ဇာတ်လိုက် (၄)
Vol. 1 Ch. 10
ထိုစဉ် ယူဆန်းအာ အော်လိုက်၏။
"ဒေါ့ဂျာ။ ရှင့်နောက်မှာ… "
သွေးစွန်းနေသော လက်သီးတစ်လုံး လေထဲကနေဖြတ်ဝင်လာသည်နှင့် ကျနော့် ကိုယ်ကို အလိုအလျောက် ရှေ့ငိုက်လိုက်သည်။ ထိုလက်သီးသည် စွမ်းအင်တွေဖြင့် လွှမ်းခြုံနေသည့် ရင်းနှီးနေသောလက်သီးပင်။ တစ်စုံတစ်ခု ကျနော့်ဆီ ကျလာနေသကဲ့သို့ ခံစားလိုက်ရပြီး အလိုအလျောက် လှမ်းကန်ထုတ်မိလိုက်၏။ နောက်၌ ဘာရှိနေသနည်းကို လှည့်မကြည့်ပဲနှင့်တောင် ကျနော်သိလိုက်သည်။
အဆင့်အတန်း ၉ရှိသော လူသားအမျိုးအစားဖြစ်သည့် မိစ္ဆာလူသား။ မိစ္ဆာလူသားများသည် မကောင်းသောအငွေ့အသက် ကူးစက်ခံရသော လူသားမျိုးကွဲတွေဖြစ်ကြ၏။ ထို့ကြောင့် မိစ္ဆာလူသားတွေသည် အဆင့်အတန်း ၉ ရှိသော်လည်း အန္တရာယ်အပေးနိုင်ဆုံး မျိုးစိတ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ သာမန်လူသားတွေကနေ ဖြစ်ပေါ်လာသည့် မိစ္ဆာလူသားများသည် ဖုတ်ကောင်တွေနှင့် မကွာခြားသော်လည်း သူတို့၏ မူလခန္ဓာကိုယ်၏အဆင့်ပေါ်မူတည်ပြီး အထူးအန္တရာယ်များတတ်၏။
ခေါင်းပြတ်နေသော ကျောင်းသား၏ တံဆိပ်ကို ကျနော်မြင်လိုက်ရသည်။
"ကင်နမ်ဝန်"
ပြီးခဲ့သော မိနစ်အနည်းငယ်တုန်းက ခေါင်းပေါက်ကွဲခဲ့သော ဤကောင်သည် ယခုဆိုလျှင် မိစ္ဆာလူသားအဖြစ်နှင့် ကျနော့်ကိုပစ်မှတ်ထားနေ၏။ ပေါက်ထွက်နေသည့် ကင်နမ်ဝန်၏အသံအိုးပုံစံကိုမြင်ရသည်မှာ အတော်ပင် ထူးဆန်းလှ၏။
"ကွီးးးးး"
[သီးသန့်စွမ်းရည်ဖြစ်သော အနှိုင်းမဲ့ စာဖတ်သူ၏ရှုထောင့် အဆင့် ၁ကို အသက်သွင်းလိုက်ပါပြီ။]
[ဤလူတွင် အသိစိတ်မရှိပါ။ အနှိုင်းမဲ့ စာဖတ်သူ၏ရှုထောင့်စွမ်းရည်ကို ဖျက်သိမ်းလိုက်ပါပြီ။]
ချီး။ ထင်ထားတဲ့အတိုင်းပဲ။
ကင်နမ်ဝန်၏အလွန်အမင်းကြီးထွားနေသော လက်သည်းတွေဖြင့် ကျနော့်ပေါင်ကို ခြစ်မိသွားသည်။ မီးလောင်သကဲ့သို့ နာကျင်မှုက ခြေထောက်တစ်ခုလုံးဆီ ပျံ့နှံ့သွား၏။ ဓားဖြင့် လှီးဖြတ်မခံခဲ့ရသော အရေပြားသည် ယခုဆိုလျှင် လက်သည်းတွေဖြင့် ဆွဲဖြဲခံနေရ၏။ ထို့ကြောင့်ပင်လျှင် မိစ္ဆာလူသားများက အန္တရာယ်များလွန်းသည်ဟု ဆိုခြင်းဖြစ်၏။ မိစ္ဆာလူသားများသည် လူသားဘဝတုန်းကထက် အဆပေါင်းများစွာ အားပိုကောင်းကြသည်ပင်။
"ယူဆန်းအာ။ အခု ချက်ချင်း—"
ကျနော်စကားပြောနေစဉ်မှာပဲ တစ်စုံတစ်ခုကို ကျနော်ခံစားမိလိုက်၏။ နောက်သို့လှည့်မကြည့်ပဲတောင် ဘာဖြစ်နေသည်ကို ကျနော်သိနေသည်။
"လွှတ်ပါ။ လွှတ်ပါ။ ဒေါ့ဂျာ။ ဒေါ့ဂျာ"
သိပ်မကြာသေးခင်လေးတင်က ခြေထောက်နာနေခဲ့သော ဟန်မြုံအိုသည် ယူဆန်းအာကို ပုခုံးပေါ်ထမ်းကာ အံ့အားသင့်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် တံတားကိုဖြတ်ပြေးနေ၏။
['လျှို့ဝှက်ကြံစည်သူ' နက္ခတ်သည် သင့်အားလှည့်စားရလွယ်သည့်အဖြစ်ကို ချီးကျူးနေပါသည်။]
[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် သင်၏အနစ်နာခံမှုကို လေးစားနေပါသည်။။]
[ဒင်္ဂါး ၁၀၀အား ထောက်ပံ့မှုရရှိသည်။]
တကယ်ကိုပင်။ ကျနော့်ကိုချန်ခဲ့ဖို့ အစီအစဉ်ဆွဲနေသည်လော။ ပြောရမည်ဆိုလျှင် ဟန်မြုံအို၏ပြေးပုံက အနည်းငယ်ထူးဆန်းနေသည်။ ခြေတစ်ဖက်ထဲဖြင့်ဆိုသော်လည်း အိုလံပစ်အားကစားသမားတစ်ယောက်ပြေးတာလောက်ကို မြန်နေ၏။ ဤအမြန်နှုန်းသည် ဗိုက်ပူသည့် ဟန်မြုံအို၏ သီးသန့်စွမ်းရည်မဖြစ်နိုင်ပေ။ သူ့ကိုထောက်ပံ့ပေးသူ၏ အထူးစွမ်းရည်သာ ဖြစ်လောက်သည်။
အဆိုပါအထူးစွမ်းရည်ကို ပေးသည့် နက္ခတ်အား ကျနော်သိထားပြီးသားပင်။
ဟန်မြုံအို၏ အထူးစွမ်းရည်သည် ခြေတစ်ဖက်မြင်းမြန်ဖြစ်၏။။ ဇာတ်ကောင်စာရင်းကို အဝေးသို့ရောက်နေပြီဖြစ်သည့် ဟန်မြုံအိုအပေါ်၌ သုံးကြည့်လိုက်သည်။
['ဇာတ်ကောင်စာရင်း'၌ ဤလူ၏အချက်အလက်ကို ဖတ်၍မရပါ။]
ဇာတ်ကောင်စာရင်းက နောက်တစ်ခါထပ်ပြီး အလုပ်မလုပ်ပြန်ပေ။ မှတ်မိသလောက်ဆိုလျှင် 'ခြေတစ်ဖက်မြင်းမြန်'အထူးစွမ်းရည်သည် ခြေကျိုးလှည့်စားသူ နက္ခတ်ဆီကနေ ရခြင်း ဖြစ်၏။ အကာအရံစနစ်ထဲ ရောက်ခဲ့ချိန်တုန်းက ခြေကျိုးလှည့်စားသူသည် အထူးစွမ်းရည်ကိုမပေးခဲ့ချေ။ ထပ်ဆောင်းပြီးပြောရမည်ဆိုပါက ဟန်မြုံအိုသည် အစကတည်းက ဤအထူးစွမ်းရည်ကို ပိုင်ဆိုင်ရမည့်လူမဟုတ်။ တနည်းအားဖြင့် ဆိုရမည်ဆိုပါက ဟန်မြုံအို၏ စွမ်းရည်ကြောင့် ကျနော့်စွမ်းရည် ထုတ်မသုံးနိုင်ခြင်းမဟုတ်ပေ။
ငါအတော်ကိုတုံးခဲ့တာပဲ။
ကျနော့်ရှေ့မှာပေါ်နေသော လေထဲပျံဝဲနေသည့်စာကိုကြည့်ပြီး ရယ်မောမိသည်။
[ဤလူကို'ဇာတ်ကောင်စာရင်း'၌ မှတ်ပုံတင်ထားခြင်းမရှိပါ။]
ကျနော်အတွေးလွန်နေခဲ့ခြင်းသာ။ ဇာတ်ကောင်စာရင်းက ဇာတ်ကောင်တွေ၏ အချက်အလက်များကို ဇာတ်လမ်းထဲပါသည့်အတိုင်း ဖတ်ပြနေခြင်း ဖြစ်၏။ ယူဆန်းအာနှင့် ဟန်မြုံအိုတို့သည် မူလ Ways of Survival၌ ပါဝင်ခဲ့ကြသည့် ဇာတ်ကောင်များ မဟုတ်ကြပေ။ ကျနော်သာ မကယ်ပေးခဲ့ပါက သေဆုံးသွားကြမည့် သူများသာ ဖြစ်၏။ ထို့ကြောင့် ဇာတ်ကောင်းစာရင်းကိုသုံးပြီး သူတို့၏အချက်အလက်များကို မမြင်နိုင်သည်မှာ သဘာဝကျပေသည်။
"ဂရက်။ ဂရက်။ ဂရက်"
တစ်ဖက်မှ လာနေသော ကင်နမ်ဝန်နှင့် မိစ္ဆာလူသားများသည် အဓိပ္ပါယ်မရှိသော စကားများဖြင့် ကျနော့်ကိုအော်နေကြ၏။ တခြားတဖက်တွင်တော့ ဟန်မြုံအိုသည် တံတား၏ တစ်ဝက်ကျော်ကျော်ကို ရောက်နေလေပြီ။ လီဟန်းဆောင်နှင့် လီဂီယောင်တို့က တံတား၏အလွန် လုံခြုံရာနေရာသို့ ရောက်နေပြီဖြစ်၍ သူတို့ဆီကနေ အကူအညီတောင်းလို့မရနိုင်ချေ။
အကယ်ပင် အကြပ်တွေ့နေချေပြီ။ ကျနော်တစ်ယောက်ထဲ တံတားကို ဖြတ်၍မရပေ။ အသဲအသန် ကျနော်စဉ်းစားနေမိ၏။
မိစ္ဆာလူသားတစ်ကောင်ကိုဖမ်းပြီး တံတားဖြတ်ကြည့်ရမလား။
ကြိုးစားကြည့်သင့်သော်လည်း အောင်မြင်နိုင်ခြေက အလွန်နည်းလွန်းသည်။ မိစ္ဆာလူသားဟု အမည်သာတွင်သော်လည်း မိစ္ဆာလူသားတွေသည် လူမဟုတ်သော အမျိုးအစားသာဖြစ်သောကြောင့် လူတစ်ယောက်အဖြစ် ရေတွက်၍ မရနိုင်လောက်ပေ။
"ဂွပ်"
မိစ္ဆာလူသား တချို့ ဟန်ချက်ပျက်ပြီး တံတားအောက်ကိုကျသွား၏။ ကျသွားသော မိစ္ဆာလူသားများသည် အီသီယိုဆော၏ အစာဖြစ်သွားလေသည်။ အသားစား ပီလွားနားငါးကဲ့သို့ပင် အီသီယိုဆောသည် မိစ္ဆာလူသားများကို တစ်ခဏအတွင်း အပိုင်းပိုင်းဖြစ်သွားအောင် လုပ်ပစ်လိုက်၏။ မေ့လျော့နေမိသည့် ကြောက်ရွံ ့စိတ်က ကျနော့်ထံ ပြန်ပြီး ဝင်ရောက်လာသည်။
တံတားပေါ်က လူအရေအတွက်က 'မဂဏန်း' ဖြစ်သွားလျှင် ကျနော်လည်း သူတို့လိုဖြစ်သွားလိမ့်မည်။ တစ်ယောက်တည်း ဖြတ်ဖို့က မဖြစ်နိုင်ပေ။ ဒါဆိုလျှင်တော့…
"ဖြည်းဖြည်းချင်းသွားမယ်"
ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ကြိုးစားရင်း ပြောလိုက်၏။ ယခုအချိန်တွင် အေးဆေး တည်ငြိမ်ဖို့ လိုသည်။ အသုံးဝင်နိုင်မည့်နည်းလမ်းတချို့တော့ ရှိသေးသော်လည်း အရေးအကြီးဆုံးက ရှေ့၌ရှိနေသောကိစ္စကို ကိုင်တွယ်နိုင်ဖို့ပင်။ အသက်ကို ရှူသွင်း ရှူထုတ်လုပ်ပြီး မိစ္ဆာလူသားတွေဆီ ကနော်သွားလိုက်၏။
"ကွီးးးး"
ကံကောင်းသည်မှာ အလေးချိန်ကိုအသုံးချပြီး မိစ္ဆာလူသားတို့အား တံတားအောက် ပြုတ်ကျသွားအောင် လုပ်ရန် မခက်ခြင်းပေ။ မိစ္ဆာလူသားတို့၏ အရေအတွက်ကို ဖြည်းဖြည်းချင်း လျှော့ချသွားရပေမည်။ လေထဲတွင် ပေါ်နေသော ဒိုကဲဘီ၏နာရီက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏။ ဇာတ်ဝင်ခန်းပြီးဆုံးရန် အချိန် ၁၅မိနစ်သာ ကျန်တော့သည်။
"ဟူး..."
မျက်ကွယ်နေရာကနေ လက်သည်းတွေပျံထွက်လာပြီး ကျနော့်ပုခုံးရိုးကို ဖောက်ထွက်သွား၏။ မည်သို့ပင် စိတ်ကိုအေးအေးထားပြီး မည်မျှပင် အချက်အလက်တွေကို သိထားပါစေ ခန္ဓာကိုယ်ကို မလေ့ကျင့်ထားပါက ဘာမှမတတ်နိုင်ချေ။
"ကူဝူး"
ရိုင်းစိုင်းသော ကင်နမ်ဝန်၏တိုက်ခိုက်မှုတွေက ပို၍မြန်လာနေသည်။
ဘယ်ဘက်ပခုံး။
ညာဘက်ပေါင်။
ခေါင်းထိပ်။
တိုက်ခိုက်မှုကို ပျက်သွားအောင်လုပ်ရန်လို၏။ ပျံဝဲလာသော လက်သည်းတွေအား အကြီးအကျယ်ရှောင်ပြီး ကင်နမ်ဝန်၏ခြေထောက်ကို ကန်ထည့်လိုက်သည်။
"ဂယား"
ဤကောင်သည် အာရုံခံစားမှုအားလုံးပျောက်ဆုံးနေကာ လုံးဝမနာပေ။ နောက်သို့ကျနော်ဆုတ်မိချိန်တွင် ကျိုးပျက်နေသည့် သံမဏိဘောင်တစ်ခုနှင့် တိုက်မိ၏။ တိုင်တွေအောက်ခြေကနေ အီသီယိုဆော၏ ဒေါသတကြီး အော်သံကို ကျနော် ကြားနေရသည်။
[နက္ခတ်တချို့က သင်ဒုက္ခရောက်နေသည်ကို ဝမ်းမြောက်နေပါသည်။]
[နက္ခတ်တွေက သင့်အား ဒင်္ဂါး ၂၀၀ ထောက်ပံ့လိုက်သည်။]
ဒင်္ဂါးတွေကို တဖြည်းဖြည်း စုမိနေလေပြီ။ ယခုဆိုလျှင် ကျနော့်ထံ၌ ဒင်္ဂါး ၅၀၀၀ ရှိနေပြီဖြစ်၏။ အစောပိုင်းကာလ၌ ဒင်္ဂါး၅၀၀၀ပိုင်ဆိုင်ထားခြင်းမှာ အတော်လေးများသော ပမာဏပင်။
[ဝိုး။ မင်းက အသက်ရှင်အောင် ကြိုးစားတဲ့နေရာမှာ တော်သားပဲ။ ကဲ…ကဲ။ ဒီသနားစရာမိတ်ဆွေလေးကို ကူညီချင်တဲ့ နက္ခတ်တစ်ပါးလောက် မရှိကြဘူးလား]
ဒိုကဲဘီ၏လေသံသည် ကုန်သည်တစ်ယောက်၏ လေသံကဲ့သို့ ထွက်ပေါ်လာ၏။
ဒိုကဲဘီဆိုသည့်အကောင်ကို ကျနော် ဆွဲစုတ်ပစ်လိုက်ချင်သည်။
[လခွီး။ ကူညီပေးချင်တဲ့သူ တကယ်ကို ဘယ်သူမှမရှိကြဘူးလား]
ဟုတ်ပေသည်။ ထောက်ပံ့သူရွေးချယ်မှုအတွင်းက ဖြစ်ရပ်ကြောင့် ကျနော့်ကို ကူညီပေးမည့် ထောက်ပံ့ပေးသူမရှိခြင်းမှာ မဆန်းလှပေ။ ကူညီသူပေါ်လာမှသာ ဆန်းနေပေလိမ့်မည်။
[ငါဘာပြောခဲ့လဲ။ အခွင့်အရေးရတုန်း ကောင်းကောင်းရွေးချယ်ခဲ့သင့်တာကွ။ အတော်ကိုစိတ်ပျက်စရာပဲ]
ကင်နမ်ဝန်က ကျနော့်ကို ထပ်ခါထပ်ခါတိုက်ခိုက်လာသဖြင့် ကျနော့်ခါးမှာ ဒဏ်ရာတွေရလာသော်လည်း စစ်တပ်သုံးခေါက်ဓါးဖြင့် ကင်နမ်ဝန်၏ ဘယ်ဘက်ကိုထိုးခွဲလိုက်၏။ ထိုသို့ထိုးခွဲလိုက်သဖြင့် ကင်နမ်ဝန်၏ဗိုက်ကနေ အူများ ကြိုးခွေတွေကဲ့သို့ ထွက်ကျလာသည်။ မိစ္ဆာလူသားတစ်ယောက်ကိုသတ်ဖို့ဆိုလျှင် အဆိုပါ မိစ္ဆာလူသား၏နှလုံးကို လုံးဝဖျက်ဆီးပစ်ဖို့ လိုသော်လည်း မိစ္ဆာလူသား၏ အရေပြားက နှလုံးနားမှာ အမာဆုံးဖြစ်၏။ စစ်တပ်သုံးခေါက်ဓါး၏ ချွန်ထက်မှု တစ်ခုထဲဖြင့် အရေပြားကို မဖောက်နိုင်ပေ။
ချီးပဲ။ ငါ့မှာသာ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုလောက်ရှိနေမယ်ဆိုရင် ဒီလောက်အခက်တွေ့နေမှာမဟုတ်ဘူး။
[သီးသန့်စွမ်းရည် 'စာမှတ်' ကို အသက်သွင်းလိုက်ပါပြီ။]
...စာမှတ်ဟုတ်လား။
['ဇာတ်ကောင် စာမှတ်'များကို အသက်သွင်းလိုက်ပါပြီ။]
[သုံးစွဲနိုင်သော စာမှတ်ကတ်ပြားများ : ၃ ခု]
[သုံးစွဲနိုင်သော စာမှတ်များစာရင်အား ဖော်ပြပါသည်။]
[စာမှတ်ကတ်ပြားများတွင် ပါဝင်သူများ]
၁။ ထင်ယောင်ထင်မှားမိစ္ဆာ ကင်နမ်ဝန် (နားလည်မှု ၂၅)
၂။ သံမဏိဓါး လီဟန်းဆောင် (နားလည်မှု ၃၅)
၃။ လွတ်နေသော ကတ်ပြား
စာမှတ်။ Ways of Survival၏အခန်း ၃၀၀၀ ကျော်ကို ဖတ်ခဲ့ဖူးသော်လည်း ဤစွမ်းရည်နာမည်ကိုမတွေ့ဖူးပေ။ သို့သော် မည်သို့သုံးရမည်ကို ကျနော် အလိုလိုသိလာ၏။
"စာမှတ် နံပါတ် ၁ ကို အသက်သွင်းပါ"
ကျနော့်ခေါင်းထဲ၌ စာမျက်နှာလှန်သံများကို ခံစားမိလိုက်သည်။
ဒါက Ways of Survival ထဲက ကင်နမ်ဝန် ရဲ့အခန်းတွေပဲ။
" ဟားဟား၊ ဘာလဲဟ။ ငါက ပိုအားကောင်းလာတာလား"
" အား...သေစမ်း။ သေပေတော့”
"ကမ္ဘာသစ်မှာ ဥပဒေသစ်တွေလိုအပ်တယ်"
ကင်နမ်ဝန်၏မှတ်ဉာဏ်များက ဝင်ရောက်လာပြီး ကျနော်၏ ကြွက်သားအာရုံကြော အားလုံး တောင့်တင်းလာ၏။ တခြားလူတစ်ယောက်၏ အစွမ်းက ကျနော့်ကိုယ်ထဲ၌ မြင့်တက်လာပေပြီ။
[စာမှတ် နံပါတ် ၁ ကိုအသက်သွင်းလိုက်ပါပြီ။]
[စာမှတ်စွမ်းရည်အဆင့်နိမ့်သောကြောင့် အသက်ဝင်ချိန်တိုသွားပါသည်။]
[အသက်ဝင်ချိန် : တစ်မိနစ်]
တစ်မိနစ်။ ဒီလောက်ဆိုရင် လုံလောက်ပါတယ်။
[ဇာတ်ကောင်အား နားလည်မှုနည်းသောကြောင့် ဇာတ်ကောင်၏ စွမ်းရည်တချို့သာလျှင် အသက်သွင်းလို့ရပါသည်။]
[မဲညစ်မှု အဆင့် ၁ကိုအသက်သွင်းလိုက်ပါပြီ။]
ကင်နမ်ဝန်က ကြမ်းတမ်းစွာ အသက်ရှူရင်း ကျနော့်ဆီပြေးလာ၏။ သူ့ခန္ဓာကိုယ်၌ ကျနော့်ကိုခြိမ်းခြောက်နေသည့် မဟူရာစွမ်းအင်တွေဖုံးလွှမ်းနေသည်။ ကျနော့် ခြေဖနှောင့်ကို အားပြင်းပြင်းထည့်ပြီး ကင်နမ်ဝန်ဆီ ပြေးဝင်လိုက်၏။ စွမ်းရည်ခြင်း တူပါက ကျနော်ရှုံးမည်မဟုတ်ပေ။
ထိုအခိုက်အတန့်၌ ကျနော်သည် ကင်နမ်ဝန်တကယ်ဖြစ်သွားခဲ့၏။ ကင်နမ်ဝန်ဆိုသည်မှာ Ways of Survival ကမ္ဘာကို ဇာတ်လိုက်နှင့် အတူအုပ်စိုးခဲ့သည့် အရူးလူသတ်သမားဖြစ်၏။ မဲညစ်မှုစွမ်းရည်ကိုသေချာသုံးထားသည်မလို့ ထင်ယောင်ထင်မှားမိစ္ဆာကို အနိုင်ရဖို့တော့ မလွယ်လှပေ။
"ကျား"
စစ်တပ်သုံးခေါက်ဓါးက မသက်မသာဖြစ်နေသည့် ခံစားချက်ကို ပျက်ပြယ်သွားအောင် လုပ်ပေးလိုက်၏။ ဓါးသည် ကြွက်သားနှင့် အသားတွေကိုဖြတ်ဝင်သွားပြီး ဘယ်ဘက်လက်မောင်းအထက်ကနေ နှလုံးဆီသို့ ဦးတည်နေပေပြီ။ လူ့ခန္ဓာကိုယ်တစ်ခုလုံး ခုတ်ဖြတ်ခံရသကဲ့သို့ အသံထွက်ပေါ်လာပြီးနောက် ကင်နမ်ဝန် ယိုင်ကျသွား၏။ ကင်နမ်ဝန်၌ မျက်လုံးတွေသာ ရှိနေပါက ကျနော့်ကို စိုက်ကြည့်နေမှာ သေချာသည်။
"ကီး... သတ်... အိုး... သေ..."
ကမ္ဘာကြီးကိုစိတ်ပျက်ပြီး ဤကမ္ဘာကနေ လွတ်မြောက်ဖို့အိပ်မက်မက်ခဲ့သော လူငယ်လေး။ Ways of Survivalဇာတ်လမ်းသာ မစခဲ့လျှင် ဤလူငယ်သည် CSATစာမေးပွဲကိုဖြေပြီး တက္ကသိုလ်တက်ကာ ကျောင်းသားဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေရလောက်ပေမည်။
"...မ...သေ...ချင်..."
တံတားအောက်သို့ ကင်နမ်ဝန် ကျသွားတာကို နှုတ်ဆက်စကားမပြောပဲ ကြည့်နေမိ၏။ မုန်းတီးစရာဇာတ်ကောင်ဖြစ်ထေူးဆန်းသည့် စိတ်ခံစားချက်တွေ မပေါ်အောင်တော့ မထိန်းနိုင်ခဲ့ပေ။
[ဇာတ်ကောင် 'ကင်နမ်ဝန်' အပေါ် သင်၏နားလည်မှု တိုးတက်လာပါသည်။]
[စာမှတ် နံပါတ် ၁ ကို ပိတ်လိုက်ပါပြီ။]
အားတွေပြန်လျော့သွားချိန်မှာ ပင်ပန်းမှုတွေဝင်လာ၏။ အမှန်ပင် ခက်ခဲခဲ့သည်ပင်။
"ကူဝူး"
အချိန် ၁၀ မိနစ် ကျန်သေးပြီး မိစ္ဆာလူသားတွေလည်း အများအပြား ကျန်နေသေး၏။ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၀ရှိနေမေဟုတ်။ အနည်းငယ်နောက်ကျနေပြီဆိုသော်လည်း ယခုလောက်ဆိုလျှင် သူပေါ်လာသင့်ပြီ။
ဂျွတ် ဂျွတ်
စောင့်နေသကဲ့သို့ အသံတစ်သံထွက်လာသည်။ ကျနော်သိ၏။ ထိုလူသည် အောင်မြင်မှုကိုရော၊ လှူဒါန်းမှုတွေကိုပါ ရဖို့ဆိုလျှင် မည်သို့သော လုပ်ရပ်ကိုမဆို လုပ်ပေလိမ့်မည်။
ဂျွတ် ဂျွတ် ခလွပ်
လူတစ်ယောက်၏အသားနှင့် တခြားတစ်ယောက်၏ခန္ဓာကိုယ် တိုက်မိသကဲ့သို့ အသံဖြစ်သည်မှာသေချာသော်လည်း အသားကိုကြိတ်ခြေနေသည့် အသံဖြင့်သာ ပိုတူလေသည်။ တကယ်တန်းတော့ များပြားသည့် ဒင်္ဂါးများကိုစုထားပြီး ဇာတ်လိုက်ကိုစိန်ခေါ်သည်မှာ ထိုက်တန်သည်ဟု ထင်ခဲ့မိ၏။ ယခုအချိန်တွင်တော့ ဤအတွေးမှာ မည်မျှမှားမှန်း သိလာရချေပြီ။ ရပ်နေသောရထားကနေ တင့်ကားတစ်စီးဖြတ်တိုက်သလို မိစ္ဆာလူသားတွေ တသီကြီး လွင့်စင်သွားသည်။
ဒီမြင်ကွင်းက တကယ်ကို လူသားတစ်ယောက်ကြောင့် ပေါ်လာတဲ့ မြင်ကွင်း ဟုတ်ရဲ့လားဟ။
"ကလွက်"
ခေါင်းမရှိသော မိစ္ဆာလူသားတွေသည် တစ်ခုခုထူးဆန်းနေပြီကို သိလိုက်ကြပြီး လှည့်ကြည့်ကြသည်။ သို့သော် အရမ်းနောက်ကျသွားချေပြီ။ ကျနော့်ကို ခြိမ်းခြောက်နေခဲ့သည့် မိစ္ဆာလူသားတွေ အားလုံးကို ဖျက်ဆီးပြီး ကျနော့်ရှေ့တွင် ထိုလူ ပေါ်လာသည်။ လက်နက်မပါပဲ လွှမ်းမိုးနိုင်သော စွမ်းအား။ လက်သီးနှစ်လုံးဖြင့် မိစ္ဆာလူသားများအား ထိုလူရိုက်သတ်လိုက်၏။
စိတ်ကို ကြိုတင်ပြင်ထားသော်လည်း ကျောတလျောက် ချွေးတွေ စီးကျလာသည်။
ဒီကောင်ကိုရင်ဆိုင်မယ်တဲ့လား။ လုံးဝမဖြစ်နိုင်ဘူးလေ။ အခုထက် နှစ်ဆပိုအားကောင်းရင်တောင် နိုင်မှာမဟုတ်ဘူး။
"ဟေ့ကောင်။ မင်းက ဘယ်သူလဲ"
လူတစ်ယောက်၏ အေးစက်သောအကြည့်က ကျွန်တော့်ဆီ ကျဆင်းလာ၏။ ကြောက်ရွံ့မှုကိုကျော်လွှားနိုင်ရန်အတွက် ဇာတ်ကောင်စာရင်းကို ကျနော်ဖွင့်လိုက်သည်။
[သီးသန့်စွမ်းရည်ဖြစ်သည့် ဇာတ်ကောင်စာရင်း ကို အသက်သွင်းလိုက်ပါပြီ။]
[ဤလူနှင့်ပတ်သက်သောအချက်အလက်တွေမှာ များလွန်းသဖြင့် ဇာတ်ကောင်စာရင်းကို ဇာတ်ကောင်၏အကျဉ်းချုပ်အဖြစ်ပြောင်းလိုက်ပါသည်။]
[ဇာတ်ကောင်၏ အကျဉ်းချုပ်]
အမည် : ယူဂျွန်ဟော့
သီးသန့်ဝိသေသ လက္ခဏာ: နောက်ပြန်ဆုတ်ခြင်း (သုံးကြမ်မြောက်) (ဒဏ္ဏာရီလာ)၊ ပရိုဖက်ရှယ်နယ် ဂိမ်းမာကြီး (ရှားပါး)
သီးသန့်စွမ်းရည် : တန်ခိုးရှင်၏မျက်လုံး အဆင့် ၈၊ လက်ဗလာတိုက်ခိုက်ရေး အဆင့် ၈၊ လက်နက်လေ့ကျင့်ရေး အဆင့် ၈၊
စိတ်အကာအရံ အဆင့် ၅၊ လူစုလူဝေးထိန်းချုပ်နိုင်စွမ်း အဆင့် ၅၊
ချင့်ချိန်နိုင်စွမ်း အဆင့် ၅၊
မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၄
သီးသန့်စွမ်းရည်စာရင်းက အဆုံးမရှိသလောက် ရှည်လျားနေပေသည်။ စာရင်းအဆုံးသို့မရောက်ခင်မှာပဲ ကြမ်းတမ်းသည့်လက်တစ်စုံက ကျနော့်လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
"မင်း ဘယ်လိုဖြစ်ပြီး အသက်ရှင်နေတာလဲ"
ပျက်စီးနေတဲ့ကမ္ဘာမှာ အသက်ရှင်သန်နိုင်ဖို့ 'ပထမနည်းလမ်း'ကို မှန်ကန်ကြောင်း သက်သေပြခဲ့သူက ကျနော့်ရှေ့မှာရှိနေသော နောက်ပြန်ဆုတ်သူ ယူဂျွန်ဟော့ပင်။ ဤကမ္ဘာ၏ကြီးမားသည့်အဖြစ်ဆိုးကြီးက ဤလူကနေ စတင်ခဲ့ခြင်း ဖြစ်၏။