← Chapters

ကြောင်သူတော်၏စကားများ (၂)

Vol. 2 Ch. 17

ကြောင်သူတော်၏စကားများ (၂)

Vol. 2 Ch. 17

ကျနော်မကြာခဏ တွေးမိခဲ့တာရှိသည်။ ကမ္ဘာပျက်ကပ်ဆိုက်သော ဇာတ်လမ်းတွေမှာ အဘယ်ကြောင့် 'ကြိုတင်ခန့်မှန်းလို့ရသော လူဆိုးဇာတ်ကောင်'တွေအများကြီး ပေါ်လာလေ့ရှိရသနည်း။ ကပ်ဘေးဆိုက်သော အခြေအနေမျိုး၌ အဓမ္မပြုကျင့်မှု၊ ခိုးမှုအစရှိသော ရာဇဝတ်မှုတွေ ဖြစ်ပွားနိုင်သည်ဟု စာရေးဆရာတွေက လွယ်လွယ်တွေး၊ လွယ်လွယ်ရေးခြင်းကြောင့်သာ ဖြစ်မည်ထင်သည်။ ပျက်သုဉ်းမှု တကယ်ကိုဖြစ်လာခဲ့လျှင် စာရေးဆရာတွေထင်ထားတာထက်ပိုပြီး လူတွေဟာ ဆင်ခြင်တုံတရားဖြင့် ပြုမူကြသင့်သည် မဟုတ်ပေလော။

"ပေးမှာမဟုတ်ဘူးနဲ့တူတယ်။ ဟေ့…. သွားပြီး သူ့ကိုသတ်လိုက်စမ်း"

ဆင်ခြင်တုံတရားဖြင့် ပြုမူမည်၊ မပြုမူမည်ဆိုသော အဖြေသည် ယခု ကျနော့်ရှေ့တွင် ရှိနေပေပြီ။ ကျနော့်ဆီကိုလာနေသော လူတွေကိုရော ထိုလူတွေ၏ အနောက်ဖက်ကနေ ကြည့်နေသည့် လူတစ်ယောက်ကိုလည်း ကျနော်မျက်ခြေမပြတ် လေ့လာကြည့်လိုက်သည်။

[' မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ 'နက္ခတ်က တရားမျှတသည့် စီရင်ပေးမှုပေါ်လာဖို့ မျှော်လင့်နေပါသည်။]

ကျနော်ထပ်ပြီး သဘောပေါက်လိုက်သည်။ လူသားတွေ၏ စိတ်ကူးစိတ်သန်းတွေဟာ ဖန်တရာတေနေပြီဖြစ်သည့်အပြင် တကယ့်လူသားတွေကလည်း စိတ်ကူးစိတ်သန်းတွေ ထက်တောင် ဖန်တရာပိုတေလှ၏။

"ဝှီး"

သံတုတ်ဖြင့် လှမ်းရိုက်သော်လည်း ထိုရိုက်ချက်တွင် သတ်ဖြတ်လိုသည့် အငွေ့အသက်လည်းရှိမနေသလို နာလည်းမနာပေ။

"တ-တကယ်ကို မင်းထွက်မပြေးဘူးဆိုရင် သေရလိမ့်မယ်နော်။ ထွက်သွားတော့"

လူလေးယောက်က ကျနော့်ကိုဝိုင်းထားသည်။ တစ်ယောက်က တုန်နေေ"မင်းတို့ကောင်တွေ သတ်စရာရှိတာမသတ်ပဲ ဘာလုပ်နေတာလဲကွ"

အော်သံနှင့်အတူ လူတစ်ယောက် ရှေ့ကိုပြေးဝင်လာသည်။ ဤလူသည် အကာအကွယ်မဲ့စွာဖြင့် ပြေးဝင်လာသောကြောင့် ဆူးချွန်ကို ကျနော် မြှောက်ကိုင်လိုက်၏။

ဖွတ်

"အား။ ငါ့ခြေထောက်။ ငါ့ခြေထောက်"

"ခွေးသူတောင်းစား"

"အဲ့ဒီကောင်ကို ဝိုင်းရိုက်ကြစမ်း"

ဒေါသထွက်နေသောလူအုပ်ကြီးသည် တပြိုင်တည်း ပြေးဝင်လာကြသော်လည်း ကျနော်မကြောက်မိပေ။ သူတို့၏ခွန်အားအဆင့်တွေက ၅ လောက်ပဲရှိသည်။ တိုက်ခိုက်မှုတွေကို ကျနော်တောင့်ခံပြီး ဆူးချွန်ဖြင့် တိတ်တဆိတ် ထိုးလိုက်၏။ လူတွေ၏ ပေါင်တွေ အဆက်မပြတ် ထိုးဖောက်ခံလိုက်ရေအော်သံတွေနှင့် အတူ ထိုလူတွေ ဒူးထောက်ကျသွားကြသည်။ သို့ပေငြားလည်း သူတို့အား ကျနော် မသတ်။ ဤဇာတ်ဝင်ခန်းပြီးမြောက်ရန်လိုအပ်ချက်သည် ထိုလူများအား ဖြေရှင်းရန်သာ ဖြစ်၏။

[အလုံးစုံကောင်းမြတ်ခြင်း နက္ခတ်တွေက သင်၏ စီရင်ချက်ကို ခေါင်းညိတ်ကာ ကြည့်နေကြပါသည်။]

[နက္ခတ်အချို့က သင်၏ လူသားဆန်မှုကို ရယ်နေကြပါသည်။]

[နက္ခတ်တွေက သင့်ကို ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်ပါသည်။]

ကျနော်သာ လူသတ်သမားဖြစ်သွားခဲ့ပါက နက္ခတ်တွေ၏ အာရုံကို ဆွဲဆောင်နိုင်မည်တော့ သေချာသည်။ သို့သော် ထိုသို့အာရုံကိုဆွဲဆောင်နိုင်ခြင်းက ယာယီသာခံပေလိမ့်မည်။ ရုတ်ချည်းစိတ်ဝင်စားစေမှုက ရှေရည်အတွက် မကောင်းတတ်ပေ။

[ဇာတ်ဝင်ခန်းပြီးဆုံးရန် အချိန် ၃ မိနစ် ကျန်ပါသည်။]

အချိန်နှစ်မိနစ် ကုန်သွားခဲ့ချေပြီ။ အချိန်တိုတိုဖြင့် ပြီးမြောက်အောင်လုပ်ရသော ဇာတ်ဝင်ခန်းတွင် အချိန်တွက်ချက်မှုဟာ အရေးကြီး၏။

"ဒီ-ဒီခွေးသူတောင်းစားက ဘာလဲဟ။ မင်းက ဘာလို့မသေရတာလဲကွာ"

ထိုအချိန်၌ နောက်ကနေ အခြေအနေကိုကြည့်နေသည့် ခေါင်းဆောင်က ရှေ့ကို ထွက်လာသည်။

"မင်းက အတော်ကိုကြမ်းတဲ့ကောင်ပဲ။ အားလုံးနောက်ဆုတ်ကြစမ်း။ ဒီကောင်နဲ့ ငါရင်ဆိုင်လိုက်မယ် "

"အကိုကြီးချောဆူး။ ဒီကောင်က ထောက်ပံ့သူကောင်းကောင်းရထားတဲ့ပုံနော်"

"ကောင်းတာပေါ့။ ဒီကောင့်ကိုကြည့်ရတာ ဒင်္ဂါးတွေအများကြီး ရထားတဲ့ပုံပဲ "

အနက်ရောင် တောက်နေသော လက်သီးတွေက သာမန်သံလက်သီးတွေ မဟုတ်လောက်ပေ။ ဤကောင်သည် သူ၏ထောက်ပံ့သူဆီကနေ ဤလက်သီးကို ရထားခြင်းဖြစ်ပေမည်။

ဂျွတ်

လက်သီးတွေဆီကနေ လက်ဆစ်ချိုးသံ ထွက်လာ၏။

['ချောဆူး' ဇာတ်ကောင်သည် ခြိမ်းခြောက်မှုအစွမ်းကို အသုံးပြုထားပါသည်။]

[စွမ်းရည်အလုံးစုံအဆင့်ခြင်း ကွာခြားမှုကြီးမားလွန်းသောကြောင့် ခြိမ်းခြောက်မှုှ အစွမ်းသည် အာနိသင်သက်ရောက်မှုမရှိပါ။]

"ဝိုး။ မင်းက အတော်လာတဲ့အကောင်ပဲ။ နည်းနည်းလေးတောင် လန့်မသွားဘူး တဲ့လား"

စကားမဆုံးခင်မှာပဲ ထိုလူ လှုပ်ရှားလိုက်သည်။ ထိုလူ၏တိုက်ခိုက်မှုက ကျနော့်မေးရိုးကို ပစ်မှတ်ထားနေ၏။ နောက်သို့ ကျနော် ခပ်မြန်မြန်ပဲ ဆုတ်လိုက်သည်။ ထိုလူက ပြုံးလိုက်၏။

"မင်းက ဘယ်ဆိုးလို့လဲ။ လေ့ကျင့်ခန်းတွေ လုပ်ထားတာလား"

ကျနော့်၌ခြေလှမ်းစွမ်းရည်မရှိလျှင်တောင် လျှင်မြန်မှုစွမ်းရည် အဆင့်၁၀ကျော်သူတိုင်း ကျနော်ကဲ့သို့ လျှင်လျှင်မြန်မြန် ရှောင်ရှားနိုင်ကြပေသည်။ ပစ္စည်းတွေဝယ်ပြီးနောက် ကျန်ရှိသောဒင်္ဂါးအများစုကိုသုံးခဲ့ခြင်းကြောင့် ယခုအချိန်တွင် ကျနော့်၏ ခန္ဓာကိုယ် အဆင့်မှာ ၃၃သို့ရောက်ရှိပေပြီ။

ဒီကောင် ဘယ်အဆင့်ရောက်နေပြီလဲ ငါကြည့်လိုက်ရင်ကောင်းမလား။

[သီးသန့်စွမ်းရည်ဖြစ်သော ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

[ဇာတ်ကောင်၏အကျဉ်းချုပ်]

အမည် : ဘန်ချောဆူး

အသက် : ၃၄ နှစ်

ထောက်ပံ့ပေးသူ : သာမန်ညောင်ညတွေ၏ဧကရာဇ်

သီးသန့်ဝိသေသလက္ခဏာ : တိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် (ယေဘူယျအားဖြင့်)

သီးသန့်စွမ်းရည်များ : ဝေဟင်တိုက်ခိုက်နိုင်စွမ်း အဆင့် ၂၊

လှည့်စားမှု အဆင့် ၂

အထူးစွမ်းရည် : ခြိမ်းခြောက်မှု အဆင့် ၁

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၆၊ ခွန်အားအဆင့် ၇၊ လျှင်မြန်မှုအဆင့် ၆၊ မှော်စွမ်းအားအဆင့် ၂

ခြုံငုံအကဲဖြတ်ချက် : ထောက်ပံ့သူတစ်ပါးကို ကံကောင်းစွာဖြင့် ရရှိခဲ့သော သာမန်ညောင်ညတစ်ကောင်။ သူ၏တကယ့် တိုက်ခိုက်ရေးစွမ်းအားနှင့်နှိုင်းယှဉ်ပါက သူ့စွမ်းရည်တွေကို ကြွားတတ်သည့် သဘောထားက ပိုကြီးမားသည်။

အာ...ဟုတ်သားပဲ။ ငါအခု မှတ်မိပြီ။

" ချောဒူး အဖွဲ့က ဘန်ချောဆူး"

"ဘာဖြစ်တယ်။ မင်းက ငါ့ကိုသိတာလား"

"အေး"

ဇာတ်ဝင်ခန်းအစောပိုင်း၌ လေကဲ့သို့ သူဟာ ပျောက်ကွယ်သွားခဲ့သောကြောင့် ကျနော့်မှတ်ဉာဏ်တွေ ဝေဝေဝါးဝါးဖြစ်ခဲ့ခြင်း ဖြစ်သော်လည်း ဘန်ချောဆူးဆိုသည့် ဇာတ်ကောင်တစ်ယောက်ရှိသည်ကို မှုန်မှုန်ဝါးဝါးပြန်အမှတ်ရမိခဲ့ခြင်း ဖြစ်၏။ သူသည် ဂူမိုဘူတာမှာရှိသော အဖွဲ့ထဲတွင် အမိုက်မဲဆုံးလူတစ်ယောက်ပင်။ ကျနော် သိသလောက် ဤလူတွေအားလုံး ယူဂျွန်ဟော့၏ သတ်ဖြတ်ခြင်းကို ခံခဲ့သင့်သော်လည်း အဘယ်ကြောင့် ယခုအထိ အသက်ရှင်နေရသနည်း။

"အိုး။ မင်းက 'ဟို' အမျိုးအစားထဲကမလား။ မင်းဟာ လူတွေသတ်ဖူးတယ်မလား။ ငါပြောတာမှန်တယ်မလား။ ငါတို့တွေဟာ တူတယ်လို့ ခံစားမိနေတယ်ကွ "

['ဘန်ချောဆူး' ဇာတ်ကောင်သည် လှည့်စားမှုကို အသုံးပြုထားပါသည်။]

လှည့်စားမှု။ ဤစွမ်းရည်သည် လူဆိုးတစ်ယောက်ပိုင်ဆိုင်သော စွမ်းရည်ဖြစ်၏။ ဤစွမ်းရည်သည် ရန်သူ၏တိုက်ခိုက်မှုအင်အားကို အားနည်းစေသော ကောင်းမွန်သော လှည့်စားမှုဖြစ်သော်လည်း ယခုအချိန်တွင်တော့ ကောင်းချင်မှကောင်းတော့ပေမည်။

[Fourth Wallက 'ဘန်ချောဆူး' ဇာတ်ကောင်၏ လှည့်စားမှုကို တားဆီးထားပါသည်။]

['ဘန်ချောဆူး' ဇာတ်ကောင်၏ ယုံကြည်မှုသည် အလျင်အမြန်ကျဆင်းနေပါသည်။]

"မင်းငါ့ကိုစောက်ဂရုမစိုက်တာလား။ မင်းတကယ်ကိုသေချင်နေပြီပဲ"

ဘန်ချောဆူက ခြိမ်းခြောက်သည့်ဟန်ဖြင့် နပမ်းလုံးတော့မည့်အလား ကျနော့်ဆီ ပြေးဝင်လာသော်လည်း လှည့်စားမှုတစ်ခုသာ ဖြစ်၏။ ဘန်ချောဆူထံတွင် နပမ်းလုံးစွမ်းရည်မရှိပေ။

"အချိန်တွေဖြုန်းမနေပဲ လာခဲ့တော့ "

"ခွေးမသား"

ဘန်ချောဆူမှာရှိသော အဓိကစွမ်းရည်က တစ်ဦးချင်းတိုက်ခိုက်နိုင်စွမ်း အဆင့် ၂ဖြစ်၏။ အနားသို့ရောက်အောင် မကပ်နိုင်မခြင်း သူသည် ထိရောက်စွာ တိုက်ခိုက်နိုင်မည် မဟုတ်။

"သေပေတော့"

လျှင်မြန်မှုှကွာခြားချက်က သိပ်ကွာလွန်းသဖြင့် သူ၏တိုက်ခိုက်မှုတွေက ကျနော့်အား မထိ။ သနားစိတ်ဖြင့်သာ သူ့ကို ကြည့်မိသည်။ နက္ခတ်တိုင်းက သူတို့၏ ကိုယ်စားလှယ်များအား ဇာတ်ဝင်ခန်း၏ 'ဇာတ်လိုက်'အထိ ဖြစ်စေချင်သော ဆန္ဒမရှိကြပေ။ ဥပမာ - ဘန်ချောဆူး၏ နက္ခတ်ဖြစ်သော 'သာမန်ညောင်ညတွေ၏ ဧကရာဇ်'သည် သူ၏ကိုယ်စားလှယ်များအပေါ်၌ ကပ်စေးနည်းသည်ဆိုပြီး ကျော်ကြား၏။ ထိုနက္ခတ်သည် ငတုံးတွေအား သူ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီး တခြားကိုယ်စားလှယ်များက သူ၏ ကိုယ်စားလှယ်များအား ခြေမွပစ်သည့်မြင်ကွင်းကို မြင်ရသည်အား သဘောကျသည်။

['သာမန်ညောင်ညတွေ၏ဧကရာဇ်'ဟာ ဝမ်းမြောက်နေပါသည်။]

['သာမန်ညောင်ညတွေ၏ဧကရာဇ်' က သင့်ကို ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်ပါသည်။]

ကိုယ်စားလှယ်ဖြစ်သူ ချေမှုန်းခံရတော့မည်ဖြစ်သော်လည်း ရန်သူအား ထောက်ပံ့နေချေပြီ။ အစကတော့ တချက်ထဲဖြင့် ပွဲသိမ်းအောင်လုပ်မည်ဟု ကျနော် တွေးခဲ့သော်လည်း ယခုအခြေအနေကတော့ ကွာခြားသွားပြီဖြစ်၏။

[ဇာတ်ဝင်ခန်းအသေးပြီးဆုံးရန် အချိန် ၂ မိနစ် ကျန်ပါသည်။။]

ဤသို့ဆိုလျှင်တော့ ကျန်ရှိသောအချိန်အား အကျိုးရှိစွာ အသုံးချရမည်ပင်။

"မအေဘေးကြွက်လိုကောင်"

ဘန်ချောဆူး၏စကားလုံးတိုင်းက သာမန်ညောင်ညတွေ၏ဧကရာဇ်၏ ဟန်ပန်အတိုင်း ဖြစ်နေသည်။ သနားဖို့ပင် ကောင်းလှပေသည်။

"ဟားဟား။ မင်းကိုထိပြီကွ"

ဘန်ချောဆူး၏တိုက်ခိုက်မှုက ကံကောင်းစွာဖြင့် ထိမှန်ခဲ့သော်လည်း ဘာဒဏ်ရာမှ မရရှိခဲ့ပေ။ ထိခံရသည့်နေရာက အနည်းငယ်ခန့်ယားသွားသည်ဟုသာ ခံစားရလေသည်။

"ဘယ်လိုဖြစ်ရတာလဲ"

ဘယ်လိုဖြစ်ရတာလဲဟုတ်လား။

ကျနော်၏ကိုယ်ခန္ဓာကြံ့ခိုင်မှုှအဆင့်က ၁၂ရှိပြီး သူ၏ခွန်အားက အဆင့် ၇ပဲ ရှိပေသည်။ ပျမ်းမျှစွမ်းရည်ကွာခြားချက်က တိုက်ခိုက်ရေးစွမ်းအားကွာခြားချက်ကို ကြီးမားစေသည်။

"အခု ငါ့အလှည့်ရောက်ပြီမလား"

ဘန်ချောဆူး၏ တောင့်တင်းနေသော ပါးအား ကျနော်အပြင်းအထန် ရိုက်ထည့်လိုက်၏။ သွားတစ်ချို့ပျံထွက်သွားပြီး ဘန်ချောဆူးက အော်ဟစ်လိုက်သည်။ တွန့်ဆုတ်မနေပဲ ဘန်ချောဆူး၏လက်အား ဆူးချွန်ဖြင့် ကျနော်ထိုးလိုက်၏။

"အား"

သူ၏လက်တစ်ဖက်ကို ဆူးချွန်ဖြင့် နံရံမှာ ထိုးချိတ်လိုက်ပြီး တရစပ် တိုက်ခိုက် လိုက်သည်။ ဘန်ချောဆူးကို သတိလစ်မသွားစေပဲ အပြင်းထန်ဆုံး နာကျင်စေမည့် နေရာတွေ ဖြစ်သည့် ကျော၊ ပေါင်၊ နံဘေးတို့ကို ရွေးချယ်ကာ ကျနော်တိုက်ခိုက်သည်။

['သာမန်ညောင်ညတွေ၏ဧကရာဇ်'နက္ခတ်ဟာ ဝမ်းမြောက်နေပါသည်။]

[' သာမန်ညောင်ညတွေ၏ဧကရာဇ် 'နက္ခတ်က ဇာတ်ဝင်ခန်းအသေး၏ အချိန်ကို တိုးရန် တောင်းဆိုလိုက်ပါသည်။]

[ဇာတ်ဝင်ခန်းအသေးကို အချိန်၁ မိနစ်တိုးလိုက်ပါပြီ။]

ကျနော်ချီလာခဲ့သော အမျိုးသမီး၏ဒဏ်ရာရထားသောနေရာတွေကိုလည်း ကျနော် ကြည့်လိုက်သည်။

"အဟွတ်…ဖလူး….ဖွတ်"

သွေးနှင့် အသားစတွေက ပျံ ့ကျဲကုန်ပေပြီ။ ကျိုးပဲ့နေသော သွားတွေက မြေကြီးပေါ် ကျသွားပြီး ကျိုးသွားသောအရိုးတွေက ပုံမှန်မဟုတ်သည့်ပုံစံဖြင့်လိမ်တွန့်နေပြီ ဖြစ်သော်လည်း ဆောင့်ကန်နေခြင်းအား ကျနော်မရပ်ပေ။

"တော်-တော်ပါတော့။ ကျေးဇူးပြုပြီး အကိုကြီးကို လွှတ်ပေးပါ"

ဘေးနားမှာရပ်နေသောလူတွေက ထိတ်လန့်တကြီးဖြင့် အော်ဟစ်ကြသည်။ ထိုလူများအား တစ်ခဏခန့် ကျနော်ကြည့်လိုက်သည်။ ထို့နောက် မြေကြီးပေါ်တွင် လဲလျောင်းနေသည့် အဝတ်အစားမပေါ့်တပေါ်ဖြစ်နေသော အမျိုးသမီးအား ကြည့်လိုက်၏။ လူသားတွေသည် အားနည်းကြသည်။ ဤမျှအားနည်းသော လူသားတွေက အဘယ်ကြောင့် ရက်စက်သောအမှုတွေကို လုပ်နိုင်နေရသနည်း။ လူသားတွေသည် ကမ္ဘာပျက်သွားခြင်းကို ဆင်ခြေအနေဖြင့် အကြောင်းပြကြ၏။ လူတွေကိုသတ်၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး အခြားသူတွေဆီကနေလည်း လုယူကြသည်။

ဤသို့လုပ်ကြခြင်းမှာ ဗီဇကြောင့်လော။ ရက်စက်သည့် အကြမ်းဖက်မှုအောက်၌ ကျရောက်နေသဖြင့် ကြောက်ရွံ့နေသော ဘန်ချောဆူး၏မျက်လုံးတွေကို မြင်ရသည့်အခါမှာတော့ ရုတ်တရက်ဆိုသလို ကျနော် စိတ်ဝင်စားလာမိသည်။

"မင်းဘာလို့အခုလိုမျိုးတွေကိုလုပ်ခဲ့ရတာလဲ"

ဤသည်က ရုတ်တရက်ထွက်လာမိသည့် မေးခွန်းပင်။ အမှန်တကယ်တန်းတော့ ဤမေးခွန်းအတွက် အဖြေကို ကျနော်မမျှော်လင့်ထားသော်လည်း သူ့ကိုထပ်မကန်မီ ဘန်ချောဆူးက မျက်လုံးကိုဖွင့်လိုက်၏။

"လီး။ ငါ့ကိုသတ်သာပစ်လိုက်တော့။ ခွေးမသား "

သူ့မျက်လုံးတွေကိုကြည့်လိုက်မိသည့်အချိန်မှာတော့ သူသည် သူ့ကိုယ်ပိုင် နည်းလမ်းဖြင့် ကျနော့်မေးခွန်းကို ဖြေနေသည်အား သိလိုက်ရသည်။ သူ့အကြည့်က အသက်ကိုတွယ်ငြိမနေသော အကြည့်တစ်ချက်ဖြစ်ပြီး သတ္တိရှိသော ဗီဇကြောင့် ပြန်ခံပြောခြင်း မဟုတ်။ ဘန်ချောဆူးက စိတ်ဓါတ်ကျသည့်အသံဖြင့် စကားကို ဆက်သည်။

"ဒီကမ္ဘာက တကယ်ကိုလီးကမ္ဘာပါကွာ"

ဘန်ချောဆူးသည် ဤကမ္ဘာပျက်သွားခါမှ စိတ်ပျက်အားငယ်ခဲ့ခြင်း မဟုတ်ချေ။ ကျနော့်လိုပဲ ဟိုးအရင်ကတည်းက စိတ်ပျက်အားငယ်နေခဲ့သော လူသား တစ်ယောက်သာ ဖြစ်၏။

[ဇာတ်ဝင်ခန်းအသေးပြီးဆုံးရန် ၁၀ စက္ကန့်သာ ကျန်ပါသည်။]

အချိန်မဆွဲတော့ပဲ ဘန်ချောဆူး၏လည်ပင်းကို အပြင်းအထန် ကျနော် ကန်ပစ်လိုက်သည်။ အသက်ရှူသံပြတ်သွားပြီး ဘန်းချောဆူးတစ်ယောက် လောကကြီးနှင့် အဆက်ပြတ်သွား၏။

[ဇာတ်ဝန်းခန်းအသေး ပြီးမြောက်ရန်လိုအပ်ချက်ကို သင်သည် ဖြည့်ဆည်းပြီးသွားပါပြီ။]

[သင်သည် ဒင်္ဂါး ၃၀၀ ရရှိပါသည်။]

နက္ခတ်အားလုံးပျော်ရွှင်ကြဖို့ ကျနော် မျှော်လင့်သည်။

['သာမန်ညောင်ညတွေ၏ဧကရာဇ်'သည် ကျေနပ်နေပြီး သင့်အား ဒင်္ဂါး ၁၀၀ ထောက်ပံ့ပေးခဲ့သည်။]

ကျန်ရှိသော လူတွေသည် တွားသွားကာ တစ်ယောက်ပြီးတစ်ယောက် ကျနော့်ဆီသို့ ချဉ်းကပ်လာကြ၏။

"ရက်... ရက်စက်ချက်ကွာ"

သူတို့တွေသည် အကွဲကွဲအပြဲပြဲဖြစ်နေသော ဘန်ချောဆူးကို ကြည့်ပြီး ကြောက်ရွံ့သည့် အကြည့်ဖြင့် ကျနော့်ဆီ မျက်နှာမူလာကြတယ်။ ပြောရမည်ဆိုလျှင် သားသတ်ရုံဆီ စွန့်ပစ်ခံရမည့် ခွေးတွေအလား ကျနော့်ကို ကြည့်နေကြခြင်းပင်။ လဲကျနေသောအမျိုးသမီးကိုချီပြီး စတိုးဆိုင်က အိတ်တွေကို ကျနော် ကောက်ကိုင်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာကြီး ပျက်သုဉ်းသွားပြီ ဖြစ်သည့်အပြင် ကျနော်လည်း ဘဝအသစ်တစ်ခု၌ ရှင်သန်ဖို့လိုသည်။

"ငါ့ကို မင်းတို့အဖွဲ့နေရာဆီ ခေါ်သွားပေးစမ်း"

…………………………………………………………………………………………………………..

ဂူမိုဘူတာသည် မူလဇာတ်လမ်းအရဆိုလျှင် ယူဂျွန်ဟော့ စနစ်တကျ ဖွဲ့စည်းခဲ့သော ဒေသခံအခြေစိုက်စခန်းကြီးအဖြစ် ကြီးထွားလာရမည့် နေရာဖြစ်၏။ ယူဂျွန်ဟော့၏ ပထမဆုံးအကြိမ်နောက်ပြန်ဆုတ်မှုတွင် ယူဂျွန်ဟော့သည် ဂူမိုဘူတာအဖွဲ့နှင့်အတူ ဒုတိယမြောက် အဓိကဇာတ်ဝင်ခန်းကိုကျော်ဖြတ်ခဲ့ပြီး ခေတ်သစ်မှာ အဖွဲ့ဝင်တွေ အတွက် နေရာတစ်ခုကို ရစေခဲ့သည်။ သို့သော် ဤသို့လုပ်ခဲ့ခြင်းက ပထမဆုံးအကြိမ် နောက်ပြန်ဆုတ်ခြင်းတွင်သာ။ တတိယအကြိမ် နောက်ပြန်ဆုတ်မှုတွင်တော့ ယူဂျွန်ဟော့က လုံးဝကို ကွဲပြားနေပေပြီ။ တတိယအကြိမ် နောက်ပြန်ဆုတ်ခဲ့သူ ယူဂျွန်ဟော့သည် အရာအားလုံးအား တစ်ယောက်တည်း လက်ဝါးကြီးအုပ်ခဲ့သည့် မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်ခဲ့၏။

"ဒါပေမဲ့လည်း အဲ့ဒီကောင်ဟာ အခြေခံကျတဲ့ ရှင်းလင်းမှုကိုတော့ လုပ်မယ့် အကောင်လေ "

"ဟမ်"

ကျနော့်ကိုလမ်းပြပေးနေသောလူက အံ့အားသင့်သွား၏။

"ငါ့ကိုငါ စကားပြောနေတာကွ။ အဲ့လိုပြောတတ်တာက ငါ့အကျင့်ပဲ "

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏ တစ်ကိုယ်တော်စကားပြောမှုကို နှစ်သက်နေပါသည်။]

"ဟုတ်ကဲ့။ ဒါနဲ့ ဒီဘက်ကိုလိုက်ခဲ့ပေးပါ "

တစ်ယောက်ကိုတစ်ယောက် တွဲထူပေးရင်း လမ်းလျှောက်နေခဲ့သည့် ချောဒူးအဖွဲ့ဝင်တွေသည် ရပ်လိုက်ကြ၏။ မှောင်နေသော ပလက်ဖောင်း၏ အောက်ခြေဆီ ကျနော်တို့ ဆင်းလိုက်ပြီးနောက် အလင်းရှိနေသေးသည့် နေရာတစ်ခုအား တွေ့လိုက်ရသည်။ ကျနော်တို့တွေ လှေကား ဆင်းနေစဉ်မှာဘဲ လူတွေ၏ ဆူညံသံကို ကြားလိုက်ရ၏။

"ချောဒူးအဖွဲ့ကပါ။ လူတွေဒဏ်ရာရထားကြပါတယ်"

လူအချို့ ဘန်ချောဆူးအဖွဲ့ကို ကူညီရန် အလျင်အမြန်ပြေးလာကြသည်။ ကျနော် ထင်ထားသည်ထက်ပင် စနစ်ကျစွာ လူတွေ လှုတ်ရှားနေကြသည်အား မြင်နေရ၏။ ထိုစဉ်မှာပဲ မြင်ဖူးသောမျက်နှာများအား တွေ့လိုက်ရတော့သည်။

"ဘုရားရေ။ ဒေါ့ဂျာပဲ။ ဒေါ့ဂျာ"

ကံကောင်းစွာဖြင့် သူတို့တွေ ဘာမှမဖြစ်ခဲ့သည့်ပုံပင်။ ကျနော့်ရှေ့၌ ရှိနေသောလူအား နှုတ်ဆက်လိုက်၏။

“ယူဆန်းအာ”

“ဝမ်းသာလိုက်တာ။ တကယ်ပြောတာ။ ကျမ တကယ်ကိုဝမ်းသာမိတယ်”

ယူဆန်းအာသည် ပျော်ရွှင်သောအမူအရာဖြင့် ကျနော့်ရှေ့မှာ ရပ်နေ၏။ ကျနော်လည်း တွန့်ဆုတ်စွာဖြင့် ကြောင်တောင်တောင်နိုင်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ယူဆန်းအာ၏လက်ကောက်ဝတ်တွင် အနာများကိုတွေ့ရသဖြင့် လွန်ခဲ့သော လေးရက်အတွင်း သူမသည် အခက်အခဲတွေကို ကြုံတွေ့ခဲ့ရမှန်း သိလိုက်ရ၏။ အသံတစ်ခုကြားလိုက်ရပြီး တစ်ခုခုက ကျနော့်ခြေထောက်ကို ကပ်လာသည်။

"မင်းအသက်ရှင်နေတာပဲ"

ခြေထောက်ကိုလာကပ်သူမှာ လီဂီယောင်ပင်။

ထိုကောင်လေး၏ခေါင်းကို ပွတ်သပ်ပေးရင်း "အဆင်ပြေရဲ့လား"ဟု ကျနော် မေးလိုက်သည်။

လီဂီယောင်က ခေါင်းညိတ်ပြ၏။ သူ၏ပါးဖောင်းဖောင်းလေးများမှာ ပိန်ကျသွားသဖြင့် သူဗိုက်ဆာနေလောက်မည်ထင်သည်။ အိတ်ထဲကနေ ချောကလက်တစ်ခုကိုထုတ်ပြီး လီဂီယောင်၏လက်ထဲ ကျနော်ထည့်ပေးလိုက်၏။

"ခင်ဗျားအသက်ရှင်နေမယ်လို့ ကျနော်ထင်ထားပြီးသားဗျ။ ဒေါ့ဂျာ။ ဟား..."

နောက်ဆုံးတွင်တော့ လီဟန်းဆောင်ကို ကျနော်မြင်လိုက်ရလေပြီ။ သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းရှိ ကြွက်သားတွေက ပိုပြီးတောင် မာလာသလိုပင်။ လီဟန်းဆောင်က ဤနှစ်ယောက်ကို ကာကွယ်ပေးခဲ့ခြင်းလော။

"ကျုပ် တကယ်စိတ်မကောင်းပါဘူး။ အဲဒီတုန်းက ဒေါ့ဂျာကိုထားခဲ့ရ…"

"ရှောင်လွှဲလို့မရတဲ့အခြေအနေဖြစ်ခဲ့တာပဲလေ"

"ဟူး... ယူဂျွန်ဟော့ပြောတာမှန်နေလို့ တော်သေးတာပေါ့ "

ယူဂျွန်ဟော့တဲ့လား။ ဒီနာမည်ကို ဒီမှာဘာလို့ကြားနေရတာလဲ။

လီဟန်းဆောင်က တစ်အောင့်ခန့်အကြာတွင် စကားဆက်ပြော၏။

"အဲ့ဒီ... ယူဂျွန်ဟော့ဆိုတဲ့လူက ဒေါ့ဂျာအသက်ရှင်နေလောက်ဦးမယ်ဆိုပြီး ပြောခဲ့တာဗျ"

"ယူဂျွန်ဟော့က အခုဘယ်မှာလဲ"

"သူ အခုဒီမှာမရှိဘူး"

မရှိဘူးတဲ့လား။

"ယူဂျွန်ဟော့က ဒီဘူတာကနေ မနေ့ကပဲ ထွက်သွားပြီ။ ဒါကြောင့်..."

လီဟန်းဆောင်၏ စကားမဆုံးခင်မှာဘဲ အတော်များများကို ကျနော် သဘောပေါက် သွားသည်။

အင်း။ တကယ်ကို သူပီသပါပေတယ်။ သူက တကယ်ကိုအလျင်စလိုလှုတ်ရှားတဲ့ ကောင်ပဲလေ။

"ဒါနဲ့နောက်တစ်ယောက်လည်း ကျန်သေးတယ် "

"ဟာ... ဌာနမှူးကြီး"

ယူဆန်းအာ စကားမပြီးခင်မှာဘဲ လူတစ်စု ရုတ်တရက်ဝင်ရောက်လာသည်။ ဘာပဲဖြစ်ဖြစ် ကောင်းသောအရာတစ်ခုသာပင်။

"အားလုံး လမ်းဖယ်ကြစမ်း"

ဘာဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်းသိဖို့ ရှင်းပြချက်တွေမလိုအပ်ခဲ့ပေ။ တူတွေ၊ တုတ်တွေကို ကိုင်ထားသည့် လူသုံးလေးယောက်က ကျနော့်ကို ဝိုင်းထားကြ၏။ သူတို့ထဲ၌ ရင်းနှီးကျွမ်းဝင်သော မျက်နှာတစ်ခုရှိနေလေသည်။

"မ-မင်း..."

ဟန်မြုံအိုသည် စုံတံတားပေါ်မှာ ကျနော့်ကို စွန့်ပစ်ခဲ့သည်မလို့ ယခုအချိန်တွင် ကျနော့်အား တစ္ဆေတစ်ကောင်ကို မြင်နေရသည့်အလား ဖြစ်နေတော့သည်။ ဤအဖွဲ့ထဲသို့ ဟန်မြုံအို ဝင်ခဲ့ခြင်းဖြစ်မည်။

"ဒီ-ဒီကောင်ကို ရှင်းပစ်လိုက်။ ဒီကောင်က အရမ်းဆိုးတဲ့ကောင်ကွ။ ဒီကောင် ဒီမှာ ရှိမနေသင့်ဘူး"

သူခိုး လူပြန်ဟစ်သည် ဆိုသည့်အတိုင်းပင်။ ဟန်မြုံအိုက ရူးသွပ်စွာဖြင့် အော်ဟစ်နေသော်လည်း အခြားလူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မလှုပ်ရှားကြတာကို ကျနော်သတိထားမိ၏။ တစ်ခုခုတော့ ထူးနေပေပြီ။

ဟန်မြုံအိုက အလယ်မှာရှိနေပေမဲ့ သူ့စကားကို သူတို့တွေက နားမထောင်ကြဘူးလား။

"ဟားဟား၊ အကိုဟန်။ လူတိုင်းအဆင်ပြေအောင်နေသင့်တယ်လေ။ အကိုဟန်တော်လိုက်တော့နော်"

"အာ...အဲ့ဒါ-ဒါက..."

"အကိုဟန်က လူသစ်တစ်ယောက်ပဲလေ "

လူတွေက ဘေးဖယ်သွားကြပြီး လမ်းကြောင်းတစ်ခုပေါ်လာပြီးနောက် ထိုလူများကြားမှ ပိန်ပိန်ပါးပါးလူတစ်ယောက် ပေါ်လာသည်။ ဤလူ၏မျက်လုံးတွေကို ကြည့်ရုံဖြင့်ပင် သိနိုင်၏။ ဤကောင်တွင် ထောက်ပံ့သူရှိနေလေသည်။

"တွေ့ရတာဝမ်းသာပါတယ်။ နာမည်လေးမေးလို့ရမလား"

"ကင်ဒေါ့ဂျာ"

"ဒေါ့ဂျာတဲ့လား။ ငါက ချွန်အင်ဟိုပါ"

ချွန်အင်ဟို။ ဤနာမည်သည် မှတ်မိသင့်သည့် နာမည်ဟု ကျနော်ခံစားမိသည်။ ဆူးချွန်ကိုင်ထားသောလက်အား ကျနော် ပို၍အားထည့်လိုက်၏။ ဤကောင်က ချောဒူးအဖွဲ့၏ ခေါင်းဆောင်ဖြစ်မည်ထင်သည်။ သူ့အဖွဲ့ဝင်တစ်ဝက်လောက် ကျနော့်ကြောင့်ဆုံးရှုံးခဲ့ရသည်မလို့ ပြဿနာရှာရန် ဤကောင်ရောက်လာခြင်း ဖြစ်ပေမည်။

"မင်းနဲ့အတူလာခဲ့တဲ့သူတွေဆီကနေ ကြားထားပြီးပြီ။ မင်းက သတ္တဝါတစ်ကောင်နဲ့ တိုက်ခိုက်ပြီး ငါ့အဖွဲ့ဝင်တွေကို ကယ်တင်ခဲ့တာဆိုကွ"

ဘာဖြစ်တယ်။

"ကိုယ့်လူတို့။ လူစုကြပါ။ သတ္တိရှိတဲ့လူအသစ်တစ်ယောက် ငါတို့အဖွဲ့ထဲ ပါလာပြီ"

ချွန်အင်ဟို၏စကားနှင့်အတူ လူတွေ တစ်ယောက်ပြီးတစ်ယောက် ကျနော့်ဘက်သို့ လှည့်လာကြသည်။ ထိုအချိန်မှာဘဲ ကျနော်သိလိုက်၏။ ဟန်မြုံအို၏ အစွမ်းဖြင့် ဤမျှများပြားသော လူတွေကို စုစည်းနိုင်မည်မဟုတ်ပေ။။ ချွန်အင်ဟိုကမှ ဤအဖွဲ့၏ တကယ့်ခေါင်းဆောင်ဖြစ်ပေသည်။

"ဟာ…စားစရာတွေပဲ"

ဆာလောင်နေသည့်မျက်လုံးတွေက စတိုးဆိုင်က အိတ်တွေဆီ ကျရောက်လာကြ၏။ ချွန်အင်ဟိုက ဤအချိန်အား စောင့်နေသကဲ့သို့ ပြောလိုက်သည်။

"သူက ငါတို့ဆီကို စားစရာတွေသေချာ လာပို့တာကွ။ တကယ်ကိုရှားပါးတဲ့ လူကောင်းတစ်ယောက်ပါကွာ"

ချွန်အင်ဟို၏စကားလုံးတွေကြောင့် လူတိုင်း၏မျက်လုံးတွေက ကျနော့်ကို ကယ်တင်ရှင် တစ်ယောက်သဖွယ် ကြည့်ကုန်ကြ၏။ ကလေးချီထားသည့်မိခင်တစ်ယောက်နှင့် ခြေထောက်ဒဏ်ရာရထားသော သက်ကြီးရွယ်အိုတစ်ယောက်တို့ဆိုလျှင် ကျနော့်အား အလွန်ပင် အာရုံစိုက်ကာ ကြည့်နေကြလေသည်။

ချွန်အင်ဟို... ငါမှတ်မိပြီ။ ဟုတ်သားပဲ။ ဂူမိုဘူတာအဖွဲ့မှာ အဲ့ဒီနာမည်နဲ့ လူပါတာပဲလေ။

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် စိတ်လှုပ်ရှားနေပါသည်။]

ဤပျက်စီးနေသောကမ္ဘာတွင် အန္တရာယ်အစစ်အမှန်က ဘန်ချောဆူးလိုလူတွေ မဟုတ်။ စိတ်ပျက်အားငယ်မှုကို ခံစားရင်း လှုတ်ရှားကြသည့် လူသားတွေသည် ကျနော့်အတွက် အနည်းငယ်မှ အန္တရာယ်မပေးနိုင်သည်မှာ သေချာ၏။ တကယ့်အန္တရာယပေးနိုင်သော လူတွေက အခြားသူတွေ၏စိတ်ပျက်အားငယ်မှုကို အာဟာရအဖြစ်အသုံးချပြီး အာဏာတည်ဆောက်ကြသူတွေပင်။ ဒီကောင်လိုမျိုးပေါ့။

"ဂူမိုဘူတာမှ ကြိုဆိုပါတယ်။ ကင်ဒေါ့ဂျာ "

ချွန်အင်ဟိုက စိတ်အတွင်းထဲကနေ ကြိတ်ရယ်နေပြီး ကျနော့်ကိုကြည့်နေသည်။ ကျနော့်ကို လက်ဆွဲနှုတ်ဆက်ရင်း သူသည် တဟားဟားပါ ရယ်နေ၏။ ဤအခိုက်အတန့်မှာပဲ သူ၏အနာဂတ်သည် ဆုံးဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း ချွန်အင်ဟိုကတော့ ဘယ်တော့မှသိမည်မဟုတ်ပေ။

All Chapters