← Chapters

ဝန်ဆောင်မှုအခကြေးစနစ်စတင်ခြင်း (၄)

Vol. 1 Ch. 5

ဝန်ဆောင်မှုအခကြေးစနစ်စတင်ခြင်း (၄)

Vol. 1 Ch. 5

ဤအရာသည် လိမ်ညာနေတာလားသေချာဖို့ ကျနော်မျက်လုံးတွေကိုပွတ်ကာ ထပ်၍ ကြည့်လိုက်သည်။

ဖိုင်တွဲရဲ့ extension က TXT ဖြစ်နေတာပဲ။ ဒါဆို စာရေးဆရာပေးပို့တဲ့လက်ဆောင်က သူ့ဝတ္ထုရဲ့မိတ္တူများလား။

[သင့်တွင် သီးသန့်ဝိသေသ လက္ခဏာတစ်ခုကို ရရှိပါသည်။]

[သီးသန့်ဝိသေသ လက္ခဏာ အကန့် ကို အသက်သွင်းလိုက်ပါပြီ။]

ဖိုင်ကိုဖွင့်လိုက်ပြီးသည့်နောက် နားထဲ၌ ဤအသံတွေကို ကြားလိုက်ရ၏။ ဤကမ္ဘာကြီးသည် 'Ways of Survival' ကမ္ဘာကြီးအဖြစ်ပြောင်းသွားသည်မှာ မှန်ကန်ပါက သီးသန့်ဝိသေသ လက္ခဏာကို ရရှိခြင်းမှာ အံ့အားသင့်စရာတော့မရှိပေ။ Ways of Survivalကမ္ဘာတွင် လူတိုင်း၌ မှာ သီးသန့်ဝိသေသ လက္ခဏာနှင့် စွမ်းရည်များ ရှိကြသည်။ ကျနော့်စိတ်ထဲကနေ 'သီးသန့်ဝိသေသ လက္ခဏာဇယားကို ပြပါ'ဟု တိုးတိုးလေး ရေရွတ်လိုက်၏။ ကျနော်ရရှိထားသော သီးသန့်ဝိသေသ လက္ခဏာက ဘာလဲဆိုသည်ကို သိဖို့လိုပေသည်။

[သင်၏ သီးသန့်ဝိသေသ လက္ခဏာဇယားကို အသက်မသွင်းနိုင်သေးပါ။]

ဘာလဲဟ။

ထပ်၍ 'သီးသန့်ဝိသေသ လက္ခဏာဇယားကို ပြပါ'ဟု ခေါ်ကြည့်သော်လည်း ရလာဒ်က အတူတူပင် ဖြစ်သည်။

အဓိပ္ပါယ်မရှိလိုက်တာကွာ။ ဒါမျိုးကြုံနေရမယ်လို့ မထင်ထားမိဘူး။

သီးသန့်ဝိသေသ လက္ခဏာဇယားကို ကြည့်မရလျှင် ကျနော့်မှာရှိသော သီးသန့်ဝိသေသ လက္ခဏာတွေနှင့် စွမ်းရည်တွေကို သိနိုင်တော့မည် မဟုတ်ပေ။ မိမိကိုယ်ကို ကောင်းစွာသိထားမှသာလျှင် မိမိ၏ရန်သူကို ကောင်းစွာအောင်နိုင်ပေလိမ့်မည်။ သို့သော်ငြားလည်း ယခုအခြေအနေသည် ရန်သူကို မဆိုထားနှင့် မိမိကိုယ်ကိုတောင် သေချာမသိနိုင်ပဲ ဖြစ်နေသော အခြေအနေ ဖြစ်နေ၏။

ခဏလောက်အချိန်ယူစဉ်းစားပြီးသည့်နောက်မှာတော့ စာရေးဆရာပေးပို့သော စာဖိုင်ကိုသာ ဖတ်ရှုရန် ကျနော်ဆုံးဖြတ်လိုက်သည်။

[သင်၏ သီးသန့်ဝိသေသ လက္ခဏာအာနိသင်ကြောင့် သင်၏စာဖတ်သည့် အမြန်နှုန်းသည် တိုးတက်လာပါသည်။]

ကျနော်၏ သီးသန့်ဝိသေသ လက္ခဏာက ဘာဖြစ်မလဲမသိရသေးသော်လည်း Ways of Survival၏ ပထမဆုံးဇာတ်ဝင်ခန်းကိုဖတ်ဖို့ အချိန်တစ်မိနစ်လောက်ပင် မကြာခဲ့ချေ။ ထို့နောက်တွင်တော့ ကျနော်ရှာတွေ့သွားခဲ့ချေပြီ။ ကျနော့် လက်ညှိုးဖြင့် ထောက်မိထားသည့်နေရာသည် ဇာတ်လမ်းအစ ရထားတွဲထဲ၌ အဓိကဇာတ်ကောင် လှုတ်ရှားနေသော ဇာတ်ဝင်ခန်းဖြစ်သည်။

「သူသည် ရထားတွဲနံပါတ် ၃၇၀၇၏ အနောက်ဘက်ရှိ တံခါးပေါက်၌ လူတွေ စုဝေးနေသည်ကို မြင်လိုက်ရသည်။ သူ့လက်ထဲက မီးခြစ်ပင် အေးစက်လာခဲ့၏။ ဤဘဝတလျောက်တွင် အမှားဟူ၍ သူလုပ်မိခဲ့ခြင်း မရှိချေ။ လုပ်ရမည့်အလုပ်ကို ပြီးမြောက်ဖို့အတွက် သူဘာမဆိုလုပ်ရမည်။

လူတွေ၏ မျက်နှာပေါ်၌ ကြောက်ရွံ့သည့် အမူအရာပေါ်လာသော်လည်း သူ့စိတ်ထဲ အပြစ်ရှိစိတ် တစွန်းတစပင် ထွက်ပေါ်မလာခဲ့ချေ။ ထာဝရတည်မြဲသည့်အရာဟူ၍ မရှိချေ။ ညှာတာမှုကင်းမဲ့သောအကြည့်ဖြင့် လူတွေအား သူကြည့်လိုက်၏။ ခဏအကြာတွင် သူ့လက်ချောင်းထိပ်တွေလှုပ်ရှားလာပြီး မီးခြစ်ကို ခြစ်လိုက်ကာ မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အရာအားလုံး စတင်သွားတော့၏။」

ကျနော်ကျောချမ်းသွားမိပြီး ဤစာပိုဒ်ကို ထပ်ခါ ထပ်ခါ ပြန်ဖတ်မိသည်။ ကျနော့်စိတ်ထဲ မသက်မသာဖြစ်နေမိသည့်အကြောင်းအရင်းကို သိပ်မကြာခင်မှာပဲ ကျနော် သတိထားမိတော့၏။

"...၃၇၀၇"

ကျနော်ရှိနေသည့် ရထားတွဲနံပါတ်ကို ကြည့်လိုက်တော့ [၃၈၀၇]ဆိုသော နံပါတ်ကို မြင်လိုက်ရသည်။။ ယခု ကျနော်ရှိနေသည့် ရထားတွဲက အဓိကဇာတ်ကောင်ရှိသည့် ရထားတွဲ၏ အနောက်မှာ ရှိနေခြင်းပင်။ ကျနော့်လက်တွေ အနည်းငယ်ခန့် တုန်လာသည်။

ခဏနေပါဦး။ ဇာတ်လမ်းထဲမှာဆိုရင် ဒီရထားတွဲကလူတွေ ဘယ်နှစ်ယောက်လောက် အသက်ရှင်ကျန်ရစ်ခဲ့လဲ။

「သူသည် မှုန်ဝါးနေသော အနောက်ဘက်ရှိပြတင်းပေါက်ကနေ ရထားတွဲနံပါတ် ၃၈၀၇ကို ကြည့်လိုက်၏။ ရထားတွဲနံပါတ် ၃၈၀၇အတွက် အတော်ကိုနောက်ကျသွားခဲ့ချေပြီ။ ယခုလိုဖြစ်ခဲ့သည်ကိုလည်း ရှောင်လွှဲ၍ရသည်တော့ မဟုတ်ပေ။ ရထားတွဲနံပါတ်၃၈၀၇၌ လူနှစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့၏။」

နှစ်ယောက်ပဲ အသက်ရှင်တာဆိုပဲ။ ဒါဆိုရင် လူနှစ်ယောက်ကလွဲရင် အားလုံးသေရတော့မှာပေါ့။ ပြီးတော့ အသက်ရှင်ကျန်ရစ်မယ့်လူနှစ်ယောက်က ဘယ်သူတွေလဲကို ငါသိတယ်။

ကျနော့်ခေါင်းကိုမော့ပြီး ယူဆန်းအာကို ငေးကြည့်မိလိုက်သည်။ ဤမိန်းမလည်း သေဆုံးသွားလောက်သည်။

သေမည့်လူတွေထဲတွင် ကျနော်လည်း ပါလောက်၏။

"ဒေါ့ဂျာ။ ကျမတို့တွေ ဝင်တားလို့မရဘူးလားဟင်" ယူဆန်းအာညွှန်ပြသောနေရာတွင်တော့ ကိစ္စတစ်ခု စတင်ဖြစ်ပျက်လာနေချေပြီ။ အဆိုပါနေရာဆီကနေ ညည်းညူသံကို ကြားလိုက်ရ၏။

လူငယ်တစ်ယောက်က အဖွားအိုတစ်ယောက်ရှေ့၌ ဆောင့်ကြောင့်ထိုင်နေလေ၏။

"လဖွတ်။ စိတ်မကြည်ပါဘူးဆိုမှ ဒီအဖွားကြီးက ညည်းညူပြနေတယ်။ ပါးစပ်ပေါက်ကို ပိတ်ထားပေးလို့မရဘူးလား"

အဆိုပါလူငယ်က ဝင်ပေါက်နားမှာမှီ၍ရပ်နေခဲ့သည့် ကျောင်းသားလေးပင်။ ထိုကျောင်းသားသည် ခန္ဓာကိုယ်အချိုးအစား ပိန်ပါးပြီး ဆံပင်ဖြူဆိုးထားသည်။ သူဝတ်ထားသော ကျောင်းဝတ်စုံ၌ တပ်ထားသောတံဆိပ်မှာတော့ နာမည်ကို ရေးထား၏။

ကင်နမ်ဝန်။ ဒီနာမည်ကို ငါသိတယ်။

「ဒီရထားတွဲမှာ လီဟန်းဆောင်နဲ့ ကင်နမ်ဝန်တို့ပဲ အသက်ရှင် ကျန်ရစ်မှာပဲ။ ကိစ္စတော့မရှိပါဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါ့အတွက်လိုနေတာက ဒီနှစ်ယောက်ပဲ」

"ပါးစပ်ပိတ်ထားလို့ ပြောနေတာကိုမကြားဘူးလား"

ဒေါသထွက်နေသည့် ကင်နမ်ဝန်က အဖွားအို၏ အင်္ကျီကော်လံကို ဆွဲကိုင်လိုက်သည်။ အဖွားအို၏ အားမရှိသောခြေထောက်တွေ ယိုင်သွားပြီး ကင်နမ်ဝန်၏ လက်ဝါးက လေထဲသို့ မြောက်တက်လာ၏။

ဖြန်း။ ဖြန်း

ပုံမှန်အချိန်ဆိုလျှင်တော့ တစ်ယောက်ယောက်ကတော့ ဝင်တားလောက်မည် ဖြစ်သော်လည်း ယခုတော့ မည်သူမှမလှုတ်ကြပေ။။ သိပ်မကြာခင်မှာပဲ လက်ဝါးဖြင့် ရိုက်နှက်နေရာကနေ လက်သီးဖြင့်ထိုးသည့်အခြေအနေသို့ပြောင်းလဲသွား၏။

"ကယ်ပါ... ကယ်ကြပါဦး..."

မာကျောသည့်လက်သီးသံတွေ အသားကိုထိသည့်အသံအား ကြားနေရသည်။ ကင်နမ်ဝန်ဘေးက အမျိုးသားတစ်ချို ့ကတော့ တွန့်ဆုတ်နေဟန်ပေါ်သော်လည်း မည်သူမှ ရှေ့ထွက်ကာ မတားကြပေ။ အံ့အားသင့်ဖို့ကောင်းစွာပဲ ပထမဆုံး ရှေ့ထွက်ကာ တားလိုက်သည့်လူက ဟန်မြုံအို ဖြစ်နေ၏။

"ကောင်လေး။ လူကြီးတစ်ယောက်ကို အခုလိုမျိုး မဆက်ဆံသင့်ဘူး"

သို့သော် ရှုတ်ချသည့်လေသံဖြင့် ပြန်ဖြေသံကိုသာ ဌာနမှူးဟန်ရရှိလိုက်သည်။

"ဦးလေးကြီး...ခင်ဗျား သေချင်လို့လား"

"ဘ...ဘာပြောတယ်"

"အခုအခြေအနေကို နားမလည်သေးဘူးလား"

"ဒီချာတိတ်က ဘာေပြောတာလဲဟ"

ဟန်မြုံအို၏ ဆဲဆိုသံထွက်လာပြီးနောက် ကင်နမ်ဝန်က ရယ်မောလိုက်၏။ ကင်နမ်ဝန်က မြေအောက်ရထား၏ မျက်နှာကြက်ကို လက်ညှိုးထိုးပြသည်။

"ဟိုဟာကို မြင်လား"

မျက်နှာကြက်၌ holographic (ပုံရိပ်ယောင်) မျက်နှာပြင်တစ်ခု ပြသနေ၏။

[အ-အသက်ကို ချမ်းသာပေးပါ]

[ချ….ချ]

[သေစမ်း။ သေစမ်း]

ဤရထားတွဲ သို့မဟုတ် ဒေးပုံအထက်တန်းကျောင်းက ပုံရိပ်တွေသာမက တစ်နိုင်ငံလုံးရှိ လူတွေသေဆုံးနေသာ ပုံရိပ်များကို တိုက်ရိုက်ပြသနေခြင်းဖြစ်သည်။

ကင်နမ်ဝန်က ဆက်ပြော၏။

"နားမလည်သေးဘူးလား။ စစ်တပ်က ကျုပ်တို့ကိုလာကယ်မှာမဟုတ်ဘူး။ တစ်ယောက်ယောက်ကတော့ သေကိုသေမှဖြစ်မယ် "

"မင်း…မင်းဘာတွေပြောနေတာလဲ"

"သေဖို့လူတစ်ယောက်ကို ရွေးရမယ်"

ဟန်မြုံအိုတစ်ယောက် ဘာမှမပြောနိုင်တော့ပေ။ သူ့လက်ကောက်ဝတ်ရှိ ကြက်သီးမွေးညင်းတွေပင် ထောင်လာသည်ကို တွေ့ရ၏။

"ဟုတ်ပြီလေ။ ခင်ဗျားတွေးနေတာကို ကျုပ်သိတယ်။ အသက်ရှင်ဖို့အတွက် ကိုယ့်လူမျိုးတွေကို သတ်ရမယ်။ ဒါမျိုးက ခွေးသားတွေပဲ လုပ်မယ့်ကိစ္စမျိုးဆိုတာ မှန်တယ်။ ဒါပေမဲ့ ခင်ဗျားသိလား။ ဒီအခြေအနေကက ကျုပ်တို့ ထိန်းချုပ်လို့မရတဲ့ အခြေအနေ။ လုံးဝကို မထိန်းချုပ်နိုင်ဘူးဗျ။ ကျုပ်တို့မသတ်ရင် ကျုပ်တို့သေမယ်။ ကျုပ်တို့ကို ဘယ်သူက အပြစ်တင်မယ်ထင်လို့လဲ။ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကြောင့် ဒီမှာပဲ အဆုံးသတ်ပြီး သေချင်လို့လား"

"ဒါ...ဒါက..."

"သေသေချာချာ တွေးကြည့်။ ခင်ဗျားတို့တွေ အခုထိ သိထားတဲ့ကမ္ဘာကြီးက အဆုံးသတ်သွားပြီ"

ဟန်မြုံအို၏ ပုခုံးတွေ တုန်လာသည်။ ဟန်မြုံအိုတစ်ယောက်ထဲတင်မက အခြားလူတွေ၏ မျက်လုံးတွေမှာလည်း အက်ကြောင်းတွေပေါ်လာ၏။ ဒါကတော့ သူတို့၏ ဝေဝါးနေသည့် ကျင့်ဝတ်တွေ ပြိုကျသွားသော မြင်ကွင်းပင်။ ကင်နမ်ဝန်က အဆိုပါအက်ကြောင်းကို ပိုကြီးအောင် ထပ်လုပ်သည်။

"ကမ္ဘာသစ်မှာ ဥပဒေသစ်တွေ လိုအပ်တယ်"

ကင်နမ်ဝန်က *Ways of Survival* ကမ္ဘာနှင့် အလိုက်ဖက်ဆုံး လူငယ်ပင်။ သူက နောက်ပြန်လှည့်ပြီး အဖွားအိုကို လက်သီးဖြင့် ထပ်ထိုးသည်။ ဤတခါတွင်တော့ သူ့ကို ဘယ်သူမှမတားကြတော့ပေ။ စစ်သားကြီး လီဟန်းဆောင်တောင် မတားနိုင်တော့ပဲ စိတ်ပျက်အားလျော့သည့် အကြည့်ဖြင့်ကြည့်ရင်း လက်သီးတွေက တုန်ယင်လာသည်။ သူလည်းပဲ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီထင်၏။

"ဟား...လူသတ်ဖို့က ခက်လိုက်တာ။ ခင်ဗျားတို့တွေ ဒီအတိုင်းပဲ ကြည့်နေကြမှာလား။ သေမယ့်လူစာရင်းထဲမှာ ကျန်ခဲ့ချင်လို့လား"

ကင်နမ်ဝန်၏ စကားကိုကြားလိုက်ရသည့်လူတိုင်း တုန်ယင်လာကြသည်။ သူတို့၏ မျက်နှာအမူအရာများက အပေါစားဝတ္ထုကိုဖတ်ရသကဲ့သို့ပင် အကဲဖြတ်ဖို့ လွယ်လှ၏။

「ငါးမိနစ်အတွင်း မသတ်ရင် ဒီရထားတွဲက လူတိုင်းသေရလိမ့်မယ်」

လူတွေ၏ မျက်လုံးထဲက စိတ်ခံစားချက်တွေ ပြောင်းလဲလာသည်။

「ဒီအဖွားကြီး မသေရင် ငါးမိနစ်အတွင်း ငါတို့တွေ သေရလိမ့်မယ်」

သက်ရှိတစ်ကောင်မှာ ရှိသင့်သော အခြေခံအကျဆုံး စိတ်ခံစားချက် ပေါ်ထွက်လာခြင်းပင်။

"ဟုတ်တယ်။ ဒီခွေးသားပြောတာ မှန်တယ်။ ငါတို့တွေ မသတ်ရင် အားလုံးသေရလိမ့်မယ်"

ကင်နမ်ဝန်ဆီ လူတစ်ယောက် ပထမဆုံး ပြေးသွား၏။ လဲကျပြီး ကွေးကွေးလေး ဖြစ်နေသော အဖွားအိုကို ထိုလူက ဝင်ကန်သည်။

"မေ့နေကြတာလား။ တစ်ယောက်ယောက်ကတော့ သေမှဖြစ်မယ်။ ဒါမှပဲ ငါတို့တွေ အသက်ရှင်မှာလေ"

"လီး...မသိတော့ဘူးကွာ"

အဖွားအိုနှင့် အဝေးမှာရပ်နေခဲ့သည့် နောက်ထပ် လူနှစ်ယောက်၊ သုံးယောက်ရော၊ ကြောက်တတ်ပြီး လေးတိလေးကန်လုပ်နေသည့် လူတွေရော၊ ဖုန်းဖြင့် ယခုအဖြစ်အပျက်ကိုရိုက်ကူးနေသည့် တက္ကသိုလ်ကျောင်းသားတို့အပြင် ကလေးအမေ၊ ဟန်မြုံအို...အစရှိသော လူအားလုံးက အဖွားအိုကို သတ်ရန်အလို့ငှာ ဝိုင်းရိုက်ကြ၏။

"သေလိုက်တော့။ မြန်မြန်သေပါတော့"

ဤလူတွေပုံစံက သေဒဏ်ပေးရာတွင် အတူပူးပေါင်းပြီး ထောက်ဖြုတ်သည့် ထောင်စောင့်တွေနှင့်တောင် တူနေသည်။ သေဒဏ်ကျ အကျဉ်းသားကို သတ်ဖြတ်သူက မည်သူဖြစ်သနည်း မသိနိုင်အောင် ထောင်စောင့်တွေက တစ်ပြိုင်နက် ထောက်ဆွဲဖြုတ်သလိုမျိုးဟု ပြောရမည်ထင်သည်။ ဤလူတွေက အဖွားအိုကို အားရပါးရ ရိုက်နှက်ကန်ကျောက်နေကြဆဲပင်။

ကျနော်ကတော့ ဖြစ်ပျက်နေသမျှအားလုံးကိုကြည့်နေမိ၏။ ပြောရမည်ဆိုလျှင် တခြားကမ္ဘာမှာ ဖြစ်ပျက်နေသည်ကို ဒီအတိုင်းဘေးမှရပ်ကြည့်နေသလိုမျိုး ကြည့်နေမိခြင်းဖြစ်သည်။ အမည်မသိအဖွားအိုကတော့ အသက်ရှင်လောက်မည် ဟုတ်တော့ချေ။ မူရင်းဇာတ်လမ်းအရဆိုလျှင် အဖွားက သေကိုသေရမည်ဖြစ်၏။ ထို့ကြောင့် အဖွားအိုသေဆုံးမည်ကို ကြည့်နေမိခြင်းက အပြစ်ဟု မခေါ်ထိုက်ပေ။

ထိုအချိန်မှာပဲ ယူဆန်အာက မတ်တပ်ထရပ်လေသည်။

"ယူဆန်းအာပါ အသတ်ခံထိနေဦးမယ်"

ယူဆန်းအာကို အလိုအလျောက် ကျနော်လှမ်းဆွဲမိသည်။

"ငြိမ်ငြိမ်နေဖို့ ပြောထားတယ်လေဗျာ"

ကျနော်ကိုင်ထားသည့် ယူဆန်းအာ၏ လက်က တုန်ယင်နေသည်။ တုန်ယင်နေသည့်လက်တွေကို ဖုံးကွယ်ဖို့ ယူဆန်းအာက လက်သီးဆုပ်ထား၏။

"ကျမ သိတယ်၊ ကျမသိပါတယ်..."

"ယူဆန်အာသာ သွားတားရင် သေလိမ့်မယ်ဗျ"

ယူဆန်အာ၏မျက်လုံးတွေက ကြောက်ရွံ့မှုဖြင့် တုန်နေသည်။ ဇာတ်ကြောင်းပြောင်းလဲသွားရင်တောင်မှ တချို့လူတွေက တောက်ပနေဦးမည်ဆိုသည်ကို ကျနော်နားလည်လိုက်မိ၏။

"ယူဆန်အာ။ ထိုင်လိုက်ပါ "

သို့ပေငြားလည်း ဤဇာတ်လမ်းကို ပြောင်းလဲနိုင်သည့်လူသည် ယူဆန်အာမဟုတ်ပေ။ ယူဆန်အာဟာ ဤကမ္ဘာ၏ ဇာတ်လိုက်မဟုတ်ချေ။

"ဟမ်။ ဒါပေမဲ့… "

"ကျနော်ပြောတဲ့အတိုင်း လုပ်ပါ။ ဒီတခါပဲ နားထောင်ပါဗျာ။ နောက်တခါကျရင် ကျနော်မတားတော့ပါဘူး "

ယူဆန်အာကို အတင်းထိုင်ခိုင်းပြီးနောက် အသက်ကိုဝဝရှူပြီး အားတင်းလိုက်၏။ ကျနော့်ကျောကို မတ်မတ်ထားပြီး လေကိုရှူထုတ်ရင်း ခြေကျင်းဝတ်နှင့် လက်ကောက်ဝတ်တို့ကို ဖြေလျော့လိုက်သည်။ အမှန်တွင်တော့ ဤအချိန်တွင် ရှေ့ထွက်ဖို့က အနည်းငယ်စောနေလောက်သေး၏။ ယခုလိုလုပ်ဖို့ ကျနော်၏ မူလအစီအစဉ်တွင် မပါပေ။

"ဒေါ့ဂျာ"

ယူဆန်းအာ၏ခေါ်သံကို ပြန်မဖြေပဲ အဖွားအိုကို စိတ်ပါလက်ပါဖြင့် ရိုက်နှက်နေသော လူတွေဆီ ကျနော်ကြည့်လိုက်သည်။ ကျနော်ငြိမ်ငြိမ်နေခဲ့ခြင်းမှာ ကင်နမ်ဝန်တို့ကို ကြောက်၍လည်းမဟုတ်သလို သူတို့၏လူမဆန်မှုကို လက်ခံခဲ့ခြင်းကြောင့်လည်း မဟုတ်ချေ။ ကျနော်စောင့်နေခဲ့ခြင်းသာ။ ကျနော်လှုတ်ရှားရမည့် အခိုက်အတန့်ကို စောင့်နေခဲ့ခြင်း ဖြစ်၏။ ထို့နောက်တွင်တော့….

ဒိန်း

အချိန်တန်ပြီ။

"ဟမ်။ ဘာလဲဟ"

ပေါက်ကွဲသံက ငါ့နားထဲ ပြည့်သွားပြီး ရထားပါ လှုပ်ခတ်သွားသည်။ မီးခိုးတွေလည်း ထွက်လာ၏။ လူတွေဆီက အော်ဟစ်သံတွေလည်း ထွက်ပေါ်လာသည်။

ယခုပဲ စတင်ခဲ့ချေပြီ။ ထို့ကြောင့် ကျနော်လှုတ်ရှားလိုက်၏။ ညာဘက်ခြေထောက်ဖြင့် ကြမ်းပြင်ကို အားပြင်းပြင်းဖြင့် တွန်းထုတ်ပြီးအော်ဟစ်နေသူတွေကို ကျော်ဖြတ်ကာ အဖွားအိုဆီကို ဦးတည်လိုက်သည်။

"ဟမ်….အ" ကင်နမ်ဝန်က ကျနော်နှင့်တိုက်မိပြီး အော်ဟစ်ကာ လဲကျသွား၏။ အပေါ်ယံတွင်တော့ အဖွားအိုကို ကျနော်ကယ်ဖို့ကြိုးစားသည်ဟု ထင်ရမည်ဖြစ်သော်လည်း ကျနော်၏ရည်ရွယ်ချက်အစစ်က ကယ်ဖို့ မဟုတ်ချေ။

“ဘယ်မှာလဲ”

ကျနော်မြန်မြန်လိုက်ရှာလိုက်၏။ ပေါက်ကွဲမှုကြောင့် အဖွားအိုအပေါ်သို့ လူတစ်ယောက် ပြုတ်ကျခဲ့သည်။ ငရဲတမျှဆိုးရွားလှသော ဤအဖြစ်အပျက်မှာ ပိတ်မိနေသော ကလေးတစ်ဦး။ ထိုကလေးသည် ပိုးကောင်ဖမ်းပိုက်ကွန်လေးကို ကိုင်ထားသော ကလေးလေးဖြစ်၏။

"ဒါလေး ခဏပေးနော်"

ကလေးဆီကနေ ပိုက်ကွန်ကို ကျနော်ယူလိုက်၏။ ပိုက်ကွန်ထဲ လက်ထည့်လိုက်သည့်အခါ ကျနော်၏လက်ချောင်းထိပ်သို့ ပုရစ်တစ်ကောင် လာထိလေသည်။ ပုရစ်တစ်ကောင်ကို ယူထုတ်လိုက်ပြီး ကလေးလက်ထဲ ကျနော် ထည့်ပေးလိုက်၏။ ထို့နောက် လူတွေဘက်သို့ ကျနော်လှည့်လိုက်သည်။

"အားလုံး ရပ်လိုက်ပါ။ အဖွားကိုသတ်ရင်လည်း ခင်ဗျားတို့တွေ အသက်ရှင်မှာ မဟုတ်ဘူးဗျ "

ပေါက်ကွဲသံထွက်လာခဲ့သည်မလို့ လူတွေ ခဏလောက်တိတ်ဆိတ်သွားခဲ့သည့် အတွက် ကျနော်၏အသံက အံ့အားသင့်ဖွယ်ကောင်းလှအောင် ကြည်လင်စွာ ထွက်ပေါ်လာသည်။ လူတွေတစ်ယောက်ပြီးတစ်ယောက် ကျနော့်ဘက်သို့ လှည့်ကြည့်ကြ၏။

"အဖွားကိုသတ်လိုက်တယ်ပဲ ဆိုပါစို့။ ပြီးရင် ခင်ဗျားတို့ဘာဆက်လုပ်မလဲ"

သူတို့၏အံ့အားသင့်နေသောမျက်နှာအမူအရာတွေက အလွန်ပင် ကြည့်၍ ကောင်းလှချေသည်။ ထို့နောက် စကားအနည်းငယ်ကို ကျနော်ဆက်ပြော၏။

"အဖွားသေသွားခဲ့ရင် ဒိုကဲဘီက 'ပထမဆုံးသတ်ဖြတ်မှု'အဖြစ် အသိအမှတ်ပြုပေးမှာမလို့ အချိန်နည်းနည်းတော့ ပိုရလာလိမ့်မယ်။ ပြီးရင်ရော ဘာဆက်လုပ်မလဲ"

"အာ..."

"ဒိုကဲဘီပြောတဲ့အတိုင်းဆိုရင် ခင်ဗျားတို့တစ်ယောက်ချင်းစီဟာ တစ်ခုခုကိုတော့ သတ်ရမှာပဲ။ ဒါကြောင့် အဖွားကိုသတ်ပြီးရင် ဘယ်သူ့ကိုဆက်သတ်မှာလဲ"

"ခင်ဗျားတို့ဘေးကလူကို သတ်မှာလား"

ထိုစကားကို ကြားလိုက်ရသည့်အခါ လူတွေက တစ်ယောက်နှင့် တစ်ယောက် ခပ်ဝေးဝေးသို့ ရွှေ့လိုက်ကြ၏။ လူတွေ၏မျက်လုံးတွေမှာ ထိတ်လန့်မှုက ပြည့်လျှံလာသည်။ တကယ်တန်းတော့ လူတိုင်း သိထားပြီးသားပင်။ အဖွားကို သတ်တာက အစပဲ ရှိသေး၏။ ကင်နမ်ဝန်က လူတွေကြားထဲ မတည်မငြိမ်ဖြစ်နေသည့် အငွေ့အသက်အား သတိထားမိသွားသည်။

"ဟားဟား၊ ဘာတွေစိုးရိမ်နေကြတာလဲ။ ပြီးရင် သူ့ကို နောက်တစ်ယောက်အနေနဲ့ သတ်လိုက်ပေါ့ဗျာ။ ငကြောက်တွေ။ ခင်ဗျားတို့အလှည့်မတိုင်ခင်အထိ ကြိုပြီးစိတ်ပူမနေကြနဲ့။ အချိန်မတန်ခင်အထိ ခင်ဗျားတို့အလှည့်ရောက်လာဦးမှာ မဟုတ်ဘူး"

ကင်နမ်ဝန်ဆီကနေ ယခုလိုစကားမျိုးပြောမည်ကို ကျနော်ခန့်မှန်းထားပြီးသားပင်။ ကျနော့်လက်ကို အသာလေးဝှေ့ယမ်းကာ ကင်နမ်ဝန်ပြောနေသည်ကို ကြားဖြတ်လိုက်၏။

"ဒီလိုမျိုး လောင်းကြေးထပ်ဖို့မလိုပါဘူး။ လူသတ်သမားရော၊ အသတ်ခံသူပါ မဖြစ်အောင် လုပ်လို့ရတဲ့နည်းလမ်းရှိပါတယ် "

"ဘာ"

"ဘ...ဘယ်လို။ ဘယ်လို"

လူတွေ အရမ်းလှုပ်ရှားသွားကြ၏။ ကင်နမ်ဝွန်လည်း မျက်နှာပျက်သွားသည်။

"ခင်ဗျားတို့မေ့နေကြတာလား။ ဒီဇာတ်ဝင်ခန်းကို အပြီးသတ်ရမယ့်အချက်က 'လူတစ်ယောက်ကိုသတ်ဖြတ်ရန်' မဟုတ်ဘူးလေ"

လူအများစုက ဇဝေဇဝါဖြစ်သွားကြသော်လည်း လူတချို့ကတော့ တစ်ခုခုကို သတိထားမိသွားကြ၏။

[သက်ရှိတစ်ကောင် သို့မဟုတ် တစ်ကောင်ထက်ပိုသတ်ပါ]

မှန်၏။ အစကတည်းက 'လူ'ဆိုသောစကားလုံးကို ဇာတ်ဝင်ခန်းအချက်အလက်ထဲ၌ ဖော်ပြမထားချေ။ သက်ရှိတစ်ကောင် သို့မဟုတ် တစ်ကောင်ထက် ပိုသတ်ပါ ဟုသာ ပါရှိ၏။

တနည်းအားဖြင့်ပြောရလျှင် မည်သည့်သက်ရှိကိုမဆိုသတ်လျှင် အကျုံးဝင်သည်။ ဉာဏ်ပြေးသည့်လူတစ်ယောက်က ကျနော့်လက်ထဲက ပိုက်ကွန်ကိုကြည့်ပြီး အော်လိုက်၏။

"ပိုးကောင်။ ပိုးကောင်တွေပဲ"

ပိုက်ကွန်ထဲ၌ နှံကောင်တွေနှင့် ပုရစ်တွေက ခုန်ပေါက်ပြေးလွှားနေကြသည်။ ထိုပိုးကောင်များကိုကြည့်ပြီး လူတွေ၏မျက်လုံးတွေက အရောက်တောက်လာ၏။ ကျနော် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်။ ပိုးကောင်တွေပါ"

ထို့နောက် ပိုက်ကွန်ထဲသို့ လက်နှိုက်ပြီး ပုရစ်တစ်ကောင်ကို ကျနော် ဆွဲထုတ်လိုက်၏။ ထိုအကောင်သည် အစောပိုင်းတုန်းက ကျနော်မြင်ခဲ့သော ဝဖြိုးနေသည့် ပုရစ်ပင် ဖြစ်ချေသည်။

"အ...အဲ့ဒီအကောင်ကိုပေး။ မြန်မြန်လေး ပေးစမ်း"

"တစ်ကောင်ပဲ။ တစ်ကောင်ပဲ ပေးရင်ကိုရပါပြီ"

လူတွေချဉ်းကပ်လာသည်နှင့် နောက်သို့ ဖြည်းဖြည်းချင်း ကျနော် နောက်ဆုတ်လိုက်သည်။ ယခုအချိန်တွင် အဖွားအိုကို သတ်ဖို့ကြိုးစားခဲ့သည့် အရူးတသိုက်ကို ကျနော်ရင်ဆိုင်နေရသော်လည်း ကျနော့်မျက်နှာ၌ အပြုံးပေါ်လာလေသည်။ အဘယ်ကြောင့်နည်း။ ဤမျှသည်အထိ တင်းမာနေသည့် အခြေအနေကြားထဲတွင် ကျနော့်နှလုံးသားက အဘယ်ကြောင့် ဝမ်းသာနေရသနည်း။

"လိုချင်လား" တိရစ္ဆာန်တစ်ကောင်ကို စိန်ခေါ်လိုက်သည့် မုဆိုးတစ်ကောင်လိုမျိုး ပိုက်ကွန်ကို ကျနော်လှုတ်ပြလိုက်၏။ စိတ်မရှည်သောလူတစ်ချို့ ကျနော့်ထံ ခုန်ဝင်လာကြသည်။

"ရော့"

ကျနော့်လက်ထဲက ပုရစ်ကောင်ကို ညှစ်ချေလိုက်တယ်။

[သင့်အနေဖြင့် 'ပထမဆုံးသတ်ဖြတ်မှု'ကို ရရှိပါသည်။]

[အပိုဆုငွေအနေဖြင့် ဒင်္ဂါး ၁၀၀ ရရှိသည်။]

တစ်ချိန်တည်းမှာပဲ ကျနော်၏တခြားလက်ထဲမှာရှိသော ပိုက်ကွန်ကို အဖွားနှင့် လူအုပ်ကြီး စုဝေးရာနေရာနှင့် အဝေးဆုံးသို့ လှမ်းပစ်ထုတ်ပစ်လိုက်၏။

"မင်း ရူးနေလား"

ပိုးကောင်တွေက လွတ်မြောက်ဖို့အတွက် အားသွန်ခွန်စိုက် ထွက်ပြေးကုန်ကြလေပြီ။

All Chapters