← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀) - တာအို လက်ဆောင်နှင့် အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက် (အပိုင်း ၅)

~စကားပြောပြီးသည်နှင့် တပြိုင်နက် လော့ကျန် သည် ဦးစွာ စတင် လှုပ်ရှားလိုက်လေ၏။

လက်ကို ဆန့်ထုတ်လိုက်သည်နှင့် လှံတိုသဏ္ဌာန် ဓားသည် သူ၏ လက်ထဲသို့ ရောက်ရှိလာပြီး၊ ရေတွက်၍ မရနိုင်သော ဓားရိပ်များသည် ချက်ချင်းပင် ပျံသန်း ထွက်ပေါ်လာတော့သည်။ ဓားရိပ်တိုင်းသည် သံမဏိကဲ့သို့ ခိုင်မာပုံရပြီး အစစ်နှင့် အတုကို ခွဲခြား၍ မရနိုင်အောင်ပင်။

လော့ကျန် ကိုယ်တိုင်လည်း ထိုဓားရိပ်များကြားတွင် ပျော်ဝင် ပျောက်ကွယ်သွားသကဲ့သို့ ရှိလေရာ သူ မည်သည့်နေရာတွင် ရှိနေသည်ကို ခြေရာခံ၍ မရနိုင်တော့ပေ။

ချင်မင်ဟောက် ၏ တုံ့ပြန်မှုသည်လည်း လျင်မြန်လွန်းလှပေသည်။ လော့ကျန် လှုပ်ရှားလိုက်သည့် တခဏချင်းမှာပင် သူ၏ ဓားသည်လည်း ဓားအိမ်မှ ကျွတ်ထွက်လာခဲ့ပြီး ဖြစ်သည်။

အမည်းရောင်နှင့် အဖြူရောင် ဓားချီများသည် ကန့်လန့်ဖြတ် ယှက်နွယ်သွားကြပြီး ကြီးမားသော ကြက်ခြေခတ် ပုံသဏ္ဌာန် ဓားချီကြီးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော ဓားရိပ်မည်းများဆီသို့ တိုးဝင် သွားတော့သည်။

သူတို့နှစ်ဦး၏ တိုက်ခိုက်မှု စတင်လိုက်သည်နှင့် ရင်ပြင်ပေါ်ရှိ လူအုပ်ကြီးထံမှ ဟေးခနဲ၊ ဟားခနဲ အသံများ ထွက်ပေါ်လာကြလေ၏။

"ဘုရားရေ၊က တကယ်ကို ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင်တွေနဲ့ ထိုက်တန်ပါပေတယ်။ တစ်ချက်တည်း တိုက်လိုက်တာနဲ့တင် ငါတို့တွေ ယှဉ်နိုင်မယ့် အဆင့် မဟုတ်ဘူး ဆိုတာ သိသာနေပြီ"

"လော့ကျန်ရဲ့ စွမ်းရည်ကို ငါတို့ သိပြီးသားပါ။ ဒါပေမဲ့ တကယ့်ကို အံ့သြစရာ ကောင်းတာက ချင်မင်ဟောက်ပဲ။ အရင်တုန်းက ငါတို့နဲ့ အတူတူပဲ ရှိနေခဲ့တဲ့သူက အခုဆိုရင် နံပါတ် (၈) အစစ်အမှန် အမွေခံနဲ့ ယှဉ်တိုက်နိုင်နေပြီ"

ကွင်းထဲတွင်မူ... သူတို့နှစ်ဦး၏ ဓားရိပ်များသည် ထိပ်တိုက် တွေ့ဆုံသွားကြပြီး ဝိညာဉ် စွမ်းအင် လှိုင်းလုံးကြီးများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။

ထိုတိုက်ခိုက်မှုတွင် မူလဝိညာဉ် စွမ်းအား များသာမက သူတို့ နားလည် သဘောပေါက်ထားသော ကျင့်စဉ် လမ်းကြောင်းများပါ ရောနှော ပါဝင်နေပေသည်။

ချင်မင်ဟောက်၏ ယှက်နွယ်နေသော အဖြူအမည်း ဓားချီကြီးသည် လော့ကျန်၏ သောင်းချီသော ဓားရိပ်များကြားသို့ ဖိအားပေးလျက် ထိုးဖောက်ဝင်ရောက်သွား၏။ ထို့နောက်မှာ၊ ကြက်ခြေခတ် ပုံသဏ္ဌာန် လမ်းကြောင်းကြီး တစ်ခုကို ဖောက်ခွဲပစ်လိုက်လေ၏။

ထိုအချိန်တွင် လော့ကျန်၏ ဓားရိပ်များသည် ရုတ်တရက် ပြန်လည် စုစည်းသွားပြီး ကြီးမားသော "အရိပ်ဓားကြီး" တစ်လက်အဖြစ် ပြောင်းလဲသွားကာ ချင်မင်ဟောက်ကို ထိုးဖောက်ရန် တာစူလိုက်လေ၏။ ထိုဓားကြီးတွင် ခိုင်မာသော မူလဝိညာဉ် စွမ်းအားများ ပါဝင်နေသည်။

ချင်မင်ဟောက် မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ စီနီယာအစ်ကိုနင်၏ ဘေးတွင် နှစ်ပေါင်းများစွာ နေခဲ့ရသူ ပီပီ၊ လော့ကျန်၏ ပြောင်းလဲမှုကို သူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

တစုတစည်းတည်း ဖြစ်တည်နေသော ထို အရိပ်ဓားကြီးသည် သူ့ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာနေသည်။ ကြည့်လိုက်လျှင် ရှောင်တိမ်းစရာ နေရာ ရှိသယောင် ထင်ရသော်လည်း... တစ်ထောင်သော ဓားများကို တစ်လက်တည်း ဖြစ်အောင် ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း သူ သိနေသည်။

ချင်မင်ဟောက် နားလည်လိုက်သည်မှာ... ပုန်းခိုစရာ နေရာ မရှိတော့ ဟူ၍ပင်။

အကြောင်းမူကား၊ လော့ကျန်၏ ဓားရိပ်သည် စိတ်ရှိတိုင်း ဖြန့်ကျက်နိုင်၊ စုစည်းနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ အကယ်၍ သူ ရှောင်တိမ်းရန် ကြိုးစားလိုက်ပါက ထို ကြီးမားသော ဓားကြီးသည် ချက်ချင်းပင် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားပြီး အရပ်မျက်နှာ အားလုံးကို ပိတ်ဆို့ကာ "အိုးထဲက ဓား" အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ချင်မင်ဟောက်သည် ဆွေးမြေ့နေသော သစ်တုံးကို ဓားဖြင့် ခုတ်ပိုင်းလိုက်သကဲ့သို့ ပြတ်သားစွာပင် ဓားကို ဝှေ့ယမ်းလိုက်တော့သည်။

အဖြူနှင့် အမည်း ရောယှက်နေသော ဓားချီမှ ဖျော့တော့သော အလင်းရောင် တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်သည် မနက်ခင်း အာရုံဦး သို့မဟုတ် ညနေဆည်းဆာ ချိန်ကဲ့သို့ မှေးမှိန်သော်လည်း လှပနေ၏။

ရင်ပြင်ကြီး တစ်ခုလုံး ခေတ္တမျှ အမှောင်ကျသွားသလို ဖြစ်သွားသည်။

လူတိုင်း အမြင်အာရုံ ပြန်လည် ရှင်းလင်းသွားချိန်တွင်... ချင်မင်ဟောက်၏ ဓားသည် လော့ကျန်၏ လည်ပင်းနားသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

"ခလွမ်..."

လော့ကျန်၏ လှံတိုသဏ္ဌာန် ဓားသည် ရင်ပြင်ပေါ်သို့ လွတ်ကျသွားလေ၏။

လော့ကျန်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"ငါ ရှုံးပြီ"

ထိုစကားလုံး သုံးလုံးသည် ရေကန်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ လူအုပ်ကြီးကြားတွင် လှိုင်းဂယက်များ ထသွားစေပြန်သည်။

မယုံကြည်နိုင်သူများ ရှိသလို၊ တုန်လှုပ်သွားသူများ၊ မနာလို ဝန်တို ဖြစ်သွားသူများလည်း ရှိကြပေသည်။

ချင်မင်ဟောက် ယူဆောင်လာသော အံ့သြမှုသည် ကြီးမားလွန်းလှသည်။

"အင်မော်တယ် မျိုးစိတ်" နောက်ကို လိုက်ပါခြင်းရဲ့ ရလဒ်က ဒီလောက်တောင် ကောင်းမွန်သလား။

..မနှစ်က နံပါတ် (၉) ဝမ်ယဲ့ကို နိုင်ခဲ့တယ်။ ဒီနှစ်တော့ နံပါတ် (၈) လော့ကျန်ကို နိုင်ပြန်ပြီ။ ဒီနှုန်းအတိုင်းသာ ဆိုရင် သူက...။

စင်မြင့်ပေါ်မှ မဟာစွမ်းအားရှင်များပင် အာရုံစိုက်လာကြသည်။ သူတို့၏ စိတ်ထဲတွင် နင်ချီသည် သာမန် "အစစ်အမှန် အမွေခံ" တစ်ယောက် မဟုတ်တော့ဘဲ၊ ဂိုဏ်းအတွင်းရှိ တပည့်များကို လမ်းညွှန် သင်ကြားပေးနိုင်သော "ဆရာ" တစ်ဆူ ဖြစ်သင့်သည်ဟုပင် တွေးမိလာကြသည်။

အကယ်၍ လူတိုင်းသာ နင်ချီ၏ လမ်းညွှန်မှုကို ရရှိခဲ့လျှင် ချင်မင်ဟောက်လို သာမန် အစစ်အမှန် အမွေခံများ အားလုံးသည် ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင်လောက်သော စွမ်းအားကို ပိုင်ဆိုင်သွားကြမည် မဟုတ်ပါလော။

ယဲ့ချန် တစ်ယောက်တည်းသာ စိတ်ခံစားချက်ကို မထိန်းနိုင်တော့ဘဲ မျက်နှာကြီး မဲမှောင်နေလေ၏။

အခြားသူများ ဘာတွေးတွေး၊ ချင်မင်ဟောက်ကတော့ မာနထောင်လွှားခြင်း အလျဉ်းမရှိဘဲ ဓာတ်ကြီးငါးပါး တောင်ထွတ်၏ ကောင်းမွန်သော အမူအရာကို ထိန်းသိမ်းထားလျက် လော့ကျန် ဖယ်ပေးလိုက်သော နံပါတ် (၈) နေရာကို ဝင်ယူလိုက်လေ၏။

လော့ကျန်သည် ဓားကို ကောက်ယူပြီး ရင်ပြင် အစွန်းတွင် သွားရောက် ရပ်နေလိုက်သည်။

သူ၏ အကြည့်များသည် ဟယ်ထျန်း နှင့် ဝမ်ယဲ့ တို့အပေါ်သို့ ရောက်ရှိသွားသည်။ အရာအားလုံးက ရှင်းလင်းနေပြီ ဖြစ်သည်။

ဟယ်ထျန်း၏ မျက်နှာထား ပြောင်းလဲသွားသော်လည်း ဘာမှ မပြောပေ။

ထိုအစား... ဝမ်ယဲ့သည် လေပေါ်သို့ လှမ်းတက်လိုက်ပြီး ရင်ပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

လော့ကျန်သည် တိတ်ဆိတ်စွာပင် နေနေလိုက်သည်။

ဘာကြောင့်လဲ ဆိုတော့ ဝမ်ယဲ့၏ မျက်လုံးများက သူ့ဆီမှာ မဟုတ်ဘဲ၊ နံပါတ် (၆) အစစ်အမှန် အမွေခံ မိုချန် ဆီသို့ ရောက်နေသောကြောင့်ပင်။

မိုချန် မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ သူ၏ တစ်ကိုယ်လုံးသည် အိပ်ပျော်နေသော သားရဲတစ်ကောင် နိုးထလာသကဲ့သို့ ရုတ်ချည်း ပြောင်းလဲသွားပြီး ရင်ပြင်ပေါ်သို့ ချက်ချင်း နေရာရွှေ့ပြောင်းကာ ရောက်ရှိလာလေ၏။

"ကောင်းပြီလေ... မင်း ငါ့ကို ရွေးလိုက်တာပေါ့"

"စီနီယာအစ်ကို မို... သင်ကြားပြသပေးပါဦး"

နံပါတ် (၆) အစစ်အမှန် အမွေခံ ဖြစ်သူ မိုချန်သည်လည်း အကန့်အသတ်မဲ့ ဓားဂိုဏ်း အတွင်းတွင် ထူးခြားသော ဖြစ်တည်မှု တစ်ခု ဖြစ်ပေသည်။

ဤလူသားသည် အမြဲတမ်း အန္တရာယ် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး၊ မျက်လုံးထဲတွင် ရက်စက်သော အရောင်များ အမြဲ တောက်ပနေလေ့ ရှိသည်။ လူသား တစ်ယောက်ထက် ဝင်စားလာသော "ကြမ်းကြုတ် သားရဲ" တစ်ကောင်နှင့် ပိုတူနေပေသည်။

သွေးရောင် သန်းနေသော မူလဝိညာဉ် စွမ်းအားနှင့် ဝိညာဉ် စွမ်းအင်များ အတားအဆီးမရှိ ပေါက်ကွဲ ထွက်ပေါ်လာပြီး ရွံရှာဖွယ်ရာ အနံ့အသက်များပင် ပါဝင်နေသေးသည်။

မကြာမီတွင် ထိုစွမ်းအင်များသည် မိုချန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး သူ၏ ခန္ဓာကိုယ်သည် ပူပေါင်း တစ်လုံးကဲ့သို့ ဖောင်းပွ လာလေ၏။

တစ်ချိန်တည်းမှာပင် ထူးဆန်းသော ဓားများ တစ်ချောင်းပြီး တစ်ချောင်း ပေါ်ထွက်လာသည်။ အချို့မှာ သံချောင်းများ၊ အချို့မှာ အစွယ်များ၊ အချို့မှာ လက်သည်းများ၊ အချို့မှာ ထက်ရှသော ဓားသွားများနှင့် တူနေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အသက်ရှူ မှားသွားကြရသည်။

ဒါက အကန့်အသတ်မဲ့ ဓားဂိုဏ်းက တပည့် ဟုတ်ရဲ့လား။ ဓားရိပ် ဓားယောင်တောင် မမြင်ရဘဲ "အကန့်အသတ်မဲ့" ဆိုတာပဲ ကျန်တော့တာလား။

အံ့သြချိန်ပင် မရလိုက်ဘဲ ထိုထူးဆန်းသော ဓားများသည် မိုချန်၏ ခန္ဓာကိုယ်ပေါ်တွင် ချပ်ဝတ်သဖွယ် ကပ်ညိသွားကြပြီး သဘာဝ အစိတ်အပိုင်းများသဖွယ် ဖြစ်တည်သွားကြလေ၏။

မိုချန်သည် ရုတ်တရက် မတ်တပ်ရပ်နေသော "သားရဲဘုရင်" တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးတွင် ထက်ရှသော အရာများဖြင့် ပြည့်နှက်နေတော့သည်။

ခေါင်းပေါ်တွင် ဦးချိုများ ပေါက်လာပြီး ပါးစပ်ထဲတွင် အစွယ်များဖြင့် ပြည့်နှက်နေသည်။ တံတောင်ဆစ်များတွင် ချွန်ထက်သော အရာများ ထွက်ပေါ်လာပြီး လက်နှင့် ခြေထောက်များသည် လက်သည်းများ အဖြစ် ပြောင်းလဲသွားကြသည်။

ဝမ်ယဲ့၏ ခန္ဓာကိုယ်သည်လည်း မိုချန်နည်းတူ ကောင်းကင်ယံသို့ ကြီးထွားလာတော့သည်။

ထိုခဏ၌ ရင်ပြင်ပေါ်တွင် "ထူးခြားသော ဖြစ်တည်မှု" နှစ်ခု ရှိနေပြီ ဖြစ်သည်။

ဘယ်ဘက်တွင် သားရဲအသွင် ပြောင်းလဲထားသော မိုချန်၊ ညာဘက်တွင် ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် ပေတစ်ရာ မြင့်မားသော ဘီလူးကြီး ဝမ်ယဲ့။

မိုချန်၏ အရှိန်အဝါသည် အလွန် ရက်စက် ကြမ်းကြုတ်သော်လည်း သူ၏ အရပ်အမောင်းမှာ ပေ (၁၀) ပေ ခန့်သာ ရှိလေ၏။

ဒါပေမဲ့... အရပ်အမောင်း ဆိုတာ အရာရာကို ကိုယ်စားမပြုပါဘူး

မိုချန် ခုန်တက်လိုက်သည်။ သူ၏ လက်သည်း လေးချောင်း ကြားမှ သွေးရောင် အခိုးအငွေ့များ ရုတ်တရက် ထွက်ပေါ်လာရာ ဓားကို သုံးနေတာလား၊ ချီကို ထိန်းချုပ်နေတာလား မသဲကွဲတော့ပေ။

သူ၏ တစ်ကိုယ်လုံးသည် ကြီးမားသော "ကျားမိစ္ဆာ" တစ်ကောင် တိမ်စီးပြီး ခုန်အုပ်လိုက်သကဲ့သို့ ဝမ်ယဲ့၏ တုတ်ခိုင်သော ပေါင်တံကို ကိုက်ခဲရန် ပြေးဝင်သွားလေ၏။

သို့သော် သူ၏ ခုန်အုပ် ကိုက်ခဲမှုကို တုံ့ပြန်လိုက်သည်မှာ သံတုံးချင်း ရိုက်မိသကဲ့သို့ မာကျောသော အသံကြီးသာ ဖြစ်ပေသည်။

"ဂလောင်..."

မိုချန်သည် တန်ပြန် သက်ရောက်မှုကြောင့် နောက်သို့ လွင့်ထွက်သွားပြီး ရင်ပြင်ပေါ်သို့ ပြန်ကျလာကာ ခေါင်းကို ခါရမ်းလိုက်မိသည်။

သူ၏ ရက်စက်သော မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားသည်။ ဝမ်ယဲ့က ဘယ်တုန်းက ဒီလောက် ကြောက်စရာကောင်းတဲ့ ခံစစ်စွမ်းအားကို ပိုင်ဆိုင်သွားတာလဲ။

*'ဟက်... အံ့သြသွားတာလား မိုချန်...။ မင်းက သားရဲတစ်ကောင်လို ရက်စက်တယ် ဆိုပေမယ့်... ငါ့ရဲ့ ဝမ်ယဲ့ကတော့ ကြေးနီရောင် ခံတပ်ကြီး တစ်ခုပဲ...။ မင်းရဲ့ သွားတွေ၊ လက်သည်းတွေက သူ့ရဲ့ အရေပြားကိုတောင် ခြစ်ရာထင်အောင် လုပ်နိုင်ပါ့မလား...။ ငါ သင်ပေးထားတဲ့ "ခြောက်မျိုး တစ်ပေါင်းတည်း စနစ်" ရဲ့ အစွမ်းကို မြည်းစမ်း

ကြည့်လိုက်ပါ...'*

အခန်း (၅၂၁) - တာအို လက်ဆောင်နှင့် အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက် (အပိုင်း ၆)

~"ဝမ်ယဲ့ ဆိုတာက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လိုက်ပြီး လက်နက်မဲ့ တိုက်ခိုက်တာကိုပဲ အားသန်တဲ့သူ မဟုတ်ဘူးလား...။ အခု သူ့ရဲ့ ကြီးမားတဲ့ လက်ကြီးထဲမှာ ကိုင်ထားတာက ဘာကြီးပါလိမ့်"

ထိုအရာဝတ္ထုမှ ကြည်လင်အေးမြသော အပြာရောင် အလင်းတန်းများ ဖြာထွက်နေပြီး၊ သေချာ ဂရုစိုက် ကြည့်လိုက်သောအခါ... ထိုအရာသည် လိပ်ခွံတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေ၏။

ဝမ်ယဲ့သည် ထိုလိပ်ခွံကို ဒိုင်းလွှားသဖွယ် အသုံးပြုလိုက်ပြီး မိုချန်၏ တိုက်ခိုက်မှု လမ်းကြောင်းပေါ်တွင် ပိတ်ဆို့ထားလိုက်၏။

ထို့အပြင် ထိုလိပ်ခွံပေါ်မှ ကြီးမားသော မူလဝိညာဉ် စွမ်းအားနှင့် ဝိညာဉ် စွမ်းအင်များ ရောနှော ပေါင်းစပ်ထားသည့် "ဆဋ္ဌဂံပုံစံ ကာကွယ်ရေး အလွှာ" တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး မီတာရာပေါင်းများစွာ အကွာအဝေးထိ လွှမ်းခြုံ ကာကွယ်လိုက်လေ၏။

မိုချန်၏ ဦးနှောက်မှာ ခေတ္တမျှ ဗလာ ဖြစ်သွားရသည်။ သူသည် အမဲလိုက်ရန် ထောင့်ချိုးရှာနေသော သားရဲတစ်ကောင်အလား ရင်ပြင်ပေါ်တွင် သတိကြီးစွာဖြင့် လှည့်ပတ် သွားလာနေလိုက်၏။

သို့သော် ဝမ်ယဲ့သည် သူ့ကို အခွင့်အရေး သိပ်မပေးချေ။ သူ၏ ကြီးမားသော လက်ခြောက်ဖက်အနက် လက်တစ်ဖက်တွင် ခြေရာခံ၍ မရနိုင်သော ငွေရောင် ကြာပွတ်တစ်ချောင်း ရုတ်တရက် ပေါ်ထွက်လာသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင်... ကြာပွတ်ရိပ်များသည် ဖြောင့်တန်းသော တုတ်တံတစ်ချောင်းအလား လေထုကို ခွင်းလျက် တိုးဝင်လာပြီး၊ တိမ်တိုက်များကို မွှေနှောက်ကာ ကောင်းကင်ယံတွင် အဖြူရောင် အစင်းရာကြီး တစ်ခုကို ထင်ကျန်ရစ်စေခဲ့လေ၏။

မိုချန်သည် ပါးစပ်ကြီးကို ဖြဲကာ ကောင်းကင်နှင့် မြေကြီး တုန်ဟီးသွားစေလောက်သည့် ဟိန်းဟောက်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

သူ၏ ဒေါသကို ဖော်ပြနေသကဲ့သို့ သွေးရောင် လှိုင်းတံပိုးကြီး တစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး၊ ပါးစပ်ထဲမှ အစွယ်များသည်လည်း စစ်ခင်းရန် အသင့် ပြင်ထားသည့် စစ်သည်များအလား တညီတညွတ်တည်း ထွက်ပေါ်လာကြ၏။ သွေးလှိုင်းလုံးနှင့် အစွယ်များသည် ပူးပေါင်းသွားပြီး ဝမ်ယဲ့၏ ကြာပွတ်ရိပ်ကို ဝါးမြို ကိုက်ခဲပစ်ရန် တာစူလိုက်လေ၏။

"ဂလောင်..."

သို့သော် လမ်းပိတ်နေသော လိပ်ခွံဒိုင်းကြီးသည် မိုချန်၏ တိုက်ခိုက်မှုကို အချိန်ကိုက်ပင် ဝင်ရောက် တားဆီးလိုက်လေရာ မိုချန်ခမျာ ဒေါသထွက်ချိန်ပင် မရလိုက်တော့ပေ။

သူသည် သွေးရောင် တိမ်တိုက်များကို စီးနင်းထားသော ခြေသည်းလေးချောင်းဖြင့် လျင်မြန်စွာ လှုပ်ရှားပြီး ကျဆင်းလာသော ကြာပွတ်ရိပ်ကို အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။

သို့ရာတွင် ထိုကြာပွတ်ရိပ်သည် သက်ရှိ တစ်ကောင်အလား ပစ်မှတ်ထားပြီးသား ဖြစ်နေပုံရသည်။ အောက်သို့ ကျဆင်းလာချိန်တွင် ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး၊ တွန့်လိမ် ကွေးကောက်ကာ မိုချန်၏ ဘေးနားသို့ ရောက်ရှိလာလေ၏။

ပို၍ ဆိုးရွားသည်မှာ... ထိုကြာပွတ်ရိပ်သည် ရုတ်တရက် သေးငယ်သော ကြိုးမျှင်ပေါင်းများစွာ အဖြစ် ကွဲထွက်သွားပြီး မိုချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချက်ချင်းပင် တွယ်တက် ရစ်ပတ်လိုက်တော့သည်။ တစ်ခဏချင်းမှာပင် မိုချန်သည် "ဖက်ထုပ်"တစ်လုံးအလား အချည်နှောင်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေ၏။

ဤတိုက်ပွဲ စတင်ကတည်းက မိုချန် ခံစားနေရသည်မှာ... မုဆိုး၏ ထောင်ချောက်ထဲသို့ မိနေသော သားရဲတစ်ကောင်၏ ခံစားချက်မျိုးပင်။ အရာအားလုံးသည် ဝမ်ယဲ့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့သည်။

သူသည် ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော ဓားရိပ်များကို အစွမ်းကုန် မောင်းနှင်ပြီး ဤလှောင်အိမ်ကို ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။

သို့သော်...

ထူးဆန်းသော ရနံ့တစ်ခုသည် သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာပြန်သည်။ ထိုရနံ့ကြောင့် မိုချန်၏ ခန္ဓာကိုယ် တစ်ခုလုံး ရုတ်တရက် ပျော့ခွေသွားပြီး၊ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ် စွမ်းအင်များနှင့် မူလဝိညာဉ် စွမ်းအားများ လျော့ရဲသွားသကဲ့သို့ ခံစားလိုက်ရလေ၏။

သူသည် အချည်နှောင် ခံထားရသည့်ကြားမှ ခေါင်းကို အနိုင်နိုင် ဖော်လိုက်ပြီး မော့ကြည့်လိုက်ရာ... ပေတစ်ရာ မြင့်မားသော ဘီလူးကြီး ဝမ်ယဲ့သည် သူ့ကို ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ယဲ့၏ ခေါင်းသုံးလုံးအနက် တည့်တည့်တွင် ရှိသော ခေါင်းကြီးသည် ပါးစပ်ကို အနည်းငယ် ဟလိုက်လေ၏။ ထိုပါးစပ်ကြီးထဲတွင် မူလဝိညာဉ် စွမ်းအားများဖြင့် လောင်ကျွမ်းနေသော "တာအို မီးတောက်" အစေ့အဆံများကို ဖျော့တော့စွာ မြင်တွေ့နေရပေသည်။

"ငါ အရှုံးပေးပြီ"

ထိုစကားသံ ထွက်လာမှသာ ဝမ်ယဲ့သည် သူ့အား လှောင်အိမ်ထဲမှ လွှတ်ပေးလိုက်လေ၏။

မိုချန်သည် မောဟိုက်စွာဖြင့် အသက်ရှူလိုက်ပြီး ဝမ်ယဲ့ကို ကြောက်ရွံ့စွာ မော့ကြည့်လိုက်မိသည်။ ထို့နောက် ဝမ်ယဲ့၏ မူလနေရာ (လှေကားထစ်များ) တွင် ထိုင်နေသော ဝတ်ရုံဖြူနှင့် လူသား နင်ချီ့ကို လှမ်းကြည့်လိုက်မိ၏။

တစ်နှစ်... တစ်နှစ်လေး အတွင်းမှာ ဝမ်ယဲ့ တစ်ယောက် ဒီလောက်တောင် မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တာလား။

ဒါဟာ အရင်က ဝမ်ယဲ့နဲ့ လုံးဝ မတူတော့။ မေးနေစရာတောင် မလိုတော့ပါ.. ဒါဟာ သေချာပေါက် "အင်မော်တယ် မျိုးစိတ်" ၏ ကျေးဇူးတရားကြောင့်ပါပင်။

*'ကောင်းတယ် ဝမ်ယဲ့...။ မင်း လုပ်ပြနိုင်ခဲ့ပြီ...။ အရင်တုန်းက မင်းက ကိုယ့်အားကိုယ်ကိုးပြီး ခေါင်းနဲ့ပဲ တိုက်ခဲ့တာ...။ အခုတော့ မင်းမှာ ဒိုင်းရှိတယ်၊ ကြာပွတ်ရှိတယ်၊ အဆိပ်ရှိတယ်၊ မီးရှိတယ်...။ "ခြောက်မျိုး တစ်ပေါင်းတည်း စနစ်" ဆိုတာ ဒါပဲလေ...။ မိုချန်လို သားရဲတစ်ကောင်က မင်းလို လက်နက်အပြည့်ဆင်ထားတဲ့ စစ်သည်တော်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...။ မင်းရဲ့ နိုင်ပွဲက ငါ့ရဲ့ သွန်သင်မှု မှန်ကန်ကြောင်း သက်သေပြလိုက်တာပဲ...'*

ဝမ်ယဲ့သည် သူ၏ "ခေါင်းသုံးလုံး လက်ခြောက်ဖက် စစ်သည်တော် မိစ္ဆာ ခန္ဓာ" ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး မူလ ပုံသဏ္ဌာန်သို့ ပြန်ပြောင်းလိုက်လေ၏။

ဒီနေ့ တိုက်ပွဲကြောင့် စီနီယာအစ်ကိုနင်၏ လမ်းညွှန်မှုသည် လုံးဝ (လုံးဝ) မှန်ကန်ကြောင်း သူ ပိုမို ယုံကြည်လာခဲ့ပြီ ဖြစ်သည်။ နံပါတ် (၆) အစစ်အမှန် အမွေခံ မိုချန်ကိုတောင် သူ ထင်ထားတာထက် ပိုမို လွယ်ကူစွာ အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလော။

စီနီယာအစ်ကိုနင် မွမ်းမံပေးလိုက်သော ဤကျင့်စဉ်သည် တကယ့်ကို ကြောက်ခမန်းလိလိ စွမ်းအားကြီးမားလွန်းလှပေသည်။

တစ်ခဏချင်းမှာပင် ရင်ပြင်ပေါ်ရှိ လူအုပ်ကြီးသည် စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများကြားတွင် နစ်မြုပ်သွားတော့သည်။

အချို့က ပါးစပ်အဟောင်းသားဖြင့် အံ့သြနေကြသော်လည်း၊ လူတိုင်း၏ မျက်လုံးများမှာမူ မီးအိမ်ကြီးများ ပမာ တောက်ပနေကြပြီး ဝမ်ယဲ့နှင့် နင်ချီ့ကို တလှည့်စီ ကြည့်နေကြလေ၏။

တစ်နှစ်တည်း...။

"အင်မော်တယ် မျိုးစိတ်" နင်ချီ့နောက်ကို လိုက်ခဲ့တာ တစ်နှစ်ပဲ ရှိသေးသည်... ာ

ဝမ်ယဲ့ တစ်ယောက် ဒီလောက်ထိ ပြောင်းလဲသွားခဲ့ရသည်။

မည်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မည်လဲ။

ကံဆိုးတာကတော့... ဓာတ်ကြီးငါးပါး တောင်ထွတ်က အခုနောက်ပိုင်း နောက်လိုက် လက်ခံရာမှာ အရမ်းကို စည်းကမ်းတင်းကျပ်သွားခဲ့ပြီ ဖြစ်၏။ အခုမှ ဝင်ချင်သည် ဆိုလျှင်တော့ သေချာပေါက် ခက်ခဲတော့မှာ အမှန်ပင်။

သို့သော်၊ ခက်ခဲသည် ဆိုတာက အခွင့်အရေး လုံးဝ မရှိတာထက်တော့ ပိုကောင်းပါသေးသည်လေ။

ကောင်းကင်ယံထက်တွင်မူ... ပလ္လင်ပေါ်တွင် ထိုင်နေသော ယဲ့ချန် တစ်ယောက် မိမိ၏ လျှာကို ကိုက်ဖြတ်မိမတတ် ဖြစ်နေရရှာသည်။ သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး၊ မျက်လုံးထဲတွင် ဝိညာဉ် မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေလေ၏။

ဝမ်ယဲ့က တကယ်ကြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တာလား...။

နောက်ထပ် အတွေးများ မဝင်ရောက်နိုင်ခင်မှာပင်... ရင်ပြင်ပေါ်မှ အံ့သြတကြီး အာမေဋိတ်သံများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

ရွှေရောင် နေမင်းကြီး တစ်စင်း ကောင်းကင်သို့ တက်လှမ်းလာသကဲ့သို့...

လူရိပ်တစ်ခုသည် တိမ်တိုက်များကို စီးနင်းလျက် ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားပြီး ကောင်းကင်ယံတွင် တစ်ခုတည်းသော နေမင်းကြီးအဖြစ် တည်ရှိလိုက်လေ၏။

နင်ချီသည် ပထမ နေရာတွင် ထိုင်နေသော ယဲ့ချန်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်နှာထားမှာ တည်ငြိမ် အေးဆေးနေသော်လည်း အသံသည် မိုးခြိမ်းသံပမာ ပြတ်သားစွာ ထွက်ပေါ်လာတော့သည်။

"ဆင်းခဲ့စမ်း..."

အခန်း (၅၂၂) - အကြီးအကဲ

"ဆင်းခဲ့စမ်း..."

နင်ချီသည် လေထုထဲတွင် လွင့်မျောနေပြီး၊ သူ၏ အသံသည် ရင်ပြင်ကျယ်ကြီး တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေလေ၏။

လူတိုင်းသည် နင်ချီနှင့် ယဲ့ချန်ကို တလှည့်စီ အလေးအနက် ကြည့်နေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် အရောင်စုံလင်နေကြ၏။

အများစုကတော့ ပြဇာတ်ကောင်း တစ်ပုဒ်ကို ကြည့်ရှုနေရသကဲ့သို့သော ပုံစံများ ဖြစ်နေကြသည်။ အမှန်စင်စစ်တွင် ယဲ့ချန်၌ "နံပါတ်တစ် အစစ်အမှန် အမွေခံ" ဟူသော ဂုဏ်ပုဒ်နှင့် "ယဲ့မိသားစုဝင်" ဟူသော အချက်မှလွဲ၍ လူအများ အာရုံစိုက်လောက်စရာ အခြားအရာ မရှိပေ။

ယဲ့ချန်သည် အမြဲတမ်း မိမိအောက် နိမ့်ကျသူများကို အထက်စီးမှ ဆက်ဆံလေ့ ရှိသဖြင့်၊ တူညီသော အကျိုးစီးပွားချင်း ပတ်သက်မှု မရှိပါက သူကဲ့သို့ လူမျိုးကို ထောက်ခံအားပေးရန်မှာ အလွန် ခဲယဉ်းလှပေသည်။

ယဲ့မိသားစုဝင်များသာ မိမိတို့ကိုယ်တိုင် အရှက်ခွဲခံလိုက်ရသလို မျက်နှာထားများ ပြောင်းလဲကုန်ကြပြီး၊ စင်မြင့်ပေါ်မှ မဟာ အကြီးအကဲ ယဲ့ချင်းထျန်း ၏ မျက်နှာကြီးမှာ အလွန်အမင်း မဲမှောင်နေလေ၏။

သို့သော် သည်ကိစ္စက အစစ်အမှန် အမွေခံများ၏ ယှဉ်ပြိုင်မှု ဖြစ်သဖြင့် သူ ဝင်ရောက် စွက်ဖက်ချင်လျှင်ပင် အခြား အကြီးအကဲများနှင့် ဂိုဏ်းချုပ်ကြီးက တားမြစ်ကြပေလိမ့်မည်။

သူသည် တိတ်ဆိတ်စွာသာ နေနိုင်ပြီး နောက်မှ ဖြည်းဖြည်းချင်း ကြံစည်ရန် တေးမှတ်ထားလိုက်ရသည်။

ထို့အပြင်... ဒီတစ်ခေါက် အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက် ပွဲအတွက် ယဲ့ချန်အား သေမင်းတမန် ဝှက်ဖဲ တစ်ခုကို သူ ပြင်ဆင်ပေးထားပြီး ဖြစ်သည် မဟုတ်ပါလော။

နံပါတ်တစ် အစစ်အမှန် အမွေခံ ပလ္လင်ပေါ်တွင် ထိုင်နေသော ယဲ့ချန် အနေဖြင့် လူအများရှေ့တွင် "ဆင်းခဲ့စမ်း" ဟု အပြောခံရခြင်းမှာ သူ့ဘဝတွင် ပထမဆုံး အကြိမ် ဖြစ်ပေလိမ့်မည်။

သူ၏ မျက်နှာသည် အစိမ်းလိုက်၊ အဖြူလိုက် ပြောင်းလဲနေပြီး မျက်လုံးများထဲမှ မီးတောက်များ ပွင့်နေလေ၏။

အမှန်တကယ်တော့ နင်ချီ၏ စကားထဲတွင် မာနထောင်လွှားခြင်း မပါသလို၊ စိတ်ခံစားချက်လည်း မပါရှိပေ။ သူက အမှန်တရား တစ်ခုကို ရိုးရိုးရှင်းရှင်း ပြောလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် ယဲ့ချန်၏ နားထဲတွင်တော့ ထိုစကားသည် အလွန်အမင်း နားခါးလွန်းလှပေ၏။

လွန်ခဲ့သော တစ်နှစ်က နင်ချီ၏ လက်ချက်ဖြင့် ရှုံးနိမ့်ကာ အချုပ်နှောင် ခံခဲ့ရသည်ကို ပြန်တွေးမိပြီး ယဲ့ချန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း၊ ဒေါသတရားက လျင်မြန်စွာပင် လွှမ်းမိုးသွားတော့သည်။

သူ မတ်တတ်ထရပ်လိုက်သည်။ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သူ၏ ခန္ဓာကိုယ်သည် ခရမ်းရောင် မိုးကြိုးသွား တစ်ချောင်းအလား ကောင်းကင်သို့ ပျံတက်သွားပြီး နင်ချီနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်လေ၏။

"ဂျူနီယာညီလေး နင်... မင်းက ငါ ယဲ့ချန် နဲ့ ယဲ့မိသားစုကို လုံးဝ မျက်လုံးထဲ မထည့်တော့ဘူးပေါ့လေ"

နင်ချီက သူ့ကို ဂရုမစိုက်စွာ ကြည့်လိုက်ပြီး -

"မင်း အတွေးလွန်နေတာပါ"

ယဲ့ချန် ကြောင်အမ်းအမ်း ဖြစ်သွားပြီး အခြားသူများလည်း ထိုနည်းတူပင် ဖြစ်သွားကြသည်။

နင်ချီက ဆက်လက် ပြောကြားလိုက်လေ၏။

"အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက် ပွဲဆိုတာ... အရည်အချင်း ရှိသူ တက်ရမယ်၊ မရှိသူ ဆင်းရမယ်... ဒါပဲလေ"

"အရည်အချင်း ရှိသူ တက်၊ မရှိသူ ဆင်း ဟုတ်လား..."

ယဲ့ချန်၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပိုမို သိပ်သည်းလာသည်။ သူ ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

"ကောင်းပြီလေ... ဘယ်သူက အရည်အချင်း ရှိပြီး၊ ဘယ်သူက အရည်အချင်း မရှိဘူးလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"

စကားဆုံးသည်နှင့် ယဲ့ချန် ဦးစွာ လှုပ်ရှားလိုက်လေ၏။

သူ၏ မူလ ဝိညာဉ်ဓား နှစ်လက်ကို ပြီးခဲ့သော အကြိမ်က နင်ချီ သိမ်းယူသွားခဲ့ပြီ ဖြစ်သော်လည်း၊ ယခုအခါတွင် အလားတူ အရည်အသွေးရှိသော "အဆင့်နိမ့် မှော်ဓား" နှစ်လက်ကို ကြိုးစားပမ်းစား ရှာဖွေထားပုံ ရသည်။

ယဲ့ချန်သည် ထိုမှော်ဓားနှစ်လက်ကို ကိုင်ဆောင်လျက် နင်ချီ့ထံသို့ ဝင်ရောက် တိုက်ခိုက်လိုက်သည်။

ကောင်းကင်ယံထက်တွင် လူတိုင်း၏ အမြင်အာရုံများ ဝေဝါးသွားကြပြီး လေပြင်းနှင့် မိုးကြိုးများကိုသာ မြင်တွေ့လိုက်ရကာ ယဲ့ချန်သည် နင်ချီ၏ ရှေ့မှောက်သို့ ရောက်ရှိသွားလေ၏။

လွန်ခဲ့သော တစ်နှစ်နှင့် ယှဉ်လျှင် ယဲ့ချန်၏ စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်အတန်း မပြောင်းလဲသေးသော်လည်း၊ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ သိမ်မွေ့ နက်ရှိုင်းလာခဲ့ပြီ ဖြစ်ပုံရသည်။

မှော်ဓားနှစ်လက်သည် ကြက်ခြေခတ် ပုံသဏ္ဌာန် ယှက်နွယ်သွားပြီး၊ ယဲ့ချန် ဖန်တီးလိုက်သော ကြီးမားသည့် မူလဝိညာဉ် လက်ကြီးဖြင့် ဆုပ်ကိုင်ထားကာ ဝိညာဉ် စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။ မူလက ကြည်လင်နေသော ကောင်းကင်ယံတွင် ဧရာမ တိမ်တိုက် နှစ်ခု ပေါ်ပေါက်လာလေ၏။

တစ်ခုမှာ အပြာရောင် ဖြစ်ပြီး အာကာသကိုပင် ဖြတ်တောက်နိုင်မည့် လေပြင်းများ ပါဝင်နေသည်။

အခြားတစ်ခုမှာ ခရမ်းရောင် ဖြစ်ပြီး သစ်ကိုင်းခြောက်များသဖွယ် ယှက်နွယ်နေသော မိုးကြိုးလျှပ်စီးများ ပါဝင်သည်။ ဝိညာဉ်ကို ဖမ်းစားနိုင်သော အရောင်များ လက်ဖြာနေပြီး မိုးခြိမ်းသံများဖြင့် ဟိန်းဟောက်နေသည်။ အရှိန်အဝါမှာ အလွန် အံ့မခန်း ဖြစ်ပေသည်။

တစ်ခဏချင်းမှာပင် ရင်ပြင်အထက် ကောင်းကင်ကြီးသည် လေမုန်တိုင်းနှင့် မိုးကြိုးမုန်တိုင်းတို့ ရောပြွမ်းနေသော စစ်မြေပြင် တစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။

ထို မုန်တိုင်းနှစ်ခုစလုံးသည် ရှေ့မှ ဝတ်ရုံဖြူနှင့် လူသား တစ်ဦးတည်းဆီသို့ ဦးတည်နေကြခြင်း ဖြစ်သည်။

သို့သော် ထိုလူသားကတော့ မျက်တောင်ပင် မခတ်။ ထာဝရ တည်တံ့နေသော "အင်မော်တယ် ကျောက်တိုင်" တစ်တိုင်အလား ကောင်းကင်ယံတွင် မတ်မတ် ရပ်နေဆဲပင်။

ယဲ့ချန်၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။ နင်ချီ ယုံကြည်မှု လွန်ကဲနေပြီဟု ထင်မှတ်လိုက်ခြင်း ဖြစ်သည်။

သူ၏ မူလဝိညာဉ် လက်ကြီးနှစ်ဖက်သည် လေမုန်တိုင်းနှင့် မိုးကြိုးမုန်တိုင်းကို တွန်းပို့လိုက်ပြီး၊ ဓားနှစ်လက်ကို ကြက်ခြေခတ် ပုံစံဖြင့် တိုက်ခိုက်မှုရော ခံစစ်ပါ ပါဝင်သော ပုံစံဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်တော့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လေမုန်တိုင်းနှင့် မိုးကြိုးမုန်တိုင်းတို့ ပေါင်းစပ်သွားပြီး နင်ချီကို ဝါးမြိုသွားလေ၏။

"ဘုန်း..."

မုန်တိုင်း ပေါက်ကွဲသွားသည်။ လေပြင်းများ ရိုင်းစိုင်းစွာ တိုက်ခတ်ပြီး ရင်ပြင်အထက် ကောင်းကင်တစ်ခုလုံး ရှုပ်ထွေးနေသော မိုးကြိုး တိမ်တိုက်များဖြင့် လုံးဝ ဖုံးလွှမ်းသွားတော့သည်။

နင်ချီ၏ ပုံရိပ်ကို မမြင်ရတော့ပေ။

သို့သော် ယဲ့ချန်၏ ပုံရိပ်ကိုတော့ ဝေဝါးစွာ မြင်နေရသေးသည်။

ယဲ့ချန်၏ တိုက်ကွက်ကို မြင်လိုက်ရသောအခါ လူအုပ်ကြီး နားလည်လိုက်ကြသည်။ ယဲ့ချန်သည် အစကတည်းက အစွမ်းကုန် ထုတ်သုံးလိုက်ခြင်း ဖြစ်ကြောင်းပင်။

လက်သီးချန်ထားလို့ အချည်းနှီး ဖြစ်မည်၊ ဝိညာဉ် စွမ်းအင်နှင့် မူလဝိညာဉ် စွမ်းအားကို ဖြုန်းတီးရာပဲ ရောက်မည် ဆိုတာ သူ သိပုံရသည်။

ထိုအချိန်တွင် ယဲ့ချန်သည် အတားအဆီး တစ်ခုကို ဝင်တိုက်မိသလို ခံစားလိုက်ရပြီး ကောင်းကင်ပေါ်ရှိ သူ၏ ပုံရိပ်သည် ရှေ့ဆက် မတိုးနိုင်တော့ချေ။

သို့သော် သူ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးသည့် မိုးကြိုး တိမ်တိုက်ကြီးသည် ဆက်လက် တည်ရှိနေပြီး၊ အတွင်းထဲတွင် စွမ်းအင်များ ပေါက်ကွဲကာ တိုက်ခိုက်နေဆဲ ဖြစ်သည်။ သာမန် မျက်စိဖြင့် ကြည့်၍ မမြင်နိုင်လောက်အောင်ပင်။

အောက်ဘက်ရှိ လူများသည် မူလဝိညာဉ် အာရုံခံစားမှုဖြင့် လှမ်း၍ စစ်ဆေး ကြည့်လိုက်ကြသည်။

လူအများစုသည် ယဲ့ချန်ကို မုန်းတီးကြသော်လည်း သူ၏ ဤတိုက်ကွက်ကိုတော့ အစစ်အမှန် နံပါတ်တစ် အမွေခံ တစ်ဦး၏ စွမ်းရည်အဖြစ် အသိအမှတ် မပြုဘဲ မနေနိုင်ကြပေ။

တပည့် အများစုကတော့ ဝန်ခံလိုက်ကြသည်။

သူတို့သာ ဆိုလျှင် ဤတိုက်ကွက်အောက်၌ အမှုန့် ဖြစ်သွားလောက်ပြီ ဟူ၍။

လူတိုင်း အသက် အောင့်ထားကြစဉ်မှာပင်...

ရှုပ်ထွေးနေသော မိုးကြိုး တိမ်တိုက်များကြားမှ အရောင်ငါးမျိုး ဖြာထွက်သော နတ်ဘုရား အလင်းတန်း တစ်ခု ထိုးထွက်လာလေ၏။

အစပိုင်းတွင် သေးငယ်သော အလင်းတန်းလေး တစ်ခုသာ ဖြစ်သော်လည်း၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကမ္ဘာလောကကို ထိုးဖောက်သည့် မနက်ခင်း နေမင်းကြီး တစ်စင်းအလား တိမ်တိုက်များကို ဖောက်ထွင်းပြီး ဖွဲ့တည်လာတော့သည်။

ဖုန်မှုန့်များ ကင်းစင်သွားပြီး အလင်းရောင်များ ဖြစ်ထွန်းလာကာ မရေမတွက်နိုင်သော ရှုခင်းများကို လင်းလက်သွားစေလေ၏။

ယဲ့ချန်၏ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဤတိုက်ကွက်သည် မဟာ အကြီးအကဲ ယဲ့ချင်းထျန်း ကိုယ်တိုင် သင်ကြားပေးထားသော တိုက်ကွက် ဖြစ်သည်။ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ တစ်ဦး အနေဖြင့် မထိမှန်လျှင် ထား၊ ထိမှန်သွားပါက သေချာပေါက် သေဆုံးရမည်၊ သို့မဟုတ် ကျင့်ကြံခြင်း လမ်းဆုံးသွားရမည် ဖြစ်သည်။

..ဒါပေမဲ့ အခုတော့...

အတွင်းထဲက နင်ချီမှာ ဘာလို့ ဒီလို အပြောင်းအလဲတွေ ဖြစ်နေရတာလဲ။

သူ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ... မသေဘူး၊ လမ်းမဆုံးဘူး ဆိုရင်တောင်မှ၊ ဘာမှ မဖြစ်သလိုတော့ မနေသင့်ဘူးလေ။…

ယဲ့ချန် တစ်ယောက်တည်း ထိုသို့ တွေးနေခြင်း မဟုတ်... အောက်ဘက်ရှိ အကြီးအကဲ များစွာလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ဒုတိယ ဂိုဏ်းချုပ် ချန်ဝမ်ဟယ် သည် သူ၏ မုတ်ဆိတ်မွှေးများကို ဆွဲနှုတ်မိမတတ် ဖြစ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"နင်ချီရဲ့ စွမ်းဆောင်ရည်က... 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ရဲ့ အရိပ်အယောင်တောင် သမ်းနေပါလား"

ဒါက တင်စားပြီး ပြောလိုက်ခြင်းသာ ဖြစ်သည်။ မူလဝိညာဉ် နယ်ပယ် နှင့် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ကြားက ကွာခြားချက်က ချောက်ကမ်းပါးကြီး တစ်ခုလို နက်ရှိုင်းလွန်းလှပေသည်။

ယဲ့ချင်းထျန်း ခမျာ ရင်ဘတ်ထဲ ဆို့တက်လာသလို ခံစားလိုက်ရသည်။ သူ ယဲ့ချန်ကို ပြောခဲ့သော စကားများကို ပြန်ကြားယောင်မိပြီး၊ အခုတော့ မမှန်ကန်လာသည့်အတွက် ကိုယ့်ပါးစပ် ကိုယ်ပြန်ရိုက်မိသလို ဖြစ်နေရချေ၏။

အခြားသော အစစ်အမှန် အမွေခံများမှာလည်း ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။ သူတို့၏ ရင်ထဲတွင် "နတ်ဘုရား" တစ်ပါးကို မြင်လိုက်ရသလို လွှတ်ခနဲ အော်ဟစ်မိလာကြသည်။

အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းများ ပေါ်ထွက်လာသည်နှင့် အမျှ၊ အတွင်းထဲရှိ နင်ချီသည် ပိုမို၍ ထူးခြား ဆန်းကြယ်သော အင်မော်တယ် တစ်ပါးအလား ဖြစ်လာတော့သည်။

ရှုပ်ထွေးနေသော မိုးကြိုး တိမ်တိုက်များကြားတွင် ရပ်နေသော်လည်း မည်သည့် နိယာမကမျှ သူ့ကို ထိပါးနိုင်ခြင်း မရှိတော့ပေ။

All Chapters