← Chapters

ဇာတ်လိုက် (၂)

Vol. 1 Ch. 8

ဇာတ်လိုက် (၂)

Vol. 1 Ch. 8

[ထောက်ပံ့သူရွေးချယ်မှု ပြီးဆုံးပါပြီ။]

အသက်ကိုရှူသွင်းလိုက်ပြီး လေထဲ၌ပေါ်နေသောစာကို ငေးကြည့်လိုက်၏။

[သင်၏ရွေးချယ်မှုကြောင့် တချို့သော နက္ခတ်များအပေါ်တွင် သက်ရောက်မှုရှိပါသည်]

ဟုတ်တယ်... အခုစပြီ။

['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်သည် သင်၏ရွေးချယ်မှုကို အလွန်ပင် မကျေမနပ်ဖြစ်နေပါသည်။]

['မဟူရာတိမ်တိုက်' အဖွဲ့ဝင် နက္ခတ်များသည် မဟူရာမီးလျှံ အသူတစ်ရာနဂါး၏ ဒေါသကြောင့် တုန်လှုပ်နေပါသည်။ သင့်ကို မည်သည့် 'မဟူရာတိမ်တိုက်'အဖွဲ့ဝင် နက္ခတ်ကမှ ထောက်ပံ့တော့မည်မဟုတ်ပါ။]

ကြိုတင်မျှော်လင့်ထားပြီးဖြစ်သော်ကြောင့် ဤစာတွေကိုမြင်နေရသော်လည်း ကျနော် မအံ့သြမိပေ။ ငြင်းပယ်ခံလိုက်ရသည့်အတွက် သူ့အဖွဲ့ဝင်တိုင်းကို မထောက်ပံ့ရန် တားဆီးသည့် ဤနက္ခတ်သည် မူလဇာတ်လမ်းမှာတုန်းက ကင်နမ်ဝန်၏ ထောက်ပံ့သူဖြစ်ခဲ့သည်ထင်၏။ ကိုယ်စားလှယ်နှင့် ထောက်ပံ့သူက လိုက်လည်းလိုက်သည်ပင်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် သင့်ကို စိတ်ပျက်နေပါသည်။]

[သင်၏တရားမျှတမှုလုပ်ရပ်အပေါ် မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူက အနာဂတ်တွင်လည်း ဆက်၍ စောင့်ကြည်နေမည်ဖြစ်သည်။]

နတ်ခေါင်ချုပ် ယူရီအယ်ကတော့ စိတ်ပျက်ရုံလောက်သာ ရှိလောက်မည်။ အလုံးစုံကောင်းမြတ်ခြင်း နက္ခတ်တွေသည် မတရားမှုတစ်ခုခုကို မလုပ်မချင်း လူတစ်ယောက်အား မုန်တီးလေ့မရှိကြပေ။

['လျှို့ဝှက်ကြံစည်သူ' နက္ခတ်သည် သင့်ရွေးချယ်မှုကို စိတ်ဝင်စားနေပါသည်။]

[ဒင်္ဂါး ၂၀၀ ထောက်ပံ့ခဲ့သည်။]

လျှို့ဝှက်ကြံစည်သူ၏လုပ်ရပ်ကတော့ တကယ်ကို မမျှော်လင့်ထားသည့်လုပ်ရပ်ပင်။ နာမည်နှင့်လိုက်အောင် ကျနော်၏သတိထားမှုကို တန်ဖိုးထားခဲ့ခြင်း ဖြစ်လောက်သည်။

['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် သင့်ရွေးချယ်မှုကိုစိတ်ဝင်စားနေပါသည်။]

ကောင်းကင်နှင့်ရင်ဘောင်တန်းနိုင်သည့် မဟာတန်ခိုးရှင်နှင့် ပတ်သတ်ပြီးတော့…

စိတ်ထဲ စိုးရိမ်စိတ်တော့ဖြစ်မိ၏။ ကျနော် ရွေးချယ်မှု မှန်ကန်ခဲ့လား မသိပေ။ ကျနော့်ရှေ့မှာ ရှိနေခဲ့သည့် အလွန်ကြီးမားသော အခွင့်အရေးကို လက်လွှတ်မိခဲ့သည်လည်း ဖြစ်နိုင်၏။

[သင်သည် ထောက်ပံ့သူ ရွေးချယ်မထားပါ။]

သို့သော် ရွေးချယ်မှုတစ်ခုလုပ်လိုက်ပြီဆိုပါက ကိုယ့်ရွေးချယ်မှုဖြင့် ကန့်သတ်ခံလိုက်ရသည်နှင့် အတူတူပင်။ ထောက်ပံ့သူစာချုပ်သည် မျှတသော စာချုပ်မျိုး မဟုတ်ချေ။ ကျနော်အသက်ရှင်ကောင်း ရှင်သန်နိုင်မည်ဖြစ်သော်လည်း နက္ခတ်တွေ၏ ကစားစရာအဖြစ်သာ ရှင်သန်ရပေလိမ့်မည်။ ကျနော် မျှော်လင့်ထားသလိုသာ မှန်နေပါက နက္ခတစ်ပါး၏ အထောက်အပံ့ကို မယူပဲ အစွမ်းထက်လာနိုင်သည့် နည်းလမ်းတစ်ခုတော့ ရှိ၏။ အဆိုပါနည်းလမ်းသည် အကြီးမားဆုံးထောက်ပံ့သူ၏ ကိုယ်စားလှယ်ထက်ပင် ပိုအစွမ်းထက်လာအောင် လုပ်ပေးနိုင်လောက်သည်။

[ဟားဟား... ဒါတကယ်ပဲလား... စိတ်ဝင်စားတဲ့ရွေးချယ်မှုတစ်ခုတောင် မရှိဘူးလား။ ဟုတ်ပါပြီလေ။ နောက်ထပ်အခွင့်အရေးတွေရှိဦးမှာပါ]

ဒိုကဲဘီ၏ လခြမ်းပုံမျက်လုံးတွေက ကျနော့်ကို တစ်ခဏခန့်စိုက်ကြည့်နေသည်။

[ကဲကဲ... လူတိုင်းရွေးချယ်မှုကို လုပ်ပြီးသွားပြီ။ ဒီမှာ ခဏလောက် အနားယူကြလိုက်ဦး။ နောက်ဇာတ်ဝင်ခန်းအတွက် ငါပြင်ဆင်ဖို့လိုသေးတယ်။ ၁၀ မိနစ်နေရင် ပြန်တွေ့ကြတာပေါ့]

ထောက်ပံ့သူရွေးချယ်မှုပြီးသွားသည့်အခါ ဒိုကဲဘီ ပျောက်ကွယ်သွား၏။ ဒိုကဲဘီက အနားယူဖို့ပြောခဲ့ေ၁၀ မိနစ်က အကယ်ပင် အရေးကြီးသော အချိန် ဖြစ်သည်။ ၁၀ မိနစ်အတွင်း အခြေအနေကိုသုံးသပ်ပြီး နောက်လာမည့် ဇာတ်ဝင်ခန်းတွေအတွက် ကျနော်ပြင်ဆင်ဖို့လို၏။ ကျနော့်စွမ်းရည်တွေကို ခေါင်းထဲမှာ ပြန်ပေါ်လာအောင် ကြိုးစားလိုက်သည်။

[ဇာတ်ကောင်စာရင်း] နှင့် [အနှိုင်းမဲ့စာဖတ်သူ၏ ရှုထောင့်]။

ဤစွမ်းရည်မျိုးအား တိကျသော အသုံးပြုပုံကိုတော့ မသိသေးသော်လည်း ဤစွမ်းရည်များနှင့် ပတ်သတ်ပြီး အကြမ်းဖြင်းတော့ သဘောပေါက်ထား၏။ တစ်နည်းနည်းနှင့်တော့ အလုပ်ဖြစ်လောက်မည်ဟု ယူဆသည်။

"အားလုံး လူစုလိုက်ကြရအောင်"

အသက်ရှင်ကျန်သူတွေအားလုံး ကျနော့်စကားကို နားထောင်ပြီး စုဝေးလာကြ၏။ ပထမဆုံး လက်ဆွဲနှုတ်ဆက်လာသူက လီဟန်းဆောင်ပင်။

"မင်္ဂလာပါ၊ ကျုပ်က လီဟန်းဆောင်ပါ "

"ကင်ဒေါ့ဂျာပါ"

"တွေ့ရတာဝမ်းသာပါတယ်... အခုအခြေအနေမှာ ဝမ်းသာပါတယ်လို့ ပြောသင့်ရဲ့လားတော့ မသိဘူး။ အစောပိုင်းတုန်းက ကျုပ်ပြောခဲ့သလို ကျုပ်က ကျွန်တော်က စစ်သားတစ်ယောက်ပါ။ အင်း...စစ်သားတစ်ယောက်ဖြစ်ခဲ့တယ်လို့ပဲ ပြောသင့်တာထင်တယ် "

"ခင်ဗျားရဲ့တပ်ရင်းကို ဆက်သွယ်လို့မရဘူးလား"

"ဟင့်အင်း။ မရသေးပါဘူး"

ကျနော့်လက်ကို ဆွဲဆုပ်ထားသည့်အားက အတော်ကိုများ၏။ Ways of Survivalဇာတ်လမ်း အစောပိုင်းကတည်းက ပေါ်လာခဲ့သည့် ခံနိုင်ရည်အားမြင့်မားသူ တစ်ယောက်၏ ခွန်အားပီသပါပေသည်။ လီဟန်းဆောင်ကို ကျနော်နှင့်ခေါ်သွားဖို့လို၏။ ယခုအချိန်တွင်တော့ လီဟန်းဆောင်သည် သိပ်ထူးခြားမည်မဟုတ်သော်လည်း Ways of Survival၏ နောက်ပိုင်းအပိုင်းတွေမှာ လီဟန်းဆောင်က ဖြည်းဖြည်းချင်း အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မည်။

"ဟိုလေ…ဒေါ့ဂျာ "

"ဟုတ်ကဲ့"

"ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒေါဂျာသာ မရှိရင် ကျုပ်တို့အားလုံး သေနေလောက်ပြီဗျ "

"ဟင့်အင်း။ အဲ့လိုတော့ မဟုတ်ပါဘူး"

"ကျုပ်ဘာသာကျုပ် အသက်ရှင်နိုင်ခဲ့ရင်တောင် လူသားတစ်ဦးပီသစွာ အသက်ရှင်နိုင်ခဲ့မှာ မဟုတ်တာသေချာတယ်။ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ရှက်လည်းရှက်မိပါတယ် "

လီဟန်းဆောင်က နှိမ့်ချစွာဖြင့် ဦးညွှတ်လိုက်၏။

ကျနော့်စိတ်ထဲ နည်းနည်းတော့ ရှုပ်ထွေးသွားသည်။ အမှန်တကယ်တွင်တော့ ကျနော်ဘာမှမလုပ်လည်း လီဟန်းဆောင်သည် အသက်ရှင်မှာပင်။ ထိုစဉ် ကျနော့်ပုခုံးကို လူတစ်ယောက်က ဆုပ်ကိုင်လိုက်၏။

"ဟားဟား၊ ငါတို့ဝန်ထမ်းလေးက ကိစ္စကြီးတစ်ခု လုပ်ပေးခဲ့တာပဲ။

ဒေါ့ဂျာ။ ငါဘယ်သူလဲ သိလား"

နောက်လှည့်မကြည့်ပဲနဲ့တောင် ဘယ်သူလဲဆိုသည်ကို ကျနော်သိသည်။ ပုခုံးပေါ်က လက်ကိုဖယ်လိုက်ပြီး "သိပါတယ်၊ ဟန်မြုံအိုပါ "ဟု ကျနော်ပြောလိုက်၏။

"ဘာ။ ဟန်မြုံအိုဟုတ်လား။ ငါ့ကိုဌာနမှူးဟန်လို့ မင်းက ခေါ်သင့်တာ မဟုတ်ဘူးလား"

ဟန်မြုံအိုသည် ဤအခြေအနေတွင်တောင် ရာထူးကိုသုံး၍ လွှမ်းမိုးဖို့ ကြိုးစားနေဆဲပင်။ Mino Softက အာဏာရူးတစ်ယောက် တကယ်ကို ပီသ၏။

"ဒီနေရာက ကုမ္ပဏီမဟုတ်ဘူး"

"ဟ…နားထောင်စမ်း။ မင်းက အလုပ်ဆက်မလုပ်တော့ဘူးလို့ တွေးနေတာလား။ အခြေခံကျင့်ဝတ်ဆိုတာရော သိရဲ့လား"

ဟန်မြုံအို၏ဒေါသထွက်နေသောမျက်နှာကိုကြည့်လိုက်သည့်အခါ ကျနော်သိခဲ့သော ကမ္ဘာက ပြီးဆုံးသွားပြီဆိုတာကို ထပ်၍ သဘောပေါက်မိ၏။ ကျနော့်ရှေ့မှာ ရှိနေသောလူက ဇာတ်ဝင်ခန်းမစခင်ကမ္ဘာမှာ 'သားရဲ' တစ်ကောင်ဖြစ်ခဲ့ပြီး ကျနော်ကတော့ သူ့အတွက် သားကောင်တစ်ကောင်ဖြစ်ခဲ့သည်ဟုပဲ ပြောရမည်ထင်သည်။

"ဘယ်လိုစဉ်းစားစဉ်းစား မင်းလုပ်ရပ်တွေက လွန်လွန်းတယ်ကွ။ နားလည်ရဲ့လား။ မင်းဆီမှာ ပိုးကောင်တွေရှိခဲ့တာဆိုရင်လည်း ငါ့ကိုအရင်ပေးသင့်တယ်။ ပိုးကောင်တွေကို မင်းက ဘာလို့လွှင့်ပစ်လိုက်ရတာလဲ"

"..."

"ဒေါ့ဂျာ။ ငါ့ကိုကောင်းကောင်းဆက်ဆံစမ်းပါ။ မင်းရဲ့ဝန်ထမ်းစာချုပ်က သက်တမ်းဘယ်လောက်ပဲ ကျန်တော့တာလဲ"

ရုတ်တရက်ကြီး စိတ်ထဲ ကျလိကျလိဖြစ်လာသည်။ ကျနော် ယခင်နေခဲ့သည့် ကမ္ဘာမှာ ကျနော်က အလွန်ပင် အားနည်းခဲ့၏။

"ဟန်မြုံအို "

"ဘာလဲ"

"စောက်ပါးစပ်ကိုပိတ်ထား"

"ဘာ…ဘာပြောတယ်"

"ခင်ဗျား အခုထိ အခြေအနေကို နားမလည်သေးဘူးလား။ စောနတုန်းက ဟိုခွေးသူတောင်းစားက ခင်ဗျားကို ထိုးခဲ့သေးတယ်မလား။ Mino Softဟုတ်လား။ အဆုံးသတ်ကာလကို ရောက်နေပါပြီဆိုမှ ကုမ္ပဏီက အခုထိ ရှိနေဦးမယ်ထင်လို့လား"

ဟန်မြုံအို၏ မျက်နှာဖြူဖပ်သွားတာကို တွေ့ရ၏။ ကျန်သည့်လူတွေဘက်သို့ ကျနော်လှည့်ကြည့်လိုက်သည်။ ပြောပြီးပြီဆိုသော်လည်း အားလုံးနားလည်အောင် ရှင်းပြရဦးပေမည်။

"ဟန်မြုံးအိုတင် မကဘူး။ အားလုံးပဲ အသိဝင်ကြတော့။ ဒိုကဲဘီပြောသလိုပဲ ဒါက ဟာသလုပ်နေကြတာမဟုတ်ဘူး "

"..."

"အားလုံးလည်း အခြေအနေကို နည်းနည်းတော့ သတိထားမိပြီထင်တယ်။ ဝိသေသ လက္ခဏာဇယား ထဲက သီးသန့်စွမ်းအင် တွေ။ ဂိမ်းတစ်ခုလို စနစ်တွေ။ တွေ့ကြုံနေရတာတွေကို အခုထိ နားမလည်သေးတဲ့သူ ရှိသေးလား"

မည်သူမှ လက်ထောင်ကာ မမေးကြပေ။ တောင်ကိုရီးယားလူမျိးတွေအတွက် ဤအခြေအနေက နားလည်ရလွယ်သည်။ စမတ်ဖုန်းသုံးစွဲနှုန်းမြင့်မားမှုကြောင့် ဂေိမ်းမကစားဖူးတဲ့သူ တစ်ယောက်မှ မရှိပေ။ ဂိမ်းမကစားဖူးလျှင်တောင် စိတ်ကူးယဉ်ဝတ္ထုတစ်အုပ်တော့ အနည်းဆုံး ဖတ်ဖူးကြမှာ သေချာ၏။

လီဟန်းဆောင်က သက်ပြင်းချလိုက်သည်။

"အခုအခြေအနေက ကျုပ်ကင်းစောင့်တိုင်း ဖတ်နေကျ ဝတ္ထုတစ်ပုဒ်လိုမျိုး ဖြစ်နေပေမဲ့ တကယ်ဖြစ်ပျက်နေတယ်လို့ မခံစားရဘူး။ တကယ်ပဲ အိပ်မက်မဟုတ်တာ သေချာရဲ့လား"

"တကယ်ကို လက်တွေ့ဖြစ်ပျက်နေတာ သေချာတယ်"

ကျနော့်၏ ခပ်ပြတ်ပြတ်အဖြေက လီဟန်းဆောင်၏ အကြည့်ကို အနည်းငယ် ပြောင်းလဲသွားစေသည်။

[ဇာတ်ကောင် 'လီဟန်းဆောင်'သည် သင့်အပေါ် အနည်းငယ် ယုံကြည်မှု ရှိလာပါသည်။]

[ဇာတ်ကောင် 'လီဟန်းဆောင်'အပေါ် သင်၏ နားလည်မှု တိုးတက်လာပါသည်။]

လီဟန်းဆောင်က ခေါင်းညိတ်လိုက်၏။

"ဒေါ့ဂျာဘက်က သေချာပါတယ်လို့ ပြောနိုင်တာ ကောင်းတယ်။ ဒါဆိုရင် ကျုပ်တို့ အခုဘာလုပ်ကြမလဲ။ ဒေါ့ဂျာ…ခင်ဗျားမှာ ဘာအကြံရှိလဲ"

"ထွက်သွားရမယ်" မဆိုင်းမတွ ကျနော်ပြန်ဖြေသည်။

"ထွ-ထွက်သွားမယ်ဟုတ်လား။ မင်း ရူးနေပြီလား"

"ဒေါ့ဂျာ။ ထွက်သွားတာက ကောင်းမွန်တဲ့အကြံလို့ ကျမကတော့ မထင်ဘူး"

ဤတစ်ခါတွင်တော့ ယူဆန်းအာပါ ဝင်ပြောလာသည်။ လူတိုင်း အသိတရား မဝင်သေးဘူးထင်၏။

"ဒါဆို ဒီမှာ ဘယ်လောက်ကြာကြာ နေကြမှာလဲ"

အမှန်တကယ်တန်းတော့ ကျနော်၏ငြင်းဆန်မှုက သိပ်တော့ အဓိပ္ပါယ်မရှိလှချေ။ အပြင်ဘက်တွင် မကောင်းဆိုးဝါးတွေ ခိုအောင်းနေကြသော်လည်း ကျနော်သိသည်က ဤနေရာကနေ ယခုထွက်သွားရန်ဖြစ်၏။

"ခင်ဗျားတို့မိဘတွေကိုရော သတိမရတော့ဘူးလား။ ဒီဒုက္ခတောထဲမှာ ခင်ဗျားတို့မိဘတွေ ဘေးကင်းမယ်လို့ထင်လား"

"ဖု-ဖုန်းလိုင်းက စောနထဲကပျက်နေတယ်။ Kakaotalkနဲ့လည်း ဆက်သွယ်လို့ မရဘူး"

မျှော်လင့်ချက်မဲ့စွာဖြင့် ယူဆန်းအာ အော်ငိုသည်။ တောင်ကိုရီးယားတွင် ကွန်ဖြူးရှပ်ဝါဒက အားကောင်းနေဆဲဆိုသည်မှာ တကယ်ကိုမှန်၏။ 'မိဘ'ဆိုသည့် စကားကိုကြားသည်နှင့် လီဟန်းဆောင်နှင့် ဟန်မြုံအိုတို့၏ မျက်နှာတွေတောင် မဲမှောင်သွားသည်။

ခေါင်းငုံ့နေသည့် လီဂီယောင်၏ပုခုံးကို ကျနော်ဆုပ်လိုက်၏။ ပထမဆုံး ထရပ်သူက ယူဆန်းအာဖြစ်သည်။

"သွားမယ်။ ကျွန်မ ထွက်သွားမယ်"

"မ-မဟုတ်သေးဘူး။ စောနကအကောင်ပြောသွားတာ မကြားဘူးလား။ ဒီမှာပဲ နားနေစမ်းပါ။ ငါတို့တွေ ထွက်သွားမိတာနဲ့ ခေါင်းပါ ပေါက်ကွဲသွားနိုင်တယ်ဟ"

မျှော်လင့်ချက်မဲ့စွာဖြင့် ဟန်မြုံအိုက ဆိုလိုက်သည်။

"မဲပေးပြီး ဆုံးဖြတ်ကြမယ်။"

ယူဆန်းအာက လက်ထောင်လိုက်၏။ ကျနော်နှင့် လီဂီယောင်ကလည်း နောက်ကနေ လက်ဆက်၍ထောင်သည်။ သို့သော် လက်ထောင်မည့်သူ ဆက်မရှိတော့ချေ။

လီဟန်းဆောင်က ပြောသည်။

"ကျုပ်ရဲ့ စခန်းကို ပြန်ဖို့လိုပေမဲ့ ဒီအခြေအနေမှာ ထွက်သွားတာက အန္တရာယ်ရှိမယ် ထင်တယ်။ သတိပေးထားတာလည်း ရှိသေးတယ်လေ"

"ချီးပဲ။ မင်းတို့ဘာသာ မင်းတို့ထွက်သွား။ ငါကတော့ မသွားဘူး။ အပြင်ကိုမသွားဘူး"

ဟန်မြုံအိုကို ကျနော်ဂရုမစိုက်သော်လည်း ပြဿနာက လီဟန်းဆောင်ဖြစ်နေ၏။ လီဟန်းဆောင်ကို မည်သည့်နည်းဖြင့်မဆို ရအောင်ခေါ်သွားရပေမည်။

ကျွီ

ထူထပ်သည့်သံပြားသံ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာ၏။ ရထားတွဲ၃၇၀၇၏ သံတခါးသည် အနည်းငယ်ပုံပျက်သွားသည်။

"ဘာ-ဘာလဲဟ"

ဟန်မြုံအို၏အော်သံကိုလျစ်လျူရှုထားသည့်အလား သံတခါးဆီကနေ နောက်ထပ် နားကွဲလောက်သည့်အသံ ထွက်ပေါ်လာပြန်၏။

ကျွီ

တစ်စုံတစ်ယောက်က တံခါး၏အပြင်ကနေ တံခါးကိုဖျက်ဖို့ ကြိုးစားနေခြင်းသာ။ ဤအခြေအနေသည် မမျှော်လင့်ထားသော အခြေအနေဖြစ်နေသောကြောင့် ကျနော်စဉ်းစားဖို့လိုသည်။

နောက်ထပ်ဇာတ်ဝင်ခန်းပေါ်လာတာများလား။ မဟုတ်ဘူး။ ဒိုကဲဘီက ပြန်လာသေးတာ မဟုတ်ဘူး။ ဒါဆိုရင်…

ကျနော့်ဦးနှောက်ကို အလျင်အမြန်အလုပ်လုပ်ခိုင်းလိုက်၏။ ကြက်သီးမွေးညင်းတွေ ထလာပြီး ကျောပါချမ်းသွားမိသည်။

ဟိုလူပဲ။

"ဘာ-ဘာဖြစ်တာလဲ။ တံခါးဆွဲဖွင့်နေတာကို တားကြပါဦးဟ"

ဟန်မြုံအိုက အော်ဟစ်ပြီး တံခါးဆီသို့ သွားလိုက်၏။ လီဟန်းဆောင်ပါ တံခါးဆီသို့ သွားရန်လုပ်သော်လည်း သူ့ကို ကျနော်တားလိုက်သည်။

"တားလို့ရမှာမဟုတ်ဘူး"

"ဟမ်"

"ကျနော်တို့ အခုသွားမှဖြစ်မယ် "

သံတံခါးကို ကျနော် လေးလေးနက်နက် ကြည့်လိုက်သည်။

"ဟမ်။ ဒါပေမဲ့… "

"ကျနော်တို့အခု မသွားဘူးဆိုရင်―"

ရထားတွဲနံပါတ် ၃၇၀၇က တစ်ဦးထဲကျန်ရစ်သူ ရောက်လာခြင်း ဖြစ်သည်။ သံတံခါး၏ အပြင်ဘက်၌ မည်သူရှိနေမှန်း ကျနော် ကောင်းကောင်းသိ၏။

"နောက်ထပ်ဇာတ်ဝင်ခန်းမလာခင် ကျနော်တို့အားလုံး သေကုန်လိမ့်မယ် "

ဟုတ်ပေသည်။ ထိုလူသည် နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။ ထိုလူကတော့ ဤဇာတ်လမ်း၏ တကယ့်ဇာတ်လိုက်သာ ဖြစ်တော့၏။

All Chapters