← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅) - မျက်ဝါးထင်ထင် သက်သေပြုခြင်း (၂)

~"မင်း ဘာတွေးနေလဲ ငါ သိပါတယ်...၊ မကြာခင် မင်း မြင်ရပါလိမ့်မယ်...၊ ငါနဲ့ သူ့ကြားက ကွာခြားချက် ဘယ်လောက် ကြီးမားလဲ ဆိုတာ..."

ယဲ့ချန်က လုဇီယွဲ့ ကို တစ်ချက် ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

အားလုံး၏ အကြည့်များ အဝေးသို့ ရောက်ရှိသွားကြ၏။

စွမ်းအားကြီးမားသော အရှိန်အဝါများသည် လေနှင့် တိမ်တိုက်များကို မွှေနှောက်နေပြီး၊ ဗဟို တောင်ထွတ်များရှိ တိမ်တိုက် ပင်လယ်ပြင်က အဆက်မပြတ် တုန်ခါနေလေသည်။

လေမိုးကြိုး တောင်ထွတ် မှ တပည့်များ အားလုံး အေးစက်သော အပြုံးများ ပြသနေကြ၏။

ခဏအကြာမှာ၊

အေးစက်သော အသံတစ်သံ ပဲ့တင်ထပ်သွားသည်။

"စီနီယာအစ်ကို ယဲ့...၊ ကျွန်တော်တို့က စီနီယာအစ်ကို နင် ရဲ့ အမိန့်နဲ့... ဂျူနီယာညီမလေး လု ကို လာကြိုတာပါ...၊ ဂျူနီယာညီမလေး လု က လေမိုးကြိုး တောင်ထွတ် မှာ နေတာ ရက်တော်တော် ကြာနေပြီ ဆိုတော့... စီနီယာအစ်ကို ယဲ့ ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်..."

အပြာရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးသည် လေမိုးကြိုး တောင်ထွတ် အပြင်ဘက်တွင် ပေါ်လာပြီး၊ အဝေးမှ သုံးရောင်ခြယ် ရတနာ သင်္ဘော ကို ဝေဝါးဝါး မြင်တွေ့နေရကာ၊ ခန့်ညားထည်ဝါသော ပုံရိပ်များ မထင်မရှား ပေါ်နေလေသည်။

ယဲ့ချန် ဘာမှ မပြောပေ။

သူ့အတွက်တော့... ချင်မင်ဟောက် က စကားပြောဖို့ မတန်ပေ။

ယဲ့ချန် ပတ်ဝန်းကျင်ရှိ နောက်လိုက်များက လှောင်ပြုံး ပြုံးလိုက်ကြ၏။

"မင်းက ဘာအဆင့်အတန်း ရှိလို့ စီနီယာအစ်ကို ယဲ့ ကို စကားပြောရဲတာလဲ...၊ မင်း နောက်ကွယ်က လူကို ခေါ်လိုက်စမ်း..."

ယဲ့နင်သည် လေထဲသို့ တက်လှမ်းလိုက်ပြီး၊ ချင်မင်ဟောက် ၏ ရှေ့တွင် ရက်စက်သော အပြုံးဖြင့် ဆင်းသက်လိုက်၏။

စစ်သားအချင်းချင်း၊ ဘုရင်အချင်းချင်း တွေ့ဆုံရမည်...၊ ချင်မင်ဟောက် လို လူမျိုးကို စီနီယာအစ်ကို ယဲ့ ကိုယ်တိုင် အရေးလုပ်နေရလျှင်... နောက်လိုက်တွေ အသုံးမကျရာ ရောက်နေမည်လေ။

"ငါ မင်းကို သိတယ်...၊ ချင်မင်ဟောက် မဟုတ်လား...၊ အစစ်အမှန် တပည့်တွေ ကြားမှာ ပျောက်ကွယ်နေတဲ့ ပုဂ္ဂိုလ်လေး...၊ မင်းက ကိုယ့်ကိုယ်ကို အသွင်ပြောင်းသွားပြီ လို့ ထင်ပြီး... ဘယ်လိုလုပ် ရဲတင်းနေတာလဲ...၊ ဒီနေ့ မင်းကို လက်တွေ့ဘဝနဲ့ ရင်ဆိုင်ရအောင် လုပ်ပေးမယ်..."

ယဲ့နင် စကားအဆုံး၌၊ ဟားတိုက် ရယ်မောလိုက်၏။ သူသည် ယဲ့ချန် နှင့် မျိုးရိုးတူ ဖြစ်ပြီး၊ နောက်လိုက်များကြားတွင် ထူးခြားစွာ စွမ်းအားကြီးသူ ဖြစ်သည်။

ထို့နောက်။

သူသည် 'မူလဝိညာဉ် ဧရာမ လက်ဝါးကြီး' တစ်ခုကို စုစည်းလိုက်ပြီး၊ ချင်မင်ဟောက် ဆီသို့ လှမ်းဖမ်းလိုက်၏။

ဒါသည် ဓမ္မ ရုပ်သွင် နည်းစနစ်၏ အဆင့်မြင့် အသုံးချမှု ဖြစ်ပြီး၊ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပိုမို သန့်စင်စွာ စုစည်းထားခြင်း ဖြစ်သည်။ ချက်ချင်း ဆိုသလိုပင် တိမ်တိုက် ပင်လယ်ပြင် လှိမ့်ဝင်လာပြီး၊ စောင့်ကြည့်နေကြသော အစစ်အမှန် တပည့် အများအပြားကို ပေါ်ထွက်လာစေသည်။

လူတိုင်း စိတ်လှုပ်ရှားသွားကြ၏။ အစကတည်းက ဒီလောက် ပြင်းထန်သော တိုက်ပွဲ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သို့တိုင်၊ ချင်မင်ဟောက် ကတော့ တည်ငြိမ်နေဆဲပင်။

တစ်ချိန်တုန်းက သူ ယဲ့နင် ကို မော့ကြည့်ခဲ့ရဖူးပေမယ့်...ယခုတော့ ပြောင်းလဲသွားလေ၏။

တည်ငြိမ်စွာ ရပ်နေရင်း၊ ချင်မင်ဟောက်. လက်သီး တစ်လုံး ထိုးထုတ်လိုက်ရာ၊ အနက်ရောင် နှင့် အဖြူရောင် အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်လာပြီး၊ ခန့်မှန်း၍ မရနိုင်အောင် ပြောင်းလဲနေသည်။ ချင်မင်ဟောက်သည် 'ယင်ယန် ဓားလမ်းစဉ်' အား ကျင့်ကြံထားပြီး၊ နင်ချီ၏ လမ်းညွှန်မှုဖြင့် ပြောင်းလဲသွားကာ၊ နက်နဲသော သဘောတရားများ ဖုံးကွယ်ထားသည်။ ဓားလမ်းစဉ် မပါဘဲနှင့်တောင်မှ... ၎င်း၏ စွမ်းအားက ကြီးမားလှသည်။

"ဝုန်း..."

ကမ္ဘာပျက်သလို အသံကြီးသည် ယဲ့နင်ကို တုန်လှုပ်သွားစေပြီး၊ သူ စုစည်းထားသော မူလဝိညာဉ် ဧရာမ လက်ဝါးကြီးသည် တစ်မုဟုတ်ချင်း.. ကြေမွသွားလေသည်။ သူ၏ မူလဝိညာဉ် တုန်ခါသွားပြီး၊ သွေးအန်လိုက်ရသည်။

လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားဧ။်။

ချင်မင်ဟောက် က ဒီလောက် ကြမ်းတာလား...။

လွန်ခဲ့တဲ့ (၁၀) နှစ်က... သူက အစစ်အမှန် တပည့် ရာပေါင်းများစွာ ကြားမှာ အသိသာဆုံး လူတစ်ယောက် ဖြစ်ခဲ့တာလေ။

"အစစ်အမှန် အမွေခံ နင် ရဲ့ လမ်းညွှန်မှုအောက်မှာ (၁၀) နှစ်တောင် မပြည့်သေးဘဲ... ဒီလောက် တိုးတက်သွားတာလား..." အစစ်အမှန် တပည့် တိုင်း အားကျသွားကြပြီး၊ သုံးရောင်ခြယ် ရတနာ သင်္ဘော ပေါ်မှ မြင့်မားသော ပုံရိပ်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြ၏။

ယဲ့နင် အရှက်ရပြီး ဒေါသထွက်သွားသည်။

လူအုပ်ကြီးကြားမှာ အရှက်ကွဲရတာ... သူ့မျက်နှာ တစ်ခုတည်း မဟုတ်...၊ ယဲ့ချန် ၏ မျက်နှာပါ ပါသွားပြီ မဟုတ်ပါလော။

"စောစောက ငါ ပေါ့ဆသွားတာ...၊ ပြန်လာခဲ့..." ယဲ့နင် ဟိန်းဟောက်လိုက်၏။

ထိုစဉ်၊ သူ့လက်ကို တပည့် တစ်ဦးက ဆွဲထားလိုက်၏။

"စီနီယာအစ်ကို ဝမ်..."

ထိုအခါ၊ ယဲ့နင် ..ဒေါသကို ဖိနှိပ်လိုက်၏။

ယဲ့ချန် နှင့် မျိုးရိုးတူ ဖြစ်သဖြင့်၊ ယဲ့ချန် ၏ နောက်လိုက် အများစုကို သူ အထင်သေးသော်လည်း၊ ဝမ်ယဲ့ ကိုတော့ ချွင်းချက် ထားသည်။ ဝမ်ယဲ့သည် သာမန်လူ မဟုတ်ဘဲ၊ ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး စာရင်းဝင် ဖြစ်ပြီး၊ အဆင့် (၉) နေရာတွင် ရှိလေသည်။

ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး စလုံးမှာ ကိုယ်ပိုင် မာန်မာနတွေ ရှိကြ၏။

နံပါတ်တစ် နှင့် နံပါတ်နှစ် အစစ်အမှန် အမွေခံတွေတောင် တခြားသူနောက် မလိုက်ကြပေ။

သို့သော်၊ ယဲ့ချန် က ဝမ်ယဲ့ ၏ သစ္စာခံမှုကို ရရှိထားပြီး၊ အဆင့် (၁၀) ဟယ်ထျန်း က ကျန်းချင်းရွှယ် နောက် လိုက်နေသည်။ ကျန် အဆင့်မြင့်သူတွေကတော့ တစ်ကိုယ်တော် သွားနေကြပြီး၊ ယှဉ်ပြိုင်လိုစိတ်တွေ ရှိနေကြ၏။

"ငါ့ကို ပေးလိုက်ပါ...၊ မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး..." ဟု ဝမ်ယဲ့ လေးနက်စွာ ပြောလိုက်၏။

ဝိညာဉ် ချပ်ဝတ် ဝတ်ဆင်ထားပြီး ကြွက်သား အဖုအထစ်များနှင့် လက်မောင်း တစ်ဖက်ကို ဖော်ထားသော ဝမ်ယဲ့မှာ အကန့်အသတ်မဲ့ ဓားဂိုဏ်းတွင် ဓားလမ်းစဉ် မလိုက်စားဘဲ 'ခန္ဓာကိုယ် သန့်စင်ခြင်း' ကျင့်ကြံသော လူနည်းစုထဲမှ တစ်ဦး ဖြစ်သည်။

ယဲ့ချန် က ယဲ့မိသားစု ၏ အင်အားကို သုံးပြီး သူ့အတွက် 'ခန္ဓာကိုယ် သန့်စင်ခြင်း နက်နဲသော စွမ်းရည်' ရှာပေးမည်ဟု ကတိပေးခဲ့၍... သစ္စာခံခဲ့ခြင်းပင်။

ဝမ်ယဲ့ ရှင်းရှင်းလင်းလင်း မြင်လိုက်၏.. ချင်မင်ဟောက် က ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး အဆင့်ကို ရောက်နေလေ၏။ ယဲ့နင် ကို ဆက်လုပ်ခိုင်းလျှင် ယဲ့ချန် ကို အရှက်ရစေရုံပဲ ရှိမည်..၊ ဒါကြောင့် သူ ပြတ်ပြတ်သားသား ရှေ့ထွက်လိုက်ရသည်။

ယဲ့နင် မကျေနပ်ပေမယ့်...

အသိစိတ်ရှိရှိ နောက်ဆုတ်ပေးလိုက်၏။

လူအများ၏ အာရုံစိုက်မှု အောက်တွင်...၊

ဝမ်ယဲ့ တစ်လှမ်းချင်း တက်လှမ်းလာပြီး၊ ချင်မင်ဟောက် ၏ မျက်နှာချင်းဆိုင်တွင် တည်ငြိမ်သော အကြည့်ဖြင့် ရပ်လိုက်၏။

"မင်းလို လူမသိသူမသိ အဆင့်ကနေ ဒီနေ့အထိ ရောက်လာတာ မလွယ်ကူပါဘူး...၊ ကံဆိုးတာက... စီနီယာအစ်ကို ယဲ့ ကို မဆန့်ကျင်သင့်ဘူး..."

ချင်မင်ဟောက် ခနဲ့ပြုံး ပြုံးလိုက်၏။

"အဲ့ဒီ စကားလုံးတွေကို မင်းဆီပဲ ပြန်ပေးလိုက်မယ်...၊ စီနီယာအစ်ကို နင် ဆိုတာ မင်း လက်လှမ်းမမီနိုင်တဲ့ နယ်ပယ် တစ်ခုပဲ..."

"မင်း စီနီယာအစ်ကို ယဲ့ နောက် လိုက်တာ ဘယ်လောက် ကြာပြီလဲ...၊ ဘယ်လောက် တိုးတက်လာပြီလဲ...၊ ငါကတော့ စီနီယာအစ်ကို နင် ရဲ့ လမ်းညွှန်မှုအောက်မှာ... ဒီနေ့ မင်းကို အနိုင်ယူနိုင်ပြီနော်..."

သူ့စကားများက ဝမ်ယဲ့ ကို သွယ်ဝိုက်ပြီး နာကျင်စေသည်။ ဝမ်ယဲ့ တွင် တစ်ချိန်က ကြီးမားသော မာန်မာန ရှိခဲ့သော်လည်း လမ်းပိတ်နေသည်ကို တွေ့ရှိခဲ့ရပြီး၊ နက်နဲသော စွမ်းရည် ရရှိရန် မျှော်လင့်ချက်ဖြင့် ယဲ့ချန် ၏ ကွပ်ကဲမှုအောက်သို့ ဝင်ရောက်ခဲ့ရသည်။

သို့သော် ဒီနှစ်တွေ ကြာပြီးသည့်နောက်... ရလဒ်က နည်းပါးလွန်း၏... ။ သူက စကားစလိုက်တိုင်း ယဲ့ချန် က အချိန်မတန်သေးဘူး ဟုသာ ပြန်ပြောလေ၏။

ဟိုဘက်ကို ကြည့်လိုက်တော့... (၁၀) နှစ် အတွင်းမှာပင်... ချင်မင်ဟောက် က အစစ်အမှန် တပည့်တွေ၏ အစွန်းဖျားမှ ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး စာရင်းဝင် ဖြစ်လာသည်...၊ ကွာခြားချက်က ကြီးမားလွန်း၏။

ခဏတာမျှ၊ သူ မနာလိုစိတ် တစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်ယဲ့၏ အကြည့်များ အေးစက်သွား၏။

"ငါ့ကို အနိုင်ယူမလို့လား...၊ စမ်းကြည့်လေ..."

ဒေါသထွက်ပြီး ချင်မင်ဟောက် အပေါ် ပုံချရန် ရည်ရွယ်ချက်ဖြင့်၊ သူသည် လေထဲသို့ တက်လှမ်းလိုက်ရာ၊ သူ့ပုံရိပ်သည် ပေတစ်ရာခန့် မြင့်သော ဧရာမ လူကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ခေါင်းသုံးလုံး လက်ခြောက်ဖက် ပေါ်ထွက်လာသည်။

လက်တစ်ဖက်စီတွင် ကြမ်းတမ်းသော မှော် လက်နက်များကို ကိုင်ဆောင်ထားပြီး၊ အားလုံးသည် ထိပ်တန်း အဆင့်များ ဖြစ်ကြကာ၊ သတ်ဖြတ်လိုသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

တိမ်တိုက် ပင်လယ်ပြင်ကို ထင်ရှားသော လမ်းကြောင်းများဖြင့် ခွဲခြားလိုက်ရာ၊ လူတိုင်း၏ ရင်ထဲတွင် အံ့သြမှုများ ဖြစ်ပေါ်စေသည်။

"ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာ ..."

ဟယ်ထျန်း တိုးတိုးလေး ရေရွတ်လိုက်ပြီး၊ သူ့အကြည့်များ အနည်းငယ် လေးနက်သွားသည်။ သူသည် ဝမ်ယဲ့ ၏ ပြိုင်ဘက်ဟောင်း ဖြစ်ပြီး၊ သူ့ကို ရင်းနှီးသည်။ ဒါသည် ဝမ်ယဲ့ အစောပိုင်း ကာလက ရရှိခဲ့သော 'ခန္ဓာကိုယ် သန့်စင်ခြင်း နက်နဲသော စွမ်းရည်' အခွင့်အရေး ပင် ဖြစ်သည်။ အစိတ်အပိုင်းများ မပျောက်ဆုံးခဲ့လျှင်၊ သူ့အောင်မြင်မှုများ ပိုမို ကြီးမားနိုင်ပေသည်။

(၁၀) နှစ်လောက် မတိုက်ခိုက်ရသည်ကိုပင်... ဝမ်ယဲ့ ရဲ့ တိုးတက်မှုက မထင်မှတ်ထားလောက်အောင်ပါပဲ။

သူ့ဘေးတွင် ကျန်းချင်းရွှယ် အနည်းငယ် ခေါင်းညိတ်လိုက်၏။

သူမသည် အဝေးတစ်နေရာရှိ သုံးရောင်ခြယ် ရတနာ သင်္ဘော ကို အကဲခတ်လိုက်ပြီး၊ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ရှိနေသည်။ တကယ်လို့ နင်ချီ သာ ဒီနေ့ မျှော်လင့်ထားသော စွမ်းရည်တွေကို မပြနိုင်လျှင်... ကျန်းရွှမ် ကိစ္စက ပြီးမှာ မဟုတ်ချေ။

ထို့နောက် ကျန်းချင်းရွှယ်၏ အကြည့်သည် ချင်မင်ဟောက် ပေါ်သို့ ကျရောက်သွားသည်။

ချင်မင်ဟောက် ၏ မျက်လုံးများတွင် သတိထားပြီး စဉ်းစားနေမှုများ ရှိနေသော်လည်း၊ သူ မကြောက်ပေ။ မြင့်မားသော 'ဓားစိတ်ဆန္ဒ’ သည် သူ့ကို ကာကွယ်ထားပြီး၊ 'ယင်ယန်' ကို ပုံဖော်ကာ၊ အနက်ရောင် နှင့် အဖြူရောင် ဓားအလင်းတန်းများသည် ဝမ်ယဲ့ ဆီသို့ ရိပ်ခနဲ ပျံသန်းသွားသည်။

စောစောက ယဲ့နင် ကို ရင်ဆိုင်တာ လွယ်ကူပေမယ့်... အခု ဝမ်ယဲ့ ကို ရင်ဆိုင်ရတာတော့ အစွမ်းကုန် ကြိုးစားရမည်။

စီနီယာအစ်ကို နင် က နောက်ကနေ ကြည့်နေတာ... သူ လုံးဝ အရှက်ကွဲ၍ မဖြစ်ချေ။

ချက်ချင်းဆိုသလိုပင်၊ သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

နှစ်ယောက်စလုံးသည် 'မူလဝိညာဉ်နယ်ပယ်' ၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသူများ ဖြစ်သည့်အပြင်၊ အဆင့်မြင့် နက်နဲသော စွမ်းရည်များနှင့် မှော်ရတနာများကိုယ်စီ ပိုင်ဆိုင်ထားကြရာ... သူတို့၏ တိုက်ပွဲပြင်းထန်မှုသည် ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေလေသည်။

တိမ်တိုက်ပင်လယ်ပြင်ပင် ပြောင်းပြန်လှန်မတတ် ဖြစ်သွားရပြီး ဘေးမှ ကြည့်ရှုနေကြသော ပင်မဂိုဏ်းသားများမှာ အံ့သြတကြီး ဖြစ်ကုန်ကြရ၏။

ချင်မင်ဟောက်နှင့် ဝမ်ယဲ့တို့၏ တိုက်ပွဲအခြေအနေမှာ သရေကျနေသည်ကို သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။ ပြောရလျှင်... ချင်မင်ဟောက်ဖက်က အနည်းငယ်ပင် အသာစီးရနေသေးသည် မဟုတ်ပါလော။

'မူလဝိညာဉ် မှော်စွမ်းအား' သည် ဓားအလင်းတန်းများအသွင် ဖန်ဆင်းကာ ဟင်းလင်းပြင်ထက်၌ ရွေ့လျားသွားလာနေပြီး အဆက်မပြတ် ခွဲထွက်နေတော့၏။ တစ်ခါတစ်ရံတွင် နဂါးများအသွင် ပြောင်းလဲသွားလိုက်၊ တစ်ခါတစ်ရံတွင် မြစ်ရေစီးကြောင်းများအဖြစ် စုစည်းသွားလိုက်ဖြင့် နက်နဲဆန်းကြယ်မှုများကို ပြသနေလေသည်။

ဝမ်ယဲ့ကလည်း 'ကိုယ်ခန္ဓာသန့်စင်ခြင်း ဧကရာဇ်' တစ်ပါး၏ စွမ်းပကားကို ထုတ်ဖော်ပြသနေပြီး သူ၏ လက်သီးချက်နှင့် ကန်ချက်တိုင်းသည် တောင်များကို ဖြိုခွင်းနိုင်စွမ်း ရှိသော စွမ်းအားများကို သယ်ဆောင်ထားလေသည်။ သူ၏ ခန္ဓာကိုယ်အသားအရေသည် မှော်ရတနာများနှင့် ယှဉ်နိုင်လောက်အောင် မာကျောခိုင်ခံ့နေပြီး အရာရာကို တိုးဝှေ့ဖြိုခွင်းဝင်ရောက်နေတော့သည်။

သူတို့၏ တိုက်ပွဲလှိုင်းဂယက်များကြောင့် ဂိုဏ်းသားအမြောက်အမြား လာရောက် စုရုံးမိသကဲ့သို့ ဖြစ်သွားရလေသည်။ ဂိုဏ်းအထက်ပိုင်း ပုဂ္ဂိုလ်များ၏ အကြည့်များပင် ထိုနေရာသို့ ကျရောက်လာခဲ့ကြပြီ ဖြစ်၏။

သို့သော်လည်း... ထိုမဟာစွမ်းအားရှင်များသည် ဝင်ရောက် မစွက်ဖက်ကြပေ။ အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေရန်မှာ ဂိုဏ်းတွင်း၌ပင် ယှဉ်ပြိုင်မှုများ ရှိနေရန် လိုအပ်သည် မဟုတ်ပါလော။

ယဲ့ချန်နှင့် နင်ချီတို့ စတင်လိုက်သော ဤပဋိပက္ခသည်... ထိန်းချုပ်မရနိုင်သော အခြေအနေမျိုးသို့ မရောက်ရှိသရွေ့ သူတို့အနေဖြင့် ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။ သို့မဟုတ်ပါက သူတို့ တားဆီးကြမည် မဟုတ်ပေ။

လုဇီယွဲ့သည် တိုက်ပွဲကို အံ့သြတကြီး ကြည့်နေမိသော်လည်း သူမ၏ အကြည့်များသည် အဝေးတစ်နေရာရှိ သုံးရောင်ခြယ် ရတနာသင်္ဘောထက်တွင်သာ စွဲမြဲနေလေသည်။ နွေးထွေးသော အကြည့်တစ်ခုက သူမအား လှမ်းကြည့်နေသကဲ့သို့... သူမအတွက် ခိုင်မာသော အာမခံချက် တစ်ခု ပေးနေသကဲ့သို့ ခံစားလိုက်ရ၏။

သူမ၏ ရင်ထဲ၌ ကနဦး ဖြစ်ပေါ်နေသော တင်းမာမှုများသည် အံ့ဖွယ်နည်းဖြင့် ပျောက်ကွယ်သွားရပြီး... နှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေး တစ်ခု ပေါ်ပေါက်လာလေတော့သည်။

ယဲ့ချန်.. အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

လက်ကို နောက်ပစ်ကာ စစ်မြေပြင်ကို ကြည့်နေ၏။

မူလက ယုံကြည်မှု ရှိခဲ့သော်လည်း၊ သူ့အကြည့်များ ပိုမို အေးစက်လာသည်။

ကောင်းကင်ယံ အထက်တွင်၊ အနက်ရောင် နှင့် အဖြူရောင် ဓားအလင်းတန်းများသည် ပိုမို ပြင်းထန်လာပြီး၊ အနက်ရောင် နှင့် အဖြူရောင် နဂါး အမြွှာ အဖြစ် ပြောင်းလဲသွားကာ၊ ဝမ်ယဲ့ ၏ အသားများကို သွေးထွက်အောင် ခုတ်ပိုင်းလိုက်၏။

"ပိုင်းစမ်း..."

ချင်မင်ဟောက် အော်ဟစ်လိုက်ပြီး၊ စိတ်ဓာတ်တက်ကြွကာ ခန့်ညားထည်ဝါနေသည်။ နင်ချီ ပြောပြခဲ့သော 'ယင်ယန်' သိမ်မွေ့မှုများကို ပေါင်းစပ်ပြီး၊ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသော ဓားချက် တစ်ချက်ကို ဝှေ့ယမ်းလိုက်ရာ၊ ဝမ်ယဲ့ ကို အဟုန်ပြင်းစွာ လွင့်စင်သွားစေသည်။

ချက်ချင်းဆိုသလိုပင်။

ဓမ္မ ရုပ်သွင် ကြေမွသွားပြီး၊ လူတိုင်း မှင်သက်သွားကြ၏။

ပါရမီရှင် တစ်ယောက် ပေါ်ထွန်းလာတာကို သူတို့ မျက်ဝါးထင်ထင် တွေ့လိုက်ရတော့သည်။

ချင်မင်ဟောက် သည် သူ၏ လှုပ်ရှားနေသော စိတ်ခံစားမှုများကို ငြိမ်သက်အောင် လုပ်လိုက်သည်၊ ဒီအရာတွေ အားလုံးရဲ့ အရင်းအမြစ်ကို သူ သိနေသည်။

သူက ယဲ့ချန် ကို ကြောက်ရွံ့ခြင်း မရှိဘဲ ရင်ဆိုင်လိုက်၏။

"စီနီယာအစ်ကို ယဲ့...၊ စီနီယာအစ်ကို နင် ရဲ့ အမိန့် အရ... ကျွန်တော်တို့.. ဂျူနီယာညီမလေး လု ကို လာခေါ်တာပါ...”

အခန်း (၅၀၆) - မဟာ ဓာတ်ကြီးငါးပါး

~တိမ်တိုက် ပင်လယ်ပြင်သည် ဆူပွက်နေပြီး၊ တိတ်ဆိတ်ခြင်းက ထိုနေရာ တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

မရေမတွက်နိုင်သော ကြောက်ရွံ့ အားကျသည့် အကြည့်များသည် ချင်မင်ဟောက် ဆီသို့ ဦးတည်သွားကြ၏။ ယခု အခိုက်အတန့်တွင် သူသည် သေချာပေါက် အာရုံစိုက်မှု ဗဟိုချက် ဖြစ်နေသည်။

လူမသိသူမသိ အဆင့်မှနေ၍ ဆယ်နှစ်အောက် ကာလအတွင်း အဆင့် (၉) နေရာရှိ အစစ်အမှန် တပည့်ကို ပေါ်ပေါ်ထင်ထင် အနိုင်ယူနိုင်သည့် အဆင့်ထိ တိုးတက်လာခြင်းမှာ... အခြား အစစ်အမှန် တပည့်များ မနာလို မဖြစ်ဘဲ နေနိုင်ပါမည်လော။

သူတို့သည် လေမိုးကြိုး တောင်ထွတ် အား အပေါ်စီးမှ ကြည့်နေသော သုံးရောင်ခြယ် ရတနာ သင်္ဘော ဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်ကြပြီး၊ သူတို့၏ ရင်ထဲတွင် စိတ်အားထက်သန်မှုများ ပိုမို ပြင်းထန်လာကြ၏။

စောစောကမှ ချင်မင်ဟောက် သည် သာမန်ဟု ထင်ရသော်လည်း၊ ယခု အဘယ်ကြောင့် ရုတ်တရက် ဒုံးပျံကဲ့သို့ တိုးတက်လာရသနည်း။

အဖြေက ရှင်းလင်းနေသည်။

အရာအားလုံးသည် သူ.. နင်ချီ၏ နောက်လိုက် ဖြစ်လာပြီးမှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

မှတ်မိကြပါရဲ့လား...။

နင်ချီ အစစ်အမှန်တပည့် ဖြစ်လာခါစ အချိန်ကာလတုန်းက... ချင်မင်ဟောက်သည် နင်ချီ့ထံ၌ နောက်လိုက်အဖြစ် သွားရောက် ခံယူခဲ့သည်ကို လူအတော်များများက လှောင်ပြောင်ခဲ့ကြဖူး၏။

သူသည် အစစ်အမှန်တပည့်ဟူသော ဂုဏ်သိက္ခာကို တန်ဖိုးမထား၊ အောက်ကျို့လွန်းသည်ဟုပင် အပြစ်တင်ခဲ့ကြလေသည်။

နင်ချီအား မဟာအကြီးအကဲက 'အင်မော်တယ်မျိုးစိတ်' ဟူ၍ ချီးကျူးခဲ့လျှင်ပင်... နင်ချီအနေဖြင့် သူ၏ ထူးချွန်မှုကို လက်တွေ့ပြသပြီးမှသာ သစ္စာခံသင့်သည်ဟု သူတို့ ယူဆခဲ့ကြသည် မဟုတ်ပါလော။

သို့သော် ယခုအခါတွင်မူ...၊

မည်သူကများ လှောင်ပြောင်ရဲကြသေးသနည်း...။

သူတို့အားလုံး၏ ရင်ထဲ၌... "ဘယ်လောက်တောင် အမြင်စူးရှလိုက်သလဲ...၊ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ..." ဟူ၍သာ တီးတိုး ချီးကျူးနေကြရတော့၏။

လူအုပ်ကြီး စိတ်လှုပ်ရှားနေကြ၏။

ထို့နောက် သူတို့သည် ယဲ့ချန်ဘက်သို့ အပျော်သဘောဖြင့် လှည့်ကြည့်လိုက်ကြ၏။

ယနေ့တွင် နင်ချီကိုယ်တိုင် ဝင်ရောက်လှုပ်ရှားခြင်း မရှိခဲ့သေးသော်လည်း... ကျားသစ်တစ်ကောင်၏ အစက်အပြောက်တစ်ခုကို ကြည့်ရုံမျှဖြင့် တစ်ကောင်လုံး၏ အနေအထားကို ခန့်မှန်းနိုင်သကဲ့သို့ပင် ဖြစ်လေသည်။

ချင်မင်ဟောက်၏ စွမ်းအားကို မြင်တွေ့လိုက်ရရုံနှင့်... ဤ 'အစစ်အမှန်အမွေခံ နင်' ၏ တိုးတက်မှု အရှိန်အဟုန်ကို မည်သူမျှ တားဆီးနိုင်စွမ်း မရှိတော့ကြောင်း ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။

ဝမ်ယဲ့ ဆိုသည်မှာ ယဲ့ချန်၏ အစွမ်းထက်ဆုံးသော လက်ရုံး တစ်ဆူ ဖြစ်သော်လည်း... ယခုအချိန်တွင်မူ ချင်မင်ဟောက်၏ ပြိုင်ဘက် အဆင့် မဟုတ်တော့ချေ။

လေမိုးကြိုး တောင်ထွတ် က.. နောက်ထပ် မည်သည့် ရွေးချယ်မှု ပြုလုပ်မည်လဲ။

ယဲ့ချန် ကိုယ်တိုင် ဝင်ပါမလား...၊ ဒါမှမဟုတ် လူအုပ်နှင့် ဝိုင်းတိုက်မလား...၊ ဘာပဲ လုပ်လုပ် သူ့မျက်နှာ ပျက်ရမှာ သေချာနေလေ၏။

အနည်းဆုံးတော့ အတိုင်းအတာ တစ်ခုအထိ... ယဲ့ချန် က နင်ချီ ထက် နိမ့်ကျကြောင်း သက်သေပြလိုက်လေ၏။

ယဲ့ချန်၏ မျက်နှာထား တဖြည်းဖြည်း ပုပ်သိုးလာသည်။

သူ ချင်မင်ဟောက် ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ခွေးတစ်ကောင်က ငါ့ကို စကားပြောခွင့် ရှိတယ်လို့ ဘယ်တုန်းက သတ်မှတ်လိုက်တာလဲ...၊ ဂျူနီယာညီမလေး လု က သူ့သဘောနဲ့သူ ငါ့ဆီ လာလည်တာ...၊ မင်း ဝင်စွက်ဖက်စရာ မလိုဘူး ထင်တယ်..."

ချင်မင်ဟောက် မတုန်လှုပ်သော်လည်း၊ ဝမ်ယဲ့ ကတော့ ခေါင်းငုံ့လိုက်ပြီး သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။ ထိုစကားများသည် သူ့ကိုပါ သွယ်ဝိုက်ပြီး စော်ကားလိုက်သလို ဖြစ်နေသည်။

ချင်မင်ဟောက် က နင်ချီရဲ့ ခွေး ဆိုရင်... သူ ..ဝမ်ယဲ့ ကရော ယဲ့ချန် ရဲ့ ခွေး ဖြစ်မနေဘူးလား။

ဝမ်ယဲ့.. မကျေမနပ် ဖြစ်မိသည်။

စကားသံ ဆုံးသည်နှင့်...

စိမ်းပြာရောင် ဓားအလင်းတန်း တစ်ခုသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် လျင်မြန်သော အရှိန်ဖြင့် အရောင်တောက်ပသွားပြီး၊ ချင်မင်ဟောက် ၏ ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။ သူ့မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားသည်။ အနက်ရောင် နှင့် အဖြူရောင် ဓားအလင်းတန်းများသည် အလိုအလျောက် ကာကွယ်လိုက်သော်လည်း၊ ပေတစ်ထောင် အကွာအဝေးထိ အလွယ်တကူ လွင့်စင်သွားရလေသည်။ ထို စိမ်းပြာရောင် ဓားအလင်းတန်း ထံမှ ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသဖြင့်၊ သူ့မျက်နှာ ဖြူဖျော့သွားသည်။

ဒါက စွမ်းအား ကွာဟချက် အစစ်အမှန် ပင်။

ချင်မင်ဟောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ဆက်လက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

ထိုစဉ် ဖျော့တော့သော အသံတစ်သံ ထွက်ပေါ်လာ၏။

"ဂျူနီယာညီလေး ချင်...၊ နောက်ဆုတ်နေလိုက်..."

အကြည့် အများအပြားသည် အသံလာရာ နေရာသို့ အလိုအလျောက် စုစည်းသွားကြ၏။

သုံးရောင်ခြယ် ရတနာ သင်္ဘော ပေါ်တွင်၊ အင်မော်တယ် တစ်ပါးနှင့် တူသော အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် မသိလိုက်မဘာသာ ပေါ်ထွက်လာလေသည်။ သူ့အကြည့်သည် တည်ငြိမ်အေးစက်နေပြီး၊ အင်မော်တယ် တစ်ပါးက ပုရွက်ဆိတ် တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ ယဲ့ချန် ကို ငုံ့ကြည့်နေသည်။

လူအများအပြားသည် နင်ချီကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်ပြီး၊ သူတို့၏ နှလုံးသားများ တုန်လှုပ်သွားကြ၏။

ဤကဲ့သို့သော လောကနှင့် မသက်ဆိုင်သည့် ထူးခြားသော အမူအရာသည် သူတို့၏ စိတ်ကူးယဉ်မှုထက် ကျော်လွန်နေပြီး၊ မည်သည့်အရာကမျှ သူ့ဆန္ဒကို ယိမ်းယိုင်စေနိုင်မည် မဟုတ်သကဲ့သို့ပင်။

နင်ချီ၏ အကြည့်သည် စိတ်လှုပ်ရှားနေသော လုဇီယွဲ့ ပေါ်သို့ ကျရောက်သွားပြီး၊ နူးညံ့သော အပြုံးတစ်ခု ပြသလိုက်၏။

"အစစ်အမှန် တပည့် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်...၊ ငါ မင်းကို ဓာတ်ကြီးငါးပါး တောင်ထွတ် ကို ခေါ်သွားဖို့ လာခဲ့တာ..."

လျစ်လျူရှုလိုက်ခြင်း...။

ယဲ့ချန် ကို လုံးဝ လျစ်လျူရှုလိုက်ခြင်းပင်...။

ယဲ့ချန်၏ မူလကတည်းက မကောင်းသော မျက်နှာထားသည် ပိုမို အုံ့မှိုင်းသွားသည်။

သူ ထင်ရှားကျော်ကြားလာကတည်းက အကန့်အသတ်မဲ့ ဓားဂိုဏ်း တွင် ဤကဲ့သို့သော ဆက်ဆံမှုကို ဘယ်တုန်းကများ ခံခဲ့ရဖူးသနည်း။

သို့သော် ထို့နောက်တွင် ယဲ့ချန်သည် ကြမ်းတမ်းသော အပြုံးဖြင့် ရယ်မောလိုက်၏။

လုဇီယွဲ့ လေထဲတွင် လျှောက်လှမ်းပြီး နင်ချီ၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်ကို သူ တိတ်ဆိတ်စွာ ကြည့်နေလိုက်ပြီး၊ မတားဆီးခဲ့ပေ။

"နင်... စီနီယာအစ်ကို နင်..." လုဇီယွဲ့ ရှက်သွေးဖြာစွာဖြင့် တိုးတိုးလေး ခေါ်လိုက်၏။

ရုတ်တရက် အဆင့်အတန်း ပြောင်းလဲသွားမှုကြောင့် သူမ အနည်းငယ် နေသားမကျ ဖြစ်နေသည်။

နင်ချီ ခပ်ဟဟ ရယ်မောလိုက်၏။

"ငါ ရောက်လာတာ နည်းနည်း နောက်ကျသွားတယ်...၊ အဆင်ပြေရဲ့လား..."

လုဇီယွဲ့ ခေါင်းကို ဆက်တိုက် ခါလိုက်၏။

သူတို့နှစ်ဦးသည် မည်သူ့ကိုမျှ ဂရုစိုက်ပုံ မရပေ။ နင်ချီက တကယ်ပဲ အားလုံးကို လျစ်လျူရှုထားခြင်း ဖြစ်ပြီး၊ လုဇီယွဲ့ ကတော့ လုံးဝ အနေခက်နေခြင်း ဖြစ်သည်။

ထိုစဉ်၊ ယဲ့ချန်၏ အေးစက်သော အသံက ဖြတ်ပြောလာ၏။

" 'အင်မော်တယ် မျိုးစိတ်' ဆိုတဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ...၊ ဒီနေ့တော့ တခြားအရာတွေ မသိရသေးပေမယ့်... မင်းရဲ့ မောက်မာမှုကိုတော့ သေချာပေါက် မြင်တွေ့လိုက်ရပြီ..."

လုဇီယွဲ့ ၏ နှလုံးသား တုန်လှုပ်သွားပြီး၊ နင်ချီ၏ နောက်တွင် လိမ္မာစွာ ဝင်ရပ်လိုက်၏။

နင်ချီ .. နောက်ဆုံးတော့ ယဲ့ချန် ဘက်သို့ အကြည့် လှည့်လိုက်၏။

"မင်း ..ငါ့ကို ရှင်းပြချက် တစ်ခု ပေးရမယ်..."

သူ့စကားလုံးများသည် နူးညံ့သော်လည်း၊ ငြင်းပယ်၍ မရနိုင်သော အာဏာစက် ပါဝင်နေသည်။ မြင့်မားသော နေရာမှ နေ၍ မိမိ၏ ခွေးတစ်ကောင်ကို ပေါ့ပေါ့ပါးပါး ပြောဆိုနေသကဲ့သို့ပင်။

ယဲ့ချန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး၊ ဒေါသကြောင့် ရယ်မောလိုက်၏။

"မင်းအတွက် ရှင်းပြချက်..."

နင်ချီ သူ့ကို လျစ်လျူရှုလိုက်ပြီး၊ တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

"မင်း.. ဝေဖုန်းကို ဓာတ်ကြီးငါးပါး တောင်ထွတ် ထဲ ထည့်ပေးလိုက်တယ်...၊ အဲ့ဒါ တစ်ချက်...။ ဂျူနီယာညီမလေး လု ရဲ့ ဆန္ဒကို လစ်လျူရှုပြီး... သူ့ကို လေမိုးကြိုး တောင်ထွတ် ဆီ အတင်းအကြပ် ခေါ်လာခဲ့တယ်...၊ အဲ့ဒါ နှစ်ချက်...။ ပထမဆုံး အကြိမ် ကျူးလွန်တာ ဖြစ်တဲ့အတွက်... သတိပေးတဲ့ အနေနဲ့ ပြစ်ဒဏ် နည်းနည်း ပေးမယ်..."

လေနှင့် မိုးကြိုးများသည် ယဲ့ချန်၏ ပတ်လည်တွင် ချက်ချင်း မြည်ဟိန်းလာပြီး၊ သူသည် မျက်စိတစ်မှိတ် အတွင်း နင်ချီ၏ မျက်နှာချင်းဆိုင်တွင် ပေါ်လာကာ၊ ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"ဒါဆို ပြောချင်တာက... မင်းက ဝေဖုန်း ကို သတ်လိုက်ပြီး... အခု ငါ့ဆီက ရှင်းပြချက် လိုချင်နေသေးတယ် ပေါ့လေ..."

တိမ်တိုက် ပင်လယ်ပြင် အလယ်တွင်၊ ဘယ်အချိန်ကတည်းက စုဝေးနေမှန်း မသိသော လေပြင်းများ တိုက်ခတ်လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးများသည် ဝှက်ထားသော နဂါးများအလား မွှေနှောက်နေသဖြင့်၊ အစစ်အမှန် တပည့် အများအပြား၏ မျက်နှာများ ပြောင်းလဲသွားကြ၏။

အချိန်ကြာမြင့်စွာ ပေါ်မလာခဲ့သော ယဲ့ချန် သည် သူ၏ ကျင့်ကြံခြင်းကို ပိုမို တိုးတက်အောင် လုပ်ဆောင်ခဲ့ပုံ ရသည်။

နင်ချီ၏ အကြည့်များ ပြောင်းလဲခြင်း မရှိပေ။

"ဝေဖုန်း က ကမ္ဘာငယ် ထဲမှာ ငါနဲ့အတူ တိုက်ပွဲဝင်ရင်း... ကံဆိုးစွာ ကျဆုံးသွားခဲ့တာပါ..."

ယဲ့ချန် အကြိမ်ကြိမ် မဲ့ပြုံး ပြုံးလိုက်၏။

ကမ္ဘာငယ်လေး တစ်ခုက အဆင့်မြင့်ဂိုဏ်းကြီး တစ်ခုရဲ့ အစစ်အမှန် တပည့် ကို သတ်နိုင်တယ် ဟုတ်လား...။ သရဲကို သွားလိမ်ပါလား...။

သို့ရာတွင်၊ ဒါက အရေးမကြီး။

အရေးကြီးတာက သူ အကြောင်းပြချက် တစ်ခု လိုချင်သည်။

"တကယ်လို့ ငါက ဒီ ရှင်းပြချက်ကို မပေးဘူး ဆိုရင်ရော..."

ယဲ့ချန်၏ ဆံပင်များ ရိုင်းစိုင်းစွာ လွင့်ပျံနေပြီး၊ စိမ်းပြာရောင် နှင့် ခရမ်းရောင် ဝိညာဉ် အလင်းတန်းများ သူ့ပတ်လည်တွင် စုဝေးနေကာ၊ လေနှင့် မိုးကြိုးများ ခြံရံထားသဖြင့်၊ သူသည် အလွန်အမင်း ဗိုလ်ကျစိုးမိုးနိုင်သော ပုံစံ ပေါက်နေသည်။ ဓားအလင်းတန်း နှစ်ခုသည် သွက်လက်သော နဂါးများအလား ဟင်းလင်းပြင်ကို ခွဲခြားလိုက်၏။

၎င်းတို့က ယဲ့ချန် ရဲ့ တွဲဖက် ဝိညာဉ် ဓားများ ဖြစ်ကြ၏။

တစ်လက်က 'စိမ်းပြာရောင် နက်ရှိုင်းသော ဓား' ၊ နောက်တစ်လက်က 'ခရမ်းရောင် မြို့တော် ဓား' ...၊ နှစ်လက်စလုံးက 'အဆင့်နိမ့် ဝိညာဉ် ရတနာ'များ ဖြစ်ပြီး၊ သူ့ရဲ့ 'လေမိုးကြိုး ဓားခန္ဓာ'နှင့် အလွန် လိုက်ဖက်ညီလေ၏။။

ယခု အခိုက်အတန့်၌၊ ဝိညာဉ် ဓားများသည် စွမ်းအား မထုတ်လွှတ်ရသေးသော်လည်း၊ မယုံနိုင်လောက်အောင် အရှိန်အဝါ တစ်ခု စုစည်းနေပြီ ဖြစ်ရာ၊ အစစ်အမှန် တပည့် အများအပြား၏ မျက်နှာများ အုံ့မှိုင်းသွားစေသည်။

ထိုအခါ၊ ကျန်းချင်းရွှယ် ၏ အကြည့်များ လေးနက်သွားပြီး၊ ရေခဲပြာရောင် အရိပ်အယောင် တစ်ခု သူမ၏ မျက်လုံး နက်ရှိုင်းသော နေရာတွင် အရောင်တောက်ပသွားသည်။

---

အခန်း (၅၀၇) - မဟာ ဓာတ်ကြီးငါးပါး (၂)

~...ယဲ့ချန် ရဲ့ 'လေမိုးကြိုး ဓားခန္ဓာ' က 'အငယ်စား အောင်မြင်မှု' ရောက်ခါနီးပြီ...၊ အဲ့ဒီ အဆင့် ရောက်သွားရင်... သူ့ရဲ့ 'မူလဝိညာဉ်' ဟာ 'လေမိုးကြိုး အစစ်အမှန် ဆန္ဒ'ထဲမှာ နှစ်မြှုပ်သွားပြီး... ကောင်းကင်နဲ့ မြေကြီး ပေါင်းစပ်ကာ 'စည်းမျဉ်း စွမ်းအား' တစ်ခုကို အလွယ်တကူ

နားလည်သဘောပေါက်နိုင်လိမ့်မယ်...၊ အဲ့ဒီထက်တောင် ပိုနိုင်သေးတယ်...၊ ဒီလူက ရည်မှန်းချက် ကြီးမားလွန်းတယ်...၊ လေ၊ မိုးကြိုး နဲ့ ဓား စည်းမျဉ်း အားလုံးကို တစ်ပြိုင်နက်တည်း ဆုပ်ကိုင်ဖို့ ကြိုးစားနေတာ...

ကျန်းချင်းရွှယ် သည် ယဲ့ချန် ၏ နောက်ခံကို နားလည်သဘောပေါက်လိုက်ပြီး၊ ရင်ထဲမှ သက်ပြင်းရှည်ကြီး ချလိုက်ကာ၊ မသိလိုက်မဘာသာ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာလေသည်။

...နံပါတ်တစ် အစစ်အမှန် တပည့် ဖြစ်နေတာ မဆန်းပါဘူး...၊ ငါ့ကို ဒီလောက်ကြာအောင် ဖိနှိပ်ထားနိုင်တာ...၊ ဒီ 'အင်မော်တယ် မျိုးစိတ်' ဘယ်လို တုံ့ပြန်မလဲ ကြည့်ရသေးတာပေါ့...

ကျန်းချင်းရွှယ်၏ မျက်လုံးများတွင် စူးစမ်းလိုစိတ် အချို့ ပေါ်လာသည်။

နင်ချီသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တွင် ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အရှိန်အဟုန်ကြောင့် အကျော်ကြားဆုံး ဖြစ်သည်။ ယခင်က တိုက်ပွဲ အောင်မြင်မှု အချို့ ရှိခဲ့သော်လည်း၊ ထို ပါရမီရှင် အစစ်အမှန်များ အတွက် ခြိမ်းခြောက်မှု မရှိပေ။

မရေမတွက်နိုင်သော အကြည့်များ နင်ချီ ပေါ်သို့ ကျရောက်လာသော်လည်း၊ နင်ချီသည် တည်ငြိမ်နေဆဲ ဖြစ်ပြီး၊ ယဲ့ချန် ကို အပြုအမူဖြင့် တုံ့ပြန်လိုက်၏။

"မပေးဘူးလား...၊ ဒါဆို ငါ့ဘာသာပဲ ယူလိုက်မယ်..."

မျက်စိတစ်မှိတ် အတွင်းမှာပင်။း၊

တိမ်တိုက် ပင်လယ်ပြင် ပြောင်းပြန်လှန်သွားပြီး၊ ဂလက်ဆီ ပြောင်းပြန် စီးဆင်းသွားသကဲ့သို့၊ တောင်များနှင့် မြစ်များ တုန်ခါသွားသကဲ့သို့ ဖြစ်သွားလေသည်။

နင်ချီသည် ဘယ်လက်ကို နောက်ပစ်ထားပြီး၊ ညာလက်ကို အနည်းငယ် ဆန့်ထုတ်လိုက်၏။ ချက်ချင်းဆိုသလိုပင်၊ ရောင်စုံငါးမျိုး အလင်းတန်းများ တောက်ပနေသော ဧရာမ လက်ဝါးကြီး တစ်ခုသည် အောက်သို့ ဖိချလိုက်ပြီး၊ လေမိုးကြိုး တောင်ထွတ် နှင့်အတူ ယဲ့ချန် ကိုပါ ဆုပ်ကိုင်ရန် ရည်ရွယ်လိုက်၏။

လူတိုင်း၏ မျက်လုံးအိမ်များ ချက်ချင်း ပြူးကျယ်သွားကြ၏။

..ဒီလို လှုပ်ရှားမှုက တကယ့်ကို... ဗိုလ်ကျစိုးမိုးလွန်းတယ်...

ဒါပေမယ့် နည်းနည်းလည်း မောက်မာလွန်းတယ်...၊ နံပါတ်တစ် အစစ်အမှန် တပည့် ယဲ့ချန် ကို လျှော့တွက်လွန်းရာ ကျနေတယ်။..

"ရဲတင်းလှချည်လား... မင်းကို 'အင်မော်တယ် မျိုးစိတ်' လို့ ခေါ်လိုက်တာနဲ့... တကယ်ပဲ အင်မော်တယ် ဖြစ်သွားပြီ ထင်နေလား..." ယဲ့ချန် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

သူ့ဘေးမှ ဝိညာဉ် ဓား ပေါက်ကွဲထွက်လာပြီး၊ 'စိမ်းပြာရောင် နက်ရှိုင်းသော ဓား' သည် အမြင့်ဆုံး အရှိန်ဖြင့် ရွေ့လျားကာ၊ ဓားအလင်းတန်းသည် နေရာရွှေ့ပြောင်းခြင်း ကဲ့သို့ ဖြစ်ပေါ်လာပြီး၊ ရောင်စုံငါးမျိုး ဧရာမ လက်ဝါးကြီး ဖိချလာသည်နှင့် တပြိုင်နက် ရိုက်ခတ်သွားသည်။

နတ်ဘုရား ဓား ကဲ့သို့သော ပြင်းထန်သည့် လေပြင်းကို ထိပ်တန်း အဆင့် ရတနာ ချပ်ဝတ် ပင်လျှင် ခံနိုင်ရည် ရှိရန် ခက်ခဲသည်။ အကယ်၍ ဝမ်ယဲ့ ၏ ရုပ်ခန္ဓာကိုယ်သာ ဆိုပါက၊ မျက်စိတစ်မှိတ် အတွင်း အပိုင်းအစ တစ်သိန်း ရှစ်ထောင် ကွဲထွက်သွားမည်ကို စိုးရိမ်ရသည်။

သို့တိုင်...၊

"ဂျွတ်..."

"ဖွတ်..."

တိုးညှင်းသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရတနာ ချပ်ဝတ် ကို ဆုတ်ဖြဲပစ်နိုင်သော ဓားချီများသည် ဧရာမ လက်ဝါးကြီး ရှေ့တွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိဘဲ၊ တစ်ခုပြီးတစ်ခု ပျက်စီးသွားကြ၏။

လူတိုင်း မှင်သက်သွားကြပြီး၊ ယုံကြည်ရခက် ဖြစ်နေကြ၏။

ဝမ်ယဲ့၏ မျက်လုံးအိမ်များ ကျုံ့သွားပြီး၊ လက်နှင့် ခြေထောက်များကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိသည်။ ကျန်းချင်းရွှယ် ၏ အကြည့်များလည်း အေးခဲသွားသည်။

"အဲ့ဒါက... 'မဟာ ဓာတ်ကြီးငါးပါး နတ်ဘုရား အလင်းတန်း' လား..."

သူမ ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားသည်။

'ရောင်စုံငါးမျိုး နတ်ဘုရား အလင်းတန်း' ဟု ခေါ်သော ကြောက်မက်ဖွယ် နတ်ဘုရား နည်းစနစ် တစ်ခု ရှိပြီး၊ မည်သည့်အရာကို မဆို ခုခံမှု မရှိဘဲ ဖယ်ရှားပစ်နိုင်သည်ဟု ကောလာဟလ ထွက်ပေါ်ဖူးသည်။

ယခု ဧရာမ လက်ဝါးကြီး အထက်ရှိ ရောင်စုံငါးမျိုး အလင်းတန်းသည် ထိုအရာနှင့် အနည်းငယ် ဆင်တူနေသည်။ ဧရာမ လက်ဝါးကြီးက မာကျောလွန်း၍ မဟုတ်ဘဲ၊ အပေါ်ရှိ ရောင်စုံငါးမျိုး အလင်းတန်းက ဓားချီ များကို အမှုန့်ကြိတ် ပျက်စီးစေခြင်း ဖြစ်၏။

"မဟုတ်ဘူး... ဒါ 'မဟာ ဓာတ်ကြီးငါးပါး နတ်ဘုရား အလင်းတန်း' မဖြစ်နိုင်ဘူး...၊ နင်ချီ ရဲ့ အဆင့်အတန်းက အဲ့ဒီလောက်ထိ ကြောက်စရာ မကောင်းနိုင်သေးဘူး...၊ ဒါပေမယ့်... သူက ဒီလမ်းကြောင်းပေါ် ရောက်နေပြီ...၊ အောင်မြင်မှု တချို့တောင် ရနေပြီ...၊ ဘယ်လိုတောင် 'ဓာတ်ကြီးငါးပါး ဓားဧကရာဇ်'မျိုးလဲ...၊ ဘယ်လိုတောင် 'အင်မော်တယ် မျိုးစိတ်' မျိုးလဲ...၊ တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ..."

ကျန်းချင်းရွှယ်.. တိုးတိုးလေး ထုတ်ဖော်ချီးကျူးလိုက်ရာ၊ သူမ၏ စကားများက ဘေးပတ်ဝန်းကျင်ရှိ နောက်လိုက်များကို တုန်လှုပ်သွားစေသည်။

ကျန်းချင်းရွှယ် တကယ် အံ့အားသင့်သွားပြီး၊ အရင်ကလို မတည်ငြိမ်နိုင်တော့ပေ။

ယနေ့ ယဲ့ချန်ဆန္ဒ ပြည့်ဝမှာ မဟုတ်ဘူး ဆိုတာ သူမ သိလိုက်ရပြီ။

ယဲ့ချန် လည်း ထပ်တူထပ်မျှ တုန်လှုပ်သွားသည်။

သူ့ဒေါသ အားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး၊ သူ့ရှေ့မှ လူသည် ပြိုင်ဘက်ကင်းသော ရန်သူ ဖြစ်ကြောင်း သဘောပေါက်လိုက်၏။

"နတ်ဘုရား တိမ်တိုက် လေမိုးကြိုး ဓား..."

သူ စမ်းသပ်ခြင်း မပြုတော့ဘဲ၊ ဝိညာဉ် ဓား နှစ်လက်စလုံး ကောင်းကင်ယံသို့ ပျံတက်သွားပြီး၊ ရောင်စုံငါးမျိုး ဧရာမ လက်ဝါးကြီး ဆီသို့ ခုတ်ပိုင်းလိုက်၏။ ဝိညာဉ် ဓား နှစ်လက် ယှက်နွယ်သွားပြီး၊ စိမ်းပြာရောင် နှင့် ခရမ်းရောင် အလင်းတန်းများ ပေါင်းစပ်သွားသည်။ ကောင်းကင်ယံ အမြင့်တွင် လေနှင့် မိုးကြိုးများ ဟိန်းဟောက် တုံ့ပြန်လာပြီး၊ ဓားချီ ကို ကောင်းကင်ထိုး အလင်းတိုင်ကြီး တစ်ခု အဖြစ် ပြောင်းလဲပေးလိုက်၏။

"ဝုန်း..."

'လေမိုးကြိုး နတ်ဘုရား ဓား' သည် နောက်ဆုံးတွင် ရောင်စုံငါးမျိုး ဝိညာဉ် အလင်းတန်းကို ဖောက်ထွက်သွားပြီး၊ ဧရာမ လက်ဝါးကြီးကို ထိုးဖောက်သွားလေသည်။

လေမိုးကြိုး တောင်ထွတ် မှ တပည့် အများအပြား သက်ပြင်းချလိုက်ကြပြီး အပြုံးများ ပေါ်လာကြသော်လည်း၊ ထိုအပြုံးများ အပြည့်အဝ မပွင့်လန်းမီမှာပင် ချက်ချင်း အေးခဲသွားကြ၏။

နင်ချီ၏ အကြည့်က အေးစက်နေပြီး၊ နတ်ဘုရား တစ်ပါးအလား ငုံ့ကြည့်လိုက်၏။

"မဆိုးဘူး...၊ မင်းက နံပါတ်တစ် အစစ်အမှန် တပည့် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တန်ပါသေးတယ်..."

ပေါ့ပါးသော ဝေဖန်ချက်သည် ပဲ့တင်ထပ်သွားပြီး၊ မည်သည့် သံသယမှ မကျန်ရစ်စေတော့ပေ။

ထိုအခါမှသာ လူတိုင်း သဘောပေါက်လိုက်ကြ၏။

ရောင်စုံငါးမျိုး ဧရာမ လက်ဝါးကြီး ဆိုသည်မှာ နင်ချီ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှု တစ်ခုသာ ဖြစ်ကြောင်းကိုပင်။

စကားသံ ဆုံးသည်နှင့်၊ နင်ချီက ပေါ့ပေါ့ပါးပါး ညွှန်ပြလိုက်ရာ၊ ရွှေရောင် ဝိညာဉ် ဓား တစ်လက်သည် တောက်ပသော နေမင်း အဖြစ် ပြောင်းလဲသွားပြီး ဖိနှိပ်ချလိုက်၏။ ရောင်စုံငါးမျိုး ဝိညာဉ် အလင်းတန်းများ အလွန်အမင်း တောက်ပနေသည်။ နေရောင်ခြည်တန်း တစ်ခုချင်းစီသည် အောက်သို့ ဆင်းသက်လာပြီး၊ 'ဓာတ်ကြီးငါးပါး ဓားချီ'မျှင်များ အဖြစ် ပြောင်းလဲသွားကြ၏။

ယနေ့ အချိန်၌၊ နင်ချီ၏ 'ဓာတ်ကြီးငါးပါး လမ်းစဉ်' အပေါ် နားလည်သဘောပေါက်မှုသည် 'အဆုံးစွန် နယ်ပယ်' သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အစစ်အမှန်သိုင်း ကမ္ဘာ တွင် ဓာတ်ကြီးငါးပါး လမ်းစဉ် ကျင့်ကြံသူ အများအပြား ရှိကြပြီး၊ သူတို့၏ ဆန်းသစ်သော အကြံဉာဏ် များစွာသည် သူ့အတွက် အာဟာရ ဖြစ်လာခဲ့သည်။

အတိတ်က သူ နားလည်သဘောပေါက်ခဲ့သော 'မဟာ ဓာတ်ကြီးငါးပါး ဓားချီ' သည်လည်း အဆုံးစွန် နတ်ဘုရား နည်းစနစ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားရ၏။

ဒါသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး၊ နေရာတစ်ခုလုံး မှင်သက်သွားကြ၏။

ဓားချီ များသည် ရောင်စုံငါးမျိုး အလင်း မိုးစက်များကဲ့သို့ ဖြစ်နေသည်။

ယဲ့ချန်မီာ ကျောက်ရုပ် ဖြစ်သွားပြီး၊ ကောင်းကင်ကို မော့ကြည့်နေသော ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊ 'လေမိုးကြိုး ဓား တိုင်ကြီး' သည် ဘာမှမဟုတ်သော အရာ ဖြစ်သွားပြီး၊ တိမ်တိုက် ပင်လယ်ပြင် ပြန်လည် ညီညာသွားကာ၊ ရောင်စုံငါးမျိုး အလင်းတန်းများ ပျံ့လွင့်သွားခြင်းသာ ကျန်ရစ်တော့သည်။

ရံဖန်ရံခါတွင် ကြိုးမျှင် တစ်ခုသည် ကြည့်ရှုသူများ အပေါ်သို့ ကျရောက်လာရာ၊ သူတို့၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားကြ၏။

သို့သော် မှော်စွမ်းအင် လှုပ်ခတ်မှု မရှိသော ရောင်စုံငါးမျိုး အလင်းတန်းများသာ ဖြစ်ကြောင်း သိလိုက်ရမှသာ သက်ပြင်းချနိုင်ကြ၏။

သို့သော် သူတို့၏ မျက်လုံးများထဲတွင် ပိုမို ကြီးမားသော ကြောက်ရွံ့ရိုသေမှုများ ပြည့်နှက်သွားကြ၏။

ယဲ့ချန် ရုပ်တု တစ်ခုလို ရပ်နေသည်။

သူ့လက်များကို ထုံထိုင်းစွာ စိုက်ကြည့်နေပြီး၊ ရင်ထဲတွင် ခါးသီးနေသည်။ စတင် ထင်ရှားလာကတည်းက၊ သူ့လမ်းခရီးသည် ချောမွေ့နေခဲ့သော်လည်း၊ ယခု ပထမဆုံးအကြိမ် အကြီးအကျယ် ရှုံးနိမ့်ခြင်းနှင့် ကြုံတွေ့လိုက်ရသည်။

ယဲ့ချန်သည် မိုးကုပ်စက်ဝိုင်းဆီသို့ အလိုအလျောက် လှမ်းကြည့်လိုက်ရာ၊ အဖြူရောင် ဝတ်စုံနှင့် ပုံရိပ်တစ်ခုသည် အဆုံးအစမရှိ မြင့်တက်နေသကဲ့သို့။ စစ်မှန်သော အင်မော်တယ် တစ်ပါးက သူ့၏ 'ပြစ်မှုများ' ကို စီရင်ချက်ချနေသကဲ့သို့ ဖြစ်နေသည်။

ဓားအလင်းတန်း တစ်ချက် ဝဲပျံသွားပြီး၊ 'စိမ်းပြာရောင် နက်ရှိုင်းသော ဓား' နှင့် 'ခရမ်းရောင် မြို့တော် ဓား' တို့က နင်ချီ၏ လက်ထဲသို့ ရောက်ရှိသွားသည်။

နင်ချီသည် ဝိညာဉ် ဓား နှစ်လက်ကို သေချာ စစ်ဆေးကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်၏။

"ပထမဆုံး အကြိမ် ကျူးလွန်တာ ဖြစ်တဲ့အတွက်... သတိပေးတဲ့ အနေနဲ့ ပြစ်ဒဏ် နည်းနည်း ပေးလိုက်မယ်..."

ယဲ့ချန်၏ မျက်နှာ ပိုမို ဖြူဖျော့သွားသည်။

သူသည် နံပါတ်တစ် အစစ်အမှန် တပည့် ဖြစ်သော်လည်း၊ ဝိညာဉ် ဓားများသည် သူ့အတွက် အလွန် တန်ဖိုးရှိလှသည်။ ယဲ့မိသားစု က သူ့၏ 'လေမိုးကြိုး ဓားခန္ဓာ' နှင့် လိုက်ဖက်ရန်၊ သူ့၏ ဉာဏ်အလင်းပွင့်မှုကို ကူညီရန် အထူး ရှာဖွေပေးထားခြင်း ဖြစ်သည်။ ဤ ဓားနှစ်လက်သည် သူ့၏ လက်ရှိ အောင်မြင်မှုများတွင် မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယခု သူ့မျက်စိရှေ့မှာတင် နင်ချီ သိမ်းယူသွားတာက... သူ့လက် တစ်ဖက်ကို ဖြတ်ပစ်လိုက်သလိုပင်။

ယဲ့ချန် တစ်ခုခု ပြောချင်သော်လည်း၊ စိန်ခေါ်မှုကို သူက အရင် စတင်ခဲ့တာ ဖြစ်သည့်အတွက်၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း ၏ စည်းမျဉ်းများ အရ၊ ပြိုင်ဘက်က သူ့ ဝိညာဉ် ဓား နှစ်လက်ကို ယူသွားတာ ဘာမှ မှားယွင်းခြင်း မရှိပေ။

သို့သော် သူ မကျေနပ်ပေ။

ယဲ့ချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ အတိတ်က စိတ်ဓာတ်နှင့် ဗိုလ်ကျစိုးမိုးသော အရှိန်အဝါများ လုံးဝ ပျောက်ဆုံးသွားပြီး၊ ခေါင်းငုံ့ကာ မျက်လုံးများထဲတွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်းနှင့် မီးခိုးရောင်များ ပြည့်နှက်နေသည်။

ယဲ့ချန်၏ 'တာအို နှလုံးသား' ကြေမွသွားခဲ့လေပြီ။

လေမိုးကြိုး တောင်ထွတ် မှ တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် မှင်သက်နေပြီး စိတ်ဓာတ်ကျနေကြ၏။ ယဲ့ချန် ၏ အကြီးအကျယ် ရှုံးနိမ့်မှုသည် သူတို့၏ စိတ်နှလုံးကို အရိပ်မည်းကြီး လွှမ်းခြုံသွားစေပြီး၊ ကောင်းကင်ယံရှိ ပုံရိပ်ကို တည့်တည့် မကြည့်ရဲကြတော့ပေ။

အစစ်အမှန် တပည့် အများအပြားလည်း တုန်လှုပ်သွားကြ၏။

ဒီနေ့ သည်းကြီးမည်းကြီး တိုက်ပွဲ ဖြစ်မည်ဟု ထင်ထားသော်လည်း ယခုလို မြင်ကွင်းမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြသည် အမှန်ပါ။ အစစ်အမှန် တပည့် တချို့က နင်ချီ နိုင်မည်ဟု မျှော်လင့်ထားသော်ငြား... ဒီလောက်ထိ တစ်ဖက်သတ် အပြတ်အသတ် နိုင်မည် ဟူ၍တော့ စိတ်ကူးတောင် မယဉ်ဖူးကြပါ... ယုံနိုင်စရာ မရှိချေ...။

မည်သို့ပင် ပြောပြော... ယဲ့ချန် ဟာ နံပါတ်တစ် အစစ်အမှန် တပည့် အနေနှင့် အစစ်အမှန် တပည့် အများအပြားကို နှစ်ရာချီ ဖိနှိပ်ထားနိုင်ခဲ့သည်လေ...

သို့ရာတွင်၊ ယခုတော့... သူ သနားစရာ ကောင်းလောက်အောင် ရှုံးနိမ့်သွားရတော့သည်။

လူအုပ်ကြီးသည် နေမင်း တစ်စင်း ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသကဲ့သို့၊ မရေမတွက်နိုင်သော မီးတောက်နေသည့် အကြည့်များဖြင့် ကြည့်နေကြ၏။

အထူးသဖြင့် ချင်မင်ဟောက် ၏ မကြာသေးမီက ကြောက်မက်ဖွယ် တိုးတက်မှုကို ပြန်သတိရလိုက်သောအခါ၊ ပိုမို စိတ်လှုပ်ရှားလာကြ၏။

ကျန်းချင်းရွှယ် သည် သူမ၏ ကျောက်စိမ်းရောင် နှုတ်ခမ်းများကို တင်းတင်း စေ့ထားပြီး၊ ခန္ဓာကိုယ် တင်းမာနေသည်။

ဒီ တုန်လှုပ်စရာ မြင်ကွင်း ကြောင့်သာ မဟုတ်ဘဲ... သူမဆီ ရောက်သည့် ပေါ့ပေါ့ပါးပါး အကြည့် တစ်ချက်ကြောင့်... သူမ နှလုံးသား အလိုအလျောက် တုန်လှုပ်သွားရခြင်း ဖြစ်သည်။

..ဘာပဲပြောပြော... အတွင်းလူ သူလျှို စီစဉ်‌သော ကိစ္စမှာ ယဲ့ချန် တစ်ယောက်တည်း ပါဝင်ခဲ့တာ မဟုတ်ဘူးလေ။..

နင်ချီ လက်ထဲက ဝိညာဉ် ဓား နှစ်လက်ကို ပေါ့ပေါ့ပါးပါး ကစားနေတာကို ကြည့်ပြီး... ကျန်းချင်းရွှယ် ၏ အသက်ရှူသံ အနည်းငယ် ရပ်တန့်သွားသည်။

သိသာထင်ရှားတာက... ယနေ့ နင်ချီ၏ တိုးတက်မှုကို ဘယ်အရာကမှ တားဆီး၍ မရတော့ပေ။

ကောင်းကောင်း မကိုင်တွယ်နိုင်လျှင်... အနာဂတ်မှာ ကြောက်စရာကောင်းသော ရန်သူ တစ်ယောက် ဖြစ်လာလိမ့်မည်။

ယဲ့ချန် ကို ရင်ဆိုင်ရတုန်းက... သူမမှာ ဆန့်ကျင်ချင်စိတ် ရှိသေး၏...၊ သို့ရာတွင်၊ နင်ချီ ကို ရင်ဆိုင်ရတော့... ဘာဆန္ဒမှ မရှိတော့ပေ။ ဤသို့ ပါရမီရှင်မျိုးက... 'မဟာ နယ်မြေ အင်မော်တယ် ဂိုဏ်း'မှာ ဆိုလျှင်တောင်... သေချာပေါက် ထိပ်တန်း ပါရမီရှင် ဖြစ်မည်သာ...။

ကျန်းချင်းရွှယ် စကားပြောဖို့ ပြင်လိုက်၏။

ထိုစဉ် ကောင်းကင်ယံမှ လွှမ်းမိုးထားသော ဖိအားကြီး တစ်ခု ရုတ်တရက် ဆင်းသက်လာသည်။

"ဝုန်း.."

တိမ်တိုက် ပင်လယ်ပြင် တုန်ခါသွားပြီး၊ ချက်ချင်းပင် ကောင်းကင် နတ်ဘုရား တစ်ပါးကဲ့သို့ ခမ်းနားထည် ဝါသော မျက်နှာတစ်ခု အဖြစ် စုစည်းသွားလေ သည်။ ထို ကြီးမားသော မျက်နှာကြီး၏ အကြည့် သည် မုန်းတီးမှု အချို့ဖြင့် နင်ချီ အပေါ်တွင် စူးစိုက် သွားပြီး၊ မြည်ဟိန်းသော အသံကြီးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလေသည်။

"ရဲတင်းလှချည်လား... ဂိုဏ်းတူ အချင်းချင်း လက်ရည်ယှဉ်တာကို... ဒီလောက် ရက်စက်တဲ့ နည်း လမ်းတွေ သုံးပြီး... တစ်ဖက်သားရဲ့ 'တာအို နှလုံးသား' ကို ကြေမွအောင် လုပ်တယ်...၊ ဝိညာဉ် ဓားတွေကို သိမ်းယူတယ်...၊ တကယ့်ကို ယုတ်မာ လွန်းတယ်...."

မျက်နှာကြီး ပိုင်ရှင်သည် အထူးတလည် ဒေါသထွက် နေပုံ ရပြီး၊ ကြောက်မက်ဖွယ် ဖိအားသည် နင်ချီ၏ ခေါင်းပေါ်သို့ ပိုမို ဖိကျလာသည်။

"ဝိညာဉ် ဓားတွေ ပြန်ပေးလိုက်..."

အနက်ရောင် ဝတ်ရုံနှင့် အကြီးအကဲ တစ်ဦး၏ ဝေဝါးသော ပုံရိပ် ပေါ်လာပြီး၊ ဆံပင်များ လွင့်ပျံနေကာ၊ ရက်စက်စွာ စူးစိုက်ကြည့်နေသည်။

သို့သော် နင်ချီ မကြောက်ပေ။

သူ့မျက်နှာထား ပြောင်းလဲခြင်း မရှိဘဲ၊ မဟာစွမ်းအား ရှင်၏ လွှမ်းမိုးထားသော ဖိအားကို ရင်ဆိုင်ရင်း၊ ခေါင်းမော့ကာ ပြန်လည် ဖြေကြားလိုက် သည်။

"မဟာ အကြီးအကဲ...၊ ခင်ဗျား မှားနေပြီ...၊ ယဲ့ချန် က အရင် မှားခဲ့တာပါ...၊ ကျွန်တော်တို့ ဓားဂိုဏ်း ရဲ့ စည်းမျဉ်း အရ... သူ့ရဲ့ ဝိညာဉ် ဓားတွေက တရားဝင် ကျွန်တော် ပိုင်ဆိုင်ခွင့် ရှိပါတယ်...၊ သူ့ရဲ့ တာအို နှလုံးသား ကြေမွသွားတာ အတွက်လား... အဲ့ဒါ သူ အသုံးမကျလို့ပါ..."

နင်ချီ က 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' မဟာ စွမ်းအားရှင် တစ်ပါးကို တိုက်ရိုက် ဆန့်ကျင်နေသည် ကို မြင်လိုက်ရသောအခါ၊ တပည့် အားလုံး အံ့အားသင့်သွားကြလေသည်။

All Chapters