← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉) - ကျင့်ကြံသူ တစ်သန်းကို သတ်ဖြတ်ခြင်း (၂)

~အရေအတွက်က သူတို့ထက် အဆပေါင်းများစွာ များနေသည်...

"ဒါ တကယ်ပဲ ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ဘူးလား..."

ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ မှ ကျင့်ကြံသူ အများအပြားသည် အသက်ရှူအောင့်လိုက်ကြပြီး၊ ယုံကြည်ရခက် ဖြစ်နေကြ၏။

ကမ္ဘာငယ်လေး တစ်ခုပဲလေ...။

'မှော်စွမ်းအင် နယ်ပယ်' နဲ့ 'ခရမ်းရောင် နန်းတော် နယ်ပယ်' တွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲ။

ထို စိတ်အားထက်သန်ပြီး ဆာလောင်နေသော မျက်လုံးများက သူတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေသည်။ သူတို့ကိုယ်တိုင် သားကောင် ဖြစ်နေသလိုမျိုး မဖြစ်သင့်သော ခံစားချက်ကြီး ဝင်ရောက်လာလေသည်။

'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် များပင်လျှင် မျက်နှာထား မကောင်းကြတော့ပေ။

ဒီလောက်များတဲ့ ကျင့်ကြံသူတွေ... အဆင့်အတန်း နိမ့်တယ် ဆိုပေမယ့်... သူတို့အတွက် တော်တော်လေး ဒုက္ခပေးနိုင်သည်။

တစ်ခုတည်းသော သတင်းကောင်းကတော့...၊ဆန့်ကျင်ဘက် ကျင့်ကြံသူ တပ်မတော်ကြီးထဲမှာ 'မူလဝိညာဉ် နယ်ပယ်' တစ်ယောက်မှ ပါဝင်ပုံ မရပေ။

"အစစ်အမှန် အမွေခံ နင်...၊ ဒီ ကမ္ဘာငယ်လေးက လုံးဝ မရိုးရှင်းဘူးဗျ..." 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' က သတိထားပြီး တိုးတိုးလေး ပြောလိုက်၏။

ရှေ့မှောက်တွင် မြင်တွေ့နေရသမျှ အရာအားလုံးက ထူးဆန်းနေသည်။

သူက နင်ချီ ရှေ့ထွက်ပြီး တပ်ဖွဲ့ကို တည်ငြိမ်အောင် ထိန်းပေးဖို့ မျှော်လင့်နေမိသည်။

နင်ချီ ခပ်ပေါ့ပေါ့.. ရယ်မောလိုက်၏။

"မှန်တယ်..."

အစစ်အမှန် ဧကရာဇ် အားလုံး ရပ်တန့်သွားကြ၏။ နင်ချီ၏ စကားများက ကြိုတင် မြင်တွေ့ထားသကဲ့သို့ ဖြစ်နေသဖြင့် သူတို့၏ စိတ်နှလုံး အနည်းငယ် သက်သာရာ ရသွားသော်လည်း၊ နင်ချီ၏ လေသံထဲတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခုကို အလိုအလျောက် ခံစားလိုက်ရသည်။

"အစစ်အမှန် အမွေခံ နင်..." ကျန်းချန်ဟွမ် မေးရန် ပြင်လိုက်၏။

ထိုအချိန်တွင် နင်ချီသည် အဖြူရောင် ဝတ်စုံ တလွင့်လွင့်ဖြင့် တောင်နှင့် ပင်လယ် နယ်မြေ မှ ကျင့်ကြံသူ အများအပြား ဘက်သို့ လှည့်လိုက်၏။

"ကျွန်တော့်ရဲ့ ကမ္ဘာကနေ... ကြိုဆိုပါတယ်..."

အသံသည် မကျယ်လောင်သော်လည်း၊ လူတိုင်း၏ ရင်ထဲတွင် လှိုင်းလုံး ထောင်ချီ လှုပ်ခတ်သွားစေသည်။ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် တိုင်း မှင်သက်သွားကြပြီး၊ အလိုအလျောက် ထိတ်လန့်သွားကြ၏။

အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ တပည့် ရာပေါင်းများစွာပင်လျှင် နင်ချီကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။

ဤ အခိုက်အတန့်တွင် သူတို့၏ စီနီယာအစ်ကို နင် သည် အခြားလူတစ်ယောက် အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

ထို ပုံရိပ်သည် အကန့်အသတ်မရှိ မြင့်မားလာပြီး၊ ခမ်းနားထည်ဝါသော၊ ကျယ်ပြောသော၊ လက်လှမ်းမမီနိုင်သော ပုံရိပ်တစ်ခု ဖြစ်လာလေသည်။

အဝေးတစ်နေရာမှ ဩဇာပြည့်ဝသော အသံသည် သူတို့၏ ဝိညာဉ်များကို ထိုးဖောက်ဝင်ရောက်လာလေသည်။

"နယ်မြေ အရှင်သခင်ကို ဂါရဝပြုကြ..."

နယ်မြေ အရှင်သခင်...

တောင်နှင့် ပင်လယ် နယ်မြေ မှ ကျင့်ကြံသူ သန်းပေါင်းများစွာ၏ စိတ်အာရုံများ ဗလာ ဖြစ်သွားကြ၏။

သို့သော် စဉ်းစားဖို့ အချိန်မရှိတော့ပေ။

ကျယ်ပြန့်ပြီး အဆုံးအစမဲ့သော မိုးကြိုး ကောင်းကင် မြစ် သည် ဟင်းလင်းပြင် နက်ရှိုင်းသော နေရာမှ ဖြတ်သန်း စီးဆင်းလာပြီး၊ ခမ်းနားထည်ဝါသော ကမ္ဘာ့ ပုံရိပ်ယောင် တစ်ခုသည် ဟင်းလင်းပြင်ကို ဖိနှိပ်ထားလိုက်၏။ 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် များစွာနှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့်များသည် ကောင်းကင် မြစ်ကြီး၏ ဆွဲယူခြင်း ခံလိုက်ရပြီး၊ နေရာမှ ပျောက်ကွယ်သွားကြ၏။ ပျောက်ကွယ်မသွားမီ နောက်ဆုံး အချိန်လေးတွင်၊ ပြည့်ကြပ်နေသော ကျင့်ကြံသူ တပ်မတော်ကြီးသည် (၁၂) ဂိုဏ်း မဟာမိတ်အဖွဲ့ ဆီသို့ ခုန်အုပ်လာသည်ကို 'လေမိုးကြိုး အစစ်အမှန် ဧကရာဇ်' တွေ့လိုက်ရပြီး၊ မျှော်လင့်ချက် ကုန်ဆုံးသွားလေသည်။

"သတ်ကြ..." အော်ဟစ်သံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသည်။

တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး စတင်ခဲ့တော့၏။

...

အတွင်းကမ္ဘာ၌၊

ချင်မင်ဟောက် တံတွေး မျိုချလိုက်ပြီး၊ မျက်လုံးထဲတွင် မယုံနိုင်မှုများ ရှိနေဆဲပင်။

"စီနီယာအစ်ကို နင်..."

သူ အလွန်အမင်း ရိုသေလေးစားရသော၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ မျှော်လင့်ချက် 'အင်မော်တယ် မျိုးစိတ်' ဟု သတ်မှတ်ထားသော စီနီယာအစ်ကို နင် သည်... ကမ္ဘာငယ်လေး တစ်ခုရဲ့ သခင် ဖြစ်နေတယ်လား...။

ယခု အခိုက်အတန့်၌၊

သူ့ရင်ထဲတွင် သံသယများ လွန်ကဲစွာ ရှိနေသည်။ စီနီယာအစ်ကို နင် ကမ္ဘာငယ်လေး ကနေ တောင်နှင့် ပင်လယ် နယ်မြေ ကို ဘယ်လို သွားခဲ့တာလဲ၊ အကန့်အသတ်မဲ့ ဓားဂိုဏ်းထဲကို ဘယ်လို တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်နိုင်ခဲ့တာလဲ၊ ဂိုဏ်းက မဟာစွမ်းအားရှင် တွေကို ဘယ်လို ဖုံးကွယ်ထားခဲ့တာလဲ... ဒါပေမယ့် ချက်ချင်းဆိုသလိုပင် အတွေးအားလုံးသည် ခါးသီးမှု အဖြစ် ပြောင်းလဲသွားသည်။

သူ ပြောချင်သော စကားများကို ပြန်မြိုသိပ်လိုက်ရသည်။

(၁၂) ဂိုဏ်းမှ အစစ်အမှန် ဧကရာဇ် ဒါဇင်ပေါင်းများစွာ အမှုန့်ကြိတ်ခံလိုက်ရသော အဝေးတစ်နေရာမှ မြင်ကွင်းကို သူ လှမ်းကြည့်လိုက်ပြီး၊ တိတ်ဆိတ် ငြိမ်သက်နေလိုက်၏။

လက်တစ်ဖက် သူ့ပခုံးကို လာပုတ်သည့် အချိန်အထိပင်။

"ဂျူနီယာညီလေး ချင်...၊ တကယ်တော့ ငါ မင်းကို အထင်ကြီးပါတယ်..."

ချင်မင်ဟောက် ၏ နှလုံးသား တုန်လှုပ်သွားပြီး၊ အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ၊ ရင်းနှီးသော နူးညံ့သည့် မျက်လုံးများကို တွေ့လိုက်ရသည်။ နင်ချီ၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ရှိနေပြီး၊ ဤအခိုက်အတန့်တွင် ချင်မင်ဟောက် သည် နင်ချီ၏ ရှိရင်းစွဲ ပုံစံထဲမှ ရင်းနှီးသော 'စီနီယာအစ်ကို နင်' ကို ပြန်လည် ရှာတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

"စီနီယာအစ်ကို နင်..." သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ သူ့အကြည့်များ ပြတ်သားသွားသည်။ "တကယ်လို့ စီနီယာအစ်ကို နင် သာ မငြိုငြင်ဘူး ဆိုရင်... ချင်မင်ဟောက် က စီနီယာအစ်ကို နင် ရဲ့ နောက်လိုက် အဖြစ် သေတဲ့အထိ သစ္စာရှိပါ့မယ် လို့ ကတိသစ္စာ ပြုပါတယ် ခင်ဗျာ..."

ပြောရင်းနှင့်...၊

သူသည် သူ့၏ မူလဝိညာဉ်ကို အပြည့်အဝ ထုတ်လွှတ်ပြလိုက်၏။ ၎င်းသည် နင်ချီ အလိုရှိသလို လုပ်ဆောင်နိုင်ကြောင်း၊ သူ့အသက်နှင့် သေခြင်းတရားသည် နင်ချီလက်ထဲတွင် ရှိနေပြီ ဖြစ်ကြောင်း သင်္ကေတ ပြလိုက်ခြင်း ဖြစ်သည်။

ချင်မင်ဟောက် သဘောပေါက်သွားရ၏။

'စီနီယာအစ်ကို နင် က တောင်နှင့် ပင်လယ် နယ်မြေ ကျင့်ကြံသူပဲ ဖြစ်ဖြစ်... ကမ္ဘာငယ် ပိုင်ရှင်ပဲ ဖြစ်ဖြစ်... ငါ့အတွက် ဘာကွာခြားလို့လဲ...၊ အဓိက က စီနီယာအစ်ကို နင် နောက်လိုက်ရင်... ငါ တစ်ခါမှ မရောက်ဖူးတဲ့ အဆင့်အတန်းတွေကို ရောက်နိုင်တာပဲ...'

သိုသော်၊...သူ သိတာ တစ်ခု ရှိသေး၏။

စီနီယာအစ်ကို နင်၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိသွားပြီ ဆိုမှတော့... လုံလောက်သည့် သဘောထား ပြသရမည်။

တောင်နှင့် ပင်လယ် နယ်မြေ မှာ စကားပေါက်ကရ မပြောမည့် လူနှစ်မျိုးသာ ရှိသည်။ တစ်မျိုးက သေလူ...၊ နောက်တစ်မျိုးက ချုပ်နှောင်မှု ထည့်သွင်းခံထားရသူ။

နင်ချီ ခပ်ဟဟ ရယ်မောလိုက်၏။ သူ့လေသံသည် နက်ရှိုင်းနေ၏။

"စိတ်ချပါ... တစ်နေ့ကျရင်... ဒီနေ့ ဆုံးဖြတ်ချက် အတွက် မင်း နောင်တရမှာ မဟုတ်ဘူး..."

အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ တပည့် အများအပြား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း၊ ချင်မင်ဟောက် က စံနမူနာကောင်း ပြလိုက်သည်မှာ သေချာသည်။

အသက်ရှင်နိုင်မယ် ဆိုလျှင်... ဘယ်သူက သေချင်မည်လဲ။

နင်ချီ သူတို့ရဲ့ တုံ့ပြန်မှုကို စောင့်နေသည် ဆိုတာ သူတို့ သိကြလေ၏။

“စီနီယာအစ်ကို နင်ရဲ့ နောက်လိုက် အဖြစ် သေတဲ့အထိ သစ္စာရှိပါ့မယ် လို့ ကတိသစ္စာ ပြုပါတယ် ခင်ဗျာ..."

အများစုက ရွေးချယ်လိုက်ကြ၏။ ချွင်းချက်တွေတော့ ရှိပါသည်။

ငွေရောင် အလင်းတန်း တစ်ခုနှင့် အနက်ရောင် အလင်းတန်း တစ်ခုသည် တပြိုင်နက်တည်း လင်းလက်လာပြီး၊ ချက်ချင်း ပေါက်ကွဲထွက်နိုင်သော ထိုးဖောက်နိုင်စွမ်းအား အချို့ သယ်ဆောင်လာသည်။ ပစ်မှတ်က နင်ချီ ဆီကို မဟုတ်ဘဲ... အတွင်းကမ္ဘာ အတားအဆီးကို ဖောက်ထွက်ဖို့ ဖြစ်သည်။ တစ်ခုစီက လူတစ်ယောက်စီကို လွှမ်းခြုံထားပြီး၊ ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးရန် ကြိုးစားနေကြ၏။

ဒါသည် တစ်ကြိမ်သုံး 'လျှို့ဝှက် ရတနာ'ဖြစ်ပြီး၊ သာမန် အစစ်အမှန် တပည့်တွေ ပိုင်ဆိုင်နိုင်တာထက် အများကြီး ပိုစွမ်းအားကြီးသည်။

"ဝေဖုန်း ... ကျန်းရွှမ်... မင်းတို့က စီနီယာအစ်ကို နင် ကို သစ္စာဖောက်ရဲတယ် ပေါ့လေ..." ချင်မင်ဟောက် ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး၊ ဓားအလင်းတန်း ထုတ်လွှတ်ကာ ထွက်ပြေးနေသော လူနှစ်ယောက်ကို ခုတ်ပိုင်းလိုက်၏။

ဒါသည် နင်ချီ အတွက်ရော သူ့အတွက်ပါ ဖြစ်သည်။

တကယ်လို့ ဒီနှစ်ယောက် လွတ်သွားလျှင်... ရလဒ်က ကောင်းမှာ မဟုတ်ချေ။

နင်ချီ၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။

သူ့ကမ္ဘာထဲမှာ... ဒီနှစ်ယောက် လွတ်သွားနိုင်သည် ဆိုလျှင်တော့... သူ တကယ်ကို အသုံးမကျ၍ ဖြစ်မည်ပင်။

ထို့အပြင်...၊

ဝေဖုန်း နှင့် ကျန်းရွှမ် တို့သည် ဓာတ်ကြီးငါးပါး တောင်ထွတ် ကို ရောက်ပြီး မကြာခင်မှာပဲ... သူတို့၏ ရည်ရွယ်ချက် မရိုးသားမှန်း သူ သိပြီးသားပင်။

နင်ချီ.. လက်ကို နောက်ပစ်ကာ ရပ်နေလိုက်ပြီး၊ အတွေးတစ်ချက် ဝင်လာသည်။

လှုပ်ရှားနေသော နယ်ပယ် စွမ်းအားများ ခဲသွားသည်။

နောက်တစ်ခဏတွင်၊ အလင်းတန်း နှစ်ခုသည် နက်ရှိုင်းသော ဟင်းလင်းပြင်ထဲမှ ဖိအားပေး၍ ညှစ်ထုတ်ခံလိုက်ရသည်။ ထိုနှစ်ယောက်သည် မျက်လုံး အစုံ ပြူးကျယ်လျက် မယုံနိုင်စွာ ပြန်ကြည့်နေကြ၏။

" 'နတ်ဘုရား ချိုးဖျက် လွန်းပျံယာဉ်' ရဲ့ စွမ်းအားက မဟာစွမ်းအားရှင် ရဲ့ တံဆိပ်ခတ်ခြင်းကိုတောင် စုတ်ဖြဲနိုင်တာလေ...၊ ဘယ်လိုလုပ်ပြီး..." ဝေဖုန်း ညည်းတွားလိုက်၏။

ကျန်းရွှမ် လည်း ပျာယာခတ်သွားသည်။

" 'ကြယ်ဖောက် မြှား' ရဲ့ စွမ်းအားကို ဘယ်လိုလုပ် ခုခံနိုင်တာလဲ..."

သူတို့နှစ်ဦးသည် စိမ့်ဝင် ထောက်လှမ်းရန် အမိန့်ပေးခံထားရပြီး၊ ဆုလာဘ် အနေဖြင့် တစ်ကြိမ်သုံး လျှို့ဝှက် ရတနာ တစ်ခုစီ ရရှိထားကြ၏။ အရေးကြီးချိန်တွင် အသက်ကယ်ရန် သုံးနိုင်မည်ဟု ယူဆထားသော်လည်း၊ နင်ချီ ဤမျှ ကြမ်းတမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မဟာစွမ်းအားရှင် ၏ တံဆိပ်ခတ်ခြင်းကိုပင် စုတ်ဖြဲနိုင်သော လျှို့ဝှက် ရတနာများကိုပင် ဖိအား ပေး၍ ပြန်လည် သိမ်းယူနိုင်ခဲ့သည် မဟုတ်ပါလော။

ဓားဂိုဏ်း တပည့် အများအပြား ရင်ထဲတွင် တုန်လှုပ်သွားကြပြီး၊ အားကျသော အကြည့်များဖြင့် ကြည့်နေကြ၏။

မိုးကြိုး လက်ဝါးကြီးက ဝေဖုန်း နဲ့ ကျန်းရွှမ် ကို ပြန်လည် ဖမ်းယူလာသည်ကို ကြည့်ပြီး၊ သူတို့စိတ်ထဲရှိ မကျေနပ်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားကြ၏။ အတွေးတစ်ခု ဝင်လာသည်။ စီနီယာအစ်ကို နင် ရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင်... တစ်နေ့နေ့ သူ 'ပေါင်းစည်းခြင်း နယ်ပယ်' ဘိုးဘေးကြီး ဖြစ်လာခဲ့ရင်... သူတို့လည်း လိုက်ပါ ကြီးပွားနိုင်မှာ မဟုတ်ဘူးလား။

ဘိုးဘေးကြီး တစ်ပါးရဲ့ တံခါးဝမှာ အစေခံ လုပ်ရရင်တောင်မှ... အဆင့်မြင့်ဂိုဏ်း ဆိုတဲ့ နေရာက အစစ်အမှန် တပည့် ဖြစ်ရတာထက် သာလွန်သေးတယ်။

ဝေဖုန်း နဲ့ ကျန်းရွှမ် တို့ ထိတ်လန့်တကြား တောင်းပန်လိုက်ကြ၏။

"စီနီယာအစ်ကို နင်...၊ ကျွန်တော်တို့ အညံ့ခံပါ့မယ်...၊ အကုန်လုံး ထုတ်ဖော် ပြောပါ့မယ်..."

နင်ချီ ခပ်ဟဟ ရယ်မောလိုက်၏။

"ဝေဖုန်း...၊ မင်းကို ယဲ့ချန်.. လွှတ်လိုက်တာ မဟုတ်လား..."

"ကျန်းရွှမ်...၊ မင်းကို ကျန်းချင်းရွှယ်.. လွှတ်လိုက်တာ မဟုတ်လား..."

ထိုစကားအား ကြားလိုက်ရသောအခါ၊ သူတို့နှစ်ဦးစလုံး၏ မျက်လုံးအိမ်များ ကျုံ့သွားပြီး မှင်သက်သွားကြ၏။ သူတို့ရှေ့မှ လူငယ်လေးသည် မိစ္ဆာ တစ်ကောင်အသွင် ပြောင်းလဲသွားပြီး၊ အရိပ်မည်းကြီးက သူတို့ကို ဝါးမြိုပစ်တော့မည့်အလား ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ ဓားဂိုဏ်း တပည့်များ စိတ်ထဲတွင် တုန်လှုပ်သွားကြ၏။

နင်ချီ ပြောလိုက်သော အမည်နာမများက မရိုးရှင်းသောကြောင့် ဖြစ်သည်။

ယဲ့ချန်... လက်ရှိ နံပါတ်တစ် အစစ်အမှန် တပည့်...၊ မွေးရာပါ 'လေမိုးကြိုး ဓားခန္ဓာ' ပိုင်ရှင်...၊ ကျင့်ကြံခြင်း အဆင့် ခန့်မှန်း၍ မရနိုင်၊ 'မူလဝိညာဉ်' အကန့်အသတ်ကို ရောက်ရှိ နေပြီး... 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' အား စတင် ဖမ်းဆုပ်မိနေပြီ ဖြစ်သည်။

ကျန်းချင်းရွှယ် ဆိုသည်မှာလည်း ဒုတိယမြောက် ပင်မဂိုဏ်းသား တစ်ဦးဖြစ်ရာ သူမ၏ စွမ်းအားသည်လည်း လျှော့တွက်၍ မရနိုင်ပေ။ သူမ ပိုင်ဆိုင်ထားသည့် 'ရေခဲဝိညာဉ်ခန္ဓာ' ၏ မူလဇာစ်မြစ်သည် အလွန်အမင်း သိပ်သည်း ပြည့်ဝလွန်းလှချေ၏။

ပေ့ရွှမ်နယ်မြေ၌ ယခင်က ပေါ်ထွန်းခဲ့ဖူးသမျှသော ရေခဲဝိညာဉ်ခန္ဓာ ပိုင်ရှင်ဟူသမျှထက်ပင် သာလွန်နေသေးသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း နက်ရှိုင်းလှပြီး 'မဟာစွမ်းအားရှင်' အဆင့်အတန်းသို့ ရောက်ရှိရန် တံခါးဝသို့ပင် ခြေချနေပြီ ဖြစ်လေသည်။

ယခင်က ဤနှစ်ဦးသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းရှိ အစစ်အမှန် တပည့် အများအပြား၏ အထက်တွင် ရပ်တည်ခဲ့ပြီး၊ တစ်ယောက်ကို တစ်ယောက် အကြီးမားဆုံး ပြိုင်ဘက် အဖြစ် သတ်မှတ်ထားခဲ့ကြ၏။

သို့သော် နင်ချီ ရုတ်တရက် ပေါ်ထွက်လာပြီး၊ မဟာ အကြီးအကဲ ဇီယန် ကိုယ်တိုင် ဓားလက်ဆောင် ပေးခဲ့ခြင်းက ပို၍ လှုံ့ဆော်လိုက်သလို ဖြစ်သွားသည်။

သူတို့၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားလိုက်ပြီး၊ နင်ချီ၏ အခြေအနေမှန်ကို စုံစမ်းရန် ဝေဖုန်း နှင့် ကျန်းရွှမ် ကို သီးခြားစီ စေလွှတ်ခဲ့ကြ၏။ ဒါသည် အဆင့်မြင့်ဂိုဏ်း အစစ်အမှန် တပည့်များကြားတွင် သုံးလေ့ရှိသော နည်းလမ်းပင်။

စောစောက... ကမ္ဘာငယ် စစ်ဆင်ရေး မစတင်ခင်မှာ... သူတို့ သတင်းပို့ဖို့ ကြိုးစားခဲ့သော်ငြား... အခွင့်အရေး လုံးဝ မရခဲ့ပေ။

နင်ချီက အမြဲတမ်း ပြင်ဆင်ထားခဲ့လေ၏။

လက်ရှိတွင်...။

နင်ချီက သူတို့ ဘယ်သူလဲ ဆိုတာ ဖော်ထုတ်လိုက်တော့... နှစ်ယောက်စလုံး လုံးဝ ပျာယာခတ်သွားကြ၏။

"စီနီယာအစ်ကို နင်... အသက်ချမ်းသာပေးပါ... ကျွန်တော် မှားမှန်း သိပါပြီ...၊ ကျွန်တော် သစ္စာခံပါ့မယ်...၊ ယဲ့ချန် အကြောင်း သတင်းတွေ ပေးပါ့မယ်နော်..."

ဝေဖုန်း အော်ဟစ်လိုက်ပြီး၊ သူ့တန်ဖိုးကို ပြသရန် ကြိုးစားကာ... ပြန်လည် ထောက်လှမ်းရေး လုပ်ပေးရန်ပင် အကြံပြုလိုက်၏။

သို့သော် နင်ချီ ခေါင်းခါပြီး ပြုံးလိုက်၏။

သူ ဒါတွေ မလိုအပ်ပါ။

အဓိက ကတော့ သူတို့အဆင့်အတန်းက ထိရှလွယ်သည်...၊ လက်ခံလိုက်လျှင် ပြဿနာ တက်လွယ်၏...၊ သူတို့ ၏ လက်ကျန် အသုံးဝင်မှုကို ကစားခိုင်းလိုက်တာ ပိုကောင်းသည်။

ယဲ့ချန်နှင့် ကျန်းချင်းရွှယ်တို့က သူ့ထံသို့ သူလျှိုများ စေလွှတ်ထားခဲ့ကြသည် မဟုတ်ပါလော။ ဒီအတိုင်းကြီး ဘာအကျိုးအမြတ်မှ မယူဘဲ လွှတ်ပေးလိုက်မည် ဆိုလျှင်ဖြင့် ဘယ်ဖြစ်ချေပါ့မလဲ။

ထို့ကြောင့်ပင် နင်ချီသည် အခြေအနေကို ရှင်းရှင်းလင်းလင်းနှင့် ပြတ်ပြတ်သားသားပင် ကိုင်တွယ်လိုက်လေတော့၏။

နင်ချီ လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ၊ လှုပ်ရှားနေသော နယ်ပယ် စွမ်းအားများ ဖိနှိပ်ချလိုက် သည်။ သူတို့နှစ်ဦး အသက်ချမ်းသာပေးရန် တောင်းပန်နေစဉ်မှာပင်၊ ယခင် အစစ်အမှန် ဧကရာဇ် ဒါဇင်ပေါင်းများစွာ ကဲ့သို့ပင် လုံးဝ ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ မည်သည့် ခုခံနိုင်စွမ်း မျှ မရှိချေ။

ချင်မင်ဟောက်နှင့် အခြားသူများ၏ မျက်လုံးများထဲတွင် အထင်ကြီး လေးစားမှုများ ပိုမို နက်ရှိုင်းလာသည်။

"စီနီယာအစ်ကို နင် ရဲ့ နောက်လိုက် အဖြစ် သေတဲ့ အထိ သစ္စာရှိပါ့မယ် လို့ ကတိသစ္စာ ပြုပါတယ် .."

အတွင်းကမ္ဘာထဲတွင်၊ ဓားဂိုဏ်း တပည့် အများ အပြားသည် သူတို့၏ နှလုံးသားကို လိုက်နာပြီး ရွေးချယ်မှု ပြုလုပ်လိုက်ကြလေတော့သည်။

အခန်း (၅၀၀) - ပြီးပြည့်စုံခြင်း

~နင်ချီသည် အပြုံးရိပ်ဖြင့် လူတိုင်းကို ကြည့်လိုက်၏။

သူ့လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ရာ၊ ဆန်းကြယ်သော စွမ်းအားများသည် ဟင်းလင်းပြင်ထဲမှ ဖြန့်ထွက်လာသည်။ ချင်မင်ဟောက်နှင့် အခြားသူများ၏ ရင်ထဲတွင် တုန်လှုပ်သွားကြပြီး၊ ဉာဏ်အလင်း တစ်ခုခု ရရှိတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်တွင် ထူးဆန်းသော ချုပ်နှောင်မှု တစ်ခုသည် သူတို့၏ ဝိညာဉ် နက်ရှိုင်းသော နေရာတွင် အမြစ်တွယ်သွားလေသည်။

ဤ ချုပ်နှောင်မှုသည် သာမန် ချုပ်နှောင်မှုများနှင့် လုံးဝ မတူပေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားပြီး၊ သူတို့ကိုယ်တိုင်ပင် ရှာဖွေ၍ မတွေ့နိုင်တော့ပေ။ သို့သော် သူတို့၏ စိတ်ထဲတွင် ဒီနေရာက ကိစ္စတွေကို ထုတ်ပြောဖို့ ၊ သို့မဟုတ် ၊ နင်ချီကို မလေးမစား လုပ်ဖို့ အတွေးဝင်လာသည်နှင့်၊ ကျရောက်လာမည့် ကပ်ဘေးဆိုးကြီး တစ်ခုကို ခံစားလိုက်ရလေသည်။

နင်ချီ၏ အံ့ဖွယ် နည်းစနစ်များကို လူတိုင်း အံ့သြနေကြ၏။

ဒါသည် သဘာဝကျကျပင် 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ၏ စွမ်းအား ဖြစ်ပြီး၊ တောင်နှင့် ပင်လယ် နယ်မြေ သို့ ဝင်စားထားသော သိုင်းကမ္ဘာမှ သက်ရှိများစွာတွင်လည်း အလားတူ ချုပ်နှောင်မှုများ ရှိကြ၏။

'စွမ်းအားရှင်' သို့မဟုတ် 'မဟာစွမ်းအားရှင်ကြီး' တစ်ပါးပင်လျှင် ပုံမှန်မဟုတ်သည်ကို ခွဲခြားနိုင်မည် မဟုတ်ကြောင်း နင်ချီ ယုံကြည်မှု ရှိသည်။

'ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေး တစ်ပါး အနေဖြင့် ပုံမှန် မဟုတ်သည်ကို သတိထားမိလျှင်တောင်မှ၊ အသုံးဝင်သော သတင်းအချက်အလက် တစ်စုံတစ်ရာကို နှိုက်ထုတ်နိုင်မည် မဟုတ်ပေ။ စိတ်ဝိညာဉ် နက်ရှိုင်းသော နေရာမှ ချုပ်နှောင်မှုသည် သူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။

လူတိုင်း ပိုမို ရိုသေလေးစားလာကြ၏။

ယခုအခါ သူတို့သည် နင်ချီ၏ ဘက်တော်သားများအဖြစ် ခိုင်မာစွာ ရပ်တည်နေကြပြီ ဖြစ်ရာ၊ စိတ်နှလုံး အပြည့်အဝ ပုံအပ်ထားရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ နင်ချီ ပိုစွမ်းအားကြီးလာလေ၊ နောင်တစ်ချိန် သူတို့.. ရရှိမည့် အကျိုးအမြတ်များ ပိုကြီးမားလာလေ ဖြစ်သည်။

နင်ချီ လက်ကို နောက်ပစ်ကာ ရပ်နေလိုက်၏။

ဒီနေ့ တချို့လူတွေက မလွဲသာ မရှောင်သာ လိုက်နာခဲ့ရသည် ဆိုတာ သူ သိသည်။

သို့တိုင်၊ ယနေ့ ရွေးချယ်မှုဟာ ဘယ်လောက် ကံကောင်းကြောင်း... အချိန်တန်လျှင် သူတို့ နားလည်လာကြမည်ပင်။

ကျဆုံးသွားသော 'မူလဝိညာဉ် နယ်ပယ်' အစစ်အမှန် ဧကရာဇ် များ၏ ကြောက်မက်ဖွယ် အရှိန်အဝါများကို 'အတွင်းကမ္ဘာ' က ဝါးမြိုလိုက်၏။ အပြင်ဘက်တွင်မူ ကျင့်ကြံသူ သန်းချီ ပါဝင်သော တိုက်ပွဲကြီးသည် ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာတွင် ဆက်တိုက် မငြိမ်မသက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဒါက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး စစ်ပွဲကြီး ဖြစ်သည်။

အတိတ်တုန်းက 'မှော်စွမ်းအင် နယ်ပယ်' ကျင့်ကြံသူ (၁၂) ယောက်လောက်နှင့်ပင် အစစ်အမှန်သိုင်း ကမ္ဘာ တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့ပြီး၊ ပြင်ပ ကျူးကျော်မှု တိုင်းမှာ ဒေသခံ ကျင့်ကြံသူတွေကို အားဖြည့်ပေးဖို့ ကမ္ဘာ့ အနှစ်သာရ ကို စားသုံးခဲ့ရသည်။

ယခုတော့... တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီး ဖြစ်နေတော့၏။

တောင်နှင့် ပင်လယ် နယ်မြေ မှ ကျင့်ကြံသူများသည် ဤ ကမ္ဘာငယ် ဌာနေသားများ၏ ကြောက်မက်ဖွယ် ကောင်းလောက်အောင် စွမ်းအားကြီးမားမှုကို တွေ့ရှိလိုက်ရသဖြင့် လန့်ဖျပ်သွားကြ၏။

နတ်ဘုရား နည်းစနစ်များ ၊ ဂါထာမန္တန်များ၊ တိုက်ခိုက်ရေး အသိစိတ် တို့တွင် သူတို့သည် များစွာ နိမ့်ကျနေပြီး၊ မှော် လက်နက်များ နှင့် အဆောင်လက်ဖွဲ့များတွင်သာ အနည်းငယ် အသာစီးရရုံ ရှိသည်။

ဒီလို အခြေအနေမျိုးမှာ...၊ သူတို့မှာ ဘာအင်အားနှင့် ပြန်လည် ခုခံနိုင်မည်လဲ။

"ဒါ.. တကယ်ပဲ.. တခြား ဝိညာဉ်နယ်မြေ တစ်ခုကို ရောက်နေတာ မဟုတ်ဘူးလား..."

(၁၂) ဂိုဏ်း မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူ တစ်ဦးသည် ဝိညာဉ် စွမ်းအား မုန်တိုင်းထဲတွင် အမှုန့်မဖြစ်မီ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်လေသည်။

ချင်မင်ဟောက် နှင့် အခြား ဓားဂိုဏ်း တပည့်များသည် နင်ချီနှင့်အတူ စစ်မြေပြင်ကို ကြည့်ရှုရင်း ထပ်တူထပ်မျှ တုန်လှုပ်နေကြ၏။

ဒီ ကမ္ဘာငယ်လေးရဲ့ အခြေခံအုတ်မြစ်က တကယ့်ကို ကြောက်စရာ ကောင်းလှပါလား။

သူတို့ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအား သိပ်သည်းဆနှင့် ဟင်းလင်းပြင် ခိုင်မာမှုတို့ကို အာရုံခံလိုက်မိပြီး၊ တဖြည်းဖြည်း စိတ်ငြိမ်သက်သွားကြ၏။

"နယ်မြေများ ပင်လယ် ထဲက ကောလာဟလတွေ အရ ဆိုရင်... ကမ္ဘာငယ်လေး တစ်ခုရဲ့ အလိုဆန္ဒ ဟာ ဉာဏ်ရည် ဖွံ့ဖြိုးလာနိုင်ပြီး... ကံကြမ္မာကို ဖီဆန်နိုင်တယ် တဲ့...၊ ဝိညာဉ်နယ်မြေ အဆင့်ကို တက်လှမ်းရုံသာမက... အကန့်အသတ်ကို ကျော်လွန်ပြီး... ကမ္ဘာထဲမှာ 'အင်မော်တယ်' တစ်ပါး မွေးဖွားလာနိုင်တယ် တဲ့...၊ အခု ငါတို့က စီနီယာအစ်ကို နင် ရဲ့ နောက်လိုက် ဖြစ်ခွင့် ရနေပြီ...၊ လွတ်လပ်မှု အနည်းငယ် ဆုံးရှုံးလိုက်ရပေမယ့်... ဒါက ကောင်းကင်ဘုံထိ ထိုးဖောက်နိုင်မယ့် အခွင့်အရေး မဟုတ်ဘူးလား...၊ နောင်တစ်ချိန် ငါတို့လည်း 'အထွတ်အထိပ် နယ်ပယ်' တွေကို တစေ့တစောင်း မြင်ခွင့် ရနိုင်တယ်..."

"ဒါ့အပြင်... စီနီယာအစ်ကို နင် က အမြဲတမ်း သဘောထားကြီးတယ်...၊ ငါတို့သာ သစ္စာရှိမယ် ဆိုရင်... ဒီ ချုပ်နှောင်မှု ရှိရှိ မရှိရှိ ဘာကွာခြားမှာလဲ..."

ဓားဂိုဏ်း တပည့် အများအပြား၏ မျက်လုံးများ တောက်ပလာပြီး၊ စိတ်ဓာတ်များ တက်ကြွလာကြ၏။

"စီနီယာအစ်ကို နင်...၊ ကျွန်တော်တို့ တိုက်ပွဲဝင်ခွင့် ပြုပါ ခင်ဗျာ..." ချင်မင်ဟောက် ရိုသေစွာ ပြောလိုက်၏။

ထိုအခါ၊ နင်ချီ ပြုံးပြီး သဘောတူဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်၏။

ဓားဂိုဏ်း တပည့် ရာပေါင်းများစွာ ဆိုသည်မှာ တော်တော်လေး ကောင်းမွန်သော တိုက်ခိုက်ရေး အင်အားစု ဖြစ်သော်လည်း၊ သူ့ကို ပိုကျေနပ်စေသည်မှာ သူတို့၏ နားလည်သဘောပေါက်မှုပင် ဖြစ်သည်။

...

အကန့်အသတ်မဲ့ ဓားဂိုဏ်း ။

ဗဟို တောင်ထွတ်များ အစုအဝေး။

လေမိုးကြိုး တောင်ထွတ် ။

ဝေဖုန်း သေဆုံးသွားသည့် အခိုက်အတန့်တွင်၊ ဓားသွားကဲ့သို့ မျက်ခုံးနှင့် ကြယ်တာရာကဲ့သို့ မျက်လုံးများ ပိုင်ဆိုင်ထားသော လူငယ်တစ်ဦးသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။

“ဝေါ..ဝေါ..”

ပြာလဲ့လဲ့ ခရမ်းရောင် နတ်ဘုရား အလင်းတန်းများ သူ့မျက်လုံးထဲမှ ပစ်ထွက်လာပြီး၊ လေပြင်းနှင့် မိုးကြိုးသံများ ချက်ချင်း မြည်ဟိန်းသွားလေသည်။

ယဲ့ချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ၊ မီးငြိမ်းသွားသော 'ဝိညာဉ် မီးအိမ်' တစ်လုံး သူ့ရှေ့တွင် ပေါ်လာသည်။

"ဝေဖုန်း... သေသွားပြီလား..."

သူ့မျက်နှာထား အနည်းငယ် လေးနက်သွားပြီး၊ တည်ငြိမ်စွာ ပြောလိုက်၏။

"လူတစ်ယောက်လောက် ခေါ်လိုက်စမ်း..."

ခန်းမဆောင် အပြင်ဘက်မှ ရိုသေသော အသံ တစ်ခု ပြန်ဖြေလိုက်၏။

"စီနီယာအစ်ကို ယဲ့..."

ယဲ့ချန်၏ အကြည့်သည် ဓားတစ်စင်းအလား စူးရှနေပြီး၊ ခန်းမဆောင် အပြင်ဘက်ရှိ အစစ်အမှန် အမွေခံ၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။

"အဲ့ဒီ 'အင်မော်တယ် မျိုးစိတ်' အခု ဘယ်မှာလဲ..."

ခန်းမဆောင် အပြင်ဘက်မှ အစစ်အမှန် အမွေခံ တုန်ရီသွားပြီး တိုးတိုးလေး ပြောလိုက်၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က... ဓာတ်ကြီးငါးပါး တောင်ထွတ် တစ်ခုလုံး ထွက်ခွာသွားကြပါတယ်...၊ ရတနာ သင်္ဘော စီးပြီး သွားကြတာပါ...၊ ဘယ်သွားမှန်း မသိရပါဘူး...၊ နောက်ရက်အနည်းငယ်လောက် နေရင်တော့ ဘယ်သွားလဲ ဆိုတာ သိရမှာပါ..."

ယဲ့ချန်၏ ခန္ဓာကိုယ်ကို စွမ်းအားကြီးမားသော 'ဓားစိတ်ဆန္ဒ'များ လွှမ်းခြုံထားပြီး၊ နိမ့်ချည် မြင့်ချည် ဖြစ်ပေါ်နေသည်။ လေမိုးကြိုး တောင်ထွတ် တစ်ခုလုံးသည် ဓားဆန္ဒ ပိုင်ရှင်၏ ဒေါသကို ခံစားလိုက်ရသဖြင့်၊ အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြ၏။

အချိန်အတန်ကြာမှ၊ ယဲ့ချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ သူ့မျက်နှာထား ပြန်လည် တည်ငြိမ်သွားသည်။

"နင်ချီ...၊ ကောင်းပြီလေ..."

ခန်းမဆောင် အပြင်ဘက်မှ အစစ်အမှန် အမွေခံမှာ.. ဘာမှ နားမလည်ပေ။

တဖြည်းဖြည်း ပိတ်သွားသော ခန်းမဆောင် တံခါးသံနှင့်အတူ၊ အေးစက်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် အသံတစ်ခု အတွင်းမှ ထွက်ပေါ်လာသည်ကိုသာ ကြားလိုက်ရလေသည်။

"ဝေဖုန်း သေပြီ...၊ နင်ချီ ပြန်ရောက်ရင် ငါ့ကို ပြော..."

ခန်းမဆောင် အပြင်ဘက်မှ အစစ်အမှန် အမွေခံ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

ဝေဖုန်း... သေပြီ တဲ့လား...။

အဖြစ်အပျက်များကို ဆက်စပ်ကြည့်လိုက်သောအခါ၊ ယဲ့ချန်၏ ဒေါသ အရင်းအမြစ်ကို သူ ချက်ချင်း နားလည်လိုက်၏။

'အဲ့ဒီ အင်မော်တယ် မျိုးစိတ် က ထောင်ချောက်ဆင်ပြီး ဝေဖုန်း ကို သတ်လိုက်တာလား...'

သူ ထိတ်လန့်သွားပြီး ပြင်ဆင်ရန် အလျင်အမြန် ထွက်ခွာသွားလေသည်။

အဲ့ဒီ 'အင်မော်တယ် မျိုးစိတ်' ပြန်ရောက်လာသည့် အခါ... ဓားဂိုဏ်း အတွင်းမှာ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ပွားတော့မယ် ဆိုတာ ကြိုမြင်နေရသည်။ နဂါးနှင့် ကျား တို့၏ ရှောင်လွှဲမရသော တိုက်ပွဲကြီး ဖြစ်လာမည် ဖြစ်ရာ၊ သူ ကြောက်လည်း ကြောက်သလို အနည်းငယ်လည်း မျှော်လင့်နေမိသည်။

နင်ချီ ထင်ရှားလာကတည်းက၊ ဓားဂိုဏ်း အတွင်း၌ နင်ချီသည် သမိုင်းတစ်လျှောက် အထူးချွန်ဆုံး ပါရမီရှင် ဖြစ်ပြီး၊ ဂိုဏ်းချုပ် နေရာကို ဆက်ခံမည့်သူ ဖြစ်သည် ဟူသော ပြောစကားများ ထွက်ပေါ်နေခဲ့သည်။

ရလဒ် အနေဖြင့်... စီနီယာအစ်ကို ယဲ့ချန် ၏ ဂုဏ်သတင်းသည် နေ့စဉ်နှင့်အမျှ မှေးမှိန်လာခဲ့သည်။

ယဲ့ချန် ၏ နောက်လိုက်များ သဘာဝကျကျပင် မကျေမနပ် ဖြစ်နေကြ၏။

ယခုတော့...၊

ပါရမီရှင် နှစ်ယောက်ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကို သူတို့ နောက်ဆုံးတော့ မြင်တွေ့ရတော့မည်။

လေမိုးကြိုး တောင်ထွတ် မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် လှုပ်ခတ်မှုများသည် အစစ်အမှန် အမွေခံ အများအပြား၏ အာရုံစိုက်မှုနှင့် ခန့်မှန်းမှုများကို ဆွဲဆောင်လိုက်သော်လည်း၊ အမှန်တရားကို သိသူမှာ တစ်ဦးတည်းသာ ရှိသည်။ သူမမှာ 'ရေခဲ ဝိညာဉ် တောင်ထွတ်' ကျန်းချင်းရွှယ်ပင်။

ရေခဲ ဝိညာဉ် တောင်ထွတ် ပေါ်တွင်၊ အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသော ရေခဲတမျှ လှပသည့် အမျိုးသမီး တစ်ဦး၏ အေးစက်သော မျက်နှာပေါ်တွင် ဖော်ပြရခက်သော အမူအရာ တစ်ခု ပေါ်နေလေသည်။

"ငါ့ ဝမ်းကွဲမောင်လေး ကျန်းရွှမ် က တကယ်ပဲ အသုံးမကျပါဘူး...၊ ဒါပေမယ့် ကြယ်ဖောက် မြှား နဲ့တောင် ထွက်မပြေးနိုင်ဘူး ဆိုတော့...၊ ကြည့်ရတာ ဒီ 'အင်မော်တယ် မျိုးစိတ်' မှာလည်း စွမ်းရည် တချို့ ရှိပုံရတယ်..."

ထို့နောက် သူမသည် လေမိုးကြိုး တောင်ထွတ် ဘက်သို့ တစ်ချက် အကဲခတ်ကြည့်လိုက်၏။

---

အခန်း (၅၀၁) - ပြီးပြည့်စုံခြင်း (၂)

~"ကြည့်ရတာ... ယဲ့ချန် လွှတ်လိုက်တဲ့ လူတွေလည်း သေကုန်ပြီ ထင်တယ်...၊ ယဲ့ချန် ကို ရှေ့က သွားခိုင်းလိုက်တာ ကောင်းမယ်...၊ တကယ်လို့ ဒီ 'အင်မော်တယ် မျိုးစိတ်' က အားထုတ်ရကျိုး မနပ်ဘူး ဆိုရင်... ကျန်းရွှမ် ရဲ့ သေဆုံးမှုကို သေသေချာချာ စာရင်းရှင်းရမယ်..."

သူမ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူမ အတွင်းရှိ ကြီးမားသော ရေခဲ စွမ်းအားများကို ခံစားလိုက်ရာ၊ အလွန်အမင်း ယုံကြည်မှု ရှိနေလေသည်။

နှစ်များစွာ သီးသန့်ကျင့်ကြံပြီးနောက်၊ သူမသည် ယဲ့ချန် နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု မိမိကိုယ်ကို ဂုဏ်ယူနေသည်။

"နံပါတ်တစ် အစစ်အမှန် အမွေခံ ဟုတ်လား...၊ အဲ့ဒီနေရာကို ထိန်းထားဖို့ သိပ်မလွယ်ကူပါဘူး...၊ ဒီနှစ်တွေအတွင်း ယဲ့ချန် ရဲ့ တိုးတက်မှုကို ကြည့်ဖို့ အခွင့်အရေးကောင်းပဲ..."

ရေခဲ ဝိညာဉ် တောင်ထွတ် မှ အရှိန်အဝါသည်လည်း လှုပ်ခတ်သွားပြီး ပျံ့နှံ့သွားလေသည်။

နံပါတ်တစ် နှင့် နံပါတ်နှစ် အစစ်အမှန် အမွေခံများ ဆက်တိုက် နိုးထလာခြင်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း မှ အစစ်အမှန် တပည့်များကို တုန်လှုပ်စေပြီး သံသယ ဝင်စေခဲ့သည်။ ကောလာဟလ အမျိုးမျိုးလည်း စတင် ပြန့်နှံ့လာတော့သည်။

...

အစစ်အမှန်သိုင်း ကမ္ဘာမှာကား…

ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကြီး ပြီးဆုံးသွားရ၏။

တောင်နှင့် ပင်လယ် နယ်မြေ မှ ကျင့်ကြံသူ သန်းပေါင်းများစွာ သေဆုံးခဲ့ပြီး၊ 'အင်မော်တယ် မြှုပ်နှံရာ စစ်မြေပြင်’ ၏ ဧရိယာကို ပိုမို ကျယ်ပြန့်သွားစေခဲ့သည်။ ၎င်းသည် အစစ်အမှန်သိုင်း ကမ္ဘာ ၏ မြောက်ဘက်တွင် ကြီးမားသော ဧရိယာ တစ်ခုကို နေရာယူထားသည်။ ဤဒေသတွင် ပိုမို ဆန်းကြယ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ဟု ကြိုတင် ခန့်မှန်းနိုင်သည်။

နင်ချီ ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ ဒါသည် ကမ္ဘာကြီး၏ မှော်ဆန်သော သဘာဝပင် ဖြစ်သည်။

ယခု အခိုက်အတန့်၌၊ 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' သည် အဆက်မပြတ် ကြီးထွားလာပြီး၊ ပြင်းထန်သော ဝိညာဉ် စွမ်းအင် ဒီရေလှိုင်းများကို စုပ်ယူနေလေသည်။

အစစ်အမှန်သိုင်း ကမ္ဘာ တွင် စွမ်းအားကြီးသော ကျင့်ကြံသူ တစ်သန်း ကျဆုံးသွားခြင်းသည် တောင်နှင့် ပင်လယ် နယ်မြေ ၏ အမှတ်အသားများကို သယ်ဆောင်လာခဲ့ပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာ ၏ ဝိညာဉ် စွမ်းအင်များကို မိစ္ဆာနက်ဂိုဏ်း ခေတ်ကာလကထက် (၁၀) ဆ တိုးတက်သွားစေခဲ့သည်။

ဤ ဆုလာဘ်များကို အပြည့်အဝ ချေဖျက်ပြီးသည်နှင့်...၊

နင်ချီသည် သဘာဝကျကျပင် 'နယ်မြေ အရှင်သခင်' ၏ 'ပြီးပြည့်စုံခြင်း အဆင့်' သို့ ရောက်ရှိသွားပေလိမ့်မည်။

“ဝုန်း…”

နဂါးများကဲ့သို့သော ဝိညာဉ် စွမ်းအင်များသည် ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားကြပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ဧရာမ သားရဲကြီး တစ်ကောင်က ဝိညာဉ် ပင်လယ်ကြီးကို ဝါးမြိုနေသကဲ့သို့ပင်။

အတိတ်တုန်းက ဆိုလျှင်၊ ဤ ဝိညာဉ် စွမ်းအင်များကို တစ်ဆင့်ပြီးတစ်ဆင့် စုပ်ယူရန် နင်ချီ နှစ်ပေါင်းများစွာ အချိန်ယူရမည် ဖြစ်သော်လည်း၊ ယခု အစစ်အမှန်သိုင်း ကမ္ဘာ သည် ပြောင်းလဲတိုးတက်လာပြီး၊ 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ၏ အကူအညီဖြင့် ရက်အနည်းငယ်သာ လိုအပ်တော့သည်။

သူသည် မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် ကမ္ဘာလောကကြီးကို ငေးကြည့်လိုက်၏။

စစ်မြေပြင်တွင်၊ အစစ်အမှန်သိုင်း ကမ္ဘာ မှ ကျင့်ကြံသူများသည် ခမ်းနားထည်ဝါမှုကို ကြည့်ရှုရင်း စိတ်အားထက်သန်မှုများ ပြည့်နှက်နေကြ၏။

"နယ်မြေ အရှင်သခင် ထာဝရ တည်တံ့ပါစေ... အစစ်အမှန်သိုင်း ကမ္ဘာ ထာဝရ တည်တံ့ပါစေ..."

အောင်ပွဲခံပြီးနောက် အောင်နိုင်သူ၏ စိတ်ဓာတ်သည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားပြီး၊ သက်ရှိတိုင်းကို စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်စေခဲ့သည်။

နင်ချီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး၊ သူ့၏ ကျယ်ပြောသော အသံကြီး ပဲ့တင်ထပ်သွားလေသည်။

"ခင်ဗျားတို့မှာ ကံအမှတ်တွေ ရှိတယ်...၊ ဆုလာဘ် ချီးမြှင့်ခံရမယ်..."

သူ တစ်ယောက်တည်း အကုန် ရှင်းပစ်နိုင်သော်လည်း၊ ထိုသို့ လုပ်လိုက်လျှင်... အစစ်အမှန်သိုင်း ကမ္ဘာ ကျင့်ကြံသူတွေက အလှပြ ရုပ်သေးရုပ်တွေ ဖြစ်မသွားပေဘူးလား။ သူတို့ ကြီးထွားဖို့အတွက် အကျိုးမရှိသလို... သံယောဇဉ် တွယ်တာစိတ်ကိုလည်း မွေးမြူပေးရာ မရောက်ချေ။

ထို့အပြင်... သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ပေးမည့် အခွင့်အရေးလည်း ရမှာ မဟုတ်ပေ...။ ကံအမှတ်တွေ မရှိဘဲ ဆုပေးတာက တားမြစ်ချက် တစ်ခု ဖြစ်ပြီး၊ ဖုံးကွယ်ထားသော အန္တရာယ်တွေ အများကြီး ကျန်ရစ်စေ၏။ ဂုဏ်ပြုမှတ် စနစ် ဆိုတာ နင်ချီ ကိုယ်တိုင် ချမှတ်ထားသော စည်းမျဉ်း ဖြစ်လို့၊ သူ ကိုယ်တိုင် လိုက်နာရမည်။

စိတ်အားထက်သန်သော အကြည့်များ အောက်တွင်…၊

'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ၏ စွမ်းအားသည် ကျင့်ကြံသူ အများအပြား၏ စိတ်ထဲသို့ ဆင်းသက်လာပြီး၊ သူတို့ကို ပျော်ရွှင်ကြည်နူးစေသော အရှိန်အဝါ တစ်ခုကို ဖန်တီးပေးလိုက်၏။

ထို့အပြင်... တိုက်ပွဲတွင် ပါဝင်ကူညီမှု အလိုက်၊ 'နတ်ဘုရား စွမ်းအား' နှင့် 'မှော် ရတနာ' များကို စိတ်ကြိုက် လဲလှယ်နိုင်ရန် ဂုဏ်ပြုမှတ်များ ချီးမြှင့်လိုက်၏။

"နယ်မြေ အရှင်သခင်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..."

စိတ်လှုပ်ရှားပြီး တက်ကြွနေသော အသံများသည် အရပ်မျက်နှာ အနှံ့ ပဲ့တင်ထပ်သွားသည်။

ဒီမြင်ကွင်းကို ကြည့်ရင်း...၊

ချင်မင်ဟောက် နှင့် ဓားဂိုဏ်း တပည့် အများအပြား အားကျနေမိကြ၏။

နင်ချီ တိုးတိုးလေး ရယ်မောလိုက်ပြီး၊ အောက်သို့ ငုံ့ကြည့်လိုက်၏။

"မင်းတို့လည်း ဆုလာဘ် ရကြမှာပါ..."

'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ၏ စွမ်းအားသည် သူတို့၏ ဝိညာဉ်များတွင် အမြစ်မတွယ်နိုင်သော်လည်း၊ အစစ်အမှန်သိုင်း ကမ္ဘာ ၏ သခင် တစ်ဦး အနေဖြင့်၊ သူတို့ကို ကောင်းချီးပေးရန်နှင့် ဉာဏ်ပညာ ပေးသနားရန်မှာ နင်ချီအတွက် မခက်ခဲလှပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊

ကြီးမားသော စွမ်းအားများ ဆင်းသက်လာပြီး၊ သူတို့ကို သာလွန်သော အရှိန်အဝါများ ဖြည့်တင်းပေးလိုက်၏။

ဓားဂိုဏ်း တပည့် အများအပြား မှင်သက်သွားကြ၏။

ဤ အခိုက်အတန့်တွင်၊ သူတို့သည် ယခင်ကထက် ပိုမို ကောင်းမွန်နေသည်ဟု ခံစားလိုက်ရသည်။ 'ဝိညာဉ် အလင်းတန်း' များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး၊ သူတို့၏ နားလည် သဘောပေါက်နိုင်စွမ်းအား ကြီးမားစွာ မြှင့်တင်ပေးလိုက်၏။ တစ်ချိန်က ခက်ခဲခဲ့သော ပြဿနာများကို ချက်ချင်း ဖြေရှင်းနိုင်စေသည်။ သူတို့၏ နတ်ဘုရား နည်းစနစ်များနှင့် မှော်ပညာရပ်များသည် သိသိသာသာ တိုးတက်လာပြီး၊ တစ်ချိန်က တောင့်တခဲ့သော နယ်ပယ်များသို့ ရောက်ရှိသွားကြ၏။

ထို့အပြင်...၊ သန့်စင်ပြီး ကြီးမားသော ဝိညာဉ် စွမ်းအား ရေစီးကြောင်းကြီးသည် ရတနာ ဆေးဝါးများ အချိန်တိုင်း သွင်းပေးနေသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာလေသည်။

သူတို့၏ မှော်စွမ်းအင်များသည် ခေါင်းမူးလောက်သည့် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

သို့သော် ဤ ကျင့်ကြံခြင်း တိုးတက်မှုတွင် နောက်ဆက်တွဲ ပြဿနာများ မရှိကြောင်း၊ သန့်စင်ရန်နှင့် မွမ်းမံရန် အချိန်အနည်းငယ်သာ လိုအပ်ကြောင်း သူတို့ အာရုံခံမိကြ၏။

ဒီကိစ္စနှင့် ပတ်သက်ပြီး...သူတို့ မစိမ်းကြပါ။

တောင်နှင့် ပင်လယ် နယ်မြေ ၏ အလိုဆန္ဒသည် တစ်ခါတစ်ရံတွင် အလားတူ ဆင်းသက်လာတတ်သည်။

ခဏအကြာတွင်...၊ များပြားလှသော ဓားဂိုဏ်း တပည့်များသည် အလွန်အမင်း ပျော်ရွှင်နေကြပြီး၊ ယခင်က မကျေနပ်မှုများ အားလုံး ပျောက်ကွယ်သွားကြ၏။ နင်ချီအပေါ်တွင် ကြီးမားသော ကြောက်ရွံ့ရိုသေမှုနှင့် လေးစားမှုများသာ ကျန်ရှိတော့သည်။

နင်ချီ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီး ပြုံးလိုက်၏။

ပါးတစ်ချက်ရိုက်ပြီး ဇီးသီး သကြားလုံး တစ်လုံး ကျွေးလိုက်တာ... ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။

တောင်နှင့် ပင်လယ် နယ်မြေ မှာ... အဆုံးသတ်ကျတော့ သူက အခြေခံအုတ်မြစ် တိမ်နေသေးသည်။ အစစ်အမှန်သိုင်း ကမ္ဘာက ဝင်စားသူ အများစုက ကြီးထွားဖို့ အချိန်လိုအပ်သေးသည်။ သစ္စာရှိသော ဓားဂိုဏ်း တပည့် တစ်သိုက် ရှိနေတာက အနာဂတ် လုပ်ငန်းဆောင်တာတွေကို ပိုမို လွယ်ကူစေပါလိမ့်မည်။

ထို့ကြောင့် သူတို့၏ စွမ်းရည်များကို မြှင့်တင်ပေးရန်အတွက် ဤ တပည့်များကို စွမ်းအား အနည်းငယ် ပိုပေးလိုက်ရခြင်းအပေါ် သူ ကပ်စေးမနည်းခဲ့ပေ။

မှန်ကါသည်၊... နောက်ထပ် အရေးကြီးသော အကြောင်းပြချက် တစ်ခု ရှိပါသေးသည်။

ကမ္ဘာငယ် တစ်ခုကို သိမ်းပိုက်ပြီးနောက်၊ တောင်နှင့် ပင်လယ် နယ်မြေ အလိုဆန္ဒ ၏ နှစ်ခြင်းခံရခြင်းကို လက်ခံရရှိခြင်းသည် သဘာဝကျသော ကိစ္စသာ ဖြစ်သည်။

ခဏကြာ စောင့်ကြည့်ပြီးနောက်၊ နင်ချီသည် မိမိကိုယ်ကို အာရုံစိုက်လိုက်၏။

"သာမန် ယုတ္တိဗေဒ အရ ဆိုရင်... ဉာဏ်ရည် ရှိလာတဲ့ ကမ္ဘာငယ် တစ်ခုကို ယဇ်ပူဇော်လိုက်တာက... ငါ့အတွက် 'မူလဝိညာဉ် ပြီးပြည့်စုံခြင်း အဆင့်' ရောက်ဖို့ လုံလောက်ပါတယ်...၊ ငါ့ရဲ့ ဝင်စားခန္ဓာ ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ အခွင့်ကောင်းပဲ..."

လျှပ်တပြက်အတွင်း၊

ကြီးမားသော နယ်ပယ် စွမ်းအားများ စုဝေးလာပြီး၊ ဝင်စားခန္ဓာ ထဲသို့ စီးဝင်သွားလေသည်။

ဒါသည် ဝင်စားခန္ဓာ ပိုင်ဆိုင်သော 'ကံတရား'ပင် ဖြစ်သည်။

အစစ်အမှန်သိုင်း ကမ္ဘာ သည် အောင်ပွဲခံပြီးနောက် ပျော်ရွှင်မှုများ အောက်သို့ ရောက်ရှိသွား၏။

အချိန်တိုင်းတွင် ကြီးမားသော ဝိညာဉ် စွမ်းအင် ပမာဏကို သန့်စင်နေပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာ ကို ပိုမို ကြီးကျယ်ခမ်းနားပြီး ကျယ်ပြန့်လာစေသည်။ ကမ္ဘာသစ်များ အဆုံးအစမရှိ ပေါ်ထွန်းလာပြီး၊ ဝိညာဉ် ပစ္စည်းများ ဆက်တိုက် ထွက်ပေါ်လာရာ၊ ပေါက်ကွဲထွက်မည့် တိုးတက်မှု ကာလတစ်ခု ရောက်ရှိတော့မည် ဖြစ်ကြောင်း ကြိုတင် နိမိတ်ပြနေသည်။

ထို့နောက်မှာတော့... တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု ကာလရှည်ကြီး တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။

ဘာပဲပြောပြော... နင်ချီ 'နယ်မြေ အရှင်သခင် ပြီးပြည့်စုံခြင်း အဆင့်' ကို ရောက်သွားပြီ ဆိုလျှင်... အစစ်အမှန်သိုင်း ကမ္ဘာ ၏ အကန့်အသတ်က အတော်အတန် သတ်မှတ်ပြီးသား ဖြစ်သွားလိမ့်မည်...၊ အစွမ်းအထက်ဆုံး ကျင့်ကြံသူက 'မူလဝိညာဉ် နယ်ပယ်' ပဲ ဖြစ်လိမ့်မည်။

တစ်နေ့နေ့ နင်ချီ 'စည်းမျဉ်း နယ်ပယ်'အား ချိုးဖျက် ဝင်ရောက်နိုင်ခဲ့လျှင်တော့... ထိုအချိန်ကျလျှင် အစစ်အမှန်သိုင်း ကမ္ဘာ ဟာ နောက်ထပ် အသွင်ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့ရလိမ့်မည်။

အချိန်များ ကုန်ဆုံးသွားလေ၏။

ရက်အနည်းငယ်သည် မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားသကဲ့သို့ပင်၊

နင်ချီ၏ ဝင်စားခန္ဓာသည် စောစောစီးစီး အဆင့်တက်သွားပြီး၊ 'မူလဝိညာဉ် ပြီးပြည့်စုံခြင်း အဆင့်' သို့ သဘာဝကျကျ ရောက်ရှိသွားခဲ့သည်။

တောင်နှင့် ပင်လယ် နယ်မြေ သို့ ပြန်ရောက်သောအခါ၊ သူသည် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်'အား ရည်မှန်းပြီး စည်းမျဉ်း စွမ်းအားအား တဖြည်းဖြည်း နားလည်သဘောပေါက်နိုင်ပြီ ဖြစ်သည်။ အကယ်၍ ဝင်စားခန္ဓာက 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' သို့ ရောက်ရှိသွားပါက၊ မူလခန္ဓာကိုယ် 'စည်းမျဉ်း နယ်ပယ်' သို့ တက်လှမ်းရာတွင် သေချာပေါက် အကျိုးရှိစေမည် ဖြစ်သည်။

နင်ချီသည် 'အတွင်းကမ္ဘာ' ထဲတွင် မတ်မတ် ထိုင်နေသည်။

ဟင်းလင်းပြင်ကို ရှု‌မျှော်ကြည့်နေ၏။

အစစ်အမှန်သိုင်း ကမ္ဘာ ၏ အနားသတ်များ အဆက်မပြတ် ကျယ်ပြန့်နေသည်ကို သူ မြင်တွေ့နေရသော်လည်း၊ ယခုအခါ အရှိန်အဟုန် တဖြည်းဖြည်း နှေးကွေးလာပြီ ဖြစ်သည်။

အခိုက်အတန့် တစ်ခုမှာ၊

"ဝုန်း..."

ကောင်းကင် ဂီတသံ တစ်ခု ပဲ့တင်ထပ်သွားပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာ ရှိ သက်ရှိတိုင်း အလိုအလျောက် မော့ကြည့်လိုက်မိကြ၏။ ကောင်းကင်ယံတွင် အရောင်များ ယှက်နွယ်နေပြီး၊ တိမ်တိုက်များ တောက်ပနေသည့်အခိုက်၊ ဆန်းကြယ်သော စိတ်ခံစားမှု တစ်ခု သူတို့ ရင်ထဲတွင် ဖောင်းပွလာပြီး မျက်ရည်များ ဝဲလာစေသည်။

ကျင့်ကြံသူများသည် ဤအရာကို ပိုမို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင်၊ ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် ပိုမို တည်ငြိမ်လာပြီး၊ ပြီးပြည့်စုံမှု ခံစားချက်ဖြင့် ပြည့်နှက်သွားသည်။ သူတို့၏ ဖျက်ဆီးနိုင်စွမ်းအားများ လျော့ကျသွားသည်ကို မျှော်လင့်ချက်မဲ့စွာ တွေ့ရှိလိုက်ရသည်။

တကယ်တမ်းတော့... ဒါသည် အစစ်အမှန်သိုင်း ကမ္ဘာ ကျင့်ကြံသူများ ရင်ဆိုင်ရမည့် အကျပ်အတည်း တစ်ခုပင်။ ကမ္ဘာကြီး တိုးတက်တာ မြန်ဆန်လွန်းသည်။ လွန်ခဲ့သညါယ့် နှစ်တွေတုန်းက 'မှော်စွမ်းအင် နယ်ပယ်' ကျင့်ကြံသူ တစ်ယောက်က တောင်တစ်လုံးကို ပေါ့ပေါ့ပါးပါး ခွဲနိုင်ပေမယ့်... နှစ်အနည်းငယ် ကြာပြီးနောက်မှာတော့... အစွမ်းကုန် ကြိုးစားမှ ရတော့၏။

သို့ရာတွင်၊ ဤအချက်က ကမ္ဘာကြီး တိုးတက်လာ၍ ဖြစ်မှန်း လူတိုင်း သိကြပြီး၊ အများစုက ပျော်ရွှင်မှုသာ ခံစားရသည်။

ဒါသည် သူတို့ ရည်မှန်းနိုင်မည့် ပိုမို မြင့်မားသော အမြင့်များကို ညွှန်ပြနေ၏။

နင်ချီ၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင် တစ်ခု ပေါ်လာသည်။

'နယ်မြေ အရှင်သခင် စနစ်' သည် သူကိုယ်တိုင် တီထွင်ထားသော လမ်းစဉ် ဖြစ်ပြီး၊ နှစ်များတစ်လျှောက် 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' မှ စုဆောင်းရရှိသော ဉာဏ်ပညာများဖြင့် မွမ်းမံခဲ့သဖြင့်၊ ဤ လမ်းစဉ်သည် ပိုမို ပြီးပြည့်စုံလာခဲ့သည်။

ယခု အချိန်တွင်...၊

သူသည် ဤ လမ်းစဉ်အတိုင်း ဆက်သွားပါက၊ အနာဂတ်တွင် အကန့်အသတ်များသည် အင်မော်တယ် လမ်းစဉ်ကို ကျော်လွန်သွားမည် ဖြစ်ကြောင်း အပြည့်အဝ သေချာနေပြီ ဖြစ်သည်။

…'နယ်မြေ အရှင်သခင် ပြီးပြည့်စုံခြင်း အဆင့်' ကို ရောက်သွားရင်... အစစ်အမှန်သိုင်း ကမ္ဘာ ဟာလည်း ကမ္ဘာငယ် တစ်ခုရဲ့ အကန့်အသတ်ကို ရောက်သွားလိမ့်မယ်...

'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ရဲ့ စွမ်းအားနဲ့ ဆိုရင်... အနည်းဆုံးတော့ အစစ်အမှန်သိုင်း ကမ္ဘာ ဟာ 'မှော်စွမ်းအင် နယ်ပယ်' ကျင့်ကြံသူ တစ်သန်းကျော်ကို ထောက်ပံ့နိုင်လိမ့်မယ်...၊ ဖြစ်နိုင်ရင် အဲ့ဒီထက်တောင် ပိုဦးမယ်...။ နှစ်အနည်းငယ် ကြာရင်... 'မူလဝိညာဉ် နယ်ပယ်' မွေးဖွားလာဖို့ သိပ်မဝေးတော့ဘူး...

နင်ချီ၏ အတွေးများ ချားရဟတ်နှယ် လည်ပတ်နေသည်။

အစစ်အမှန်သိုင်း ကမ္ဘာ ၏ အသွင်ပြောင်းလဲမှုသည် ကမ္ဘာငယ် တစ်ခု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကောင်းကင် ဂီတသံများ အဆက်မပြတ် မြည်ဟိန်း နေပြီး၊ တာအို ၏ အရှိန်အဝါများ ပါဝင်နေသည်။

နောက်ဆုံး ကောင်းကင် ဂီတသံ ပဲ့တင်ထပ်သွား သောအခါ၊ အစစ်အမှန်သိုင်း ကမ္ဘာ ရှိ သက်ရှိတိုင်း သူတို့၏ ဝိညာဉ်များ တုန်လှုပ်သွားသည်ကို အလိုအလျောက် ခံစားလိုက်ရသည်။

အစစ်အမှန်သိုင်း ကမ္ဘာ တွင် 'စည်းမျဉ်း မူလအစ' မရှိသေးသော်လည်း၊ ပြီးပြည့်စုံမှု ပုံ ရိပ်ယောင် တစ်ခု ရှိနေပြီ ဖြစ်သည်။

'အတွင်းကမ္ဘာ' ထဲတွင်၊ ကြီးမားသော နယ်ပယ် စွမ်းအားများ စတင် ပုံဖော်လာပြီး၊ ဝင်စားခန္ဓာ ထဲသို့ စီးဝင်သွားလေသည်။

'မိုးကြိုး ကောင်းကင် မြစ်ကြီး' သည် ပိုမို နက်ရှိုင်းလာ ပြီး၊ အတွင်းထဲတွင် အမျိုးမျိုးသော နိမိတ်ပုံရိပ်များ ပေါ်ထွက်လာသည်။ ကျယ်ပြောသော ကုန်းမြေများ 'အတွင်းကမ္ဘာ' ထဲတွင် ပေါ်လာပြီး၊ ဝိညာဉ် တောင်တန်းများ လွင့်မျောနေကာ၊ ဝိညာဉ် ပင်လယ်များ ဒီရေတက်လိုက် ကျလိုက် ဖြစ် နေသည်။ အနက်ရှိုင်းဆုံး ဟင်းလင်းပြင်တွင် ခမ်းနား ထည်ဝါသော အင်မော်တယ် ခန်းမဆောင်ကြီး တစ်ခု တည်ရှိနေသည်ကို ဝေဝါးဝါး မြင်တွေ့လိုက်ရသည်။

ဤအရာ အားလုံးသည် အလိုအလျောက် ဖြစ်ပျက် နေခြင်းတည်း။

နင်ချီသည် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားပြီး၊ အကန့်အသတ်မဲ့ ဆန်းကြယ်မှုများ မြင့်တက်လာ သည်ကို ခံစားလိုက်ရသည်။

All Chapters