← Chapters

စာချုပ် (၁)

Vol. 1 Ch. 12

စာချုပ် (၁)

Vol. 1 Ch. 12

ရုတ်တရက် ကျနော့်ခန္ဓာကိုယ်က လေးလာပြီး အဆုတ်ထဲ ရေဝင်လာသော ခံစားချက်ကို သိလိုက်ရသည်။ ထို့နောက် နေရာတစ်ခုဆီသို့ ကျနော်စုပ်ယူခံလိုက်ရ၏။ အချိန်ကိုက်ပြုတ်ကျခဲ့သည်မလို့ ကျနော်တစ်စစီတော့ ဖြစ်မသွားခဲ့ပေ။ သို့သော် ဤနေရာ၌ သတိလစ်၍မဖြစ်။ နိုးနေဖို့လို၏။ ခဏလောက်တော့ စောင့်ရပေမည်။ ကျနော့်ကိုယ်ကိုကွေးလိုက်ပြီး အသက်ကိုအောင့်ထားလိုက်၏။

၁၀ စက္ကန့်၊ ၂၀ စက္ကန့် ၊ ၃၀ စက္ကန့်... အမှောင်ထဲ၌ လက်ဖြင့် ထိ၍့ရသောနံရံတစ်ခုအား ထိမိသည့်အခါမှာတော့ ကျနော် အသက်ရှုကြပ်နေလေပြီ။

"အီး...အူး..."

မြစ်ရေတွေကိုအကြိမ်ကြိမ်အန်ထုတ်ပြီးသည့်တိုင်အောင် အသက်ရှူဖို့က ခက်နေသေး၏။ ကျနော်၏ကိုယ်ခန္ဓာကြံ့ခိုင်မှုက အဆင့် ၁၀ရှိနေသောကြောင့်သာ ရေမျက်နှာပြင်ဖြင့် ထိသည့်အခါ၌ မသေခဲ့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး၌ အညိုအမည်းစွဲဒဏ်ရာတွေရခဲ့သည်မလို့ အတော်နာသည်။ ဆောက်တည်ရာမရ မဖြစ်အောင် အသက်ကိုရှူသွင်း ရှူထုတ်လုပ်ပြီး ဖုန်းကိုဖွင့်လိုက်၏။ ပြုတ်ကျခဲ့ချိန်တွင် ဖုန်းထိခိုက်ခဲ့မည်ကို စိုးရိမ်မိခဲ့သော်လည်း ကံကောင်းစွာဖြင့် ဖုန်းက ဖွင့်၍ရနေဆဲပင်။ ရေစိုခံနိုင်သောဖုန်းအား ဈေးကြီးပေးဝယ်မိခဲ့သည်မှာ တော်သေးသည်ဟု ပြောရပေမည်။

ဖုန်းမီးလင်းလာသည့်အခါ ပတ်ဝန်းကျင်က မြင်ကွင်းတွေ ကျနော့် မျက်လုံးထဲဝင်လာ၏။ ကွန်ကရစ်အကြွင်းအကျန်တွေနှင့် ရေထဲမျောနေသော ကြီးမားသည့်နံရံတွေကို မြင်နေရသည်။ အီသီယိုဆောတစ်ကောင်၏အစာအိမ်အတွင်းပိုင်းက ကျနော် စိတ်ကူးထားတာထက်ပင် ပိုပြီးရွံစရာကောင်းနေ၏။

"လခွီးပဲ"

တံတားအောက်သို့ပြုတ်ကျသွားအောင် တွန့်ဆုတ်မှုမရှိပဲ ကျနော့်ကိုလွှတ်ချခဲ့ချိန်က ယူဂျွန်ဟော့၏မျက်နှာအမူအရာသည် ကျနော့်စိတ်ထဲ ကွက်ကွက်ကွင်းကွင်း ပေါ်လာသည်။ လွှတ်ချခဲ့မည်မှန်း မျှော်လင့်ထားခဲ့သော်လည်း ထင်ထားခဲ့သည်ထက် ပို၍ထိတ်လန့်စရာ ကောင်းခဲ့၏။

ယူဂျွန်ဟော့၏လုပ်ဖော်ကိုင်ဖက်ဖြစ်ချင်လျှင် ကျနော်အသက်ရှင်ဖို့လိုသည်။ ကျနော် နားမလည်ခြင်း မဟုတ်ပေ။ 'လုပ်ဖော်ကိုင်ဖက်'ဆိုသည့် စကားလုံး၏ ဖိအားက ယူဂျွန်ဟော့အတွက်အရမ်းကြီးလွန်းသည်။ ပထမဆုံးအကြိမ် နောက်ပြန်ဆုတ်မှု မအောင်မြင်ခဲ့သည့်အချိန်ကစပြီး ယူဂျွန်ဟော့၌ တကယ့်'လုပ်ဖော်ကိုင်ဖက်'အစစ် မရှိခဲ့တော့ချေ။ နောက်ပြန်ဆုတ်သူတစ်ယောက်၏ တိုးတက်လာမှုကို အမီလိုက်နိုင်သော လူသားက မရှိသလောက်ရှား၏။ နောက်ဆုံးတွင်တော့ ယူဂျွန်ဟော့သည် အရာအားလုံးကို သူတစ်ယောက်တည်း ဖြေရှင်းခဲ့ပြီး ကယ်တင်ရှင်အဖြစ်ကိုးကွယ်ခံရကာ တစ်ကိုယ်တည်း အထီးကျန်ခဲ့သည်။ ယူဂျွန်ဟော့အတွက် 'လူသားတွေ'ဆိုသည်မှာ လက်အောက်ငယ်သားတွေ သို့မဟုတ် ရန်သူတွေသာ ဖြစ်၏။

ထို့ကြောင့် ကျနော့်ကိုစမ်းသပ်ခဲ့ခြင်းသာ ဖြစ်သည်။ ယူဂျွန်ဟော့နှင့် တန်းတူအဆင့်မှာ ကျနော်ရှိချင်လျှင် ဤအခြေအနေကိုတစ်ယောက်တည်း ဖြေရှင်းရပေမည်။

အင်း။ ဒါက ယူဂျွန်ဟော့ဘက်ကနေ ကြည့်ရင်ပေါ့လေ။

"မင်းလိုလုပ်ဖော်ကိုင်ဖက်က... စိတ်မနှံ့တဲ့အရူးပဲ"

ရေပေါ်မျောနေသော ဖော့ပြားဆီ ခွေးကူးကူးလိုက်ပြီး ထိုဖော့ပြားပေါ် တက်လိုက်၏။ အစာအိမ်၏အပူငွေ့ကြောင့် ကျနော်ချမ်းမနေပေ။ သို့သော် ယခုအချိန်ကစပြီး ကြုံတွေ့ရမည့်အရာများက ကြီးမားသော ပြဿနာဖြစ်၏။ မျက်လုံးကို ကျနော်မှိတ်လိုက်ပြီး ကြားခဲ့သော မက်ဆေ့ချ်တွေကို ပြန်ဖွင့်ကြည့်သည်။

[သင်သည် ဇာတ်ဝင်ခန်းကို အောင်မြင်စွာမဖြတ်သန်းနိုင်ခဲ့ပါ။ ။]

[ပေးချေမှုရှင်းတမ်းကို စတင်ပါမည်။]

[ချန်နယ်အသုံးပြုခ ဒင်္ဂါး ၁၀၀ နှုတ်ယူပါသည်။]

[' ရွှေခေါင်းကွင်း၏အကျဉ်သား'နက္ခတ်က သင်၏စိတ်လှုပ်ရှားဖွယ်မှတ်ချက်ပေးမှုများကို ခေါင်းညိတ်ကာ အသိအမှတ်ပြုပါသည်။]

[ဒင်္ဂါး ၁၀၀ ထောက်ပံ့ခံရပါသည်။]

[' မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်ကသင်၏ ရွေးချယ်မှုအား ခေါင်းညိတ် အသိအမှတ်ပြုပါသည်။]

[ဒင်္ဂါး ၁၀၀ ထောက်ပံ့ခံရပါသည်။]

[' လျှို့ဝှက်ကြံစည်သူ'က သင်၏ မဆင်မခြင်ပြောဆိုမှုများကို စိတ်ပျက်နေပါသည်။]

မက်ဆေ့ချ်တွေအများကြီးရှိနေခဲ့သည့်အပြင် နက္ခတ်အချို့ကလည်း ကျနော့်ကို ထောက့်ပံ့ခဲ့၏။ ယူဂျွန်ဟော့နှင့် နောက်ဆုံးပြောခဲ့သည့်စကားကြောင့် ထောက်ပံ့ပေးကြခြင်း ဖြစ်လောက်မည်။ နက္ခတ်တွေ၏ မက်ဆေ့ချ်တွေကို တစ်ခုချင်းဖတ်ကာ ဒင်္ဂါးတွေကိုသိမ်းယူခဲ့ချိန်မှာပဲ အနည်းငယ်စိတ်ပျက်မိ၏။ အစကတည်းက ဤနက္ခတ်တွေထဲက တစ်ပါးကိုသာ ကျနော်ရွေးချယ်ခဲ့လျှင် ယခုလို ကြုံတွေ့ရလောက်မည် မဟုတ်ဟု ထင်မိသည်။ သို့သော် ကျနော့် ရွေးချယ်မှုနဲ့ပတ်သတ်ပြီး နောင်တတော့ မရပေ။

ယူဂျွန်ဟော့နှင့် တိုက်ရိုက်တွေ့ဆုံပြီးနောက် သေချာသွား၏။ ကောင်ကင်နှင့် ရင်ပေါင်တန်းနိုင်သော မဟာတန်ခိုးရှင်သည် အမြင့်ဆုံးထောက်ပံ့ပေးနိုင်သူ ဖြစ်ကောင်းဖြစ်လောက်သော်လည်း မဟာတန်ခိုးရှင်၏ ထောက်ပံ့မှုလောက်နှင့် မလုံလောက်ပေ။ ယူဂျွန်ဟော့ကို ရင်ဆိုင်ဖို့ဆိုလျှင် 'ထောက်ပံ့ပေးခြင်း'ထက် အများကြီးပိုလိုအပ်သည်။ ဤနေရာတွင် ရအောင်ယူရပေမည်။

အစာအိမ်နံရံတွေကနေ တရွှီရွှီအသံထွက်လာပြီး အတွင်း၌ လှိုင်းသေးသေးလေးတွေ မြင့်တက်လာ၏။ အီသီယိုဆောသတ္တဝါကတစ်နေရာရာသို့ သွားနေပုံရသည်။ ကျနော့်ဖုန်းကိုပြန်ဖွင့်ပြီး အချိန်ကိုတွက်လိုက်၏။ Ways of Survival အရဆိုလျှင် အီသီယိုဆောသည် အစာစားပြီး သုံးနာရီအတွင်း၌ အစာခြေအက်စစ်ကို စတင် ထုတ်၏။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျနော့်၌ အချိန်သိပ်မကျန်တော့ပေ။

[ဟားဟား၊ ဒီလိုဖြစ်သွားတာ ဝမ်းနည်းစရာပဲ။ စိတ်ဝင်စားဖို့အရမ်းကောင်းခဲ့တာကိုကွာ]

ဒိုကဲဘီ၏အသံထွက်မလာခင် အသံသရုပ်ဖော်တစ်ခုကို ကြားလိုက်ရသည်။

"...ဒိုကဲဘီလား"

[အေး။ ဟုတ်တယ်။ မင်းကိုကြည့်ရတာ လန့်မသွားပုံပါလား]

"မင်းရောက်လာမယ်ဆိုတာကို ငါသိထားပြီးသားပဲလေ"

[ဟမ်... မင်းက ငါ့ကိုစောင့်နေတာလား]

"ဒါပေ့ါ။ မင်းရောက်လာမှာကို ငါစောင့်နေခဲ့တာလေ"

မီးလင်းလာပြီး ဒိုကဲဘီပေါ်လာသည်။ ဒိုကဲဘီ၏မျက်နှာအမူအရာ တစ်ခုတည်းကနေတော့ သေချာအကဲခတ်၍မရသော်လည်း ဒီကောင် စိတ်ဝင်စားနေမည်မှာ သေချာ၏။ ဒိုကဲဘီဘက်က ဖိအားပေးချင်နေခဲ့မည်ဆိုပါက ယခုလို ကျနော်စကားပြောနေနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် စိတ်အေးလက်အေးဖြင့်သာ ကျနော်ပြောလိုက်သည်။

"ငါ့ဆီကနေ ဒင်္ဂါးတွေလာယူတာမလား"

[ဒင်္ဂါးဟုတ်လား]

"ဇာတ်ဝင်ခန်းကိုအောင်မြင်စွာမကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဒင်္ဂါးယူရမယ်လေ။ မဟုတ်ဘူးလား "

[ဟမ်... မင်းအသက်ကို ယူရမှာမဟုတ်ဘူးလား]

"အသက်ကိုယူဖို့ဆိုရင် ကျရှုံးပြီဆိုတာနဲ့ ဘာဖြစ်မလဲဆိုတဲ့ဇယားမှာ “သေဆုံးခြင်း”ဆိုပြီး ရေးထားခဲ့ရမှာလေ။ (?)သုံးခုနဲ့ ထားထားမှာ မဟုတ်ဘူး။ ငါ့အထင်တော့ ညှိနှိုင်းဖို့အတွက် ?ပဲ ရေးထားတာထင်တယ်"

[...ဟားဟား။ မင်းပြောတာကတော့ စိတ်ဝင်စားစရာပဲ]

အမှန်တကယ်တွင်တော့ ကျနော့်စကားက သိပ်တော် မမှန်လှပေ။ ဇာတ်ဝင်ခန်း အသေး၏ အကြောင်းအရာတွင် 'ကျရှုံးမှုဘေး၌ ???'ကို ထားထားသည့် အဓိပ္ပါယ်က ကျရှုံးမှု၏ အပြစ်ဒဏ်က ဘာလဲဆိုသည်ကို မသိရပေဟု ဆိုလိုခြင်း ဖြစ်၏။ ဒင်္ဂါးတွေပေးရမည်ဆိုသည်က ကျနော်၏ ယူဆချက်သက်သက်သာဖြစ်သည်။ သို့ရာတွင်လည်း ကျနော့်ဘက်က အလွန်သေချာစွာပြောနိုင်နေသည်မှာ အကြောင်းအရင်းတစ်ခုကြောင့်ဖြစ်၏။

"ငါပြောတာမှားလား"

အဘယ်ကြောင့်ဆိုသော် ဤဇာတ်လမ်းကို ကျနော်သိထားခြင်းသာ။

တစ်ခဏခန့်တွေဝေသွားပြီး ဒိုကဲဘီ ခေါင်းညိတ်လိုက်သည်။

[မင်းပြောတာမှန်တယ်။ ဒီလောက်သဲလွန်စသေးသေးလေးနဲ့ ပြစ်ဒဏ်က ဘာဖြစ်မလဲကို မင်းဘက်က ခန့်မှန်းနိုင်တာ အံ့သြစရာပဲ။ နက္ခတ်တွေရဲ့ အာရုံစိုက်တာကိုခံနေရတဲ့လူပီသပါပေတယ်ကွာ]

ဒိုကဲဘီ၏အသံ၌ ရိုးရိုးသားသား အားကျမှုတွေ ပါနေ၏။

[မင်းပြောသလိုပဲ၊ ဇာတ်ဝင်ခန်းကို အောင်မြင်စွာမကျော်ဖြတ်နိုင်ရင်တောင် ဒင်္ဂါးတွေပေးရင် အသက်ရှင်ခွင့်ရှိတယ်]

"ဘယ်လောက်ပေးရမှာလဲ"

[ဒင်္ဂါး ၅,၁၀၀ ပေးပါ။ ဒါဆိုမင်းကိုအသက်ရှင်ခွင့်ပေးမယ်]

ကျနော့်မှာရှိသော ဒင်္ဂါးပမာဏအား ကြည့်လိုက်သည်။

[ပိုင်ဆိုင်ထားသော ဒင်္ဂါး ၅,၁၀၀]

ကျနော်မပြုံးပဲ မနေနိုင်တော့ချေ။ သည်ကောင်က လှည့်စားနေခြင်းသာ။

"ပေးရမယ့် ဒင်္ဂါးအရေအတွက်က များလွန်းတယ်"

[ဟားဟား၊ ဒါဆိုရင်လည်း သေလိုက်တော့။ ဒင်္ဂါးတွေက လက်ခံမခံကို ငါ့အပေါ်မှာပဲ မူတည်တာကွ။ မင်းဘက်က အမှားတစ်ခုခုလုပ်တာနဲ့ မင်းကို ငါက ဒီမှာပဲ အဆုံးသတ်ပစ်လိုက်လို့ရတယ်]

"ဒါဆိုလည်း ငါ့ကိုသတ်လိုက်တော့"

[ဟမ်]

"ငါ့ကိုသတ်လိုက်ပါ"

[······]

"မင်းငါ့ကိုမသတ်နိုင်ဘူးလား"

ဒိုကဲဘီ မလှုပ်ပေ။ ဒိုကဲဘီက မလှုတ်ရှားသည်မှာ သဘာဝပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဒိုကဲဘီသည် ယခုအချိန်၌ ကျနော့်ကြောင့် အတော်ကိုပျော်နေလေသည်။ ထို့အပြင် သည်ကောင်သာ ကျနော့်ကိုသတ်ဖို့ စိတ်ကူးရှိခဲ့လျှင်လည်း ဤနေရာအထိ ဆင်းလာလောက်မည်မဟုတ်။ ဤကောင်အတွက် ကျနော် ဤနေရာ၌ အသက်ရှင်ရပေမည်။ အသက်မရှင်ရလျှင်တော့ ဆိုးရွားစွာဖြင့် သေရပေလိမ့်မည်။

[ဟားဟား။ မင်းက ငါ့ကိုတကယ်ဒေါသထွက်စေတာပဲ။ အခုကြည့်လိုက်စမ်း...]

ဒိုကဲဘီ၏ပြားနေသောမျက်ခုံးမွှေးတွေက ဒေါသကြောင့် လှုပ်ရှားနေ၏။ နောက်ပြောင်နေသည်ကိုရပ်တန့်ပြီး အဓိကအချက်ကိုပြောရန် အချိန်တန်ပြီ ထင်သည်။

"အဆင့်အတန်းနိမ့် ဒိုကဲဘီ ဘီဟွန်း။ ရုပ်သံထုတ်လွှင့်သူတစ်ယောက်အနေနဲ့ အခြေအနေကောင်းရဲ့လားကွ "

မျက်နှာတွင် အက်ကြောင်းထင်မည်ဆိုပါက ဒိုကဲဘီ၏လက်ရှိမျက်နှာအတိုင်း ဖြစ်နေမည်ထင်၏။ ဒိုကဲဘီ ဘီဟွန်းဆီကနေ ပထမဆုံးအကြိမ် စိတ်ရှုပ်ထွေးမှု ပေါ်လာသည်။

[မ-မင်းက ငါ့နာမည်ကိုဘယ်လိုသိတာလဲ]

"အခုတလော ရုပ်သံထုတ်လွှင့်တဲ့နေရာမှာ မင်းဟာ မပျော်နိုင်ပဲ ဖြစ်နေတာမလား။ နက္ခတ်တွေက အရမ်းတွန့်တိုလွန်းတယ်လေ"

[မ-မင်းက ဘယ်သူလဲ။ လူသားတစ်ယောက်က ဘယ်လိုဖြစ်ပြီး...]

ဘီဟွန်း၏ဦးချိုများ တုန်ခါနေသည်။ ယခုလိုတုန့်ပြန်သည်က သဘာဝပင်။ အဘယ်ကြောင့်ဆိုသော် သာမန်လူသားတစ်ယောက်က ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုစနစ်အကြောင်းကို မသိနိုင်၍ ဖြစ်၏။ သို့သော် ကျနော်က သာမန်လူသားမဟုတ်ချေ။

[နက္ခတ်အချို့က သင်၏တည်ရှိမှုကို သံသယဝင်နေပါသည်။]

[သင်၏ အစီအစဉ်ကြောင့် 'လျှို့ဝှက်ကြံစည်သူ'နက္ခတ်၏မျက်လုံးတွေ တောက်ပလာပါသည်။]

ယခုအချိန်ကစပြီး ဤဇာတ်လမ်းသည် နက္ခတ်တွေအတွက် ဇာတ်လမ်း တစ်ပုဒ်မဟုတ်တော့ပေ။ ဘီဟွန်းကို ကျနော်တိုးတိုးလေးပြောလိုက်၏။

"ချန်နယ်ပိတ်ပြီးမှ ငါတို့တွေ စကားပြောကြရအောင်"

ဘီဟွန်းကစိုးရိမ်စွာဖြင့် ချန်နယ်ကိုပိတ်လိုက်သည်။

[#BI-7623 ချန်နယ်ပိတ်သွားပါသည်။]

နက္ခတ်တွေချန်နယ်ကနေ ထွက်သွားသည်နှင့် ဘီဟွန်းက သူ၏ စရိုက်မှန်ကို ဖော်ထုတ်ပြလိုက်သည်။

[ပြောစမ်း။ ဟေ့ကောင်။ သာမန်လူသားတစ်ယောက်ဟာ ကြယ်တာရာရုပ်သံ ထုတ်လွှင့်မှုအကြောင်းကို ဘယ်လိုဖြစ်ပြီးသိနေရတာလဲ]

"အဲ့ဒီကိစ္စက အရေးကြီးတာမဟုတ်ဘူး"

[ဟမ်]

"ဘီဟွန်း။ 'ဒိုကဲဘီတွေရဲ့ဘုရင်' ဖြစ်ချင်လား"

[ဘာပြောတယ်]

"ဒို့ဂက်နဲ့ဂျီဒဲလ်တို့ထက်သာပြီး ရုပ်သံထုတ်လွှင့်သူတွေထဲမှာ အကောင်းဆုံး ထုတ်လွှင့်သူဖြစ်ချင်လား"

ဘီဟွန်း၏မျက်နှာအရောင်ပြောင်းသွားသည်။

"ဒိုကဲဘီ ဘီဟွန်း၊ ငါနဲ့စာချုပ်ချုပ်ပါ။ ဒါဆို မင်းကိုဒိုကဲဘီတွေရဲ့ဘုရင် ဖြစ်အောင် ငါလုပ်ပေးမယ်"

All Chapters