။

ရုတ်ခြည်းပင် လေထုများ တွန့်လိမ်သွားပြီး ရှေ့မှလူငယ် မျက်နှာပျက်သွားကာ သူ၏ ရုပ်သွင်အမှန် ပေါ်ထွက်လာတော့သည်။

လင်းယွမ်က ရက်စက်စွာ ပြုံးလိုက်သည်။ "ကြည့်ရတာ... မင်းက ဝမ်ကျဲ ဖြစ်လောက်တယ်"

ဝမ်ကျဲ မျက်နှာ ဖြူဆွတ်သွားပြီး ကြောက်လန့်တကြား နောက်ဆုတ်ရန် ကြိုးစားရင်း အော်ဟစ်လိုက်သည်။ "ခင်... ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို ဘယ်လိုလုပ် တွေ့တာလဲ"

သူ့မျက်လုံးထဲတွင် အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး စိတ်စွမ်းအင် လှိုင်းတစ်ခုက လင်းယွမ်ဆီသို့ အရှိန်ဖြင့် ဝင်ဆောင့်သည်။

လင်းယွမ်၏ စိတ်အာရုံ အနည်းငယ် တုန်ခါသွားပြီး သူ၏ စိတ်စွမ်းအင်လည်း အနည်းငယ် တွန့်လိမ်သွားသည်။

သို့သော် တစ်ဖက်လူ၏ စိတ်စွမ်းအင်မှာ ၅ မှတ်ဝန်းကျင်သာ ရှိသဖြင့် သူ့အသိစိတ်ကို မည်သို့မျှ မလှုပ်ခါနိုင်ပေ။

လင်းယွမ်က ဝမ်ကျဲ၏ လည်ပင်းကို ညှစ်၍ အပေါ်သို့ ဆွဲမလိုက်သည်။

"အစ်... အွပ်"

ဝမ်ကျဲမှာ စိတ်စွမ်းအင်ကို ဆက်လက် အသုံးမပြုနိုင်တော့ဘဲ လက်နှစ်ဖက်ဖြင့် လင်းယွမ်၏ လက်မောင်းကို ကုတ်ခြစ်ကာ ခြေထောက်နှစ်ဖက်က လေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေသည်။

"အသက်... အသက်... ချမ်းသာပေးပါ"

လင်းယွမ်က မဲပြုံး ပြုံးလိုက်သည်။ "မင်းက စိတ်စွမ်းအင်ကို သုံးပြီးတော့ အာရုံမှားအောင်လုပ်... သူများတွေရဲ့ အာရုံငါးပါးကို ထိန်းချုပ်တာကိုး"

"မင်းက ဝမ်ကျဲလား"

ဝမ်ကျဲ၏ မျက်နှာမှာ နီရဲနေပြီး မည်သို့မျှ ပြန်မခုခံနိုင်တော့ပေ။

သူက ပြင်းထန်စွာ ရုန်းကန်နေရင်း မျက်ရည်များပင် ထွက်ကျလာသည်။

"ဟုတ်... ဟုတ်... ဟုတ်ပါတယ်... ကျွန်တော့်ကို လွှတ်"

သူ အသံထွက်အောင် မအော်နိုင်သော်လည်း စိတ်စွမ်းအင်မှတစ်ဆင့် ထိုအဓိပ္ပာယ်ကို ပေးပို့နေသည်။

လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ လက်ကို မလွှတ်ပေးသည့်အပြင် ပို၍ပင် အားထည့်လိုက်သည်။

"လက်အောက်ငယ်သားတွေကို လူသတ်လုယက်ခိုင်းတဲ့ မင်းက တကယ့် တရားခံအစစ်ပဲ"

"မင်းသာ မရှိရင် ချန်ဟုန်တို့ ကျိုးဝမ်တို့လိုကောင်တွေက တိုက်တွဲ ၁ ကို ဝင်စီးရဲပါ့မလား"

"သွားသေလိုက်တော့"

"ဂျွတ်"

လင်းယွမ်၏ လက်ဖဝါးမှ ကြီးမားသော ခွန်အားများ ပေါက်ကွဲထွက်လာပြီး ဝမ်ကျဲ၏ လည်ပင်းရိုးကို ချိုးပစ်လိုက်သည်။

ချက်ချင်းပင် ဝမ်ကျဲ မျက်လုံးများ ပြူးထွက်လာသည်။ ဦးနှောက်ထဲမှ စိတ်စွမ်းအင်လှိုင်းများ နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်လာပြီး ပြင်းထန်သော လှုံ့ဆော်မှု ခံလိုက်ရသည့်အလား ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်တော့မည့်ပုံ ပေါက်သွားသည်။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့အသက်စွမ်းအား ကုန်ဆုံးသွားသဖြင့် ထိုပြောင်းလဲမှုသည် ရပ်တန့်သွားတော့သည်။

ဝမ်ကျဲ ခေါင်းငိုက်စိုက်ကျသွားပြီး လုံးဝ သေဆုံးသွားလေသည်။

ဆက်ရန်...

All Chapters