စာချုပ် (၄)
Vol. 1 Ch. 15
မည်မျှပင် ကြာသွားမှန်းမသိတော့ချေ။ ကျနော့်အသက်ရှုသံတွေ တခါတရံ ရပ်တန့်သလို ဖြစ်သွားပြီး ကြွက်သားတွေကလည်း လှုတ်ရှားဖို့တောင် ခက်ခဲသည်အထိ တောင့်တင်းနေပေပြီ။
[နက္ခတ်အချို့က သင်၏ရှင်သန်လိုစိတ်ကို ချီးကျူးနေပါသည်]
[နက္ခတ်တွေက သင့်ကို ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်သည်။]
သို့ပေငြားလည်း ကျနော်တောင့်ခံထား၏။ ကျနော်ခံနိုင်ပါသည်ဟူသော ယုံကြည်ချက်ဖြင့် တောင့်ခံနေမိခြင်းသာ။ အမှောင်ထဲတွင် ဆူးချွန်ကနေ ထွက်ပေါ်နေသည့်အလင်းက ကျနော် အသက်ရှင်နေသေးတာကို အတည်ပြုပေး၏။ အစာအိမ်နံရံ၏အပူချိန်ကျဆင်းလာသည်အား အတည်ပြုပြီးသည့်နောက် အီသီယိုဆောကြီး သေဆုံးတော့မည်ကို ကျနော်သိလိုက်ရသည်။
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က သင့်စိတ်ဓာတ်ကို ချီးကျူးနေပါသည်။]
[အဆိုပါနက္ခတ်က သင့်ကို ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်သည်။]
ဗိုက်ဆာလာသောအချိန်တွင် ကျနော့်လျှာကို ဆူးချွန်၏ အဖျားနား ထားလိုက်၏။ ဆူးချွန်ကနေထွက်လာသောအရည်၌ အီသီယိုဆောဆီကနေ စုပ်ယူထားသည့် အသက်ဓာတ်တွေပါနေ၏။ အစာအိမ်နံရံကိုမဖျက်ဆီးခင် အကျိအချွဲတွေကို ကျနော်သောက်ခဲ့သည်မှာ ဤအသက်ဓါတ်များကို စုပ်ယူခဲ့ရန်အတွက်သာ ဖြစ်သည်။
[အီသီယိုဆော၏စွမ်းအားကို စုပ်ယူထားသည့်အတွက် သင်၏ ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်မှု အနည်းငယ်တိုးလာပါသည်။]
ယခုချက်ချင်း ကျနော်၏ပျမ်းမျှအဆင့်တွေတက်သွားခြင်း မရှိသော်လည်း အီသိုယိုဆောကိုယ်ထဲကနေ ကျနော်ထွက်လာနိုင်မည့်အချိန်တွင်တော့ ကျနော်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအဆင့်က ၂ဆင့်ခန့် အနည်းဆုံး တိုးသွားလောက်မည်ဟု ယူဆရသည်။ ယခုလိုသောက်သုံးသည့်နည်းလမ်းသည် မြင့်မားသော အဆင့်ကို ရောက်သွားသည့်အချိန်တွင် အလုပ်မဖြစ်လောက်သော်လည်း ဒင်္ဂါးမသုံးပဲ ကိုယ်ခန္ဓာကြံ့ခိုင်မှုကိုတိုးစေနိုင်သော လှည့်ကွက်တွေထဲက တစ်ခုဖြစ်၏။
အမှတ်တကယ်ကို အိပ်မက်မဟုတ်ပေ။ ဤသည်ကကျနော်လုပ်နိုင်သမျှ အားလုံးဖြစ်သည်။ ကျနော်သည် ဇာတ်လိုက်မဟုတ်ပဲ သာမန်စာဖတ်သူ တစ်ယောက်သာ ဖြစ်၏။ ဤအိပ်မက်ဆိုးကြီးကနေ အချိန်မရွေး အိပ်ယာထဲမှ လန့်နိုးတော့မည်ဟု ခံစားနေရသော်လည်း ထိုသို့သော အံ့ဖွယ်ဖြစ်ရပ်က မည်မျှပင် ကျနော်မျက်တောင်ခတ်ခတ် ဖြစ်မလာပေ။
အမေ အဆင်ပြေမှာပါ။ အမေ ဘာမှမဖြစ်လောက်ပါဘူးလေ။ တခြားဘယ်သူ့ကိုမှ စိတ်မပူပေမဲ့ 'အမေ့'ကိုတော့ စိတ်ပူတယ်။
ကြမ်းပြင်ပေါ်ကအရည်တွေကုန်သွားသည့်အခါတိုင်း ကျနော်အိပ်ပျော်သွားသည်။ ထို့နောက် အေးစက်နေသည့်မြစ်ရေတွေပါးစပ်ထဲဝင်လာသောအခါတိုင်း ကျနော်ပြန်နိုး၏။ နောက်ဆုံးတွင်တော့ အီသီယိုဆော၏အစာခြေမှု ရပ်တန့်သွားတော့သည်။ အူတွေ၏အပူချိန်ရုတ်တရက်ကျဆင်းသွားပြီး ပျော့ပျောင်းနေသည့် အစာအိမ်နံရံတွေက တဖြည်းဖြည်းမာလာ၏။ ထို့ကြောင့် သေချာသွားပေပြီ။
အီသိုဆောကြီး သေသွားပြီ။
[မင်းက တကယ်ကိုအရမ်းတော်တာပဲ]
အမှောင်ထဲ၌ အလင်းတစ်ခုထွက်လာပြီး ဘီဟွန်း၏မှုန်ဝါးနေသောပုံရိပ်က လေထဲမှာ မျောနေသည်။
[ဆူးချွန်တွေကိုဒီလိုသုံးတာ... ငါတောင်မတွေးဖူးဘူး။ နက္ခတ်အပေါင်းတို့။ ကျုပ်လိုပဲ ခင်ဗျားတို့လည်း တွေးနေမိပြီမလား]
ဘီဟွန်းက အလင်းနည်းနည်းထွက်နေသော ဆူးချွန်ကိုကြည့်နေ၏။
[ကျောက်ဝက်သိုးတွေဟာ အများအားဖြင့် ပင်လယ်ကမ်းခြေမှာ နေထိုင်ကြပြီး ပင်လယ် ရေသတ္တဝါငယ်လေးတွေကို စားလေ့ရှိကြတယ်။ သူတို့က သားကောင်ရဲ့အရေပြားထဲ ဆူးချွန်တွေကို ထိုးသွင်းတတ်ပေမဲ့ အစာခြေရည်တွေ ထွက်တဲ့နေရာကိုပိတ်ဖို့ ဆူးချွန်တွေကိုသုံးလို့ရမယ်လို့ တွေးတောင်မတွေးမိခဲ့ဘူး]
ဘီဟွန်း၏တောက်ပသောမျက်လုံးတွေက ကျနော့်ကိုကြည့်မနေပေ။ သူပြောနေသည့် စကားတွေကလည်း ကျနော့်ကို ပြောနေခြင်းမဟုတ်။
[နက္ခတ်အချို့က သိထားပြီးသားသကဲ့သို့ ပြုံးနေကြပါသည်။]
[နက္ခတ်တွေက သင့်ကို ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်သည်။]
[နက္ခတ်အချို့က သင်၏ဆုံးဖြတ်ချက်ကို နောက်ကျမှပဲ နားလည်ခဲ့ကြပါသည်။]
[နောက်တစ်ခါကြိုပြောဖို့ နက္ခတ်တွေက တောင်းဆိုနေကြသည်။]
နက္ခတ်တွေ၏စာတွေကို ကျနော်လျစ်လျူရှုပြီး နောက်ဆုံးကျန်သော အရည်ကို သောက်လိုက်၏။
[အီသီယိုဆော၏စွမ်းအားကို စုပ်ယူခဲ့သည့်အတွက် သင်၏ကိုယ်ခန္ဓာကိုယ်ကြံ့ခိုင်မှု အနည်းငယ်တိုးလာပါသည်။]
[သင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုအဆင့် တိုးသွားပါပြီ။]
[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၁ -> ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၂]
ကျနော်ရည်မှန်းထားသည့်အတိုင်း ပြီးမြောက်သွားခဲ့ပေပြီ။ ဘီဟွန်းက ကျနော့်ဆီလာပြီး လောင်ကျွမ်းထားသော ကျနော့်လက်မောင်းကို ကိုင်ကြည့်လိုက်၏။
[တူရေနဂါးရဲ့အကျိအချွဲတွေက ဒီလောက်အထိ ထိရောက်တာကို ငါမသိခဲ့ဘူး]
တကယ်တန်းတွင် ကျနော့်အရေပြားတွေက အီသီယိုဆော၏အစာခြေရည်တွေကြောင့် အရည်ပျော်သွားခဲ့သင့်သည်။ ဘီဟိုင်း၏အဓိပ္ပါယ်မရှိသော စကားတွေကိုရပ်ဖို့ ကျနော်ပြောလိုက်၏။
"တူရေနဂါးရဲ့အကျိအချွဲတွေက အစာခြေရည်တွေကိုခံနိုင်ရည်ရှိတယ်။ အီသီယိုဆောတွေရဲ့ စားတာကို တူရေနဂါးတွေ မကြာခဏ ခံရပြီးတဲ့နောက်မှာ အစာခြေရည်ကို ခံရနိုင်ရည်ရှိဖို့ဆင့်ကဲပြောင်းလဲခဲ့ကြတာလေ"
[နက္ခတ်အချို့က သင်၏အသိပညာဗဟုသုတကို ချီးကျူးနေကြပါသည်။]
ဘီဟွန်းက သစ္စာဖောက်ခံရသကဲ့သို့ မျက်နှာပေးဖြင့် ကျနော့်ကိုကြည့်၏။
[ဟေ့၊ ငါကရှင်းပြရမယ့်သူလေကွာ]
"မင်းမသိလို့ငါဝင်ရှင်းပြတာကွ။ ရှင်းပြတဲ့ကိစ္စက အခုပြီးပြီမလား"
[အေး]
"ဒါဆိုဆုပေးတော့"
[သွေးနထင်ရောက်နေတဲ့ချီးထုတ်]
ဘီဟွန်းဟာ မြည်တွန်တောက်တီးနေစဉ်မှာပဲ ကျနော့်ရှေ့မှာ ဆုမက်ဆေ့ချ်တစ်စောင်ပေါ်လာသည်။
[ဝှက်ထားသော ဇာတ်ဝင်ခန်း ပြီးဆုံးပါပြီ။]
[သင်သည် လျော်ကြေးရှင်းတမ်း ဒင်္ဂါး ၉,၀၀၀ ရရှိပါသည်။]
[သင့်အနေဖြင့် အဆင့်အတန်း ၇ရှိသောမျိုးစိတ်အား ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာအမဲလိုက်နိုင်ခဲ့ပါသည်။]
[သင့်အနေဖြင့် အောင်မြင်မှုဆုလာဘ်အဖြစ် ဒင်္ဂါး ၁,၀၀၀ ရရှိပါသည်။]
ဒင်္ဂါး ၉,၀၀၀ အပေါင်း အပိုဆုဒင်္ဂါး ၁,၀၀၀။ အရမ်းကိုများပြားသည့် ဝင်ငွေပင်။
[လက်ရှိပိုင်ဆိုင်သောဒင်္ဂါးများ : ဒင်္ဂါး ၁၄,၈၀၀]
ကျနော့်၏ရှင်သန်မှုကိုရိုက်ကူးရာကနေ ထောက်ပံ့မှုရရှိခဲ့သော ဒင်္ဂါး ၅၀၀ကိုပါ ထည့်တွက်မည်ဆိုပါက စုစုပေါင်းဝင်ငွေမှာ ဒင်္ဂါး ၁၀,၅၀၀ ရှိသွားခဲ့ပြီဖြစ်၏။ ဤပမာဏသည် ကျနော်မျှော်မှန်းထားသည်ထက်ပင် သာလွန်နေသည်။
[ဟားဟား၊ နက္ခတ်အပေါင်းတို့။ သဘောကျကြရဲ့လား။ နောက်ထပ် ဇာတ်ဝင်ခန်းမစခင် ကြော်ငြာလေး နည်းနည်းကြည့်ကြရအောင်]
ကြော်ငြာတစ်ခု၏ ခပ်တိုးတိုးအသံက တစ်နေရာရာကနေ လွင့်ပျံလာသည်အား ကျနော်ကြားနေရ၏။
အသစ်ဖွင့်မည့်ဇာတ်ဝင်ခန်းပါဝင်သော လက်ဆောင်ထုပ် ဒင်္ဂါး ၈,၈၀၀
နက္ခတ်တွေ၏အကြည့်တွေ ပျောက်သွားသည်နှင့် ဘီဟွန်းက ကျနော့်ကို ဖော်ရွေစွာဖြင့် စကားပြောလာသည်။
[ဟူး…. အရမ်းကောင်းတဲ့ ရှင်သန်ခဲ့မှုပဲ။ နက္ခတ်တွေရဲ့တုံ့ပြန်မှုက အံ့သြစရာတောင် ကောင်းတယ်ကွ]
"အချိန်ဘယ်လောက်ကြာသွားခဲ့လဲ"
[၄ရက်။ ကြည့်နေတုန်းကတော့ တထိတ်ထိတ်ဖြစ်ခဲ့သေးတယ်။ မင်းက အချိန်ကို သတိမထားမိခဲ့ဘူးလား]
"ငါ့ဖုန်းဘတ္ထရီ ကုန်သွားပြီလေ"
ကျနော်ထင်ထားသည်ထက်ပင် အချိန်တွေ ပိုကုန်ခဲ့သည်ပင်။ မူလရည်မှန်းထားသည်က အချိန် နှစ်ရက်သာ။
အင်း၊ ယူဂျွန်ဟော့တောင် လေးကြိမ်မြောက်မှာ အီသီယိုဆောကိုဖမ်းဖို့ အချိန်၄ရက်ယူခဲ့ရသေးတာပဲလေ။ နှေးတယ်လို့ ပြောမရပါဘူး။
'ဘာပဲဖြစ်ဖြစ် ငါလုပ်နိုင်ခဲ့ပြီကွ'
နှစ်လိုဖွယ်ကောင်းသော ခံစားချက်တစ်ခုက ကျနော့်တကိုယ်လုံးတွင် ပျံ ့နှံ့သွားပြီး ယုံကြည်မှုပါ တိုးတက်လာ၏။ ကျနော်သည် သာမန်စွမ်းရည်တွေသာရှိသော သာမန်လူသားဖြစ်သော်လည်း သာမန်လုပ်ရပ်တွေကိုသာ လုပ်နိုင်မည်ဟု မဆိုနိုင်ပေ။
"ရယ်စရာပဲ"
ထူးဆန်းပေသည်။ ကျနော့်အသက်၂၈နှစ်လုံးလုံး အထောက်အကူ မဖြစ်ခဲ့သော ဝတ္ထုတစ်ပုဒ်က ယခုအချိန်တွင် ကျနော့်ကိုတမူထူးခြားအောင်လုပ်ပေးနေ၏။
[အိုး၊ ကိုယ့်ဘာသာကိုယ်စကားပြောနေတာလား]
"..."
[ကောင်းပါတယ်လေ။ ကိုယ်စားလှယ်တစ်ယောက်အတွက် ကိုယ့်ဘာသာကိုယ် စကားပြောဖို့က အရေးကြီးတယ်ကွ။ တချို့သောနက္ခတ်တွေကတော့ မင်းကို သဘောမကျကြပေမဲ့ အများအားဖြင့်တော့…]
"ပါးစပ်ပိတ်ပြီး ဒိုကဲဘီအိတ်ကို ဖွင့်ပေးတော့"
[အိတ်ကိုဘာလို့ဖွင့်ခိုင်းတာလဲ။ တစ်ခုခုဝယ်မလို့လား]
"မဝယ်ဘူး။ ရောင်းမလို့"
[ချီး။ ကြော်ငြာကို ခပ်တိုတိုပဲ ဖြတ်ချပစ်ရတော့မှာပေါ့။ နက္ခတ်အပေါင်းတို့၊ ခဏအေသံအတိုးအကျယ် ညှိလိုက်ဦးမယ်ဗျ]
ဘီဟွန်းဟာ ဒိုကဲဘီအိတ်ကို ဖွင့်လိုက်သည့်အချိန်မှာ နံရံပေါ်တွင် စိုက်နေသည့် ဆူးချွန်များအား ကျနော်ကြည့်လိုက်သည်။ အပေါ်ဆုံးအကာအရံက မာကြောသွားပြီး ဆူးချွန်ပတ်လည်မှာ အက်ကြောင်းတွေပင် ဖြစ်ပေါ်နေ၏။ ထို့ကြောင့် အပေါ်ဆုံး အကာအရံကို ကျနော်၏ခွန်အားနှင့်ပင် ခွဲ၍ရနိုင်ပေပြီ။ တစ်ခုထဲကျန်သော ဆူးချွန်ဖြင့် နည်းနည်းချင်းစီ နံရံကို ခွဲဖြတ်ခဲ့ပြီးသည့်နောက် ပြာနှစ်ရောင်သမ်းနေသည့် အီသီယိုဆော၏ အူတိုင်ကို တွေ့လိုက်ရသည်။
[အီသီယိုဆောရဲ့အူတိုင်ပဲ]
ဤအူတိုင်သည် အဆင့်အတန်း ၇နှင့်အထက်ရှိသော မကောင်းဆိုးဝါးမျိုးစိတ်တွေ၌သာ တွေ့နိုင်သည့် မကောင်းဆိုးဝါးအူတိုင်ပင်။ ဤအူတိုင်များကိုစားပါက ဒင်္ဂါးများကို သုံးစွဲရန် မလိုပဲ ကျနော်၏မှော်စွမ်းအားကို တိုးလာအောင် လုပ်၍ရ၏။ ပင်လယ်ခေါင်းဆောင်အဆင့် အီသီယိုဆော၏အူတိုင်ဖြစ်သောကြောင့် ဤအူတိုင်သည် အရည်အသွေးကောင်းလှသည်။ ဘီဟွန်းက ကျနော့်ကို အံ့အားသင့်နေသည့်ပုံဖြင့် ကြည့်နေစဉ်မှာပဲ အူတိုင်နားက အသားတွေကို ကျနော် ဂရုတစိုက် လှီးဖြတ် နေလေသည်။
"ဒါကိုရောင်းမယ်။"
[မင်းတကယ်ရောင်းမလို့လား]
"ရောင်းရမှာပေါ့။ မင်းကိုရောင်းမှာတော့ မဟုတ်ဘူး။ ဒိုကဲဘီလေလံမှာ ဒီအူတိုင်ကို လေလံတင်မယ်"
ဘီဟွန်းက ကျနော့်ကိုဘာမှမေးဖို့မလိုတော့သည့်ပုံစံဖြင့် လက်ခံလိုက်သည်။
[ဟူး…မင်းလုပ်ချင်သလိုသာ လုပ်တော့။ ဒါကို ဈေးဘယ်လောက်သတ်မှတ်မှာလဲ]
"ဒင်္ဂါးနဲ့မရောင်းဘူး။ ဖလှယ်တာပဲ လုပ်မယ်"
[ချီး။ မင်းက အကုန်လံးသိထားတာပဲ]
ဘီဟွန်းက ညည်းညူရင်း အူတိုင်ကို ဒိုကဲဘီလေလံမှာတင်လိုက်၏။ ဘီဟွန်း၏ ဆန္ဒတွေက ရိုးရှင်းလှသည်။ ဤကောင်သည် ကျနော်ထင်ထားသည်ထက်ပင် နားထောင်ပေးတတ်သူဖြစ်၏။
"ဒါကို ဝယ်မယ့်သူတစ်ယောက်ပေါ်လာမှာပဲ။ အူတိုင်ကို 'ကျိုးပဲ့သောယုံကြည်မှု'နဲ့ပဲ ဖလှယ်မယ် "
[ကျိုးပဲ့သောယုံကြည်မှုဟုတ်လား။ အဲ့ဒီပစ္စည်းကိုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်တော့ ရှိတယ်။ ဘာပဲဖြစ်ဖြစ် မှတ်ပုံတင်လိုက်ပြီ]
"အေး။ ပြီးတော့ ငါဝယ်မယ့်ဟာက..."
ဝယ်ရန်လျာထားသောစာရင်းထဲမှ " အသန့်စင်ဆုံးဓါးစွမ်းအင်"ကို ကျနော် ကြည့်လိုက်သည်။ မည်သူမှ အသန့်စင်ဆုံးဓါးစွမ်းအင်အား မဝယ်ကြသေးပေ။ နက္ခတ်အများစုသည် ဒင်္ဂါးပစ္စည်းတွေ၏ တန်ဖိုးကိုသေချာမသိကြ။ ဒိုကဲဘီအိတ်ထဲက ဈေးကြီးတဲ့ပစ္စည်းတိုင်းက ပစ္စည်းကောင်းတွေ ဖြစ်ချင်မှ ဖြစ်တတ်သည်ပင်။
[ခဏလေး။ မင်းနဲ့ စကားနည်းနည်းလောက် ပြောလို့ရမလား]
ဘီဟွန်းပြောလိုက်သည့်အချိန်မှာ ကြော်ငြာအသံမှာ ပိုကျယ်လာသည်။
[နက္ခတ်တွေက ကြော်ငြာရှည်၍ မကျေမနပ်ဖြစ်နေကြပါသည်။]
နောက်ထပ်ကြော်ငြာတစ်ခုပေါ်လာသည်နှင့် ဘီဟွန်းဘာပြောမယ်ကို ကျနော် သိသွားသည်။
"စာချုပ်ကိစ္စလား"
ကြော်ငြာတွေက ထုတ်လွှင့်မှုကိုပိတ်ပစ်စရာမလိုပဲ နက္ခတ်တွေ၏ မျက်လုံးနှင့် နားတွေကို ဖုံးပစ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။ ယခုကစပြီး ဤဇာတ်လမ်းသည် နက္ခတ်တွေအတွက် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမည် မဟုတ်တော့ချေ။
[ဟုတ်တယ်။ ငါ့ဘက် မသေချာပဲ ဖြစ်ခဲ့ပေမဲ့ ဒီဇာတ်ဝင်ခန်းပြီးသွားတော့ လုံးဝကို သေချာသွားခဲ့တယ်။ ကဲ... တစ်ခါလောက်စမ်းကြည့်ရအောင်။ ငါမင်းကို နည်းနည်းကူညီပေးနိုင်ပါတယ်]
"ငါ့ကိုကူညီတာက ထုတ်လွှင့်သူရဲ့ကတိကဝတ်ကိုချိုးဖောက်သလိုရော ဖြစ်မနေဘူးလား?"
[ဒါပေါ့။ မင်းကို ငါကူညီပေးလို့တော့ ရမှာမဟုတ်ဘူး။ ငါက စကားအဖြစ် ကူညီမယ်ပဲ ပြောတာ။ စာချုပ်မှာ လက်မှတ်ထိုးမယ်မလား]
"ဘယ်လိုသဘောတူညီချက်မျိုး စာချုပ်မှာပါမလဲ"
[စာချုပ်ကိုသာ ဖတ်ကြည့်လိုက်]
ဒိုကဲဘီက အထူးတလှယ်ပြင်ဆင်ထားသည့် စာချုပ်တစ်စောင်ကိုထုတ်ယူလိုက်သည်။ လေထဲ၌ ဖောက်မြင်ရသော ဖန်သားပြင်ကဲ့သို့ ပေါ်လာသော စာချုပ်ကို ကျနော် ဖတ်ကြည့်လိုက်၏။
---
[ထုတ်လွှင့်မှုစာချုပ်သဘောတူညီချက်]
၁။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် စာချုပ် ချုပ်ဆိုခံ ဘီဟွန်းနှင့် ဇာတ်ဝင်ခန်းလမ်း အားလုံးပြီးဆုံးသည်အထိ သို့မဟုတ် သေဆုံးသည်အထိ သီးသန့် စာချုပ်ကို ချုပ်ဆိုမည်။
---
"ငါက စာချုပ်ချုပ်ဆိုသူနေရာလား"
[ဟားဟား၊ လူတွေက စာချုပ်ချုပ်ဆိုသူနေရာမှာနေရတာကို ကြိုက်တယ် မဟုတ်ဘူးလား။ စာချုပ်ချုပ်ဆိုသူဖြစ်ဖြစ်၊ စာချုပ်ချုပ်ဆိုခံဖြစ်ဖြစ် ဘာအဓိပ္ပါယ်မှ ရှိနေတာမဟုတ်ဘူး။ ဆက်ပြီးပဲ ဖတ်ပါ]
---
၂။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် ဇာတ်ဝင်ခန်းအားလုံး ပြီးဆုံးသည်အထိ သို့မဟုတ် သေဆုံးသည်အထိ မည်သည့်ထောက်ပံ့သူကိုမှ ရွေးချယ်မည်မဟုတ်ပါ။
---
ဤအချက်ကလည်း စာချုပ်ထဲပါမည်ဟု ကျနော်မျှော်မှန်းထားသည့်အချက်ပင်။
---
၃။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ် ကင်ဒေါ့ဂျာနှင့် စာချုပ် ချုပ်ဆိုခံ ဒိုကဲဘီ ဘီဟွန်း၏ ရုပ်သံချန်နယ်လိုင်းတွင်သာ တက်ကြွစွာပါဝင်ရမည်။
၄။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ် ကင်ဒေါ့ဂျာ နှင့် စာချုပ် ချုပ်ဆိုခံ ဒိုကဲဘီ ဘီဟွန်းတို့သည် ထုတ်လွှင့်မှုစာချုပ်မှရရှိသော အကျိုးအမြတ်ကို ခွဲဝေမည်ဖြစ်ပြီး ဤအချိုးကို အပြန်အလှန်ညှိနှိုင်းမှုဖြင့် သတ်မှတ်မည်။
......
၁၀။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ် ကင်ဒေါ့ဂျာ နှင့် စာချုပ် ချုပ်ဆိုခံ ဒိုကဲဘီ ဘီဟွန်းတို့သည် ဤစာချုပ်ကိုချိုးဖောက်ပါက ကြယ်တာရာရုပ်သံထုတ်လွင့်မှုှ ၏ ဥပဒေများအရ ဖျက်ဆီးခြင်းခံရမည်။
---
နောက်ဆုံးအချက်အထိ စာချုပ်ကို ကျနော်သေချာဖတ်ကြည့်လိုက်သည်။ ကျနော့်ကို ဘီဟွန်းလှည့်စားလောက်မည်ဟု ထင်ခဲ့သော်လည်း လှည့်စားထားသည့်အပိုဒ်ကို မတွေ့ရပေ။ တစ်ခုတော့ ကျန်သေး၏။
"အရေးအကြီးဆုံးအပိုင်းကျန်သေးတယ်"
[မင်း ဘာကိုဆိုလိုတာလဲ။ သဘောတူတယ်လို့ပြောရုံပဲလေ။ ထုတ်လွှင့်မှုစာချုပ်က ဝိညာဉ်ကတိတစ်ခု—]
"ငါပြောနေတာက အကျိုးအမြတ်ခွဲတမ်းအကြောင်းကွ"
[အ-အာ။ ဟားဟား။ မှန်တာပေါ့]
အကျိုးအမြတ်ခွဲတမ်းအကြောင်းသည် အရေးကြီးဆုံးအပိုင်းဖြစ်မှန်း ဤကောင် မသိပဲ မနေပေ။
[တစ်ဝက်စီခွဲကြမယ်ဆိုရင် ဘယ်လိုသဘောရလဲ။ ငါ့လိုင်းကြေးကို မကောက်ပဲ နေပေးမယ်လေ။ အာ…ဘယ်လိုတွက်ရလဲ မင်းတွက်တတ်ရဲ့လား။ နောက်ပိုင်း မင်းရမယ့်လှူဒါန်းငွေတွေကိုပါ ဒီအချိုးအတိုင်းအတိအကျခွဲကြမယ်။ ဥပမာ မင်းက ဒင်္ဂါး၁၀၀ရရင် မင်း ၅၀ ၊ ငါ ၅၀ ရမယ်]
ထုတ်လွှင့်မှုစာချုပ်အားလုံးက ဤသို့သာပင်။ နက္ခတ်တွေက ကိုယ်စားလှယ်တွေကို ဒိုကဲဘီ၏ချန်နယ်မှာ ပြသစေပြီး ရရှိလာမည့် အခြားသော နက္ခတ်တွေထံမှ လှူဒါန်းငွေတွေကို ရာခိုင်နှုန်းဖြင့် ခွဲဝေကြခြင်း ဖြစ်သည်။ ဤသို့ခွဲဝေကြသည်မှာ ပုံမှန်ပေ။
"ငါ့ကိုအလွယ်တကူလှည့်စားနိုင်မယ်လို့ထင်နေတာလား။ ငါမလက်ခံဘူး"
[ဘာဖြစ်တယ်။ ဒါ-ဒါက လုပ်ငန်းရဲ့ပုံမှန်ခွဲဝေနှုန်းပဲလေ]
"ငါက ထောက်ပံ့သူမရှိတဲ့ကိုယ်စားလှယ်ကွ။ ထောက်ပံ့သူမရှိတဲ့ ကိုယ်စားလှယ်ကို လှူတဲ့အခါမျိုးမှာ လှူဒါန်းတဲ့နက္ခတ်တွေဟာ ဒိုကဲဘီကိုကြီးမားတဲ့ အခကြေးေပေးရတယ်။ ငါ့ကြောင့်မင်းအများကြီးပျော်နေပြီးသားပဲလေ"
ဘီဟွန်း၏ပါးစပ်က အဟောင်းသားဖြစ်သွားသော်လည်း ဤသို့သော အမူအရာမျိုး လုပ်ပြနေလည်း ထူးမည်မဟုတ်ချေ။
"၁၀:ဝ။ မင်းက ကော်မရှင်ပဲရမယ်။ မင်းကို ငါ ဒင်္ဂါးတစ်ပြားမှပေးမှာ မဟုတ်ဘူး"
[လုံးဝကို အဓိပ္ပါယ်မရှိဘူးလေ... ၇:၃ ဆိုရင်ရော]
အချိုးက ကြီးကြီးမားမားပြောင်းသွားသော်လည်း ကျနော်မလျှော့ပေးချေ။
"၁၀:ဝပဲ"
[လုံးဝကိုစောက်အဓိပ္ပါယ်မရှိလိုက်တာကွာ။ မဖြစ်နိုင်တဲ့ နှုန်းထားကြီး]
"မဖြစ်နိုင်ဘူးထင်ရင်လည်း လက်မခံနဲ့။ တခြားချန်နယ်ကိုပဲ ငါသွားတော့မယ်။ 'ဂျီဒဲလ်'ရဲ့ချန်နယ်ကလည်း အခုတလော ပရိသတ်များများရနေတယ်မလား။ သူ့ကိုမေးကြည့်ရမယ်"
[၈:၂။ ဒီထက်တော့ ပိုမလျှော့ပေးနိုင်တော့ဘူး]
"၁၀:ဝပဲ"
[······]
ဘီဟွန်း၏ မျက်နှာက ခြိမ်းခြောက်သည့်ဟန် ပြောင်းသွားပြီး ကျနော့်ခေါင်းအချိန်မရွေး ပေါက်ကွဲသွားနိုင်သကဲ့သို့ စိုက်ကြည့်နေလေသည်။ သို့သော် ကျနော်သိ၏။ သူသည် ဤစာချုပ်ကို မည်သို့မှ စွန့်လွှတ်နိုင်မည်မဟုတ်ချေ။ ကျနော်၏တည်ရှိမှုက သူ့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်နေခြင်းကြောင့်သာ။
"ကြော်ငြာပြီးဆုံးတော့မယ်။ နက္ခတ်တွေ မကျေမနပ်ဖြစ်နေတာကို မင်းမမြင်ဘူးလား"
နောက်ဆုံးတွင်တော့ ဘီဟွန်းလက်လျှော့လိုက်ရ၏။
[ချီး။ ငါနားလည်ပါပြီ။ ဒါဆို စာချုပ်မှာ လက်မှတ်ထိုးတော့မလား]
ကျနော်ထင်ထားသည်ထက်ပင် လွယ်လွယ်ကူကူ လက်လျှော့လိုက်ခြင်း ဖြစ်၏။ အမှန်တကယ်တန်းတော့ ၉:၁ဟု ပြောလာလျှင် ကျနော်လက်ခံပေးမလို့ပင်။
ဒီကောင်က ငါမှန်းထားတာထက်ပိုပြီးရထားတာလည်းဖြစ်နိုင်တယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။
"အေး။ နောက်ထပ်တစ်ခု ကျန်သေးတယ်"
[ဘာ။ ဘာကျန်သေးတာလဲ]
"ကြိုတင်ငွေချေမှုအနေနဲ့ ဒင်္ဂါး ၅,၀၀၀ မင်းဘက်က ပေးရမယ် "
ဘီဟွန်း၏ မျက်နှာတင်းသွားသည်။
[မင်း-မင်းက တကယ်ကို...]
ကျနော် ရယ်လိုက်၏။ လူသားလောကတွင် စာချုပ် ချုပ်ဆိုသူနေရာက အဘယ်ကြောင့် ပိုအလေးပေးခံရသည်ကို ဤချီးထုတ်ဒိုကဲဘီသိအောင် ကျနော်လုပ်ပေးရပေမည်။
[ထုတ်လွှင့်မှုစာချုပ်သဘောတူညီချက်ပြီးမြောက်ပါပြီ။]
[သင့်အနေဖြင့် ကြိုတင်ငွေပေးချေမှု ဒင်္ဂါး ၅,၀၀၀ ရရှိပါပြီ။] ှ
ကြော်ငြာပြီးသွားသည့်နောက် နက္ခတ်တွေပြန်ရောက်လာသည်။ ထို့နောက် ဒိုကဲဘီ၏ ပခုံးကို ကျနော်ပုတ်လိုက်ပြီး ပြောလိုက်၏။
"ဒီကနေထွက်ကြရအောင်"
ယခု တကယ့်စတင်မှု စပေပြီ။