← Chapters

ဇာတ်လိုက် (၅)

Vol. 1 Ch. 11

ဇာတ်လိုက် (၅)

Vol. 1 Ch. 11

တခြားသူတစ်ယောက်မြင်မိပါက ရယ်စရာကောင်းသော အခြေအနေဖြစ်နေမှာ သေချာသည်။ လူကြီးတစ်ယောက်က လည်ပင်းကနေ ဆွဲမထားခြင်းကို ခံနေရသော မျောက်ကလေးတစ်ကောင်ကဲ့သို့ ကျနော့်အဖြစ်က ဖြစ်နေ၏။ တံတား၏အလွန်မှာရှိသော ဟီဟန်းဆောင်က ကျနော်တို့ရှိရာဘက်ကို လှည့်ကြည့်နေလေသည်။ လီဟန်းဆောင်၏ မျက်နှာတွင် စိုးရိမ်သည့် အမူအရာများဖြင့် ပြည့်နေသော်လည်း ဤနေရာ၌ ဘာတွေဖြစ်ပျက်နေသည်ကိုတော့ မမြင်နိုင်ပေ။ ကျနော့်နေရာကနေ သူတို့ရှိရာကိုမြင်နိုင်နေသော်လည်း သူတို့ကတော့ ကျနော်ရှိရာကို မမြင်နိုင်ခြင်း ဖြစ်၏။

"နာမည်" ယူဂျွန်ဟော့က မေးသည်။

"ဘာဖြစ်တယ်"

"နာမည်ပြောစမ်း"

သူ၏အေးစက်စက်ပြောသည့်ပုံစံက ဇာတ်လိုက်တစ်ယောက်နှင့် အမှန်ပင် တူ၏။ သို့သော် ဤနေရာတွင် သူစိတ်ဆိုးအောင် လုပ်၍ မဖြစ်ပေ။

"ကင်ဒေါ့ဂျာ"

"ထူးဆန်းတဲ့နာမည်ပဲ"

"နာမည်ကိုကြားသူတိုင်း အဲ့လိုပဲ ပြောကြပါတယ်"

ထိုအချိန်မှာပဲ ယူဂျွန်ဟော့၏လက်သီးကကျွန်တော့်ဗိုက်ပေါ် ကျရောက်လာသဖြင့် အူတွေပြောင်းပြန်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

"…အ"

ဓားဖြင့်ပင် မဖောက်ထွင်းနိုင်သော အရေပြားရှိသော်လည်း ဤလက်သီးချက်က အတော်ကိုနာကျင်စေသည်။

"မင်းခန္ဓာကိုယ်က မာကြောသားပဲ။ ဒင်္ဂါးတွေကို မင်းက သုံးတတ်နေပြီလား"

"မင်းလိုပါပဲ"

အွတ်။

ဗိုက်ကိုနောက်တစ်ခါထပ်ထိုး၏။ ညည်းသံလောက်ပဲ ထွက်အောင် အားတင်းကာ တောင့်ခံလိုက်သည်။ ဤကောင်၏အားက အနည်းဆုံး ၁၅လောက် ရှိနေမှာ သေချာ၏။ အဓိကဇာတ်ဝင်ခန်းတစ်ခုနှင့် ဇာတ်ဝင်ခန်းအသေးတစ်ခုပဲဖြစ်ပျက်ခဲ့သေးတာတောင် သူသည် ဤမျှလောက် အဆင့်ရှိနေပေပြီ။ မကောင်းဆိုးဝါးဆန်ဆန်မွေးလာသည့် ကောင်တွေက တကယ်ကို တမူထူးခြားလွန်းသည်ပင်။

"မလိုအပ်တဲ့အဖြေတွေလာမပေးနဲ့။ အခုကစပြီး မေးတာကိုပဲဖြေ။ နားလည်လား"

ကျနော်ပြန်မပြောပေ။ ဤသို့ဖြစ်လာနိုင်လောက်မှန်း ကျနော်တွေးထားခဲ့ပြီး ဖြစ်၏။ သို့သော် ယခုအခြေအနေက ကျနော်မဖြစ်စေချင်သည့် အဆိုးဆုံးအခြေအနေပင်။ အစပိုင်းကတည်းက ယူဂျွန်ဟော့သည် အခြားသူတွေထက် ပို၍ကြောက်ဖို့ကောင်း၏။ သုံးကြိမ်နောက်ပြန်ဆုတ်ပြီးသည့်နောက် သူ၏နဂိုစရိုက်မှာ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့်ဆိုရလျှင် အသိစိတ်ရှိနေဖို့အတွက် သူ၏နဂိုစရိုက်များကို ဖယ်ရှားပစ်လိုက်ရသလိုပင်။ လက်ရှိယူဂျွန်ဟော့ကတော့ သူ၏ရည်မှန်းချက် ပြည့်ဝမည်ဆိုပါက ဘာမဆိုလုပ်မည့်လူစားမျိုးသာ။

"နားလည်လား မေးနေတယ်လေ"

"နားလည်တယ် "

"ရိုရိုသေသေပြောစမ်း"

"မပြောချင်ဘူးဆိုရင်ရောကွာ"

ဤတစ်ကြိမ်တွင်တော့ လက်နှစ်ဖက်ကိုသုံးပြီး လက်သီးကိုကာလိုက်သည်။ အရိုးတွေကျိုးသွားသကဲ့သို့နာကျင်မှုကိုခံစားလိုက်ရသော်လည်း လက်သီး ဒဏ်ကတော့ သက်သာသွား၏။ ယူဂျွန်ဟော့၏မျက်လုံးတွေက အံ့အားသင့်သွားသကဲ့သို့ ကျယ်လာသည်။

[ဇာတ်ကောင် 'ယူဂျွန်ဟော့'သည် သင့်အား သတိထားနေပါသည်။]

ဇာတ်ကောင်ဖြစ်သည်ဆိုတိုင်း ကျနော့်အား သဲအိတ်ကဲ့သို့ ထိုးချင်တိုင်း ထိုးခွင့် မပေးနိုင်ပေ။

"စိတ်တော့မရှိနဲ့။ မင်းက ငါ့ထက်ငယ်တယ်ကွ။ ပရိုဖက်ရှင်နယ် ဂိမ်မာကြီး ယူဂျွန်ဟော့။ ဒါကြောင့် ရိုရိုသေသေပြောသင့်တာက မင်းပဲ"

"ငါ့ကို မင်းက သိနေတာလား"

"သိတာပေါ့။ ငါက ဂိမ်းကုမ္ပဏီက ဝန်ထမ်းပဲလေ"

လိမ်လိုက်ခြင်းသာ။ ကျနော်ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်နေလျှင်တောင် ပရိုဖက်ရှင်နယ် ဂိမ်းမာအားလုံး၏ နာမည်ကို မှတ်မိဖို့က မဖြစ်နိုင်ပေ။ ထို့အပြင် သိပ်မကြာသေးခင် အချိန်အထိ 'ယူဂုျွန်ဟော့'ဆိုသော နာမည်ကို ဝတ္ထုထဲက ဇာတ်ကောင်တစ်ကောင်၏ နာမည်သာ ဖြစ်ခဲ့၏။

"မင်းက နာမည်ကြီးတယ်လေ။ တစ်ချိန်တုန်းကဆိုရင် ငါက မင်းရဲ့ပရိတ်သတ်တောင် ဖြစ်ခဲ့သေးတယ်"

နာမည်ကြီးသည်ဆိုသည်က ဇာတ်လမ်းထွင်ကာ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် 'ပရိတ်သတ်'ဆိုသည်ကတော့ မှန်၏။ ယူဂျွန်ဟော့ကို ကြိုက်လည်းကြိုက်သလို မုန်းလည်းမုန်းခဲ့သည့်အပြင် မကျေနပ်ပါဖြစ်ခဲ့ပြီး အားပါ ပေးခဲ့သောကြောင့် အခန်း ၃၀၀၀ ကျော်ရှိသော ဇာတ်လမ်းကို ကျနော်ဆက်ဖတ်မိခဲ့ခြင်းဖြစ်၏။

"ပရိတ်သတ်ဟုတ်လား။ အဲ့ဒီစကားကို မကြားရတာတောင် ကြာပြီ" ယူဂျွန်ဟော့၏မျက်လုံးတွေ အတိတ်က အမှတ်တရတွေကို ပြန်စဉ်းစားနေသည့်အလား ငေးငိုင်သွားသည်။ သို့သော် ထိုသို့ငေးငိုင်သွားသည်မှာ တစ်ခဏသာ ကြာခဲ့၏။

"မလေးမစားလုပ်တာကို ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်။ ဒါပေမဲ့ မင်းကို ဆက်ဆံပုံကတော့ ပြောင်းမှာမဟုတ်ဘူး "

"ငါသဘောပေါက်ပါတယ်"

လေထဲရောက်နေသော ကျနော့်ခြေထောက်နှစ်ချောင်းကို ငုံ့ကြည့်လိုက်၏။

ယူဂျွန်ဟော့က ပြောသည်။

"မင်းကိုမေးချင်တာတစ်ခုပဲရှိတယ်"

"မေး"

“မြေအောက်ရထားထဲကနေ မင်းဘယ်လိုအသက်ရှင်ခဲ့တာလဲ”

ဤသို့မေးမည်ဟု ကျနော်မျှော်လင့်ထားပြီးဖြစ်၏။

"မင်းမေးတာကို ငါပြန်ဖြေရင် ငါ့ကိုလွှတ်ပေးမှာလား"

"ကြည့်ကြည့်မယ်လေ"

ဤကောင် လိမ်ခြင်းသာ။ သူ့မျက်နှာကို ကြည့်ရုံဖြင့် ကျနော်သိ၏။ ကျနော်က Ways of Survivalဇာတ်လမ်း၏ တစ်ဦးတည်းသော စာဖတ်သူပင်။ ဖြစ်နိုင်ချေရှိသည့် ဇာတ်လမ်းများကို ကျနော့်ခေါင်းထဲ၌ စဉ်းစားလိုက်၏။ ဤနောက်ပြန်ဆုတ်သည့် အကောင်ကျေနပ်အောင် ကျနော် မည်သို့ပြန်ဖြေရမည်နည်း။

[ဇာတ်ကောင် 'ယူဂျွန်ဟော့'အပေါ် သင်၏နားလည်မှုတိုးလာနေပါသည်။]

[ဤဇာတ်ကောင်အပေါ် သင်၏နားလည်မှုက အရမ်းမြင့်နေပါပြီ။]

…ဟမ်

[သီးသန့်စွမ်းရည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' အဆင့် ၂ကို အသုံးပြုရန်လိုအပ်ချက်များ ပြည့်မီသွားပါပြီ။]

[သီးသန့်စွမ်းရည်ကိုအသက်သွင်းလိုပါသလား။]

သိပ်မကြာခင်တွင် ကျနော့်ခေါင်းထဲ၌ ရေတံခွန်တစ်ခုစီးကျလာသလို တစ်စုံတစ်ယောက်၏ အတွေးများအား ဖတ်နိုင်စွမ်းရှိသွားသည်။

「 အဲဒီရထားတွဲထဲမှာ လီဟန်းဆောင်နဲ့ ကင်နမ်ဝန်ပဲ အသက်ရှင်ခဲ့သင့်တာလေ 」

「 ဒါပေမဲ့ ကင်နမ်ဝန်က သေသွားပြီး တခြားသူတွေက အသက်ရှင်နေတယ် 」

「 မင်းဘယ်လိုအသက်ရှင်ခဲ့တာလဲ 」

「 ဒီကောင်ကဘယ်သူလဲ 」

「 လိုအပ်တဲ့ အချက်အလက်တွေရှာပြီးလို့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ့တာနဲ့ ဒီကောင့်ကိုသတ်ပစ်မယ် 」

အတော်ကိုများပြားသည့် အတွေးတွေပင်။ ကျနော့်အခြေအနေက သေရေးရှင်ရေး အခြေအနေဖြစ်နေသည်ဆိုသော်လည်း ကျနော်၏နှုတ်ခမ်းများ ပြုံးမိသွားသည်အား မတားနိုင်ခဲ့။ ဇာတ်ဝင်ခန်းပြီးဆုံးရန် ကျန်သည့်အချိန်က ၅ မိနစ်ပဲရှိတော့သည်။

ဖြစ်ပျက်ခဲ့သည်များကို ကျနော်စပြီးပြောလိုက်၏။ တိုတိုတုတ်တုတ်နှင့် တိကျသောစကားလုံးတွေသုံးပြီး ပြောနေခြင်းသာ။ 'ဒိုကဲဘီ' ရထားတွဲထဲ၌ ပေါ်လာသည့် ပထမဆုံးအချိန်ကနေစပြီး ပထမဇာတ်ဝင်ခန်းဆုံးသွားသည်အထိ ပြောပြနေခြင်းဖြစ်သည်။ သို့သော် ကျနော်ရခဲ့သည့် စွမ်းရည်များနှင့် အရေးကြီးသော ကိစ္စများကိုတော့ ထည့်မပြောပြခဲ့ချေ။

"မင်းတို့တွေက ပိုးကောင်တွေကိုသတ်ပြီး ဇာတ်ဝင်ခန်းပြီးအောင်လုပ်ခဲ့တာလား"

"ငါတို့တွေ ကံကောင်းခဲ့ရုံပါ"

ယဂျွန်ဟော့ အံ့အားသင့်သွားသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

「 အနာဂတ်က လုံးဝကိုပြောင်းလဲသွားပြီပဲ」

သူတုန်လှုတ်နေလေပြီ။ မူလဇာတ်လမ်းအရဆိုလျှင် ရထားတွဲနံပါတ်၃၈၀၇ထဲရှိ လူတွေသည် Battle Royaleဂိမ်းထဲကကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ကြသည်မလို့ လီဟန်းဆောင်နှင့် ကင်နမ်ဝန်သာ ကျန်ရှိရမည်ဖြစ်၏။

"မင်းအကြည့်တွေက ထက်မြက်တယ်။ ရထားထဲမှာ ပိုးကောင်တွေရှိနေတာကို မင်းဘယ်လိုသိခဲ့တာလဲ"

ယူဂျွန်ဟာ၏ အတွေးတွေ ကျနော့်ခေါင်းထဲဝင်လာသည်နှင့်တပြိုင်ထဲမှာတင် သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နေသော သူ့မျက်လုံးများက ကျနော့်ကို စိုက်ကြည့်လာသည်။

「 ဒီကောင်ကလည်း နောက်ပြန်ဆုတ်နိုင်တဲ့လူလား」

「 အဲ့လိုသာဆိုရင်တော့ အခုသတ်ပစ်မှဖြစ်မယ်」

အပြစ်လုပ်ဖူးသူတိုင်းသည် တခြားလူတွေကိုလည်း မိမိကဲ့သို့ပင် အပြစ်ရှိသောသူများဟု သတ်မှတ်တတ်ကြ၏။ ကျနော့်အပေါ် သူနားလည်မှုလွဲသွားခြင်းအား ကျနော်နားလည်ပေး၍ ရပေသည်။ ကျနော်ခပ်မြန်မြန်ပဲ ပြန်ပြော၏။

"ပေါက်ကွဲမှုတစ်ခုကြောင့်ပါ"

"ပေါက်ကွဲမှုဟုတ်လား"

"ရထားရှေ့ကနေပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ပိုးကောင်တွေကို ရှာတွေ့ခဲ့တာပါ"

ဤစကားများကိုကြားလိုက်ရသည်နှင့် ယူဂျွန်ဟော့တစ်ယောက် မှင်သက်သွားသည်။

"ပိုပြီးရိုးရိုးရှင်းရှင်းနဲ့ ရှင်းပြစမ်း"

"ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ကလေးတစ်ယောက်လဲသွားပြီး သူ့ရဲ့ ပိုးကောင်ဖမ်းပိုက်ကွန်က လွတ်ကျသွားခဲ့တယ်လေ။ အဲ့ဒီပိုက်ကွန်ကို ကံကောင်းပြီး ငါကောက်မိခဲ့တာပါ "

"အတော်ကိုမယုံနိုင်စရာကောင်းတဲ့ တိုက်ဆိုင်မှုပဲ "

"တိုက်ဆိုင်မှုတိုင်းက မယုံနိုင်စရာကောင်းတာကြီးပဲ။ ငါပြောတာကိုမယုံရင် ဒီတံတားအလွန်ကလူတွေကို မေးကြည့်လိုက်။ တံတားအလွန်မှာ ရပ်နေတဲ့ ကောင်လေးက ပိုးကောင်ဖမ်းပိုက်ကွန်လွတ်ကျခဲ့တဲ့ကောင်လေးပဲ "

အုဆူးဘူတာကိုသွားသောလမ်းမှာရှိသည့် ဘေးကင်းလုံခြုံရာအကာအရံအပြင်ဘက်က လူတွေ ကျနော်တို့ဘက်ကိုကြည့်နေကြသည်။ ဇာတ်ဝင်ခန်းမပြီးသေးတာကြောင့် သူတို့တွေ ကျနော်တို့ဆီလာလည်းမလာနိုင်ကြသလို စကားလည်း လှမ်းမပြောနိုင်ပေ။ ယူဂျွန်ဟော့က လှမ်းကြည့်လိုက်သော်လည်း နည်းနည်းမှမလှုတ်ရှားခဲ့။ သူ့အကြည့်တွေက ပြောင်းသွားပြီး ယူဂျွန်၏မှတ်ဉာဏ်တွေက ကျနော့်စိတ်ထဲ ဖြတ်ဝင်လာ၏။

「ငါသိပြီ」

「ပေါက်ကွဲမှုကြောင့်ပဲ」

「ဒီကောင်က နောက်ပြန်ဆုတ်နိုင်တဲ့ကောင် မဟုတ်ဘူး」

「အနာဂတ်ကိုပြောင်းခဲ့တာက ဒီကောင်မဟုတ်ဘူး။ ဒါပေမဲ့ အနာဂတ်ကတော့ ပြောင်းသွားပြီ」

「ငါ့ကြောင့် ပြောင်းသွားခဲ့တာပဲ」

ပြင်းထန်သောပေါက်ကွဲမှုကြောင့် လူတွေနာကျင်စွာဖြင့်သေဆုံးနေခဲ့သည်ကို ယူဂျွန်ဟော့ ရပ်ကြည့်နေခဲ့သည်အား ကျနော်မြင်လိုက်ရသည်။

「အရင်အကြိမ်တွေနဲ့မတူပဲ ဟိုလူတွေကို ငါစပြီးသတ်မိခဲ့လို့ပဲ」

အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်၏သက်ရောက်မှုကြောင့် ယူဂျွန်ဟော့၏ စိတ်ပိုင်းဆိုင်ရာနာကျင်ခံစားရမှုကို ကျနော်ခံစား၍ရနေ၏။

"မင်းမေးခွန်းတွေကုန်ပြီလား" ကျနော်မေးလိုက်သည်။

"အေး"

"ဒါဆို ငါ့ကိုလွှတ်ပေးလို့မလား။ ပြီးရင်တော့ အုဆူးဆီ ငါတို့အတူတူ သွားကြတာပေါ့ကွာ။ ဇာတ်ဝင်ခန်းကိုပြီးအောင်လုပ်ဖို့ အချိန်က မကျန်တော့ဘူး"

"မင်းကိုလွှတ်ပေးဖို့တော့ ခက်တယ်"

သို့သော် ဇာတ်လိုက်ဆိုသည်မှာ ဇာတ်လိုက်သည်သာပင်။

"မင်းပြောသမျှက အကုန်အဓိပ္ပာယ်ရှိနေတယ်လေ"

ယူဂျွန်ဟော့လောက် သတိကြီးသည့် ဇာတ်လိုက်မျိုးကို ကျနော်မမြင်ဖူးချေ။

「အတွေ့အကြုံမရှိတဲ့ကောင်လို့ပြောဖို့ကလည်း ဒီကောင်ဟာ

တည်ငြိမ်လွန်းနေတယ်」

「ပြောင်းလဲသွားတဲ့ ဒီကမ္ဘာမှာ ဒီကောင်ဟာ ပုံမှန်မဟုတ်တဲ့နှုန်းနဲ့ အသားကျနေပြန်တယ်」

「ကင်နမ်ဝန်ကို သတ်ခဲ့တာကလည်း ဒီကောင်ပဲဖြစ်လောက်မယ်」

「ဒီကောင်က အသုံးချလို့ရမယ့်အကောင်ထက် အန္တရာယ်ပေးနိုင်တဲ့အကောင်လို့ ပြောရင်ပိုမှန်မယ်ထင်တယ်」

ယူဂျွန်ဟော့၏ညာဘက်မျက်လုံးက ရွှေရောင်ဖြင့် စတင်တောက်ပလာသည်။ သူဘာလုပ်နေသည်ကို ကျနော်ခပ်မြန်မြန်ပဲ သဘောပေါက်သွား၏။ ဤစွမ်းရည်ကို သူ မသုံးမှသာလျှင် ထူးဆန်းသည်ဟု ပြောရမည်ဖြစ်သည်။ တန်ခိုးရှင်၏မျက်လုံးသည် ယူဂျွန်ဟော့၏ အားအကောင်းဆုံး ရှာဖွေရေးစွမ်းရည်ဖြစ်၏။ တန်ခိုးရှင်၏မျက်လုံးက ပစ်မှတ်၏ ဝိသေသ လက္ခဏာဇယားကိုရော၊ ဖုံးကွယ်ထားသော အချက်အလက်များကိုပါ ဖော်ထုတ်ပေးနိုင်သည့် SS အဆင့် စွမ်းရည်ဖြစ်သည်။

သူသာ ဤစွမ်းရည်ကိုသုံးပါက ကျနော်၏သရုပ်မှန်ကိုဖုံးကွယ်ထား၍ ရနိုင်တော့မဟုတ်ချေ။ အကောင်းဖက်က တွေး၍လည်း ရ၏။ ယခုအထိ ကျနော်၏ 'ဝိသေသ လက္ခဏာ' နှင့် 'စွမ်းရည်များ'ကို မသိရသေးပေ။ ယူဂျွန်ဟော့သာ ကျနော်၏ အချက်အလက်များကို ရှာတွေ့မည်ဆိုပါက ကျနော်ပါ ကိုယ့်ကိုကိုယ် သိလာမည်ဖြစ်သည်။ ထိုမှသာလျှင် ဤအခြေအနေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်သည့် အချက်အလက်တစ်ခုခုကို ကျနော်ထုတ်သုံးနိုင်ဖို့ မျှော်လင့်၍ ရပေမည်။

[သီးသန့်စွမ်းရည် 'Fourth Wall' ကိုအသက်သွင်းလိုက်ပါသည်။]

[Fourth Wallက ရှာဖွေရေးစွမ်းရည် တန်ခိုးရှင်၏မျက်လုံး အသုံးပြုနေသည်ကို ထောက်လှမ်းမိပါသည်။]

လေထဲ၌မီးပွားတွေပျံ့လွင့်သွားပြီး ယူဂျွန်ဟော့၏ခန္ဓာကိုယ် ယိုင်လဲသွားသည်။

「ကျွတ်။ ဘာလဲဟ」

ယူဂျွန်ဟော့က ညာဘက်မျက်လုံးကိုအုပ်ပြီး စိတ်ရှုတ်ထွေးသည့်အကြည့်ဖြင့် ကျနော့်ကို ကြည့်၏။

"မင်း...မင်းက ဘယ်သူလဲ"

စိတ်မကောင်းသော်လည်း ဤမေးခွန်း၏အဖြေကို ကျနော်လည်း သိချင်နေသည်ပင်။

[သီးသန့်စွမ်းရည် Fourth Wallက တန်ခိုးရှင်၏မျက်လုံးအား တားဆီးလိုက်ပါသည်။]

ကျနော့်ဆီ၌ တန်ခိုးရှင်၏မျက်လုံးကို ကာကွယ်နိုင်သည့် စွမ်းရည်ရှိနေမှန်း မသိခဲ့ပေ။

စာမှတ်စွမ်းရည်ပြီးတော့ Fourth Wallစွမ်းရည်ပေါ်လာတယ်တဲ့လား။

ဤသည်ကအခြေအနေတွေကို ပိုရှုပ်ထွေးစေ၏။ ယခုဆိုလျှင် ယူဂျွန်ဟော့သည် ကျနော့်ကို မယုံတော့ချေ။

「ဒီမှာပဲသူ့ကိုသတ်ပစ်မှဖြစ်မယ်」

ယူဂျွန်ဟော့သည် သူ မသိသည့်အရာအပေါ်တွင် ယုံကြည်မှုမရှိသော လူစားမျိုးဖြစ်၏။

"ယူဂျွန်ဟော့"

ဤသို့ဆိုလျှင် ကျနော်လည်း အစီအစဉ်ပြောင်းရပေမည်။

"မင်းအတွက် ယုံကြည်စိတ်ချရမယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်လိုတယ်ကွ"

"မင်း...ဘာကိုဆိုလိုတာလဲ"

"မင်းတစ်ယောက်ထဲနဲ့ ၄၆ ခုမြောက်ဇာတ်ဝင်ခန်းကိုကျော်ဖြတ်လို့မရဘူးလေ။ ဒါကို မင်းကောင်းကောင်းကြီး သိထားပြီးသားပါ"

ယူဂျွန်ဟော့၏ မျက်လုံးတွေက ကျဉ်းသွား၏။

"အဲ့ဒီကိစ္စကို မင်းဘယ်လိုသိနေတာလဲ။ မဟုတ်မှလွဲရော မင်းက… "

"ငါဘယ်လိုသိလဲနဲ့ ငါဘယ်သူလဲက အရေးမကြီးဘူး"

ယူဂျွန်ဟော့၏မျက်လုံးတွေကိုစိုက်ကြည့်ပြီး ကျနော်ပြောလိုက်သည်။

"အရေးကြီးတာက မင်းကိုငါကူညီနိုင်တယ်ဆိုတာပဲ"

「ဒီကောင်က နောက်ပြန်ဆုတ်နိုင်တဲ့လူ မဟုတ်ဘူး။ သူသာ နောက်ပြန်ဆုတ်နိုင်တဲ့လူဆိုရင် ငါသတိမထားမိပဲ နေမှာမဟုတ်ဘူး」

「ဒါဆိုရင် ဒီကောင်ကဘယ်သူလဲ」

「ဖြစ်နိုင်တာက…」

ကျနော့်မှာ အသာရနိုင်သည့်အခြေအနေလည်းမရှိ၊ ဝှက်ဖဲလည်း ရှိမနေဘူးဆိုပါက လွတ်လမ်းတစ်ခုထဲသာ ရှိတော့သည်။ ထိုလွတ်လမ်းကတော့ တဖက်လူအား နားလည်မှုလွဲရန် လုပ်ဆောင်ခြင်းသာ။

"ယူဂျွန်ဟော့။ မင်းမသိတဲ့အနာဂတ်ကိုငါသိတယ်"

[ဇာတ်ကောင် 'ယူဂျွန်ဟော့'က မုသားထောက်လှမ်းနိုင်စွမ်း' ကိုသုံးလိုက်သည်။]

[မုသားထောက်လှမ်းနိုင်စွမ်းက သင်၏စကားတွေ မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။]

ယူဂျွန်ဟော့၏ မျက်လုံးတွေဖြည်းဖြည်းချင်းကျယ်လာ၏။

"ဘယ်လို…"

"ဘယ်လိုသိတာလဲ"

「မဖြစ်နိုင်ဘူး။ အန်နာ ခရော့ဖ်အပြင် နောက်ထပ် ပရောဟိတ်တစ်ယောက် ထပ်ရှိသေးလို့လား။ ပြီးတော့ အဲ့ဒီပရောဟိတ်က တောင်ကိုရီးယားမှာပဲ ထပ်ရှိနေတာတဲ့လား」

ပရောဟိတ်။ Ways of Survivalထဲ၌ အနာဂတ်ကိုမြင်နိုင်ပြီး 'ရှာဖွေရေးစွမ်းရည်အားလုံးကိုပယ်ဖျက်နိုင်သည့်'တစ်ခုတည်းသော ဝိသေသ လက္ခဏာ။ အမှန်တကယ်တန်းတွင် Ways of Survival ကမ္ဘာမှာ 'ပရောဟိတ်'ဝိသေသ လက္ခဏာရှိသူ တစ်ယောက်သာ ရှိ၏။

「ငါ့ရဲ့သူတောင်စင်၏မျက်လုံးကို ကာကွယ်နိုင်တဲ့သူဆိုလို့ ပရောဟိတ်ပဲ ရှိတယ်」

ယူဂျွန်ဟော့၏မေးခွန်းကို ကျနော်ပြန်မဖြေသည်မလို့ ယူဂျွန်ဟော့က နှုတ်ခမ်းကို ကိုက်လိုက်သည်။

"မင်းက ‘အနာဂတ်မြင်ကွင်း’ ကိုသုံးနိုင်တာလား"

"ငါ့စွမ်းရည်က အဲ့ဒီစွမ်းရည်နဲ့ အလားသဏ္ဍာန်တူတယ်"

"ငါဒီကိုလာမယ်ဆိုတာကို မင်းသိနေခဲ့တာပဲ"

"အေး"

「ငါသဘောပေါက်ပြီ။ ဒီကောင်က ပရောဟိတ်တစ်ယောက်သာဆိုရင်တော့ ဒီကောင့်လုပ်ရပ်တွေအားလုံးကိုနားလည်ပေးလို့ရတယ်」

အခြေအနေတွေပြောင်းလဲနေပေပြီ။ ယူဂျွန်ဟော့၏စိတ်လှုပ်ရှားမှုတွေကို ကျနော် တိုက်ရိုက်သိနေရ၏။ ယခုက ကျနော့်အတွက် နောက်ဆုံးအခွင့်အရေးသာ ဖြစ်သည်။

"ယူဂျွန်ဟော့မှာ အထူးစွမ်းအားတွေရှိတာငါသိတယ်။ မင်းလည်း အနာဂတ်မှာ ဖြစ်ပျက်မှာတွေကို သိတယ်မဟုတ်လား"

"..."

"ဒါပေမဲ့ မင်းဟာ ဘယ်တော့မှ ပြည့်ပြည့်စုံစုံ သိရမှာမဟုတ်ဘူး"

နောက်ပြန်ဆုတ်သူတစ်ယောက်၏ တစ်ခုတည်းသော အားနည်းချက်က သူတို့၏ အနာဂတ်အကြောင်းအချက်အလက်တွေကို သုံးလိုက်သည်နှင့် အနာဂတ်က ပြောင်းလဲသွားခြင်းပင်။ တစ်နည်းအားဖြင့်ဆိုရလျှင် နောက်ပြန်ဆုတ်သူအားလုံးသည် 'သူတို့မသိသော ကမ္ဘာ'မှာ နေထိုင်ရမှာပါ။

"ငါ့ကိုမင်းရဲ့လုပ်ဖော်ကိုင်ဖက်အဖြစ်ခန့်လိုက်။ မင်းလိုနေတဲ့ အပိုင်းတွေကို ငါဖြည့်ပေးနိုင်တယ်"

လက်ရှိယူဂျွန်ဟော့အတွက် 'ပရောဟိတ်'ထက် ပိုကောင်းသည့် လုပ်ဖော်ကိုင်ဖက် မရှိပေ။ ဆိုရလျှင်တော့ ကျနော်က ဤဇာတ်လမ်း၏ တစ်ဦးတည်းသော စာဖတ်သူဖြစ်သောကြောင့် ပရောဟိတ်နှင့် ဆင်တူသောအခန်းကဏ္ဍကို ယူနိုင်ပေသည်။

[ဇာတ်ဝင်ခန်းပြီးဆုံးဖို့ ၁ မိနစ်ကျန်ပါသည်။]

ယူဂျွန်ဟော့က ခေါင်းငုံ့ပြီးစဉ်းစား၏။

「ပရောဟိတ်တစ်ယောက်ကတော့ တကယ်ကိုအကူအညီပေးနိုင်တာ သေချာတယ်」

[ဇာတ်ဝင်ခန်းပြီးဆုံးရန် ၅၀ စက္ကန့်ကျန်ပါသည်။]

「၄၆ ခုမြောက် ဇာတ်ဝင်ခန်းတင် မကဘူး၊ နောက်ပိုင်း ' ဇလွာတူစထွာ'အဖွဲ့နဲ့ တိုက်တဲ့အခါမှာလည်း အကူအညီလိုတယ်။ ဒါပေမဲ့...သူ့ကိုတကယ်ယုံလို့ရပါ့မလား」

[ဇာတ်ဝင်ခန်းပြီးဆုံးရန် ၄၀ စက္ကန့်ကျန်ပါသည်။]

「လုပ်ဖော်ကိုင်ဖက်ဆိုပဲ」

ကျွန်တော်ကစိတ်တိုနေတဲ့နှလုံးသားနဲ့နာရီကိုကြည့်နေမိ၏။ နောက်ဆုံးတွင်တော့ ယူဂျွန်ဟော့တစ်ယောက် ခေါင်းကို မော့လာသည်။

"ငါဆုံးဖြတ်ပြီးပြီ။ မင်းကိုငါ့ရဲ့လုပ်ဖော်ကိုင်ဖက်အဖြစ်ခန့်မယ်"

[အလွန်အမင်းစိတ်နှစ်မြှုပ်မှုက သင်၏စိတ်ခွန်အားကို ပြင်းထန်စွာ ထိခိုက်စေပါသည်။]

[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ကို ပိတ်လိုက်ပါသည်။]

ပင်ပန်း၍လား၊ စိတ်သက်သာရာရသွား၍လား မသေချာရှေင်းပြချက်မပါသော ဒဿနိကဗေဒစာအုပ်သကဲ့သို့ အကဲဖြတ်ရန် ခက်ခဲလှသည်။ ယူဂျွန်ဟော့က ကျနော့်ကို 'စုံဂဏန်း တံတား'ကနေ ဖြတ်ခေါ်သွား၏။ တကယ်တန်းတော့ အင်္ကျီကော်လံကနေ ကျနော်ဆွဲခေါ်ခံနေရသည်ဖြစ်သော်လည်း ယခုဆိုလျှင် အားလုံးအဆင်ပြေသွားပြီဟု ကျနော်ထင်မိသည်။ ဤနောက်ပြန်ဆုတ်သည့်ကောင်ကို ကျနော်နားချနိုင်ခဲ့ပြီး အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီဖြစ်၏။

စုံဂဏန်းတံတားကိုဖြတ်ကျော်ပြီး ဘေးကင်းလုံခြုံရာဧရိယာရှေ့သို့ ရောက်သည့်အချိန်တွင် ယူဂျွန်ဟော့က ရုတ်တရက် ရပ်လိုက်သည်။

"နောက်ဆုံးမေးခွန်းတစ်ခုမေးမယ်"

"ဘာ"

"မင်းက ပရောဟိတ်တစ်ယောက်ဆိုတာအမှန်ပဲဆိုရင် မင်းရဲ့အနာဂတ်ကို သိရမယ်မလား"

ယူဂျွန်ဟော့၏ အေးဆေးတည်ငြိမ်နေသော မျက်လုံးတွေကိုမြင်သည့်အခိုက်တွင် ကျနော် ကြက်သီးမွေးညင်းများ ထောင်သွား၏။ သူ၏စမ်းသပ်မှုက မပြီးသေးပေ။ ကျနော့်အင်္ကျီကော်လံကိုဆုပ်ကိုင်ထားသော သူ့လက်က ပိုမိုတင်းကျပ်လာ၏။

"ချပ်"

သူ့လက်ဖြင့် ကျနော့်ကို အနည်းငယ်မြှောက်လိုက်သည့်အခါတွင် လေညှင်းတစ်ခုက ကျနော်၏ခြေထောက်ကို ဖြတ်တိုက်သွားသည်။ ကျနော့်ခြေထောက်အောက်တွင် လေဟာနယ်သာ ရှိတော့၏။ ဟန်မြစ်၏အနံ့က သွေးနံ့နှင့်ရေနံ့ရောနေသည့်အချိန်တွင် အီသီယိုဆောတွေက သားကောင်ရှိရာသို့ ပါးစပ်ဟကာ လှမ်းခုန်လိုက်သည်။

"ငါ့လက်ကိုလွှတ်မှာလား၊ မလွှတ်ဘူးလား"

ပထမဆုံးအကြိမ် ကျနော်ချွေးစေးပြန်လာ၏။ စဉ်းစားကြည့်ပေမည်။ သူ့အတွေးတွေကို မသိရလျှင်တောင် တခြားသူတွေထက် ဒီကောင့်အကြောင်းကို ကျနော်ပိုသိသည်။ ကျနော့်မျက်လုံးတွေကိုမှိတ်ပြီး ယူဂျွန်ဟော့အကြောင်းစဉ်းစား၏။

[ဇာတ်ဝင်ခန်းပြီးဆုံးရန် ၂၀ စက္ကန့်ကျန်ပါသည်။]

ထို့နောက် အဖြေတစ်ခုကို ကျနော်စဉ်းစားမိသွားသည်။

"ယူဂျွန်ဟော့”

သူဘာလုပ်မည်ကို ကျနော်သေချာသိ၏။ မည်သို့ပင်စဉ်းစားစဉ်းစား အဆုံးသတ်တွင် ယူဂျွန်ဟော့လုပ်မည်က တစ်ခုတည်းသာ ရှိသည်။ ပင်လယ်ခေါင်းဆောင်ကြီး အီသီယိုဆောချဉ်းကပ်လာသည်ကို ကြည့်ရင်း ကျနော်ပြောလိုက်၏။

"အရင်ဆုံးနှစ်ချက်ပြောမယ်"

"ဘာဖြစ်တယ်"

"တစ် - ငါက မင်းရဲ့လက်အောက်ငယ်သားမဟုတ်ဘူး။ ဒါကြောင့်အခုကစပြီး ငါ့ကိုမျှမျှတတဆက်ဆံဖို့ မျှော်လင့်တယ်"

"..."

"နှစ် - ငါက မင်းနဲ့ပူးပေါင်းမယ်။ ဒါပေမဲ့ မင်းလည်း ငါနဲ့ပူးပေါင်းဖို့ကတိပေးရမယ်"

ယူဂျွန်ဟော့က စိတ်ဝင်စားသလိုကြည့်ပြီး ခေါင်းညိတ်၏။

"ကောင်းပြီ။ မင်းအဖြေက ဘာလဲ"

ကျနော်ပြုံးပြီးဖြေလိုက်သည်။

"မင်းရဲ့လက်ကိုလွှတ်လိုက်ပြီး လစ်လိုက်တော့။ မအေဘေး ခွေးမသားလေး"

ထို့နောက် ကျနော့်ကိုဆုပ်ကိုင်ထားသည့် အားပျောက်သွား၏။ မြေဆွဲအားကြောင့် ကျနော်အောက်သို့ ပြုတ်ကျသွားသည်။ ကျနော်ပြုတ်ကျနေစဉ်မှာပဲ ယူဂျွန်ဟော့၏ မျက်နှာကို မြင်လိုက်ရ၏။ ယူဂျွန်ဟော့တစ်ယောက် ပျော်စရာကောင်းသော ကိစ္စတစ်ခုနှင့် တွေ့နေရသကဲ့သို့ တောက်ပစွာ ပြုံးနေသည်။

ခွေးမသား။

"မင်းကိုငါယုံပါတယ်။ မင်းကတကယ်ကို ပရောဟိတ်တစ်ယောက်ပဲ"

ကျနော်ပြုတ်ကျသွားသည့်နေရာတွင် စောင့်နေသည်က ဧရာမပင်လယ်သတ္တဝါကြီး၏ ပါးစပ်ပေါက်ပင်။ ဟန်မြစ်၏ အေးစက်သော ရေဖြင့် ထိရိုက်မှုဒဏ်ကြောင့် ကျနော် မျက်လုံးမှိတ်လိုက်ရသည်။ စုပ်ယူမှုတစ်ခုထဲ ကျနော်ပါသွားပြီးနောက် နွေးထွေးပြီး ကြီးမားသော အမှောင်ထုက ကျနော့်ကို ဝါးမျိုလိုက်၏။

[သင်သည် ဇာတ်ဝင်ခန်းကို အောင်မြင်စွာမဖြတ်သန်းနိုင်ခဲ့ပါ။]

...ချီးပဲ။ နောက်ဆုံးတွင်တော့ ဤနည်းလမ်းအား ကျနော်သုံးမှဖြစ်တော့ပေမည်။

All Chapters