ဝန်ဆောင်မှုအခကြေးစနစ်စတင်ခြင်း (၅)
Vol. 1 Ch. 6
ရထားအတွင်း၌ ပိုးကောင်တွေ လျှောက်ပြေးနေသည်ကိုမြင်ရသောအခါ လူတွေ အလန့်တကြားဖြစ်သွားကြ၏။
"ဟေ့...ဟေ့။ ဘာလို့လွှင့်ပစ်လိုက်ရတာလဲ"
တချို့လူတွေ ငေးမောနေချိန်မှာပဲ ဉာဏ်ပြေးသူတချို့ကတော့ ကျနော့်ကို တွန်းတိုက်ပြီး ပြေးထွက်သွားကြသည်။
"ခွေးမသား "
"ပိုးကောင်တွေ မြန်မြန်ရှာကြ။ အချိန်သုံးမိနစ်ပဲ ကျန်တော့တယ်"
ထိုစကားတွေသည် အချက်ပြသံကဲ့သို့ ဖြစ်သွားသည်မလို့ လူတွေဟာ စိတ်မနှံ့သူတွေလို ရထားထိုင်ခုံတွေကြားထဲပါမကျန် နေရာတိုင်းကို ရှာကြတော့၏။
"မိပြီကွ။ အား…."
ကံကောင်းစွာဖြင့် ပိုးကောင်ဖမ်းမိသူတိုင်းသည် ရန်လိုတိုက်ခိုက်မှုကို ခံလိုက်ရသောကြောင့် ရထားတစ်တွဲလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
"ဟေ့….ခင်ဗျားဘာလို့ အခုလိုလုပ်ရတာလဲ။ ပိုးကောင်တွေကို ဒီအတိုင်း ပေးလိုက်လို့ ရတာပဲလေ"
နောက်သို့ကျနော်လှည့်ကြည့်လိုက်သည့်အခါမှာတော့ ကင်နမ်ဝန်တစ်ယောက် ပြန်ထလာသည်ကို တွေ့လိုက်ရ၏။
လည်ပင်းကိုလှုတ်ခါနေသည့် ကင်နမ်ဝန်ကို သတိထားကာ ကျနော်ပြန်ဖြေသည်။
"ရှိတဲ့လူက လူ ၁၂ယောက်လေ"
"ဟမ်"
"ပိုးကောင်ဖမ်းပိုက်ကွန်ထဲမှာက ပိုးကောင် ၃ ကောင်ပဲကျန်တော့တာကွ"
ကင်နမ်ဝန် တစ်ခဏကြာအောင် မျက်မှောင်ကြုတ်ပြီးနောက် အားရပါးရ ပြုံးတော့၏။
"၁၂ ယောက်နဲ့ ၃ကောင်တဲ့လား။ ဟားဟားဟား။ ဟုတ်ပြီ။ အားလုံးတော့ အသက်မရှင်နိုင်လောက်မှာမလို့ ပိုက်ကွန်ကို လွှင့်ပစ်လိုက်တာလား"
"အင်း"
"ကျုပ်ကို ရယ်မိအောင်မလုပ်စမ်းနဲ့"
"..."
"သာမန်အသိစိတ်ရှိသူဆိုရင် အဲဒီအကြောင်းပြချက်လောက်နဲ့ အခုလိုမျိုး ပိုက်ကွန်ကို လွှင့်ပစ်မှာ မဟုတ်ဘူး"
ကင်နမ်ဝွန်၏ အပြုံးက ပိုတောက်ပလာသည်။
"အမှန်အတိုင်းပြောစမ်းပါ။ ဒီလိုဖြစ်ပျက်နေတာကို ခင်ဗျား ကြည့်ချင်လို့မလား"
*Ways of Survival* ကနေ ကျနော်သိထားသော ကင်နမ်ဝွန်၏အကျင့်စရိုက်ကို ပြန်စဉ်းစားမိ၏။ ထိုအချိန်မှာပဲ ကျနော့် နားထဲ မက်ဆေ့ချ်တစ်စောင်၏ အသံကို ကြားလိုက်ရသည်။
[သီးသန့်ဝိသေသ လက္ခဏာ 'ဇာတ်ကောင်စာရင်း' ကိုအသက်သွင်းလိုက်သည်။]
ထို့နောက်တွင်တော့ ကျနော့်မျက်လုံးရှေ့၌ ဖန်သားပြင်တစ်ခု ပေါ်လာ၏။ ကျနော်၏ သီးသန့်ဝိသေသ လက္ခဏာမှာ မည်သည့်အရာဖြစ်မည်ကို မသိသေးသော်လည်း ရှေ့မှာပေါ်လာသော ဖန်သားပြင်ကို ကြည့်လိုက်သည်။
[ဇာတ်ကောင် အကျဉ်းချုပ်]
အမည် : ကင်နမ်ဝန်
အသက် : ၁၉ နှစ်
ထောက်ပံ့သူ : မရှိ
(နက္ခတ်နှစ်ပါးက ဤလူကို စိတ်ဝင်စားနေသည်။)
သီးသန့်ဝိသေသလက္ခဏာ: ဂျွန်အီဗျောင် [အဓိကဇာတ်ကောင်ဟု ကိုယ့်ကိုကိုယ် အထင်ရှိသော သူ] (ယေဘူယျအားဖြင့်)
သီးသန့်စွမ်းရည် : ပုံမှန်မဟုတ်သည့် အသားကျနိုင်စွမ်း အဆင့် ၃၊
ဓါးရေး အဆင့်၁၊ မဲညစ်မှု အဆင့် ၁
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၃၊ ခွန်အား အဆင့် ၄၊
လျှင်မြန်မှု အဆင့် ၆၊ မှော်အစွမ်း အဆင့် ၄
ခြုံငုံအကဲဖြတ်ချက် : အထူးအခြေအနေတစ်ခုကြောင့် မဲညစ်သွားသော ဂျွန်အီဗျောင်။ ထိုလူနှင့် မပတ်သက်ရန် အကြံပြု၏။
*Ways of Survival* ထဲရှိ ဂျွန်အီဗျောင်အများစုသည် လက်တွေ့ ဖြစ်ပေါ်လာသည့် အိပ်မက်ဆိုးကို မခံနိုင်သောကြောင့် ကိုယ့်ကိုယ်ကိုသတ်သေကြသည်။ သို့ရာတွင် ကျနော့်ရှေ့ရှိ ဂျွန်အီဗျောင်ကြီး ကင်နမ်ဝန်ကတော့ လူတစ်မျိုးပင်။ သူသည် ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန်ပါ။ ဇာတ်လမ်းနောက်ပိုင်းတွင် အဆိုပါနာမည်ပြောင်ဖြင့် လူသိများလာမည့် ထိုလူငယ်သည် သာမန်ဂျွန်အီဗျောင်မဟုတ်ပေ။ ဤလူငယ်သည် ကမ္ဘာပျက်သွားဖို့ကို အချိန်အတော်ကြာအောင် စောင့်မျှော်နေခဲ့သူဖြစ်ပြီး 'ပုံမှန်မဟုတ်သည့် အသားကျနှုန်း'ဖြင့် ဤကမ္ဘာတွင် လိုက်လျောညီထွေဖြစ်အောင် နေတတ်သည်။
"ကျုပ်နဲ့အဖွဲ့ ဖွဲ့ချင်လား။ ဘယ်လိုသဘောရလဲ"
ယခုအချိန်တွင်တော့ ဤလူငယ်က ကျနော့်ကို ကမ်းလှမ်းနေလေ၏။
[ဇာတ်ကောင် 'ကင်နမ်ဝန်' ၏ သဘောကျမှုကို ရရှိသည်။]
[သင်၏ ဇာတ်ကောင် 'ကင်နမ်ဝွန်' အပေါ် နားလည်မှုမှာ တိုးတက်လာသည်။]
ကင်နမ်ဝွန်နဲ့ လက်တွဲလိုက်လျှင် လက်ရှိ ကျနော့်အတွက် အသက်ရှင်နိုင်မှုကို အာမခံချက်ရရှိနိုင်သည်။ ကျနော်သာ *Ways of Survival* ကို မဖတ်ရသေးပါက ကျနော်၏ရွေးချယ်မှုမှာလည်း နည်းနည်းတော့ ကွာခြားလောက်မည်။
"တောင်းပန်ပါတယ်။ ငါက တစ်ယောက်ထဲ နေရတာကို ကြိုက်လို့ပါ"
"တကယ်လား။ ဟ… စိတ်မကောင်းစရာပဲ"
ကင်နမ်ဝန်က နှုတ်ခမ်းကို အနည်းငယ်လျက်ပြီး ကျနော့်အနားကိုကပ်လာ၏။
"ဒါဆို ဘေးဖယ်ပေးလို့ရမလား။ ခင်ဗျားနောက်က အဖွားကြီးနဲ့ လုပ်စရာရှိသေးတယ်"
သူ့စကားကိုကြားလိုက်ရပြီး နောက်ကိုလှည့်ကြည့်လိုက်သည့်အခါမှာတော့ သွေးတွေထွက်ကာ လဲကျနေသော အဖွားအိုသည် မသေရုံတမယ်ဖြစ်နေကြောင်းကို တွေ့လိုက်ရ၏။
"မင်းက ဘာလုပ်ချင်လို့လဲ"
"မေးဖို့တောင်လိုသေးလို့လား"
"ပိုးကောင်တွေကို မင်း လိုက်မဖမ်းဘူးလား?"
"ပိုးကောင်တွေကိုဖမ်းရမှာတဲ့လား။ ဘာလို့ဖမ်းရမှာလဲ"
ကင်နမ်ဝွန်က ရယ်လိုက်၏။
"ကျုပ်ရှေ့မှာ ဖမ်းပြီးသား ပိုးကောင်ရှိနေတာပဲလေ"
ကင်နမ်ဝွန်၏ လူသတ်လိုစိတ်ကို ခံစားမိလိုက်သည်။ ဝတ္ထုထဲမှာပဲရှိသော ဇာတ်ကောင်က ရူးသွပ်စွာဖြင့် ကျနော့်ကို ရင်ဆိုင်နေချေပြီ။ ထို့ကြောင့် အနည်းငယ်တော့ ကျနော်အံ့အားသင့်သွားမိ၏။ ကင်နမ်ဝန်က ကျနော် စိတ်ကူးထားသည့်ပုံစံနှင့် တစ်ထပ်ထဲပင်။
[သင့်အပေါ် ဇာတ်ကောင် 'ကင်နမ်ဝန်' ၏ သဘောကျမှု အနည်းငယ်ကျဆင်းသည်။]
"ဘာကြည့်နေတာလဲ။ မြန်မြန်ဘေးဖယ်မပေးဘူးလား"
"ခက်လိုက်တာ"
"ဘာဖြစ်တယ်"
"ငါဘေးဖယ်ပေးမှာမဟုတ်ဘူး"
"ဟားဟား၊ အခုကျတော့ တရားမျှတမှုရဲ့တမန်တော်ပုံစံ အတုခိုးပြန်ပြီလား။ ခင်ဗျားမှာ စိတ်နှစ်ခုရှိနေတာလား"
ကျနော်ပြန်မဖြေပေ။ ကင်နမ်ဝန်၏မျက်နှာသည် တဖြည်းဖြည်းမဲမှောင်လာပြီး တောက်ပနေသော သူ့မျက်လုံးတွေသည် အေးစက်သွား၏။
"မဟုတ်သေးဘူး။ နေပါဦး။ ခင်ဗျားက အဖွားကြီးကိုကယ်ချင်လို့ ပိုက်ကွန်ကို လွှင့်ပစ်ခဲ့တာပဲ။ တကယ်ကြီးလားဗျာ"
"..."
"ခင်ဗျားက အဖွားကြီးကိုကယ်ချင်တာလား။ ဟားဟားဟား….အံ့သြစရာပဲ။ တကယ်ကို အံ့အားသင့်ဖို့ကောင်းလိုက်တာ။ တကယ်ကြီးလား။ ဟန်ဆောင်နေတာလား"
မည်သည့်စကားမှ ကျနော်ထပ်မပြောတော့ပေ။ သည်ကောင်ကို အနီးကပ်ကြည့်ရှုနေစဉ်မှာပဲ မှတ်ဉာဏ်ဟောင်းတွေ ပြန်ပေါ်လာ၏။
"ဟ…မင်းက ငါမုန်းတဲ့လူစားမျိုးပဲ။ ခွေးသူတောင်းစားတွေက အကုန်အတူတူကြီးပါပဲလား "
*Ways of Survival* ဖတ်ခဲ့စဉ်တုန်းက သည်ကောင်နှင့်ပတ်သတ်ပြီး ဒေါသထွက်ခဲ့ရသည့် အချိန်တွေ ရှိခဲ့ဖူးသည်။
[သင့်ကို ဇာတ်ကောင် 'ကင်နမ်ဝွန်'က မုန်းတီးလာခဲ့ပြီ။]
“ဘာပြောတယ်”
စကားမပြီးမီ လက်သီးကျလာမည်ကို တွက်လိုက်ပြီး ခေါင်းကိုငုံ့ကာ ကျနော် ရှောင်လိုက်၏။
"အိုး၊ မဆိုးဘူးပဲ" ကင်နမ်ဝွန်က ရေရွတ်၏။
လက်သီးဖြင့်ထိုးမည်ကိုသိထားသော်လည်း ကျနော့်ခေါင်းအထက်၌ အပူငွေ့တစ်ခုကို ခံစားမိလိုက်သည်။ သည်ကောင့်လက်သီးသည် သာမန်လက်သီးမဟုတ်ချေ။
[မဲညစ်မှု အဆင့် ၁]
မဲနက်သော စွမ်းအားများ ကင်နမ်ဝန်တစ်ကိုယ်လုံးကနေ ထွက်လာသည်။ ဤစွမ်းရည်က ဂျွန်အီဗျောင်တစ်ယောက်၏ သီးသန့်စွမ်းရည်ပင်။ ပထမဆုံး ဇာတ်ဝင်ခန်းမပြီးခင် စွမ်းရည်တစ်ခုကို ထုတ်သုံးတာမျိုးက ရှားပါးသော်လည်း ကင်နမ်ဝွန်ကတော့ ယခုကတည်းက စွမ်းရည်တစ်ခုကို ပြသနေချေပြီ။ ဇာတ်လမ်းထဲတွင် သူ၏ စိတ္တဇဆန်သော စိတ်ထားကို လျစ်လျူရှုပြီး ဇာတ်လိုက်ဘက်က သူ့ကို အဖွဲ့သားအဖြစ် စည်းရုံးခဲ့သည်မှာလည်း အကြောင်းရှိ၏။
သူထိုးလိုက်သည့်နောက် ကျနော့်ညာဘက်ပုခုံး ကျဉ်တက်သွား၏။ ယခုလိုမျိုး ဆက်၍တိုက်ခိုက်နေပါက ကျနော်နိုင်မည်မဟုတ်လောက်ပေ။
“အခု သုံးလိုက်သင့်ပြီလား”တွေးပြီး အချိန်ကိုတွက်နေတုန်းမှာပဲ မက်ဆေ့ချ်တစ်စောင်၏ အသံကိုကြားလိုက်ရသည်။
[သင်သည် ဇာတ်ကောင် 'ကင်နမ်ဝွန်' အပေါ် နားလည်မှု တိုးတက်လာသည်။]
[သီးသန့်ကျွမ်းကျင်မှု 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့်၁'ကို အသုံးပြုနိုင်သည့် အခြေအနေသို့ရောက်ရန် သင်သည် နီးစပ်လာပါပြီ။]
အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ဆိုပဲ။ အဲ့ဒါဘာကြီးလဲဟ။
[သီးသန့်ကျွမ်းကျင်မှု 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့်၁'ကို အသုံးပြုနိုင်သည့် အခြေအနေ ပြည့်မီပါပြီ။]
ကင်နမ်ဝန်၏လက်သီးသည် ကျနော့်ကိုမထိပဲ ကြမ်းပြင်ပေါ်သို့သာ ကျဆင်းသွားခဲ့၏။
"ဟားဟား၊ ဘာလဲဟ။ ငါက ပိုအားကောင်းလာတာလား"
ကြမ်းပြင်ပေါ်၌ လက်သီးရာခပ်မှိန်မှိန်တစ်ခု ကျန်ရစ်ခဲ့၏။ ကင်နမ်ဝန်က သူ၏ လက်ရှိခွန်အားကို တဖြည်းဖြည်းချင်း သတိထားမိလာသည်။ တစ်ချက်ထဲနှင့် အရိုးတစ်ချောင်းကိုကျိုးအောင်ထိုးနိုင်သည့် လက်သီးချက်သည် ကြမ်းပြင်ပေါ်သို့သာ ဆက်တိုက် ကျဆင်းနေ၏။ ကင်နမ်ဝန်တစ်ယောက် စိတ်တိုပြီး ဒေါသကိုထိန်း၍ မရတော့ပေ။
"အာ၊ မင်းကို ဘာလို့မထိရတာလဲ"
ကျနော့်ကိုထိအောင် သူမည်သို့မျှ ထိုးနိုင်မည်မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ ကျနော်၏ဒုတိယမြောက် စွမ်းရည်ကြောင့်ဖြစ်သည်။
[သီးသန့်ကျွမ်းကျင်မှု 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့်၁'ကို အသက်သွင်းပြီးပါပြီ။]
ဤစွမ်းရည်အသက်ဝင်လာသည်နှင့် ကင်နမ်ဝန်၏ လက်သီးဦးတည်ရာတွေကို သူ့စိတ်ကိုဖတ်လိုက်သည့်အလား ကျနော်ကြည့်၍ရသွားခဲ့၏။ ဥပမာအနေဖြင့် ဆိုရလျှင်...
「ညာဘက်」
တိုက်ခိုက်မှု၏ ဦးတည်ရာကနေ ဝေးရာဆီသို့ ကျနော်အမြန်ရှောင်လိုက်သည်။
「ညာမျက်လုံး」
ထို့နောက် ပျံဝဲလာသည့်လက်သီးကိုရှောင်ဖို့ ကျနော် ခါးကိုညွတ်လိုက်၏။
"မင်းက မထိအောင် ရှောင်တဲ့နေရာမှာ တော်သားပဲ"
အားကစားမှာ ကျနော်ဟာ ညံ့ဖျင်းသဖြင့် တန်ပြန်တိုက်ခိုက်မှုကိုမလုပ်နိုင်သော်လည်း အနည်းဆုံးတော့ တိုက်ခိုက်မှုအများစုကို ကျနော်ရှောင်တိမ်းနိုင်နေသည်။
「ဘယ်ဘက်ပေါင်」
ရှောင်တိမ်းနိုင်ရုံဖြင့် တိုက်ခိုက်မှုကို တောင့်ခံထားလို့ရ၏။ အရေးကြီးသည်မှာ အချိန်ဆွဲထားဖို့ပင်။ ကင်နမ်ဝန်၏လက်သီးကိုရှောင်ရင်း လေထဲက နာရီကို ကျနော်ညွှန်ပြလိုက်သည်။။
"နောက်နှစ်မိနစ်ပဲကျန်တော့တယ်နော်။ ကောင်လေး"
စိတ်တိုနေသည့် ကင်နမ်ဝန်သည် ကျနော်နှင့် အဖွားအိုကို တလှည့်စီ ကြည့်လိုက်၏။
"လဖွတ်ပဲ"
ရွေးချယ်မှုကိုလုပ်နေချိန်မှာ ကင်နမ်ဝန်၏မျက်လုံးက အဖွားအိုကိုသာ စိုက်ကြည့်နေ၏။ အဖွားအိုကို ဆွဲခေါ်ပြီး ကျနော်ရှောင်ထွက်သွားတော့သည်။ အဖွားအိုသာ သေသွားလျှင် ဤဇာတ်ဝင်ခန်းကို ကင်နမ်ဝန် ကျော်ဖြတ်နိုင်သွားပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် သည်ကောင်ကို နောက်ထပ်ဇာတ်ဝင်ခန်းဆီ ရောက်သွားခွင့်ပေးဖို့ လုံးဝမဖြစ်နိုင်ပေ။
"ဟားဟား၊ မင်းဒီလိုလှုပ်ရှားမယ်ဆိုတာကို ငါသိနေတယ်"
ကင်နမ်ဝွန်က သူ့အိတ်ထဲကနေ တစ်စုံတစ်ခုကိုထုတ်လိုက်သည့်အခါမှာတော့ မကောင်းသည့်ခံစားချက်တစ်မျိုးကို ကျနော်ရလိုက်၏။ ဓားတစ်ချောင်းသည် မီးအလင်းရောင်ထဲမှာ လင်းလက်နေသည်။ အဆိုပါဓါးသည် သယ်ဆောင်ရလွယ်ကူသော MacGyver ဓားဖြစ်၏။ ကျနော်မေ့နေခဲ့ခြင်း ဖြစ်သည်။ သည်ကောင်က စစ်တပ်သုံးပစ္စည်းတွေကို ဝါသနာပါသည့် otaku တစ်ယောက်ပင်။
'ဓါးရေး'စွမ်းရည်နှင့် အားဖြည့်ခြင်းစွမ်းရည် 'မဲညစ်မှုှ'တို့ကြားမှာ ဆက်နွယ်မှုရှိ၏။ ဓါး၏ဦးတည်ရာသည် အလွန်ပင်သိသာနေပေသည်။
「နှလုံး」
ဓါး၏ဦးတည်ရာကို သိနေလျှင်တောင် ရှောင်လွဲှလို့မရသည့် တိုက်ခိုက်မှုကို ကျနော်ရင်ဆိုင်နေရချေပြီ။ ထို့ကြောင့် ကျနော် ဆုံးဖြတ်ချက်ကို အမြန်ဆုံးချလိုက်၏။ တိုက်ခိုက်မှုကိုမရှောင်နိုင်လျှင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ရမည်သာ။
ရွှက်
ဓားက ကျနော့်နှလုံးကိုမထိပဲ အနည်းငယ်လွဲချော်သွားပြီး ပုခုံးကို ခပ်နက်နက် ပြတ်ရှစေခဲ့သည်။
နာလိုက်တာ။ တကယ်ကိုနာတာပဲ။
အရေပြားဆီကနေ နာကျင်မှုကို ခံစားမိနေသည်။ တုန်လှုတ်နေသည့်အကြည့် ကျနော့်ထံပေါ်လာပြီး သေခြင်းတရား ချည်းကပ်လာသလို ခံစားလိုက်ရ၏။
"ဟားဟား၊ အခုသေလိုက်တော့"
ဤဇာတ်ဝင်ခန်းပြီးဆုံးဖို့ ၁ မိနစ်နှင့် စက္ကန့်၃၀သာ ကျန်တော့၏။ အဖွားအိုကို ကျနော်ကြည့်လိုက်သည်။ အဖွားအိုအတွက် စိတ်မကောင်းတော့ ဖြစ်မိသော်လည်း ‘ဒါကို’ကျနော်အသုံးချရပေတော့မည်။
"ဂျွန်အီးအထက်တန်းကျောင်းက ဒုတိယနှစ်ကျောင်းသား ကင်နမ်ဝန်။ မင်းကိုမေးခွန်းတစ်ခုမေးမယ်"
"ဘာဖြစ်တယ်"
"ပိုးကောင်ဥကိုရော သက်ရှိလို့မင်းထင်လား"
အစောပိုင်းတုန်းက ကျနော်သတ်ခဲ့သည့် ပုရစ်ကောင်ကို အိတ်ကပ်ထဲကနေ ကျနော်ထုတ်လိုက်၏။ အဆိုပါပုရစ်ကောင်တွင် ဝဖြိုးနေသောဥအိတ်ကို ထင်ထင်ရှားရှား မြင်နေရသည်။ ဖောက်ခနဲအသံထွက်ပေါ်လာပြီးနောက် အရည်တစ်ခုစီးကျလာသည်။ လက်ပေသွားသဖြင့် ရွံရှာသည့် ခံစားချက် ဖြစ်နေသည့်အချိန်မှာပဲ မက်ဆေ့ချ်အသံကို ကြားလိုက်ရ၏။
...
[သင်သည် သက်ရှိတစ်ခုကို သတ်ဖြတ်ခဲ့သည်။]
[အပိုဆုငွေအနေဖြင့် ဒင်္ဂါး ၁၀၀ ရရှိပါသည်။]
[သင်သည် သက်ရှိတစ်ခုကို သတ်ဖြတ်ခဲ့သည်။]
[အပိုဆုငွေအနေဖြင့် ဒင်္ဂါး ၁၀၀ ရရှိပါသည်။]
...
မက်ဆေ့ချ်တွေအများကြီး၏အသံ ကျနော့်နားထဲ ဗုံးကြဲသလို ဝင်လာ၏။ ကင်နမ်ဝန်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
"ပိုးကောင်ဥဟုတ်လား။ ဘာကိုဆိုလိုတာလဲ။ အချိန်လာဆွဲနေတာလား"
"ဟုတ်တယ်"
"သက်ရှိဟုတ်မဟုတ် ငါဘယ်လိုသိမလဲ။ ငါက ဇီဝဗေဒအတန်းဆိုရင် အမြဲတန်းအိပ်ပျော်နေခဲ့တာလေ "
ကင်နမ်ဝန်က သွေးယိုနေသာ ကျနော့်ပုခုံးကိုကြည့်ပြီး ပျော်ရွှင်စွာ ရယ်၏။
"ဒါပေမဲ့ သေချာတာ တစ်ခုကိုတော့ ငါသိတယ်။ ဘာလဲသိလား"
"ဘာလဲ"
"မင်းအခုသေရတော့မှာလေ"
ကျနော် ပြန်မဖြေနိုင်ခင်မှာပဲ ကင်နမ်ဝန်က သူ၏စစ်တပ်သုံးခေါက်ဓါးကို ဝှေ့ယမ်းလိုက်သည်။ တကယ်ကို ရှောင်ရခက်သည့် တိုက်ခိုက်မှုပင်။
[ဒင်္ဂါးအများအပြားရရှိပါသည်။ဒင်္ဂါးသုံးစွဲနည်းအကြံပြုချက်များကို ကြည့်ရှုလိုပါသလား။]
နားထဲဝင်လာသော ရှင်းလင်းချက်ကို လျစ်လျူရှုလိုက်၏။ သိပြီးသားတွေကို နားထောင်ဖို့ မလိုပေ။
"မဟုတ်ဘူး။ သေရတော့မယ့်သူက မင်းပဲ"ဟု ကျနော် ပြောလိုက်ပြီး စိတ်ထဲကနေ စကားတစ်ခွန်းကို ရေရွတ်လိုက်၏။
[ဒင်္ဂါး ၂,၇၀၀ ကို ' ကိုယ်ခန္ဓာကြံ့ခိုင်မှု'အပေါ် ရင်းနှီးမြှုပ်နှံမယ်။]
[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁ -> ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၀]
[သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် သိသိသာသာတိုးတက်လာပါသည်။]
[သင့်ခန္ဓာကိုယ်၏ ခံနိုင်ရည်စွမ်းရည် အလွန်တိုးတက်လာပါသည်။]
ကင်နမ်ဝွန်၏ဓားက ကျနော့်နှလုံးဆီကို ဖောက်ဝင်လာသည်။ တိတိကျကျပြောရလျှင် ဖောက်ဝင်နေသကဲ့သို့ ဖြစ်နေခြင်းဖြစ်၏။ ကျနော့်အရေပြားက ကျောက်တုံးလိုမာနေပြီး အရေပြားပေါ်တွင် ခြစ်ရာလောက်သာ ဒဏ်ရာကျန်ခဲ့သည်။ ကင်နမ်ဝန်၏ မျက်လုံးတွေက အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားသည်။
"ဘယ်လိုဖြစ်ပြီး မင်းက မထိခိုက်ရတာလဲ"
"မေးခွန်းရဲ့အဖြေမှန်ကိုပြောပြမယ်။ အဖြေက - ဥဟာ သက်ရှိပါ။"
"ဘ...ဘာ"
"ပြီးတော့ မျိုးပွားရာသီမှာဆိုရင် ပုရစ်တစ်ကောင်က တစ်ခါအုရင် ဥ ၁၀၀ ကျော် အုတယ်လေ"
ဥ၊ သက်ရှိ၊ ၁၀၀...
ကံမကောင်းစွာဖြင့်ပဲ ဦးနှောက်မကောင်းသော ကျောင်းသားတစ်ယောက်အတွက် ဤအချက်အလက်တွေ၏အဓိပ္ပာယ်ကိုနားလည်ဖို့ အချိန်မလောက်တော့ပေ။
"ဘာတွေပြောနေတာလဲ"
"နားမလည်ရင်လည်း ကိစ္စမရှိပါဘူးလေ။ တစ်မိနစ်ပဲကျန်တော့တာနော်"
ယခုတော့ ကင်နမ်ဝန်၏မျက်နှာ၌ ကြောက်ရွံ့မှုပေါ်လာသည်။
"အား...သေစမ်း။ သေပေတော့"
ဓားက ကျနော့်လည်ပင်းဆီကို ဦးတည်လာသည်။ ယခုတိုက်ခိုက်မှုကို ကာကွယ်ဖို့ပင် ကျနော်မကြိုးစားခဲ့။
ထန်….ထန်….ထန်
လည်ပင်းက ရင်ဘက်ထက် ပိုပြီးအားနည်းတဲ့နေရာဖြစ်နေ၍လားတော့မသိ။ စောနကထက်ဒဏ်ရာက ပိုနက်သွားသော်လည်း သိပ်တော့မနာပေ။
"ကင်နမ်ဝန်"
ကင်နမ်ဝွန်၏နောက်ဘက်တွင်တော့ တွားသွားပြီး ပိုးကောင်တွေကို ရှာနေသူများနှင့် အသက်ရှင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် ထိခိုက်အောင်လုပ်လိုသူများ ရှိနေသည်။
"မင်းအထင် မှန်ပါတယ်။ ငါက မင်းလို လူစားမျိုးပဲ "
လူတချို့ကို ကျနော် ကယ်ချင်လျှင် ကယ်နိုင်လောက်မည် ထင်သည်။
"ချီး။ မင်းဘာလို့မသေရတာလဲ။ မင်းဘာလို့မသေရတာလဲ"
၅၅ စက္ကန့်... ၅၀ စက္ကန့်... ၄၅ စက္ကန့်...
ဓားက ကျနော့်ကို ခြစ်ရာလောက်သာ ဒဏ်ရာရစေသည်။ သွေးထွက်လာသော်လည်း အရေပြားအောက်အထိ ဓါးဒဏ်ရာက မနက်ပေ။ ၃၀ စက္ကန့်ပဲ ကျန်သည့်အခါမှာတော့ ကင်နမ်ဝွန်က ပါးစပ်ဖွင့်လိုက်၏။ ဓားကိုချကာ ကျနော့်ရှေ့မှာ ဒူးထောက်လိုက်၏။
"င...ငါ့ကိုကယ်ပေးပါ"
၂၅ စက္ကန့်
"ငါ့ကိုကယ်ပါ။ တောင်းဆိုပါတယ်။ ငါ့ကိုကူညီပါ"
"ငါက ဘာလို့ကယ်ပေးရမှာလဲ"
၂၀ စက္ကန့်
"လူ...လူ့အသက်က အရေးပါတယ်လေ။ ကယ်ပေးရမှာမဟုတ်ဘူးလား"
"အဲ့ဒါက ကမ္ဘာဟောင်းရဲ့စည်းမျဉ်းကွ။ မင်းပြောခဲ့သလိုပဲလေ။ ကမ္ဘာသစ်မှာ စည်းမျဉ်းအသစ်လိုတယ် "
၁၀ စက္ကန့်
"ဟင့်အင်း။ ဟင့်အင်း။ ငါမသေချင်ဘူး။ အား"
၅ စက္ကန့်
ကင်နမ်ဝန်က အသံအကျယ်ကြီးအော်ပြီး ကျနော့်ဆီ ပြေးလာကာ ကျနော့်မျက်လုံးကို ဓါးဖြင့်ထိုးလိုက်၏။ ဤတစ်ကြိမ်တွေတော့ ကျနော့်မျက်လုံးကို ဓါးဖြင့်ဖောက်ပြီး ထိုးထည့်ဖို့ ကြိုးစားနေခြင်းပင်။
[သတ်မှတ်ထားသော အချိန်ကုန်သွားပါပြီ။]
ကျယ်လောင်သော အသံတစ်ခုပေါ်လာပြီး ကင်နမ်ဝွန်၏ခေါင်းပေါက်ကွဲသွားသည်။
[ရှင်းတမ်းစတင်ပါမည်။]
ကင်နမ်ဝန်က စပြီး ကျန်လူတွေ၏ ခေါင်းပါပေါက်ကွဲကုန်၏။
တစ်၊ နှစ်၊ သုံး၊ လေး...
ခေါင်းတွေပေါက်ကွဲနေပုံမှာ ခေတ်သစ်တစ်ခုစတင်ပြီဟု ကြေညာသောကြောင့် မီးရှူးမီးပန်းတွေ ဖောက်နေသကဲ့သိုပင်။ ဖြစ်ပျက်နေသည့်မြင်ကွင်းကို ဝမ်းနည်း၊ ဝမ်းသာ၊ အပြစ်ရှိပြီး ဆန်းကြယ်သည့်ခံစားချက်အနည်းငယ်ဖြင့်သာ ကျနော်ကြည့်နေမိသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ကျနော်၏ ရှေ့တွင် ဖြစ်ပျက်နေသည့်မြင်ကွင်းကို စိတ်အေးလက်အေးဖြင့် ကျနော် ကြည့်နေနိုင်ရသနည်း။ ပြောရမည်ဆိုလျှင် ဝတ္ထုတစ်အုပ်ကို ဖတ်နေသကဲ့သို့ ခံစားနေမိသည်ပင်။
[သင်သည် သက်ရှိ ၁၂၄ခုကိုသတ်ဖြတ်ခဲ့သည်။]
[သတ်ဖြတ်မှုမှတ်တမ်း - ပုရစ်တစ်ကောင်၊ ပုရစ်ဥ ၁၂၃ လုံး]
[သင့်အနေဖြင့် ခုခံမှုမရှိသော သက်ရှိများကိုသတ်ဖြတ်ခဲ့သောကြောင့် ဒင်္ဂါးအရေအတွက် တစ်ဝက်ခန့်သာ ရရှိပါမည်။]
[ဒင်္ဂါး ၆,၂၀၀ ရရှိပါသည်။]
[စွမ်းရည်မြှင့်တင်ရန်အတွက် အသုံးပြုထားသော ဒင်္ဂါးအရေအတွက်ကို အလိုအလျောက် နုတ်ယူပါမည်။]
[သင့်တွင် စုစုပေါင်း ဒင်္ဂါး ၃,၅၀၀ ကျန်ရှိပါသည်။]
[အလွန်အကျွံသတ်ဖြတ်ခဲ့ခြင်းကြောင့် 'အစုလိုက်အပြုံလိုက် သတ်ဖြတ်သူ'ဆိုသည့် အောင်မြင်မှုကို ရရှိပါသည်။]
ရထားတွဲ၏ မှောင်နေသော ဖန်သားပြင်ပေါ်မှာ ကျနော့်မျက်နှာ၏ အရိပ် ထင်ဟပ်နေ၏။
ဘဝတလျောက်လုံး ကိုယ့်မျက်နှာကို မှန်ထဲမှာကြည့်ဖူးသော်လည်း ယခုလိုမျက်နှာမျိုးကို တခါမှ မတွေ့ဖူးခဲ့ပေ။ကျနော့်ပါးပြင်မှာ ပေကျံနေသည့် သွေးများကို ကျနော်သုတ်လိုက်သော်လည်း သွေးက ပျောက်မသွားပေ။ တကယ်တန်းတော့ ဖန်သားပြင်ပေါ်မှာပေနေသော သွေးဖြစ်နေခြင်းသာ။
ကျွီ
ရုတ်တရက် သိမ့်ခနဲဖြစ်သွားပြီး ရထားက ပြန်လည်ရွေ့လျားလာသည်။ ရင်းနှီးနေသော ရထားသံတွေလည်း ထွက်ပေါ်လာ၏။
သိပ်မကြာခင်မှာပဲ အလင်းတွေဝင်လာကာ မဲမှောင်မှုတွေ ပျောက်ကွယ်သွားသည်။ အာပုဂျောင်နှင့် အုဆူးကြားက ရထားလိုင်းနံပါတ် ၃အတိုင်း မြေပြန်ပေါ်သို့ကျနော်တို့ ရောက်ရှိသွား၏။
ပြတင်းပေါက်အပြင်ဘက်မှာတော့ ဟန်မြစ်နဲ့ ဆိုးလ်မြို့တော်ကို တွေ့မြင်ရသည်။
"ဟူး..."
သက်ပြင်းချသံတစ်ခုထွက်လာ၏။ အသက်ရှင်ပြီဆိုသောအသိဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ခြင်း ဖြစ်မည်ထင်သည်။
သို့သော် စိတ်သက်သာရာရမှုက ကြာရှည်မခံခဲ့ချေ။
“ဟာ”
ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းသည် လူတိုင်းသိထားသည့် ဆိုးလ်မြို့ပုံစံ ဟုတ်မနေတော့ချေ။ ပျက်ဆီးနေသော မြို့တော်ဆီကနေ မီးခိုးတွေ၊ ဖုန်မှုန့်တွေ လွင့်တက်နေ၏။
ဟန်မြစ်တံတားတွေ ပြိုကျသွားခဲ့ချေပြီ။ ဟန်မြစ်ထဲတွင်လည်း စစ်သားတွေ၏ အလောင်းတွေဖြင့် ပြည့်နေပြီး အနီရောင်အဖြစ်ပင် ပြောင်းနေ၏။ ထိုစဉ်မှာပဲ ပြိုကျပျက်ဆီးနေသည့် အဆောက်အဦးတွေကြားမှာ မကောင်းဆိုးဝါးတစ်ကောင်က K1 တင့်ကားတစ်စီးကို အရုပ်လေးတစ်ရုပ်လိုမျိုး နင်းချေပစ်လိုက်၏။
[အဓိက ဇာတ်ဝင်ခန်း #၁ – တန်ဖိုးရှိကြောင်း သက်သေပြခြင်း ပြီးဆုံးပါပြီ။]
[အခြေခံပြီးမြောက်မှုဆုအနေဖြင့် ဒင်္ဂါး ၃၀၀ ရရှိပါသည်။]
[ချန်နယ်အသုံးပြုခကို ဒင်္ဂါး ၁၀၀ နုတ်ယူပါမည်။]
[အပိုဆုရှင်းတမ်း စတင်မည်။]
ကမ္ဘာတစ်ခုပျက်သုဉ်းသွားပြီး ကမ္ဘာသစ်တစ်ခုမွေးဖွားလာ၏။
ထို့အပြင် ဤကမ္ဘာ၏ အဆုံးသတ်ကို သိသောတစ်ဦးတည်းသော စာဖတ်သူက ကျနော်ပင် ဖြစ်လေတော့သည်။