ဇာတ်လိုက် (၁)
Vol. 1 Ch. 7
ရထားက ဒေါင်းဟိုတံတားအလယ်လောက်မှာ ရပ်သွားသည်။
"ဘုရားရေ..."
အသက်ရှင်ကျန်ရစ်သူအနည်းငယ်က ပြင်ပရှိ ပျက်ဆီးနေသော ဆိုးလ်မြို့တော်နှင့် ပြိုကျနေသည့် အဆောက်အဦးတွေကို မျက်ဝါးထင်ထင် မြင်နေရ၏။ ။ မြွေကြီးတစ်ကောင်နှင့် တူသည့်မကောင်းဆိုးဝါးတွေက ဟန်မြစ်ထဲ ပျက်ကျထားသည့် တိုက်လေယာဉ်ပျက်တစ်စီးကို ဝါးမျိုနေကြသည်။
"ဘာ…ဘာတွေလဲဟ"
ဤသတ္တဝါတွေက မည်သို့သော အကောင်တွေဖြစ်သနည်းကို ကျနော် ချက်ချင်း မှတ်မိသွား၏။ အီသီယိုဆောပါ။ ပင်လယ်မြွေဟု အလွယ်ခေါ်သော ဤသတ္တဝါကို 'Ways of Survival' ကမ္ဘာမှာ အဆင့်အတန်း ၇ရှိသော မကောင်းဆိုးဝါးအဖြစ် သတ်မှတ်ထား၏။ အီသီယိုဆောတစ်ကောင်က ကျနော်တို့ဘက်ကို လှည့်ကြည့်လာသည်။
"ဟာ...ဒီဘက်ကိုလာနေပြီ"
လူတွေ အထိတ်တလန့်ဖြင့် အော်ဟစ်ကုန်သည်။ သို့သော် ကျနော်ကတော့ ချည်းကပ်လာသည့် အီသီယိုဆောကို စိတ်မပါသော အမူအရာဖြင့်သာ ကြည့်နေမိ၏။ ဤအကောင်တွေသည် ကျနော်တို့ကို အန္တရာယ်မပေးနိုင်ပေ။ အဆိုပါ အီသီယိုဆောသည် ဒေါင်းဟိုတံတားအောက်၌ စက်ဝိုင်းပုံစံလှည့်ပတ်ပြီး ရေပူဖောင်းထဲ ပျောက်ကွယ်သွား၏။ 'Ways of Survival'ကမ္ဘာ၌ 'ဇာတ်ဝန်းခန်း'အေရာအားလုံးထက် ဦးစားပေးထားသည်။ ဇာတ်ဝင်ခန်း၏ အကာအကွယ်အောက်မှာ ရှိနေသရွေ့ ဤကဲ့သို့မကောင်းဆိုးဝါးမျိုးနှင့် ကျနော်တို့တွေ တိုက်ရိုက် ရင်ဆိုင်ဖို့ မလိုပေ။ အနည်းဆုံးတော့ ယခုအချိန်၌ အီသီယိုဆောကောင်နှင့် ရင်ဆိုင်ဖို့ မလိုသည်မှာ သေချာ၏။
[မျှော်လင့်မထားသောဇာတ်ဝင်ခန်းတစ်ခုကြောင့် လျော်ကြေးရှင်းတမ်းကို ရွှေ့ဆိုင်းထားပါသည်။ ခဏစောင့်ပေးပါ။]
လျော်ကြေးရှင်းတမ်းက ယခုအချိန်တွင် စတင်သင့်ပြီမှန်သော်လည်း error messageတစ်ခုသာ လေထဲတွင် ပေါ်နေသည်။ ကျနော့်ကြောင့် ယခုလို ပေါ်နေခြင်း ဖြစ်လောက်သည်။ ခန္ဓာကိုယ်အလယ်ပိုင်းပဲ ကျန်တော့သည့် ကင်နမ်ဝန်၏အလောင်းကို ကျနော်ငုံ့ကြည့်လိုက်၏။ မူရင်း 'Ways of Survival'ဝတ္ထုအရဆိုလျှင် ကင်နမ်ဝန်က ဤရထားတွဲထဲရှိ လူအများစုကိုသတ်ပြီး နောက်ထပ်ဇာတ်ဝင်ခန်းဆီသို့ သွားရမည်ဖြစ်သည်။
သို့ပေငြားလည်း ထိုသို့ဖြစ်ပျက်မသွားအောင် ကျနော်တားခဲ့၏။ ကျနော်တွေးထားသည့် အတိုင်း မှန်နေမည်ဆိုပါက ကင်နမ်ဝန်သေဆုံးမှုကို ဒေါသထွက်ကြမယ့်သူတွေ ပေါ်လာလောက်မည်။ ဤနေရာတွင် ပေါ်လာမည်တော့ မဟုတ်ချေ။ သူတို့က ကောင်းကင်အထက်မှာ ရှိနေခြင်းသာ။
['ကင်နမ်ဝူး' ဇာတ်ကောင်သေဆုံးမှုကြောင့် နက္ခတ်နှစ်ပါးက သင့်ကို အနည်းငယ် ရန်လိုနေပါသည်။]
နက္ခတ်တွေဆိုသည်က 'Ways of Survival' ထဲက ဆန်းပြားသော သက်ရှိတွေပါ။ နက္ခတ်တွေသည် ဝေးကွာလှသည့် နဂါးငွေ့တန်းတွေကနေ ကြည့်ရှုနေကြပြီး ဤဖြစ်ရပ်ဆိုးကြီး၏နောက်ကွယ်က လက်မည်းကြီးများပင်။ နက္ခတ်တွေ၏ စိတ်သဘောထားအကြောင်းအသိပေးချက်ပေါ်လာသည့်အခါတွင်တော့ ယခုမှ အမှန်တကယ်စတင်ပြီ ဖြစ်ကြောင်းကို ကျနော်သိလိုက်ရ၏။
ပျော်စရာပဲ။ လွန်ခဲ့တဲ့တစ်ရက်တုန်းကဆိုရင် ငါနဲ့ကင်နမ်ဝန်ရဲ့ အရေးပါမှုက မတူဘူးဖြစ်နေခဲ့တာလေ။ အခုဆိုရင် သူတို့တွေဟာ ငါ့ကိုစောင့်ကြည့်နေကြပြီ။
[အနည်းငယ်သော နက္ခတ်တွေက သင်၏ဇာတ်ဝင်ခန်းကို ချီးကျူးနေကြသည်။]
[နက္ခတ်တွေက သင့်ကို ဒင်္ဂါး ၅၀၀ ထောက်ပံ့ပေးလိုက်သည်။]
ကျနော့်ကို သဘောမကျသည့် နက္ခတ်တွေလည်း ရှိသလို ကျနော့်ကို သဘောကျသော နက္ခတ်တွေလည်း ရှိနေ၏။ မည်သို့ပင်ဆိုစေကာမူ ယခုအခြေအနေက စိတ်မသက်မသာဖြစ်စေသည့် အခြေအနေမျိုးသာ။ သို့ပေငြားလည်း ယခုအချိန်တွင်တော့ ကျနော်ဘာမှမလုပ်နိုင်သေးပေ။ လူပြက်တစ်ယောက်လို ကျနော်ဖျော်ဖြေပေးဖို့အလှည့်ရောက်ရှိလေပြီ။ ကြမ်းပြင်ပေါ်ရှိ ကင်နမ်ဝန်၏ စစ်တပ်သုံးခေါက်ဓါးကို ကျနော်ကောက်ယူလိုက်ပြီးနောက် ‘ကြည့်ချင်သလိုသာ ကြည့်ကြတော့’ဟု ကျနော်တွေးမိ၏။ အဆုံးသတ်တွင် သူတို့တွေသည် သူတို့၏အသက်ဖြင့် ဝင်ကြေးပေးရမည့်သူတွေသာ။
"ဒေါ့ဂျာ။ ရှင်အဆင်ပြေရဲ့လား"
ကျနော် ခေါင်းမော့ကြည့်လိုက်တော့ ယူဆန်းအာ၏ မျက်နှာကို မြင်လိုက်ရသည်။ ယူဆန်းအာ၏ပုခုံးတွေက အားမရှိသလို ပြေလျော့နေသည်။ ယူဆန်းအာ၏ အဖြူရောင်ဘလောက်စ်အင်္ကျီမှာလည်း သွေးတွေဖြင့် စွန်းထင်းနေပြီး ခြေအိတ်တွေလည်း အပေါက်တစ်ခုရှိနေ၏။ ကျနော်သိခဲ့သည့် ယူဆန်းအာဆိုသည်မှာ မရှိတော့ချေ။ ယူဆန်းအာ၏လက်ကိုကိုင်လိုက်ပြီး ကျနော်ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ အဖွားကိုမကယ်နိုင်ခဲ့ဘူး"
ခေါင်းမရှိတော့သည့် အဖွားအို၏အလောင်းကို ကျနော် ငုံ့ကြည့်လိုက်၏။ အဖွားအို၏နာမည်ကို ကျနော်မသိပေ။ နောက်ပိုင်းတွင်လည်း ယခုလိုမျိုး လူအတော်များများ သေရပေဦးမည်။ ယူဆန်းအာက ကျနော့်ကို ဇဝေဇဝါဖြစ်သည့် အကြည့်ဖြင့် ကြည့်နေသည်။
"ဒေါ့ဂျာက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်… "
"ဟုတ်။ ပြောပါ"
"အာ၊ ဘာမှမဟုတ်တော့ဘူး။ ဒါနဲ့... ကျေးဇူးတင်ပါတယ်"
"ဘာကိုကျေးဇူးတင်တာလဲဗျ"
"အဲ့ဒါကလေ။ ကျမ… "
တအောင့်ခန့်အကြာတွင် ဖြစ်ပျက်ခဲ့သည်များကို ကျနော်ပြန်တွေးမိ၏။ ပိုးကောင်ဖမ်း ပိုက်ကွန်ကို ယူဆန်းအာရှိသည့်ဘက်သို့ကျနော်ပစ်ထုတ်မိခဲ့ခြင်းသာ။ ယူဆန်းအာ မည်သို့တွေးပြီး ကျေးဇူးတင်နေမှန်း သဘောပေါက်သွားပြီးနောက် ကျနော်ပြောလိုက်သည်။
"တိုက်ဆိုင်ပြီး ယူဆန်းအာဘက် ပစ်မိတာပါ။ ဒါမျိုး နောက်တခါ ထပ်ဖြစ်မှာ မဟုတ်ဘူး"
"အာ..."
တိတ်ဆိတ်စွာပဲ ယူဆန်းအာ ခေါင်းညိတ်လိုက်၏။ အမှန်တရားကို ယူဆန်းအာ မသိသော်လည်း ယူဆန်းအာက ဉာဏ်ကောင်းသူဖြစ်သည်။ ကျနော်ဆိုလိုသော အဓိပ္ပါယ်အား ယူဆန်းအာ သဘောပေါက်သည်ပင်။ ကျနော်၏ရွေးချယ်မှုကြောင့် တစ်စုံတစ်ယောက်ဟာ အသက်ရှင်ခဲ့ပြီး တစ်စုံတစ်ယောက်ကတော့ သေဆုံးခဲ့သည်။ ယူဆန်းအာတစ်ယောက် မည်သို့ပင် အသက်ရှင်ခဲ့စေကာမူ ကျေးဇူးတင်စကားကို လက်ခံဖို့ ကျနော် မထိုက်တန်ပေ။
[ဝိုး၊ အံ့သြစရာပဲ]
လေထဲကနေ ဒိုကဲဘီပေါ်လာ၏။
[ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ငါက တခြားရထားတွဲတွေကိုပဲ ကြည့်နေမိခဲ့တာ]
ဒိုကဲဘီ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုအရိပ်အယောင်ရော၊ အံ့အားသင့်မှုအရိပ်အယောင်ပါ ရောယှက်နေသည်။ ဒိုကဲဘီ၏ခေါင်းပေါ်၌ တောက်ပနေသော ကြယ်များ လွင့်မျောနေသည်။ ထိုကြယ်များ၏ အရေအတွက်ကို ကျနော်ရေတွက်ကြည့်လိုက်သည်။
တစ်၊ နှစ်၊ သုံး... နှစ်ဆယ်၊ နှစ်ဆယ့်တစ်။ စုစုပေါင်း နှစ်ဆယ့်တစ်ခုပဲ။ သူပျော်မှာပေါ့လေ။
[ငါ့ချန်နယ်ကို ချိတ်ဆက်ထားသူ၂၁ ယောက်ရှိတာဆိုတော့... ဟားဟား၊ အတော်ကိုမိုက်နေပြီထင်တယ်။ ဘုရားရေ၊ ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နက္ခတ်များခင်ဗျာ။ ဟားဟား၊ ကိုယ့်လူတို့။ မင်းတို့ရဲ့တန်ဖိုးကို သေချာပြခဲ့ရဲ့လား]
ကြယ်အရေအတွက်က ချန်နယ်နှင့် ချိတ်ဆက်ထားသော နက္ခတ်အရေအတွက်ကို ဆိုလိုသည်။ ၂၁ က များပြားလှသောအရေအတွက်မဟုတ်ပေမာဏပင်။
[အသက်ရှင်ကျန်ရစ်သူအရေအတွက်က အတော်လေးများနေတာပဲ။ နောက်က ရထားတွဲကကောင်ကလည်း စိတ်မနှံ့သူဖြစ်နေတော့ ဒီနေ့အခြေအနေက အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေပြီ]
ဒိုကဲဘီသည် လေထဲကနေ တစ်ခုခုကို ထုတ်ယူဟန် ပြုလိုက်၏။ တခဏအကြာအတွင် အသက်ရှင်ကျန်ရစ်သူစာရင်းတစ်ခု ပေါ်လာသည်။
[ဘူလ်ဂွမ်းရထားနံပါတ် ၃၄၃၄၏ ရထားတွဲနံပါတ်၃၈၀၇မှ အသက်ရှင်ကျန်ရစ်သူများ
ကင်ဒေါ့ဂျာ၊ လီဟန်းဆောင်၊ ယူဆန်းအာ၊ ဟန်မြုံအို နှင့် လီဂီယောင်
စုစုပေါင်း ငါးဦး]
ငါးယောက်။ ကျနော်ခန့်မှန်းထားသည်ထက် ပို၍ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေခဲ့သည်ပင်။ အသက်ရှင်ကျန်ရစ်သူတစ်ဦးချင်းစီ၏မျက်နှာကို ကျနော် ကြည့်လိုက်၏။
လီဟန်းဆောင်က ကိုယ်ခန္ဓာကြံ့ခိုင်ပြီး သွက်လက်သူဖြစ်သည်မလို့ အသက်ရှင်ကျန်ရစ်သည်က မထူးဆန်းလှပေ။ ယူဆန်းအာကိုပင် အသက်ရှင်ကျန်ရစ်မည်ဟု ကျနော်မျှော်လင့်ထားခဲ့၏။ ထို့အပြင် လီဂီယောင်လည်း ရှိသေးသည်။ ကျနော်ခန့်မှန်းထားသလိုသာ မှန်ပါက ကျနော့်ဘေးမှာရပ်နေသော ကလေး၏နာမည်က 'လီဂီယောင်'ဖြစ်မည်ပင်။ ပုရစ်ကောင်၏အရည်များ လီဂီယောင်၏ လက်တွေ ပေနေသေးသည်။ ကျနော်ပေးခဲ့သည့် ပုရစ်ကောင်ကို လက်ဖြင့် သူညှစ်သတ်ခဲ့ခြင်းဖြစ်၏။
လီဂီယောင်က ခေါင်းပြတ်သွားသည့် သူ့အမေကို ငေးကြည့်နေသည်။ သူ့အမေက အဖွားအိုကိုသတ်ချင်သည့် အုပ်စုထဲပါသွားပြီး သားဖြစ်သူကို စွန်ပစ်ခဲ့ခြင်းသာ။ ဖြစ်ပျက်ခဲ့သမျှအားလုံးကို အစကနေအဆုံးအထိ လီဂီယောင် မြင်တွေ့ခဲ့ရသည်။ တစ်ခဏခန့် ကျနော်တွန့်ဆုတ်မိသွားပြီးနောက် လီဂီယောင်၏ပုခုံးကို ကျနော် ကိုင်လိုက်၏။ အဓိပ္ပါယ်မရှိသော စာနာမှုကို ကျနော်ပြနေခြင်း မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင်တော့….
ဟုတ်ပါတယ်။ ကြောင်သူတော်လုပ်ရပ်ကို လုပ်နေခြင်းပါ။
"ကောင်လေး"
လီဂီယောင်းသည် ခေါင်းကိုဖြည်းဖြည်းချင်းလှည့်ကြည့်လာလေရာ သူ၏မျက်လုံးထဲ၌ သူ့ဘဝမှာ ပထမဆုံးကြုံတွေ့ခဲ့ရသည့် သေခြင်းတရားကို ကြောက်ရွံ့နေသော အရိပ်အယောင်များ ပြည့်နေသည်ကို မြင်လိုက်ရသည်။ ကြောက်ရွံ ့နေခြင်းက ရှောင်လွှဲလို့မရသည့် ခံစားချက်သာ ဖြစ်၏။ လီဂီယောင်သည် အမေဖြစ်သူ သေဆုံးသွားသည်ကို ဝမ်းနည်းနေခြင်းမဟုတ်ပဲ သူကိုယ်တိုင်သေဆုံးသွားမည်အား ကြောက်ရွံ ့နေခြင်းသာ။ ယခုလိုဖြစ်နေသည်က သဘာဝတောင် ကျသေးသည်။ ဤကလေးငယ်သည် လူသားတစ်ယောက်ပင်။
"မင်း အသက်ရှင်ချင်လား"
လီဂီယောင်၏မျက်လုံးတွေက ကြောက်လန့်တုန်လှုပ်နေ၏။ သူ့ခန္ဓာကိုယ်က ထိန်းမရအောင် တုန်နေသည်။ ထို့နောက် ဖြည်းဖြည်းချင်း လီဂီယောင်းက ခေါင်းညိတ်ပြလိုက်၏။
"ဒါဆို ငါတို့အတူတူ သွားကြတာပေါ့"
လီဂီလီယောင်းက ဖြည်းဖြည်းချင်း လှုပ်ရှားလာပြီး ကျနော့်ခြေထောက်နားကို ကပ်လာသည်။ ယူဆန်းအာက ကျနော့်ကို အထင်ကြီးသည့်အကြည့်ဖြင့် ကြည့်နေ၏။ မရည်ရွယ်ပဲ နောက်ထပ် နားလည်မှုလွဲသွားအောင် ကျနော်လုပ်မိခဲ့လေပြီ။ အမှန်တကယ်တွင်တော့ ယခုလိုပဲ မြင်စေချင်တာပါ။ သို့သော်ငြားလည်း ကျနော်မြင်စေချင်သူက ယူဆန်းအာ မဟုတ်ပေ။
[အနည်းငယ်သော နက္ခတ်တို့သည် သင်၏ကောင်းမွန်သော လုပ်ရပ်ကို လေးစားသွားကြပါသည်။။]
[နက္ခတ်များက သင့်အား ဒင်္ဂါး ၂၀၀ ထောက်ပံ့ပေးသည်။]
ကျနော်၏လုပ်ရပ်က အောက်တန်းကျသလိုဖြစ်နေသည်ဟု တွေးမိသော်လည်း ကျနော် အသက်ရှင်ချင်သေးသည်။ နောက်ထပ်ကြုံရမည့် ကြီးမားသောဖြစ်ရပ်များကိုပါ ထည့်တွက်မည်ဆိုပါက ယခုအချိန်တွင် နက္ခတ်များ၏အာရုံစိုက်မှုကို ရရှိနေဖို့ အရေးကြီး၏။
“ငါ...ငါတို့ကို အခုလွှတ်ပေးတော့မှာလား။ မင်းလိုချင်တာ ရသွားပြီမဟုတ်ဘူးလား"
အင်္ကျီစုတ်ပြဲနေသော ဟန်မြုံအိုက ခြောက်လှမ်းလောက်အကွာကနေ အော်ပြောလိုက်သည်။
ဌာနမှူး ဟန်မြုံအို။ ဤလူက ကံကောင်းသောသူပါ။ သူ့မှာ ငွေအများကြီးရှိပါလျက်နှင့် အဘယ်ကြောင့် မြေအောက်ရထားကို စီးခဲ့ရသနည်းဟု ကျနော်တွေးမိ၏။ သိပ်မကြာသေးခင်ကပဲ Mercedes-Benz S-Classကားအသစ်တစ်စီးနှင့်တောင် သူသည် ဟန်ရေးပြခဲ့သေးသည်။
[ဟမ်…. လွှတ်ဖို့လား။ မင်းတို့တွေ အပြင်ကို မကြည့်မိကြဘူးလား။ တကယ်ကြီး အပြင်ကို သွားချင်နေကြတာလား]
ဒိုကဲဘီက ခနဲ့သလို ပြောလိုက်၏။
[အံ့သြစရာကောင်းတာတော့အမှန်ပဲ။ ဒီရထားတွဲကို အများကြီးမမျှော်လင့်ထားပေမဲ့ မင်းတို့တွေဟာ ပထမဆုံးဇာတ်ဝင်ခန်းကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်။ ဒါက ပိုးကောင်တွေတောင် အသက်ရှင်ဖို့ထိုက်တန်တယ်ဆိုတာကို သက်သေပြနေတာပဲ]
ဒိုကဲဘီ၏စကားက ကျနော်တို့တွေ ကိုယ့်အခြေအနေကို သဘောပေါက်သွားစေသည်။ ဒိုကဲဘီ၏ မျက်လုံးထဲတွင် ကျနော်တို့တွေမှာ ပုရစ်တွေနှင့်မခြား ဖြစ်နေပုံပင်။
[ကဲကဲ…. ဒုက္ခအခက်အခဲတွေကို ကျော်ဖြတ်ပြီးပြီဆိုတော့ ဆုတစ်ခုတော့ ရသင့်တယ်မလား။ ပထမဆုံးဇာတ်ဝင်ခန်းအတွက် ဆုအနေနဲ့ 'နက္ခတ်’တို့ရဲ့ ထောက်ပံ့ပေးတာကို မင်းတို့တွေ ခံစားခွင့်ရှိသွားပြီ။ ကဲ…ဘယ်လိုလဲ။ စိတ်မလှုပ်ရှားဘူးလား။ ဟမ်… အားလုံးက စိတ်မပါပဲ ဖြစ်နေကြတာပဲ။ ဒါက တကယ်ကို အရမ်းကြီးတဲ့ကိစ္စနော်]
ယခုလိုပဲ တုံ့ပြန်ကြမှာပင်။ 'နက္ခတ်' သို့မဟုတ် 'ထောက်ပံ့ခြင်း' ဆိုသည်မှာ မည်သို့သော အရာဖြစ်သည်ကို ကျနော်တစ်ဦးတည်းသာ သိ၏။ နက္ခတ်တွေ၏ ထောက်ပံ့ပေးမှုဆိုတာက ရှင်းပါသည်။ Ways of Survivalဇာတ်လမ်း၏ အရေးပါသော ကိစ္စတွေထဲက တစ်ခုဖြစ်သည့် 'ထောက်ပံ့သူရွေးချယ်မှုှ' မကြာခင်မှာ စတင်တော့မည် ဖြစ်၏။
[ဟမ်…လူတိုင်းက စိတ်ရှုတ်ထွေးနေကြပုံပါလား။ ရှင်းရှင်းလေး ပြောလိုက်မယ်။ အခုအချိန်မှာ မင်းတို့အားလုံးက အရမ်းကို အားနည်းနေကြတာကွ။ ဖြစ်ပေါ်လာမယ့် ဇာတ်ဝင်ခန်းတွေထဲကိုသာ မင်းတို့တွေ ပစ်ချခံရရင် ' ခရက်ခ်'တွေနဲ့ ရင်ဆိုင်ဖို့မပြောနဲ့ အားနည်းတဲ့ မြေကြွက်တစ်ကောင်နဲ့ ရင်ဆိုင်မိရင်တောင် မင်းတို့အသတ်ခံရမှာပဲ။ ကံကောင်းတာက စကြဝဠာထဲမှာ မင်းတို့ကို သနားပြီး ထောက်ပံ့ပေးချင်တဲ့ ကြီးမြတ်တဲ့သူတွေ ရှိနေတယ်လေ။ ငါပြောတာကို နားလည်ကြရဲ့လား]
လီဟန်းဆောင် မနေနိုင်တော့ပဲ ထမေးလိုက်သည်။
"ဘာတွေပြောနေတာလဲ။ ဘယ်သူက ဘယ်သူ့ကို ထောက်ပံ့ပေးတာလဲ..."
[ဟာ…မင်းတို့နားတွေက ညစ်ပတ်နေလို့ ငါပြောတဲ့စကားက နားထဲမဝင် ဖြစ်နေတာလား။ တောင်ကိုရီးယားမှာ ရှေးဆိုရိုးတစ်ခု ရှိတယ်။ အခါတစ်ရာ ကြားတာထက် တစ်ခါထဲ မြင်တာက ပိုကောင်းတယ်တဲ့ကွ။ ဒါကြောင့် တိုက်ရိုက်အတွေ့အကြုံပဲ ယူကြည့်လိုက်တော့။ ဟားဟား… ကံမကောင်းတဲ့ကောင်တွေကတော့ အခွင့်အရေးမရနိုင်ဘူးပေါ့ကွာ]
ကျနော့်စိတ်ထဲဖိစီးနေလေပြီ။ ယခုအချိန်ကစပြီး ကောင်းမွန်သော ရွေးချယ်မှုကို လုပ်နိုင်မှသာလျှင် အနာဂတ်တွင် လွယ်ကူစွာဖြင့် ကျနော်အသက်ရှင်နိုင်ပေလိမ့်မည်။
"ဒေါ့ဂျာ။ ကျမရှေ့မှာ ထူးဆန်းတဲ့ ရွေးချယ်စရာနှစ်ခု ရုတ်တရက်ပေါ်လာတယ်..."
"ယူဆန်းအာမေးတာကို ကျနော်လည်း ဘယ်လိုပြန်ဖြေရမလဲမသိဘူးဗျ "
သံသယမဝင်ခံရအောင် မုသားဆိုလိုက်ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ယူဆန်းအာထံ၌ ရွေးချယ်စရာနှစ်ခုပေါ်လာသည်မှာ ယူဆန်းအာ တကယ်ကို ကံကောင်းသည်ဟု ပြောလို့ရ၏။
"စိတ်ကိုအေးအေးထား။ အရည်အချင်းစစ်စာမေးပွဲလို့ပဲ မှတ်ယူလိုက်"
"အရည်အချင်းစစ်စာမေးပွဲဟုတ်လား"
"အခုအခြေအနေက ဘာဖြစ်နေတာလဲ ဘယ်သူမှ သိကြတာမဟုတ်ဘူး။ စိတ်အေးအေးသာ ထားပါ "
"ဪ... ကျွန်မ နားလည်ပါပြီ"
ယူဆန်းအာက ပါးစပ်ပိတ်ပြီး လေဟာနယ်ကို စိုက်ကြည့်နေ၏။ စိတ်ဝင်စားဖွယ် ကိစ္စတစ်ခုနှင့် ကြုံတွေ့ထားသလို နက်နဲသည့် အမူအရာနှင့်ပါ။ တခြားသူတွေလည်း ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ လူတိုင်းက သူတို့ရှေ့မှာရှိသော ရွေးချယ်စရာတွေကို ဖတ်နေကြ၏။ ကျနော့်ရှေ့တွင်လည်း ကြည့်ဖို့ ကိုယ်ပိုင်ရွေးချယ်စရာတွေ ရှိနေပေပြီ။
[ထောက်ပံ့သူရွေးချယ်မှု]
– ကျေးဇူးပြု၍ သင်၏ ထောက်ပံ့သူကို ရွေးချယ်ပါ။
– သင်ရွေးချယ်ထားသော ထောက်ပံ့သူက သင့်အတွက် အားကောင်းသည့် အထောက်အပံ့ ဖြစ်လာလိမ့်မည်။
၁။ မဟူရာမီးလျှံ အသူတစ်ရာနဂါး
၂။ မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ
၃။ လျှို့ဝှက်ကြံစည်သူ
၄။ ရွှေခေါင်းကွင်း၏အကျဉ်သား
ပဟေဠိတွေကဲ့သို့ ရွေးချယ်စရာ လေးခုရှိနေသည်။ ပြောရမည်ဆိုလျှင် ကျနော့်ကို ကိုယ်စားလှယ်အဖြစ်ထားချင်သော နက္ခတ်လေးပါးရှိေWays of Survival ဇာတ်လမ်း၏ ဇာတ်လိုက်တွင် ပထမဆုံးအကြိမ် ရွေးချယ်စရာ ငါးခုရခဲ့သည်နှင့် ယှဉ်ပါက ရွေးချယ်စရာလေးခုရထားသည်မှာ နည်းသည်ဟု မဆိုနိုင်ပေ။
နက္ခတ်တွေသည် ၎င်းတို့၏အမည်အစစ်အမှန်ကို မည်သည့်အခါမှ မဖော်ပြကြပေ။ ထို့ကြောင့်စာချုပ်ချုပ်ဆိုသူအားလုံးက 'အသူတစ်ရာ'၊ 'မိစ္ဆာ'၊ 'ဥယျာဉ်'အစရှိသော စကားလုံးတွေဖြင့်သာ နက္ခတ်အသီးသီးကို သိထားကြရ၏။ တကယ်တန်းတွင်တော့ ဤပဟေဠိသည် Ways of Survivalဝတ္ထု၏ တစ်ဦးတည်းသော စာဖတ်သူဖြစ်သော ကျနော့်အတွက် ဘာမှမဟုတ်ပေ။
ကဲ… ကြည့်ရအောင်။
ပထမတစ်ပါး ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ကို ကျနော်မှတ်မိထားသလောက် ဆိုရလျှင် ဤနက္ခတ်သည် မဟူရာတိမ်တိုက်ဟုခေါ်သော နက္ခတ်အုပ်စုကို ဦးဆောင်သည့် အားကောင်းသော သက်ရှိဖြစ်၏။
အဆိုပါနက္ခတ်၏ အမည်အရင်းကို ကျနော်မေ့သွားပြီဖြစ်သော်လည်း သူ့အမည်အရင်းက လွန်စွာရှည်လျားသော နာမည်ဖြစ်သည်ကိုတော့ မှတ်မိသည်။ ဤနက္ခတ်၏အားသာချက်က စာချုပ်ချုပ်ဆိုသူကို အလွန်အားကောင်းသော တိုက်ခိုက်မှုစွမ်းအား ပေးနိုင်ခြင်းပင်။ ဇာတ်လမ်း၏ အစောပိုင်းကာလများတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အားက ရှိဖု့ိလိုအပ်ပြီး ခွန်အားအရာတွင် မဟူရာမီးလျှံ အသူတစ်ရာနဂါးလောက် အားကောင်းသော နက္ခတ်မရှိချေ။
သို့သော် ဤနက္ခတ်၏ အထောက်အပံ့သည် အစောပိုင်းကာလများတွင်သာ အသုံးဝင်ခြင်းဖြစ်သည်။ စာချုပ်ချုပ်ဆိုသူသည် ဤနက္ခတ်၏ စွမ်းအားကို အသုံးပြုမှုများလေလေ စိတ်ဓါတ်ပါပျက်ဆီးလာပြီး ရူးသွပ်သော လူသတ်သမားဖြစ်လာလေဖြေစ်မည်။ ဤနက္ခတ်က 'ဂျွန်အီဗျောင်' စရိုက်ရှိသူများကိုသာ များသောအားဖြင့် ထောက်ပံ့ပေးတတ်ပြီး ကျနော့်ကို အဘယ်ကြောင့် ရွေးချယ်ရသည်ကိုတော့ မသိပေ။
စိတ်ထဲမသက်မသာဖြစ်မိမှုကြောင့် ဤနက္ခတ်ကို ကျနော် ချန်လှပ်ထားလိုက်၏။
ဒုတိယတစ်ပါးဖြစ်သော မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူဆိုသည့် ရွေးချယ်မှု ပေါ်နေသည်ကို မြင်ရသည်မှာ မယုံနိုင်ပင် ဖြစ်မိသည်။ ကျနော့်စိတ်ထဲရှိ ခံစားများ အလွန်ကြီးမားလာ၏။ အမှတ်တမဲ့ကြည့်မည်ဆိုလျှင် ဤနာမည်သည် မကောင်းမှုတွေနှင့် ပြည့်နှက်နေသလိုပင်။ သို့သော် အမှန်တကယ်တွင်တော့ ဤနာမည်သည် ဆိုးယုတ်သူတွေအတွက် ထောင်ချောက်တစ်ခုသာ ဖြစ်၏။ ' မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'ဆိုသည့်စကားလုံးက တကယ်တန်းတွင်'မကောင်းဆိုးဝါးမဟုတ်'ဟု အဓိပ္ပာယ်ရ၏။ ထို့အပြင် 'မီး' နှင့် 'တရားသူကြီး'ဆိုသော စကားလုံးများကိုပါ ထပ်ပေါင်းထည့်ထားသေးသည်။
ဤနက္ခတ်ကို မကောင်းဆိုးဝါးမဟုတ်သော မီးဖြင့် တရားစီရင်သူဟုသာ ပြောသင့်သည်။ ဝိရောဓိဖြစ်စွာပဲ ဤနက္ခတ်၏သရုပ်မှန်က ကောင်းကင်တမန်တစ်ပါးပင်။ ကျနော်မှတ်မိသလောက် ဤနက္ခတ်သည် နတ်ခေါင်ချုပ် ယူရီအယ်ပင်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ဝတ္ထုထဲ၌ လူတစ်ယောက်က ဤနက္ခတ်အား ထောက်ပံ့သူအဖြစ် ရွေးချယ်ခဲ့သည်။
မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူကို ရွေးချယ်ခြင်းသည် အတော်ပင်ကောင်းမွန်သော ရွေးချယ်မှုဖြစ်၏။ ဤနက္ခတ်ကို ရွေးမရွေး ခဏလောက် ဘေးဖယ်ထားလိုက်ဦးမည်။ 'အလုံးစုံကောင်းမြတ်ခြင်း'နက္ခတ်တွေ၏ ကြီးမားသော စွမ်းအားကို အသုံးပြုချင်လျှင် အလွန်အမင်း ကန့်သတ်ချက်တွေရှိနေတတ်၍ ဖြစ်၏။
တတိယတစ်ပါးက လျှို့ဝှက်ကြံစည်သူ ဖြစ်၏။ Ways of Survival၏ တစ်ဦးတည်းသော စာဖတ်သူဖြစ်သော ကျနော်ပင် ဤရွေးချယ်မှုပေါ်လာသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤနာမည်အား ဝတ္ထုထဲတွင် အမှတ်မထင် ပါကောင်း ပါလောက်မည် ဖြစ်သော်လည်း ယခုအချိန်မတိုင်ခင်အထိ ဤနာမည်ကို ကျနော်မသိခဲ့ပေ။ Ways of Survivalဝတ္ထုကို သေချာဖတ်ခွင့်ရမည်ဆိုလျှင်တော့ ဤနက္ခတ်အကြောင်းကို သိလောက်မည်ဟုထင်သည်။
သို့ပေငြားလည်း ဤနက္ခတ်သည် အလွန်ပင်အားကောင်းသော သက်ရှိမဟုတ်သည်မှာ သေချာ၏။ နာမည်ခပ်ဆန်းဆန်းဖြစ်နေသည်ကလွဲလျှင် တိတိပပကိုယ်စားပြုသည့် 'နာမည်'တစ်ခုပင် ဤနက္ခတ်၏အမည်၌ မပါရှိပေ။ လျှို့ဝှက်ကြံစည်သူဆိုသည့် နာမည်က နက္ခတ်တစ်ပါးအတွက် အတော်ပင် ရိုးရှင်းလွန်းသည်။ ဤနက္ခတ်ကိုလည်း ခဏလောက် ဘေးဖယ်ထားလိုက်ဦးမည်။
နောက်ဆုံးတစ်ပါးက ရွှေခေါင်းကွင်း၏အကျဉ်သား။ စတုတ္ထမြောက် ရွေးချယ်မှုကို မြင်သည့်အချိန်၌ ကျနော့်နှလုံးသားက တဒိန်းဒိန်းခုန်သွားသည်။ ဤနက္ခတ်ကို ယခုလောက်စောပြီး ပေါ်လာမည်ဟု မမျှော်ထားခဲ့ချေ။ ကျနော်အကြည့်များ မှားနေသလားဟုပင် အကြိမ်ကြိမ်သံသယဝင်မိသည်။ ဤနာမည်က 'ရွှေခေါင်းကွင်း၏အကျဉ်သား'ဆိုသည်မှာ လုံးဝကိုသေချာ၏။ အမှတ်တမဲ့ ဖတ်မိလျှင် 'အကျဉ်းသား' ဆိုသော စကားလုံးက မကောင်းသော စိတ်ခံစားချက်ကို ပေးပေလိမ့်မည်။ သို့ပေငြားလည်း 'ရွှေခေါင်းကွင်း'ဆိုသည့် စကားလုံးအား ပို၍ အာရုံစိုက်ဖို့လို၏။
ရွှေခေါင်းကွင်းဆိုသည်မှာ လောကကြီးတွင် အသေးငယ်ဆုံးသော အကျဉ်းထောင်ပင်။ ကလေးဘဝတုန်းက ‘အနောက်အရပ်သို့ ခရီးသွားခြင်း’ဂန္ဓဝင်ဝတ္ထုကို ဖတ်ရှု ခံစားဖူးသူတိုင်း သိနိုင်သည့် သဲလွန်စဖြစ်၏။ အရှေ့အရပ်ကနေ အနောက်အရပ်သို့ သွားသည့် ခရီးစဉ်မှာ ရွှေခေါင်းကွင်းဖြင့် ချုပ်နှောင်ခံထားရသော အကျဉ်းသား တစ်ယောက်သာ ရှိဖူးသည်။
ခေါင်းပေါ်က သံကွင်းကြောင့် ဒုက္ခရောက်နေရသော ပန်းပွင့်နှင့် သစ်သီးတောင်၏ အရှင်သခင်။ 'ရွှေအကြည့်၊ မီးလျှံမျက်လုံး'ကို ပိုင်ဆိုင်ထားသည့် ချောမောလှပသော မျောက်မင်း။ ကောင်းကင်နှင့် ရင်ဘောင်တန်းနိုင်သော မဟာတန်ခိုးရှင် စွန်းဝူခုန်း။ ဝတ္ထုထဲက ဇာတ်ကောင်တွေထဲမှာ စွန်းဝူခုန်း ပံ့ပိုးပေးခဲ့သူ တစ်ယောက်သာ ရှိ၏။ ရာနှင့်ချီသော ကိုယ်စားလှယ်များကို ဖယ်ရှားပြီး လျှပ်စီးလက်သလို တစ်ချက်ထဲဖြင့် ထောင်နှင့်ချီသောလူတွေကို သတ်နိုင်သော အံ့ဖွယ်အစွမ်း။ စာရေးဆရာက ဤအပိုင်းကို စွမ်းအားအပြည့်ဖြင့် ဖော်ပြခဲ့သည်ကို ကျနော်မှတ်မိသေးသည်။
ဤမျှအားကောင်းသောနက္ခတ်က အဘယ်ကြောင့် ကျနော့်အပေါ် စိတ်ဝင်စားနေရသနည်းကို ကျနော်မသိသော်လည်း ကောင်းကင်နှင့် ရင်ဘောင်တန်းနိုင်သော မဟာတန်ခိုးရှင်၏ ကိုယ်စားလှယ်သာ ကျနော်ဖြစ်သွားမည်ဆိုပါက ဤကမ္ဘာသစ်တွင် တခြားလူတွေထက် အလွယ်တကူ ရှင်သန်နိုင်လောက်မည်ဖြစ်သော်လည်း….
အရှေ့ရထားတွဲဖြင့် ချိတ်ဆက်ထားသော တံခါးကို ဖြတ်ခနဲ ကျနော်ကြည့်လိုက်၏။ အဆိုပါတံခါး၏အလွန်တွင် ထိုလူသည်လည်း ကျနော့်လိုပင် ရွေးချယ်မှုမျက်နှာပြင်ကို ကြည့်နေလောက်သည်။ ကောင်းကင်နှင့် ရင်ဘောင်တန်းနိုင်သော မဟာတန်ခိုးရှင်ကို ကျနော်ရွေးချယ်လိုက်မည်ဆိုပါက…ထိုလူကို ကျနော်အနိုင်ယူနိုင်မည်လော။
[ထောက်ပံ့ရွေးချယ်မှု ပြီးဆုံးရန် အချိန်တစ်မိနစ်သာ ကျန်တော့သည်။]
အချိန်မကျန်တော့ပေ။ အသက်ကိုဖြည်းဖြည်းရှုထုတ်လိုက်ပြီး ကျနော့်အတွက် ရွေးချယ်မှုတွေကို ပြန်သုံးသပ်လိုက်၏။ ကျနော်၏ပူပန်မှုက ကြာကြာမခံခဲ့ချေ။