စာချုပ် (၃)
Vol. 1 Ch. 14
အခြေအနေကိုကြည့်ပြီး မည်သို့ဖြစ်သွားသည်အား ကျနော်နားလည်သွားသည်။
"ဘာလဲဟ။ ဘာဖြစ်တာလဲ"
[ဒါမဖြစ်နိုင်ဘူး။ စနစ်ထဲဝင်ရောက်စွက်ဖက်ခြင်းကိုတားဆီးတဲ့ ကာကွယ်ရေးစနစ်က ဘယ်လိုလုပ်ပြီးရှိနေရတာလဲ]
Fourth Wallက ကိုယ်စားလှယ်တစ်ယောက်၏ စွမ်းရည်တွေကိုသာမက ဒိုကဲဘီ၏ ဝင်ရောက်စွက်ဖက်မှုကိုပါ တားဆီးနိုင်သည်မှာ ထင်ရှားနေပေပြီ။ ဤသို့သာ ဆိုလျှင်တော့ Ways of Survivalထဲ၌ ကျနော်အပါအဝင် မည်သူမှ ကျနော်၏ ဝိသေသ လက္ခဏာပြဇယားကို မြင်နိုင်တော့မည်မဟုတ်။ စိတ်ဝင်စရားတော့ ကောင်းနေချေ၏။ ဤအခြေအနေက လိမ်စားရန်အတွက် အကောင်းဆုံးအခြေအနေဖြစ်နေသည်ပင်။
"ထားလိုက်တော့"
[ခ-ခဏနေပါဦး။ ငါလုပ်နိုင်ပါတယ်ကွ။ ဟို-ဟိုလေ….ငါဒီလိုလုပ်ကြည့်မယ်ဆိုရင်ရော]
"မင်းမလုပ်နိုင်ပါဘူး"
[ကွက်]
ဘီဟွန်းဟာ ဓာတ်လိုက်သကဲ့သို့ အော်ဟစ်လိုက်၏။ ဘီဟွန်း၏အရေပြားပေါ်က ဖြူဖွေးသော အမွေးပွလေးမျာ မည်းနက်သွားသည်။
[ဒါ…ဒါက…]
"အေးပါ။ မလုပ်နိုင်ရင်လည်း ရပ်လိုက်တော့။ နောက်တစ်ခုပဲ တောင်းဆိုတော့မယ်"
[မဖြစ်နိုင်ဘူး။ ငါက ဒိုကဲဘီ ဘီဟွန်းလေ။ ဒီအခြေအနေကို ငါမဖြေရှင်းနိုင်ရင် ဒိုကီပဲတွေရဲ့ဂုဏ်သိက္ခာဟာ-]
နာရီကို ကျနော်ကြည့်လိုက်သည်။ အီသီယိုဆောကြီး ကျနော့်ကို မျိုချခဲ့သည်မှာ တစ်နာရီပင်ကြာသွားခဲ့ပြီဖြစ်၏။ ယခုလိုမျိုး အချိန်ဖြုန်းနေ၍ မဖြစ်တော့ပေ။
"ဒိုကဲဘီအိတ်…. "
ဘီဟွန်းက အဓိပ္ပါယ်မရှိငြီးငြူနေသည်အား ရပ်တန့်လိုက်၏။
[ဘာ]
"ဒိုကဲဘီအိတ် ကိုဖွင့်လိုက်"
[မင်းက ဘယ်လိုသိတာလဲ]
"ဖွင့်မှာလား။ မဖွင့်ဘူးလား"
[ထောက်ပံ့ပေးသူရှိသော ကိုယ်စားလှယ်တွေပဲ ဒိုကဲဘီအိတ်ကို သုံးနိုင်တာကွ]
"ဒိုကဲဘီအိတ်ကိုသုံးတဲ့ ကိုယ်စားလှယ်တိုင်းမှာ ထောက်ပံ့ပေးသူရှိတာမှန်ပေမဲ့ ထောက်ပံ့ပေးသူမရှိတဲ့ ကိုယ်စားလှယ်ကတော့ မသုံးနိုင်ဘူးဆိုတဲ့ စည်းကမ်းလည်း မရှိဘူးလေ "
[ခဏနေဦး]
ဘီဟွန်းက လက်စွဲစာအုပ်တစ်အုပ်ထုတ်ပြီး အတည်ပြုကြည့်၏။
[ငါက ဒိုကဲဘီလား။ မင်းကမှ ဒိုကဲဘီလား မသဲကွဲတော့ဘူး။ အမှန်အတိုင်းပြောစမ်း။ မင်းက ဒိုကဲဘီတစ်ကောင်မလား]
ဘီဟွန်းဟာ ပြုံးပြီး လက်နှစ်ဖက်လုံးကိုမြှောက်လိုက်သည်။
[ဟုတ်ပြီလေ။ အိတ်ကို မင်းသုံးဖို့ပြဿနာမရှိဘူး။ ဒါပေမဲ့ ဒိုကဲဘီအိတ်က ရုပ်သံထုတ်လွှင့်မှုလုပ်ဖို့အတွက် ချန်နယ်ကိုဖွင့်ထားတဲ့အချိန်မှာပဲ သုံးလို့ရတာကွ။ ချန်နယ်ကို ပြန်ဖွင့်ဖို့ မင်းဘက်က အဆင်ပြေရဲ့လား]
"အဆင်ပြေပါတယ်"
[#BI-7623 ချန်နယ်ကို ဖွင့်လိုက်ပါပြီ။]
[နက္ခတ်တွေ ဝင်ရောက်လာပါပြီ။]
ထို့နောက် လေထဲ၌ လျှပ်စီးကြောင်းတစ်ခုပေါ်လာပြီး ကျနော့်ရှေ့မှာ ဖန်သားပြင်တစ်ခုပေါ်လာ၏။
[ဒိုကဲဘီအိတ်ဆိုတဲ့ ဒင်္ဂါးဈေးဆိုင်ကနေ ကြိုဆိုပါတယ်]
ဒိုကဲဘီအိတ်...
ယခုအချိန်သည် ဤချီးထုတ်ကမ္ဘာ၏'ငွေသားဈေးဆိုင်'ကို ဖွင့်လှစ်လိုက်သော အချိန်ပင် ဖြစ်လေတော့သည်။
…………………………………………………………………………………………………………..
Ways of Survivalတွင် ဒင်္ဂါးတွေကို သုံးစွဲနည်း (၂) မျိုးရှိသည်။ တစ်မျိုးက ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ခွန်အားတွေကဲ့သို့ စွမ်းရည်တို့၏ အဆင့်တွေကို တိုးမြှင့်ခြင်း ဖြစ်သည်။ နောက်တစ်မျိုးကတော့ ဒိုကဲဘီအိတ်အပါအဝင် အမျိုးမျိုးသော ဈေးဆိုင်တွေမှာ ဘုံငွေကြေးအနေဖြင့် အသုံးပြုခြင်းပင်။
[အခုပဲ ဝယ်လိုက်ပါ။ မင်းရဲ့ကိုယ်စားလှယ်အတွက် ကနဦးစတင်ခြင်း လက်ဆောင်ထုပ်ကို ဒင်္ဂါး ၂၅၀၀နဲ့ ရောင်းပေးနေပါပြီ]
[ဒီနေ့အတွက် အထူးရောင်းကုန်ပါ။ တခြားလူတွေထက် တိုးတက်မှုပိုမိုမြန်ဆန်စေမယ့် တိုးတက်မှုှ၃၀၀%လက်ဆောင်ထုပ်ကိုစမ်းသုံးကြည့်ပါ]
[မကောင်းတဲ့ဝိသေသ လက္ခဏာရှိသော ကိုယ်စားလှယ်ကို အရွေးမှားသွားခဲ့ပြီလား။ စိတ်မပူပါနဲ့။ ဝိသေသ လက္ခဏာကိုကျပန်းပြောင်းပေးနိုင်တဲ့ 'ကျပန်းဝိသေသ လက္ခဏာ သေတ္တာ'ထွက်ရှိလို့ လာပါပြီ]
မျိုးစုံသော လက်ဆောင်ထုပ်တွေအပါအဝင် ဒင်္ဂါးဖြင့် ဝယ်နိုင်သော ပစ္စည်းတွေ အများကြီးရှိနေ၏။ ဒိုကဲဘီအိတ်ထဲက ကြော်ငြာတွေအားလုံးသည် နက္ခတ်တွေကို ဦးတည်ကာ ကြေညာထားခြင်းပင်။ ဒိုကဲဘီအိတ်၏ မူလဝယ်ယူသူတွေသည် နက္ခတ်များဖြစ်ခြင်းကြောင့် နက္ခတ်များကို ဦးတည်ကာ ကြေညာခြင်းမှာ သဘာဝကျသည်။ တရစပ်ထွက်ပေါ်လာသည့် ကြော်ညာတွေကို တစ်ခုပြီးတစ်ခု ကျနော်ပိတ်လိုက်၏။
ပင်လယ်ခေါင်းဆောင်ကြီး အီသီယိုဆောသည် ပဉ္စမမြောက် အဓိကဇာတ်ဝင်ခန်းတွင် ထွက်ပေါ်လာမည့် 'ကပ်ဘေး' တွေနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်သော်လည်း အစောပိုင်းအဆင့် ကိုယ်စားလှယ်တွေအတွက်တော့ ခေါင်းခဲစရာအန္တရာယ်တစ်ခုပင်။ အီသီယိုဆောကြီးကို တိုက်ခိုက်ဖို့အတွက် ဒိုကဲဘီအိတ်ထဲမှာ ရောင်းချသည့် ပစ္စည်းတစ်ချို့ကို လိုအပ်သည်။
'ကြည့်လိုက်ဦးမယ်...'
ပစ္စည်းစာရင်းကိုကြည့်ပြီး ဘီဟွန်းကို ကျနော် လှမ်းကြည့်လိုက်၏။
"ဟေ့။ အခုဝယ်လို့ရတဲ့ ပစ္စည်းတွေက ဒါပဲလား။ လိုချင်တဲ့ပစ္စည်းကို ရှာလို့ရော ရမလား"
[အခုက…. ဟာကွာ။ ခဏလေးပါ။ နက္ခတ်အပေါင်းတို့။ ကျေးဇူးပြုပြီး….ကျေးဇူးပြုပြီး စိတ်ကိုထိန်းကြပါ]
ချန်နယ်ကိုပြန်ဖွင့်ပြီးကတည်းက ဘီဟွန်းဟာ မျက်နှာမှာချွေးစက်တွေထွက်ပြီး သေလုမျောပါး ရှင်းပြနေသည်။
[ထုတ်လွှင့်မှု ခဏပိတ်သွားတာက server error ကြောင့်ပါ။ ကျုပ်တမင်ပိတ်တာ မဟုတ်ပါဘူး]
ဘီဟွန်း၏ခေါင်းပေါ်၌ စုစုပေါင်း ကြယ်အလုံး၂၀ရှိနေသည်။
ချန်နယ်ကနေ ထွက်သွားသည့်သူအရေအတွက် သိပ်မများတာကို ကြည့်ခြင်းအားဖြင့် ကျနော်မည်သို့ဖြစ်ပျက်သွားပြီကို သိလိုသော နက္ခတ်တချို့ရှိနေသည်မှာ သေချာပေ၏။ နက္ခတ်တိုင်းသည် ရင်းနှီးဖော်ရွေသူတွေတော့ မဟုတ်ကြပေ။
[နက္ခတ်အချို့က ရုပ်သံထုတ်လွှင့်မှု၏ မျှတမှုကို မေးခွန်းထုတ်နေပါသည်။]
[နက္ခတ်အချို့က သင်ရရှိထားသော အထူးအခွင့်အရေးတွေအား သံသယရှိနေပါသည်။]
ဤသို့ဖြစ်မည်မှန်း ကျနော်မျှော်လင့်ထားပြီးဖြစ်သည်။ ထုတ်လွှင့်မှုပိတ်သွားစဉ်အတွင်း ဝှက်ထားသောဇာတ်ဝင်ခန်း စတင်သွားခဲ့သည့်အပြင် ဒိုကဲဘီအိတ်ကိုပါ ဖွင့်ခဲ့သောကြောင့် နက္ခတ်တွေအံ့အားသင့်ခဲ့ကြသည်မှာ မဆန်းလှပေ။
[ဟင့်အင်း။ ဘက်လိုက်တယ်တဲ့လား။ ကြည့်စမ်းပါဗျာ။ နက္ခတ်အပေါင်းတို့။ ကျုပ်က ဒိုကဲဘီတစ်ကောင်ပါ။ ကျုပ်သာ ဘက်လိုက်တဲ့ကိစ္စကို လုပ်လိုက်ရင် ပျောက်ကွယ်သွားမယ်ဆိုတာကို ခင်ဗျားတို့ မသိကြဘူးလား။ ဇာတ်လမ်းပြောသူ တစ်ယောက်ရဲ့သစ္စာက ပေါ့သေးသေးမဟုတ်ဘူးဆိုတာကို ခင်ဗျားတို့သိပါတယ်ဗျာ]
"ငါ့ကို မင်းကူညီမှာလား"
[ထုတ်ကုန်ရှာဖွေရေးခလုတ်က ညာဘက်အောက်ခြေမှာရှိတယ်]
"ကျေးဇူးပဲ"
ဘီဟွန်းကို လျစ်လျူရှုလိုက်ပြီး လက်ဆောင်ထုတ်ဇယား၏အောက်ခြေက မှန်ဘီလူးပုံလေးကို နှိပ်လိုက်၏။
[ထုတ်ကုန်ရှာဖွေရေးလုပ်ဆောင်ချက် စတင်အလုပ်လုပ်ပါပြီ။]
[ထုတ်ကုန်ရှာဖွေရေးလုပ်ဆောင်ချက်ကို တစ်နေ့လျှင် ၅ ကြိမ်သာ အခမဲ့သုံးနိုင်ပါသည်။ အပိုရှာဖွေမှုတစ်ကြိမ်စီအတွက် ဒင်္ဂါး ၁၀၀ ကျသင့်ပါမည်။]
လူသားပဲဖြစ်ဖြစ် ဒိုကဲဘီပဲဖြစ်ဖြစ် အတူတူပင်။။ အခမဲ့ရှာဖွေခွင့်ကို ငါးကြိမ်သာ ရ၏။ ကျနော်လိုချင်သောပစ္စည်းတွေအား နှစ်ကြိမ်ရှာရုံဖြင့် ရနိုင်သောကြောင့် ကျနော့်တွင် ရှာဖွေနိုင်သည့်အကြိမ်ရေ သုံးကြိမ် ကျန်ပေလိမ့်မည်။
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်က သင်၏အစီအစဉ်ကို သိချင်နေပါသည်။]
'ဟုတ်ပြီ။ သိချင်ကြစမ်း။ မင်းတို့တွေ သိချင်ရင် ဆက်ပြီးကြည့်နေလိုက်'
[' မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်သည် သင်၏လုပ်ရပ်တွေကို ဒေါသတကြီးဖြင့် ကြည့်နေပါသည်။]
'ဒေါသထွက်နေမယ်ဆိုရင် မကြည့်နဲ့'
ရှာဖွေရေးလုပ်ဆောင်ချက်ကိုသုံးရန်အတွက် ကျနော်ပြောလိုက်၏။
" 'ရှေးဟောင်းနဂါး'ပစ္စည်းကို ရှာဖွေပါ"
[ရှာဖွေမှုရလဒ် ၃ ခုရှိပါသည်။]
သိပ်မကြာခင်တွင် ဇယားသေးသေးလေးတစ်ခုထွက်ပေါ်လာ၏။
[* ရှေးဟောင်းနဂါး၏နှလုံး – ပစ္စည်းလက်ကျန် : ?
* ရှေးဟောင်းနဂါး၏အရိုး – ပစ္စည်းလက်ကျန် : ၁
* ရှေးဟောင်းနဂါး၏ဂျို – ပစ္စည်းလက်ကျန် : ၁]
ရှေးဟောင်းနဂါး၏နှလုံးကို ကျနော်ရွေးလိုက်သည်။
[ပစ္စည်း အချက်အလက်]
[အမည် : ရှေးဟောင်းနဂါး၏နှလုံး
အဆင့် : SS
ဖော်ပြချက် : ရှေးဟောင်းနဂါး ' အစ်နိတက်စ်'၏ မှော်စွမ်းအားပါဝင်သည့်နှလုံး။ ဤနှလုံးတွင် အဆုံးမရှိလုနီးပါး မှော်အစွမ်းရှိပြီး နှလုံးအစားထိုးမှု အောင်မြင်ပါက 'ငရဲမီး' ဝိသေသ လက္ခဏာကို ရရှိပါမည်။
ဈေးနှုန်း : ဒင်္ဂါး ၁,၅၀၀,၀၀၀
Stock : သိပ်မကြာသေးခင်ကပဲ ရောင်းထွက်သွားခဲ့ပါပြီ။]
မျှော်လင့်ထားသည့်အတိုင်း ပစ္စည်းက ရောင်းထွက်သွားခဲ့ချေပြီ။ ပစ္စည်းဇယား၏ နောက်ဘက်တွင် နက္ခတ်များအား ရှင်းပြနေသော ဘီဟွန်းသည် ကျနော့်ကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
[ရူးချင်စရာပဲ။ ရှေးဟောင်းနဂါးနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို မင်းဘယ်လိုဖြစ်ပြီး သိနေရတာလဲ]
“ဒီအတိုင်း ပါးစပ်ထဲရှိတဲ့ နာမည်လှလှလေးတစ်ခုကို ခေါ်ကြည့်လိုက်တာလေ”
[မင်းစကားက လိမ်နေမှန်းအသိသာကြီးကွ]
ပုခုံးကိုသာ ကျနော်တွန့်ပြလိုက်၏။ Ways of Survival မူရင်းဇာတ်လမ်းအရဆိုလျှင် ရှေးဟောင်းနဂါး၏နှလုံး ပိုင်ရှင်သည် ယခုအချိန်တွင် အီတလီမှာ ရှိနေလောက်သည်။ ဤမျှကောင်းမွန်သော ထောက်ပံ့ပေးသူကိုရခဲ့ခြင်းသည် အတော်ပင် ကံကောင်း၏။
နောက်ထပ်ထုတ်ကုန်များကို ကျနော်ရှာကြည့်လိုက်သည်။
[ရှာဖွေမှုနှင့်ဆက်စပ်သော ထုတ်ကုန်များကို ရှာဖွေ၍ပြီးပါပြီ။]
[* မဟာမိစ္ဆာ၏မျက်လုံးများ – ပစ္စည်းလက်ကျန် : ဝ
* အသန့်စင်ဆုံးဓါးစွမ်းအင် – ပစ္စည်းလက်ကျန် : ၁]
မဟာမိစ္ဆာ၏မျက်လုံးများလည်း ရောင်းကုန်သွားပြီပင်။ နက္ခတ်တွေ၏ ဝယ်မှုက အမှန်ပင် မြန်၏။ မည်သို့ပင်ဆိုစေကာမူ ဤပစ္စည်းကို ကျနော်မဝယ်နိုင်ချေ။ ပစ္စည်းရောင်းဈေးက ဒင်္ဂါး ၁သန်းရှိ၏။ ဤပုံစံအတိုင်းဆိုလျှင် ထောက်ပံ့ပေးသူ ရှိနေခြင်းက ကောင်းသည့်ပုံပင်။ ယခုဆိုလျှင် မဟာမိစ္ဆာ၏မျက်လုံးများကို ပိုင်ဆိုင်ထားသော ကိုယ်စားလှယ်က အများကြီးအစွမ်းထက်လာနေလောက်ပြီး ကနဦးဇာတ်ဝင်ခန်းများအား ဖျက်ဆီးနေလောက်ပေပြီ။
[မင်းက ဘာကောင်လဲ။ ဘယ်လိုလှည်ဖြားမှုတွေကို သုံးနေတာလဲ။ ရှာဖွေမှုထဲမှာပဲ ရှာတွေ့နိုင်တဲ့ပစ္စည်းတွေကို ဘယ်လိုဖြစ်ပြီးသိနေရတာလဲ]
"ဖြစ်နိုင်ချေရှိတဲ့နာမည်တွေကို ပြောလိုက်ရုံပါ"
ရှာဖွေခဲ့သည့် ပစ္စည်းသုံးမျိုးထဲ၌ အသန့်စင်ဆုံးဓါးစွမ်းအင် တစ်ခုပဲ ပစ္စည်းလက်ကျန် ရှိ၏။ ထို့အပြင် ဈေးနှုန်းက ဒင်္ဂါး တစ်သောင်းဖြစ်နေသောကြောင့် ဝယ်ဖို့ မတတ်နိုင်ချေ။ ယခုလတ်တလောတွင်တော့ ဝယ်ယူရန်လျာထားသောစာရင်းထဲထည့်ထားလိုက်သည်။
[ဘာ….မင်းက အဲ့ဒီပစ္စည်းကို ဝယ်မှာလား]
"အခုချက်ချင်းတော့မဝယ်ပါဘူး။ ဒီအတိုင်းပဲ လျှောက်ကြည့်နေရုံပါ"
[ချီး။ မင်းက အချိန်ဖြုန်းနေတာပဲ]
"နောက်တစ်ခုဝယ်မယ်၊ အခုပြောတဲ့ပစ္စည်းတွေကို ပြပေးပါ"
ပစ္စည်း အမည်တချို့ကို ကျနော်ခေါ်လိုက်သည်။ ခဏအကြာတွင်တော့ ပစ္စည်းစာရင်း တစ်ခုကျနော့်ရှေ့မှာပေါ်လာ၏။
[*တူရေနဂါး၏ အကျိအချွဲ – ပစ္စည်းလက်ကျန် : ၁၂၄
* ကျောက်ဝက်သိုး၏ဆူးချွန် – ပစ္စည်းလက်ကျန် : ၁၇]
ဤပစ္စည်းများကို ကျနော့်မှတ်ဉာဏ်ထဲမှာရှိသည့် စာရင်းနှင့် ယှဉ်ကြည့်လိုက်သည်။ တူရေနဂါးသည် အီသီယိုဆော၏ အစာဖြစ်ပြီး ကျောက်ဝက်သိုးကတော့ ရေငံမျိုးစိတ်များ၏ ရန်သူတော်ကြီးဖြစ်၏။ လုံးဝကို သေချာပေသည်။ အီသီယိုဆောကိုတိုက်ခိုက်ရာတွင် ဤပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ပြီး အသုံးပြုသည်က အကောင်းဆုံးဖြစ်၏။
"အကျိအချွဲလေးခု၊ ဆူးချွန်လေးခု။ စုစုပေါင်း ဒင်္ဂါး ၈၀၀ပဲ မလား"
[အေး။ ဒါပေမဲ့ အဲ့ဒီလူမသိသူမသိပစ္စည်းတွေကို မင်းက ဘယ်နေရာမှာသုံးမှာလဲ]
"မင်းသိစရာမလိုဘူး"
[ငါဝင်စွက်ဖက်ချင်တာတော့မဟုတ်ပေမဲ့ တခြားတစ်ခုပဲ ဝယ်လိုက်ပါလား။ ဥပမာ ဒီဝေါရုံဓါးတိုက်ကွက်ဆိုရင် မူရင်းဈေးက ဒင်္ဂါး ၈၀၀၀ပေမဲ့ အခုဝယ်ရင် ဒင်္ဂါး ၄၀၀၀နဲ့ ရမှာလေ။ ဒီပစ္စည်းကိုဝယ်လိုက်ရင် အခုရင်ဆိုင်နေရတဲ့ဇာတ်ဝင်ခန်းကို ကျော်ဖြတ်ဖို့ ပိုပြီးအထောက်အကူဖြစ်လိမ့်မယ်]
"ကျေးဇူးပဲ။ ဒါပေမဲ့ ဒင်္ဂါး ၈၀၀ပဲ ကုန်မယ့်ဒီပစ္စည်းတွေပဲ ဝယ်မယ်"
ဘီဟွန်းပုံစံက စိတ်မကျေမနပ်ဖြစ်နေပုံရသော်လည်း ငွေပေးချေမှုကို လက်ခံလိုက်သည်။
[ဒင်္ဂါး ၈၀၀ သုံးစွဲပြီးပါပြီ။]
အမှောင်ထဲတွင် တောက်ပနေသည့် အမှုန်တွေစုဝေးလာပြီး ဆူးရှည်ကြီး ၄ ချောင်းနှင့် အမည်းရောင် အကျိအချွဲ အထုပ် ၄ ထုပ်ပေါ်လာ၏။
[အခုမှ နောင်တရပြီး ပြန်လဲလို့ရတော့ဘူးနော်။ နားလည်ရဲ့လား]
"ငါသိပါတယ်"
ကျနော်ခေါင်းညိတ်လိုက်ပြီး အလုပ်စလုပ်လိုက်သည်။ အပေါ်အင်္ကျီကို ကျနော်ချွတ်ပြီး ခါးမှာစည်းလိုက်ကာ ဆူးချွန်တွေအား အင်္ကျီနှင့်ခါးကြားထဲ ထိုးထည့်လိုက်၏။ အထုပ်တွေကိုတော့ ခါးမှာချိတ်လိုက်သည်။ ကျောက်ဝက်သိုး၏ဆူးချွန်က တိုအေစွန်းထိပ်တွင် ချွန်ပြီး အလျား ၁ မီတာလောက် ရှိ၏။ တစ်စုံတစ်ခုကို ထိုးဖောက်ဖို့ဆိုလျှင် သင့်လျော်သော အရွယ်အစားဖြစ်သည်။
[ဟား…ဒါဆို ငါသွားတော့မယ်။ မင်းနဲ့အတူ ငါနေလို့မရဘူး။ တခြားနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေ ဖြစ်နေတယ်ကွ]
"သွားပါ"
[ဟီးဟီး။ ဒါဆိုကံကောင်းပါစေကွာ။ ဇာတ်ဝင်ခန်းက မင်းကိုကောင်းချီးပေးပါစေ]
ဘီဟွန်းက အလင်းတစ်ခုလိုမျိုး ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်က ပြန်အမှောင်ကျသွားသည်။ ကျနော့်စမတ်ဖုန်း၏ ဖုန်းမီးရောင်ကို သုံး၍ရသော်လည်း ဘတ္ထရီကိုချန်ထားဖို့လို၏။ အမှောင်ထဲတွင် ကျောက်ဝက်သိုး၏ဆူးချွန်ဆီကနေ အပြာရောင်အလင်းလေး ထွက်နေလေသည်။ အလင်းရောင်မှိန်သော်လည်း ယခုအခြေအနေအတွက်တော့ လုံလောက်၏။
ဆူးချွန်တစ်ချောင်းအားထုတ်ပြီး ယမ်းကြည့်လိုက်သည်။ လက်နက်လေ့ကျင့်ခန်း သို့မဟုတ် စစ်သားအားလုံး၏ကိုယ်စားလှယ် အစရှိသော စွမ်းရည်မျိုး ကျနော့်တွင် မရှိသဖြင့် ဆူးချွန်တွေကို ကိုင်ရသည်မှာ အဆင်မပြေလှချေ။
[နက္ခတ်အချို့က ငြီးငွေ့နေပါသည်။]
စိတ်မရှည်သော နက္ခတ်တွေသည် ချန်နယ်ကနေ ထွက်သွား၏။ ထွက်သွားသည်ကို ကျနော်မမြင်ရသော်လည်း ဘီဟွန်းကတော့ ယခုအချိန်တွင် စိတ်ဆိုးနေမှာ သေချာသည်။ ထု့ိနောက် နောက်ထပ် တစ်နာရီကုန်ဆုံးသွား၏။
ညာ၊ ဘယ်၊ အပေါ်၊ အောက်။ ဆူးချွန်ကို ကိုင်တွယ်ရသည်အား အားရလှသည် မဟုတ်သော်လည်း ယခုအခါတွင်တော့ ဆူးချွန်တွေကို ကိုင်တွယ်ရခြင်း၌ ပြဿနာမရှိတော့ပေ။ ဆူးချွန်၏မျက်နှာပြင်က ကြမ်းသဖြင့် ကျနော့်လက်ထဲကနေ ချော်ထွက်မသွားလောက်ဟု ယူဆရသည်။ ယခုစဖို့အချိန်လေပြီ။ သင့်လျော်သော ခွန်အားကိုသုံးပြီး ကျနော့်အပေါ်တွင်ရှိသော အီသီယိုဆောကြီး၏ အစာအိမ်နံရံကို ထိုးထည့်လိုက်၏။
ထင်
ရာဘာနံရံကိုထိုးသလိုမျိုး ဆူးချွန်က ပြန်ခုန်ထွက်သွားသည်။ အီသီယိုဆော၏ အစာအိမ်ကို ဖောက်ရန်အတွက် ကျနော့်လက်ရှိခွန်အားက မလုံလောက်သေးပေ။ စွမ်းရည်သုံးပြီး ထိုးလျှင်လည်း အလားတူပဲဖြစ်မှာသေချာ၏။ ထိုအချိန်မှာပဲ အစာအိမ်နံရံအပေါ်၌ရှိသော အပေါက်သေးသေးလေးတွေ တစ်ပြိုင်နက်ပွင့်လာသည်။ ထို့နောက် အင်မတန်ရွံစရာကောင်းသောအရည်တွေ ကျလာ၏။
"ကူးဝီး"
အစာအိမ်ထဲတွင်ရှိသော ပစ္စည်းတစ်ခုပေါ်၌ မျောပါနေသည့် မိစ္ဆာလူသား တစ်ယောက်ထံကနေ အော်သံထွက်လာသည်။ မိစ္ဆာလူသား၏ အရေပြားတွေ စတင်လောင်ကျွမ်းနေသည်ပင်။ အီသီယိုဆော၏အစာခြေမှု စတင်နေပေပြီ။ အီသီယိုဆော၏အစာခြေရည်တွေက မြစ်ရေနှင့် ရောသွားပြီး ကွန်ကရစ်နှင့် မျောပါနေသောအခြားပစ္စည်းတွေကို အရည်ပျော်စေနေသည်။
အချိန်မရှိတော့ပေ။ သို့သော်ငြားလည်း ဤသည်က စီစဉ်ထားသည့်အတိုင်း ဖြစ်နေခြင်းသာ။ မျောပါနေသောပစ္စည်းကနေ ကျနော်ခုန်လိုက်ပြီး အစာအိမ်နံရံရှိ အဖုလေးတစ်ခုကို လှမ်းဆွဲလိုက်၏။ ထို့နောက် ကျောက်တောင်ကို တက်သကဲ့သို့ အစာအိမ်နံရံတလျောက် စတင်တက်လိုက်သည်။
ဗွမ်း ဗွမ်း ဗွမ်း
အစာခြေရည်ထွက်လာသည့်နေရာက အစာအိမ်နံရံအပေါ်က ဖြစ်၏။ ဆူးချွန်ကို ပါးစင်ဖြင့်ကိုက်ပြီး တူရေနဂါး၏အကျိအချွဲပါသော အထုပ်တစ်ထုပ်ကို ကျနော်ကိုင်လိုက်သည်။ ထူးဆန်းသော အပြာရောင်အရည်တွေကို ကျနော့်လက်ပေါ်လောင်းလိုက်ပြီး ဆူးချွန်တစ်ချောင်းပေါ်မှာ ဂရုတစိုက်ဖြင့် သုတ်လိမ်းလိုက်၏။ ဆူးချွန်၏ အဖျားကနေ အရင်းအထိ သေသေချာချာ ကျနော်လိမ်းနေခြင်းပင်။ မုတ်ဆိတ်ရိတ်ခါနီး မုတ်ဆိတ်ရိတ်ခရင်မ် လိမ်းသလိုမျိုး လိမ်းခြင်းဖြစ်၏။ မုတ်ဆိတ်ခရင်မ်က အရေပြားကို ဓားမထိအောင်ကာကွယ်ပေးသလို အကျိအချွဲတွေက ဆူးချွန်ကို အစာခြေရည်တွေကနေ ကာကွယ်ပေးသည်။
'စလို့ရပြီ'
ဆူးချွန်ကို အစာခြေရည်ထွက်နေသောနေရာဆီ ခပ်ပြင်းပြင်းထိုးထည့်လိုက်၏။ ခွန်အားအပြည့်ဖြင့် ဆူးချွန်ကို တိတိကျကျ ထိုးထည့်လိုက်ပြီးသည့်နောက် အစာခြေရည်တွေက ဆူးချွန်တလျောက် စီးလာပြီး ကျနော့်လက်မောင်းအရေပြားကို အရည်ပျော်အောင် လောင်ကျွမ်းတော့သည်။ ဆိုးရွားသည့်နာကျင်မှုကို ခံစားရေ[သီးသန့်စွမ်းရည် 'Fourth Wall'က နာကျင်မှုအချို့ကိုလျော့ချပေးလိုက်ပါသည်။]
ဗွမ်း ဗွမ်း။ ချုလုလု...
သိပ်မကြာခင်မှာပဲ ဆူးချွန်က အစာခြေရည်ထွက်နေသောနေရာထဲဝင်သွားပြီး ထိုနေရာကို ပိတ်သွားအောင် လုပ်နိုင်ခဲ့၏။
"တစ်ခုပြီးပြီ"
အသက်ကိုပြင်းပြင်းရှုထုတ်ပြီး နောက်ထပ်ဆူးတစ်ချောင်းကို ကျနော်ထုတ်လိုက်သည်။ တူရေနဂါး၏အကျိအချွဲတွေကို ထိုဆူးချွန်ပေါ်၌သုတ်လိမ်းပြီး နောက်ထပ် အစာခြေရည်ထွက်ပေါက်တစ်ခုကို ရှာကာ ပိတ်လိုက်၏။
[နက္ခတ် အချို့က သင်၏အေးဆေးတည်ငြိမ်မှုကို ချီးကျူးနေပါသည်။]
[နက္ခတ်တွေက သင့်ကို ဒင်္ဂါး ၂၀၀ ထောက်ပံ့လိုက်ပါသည်။]
ဤနည်းဖြင့် အပေါက်သုံးပေါက်ကို ကျနော်ပိတ်လိုက်၏။ အပေါက်အချို့ ကျန်သေးသော်လည်း အပေါက်သေးသေးလေးပဲ ကျန်တော့သည်မလို့ အစာခြေရည်တွေ အများကြီးမထွက်တော့ပေ။ ကျနော့်ခါးတွင် ဆူးချွန်တစ်ချောင်း ကျန်သေးသည့်အပြင် အကျိအချွဲ အထုပ် နှစ်ထုပ်လည်းကျန်သေး၏။
ကျန်သော အကျိအချွဲများကို အရေပြားနှင့်အဝတ်အစားတွေပေါ်တွင် သုတ်လိမ်းပြီး နောက်ဆုံးကျန်သောအကျိအချွဲတွေအား လည်ချောင်းထဲသွန်းလောင်းလိုက်၏။
"အွတ်"
လျှာပေါ်က ငါးနံ့သည် အော့အန်ချင်စရာကောင်းေသေသည်ထက်စာလျှင် ပိုကောင်း၏။ ဤခါးသက်မှုက ယခုကစပြီးဖြစ်လာမယ့် ကပ်ဘေးနဲ့ယှဉ်လျှင် ဘာမှ မဟုတ်ပေ။ ငါးမိနစ်လောက်အကြာတွင် အစာအိမ်တစ်ခုလုံးတုန်လာတော့သည်။
...စလေပြီ။
ကီးးးးအီးးးးးး
အီသီယိုဆောကြီးက နာကျင်စွာဖြင့် အော်လိုက်၏။ အစာအိမ်နံရံက သွေးကြောတွေ တွန့်လိမ်ကုန်ပြီး သွေးကြောထဲတွင် ဆူးချွန် ကြီးထွားလာနေသည်ကို အတိုင်းသား မြင်နေရသည်။ အပေါက်တွေထဲရှိ ဆူးချွန်တွေ စတင်ကြီးထွားနေပေပြီ။ အဘယ်ကြောင့်ဆိုသော် ကျောက်ဝက်သိုး၏ဆူးချွန်တွေက ရေငံမျိုးစိတ်များ၏ ကိုယ်ခန္ဓာအရည်တွေနှင့် ထိတွေ့လျှင် ကြီးထွားတတ်ခြင်းကြောင့်ပင်။
အကျိအချွဲတွေကို သုတ်လိမ်းထားသည့်အတွက် အစာခြေရည်၏ဒဏ်ကိုခံနိုင်သော ဆူးချွန်တွေက အနားက အရည်တွေကို စုပ်ယူပြီး အီသီယိုဆော၏ကိုယ်ထဲတွင် အမြစ်တွယ်စပြုလာသည်။ ကျောက်ဝက်သိုး၏ဆူးတွေသည် အီသီယိုဆောကြီး မသေမချင်း ကြီးထားမှုကို ရပ်တန့်မည်မဟုတ်ပေ။
ကျနော့်ခြေထောက်အောက်၌ အရည်တွေ ဝေဝဲ့နေသည်ကိုကြည့်ရင်း ဆူးချွန်တစ်ချောင်းကို တင်းတင်းကိုင်ထားလိုက်သည်။ ကျနော်တတ်နိုင်သမျှ အကုန် လုပ်ပြီးပေပြီ။ ယခုကစပြီး စိတ်ဓာတ်တိုက်ပွဲဝင်ဖို့သာ ကျန်တော့၏။ ကျနော် သို့မဟုတ် အီသီယိုဆောကြီးကတော့ သေရတော့မည်ပင်။ ကျနော်တို့ထဲက တစ်ယောက်သာ အသက်ရှင်တော့မည်ဖြစ်၏။