← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃) - အကြီးအကဲ (အပိုင်း ၂)

~ထို့အပြင် သူ၏ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းသည် မိုးကြိုး တိမ်တိုက်များကိုပါ ဖယ်ရှား ရှင်းလင်းပစ်လိုက်လေ၏။

နှစ်ပေါင်း တစ်ထောင်တိုင်တိုင် မှောင်မိုက်နေခဲ့သော အခန်းကျဉ်းလေး တစ်ခုထဲတွင် မီးအိမ်တစ်လုံး ထွန်းညှိလိုက်သကဲ့သို့... အမှောင်ထုအားလုံး ပျောက်ကွယ်သွားလေ၏။

ဒုတိယ အစစ်အမှန် အမွေခံ ဖြစ်သူ ကျန်းချင်းရွှယ် သည် ကောင်းကင်ယံမှ ထိုမြင်ကွင်းကို မော့ကြည့်ရင်း ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေရှာသည်။

သူမ၏ လျှို့ဝှက် ဝှက်ဖဲကို ထုတ်သုံးလျှင်ပင် ဤအဆင့်ထိ ရောက်အောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။

သူမကို ပို၍ အားငယ်သွားစေသော အချက်မှာ... လွန်ခဲ့သော တစ်နှစ်က နင်ချီသည် ယဲ့ချန်ကို ကိုင်တွယ်ရာတွင် "အရောင်ငါးမျိုး ဝိညာဉ် လက်ကြီး" နှင့် "ရွှေရောင် နေမင်း ဝိညာဉ်ဓား" မှ ထွက်ပေါ်လာသော "အရောင်ငါးမျိုး ဓားချီ" တို့ကို အသုံးပြုခဲ့ရသည် မဟုတ်ပါလော။

ယခုလည်း၊

နင်ချီသည် သူ၏ မှော်စွမ်းအင်မှ ထွက်ပေါ်လာသော "အရောင်ငါးမျိုး အလင်းတန်း" သက်သက်ဖြင့်ပင် ယဲ့ချန်၏ တိုက်ခိုက်မှု အားလုံးကို လွယ်ကူစွာ ခုခံပြီး ဖယ်ရှားပစ်လိုက်ပြီ ဖြစ်၏။

လွန်ခဲ့သော တစ်နှစ်အတွင်း ဤ "ထိပ်ဆုံး (၁၀) ယောက် အစစ်အမှန် အမွေခံ" များသည် မိမိတို့၏ အဆင့်အတန်းကို ထိန်းသိမ်းရန်နှင့် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခွင့် ရရှိရန်အတွက် အသက်ကို ပဓာနမထားဘဲ ကျင့်ကြံခဲ့ကြရာ တိုးတက်မှုများလည်း လျင်မြန်ခဲ့ကြပေသည်။

သို့သော် သူတို့ ပြောနေကြသော "လျင်မြန်သော တိုးတက်မှု" ဆိုသည်မှာ နင်ချီနှင့် ယှဉ်လိုက်လျှင် သာမန် လူသားများ ပစ်ခတ်လိုက်သော မြှားတစ်စင်းနှင့် ကျင့်ကြံသူများ၏ ပျံသန်းနေသော ဓားတစ်လက်တို့ နှိုင်းယှဉ်သကဲ့သို့ ကွာခြားလွန်းလှပေသည်။

ဝမ်းနည်း ပူဆွေးနေရန် အချိန်မရှိတော့ပေ။ ကောင်းကင်ယံတွင် အပြောင်းအလဲသစ်များ ထပ်မံ ဖြစ်ပေါ်လာပြန်လေ၏။

နင်ချီ၏ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းသည် ရှုပ်ထွေးနေသော မိုးကြိုး တိမ်တိုက်များကို တစ်ဆင့်ပြီး တစ်ဆင့် ဖြတ်ကျော်ကာ မိမိထံသို့ တိုးဝင်လာနေသည်ကို ယဲ့ချန် မြင်တွေ့လိုက်ရသည်။

သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ဝေဝါးသွားပြီး လက်ထဲတွင် ကိုင်ဆောင်ထားသော မှော်ဓားနှစ်လက်ကို ရှေ့သို့ ပစ်လွှတ်လိုက်လေတော့သည်။ ဓားများသည် လက်မ အနည်းငယ်ခန့်သာ ရွေ့လျားသွားပြီး နင်ချီ၏ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း အပြင်ဘက်တွင် ရပ်တန့်သွားကြသည်။

ယဲ့ချန်၏ ခန္ဓာကိုယ်သည် မီတာရာပေါင်းများစွာ အကွာအဝေးသို့ ဆုတ်ခွာသွားပြီး ဖြစ်လေ၏။

"ပေါက်ကွဲစမ်း..."

ကမ္ဘာမြေကြီးကို တုန်ခါသွားစေလောက်သော အသံ နှစ်ခု ကောင်းကင်ယံတွင် ဟိန်းထွက်လာခဲ့သည်။ ဝိညာဉ် စွမ်းအင် လှိုင်းလုံးကြီးများနှင့် မှော်ဓား အပိုင်းအစများ လွင့်စဉ် ထွက်ပေါ်လာပြီး ဂယက်ထနေသော လှိုင်းတံပိုးများသဖွယ် ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေကာ စက်ဝိုင်းပုံ တိမ်တိုက်များ ဖြစ်ပေါ်လာစေလေ၏။

ယဲ့ချန်သည် နင်ချီကို ဖြေရှင်းရန်အတွက် "ထိပ်တန်းအဆင့် မှော်ဓား"နှစ်လက်ကို တပြိုင်နက်တည်း ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်ပေသည်။

မှော်ဓားများသည် ဝိညာဉ် ရတနာများ မဟုတ်သော်လည်း ယခုကဲ့သို့ ပေါက်ကွဲသွားသည့် အားကိုတော့ လျှော့တွက်၍ မရနိုင်ပေ။

"ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ အခုမှ စတင် ဝင်ရောက်ကာစ ပုဂ္ဂိုလ်များပင်လျှင် ဤမျှ နီးကပ်သော အကွာအဝေးမှ ပေါက်ကွဲမှုကို ခံလိုက်ရပါက ဒဏ်ရာ အနည်းငယ် ရရှိသွားနိုင်လေ၏။

လူအများစုမှာ ယဲ့ချန်၏ ရက်စက်သော လုပ်ရပ်ကြောင့် သက်ပြင်းချလိုက်မိကြသည်။ နင်ချီကို နိုင်ဖို့အရေး မှော်ဓားတွေကိုပါ စတေးပစ်လိုက်ရသည် မဟုတ်ပါလော။ တဆက်တည်းမှာပင် နှမြောတသလည်း ဖြစ်မိကြ၏။

အစစ်အမှန် အမွေခံ အများစုတွင် ထိပ်တန်းအဆင့် မှော်ရတနာ တစ်ခုလောက် ပိုင်ဆိုင်ရန်ပင် မလွယ်ကူလှချေ။ သို့သော် ဤဖြုန်းတီးတတ်သူကတော့ မျက်တောင်မခတ်ဘဲ ဖောက်ခွဲပစ်လိုက်သည် တဲ့လား။ ဆင်းရဲသားတွေရဲ့ ဘဝကို ထည့်မတွက်တော့ဘူးလား။

သို့သော် သက်ပြင်းချသံများကြားတွင် လူတိုင်း၏ အာရုံသည် နင်ချီ မည်သို့ တုံ့ပြန်မည်နည်း ဆိုသည့် အချက်ပေါ်သို့ ရောက်ရှိနေကြဆဲပင်။

အံ့သြစရာ ကောင်းသည်မှာ... နင်ချီသည် ထို မှော်ဓားများ၏ ပေါက်ကွဲမှုကိုလည်း ယခင် မိုးကြိုး တိမ်တိုက်များကို ရင်ဆိုင်ခဲ့သလိုပင် ရင်ဆိုင်လိုက်ခြင်း ဖြစ်လေ၏။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများသည် နင်ချီ၏ ခန္ဓာကိုယ်ပေါ်ရှိ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။ အဝေးမှ လှမ်းကြည့်လျှင် ဆီလောင်းထားသော မီးတောက်ကို လေဖြင့် မှုတ်လိုက်သကဲ့သို့... မီးတောက်မှာ ငြိမ်းသွားဖို့ နေနေသာသာ ပို၍ပင် တောက်လောင်လာသယောင် ရှိပေသည်။

ယဲ့ချန်လည်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

သူသည် ယဲ့မိသားစုဝင် ဖြစ်သော်လည်း မှော်ဓားနှစ်လက်ကို ဖောက်ခွဲလိုက်ရသည့်အတွက် နှလုံးသားထဲတွင် အကြီးအကျယ် နာကျင်ရပေသည်။ ပို၍ နာကျင်ရသည်မှာ... ထိုပေါက်ကွဲမှုသည် တစ်ဖက်လူကို ခြင်ကိုက်သလောက်ပင် မနာကျင်စေခဲ့ခြင်း ဖြစ်၏။

နင်ချီသည် ရုတ်တရက် ကြီးမားသော မူလဝိညာဉ် လက်ကြီး တစ်ဖက်ကို ဖန်တီးလိုက်ပြီး ယဲ့ချန်ကို ဖမ်းဆုပ်ရန် လှမ်းလိုက်လေ၏။

ယဲ့ချန်သည် လေနှင့် မိုးကြိုး စွမ်းအားများကို အသုံးပြုကာ ခရမ်းရောင်နှင့် အပြာရောင် အလင်းတန်းများ ခြံရံလျက် လျင်မြန်စွာ ရှောင်တိမ်းလိုက်ရသည်။

သို့သော် မူလဝိညာဉ် လက်ကြီးများသည် တစ်ဖက်ပြီး တစ်ဖက် ထွက်ပေါ်လာကာ များမကြာမီမှာပင် ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ယဲ့ချန်မှာ ကောင်းကင်ပေါ်တွင် ပျံသန်းနေသော ယင်ကောင် တစ်ကောင်အလား လက်ကြီးများ၏ ရိုက်ပုတ်ခြင်းကို ရှောင်တိမ်းနေရရှာလေ၏။

သူသည် အမြန်နှုန်းကို အားပြုရသော "လေမိုးကြိုး ဝိညာဉ် ခန္ဓာ" ကို ပိုင်ဆိုင်ထားသဖြင့် ဂုဏ်ယူခဲ့သော်လည်း၊ ဤအတိုင်းသာ ဆက်သွားနေပါက နောက်ဆုံးတွင် အဖမ်းခံရတော့မည်ကို သဘောပေါက်လိုက်သည်။

ယဲ့ချန်သည် သွားများကို အံကြိတ်လိုက်ပြီး သူ၏ ခါးကြားမှ နောက်ထပ် "ရတနာဆန်း"တစ်ခုကို အမြန် ထုတ်လိုက်လေ၏။

ထိုအရာ၏ ပုံသဏ္ဌာန်မှာ "အင်မော်တယ် ခရုခွံ" တစ်ခုနှင့် တူနေပြီး၊ ပါးစပ် ဟလိုက်သောအခါ အတွင်းမှ ပစ္စည်းတစ်ခု ထွက်ပေါ်လာလေ၏။ ၎င်းမှာ "အကြေးခွံ ချပ်ဝတ်" တစ်ခု ဖြစ်ပေသည်။

ဤအရာသည် ယဲ့မိသားစုမှ ပေးသနားထားသော "မပြည့်စုံသေးသည့် အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" တစ်ခု ဖြစ်သည်။ ပုံမှန်အားဖြင့် "မူလဝိညာဉ် နယ်ပယ်" ကျင့်ကြံသူများ အသုံးပြု၍ မရနိုင်သော ပစ္စည်းမျိုး ဖြစ်၏။

ယဲ့ချန်ကဲ့သို့ ပါရမီရှင် တစ်ယောက်ပင်လျှင် ၎င်းကို အသုံးပြုနိုင်ရန်အတွက် မူလဝိညာဉ် ဝိညာဉ်စွမ်းအင် ဖြင့် ပြုစုပျိုးထောင်ကာ၊ အချိန်များစွာ ပေးပြီး နားလည်အောင် ကြိုးစားခဲ့ရပေသည်။

နံပါတ်တစ် အစစ်အမှန် အမွေခံ နေရာကို သေချာပေါက် ရရှိစေရန်အတွက် ယဲ့မိသားစုသည် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ချန်၏ စွမ်းဆောင်ရည်သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ နောက်ထပ် ဂိုဏ်းချုပ် ရွေးချယ်ပွဲနှင့် ဆက်စပ်နေသောကြောင့်ပင်။

ယဲ့ချန်သည် လက်ကို ဆန့်ထုတ်ကာ အင်မော်တယ် ခရုခွံထဲမှ ကြေးခွံ ချပ်ဝတ်ကို ယူလိုက်လေ၏။

၎င်း၏ အသားမှာ သက်ရှိ တစ်ကောင်ကောင်၏ ကြေးခွံ အစစ်နှင့် တူနေသော်လည်း ချပ်ဝတ် ပုံစံမျိုး ပြုလုပ်ထားခြင်း ဖြစ်သည်။

၎င်းမှ အပြာရောင် အလင်းတန်းများ ဖြာထွက်နေပြီး၊ အလင်းရောင် သိပ်မပြင်းသော်လည်း ထူးခြားသော ဆွဲဆောင်မှု တစ်မျိုး ရှိနေပေသည်။

နင်ချီ၏ ဖမ်းဆုပ်နေသော လက်ကြီးများကို ရှောင်တိမ်းရင်း ယဲ့ချန်သည် ထို ကြေးခွံ ချပ်ဝတ်ကို သူ၏ ရင်ဘတ်ပေါ်သို့ ဖိကပ်လိုက်တော့သည်။

"ဂျိန်း... ဂျိန်း..."

"ဒိန်း... ဒိန်း..."

ကောင်းကင်ယံ တစ်ခုလုံး တုန်ခါသွားစေလောက်သော ခံစားမှုတစ်ခု ပဲ့တင်သွားပြီး၊ ယဲ့ချန်၏ နှလုံးခုန်သံသည် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။ လူတိုင်း ကြားနေရလောက်အောင်ပင် ကျယ်လောင်လှပြီး အင်မော်တယ် စည်တော်ကြီး တစ်လုံးကို တီးခတ်လိုက်သကဲ့သို့ ရှိလေ၏။

"နင်ချီ... ဒီတိုက်ကွက်နဲ့မှ မင်းကို မနိုင်ဘူးလို့ ငါမယုံဘူးကွာ"

စကားဆုံးသည်နှင့် တပြိုင်နက် မူလဝိညာဉ် လက်ကြီးတစ်ဖက်သည် သူ့ကို ဖမ်းဆုပ်လိုက်ပြီး နင်ချီ၏ ရှေ့မှောက်သို့ ပြန်လည် ဆွဲယူသွားလေ၏။

နင်ချီသည် တုန်ရီနေသော ယဲ့ချန်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"နောက်ထပ် ဘာတိုက်ကွက်တွေ ကျန်သေးလဲ... မြန်မြန် ထုတ်သုံးစမ်းပါ"

ယဲ့ချန်၏ မျက်နှာသည် သွေးရောင် လွှမ်းသွားလေ၏။ နင်ချီ၏ ရန်စမှုကြောင့်လား၊ သို့မဟုတ် ကြေးခွံ ချပ်ဝတ်၏ အရှိန်ကြောင့်လား မသဲကွဲတော့ပေ။

သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ် စွမ်းအင်များနှင့် မူလဝိညာဉ် စွမ်းအားများသည် ထို ကြေးခွံ ချပ်ဝတ် အတွင်းသို့ စုပ်ယူခြင်း ခံနေရပြီး၊ ၎င်းမှ တောက်ပသော အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ကြေးခွံများသည် ယဲ့ချန်၏ တစ်ကိုယ်လုံးကို အလိုအလျောက် ဖုံးလွှမ်းသွားတော့သည်။

"ဝေါင်း..."

ယဲ့ချန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကောင်းကင်ယံတွင် လေလှိုင်းများ ဖြစ်ပေါ်လာပြီး အဖြူရောင် အစင်းရာများပင် ထင်ကျန်ရစ်ခဲ့လေ၏။

နင်ချီ၏ ခန္ဓာကိုယ်ပေါ်ရှိ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းပင်လျှင် ထိုလေပြင်းကြောင့် ယိမ်းထိုးသွားရ၏။

ရုတ်တရက်... ယဲ့ချန်သည် နင်ချီ၏ ဖမ်းဆုပ်ထားသော မူလဝိညာဉ် လက်ကြီးမှ ရုန်းထွက်လိုက်ပြီး၊ အပြာရောင် ဟာရီကိန်း မုန်တိုင်းများ ဝန်းရံလျက် နင်ချီ့ထံသို့ ဝင်တိုက်လိုက်လေ၏။

အပြာရောင် အလင်းတန်း တစ်ခုသည် လေထုထဲရှိ အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းနှင့် ထိပ်တိုက် တွေ့ဆုံသွားပြီး မီတာရာပေါင်းများစွာ အကွာအဝေးသို့ လွင့်စဉ်သွားကာ တစ်ဖက်တွင် ကွေးညွတ် ရပ်တန့်သွားသည်။

အောက်ဘက်ရှိ လူများသည် ယဲ့ချန်၏ လက်ရှိ ပုံစံကို ကြည့်ရင်း မျက်လုံး ပြူးကျယ်ကုန်ကြသည်။

ယခုအချိန်တွင် ယဲ့ချန်သည် ကြီးမားသော အပြာရောင် နဂါးကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဖြန့်ကျက်လိုက်လေ၏။

ထိုခန္ဓာကိုယ်ကြီး တစ်ခုလုံးကို ဝိညာဉ် စွမ်းအင်များနှင့် မူလဝိညာဉ် စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း အလွန်ပင် သက်ဝင် လှုပ်ရှားနေပြီး၊ တစ်ချက် ကြည့်လိုက်ရုံဖြင့် ကြောက်ရွံ့ တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

ယဲ့ချန် ထုတ်သုံးလိုက်သော "မပြည့်စုံသေးသည့် အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" သည် "နဂါးကြေးခွံ" ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

ကမ္ဘာတိုင်းလိုလိုတွင် နဂါး ဒဏ္ဍာရီများ ရှိကြသော်လည်း၊ တောင်နှင့် ပင်လယ် နယ်မြေ တွင်မူ အားအနည်းဆုံး နဂါးသည်ပင်လျှင် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" အဆင့်ရှိသော သတ္တဝါ ဖြစ်ပေသည်။

အကြီးအကဲ အများစုသည် ယဲ့ချင်းထျန်း ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ယဲ့မိသားစု အနေဖြင့် ဤကဲ့သို့သော ရတနာဆန်းမျိုးကို ရရှိရန် မည်မျှကြီးမားသော ကံတရားမျိုး ပိုင်ဆိုင်ထားသနည်း ဟု တွေးတောနေမိကြ၏။

သို့သော် ယဲ့ချင်းထျန်းသည် ဂုဏ်ယူဝင့်ကြွားခြင်း မရှိဘဲ၊ သူ၏ မျက်လုံးများသည် ကောင်းကင်ယံမှ ခွာခြင်း မရှိပေ။ ယဲ့ချန် အနေဖြင့် ဤရတနာဆန်းကို ထုတ်သုံးလိုက်ပြီ ဖြစ်သော်လည်း သူ၏ ရင်ထဲတွင် မသေချာမှုများ ခံစားနေရဆဲ ဖြစ်သောကြောင့်ပင်။

အခန်း (၅၂၄) - အကြီးအကဲ (အပိုင်း ၃)

~အဘယ်ကြောင့်ဆိုသော် နင်ချီသည် တကယ့်ကို ပါရမီရှင် တစ်ဦး ဖြစ်နေသောကြောင့်ပင်။

နင်ချီသည် နဂါးကြေးခွံကို အသုံးပြု၍ တိုက်ခိုက်သော ယဲ့ချန်၏ တိုက်ကွက်ကို ဒဏ်ရာအနာတရ မရှိဘဲ ရင်ဆိုင်နိုင်ခဲ့ပြီး၊ အကွာအဝေး တစ်ခုသို့သာ လွင့်စဉ်သွားခဲ့လေ၏။

သူသည် ယဲ့ချန်ကို စိတ်ဝင်တစား ကြည့်နေမိသည်။ ယဲ့ချန် အသုံးပြုနေသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာသည် မည်သူ့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားသော ချပ်ဝတ် ဖြစ်မည်နည်း။ ပြီးတော့... အကယ်၍ ၎င်းသာ ပြီးပြည့်စုံနေခဲ့လျှင် ဘယ်လို ပုံစံမျိုး ဖြစ်နေမလဲ ဆိုသည်ကို တွေးတောနေမိ၏။

ယဲ့ချန်သည် အချိန်ဖြုန်းရဲခြင်း မရှိတော့ပေ။ ဤ ဝိညာဉ် ရတနာ အပိုင်းအစကို အသုံးပြုနေရသည်မှာ အချိန်တိုင်း၊ စက္ကန့်တိုင်းတွင် သူ၏ သက်စောင့်စွမ်းအားအား လောင်ကျွမ်းနေသကဲ့သို့ ခံစားနေရသောကြောင့်ပင်။

ကြီးမားသော အပြာရောင် နဂါးကြီးအဖြစ် ပြောင်းလဲထားသော ယဲ့ချန်သည် လေပြင်းများ ဝန်းရံလျက် ရှိနေသည်။ အကယ်၍ သူကိုယ်တိုင်သာ "လေမိုးကြိုး ဝိညာဉ် ခန္ဓာ"ကို မပိုင်ဆိုင်ထားပါက ဤရတနာကို အသုံးပြုရန် အရည်အချင်းပင် ရှိမည် မဟုတ်ချေ။

သူ ခေါင်းကို မော့ကာ နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ၊ ပေသုံးရာခန့် ရှည်လျားသော အပြာရောင် နဂါးခန္ဓာကိုယ်ကြီးသည် ကောင်းကင်ယံကို ဖြတ်သန်းကာ လှုပ်ရှားလိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုခန္ဓာကိုယ်ကြီးသည် နင်ချီကို အလယ်တွင် ထားလျက် ဝိုင်းရံ ပိတ်ဆို့လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် အပြာရောင် နဂါးကြီးသည် ပါးစပ်ကို ဖြဲကာ အလယ်ရှိ နင်ချီကို ကိုက်ခဲရန် ပြင်လိုက်ပြီး၊ ခြေသည်း လေးချောင်းသည်လည်း ဟင်းလင်းပြင်ကို ထက်ပိုင်းပြတ်မတတ် ကုတ်ခြစ် တိုက်ခိုက်လိုက်လေ၏။

ဒါတင် မကသေးပေ။ ကြီးမားသော နဂါးခန္ဓာကိုယ်ကြီးသည် တင်းကျပ်စွာ ကျုံ့ဝင်သွားပြီး တောင်တန်းကြီးပမာ ကြီးမားသော အမြီးဖြင့် နင်ချီ့ထံသို့ ရိုက်နှက်လိုက်တော့သည်။

ပို၍ ကြောက်စရာ ကောင်းသည်မှာ... ထိုတိုက်ခိုက်မှုများကြားတွင် "လေစွမ်းအား စည်းမျဉ်း" ၏ အရိပ်အယောင် အချို့ ပါဝင်နေကြောင်း လူအများက အာရုံခံစားမိလိုက်ခြင်းပင်။ အပြည့်အဝ ဖြစ်တည်ခြင်း မရှိသေးသော်လည်း ထိုစွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ဤမြင်ကွင်းသည် အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းလှပေ၏။ နဂါးခန္ဓာကိုယ်ကြီး လှုပ်ရှားလိုက်သည်နှင့် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဗဟို တောင်ထွတ်များထဲမှ တစ်လုံးသည်ပင်လျှင် ဤတိုက်ခိုက်မှုအောက်၌ ပြာကျသွားနိုင်လောက်ပေသည်။

အောက်ဘက်ရှိ အစစ်အမှန် အမွေခံများသည် တုန်လှုပ်စွာ ကြည့်နေကြပြီး နင်ချီ မည်သို့ တုံ့ပြန်မည်ကိုသာ သိချင်နေကြတော့သည်။

အပြာရောင် နဂါးကြီး၏ တိုက်ခိုက်မှု အားလုံးသည် နင်ချီ့အပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲတွင်... နင်ချီ၏ ခန္ဓာကိုယ်၌ အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာလေ၏။

သူ့ကို ဝန်းရံထားသော အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်းထဲမှ နောက်ထပ် အရောင်နှစ်မျိုး ဖြစ်သည့် အပြာရောင် နှင့် ခရမ်းရောင် အလင်းတန်းများ ရုတ်တရက် တိုးထွက်လာတော့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုအလင်းတန်းများသည် နင်ချီ၏ ကျောဘက်မှ ထိုးထွက်လာပြီး ကြီးမားသော အတောင်ပံ တစ်စုံအဖြစ် ပြောင်းလဲသွားလေ၏။

ထိုအတောင်ပံများသည် အပြာရောင်နှင့် ခရမ်းရောင်များ ယှက်နွယ်နေသော်လည်း တစ်ဖက်နှင့် တစ်ဖက် မတူညီကြပေ။

အတောင်ပံ တစ်ဖက်တွင် အပြာရောင် အရိုးစနစ် ပါဝင်ပြီး လေဓာတ် သဘာဝ လွှမ်းမိုးကာ၊ ခရမ်းရောင် အမွှေးအတောင်များဖြင့် မိုးကြိုး စွမ်းအားများကို ထုတ်လွှတ်နေသည်။ အခြား အတောင်ပံ တစ်ဖက်မှာမူ ဆန့်ကျင်ဘက် အနေဖြင့် မိုးကြိုးကို အရိုးစနစ် အဖြစ် ဖွဲ့စည်းထားပြီး အပြာရောင် လေဓာတ်ကို အမွှေးအတောင်များ အဖြစ် ဖွဲ့စည်းထားသည်။

ဒါသည်ကား... လွန်ခဲ့သော တစ်နှစ်က နင်ချီ နားလည် သဘောပေါက်ခဲ့သော "နတ်ဘုရား နည်းစနစ်" ဖြစ်သည့် "လေအတောင်ပံနှင့် မိုးကြိုးအတောင်ပံ" ပင် ဖြစ်ပေသည်။

ထိုအတောင်ပံကြီးများသည် တိမ်တိုက်များအလား မြင့်မားကာ နင်ချီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်နှင့် ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။

အတောင်ပံ တစ်ချက် ခတ်လိုက်သည်နှင့် ထက်ရှသော ကတ်ကြေးကြီး တစ်လက်ကဲ့သို့ တိုးဝင်လာသော အပြာရောင် နဂါးကြီးကို အပိုင်းပိုင်း အစစ ဖြစ်အောင် ဖြတ်တောက်လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားစေလေ၏။

ယဲ့ချန်၏ ခန္ဓာကိုယ်သည် အပြာရောင် နဂါးခန္ဓာကိုယ် အတွင်းမှ လွတ်ကျလာပြီး အောက်သို့ တည့်တည့် ပြုတ်ကျသွားတော့သည်။

ယဲ့ချန်သည် မကျေနပ်သော မျက်လုံးများဖြင့် နင်ချီကို စိုက်ကြည့်နေမိသည်။ သူသည် ဤရလဒ်ကို လုံးဝ မျှော်လင့်မထားခဲ့ချေ။

သူ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို သုံးခဲ့ပြီးပြီ။ မပြည့်စုံသေးသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာကိုပင် ထုတ်သုံးခဲ့ပြီးပြီ။ ဒါပေမဲ့ အရင်ကထက်တောင် ပိုမြန်မြန် ရှုံးနိမ့်သွားရသည် တဲ့လား။

ဘာကြောင့်လဲ...။

သူ့ကို ပိုပြီး စိတ်ပျက်အားလျော့သွားစေသည်မှာ နင်ချီ၏ နောက်ဆုံး တိုက်ကွက်ကြောင့်ပင် ဖြစ်သည်။

နင်ချီသည် သူ့ကို ငုံ့ကြည့်လိုက်သည်။ ပျက်စီးသွားသော အပြာရောင် နဂါးကြီး၏ အပိုင်းအစများသည် ဝိညာဉ် စွမ်းအင် အမျှင်တန်းများ အဖြစ် ပြောင်းလဲသွားပြီး နင်ချီ၏ "လေပံသီးနှင့် မိုးကြိုးအတောင်ပံ" ပေါ်တွင် သွားရောက် စုစည်းနေကြသည် မဟုတ်ပါလော။

ရှိနေသော သူအားလုံး အံ့သြမှင်သက်ကုန်ကြသည်။ သူတို့ ဘာကို မြင်လိုက်ရတာလဲ။

"စီနီယာအစ်ကိုနင်က 'ဓာတ်ကြီးငါးပါး ဓားသခင်' လို့ နာမည်ကြီးတာ မဟုတ်ဘူးလား။ ဘာလို့ 'ဓာတ်ကြီးငါးပါး ဓားချီ' ကို ထုတ်မသုံးပါလိမ့် နော်"

လူတစ်ယောက်က နားမလည်စွာ မေးလိုက်သည်။

နောက်လူတစ်ယောက်က ခါးသီးစွာ ပြန်ဖြေလေ၏။

"အခုချိန်မှာ အဲဒါက အရေးကြီးသေးလို့လား။ စီနီယာအစ်ကိုနင်က 'လေမိုးကြိုး စွမ်းအား' ကို သုံးလိုက်တာ မင်း မမြင်ဘူးလား"

"ဟုတ်တယ်...။ 'လေမိုးကြိုး စွမ်းအား' ကို သုံးပြီး 'လေမိုးကြိုး ဝိညာဉ် ခန္ဓာ' ပိုင်ရှင်ကို အနိုင်ယူလိုက်တာ...။ ဒီကိစ္စက... ငါ ယဲ့ချန် ကိုယ်စားတောင် မျက်ရည်ကျချင်လာပြီကွာ"

"စီနီယာအစ်ကိုနင်က တကယ့်ကို ပါရမီရှင်ပါပဲ။ မဟာ အကြီးအကဲ ဇီယန်က သူ့ကို ဘာလို့ 'အင်မော်တယ် မျိုးစိတ်' လို့ ခေါ်ခဲ့တာလဲ ဆိုတာ အခုမှပဲ ငါ နားလည်တော့တယ်"

တာအိုဆရာ ဇီယန်၊ ချန်ဝမ်ဟယ် နှင့် အခြားသော မဟာစွမ်းအားရှင်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်ပေါက်လာကြသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ နင်ချီကဲ့သို့ တပည့်တစ်ယောက် မွေးထုတ်ပေးနိုင်ခြင်းသည် ဤတစ်ကြိမ် "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" ခရီးစဉ်တွင် ကြီးမားသော ဆုလာဘ်များ ရရှိလိမ့်မည်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။

ယဲ့ချန်သည် အောက်ဘက် ရင်ပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ကျရောက်သွားပြီး ကြီးမားသော တွင်းကြီး တစ်တွင်း ဖြစ်ပေါ်သွားစေလေ၏။

တွင်းနက်ကြီး၏ အောက်ခြေတွင် လဲလျောင်းရင်း ယဲ့ချန်သည် နင်ချီကို မော့ကြည့်နေမိသည်။

နင်ချီသည် သူ၏ မှော်စွမ်းအင်များကို ရုပ်သိမ်းလိုက်ပြီး သူနှင့်သာ ထိုက်တန်သော "ပထမ အစစ်အမှန် အမွေခံ" ပလ္လင်ပေါ်တွင် ဝင်ရောက် ထိုင်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။

ထိုခဏတွင် ယဲ့ချန်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

"တောက်... မင်း ဘာလုပ်နေတာလဲ။ ယဲ့မိသားစုကို အရှက်ခွဲချင်နေတာလား။ ပထမ နေရာ ရှုံးသွားရင် ဒုတိယ နေရာ ရှိသေးတယ်လေ"

မဟာ အကြီးအကဲ ယဲ့ချင်းထျန်း၏ အေးစက်သော အသံသည် ယဲ့ချန်၏ ခေါင်းထဲတွင် ပဲ့တင်ထပ်သွားသည်။ ယဲ့ချန် မျက်လုံးများကို မှေးစင်းလိုက်မိသည်။ ကောင်းကင်မှ နေမင်းကြီးသည် သူ၏ မျက်လုံးများကို စူးရှနေသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။

သူ၏ မျက်လုံးများကို ဖုံးလွှမ်းနေသော မြူခိုးများ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ သူ လေထဲသို့ ပျံတက်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

ယဲ့ချန်သည် ဒုတိယ နေရာတွင် ထိုင်နေသော ကျန်းချင်းရွှယ် ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာထားမှာ တည်ငြိမ် လေးနက်နေပြီး ပြောလိုက်လေ၏။

"ဂျူနီယာညီမလေး ကျန်း... သင်ကြားပြသပေးပါဦး"

ယဲ့ချန်၏ အသံသည် ယခင်ကထက် များစွာ တိုးလျနေလေ၏။ နင်ချီနှင့် မတိုက်ခိုက်မီက သူ ပြောခဲ့သော "ဂုဏ်သိက္ခာ" နှင့် "ယဲ့မိသားစု" အကြောင်းများကို လုံးဝ မေ့လျော့သွားပုံရပြီး၊ သူ၏ နှလုံးသားထဲတွင် လေးလံသော စကားလုံး တစ်လုံးတည်းသာ ကျန်ရစ်တော့သည်။

"ရှုံးနိမ့်ခြင်း"။

ကျန်းချင်းရွှယ်သည် စကားအများကြီး မပြောဘဲ လေထဲသို့ တန်းမတ်စွာ ပျံတက်လာပြီး ယဲ့ချန်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်လေ၏။

သူမ၏ ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး ရေခဲ ချပ်ဝတ် တစ်ခု ဖြစ်ပေါ်လာသည်။ သူမ၏ ဝိညာဉ်ဓားသည်လည်း လေထဲတွင် တွဲလောင်းကျနေပြီး အဖြူရောင် နှင်းမြူများကို ထုတ်လွှတ်နေလေ၏။

ယဲ့ချန်သည် သူ၏ ရင်ဘတ်ပေါ်ရှိ နဂါးကြေးခွံကို ငုံ့ကြည့်လိုက်ပြီး နောက်ဆုံး လက်ကျန် စွမ်းအား အကုန်လုံးကို ထိုအထဲသို့ ထည့်သွင်းလိုက်တော့သည်။

နင်ချီ့ကို ရှုံးနိမ့်ခဲ့ပြီးပြီ... ။ သူ ထပ်ပြီး အရှုံးမခံနိုင်တော့ပေ။

ရှုံးနိမ့်မှုမှ ရရှိခဲ့သော ခံပြင်းစိတ် အားလုံးကို ကျန်းချင်းရွှယ် အပေါ်တွင် ပုံချပြီး ပေါက်ကွဲပစ်ရန် ရည်ရွယ်လိုက်သည်။

အပြာရောင် နဂါးကြီး ထပ်မံ ပေါ်ထွက်လာသည်။ ယဲ့ချီ အနေဖြင့် နင်ချီ့ကို ကျေးဇူးတင်ရမလို ဖြစ်နေသည်။

နင်ချီက သူ့ကို အမြန် အဆုံးသတ်ပေးခဲ့သည့်အတွက် သူသည် ဤနဂါးကြေးခွံကို ထပ်မံ အသုံးပြုနိုင်လောက်အောင် စွမ်းအား ကျန်ရစ်နေသေးခြင်း ဖြစ်ပေ၏။

ယဲ့ချန် တုံ့ဆိုင်းမနေတော့ဘဲ၊ အပြာရောင် နဂါးကြီးကို မောင်းနှင်ကာ ကျန်းချင်းရွှယ်အား အလားတူ နည်းစနစ်ဖြင့် တိုက်ခိုက်လိုက်တော့သည်။

အလယ်တွင် ရှိနေသော ကျန်းချင်းရွှယ်သည် သက်ပြင်း တစ်ချက် ဖွဖွလေး ချလိုက်သည်။ သူမ၏ ညာဘက်လက်သည် အရှေ့တွင် ရှိနေသော နှင်းမြူများ ဝန်းရံနေသည့် ဝိညာဉ်ဓားကို လှမ်းယူလိုက်သည်။

သူမ၏ ဘယ်ဘက်လက်မှ သွယ်လျသော လက်ချောင်းလေးများသည် "ဆဋ္ဌဂံပုံစံ ရေခဲတုံး" တစ်ခုကို ရုတ်တရက် ကိုင်ဆောင်လိုက်လေ၏။

ကျန်းချင်းရွှယ်သည် ထို ရေခဲတုံးကို သူမ၏ နဖူးအလယ်တည့်တည့်သို့ ဖိကပ်လိုက်ရာ၊ ရေခဲစွမ်းအား လှိုင်းလုံးကြီးများသည် သူမ၏ ခန္ဓာကိုယ်ထဲမှ သမုဒ္ဒရာကြီး တစ်စင်းအလား လျှံကျလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ပြန့်ကားသွားစေလေ၏။

ဝေဝါးသော မြင်ကွင်းများကြားတွင် "ရေခဲ မဟာဓားကြီး" တစ်လက်သည် ကောင်းကင်ကို ထိုးဖောက်သွားပြီး ဟင်းလင်းပြင် တစ်ခုလုံးကို ခဲသွားစေသကဲ့သို့ ထင်မှတ်ရပေသည်။

ပါးစပ်ဟထားသော အပြာရောင် နဂါးကြီး၊ ဝှေ့ယမ်းနေသော လက်သည်းများနှင့် ရိုက်ခတ်နေသော အမြီးများ အားလုံးသည် ထို ရေခဲ မဟာဓားကြီး၏ အရှိန်အဝါအောက်တွင် အေးခဲသွားပြီး အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားကြတော့သည်။

အကယ်၍ ယဲ့ချန်တွင် နဂါးကြေးခွံ ချပ်ဝတ်သာ ဖုံးအုပ်မထားပါက သူသည် ဒဏ်ရာ အပြင်းအထန် ရရှိသွားနိုင်ပေသည်။

ဓားချက် တစ်ချက်တည်းဖြင့် ယဲ့ချန် ထပ်မံ ရှုံးနိမ့်သွားရပြန်လေ၏။ သူ၏ အဆင့်သတ်မှတ်ချက်သည် တတိယ နေရာသို့ လျှောကျသွားရတော့၏။

ယဲ့ချန်မှာ ဒေါသကြောင့် သွေးအန်ချင်စိတ် ပေါက်လာသော်လည်း ဘာမှ မတတ်နိုင်တော့ပေ။

ကျန်းချင်းရွှယ်၌လည်း "ပျက်စီးနေသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ" ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိချေ။

သူ၏ စိတ်ဓာတ်သည် ယိုင်နဲ့နေပြီ ဖြစ်ပြီး၊ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်မှုသည် ယဲ့ချန်ကို ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။

ကံကောင်းသည်မှာ အခြားသော ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင်များသည် သူ့ကို စိန်ခေါ်ရန် စိတ်ကူး မရှိကြခြင်းပင်။

မည်သို့ပင် ဖြစ်စေ ယဲ့ချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် ပျောက်ဆုံးသွားခြင်း မဟုတ်ပေ။ နင်ချီနှင့် ကျန်းချင်းရွှယ်တို့က သူ့ကို မြန်မြန်ဆန်ဆန် အနိုင်ယူလိုက်ကြသဖြင့် သူ၏ စွမ်းအား အများစု ကျန်ရှိနေသေးသည်။

ထို့အပြင် သူ၏ လက်ထဲတွင် ပျက်စီးနေသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ ရှိနေသေးပြီး၊ ယဲ့မိသားစု၏ ကျောထောက်နောက်ခံလည်း ရှိနေသေးသည် မဟုတ်ပါလော။

ယခုအချိန်တွင် သူ့ကို စိန်ခေါ်ခြင်းသည် မအောင်မြင်လျှင်တောင်မှ မိမိတို့၏ ရင်ထဲတွင် ရန်ငြိုးမျိုးစေ့ ချလိုက်သလို ဖြစ်သွားနိုင်ပေသည်။

သို့သော် မည်သူမျှ စိန်မခေါ်ကြသော်လည်း လူတိုင်း၏ အတွေးများမှာမူ အတွင်းကျကျ လှုပ်ရှားနေကြပြီ ဖြစ်သည်။

ယဲ့ချန်နှင့် မဟာ အကြီးအကဲ ယဲ့ချင်းထျန်း တို့သည် နှုတ်ဆိတ်နေကြပြီး၊ သူတို့၏ မျက်နှာများမှာ မဲမှောင်နိုင်သမျှ မဲမှောင်နေလေ၏။ လူအုပ်ကြီးကိုပင် လှည့်မကြည့်ရဲကြတော့ပေ။

လူအများက သူတို့ကို တိတ်တဆိတ် လှောင်ပြောင်နေကြသည်ကို သိနေကြပုံရသည်။

ထို့နောက်တွင်မူ အခြားသော တပည့်များသည် အစစ်အမှန် အမွေခံများကို ဆက်လက် စိန်ခေါ်ကြပြီး၊ အဆင့်နိမ့် အစစ်အမှန် အမွေခံများ အချင်းချင်းလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကြလေ၏။

နေမင်းကြီး တောင်တန်းများ နောက်သို့ ဝင်ရောက်သွားချိန်တွင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အစစ်အမှန် အမွေခံ အဆင့်သတ်မှတ်ချက်သည် အတည် ဖြစ်သွားခဲ့ပြီ ဖြစ်၏။

နင်ချီသည် ယှဉ်ပြိုင်ဘက် ကင်းသော "နံပါတ်တစ် အစစ်အမှန် အမွေခံ" ဖြစ်လာခဲ့ပြီး၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံးနှင့် အစွမ်းထက်ဆုံး နံပါတ်တစ် ဖြစ်လာခဲ့သည်။

ယခုအခါ သူသည် ဂိုဏ်းသား အားလုံး၏ စီနီယာအစ်ကိုကြီး ဖြစ်လာခဲ့ပြီး၊ သူ၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေ၏။

ရှိနေသော ဓာတ်ကြီးငါးပါး တောင်ထွတ်မှ တပည့်အားလုံးသည် အထူး ဂုဏ်ယူနေကြပြီး ရင်ကော့ ခေါင်းမော့ထားကြလေ၏။

အစစ်အမှန် အမွေခံများသည် ထိပ်ဆုံး (၁၀) ယောက် စာရင်းကို ကြည့်လိုက်သောအခါ ဓာတ်ကြီးငါးပါး တောင်ထွတ်မှ (၃) နေရာယူထားသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် ချင်မင်ဟောက် နံပါတ် (၈) နေရာ ရရှိသွားသည်ကို မြင်လိုက်ရသောအခါ၊ ယခင်က သူ့ကို လှောင်ပြောင်ခဲ့ဖူးသူများသည် နောင်တကြီးစွာ ရရှိသွားကြလေ၏။

ချင်မင်ဟောက်သည် အမြော်အမြင် ကြီးမားသူ၊ စိတ်ထား ကြည်လင် ပြတ်သားသူ အဖြစ် ဂုဏ်သတင်း ကျော်ဇောသွားလေ၏။

ထို့နောက်တွင် ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း ကိုယ်တိုင် ထိပ်ဆုံး (၁၀) ယောက်ကို ဆုချီးမြှင့်လေ၏။

"ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး" များကို နေရာတွင်ပင် ပေးအပ်လိုက်ပြီး၊ ပထမ (၃) နေရာ ရရှိသူများမှာမူ ဂိုဏ်း၏ ဘဏ္ဍာတိုက်သို့ သွားရောက်ကာ မှော်ရတနာ သို့မဟုတ် ဝိညာဉ် ရတနာများကို ရွေးချယ်ခွင့် ရရှိကြလေ၏။

ဤအစီအစဉ်ကို ဒုတိယ ဂိုဏ်းချုပ် ချန်ဝမ်ဟယ် က ဦးဆောင်လေ၏။

နင်ချီသည် ပထမ နေရာ ရရှိသူ ဖြစ်သဖြင့် "အဆင့်နိမ့် ဝိညာဉ် ရတနာ" တစ်ခု ရရှိလေ၏။

ကျန်းချင်းရွှယ်နှင့် ယဲ့ချန်တို့က ဒုတိယနှင့် တတိယ ဆုများ အဖြစ် အဆင့်နိမ့် မှော်ရတနာများကို ရရှိကြသည်။ သူတို့ နှစ်ဦးစလုံး သိပ်ပြီး စိတ်ဝင်စားပုံ မရကြပေ။ တိုက်ပွဲတွင် ပျက်စီးနေသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာများကိုပင် ထုတ်သုံးခဲ့ကြသည် မဟုတ်ပါလော။

သူတို့နှစ်ဦးသည် သာမန်ကာ လျှာကာ တစ်ခုစီ ရွေးချယ်ပြီး ချက်ချင်း ထွက်ခွာသွားကြလေ၏။

ကျန်းချင်းရွှယ် မထွက်ခွာမီ နင်ချီ့ကို ဂုဏ်ပြုစကား ဆိုခဲ့ပြီး၊ နောင်တစ်ချိန် ဓာတ်ကြီးငါးပါး တောင်ထွတ်သို့ လာရောက်ပြီး ပညာဖလှယ်ဦးမည် ဖြစ်ကြောင်း ပြောကြားရာ နင်ချီက လက်ခံခဲ့လေ၏။

ယဲ့ချန်မှာမူ လုံးဝ တိတ်ဆိတ်သွားပြီး မည်သူ့ကိုမျှ ဂရုမစိုက်တော့ပေ။

နောက်ဆုံးတွင် ဘဏ္ဍာတိုက်ထဲ၌ ချန်ဝမ်ဟယ်နှင့် နင်ချီ နှစ်ယောက်တည်း ကျန်ရစ်ခဲ့လေ၏။

"ဂုဏ်ယူပါတယ် နင်ချီ... မင်းရဲ့ ဒီနေ့ တိုက်ပွဲက လူကြီးတွေ အများကြီးကို စိတ်လှုပ်ရှားသွားစေခဲ့တယ်"

"ဘာကြောင့် ဒုတိယ ဂိုဏ်းချုပ်ကြီးက အဲဒီလို ပြောရတာလဲခင်ဗျာ"

"ဒါပေါ့... မင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး သူတို့ ခံစားမိနေကြတာက... လာမယ့် 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ခရီးစဉ်မှာ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရနိုင်မယ် ဆိုတာလေ"

နင်ချီသည် နှိမ့်ချခြင်း မရှိသလို ထောင်လွှားခြင်းလည်း မရှိဘဲ ပြောလိုက်သည်။

"တပည့် အစွမ်းကုန် ကြိုးစားပါ့မယ်"

ချန်ဝမ်ဟယ်က နင်ချီ၏ ပခုံးကို ပုတ်လျက် ပြုံးပြလိုက်လေ၏။

"ဂိုဏ်းချုပ်ကြီးက မှာလိုက်တယ်...။ ဝိညာဉ် ရတနာ ဆုလာဘ်အတွက် ငါက မင်းကို အကောင်းဆုံး တစ်ခု ရွေးပေးပါတဲ့။ မင်း စိတ်ထဲမှာ လိုချင်တာ ရှိလား။ လျှို့ဝှက်နယ်မြေထဲမှာ အသုံးဝင်မယ့် ဟာမျိုး ဆိုရင် ပိုကောင်းတာပေါ့"

နင်ချီ၏ မျက်လုံးများထဲတွင် စဉ်းစားခန်း ဝင်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူ၏ နားလည် သဘောပေါက်နိုင်စွမ်း အရ ဆိုလျှင် သာမန် အဆင့်နိမ့် ဝိညာဉ် ရတနာများသည် သူ့စွမ်းအားကို သိပ်ပြီး တိုးတက်စေမည် မဟုတ်ပေ။ ထို့ကြောင့် "ဝိညာဉ်ဓား" တစ်လက်ကို ရွေးချယ်ခြင်းက ပိုကောင်းပေလိမ့်မည်။

အထူးသဖြင့် "ဓားစည်းမျဉ်း အမှတ်အသား" အများဆုံး ပါဝင်သော ဓားမျိုး ဆိုလျှင် သူ့ခန္ဓာကိုယ်အတွက် ပို၍ အကျိုးရှိပေလိမ့်မည်။

အခန်း (၅၂၅) - မျိုးဗီဇ ပြောင်းလဲခြင်း

~ဓာတ်ကြီးငါးပါး တောင်ထွတ် ...

အစစ်အမှန် အမွေခံ ရွေးချယ်ပွဲကြီး ပြီးဆုံးသွားသည့်နောက်... ဓာတ်ကြီးငါးပါး တောင်ထွတ်သည် ယခင်ကထက် ပိုမို စည်ကားလာခဲ့လေ၏။ များပြားလှသော အစစ်အမှန် အမွေခံများသည် လာရောက် သစ္စာခံကြသော်လည်း၊ လူရွေးချယ်မှု အပိုင်းတွင်မူ ယခင်ကထက် ပိုမို တင်းကျပ်လာခဲ့၏။

နင်ချီသည် ထိုကိစ္စအဝဝကို ချင်မင်ဟောက် နှင့် ဝမ်ယဲ့ တို့ထံ လွှဲအပ်လိုက်ပြီးနောက်၊ သူကိုယ်တိုင်မှာမူ တံခါးပိတ် ကျင့်ကြံခြင်းကို စတင်လိုက်လေ၏။ သူသည် ဤတိုက်ပွဲမှ ရရှိခဲ့သော အကျိုးအမြတ်များကို အသေးစိတ် လေ့လာ သုံးသပ်ရန် လိုအပ်နေပေသည်။

နင်ချီ၏ ရှေ့မှောက်တွင် ရှေးဟောင်း "တာအို ဝိညာဉ်ဓား" တစ်လက်သည် လေထဲ၌ လွင့်မျောနေလေ၏။

၎င်း၏ ပုံသဏ္ဌာန်မှာ ရိုးရှင်းလှပြီး အခြား ဝိညာဉ်ဓားများကဲ့သို့ ထက်ရှသော အငွေ့အသက်များ မရှိသလို၊ ခရမ်းရောင်နှင့် အပြာရောင် ဓားများကဲ့သို့ ထူးခြားသော ဂုဏ်သတ္တိများလည်း မရှိချေ။

သို့သော် ဤအဆင့်နိမ့် ဝိညာဉ်ဓားတွင် ဝိညာဉ်ဓားတစ်လက်၌ ရှိသင့်ရှိထိုက်သော အခြေခံအကျဆုံး အနှစ်သာရ ပါဝင်နေပေသည်။ ၎င်းမှာ "ဓားသိုင်း စည်းမျဉ်း အမှတ်အသား" ပင် ဖြစ်ပေသည်။

ထိုဓားပေါ်ရှိ စည်းမျဉ်း အမှတ်အသားများသည် အလွန် သိပ်သည်းများပြားလှပြီး၊ လေမိုးကြိုး ဓားနှစ်လက်နှင့် ရွှေရောင် နေမင်း ဓားတို့ထက် နှစ်ဆခန့် ပိုမို များပြားနေ၏။ ဤဓားသည် ဓားသိုင်း သက်သက်အတွက်သာ ရည်ရွယ်ပြီး သွန်းလုပ်ထားခြင်း ဖြစ်ပေသည်။ နင်ချီသည် အမြဲတမ်း တည်ငြိမ်သူ ဖြစ်သော်လည်း ဤဓားကို ရရှိလိုက်သောအခါ သူ၏ ရင်ထဲတွင် ကြည်နူးမှု အနည်းငယ် ဖြစ်ပေါ်လာရလေ၏။

ဤ တာအို ဝိညာဉ်ဓားသာ ရှိလျှင် မကြာမီ အချိန်အတွင်း ဓားသိုင်း စည်းမျဉ်း မူလအစ ကို လုံလောက်စွာ ထုတ်ယူနိုင်မည် ဖြစ်ပြီး၊ သူ၏ ပင်မခန္ဓာကိုယ်ကြီးကို "စည်းမျဉ်း နယ်ပယ်" သို့ တက်လှမ်းစေနိုင်မည်ဟု ယုံကြည်ထားပေသည်။

ထို့နောက်တွင်...

နင်ချီ၏ ရှေ့မှောက်၌ ကျောက်စိမ်းရောင် ဆေးပုလင်း တစ်လုံး ပေါ်လာပြီး၊ ပုလင်းဝမှ လုံးဝန်းသော ဆေးလုံးတစ်လုံး လိမ့်ဆင်းလာခဲ့လေ၏။ သဘာဝအတိုင်း ဖွဲ့စည်းထားသကဲ့သို့ ကျောက်စိမ်း ပုလဲတစ်လုံးပမာ လည်ပတ်နေသော ထိုဆေးလုံးသည် ယခင်က ဆုလာဘ်အဖြစ် ရရှိခဲ့သော "ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံး" ပင် ဖြစ်၏။

ဤဆေးလုံးသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အဆင့်ရှိ ကျွမ်းကျင်သူများ သုံးစွဲသော ဆေးလုံး ဖြစ်ပြီး၊ သက်ရှိတစ်ဦးကဲ့သို့ တိမ်တိုက်များကို ရှူရှိုက်နိုင်ကာ လေစီးကြောင်းများကို လည်ပတ်စေနိုင်စွမ်း ရှိပေသည်။

ဤကဲ့သို့သော ဆေးလုံးမျိုးသည် ဝိညာဉ် ရှိရုံသာမက၊ ဉာဏ်အလင်း ပွင့်စေရန် အထောက်အကူ ပြုသော "စည်းမျဉ်း စွမ်းအား" အနည်းငယ်လည်း ပါဝင်နေပေသည်။

နင်ချီသည် သူ၏ မူလဝိညာဉ် အာရုံ အား စုစည်းပြီး ထိုဆေးလုံးအပေါ်သို့ အာရုံစိုက်လိုက်သည်။ စကျင်ကျောက်ကဲ့သို့ သေးငယ်သော ထိုဆေးလုံးသည် သူ၏ စိတ်ထဲတွင် နက်ဗျူလာ ကြယ်စု အငယ်စားလေး တစ်ခုအလား ဖြစ်ပေါ်နေလေ၏။

သူသည် လေးနက်စွာ စတင် လေ့လာတော့သည်။

ပါဝင်ပစ္စည်းများ၊ ဖွဲ့စည်းပုံနှင့် အချိုးအစားများကို အချိန်ယူ စိစစ်ပြီးနောက်၊ နင်ချီသည် ထိုဆေးလုံး၏ ဖော်စပ်နည်းကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့လေ၏။

သူ ဖော်ထုတ်လိုက်သော ဖော်စပ်နည်းသည် မူရင်းထက်ပင် ပိုမို အစွမ်းထက်ပြီး၊ ဗားရှင်း အမျိုးမျိုးကိုပင် ပြင်ဆင်ထားလိုက်သေးသည်။

အနာဂတ်တွင် ဤဆေးဖော်စပ်နည်းများကို အသုံးပြုပြီး အစစ်အမှန်သိုင်း ကမ္ဘာရှိ သက်ရှိများအတွက် ကံအမှတ် လဲလှယ်နိုင်မည့် ဆေးလုံးများကို ဖော်စပ်ပေးနိုင်မည် ဖြစ်ပေသည်။

ဤကာလအတွင်း နင်ချီသည် တံခါးပိတ် ကျင့်ကြံရာမှ တစ်ကြိမ် ထွက်ခဲ့ဖူးလေ၏။

ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း ထံမှ သတင်းစကား တစ်စောင် ရောက်ရှိလာသောကြောင့် ဖြစ်သည်။ "နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ" သည် (၁၀) နှစ်အတွင်း သေချာပေါက် ပွင့်လာတော့မည် ဖြစ်သဖြင့်၊ ထိပ်ဆုံး (၁၀) ယောက် စာရင်းဝင်များကို အခွင့်အရေး မလွတ်စေရန်အတွက် ဤကာလအတွင်း အပြင်မထွက်ကြရန် သတိပေးထားခြင်း ဖြစ်၏။

နင်ချီ ကိုယ်တိုင်လည်း အပြင်ထွက်ရန် အစီအစဉ် မရှိချေ။

သူသည် ဓာတ်ကြီးငါးပါး တောင်ထွတ်မှ ကိစ္စအချို့ကို စီမံခန့်ခွဲပြီးနောက် တံခါးပိတ် ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်လေ၏။

...

တံခါးပိတ် ကျင့်ကြံခြင်းတွင် အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးလေ့ ရှိစမြဲပင်။ တောင်ပေါ်ရှိ ပန်းများ ပွင့်လိုက်၊ ကြွေလိုက်နှင့် သံသရာလည်နေရင်း (၉) နှစ်တာ အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

နင်ချီ တံခါးပိတ် ကျင့်ကြံရာမှ နိုးထလာသောအခါ သူ၏ မျက်ဝန်းများထဲတွင် ကောင်းကင်နှင့် မြေကြီး ဖြစ်တည်စ ပြောင်းလဲမှုများ ပါဝင်နေသကဲ့သို့ နက်ရှိုင်းနေပြီး၊ ခဏအကြာမှသာ ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိသွားလေ၏။

သူ၏ စိတ်အာရုံသည် ကြည်လင် ပြတ်သားနေ၏။ သူသည် သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး သူ၏ မူလဝိညာဉ် စွမ်းအားဖြင့် ဓာတ်ကြီးငါးပါး တောင်ထွတ် တစ်ခုလုံး၏ ပြောင်းလဲမှုများကို လှမ်း၍ စစ်ဆေးကြည့်လိုက်သည်။

နင်ချီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး၊ ဤ (၉) နှစ်တာ ကာလအတွင်း ရရှိခဲ့သော အကျိုးအမြတ်များကို စတင် ရေတွက် ကြည့်မိလေ၏။

ဤကာလအတွင်း နင်ချီသည် ခရမ်းရောင် ရွှေဆေးလုံးကို သောက်သုံးခဲ့ပြီး ၎င်း၏ အစွမ်းသတ္တိများကို ခန္ဓာကိုယ်နှင့် မူလဝိညာဉ် အတွင်းသို့ စီးဆင်းစေခဲ့၏။

ထိုဆေးစွမ်းသည် သူ၏ ခန္ဓာကိုယ်၊ မူလဝိညာဉ်၊ အတွင်းနှင့် အပြင်၊ အတုနှင့် အစစ် အားလုံးကို ဆေးကြော သန့်စင်ပေးခဲ့သည်။

ခရမ်းရောင် နန်းတော် နယ်ပယ် တွင် သုံးစွဲခဲ့သော ဆေးများနှင့် မတူညီသည်မှာ... နင်ချီသည် သူ၏ အာရုံခံစားမှုအား ပိတ်ဆို့ထားသော အလွှာပါး တစ်ခု ကွာကျသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ပြင်ပ အာရုံများကို ပိုမို ရှင်းလင်းစွာ ခံစားလာရခြင်းပင်။

ဤအကျိုးသက်ရောက်မှုသည် တောင်နှင့် ပင်လယ် နယ်မြေ ရှိ ဝင်စားခန္ဓာ တွင်သာမက၊ အစစ်အမှန်သိုင်း ကမ္ဘာ ရှိ ပင်မခန္ဓာကိုယ် တွင်ပါ သက်ရောက်မှု ရှိစေပြီး၊ ကမ္ဘာနှစ်ခုကြားရှိ ဆက်သွယ်ထားသော အသိစိတ်ကို ပိုမို ကြည်လင်လာစေလေ၏။

ရလဒ် အနေဖြင့်... နင်ချီသည် ကမ္ဘာလောက အတွင်း နက်ရှိုင်းစွာ ကိန်းအောင်းနေသော "စည်းမျဉ်း စွမ်းအား" များကို ဖမ်းယူရန် ပိုမို လွယ်ကူလာခဲ့သည်။

ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ဝင်စားခန္ဓာသည် စည်းမျဉ်း စွမ်းအားနှင့် ပတ်သက်ပြီး ဉာဏ်အလင်း အတော်အတန် ရရှိလာခဲ့ပြီ ဖြစ်သည်။

၎င်းသည် "စည်းမျဉ်း တောအုပ်" ထဲတွင် လမ်းကြောင်း တစ်ခုကို ရှင်းလင်းလိုက်သကဲ့သို့ ဖြစ်ပြီး၊ အချိန်မရွေး လမ်းဖွင့်ကာ "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်" သို့ တက်လှမ်းနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

မမှားပါ...။

ဟင်းလင်းပြင် လမ်းစဉ် ခရမ်းရောင် ရွှေဆေးလုံးသည် အထောက်အကူ ပြုရုံမျှသာ ဖြစ်ပြီး၊ အဓိက သော့ချက်မှာ နင်ချီ၏ ကိုယ်ပိုင် ဉာဏ်ပညာ သာ ဖြစ်သည်။

သို့မဟုတ်ပါက ဆေးလုံး တစ်လုံးတည်း၏ အစွမ်းဖြင့် အကန့်အသတ်မဲ့ ဓားဂိုဏ်း တွင် မရေမတွက်နိုင်သော "မဟာစွမ်းအားရှင်" များ ပေါ်ထွက်နေလောက်ပြီ ဖြစ်ပေသည်။

သို့သော် လာမည့် လျှို့ဝှက်နယ်မြေ ခရီးစဉ်အတွက် နင်ချီသည် သူ၏ စွမ်းအားကို ယာယီ ဖိနှိပ်ထားကာ အဆင့်မတက်သေးဘဲ ထိန်းသိမ်းထားလိုက်လေ၏။

သူသည် အလျင်မလိုပါပေ။ လိုအပ်ပါက သူ၏ ပင်မခန္ဓာကိုယ် စွမ်းအားကို အချိန်မရွေး ဆင့်ခေါ် အသုံးပြုနိုင်သည် မဟုတ်ပါလော။

ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်သို့ တက်လှမ်းခြင်းသည် အဆင်ပြေစေရန် လုပ်ဆောင်မှု တစ်ခုသာ ဖြစ်ပြီး၊ သူ၏ စွမ်းအား မျက်နှာကြက်ကို မြှင့်တင်ခြင်း မဟုတ်ချေ။

အရာအားလုံးသည် ပင်မခန္ဓာကိုယ် အတွက်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

ထို့အပြင် ဤ (၉) နှစ်တာ ကာလအတွင်း ဓာတ်ကြီးငါးပါး တောင်ထွတ်၏ စွမ်းအားသည်လည်း တစ်ရှိန်ထိုး မြင့်တက်လာခဲ့လေ၏။ တပည့်အားလုံးသည် အနှစ်သာရ ၊ ချီ နှင့် ဝိညာဉ် ပိုင်းဆိုင်ရာတွင် တစ်ဖန်ပြန်လည် နိုးထလာကြသကဲ့သို့ တိုးတက်လာကြသည်။

အသစ်ဝင်ရောက်လာသူများ အပြင်၊ ရှိရင်းစွဲ အစစ်အမှန် အမွေခံများ၏ တိုးတက်မှုသည်လည်း ကြောက်ခမန်းလိလိ ဖြစ်ပေသည်။

အထူးသဖြင့် ချင်မင်ဟောက်နှင့် ဝမ်ယဲ့တို့၏ စွမ်းအားသည် နင်ချီ၏ အောက်တွင်သာ ရှိတော့ပြီး၊ ယဲ့ချန်နှင့် ကျန်းချင်းရွှယ်တို့ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာကြပြီ ဖြစ်၏။

အကယ်၍ အစစ်အမှန် အမွေခံ ရွေးချယ်ပွဲ ထပ်လုပ်မည် ဆိုပါက... ဓာတ်ကြီးငါးပါး တောင်ထွတ်သည် နေရာတစ်ဝက်လောက်ကို သိမ်းပိုက်နိုင်မည့် အနေအထားတွင် ရှိနေလေ၏။ နင်ချီသည် တံခါးပိတ် ကျင့်ကြံနေသဖြင့် လမ်းညွှန်မှု မပေးနိုင်ခဲ့သည့်တိုင်အောင် ဤမျှ တိုးတက်လာကြခြင်း ဖြစ်သည်။

...

အစစ်အမှန်သိုင်း ကမ္ဘာ အတွင်း၌...

ဤ (၉) နှစ်တာ ကာလအတွင်း အစစ်အမှန်သိုင်း ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လည်ပတ်နေသော ဘီးလုံးကြီး တစ်ခုအလား ရှေ့သို့ ဆက်တိုက် ချီတက်နေခဲ့လေ၏။

နယ်ပယ် အရှင်သခင် နင်ချီ၏ ဘုန်းတန်ခိုးကြောင့် အစစ်အမှန်သိုင်း ကမ္ဘာ၏ ကောင်းကင်တာအိုသည် စနစ်တကျ ရှိနေပြီး၊ အင်မော်တယ်များနှင့် သာမန် လူသားများသည် အစဉ်လိုက် ရှင်သန် နေထိုင်ကြကာ အရာရာသည် စည်းစနစ် ကျနနေပေသည်။

စည်းမျဉ်းများ အပြည့်အဝ တည်ဆောက်ပြီးသော "ဝိညာဉ် နယ်မြေ" တစ်ခု မဟုတ်သေးသော်လည်း၊ အစစ်အမှန်သိုင်း ကမ္ဘာတွင် အခြား ကမ္ဘာများ မရှိသော အားသာချက်များ ရှိနေပြန်သည်။

မည်သည့် ကမ္ဘာတွင်မျှ အစစ်အမှန်သိုင်း ကမ္ဘာကဲ့သို့ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှု မရှိသလို၊ နယ်ပယ် အရှင်သခင် ကိုယ်တိုင်က သက်ရှိအားလုံးကို "အင်မော်တယ် လမ်းစဉ်" လက်ဆင့်ကမ်းပေးပြီး "ဉာဏ်အလင်း နယ်ပယ် သစ်ပင်" ဖြင့် ပံ့ပိုးပေးထားသော ကမ္ဘာမျိုး မရှိချေ။

အစစ်အမှန်သိုင်း ကမ္ဘာရှိ သက်ရှိအားလုံးသည် နယ်ပယ် အရှင်သခင် ရှိနေကြောင်းကို သိရှိကြပြီး၊ သူတို့ ကြိုးစားသရွေ့ ရှင်းလင်း ပြတ်သားသော လမ်းကြောင်း တစ်ခု ရှိနေသည်ကို နားလည်ထားကြသည်။

ပြီးခဲ့သော အကြိမ်က နင်ချီ စတေးခဲ့သော (၁၂) ဂိုဏ်းမှ သန်းပေါင်းများစွာသော တောင်နှင့် ပင်လယ် နယ်မြေ ကျင့်ကြံသူများ၏ ဝိညာဉ် စွမ်းအင်များသည် အစစ်အမှန်သိုင်း ကမ္ဘာအတွက် မြေဆီသြဇာများ ဖြစ်လာခဲ့ပြီး၊ ကမ္ဘာကြီး၏ ဖွံ့ဖြိုးမှုကို တစ်ခေတ်ဆန်းသစ်စေခဲ့လေ၏။

များစွာသော သက်ရှိများသည် ဤအခွင့်အရေးကို အရယူကာ အပေါ်သို့ တက်လှမ်းရန် စုစည်း ကြိုးပမ်းနေကြသည်။

ကျင့်ကြံသူ ဦးရေ တိုးပွားလာသည်သာမက၊ "မှော်စွမ်းအင် နယ်ပယ်" အဆင့် ကျင့်ကြံသူများသည် သန်းနှင့်ချီ ရှိလာပြီး၊ "ခရမ်းရောင် နန်းတော် နယ်ပယ်" အဆင့် ကျင့်ကြံသူများသည် သိန်းဂဏန်းအထိ ရောက်ရှိလာခဲ့ကာ ဆက်လက်၍ အံ့မခန်း နှုန်းဖြင့် တိုးပွားနေဆဲ ဖြစ်ပါသည်။

ဤပမာဏသည် အစစ်အမှန်သိုင်း ကမ္ဘာ၏ အကန့်အသတ်နှင့် ဝေးကွာနေသေးပေသည်။

All Chapters