← Chapters

ဝန်ဆောင်မှုအခကြေးစနစ်စတင်ခြင်း (၂)

Vol. 1 Ch. 3

ဝန်ဆောင်မှုအခကြေးစနစ်စတင်ခြင်း (၂)

Vol. 1 Ch. 3

「အဲ့ဒါ ဒိုကဲဘီလား ။ ဤအကောင်လေး ပထမဆုံးပေါ်ပေါ်လာခြင်းမှာပဲ လူတစ်ယောက်က ဒိုကဲဘီလားဟု ရေရွတ်လိုက်သည်။」

ဘာကြောင့်မှန်းမသိသော်လည်း အဆိုပါစာကြောင်းက ရုတ်တရက်ဆိုသလို ကျနော့်ခေါင်းထဲ ပေါ်လာ၏။ ရပ်နေသည့် မြေအောက်ရထား၊ မှောင်နေသော အခန်း... ဤအသေးစိတ်အချက်အလက်တွေက ကျွန်တော့်ကို déjà vu (ယခင်ကြုံဖူးသလိုခံစားရမှု) ဖြစ်စေသည်။ မြေအောက်ရထားဆိုတာ ရပ်ဖူးတာမျိုးရှိသော်လည်း မကြုံဖူးသလောက် ရှား၏။

ဒါဆိုရင်…ဘာကြောင့်လဲ။

ကျနော်သိထားသည့်ဝတ္ထုထဲက ရင်းနှီးနေသည့် စကားလုံးတွေကို မှတ်မိလာခဲ့သည်။

ဒါကြီးက မဖြစ်နိုင်ဘူးလေ။

ထိုအခိုက်အတန့်မှာပဲ ရထားတွဲနံပါတ် ၃၈၀၇၏ တံခါးက ခပ်ကျယ်ကျယ်ပွင့်သွားပြီး မီးပါ ပြန်လင်းလာသည်။ ယူဆန်းအာက ကျနော့်ဘေးကနေ တိုးတိုးလေး ပြော၏။ "...အဲ့ဒါက ဒိုကဲဘီလား... "

ကျနော့်ခေါင်းထဲမှာ အချက်ပေးသံတွေ မြည်ကုန်သည်။ ကျနော်သိထားသည့်ဝတ္ထုနှင့် လက်တွေ့ဖြစ်ပျက်နေသည်မှာ တထပ်ထဲဖြစ်နေသောကြောင့် စိတ်ထဲ မသက်မသာ ဖြစ်ကာ တုန်ယင်လာမိ၏။

「သေးငယ်သည့်ချိုလေးနှစ်ချောင်းနှင့် ကောက်ရိုးဖျာသေးသေးလေးပတ်ထားသည့် ထူးဆန်းသော အမွှေးပွသတ္တဝါလေးက လေထဲမှာမျောလွင့်နေသည်။」

「ထူးဆန်းလွန်းသည့်သတ္တဝါမလို့ နတ်သားလေးဟု ခေါ်ဆို၍မရနိုင်သလို ရက်စက်လွန်းသည့်အပြုအမူရှိသောကြောင့် ကောင်းကင်တမန်တော်ဟုလည်း ခေါ်ဆို၍ မဖြစ်နိုင်သည့်အပြင် ငြိမ်သက်အေးချမ်းလွန်းသည့် သဘောသဘာဝရှိသည့်အတွက် မိစ္ဆာဟုပါ မခေါ်ထိုက်ပေ။」

「ထို့ကြောင့် ဤသတ္တဝါကို 'ဒိုကဲဘီ(မှင်စာ)'ဟုသာ ခေါ်တွင်လေသည်။」

ထို့အပြင် ဒိုကဲဘီပြောမည့် ပထမဆုံးစကားကိုလည်း ကျနော်သိနှင့်နေပြီး ဖြစ်နေ၏။

「&아#@!&아#@! ...」

[&아#@!&아#@!…]

စိတ်ကူးယဉ်ဇာတ်လမ်းနှင့် လက်တွေ့ဖြစ်ရပ်သည် တိကျစွာ တထပ်ထဲ ကျနေလေပြီ။

"ဒါက ဘာကြီးလဲ"

"တုပထားတဲ့ပုံရိပ်ယောင်လား"

စကားတွေ တီးတိုးပြောနေသည့်လူတွေကြားမှာ ကျနော်တစ်ယောက်ထဲ တခြားကမ္ဘာထဲသို့ ရောက်သွားသလို ခံစားရသည်။ ဤသတ္တဝါက သေချာပေါက်ကို ဒိုကဲဘီပင်။ Ways of Survival ဝတ္ထုထဲက လူထောင်ပေါင်းများစွာ၏ဘဝကို ဘေးဒုက္ခရောက်စေသော တံခါးကို ဖွင့်ပေးခဲ့သည့် ဒိုကဲဘီသည် ဤသတ္တဝါပင် ဖြစ်၏။ ယူဆန်းအာဆီကနေ စကားသံထွက်လာသဖြင့် ကျနော်၏အတွေးတွေ ရပ်တန့်သွားသည်။။

"စပိန်စကားနဲ့နည်းနည်းဆင်တယ်။ သူ့ကိုစကားပြောကြည့်လိုက်ရမလား"

ကျနော်အနည်းငယ် အံ့အားသင့်သွားပြီး မေးမိသည်။

"ဒီကောင်က ဘာကောင်လဲ ယူဆန်းအာ သိတယ်လား။ ဒီကောင်က ဒိုကဲဘီ(မှင်စာ)ဆိုတော့ ပိုက်ဆံတောင်းကြည့်ချင်လို့လား"

(ရိုးရာပုံပြင်များတွင် မှင်စာတွေထံကနေ ရွှေတွေတောင်းလို့ရသည့်အကြောင်းအရာ ပါသည်။)

"မဟုတ်ပါဘူး။ ဒါပေမဲ့လေ… "

ထိုအချိန်မှာပဲ ကိုရီးယားစကားသံကို ကြားလိုက်ရ၏။

[ဟယ်လို။ ဟယ်လို။ ကြားရလား။ ဟယ်လို။ ဒီကိုရီးယားဘာသာပြန်စက်က အလုပ်မလုပ်ပဲဖြစ်နေခဲ့လို့ အခက်တွေ့နေခဲ့တာကွ။ အားလုံးပဲ ပြောတာကိုကြားရလား]

ရင်းနှီးသော ဘာသာစကားကို ကြားလိုက်ရသည့်အခါ လူတွေ၏မျက်နှာအမူအယာတွေ ပြေလျော့သွားသည်။ ရှေ့ကိုပထမဆုံးထွက်လာသူက အနောက်တိုင်းဝတ်စုံကို ဝတ်ထားသည့် လူကြီးတစ်ယောက်ဖြစ်၏။

"ဟေ့။ မင်းတို့ အခုဘာလုပ်နေကြတာလဲ"

[...ဟမ်]

"ရိုက်ကူးရေးလုပ်နေတာလား။ လူရွေးပွဲကိုသွားစရာရှိလို့ ငါအလျင်လိုနေတာကွ "

အဆိုပါလူကြီး၏မျက်နှာကို မမြင်ဖူးသဖြင့် ထိုလူသည် နာမည်မကြီးသော သရုပ်ဆောင်တစ်ယောက်သာ ဖြစ်မည်ထင်သည်။ ကျနော်သာ သရုပ်ဆောင်ရွေးသည့် ဒါရိုက်တာဆိုပါက ထိုလူ၏ပြင်းပြသည့်သရုပ်ဆောင်ချင်စိတ်ကိုမြင်ပြီး ရွေးချယ်မိမှာ သေချာသည်။ ကံမကောင်းစွာဖြင့် သူ့ရှေ့မှာရှိနေသည်က ဒါရိုက်တာတစ်ယောက် မဟုတ်ပေ။

[ဪ။ လူရွေးပွဲတဲ့လား။ ဟုတ်တာပေါ့။ ဒါလည်း လူရွေးပွဲပဲလေ။ ဟားဟား။ ရထားတဲ့အချက်အလက်ကလည်း နည်းနေခဲ့တာကွ။ အခကြေးစနစ်စတင်တဲ့ ည၇နာရီမှာပဲ ငါဝင်လာခဲ့တာလေ]

"ဟမ်။ မင်းဘာတွေပြောနေတာလဲ"

[ကဲ…ကဲ….အားလုံးငြိမ်ငြိမ်လေးထိုင်ပြီး ငါပြောတာကို နားထောင်ကြ။ အခု ငါ အရေးကြီးတဲ့အကြောင်းတစ်ခုပြောပြမယ်]

ကျနော့်ရင်ထဲမသက်မသာဖြစ်လာ၏။

"ဘာတွေလဲကွာ။ ရထားပေါ်ကနေ မြန်မြန်ဆင်းကြတော့"

"ရထားတွဲမှူးကို တစ်ယောက်လောက် ခေါ်ပေးကြပါ"

"ပြည်သူတွေနဲ့ ညှိနှိုင်းမှုမရှိပဲ သူတို့တွေ ဘာလုပ်နေတာလဲဟ"

"အမေ။ အဲ့ဒါက ဘာကြီးလဲ။ ကာတွန်းလား"

လုံးဝကို သေချာသည်။ ကျနော်သိထားသည့် ဇာတ်ကြောင်းအတိုင်း ဖြစ်ပျက်နေခြင်းသာ။ ဤကိစ္စထဲမှာ ကျနော်မပါချင်သော်လည်း မပါ၍ မရပဲ ဖြစ်နေ၏။ ရထားထဲရှိလူတွေကတော့ သေးငယ်ပြီးချစ်စရာကောင်းသော ကွန်ပျူတာအထူးပြုလုပ်ချက်ပုံစံ သတ္တဝါလေး၏ စကားအား နားမထောင်ကြပေ။ ကျနော့်အနေဖြင့်တော့ ထိုင်ခုံကနေထဖို့ကြိုးစားနေသည့် ယူဆန်းအာကိုသာ မထရန်တားဖို့လုပ်နိုင်တော့၏။

"ယူဆန်အာ။ အန္တရာယ်ရှိတာမလို့ ဒီအတိုင်းပဲ ဆက်ထိုင်နေပါ"

"ဟမ်" ယူဆန်အာ၏မျက်လုံးတွေ ပြူးကျယ်သွားသည်။ ယူဆန်းအာတစ်ယောက် အထိတ်တလန့်ဖြစ်နေသည့် အချိန်တွင် အန္တရာယ်ရှိသည်ဟု ကျနော်ပြောမိသည်မှာ မှန်သော်လည်း ဤအခြေအနေနှင့်ပတ်သတ်ပြီး နားလည်အောင်ရှင်းပြဖို့နည်းလမ်း ကျနော့်တွင် မရှိချေ။ တိတိကျကျပြောရလျှင် ရှင်းပြစရာလည်း မလိုပေ။

[ဟားဟား။ မင်းတို့တွေက တကယ်ကိုဆူညံနေတာပဲ]

ယခုအချိန်တွင် အားလုံးထက်ပို၍ စည်းရုံးနိုင်စွမ်းရှိသူသည် ကျနော်တို့ရှေ့မှာ ရှိနေသည်ပင်။

[ငြိမ်နေလို့ပြောထားတယ်မလား]

ဒိုကဲဘီ၏မျက်လုံးတွေ အနီရောင်သို့ပြောင်းသွားသည်နှင့် ကျနော့်မျက်လုံးတွေကို ဖြည်းဖြည်းခြင်း မှိတ်လိုက်သည်။ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ရထားတစ်တွဲလုံး တိတ်ဆိတ်သွား၏။

"ဟ…ဟာ…. အား..." လူရွေးပွဲသွားဖို့ရှိနေသည့် အမည်မသိသရုပ်ဆောင်၏ နဖူးပြင်၌ အပေါက်ကြီးတစ်ခုဖြစ်သွားသည်။ စကားအများကြီးပြောခဲ့သော ထိုလူသည် ကြမ်းပြင်ပေါ်သို့ လဲပြိုကျသွား၏။

[ဒါက ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး]

ပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။ ဤတခါကတော့ ရထားတွဲမှူးကို ခေါ်ခိုင်းခဲ့သည့် လူဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။

[ဒါကအိပ်မက်မဟုတ်ဘူး။ ဝတ္ထုလည်းမဟုတ်ဘူး]

တစ်ယောက်၊ နှစ်ယောက်...အစရှိသော လူတချို့၏ ဦးခေါင်းတွေ ပေါက်ကွဲထွက်သွားသည်နှင့်အမျှ လေထဲတွင် သွေးများ ဖြာထွက်ကုန်သည်။ ခေါင်းတွေပေါက်ကွဲခဲ့သူများမှာ ဒိုကဲဘီကို ဆန့်ကျင်စကားပြောခဲ့သူများ၊ အော်ဟစ်ကြွေးကြော်ခဲ့သူများ သို့မဟုတ် ထသောင်းကျန်းခဲ့သူများသာ ဖြစ်ကြ၏။ အနည်းငယ်ပူညံပူညံလုပ်ခဲ့သူများပင် ခေါင်းတွေပေါက်ကွဲခဲ့သည်။ ရုတ်တရက်ဆိုသလို မြေအောက်ရထားသည် သွေးကန်တစ်ခုလိုဖြစ်သွားခဲ့၏။

[ဒါက မင်းတို့သိထားတဲ့ 'လက်တွေ့ကမ္ဘာ'မျိုး မဟုတ်ဘူး။ နားလည်ပြီလား။ ဒါကြောင့် လူတိုင်း ပါးစပ်ပိတ်ပြီး ငါပြောတာကို နားထောင်ကြစမ်း]

ဤရထားတွဲထဲတွင်ရှိသော လူတစ်ဝက်ကျော်လောက် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သွေးနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေက မြေအောက်ရထားတွဲတစ်ခုလုံးမှာ ပြည့်သွားခဲ့၏။ ယခုအချိန်တွင်တော့ ရထားတွဲထဲကလူတွေဟာ အော်ဟစ်နေကြခြင်း မရှိတော့ပေ။ ခွန်အားကြီးသော သားရဲတိရစ္ဆာန်ရှေ့မှာရောက်နေသည့် ရှေးဦးလူသားတွေကဲ့သို့ လူတိုင်းဟာ ဒိုကဲဘီကို ကြောက်ရွံ့တကြီးဖြင့်သာ ကြည့်နေကြသည်။ ကျနော်လည်း အံ့အားသင့်နေခဲ့ပြီး ဂျွတ်ထိုးနေသည့် ယူဆန်းအာ၏ ပုခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မိလိုက်၏။

ဒါက တကယ်ဖြစ်ပျက်နေခြင်းပင်။ ကျနော့်နားထဲဝင်လာသည့် ထူးဆန်းသည့် စကားသံ၊ ကျနော့်ရှေ့မှာ ပေါ်လာသော ဒိုကဲဘီ၊ သွေးကန်ကဲ့သို့ဖြစ်သွားခဲ့သော မြေအောက်ရထား အစရှိသည်တို့သည် အကယ်ပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

[မင်းတို့အားလုံး အခုအချိန်အထိ ဘဝကိုကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့ရတာမလား]

ဦးစားပေးထိုင်ခုံမှာထိုင်နေသော အဖွားအိုတစ်ယောက်ကို ဒိုကဲဘီက ကြည့်လိုက်၏။

[မင်းတို့တွေဟာ အချိန်အကြာပြီး အခမဲ့နေခဲ့ကြတယ်။ မင်းတို့ရဲ့ဘဝတွေက အရမ်းကို သက်သာလွန်းနေတယ်လို့မထင်ဘူးလား။ မင်းတို့တွေဟာ မွေးဖွားလာပြီး အသက်ရှူဖို့၊ စားဖို့၊ အညစ်အကြေးစွန့်ဖို့နဲ့ မျိုးပွားဖို့အတွက် ဘာတစ်ခုမှကို ပေးစရာမလိုခဲ့ဘူး။ ဟား…မင်းတို့တွေဟာ တကယ်ကိုကောင်းတဲ့ ကမ္ဘာမှာ နေနေကြတာပဲ]

အခမဲ့တဲ့လား။ ဒီမြေအောက်ရထားထဲက ဘယ်သူမှ ဘဝကို အခမဲ့ မနေထိုင်ခဲ့ကြရပါဘူးကွာ။ လူတွေဟာ အသက်ရှင်ဖို့အတွက် ပိုက်ဆံရှာဖို့ ကြိုးစားနေကြရတာလေ။ အလုပ်ကနေ အိမ်ပြန်ဖို့သာ ဒီမြေအောက်ရထားကို စီးနေကြရတာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဘယ်သူမှ ဒိုကဲဘီရဲ့ စကားကို မငြင်းဆန်ရဲကြပေ။

[ဒါပေမယ့် အခုတော့ ကောင်းတဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီ။ မင်းတို့ ဘယ်လောက်အထိ အခမဲ့ ဆက်နေလို့ရမယ်ထင်နေကြတာလဲ။ ပျော်ရွှင်မှုကို ခံစားချင်ရင် တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမယ်ဆိုတာ သဘာဝပဲလေ။ ဟုတ်တယ်မလား]

မှင်သက်နေသည့် လူတွေဟာ ဘာမှကိုပြန်မဖြေနိုင်ကြပေ။ ထို့နောက်တွင်တော့ လူတစ်ယောက်က သတိဖြင့် လက်မြှောက်ကာ မေးလိုက်သည်။ ။

"င-ငွေလိုချင်လို့လားဟင်"

ဤအခြေအနေမျိုးမှာ စကားပြောနိုင်မည့်လူမရှိလောက်ဟုသာ ကျနော်တွေးမိခဲ့သည်။ ထို့အပြင် ထိုလူ၏မျက်နှာကို မြင်လိုက်သည့်အချိန်မှာတော့ ကျနော် အံ့အားသင့်သွားမိ၏။

"ယူဆန်းအာ။ အဲ့ဒါက ဘဏ္ဍာရေးဌာနက ဌာနမှူး ဟန်မလား"

"ဟုတ်တယ်"

မှားစရာမရှိလောက်ပေ။ ဌာနမှူးဟန်သည် ကုမ္ပဏီ၏ ထိပ်တန်းအရာရှိတစ်ယောက်နှင့် ရင်းနှီးပြီး ဝန်ထမ်းအသစ်တွေ ထိပ်ဆုံးကနေ ရှောင်လေ့ရှိသည့် ပုဂ္ဂိုဟ်ဖြစ်သည်။ ဌာနမှူးဟန်၏နာမည်အပြည့်အစုံမှာ ဟန်မြုံအိုဖြစ်၏။

ဒီလူက ဘာလို့ မြေအောက်ရထားစီးနေတာလဲ။

"ကျနော် ငွေပေးပါမယ်။ ယူပါ။ ကျနော်က ငွေပေးနိုင်တဲ့လူပါ "

ဌာနမှူး ဟန်က သူ၏လုပ်ငန်းကတ်ပြားကို ထုတ်ယူလိုက်သည်။ သူ့လေသံကတော့ အာဏာရှင်တွေကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကယ်တင်ရှင်တစ်ယောက်၏ လေသံမျိုးပင်။

"ဘယ်လောက်လိုချင်လဲ။ ချက်လက်မှတ်အကြီးတစ်ခုလား။ နှစ်ခုလား "

ဌာနမှူးဟန် ကမ်လှမ်းသော ပမာဏသည် အရန်ကုမ္ပဏီတစ်ခု၏ ဌာနမှူးတစ်ယောက်တတ်နိုင်သော ပမာဏထက်ပင် ပိုများနေ၏။ ဟန်မြုံအိုသည် လက်အောက်ခံကုမ္ပဏီတစ်ခုက ခေါင်းဆောင်၏ အငယ်ဆုံးသားဖြစ်သည်ဆိုသော အကြောင်းကိုတော့ ကြားဖူးပြီး မှန်လည်းမှန်လောက်သည်။ ဤမျှပမာဏကြီးမားသော ချက်လက်မှတ်မျိုးကို ကျနော့်ပိုက်ဆံအိတ်ထဲတွင် မထည့်ဖူးပေ။

[ဟမ်…မင်းက ငါ့ကိုငွေပေးနေတာလား]

"ဟ-ဟုတ်ပါတယ်။ အခု ကျနော့်ဆီမှာ ရှိတဲ့ ငွေက သိပ်မများပေမဲ့...ကျနော့်ကို ဒီကနေ ထွက်သွားခွင့်ပေးမယ်ဆိုရင် ဘာမဆိုပေးပါမယ် "

[ငွေတဲ့လား။ ငွေရှိတာ ကောင်းတယ်။ ငွေဆိုတာ လူသားတွေကြားမှာ သဘောတူညီမှုထားပြီး အလဲအလှယ်လုပ်တဲ့ အပင်ထုတ် ပစ္စည်းတစ်မျိုးပဲ]

ဌာနမှူး၏ မျက်နှာမှာ တောက်ပသွားသည်။ 'ငွေက အရာရာဆိုတာ တကယ်ပါပဲလား'ဆိုသည့် မျက်နှာအမူအယာဖြင့်ပါ။ တကယ်ကို စိတ်ပျက်စရာပါပဲ။

"ကဲ…ဒါက ကျနော့်မှာ ရှိတာ အကုန်…"

[မင်းတို့ရဲ့ငွေက မင်းတို့တွေတည်ရှိတဲ့ အချိန်နဲ့နေရာမှာပဲ အသုံးဝင်တာကွ]

"ဟမ်"

ထို့နောက်တွင်တော့ လေထဲကနေ မီးတောက်တွေ ပေါ်လာပြီး ဌာနမှူး၏လက်ထဲက ချက်လက်မှတ်တွေကို မီးစွဲသွားသဖြင့် ဌာနမှူး ဟန် အော်မိလိုက်တော့သည်။

[အဲ့ဒီစက္ကူက စကြဝဠာကြီးထဲမှာ တန်ဖိုးမရှိဘူး။ နောက်တစ်ခါ ဒါမျိုးထပ်လုပ်ရင် မင်းခေါင်းကို ပေါက်ကွဲသွားအောင် လုပ်ရလိမ့်မယ်]

"ဟ-ဟာ..." လူတွေ၏ မျက်နှာပေါ်၌ ထိတ်လန့်မှုတွေ တဖန်ပြန်ပေါ်လာသည်။ သူတို့တွေ ဘာတွေးနေသည်ကိုသိဖို့က လွယ်သည်။ အဘယ်ကြောင့်ဆိုသော် ဝတ္ထုထဲကအတိုင်း ဖြစ်နေခြင်းကြောင့်ပင်။

「 အခု ဘာတွေဆက်ဖြစ်တော့မှာလဲ 」

ရှေ့ဆက်ပြီး ဘာဆက်ဖြစ်မည်ကို ကျနော်တစ်ယောက်ထဲသာ သိထား၏။

[ထွီ...မင်းတို့ဆူညံနေတုန်းမှာ အကြွေးတွေက တဖြည်းဖြည်း ပိုများလာနေပြီကွ။ ဟုတ်ပြီလေ။ အကြိမ်တစ်ရာလောက် ရှင်းပြရတာထက် မင်းတို့ကိုယ်တိုင် ပိုက်ဆံရှာတာက ပိုမြန်မယ်မလား]

ဒိုကဲဘီ၏ ဦးချိုတွေသည် အန်တန်နာတိုင်တွေလို မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်ကလည်း ရထား၏ မျက်နှာကြက်ဆီသို့ မျောပါ မြင့်တက်သွားသည်။

တစ်အောင့်ခန့်အကြာတွင် မက်ဆေ့ဂျ်တစ်ခု မြည်လာ၏။

[#BI-7623 ချန်နယ်ကို ဖွင့်လိုက်ပါပြီ]

[နက္ခတ်များ ဝင်ရောက်လာပါပြီ]

တွေဝေငေးမောနေသောလူတိုင်း၏မျက်လုံးရှေ့တွင် ဖန်သားပြင်တစ်ခုပေါ်လာသည်။

[အဓိက ဇာတ်ဝင်ခန်း ရောက်ရှိလာပါပြီ]

[အဓိက ဇာတ်ဝင်ခန်း #၁ – တန်ဖိုးရှိကြောင်း သက်သေပြခြင်း]

အမျိုးအစား : အဓိက

ခက်ခဲမှု : F

ပြီးမြောက်ရန် လိုအပ်ချက် : သက်ရှိတစ်ကောင် သို့မဟုတ် တစ်ကောင်ထက် ပိုသတ်ပါ။

အချိန်ကန့်သတ်ချက် : မိနစ် ၃၀

ဆုလာဘ် : ဒင်္ဂါး ၃၀၀

ကျရှုံးမှု : သေဆုံးခြင်း

ဒိုကဲဘီသည် ခပ်ရေးရေးပြုံးကာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။

[ကဲ… ကံကောင်းကြပါစေ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ပုဒ်ကို ပြပေးကြပါ]

All Chapters