← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂) - စီနီယာအစ်ကို နင် ဒေါသထွက်ပြီ

အတွင်းကမ္ဘာ၌၊

နင်ချီသည် တစ်ခါမှ မရှိဖူးလောက်အောင် ကောင်းမွန်သော ခံစားချက်ကို ရရှိနေလေသည်။

သူ့၏ အမြင်အာရုံသည် အဆက်မပြတ် မြင့်တက်သွားပြီး၊ အကန့်အသတ်မဲ့ နက်မှောင်သော 'နယ်မြေများ ပင်လယ်' သည် သူ့အာရုံခံစားမှုထဲတွင် ပေါ်လာလေသည်။ ကမ္ဘာငယ်လေးများသည် ပိုးစုန်းကြူးများကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် အချို့ မီးရောင်များ ငြိမ်းသွားကာ၊ အသစ်များ လင်းလက်လာကြ၏။

အစစ်အမှန်သိုင်း ကမ္ဘာ သည် ထိုအထဲမှ တစ်ခု ဖြစ်သည်။

သို့သော် ယခုအခါ အစစ်အမှန်သိုင်း ကမ္ဘာ သည် သာမန် ပိုးစုန်းကြူးလေး တစ်ကောင် မဟုတ်တော့ပေ။ ၎င်းသည် တောက်ပနေသော 'သားရဲငယ်လေး' တစ်ကောင်နှင့် တူနေပြီး၊ ပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်လေးများထက် များစွာ ပိုမို ထင်ရှားတောက်ပနေလေသည်။

"ဒါက သမိုင်းမှတ်တိုင် တိုးတက်မှု တစ်ခုပဲ..."

နင်ချီ ဝမ်းမြောက်သွားပြီး၊ ထိုနေမင်းကြီးကို ကြည့်လိုက်ရာမှ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားလေသည်။

"ဒါပေမယ့် ဆက်ကြိုးစားရဦးမယ်...၊ တောင်နှင့် ပင်လယ် နယ်မြေ နဲ့ ကွာဟချက်က ကြီးမားလွန်းတယ်...၊ သတိထားနေရမယ်...၊ တောင်နှင့် ပင်လယ် နယ်မြေ မှာ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေ အရ... တစ်နေ့နေ့ကျရင် သူက သူ့ရဲ့ နယ်ပယ်ထဲမှာ ရှိသမျှ ကမ္ဘာငယ်လေးတွေ အားလုံးကို ယဇ်ပူဇော်ပြီး... နောက်ဆုံး ခုန်ပျံကျော်လွှားမှုကြီး ကို လုပ်ဖို့ အခွင့်အလမ်း အရမ်းများတယ်...၊ ဒီလို မူလအစ တူညီတဲ့ ကမ္ဘာငယ်လေးတွေမှာ တခြား ကမ္ဘာတွေ အစားမထိုးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိတာမို့လို့..."

ထို့ကြောင့် နင်ချီသည် အမြဲတစေ.. အန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။

မိစ္ဆာနက်ဂိုဏ်းကို ဖျက်ဆီးခြင်း၊ ချူ တိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေမှ (၁၂) ဂိုဏ်း ကျင့်ကြံသူများကို သုတ်သင်ခြင်း နှင့် အစစ်အမှန်သိုင်း ကမ္ဘာ ၏ နယ်နိမိတ်မှတ်များကို လက်ဝါးကြီးအုပ်ခြင်း တို့သည် လက်တလော အန္တရာယ်ကို ရှောင်ရှားရန်သာ ဖြစ်၏။

သို့သော် တကယ့် အန္တရာယ်ကြီးကတော့...ဤအရာများမှ မြစ်ဖျားခံတာ မဟုတ်ပါချေ။

"အသက်နဲ့ ရင်းပြီး တိုးတက်အောင် လုပ်ဖို့ကသာ အဆုံးစွန် လမ်းစဉ်ပဲ..."

နင်ချီ၏ အကြည့်များ နက်ရှိုင်းသွားသည်။

တောင်နှင့်ပင်လယ် နယ်မြေကို ဤရှုထောင့်မှ လှမ်းကြည့်လိုက်တိုင်း သူသည် တစ်မူထူးခြားသော ခံစားမှုတစ်ခုကို ရရှိနေမိ၏။ ဧရာမ သားရဲ တစ်ကောင်ကဲ့သို့ လွှမ်းမိုးဖိနှိပ်ထားသော အရှိန်အဝါကြီးက သူ့အား ဖိအားပေးနေသကဲ့သို့ ရှိသော်လည်း တစ်ဖက်တွင်မူ ထိုအရာကပင် နင်ချီ့အတွက် ရှေ့ဆက်ရန် တွန်းအားတစ်ရပ် ဖြစ်စေခဲ့လေသည်။

လက်ရှိ တောင်နှင့်ပင်လယ်နယ်မြေသည် သာမန် 'ဝိညာဉ်နယ်မြေ' တို့၏ စံနှုန်းများထက် များစွာ သာလွန်အားကောင်းနေနိုင်ကြောင်း သူ ကောင်းကောင်းကြီး သိထား၏။ သို့သော်လည်း... သူကတော့ ရှေ့သို့ ဆက်လက် လျှောက်လှမ်းရပေဦးမည်။

…အကယ်၍ ငါသာ 'စည်းမျဉ်းနယ်ပယ်'ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင်... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာလောက်ပြီ...၊ တစ်ဆင့်တက်ပြီး 'စည်းမျဉ်းနယ်ပယ်' အလွန် အဆင့်ကိုသာ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တော့... ဒီ တောင်နှင့်ပင်လယ်နယ်မြေကြီးကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာနိုင်တယ်...

ဒါပေမဲ့လည်း သိပ်ပြီးတော့ စိုးရိမ်ပူပန်နေစရာတော့ မလိုပါဘူးလေ...၊ တောင်နှင့်ပင်လယ်နယ်မြေရဲ့ နောက်ဆုံးအဆင့် ခုန်ပျံကျော်လွှားမှုကြီးက အဲဒီလောက်ကြီး လွယ်ကူနေမှာမှ မဟုတ်တာ..၊ ကြည့်ရတာ အခြားသော ဝိညာဉ်နယ်မြေတစ်ခုနဲ့ ရှုပ်ထွေးပတ်သက်နေပုံပဲ...၊ စစ်ပွဲကြီး စတင်လာခဲ့ရင်တောင်မှ အချိန်တိုအတွင်းမှာ မပြီးဆုံးသွားပါဘူး…

ဝိညာဉ်နယ်မြေ တစ်ခုကို သိမ်းပိုက်ခြင်းသည် ထမင်းစားရေသောက်.. အလုပ် မဟုတ်ပေ။ အကြောင်းမူကား၊ အဆင့်တူ ကမ္ဘာတစ်ခု ဖြစ်သောကြောင့်၊ ကမ္ဘာငယ်လေးများကို အလွယ်တကူ သိမ်းပိုက်သလို မတူပါ‌ချေ။

နင်ချီ… စဉ်းစားခန်း ဝင်နေသည်။

သူသည် ပြန့်ကျဲနေသော အတွေးများကို တဖြည်းဖြည်း ပြန်လည် စုစည်းလိုက်ပြီး၊ ဤ အဆင့်တက်ခြင်း၏ ဆန်းကြယ်မှုများကို သေချာ အာရုံခံစားလိုက်၏။

'နယ်မြေများ ပင်လယ်' မှ ဝိညာဉ် စွမ်းအင်များသည် အစစ်အမှန်သိုင်း ကမ္ဘာ ထဲသို့ ဆက်လက် စီးဝင်နေပြီး၊ 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' က အဆက်မပြတ် သန့်စင်ပေးနေသည်။ ကမ္ဘာကြီးကို ထပ်မံ မကြီးထွားစေနိုင်သော်လည်း၊ အတွင်းရှိ ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းကို ပိုမို လွယ်ကူစေပြီး၊ 'ကောင်းကင် ပစ္စည်း၊ မြေကြီး ရတနာ' များကို ပိုမို ပေါများလာစေသည်။

ဒါသည် အစစ်အမှန်သိုင်း ကမ္ဘာ ၏ စွမ်းအားကို သွယ်ဝိုက်သော နည်းဖြင့် မြှင့်တင်ပေးခြင်းပင်။

"ဒါပေမယ့် ဒီတစ်ခေါက် အရေးအကြီးဆုံး ပြောင်းလဲမှုကတော့... တောင်နှင့် ပင်လယ် နယ်မြေ နဲ့ ချိတ်ဆက်မှုပဲ..."

အတွေး တစ်ချက် ဝင်လာသည်နှင့်၊ နင်ချီသည် အစစ်အမှန်သိုင်း ကမ္ဘာ နှင့် တောင်နှင့် ပင်လယ် နယ်မြေ ကြားရှိ ချိတ်ဆက်မှုကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း သိသိသာသာ ခံစားလိုက်ရသည်။

မလိုအပ်သော အချိန်တွင်၊ သူ၏ လုံခြုံရေးကို အာမခံရန်နှင့် မလိုလားအပ်သော အာရုံစိုက်မှုများကို ရှောင်ရှားရန် ထိုချိတ်ဆက်မှုကို အနည်းဆုံး အဆင့်ထိ လျှော့ချထားနိုင်သည်။

လိုအပ်လာသော အခါတွင်တော့... အမြင့်ဆုံး အဆင့်ထိ တိုးမြှင့်လိုက်နိုင်သည်။

ချိတ်ဆက်မှု၏ အသုံးဝင်ပုံမှာကား... အလွန်ပင် ရိုးရှင်းလှပေသည်။

အကယ်၍ တောင်နှင့်ပင်လယ်နယ်မြေ၌ ရှိနေသော နင်ချီ၏ ဝင်စားခန္ဓာသည် အသက်အန္တရာယ်နှင့် ကြုံတွေ့လာရပြီ ဆိုပါစို့... သူသည် အစစ်အမှန်သိုင်းကမ္ဘာနှင့် ချက်ချင်းပင် ချိတ်ဆက်ကာ ပဲ့တင်ထပ်လိုက်ရုံသာ ရှိလေသည်။

ထိုအချိန်၌ သူသည် 'နယ်ပယ်ကမ္ဘာ' ကို ဖွင့်လှစ်ကာ ရန်သူများအားလုံးကို ထိုကမ္ဘာထဲသို့ အတင်းအဓမ္မ ဆွဲသွင်းပစ်လိုက်ပေလိမ့်မည်။

ထို့နောက်တွင်မူ သူ့၏ မူလခန္ဓာကိုယ်က နယ်ပယ်ကမ္ဘာမှတစ်ဆင့် ဝင်စားခန္ဓာအား စွမ်းအားများ ကူညီပံ့ပိုးပေးလိုက်သည်နှင့်... ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကြီးများ ပေါက်ကွဲထွက်ပေါ်လာပေတော့မည် ဖြစ်လေသည်။

နင်ချီ ပြုံးလိုက်၏။

ဒါသည် သေချာပေါက် အလွန် အသုံးဝင်လှသည်။

ယခု သူသည် 'နယ်မြေ အရှင်သခင် ပြီးပြည့်စုံခြင်း အဆင့်' သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ့စွမ်းအားများကို လွှဲပြောင်းပေးလိုက်လျှင် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်’ တွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။ 'ပေါင်းစည်းခြင်း နယ်ပယ်' မဟာစွမ်းအားရှင်ကြီးများနှင့် ရင်ဆိုင်ရလျှင်တောင်မှ... ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိကောင်း ရှိပေလိမ့်မည်။ ဒီအဆင့် တိုက်ခိုက်ရေး စွမ်းရည် ဆိုတာ ပေ့ရွှမ် နယ်မြေ မှာ ထိပ်တန်း ရောက်နေလေ၏။

"ဒီလိုဆိုရင်... နောင်တစ်ချိန် ကိစ္စတော်တော်များများကို လုပ်ဆောင်ဖို့ နေရာလွတ် ပိုရလာပြီ..."

သူသည် အတွေးများကို တဖြည်းဖြည်း ပြန်ရုပ်သိမ်းလိုက်၏။

အဆင့်တက်ပြီးနောက် အကျိုးကျေးဇူး အမျိုးမျိုးကို ခံစားပြီးတဲ့အခါ... 'နယ်ပယ် စွမ်းအား'ဆိုတဲ့ ဒီ ထူးခြားတဲ့ စွမ်းအားက ထပ်မံ ပြောင်းလဲသွားပြီး... 'မှော်စွမ်းအင်'နဲ့ 'မူလဝိညာဉ် စွမ်းအား' ထက် အများကြီး ပိုစွမ်းအားကြီးလာတယ်။ ဒါကြောင့်လည်း နင်ချီက စည်းမျဉ်းတွေကို မကျွမ်းကျင်သေးဘဲနဲ့တောင်မှ ဒီလောက် ကြောက်စရာ ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းရည် ပိုင်ဆိုင်ထားတာပေါ့။

ဒါက စုစည်းထားသော ကမ္ဘာများနှင့် နင်ချီ၏ တာအို ပေါင်းစုံအပေါ် နားလည်သဘောပေါက်မှုတို့၏ အနှစ်သာရကို ကိုယ်စားပြုသည်။

"နောက်တစ်ဆင့်ကတော့... 'စည်းမျဉ်း မူလအစ'နဲ့ ပေါင်းစပ်ဖို့ပဲ... ဒီတစ်ခေါက် တောင်နှင့် ပင်လယ် နယ်မြေ ကို ပြန်ရောက်ရင်... ဒီကိစ္စကို စတင် လုပ်ဆောင်ရမယ်...၊ ပြီးတော့ 'ဓား စည်းမျဉ်း' ပါဝင်တဲ့ ဝိညာဉ် ရတနာ တွေကို ပိုပြီး ရအောင် ယူရမယ်..."

"ကံဆိုးတာက... ဒီတစ်ခေါက် (၁၂) ဂိုဏ်းက 'မူလဝိညာဉ် နယ်ပယ်' ကျင့်ကြံသူတွေ အများကြီး သတ်ခဲ့ပေမယ့်... ပြီးပြည့်စုံတဲ့ ဝိညာဉ် ရတနာ တစ်ခုမှ မရခဲ့ဘူး...၊ ကျိုးပဲ့နေတဲ့ အဆင့်နိမ့် ဟာလေးတွေလောက်ပဲ ရတယ်..."

နင်ချီ ခေါင်းခါပြီး စိတ်ပျက်စွာ ရယ်မောလိုက်၏။

ဒါပေမယ့် ဒါက မျှော်လင့်ထားပြီးသားပင်...၊ လေလွင့် ကျင့်ကြံသူ မဟာစွမ်းအားရှင် တချို့တောင်မှ အဆင့်နိမ့် ဝိညာဉ် ရတနာ မပိုင်ဆိုင်ကြပေ...၊ ဒီလို ဂိုဏ်းသေးလေးတွေက 'မူလဝိညာဉ် နယ်ပယ်' ကျင့်ကြံသူတွေ ဆိုလျှင် ဆ်ိုဖွယ်ရာ မရှိပါ။

အစစ်အမှန်သိုင်း ကမ္ဘာ ၏ ပြောင်းလဲမှုများကို ခေတ္တ စောင့်ကြည့်ပြီး လိုအပ်ချက် မရှိကြောင်း အတည်ပြုပြီးနောက်။

နင်ချီ စိတ်သက်သာရာ ရသွားသည်။

နောက်တစ်ဆင့်ကတော့... အစစ်အမှန်သိုင်း ကမ္ဘာ ကို သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်ခွင့် ပေးလိုက်ဖို့တည်း။ အရာအားလုံးကို အချိန်ကာလ လက်ထဲ အပ်လိုက်မည်ပင်။

သူသည် လော့ဝမ်ထျန်း နှင့် ရက်အနည်းငယ် အတူနေပြီး၊ ဂိုဏ်းတူ ညီအစ်ကိုများနှင့် ဆရာသခင်၏ အခြေအနေများကို ဆွေးနွေးခဲ့သည်။ ကျွမ်းချန် ၏ ကံကောင်းသော ဝင်စားမှု အကြောင်း ပြောမိသောအခါ၊ လော့ဝမ်ထျန်း သည် သဘောကျစွာ ပြုံးလိုက်မိပြီး၊ တောင်နှင့် ပင်လယ် နယ်မြေ ၏ ရှုခင်းများကို မြင်တွေ့ချင်စိတ် ဖြစ်ပေါ်လာသည်။

"စီနီယာအစ်ကိုကြီး...၊ အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း ကို တခြား တစ်ယောက်ယောက်ဆီ လွှဲပေးလိုက်ပါလား ဗျာ..."

နင်ချီက သူ့ စီနီယာအစ်ကို အလုပ် အရမ်းမများစေချင်ဘဲ၊ မတူညီသော ဘဝနေထိုင်မှု ပုံစံများကို ခံစားစေချင်ပါသည်။

လော့ဝမ်ထျန်း စိတ်ဝင်စားသွားသော်လည်း လျင်မြန်စွာပင် ပြုံး၍ ပြန်ဖြေလိုက်၏။

"နောက်ထပ် အချိန်တစ်ခုလောက် နေရင်တော့... ယုံကြည်ရမယ့်သူ ရှိလာတဲ့အခါ... ငါ တောင်နှင့် ပင်လယ် နယ်မြေ ကို အလည်သွားပါ့မယ်ကွည..."

သူတို့ ဆရာသခင် 'တာအိုဆရာ လုံရှန်း' က သူ့ခေါင်းပေါ်။ ဂိုဏ်းချုပ် တာအိုသရဖူ ဆောင်းပေးခဲ့စဉ်က ခံစားချက်ကို လော့ဝမ်ထျန်း.. အမြဲတမ်း သတိရနေသည်။

ဒီနှစ်တွေ တစ်လျှောက်လုံး သူ တစ်ကြိမ်တစ်ခါမျှ.. ပေါ့ပေါ့ဆဆ မနေရဲခဲ့ပေ...၊ သင့်တော်သည့် လူ မတွေ့မချင်း...သူ တောင်နှင့် ပင်လယ် နယ်မြေ ကို ဘယ်တော့မှ သွားမှာ မဟုတ်ပါ။

နင်ချီလည်း သူ့ဆုံးဖြတ်ချက် အတိုင်းသာ လွှတ်ထားလိုက်ရတော့သည်။

...

တောင်နှင့် ပင်လယ် နယ်မြေ၊

ကောင်းကင် တာရာ ဂိုဏ်း၌၊

ဟင်းလင်းပြင် စုတ်ပြဲလာပြီး၊ အကြည့်များစွာ တောက်ပလာကြ၏။

"စစ်ချီတပ်ဖွဲ့ကြီး... ပြန်ရောက်လာပြီလား..."

ရင်းနှီးသော ဟင်းလင်းပြင် လမ်းကြောင်း ပွင့်လာသော်လည်း၊ မျှော်လင့်ထားသော ကျင့်ကြံသူ သန်းချီ စစ်တပ်ကြီး ပေါ်မလာပေ။ လူ ရာဂဏန်းလောက်သာ လမ်းကြောင်းထဲမှ ထွက်လာကြပြီး၊ ဦးဆောင်သူမှာ အခြားသူ မဟုတ်၊ လေးစားအပ်သော 'အစစ်အမှန် အမွေခံ နင်' ပင် ဖြစ်သည်။

---

အခန်း (၅၀၃) - စီနီယာအစ်ကို နင် ဒေါသထွက်ပြီ (၂)

~ကောင်းကင် တာရာ ဂိုဏ်း တွင် ကျန်ရစ်ခဲ့သော အစွမ်းထက် ပုဂ္ဂိုလ်များသည် သက်ပြင်းချလိုက်ပြီး သတိထား၍ မေးလိုက်၏။

"မေးပါရစေ... အစစ်အမှန် အမွေခံ နင်...၊ ဂိုဏ်းချုပ်ကြီးက ကမ္ဘာငယ် ထဲမှာ စစ်တိုက်နေတုန်းလား ခင်ဗျ..."

ဟု တစ်ယောက်က မေးလိုက်၏။

ကမ္ဘာငယ်တစ်ခုကို သိမ်းပိုက်ရယူရာတွင် အချိန်ကာလ မည်မျှ ကြာမြင့်မည် ဆိုသည်ကို အတိအကျ ခန့်မှန်းရန် ခဲယဉ်းလှပေသည်။

ထို့ကြောင့်ပင် နင်ချီသည် အကြီးမားဆုံးသော ပြဿနာရပ်ကြီးကို ဖြေရှင်းပြီးသည့်နောက်တွင် တောင်နှင့်ပင်လယ်နယ်မြေသို့ ပြန်လည်ခြေချကာ စောင့်ဆိုင်းနေလိုက်ခြင်း ဖြစ်တန်ရာ၏။

အချို့သော ကမ္ဘာငယ်များသည် (၁၀) ရက်ခန့်နှင့် လျင်မြန်စွာ ပြီးစီးအောင် သိမ်းပိုက်နိုင်သော်လည်း၊ အချို့မှာမူ နှစ်နှင့်ချီ၍ ကြာမြင့်တတ်သောကြောင့်ပင် ဖြစ်လေသည်။

နင်ချီက ထိုသူ့ကို လျစ်လျူရှုထားသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး၊ ဘာမှ မပြောဘဲ သုံးရောင်ခြယ် ရတနာ သင်္ဘော ပေါ်သို့ ပြန်လှည့် တက်သွားလေသည်။

ကျန်ရစ်ခဲ့သော ကျင့်ကြံသူ အများအပြား၏ နှလုံးသားများ တုန်လှုပ်သွားကြ၏။

ထို့နောက် ချင်မင်ဟောက် ၏ အကြည့်များ အေးစက်သွားပြီး၊ သတ်ဖြတ်လိုစိတ် အရိပ်အယောင် ပါသော အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်စွန်းတွင် ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရသည်။

"ကောင်းကင် တာရာ ဂိုဏ်း...၊ ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တာ... သေဒဏ်ပဲ... မျိုးဆက် ပြတ်အောင်... သတ်ပစ်ကြ... ကျန်တဲ့ (၁၁) ဂိုဏ်းလည်း... ကြံရာပါတွေပဲ..."

မျက်စိတစ်မှိတ် အတွင်းမှာပင်၊

ကောင်းကင်ယံတွင် အလင်းရောင် ဖန်သားပြင် တစ်ခု ပေါ်လာပြီး၊ ကောင်းကင် တာရာ ဂိုဏ်း အကြီးအကဲ တစ်ဦးက အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့် ၄ ဦးကို သတ်ဖြတ်နေသော မြင်ကွင်းကို ပြသလိုက်၏။

ရုတ်တရက်၊ လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားပြီး၊ ချင်မင်ဟောက် ကို မယုံနိုင်သော အကြည့်များဖြင့် ကြည့်လိုက်ကြကာ၊ ထို့နောက် ထင်ရှားသော ထိတ်လန့်မှုများ မြင့်တက်လာလေသည်။

"အစစ်အမှန် အမွေခံ နင်...၊ ဒီမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေပါသလား...၊ ကျွန်တော်တို့ရဲ့ နိမ့်ကျတဲ့ ကောင်းကင် တာရာ ဂိုဏ်း က... အဆင့်မြင့်ဂိုဏ်းကြီးကို ဘယ်လိုလုပ် ပြစ်မှားရဲမှာလဲ ဗျာ..."

"အစစ်အမှန် အမွေခံ နင်...၊ ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ကြည့်ပေးပါ... ကျွန်တော်တို့ ဒီကိစ္စကို လုံးဝ မသိပါဘူး ဗျာ..."

"ကောင်းကင် တာရာ ဂိုဏ်း က မိုက်ရိုင်းလွန်းတယ်... စည်းကျော်လွန်းတယ်...၊ ကျွန်တော်တို့ ဘာမှ မသိရပါဘူး... ကျွန်တော်တို့ရဲ့ အပြစ်ကို ဆေးကြောဖို့အတွက်... ကောင်းကင် တာရာ ဂိုဏ်း တစ်ခုလုံးကို မျိုးဖြုတ် သတ်ပေးပါ့မယ်..."

အသည်းအသန် ရှင်းပြသံများ ထွက်ပေါ်လာသည်။

သို့သော် အကန့်အသတ်မဲ့ ဓားဂိုဏ်း တပည့် ရာပေါင်းများစွာသည် နားပိတ်ထားလိုက်ကြ၏။

သူတို့၏ အကြည့်များ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ဒါသည် အနာဂတ် ပြဿနာများကို ရှင်းလင်းပစ်ရန် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ... တောင်နှင့်ပင်လယ်နယ်မြေ၏ ဆန္ဒ သက်ဆင်းလာပြီး သန့်စင်ပေးခြင်းမျိုး မရှိခဲ့လျှင် ကိစ္စရပ်အတော်များများကို ရှင်းပြရန် ခက်ခဲလိမ့်မည်ဆိုသည်ကို ဓားဂိုဏ်း တပည့်တို့ ကောင်းစွာ နားလည်ထားကြ၏။

ထို့ကြောင့် သတင်းပေးနိုင်မည့်သူ မှန်သမျှကို အစတုံး နှုတ်ပိတ် သတ်ဖြတ်ပစ်လိုက်မှသာလျှင် အရာအားလုံးက နင်ချီ၏ စိတ်တိုင်းကျ ဖြစ်လာပေလိမ့်မည်။

စွမ်းအားများ ရရှိရန်အတွက် ဤကမ္ဘာငယ်လေးကို ယဇ်ပူဇော်လိုက်သည် ဟူ၍ သူက လွယ်ကူသက်သာစွာပင် အကြောင်းပြ ပြောဆိုလိုက်နိုင်သည် မဟုတ်ပါလော။

ဝင်စားခန္ဓာနှင့် တပည့်အများအပြား၏ ကျင့်ကြံခြင်းအဆင့်များ သိသိသာသာ တိုးတက်မြင့်မားလာခြင်းကလည်း အတုအယောင် လုပ်ယူ၍ ရနိုင်သည်မဟုတ်ရာ ခိုင်လုံသော သက်သေပင် ဖြစ်နေတော့သည်။

နင်ချီ၏ ပါရမီနှင့် လက်ရှိ အဆင့်အတန်းအရ... အကန့်အသတ်မဲ့ဓားဂိုဏ်းမှ မဟာစွမ်းအားရှင် တစ်ပါးပါးက ဤကမ္ဘာငယ်အပေါ် စိတ်ဝင်စားမှု ရှိခဲ့လျှင်တောင်မှ ဤမျှနှင့်သာ ကိစ္စ ပြီးပြတ်သွားပေလိမ့်မည်။

ဝိညာဉ်ဉာဏ်ရည် မွေးဖွားလာသော ကမ္ဘာငယ် တစ်ခု ဆိုသည်မှာ 'အင်မော်တယ်မျိုးစိတ်' တစ်ယောက်နှင့် ယှဉ်လိုက်လျှင် ဘာမှ မပြောပလောက်သည့် အရာ တစ်ခုသာ ဖြစ်၏။ ပြီးတော့လည်း ယဇ်ပူဇော်ပြီးပြီ ဖြစ်သည့်အတွက် လိုက်လံစစ်ဆေးချင်လျှင်ပင် ခြေရာခံစရာ သဲလွန်စဟူ၍ ကျန်ရှိတော့မည် မဟုတ်ပေ။

ဤကမ္ဘာငယ်ထဲ၌ ကျင့်ကြံသူအမြောက်အမြား ကျဆုံးသွားခဲ့ရသည့် ကိစ္စကို တစ်စုံတစ်ယောက်က အထူးတလည် အာရုံစိုက်လာနိုင်ကြောင်း နင်ချီ ခန့်မှန်းမိသော်လည်း... ထိုကိစ္စကို သူ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပေသည်။

ချင်မင်ဟောက် လက်ဝှေ့ယမ်းလိုက်ရာ၊ ယင်ယန် အခင်းအကျင်း တစ်ခု ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ၎င်းက ချက်ချင်းပင် အဆမတန် အရွယ်အစား ကြီးမားလာကာ၊ ကောင်းကင် တာရာ ဂိုဏ်း အတွင်းရှိ ကျင့်ကြံသူ အားလုံးကို တောင်တစ်လုံးကဲ့သို့ လွှမ်းခြုံထားလိုက်တော့၏။

သူ့အကြည့်က အေးစက်နေသည်။

"သတ်..."

...

ခဏအကြာတွင်၊ ချင်မင်ဟောက် သည် သုံးရောင်ခြယ် ရတနာ သင်္ဘော ပေါ်သို့ ရိုသေစွာ တက်ရောက်လာသည်။

"စီနီယာအစ်ကို နင်...၊ ဖြေရှင်းပြီးပါပြီ...၊ တောင်နှင့် ပင်လယ် နယ်မြေ အလိုဆန္ဒ ရဲ့ သန့်စင်မှု ခြေရာလက်ရာတွေလည်း ချန်ထားခဲ့ပါတယ်...၊ လုံခြုံစိတ်ချရပါတယ် ခင်ဗျာ..."

နင်ချီ .. ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။

"အကန့်အသတ်မဲ့ ဓားဂိုဏ်း ကို ပြန်ကြစို့..."

ဂိုဏ်း ပြန်ရောက်သည့်အခါ... နောက်ထပ် တိုက်ပွဲ တစ်ခု ဖြစ်လာနိုင်ကြောင်း.. သူ သိသည်။

ယခု တစ်ခေါက် အခွင့်အရေး ယူပြီး ဝေဖုန်း နှင့် ကျန်းရွှမ် ကို လက်စတုံးပစ်လိုက်သည့် အဖြစ်အပျက်အား... နံပါတ်တစ် အစစ်အမှန် အမွေခံ ယဲ့ချန်နှင့်.. နံပါတ်နှစ် အစစ်အမှန် အမွေခံ ကျန်းချင်းရွှယ်တို့က သေချာပေါက် လွှတ်ထားမှာ မဟုတ်ပေ။

နင်ချီ့မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။

"ကွက်တိပဲ...၊ နံပါတ်တစ် အစစ်အမှန် အမွေခံ နေရာကို သိမ်းပိုက်ဖို့..."

ယခုအခါတွင် သူ၏ မူလခန္ဓာကိုယ်သည် 'နယ်မြေအရှင်သခင် ပြီးပြည့်စုံခြင်းအဆင့်' သို့ ရောက်ရှိနေပြီ ဖြစ်ရာ... နောက်တစ်ဆင့်ဖြစ်သော 'စည်းမျဉ်းနယ်ပယ်' သို့ တက်လှမ်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရတော့မည်။

'စည်းမျဉ်းဝိညာဉ်ရတနာ' များကို ပိုမို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် သူ့ဝင်စားခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအဆင့်နှင့် ဂုဏ်ကို မြှင့်တင်နိုင်ရန် ကြိုးပမ်းရပေမည်။ အကန့်အသတ်မဲ့ဓားဂိုဏ်းတွင် သူ ..နင်ချီ၏ အဆင့်အတန်း မြင့်မားလေလေ... သူ၏ အရေးပါမှုက ပိုမို ကြီးမားလာလေလေ ဖြစ်ပြီး... တန်ဖိုးရှိ၍ အသုံးဝင်သော သတင်းအချက်အလက်များကို ပိုမို လက်လှမ်းမီလာနိုင်မည် ဖြစ်ပေသည်။

ချင်မင်ဟောက်သည် ရိုသေလေးစားစွာဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။

သို့သော် သူသည် နောက်လှည့်ပြီး ရတနာ သင်္ဘော ပေါ်မှ ဆင်းသွားကာ၊ အခြား အစစ်အမှန် တပည့် အများအပြားကို ခေါ်ဆောင်သွားလေသည်။

ပစ်မှတ်က သဘာဝကျကျပင် ကျန်ရှိနေသော (၁၁) ဂိုဏ်း ဖြစ်သည်။

အလုပ်တစ်ခုကို စတင်မိပြီဆိုလျှင် ပြီးဆုံးသည်အထိ အဆုံးစွန် လုပ်ဆောင်ရပေမည်... ။

ဒါက ချင်မင်ဟောက်၏ ခံယူချက်ပင် ဖြစ်လေသည်။ ကိစ္စရပ်အချို့တွင် အထက်လူကြီး၏ အမိန့်ကို ထိုင်စောင့်မနေဘဲ ကိုယ့်သဘောဆန္ဒနှင့်ကိုယ် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ရပေမည်။ ယုံကြည်အားထားရသော လက်ရုံးတစ်ဆူ ဖြစ်လာစေရန်မှာ ကိုယ့်အသိစိတ်နှင့်ကိုယ် တာဝန်ယူရဲသည့် အမြော်အမြင်မျိုး ရှိထားရမည် မဟုတ်ပါလော။

ချူတိုင်းပြည် ကျင့်ကြံခြင်းလောက တစ်ခုလုံး ကံဆိုးမိုးမှောင်ကျကာ ထိုးနှက်ချက်ကြီးနှင့် ရင်ဆိုင်ရဖို့ ကံပါလာခဲ့ချေပြီ။ သို့သော်လည်း... ကျန်ရစ်ခဲ့မည့် ဂိုဏ်းများအတွက်တော့ ယခု အခြေအနေသည် အရှိန်အဟုန်ဖြင့် ကြီးပွားတိုးတက်လာနိုင်မည့် ရွှေရောင်အခွင့်အရေး တစ်ရပ်ပင် ဖြစ်နေလေသည်။

ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် မြင်ကွင်းမျိုးက တောင်နှင့်ပင်လယ် နယ်မြေတွင်တော့ အထူးအဆန်း မဟုတ်တော့ချေ။

တစ်ခါတစ်ရံတွင် 'မဟာစွမ်းအားရှင်' သို့မဟုတ် 'အာဏာရှင်အဆင့် ရှိသူ' တစ်ဦးတစ်ယောက်ကို မတော်တဆ စော်ကားမိရုံဖြင့် ကျင့်ကြံခြင်းလောကတစ်ခုလုံး သွေးချောင်းစီးကာ ပျက်စီးသွားတတ်သည်မှာ ဓမ္မတာပင်။ ထိုအဖြစ်အပျက်ကို မည်သူကမျှ ထူးဆန်းသည်ဟုပင် မထင်မှတ်ကြပေ။

အားနည်းသူက အသား၊ အားကြီးသူက အစား ဟူသည့် တောတွင်းဥပဒေသနှင့် အင်မော်တယ်လမ်းစဉ်၏ တိုက်ပွဲများကို လေးစားလိုက်နာခြင်းသည်... တောင်နှင့်ပင်လယ် နယ်မြေရှိ သက်ရှိ သတ္တဝါတိုင်း၏ ဝိညာဉ် အတွင်းပိုင်းအထိ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်လေသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း၌၊ ကြယ်တံခွန်များ ကြွေကျပြီး၊ ဝိညာဉ် အလင်းရောင်များ ကောင်းကင်တွင် ပြည့်နှက်နေသည်။

လေမိုးကြိုး တောင်ထွတ်နှင့် ရေခဲ ဝိညာဉ် တောင်ထွတ် တုန်လှုပ်သွားသည့် နေ့ကတည်းက၊ ကောလာဟလများ များပြားလာခဲ့သည်။

"အစစ်အမှန် အမွေခံ နင် က.. နံပါတ်တစ် အစစ်အမှန် အမွေခံ နေရာကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေပြီ လို့ ပြောကြတယ်..."

"တကယ်လား...၊ ဒါ အမှန်ပဲလား...၊ ငါ မှတ်မိသလောက် ဆိုရင်... အစစ်အမှန် အမွေခံ နင် က 'မူလဝိညာဉ် နယ်ပယ်' ရောက်တာ (၁၀) နှစ်တောင် မပြည့်သေးဘူး...၊ သူ့ ပါရမီ ပြိုင်ဘက်ကင်းတယ် ဆိုပေမယ့်... နံပါတ်တစ် အစစ်အမှန် အမွေခံ ရဲ့ 'လေမိုးကြိုး ဓားခန္ဓာ' ကလည်း သာမန် မဟုတ်ဘူးနော်..."

"ဟေ့ကောင်... မင်း မကြာသေးခင်ကမှ သီးသန့်ကျင့်ကြံရာက ထွက်လာတာ မဟုတ်လား...၊ မင်း မကြားမိဘူးလား...၊ နံပါတ်တစ် အစစ်အမှန် အမွေခံ နဲ့ နံပါတ်နှစ် အစစ်အမှန် အမွေခံ တို့က သူတို့ရဲ့ ယုံကြည်ရတဲ့ နောက်လိုက်တွေကို အစစ်အမှန် အမွေခံ နင် ဆီ စေလွှတ်ပြီး နောက်ယောင်ခံခိုင်းတယ် ဆိုတဲ့ သတင်း ထွက်နေတယ်...၊ ဘာဆက်ဖြစ်လဲ သိလား...၊ သူတို့တွေ အစစ်အမှန် အမွေခံ နင် ရဲ့ ထောင်ချောက်မိပြီး အသတ်ခံလိုက်ရဖို့ များတယ် တဲ့..."

"အစစ်အမှန် တပည့် နှစ်ယောက် သေသွားတာလား..."

"လေမိုးကြိုး တောင်ထွတ် နဲ့ ရေခဲ ဝိညာဉ် တောင်ထွတ် က ပေါက်ကြားလာတဲ့ သတင်း အရတော့ ဟုတ်တယ်...၊ သူတို့ရဲ့ ဝိညာဉ် မီးအိမ်တွေ ငြိမ်းသွားပြီ တဲ့...၊ အစစ်အမှန် အမွေခံ နင် ရဲ့ ထောင်ချောက် မိတာ ဟုတ်မဟုတ်တော့ မသိရဘူး..."

"အခု လောလောဆယ်တော့ အစစ်အမှန် အမွေခံ နင် ပြန်လာမှာကို စောင့်နေကြတာပဲ...၊ အဲ့ဒီအချိန်ကျရင်... နံပါတ်တစ် အစစ်အမှန် အမွေခံ က တရားမျှတမှု လာတောင်းဆိုလိမ့်မယ်...၊ နံပါတ်နှစ် အစစ်အမှန် အမွေခံ လည်း ဒီအတိုင်း ထားမှာ မဟုတ်ဘူး..."

...

ဂူစံအိမ် အသီးသီးတွင် ဆွေးနွေးသံများ တိတ်တဆိတ် ထွက်ပေါ်လာကြ၏။

ဘယ်သူမှ ဒီ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ အကြောင်း ပေါ်ပေါ်ထင်ထင် မဆွေးနွေးရဲကြသော်ငြား... နောက်ကွယ်က အာရုံစိုက်မှုကတော့ ရှောင်လွှဲ၍ မရပါချေ။

ဒါက အကန့်အသတ်မဲ့ ဓားဂိုဏ်း မှာ ရှားပါးသော ပွဲကြီး ပွဲကောင်း တစ်ခုပါပင်။

ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး တရားမှတ်ရာ ဂူစံအိမ် ထဲမှ ထွက်လာသည်။

လုဇီယွဲ့ သည် 'မူလဝိညာဉ် နယ်ပယ်' သို့ ရောက်ရှိပြီး ဖြစ်သဖြင့်၊ အစစ်အမှန် တပည့် အဆင့်အတန်းကို ရရှိခဲ့ပြီ ဖြစ်သည်။

မူလ အားဖြင့်...၊ ဒါက ဝမ်းမြောက်စရာ ကိစ္စ တစ်ခု ဖြစ်ပါ၏။

သို့သော်လည်း နင်ချီသည် လွန်ခဲ့သော (၁၀) နှစ်ကျော်ကတည်းကပင် 'မူလဝိညာဉ်နယ်ပယ်' သို့ ရောက်ရှိခဲ့ပြီး အစစ်အမှန်တပည့် တစ်ဦးအဖြစ် ရပ်တည်နေခဲ့သည် ဆိုသော အမှန်တရားကို သိရှိလိုက်ရချိန်တွင်မူ... လုဇီယွဲ့၏ မျက်နှာထားမှာ ခံစားချက်ပေါင်းစုံဖြင့် ရှုပ်ထွေးသွားရတော့၏။

ထိုသို့ အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင် မှန်းဆထားခဲ့ဖူးသော်လည်း... လက်တွေ့ရင်ဆိုင်လိုက်ရချိန်တွင်မူ ရင်ထဲ၌ ခါးသီးမှုကို ခံစားနေရဆဲပင် ဖြစ်လေသည်။

"ဂျူနီယာညီလေး နင်... စီနီယာအစ်ကို ရဲ့ ပါရမီက သာမန်လူတွေ စိတ်ကူးကြည့်နိုင်တာထက် ကျော်လွန်နေတာပဲ..." လုဇီယွဲ့ ခပ်ဖွဖွ ရေရွတ်လိုက်ပြီး၊ ရင်ထဲက မသိမသာ တွယ်တာမှုလေးကို နောက်ဆုံးတော့ လက်လွှတ်လိုက်ကာ... တဖြည်းဖြည်း လက်ခံလာနိုင်ခဲ့သည်။

နှစ်များစွာ တံခါးပိတ်.. ကျင့်ကြံပြီးနောက်၊ သူမ နားလည် သဘောပေါက်ခဲ့ပါသည်..။ နင်ချီ၏ သင်ကြားပြသမှုတွေသာ မရှိခဲ့လျှင်... သူမ 'မူလဝိညာဉ် နယ်ပယ်' ကို ဘယ်တော့မှ မရောက်နိုင်ပေ။...သူမတို့ကြားက ကွာဟချက်က စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် ကြီးမားပါသည်။

ထို့ကြောင့်၊ မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို သိရှိလိုက်ရသောအခါ၊ လုဇီယွဲ့.. သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိပေ။

"စီနီယာအစ်ကို နင် ရဲ့ စွမ်းရည်နဲ့ ဆိုရင်... တကယ်လို့ ဒါက သူလုပ်တာ ဆိုရင်တောင်မှ... သူ သေချာပေါက် ထိန်းချုပ်ထားနိုင်မှာပါ..."

လုဇီယွဲ့ စိတ်ထဲတွင် တွက်ချက်လိုက်၏။

သူမသည် 'အစစ်အမှန် အမွေခံ ခန်းမဆောင်' မှ ထွက်ခွာလာပြီး၊ သူမ၏ အခြေစိုက်စခန်း အဖြစ် သီးခြား တောင်ထွတ် တစ်ခုကို မရွေးချယ်ဘဲ... ဓာတ်ကြီးငါးပါး တောင်ထွတ် တွင် နင်ချီနှင့် သွားရောက် ပူးပေါင်းရန် ရည်ရွယ်ထားသည်။

သို့သော် သူမ၏ 'ထွက်ပြေးသော အလင်းတန်း'အား စတင် အသက်သွင်းလိုက်သည်နှင့်၊ အခြား အလင်းတန်း နှစ်ခုက လေထဲတွင် သူမကို ကြားဖြတ် တားဆီးလိုက်၏။

"လုဇီယွဲ့..." အမျိုးသား နှင့် အမျိုးသမီး တို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ အချို့ ပေါ်နေသည်။

'မူလဝိညာဉ် နယ်ပယ်' အရှိန်အဝါကို အာရုံခံမိသဖြင့်၊ လုဇီယွဲ့ အနည်းငယ် ဦးညွှတ်လိုက်၏။

"ဟုတ်ပါတယ်...၊ စီနီယာအစ်ကို၊ စီနီယာအစ်မ တို့ကို ဂါရဝပြုပါတယ်..."

သေချာသည်ပေါ့... ဒါတွေက အစစ်အမှန် တပည့် နှစ်ယောက်ပင်။

"နင့် ကံတရားက တကယ် ကောင်းတာပဲ..." အနီရောင် ဝတ်စုံနှင့် အမျိုးသမီး၏ မျက်လုံးများထဲတွင် မနာလိုမှု အရိပ်အယောင်များ ပေါ်နေသည်။

အခြား အမျိုးသား တပည့်၏ အကြည့်ကမူ အနည်းငယ် အေးစက်နေသည်။

"မင်း ဖြစ်နေတာ ကောင်းတာပေါ့...၊ တို့နဲ့အတူ လေမိုးကြိုး တောင်ထွတ် ကို လိုက်ခဲ့ပါ...၊ စီနီယာအစ်ကို ယဲ့ က မင်းကို တွေ့ချင်နေတယ်..."

လုဇီယွဲ့ ၏ နှလုံးသား တုန်လှုပ်သွားသည်။ သူမ အစစ်အမှန် တပည့် ဖြစ်လာခါစ ရှိသေးသော်လည်း၊ အစစ်အမှန် တပည့်များကြားမှ နာမည်ကြီး ပုဂ္ဂိုလ်များကို သိရှိထားသည်။

လေမိုးကြိုး တောင်ထွတ်၊ စီနီယာအစ်ကို ယဲ့... ဘယ်သူက သူမကို တွေ့ချင်နေသလဲ ဆိုတာ ရှင်းလင်းနေလေ၏။ ဒါကိုမှ နားမလည်လျှင် သူမ အလကား အသက်ရှင်နေသည်ပဲ။

ချက်ချင်းဆိုသလိုပင်၊ ယဲ့ချန်..သူမကို ဘာအတွက်.. ရှာနေသလဲ ဆိုတာ သူမ နားလည်လိုက်၏။

ဒေါသများ ရင်ထဲတွင် ပြည့်နှက်လာသော်လည်း၊ လုဇီယွဲ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်နှာထားကို မပြောင်းလဲစေဘဲ ထားလိုက်၏။

"ဒါဆိုလည်း.. လမ်းပြပေးဖို့ စီနီယာအစ်ကိုတို့ကို ဒုက္ခပေးရပါတော့မယ်..."

အရပ်ရှည်သော အမျိုးသား တပည့်သည် လုဇီယွဲ့ ကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်၊ သူတို့ သုံးဦးသည် လေမိုးကြိုး တောင်ထွတ် ဆီသို့ ဦးတည် ထွက်ခွာသွားကြလေသည်။

...

ရက်အနည်းငယ် ကြာသောအခါ၊ သုံးရောင်ခြယ် ရတနာ သင်္ဘော တစ်စင်းသည် တိမ်တိုက်များနှင့် မြူခိုးများ အသွင် ပြောင်းလဲသွားပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း ၏ တောင်တံခါးဝသို့ ဖြည်းညှင်းစွာ ဆင်းသက်လာရာ၊ မြောက်များစွာသော မျက်လုံးများ တုန်လှုပ်သွားကြ၏။

ဤသတင်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးသို့ ချက်ချင်းဆိုသလို ပြန့်နှံ့သွားပြီး၊ အထူးသဖြင့် အစစ်အမှန် တပည့် အများအပြားကြားတွင် ပြန့်နှံ့သွားကာ၊ သူတို့အားလုံး ပြိုင်တူလိုလိုပင် ပွဲကောင်း ကြည့်ရတော့မည့် မျက်နှာထားများ ပေါ်လာကြ၏။

နင်ချီ ဓာတ်ကြီးငါးပါး တောင်ထွတ် သို့ ပြန်ရောက်လာသည်။

သူသည် ရင်းနှီးသော နယ်မြေကို ကြည့်လိုက်ပြီး၊ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု ပေါ်လာသည်။ ပြောရမည် ဆိုလျှင်... တောင်နှင့် ပင်လယ် နယ်မြေ မှာ ရှိသည့် နှစ်တွေ တစ်လျှောက်လုံး... သူက ဓာတ်ကြီးငါးပါး တောင်ထွတ် မှာပဲ အချိန်အများစု ကုန်ဆုံးခဲ့သည်...၊ ရံဖန်ရံခါမှ အပြင်ထွက်တတ်ဧ။်။

သို့သော် အခြေချပြီး မကြာခင်မှာပင်၊ ချင်မင်ဟောက် အပြေးအလွှား ရောက်လာခဲ့သည်။

သူ သတင်း နှစ်ပုဒ် ယူလာခဲ့သည်။

ပထမ သတင်းက.. လုဇီယွဲ့ 'မူလဝိညာဉ် နယ်ပယ်' ကို ချိုးဖျက်ပြီး၊ အစစ်အမှန် တပည့် အဆင့်အတန်း ရရှိသွားပြီ ..။

ဒုတိယ သတင်းက... လုဇီယွဲ့ ကို လေမိုးကြိုး တောင်ထွတ် က ခေါ်သွားပြီ ဟူ၍။

နင်ချီ တိတ်ဆိတ်စွာသာ နားထောင်နေပြီး၊ ခွက်ထဲမှ ဝိုင်ကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

ချင်မင်ဟောက် ၏ နှလုံးသား တုန်လှုပ်သွားသည်။

စီနီယာအစ်ကို နင် ဒေါသထွက်နေပြီ ဆိုတာ သူ.. သိလိုက်၏။

အခန်း (၅၀၄) - မျက်ဝါးထင်ထင် သက်သေပြုခြင်း

~အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းရှိ နင်ချီနှင့် လုဇီယွဲ့တို့၏ ဆက်ဆံရေးသည် လျှို့ဝှက်ချက် မဟုတ်ပေ။

လူတိုင်းနီးပါး သိကြ၏။

နင်ချီကို လုဇီယွဲ့က ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး၊ အစောပိုင်းကာလများတွင် သူမသည် သူ့ကို အရင်းအမြစ်များစွာ ပေးအပ်ခဲ့သည်။ သူတို့နှစ်ဦးသည် ရင်းနှီးကြပြီး၊ အများစုက လုဇီယွဲ့၏ ကံကောင်းမှုကို အားကျကြ၏။ သူမသည် ဂိုဏ်းမှ ဆုလာဘ်များ ရရှိခဲ့ပြီး၊ ထိုအရာများက သူမ၏ 'မူလဝိညာဉ် နယ်ပယ်' သို့ ချိုးဖျက် ဝင်ရောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သို့ရာတွင် ယခု...၊ လုဇီယွဲ့ကို ယဲ့ချန်က လေမိုးကြိုး တောင်ထွတ်သို့ လွန်ခဲ့သော ရက်အနည်းငယ်က 'ဖိတ်ခေါ်' သွားခဲ့သည်။

အပေါ်ယံတွင် ဘာမျှ မဖြစ်ခဲ့သလို ရှိသော်လည်း... ဤသည်မှာ သိသိသာသာ.. ရန်စလိုက်ခြင်းပင် ဖြစ်လေသည်။

အကြောင်းရင်းကိုတော့ ချင်မင်ဟောက် သိသည်။

ဝေဖုန်းကြောင့် ဖြစ်ဖို့ များသည်။

ချင်မင်ဟောက် မျက်ခုံးပင့်လိုက်ပြီး၊ စကား အများကြီး မပြောရဲတော့ပေ။ အစစ်အမှန်သိုင်း ကမ္ဘာ တွင် နင်ချီ၏ စစ်မှန်သော ဇစ်မြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ပြီးနောက်၊ သူသည် နင်ချီအပေါ် ပိုမို ရိုသေလေးစားလာခဲ့သည်။ နင်ချီ ..ဒီပြဿနာကို မဖြေရှင်းနိုင်မှာ သူ မပူပန်ပေမယ့်၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို စိုးရိမ်မိသည်။

"စီနီယာအစ်ကို နင်..."

နချင်မင်ဟောက် နောက်ဆုံးတော့ သတိထားပြီး ပြောလိုက်၏။

သို့သော် သူ စကားမဆုံးခင်မှာပင်၊ နင်ချီ၏ တည်ငြိမ်သော အသံက ဖြတ်ပြောလိုက်၏။

"လေမိုးကြိုး တောင်ထွတ် ကို သွားမယ်..."

ချင်မင်ဟောက် ၏ နှလုံးသား တုန်လှုပ်သွားသည်။

"ဟုတ်ကဲ့ပါ..."

သူ့ကျောပြင်တွင် အေးစက်သော ချွေးသီးများ ထွက်လာပြီး၊ ချက်ချင်း ပြင်ဆင်ရန် ထွက်သွားလိုက်၏။

နင်ချီ၏ ရင်ထဲရှိ လုဇီယွဲ့၏ နေရာကို သူ လျှော့တွက်မိခဲ့ကြောင်း ချင်မင်ဟောက် ရုတ်တရက် သဘောပေါက်လိုက်၏။

အမှန်တကယ်ပင်၊ နင်ချီသည် လုဇီယွဲ့ကို အလွန် တန်ဖိုးထားသည်။

အချစ်ရေး ခံစားချက်မျိုး မဟုတ်ဘဲ၊ ကံတရား၏ ဆက်နွယ်မှု တစ်ခုသာ ဖြစ်သည်။ လုဇီယွဲ့က သူ့ကို အကန့်အသတ်မဲ့ ဓားဂိုဏ်းသို့ ပြန်ခေါ်လာခဲ့စဉ်ကတည်းက၊ သူတို့၏ သံယောဇဉ်သည် ထူးခြားဖို့ ကံပါလာခဲ့ပြီး ဖြစ်သည်။ ထို့အပြင် လုဇီယွဲ့သည် သူ့အပေါ် ရိုးသားဖြူစင်စွာ ဆက်ဆံခဲ့သည်။ ခံစားချက်အရရော၊ ယုတ္တိဗေဒအရပါ၊ နင်ချီသည် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ အထူးသဖြင့် လုဇီယွဲ့၏ ကပ်ဘေးသည် သူကြောင့် ဖြစ်ရသောကြောင့် ဖြစ်သည်။

ဓာတ်ကြီးငါးပါး တောင်ထွတ်သည် အံ့မခန်း အရှိန်အဟုန်ဖြင့် လည်ပတ် လှုပ်ရှားလာသည်။

ပြန်ရောက်ခါစ တပည့်များသည် လေးနက်သော မျက်နှာထားများဖြင့် လေထဲတွင် စုဝေးလိုက်ကြ၏။

အစစ်အမှန်သိုင်း ကမ္ဘာ ၏ မူလအစဖြင့် နှစ်ခြင်းခံပြီးနောက်၊ တပည့် အားလုံး၏ ကျင့်ကြံခြင်း အဆင့်သည် ကြီးမားစွာ တိုးတက်လာခဲ့ပြီး၊ အထူးသဖြင့် အစစ်အမှန် တပည့် အနည်းငယ်မှာ သိသိသာသာ တိုးတက်လာခဲ့ကြလေ၏။ အစစ်အမှန် တပည့်များ၏ ထိပ်တန်း အဆင့်များတွင် ရပ်တည်ရန် လုံလောက်နေပြီ ဖြစ်သည်။ ချင်မင်ဟောက် ဆိုလျှင် 'ထိပ်တန်း အစစ်အမှန် အမွေခံ (၁၀) ဦး' စာရင်းဝင်ရန် လုံလောက်နေပြီ ဖြစ်သည်။

အကြည့်များ အားလုံး လှည့်လာကြပြီး၊ တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

…မတွေ့ရတဲ့ အချိန်တိုလေး အတွင်းမှာ... ဓာတ်ကြီးငါးပါး တောင်ထွတ် ရဲ့ အခြေခံအုတ်မြစ်က ဒီလောက်တောင် ကြီးထွားလာပြီလား…

သူတို့ မစဉ်းစားရသေးခင်မှာပင်၊ အဖြူရောင် ဝတ်စုံနှင့် ထူးခြားသော ပုံရိပ်တစ်ခု ကောင်းကင်ယံသို့ ပျံတက်လာပြီး၊ များပြားလှသော အစွမ်းထက် ပုဂ္ဂိုလ်များသည် စိတ်အားထက်သန်စွာ ဦးညွှတ်လိုက်ကြ၏။

"စီနီယာအစ်ကို နင်..."

နင်ချီ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး၊ လေမိုးကြိုး တောင်ထွတ် ဆီသို့ ခြေလှမ်းလှမ်းလိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်...

အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံး ဂယက်ထသွားတော့သည်။

သီးသန့်ကျင့်ကြံနေသော အစစ်အမှန် တပည့် အများအပြားပင် အပြင်ထွက်လာကြ၏။

အဘယ်ကြောင့်ဆိုသော် လာမည့် ဖြစ်ရပ်များသည် အစစ်အမှန် တပည့်များ၏ အနာဂတ် အခင်းအကျင်းကို သက်ရောက်မှု ရှိနိုင်ကြောင်း သူတို့ သိကြသောကြောင့် ဖြစ်သည်။

...

လေမိုးကြိုး တောင်ထွတ်၌၊

အစွမ်းထက် ပုဂ္ဂိုလ် အများအပြားသည် ကျောက်စိမ်းဖြူ ရင်ပြင်တွင် ရိုသေစွာ ရပ်နေကြ၏။

ထိုင်၍ စစ်တုရင် ကစား နေကြသော ပုံရိပ်နှစ်ခု။

အမျိုးသားသည် အရပ်ရှည်ပြီး၊ လှုပ်ရှားမှုတိုင်းတွင် လေနှင့် မိုးကြိုးများ ပါဝင်နေကာ၊ ပြိုင်ဘက်ကင်းပြီး လွှမ်းမိုးထားသော အရှိန်အဝါ ရှိသည်။

အမျိုးသမီး၏ ပုံရိပ်မှာ ကျော့ရှင်းလှပပြီး ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည်။ ထူးခြားသော ကျက်သရေ ရှိသော်လည်း၊ သူမ၏ မျက်နှာတွင် အေးစက်သော အမူအရာ ရှိနေသည်။

ယဲ့ချန် ပြုံးလိုက်၏။

"ဂျူနီယာညီမလေး လု...၊ ဘာလို့ ဒီလောက် အေးစက်နေရတာလဲ...၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း မှာ... လူတော်တော်များများ ငါ့ကို တွေ့ချင်ပေမယ့် မတွေ့ရဘူး ဆိုတာ မင်း သိလား...၊ ငါနဲ့ မျက်နှာချင်းဆိုင် ထိုင်ရဖို့ ဆိုတာ ဝေးရော..."

သူ ကြွားလုံးထုတ်နေသလို ဖြစ်သော်လည်း၊ ဒါသည် အမှန်တရား ဖြစ်သည်။ ဂိုဏ်း၏ ထိပ်တန်း အစစ်အမှန် အမွေခံ တစ်ဦး အနေဖြင့်၊ သူသည် တပည့် အများအပြား၏ ထိပ်ဆုံးတွင် ရပ်တည်နေသည်။

လုဇီယွဲ့၏ မျက်နှာထား အေးစက်နေသည်။

"စီနီယာအစ်ကို ယဲ့ က နတ်ဘုရား ကျေးဇူးတော်နဲ့ ပြည့်စုံသူပါ...၊ ဇီယွဲ့ ကတော့ ကံကောင်းလို့ အစစ်အမှန် အမွေခံ ဖြစ်လာရုံပါ...၊ စီနီယာအစ်ကို စိတ်ဝင်စားခံရလောက်အောင် ဘာအရည်အချင်းမှ မရှိပါဘူး..."

ယဲ့ချန် သည် သူ့ရှေ့မှ လှပသော အမျိုးသမီးကို ရှုတည်တည် ကြည့်လိုက်၏။ မိန်းမလှလေး. များစွာကို မြင်ဖူးသော်လည်း၊ ယခု အခိုက်အတန့်တွင် သူ့ရှေ့မှ အမျိုးသမီးသည် ထူးခြားသော ဆွဲဆောင်မှု ရှိနေသည်ဟု ရှင်းပြမရနိုင်အောင် ခံစားလိုက်ရသည်။ သူသည် အပေါက်အပြဲများ ပြည့်နေသော နေရာတစ်ခုတွင် အကွက်တစ်ကွက်ကို ပေါ့ပေါ့ပါးပါး ချလိုက်၏။

"ဂျူနီယာညီမလေး ဇီယွဲ့...၊ ဘာလို့ ဒီလောက် နှိမ့်ချနေရတာလဲ...၊ ဒီရက်ပိုင်း ထိတွေ့ဆက်ဆံမှုတွေ အရ... မင်းရဲ့ ပါရမီက ငါ့ကို ဖမ်းစားနိုင်ခဲ့တယ်...၊ ငါတို့ 'တာအို လက်တွဲဖော်'ဖြစ်ကြရင် မကောင်းဘူးလား..."

သူ့စကားသံ ဆုံးသည်နှင့်...၊

အားကျမှုနှင့် မနာလိုမှု အကြည့်များ ကျရောက်လာကြ၏။ ယဲ့ချန် တွင် တာအို လက်တွဲဖော် မရှိသေးပေ။ သူ့နောက်လိုက် အမျိုးသမီး အစစ်အမှန် အမွေခံ အများအပြားသည် ဤနေရာကို တပ်မက်နေကြသော်လည်း၊ မထင်မှတ်ဘဲ ယနေ့တွင် ယဲ့ချန် ကိုယ်တိုင် စကားစလိုက်ပြီး၊ အသစ်ရောက်လာသော အစစ်အမှန် အမွေခံ လုဇီယွဲ့ ကို ရည်ရွယ်လိုက်ခြင်း ဖြစ်သည်။

လုဇီယွဲ့ အံ့သြသွားပြီးနောက်၊ သူမ၏ မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင် တစ်ခု ပေါ်လာကာ အေးစက်စွာ ပြောလိုက်၏။

"စီနီယာအစ်ကို ယဲ့ က တကယ့်ကို ထူးခြားပါတယ်...၊ ဒါပေမယ့်ဇီယွဲ့ က မတန်ပါဘူး..."

သူမ နားလည်လိုက်၏။

တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က တာအို လက်တွဲဖော် ဖြစ်ချင်တာ အစစ်အမှန် မဟုတ်ပေ...၊ သူမကို အသုံးချပြီး နင်ချီ ကို တိုက်ခိုက်ချင်တာ ဖြစ်ဖို့ များသည်...၊ သူမကို ကိရိယာ တစ်ခုလို သဘောထားနေခြင်းပါ။

ဒီအချက်တွေကို ဖယ်ထားလျှင်တောင်မှ... ယဲ့ချန် ဟာ သူမ နှလုံးသားက လိုလားသည့် လူ မဟုတ်ပါ။

ဒီလူ၏ လုပ်ရပ်တွေက အရမ်း ဗိုလ်ကျစိုးမိုးလွန်းတယ်...၊ တခြားသူတွေ၏ ခံစားချက်ကို ဘယ်တော့မှ ထည့်မတွက်တတ်ပေ။ အကယ်၍ တာအို လက်တွဲဖော် ဖြစ်သွားလျှင်... သူမက လက်အောက်ငယ်သား တစ်ယောက်လိုသာ ဖြစ်နေလိမ့်မည်။

သူမ.. နင်ချီ ကို ရုတ်တရက် သတိရလိုက်မိသည်။

နင်ချီ နှင့် တာအို အကြောင်း ဆွေးနွေးတိုင်း... နူးညံ့သည့် လေပြေလေးလို ခံစားရသည်...၊ နွေဦးရာသီမှာ ရေချိုးနေရသလိုပင်။ အကယ်၍၊ သူမ တာအို လက်တွဲဖော် ကို စဉ်းစားရမည် ဆိုလျှင်... နင်ချီ လို လူမျိုးကိုသာ ရွေးချယ်ပါမည်။ ဒီအတွေး ဝင်လာတော့... သူမ မျက်နှာပေါ်မှာ ပန်းရောင်သန်းသွားရ၏။

ယဲ့ချန် အကြည့်ကို အနည်းငယ် လျှော့ချလိုက်ရာ၊ လက်ချောင်းကြားမှ အကွက်သည် အမှုန့်ဖြစ်သွားပြီး အောက်သို့ လွင့်ကျသွားလေသည်။

ပတ်ဝန်းကျင်မှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ရဲတင်းလှချည်လား... စီနီယာအစ်ကို ယဲ့ ရဲ့ မေတ္တာက နင့်အတွက် ဘဝတစ်ရာ စာ ကံကောင်းခြင်းပဲ...၊ ကျေးဇူးမတင်တဲ့အပြင်... ငြင်းရဲသေးတယ်...၊ နင် ဘယ်လိုတောင် ရဲတာလဲ..."

"တွင်းအောင်း ဖားပျံ...၊ စီနီယာအစ်ကို ယဲ့ က လမင်းကြီး...၊ နင်က ပုရွက်ဆိတ် လိုပဲ...၊ အခု သူ့အရိပ်အာဝါသ အောက်မှာ ခိုလှုံခွင့် ရတာတောင်...တန်ဖိုးမထားဘူးလားဟ..."

နောက်လိုက် အများအပြားသည် လုဇီယွဲ့ ကို မကျေမချမ်း ကြည့်နေကြ၏။

ယဲ့ချန် သာ မရှိလျှင်... လုဇီယွဲ့ ဟာ ထိုကြောက်မက်ဖွယ် အရှိန်အဝါတွေကြောင့် ကြေမွသွားလောက်ပြီ ဖြစ်၏။

ဒါတောင်မှ... သူမ ကြီးမားသော ဖိအားကို ခံစားနေရပြီး၊ မျက်နှာ ဖြူဖျော့နေလေ၏။

လုဇီယွဲ့ ဘာမှ မပြောဘဲ၊ ခေါင်းငုံ့ပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်၏။

ယဲ့ချန် စိတ်ပျက်စွာ ခေါင်းခါလိုက်ပြီး ရေရွတ်လိုက်၏။

"ကြည့်ရတာ... ငါ မင်းအပေါ် မျှော်လင့်ချက် ကြီးလွန်းခဲ့မိပုံ ရတယ်..."

သူ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၏။

စကားပြောရန် ပြင်လိုက်စဉ်၊ သူသည် အဝေးတစ်နေရာ ကောင်းကင်ယံသို့ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး၊ မျက်နှာပေါ်တွင် အေးစက်သော အပြုံး တစ်ခု ပေါ်လာလေသည်။

—

All Chapters