ကြောင်သူတော်၏စကားများ (၁)
Vol. 2 Ch. 16
ကြယ်တာရာတွေဖြင့်ပြည့်နှက်နေသည့် မိုးကောင်းကင်၌ ဥက္ကာခဲမိုးရွာသွန်းနေသည်။ မည်သူမဆိုအံ့အားသင့်သွားလောက်သည့်မြင်ကွင်းဖြစ်သော်လည်း ယူဂျွန်ဟော့အတွက်တော့ အံ့အားသင့်စရာမဟုတ်ချေ။
「စနေပြီ」
ဥက္ကာခဲမိုးရွာသွန်းမှုက တတိယမြောက် အဓိကဇာတ်ဝင်ခန်းစတင်မည့် အရိပ်အယောင် ဖြစ်၏။ ယခုဆိုလျှင် ဆိုးလ်မြို့သည်ဇာတ်ဝင်ခန်းအရ တစ်စစီပျက်စီးသွားတော့မည်ပင်။ ယူဂျွန်ဟော့က မိုးကောင်းကင်ကိုမော့ကြည့်ပြီးနောက် ဟန်မြစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အီသီယိုဆောအုပ်ကြီး မြစ်အောက်ကို မကြာသေးခင်က ရွေ့သွားခဲ့ပြီးချိန်ကစပြီး ဒေါင်းဟိုတံတားနားက မြင်ကွင်းတွေက တော်တော်လေး အေးစက်နေခဲ့သည်။
「ငါတောင်းဆိုတာတော်တော်ကို များသွားခဲ့ပြီထင်တယ်」
ကင်ဒေါ့ဂျာ ဟန်မြစ်ထဲကျသွားတာ ၃ရက်ရှိနေပေပြီ။ ပထမဇာတ်ဝင်ခန်းပြီးသည်နှင့် အီသီယိုဆောတစ်ကောင်ကို ရင်ဆိုင်ရန် တောင်းဆိုခဲ့မိသည်က အတော်ကို လွန်သည်ဟု ပြော၍ရနိုင်၏။
「ငါတောင် သုံးရက်အတွင်း အီသီယိုဆောတစ်ကောင်ကို ဖမ်းဖို့ ခက်မှာပဲ」
သို့သော် ဤမျှလောက်အထိ ကင်ဒေါ့ဂျာမလုပ်နိုင်ပါက ကင်ဒေါ့ဂျာကို အတူ ခေါ်သွားရန် မဖြစ်နိုင်ပေ။ ဤမျှတောင် အစွမ်းအစမရှိလျှင် ယူဂျွန်ဟော့အတွက် အနှောက်အယှက်သာ ဖြစ်လာပေလိမ့်မည်။
「ပရောဟိတ်ဖြစ်လည်း အရေးမပါပါဘူးလေ」
ယူဂျွန်ဟော့ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးတွေမှိတ်လိုက်၏။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်တောင် မရှိဘဲ တစ်ယောက်တည်း ထပ်ပြီး သွားရပေတော့မည်။ ပြဿနာတော့ မရှိလှ။ သူသည် တချိန်လုံး တစ်ယောက်တည်း ဖြစ်နေကျပင်။
「ဒီတစ်ခါတော့ငါပြောင်းလဲပစ်မယ်」
ယူဂျွန်ဟော့လှည့်ထွက်လိုက်၏။ သို့သော် သူလှည့်ထွက်မိသည်က အရမ်းကို စောလွန်းသွားခဲ့သည်ဟု ပြောရလိမ့်မည်ထင်သည်။
…………………………………………………………………………………………………………..
"နေဦး"
[ဘ-ဘာလဲ]
မျက်တောင်အကြိမ်ကြိမ်ခတ်ကြည့်သော်လည်း မီးခိုးရောင်ဖြူဖြူမျက်နှာကျက်ကိုသာ ကျနော်နေရ၏။ အီသီယိုဆော၏ဗိုက်ထဲမှာသာ ကျနော်ရှိနေဆဲပင်။ ကျနော့်ခေါင်းကို လှည့်ကြည့်လိုက်တော့ အံ့အားသင့်နေတဲ့ဘီဟွန်းကိုမြင်လိုက်ရသည်။
"ငါအိပ်မက်တစ်ခုမက်ခဲ့တယ်ကွ "
[အိုး။ စိတ်ဝင်စားအောင် လာပြောနေတာလား။ အိပ်မက်က မဆိုးဘူးမလား]
စိတ်ဝင်စားအောင် ပြောပြနေခြင်းမဟုတ်ပဲ နားလည်မှု လွဲသွားခဲ့သော်လည်း ကျနော် အရေးမစိုက်ပေ။
[နက္ခတ်အချို့က သင့်ကို နောက်ထပ်တစ်နေရာဆီ အမြန်ဆုံး သွားစေချင်နေပါသည်။]
ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက် အဲလိန်းတောအုပ်၏ဇီဝစွမ်းအားကို ဒင်္ဂါး၅၀၀ဖြင့် ဝယ်လိုက်သည်။ ပင်ပန်းနွမ်းနယ်နေချိန်တွင် လှုတ်ရှားပါက အန္တရာယ်ရှိနိုင်သည်ဟု ထင်၏။ နှစ်နာရီမျှ အိပ်စက်ရုံဖြင့် အဲလိန်းတောအုပ်၏ဇီဝစွမ်းအားသည် ပင်ပန်းမှုတွေကို အမြန်ဆုံးသက်သာစေပြီး ဒဏ်ရာတွေကိုကုသပေးနိုင်သည်။ တနည်းအားဖြင့်ဆိုရလျှင် အဲလိန်းတောအုပ်၏ဇီဝစွမ်းအားသည် ဈေးကြီးသော ပစ္စည်းတစ်ခုပင်။
"ငါတကယ်ကိုထွက်နေချင်နေပြီ "
ကိုယ့်ဘာသာကိုယ်ပြောရင်း ကိုယ်ခန္ဓာကို ဆန့်လိုက်သည်။ စောနက မက်ခဲ့သောအိပ်မက်ကို ယခုအထိ ရှင်းရှင်းလင်းလင်း ပြန်မြင်ယောင်နေမိ၏။ အိပ်မက်မဟုတ်ဘူးလို့တောင် ထင်မိလေသည်။
ဂျွီ
လျှပ်စစ်လက်သွားသံတစ်ခုကို ကြားလိုက်ရပြီး တစ်ခွန်းမှမပြောဘဲ ဘီဟွန်း ပျောက်သွား၏။ သူ့အလုပ်ကို သွားလုပ်တာပဲ ဖြစ်မည်။ စိတ်သက်သာရာရစွာဖြင့် ကျနော်သက်ပြင်းချလိုက်၏။ ဒိုကဲဘီနှင့် ချုပ်ဆိုခဲ့သော ထုတ်လွှင့်မှုစာချုပ်။ Ways of Survivalဇာတ်လမ်းကနေ ဘီဟွန်းအကြောင်းမသိခဲ့ဘူးဆိုပါက ဤသို့စာချုပ် ချုပ်ဆိုခြင်းကို လောင်းကြေးထပ်ပြီး ကျနော်လုံးဝမချုပ်ဆိုရဲလောက်ချေ။
သို့သော် အံ့အားသင့်ဖွယ်ကောင်းလှအောင် အေးဆေးစွာဖြင့် စာချုပ်ကို ကျနော် ချုပ်ဆိုခဲ့၏။ ယခင်ကဆိုလျှင် ကျနော်ချုပ်ဆိုခဲ့သော စာချုပ်များက ကျနော့်အတွက် အရှုံးချည်းသာ။
[သီးသန့်စွမ်းရည် 'Fourth Wall'ကို အသုံးပြုနေပါသည်။]
အိပ်မက်က တကယ့်အစစ်ဖြစ်နေခဲ့၏။ ဆူးချွန်ကိုကိုင်ထားသည့် ညာဘက်လက်ထဲ ခွန်အားကို ကျနော်ထည့်သွင်းလိုက်သည်။ ဤကမ္ဘာသည် လက်တွေ့အစစ်အမှန် ဟုသာ ကျနော်တကယ်တွေးလိုက်၏။
[နက္ခတ်အချို့က သင့်ကို လှုတ်ရှားစေချင်နေပါသည်]
မည်သို့ပင်ဆိုစေကာမူ စိတ်ပူနေရန် ကျနော့်၌ အချိန်မရှိချေ။ အေစာအိမ်နံရံဆီ ဆူးချွန်ကို အပြင်းအထန်လွှဲရမ်းလိုက်သည်။ တချိန်တည်းမှာပဲ တစ်စုံတစ်ခုပြိုကျသံနှင့်အတူ ရေတွေထွက်လာ၏။ ကျနော်ဟန်မြစ်ထဲ ထွက်သွားတော့သည်။
"ဖူး"
ကံကောင်းသည်မှာ အခြားအီသီယိုဆောများ ရှိမနေခြင်းပင်။ ပင်လယ်ရေ သတ္တဝါငယ်လေးတွေက စူးစမ်းချင်စိတ်ဖြင့် ချဉ်းကပ်လာသော်လည်း ရန်လိုမှုကို မခံစားရ။ ပင်လယ်ရေသတ္တဝါတိုင်းက လူတွေကို တိုက်ခိုက်တတ်ကြခြင်း မဟုတ်ကြပေ။ ဒေါင်းဟိုတံတားကတော့ ဟိုဘက်မှာ ရှိနေ၏။ အီသီယိုဆောအလောင်း၏ အစိတ်အပိုင်းတစ်ခုကို ဘောကွင်းသဖွယ်အသုံးချပြီး ကုန်းမြေရှိရာသို့ ကျနော်ရေကူးသွားလိုက်သည်။ အေးစက်သည့်ရေကြောင့် အရေပြားတွေ အေးသွားသော်လည်း ကျနော်စိတ်မပူပေ။ မိနစ်၃၀ခန့်မျှ ရေကူးပြီးသည့်အခါ မြေပြင်ကို လက်ဖြင့်ထိမိတော့သည်။
[နက္ခတ်အချို့က သင့်ကိုကိုစိုးရိမ်စွာကြည့်နေပါသည်။]
ပုံမှန်ဆိုလျှင် ဤမက်ဆေ့ချ်ပေါ်ပြီးသည်နှင့် အန္တရာယ်တစ်ခုခု ကျရောက်လာမည်ပင်။
[' မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်က ဆိုးယုတ်သော အပြုံးတစ်ခုကို ပြုံးလိုက်ပါသည်။]
နက္ခတ်တွေအတွက် ဝမ်းနည်းစရာဖြစ်သော်လည်း ကျနော့်အတွက် ဆိုးရွားသည့် အရာတစ်ခု မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အန္တရာယ်များကို ကျနော် ကြိုသိထားပြီးဖြစ်၏။
[ဒုတိယမြောက် အဓိကဇာတ်ဝင်ခန်းနယ်မြေထဲကိုဝင်ရောက်သွားပါပြီ။]
[ဇာတ်ဝင်ခန်းနယ်မြေအတွင်းက မြေပြင်သည်အလွန်ညစ်ညမ်းနေပါသည်။]
[အသက်ရှူမှုကိုထိန်းချုပ်ပြီး အမြန်ဆုံးမြေအောက်သို့ဆင်းပါ။]
မက်ဆေ့ချ်က ယခုလိုပြောနေသော်လည်း ဤဇာတ်ဝင်ခန်းစစချင်းကတည်းက မြေပြင်ပေါ်တွင် ကျနော်ရှိမနေခဲ့သင့်ချေ။ အဘယ်ကြောင့်နည်း။ ကျနော့် အရေပြားကိုသာ ကြည့်သင့်သည်။
[အဆိပ်မြူတစ်ခုဖြင့် သင်သည် ထိတွေ့မိပါသည်။]
ခရမ်းရောင်မြူနှင့် ထိမိသည့် အရေပြားတွေ မည်းသွား၏။ မြူ၏ရင်းမြစ်ကို မျက်လုံးဖြင့်ကြည့်လိုက်သည့်အခါ ကြောက်မက်ဖွယ်အော်သံတွေနှင့်အတူ သတ္တဝါကြီးတစ်ကောင်ကိုမြင်လိုက်ရ၏။ အလျား ၃၀မီတာကျော်သော ဧရာမ သတ္တဝါကြီးပင်။ ဤမြူတွေက အဆင့်အတန်း၇ရှိသော မကောင်းဆိုးဝါး 'မဟာအဆိပ်ကြံ့ကြီး'အီးပေါက်လိုက်ရာမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။
ကြံ့ကြီးသည် နှာမှုတ်ပြီး မြူထဲရှိ သတ္တဝါကြီးတစ်ကောင်နှင့် ရင်ဆိုင်နေသည်။ သတ္တဝါကြီး၏အရိပ်အရ ဤသတ္တဝါကြီးသည် ပိုးကောင်ဘုရင်မျိုးစိတ် ဖြစ်လောက်၏။ ဤကမ္ဘာသစ်၌ရုန်းကန်နေရသည်မှာ လူသားတွေသာ မဟုတ်ဘဲ သတ္တဝါတွေကလည်း သူတို့၏ အိမ်အတွက် တိုက်ခိုက်နေကြသည်။ အသက်ကို တတ်နိုင်သမျှအောင့်ထားရင်း ကျနော် လှုတ်ရှားလိုက်၏။
ဤသတ္တဝါများသည် အီသီယိုဆောကြီးကဲ့သို့ အဆင့်အတန်း ၇ရှိသော သတ္တဝါတွေဖြစ်သော်လည်း သူတို့နှင့် ယခု ကျနော်မရင်ဆိုင်နိုင်သေးချေ။ ပင်လယ်ခေါင်းဆောင်ကြီးကို သတ်နိုင်ခဲ့သည်မှာလည်း ကျနော်ကြိုတင် ပြင်ဆင်ခဲ့၍သာ။
[သင်သည် အဲလိန်းမျောက်၏အဆုတ်ကို အသုံးပြုလိုက်ပါသည်။]
မျောက်၏အဆုတ်က လေသန့်စင်စက်နေရာတွင် မိနစ်၂၀ခန့် တာဝန်ယူပေးနိုင်၏။
[နက္ခတ် အချို့က သင်၏ကြိုတင်ပြင်ဆင်မှုကိုချီးကျူးနေပါသည်။]
မြေပြင်ပေါ်ရှိ အုဆူးဘူတာသည် ပျက်စီးနေခဲ့ပေပြီ။ ဤနေရာနှင့် အနီးဆုံး မြေအောက်ဘူတာက 'ဂူမိုဘူတာ'ဖြစ်၏။ တခြားသူတွေလည်း ဂူမိုဘူတာသို့ သွားကြလောက်ပြီဟု ယူဆရသည်။ အလောင်းတွေကို စားနေသော သတ္တဝါငယ်လေးတွေကို ရှောင်ရှားရင်း ကျနော် အမြန်သွားလိုက်၏။ ကျနော့်တွင် အချိန် မိနစ်၂၀ခန့်သာရှိသောကြောင့် ပစ္စည်းတွေကိုရှာရင်း အမြန်ဆုံး သွားရပေမည်။
ပထမဆုံးလိုအပ်သည်က အဝတ်အစားတွေဖြစ်၏။ ကျနော့်အဝတ်က အီသီယိုဆော၏ အစာခြေရည်ဖြင့် အရည်ပျော်သွားခဲ့သော်ကြောင့် အဝတ်အစားအသစ်ကို လိုအပ်နေသည်။ တကယ်တန်းတွင် လက်ရှိပတ်ဝန်းကျင်ရှိ အလောင်းတွေက အဝတ်အစားတွေကို ယူလိုက်၍ရသော်လည်း စိတ်ထဲမသက်မသာဖြစ်မိ၏။
...မတတ်နိုင်ပေ။ အလောင်းတချို့ကိုရှာပြီး ကျနော့်ခန္ဓာကိုယ်နှင့် တော်သော အဝတ်တွေကို ကောက်ယူလိုက်သည်။ ထို့နောက် အနီးရှိ စတိုးဆိုင်တစ်ခုဆီ သွားကာ တွေ့သည့် ပလတ်စတစ်အိတ်ကိုယူပြီး မြင်မြင်သမျှ အစားအစာတွေကို ထည့်လိုက်သည်။ မြေအောက်သို့ရောက်လျှင် အစားအစာတွေက တန်ဖိုးရှိသော ဖလှယ်စရာပစ္စည်းတွေ ဖြစ်လာနိုင်ပေသည်။
ပလတ်စတစ် သုံး၊ လေးအိတ်ကို ကျနော်အပြည့်ဖြည့်ပြီးသွားခဲ့ပြီ။ မျောက်၏အဆုတ် အရောင်သည်လည်း တဖြည်းဖြည်းမည်းတက်လာပုံပင်။ ကျနော့်အတွက် အချိန် သိပ်မကျန်တော့။ ထိုအချိန်၌ လူတစ်ယောက်၏ အသံကိုကြားလိုက်ရတော့သည်။
"ကယ်….ကယ်ကြပါဦး "
လူတစ်ယောက်အသက်ရှင်လျက် ရှိနေခြင်းပေလော။ ထောင့်တစ်နေရာ၌ အမျိုးသမီးတစ်ယောက် လဲကျနေလေသည်။ အဆိပ်သင့်မှုက အရေပြားကိုပါ အရောင်ပြောင်းလဲသွားပုံရသော်လည်း ထိုအမျိုးသမီး၏ မျက်နှာပေါ်က နှာခေါင်းစည်းကြောင့် အဆိပ်မိသော အခြေအနေက သိပ်မပြင်းထန်လောက်ပေ။ ထိုအမျိုးသမီး၏ ဂျာကင်အပေါ်ပိုင်းက ကျွတ်နေပြီး စကတ်က အနည်းငယ်စုတ်ပြဲနေ၏။
"အဆင်ပြေရဲ့လား။ ထရော ရပ်နိုင်လား"
"အား..."
Ways of Survival၌ ထိုကဲ့သို့ အပိုဇာတ်ကောင်တစ်ကောင်ရှိနေခဲ့သည်လော။ အနီးကပ်လေ့လာကြည့်ချင်သော်လည်း အချိန်မရှိတော့ပေ။ ထိုအမျိုးသမီးကို ကောက်ချီပြီး ဂူမိုဘူတာဆီသို့သာ ကျနော်ဆက်ပြေးသွားလိုက်၏။ လမ်းသွယ်တစ်ခုကို ချိုးပြီး မျဉ်းဖြောင့်အတိုင်း ဂူမိုဘူတာဆီဆက်ပြေး၏။ ဘူတာဆီရောက်ရန် မီတာ ၁၀၀သာ လိုတော့သည်။
အသက်ကိုရှူသွင်းပြီး ခွန်အားတွေကို စုစည်းလိုက်၏။ အဝေး၌ ထွက်ပေါက် ၃ ဆိုင်းဘုတ်ကို မြင်နေရသည်။
ပိတ်နေပါလား။ ဒါဆို ဟိုဘက်အခြမ်းမှာရော…
ကပ်ဘေးသင့်နေသောကြောင့် မီးလောင်ကာတံခါးများ ပိတ်ကျခဲ့သောကြောင့် ထွက်ပေါက်အားလုံး ပိတ်နေပေပြီ။ ဆူးချွန်ဖြင့် ခွဲဖြတ်၍ရသော်လည်း အထဲက လူတွေကို ထိခိုက်သွားနိုင်၏။
"ထွ-ထွက်ပေါက် ၄..."
ကျနော်ချီလာသော အမျိုးသမီးက ကျနော့်အတွက် ထင်မှတ်မထားပဲ အကူအညီဖြစ်စေနေသည်။ ထွက်ပေါက် ၄ဆီသို့ ကျနော်ပြေးသွားလိုက်၏။ ထို့နောက်တွင်တော့ အောက်သို့ဖြည်းဖြည်းချင်းပိတ်ဆင်းနေသော မီးလောင်ကာ တံခါးတစ်ခုကို မြင်လိုက်ရ၏။ ပိတ်ဆင်းနေသော မီးလောင်ကာတံခါးအောက်ထဲ ဆူးချွန်ဖြင့် ထောက်လိုက်သည်။ ထို့နောက် အော်ပြောသံတစ်ခုကို ကြားလိုက်ရ၏။
"ချီး။ ဘာလဲဟ"
"တံခါးဖွင့်ပေးပါ"
"မ-မဖွင့်ဘူး။ ဝင်မလာနဲ့။ ထွက်သွားစမ်း"
"ဒဏ်ရာရနေတဲ့သူတစ်ယောက်ပါလာပါတယ်"
"ဒီမှာလူတွေအပြည့်ဖြစ်နေပြီ။ နောက်ထပ်လူမဆန့်တော့ဘူး"
လူတွေအပြည့်ဖြစ်နေပြီတဲ့လား။ ထူးဆန်းတယ်။ ဒီလိုမျိုးလူတွေတစုတဝေးထဲ ရှိနေတာမျိုး ရှိခဲ့လို့လား။
"အပြည့်ဖြစ်လည်း ဂရုမစိုက်ဘူး"
ဆူးချွန်ကို မောင်းတံအဖြစ်သုံးပြီး တံခါးကို ပင့်မလိုက်၏။။ ဒင်္ဂါးတွေသုံးပြီး ကျနော့်ခွန်အားကို အဆင့် ၁၀အထိ တိုးမြှင့်ခဲ့သောကြောင့် ယခုဆိုလျှင် လူကြီး၆ယောက်စာ ခွန်အား ကျနော့်တွင်ရှိနေပေပြီ။
"ကျွီ"
ကျယ်လောင်သည့်အသံတစ်ခုထွက်ပေါ်လာပြီးနောက် တံခါး၏တခြားဘက်ကလူတွေ ထိတ်လန့်သွားကြသည်။
"ထွက်-ထွက်ပြေးကြတော့"
ကြောက်ရွံ့နေသောလူတွေသည် မြေအောက်လမ်း၏ အမှောင်ထုထဲသို့ ပြေးဝင်သွားကြ၏။ ဘူတာရုံထဲသို့ ဘေးကင်းစွာဖြင့် ကျနော်ဝင်လာပြီး မီးလောင်ကာတံခါးကိုပိတ်ချကာ ချီထားသော အမျိုးသမီးကို ကြမ်းပြင်ပေါ်ချလိုက်သည်။
[သင်သည့် လုံခြုံရာနေရာသို့ ဝင်လာခဲ့ပါပြီ။]
အဆိပ်ငွေ့တွေက မြေအောက်နေရာအထိမရောက်ပေ။ အဘယ်ကြောင့် မရောက်သည်ကို သိပ္ပံနည်းကျရှင်းပြလို့တော့မရ။ 'ဇာတ်ဝင်ခန်း'ကြောင့်သာ အဆိပ်ငွေ့က မြေအောက်နေရာသို့ ဝင်မလာခြင်းဖြစ်ပေသည်။
"ဒါကိုပါးစပ်ထဲထည့်ထား"
အမျိုးသမီး၏နှာခေါင်းစည်းကို ကျနော်ဆွဲချွတ်ပြီး မျောက်၏အဆုတ်ကို ကမ်းပေးလိုက်၏။ မျောက်၏အဆုတ်သည် ထိုအမျိုးသမီးကို အပြည့်အဝ ကုသပေးနိုင်မည်မဟုတ်သော်လည်း အဆိပ်ကိုတော့ ပျက်ပြယ်စေပေလိမ့်မည်။
"အာ..."
အမျိုးသမီး၏ပါးစပ်ကနေ အားပါးတရညည်းသံထွက်လာ၏။ စွန့်ပစ်ခံထားရသော ဤအမျိုးသမီး။ ဤအမျိုးသမီး၏အချက်အလက်တွေကို ရုတ်တရက်ဆိုသလို ကျနော်သိချင်လာသည်။ ဤအမျိုးသမီးသည် မူလဇာတ်လမ်းမှာတုန်းက သေသွားခဲ့လောက်ပြီးဖြစ်လောက်မည်ထင်၏။ ဇာတ်ကောင်စာရင်းကို ကျနော် သုံးဖို့လုပ်နေချိန်မှာပဲ အသံတစ်ခုကို ကြားလိုက်ရသည်။
"ဟိုမှာဟေ့"
အမှောင်ထဲကနေ ထွက်ပေါ်လာသည့် မီးအလင်းရောင်က ကျနော့်ထံ ချည်းကပ်လာ၏။ သံတုတ်တွေကိုကိုင်ထားသည့်လူတွေအား မြင်လိုက်ရသောအခါမှာတော့ ကျနော့် ကျနော့်မျက်လုံးတွေကျဉ်းမြောင်းသွားသည်။
[ရွှေခေါင်းကွင်း၏အကျဉ်သား 'က ရုတ်တရက်ပေါ်လာသော လူတွေအား မျက်မှောင်ကြုတ်ကာ ကြည့်နေပါသည်။]
လူအုပ်အလယ်ရှိ လူကောင်ကြီးကြီးတစ်ကောင်က စကားပြောလိုက်၏။ ထိုလူ၏ခန္ဓာကိုယ်ကို ဟန်ချက်ညီစွာဖွဲ့စည်းထားသောကြောင့် ထိုလူသည် အားကောင်းသော လူဖြစ်လောက်ပေမည်။
"မင်းက ဘယ်သူလဲ"
ထိုအချိန်မှာတော့ ထူးဆန်းစွာပဲ ကျနော်နားမလည်နိုင် ဖြစ်နေပေပြီ။ ဤကဲ့သို့ အခြေအနေမျိုး၌ ကျနော်မည်သို့ပြန်ပြောရမည်နည်း။ ယူဂျွန်ဟော့ကဲ့သို့ လေသံဖြင့်ပြောဖို့ခဏလောက်စဉ်းစားလိုက်သည်။
"ကင်ဒေါ့ဂျာ"
"ကင်ဒေါ့ဂျာဟုတ်လား။ အဲ့ဒါက မင်းနာမည်လား"
"ဟုတ်တယ်"
"ဘာတွေမေးနေကြတာလဲ။ ဒီခွေးသူတောင်းစားက ဘာကောင်လဲကွ"
ဤသည်က ပိုခက်သောမေးခွန်းပင်။
"အ-အဲ။ အဲ့ဒီမိန်းမက…."
ကျနော့်ဘေးက အမျိုးသမီးကို လူတစ်ယောက်က မြင်သွားပြီး ဓါတ်မီးဖြင့် ထိုးလိုက်သည်။
"ဘာလဲဟ။ အဲ့ဒီမိန်းမက အရေးမပါတဲ့အုပ်စုကမလား။ အဲ့ဒီမိန်းမကို ခေါ်ပြီး မင်းပြန်ပြန်လာခဲ့တာမဟုတ်ဘူးလား"
"အဲ-အဲ့ဒါကလေ… "
ထိုလူ၏ဓါတ်မီးက အမျိုးသမီး၏ခါးနားကို ထိုးနေသဖြင့် ထိကပါးရိကပါး လုပ်သလို ဖြစ်နေပေသည်။
"ဟ…ငါနားလည်ပြီ။ အတော်ကိုချစ်ဖို့ကောင်းတဲ့ကောင်တွေပါကွာ။ အကိုကြီးရဲ့ခွင့်ပြုချက်မရပဲ ဘာလို့ကိုယ့်သဘောနဲ့ကိုယ် လှုတ်ရှားခဲ့ရတာလဲ"
"ဟီးဟီး။ တောင်းပန်ပါတယ်"
"နေဦး။ အရင်မြည်းရမယ့်လူက အကိုကြီးချောဆူးပဲ ဖြစ်ရမယ်ကွ။ ဟီးဟီး။ ငါလုပ်မိတော့မလို့ "
ချောဆူးတဲ့လား။ ချောဆူး။ ဒီနာမည်နဲ့ဇာတ်ကောင်ရှိခဲ့တာလား။ ငါမမှတ်မိဘူး။ ချောဆူးဆိုတဲ့ကောင်ဟာ ကြည့်ရသလောက် အရေးပါမယ်မထင်ပါဘူးလေ။
"ဟေ့… အဲ့ဒီမိန်းမကို ငါတို့ဆီ အပ်စမ်း။ ဟမ်။ အဲ့ဒါက ဘာလဲဟ"
ဓါတ်မီး၏အလင်းက ကြမ်းပြင်ပေါ်ရှိ စတိုးဆိုင်က အိတ်တွေပေါ်ကျနေ၏။ အရေးပေါ် အခြေအနေကနေ ကျနော်လွတ်မြောက်သွားခဲ့သော်လည်း အခြေအနေက မကောင်းလှပေ။
"အဲ့ဒီအိတ်တွေလည်းထားခဲ့။ ဒါဆိုမင်းအသက်ရှင်မယ်"
တိတိကျကျပြောရလျှင်တော့ ကျနော့်အတွက် မကောင်းတာမဟုတ်ဘဲ ဤကောင်တွေအတွက် မကောင်းခြင်းသာ။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’က ဤလူများအား စိတ်အနှောင့်အယှက် ဖြစ်နေပါသည်။]
[' မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ 'က ဖြစ်ပျက်နေသော မတရားမှုအား ဒေါသထွက်နေပါသည်။]
[နက္ခတ်တွေ၏တောင်းဆိုမှုအရ ဆုကြေးငွေ ဇာတ်ဝင်ခန်းတစ်ခုဖြစ်ပေါ်လာပါပြီ။]
[ဆုကြေးဇာတ်ဝင်ခန်း - အနှောင့်အယှက်ပေးသူများကို ဖယ်ရှားပါ။]
အမျိုးအစား - ဇာတ်ဝင်ခန်းအသေး
ခက်ခဲမှု - F
ပြီးမြောက်ရန်လိုအပ်ချက် - နက္ခတ်တွေက သင့်လမ်းကို ဟန်တားနေပြီး အနှောင့်အယှက်ပေးသူတွေအား အလွန် ဒေါသထွက်နေပါသည်။ ပေးထားသော အချိန်ကန့်သတ်ချက်အတွင်း ထိုလူများအား ဖြေရှင်းပါ။
အချိန်ကန့်သတ်ချက် - ၅ မိနစ်
ဆုလာဘ် - ???
ကျရှုံးမှု - ???
ဤသို့ ဖြစ်မည်ဟု ထင်ထားပြီးသားပင်။ သနားစရာမအေဘေးတွေ။ ဆူးချွန်ကိုကိုင်ပြီး ကျနော် မတ်တပ်ထရပ်လိုက်သည်။ နက္ခတ်တွေထဲ၌ အရွယ်မရောက်သေးသည့်သူတွေ မပါဖို့တော့ မျှော်လင့်မိ၏။ ယခုအချိန်ကစပြီး လူကြီးတွေကြည့်ဖို့သာ အဆင်ပြေသော မြင်ကွင်းများ ပေါ်လာတော့မည်ပင်။