အခန်း (၅၁၇-၅၁၉)
Vol. 35 Ch. 517-519
အခန်း (၅၁၇) - တာအို လက်ဆောင်နှင့် အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက် (အပိုင်း ၂)
~"အင်း... ငါတို့ချင်း အမြင်ဖလှယ် ကြရအောင်လေ"
အစပိုင်းတုန်းကတော့ ဝမ်ယဲ့ သည် ထိုမြင်ကွင်းကို တိုက်ဆိုင်မှု တစ်ခုဟုသာ ထင်မှတ်ခဲ့သည်။ သို့သော် ဓာတ်ကြီးငါးပါး တောင်ထွတ် ပေါ်တွင် အချိန်ကြာကြာ နေမိလာသည့်အခါ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မရေမတွက်နိုင်အောင် တွေ့လာရတော့သည်။
ဝမ်ယဲ့၏ မျက်လုံးအိမ်များ ရုတ်ချည်း နီရဲလာရ၏။ မီးခိုးရောင် နောင်တတရားများက သူ့ရင်ကို မီးမြှိုက်လာသည်။
တစ်ဖက်တွင်... သူသည် နှစ်ပေါင်းများစွာ အဘယ်ကြောင့် ဤမျှ မျက်စိကန်းခဲ့ရပါသနည်း။
ယဲ့ချန် ၏ ဘေးတွင် အချိန်ဖြုန်းခဲ့မိသော နေ့ရက်များအတွက် သူ နှမြောတသ ဖြစ်ရလေ၏။
အခြားတစ်ဖက်တွင်မူ... သူသည် အားကျစိတ်များ ဖြစ်ပေါ်လာရသည်။
စီနီယာအစ်ကိုနင်၏ ဓာတ်ကြီးငါးပါး တောင်ထွတ်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း တစ်ခုလုံးတွင် အလားအလာ အကောင်းဆုံး နေရာ တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။ အစိမ်းရောင် ရှင်သန်မှုများဖြင့် ပြည့်နှက်နေသော နေရာ တစ်ခုပင်။
ဝမ်ယဲ့ကိုလည်း အခြား တပည့်များက ဆွဲခေါ်ပြီး လက်ရည်စမ်းလေ့ ရှိကြသည်။ သူတို့နှင့် အတူတူ ကျင့်ကြံလေ... ဝမ်ယဲ့ ပိုပြီး အားကျလေ ဖြစ်ရသည်။
ဘာကြောင့်များ ဒီတောင်ထွတ်က လူတွေဟာ ရက်ပိုင်းလောက် နေလိုက်တာနဲ့ ဉာဏ်အလင်းသစ်တွေ ရရလာကြတာပါလိမ့်။ သူတို့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက လူသားတွေနဲ့ မတူတော့သလိုပါလား။
ထိုသူများနှင့် ယှဉ်လိုက်လျှင် ဝမ်ယဲ့သည် သူ့ကိုယ်သူ တောသားမြို့တက်သလို၊ ဘာမှ မတတ်နားမလည်သော နလပိန်းတုံး တစ်ယောက်လို ခံစားလိုက်ရသည်။ သုံးကြိမ်တိုင်တိုင် လက်ရည်စမ်းကြသည့် သုံးကြိမ်လုံးတွင် တစ်ဖက်လူက တိုးတက်သွားပြီး အံ့မခန်း မြန်နှုန်းဖြင့် ကြီးထွားသွားသည်ကို သူ ကိုယ်တိုင် ကြုံတွေ့လိုက်ရသည်။
နားမလည်နိုင်တော့သဖြင့် ဝမ်ယဲ့သည် ချင်မင်ဟောက် ကို ဖွင့်ဟ မေးမြန်းမိလေ၏။
ချင်မင်ဟောက်က အဓိပ္ပာယ် ပါသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်။
"စီနီယာအစ်ကို ဝမ်... ခင်ဗျားက နံပါတ် (၉) အစစ်အမှန် အမွေခံ ဖြစ်တဲ့အတွက် ပါရမီ အပိုင်းမှာ ကျွန်တော်တို့ထက် သာလွန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စီနီယာအစ်ကိုနင်ရဲ့ ဘေးမှာ အချိန်ကြာကြာ နေခဲ့ရတဲ့အတွက် ဉာဏ်အလင်း ပွင့်တယ် ဆိုတာ စမ်းချောင်းရေ စီးသလို သဘာဝကျတဲ့ ကိစ္စ ဖြစ်နေပါပြီဗျာ"
"စီနီယာအစ်ကိုနင် သာ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာရင် ခင်ဗျားလည်း သေချာပေါက် တစ်ခုခု ရမှာပါ။ အဲဒီအခါကျရင် ယဲ့ချန်နဲ့ နေခဲ့ရတဲ့ ဘဝနဲ့ ဘယ်လောက် ကွာခြားလဲ ဆိုတာ ခင်ဗျား ကိုယ်တိုင် သိလာပါလိမ့်မယ်"
ဝမ်ယဲ့သည် မျှော်လင့်ချက် မျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း -
"ငါ့မှာ မင်းလောက် အမြော်အမြင် မရှိခဲ့ဘူးကွာ... မင်းလောက်လည်း သတ္တိ မရှိခဲ့ဘူး"
သူ့စကားကြောင့် ချင်မင်ဟောက်က အသာ ရယ်မောလိုက်သည်။ ဟုတ်ပါသည်... သူ့ဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်မှာ စီနီယာအစ်ကို နင်ချီ့နောက်သို့ လိုက်ခဲ့ခြင်းပင် ဖြစ်ပေသည်။
ထိုအချိန်မှစ၍ ဝမ်ယဲ့သည် နံပါတ် (၉) အစစ်အမှန် အမွေခံ ဟူသော မာန်မာနကို လုံးဝ စွန့်လွှတ်လိုက်ပြီး နှိမ့်ချစွာ နေထိုင်တော့သည်။ ဓာတ်ကြီးငါးပါး တောင်ထွတ်၏ နေ့စဉ်ဘဝထဲတွင် အပြည့်အဝ စီးဝင်သွားခဲ့ပြီ ဖြစ်၏။
သို့သော် သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှု တစ်ခုတော့ ရှိနေဆဲ။ ယဲ့ချန်နှင့် ယဲ့မိသားစုသည် သူ့ကို အလွတ်ပေးထားမည် မဟုတ်။ ဂိုဏ်းအတွင်းမှာတော့ နင်ချီ ရှိနေသဖြင့် ဘာမှ မလုပ်ရဲသော်လည်း ဂိုဏ်းပြင်ပ ရောက်သွားလျှင် မည်သို့ လုပ်မည်နည်း။
ထို့ကြောင့် ဝမ်ယဲ့သည် နေ့စဉ်လိုလို နင်ချီ တံခါးပိတ် ကျင့်ကြံရာ နေရာသို့ လာရောက်ပြီး အဝေးမှ မျှော်ငေးလေ့ ရှိသည်။
...
ထိုနေ့တွင်...၊
ကောင်းကင်ကြီးသည် ပြာလဲ့ ကြည်လင်နေ၏။ ဝမ်ယဲ့သည် ထုံးစံအတိုင်း နင်ချီ၏ ကျင့်ကြံရာ ဂူဝသို့ ရောက်လာခဲ့သည်။
သူ ပြန်လှည့်ရန် ပြင်လိုက်စဉ်မှာပင်...
ကျောက်တံခါးကြီးသည် ရုတ်တရက် ပွင့်ဟသွားလေ၏။
ဝမ်ယဲ့ လှမ်းကြည့်လိုက်မိသော ခဏ၌ ခရမ်းရောင် နှင့် အပြာရောင် အလင်းတန်းများ လေထုထဲတွင် ရောယှက် တောက်ပနေသည်ကို မြင်လိုက်ရ၏။ မိုးကြိုးနှင့် လေမုန်တိုင်းတို့ လိမ်ယှက်နေပြီးမှ မူလအစသို့ ပြန်လည် စုစည်းသွားကာ... တိမ်ဖြူတိုက် ပမာ ငြိမ်းချမ်းသော လူရိပ်တစ်ခု ထွက်ပေါ်လာလေ၏။
ဝမ်ယဲ့၏ မျက်ခွံများ တဆတ်ဆတ် တုန်ခါသွားသည်။ ဤကဲ့သို့သော အရှိန်အဝါမျိုးကို ယဲ့ချန်ဆီမှာ သူ မြင်ဖူးခဲ့သည်။
သို့သော် ယဲ့ချန်က "လေမိုးကြိုး ဝိညာဉ် ခန္ဓာ" ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စီနီယာအစ်ကိုနင်က မပိုင်ဆိုင်ထားဘဲနှင့် အဘယ်ကြောင့်...
လမ်းလျှောက် ထွက်လာသော နင်ချီ့ကို ကြည့်ရင်း ဝမ်ယဲ့သည် သူ့ကိုယ်သူ အလွန် သေးငယ်သွားသလို ခံစားလိုက်ရသည်။ ဘီလူးကြီး တစ်ကောင်ကို မော့ကြည့်နေရသလိုပင်။
ဘယ်လောက်မှ မကြာသေးဘူး... စီနီယာအစ်ကိုနင်က ယဲ့ချန်ရဲ့ အမှတ်တံဆိပ် နည်းစနစ်ကိုတောင် တတ်မြောက်သွားပြီလား။
နင်ချီ မျက်လုံး ဖွင့်လိုက်သောအခါ မျက်ဝန်းထဲတွင် ကမ္ဘာအသစ် တစ်ခု ဖြစ်တည် ပြောင်းလဲနေသကဲ့သို့ နက်ရှိုင်းလှပေသည်။
"ဝမ်ယဲ့... ရောက်နေတာ အတော်ပဲ။ ငါ့နောက် လိုက်ခဲ့ပါ"
ခဏအကြာတွင် စိတ်လှုပ်ရှားနေသော ဝမ်ယဲ့သည် နင်ချီ့နောက်မှ ပါလာပြီး ခန်းမဆောင်ထဲသို့ ရောက်ရှိသွားလေ၏။
နင်ချီ ထိုင်လိုက်သည်နှင့် ကျောက်စိမ်း စာလိပ်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲမှ အလိုအလျောက် ပျံသန်း ထွက်ပေါ်လာပြီး ဝမ်ယဲ့၏ ရှေ့မှောက်တွင် ရပ်တန့်သွားသည်။
ဝမ်ယဲ့ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
"ယူကြည့်လိုက်လေ"
နင်ချီ့စကားကြောင့် ဝမ်ယဲ့၏ မျက်လုံးများ အရောင်လက်သွားသည်။ တစ်စုံတစ်ခုကို သတိရလိုက်သကဲ့သို့ သူ့ရင်ထဲတွင် အနီရောင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲထွက်လာတော့သည်။
သူသည် ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ တုန်ရီနေသော လက်များဖြင့် ကျောက်စိမ်းစာလိပ်ကို လှမ်းယူကာ မော်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်လေ၏။
နင်ချီ တိတ်ဆိတ်စွာ ပြုံးနေလိုက်သည်။
*'ဝမ်ယဲ့... မင်းရဲ့ မျက်လုံးတွေထဲက စိတ်လှုပ်ရှားမှုတွေကို ငါ မြင်ရတာ ကျေနပ်ပါတယ်...။ ယဲ့ချန်က မင်းကို အသုံးချစရာ လက်နက်တစ်ခု အဖြစ်ပဲ သဘောထားခဲ့တာ...။ သူက မင်းကို ပေးဆပ်ဖို့ ဝန်လေးနေခဲ့တယ်...။ ဒါပေမဲ့ ငါက မတူဘူး ဝမ်ယဲ့...။ မင်းက ငါ့ကို ယုံကြည်ပြီး မင်းရဲ့ ကံတရားကို ငါ့လက်ထဲ အပ်နှံခဲ့မှတော့... ငါက မင်းကို ဘယ်လို လက်ချည်းသက်သက် ပြန်လွှတိယ်နိုက်မှာလဲ...။ ဒီနည်းစနစ်က မင်းရဲ့ အိပ်မက်တွေကို ပြည့်စုံစေရုံသာမက... မင်း မမျှော်မှန်းရဲခဲ့တဲ့ အမြင့်တစ်ခုဆီကိုပါ ခေါ်ဆောင်သွားလိမ့်မယ်...။ ကြည့်ထားလိုက်စမ်းပါ ယဲ့ချန်... မင်း ပစ်ပယ်လိုက်တဲ့ ကျောက်တုံးကို ငါ ဘယ်လို စိန်တုံး ဖြစ်အောင် သွေးယူလိုက်သလဲ ဆိုတာကို...'*
ထိုအချိန်မှာပင် လုဇီယွဲ့ သည် နင်ချီ ထွက်လာပြီ ဟူသော သတင်းကြောင့် အပြေးအလွှား ရောက်ရှိလာလေ၏။
"စီနီယာအစ်ကိုနင်..."
လုဇီယွဲ့၏ နှုတ်ဖျားမှ "စီနီယာအစ်ကို" ဟူသော အခေါ်အဝေါ်သည် ယခုအခါ သဘာဝကျစွာ ထွက်ပေါ်လာခဲ့ပါသည်။ အရင်တုန်းကလို တုံ့ဆိုင်းနေခြင်း မရှိတော့။
သူမ၏ မျက်ဝန်းလှလှလေးများဖြင့် နင်ချီ့ကို ငေးကြည့်ရင်း ရင်ထဲတွင် ပန်းနုရောင် လှိုင်းတံပိုးများ ထန်နေမိသည်။
ငါ ကောက်ယူလာခဲ့တဲ့ ကလေးလေးက ဘယ်လို အရှိန်အဝါမျိုး ပိုင်ဆိုင်ထားတဲ့သူ ဖြစ်နေရတာလဲ။
"အင်မော်တယ် မျိုးစိတ်" ဆိုတဲ့ ပါရမီအပြင်၊ ဓာတ်ကြီးငါးပါး တောင်ထွတ် တစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်း၊ နောက်လိုက်တွေကို တိုးတက်အောင် လုပ်ပေးနိုင်စွမ်း...။ ရှင်းလင်းစွာ ပြောရရင် သူက ကိုယ်ပိုင် အင်အားစု တစ်ခုကို ထူထောင်ပြီး ကမ္ဘာသစ် တစ်ခု ဖန်တီးနေသလိုပါပဲ။
သူမ အတွေးမဆုံးခင်မှာပင် နင်ချီက စကားစလိုက်သည်။
"ဇီယွဲ့... မင်းအတွက်လည်း ငါ ကျင့်စဉ်တစ်စုံ ပြင်ဆင်ထားတယ်"
လုဇီယွဲ့ အိပ်မက်ကနေ လန့်နိုးသွားသလို ဖြစ်သွားသည်။
"စီနီယာအစ်ကိုနင်... ညီမလေး ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူးရှင်"
အရင်တုန်းက အမြင်ချင်း ဖလှယ်တိုင်း သူမ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တာ သူမ အသိဆုံးပါ။ "မူလဝိညာဉ် နယ်ပယ်" ကို တက်လှမ်းဖို့ ရုန်းကန်နေရသည့် သူမအတွက် နင်ချီဟာ မီအောင် လိုက်လို့ မရနိုင်တော့တဲ့ နေမင်းကြီး တစ်စင်းလို ဖြစ်နေခဲ့ပါသည်။ သူမကတော့ အဝေးကနေ အလင်းရောင်ကို လှမ်းမျှော်ကြည့်နေရသူ တစ်ဦးပေါ့။
သို့တိုင်၊ မထင်မှတ်ထားဘဲ နင်ချီက သူမအတွက် လမ်းခင်းပေးခဲ့သည်။ ဖုန်မှုန့်တွေကြားကနေ ကောင်းကင်ဘုံ ကိုးဆင့်ဆီကို ဆွဲတင်ပေးနေသလိုပါပဲ။
ဇီယွဲ့ ကိုယ့်ပါရမီ ကိုယ်သိပါသည်။ အစစ်အမှန် အမွေခံတွေကြားမှာတောင် သူမက သာမန် အဆင့်လောက်ပါပဲ။
သို့သော်၊ ယခုတော့ အစစ်အမှန် အမွေခံတွေ အလုအယက် လာရောက် ခိုလှုံနေကြသည့် နေရာမှာ သူမ ရှိနေခွင့် ရသည်။ နံပါတ် (၉) ဝမ်ယဲ့တောင် ရောက်နေတာပဲ ကြည့်လေ။
သူမကို အားကျနေသူတွေ ဂိုဏ်းထဲမှာ အများကြီး ရှိမှန်း သူမ သိသည်။ ကံတရားက သူမဘက်မှာ ရှိနေခဲ့သည်ပဲ။
"ငါတို့ကြားမှာ ကျေးဇူးတင်စကားတွေ မလိုပါဘူးဟာ"
နင်ချီက ညင်သာစွာ ပြုံးလိုက်သည်။ သူ့မျက်နှာသည် မနက်ခင်း နေရောင်ခြည်ကဲ့သို့ နွေးထွေးနေ၏။
လုဇီယွဲ့သည် ပွင့်လင်းသူ ပီပီ မျက်မှောင်ကြုတ်နေရာမှ ပြန်လျှော့လိုက်ပြီး ကျောက်စိမ်း စာလိပ်ကို လှမ်းယူလိုက်သည်။ ထို့နောက် ပြတ်သားသော လေသံဖြင့် ပြောလိုက်လေ၏။
"ညီမလေးလည်း အသည်းအသန် ကြိုးစားပါ့မယ်။ မဟုတ်ရင် ယဲ့ချန်လို လူတွေက ညီမလေးကို ပစ်မှတ်ထားပြီး စီနီယာအစ်ကို့ကို ဒုက္ခပေးလာလိမ့်မယ်။ သူတို့ စိတ်တိုင်းကျ ဖြစ်လာမှာကို ညီမလေး လုံးဝ အဖြစ်မခံနိုင်ပါဘူး”
အခန်း (၅၁၈) - တာအို လက်ဆောင်နှင့် အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက် (အပိုင်း ၃)
~နင်ချီ၏ အပြုံးသည် ရုတ်ချည်း တည်ငြိမ်သွားပြီး လွှမ်းမိုးမှု အပြည့်ရှိသော လေသံဖြင့် ပြောလိုက်လေ၏။
"ငါ့ကို ယုံလိုက်ပါ ဇီယွဲ့... မကြာခင်မှာပဲ ယဲ့ချန် ဆိုတဲ့ လူက မင်းရဲ့ မျက်လုံးထဲမှာ ဘာကောင်မှ မဟုတ်တော့တဲ့ အခြေအနေ ရောက်သွားစေရမယ်"
လုဇီယွဲ့၏ မျက်နှာထက်တွင် အပြုံးပန်းတို့ ဝေဆာသွားတော့၏။
"စီနီယာအစ်ကို့ကို ညီမလေး ယုံပါတယ်ရှင်"
သူတို့နှစ်ဦး စကားပြောနေကြစဉ်မှာပင် ဘေးနားရှိ ဝမ်ယဲ့၏ မူလဝိညာဉ် အာရုံခံစားမှု သည် တဖြည်းဖြည်း ပြန်လည် စုစည်းမိလာခဲ့လေ၏။
"မူလဝိညာဉ် နယ်ပယ်" ကျင့်ကြံသူများ၏ အာရုံခံစားမှုသည် အလွန် စွမ်းအားကြီးမားလှရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျောက်စိမ်း စာလိပ်ထဲရှိ အကြောင်းအရာ အားလုံးကို ဖတ်ရှုပြီး ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် ဝမ်ယဲ့ တစ်ယောက် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရရှာသည်။ သူ အလိုချင်ဆုံးသော "ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာ"၏ ပြီးပြည့်စုံသော ကျင့်စဉ်ကို ဤမျှ လွယ်ကူစွာ ရရှိလိုက်လိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲခဲ့ချေ။
သူသည် ကျောက်စိမ်း စာလိပ်ထဲရှိ အကြောင်းအရာများကို အကြိမ်ကြိမ် ပြန်လည် စစ်ဆေးကြည့်မိလေ၏။ ဖတ်ရှုလိုက်တိုင်း ရင်ထဲတွင် ဉာဏ်အလင်းများ ပွင့်လာသကဲ့သို့၊ နတ်ရေစင် သောက်သုံးလိုက်ရသကဲ့သို့ ခံစားရပေ၏။
ပို၍ အံ့သြစရာ ကောင်းသည်မှာ... စီနီယာအစ်ကိုနင် ပေးလိုက်သော ဗားရှင်းသည် မူရင်း ပြီးပြည့်စုံသော ဗားရှင်းထက်ပင် အဆပေါင်းများစွာ ပိုမို စွမ်းအားကြီးမားနေခြင်း ဖြစ်သည်။
ဝမ်ယဲ့သည် ဤလမ်းစဉ်ကို နှစ်ပေါင်းများစွာ လိုက်စားခဲ့သူ ပီပီ၊ သူကိုယ်တိုင်လည်း ပြီးပြည့်စုံသော ကျင့်စဉ်ကို မှန်းဆခဲ့ဖူးသလို၊ ယဲ့ချန်နှင့် ဂိုဏ်းမှ အကြီးအကဲများကိုလည်း အကူအညီတောင်းကာ လေ့လာခဲ့ဖူးလေ၏။ သူတို့အားလုံး၏ ကောက်ချက်မှာ ဤကျင့်စဉ် ပြည့်စုံသွားပါက ဝမ်ယဲ့၏ စွမ်းအား (၅) ဆ ခန့် တိုးတက်လာနိုင်ပြီး "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" ကို လှမ်းမျှော်ကြည့်နိုင်မည် ဟူ၍သာ ဖြစ်ချေသည်။
သို့သော် နင်ချီ ပေးလိုက်သော ဗားရှင်းကမူ... ဝမ်ယဲ့အတွက် ကျယ်ပြန့်သော လမ်းမကြီး တစ်ခုကို ဖောက်လုပ်ပေးလိုက်ခြင်းပင်။ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ တက်လှမ်းရန် သေချာပေါက် ဖြစ်နိုင်ရုံသာမက၊ ထိုအဆင့်၏ ဟိုမှာဘက် အခြေအနေကိုပါ အနည်းငယ် လှမ်းမြင်နိုင်စေသည် မဟုတ်ပါလော။
ဝမ်ယဲ့၏ ဦးနှောက်များ ရှုပ်ထွေးသွားရလေ၏။ ကျောက်စိမ်း စာလိပ်ထဲမှ အချို့သော အပိုင်းများသည် နက်ရှိုင်းလွန်းလှသဖြင့် သူ ဉာဏ်မမီနိုင်အောင်ပင် ဖြစ်နေရ၏။
သူသည် ဘေးတွင် ရိုသေစွာ ထိုင်နေလိုက်သည်။ နဖူးမှ ချွေးစေးများ စီးကျနေပြီး၊ သူ့စိတ်အာရုံမှာ ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ ဂယက်ထနေတော့သည်။
နင်ချီနှင့် လုဇီယွဲ့ တို့သည် ဝမ်ယဲ့ သတိပြန်ဝင်လာသည်ကို သတိထားမိလိုက်ကြ၏။
လုဇီယွဲ့သည် စူးစမ်းလိုစိတ်ဖြင့် ဝမ်ယဲ့ကို အကဲခတ်နေမိသည်။
နံပါတ် (၉) အစစ်အမှန် အမွေခံ တစ်ယောက်ကို ဤမျှ တုန်လှုပ်သွားစေရန် စီနီယာအစ်ကိုနင်က မည်သည့်အရာများ ပေးလိုက်ပါသနည်း။
"ဝမ်ယဲ့... မင်းက ငါ့ရဲ့ ဓာတ်ကြီးငါးပါး တောင်ထွတ်ကို ရောက်နေပြီပဲ... သိပ်ပြီး တောင့်တောင့်ကြီး နေမနေပါနဲ့။ ကျောက်စိမ်း စာလိပ်ထဲမှာ နားမလည်တာ ရှိလို့လား"
နင်ချီ၏ အသံကြောင့် ဝမ်ယဲ့၏ သန်သန်စွမ်းစွမ်း ကိုယ်ခန္ဓာကြီးမှာ ကျုံ့ဝင်သွားသကဲ့သို့ ရှိလေ၏။ သူသည် ခေါင်းကို ငုံ့ကာ တပည့် ခံယူသော ပုံစံဖြင့် လျှောက်တင်လိုက်လေ၏။
"စီနီယာအစ်ကိုနင်... ကျောက်စိမ်း စာလိပ်ထဲမှာ ရေးထားတဲ့ 'လက်မောင်းကို အလေးထားမလား၊ နည်းစနစ်ကို အလေးထားမလား' ဆိုတဲ့ စကားစုက အရမ်းကို နက်ရှိုင်းလွန်းပါတယ်ခင်ဗျာ။ 'တာအို အသံတော်'ကို ကြားလိုက်ရသလိုမျိုး ကျွန်တော့်ရဲ့ ရှုပ်ထွေးမှုတွေကို ရှင်းလင်းသွားစေပြီး ရှေ့ဆက်ရမယ့် လမ်းကို မြင်လိုက်ရသလိုပါပဲ"
ဝမ်ယဲ့ စကားကို ခေတ္တရပ်ပြီး ဆက်ပြောသည်။
"ဒါပေမဲ့... ကျွန်တော့် အနေနဲ့ ပိုပြီးတော့တောင် ရှုပ်ထွေးသွားမိပြန်ပါတယ်။ ဒီစကားစုရဲ့ အဓိပ္ပာယ် အမှန်က ဘာလဲဆိုတာကို ဉာဏ်မမီပါဘူး၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး"
လုဇီယွဲ့ခမျာ ပါးစပ်လေးကို လက်ဖြင့် အုပ်ကာ မျက်လုံးများ အရောင်လက်လျက် နင်ချီ့ကို ငေးကြည့်နေမိလေ၏။
ဝမ်ယဲ့၏ အခြေအနေကို သူမ သိထား၏။ ယဲ့ချန်ဆီမှာ မရနိုင်ခဲ့သော အရာကို နင်ချီက လွယ်ကူစွာ ပေးလိုက်နိုင်သည် မဟုတ်ပါလော။ သူတို့ နှစ်ယောက်ကြားက ကွာခြားချက်သည် လင်းပိုးကောင်လေးနှင့် လမင်းကြီး ပမာ ကွာခြားလွန်းလှပေသည်။
နင်ချီက တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။
"ဒါဆို ရှင်းပြပါမယ်..."
"'လက်မောင်းကို အလေးထားတယ်' ဆိုတာက ခန္ဓာကိုယ် သန့်စင်ခြင်း ကို အဓိကထားပြီး ကိုယ့်ရဲ့ 'ဓမ္မခန္ဓာ' ကို လက်နက်သဖွယ် အသုံးပြုတာ၊ ပြီးတော့ မှော်လက်နက်တွေနဲ့ ပေါင်းစပ်ပြီး တိုက်ခိုက်တာကို ပြောတာ။ ဒါက နည်းနည်းတော့ ကြမ်းတမ်းတဲ့ နည်းလမ်းပေါ့"
ဝမ်ယဲ့ အိုးတိုးအမ်းတမ်းဖြစ်သွားမိသည်။ နင်ချီ့ စကားကို ဆက်စောင့်နေလိုက်၏။
"မင်း အခု သုံးနေတဲ့ လက်နက်တွေက သာမန် ဓားတွေ၊ လှံတွေပဲ ရှိသေးတာ။ တကယ်လို့ မင်းက 'လက်မောင်းကို အလေးထားတဲ့ လမ်းစဉ်' ကို လျှောက်မယ် ဆိုရင်... ဘာလို့ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် မှော်လက်နက် 'အစုံလိုက်' ကို မစုဆောင်းတာလဲ။ အဲဒါတွေ အချင်းချင်း ပံ့ပိုးပေးပြီး စစ်မြေပြင်မှာ ပြိုင်ဘက်ကင်း ဖြစ်အောင် မလုပ်တာလဲ"
ဝမ်ယဲ့၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ ဉာဏ်အလင်း တစ်ချက် ပွင့်သွားသကဲ့သို့ ရှိလေ၏။
"ဒါဆိုရင်... 'နည်းစနစ်ကို အလေးထားတယ်' ဆိုတာကရော ဘယ်လိုမျိုးလဲခင်ဗျာ"
နင်ချီက ပြုံးလိုက်လေ၏။
"နည်းစနစ်ကို အလေးထားတယ် ဆိုတာကတော့... ဟားဟား။ မင်းရဲ့ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် တစ်ခုချင်းစီက 'လျှို့ဝှက် နည်းစနစ်' တစ်မျိုးစီကို တတ်မြောက်ထားမယ် ဆိုရင်... အဲဒီ နည်းစနစ်တွေ အကုန်လုံးကို တစ်ပြိုင်နက် ထုတ်သုံးလိုက်တဲ့အခါ ဘယ်သူက မင်းကို ယှဉ်နိုင်မှာလဲ"
"မင်းက ခန္ဓာကိုယ် သန့်စင်ခြင်းကို အဓိကထားတယ် ဆိုပေမယ့် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကို တက်လှမ်းချင်ရင် လျှို့ဝှက် နည်းစနစ်တွေကို သင်ယူရလိမ့်မယ်။ ပြီးတော့ မှော်လက်နက် အစုံအလင် စုဆောင်းဖို့ ဆိုတာက တစ်ယောက်တည်း လုပ်ရင် အရမ်း ကြာလွန်းတယ်။ လက်နက်အပေါ်မှာပဲ အရမ်း မှီခိုလွန်းရာ ကျတယ်။ အဲဒါကြောင့် နည်းစနစ်ပိုင်းကို အလေးထားတာက ပိုကောင်းလိမ့်မယ်။ နည်းစနစ်တွေ လိုချင်ရင်... ငါ့ဆီမှာ အများကြီး ရှိကါတယ်"
ဝမ်ယဲ့၏ မျက်လုံးများထဲတွင် ပုံရိပ်များ တဖျပ်ဖျပ် ပေါ်လာတော့သည်။
သူ၏ မူလဝိညာဉ် အာရုံဖြင့် နင်ချီ ပြောသော နည်းလမ်းများကို ပုံဖော် ကြည့်နေမိခြင်း ဖြစ်၏။
ပုံရိပ်တစ်ခုထဲတွင်... ပေတစ်ရာ မြင့်သော သူ၏ ဓမ္မခန္ဓာကြီးသည် လိုက်ဖက်ညီသော မှော်လက်နက် အစုံအလင်ကို ကိုင်ဆောင်ထားပြီး၊ သူ့ဖာသာသူ 'အခင်းအကျင်း' တစ်ခုသဖွယ် ဖြစ်တည်နေကာ ရန်သူများကို ချေမှုန်းပစ်နေပေသည်။
နောက်ပုံရိပ် တစ်ခုထဲတွင်... သူ၏ ခေါင်းသုံးလုံး လက်ခြောက်ဖက်သည် မတူညီသော လျှို့ဝှက် နည်းစနစ်များကို တစ်ပြိုင်နက် ထုတ်ဖော်နေသည်။ နဂါးများသဖွယ် ထွက်ပေါ်လာသော စွမ်းအားများကြောင့် မည်သည့် ရန်သူမျိုး လာလာ တုံ့ပြန်နိုင်စွမ်း ရှိနေပေ၏။
"ဒါပေမဲ့... မင်း ဘယ်လမ်းကိုပဲ ရွေးရွေး၊ စကားလုံး (၆) လုံးကို မှတ်ထားပါ"
နင်ချီ၏ အသံသည် ခေါင်းလောင်းထိုးသံ ပမာ ကျယ်လောင် ပြတ်သားစွာ ထွက်ပေါ်လာပြီး ဝမ်ယဲ့၏ စိတ်ကူးယဉ်မှုများကို ဖြတ်တောက်လိုက်လေ၏။
ဝမ်ယဲ့ ချက်ချင်း ခါးမတ်လိုက်၏။ "လမ်းညွှန်ပေးပါ စီနီယာအစ်ကိုနင်"
"တိုက်ခိုက်၊ အမြန်နှုန်း၊ ကာကွယ်၊ ချုပ်နှောင်၊ ကန့်သတ်၊ လျှော့ချ... ခြောက်မျိုး ..တစ်ပေါင်းတည်း စနစ်.." ရိုးရှင်းသော စကားလုံး (၆) လုံးက ဝမ်ယဲ့၏ အမြင်အာရုံကို ထပ်မံ ကျယ်ပြန့်သွားစေပြန်သည်။
"တကယ်လို့ မင်းရဲ့ 'ခေါင်းသုံးလုံး လက်ခြောက်ဖက် ဓမ္မခန္ဓာ'က ဒီနည်းလမ်းတွေ အကုန်လုံးကို ပြည့်စုံအောင် တတ်မြောက်ထားမယ် ဆိုရင်... ဘယ်သူ. မင်းရဲ့ ရန်သူ ဖြစ်လာနိုင်မှာလဲ"
"အဲဒီနေ့တုန်းကသာ မင်းလက်ထဲမှာ ကာကွယ်ရေး ဒိုင်းတစ်ခု ရှိနေခဲ့မယ်၊ အကာအကွယ် အလွှာတစ်ခု ဖွင့်ထားနိုင်ခဲ့မယ် ဆိုရင် ချင်မင်ဟောက် ရဲ့ အဖြူအမည်း ဓားချီတွေက မင်းကို ထိုးဖောက်နိုင်ပါ့မလား။ မင်းမှာသာ 'အင်မော်တယ် ချည်နှောင်ကြိုး' တစ်ချောင်း ရှိနေခဲ့ရင် သူ ထွက်ပြေးလို့ ရပါ့မလား။ ပြိုင်ဘက်ရဲ့ စွမ်းရည်ကို ကန့်သတ်ပြီး လျှော့ချပစ်နိုင်မယ့် နည်းစနစ်တွေသာ မင်းမှာ ရှိနေခဲ့ရင်... ရလဒ်က ပြောင်းလဲသွားနိုင်တာပေါ့"
ဝမ်ယဲ့၏ ခေါင်းထဲတွင် နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာပြန်လေ၏။
ထိုနေ့က ချင်မင်ဟောက်နှင့် တိုက်ပွဲတွင်... သူ့တွင်သာ ဤ "ခြောက်မျိုး တစ်ပေါင်းတည်း စနစ်" ရှိခဲ့လျှင်... သူ သေချာပေါက် နိုင်ပေမည်။ ယဲ့ချန်ကိုတောင် သူ ပြန်ပြီး ဖိနှိပ် ရိုက်နှက်နိုင်လောက်ပေ၏။
သူတို့ စကားပြောပြီးသွားကြပြီ ဖြစ်သည်။
ဝမ်ယဲ့သည် နင်ချီ့ကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။ ထိုအကြည့်များထဲတွင် ဖျောက်ဖျက်၍ မရနိုင်သော ကြည်ညိုလေးစားမှုများ ကိန်းအောင်းသွားပြီ ဖြစ်၏။
မိမိရှေ့မှ ဤလူသားသည် သူ၏ အနာဂတ် လမ်းခရီးကို လက်ညှိုးတစ်ချက် ညွှန်ရုံဖြင့် ဖွင့်ပေးလိုက်သည် မဟုတ်ပါလော။ ထူးခြား ဆန်းကြယ်လိုက်ပါဘိ။
တကယ်လို့များ ယဲ့ချန်သာ သူ့ကို ဒီလောက် ကူညီပေးခဲ့မယ် ဆိုလျှင်... ယဲ့ချန်နဲ့ ယဲ့မိသားစုက တစ်ကမ္ဘာလုံး သိအောင် ကြော်ငြာမောင်းခတ်ပြီး မိမိ တစ်ဘဝလုံးကို ကျေးကျွန်အဖြစ် ခိုင်းစားကြမှာ သေချာပါသည်။
---
အခန်း (၅၁၉) - တာအို လက်ဆောင်နှင့် အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက် (အပိုင်း ၄)
~ စီနီယာအစ်ကိုနင်၏ ပုံရိပ်သည် ဝမ်ယဲ့ ၏ နှလုံးသားထဲတွင် ကောင်းကင်ယံ၌ တစ်စင်းတည်းသော နေမင်းပမာ ထွန်းလင်း တောက်ပနေလေ၏။ ထိုနေမင်းထံမှ ကျရောက်လာသော အလင်းရောင် တစ်ချက်သည်ပင်လျှင် သူ့တစ်ဘဝလုံးစာအတွက် လုံလောက်သော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေခဲ့သည် မဟုတ်ပါလော။
ဝမ်ယဲ့၏ စိတ်ဝိညာဉ်သည် လမ်းစဉ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီး၊ နင်ချီ့နောက်သို့ တစ်သက်လုံး လိုက်ပါကာ လိုအပ်လာပါက အသက်ကိုပင် စွန့်လွှတ်ရန် တိတ်တဆိတ် သစ္စာဆိုလိုက်လေ၏။
ထို့နောက်တွင်မူ ဝမ်ယဲ့နှင့် လုဇီယွဲ့ တို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြကာ ကိုယ်ပိုင် ကျင့်ကြံခြင်းများ ပြုလုပ်ရန် တံခါးပိတ် ဝင်ရောက်သွားကြလေ၏။
အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး... တစ်နှစ်တာ အချိန်သည် တိတ်ဆိတ် ငြိမ်သက်စွာပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ထိုတစ်နှစ်တာ ကာလအတွင်း ဓာတ်ကြီးငါးပါး တောင်ထွတ် သည် ပိုမို စည်ပင် ဝေဆာလာခဲ့၏။ ပင်လယ်ထဲသို့ စီးဝင်သော မြစ်ရေအလား အင်အားများ တစ်နေ့တခြား ကြီးထွားလာခဲ့ပေသည်။
အကန့်အသတ်မဲ့ ဓားဂိုဏ်း မှ နောက်ထပ် အစစ်အမှန် အမွေခံ အယောက် (၂၀) သည် ဓာတ်ကြီးငါးပါး တောင်ထွတ်သို့ ထပ်မံ ဝင်ရောက်လာကြလေ၏။ ထိုသူတိုင်းသည် သာမန် မဟုတ်ဘဲ၊ အရည်အချင်းရော အကျင့်စာရိတ္တပါ ပြည့်စုံသူများကို စိစစ် ရွေးချယ်ထားခြင်း ဖြစ်ပေသည်။
လူအများ၏ အမြင်တွင်မူ ဓာတ်ကြီးငါးပါး တောင်ထွတ်သည် ဓားဂိုဏ်းတစ်ခုလုံး၏ အကောင်းဆုံးသော ကျောက်စိမ်းရိုင်းများကို စုစည်းထားရာ နေရာတစ်ခု ဖြစ်လာနေကြောင်း သတိထားမိလာကြလေ၏။
...
တစ်နှစ် ကြာပြီးနောက်...၊
ယနေ့သည်ကား ဓားဂိုဏ်းကြီး တစ်ခုလုံး မီးတောင်ပမာ ဆူပွက်နေသော နေ့တစ်နေ့ ဖြစ်ပေသည်။
အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက်ကို ပြန်လည် ဖွင့်လှစ်မည့် နေ့ရက် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
တောင်ထွတ် အသီးသီးမှ တပည့်များသည် ဗဟို တောင်ထွတ်များဆီသို့ ဦးတည် လာနေကြလေ၏။
စွမ်းအား နိမ့်သူများသည် အရောင်စုံ ဓားအလင်းတန်းများကို စီးနင်းကာ ကောင်းကင်ယံကို ဖြတ်သန်းလာကြပြီး၊ တောင်ထွတ်ကြီးများမှ တပည့်များကမူ ကြီးမားသော မှော်ရတနာ ယာဉ်ပျံကြီးများကို စုပေါင်း စီးနင်းလျက် ရောက်ရှိလာကြပေသည်။
ဗဟို တောင်ထွတ်၏ အလယ်ရှိ ရင်ပြင်ကျယ်ကြီးသည် အလွန် ကျယ်ဝန်းလှပြီး၊ ယခုအချိန်တွင် ဂိုဏ်းသား အများစုသည် ထိုနေရာ၌ စုဝေး ရောက်ရှိနေကြပြီ ဖြစ်သည်။
ရင်ပြင်၏ ဘေးပတ်လည်တွင် "အင်မော်တယ် လှေကားထစ်များ" သည် အထပ်လိုက် မြင့်တက်နေပြီး၊ ဟင်းလင်းပြင်ထဲတွင်မူ "အင်မော်တယ် ပလ္လင်များ"အား တစ်ဆင့်ချင်းစီ ခမ်းနားစွာ တည်ဆောက်ထားလေ၏။
ဗဟို အမြင့်ဆုံးသော နေရာတွင်မူ ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း နေရာ ယူထား၏။
သူ၏ ဘယ်ဘက်တွင် ဒုတိယ ဂိုဏ်းချုပ် ချန်ဝမ်ဟယ် ထိုင်နေပြီး၊ ညာဘက်တွင်မူ မဟာ အကြီးအကဲ ဇီယန် ၊ယဲ့ချင်းထျန်း နှင့် အခြားသူများ ထိုင်နေကြလေ၏။
သူတို့၏ အောက်ဘက်တွင်မူ... ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင် အစစ်အမှန် အမွေခံများအတွက် နေရာများ ရှိနေပေသည်။
လေထဲတွင် လွင့်မျောနေသော ရွှေရောင် ပလ္လင်ဆယ်ခု ပေါ်၌ ယခင် ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင်များ နေရာယူထားကြသည်။ ပထမ နေရာတွင် ယဲ့ချန် ၊ ဒုတိယ နေရာတွင် ကျန်းချင်းရွှယ် စသည်ဖြင့် အစဉ်လိုက် ထိုင်နေကြ၏။
ထိပ်ဆုံး (၁၀) ယောက် စာရင်း မဝင်သော အခြား အစစ်အမှန် အမွေခံများမှာမူ ထိုပလ္လင်များပေါ်တွင် ထိုင်ခွင့် မရှိဘဲ၊ ရင်ပြင် အစွန်းရှိ အင်မော်တယ် လှေကားထစ်များပေါ်၌သာ ထိုင်နေကြရရှာသည်။
စည်းမျဉ်းအရ ဆိုလျှင်... နင်ချီသည်လည်း လှေကားထစ်များပေါ်၌သာ ထိုင်ရမည့် အခြေအနေ ဖြစ်နေပေသည်။
သို့သော် နံပါတ် (၉) အစစ်အမှန် အမွေခံ ဖြစ်သူ ဝမ်ယဲ့ သည် သူ့နေရာသူ စွန့်လွှတ်ကာ လှေကားထစ်များပေါ်၌သာ သွားရောက် ထိုင်နေခဲ့၏။ နင်ချီ့ကို သူ့အောက်သို့ အရောက်မခံနိုင်သောကြောင့် သူ၏ ပလ္လင်ကို နင်ချီ့အား ပေးအပ်လိုက်ခြင်း ဖြစ်သည်။
နင်ချီသည် ထိုကဲ့သို့သော အရာများကို စိတ်ထဲ မထားတတ်သော်လည်း ဝမ်ယဲ့၏ ဇွတ်အတင်း တောင်းဆိုမှုကြောင့် လက်ခံလိုက်ရလေ၏။
မည်သို့ပင် ဖြစ်စေ... သူတို့ ဒီနေရာမှာ ကြာကြာ နေရမည် မဟုတ်သည်မှာ သေချာသည် မဟုတ်ပါလော။
*'ဝမ်ယဲ့... ဝမ်ယဲ့... မင်းက သစ္စာရှိလွန်းပါတယ်...။ ဒါပေမဲ့ ဒီနေရာတွေ၊ ဒီပလ္လင်တွေ ဆိုတာက ခဏတာ နားခိုရာတွေပါပဲကွာ...။ ခဏနေရင် ဒီအဆင့်အတန်းတွေ အကုန်လုံး ပြောင်းလဲသွားတော့မှာ...။ ငါ့အတွက်တော့ လှေကားထစ်မှာ ထိုင်ရတာနဲ့ ပလ္လင်ပေါ်မှာ ထိုင်ရတာ အတူတူပါပဲ...။ အဓိကက စွမ်းအားပဲလေ...'*
နှစ်နာရီခန့် ကြာမြင့်ပြီးနောက်... ဒုတိယ ဂိုဏ်းချုပ် ချန်ဝမ်ဟယ် သည် မတ်တပ်ထရပ်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်လေ၏။
"ဒီနှစ်တွေ အတွင်းမှာ ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီး ပေါ်ထွန်းလာခဲ့တယ်။ တိုးတက်မှုတွေလည်း အရမ်း မြန်ဆန်ကြတယ်။ ဒါကြောင့် ဒီနေ့မှာ 'အစစ်အမှန် အမွေခံ' အဆင့်သတ်မှတ်ချက်ကို အထူး ပြန်လည် ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်"
"ပထမ နေရာ ရရှိသူကို... 'ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး' ဆယ်လုံး၊ 'အဆင့်နိမ့် ဝိညာဉ် ရတနာ' တစ်ခုနဲ့ 'ဟင်းလင်းပြင် လမ်းစဉ် အဆင့် နည်းစနစ်' တစ်ခုကို ဆုချီးမြှင့်မယ်"
"ဒုတိယ နေရာ ရရှိသူကို... 'ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး' ငါးလုံး၊ 'ထိပ်တန်းအဆင့် မှော်ရတနာ' တစ်ခုနဲ့ 'ဟင်းလင်းပြင် လမ်းစဉ် အဆင့် နည်းစနစ်' တစ်ခု ချီးမြှင့်မယ်"
"တတိယ နေရာ ရရှိသူကို..."
ချန်ဝမ်ဟယ်သည် စကားအပို မပြောဘဲ ဆုလာဘ်များကို တန်းစီ၍ ကြေညာလိုက်လေ၏။
ပထမ (၃) နေရာအတွက် ဆုလာဘ်များသည် တပည့်များစွာကို အနီရောင် မနာလို ဝန်တိုစိတ်များ ဖြစ်ပေါ်လာစေလောက်အောင် မက်လောက်စရာ ကောင်းလှပေသည်။ ဤဆုလာဘ်များသည် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ တက်လှမ်းမည့် သူများအတွက် ပြင်ဆင်ပေးထားသော ကုသမှုများ ဖြစ်နေသောကြောင့်ပင်။
"ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး" တစ်သုတ် ရရှိရန် ဆယ်နှစ် ကြာအောင် ဖော်စပ်ရသလို၊ "ဝိညာဉ် ရတနာ" ဆိုသည်မှာလည်း ယခုလက်ရှိ အစစ်အမှန် အမွေခံများထဲတွင် နင်ချီ၊ ယဲ့ချန် နှင့် ကျန်းချင်းရွှယ် တို့ (၃) ယောက်လောက်သာ ပိုင်ဆိုင်ထားနိုင်သော အရာများ ဖြစ်ပေသည်။
"ဒါ့အပြင်... အခု အသစ်ရွေးချယ်လိုက်မယ့် 'ထိပ်ဆုံး (၁၀) ယောက်' ဝင်တဲ့ သူတွေဟာ ငါတို့ ဓားဂိုဏ်း ကိုယ်စားပြု အနေနဲ့ 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ကို သွားရောက်ခွင့် ရကြလိမ့်မယ်။ အဲဒီထဲက အခွင့်အရေးတွေ အကြောင်းကိုတော့ မင်းတို့ သိပြီးသားမို့ ထပ်မပြောတော့ဘူး"
ချန်ဝမ်ဟယ် စကားဆုံးသည့်အခါ အမြင့်ဆုံး ပလ္လင်ပေါ်ရှိ ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်းကို လှမ်းကြည့်လိုက်လေ၏။
ကျန်းပိုင်ချွမ်းက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ပြတ်သားစွာ မိန့်ကြားလိုက်၏။
"အဆင့်သတ်မှတ်ချက် တိုက်ပွဲကို တရားဝင် စတင်လိုက်ပြီ"
ထိုစကားသံ ဆုံးသည်နှင့် ရင်ပြင်ကြီး တစ်ခုလုံး ဆူပွက်သွားတော့သည်။
ဆုလာဘ်များကို ခဏထားဦး... လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခွင့် ရမည့် အခွင့်အရေး တစ်ခုတည်းကပင် တပည့်အားလုံး၏ မျက်လုံးများကို နီရဲသွားစေရန် လုံလောက်နေပေသည်။
များစွာသော တပည့်များသည် နံပါတ် (၁၀) ပလ္လင်ပေါ်တွင် ထိုင်နေသော ဟယ်ထျန်း ထံသို့ ပြိုင်တူ ကြည့်လိုက်ကြလေ၏။
ဟယ်ထျန်းသည် မတ်မတ် ထိုင်နေပြီး လူအများ၏ စားတော့ဝါးတော့မတတ် အကြည့်များကို မမှုသကဲ့သို့ နေနေသော်လည်း...
သူ့စိတ်နှလုံးထဲတွင်မူ မီးခိုးရောင် စိုးရိမ်ပူပန်မှုများဖြင့် ဂနာမငြိမ် ဖြစ်နေရရှာသည်။
လွန်ခဲ့သော တစ်နှစ်က နံပါတ် (၉) ဝမ်ယဲ့ကို ဓာတ်ကြီးငါးပါး တောင်ထွတ်မှ ချင်မင်ဟောက် အနိုင်ယူခဲ့စဉ် ကတည်းက သူသည် အန္တရာယ်ကို ကြိုတင် ခံစားမိနေခဲ့သည်။ ဒီပွဲမှာ အထုတ်ခံရနိုင်ဆုံး လူသည် သူမှလွဲ၍ မည်သူ ရှိပါမည်နည်း။
ထို့ကြောင့် ဤတစ်နှစ်လုံး သူ မနားမနေ ကြိုးစား ကျင့်ကြံခဲ့ရသည်။
ရင်ပြင်ပေါ်သို့ လူရိပ်များ တစ်ခုပြီး တစ်ခု ခုန်ဆင်းလာကြလေ၏။ ခြွင်းချက် မရှိ... သူတို့ အားလုံးသည် ဟယ်ထျန်းကိုသာ စိန်ခေါ်ကြလေ၏။
ဟယ်ထျန်းသည် အစွမ်းကုန် ကြိုးစား၍ တိုက်ခိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင် တစ်ယောက်၏ အစွမ်းကို ပြသပြီး စိန်ခေါ်သူများကို အရှိန်အဝါဖြင့် ဖိနှိပ်ရန် ကြိုးစားရသည်။
ကံကောင်းသည်မှာ သူ၏ ကြိုးစားအားထုတ်မှုများ အရာထင်ခဲ့ပေသည်။ တိုက်ပွဲပေါင်း (၁၀) ပွဲမက ဆက်တိုက် ယှဉ်ပြိုင်ခဲ့ရသော်လည်း ဟယ်ထျန်းသည် ရင်ပြင်ပေါ်တွင် မတ်မတ် ရပ်တည်နိုင်ဆဲပင် ဖြစ်၏။
သို့သော်...
နောက်ထပ် ဟင်းလင်းပြင်ထဲသို့ လမ်းလျှောက် ထွက်လာသော လူရိပ်တစ်ခုကို မြင်လိုက်ရသောအခါ ဟယ်ထျန်း၏ မျက်ခွံများ လှုပ်ခတ်သွားရလေ၏။
ထိုသူမှာ... ချင်မင်ဟောက် ပင် ဖြစ်ပေသည်။
ချင်မင်ဟောက်သည် ကြောင်အမ်းအမ်း ဖြစ်နေသော ဟယ်ထျန်းကို တစ်ချက် လှမ်းကြည့်ပြီး အသာအယာ ပြုံးပြလိုက်သည်။ သို့သော် သူသည် ဟယ်ထျန်းကို ကျော်လွန်၍ နံပါတ် (၈) နေရာတွင် ထိုင်နေသော လော့ကျန် ထံသို့ အကြည့်ကို ပို့လွှတ်လိုက်ပြီး ဓားဖြင့် ချိန်ရွယ်လိုက်လေ၏။
"စီနီယာအစ်ကို လော့... ကျွန်တော် ခင်ဗျားနဲ့ ယှဉ်ပြိုင်ချင်ပါတယ်"
ဟယ်ထျန်းသည် သူ့ပလ္လင်ပေါ်သို့ ပြန်ထိုင်လိုက်ရင်း နဖူးမှ ချွေးများကို သုတ်လိုက်မိသည်။
သူ့စိတ်ခံစားချက်မှာ အလွန် ရှုပ်ထွေးနေ၏။ ချင်မင်ဟောက်က သူ့ကို မထီမဲ့မြင်ပြုကာ ကျော်သွားသည့်အတွက် ဒေါသထွက်မိသလို၊ သူ့ကို မရွေးချယ်ခဲ့သည့်အတွက်လည်း သက်ပြင်းချနိုင်ကာ စိတ်သက်သာရာ ရသွားမိသည်။
ထိုအချိန်မှာပင် ဟယ်ထျန်းသည် ရင်ပြင်အောက်မှ လှေကားထစ်များဆီသို့ လှမ်းကြည့်လိုက်မိသည်။ ထိုနေရာရှိ မရေမတွက်နိုင်သော မျက်လုံးများက သူ့ကို စိုက်ကြည့်နေဆဲပင်။ သူတို့ လက်မလျော့ကြသေးပေ။
*'သောက်ကျိုးနည်း... အောက်က ကောင်တွေတောင် လက်မလျော့ကြသေးဘူး ဆိုရင်... ငါက ဘာလို့ အရှုံးပေးရမှာလဲ...။ ဒီနေရာ၊ ဒီပလ္လင်ကို ငါ အသက်နဲ့ရင်းပြီး ကာကွယ်ရမယ်...။ လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်ကို ငါ လက်လွှတ်ခံလို့ မဖြစ်ဘူး...'*
ထိုစဉ်၊ လော့ကျန်းသည် ရင်ပြင်ပေါ်သို့ ဆင်းသက်လာပြီး ချင်မင်ဟောက်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်လေ၏။
သူ့အနောက်မှ ဓားတစ်လက် ပျံသန်း ထွက်ပေါ်လာပြီး လေထဲတွင် ဝဲပျံနေ၏။
ထိုဓားသည် တစ်ကိုယ်လုံး မည်းနက်နေပြီး၊ ဓားသွားဟူ၍ သီးသန့် မပါရှိဘဲ ချွန်ထက်သော ဓားထိပ်ဖျားသာ ပါရှိသည်။ သာမန် ဓားတစ်လက်ထက် ပို၍ သွယ်လျပြီး လှံတို တစ်ချောင်းနှင့်ပင် တူနေသေးသည်။ နာမည်ကျော် ဓားပန်းပဲဆရာ တစ်ဦး၏ လက်ရာ ဖြစ်ဟန်တူပေသည်။
ဒီတစ်နှစ်လုံး လော့ကျန်၏ ခံစားချက်သည်လည်း ဟယ်ထျန်းနှင့် မခြားနားလှပေ။ ချင်မင်ဟောက်၏ မြန်ဆန်သော တိုးတက်မှုနှင့် နင်ချီ၏ ရုတ်တရက် ပေါ်ထွက်လာမှုတို့ကြောင့် သူသည်လည်း ကြီးမားသော အန္တရာယ်ကို ခံစားနေခဲ့ရသည်။
"လာစမ်းပါ... မင်းကို ငါ စောင့်နေတာ ကြာပြီ”