← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁) - နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ (အပိုင်း ၂)

~~ခဏတာမျှ ကြာပြီးနောက်... ပတ်ဝန်းကျင် တစ်ခုလုံး ပြန်လည် တည်ငြိမ်သွားခဲ့လေ၏။

ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ပန်းချီကားချပ် သဖွယ် လိပ်ထားသော စာလိပ်ကြီး တစ်ခုသည် ဖြည်းညှင်းစွာ ဖြေလျော့ ကျဆင်းလာခဲ့လေ၏။

ထိုပန်းချီကားချပ်ထဲတွင် ကလေးငယ်တစ်ဦး မွေးဖွားလာသည့် ပုံရိပ်ကို စတင် မြင်တွေ့လိုက်ရသည်။ ထိုကလေးမှာ ချင်မင်ဟောက် ပင် ဖြစ်ပေသည်။ ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွားကြရ၏။ ဤကဲ့သို့သော လူတစ်ယောက်၏ ဘဝတစ်လျှောက်လုံးကို ပြန်လည် ဖော်ထုတ်နိုင်သည့် နတ်ဘုရား နည်းစနစ်မျိုးမှာ အမှန်တကယ်ပင် စွမ်းအားကြီးမားလွန်းလှပေသည်။

ကံကောင်းသည်မှာ ကျန်းပိုင်ချွမ်းသည် သူတစ်ပါး၏ အတွင်းရေးကို စပ်စုလိုစိတ် မရှိခြင်းပင်။ မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ကမ္ဘာငယ်လေးထဲ၌ ဖြစ်ပွားခဲ့သော စစ်ပွဲမြင်ကွင်းများ ပေါ်ပေါက်လာခဲ့လေ၏။

သုံးရောင်ခြယ် ရတနာ သင်္ဘောကြီး ကောင်းကင် တာရာ ဂိုဏ်းသို့ ဆိုက်ရောက်လာပုံ...

သန်းနှင့်ချီသော ကျင့်ကြံသူများ အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းသို့ ကျူးကျော် ဝင်ရောက်လာပုံ...

ထိုမြင်ကွင်းများသည် ယခင်က အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက်တွင် ပြသခဲ့သည့် မြင်ကွင်းများနှင့် တစ်ထပ်တည်းပင် ဖြစ်ပေသည်။

လူတိုင်းသည် ထိုမြင်ကွင်းများကို ခံစားချက် ကင်းမဲ့သော မျက်နှာထားများဖြင့်သာ စိုက်ကြည့်နေကြ၏။

သို့သော် မကြာမီမှာပင်...

ချင်မင်ဟောက်၏ မှတ်ဉာဏ်ထဲ၌ ယခင်က မပါဝင်ခဲ့ဖူးသော မြင်ကွင်းအသစ်များ ပေါ်ထွက်လာသည့်အခါ လူတိုင်း၏ စိတ်အာရုံတို့ လှုပ်ရှားသွားကြရလေ၏။

ရက်စက်ကြမ်းကြုတ်သော စစ်ပွဲကြီး ဆက်လက် ဖြစ်ပွားနေဆဲ...။ သက်ရှိများစွာ မြေခခဲ့ရပြီး မြေပြင်ကြီးမှာ အက်ကွဲကာ ဟင်းလင်းပြင်တို့ ပြိုကျပျက်စီးနေခဲ့၏။ အစွမ်းထက် ကျင့်ကြံသူများစွာ၏ တိုက်ပွဲပြင်းထန်မှုမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

နောက်ဆုံးတွင်တော့...

နင်ချီ၏ အမျိုးမျိုးသော နည်းစနစ်များနှင့် တောင်နှင့် ပင်လယ် နယ်မြေ မှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုအောက်တွင် ကမ္ဘာငယ်လေးမှ ဒေသခံ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး အသတ်ခံလိုက်ရလေ၏။ သို့သော် တောင်နှင့် ပင်လယ် နယ်မြေမှ ကျင့်ကြံသူ ထက်ဝက်ကျော်မှာလည်း ကျဆုံးခဲ့ရပြီး၊ အထူးသဖြင့် မူလဝိညာဉ် နယ်ပယ် ရှိ အစစ်အမှန် ဧကရာဇ် များမှာ ဆယ်ယောက်တွင် တစ်ယောက်ပင် အသက်မရှင်ခဲ့ပေ။ ကျန်ရစ်သူများမှာလည်း ဒဏ်ရာ အပြင်းအထန် ရရှိထားကြလေ၏။

ထိုအချိန်တွင်...

နင်ချီသည် လျှို့ဝှက် နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်ရာ ကမ္ဘာငယ်လေး၏ ဟင်းလင်းပြင် နက်ရှိုင်းသော နေရာမှ အရောင်ငါးမျိုး ဖြာထွက်နေသည့် ဂူ စံအိမ် တစ်ခု လူတိုင်း၏ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့လေ၏။

(၁၂) ဂိုဏ်း မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ဝမ်းသာချိန်ပင် မရလိုက်ဘဲ ရက်စက်သော သတ်ဖြတ်မှုကြီးနှင့် ရင်ဆိုင်လိုက်ရတော့သည်။

နင်ချီနှင့် အခြားသူများ လှုပ်ရှားလိုက်ကြပြီ ဖြစ်သည်။

ရလဒ်ကိုတော့ ခန့်မှန်းရ လွယ်ကူလှပေ၏။

(၁၂) ဂိုဏ်းမှ ကျင့်ကြံသူများ အားလုံး ကျဆုံးသွားခဲ့ရပြီး နင်ချီနှင့် ရာဂဏန်းမျှသော ဓားဂိုဏ်း တပည့်များသာ ကျန်ရစ်ခဲ့တော့သည်။

ထို့နောက်တွင်မူ များပြားလှသော ဓားဂိုဏ်း တပည့်များ၏ အကြည့်အောက်တွင်ပင် နင်ချီ တစ်ယောက်တည်း ထို ဂူ စံအိမ်တော် အတွင်းသို့ ဝင်ရောက်သွားခဲ့လေ၏။ ချင်မင်ဟောက်နှင့် အခြားသူများမှာမူ အပြင်ဘက်တွင် ရိုသေစွာ စောင့်ဆိုင်းနေခဲ့ကြ၏။

ရက်အနည်းငယ် ကြာသောအခါ...

နင်ချီသည် စံအိမ်တော် အတွင်းမှ ပြန်ထွက်လာခဲ့ပြီး ထိုစံအိမ်တော်ကြီးမှာလည်း လုံးဝ ပြိုကျ ပျက်စီးသွားခဲ့လေ၏။ နင်ချီ တစ်ယောက် ထိုအထဲမှ ဘာတွေ ရရှိခဲ့သည်ကို မည်သူမျှ မသိနိုင်ကြချေ။ ထို့နောက်တွင်မူ ထုံးစံအတိုင်း ကမ္ဘာငယ်လေးကို ယဇ်ပူဇော်ခြင်း အစီအစဉ် စတင်ခဲ့လေတော့သည်။

ဤကမ္ဘာငယ်လေးမှ ရရှိသော တောင်နှင့် ပင်လယ် နယ်မြေ၏ ကမ္ဘာ့ဆန္ဒ မှာ အလွန်တရာ ကြွယ်ဝ များပြားလှပေသည်။ အကယ်၍ နင်ချီသာ တစ်ယောက်တည်း ခံစားမည် ဆိုပါက ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ ရောက်ရှိသွားရန် အလားအလာ များစွာ ရှိနေ၏။

သို့သော် နင်ချီသည် တစ်ကိုယ်ကောင်း မဆန်ခဲ့ပေ။

သူသည် ထိုအကျိုးအမြတ်ကို တစ်ယောက်တည်း မယူဘဲ ဓားဂိုဏ်း တပည့်များနှင့် မျှဝေ ခံစားခဲ့လေ၏။ ထို့နောက် တောင်နှင့် ပင်လယ် နယ်မြေသို့ ပြန်လည် ရောက်ရှိသည့်အခါ ချင်မင်ဟောက်သည် ဓားဂိုဏ်း တပည့်များကို ဦးဆောင်ကာ (၁၂) ဂိုဏ်းကို အမြစ်ဖြတ် ချေမှုန်းခဲ့ခြင်း ဖြစ်ပေသည်။

ဤနေရာတွင် မျက်နှာပြင်ပေါ်ရှိ ပုံရိပ်များ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတော့၏။

အရာအားလုံးမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာမူ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေကြလေ၏။

အစစ်အမှန် အမွေခံ တပည့်များမှာမူ နင်ချီ၏ ရက်ရောမှုကို မြင်တွေ့လိုက်ရသဖြင့် မနာလို ဝန်တိုစိတ်များဖြင့် မျက်လုံးများ နီရဲလာကြ၏။

ကမ္ဘာ တစ်ခုလုံး၏ ယဇ်ပူဇော်ခြင်း အကျိုးအမြတ်ကို နောက်လိုက်များနှင့် မျှဝေပေးခဲ့သည် မဟုတ်ပါလော။

သူတို့သာ ချင်မင်ဟောက် နေရာတွင် ဝင်ရောက် အစားထိုးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာကြသည်။ ချင်မင်ဟောက်၏ စွမ်းအား ဤမျှ တိုးတက်လာရခြင်း အကြောင်းရင်းမှာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

ယဲ့ချန် မှာမူ ဒေါသကြောင့် သွားများကို ကျိုးပဲ့လုမတတ် ကြိတ်ထားမိလေ၏။ သူ ရှာဖွေနေသည့် အပြစ်အနာအဆာ တစ်စုံတစ်ရာကိုမျှ မတွေ့ရသည့်အပြင် နင်ချီ အနေဖြင့် ကြီးမားသော အခွင့်အရေးကြီး ရရှိခဲ့သည်ကို မြင်လိုက်ရသဖြင့် ဒေါသအိုး ပေါက်ကွဲကာ သွေးအန်ချင်စိတ်ပင် ပေါက်လာရ၏။ ယဲ့ချင်းထျန်း ၏ မျက်နှာကြီးမှာလည်း မီးသွေးခဲပမာ မဲမှောင်နေတော့သည်။

မဟာစွမ်းအားရှင် များစွာကမူ သူတို့၏ အကြည့်များဖြင့် စူးစမ်းနေကြလေ၏။ သူတို့သည် ထို စံအိမ်တော် အကြောင်းကို ပို၍ စိတ်ဝင်စားနေကြ၏။

ထိုအချိန်တွင် ချင်မင်ဟောက်သည် သတိပြန်လည်လာပြီး ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ဘေးသို့ ဆုတ်ခွာသွားလေ၏။ နင်ချီသည် လေတစ်ချက်ကို ဝဝရှူသွင်းလိုက်ပြီး တည်ငြိမ်စွာပင် လျှောက်တင်လိုက်လေ၏။

"ဂိုဏ်းချုပ်ကြီးခင်ဗျာ... တပည့် အနေနဲ့ ကံကောင်းထောက်မစွာနဲ့ပဲ 'ပေါင်းစည်းခြင်း နယ်ပယ်'က အခွင့်အလမ်း တစ်ခုကို ရရှိခဲ့ပါတယ်ခင်ဗျာ။ အဲဒီ ဂူ စံအိမ်တော်က ဓာတ်ကြီးငါးပါး လမ်းစဉ်ကို ကျွမ်းကျင်တဲ့ 'မဟာစွမ်းအားရှင်ကြီး' တစ်ပါး ချန်ရစ်ခဲ့တဲ့ နေရာပါ။ တပည့် အနေနဲ့ ဒီကိစ္စကို ဖုံးကွယ်ထားခဲ့မိတဲ့အတွက် ဂိုဏ်းချုပ်ကြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ"

နင်ချီသည် ခေါင်းကို ငုံ့ထားလိုက်လေ၏။ သူ၏ ပုံစံမှာ မိမိ ရရှိထားသော လျှို့ဝှက် အခွင့်အရေးကို လူသိရှင်ကြား ဖွင့်ပြောလိုက်ရသဖြင့် စိတ်အလိုမကျ ဖြစ်နေသည့် ပုံစံမျိုး ပေါက်နေ၏။

သို့သော် အမှန်တကယ်တွင်တော့ သူ၏ ရင်ထဲ၌ တည်ငြိမ် အေးဆေးနေပေသည်။

ဤအရာအားလုံးသည် နင်ချီ၏ မျှော်လင့် တွက်ချက်ထားမှု အတွင်း၌သာ ရှိနေ၏။ ယခင်က ပြသခဲ့သော အရိပ်ဖမ်း ဝိညာဉ် သလင်းကျောက် ဖြစ်စေ၊ ယခု ချင်မင်ဟောက်၏ မှတ်ဉာဏ်ထဲမှ ပုံရိပ်များ ဖြစ်စေ... အားလုံးကို နင်ချီ ကိုယ်တိုင် ပြုပြင် ဖန်တီးထားခြင်း ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် ဤအရာများသည် သူတို့ အမှန်တကယ် 'ဖြတ်သန်းခဲ့ရသည့်' အတိတ် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာငယ်လေး၏ အရှင်သခင် ဖြစ်သူ နင်ချီ တစ်ယောက်တည်းသာလျှင် ဤကဲ့သို့သော အရာကို လုပ်ဆောင်နိုင်ပေမည်။ နယ်ပယ် စွမ်းအားအား အသုံးပြုပြီး ဇာတ်လမ်း တစ်ပုဒ်ကို လွယ်ကူစွာ ဖန်တီး ရိုက်ကူးလိုက်ခြင်းပင်။ ဤကဲ့သို့သော အရာမျိုးကို 'သဟဇာတဖြစ်ခြင်း နယ်ပယ်'မှ ဘိုးဘေးများပင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ဤသို့ လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်မှာလည်း ရိုးရှင်းလှပေသည်။

နင်ချီ အနေဖြင့် ချူတိုင်းပြည် အင်မော်တယ် ကျင့်ကြံခြင်း နယ်မြေ သို့ သွားရောက်ခဲ့သည့် ကိစ္စကို ဖုံးကွယ်ထား၍ မရနိုင်မှန်း သိနေ၏။ သူတို့ မရမက စုံစမ်းနေမည့် အတူတူ သူတို့ကို အခြား လမ်းကြောင်း တစ်ခုဆီသို့ လမ်းလွှဲပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

အစစ်အမှန်သိုင်း ကမ္ဘာကတော့ ယဇ်ပူဇော် ခံလိုက်ရပြီ ဖြစ်သည့်အတွက် သက်သေအထောက်အထား ရှာမရနိုင်တော့။ ထို့ကြောင့် ထိုကမ္ဘာထဲတွင် 'ပေါင်းစည်းခြင်း နယ်ပယ်' မှ အခွင့်အရေး တစ်ခု ရှိခဲ့သည်ဟု ပုံဖော်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်၌...

မဟာစွမ်းအားရှင် အများစုမှာ စိတ်လှုပ်ရှားသွားကြလေ၏။

အဘယ်ကြောင့်ဆိုသော် သူတို့၏ အမြင်အာရုံဖြင့် ကြည့်လျှင် ထို အရောင်ငါးမျိုး ဖြာထွက်နေသော ဂူ စံအိမ်တော်မှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် 'ပေါင်းစည်းခြင်း နယ်ပယ်' အရှိန်အဝါ စစ်စစ် ဖြစ်ကြောင်း သိမြင်နေသောကြောင့်ပင်။ နင်ချီ ပြောသည်မှာ အမှန်တရား ဖြစ်ကြောင်း သူတို့ ယုံကြည်လိုက်ကြသည်။

ထို့ကြောင့် နင်ချီက (၁၂) ဂိုဏ်းမှ ကျင့်ကြံသူများကို သတ်ဖြတ်လိုက်ခြင်းမှာလည်း နားလည် လက်ခံနိုင်စရာ ဖြစ်သွားတော့၏။ သတင်းပေါက်ကြားမှုကို တားဆီးရန် လုပ်ဆောင်ချက် တစ်ခုမျှသာ။ ယဲ့ချင်းထျန်း နှင့် ယဲ့ချန် တို့ပင်လျှင် ဤကိစ္စနှင့် ပတ်သက်ပြီး နင်ချီကို အပြစ်တင်ရန် စကားလုံး ရှာမတွေ့တော့ပေ။ တောင်နှင့် ပင်လယ် နယ်မြေ တွင် အားနည်းသူက အသား၊ အားကြီးသူက ဓား ဟူသော နိယာမ ရှိသည် မဟုတ်ပါလော။

ကျန်းပိုင်ချွမ်းသည် နင်ချီကို စက္ကန့် အနည်းငယ်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရယ်မောလိုက်လေတော့သည်။

"ဟားဟား... ဒီလို လုပ်စရာ မလိုပါဘူးကွာ။ ငါ့ရဲ့ ဓားဂိုဏ်း တပည့်တွေ အခွင့်အလမ်း ကောင်းတွေ ရရှိတာဟာ သူတို့ရဲ့ ကံတရားပဲ။ မင်းက မဟာ အကြီးအကဲ ဇီယန် ကိုယ်တိုင် ထောက်ခံထားတဲ့ 'အင်မော်တယ် မျိုးစိတ်'ပဲလေ။ အခုလို အခွင့်အရေးမျိုး ထပ်ရတယ် ဆိုကတည်းက မင်းရဲ့ ကံတရားက ဘယ်လောက် ကြီးမားတယ်၊ မင်းရဲ့ အနာဂတ် လမ်းခရီးက ဘယ်လောက် အတိုင်းအဆ မရှိ ဖြစ်လာမလဲ ဆိုတာ သက်သေပြနေတာပဲ"

ဂိုဏ်းချုပ်ကြီးသည် သိပ်ပြီးတော့ စိတ်လှုပ်ရှားဟန် မပြပေ။ 'ပေါင်းစည်းခြင်း နယ်ပယ်' အမွေအနှစ် ဆိုသည်မှာ အမွေအနှစ် တစ်ခုမျှသာ။

အမွေအနှစ် ရှိရုံဖြင့် အရာရာ ဖြစ်မလာနိုင်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း ၏ 'အကန့်အသတ်မဲ့ ဓားကျမ်း’ ကြီး ကိုယ်တိုင်ကလည်း 'ပေါင်းစည်းခြင်း နယ်ပယ်' မှ ထိပ်တန်း နည်းစနစ်များကို ညွှန်ပြထားသည် မဟုတ်ပါလော။ သို့သော် ရလဒ်က ဘာလဲ။ ယခု နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် 'ပေါင်းစည်းခြင်း နယ်ပယ်' သို့ ရောက်ရှိသည့် 'မဟာစွမ်းအားရှင်ကြီး' တစ်ပါးမှ ပေါ်ထွက်လာခြင်း မရှိသေးပေ။

နင်ချီက အလိုက်သင့်ပင် ပြန်လည် လျှောက်တင်လိုက်သည်။

"တပည့် အနေနဲ့ ဂိုဏ်းတော်ရဲ့ အခြေခံအုတ်မြစ် ပိုမို ခိုင်မာစေဖို့အတွက် ဒီခရီးစဉ်ကနေ ရရှိခဲ့တဲ့ 'ဓာတ်ကြီးငါးပါး ကပ်ဘေး ပြောင်းလဲခြင်း ကျမ်း' ကို ဂိုဏ်းတော်ကို ပြန်လည် ပူဇော်ချင်ပါတယ်ခင်ဗျာ"

ဤကျင့်စဉ်ကျမ်းသည် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်းမှ ရရှိခဲ့သော အမွေအနှစ်များထဲတွင် ပါဝင်သည့် ကျင့်စဉ်ကျမ်း ဖြစ်ပေသည်။

ထိုစကားကို ကြားလိုက်သည်နှင့် မဟာစွမ်းအားရှင် များစွာ၏ မျက်လုံးများထဲတွင် ကြင်နာသော အရိပ်အယောင်များ ချက်ချင်း ပေါ်ပေါက်လာကြလေ၏။ ကျန်းပိုင်ချွမ်း ကိုယ်တိုင်လည်း ပြုံးလိုက်မိတော့၏။

"တကယ်လား"

"ဓားဂိုဏ်းအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့် ရတာဟာ တပည့်ရဲ့ ဂုဏ်ယူစရာပါပဲ ခင်ဗျာ"

နင်ချီက အလွန် သင့်တင့်လျောက်ပတ်သော သဘောထားမျိုးကို ပြသလိုက်လေ၏။

ကျန်းပိုင်ချွမ်းက သဘောကျစွာဖြင့် ဟားတိုက် ရယ်မောလိုက်တော့သည်။

"ဟားဟား... ကောင်းလိုက်တာကွာ။ ငါ့ရဲ့ ဓားဂိုဏ်း တပည့်တိုင်းသာ မင်းလို စိတ်ထားမျိုး ရှိကြမယ် ဆိုရင် ဓားဂိုဏ်းကြီး ဘယ်လိုလုပ် မတိုးတက်ဘဲ နေမှာလဲ"

ထိုသို့ ပြောရင်းဖြင့် ကျန်းပိုင်ချွမ်းက ကျန်းချင်းရွှယ် ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ ကျန်းချင်းရွှယ် ခမျာ တုန်လှုပ်သွားရရှာလေ၏။

ယခင်က ဖြစ်ပျက်ခဲ့သော ကျန်းရွှမ်) ကိစ္စကို အခွင့်အရေးရှာပြီး ဖြေရှင်းလိုက်တော့ဟု သူမအား အချက်ပြနေခြင်း ဖြစ်ကြောင်း ကျန်းချင်းရွှယ် နားလည်လိုက်သည်။ သူမ ရင်ထဲတွင် ခါးသီးသွားရ၏။ ယဲ့ချန် တစ်ယောက် ဒီလောက်ထိ ကြီးမားတဲ့ ပေးဆပ်မှုကြီး ပေးဆပ်လိုက်ရတာတောင်မှ အနည်းဆုံးတော့ 'ဝိညာဉ် ရတနာ'

တစ်ခုလောက်နဲ့ လျော်ကြေးပေးပြီး ကျေအေး ရဦးမည့် ကိန်း ဆိုက်နေပြီ ဖြစ်သည်။

ထို့နောက် ကျန်းပိုင်ချွမ်းသည် ယဲ့ချင်းထျန်း ဘက်သို့ လှည့်ကြည့်ကာ ပြုံးစစဖြင့် ပြောလိုက်လေ၏။

"မဟာ အကြီးအကဲ ယဲ့... ခင်ဗျား အနေနဲ့ အစစ်အမှန် အမွေခံ နင်အပေါ် အထင်လွဲခဲ့ပုံ ရတယ်နော်"

အခြေအနေ အရပ်ရပ်မှာ ပြတ်သားသွားခဲ့ပြီ ဖြစ်သည်။

ကျန်းမိသားစု နှင့် ဂိုဏ်းတော် ဘက်တော်သား မဟာစွမ်းအားရှင်များသည် ယဲ့မိသားစု၏ ထင်ရာစိုင်းမှုကို ဘေးကနေ ကြည့်နေတော့မည် မဟုတ်ပေ။ ဒီနေ့ ပွဲမှာ အရှုံးအနိုင်က ပေါ်သွားခဲ့ လေပြီ။

ဆက်ပြီး ရစ်ပတ်နေလျှင်လည်း အကျိုးရှိမည် မဟုတ်မှန်း နားလည်လိုက်သဖြင့် ယဲ့ချင်းထျန်းက တည်ငြိမ်စွာပင် ပြောလိုက်လေ၏။

"အားလုံးက ဂိုဏ်းချုပ်ကြီးရဲ့ အစီအစဉ်အတိုင်းပါပဲ"

သို့သော် စကားပြောပြီးသည့် နောက်တွင်တော့ သူသည် နင်ချီကို လေးနက်သော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်မိသေး၏။

နင်ချီကမူ ဂရုမစိုက်သော ပုံစံဖြင့်သာ နေလိုက်သည်။

'မဟာစွမ်းအားရှင်' တစ်ပါး ဖြစ်ရုံလောက်နဲ့တော့... အကယ်၍များ သူ့ကို ရိုင်းစိုင်းရဲမည် ဆိုလျှင် နောင်တရတယ် ဆိုတာ ဘာလဲဆိုတာကို သင်ပေးလိုက်ရုံပင်။

အဖြစ်အပျက်များ တဖြည်းဖြည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

တပည့်များစွာ၏ ရင်ထဲတွင်မူ တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေကြလေ၏။

ဒီနေ့သည် မူလက 'အစစ်အမှန် အမွေခံ' နှစ်ဦးကြား အားပြိုင်ပွဲ ဟုသာ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ မဟာစွမ်းအားရှင်များစွာ ပါဝင်ပတ်သက်လာခဲ့ကာ ထင်မှတ်မထားသော အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

သို့သော် သေချာသည့် အချက်တစ်ခုတော့ ရှိလေ၏။ ဒီကိစ္စ ပြီးသွားသည့်နောက်တွင် နင်ချီ၏ ဂုဏ်သတင်းသည် ကြောက်ခမန်းလိလိ မြင့်တက်သွားပေတော့မည်။ ယဲ့ချန်ကို ခြေနင်းတိုင် ပြုလုပ်ပြီး တက်လှမ်းသွားခဲ့ခြင်းပင်။

ယခင်က ယဲ့ချန်ကို အပြတ်အသတ် ဖိနှိပ် ချေမှုန်းခဲ့သည့် မြင်ကွင်းကလည်း အားလုံး၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲ မဟုတ်ပါလော။ ယခု အခြေအနေကတော့ ပြိုင်ဘက်ကင်း လွှမ်းမိုးမှု တစ်ခုကို ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။

အစစ်အမှန် အမွေခံ အများစုမှာလည်း စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ နင်ချီ၏ မွေးရာပါ ပါရမီနှင့် စွမ်းအားကြောင့် ဖြစ်စေ၊ သူ၏ ရက်ရောမှုနှင့် နောက်လိုက်များကို ကာကွယ် စောင့်ရှောက်တတ်မှုကြောင့် ဖြစ်စေ... လူတိုင်း၏ စိတ်ထဲတွင် နင်ချီနှင့် ပူးပေါင်းလိုစိတ်များ ဖြစ်ပေါ်လာကြလေ၏။

ချင်မင်ဟောက်သည် ထင်ရှားသော သာဓကပင်။

သေနေသော မြင်းရဲ့ အရိုးကို ဈေးကြီးပေး ဝယ်ပြလိုက်ခြင်းပင်။ (ဆိုလိုသည်မှာ တန်ဖိုးမရှိဟု ထင်ရသူကိုပင် တန်ဖိုးထား ဆက်ဆံပြခြင်းဖြင့် လူများ၏ သစ္စာရှိမှုကို ရယူခြင်း ဖြစ်သည်)။

နင်ချီ၏ တက်လမ်းသည် မည်သူမျှ တားဆီး၍ မရနိုင်တော့ပေ။

ဤအချက်ကို မဟာစွမ်းအားရှင်များပင် ရှင်းလင်းစွာ မြင်တွေ့နေကြရသည်။ ဤမျိုးဆက်သစ် တပည့်များထဲတွင် မည်သူမျှ နင်ချီကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသလို၊ သူ့ကို တားဆီးရန် အရည်အချင်း မရှိကြပေ။ ကျန်းပိုင်ချွမ်း ကိုယ်တိုင်လည်း နားလည်လိုက်ပြီ ဖြစ်သည်။ ကျန်းချင်းရွှယ်။ ပင်လျှင် နင်ချီနှင့် ယှဉ်လိုက်ပါက အဆမတန် ကွာခြားလွန်းလှပေသည်။

..သူက ကမ္ဘာ့ ကောင်းချီး ကို ခံယူပြီး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကို တန်းပြီး တက်လှမ်းနိုင်ပေမယ့် မလုပ်ခဲ့ဘူး။ မူလဝိညာဉ် နယ်ပယ် ရဲ့ အကန့်အသတ် အထိပဲ တိုးမြှင့်ခဲ့တယ်။ ဒါက ဘာကို ပြနေလဲ ဆိုတော့... သူ့ရဲ့ တာအို လုံးသား က အလွန် ခိုင်မာပြီး ရှေ့ဆက် လျှောက်မယ့် လမ်းခရီးက အများကြီး ကျန်သေးတယ် ဆိုတာပဲ။ အချိန်တန်ရင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ဆိုတာ သူ့အတွက် ပန်းတိုင် မဟုတ်နိုင်ဘူး..

မဟာစွမ်းအားရှင် အားလုံးသည် ရင်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်မိကြလေ၏။

သူတို့သည် မျှော်လင့်ချက် တစ်ခုကိုလည်း မြင်တွေ့လိုက်ရသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီးတွင် ပထမဆုံးသော 'မဟာစွမ်းအားရှင်ကြီး' တစ်ပါး အမှန်တကယ် ပေါ်ထွက်လာတော့မည်လော။

သို့သော် ပို၍ အရေးကြီးသည်မှာ သူတို့သည် နင်ချီထံမှ အခြား မျှော်လင့်ချက် တစ်ခုကိုပါ မြင်တွေ့လိုက်ရခြင်းပင်။

"နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ"

ဤနေရာသည် ပေ့ရွှမ် နယ်မြေနှင့် တောင်ပိုင်း အစစ်အမှန် နယ်မြေ တို့ ပူးပေါင်း ပိုင်ဆိုင်ထားသော လျှို့ဝှက် နယ်မြေ တစ်ခု ဖြစ်သည်။ ထိုနေရာတွင် ကောင်းကင်နှင့် မြေကြီး ရတနာများ သာမက စွမ်းအားကြီးမားသော အမွေအနှစ်များနှင့် ဝိညာဉ် ရတနာများ ပါ ကိန်းအောင်း တည်ရှိနေပေသည်။

ထိုနယ်မြေသည် နှစ်ပေါင်း သုံးထောင်လျှင် တစ်ကြိမ်သာ ပွင့်လေ့ရှိပြီး၊ မူလဝိညာဉ် နယ်ပယ် နှင့် အောက် အဆင့် ရှိသော ကျင့်ကြံသူများသာ ဝင်ရောက်ခွင့် ရှိလေ၏။

မဟာစွမ်းအားရှင်များ၏ အတွေးစ မဆုံးခင်မှာပင် ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း၏ အသံသည် အစစ်အမှန် အမွေခံ တပည့်တိုင်း၏ နားထဲသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်လာ

ခဲ့လေတော့သည်။

"နောက်ထပ် တစ်နှစ် ကြာရင် 'အစစ်အမှန် အမွေခံ' အဆင့်သတ်မှတ်ချက်ကို ပြန်လည် ရွေးချယ်မယ်။ ထိပ်ဆုံး (၁၀) ယောက် ဝင်တဲ့ အစစ်အမှန် အမွေခံတွေက 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ကို သွားရောက်ခွင့် ရရှိကြလိမ့်မယ်”

အခန်း (၅၁၂) - အရေးပေါ် အခြေအနေနှင့် မျှော်လင့်ချက် ရောင်ခြည်

~"နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ "

ထိုစကားလုံးလေးလုံး ထွက်ပေါ်လာသည့် ခဏ၌ ဓားဂိုဏ်း တပည့်အားလုံး၏ အာရုံသည် ထိုအမည်နာမထံသို့ သံလိုက်နှင့် သံအလား ဆွဲယူခြင်း ခံလိုက်ရလေ၏။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်အားထက်သန်မှု မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေကြသော်လည်း၊ တစ်ဖက်တွင်မူ ပြောမပြတတ်သော သိမ်ငယ်မှု အရိပ်အယောင်များလည်း ယှဉ်တွဲ ပါဝင်နေပေ၏။

ဤအရာသည် ပေ့ရွှမ် နယ်မြေ၏ မူလဇာစ်မြစ်နှင့် သက်ဆိုင်နေသောကြောင့်ပင်။

တောင်နှင့် ပင်လယ် နယ်မြေ ဟူသော မဟာစကြဝဠာကြီးထဲတွင် ဝိညာဉ် နယ်မြေပေါင်း ရာချီ ရှိနေသော်လည်း ပေ့ရွှမ် နယ်မြေမှာမူ သေးငယ်သော နယ်မြေတစ်ခု အဖြစ်သာ ရပ်တည်နေရရှာသည်။ အမှန်စင်စစ်တွင်မူ ယခု မြင်တွေ့နေရသော ပေ့ရွှမ် နယ်မြေသည် မူလ နယ်မြေကြီး၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်ပေသည်။ ရှေးယခင် အတိတ်ကာလများဆီက ပေ့ရွှမ် နယ်မြေနှင့် ယခု ကပ်လျက် တည်ရှိနေသော တောင်ပိုင်း အစစ်အမှန် နယ်မြေ တို့သည် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ဟူသော အမည်ဖြင့် တသားတည်း တည်ရှိခဲ့ဖူးလေ၏။

ထိုစဉ်က "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ၏ ဂုဏ်သတင်းမှာ ကြီးမား ကျယ်ပြန့်လှပြီး အင်မော်တယ် ဂိုဏ်းကြီး တစ်ခု ကိုယ်တိုင် အုပ်ချုပ် စောင့်ရှောက်ခဲ့သော နေရာဌာန ဖြစ်ခဲ့၏။

သို့သော်... လွန်ခဲ့သော နှစ်ပေါင်း သိန်းချီသည့် ကာလတစ်ခု၌...

ကမ္ဘာပျက်မတတ် ကြမ်းတမ်းသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့လေ၏။ အင်မော်တယ် ဂိုဏ်းကြီး နှစ်ခုသည် သေမင်းတမန် တိုက်ပွဲများကို ဆင်နွှဲခဲ့ကြရာ သဟဇာတ ဖြစ်ခြင်း နယ်ပယ် ဘိုးဘေး ပုဂ္ဂိုလ်များ ကိုယ်တိုင် ပါဝင် တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲ၏ အရှိန်အဟုန်ကြောင့် "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ကြီးသည် အပိုင်းပိုင်း အစစ ကွဲအက်သွားခဲ့ရပြီး၊ သေးငယ်သော အပိုင်းအစက "ပေ့ရွှမ် နယ်မြေ" ဖြစ်လာကာ ကြီးမားသော အပိုင်းအစက "တောင်ပိုင်း အစစ်အမှန် နယ်မြေ" ဖြစ်လာခဲ့ရလေ၏။

ထိုအချိန်မှစ၍ "နက်ရှိုင်းသော သစ္စာတရား နယ်မြေ" ဟူသော အမည်နာမသည် သမိုင်းစာမျက်နှာထက်တွင်သာ ကျန်ရစ်ခဲ့တော့၏။

ပေ့ရွှမ်နှင့် တောင်ပိုင်းတို့သည် ရှေးဟောင်း အမွေအနှစ်များကို ဆက်ခံခဲ့ကြသော်လည်း ကံတရားက မျက်နှာလိုက်ခဲ့သည်ဟု ဆိုရမည်လော။ တောင်ပိုင်း အစစ်အမှန် နယ်မြေသည် ပေ့ရွှမ်ထက် များစွာ သာလွန် အားကောင်းခဲ့လေ၏။ ပေ့ရွှမ် နယ်မြေ တစ်ခုလုံးတွင် ပေ့ရွှမ် အထက်တန်းဂိုဏ်း ၌သာ သဟဇာတ ဖြစ်ခြင်း နယ်ပယ် မဟာစွမ်းအားရှင်ကြီး တစ်ပါး ရှိနေချိန်တွင်၊ တောင်ပိုင်း၌မူ သဟဇာတ ဖြစ်ခြင်း နယ်ပယ် မဟာစွမ်းအားရှင်ကြီးများ ဦးစီးသော အထက်တန်းဂိုဏ်း သုံးဂိုဏ်းထက်မနည်း တည်ရှိနေပေသည်။

သို့သော် ထိုအချက်သည် အဓိက မဟုတ်သေးပေ။

အရေးအကြီးဆုံး အချက်မှာ...၊

အင်မော်တယ် ဂိုဏ်းကြီး နှစ်ခုနှင့် မရေမတွက်နိုင်သော ဂိုဏ်းပေါင်းများစွာ အသက်စွန့် တိုက်ခိုက်ခဲ့ကြသည့် စစ်မြေပြင်ကြီးသည် ယခုအခါ နယ်မြေနှစ်ခု၏ ကြားတွင် "လျှို့ဝှက် နယ်မြေ" တစ်ခုအဖြစ် ပြောင်းလဲ တည်ရှိနေခြင်းပင်။

ထိုနေရာသည်ကား... "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" ပင် ဖြစ်ပေသည်။

ထိုလျှို့ဝှက် နယ်မြေ အတွင်း၌ ရှေးဟောင်း ပညာရှင်များ၊ မဟာစွမ်းအားရှင်များ ၊မဟာစွမ်းအားရှင်ကြီးများ နှင့် ဘိုးဘေးများ ၏ အမွေအနှစ်များ၊ ရုပ်ကြွင်းများစွာ ကိန်းအောင်းနေပေသည်။ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အထွတ်အထိပ် ဖြစ်သော "အကန့်အသတ်မဲ့ ဓားကျမ်း" သည်လည်း ထိုနေရာမှ ရရှိခဲ့ခြင်း ဖြစ်၏။ အမွေအနှစ်များသာမက ရှားပါးလှသော ကောင်းကင်နှင့် မြေကြီး ရတနာများလည်း ပေါများစွာ ရှိနေပေသည်။

ထို့ကြောင့် ဤ လျှို့ဝှက်နယ်မြေ ပွင့်လာသည့် အချိန်တိုင်းသည် နယ်မြေနှစ်ခုလုံးအတွက် အကြီးကျယ်ဆုံးသော ပွဲတော်ကြီး တစ်ခု ဖြစ်လာလေ့ ရှိသည်။

သို့ရာတွင် တောင်ပိုင်း အစစ်အမှန် နယ်မြေ၏ အင်အားကြီးမားမှုကြောင့် ပေ့ရွှမ် နယ်မြေမှ ကျင့်ကြံသူများသည် အခွင့်အရေး ကောင်းများကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်က များပေသည်။

သို့ရာတွင်၊... ဒီတစ်ကြိမ်မှာတော့ မတူတော့ပေ။

လူတိုင်း၏ အကြည့်တို့သည် နင်ချီထံသို့ အလိုအလျောက် ရောက်ရှိသွားကြလေ၏။ သူတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပလာကြ၏။

ယဲ့ချန် သည် ပထမမျိုးဆက် "အစစ်အမှန် အမွေခံ" များထဲတွင် ထူးချွန်ပြောင်မြောက်သူ ဖြစ်ခဲ့သော်လည်း၊ ထို ယဲ့ချန်ကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သော နင်ချီ၏ အရည်အချင်းမှာ အထက်တန်း ဂိုဏ်းအဆင့်ကို ကျော်လွန်ကာ အင်မော်တယ် ဂိုဏ်း ၏ ထိပ်တန်း ပါရမီရှင်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ မဟုတ်ပါလော။

"နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေက 'မူလဝိညာဉ် နယ်ပယ်' အောက် ကျင့်ကြံသူတွေကိုပဲ ဝင်ခွင့်ပြုတာလေ... ဒီတစ်ခေါက် နင်ချီသာ ဦးဆောင်သွားမယ် ဆိုရင် ငါတို့ ဓားဂိုဏ်းကြီး သေချာပေါက် အမြတ်ထွက်မှာပဲ"

မဟာစွမ်းအားရှင်များနှင့် တပည့်များ၏ စိတ်ထဲတွင် ထိုအတွေးများ တညီတညွတ်တည်း ပေါ်ပေါက်လာကြလေ၏။

ယဲ့ချန်မှလွဲ၍ ကျန်းချင်းရွှယ် ပင်လျှင် စိတ်အား တက်ကြွလာမိသည်။ နင်ချီ ဦးဆောင်မည့် ဤခရီးစဉ်သည် သမိုင်းသစ် ရေးထိုးနိုင်လိမ့်မည်ဟု သူမ ယုံကြည်နေမိ၏။

အစစ်အမှန် အမွေခံ တပည့်များမှာမူ နောက်တစ်နှစ်ကြာလျှင် ပြန်လည် ရွေးချယ်မည့် အဆင့်သတ်မှတ်ချက် ပွဲကို မျှော်လင့်တကြီး စောင့်စားနေကြပြီ ဖြစ်သည်။ အထူးသဖြင့် ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင်နိုင်မည့် သူများသည် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေကြ၏။ ဤခရီးစဉ်တွင် မဟာစွမ်းအားရှင် တစ်ပါး၏ ရုပ်ကြွင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ပါက သူတို့၏ အင်မော်တယ် လမ်းခရီးသည် ပန်းခင်းသောလမ်း ဖြစ်လာပေတော့မည်။

"ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်တော်ကို နာခံပါ့မယ်ခင်ဗျာ"

အစစ်အမှန် အမွေခံ တပည့်များသည် ပြိုင်တူ အရိုအသေ ပေးလိုက်ကြလေ၏။

နင်ချီ၏ မျက်နှာပေါ်တွင်မူ စူးစမ်းလိုစိတ် အနည်းငယ် ယှက်သန်းနေ၏။ သူသည် ဤ လျှို့ဝှက်နယ်မြေ အကြောင်းကို သိပ်မသိပေ။ အမှန်တကယ်တော့ အမွေအနှစ်များကို သူ သိပ်စိတ်မဝင်စားလှ။ သူ၏ လက်ထဲတွင် အစစ်အမှန်သိုင်း အမွေအနှစ် အပြည့်အစုံ ရှိနေပြီးသား မဟုတ်ပါလော။ သို့သော် ဝိညာဉ် ရတနာများကိုသာ ပိုမို စုဆောင်းနိုင်ခဲ့မည် ဆိုပါက သူ၏ ပင်မခန္ဓာကိုယ်သည် "စည်းမျဉ်း နယ်ပယ်" သို့ တစ်လှမ်းချင်း တိုးကပ်သွားနိုင်ပေလိမ့်မည်။

သူ့ရင်ထဲတွင် တိတ်တဆိတ် မျှော်လင့်နေမိလေ၏။

ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်းသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားလေ၏။

မဟာစွမ်းအားရှင်များ တစ်ပါးပြီး တစ်ပါး ထွက်ခွာသွားကြရာ ယနေ့ ဖြစ်ပျက်ခဲ့သော အရှုပ်တော်ပုံကြီးသည် ပြီးပြည့်စုံစွာ နိဂုံးချုပ်သွားခဲ့လေ၏။ ယဲ့ချန် ခမျာမှာမူ ပြဿနာကို ကိုယ်တိုင် ရှာမိသလို ဖြစ်ခဲ့ပြီး၊ နောက်ဆုံးတွင် "မဒီလေးကိုလည်း ဆုံးရှုံး၊ စစ်သည်တွေလည်း ပြုန်းတီး" ဆိုသည့် စကားအတိုင်း အရာရာ ဆုံးရှုံး ကျန်ရစ်ခဲ့ပြီ ဖြစ်၏။

နင်ချီသည် မဟာ အကြီးအကဲ ဇီယန် ထံသို့ ကျေးဇူးတင်စကား လှမ်းဆိုလိုက်သည်။

"ဒီနေ့ကိစ္စအတွက် မဟာ အကြီးအကဲ ဇီယန်ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ဇီယန်သည် နောက်ပြန်လှည့်ကြည့်ကာ သဘောကျစွာ ရယ်မောလိုက်လေ၏။ ထို့နောက် နင်ချီ၏ ပခုံးကို ရင်းနှီးစွာ ပုတ်လိုက်ပြီး -

"နင်... ဆက်ပြီး ကြိုးစားစမ်းပါကွာ။ ဒီအဘိုးကြီးက မင်းကို အများကြီး မျှော်လင့်ထားတာနော်"

ဘေးမှ ကြည့်နေကြသော အစစ်အမှန် အမွေခံများမှာ အားကျလိုက်ကြသည် ဖြစ်ခြင်း။

မဟာ အကြီးအကဲ ဇီယန် ဆိုသည်မှာ ဂိုဏ်းတွင်း၌ အင်အားအကြီးဆုံး ထိပ်သီး (၅) ဦး စာရင်းဝင် တစ်ဦး ဖြစ်ပေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးက ကျောထောက်နောက်ခံ ပေးထားသည် ဆိုမှတော့ နင်ချီ၏ နေရာသည် ဘယ်လောက် ခိုင်မာသွားပြီလဲ ဆိုတာ ပြောနေစရာပင် မလိုတော့ပေ။

လေးစား အားကျနေသော မျက်ဝန်းပေါင်းများစွာ၏ အကြည့်အောက်တွင် နင်ချီ၊ လုဇီယွဲ့နှင့် ချင်မင်ဟောက် တို့သည် သုံးရောင်ခြယ် ရတနာ သင်္ဘောပေါ်သို့ တက်ရောက်လိုက်ကြလေ၏။ ထိုအချိန်မှာပင် ကျန်းချင်းရွှယ်၏ နူးညံ့သော အသံလေး ပဲ့တင်ထပ်လာခဲ့၏။

"စီနီယာအစ်ကို နင်... ညီမလေး နောက်ကျမှပဲ ကိုယ်တိုင် လာရောက်ပြီး တောင်းပန်ပါ့မယ်ရှင်။ အရင်က ဖြစ်ခဲ့တာလေးတွေအတွက် စီနီယာအစ်ကို အနေနဲ့ စိတ်ထဲ မထားပါနဲ့နော်"

ဒုတိယ အစစ်အမှန် အမွေခံ ဖြစ်သူ ကိုယ်တိုင်က ဦးဆောင်ပြီး အရှုံးပေးလိုက်ခြင်းသည် နင်ချီ၏ ဂုဏ်သတင်းကို မိုးထိအောင် မြှင့်တင်ပေးလိုက်သလို ဖြစ်သွားလေ၏။

နင်ချီက အသာအယာ ပြုံးပြလိုက်ရုံသာ ပြုံးပြလိုက်သည်။

ကြက်ကလေးကို သတ်ပြပြီး မျောက်တွေကို ခြိမ်းခြောက်လိုက်ခြင်းပင်။

အကယ်၍ ယဲ့ချန်သာ စတင် ရန်မစခဲ့လျှင် နင်ချီ အနေဖြင့် ယဲ့ချန်နှင့် ကျန်းချင်းရွှယ် နှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ပြီး စံပြ လုပ်ပြရပေလိမ့်မည်။ ယခုတော့ ကျန်းချင်းရွှယ် တစ်ယောက် ကျည်ဆန်ကို ရှောင်တိမ်းနိုင်သွားခဲ့သည်ဟု ဆိုရမည်။

သေနတ်မှန်သော ငှက် ဖြစ်ရခြင်းရဲ့ အရသာကို ယဲ့ချန် ကောင်းကောင်းကြီး သိသွားလောက်ပါပြီ။

လေးစားသော အကြည့်များကို နောက်တွင် ထားရစ်ခဲ့ရင်း သုံးရောင်ခြယ် ရတနာ သင်္ဘောကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။ မြေပြင်ပေါ်တွင်တော့ အီးမှန်သော မျက်နှာထားဖြင့် ရပ်ကျန်နေရစ်သူ ယဲ့ချန် တစ်ယောက်တည်းသာ ရှိတော့၏။

...

သုံးရောင်ခြယ် ရတနာ သင်္ဘောပေါ်တွင်...

နောက်ဆုံးတော့ နင်ချီ တစ်ယောက် လုဇီယွဲ့ နှင့် နှစ်ယောက်တည်း သီးသန့် တွေ့ခွင့် ရပြီ ဖြစ်၏။

လုဇီယွဲ့သည် နေရထိုင်ရ ခက်နေသလို ဂနာမငြိမ် ဖြစ်နေရှာသည်။ သူမသည် တိုးညှင်းသော အသံလေးဖြင့် လှမ်းခေါ်လိုက်မိ၏။

"နင်... စီနီယာအစ်ကို နင်"

နင်ချီက နွေးထွေးစွာ ပြုံးလိုက်ပြီး -

"ဇီယွဲ့ရာ... မင်းနဲ့ငါ့ကြားမှာ ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူးဟာ။ မင်း မနေတတ်ဘူး ဆိုရင်တောင် ငါကတော့ မင်းကို 'စီနီယာအစ်မ လု' လို့ပဲ ဆက်ခေါ်နေမှာပါ"

နင်ချီသည် တောင်နှင့် ပင်လယ် နယ်မြေ၏ စည်းမျဉ်းများကို သိပ်ပြီး သဘောမကျလှပေ။ အရင်တုန်းက အစစ်အမှန်သိုင်း ဂိုဏ်းမှာ နေခဲ့စဉ်က သူ့ရဲ့ စီနီယာ အစ်ကို၊ အစ်မတွေဟာ သူ့အပေါ် အမြဲတမ်း ကြင်နာခဲ့ကြသည်။ သူက စွမ်းအားချင်း သာလွန်သွားခဲ့လျှင်တောင်မှ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အထက်စီးက ဆက်ဆံတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးချေ။

သို့သော် လုဇီယွဲ့၏ စိတ်ထဲတွင်တော့ အထက်အောက် ရိုသေမှု အယူအဆက အမြစ်တွယ်နေပြီ ဖြစ်သည်။ သူမသည် လက်ခါပြလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်လေ၏။

"မဖြစ်ပါဘူးရှင်... ဝတ္တရား ဆိုတာ ပျက်ကွက်လို့ မဖြစ်ပါဘူး။ အဲဒီလို လုပ်ရင် စီနီယာအစ်ကိုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါလိမ့်မယ်"

သူမသည် နင်ချီ၏ အနာဂတ် လမ်းခရီး ဘယ်လောက် ကြီးကျယ်ခမ်းနားလဲ ဆိုတာကို ကောင်းကောင်း နားလည်ထားသူ ဖြစ်သည်။ ထို့ကြောင့် နင်ချီ့အပေါ် အစွန်းအထင်း အနည်းငယ်မျှပင် မဖြစ်စေချင်ပေ။

သူမ၏ ရင်ထဲတွင် ကြည်နူးမှုနှင့် ဝမ်းနည်းမှုတို့ ရောပြွမ်းနေမိသည်။ နင်ချီ ဟူသော ကလေးငယ် ဘဝမှသည် ယခုလို အရှိန်အဟုန်ဖြင့် ကြီးပြင်းလာပုံကို စောင့်ကြည့်ခဲ့ရသူမှာ သူမ တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလော။ ထို အရှိန်အဟုန် မြန်ဆန်လွန်းလှသဖြင့် သူမမှာ တစ်ခါတစ်ရံ မူးဝေချင်သလိုပင် ဖြစ်ရသည်။

နင်ချီသည် မတတ်သာသည့် အပြုံးဖြင့်သာ ပြုံးလိုက်မိပြီး ထပ်မံ ငြင်းဆန်မနေတော့ပေ။

"ဇီယွဲ့... ဒါနဲ့ မင်းရဲ့ ရှေ့ဆက်မယ့် အစီအစဉ်က ဘာလဲဟင်"

လုဇီယွဲ့က ခေါင်းလေး ငုံ့ထားရင်း တိုးတိုးလေး ဖြေလာသည်။

"စီနီယာအစ်ကို နင်သာ သဘောမကွက်ဘူး ဆိုရင်... ညီမလေး 'ဓာတ်ကြီးငါးပါး တောင်ထွတ်' ကို ဝင်ရောက်ချင်ပါတယ်"

နင်ချီ၏ မျက်နှာပေါ်တွင် အပြုံးပန်းတို့ ဝေဆာသွားတော့သည်။

"ကြိုဆိုပါတယ်ဟာ

... ဝမ်းပန်းတသာကို ကြိုဆိုပါတယ်"

သူသည် ဤဘဝတွင် လုဇီယွဲ့နှင့် ကောင်းမွန်သော ကံတရားကို တည်ဆောက်လိုပြီး သူမကို ပိုမို ဂရုစိုက် စောင့်ရှောက်ပေးချင်နေသူ ဖြစ်သည်။ အခုလို သူမ ကိုယ်တိုင်က ဓာတ်ကြီးငါးပါး တောင်ထွတ်ကို ဝင်ချင်တယ် ဆိုမှတော့... အရာရာဟာ ပိုပြီး အဆင်ပြေ ချောမွေ့သွားပြီ မဟုတ်ပါလော။

ပင်လယ်ပြင်မှ တိုက်ခိုက်လာသော လေညင်းသည် သူတို့နှစ်ဦးကြားသို့ ဖြတ်သန်း တိုက်ခတ်သွားလေ၏။ ထိုလေပြေထဲတွင် အေးမြခြင်းနှင့် စွဲလမ်းခြင်းတို့ ရောနှော ပါဝင်နေသယောင်...။

အခန်း (၅၁၃) - အရေးပေါ် အခြေအနေနှင့် နီးကပ်လာသော ကပ်ဘေး

~သူတို့နှစ်ဦး စကားပြောနေကြသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အချိန်တို့၏ ကုန်ဆုံးလွယ်ပုံကို တွေးတောရင်း လုဇီယွဲ့၏ နှလုံးသား နုနုလေးထဲတွင် လွမ်းဆွတ်ခြင်း အရိပ်အယောင်တို့ ဖြတ်သန်း တိုက်ခတ်လာရသည်။

ထိုစဦ၊ နင်ချီသည် ချင်မင်ဟောက်ကို မှာကြားလိုက်လေ၏။

"ဂျူနီယာညီလေး ချင်... ဂျူနီယာညီမလေး လုကို 'ဓာတ်ကြီးငါးပါး တောင်ထွတ်' တစ်ဝိုက် လိုက်ပြပေးလိုက်ပါကွာ။ ပြီးတော့ သူ့အတွက် သင့်တော်မယ့် ဂူ စံအိမ် တစ်လုံးလောက် ရွေးပေးလိုက်ပါဦး။ ငါ ခဏနေရင် ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့... စိတ်ချပါ စီနီယာအစ်ကို"

ချင်မင်ဟောက်သည် လေးစားစွာဖြင့် ပြန်လည် ဖြေကြားလိုက်လေ၏။

သူ၏ ရင်ထဲတွင်တော့ စိတ်လှုပ်ရှားမှု လှိုင်းတံပိုးတို့ ရိုက်ခတ်နေဆဲပင်။ ဒီနေ့တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း ၏ များပြားလှသော တပည့်ပရိသတ်ကြီး ရှေ့မှောက်တွင် သူ၏ အမည်နာမသည် ထွန်းလင်း တောက်ပခဲ့ရပြီ မဟုတ်ပါလော။ လွန်ခဲ့သော ဆယ်နှစ်ကဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို သူ အိပ်မက်ပင် မမက်ရဲခဲ့ချေ။ ဤအရာအားလုံးသည် နင်ချီကြောင့်သာ ဖြစ်ပေသည်။

အထူးသဖြင့် ဒီနေ့တွင် နင်ချီက မဟာစွမ်းအားရှင် ပေါင်းများစွာကို တည်ငြိမ်အေးဆေးစွာဖြင့် လှည့်စား ကစားသွားနိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ ရင်ထဲ၌ ကြည်ညိုလေးစားမှုတို့သာ အပြည့်အဝ နေရာယူထားတော့သည်။

နင်ချီသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် နေရာမှ ပျောက်ကွယ်သွားလေ၏။

...

ခဏတာ ကြာပြီးနောက်...

ခရမ်းရောင် နေမင်း တောင်ထွတ်၌…

နင်ချီသည် မဟာ အကြီးအကဲ ဇီယန် နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေလေ၏။

"ဒီနေ့ကိစ္စအတွက် မဟာ အကြီးအကဲရဲ့ ကူညီပေးမှုကို တပည့် အနေနဲ့ ထပ်ပြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ"

နင်ချီသည် ရိုးသားဖြူစင်စွာဖြင့် ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဇီယန်က တဟားဟား ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ရပါတယ်ကွာ... ငါကလည်း ဟို သရဲအိုကြီး ယဲ့ က လူငယ်တွေကို အနိုင်ကျင့်နေတာ မြင်ရင် ကြည့်မရလို့ပါ။ ပြီးတော့ ဒီနေ့ မင်း လုပ်ပုံကိုင်ပုံတွေက တကယ့်ကို ကောင်းမွန်လွန်းပါတယ်"

သူ နင်ချီ့ကို ကြည့်နေသော အကြည့်များထဲတွင် ကျေနပ် အားရမှုတို့ ပြည့်နှက်နေလေ၏။

သူသည် နင်ချီ့ အကြောင်းကို စုံစမ်းပြီး ဖြစ်သည်။ နင်ချီသည် လုဇီယွဲ့ ခေါ်ဆောင်လာသော မိဘမဲ့ ကလေးငယ် တစ်ဦး ဖြစ်ပြီး၊ နောက်ကြောင်း ရာဇဝင် ရှင်းလင်းသူ ဖြစ်ကြောင်း အကြိမ်ကြိမ် စစ်ဆေးပြီး ဖြစ်၏။ ရှေးဟောင်း ဘီလူး တစ်ကောင်က ဝင်ရောက် ပူးကပ်ထားခြင်း မဟုတ်မှန်း သေချာသည့် နောက်တွင်တော့... ဤကဲ့သို့ ပါရမီ ထူးချွန်သော တပည့်မျိုးကို မည်သူက မကျေနပ်ဘဲ နေပါမည်နည်း။

"မင်း အနေနဲ့ ဓားဂိုဏ်းအပေါ်မှာ သစ္စာရှိသရွေ့... ငါ့ဘက်က မင်းကို အကာအကွယ် ပေးထားမယ်၊ မင်းရဲ့ တက်လမ်းကို ဖြောင့်ဖြူးအောင် လုပ်ပေးမယ်လို့ ကတိပေးတယ်ကွာ"

ဇီယန်၏ စကားသံသည် လေးနက် တည်ကြည်လှပေသည်။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် ရောင်ခြည်တို့ တောက်ပနေ၏။

တစ်နေ့နေ့တွင် နင်ချီ ကြီးပြင်းလာပြီး အကန့်အသတ်မဲ့ ဓားဂိုဏ်းကြီးကို ဦးဆောင်ကာ ဂုဏ်ရောင် ထွန်းပြောင်စေမည့် နေ့ရက်ကိုသာ မြင်တွေ့ခွင့် ရမည်ဆိုပါက သူ သေပျော်ပါပြီ။

နင်ချီကလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

တောင်နှင့် ပင်လယ် နယ်မြေ သို့ ဝင်စားလာရခြင်းသည် သက်ရှိအားလုံးကို သတ်ဖြတ်ရန် မဟုတ်ချေ။ အကန့်အသတ်မဲ့ ဓားဂိုဏ်းသည် သူ ကြီးပြင်းရာ အရပ် ဖြစ်လာပြီမို့ ကြီးမားသော မတော်တဆမှုများ မရှိသရွေ့ သူ ဤဂိုဏ်းကို ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်သည်။

နင်ချီသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရောင်ငါးမျိုး ဖြာထွက်နေသော ကျောက်စိမ်း စာလိပ်တစ်ခု သူ၏ လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာလေ၏။

"ဒါကတော့ တပည့် ကမ္ဘာငယ်လေးထဲကနေ ရရှိခဲ့တဲ့ 'ဓာတ်ကြီးငါးပါး ကပ်ဘေး ပြောင်းလဲခြင်း ကျမ်း' ပါခင်ဗျာ။ မဟာ အကြီးအကဲ ကနေတစ်ဆင့် ဂိုဏ်းတော်ကို ပေးအပ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်"

ဇီယန်မှာ ခေတ္တမျှ အံ့သြသွားပြီးနောက် နင်ချီ့ကို ကြည့်သော အကြည့်များက ပို၍ပင် ကျေနပ် အားရသွားလေတော့သည်။

ဤလုပ်ရပ်တွင် ပါးနပ်သော သဘောတရားများ ပါဝင်နေသည် မဟုတ်ပါလော။

ဇီယန်မှ တစ်ဆင့် ဂိုဏ်းကို ပေးအပ်ခြင်းဖြင့် ဤကုသိုလ် ကောင်းမှုသည် ဇီယန်၏ မှတ်တမ်းတွင်လည်း ပါဝင်သွားမည် ဖြစ်သည်။ ထို့အပြင် ဇီယန် အနေဖြင့် ဤကျင့်စဉ်ကျမ်းကို ဦးစွာ ဖတ်ရှုခွင့် ရရှိမည် ဖြစ်ပြီး မည်သူမျှ အပြစ်ပြော၍ ရမည် မဟုတ်ပေ။

ဇီယန်က သူ့ကို ထောက်ခံပေးခဲ့သည့်အတွက် နင်ချီက ကျေးဇူးတုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ လူမှုဆက်ဆံရေး သဘောတရား အရ အပြန်အလှန် ရှိသင့်သည် မဟုတ်ပါလော။

ဇီယန်သည် ကျောက်စိမ်း စာလိပ်ကို ယူလိုက်ပြီး နင်ချီ့ကို ပြုံးလျက် လက်ညှိုးထိုးကာ ပြောလိုက်သည်။

"မင်း... မင်းကတော့ကွာ... ဟားဟား"

သူ စကားအများကြီး မပြောသော်လည်း သူတို့ နှစ်ဦးကြားက ဆက်ဆံရေးသည် သိသိသာသာ ရင်းနှီးသွားခဲ့ပြီ ဖြစ်၏။ အစောပိုင်းက နင်ချီ၏ ပါရမီကို သဘောကျသော စီနီယာ တစ်ယောက် အနေအထား ဆိုလျှင်၊ ယခုတွင်မူ လူငယ်လေး တစ်ယောက်နှင့် မိတ်ဆွေဖွဲ့လိုက်သော လူကြီးသူမ တစ်ယောက် အနေအထားသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ဇီယန်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။

"ဒါနဲ့... 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' အကြောင်း မင်း ဘယ်လောက် သိထားလဲ"

ထိုစကားအား ကြားလိုက်ရသောအခါ၊ နင်ချီ၏ မျက်လုံးများ အရောင်လက်သွားလေ၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီက ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးကြောင့် ဖြစ်ပေါ်လာတယ် ဆိုတာလောက်ပဲ သိပါတယ်ခင်ဗျာ။ ကျန်တာ ဘာမှ မသိပါဘူး။ မဟာ အကြီးအကဲ အနေနဲ့ ရှင်းပြပေးပါဦးခင်ဗျာ"

ဇီယန်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး ရှင်းပြလေ၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါလည်း အဲဒီ လျှို့ဝှက်နယ်မြေထဲကို ရောက်ခဲ့ဖူးတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ နောက်တစ်နှစ်နေရင် ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် မင်းကို ပြောပြပါလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ငါ မင်းကို အကြမ်းဖျင်း ပြောပြထားမယ်"

"အဲဒီ စစ်ပွဲကြီးက ပြင်းထန်လွန်းလို့ အဲဒီ ဒေသက ကောင်းကင်နဲ့ မြေကြီး စည်းမျဉ်းတွေ အကုန်လုံး ပျက်စီး ရှုပ်ထွေးသွားပြီး ဒီလို ထူးခြားတဲ့ လျှို့ဝှက်နယ်မြေ ဖြစ်လာတာပဲ။ 'စည်းမျဉ်း စွမ်းအား' ကို နားလည် သဘောပေါက်ထားတဲ့ ဘယ်သူမှ ဝင်လို့ မရဘူး။ ဒါပေမဲ့ 'ဝိညာဉ် ရတနာ' တွေကိုတော့ အထဲမှာ သုံးလို့ရတယ်။ ဒီအချက်ကို မင်း အထူး သတိထားရမယ်"

"လျှို့ဝှက်နယ်မြေထဲမှာ ကမ္ဘာကြီးက ကျယ်ဝန်းတယ်၊ စည်းမျဉ်းတွေက ရှုပ်ထွေးတယ်၊ ဝိညာဉ်စွမ်းအင် တွေကလည်း အရမ်း ကြမ်းတမ်းတယ်။ အကြမ်းဖျင်း အားဖြင့် (၃) နေရာ ခွဲလို့ ရတယ်။ 'မဟာစွမ်းအားရှင် စစ်မြေပြင်' ၊ 'မဟာစွမ်းအားရှင်ကြီး စစ်မြေပြင်' နဲ့ 'ဘိုးဘေး စစ်မြေပြင်' ဆိုပြီးတော့ပေါ့"

"မင်း အနေနဲ့ တစ်ခုခု ရချင်တယ် ဆိုရင်တော့ အနည်းဆုံး 'မဟာစွမ်းအားရှင်ကြီး စစ်မြေပြင်' ကို သွားမှ ရမယ်။ အဲဒီနေရာကမှ ပါရမီရှင်တွေ ယှဉ်ပြိုင်ကြတဲ့ စင်မြင့်စစ်စစ်ပဲ။ 'ဘိုးဘေး စစ်မြေပြင်' ကတော့ ရှားပါးပြီး ရှာတွေ့ဖို့ ခက်သလို အန္တရာယ်လည်း အရမ်းများတယ်။ ပြီးတော့ ပေါ်လာတတ်တဲ့ နေရာကလည်း မမှန်ဘူး။ ဒါကြောင့် အဲဒီကို ဝင်မယ်ဆိုရင် သုံးခါလောက် သေချာ စဉ်းစားပါ"

သူသည် သူ၏ အတွေ့အကြုံများကို လေးနက်စွာ မျှဝေပေးလေ၏။

"ဒီ လျှို့ဝှက်နယ်မြေထဲမှာ အလွန် ထူးခြားတဲ့ 'စည်းမျဉ်း ကျောက်စိမ်း' ဆိုတာ ထွက်တယ်။ အဲဒါက မင်းရဲ့ ဒီခရီးစဉ်ရဲ့ အဓိက ပစ်မှတ်ပဲ။ တခြား အမွေအနှစ်တွေ၊ ဆေးမြစ်တွေ၊ ရတနာတွေ ဆိုတာ ပြင်ပ အရာဝတ္ထုတွေပါ။ ဒါပေမဲ့ ဒီ 'စည်းမျဉ်း ကျောက်စိမ်း' က မတူဘူး။ သူ့ထဲမှာ စည်းမျဉ်းတွေရဲ့ 'တာအို စီးဆင်းမှု' တွေ ပါဝင်နေတယ်။ အဲဒါက မင်းကို စည်းမျဉ်း စွမ်းအား နားလည်ဖို့ ကူညီပေးနိုင်ပြီး 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကို တက်လှမ်းဖို့ လွယ်ကူစေလိမ့်မယ်"

နင်ချီ၏ နှလုံးသား တစ်ချက် ခုန်သွားမိသည်။

'စည်းမျဉ်း ကျောက်စိမ်း ဟုတ်လား... အဲဒါက ဝိညာဉ် ရတနာတွေကို အစားထိုးနိုင်မလား။ တကယ်လို့များ အများကြီး စုဆောင်းနိုင်ခဲ့ရင် ငါ့ရဲ့ ပင်မခန္ဓာကိုယ်ကြီးက စည်းမျဉ်း နယ်ပယ် ကို လွယ်လွယ်ကူကူ တက်လှမ်းနိုင်မလား'

ထိုသို့ တွေးလိုက်မိပြီး နင်ချီ. ရိုသေစွာ ပြန်ဖြေလိုက်သည်။

"မဟာ အကြီးအကဲရဲ့ ဆုံးမစကားတွေကို တပည့် မှတ်သားထားပါ့မယ်ခင်ဗျာ"

ဇီယန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

"ဒါပေါ့... အချိန်ရမယ် ဆိုရင်တော့ ဂိုဏ်းအတွက် အမွေအနှစ်တွေ ပိုပြီး သယ်လာပေးပေါ့ကွာ။ ဂိုဏ်းရဲ့ အုတ်မြစ် ခိုင်မာအောင်လို့လေ။ မင်းရဲ့ စွမ်းအားနဲ့ ဆိုရင် ပေ့ရွှမ် နယ်မြေ နဲ့ တောင်ပိုင်း အစစ်အမှန် နယ်မြေ က မူလဝိညာဉ် နယ်ပယ် အဆင့် ကျင့်ကြံသူတွေဟာ မင်းရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ပါဘူး"

"ဒါပေမဲ့... မင်း သတိထားရမယ့် လူနည်းစုတော့ ရှိတယ်"

"ပထမ တစ်ယောက်ကတော့ ပေ့ရွှမ် အထက်တန်း ဂိုဏ်း ရဲ့ နံပါတ်တစ် အစစ်အမှန် အမွေခံ 'ချူရှောင်ထျန်း' ပဲ။ သူက ရိုးရိုးသားသား မဟုတ်ဘူး။ စွမ်းအားကြီးတဲ့ ဝိညာဉ် ခန္ဓာ တစ်ခု ပိုင်ဆိုင်ထားပြီး၊ ဒီ လျှို့ဝှက်နယ်မြေကို ဝင်ချင်လို့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မူလဝိညာဉ် နယ်ပယ် ထိပ်ဆုံးအဆင့်မှာ ဖိနှိပ်ထားတာ နှစ်တစ်ရာလောက် ရှိနေပြီ"

"ဒုတိယ တစ်ယောက်ကတော့ တောင်ပိုင်းက 'နွားမိစ္ဆာ အထက်တန်း ဂိုဏ်း' က 'နျူမန်' ပဲ။ သူက လူသား မဟုတ်ဘူး။ 'အင်မော်တယ် သားရဲ' သွေး ပါဝင်တဲ့ နွားမိစ္ဆာ တစ်ကောင်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက သဘာဝ အားဖြင့်ကို ကြောက်စရာ ကောင်းနေပြီးသား။ ပြီးတော့ သူတို့ ဂိုဏ်းရဲ့ 'နွားမိစ္ဆာ သွေးသန့်စင်ခြင်း ကျင့်စဉ်'ကို ကျင့်ကြံထားတော့ သူ့ခန္ဓာကိုယ်က မဟာစွမ်းအားရှင် လက်ထဲကနေတောင် ထွက်ပြေးနိုင်တယ်လို့ သတင်းထွက်နေတယ်"

"တတိယ တစ်ယောက်ကတော့ တောင်ပိုင်း 'ကောင်းကင် တာရာ အထက်တန်း ဂိုဏ်း' က 'ရန်ကျုံး' ပဲ။ သူက 'ကြယ်တာရာ ဝိညာဉ် ခန္ဓာ' ပိုင်ဆိုင်ထားပြီး မရေမတွက်နိုင်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို စုပ်ယူ အသုံးပြုနိုင်တယ်။ တိုက်ခိုက်ရေးမှာပဲ ဖြစ်ဖြစ်၊ ကျင့်ကြံခြင်းမှာပဲ ဖြစ်ဖြစ် ပြိုင်ဘက်ကင်းပဲ။ သာမန် မဟုတ်ဘူး"

"ဒီ (၃) ယောက်ကတော့ မင်းအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်။ ဒါကြောင့် သတိထားပါ။ ကျန်တဲ့ လူတွေကတော့ အလွန်ဆုံး ရှိလှ ယဲ့ချန် အဆင့်လောက်ပါပဲ။ မင်းအတွက် ပြဿနာ မဟုတ်ပါဘူး"

နင်ချီ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူ့ကိုယ်သူ မူလဝိညာဉ် နယ်ပယ်တွင် ပြိုင်ဘက်ကင်းပြီဟု ခံယူထားသော်လည်း ပြိုင်ဘက်များကို အထင်မသေးရဲပေ။

သူ မေးလိုက်သည်။

"တောင်ပိုင်းက အထက်တန်း ဂိုဏ်းကြီး (၃) ဂိုဏ်းလုံးမှာ 'မဟာစွမ်းအားရှင်ကြီး' တွေ ရှိတယ် ဆိုတော့... ထူးချွန်တဲ့ ပါရမီရှင်က နျူမန် နဲ့ ရန်ကျုံး (၂) ယောက်တည်း ရှိတာလား ခင်ဗျာ"

ဇီယန်က ပြုံးလိုက်သည်။

"ပါရမီရှင် ဆိုတာ မွေးထုတ်ရ လွယ်တာ မှတ်လို့ကွ။ မင်းတို့ (၄) ယောက် ဆိုတာလည်း အင်မော်တယ် ဂိုဏ်းကြီးတွေမှာ ဆိုရင်တောင် ထိပ်ဆုံး အဆင့် ရောက်နေပြီကွ။ အရင်တုန်းကဆို တစ်ယောက်လောက် ပေါ်လာရင်တောင် တော်တော် ဟုတ်နေပြီ။ အခုက (၄) ယောက်တောင် ပေါ်လာတာ။ ကျန်တဲ့ 'အမွှေးအတောင် ပေါက်ဖွားခြင်း အထက်တန်း ဂိုဏ်း' မှာတော့ ဒီမျိုးဆက်မှာ မင်းတို့လောက် တောက်ပတဲ့ ပါရမီရှင် မထွက်လာသေးဘူး"

နင်ချီ သဘောပေါက်သွားလေ၏။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာ အကြီးအကဲ"

ဇီယန်က လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ ဤကဲ့သို့သော ဘီလူးသရဲ ပါရမီရှင် ဂျူနီယာလေးကို လမ်းညွှန်ပေးရသည်မှာ ကျေနပ်စရာ ကောင်းလှသည် မဟုတ်ပါလော။

သူသည် မုတ်ဆိတ်မွှေးကို သပ်လိုက်ရင်း နင်ချီ ပေးထားသော ရောင်စုံ ကျောက်စိမ်း စာလိပ်ကို တစ်ချက် ကြည့်လိုက်ကာ ထပ်ပြောလိုက်သည်။

"ဒီအခွင့်အရေးကို သေချာ အသုံးချဖို့ မှတ်ထားပါ။ မင်း 'မဟာစွမ်းအားရှင်' အဆင့် ရောက်ဖို့ အချိန်ကို အများကြီး တိုသွားစေနိုင်တယ်။ ခြေလှမ်း တစ်လှမ်း နောက်ကျတာနဲ့ ရလဒ်က အများကြီး ကွာခြားသွားနိုင်တယ်"

သူ့စကားထဲတွင် ထူးခြားသော အရိပ်အမြွက် တစ်စုံတစ်ရာ ပါဝင်နေသယောင်။

နင်ချီ ရုတ်တရက် နိုးကြား တက်ကြွသွားလေ၏။ တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ သူ လက်ညှိုးကို အပေါ်သို့ အနည်းငယ် ထိုးပြလိုက်သည်။

ဇီယန်က သက်ပြင်းရှည် တစ်ချက် ချလိုက်လေ၏။

"မင်းက သင်ပေးရကျိုး နပ်တဲ့ ကလေးပဲကွာ"

သူ တိုးညှင်းစွာ ဆက်ပြောလိုက်သည်။

"ဝိညာဉ်နယ်မြေ စစ်ပွဲ ခေတ် စတင်ကတည်းက ငါတို့ရဲ့ တောင်နှင့် ပင်လယ် နယ်မြေ ဟာ ဆက်တိုက် ကြီးထွားလာခဲ့တယ်။ အခုဆိုရင် အကန့်အသတ်ကို ကျော်လွန်ဖို့ နီးကပ်လာပြီ။ တစ်နေ့နေ့မှာ ငါတို့ အဲဒီ ခြေလှမ်းကို လှမ်းနိုင်လိမ့်မယ်"

"ငါတို့လို အဆင့်မျိုး ရောက်နေတဲ့သူတွေက စည်းမျဉ်း စွမ်းအားကို ထိတွေ့နိုင်နေပြီ ဆိုတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲကို အာရုံခံနိုင်ကြတယ်။ ဖြစ်နိုင်တာကတော့... နောက်ထပ် ဝိညာဉ်နယ်မြေ စစ်ပွဲကြီး နီးကပ်လာနေပြီ ထင်ပါရဲ့"

သူ့အသံထဲတွင် စိတ်အားထက်သန်မှု တစ်မျိုး ပါဝင်နေသည်။

ဝိညာဉ်နယ်မြေ စစ်ပွဲ ဆိုသည်မှာ ကြီးမားသော အန္တရာယ် ဖြစ်သည်။ မဟာစွမ်းအားရှင်များပင် အချိန်မရွေး ကြေမွ ပျက်စီးသွားနိုင်၏။ သို့သော် ကြီးမားသော အခွင့်အလမ်းလည်း ဖြစ်ပေသည်။ အထူးသဖြင့် သူတို့လို အဆင့်တက်ဖို့ လမ်းပိတ်ပြီး ရပ်တန့်နေသူများအတွက် ဖြစ်သည်။

"မင်းတို့လို ပါရမီရှင်တွေ အတွက်တော့ ဒါဟာ တကယ့်ကို ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ့် အခွင့်အရေးပဲ။ တကယ်လို့များ တောင်နှင့် ပင်လယ် နယ်မြေသာ အဲဒီ ခုန်ပျံကျော်လွှားမှုကို လုပ်နိုင်ခဲ့ရင်၊ သူ့ရဲ့ မျက်နှာကြက်ကို မြှင့်တင်နိုင်ခဲ့ရင်... ဖြစ်နိုင်တာကတော့ 'အင်မော်တယ်' တွေ ပေါ်ထွက်လာနိုင်တယ်။ ဒါဟာ တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ခေတ်ကြီး ဖြစ်လာမှာ။ ဒီလို အခွင့်အရေးကို လက်လွှတ်လိုက်ရရင် ဘယ်တော့မှ ပြန်လိုက်မီမှာ မဟုတ်တော့ဘူး"

"အင်မော်တယ် လမ်းစဉ် ဆိုတာ တိုက်ခိုက် ယှဉ်ပြိုင်ရတာပဲ။ မင်းသာ မယှဉ်ပြိုင်ရင် သက်တမ်းကုန်ပြီး နောင်တတွေနဲ့ သေဆုံးရမယ့် အဖြစ်ကိုပဲ ထိုင်စောင့်နေရမှာ"

သူ့အသံ တိမ်ဝင်သွားသည်မှာ သူကိုယ်တိုင်လည်း နောင်တ တစ်စုံတစ်ရာ ရရှိနေသကဲ့သို့ပင်။

နင်ချီ၏ နှလုံးသားထဲတွင်လည်း ခံစားချက် လှိုင်းတံပိုးများ ရိုက်ခတ်လာရလေ၏။

နောက်ထပ် ဝိညာဉ်နယ်မြေ စစ်ပွဲကြီး နီးကပ်လာနေပြီ...

ဇီယန်၏ လေသံကို ထောက်ရှုရလျှင် သိပ်မဝေးတော့မှန်း သိသာလှသည်။ နှစ်တစ်ရာ ဖြစ်နိုင်သလို နှစ်ရာချီလည်း ဖြစ်နိုင်သည်။ ရုတ်တရက် ဆိုသလိုပင် သူ မခံစားရတာ ကြာပြီဖြစ်သော "အရေးပေါ် အခြေအနေ"

ဟူသော ခံံစားချက်ကြီး သူ့ရင်ထဲသို့ ဒလဟော ဝင်ရောက်လာတော့သည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နယ်မြေ စစ်ပွဲတွင် နယ်မြေကြီး နှစ်ခု တိုက်ခိုက်ကြသည့်အခါ အဆုံးမဲ့ စစ်ပွဲကြီးသည် မရေမတွက်နိုင်သော ကမ္ဘာငယ်လေးများကိုပါ ရိုက်ခတ်မည် ဖြစ်သောကြောင့်ပင်။ ထိုကမ္ဘာငယ်လေးများသည် ဝိညာဉ်နယ်မြေ၏ မူလအစအား ပြန်လည် ဖြည့်ဆည်းရန် လောင်စာ အဖြစ် အသုံးပြုခံရခြင်း၊ သို့မဟုတ် အခြား နယ်မြေမှ ကျွမ်းကျင်သူများ၏ နင်းချေမှုကို ခံရခြင်းတို့ ကြုံတွေ့ရပေလိမ့်မည်။

ထိုအချိန်ကျလျှင် အသက်ရှင်သန်နိုင်မှု ဆိုသည်မှာ... ကံတရား အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေတော့မည် ဖြစ်ပေသည်။

All Chapters