← Chapters

ဝန်ဆောင်မှုအခကြေးစနစ်စတင်ခြင်း (၃)

Vol. 1 Ch. 4

ဝန်ဆောင်မှုအခကြေးစနစ်စတင်ခြင်း (၃)

Vol. 1 Ch. 4

ဒိုကဲဘီပျောက်သွားပြီးနောက် လူတွေသည် အမျိုးမျိုးတုံ့ပြန်ကုန်ကြသည် ။ တချို့က ရထားမှထွက်ဖို့ကြိုးစားနေကြပြီး တချို့ကတော့ ရဲကိုဖုန်းဆက်နေကြ၏။ ယူဆန်းအာက ရဲကိုဖုန်းဆက်သည့်အုပ်စုထဲတွင် ပါသည်။

"ရဲ... ရဲတွေ ဖုန်းမကိုင်ဘူး။ ဘာ... ဘာလုပ်ကြမလဲ..."

"စိတ်အေးအေးထားပါ။ ယူဆန်းအာ"

ထွေပြားနေသည့် ယူဆန်းအာ၏ မျက်ဝန်းကို စိုက်ကြည့်ကာ ကျနော်ပြောလိုက်၏။

"ယူဆန်းအာ... Development Teamလုပ်ခဲ့တဲ့ ဂိမ်းတစ်ခုကို ကစားဖူးလား။ ကမ္ဘာပျက်သွားပြီး လူအနည်းငယ်သာ အသက်ရှင်ကျန်ရစ်တဲ့ ဂိမ်းမျိုးလေ"

"ဟမ်။ ရှင် ဘာကိုဆိုလိုတာလဲ"

"စဉ်းစားကြည့်လိုက်ပါ။ ကျနော်တို့တွေဟာ အခု ဂိမ်းတစ်ခုထဲ ရောက်နေကြတာဗျ"

ယူဆန်းအာက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

"ဂိမ်းဟုတ်လား"

"ရိုးရှင်းပါတယ်။ ကျနော်ပြောတဲ့အတိုင်းသာ မတွန့်ဆုတ်ပဲ လိုက်လုပ်ပါ။ နားလည်ရဲ့လား"

"နား...နားလည်ပါပြီ။ ကျမက ဘာလုပ်ရမှာလဲ"

"ငြိမ်ငြိမ်လေး နေပေးပါ"

နောက်ဆုံးတွင်တော့ စိတ်ကို ကျနော်ထိန်းလိုက်နိုင်ခဲ့သည်။ ဖြစ်ပျက်နေသမျှ အားလုံးကို လက်ခံဖို့ ကျနော့်အတွက်လည်း အချိန်လိုအပ်၏။

[ပျက်ဆီးနေသောကမ္ဘာထဲတွင် အသက်ရှင်ကျန်ရစ်နည်း နည်းလမ်းသုံးသွယ်]

ဝတ္ထုထဲတွင်သာရှိခဲ့သော ဖော်ပြချက်များသည် ယခုဆိုလျှင် ကျနော့်မျက်စိရှေ့တွင် ဖြစ်ပျက်နေလေပြီ။

「ဒိုကဲဘီက ၎င်း၏အန်တန်နာကို ဆန့်ထုတ်လိုက်သည်။」

「အလောင်းများသည် ရထားအတွင်း၌ အမှိုက်များကဲ့သို့ ပြန့်ကျဲသွားသည်။」

「သွေးပေနေသော ရုံးဝန်ထမ်းတစ်ဦး တုန်ယင်နေသည်။」

「ထိုင်ခုံတွင်ထိုင်နေသည့် အဖွားအိုတစ်ယောက် ညည်းတွားနေသည်။」

ဖြစ်ပျက်နေသမျှအားလုံးကို တစ်ခုချင်း အာရုံစိုက်ကာ ကျနော်ကြည့်မိ၏။ Matrix ဇာတ်ကားထဲက ဇာတ်လိုက် Neo ကဲ့သို့ပင် - လက်တွေ့ဘဝကို သံသယဝင်နေပြီး စောင့်ကြည့်၊ မေးခွန်းထုတ်၊ နောက်ဆုံးတွင် ယုံကြည်လက်ခံလိုက်ရကြောင်း ကျနော်ဝန်ခံရပေမည်။ ဘာကြောင့်မှန်းတော့မသိသော်လည်း 'Ways of Survival' သည် လက်တွေ့ဘဝတွင် ဖြစ်ပျက်လာသည်မှာ အမှန်ပင်ဖြစ်နေချေ၏။

စဉ်းစားကြည့်ရအောင်...ဒီကမ္ဘာသစ်မှာ ငါဘယ်လိုအသက်ရှင်သန်အောင်နေရမလဲ။

"အားလုံးပဲ။ စိတ်အေးအေးထားပါ။ အသက်ကို ဖြည်းဖြည်းချင်းရှူသွင်း၊ ရှူထုတ်လုပ်ရင်း စိတ်တည်ငြိမ်အောင် ထိန်းကြပါ"

ဒိုကဲဘီပျောက်သွားပြီးနောက် ငါးမိနစ်တိတိအကြာတွင် လူတစ်ယောက် ရှေ့ထွက်လာခဲ့သည်။ ထိုလူသည် သာမန်အရပ်ထက် ခေါင်းတစ်လုံးပိုမြင့်ပြီး ဆံပင်တိုညှပ်ထားသော ကြံ့ခိုင်သည့် လူတစ်ဦးဖြစ်၏။

"စိတ်ငြိမ်သွားကြပြီလား။ ကျေးဇူးပြုပြီး လုပ်နေတာတွေကိုရပ်ပြီး ခဏလောက် ကျုပ်ပြောတာကို နားထောင်ပေးပါ။"

ငိုကြွေးနေသူများရော၊ ဖုန်းပြောနေသူများပါ ငြိမ်ကျသွားသည်။ လူတိုင်း၏အကြည့်တွေ ထိုလူအပေါ်ကျရောက်လာသည့်အခါ ထိုလူက စကားဆက်ပြော၏။

"သိတဲ့အတိုင်း နိုင်ငံတော်အရေးပေါ်အခြေအနေမျိုးမှာ အသေးစား ရုပ်ရုပ်သဲသဲဖြစ်မှုတွေက လူအများကြီးကို သေဆုံးစေနိုင်တယ်။ ဒါကြောင့် အခုကစပြီး ဒီအခြေအနေကို ကျုပ်ထိန်းချုပ်ပေးပါမယ်။ "

"ဟမ်။ ခင်ဗျားက ဘယ်သူမလို့လဲ"

"နိုင်ငံတော်အရေးပေါ်အခြေအနေဟုတ်လား။ ဘာတွေပြောနေတာလဲ"

တချို့လူများသည် သတိဝင်လာကြပြီး 'ထိန်းချုပ်မှု' ဆိုသောစကားလုံးအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်။ ထိုအခါ ထိုလူငယ်က သူ၏ပိုက်ဆံအိတ်ထဲမှ အစိုးရဝန်ထမ်းကတ်ပြားကို ထုတ်ပြလိုက်၏။

"ကျုပ်က ၆၅၀၂ တပ်ရင်းက တပ်ကြပ်ကြီးပါ"

တချို့လူများ၏မျက်နှာတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင် ပေါ်လာသည်။

"စစ်သား... သူက စစ်သားတစ်ယောက်ပဲ"

သို့သော် စိတ်သက်သာရာရဖို့က စောလွန်းနေသေးသည်။

"ကျုပ်တပ်ကနေ မက်ဆေ့ချ်တစ်ခု စောနလေးတင်က ဝင်လာပါတယ်"

ရထားတွဲထဲရှိ လူများက အဆိုပါစစ်သား၏ဖုန်းရှေ့တွင် စုဝေးကုန်ကြသည်။ ကျနော်ကတော့ အဆိုပါစစ်သား၏အနားတွင်ရှိနေခဲ့သောကြောင့် မက်ဆေ့ချ်ပါ အကြောင်းအရာကို အခက်အခဲမရှိ ဖတ်လို့ရ၏။

- အဆင့် ၁ နိုင်ငံတော်အရေးပေါ်အခြေအနေ ဖြစ်ပွားနေပါသည်။ တပ်ဖွဲ့ဝင်အားလုံး အမြန်စုဝေးပါ။ -

ကျနော့်ပတ်ပတ်လည်က လူများဆီကနေ တံတွေးမျိုချသံများကို ကြားလိုက်ရ၏။

နိုင်ငံတော်အရေးပေါ်အခြေအနေတဲ့။ ဒီလိုပဲဖြစ်လိမ့်မယ်လို့ ကြိုမျှော်လင့်ထားမိတာမလို့ ငါကတော့ မအံ့သြမိဘူး။ တခြားကိစ္စတစ်ခုကိုပဲ ငါအံ့သြမိနေတာလေ။

တပ်ကြပ်ကြီး လီဟန်းဆောင်...

အဆိုပါ'လီဟန်းဆောင်' ဆိုတာက ဤလူပါ။ သူ့ကို ကျနော်ကောင်းကောင်းသိသည်။ သူ့မျက်နှာကို ပထမဆုံးအကြိမ်မြင်ဖူးသည်မှာမှန်သော်လည်း သူ့နာမည်ကိုတော့ ကျနော့်ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်းသိနေ၏။ သူက Ways of Survival ဝတ္ထုထဲက အဓိကဇာတ်ပို့ဇာတ်ကောင်တစ်ဦးဖြစ်သည်။

「သံမဏိဓားသမား လီဟန်းဆောင်」

ဝတ္ထုထဲကဇာတ်ကောင်တစ်ယောက်တော့ ပေါ်လာပေပြီ။ ယခုတော့ ဖြစ်ပျက်နေသည့် အခြေအနေကို ကျနော်တကယ်လက်ခံရတော့မည်။

"တပ်ကြပ်ကြီး။ ဘာတွေဖြစ်နေတာလဲဗျ"

"ကျုပ်ရဲ့ တပ်ကိုဆက်သွယ်ဖို့ကြိုးစားကြည့်နေပေမဲ့…..."

"အိမ်ပြာတော်။ အိမ်ပြာတော်ကရော ဘာတွေလုပ်နေတာလဲ။ သမ္မတကို အမြန်ဆက်သွယ်ပေးပါ"

"စိတ်မကောင်းပါဘူး။ ကျုပ်က သာမန်စစ်သားမလို့ အိမ်ပြာတော်နဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်မရှိပါဘူး"ဟု လီဟန်းဆောင်က ရှင်းပြသည်။

"ဒါဆိုရင်လည်း ဘာလို့ထိန်းချုပ်ပေးမယ်လာပြောနေတာလဲ"

"ပြည်သူအားလုံး ဘေးကင်းလုံခြုံဖို့အတွက်ပါ"

လီဟန်းဆောင်တစ်ယောက် အဓိပ္ပါယ်မရှိသောမေးခွန်းတွေကို တည်တည်ငြိမ်ငြိမ် ပြန်ဖြေနေစဉ်မှာပဲ ဝတ္ထုထဲက ဖော်ပြချက်အတိုင်း လီဟန်းဆောင်က တပုံစံထဲပဲဟု ကျနော်သတိထားမိ၏။

ဒါပေမဲ့ လီဟန်းဆောင် အခုလိုမျိုးပေါ်လာတာက မူရင်းဇာတ်လမ်းနှင့် ကိုက်လို့လား။

ရှုတ်ထွေးလှသည့်မေးခွန်းတွေကို တွေးနေမိရင်း ကျနော်၏စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။ Ways of Survival၏ တစ်ဦးထဲသော စာဖတ်သူ ဖြစ်သည့် ကျနော်ပြောနိုင်သည်ကတော့ လီဟန်းဆောင်၏ ပထမဆုံးပေါ်ထွက်လာပုံမှာ ယခုလိုမျိုး မဟုတ်ပေ။ သူထွက်ပေါ်လာသည့်အချိန်က ပထမဇာတ်ဝင်ခန်း၏ အဆုံးလောက်မှာ ဖြစ်၏။

ဒါဆို ဒီအခြေအနေက ဘာလဲ။

ကျနော့်စိတ်ထဲမှာ ရှုပ်ထွေးလာမိသည်။ Ways of Survival ကို နောက်တစ်ကြိမ် ပြန်ဖတ်နိုင်ရင်တော့ ပိုရှင်းသွားမှာသေချာ၏။

"ဝန်ကြီးချုပ် မိန့်ခွန်းပြောနေတယ်။ တကယ်ကို အဆင့် ၁ အရေးပေါ်အခြေအနေ ဖြစ်နေတာပဲ"

လူတစ်ယောက်၏ အော်သံနှင့်အတူ လူတိုင်းက ဖုန်းတွေကို ကြည့်လိုက်ကြသည်။ ယူဆန်းအာက သူ့ဖုန်းကို ကျနော့်ဆီ လှည့်ပြ၏။

"ဒေါ့ဂျာ၊ ဒါကိုကြည့်ပါဦး"

အင်တာနက်မှာ တကူးတကရှာစရာပင် မလိုချေ။ အဘယ်ကြောင့်ဆိုသော် အင်တာနက် စာမျက်နှာအားလုံး၌ 'ဝန်ကြီးချုပ်၏မိန့်ခွန်း'က နေရာယူထား၏။ အမှန်တွင်တော့ ဤဗီဒီယို၏အကြောင်းအရာကို ကျနော်ကြိုသိထားပါသည်။

-ချစ်ခင်လေးစားရပါသော မိဘပြည်သူများခင်ဗျာ။ လက်ရှိအချိန်မှာ အကြမ်းဖက်သမားများဟာ ဆိုးလ်မြို့အပါအဝင် နေရာအနှံ့အပြားမှာ လှုတ်ရှားနေကြပါတယ်။

ယခုပြောလိုသည့် မိန့်ခွန်းကတော့ ရှင်းရှင်းလေးပါ။ လက်ရှိအစိုးရက အကြမ်းဖက်သမားတွေကို တိုက်ထုတ်ဖို့ နည်းလမ်းအားလုံးကိုအသုံးပြုပါမယ်။ ညှိနှိုင်းတာကို ဘယ်တော့မှမလုပ်ပါဘူး... ဒါကြောင့် လူတိုင်းက ယုံကြည်ချက်ရှိရှိနဲ့ပဲ ဆက်ပြီး…. -

ဝတ္ထုဖတ်တုန်းက သိပ်တော့မတွေးမိခဲ့သော်လည်း ယခုတော့ ဤစကားလုံးတွေကို ကြားရသည့်အချိန်မှာ အနည်းငယ် တုန်လှုပ်သွားမိ၏။

အကြမ်းဖက်သမား…အင်း။ အဲ့ဒီစကားလုံးကိုသုံးမှပဲ စိတ်ထဲ နည်းနည်းပေါ့သွားတော့တယ်။

"ဒါနဲ့ သမ္မတက ဘယ်မှာလဲ။ ဘာလို့ ဝန်ကြီးချုပ်က မိန့်ခွန်းပြောနေရတာလဲ"

"သမ္မတ ထိထားတယ်တဲ့ကွ "

"ဘာ။ တကယ်ကြီးလား"

"ငါလည်း သေချာမသိဘူး။ Naver ရဲ့ ကွန်မန့်တစ်ခုမှာ ရေးထားတာကို တွေ့မိတာပဲ"

"လဖွတ်.. ဒါဆို သတင်းအတုပဲ ဖြစ်မှာပါ"

သတင်းအတုမဟုတ်မှန်း ကျနော်ကတော့ သိထား၏။

"ဟာ…ဘာလဲဟ"

နေရာအနှံ့ကနေ သေနတ်သံတွေကိုကြားလိုက်ရသည့်အခါမှာတော့ လူတွေ၏ လက်ထဲကနေ ဖုန်းတွေပြုတ်ကျကုန်သည်။ သေနတ်သံက ဖုန်းတွေကနေ ထွက်နေခြင်းပင်။ ကြောက်စရာကောင်းသော အသံနှင့်အတူ ဖန်သားပြင်ပေါ်မှာ သွေးတွေဖြင့် ပြည့်သွား၏။ ခဏအကြာမှာတော့ ဖြစ်ပျက်နေသည်ကို တွေးမိသွားကြပြီး လူတွေ မှင်တက်ကုန်ကြသည်။

"ဝန်...ဝန်ကြီးချုပ်..."

ဝန်ကြီးချုပ် သေသွားခဲ့ချေပြီ။ ဝန်ကြီးချုပ်၏ခေါင်းက တကယ်ကို ပေါက်ကွဲသွားခဲ့ခြင်းပင်။ ဖုန်းဖန်သားပြင်ငြိမ်ကျသွားခင်အထိ နောက်ထပ် သေနတ်သံတချို့လည်း ထွက်ပေါ်လာခဲ့သေးသည်။ ဖန်သားပြင်ပေါ်တွင် နောက်ထပ်ပေါ်လာသောအရာမှာ ဒိုကဲဘီတစ်ကောင်ဖြစ်၏။

[အားလုံးပဲ။ ငါပြောထားပြီးသားလေ။ ဒါက 'အကြမ်းဖက်မှု' လိုမျိုး ဂိမ်းမဟုတ်ဘူး]

လူတွေသည် ပြောစရာစကားမရှိတော့သည့်ပုံစံဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

[နားမလည်သေးဘူးလား။ ဒါကိုဂိမ်းလို့ထင်နေတုန်းပဲလား]

ဒိုကဲဘီ၏လေသံက အရမ်းကိုအေးစက်နေသောကြောင့် ပိုပြီးဆိုးဝါးနေသလို ခံစားရ၏။ ကျနော်သတိမထားမိခင်မှာ ကျနော့်လက်သီးကို အားဖြင့်ဆုပ်လိုက်မိသည်။

[ဟားဟား၊ ရထားတဲ့အချက်အလက်တွေအရ ဒီတိုင်းပြည်ကလူတွေဟာ ဂိမ်းဆော့တာ အရမ်းတော်တယ်ဆိုကွ။ ဒါကြောင့် အဆင့်ကို ခက်ခက်လေး တင်ကြည့်ကြမလား]

“ဘိ”ဆိုသည့်အသံထွက်လာပြီး လေထဲ၌ ချိန်ကိုက်နာရီကြီးတစ်လုံး ပေါ်လာ၏။ ချိန်ကိုက်နာရီပေါ်က အချိန်ဂဏန်းတွေသည် အလျင်အမြန်ကို လျော့ကျနေလေသည်။

[လက်ကျန်အချိန်ကို ၁၀ မိနစ်သို့ လျှော့ချလိုက်ပါပြီ]

[အချိန် ၁၀ မိနစ်သာ ကျန်တော့သည်]

[နောက် ၅ မိနစ်အတွင်း ပထမဆုံးသတ်ဖြတ်မှုှမဖြစ်ပါက ဤရထားခန်းထဲရှိ လူအားလုံးသေဆုံးပါမည်]

"ဒါ...ဒါက ဘာတွေလဲ။ လာနောက်နေတာလား"

"စောနက မက်ဆေ့ချ်ကို မကြားလိုက်ဘူးလား။ ဟေ့။ မကြားလိုက်ဘူးလားကွ"

"တပ်ကြပ်ကြီး။ အခုဘာလုပ်ရမလဲ။ ရဲတွေကရော ဘာလို့ရောက်မလာတာလဲ"

"အားလုံး စိတ်ကိုငြိမ်အောင်ထိန်းပြီး ကျုပ်ပြောတာကို နားထောင်ပေးပါ"

ဒိုကဲဘီ၏စကားတွေကြောင့် ရထားတွဲထဲက အခြေအနေသည် လီဟန်းဆောင်တောင် ထိန်းမရတော့သည်အထိ ဆိုးရွားသွား၏။ ကျနော့်အင်္ကျီကော်လံကို ယူဆန်းအာတစ်ယောက် အားဖြင့်ဆုပ်ကိုင်ထားသည်ဟု ခံစားမိနေသော်လည်း ဖြစ်ပျက်နေသည်ကိုသာ ကျနော်ခေါင်းထဲတွင် တွေးနေမိသည်။

ဇာတ်ပို့ဇာတ်ကောင် လီဟန်းဆောင်တောင် ပေါ်နေပြီလေ။ ဒါဆို သူက ဘာလို့ပေါ်မလာရသေးတာလဲ။ ငါသိထားတဲ့အတိုင်းဆိုရင် သူ့ကို အခုမြင်ရသင့်နေပြီလေ။

"အနောက်ဘက်က ရထားတွဲမှာ လူသတ်မှုဖြစ်နေတယ်"

ရထားနောက်ဘက်အပေါက်ရှိ ပြတင်းပေါက်ကနေ ရထားတွဲအမှတ် ၃၉၀၇ထဲက အဖြစ်အပျက်ကို လှမ်းမြင်နေရသည်။ အဆိုပါရထားတွဲထဲရှိ လူသတ်သမား၏ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။

"သူတို့တွေ ထွက်မလာစေနဲ့။ ငါတို့ဆီကို ဘယ်သူမှ ဝင်မလာခိုင်းနဲ့"

လူတွေက သံတံခါးကိုတင်းကျပ်စွာဆုပ်ကိုင်ပြီးပိတ်ထားကြမေည်သည့်ရန်သူမှ အစကတည်းက နောက်ဘက်ရထားတွဲတွင် ရှိမနေခဲ့ချေ။

[ဇာတ်ဝင်ခန်းပြီးဆုံးသည်အထိ ရထားတွဲဆီသို့ ဝင်ရောက်မှုအားလုံးအား ကန့်သတ်လိုက်ပါသည်]

အဆိုပါ မက်ဆေ့ချ်နှင့်အတူ လူတွေဟာ သံတံခါးဆီကနေ မမြင်ရသော အတားအဆီးတစ်ခုဖြင့် တိုက်မိသလိုမျိုး နောက်ပြန်လိမ့်ကျကုန်၏။

"ဘာ…ဘာလဲဟ"

ဒိုကဲဘီ၏အသံက နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။

[ဟားဟား….တချို့နေရာတွေမှာ တော်တော်ကိုပျော်စရာကောင်းနေပြီး တချို့နေရာတွေမှာကျတော့ စတောင်မစရသေးဘူးပဲ။ ကောင်းပြီလေ။ အထူးဝန်ဆောင်မှုအနေနဲ့ နောက် ၅ မိနစ်အတွင်း ဘာမှဖြစ်မလာရင် ဘာတွေဖြစ်လာမလဲဆိုတာကို ပြပေးမယ်]

မြေအောက်ရထားထဲမှာ ဖန်သားပြင်ကြီးတစ်ခုပေါ်လာ၏။ ဖန်သားပြင်ပေါ်မှာ ပေါ်နေသည်က စာသင်ခန်းတစ်ခုပါ။ အပြာရောင်ကျောင်းဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတွေသည် တုန်ယင်နေကြသည်။ ကျနော်တို့ရထားတွဲထဲရှိ ကောင်လေးတစ်ယောက်က လက်သည်းကိုက်ရင်း ပြောလိုက်၏။

"အဲ…အဲ့ဒါက ဒေးပုံကျောင်းဝတ်စုံမလား"

“ဘိ….ဘိ….ဘိ”ဆိုသော ဆိုးယုတ်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ ဒေပုံကျောင်းဝတ်စုံဝတ်ထားသည့် အထက်တန်းကျောင်းသူတွေက အော်ဟစ်ကြတော့၏။

[ပေးထားသောအချိန်ကုန်ဆုံးသွားပါပြီ]

[တန်ဖိုးပေးချေမှုစတင်မည်]

ကြေငြာချက်ပြီးသည်နှင့် ရှေ့ဆုံးတန်းတွင် ထိုင်နေသော ကျောင်းသူတွေ၏ ဦးခေါင်းတွေ ပေါက်ကွဲကုန်သည်။ တစ်ယောက်ပြီး တစ်ယောက်...ဆက်တိုက်ဆိုသလို ခေါင်းတွေ ပေါက်ကွဲကြ၏။ ကျောင်းသူတွေက အော်ဟစ်ပြီး တံခါးတွေ၊ ပြတင်းပေါက်တွေဆီ ပြေးကြသည်။

"ဟာ... ဘယ်လိုလုပ်ပြီး…."

သန့်ရှင်းရေးပစ္စည်းတွေကျိုးပြီး လက်သည်းတွေပါ ပြုတ်ထွက်သည်အထိ တံခါးကို ထုရိုက်ကြသော်လည်း တံခါးကတော့ ပွင့်မလာခဲ့ချေ။ ဘယ်သူမှလည်း အပြင်ကို ထွက်မသွားနိုင်ခဲ့ကြ။ ကျောင်းသူတွေ၏ ဦးခေါင်းတွေကတော့ ဆက်၍ ပေါက်ကွဲနေသည်။

ထို့နောက်တွင်တော့ အထက်တန်းကျောင်းသူတစ်ဦးက သူငယ်ချင်းဖြစ်သူကို လည်ပင်းညှစ်သတ်လိုက်သဖြင့် လည်ပင်းညှစ်ခံရသော ကျောင်းသူမှာ ညည်းတွားသံနှင့်အတူ သေဆုံးသွားခဲ့၏။ ခဏအကြာတွင် ဖန်သားပြင်ပေါ်၌် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေသော ကျောင်းသူတစ်ဦးသာ နောက်ဆုံး ကျန်ရစ်တော့သည်။

[#Bay23515 ချန်နယ်။ ဒေးပုံမိန်းကလေးအထက်တန်းကျောင်း၊ ဒုတိယနှစ် (B)တန်း အသက်ရှင်ကျန်ရစ်သူ - လီဂျီဟယ်။]

ဖန်သားပြင်ပေါ်က မိန်းကလေး၏ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် ဒိုကဲဘီဆီက စကားသံထွက်လာ၏။

[ဘယ်လိုလဲ။ စိတ်ဝင်စားဖို့ကောင်းလား]

ဒိုကဲဘီက ပြုံးရယ်ရင်းပြောနေသော်လည်း လူတွေက ဖန်သားပြင်ကို မကြည့်နေကြတော့ပေ။ မျက်လုံးချင်းဆုံမိသူတွေလည်း ဖြည်းဖြည်းချင်း တစ်ဦးနှင့်တစ်ဦး ဝေးရာဆီသို့ ရွှေ့ကုန်ကြသည်။

"လဖွတ်…ဘာတွေလဲကွာ"

ယူဆန်းအာပင် ကျနော့်ကို ကိုင်ထားသည့် သူ့လက်အား ဖယ်လိုက်၏။ သို့ရာတွင် ကျနော်နှင့်ဝေးရာကိုတော့ ယူဆန်းအာ နေရာမပြောင်းခဲ့ချေ။ လက်နှစ်ဖက်လုံးအားသွားပြီးသည့်နောက် ကျနော့်ဖုန်းကိုဖွင့်လိုက်သည်။

ဘာလို့ "သူ" က မပေါ်လာသေးတာလဲ။

ဝတ္ထုထဲကနေ သိထားသောအချက်တွေနှင့် မသိသေးသည့်အချက်တွေက ရောထွေးနေ၏။ Ways of Survival ကိုပြန်ဖတ်ခြင်းက ဤအခြေအနေကို ဖြတ်ကျော်နိုင်မည့် တစ်ခုထဲသော နည်းလမ်းဖြစ်လောက်သည်။

သို့ပေငြားလည်း ဝတ္ထုကို မည်သည့်နေရာတွင် သွားရှာရမည်နည်း။ ဝတ္ထုက တရားမဝင်မျှဝေဖို့တောင် လူကြိုက်မများခဲ့ပေ။

မဟုတ်သေးဘူး။ နေဦး။

[ဖိုင်တွဲ ၁]

ကျနော့်ဖုန်းပေါ်က အသိပေးချက်ကိုမြင်လိ်ုက်ရသည့်အခါမှာတော့ ခဏတာ တုန်လှုပ်သွားမိ၏။

မဟုတ်မှလွဲရော….ဟုတ်ပါ့မလား။

အီးမေးလ်ဖြင့် ပူးတွဲပို့ထားသည့် ဖိုင်တွဲကိုဖွင့်လိုက်သောအခါမှာ ကျနော်စိတ်ရှုတ်ထွေးသွားမိ၏။ စာရေးဆရာပို့လိုက်သော ပူးတွဲဖိုင်ရဲ့အမည်က အောက်ပါအတိုင်းဖြစ်တော့သည်။

[ပျက်စီးသောကမ္ဘာတွင် အသက်ရှင်ကျန်ရစ်ရန် နည်းလမ်းသုံးသွယ်.TXT]

All Chapters