← Chapters

ကြောင်သူတော်၏စကားများ (၃)

Vol. 2 Ch. 18

ကြောင်သူတော်၏စကားများ (၃)

Vol. 2 Ch. 18

ချွန်အင်ဟို၏ နှောင့်ယှက်မှုကရှိနေသော်လည်း နက္ခတ်တွေက ဆုကြေးဇာတ်ဝင်ခန်း တစ်ခု ဖန်တီးပေးရန် မတောင်းဆိုကြချေ။ တစ်နည်းအားဖြင့်ဆိုရလျှင် ဤကောင်နှင့် ရင်ဆိုင်ရန် ယခုအချိန်သည် အချိန်ကောင်းမဟုတ်ဟု ပြောရေပေမည်။

နေ့တစ်ဝက်ခန့်အချိန်ယူပြီး ဂူမိုဘူတာ၏အခြေအနေကို နားလည်ရန် ကျနော် အာရုံစိုက်ခဲ့၏။ အဓိကသတင်းအချက်အလက်တွေကို ကျနော်သိအောင် ပြောပြသူကတော့ ဟီဟန်းဆောင်ပင်။

"လက်ရှိဂူမိုဘူတာမှာ လူ ၈၆ ယောက်ရှိတယ်။ အဲ...ဒေါ့ဂျာကိုပါ ထည့်တွက်ရင်တော့ ၈၇ယောက်ပေါ့ကွာ "

"ထင်ထားတာထက်တောင် နည်းနေပါလား"

"အင်း။ ဇာတ်ဝင်ခန်းစတင်ချိန်မှာ ဘူတာနားမှာရှိနေတဲ့လူတွေနဲ့ ရထားပေါ်က လူတွေပဲ အသက်ရှင်ခဲ့ကြတာလေ။ ဘယ်သူမှတော့ မပြောပြကြပေမဲ့ ကြည့်ရသလောက်တော့ ပထမဇာတ်ဝင်ခန်းမှာ…..."

ဆက်နားထောင်စရာမလိုတော့ပေ။ လူတွေ၏မျက်နှာပေါ်က အမူအရာတွေကို ကြည့်ပြီး သိနိုင်ပေသည်။ အသက်ရှင်ကျန်သူတိုင်းသည် တစ်စုံတစ်ယောက်၏ အသက်ကို နင်းချေခဲ့ကြသည်မှာ သေချာ၏။ ဤနေရာတွင်ရှိသော လူတိုင်းသည် လူသတ်သမားများသာ။

"လက်ရှိဂူူမိုဘူတာမှာ အဖွဲ့နှစ်ဖွဲ့ကွဲနေတယ်။ တိတိကျကျပြောရရင်တော့ အဖွဲ့တစ်ဖွဲ့နဲ့ အဲ့ဒီအဖွဲ့ထဲမှာ မပါတဲ့လူတွေဆိုပြီး ကွဲနေတာလေ "

စိတ်ပျက်သည့်အကြည့်ဖြင့် လီဟန်းဆောင်က လူတွေကို ကြည့်လိုက်သည်။ သံတုတ် သို့မဟုတ် အခြားလက်နက်များကို ကိုင်ထားသော လူတွေ အများအပြား ရှိနေသည်ပင်။ မည်သည့်အဖွဲ့က အာဏာရှိနေသည်ကတော့ ရှင်းပေ၏။

"ကျုပ်ကိုယုံပေးပါ။ ကုမ္ပဏီဥက္ကဋ္ဌကြီးက ကြိုးစားနေပါတယ်။ သိပ်မကြာခင်မှာ ဒီကလူအားလုံး အကယ်ခံရမှာပါ "

ဟန်ကျောင်းအုပ်စု၏ အငယ်ဆုံးသားဖြစ်သော ဟန်မြုံအို အော်ဟစ်နေလေသည်။

"အကိုဟန်ပြောတာမှန်တယ်။ အားလုံးပဲ မျှော်လင့်ချက်မပျက်ကြနဲ့။ ငါတို့တွေ ဦးဆောင်နိုင်မှာပါကွ"

ဟန်မြုံအိုကို ပွေ့ဖက်ပြီး အဖွဲ့ကိုတကယ်ဦးဆောင်နေသူကတော့ ချွန်အင်ဟိုသာ။ သူတို့တွေသည် 'အဓိကအုပ်စု' ဖြစ်၏။

"အမေ။ သားပျင်းနေပြီ။ ဖုန်းဂိမ်းဆော့လို့မရဘူးလား"

"ခဏလောက်ပဲ စောင့်ပါ။ သားရယ်။ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတော့မှာပါကွယ့်"

"အစိုးရက တခုခုတော့ လုပ်မှာပါ။ နိုင်ငံတစ်နိုင်ငံပြိုလဲဖို့ဆိုတာ အဲလောက်မလွယ်ဘူးလေ"

ထို့အပြင် အဓိကအုပ်စု၏ကာကွယ်မှုကိုရပြီး ဘဝကိုဆက်လက်ရှင်သန်ဖို့ ကြိုးစားနေသော လူတွေကတော့ 'အရေးမပါသောအုပ်စု'ဖြစ်ကြသည်ပင်။ အဆိုပါအုပ်စုကလူတွေ၏ စိတ်ဓါတ်သည် လူသတ်သမားလုပ်ရန်ပင် အားနည်းလွန်း၏။ လူသတ်သမား ၁၀၀ စုရုံးနေလျှင်တောင် အားနည်းသူနှင့် အားကောင်းသူဆိုပြီး ကွဲသွားမည်သာ။ သူတို့ကိုယ်သူတို့ လူသတ်သမားမဟုတ်ဟုသာ ထင်လေူတွေကို အဓိကအုပ်စုကလှုံ့ဆော်နေသည်အား ကြည့်ပြီး လီဟန်းဆောင် ဆို၏။

"အစားအစာခွဲဝေမှုကို အဓိကအုပ်စုကပဲ ဆုံးဖြတ်တယ်။ ဒီနယ်မြေထဲက ကုန်စုံဆိုင်တွေ၊ စားသောက်ဆိုင်တွေအားလုံးကို လုယက်လို့ကုန်ပြီ။စားလို့ရတဲ့ အစားအစာတွေက အခုအချိန်မှာ အရမ်းနည်းနေပြီလေ"

"ဪ"

"ဒါကြောင့်မလို့လည်း အဓိကအုပ်စုက လူတချို့ကို အစားအစာရှာဖို့ မြေပြင်ပေါ် စေလွှတ်ခဲ့ကြတာကွ။ ဒေါ့ဂျာခေါ်လာတဲ့ ဟီဝမ်လည်း အဲ့ဒီလူတွေနဲ့အတူ ပါသွားခဲ့တာလေ"

"ဟီဝမ်ဟုတ်လား"

"အာ...ဒေါ့ဂျာကယ်ပေးခဲ့တဲ့ မိန်းမရဲ့နာမည်ပါ"

ရထားထိုင်ခုံပေါ်လဲှနေသည့် အမျိုးသမီးကို ကျနော်ကြည့်လိုက်၏။ လင်းနေသော မီးရောင်အောက်၌ ဟီဝမ်ဆိုသောအမျိုးသမီး၏အလှတရားကို မြင်နိုင်ပေသည်။ ပါးမို့မို့လေးနှင့် နူးညံ့သောမျက်နှာသွင်ပြင်ရှိသည့် ဟီဝမ်သည် ဆွဲဆောင်မှုရှိသော မိန်းမလှလေးဟု မကြာခဏဆိုသလို အပြောခံရမည်မှာ အသေအချာပင်။ မျောက်၏အဆုတ်ကျေးဇူးကြောင့် ဟီဝမ်၏ကိုယ်ရောင်ကိုယ်ဝါသည် မနက်ခင်းအလင်းရောင်ထက်ပင် တောက်ပနေသလိုဖြစ်နေလေသည်။

"ဟီဝမ် တစ်ယောက်ပဲ ဒီကိုပြန်မလာခဲ့တာလား"

"မဟုတ်ဘူး။ တကယ်တော့ နောက်ထပ်လူတချို့လည်း ဒီမနက်က ထွက်သွားသေးတယ်။ ဒါပေမဲ့ အရေးမပါတဲ့အုပ်စုကလူတွေပဲ ပြန်ရောက်မလာကြတာလေ "

"ပြန်ရောက်မလာကြဘူးတဲ့လား"

"အေး"

လီဟန်းဆောင်၏မျက်နှာ၌ ဝမ်းနည်းသည့်အရိပ်အယောင်ထပ်၍ ပေါ်လာပြန်သည်။ မည်သို့ဖြစ်ပျက်ခဲ့သည်အား လီဟန်းဆောင် အကြမ်းဖျင်း ခန့်မှန်း၍ ရမည်မှာ သေချာ၏။ လီဟန်းဆောင်၏ပုခုံးကို ကျနော်ကိုင်လိုက်သည်။ သူ့ကိုထိမိသည့်အခါမှ သေချာသိလိုက်ရ၏။ သူသည် သံမဏိဓားပီသလှပေသည်။ သူ၏ခွန်အားသည် သိပ်မကြာခင်မှာပဲ ၁၀ ကျော်သွားလောက်မည်ဟု ယူဆရ၏။

"ဘာ-ဘာလုပ်တာလဲ..."

"အကိုလီဟန်းဆောင်ကို သူတို့တွေမသိမ်းသွင်းဘူးလား။ အကိုကိုယ်တိုင်က လက်မခံခဲ့တာထင်တယ် "

"အာ... ဒါက..."

အမြင်အရဆိုရလျှင် လီဟန်းဆောင်၏ တိုက်ခိုက်ရေးစွမ်းအားက ဘန်ချောဆူးထက် မြင့်၏။ ချွန်အင်ဟိုက လီဟန်းဆောင်ကို မစည်းရုံးပဲ နေမည်မဟုတ်လောက်ချေ။

"ဘာလို့မှန်းမသိဘူး။ လက်မခံသင့်ဘူးလို့ ထင်မိတယ်လေ။ ကျုပ်က ကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေအကြောင်း သိပ်မသိတာမှန်ပေမဲ့…"

လီဟန်းဆောင်က ရှက်သလိုခေါင်းကိုကုတ်လိုက်သည်။

"တစ်ခုခုမှားနေသလိုခံစားရလို့ပါ"

မှားနေတယ်တဲ့လား။

လီဟန်းဆောင်၏စကားသည် အဖြေမဟုတ်ေ"ခင်ဗျားရဲ့ ဒီနှလုံးသားကို မမေ့လိုက်နဲ့"

ဤသို့ဆိုလျှင် သူ့ကိုဆက်၍ယုံကြည်လို့ရမည်ထင်၏။ ချစ်ရာကောင်းသော အသံတစ်သံ ထွက်လာသဖြင့် လှည့်ကြည့်လိုက်ရာ ယူဆန်းအာနှင့် လီဂီယောင်တို့ ကျနော့်ကို ငေးကြည့်နေသည်အား မြင်လိုက်ရသည်။ မိခင်ငှက်မကြီးကို စောင့်မျှော်နေသည့် ငှက်ကလေးတွေကဲ့သို့ဖြစ်နေသော သူတို့၏မျက်နှာအမူအရာက ကျနော့်ကို ရယ်မောစေ၏။

"အခုမှကြည့်မိတယ်။ ညနေရောက်သွားပြီပဲ။ ဗိုက်မဆာဘူးလား။ တစ်ယောက် တစ်ခုစီယူကြပါ"

စတိုးဆိုင်က အစားအစာတွေကို တစ်ခုချင်းစီ ကျနော်ပေးလိုက်သည်။

"အဲ... တကယ်လား။ ယူလို့ရလား"

"ဒီတစ်ခါတော့ အလကားကျွေးမယ်။ နောက်တစ်ခါဆိုရင်တော့ တန်ရာတန်ကြေး ပေးရမယ်နော်"

"ဟမ်။ ဘ-ဘယ်လောက်ပေးရမှာလဲ..."

"ဒင်္ဂါးတွေရှိကြတယ်မလား။ တစ်ခုကို ၁၀ ဒင်္ဂါးပဲပေး"

"အဲ-အဲ့ဒါက…"

ယူဆန်းအားနှင့် ဟီဟန်းဆောင်တို့၏မျက်နှာ၌ စိတ်ရှုတ်ထွေးနေသည့် အမူအရာ ပေါ်လာ၏။ ကျနော်ယခုလိုပြောမည်ဟု သူတို့တွေ မမျှော်လင့်ထားပုံပင်။

"ပေးရမှာပေါ့။ အခုပဲပေးမယ်။ အလကားမစားချင်ပါဘူး"

အဆိုပါစကားကိုပြောလိုက်သူမှာ ခုံပေါ်လှဲနေသည့် အမျိုးသမီးပင်။ ထိုအမျိုးသမီး သတိရလာပေပြီ။

"ကျမနာမည်က ယောင်ဟီဝမ်ပါ။ ဒီမနက်တုန်းက ကူညီပေးခဲ့တာကို ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ဖို့မလိုပါဘူး"

ဤအမျိုးသမီးသည် ချစ်စရာကောင်းသောမျက်နှာလေးသာ ရှိသည့် ပေါ်ကြော့ တစ်ယောက်ဟု ထင်ခဲ့မိသည်မှာ မှားသွားခဲ့ချေပြီ။

"ယူဆန်းအာ။ လီဟန်းဆောင်း။ သတိလေးဘာလေး ပြန်ထိန်းပါဦး။ အဲ့လိုမျက်နှာအမူအရာကြီးတွေမလုပ်ကြစမ်းပါနဲ့ရှင်။ ဒီစားစရာတွေကို သူအသက်စွန့်ပြီး ရခဲ့တာလေ။ အလကားစားခွင့်ရှိတယ်လို့ထင်နေကြတာလား"

တွန့်ဆုတ်မှုမရှိပဲ ပြောလိုက်သည့် ယောင်ဟီဝမ်၏မျက်နှာ၌ ဘာခံစားချက်မှ မရှိချေ။

"အာ..."

ယူဆန်းအာက ရုတ်တရက်သတိဝင်လာပြီး မျက်နှာနီရဲသွား၏။

"ကျမ အရမ်းကိုအမြင်ကျဉ်းသွားမိတယ်။ တောင်းပန်ပါတယ်။ ကျမတို့ ပေးရမှာပေါ့။ ဟုတ်ပါတယ်။ အလကားစားရတာမျိုးကို ကျမ သဘောကျတာမဟုတ်ဘူး။ တခြားသူတွေကို မှီခိုရတာကိုလည်း ကျမ မုန်းတယ်လေ"

"ကျုပ်လည်း ယူဆန်းအာနဲ့အတူတူပါပဲ။ အခုကစပြီး ဒင်္ဂါးတွေ ပေးပါမယ်"

မမျှော်လင့်မထားသော တုံ့ပြန်မှုကိုရလိုက်သဖြင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ ကမ္ဘာပျက်သွားသည်ဆိုသော်လည်း မကောင်းသောလူတစ်မျိုးထဲရှိသည်ဟု မဆိုနိုင်သည်မှာ အမှန်ပင်ဖြစ်၏။

"ခင်ဗျားတို့က ပေးချင်နေမှတော့လည်း နားလည်ပါပြီ။ ဒင်္ဂါးတွေကို ဘယ်လိုလဲလှယ်ရလဲ သိကြလား"

"အင်း။ ပြီးခဲ့တဲ့ရက်တွေတုန်းက ဘယ်လိုလဲလှယ်ရလဲ သင်ထားပြီးပါပြီ။ လက်ညှိုးခြင်း တစ်ယောက်နဲ့တစ်ယောက်ထိရမယ်။ ပြီးရင်…"

"ဘယ်လောက်အလဲအလှယ်လုပ်ချင်လဲပဲ ပြောပါ"

ယောင်ဟီဝမ်ကစ၍ ယူဆန်းအာနှင့် လီဟန်းဆောင်တို့အဆုံး စားစရာတွေအတွက် ဒင်္ဂါး၁၀စီ ပေးကြသည်။ ကျနော်ထင်ထားသလောက် သူတို့ဆီကနေ ဒင်္ဂါးတွေကို တောင်းရသည်မှာ မခက်လှသည်မလို့ ကံကောင်းသည်ဟု ပြောလို့ရ၏။ ဒင်္ဂါးအနည်းငယ်ရဖို့အတွက် ယခုလိုမျိုး ကျနော်လုပ်နေခြင်းမဟုတ်ပေ။ စစခြင်းတွင်တော့ ဒင်္ဂါးတောင်းသည့်ဆုံးဖြတ်ချက်မှာ ရင့်သီးလှသည်ဟု ထင်နိုင်ဖွယ်ရှိသော်လည်း မကြာခင်တွင် ဤရွေးချယ်မှုက မှန်ကန်ကြောင်းကို လူတိုင်းနားလည်သွားကြမှာ သေချာသည်။

['လီဂီယောင်'က သင့်ကို ဒင်္ဂါး ၂၀ ပေးပါသည်။]

"ဟမ်။ ၁၀ ဒင်္ဂါးတောင် ပိုပေးတာလား"

"နေ့ခင်းတုန်းက ချောကလက်အတွက်ပေးတာပါ"

စကားပြောနေချိန် လီဂီယောင်၏ မျက်နှာအမူအရာက အတော်ပင် ကြည့်၍ ကောင်းလှ၏။ ကြည့်ရသည်မှာ ဤကမ္ဘာတွင် လူကြီးတွေထက် ကလေးတွေက ပိုမိုမြန်ဆန်စွာ အသားကျလာသည့်ပုံပင်။ ကလေးတွေဆိုသည်မှာ သာမန်အသိတရားများကို ချိုးဖျက်ရန် လွယ်ကူလှသည်။

"ဒေါ့ဂျာ။ ကျုပ်တို့နဲ့အတူ ဆက်နေမှာလား"

"အာ...အဲ့ဒါက..."

"ဒေါ့ဂျာ"

ကျနော့်ကိုလှမ်းခေါ်လိုက်သည်မှာ လီဟန်းဆောင်မဟုတ်ပေ။ လှည့်ကြည့်လိုက်တော့ အဓိကအုပ်စုက ချွန်အင်ဟိုဖြစ်နေ၏။ ဟုတ်ပေသည်။ တစ်ခဏအတွင်း ကျနော့်ဆီကို သူပြန်လာလိမ့်မည်ဟု ကျနော်တွေးထားပြီးသားပင်။

"ခဏလောက်စကားပြောလို့ရမလား"

သွားတချို့ကျိုးနေသော ဘန်ချောဆူးက ချွန်အင်ဟို၏နောက်ကနေ ကျနော့်ကို စိုက်ကြည့်နေလေသည်။ ထို့နောက် တခြားတဖက်သို့ ခေါင်းလှည့်သွား၏။

တကယ့်စောက်ရူးလက်ပါးစေပဲ။

"အိုကေလေ။ စကားပြောကြတာပေါ့"

ကျနော်ခေါင်းညိတ်လိုက်တော့ ချွန်အင်ဟိုက ကျေနပ်သော အမူအရာဖြင့်

"ဒါဆို ကျန်တဲ့သူတွေ ဒီနေရာကနေခဏဖယ်ပေးကြပါလား။ ဒေါ့ဂျာနဲ့ တစ်ယောက်ထဲ စကားပြောချင်လို့ပါ"ဟု ပြောလိုက်သည်။

"အာ...အဲ့ဒါက..."

"မဟုတ်ဘူး။ ခင်ဗျားတို့တွေ သွားစရာမလိုဘူး။ ခင်ဗျားတို့ပါ နားထောင်လို့ရတယ်"

ကျနော့်စကားကြောင့် ချွန်အင်ဟို၏မျက်လုံးတွေ မှေးစင်းသွား၏။ ထွက်သွားရန် ပြင်နေသော လီဟန်းဆောင်သည် ရပ်ကြည့်လိုက်သည်။

"အင်း။ နားထောင်ကြမလို့လား။ ဟူး….နားထောင်မယ်ဆိုလည်း ကိစ္စမရှိဘူး "

ချွန်အင်ဟိုတစ်ယောက် ကျန်လူတွေနားထောင်ခွင့်ရှိသည့်ပုံစံဟန်ဆောင်လိုက်၏။ ထို့နောက် ခုံကိုသုတ်ပြီး ထိုင်လိုက်သည်။ ချောဒူးအဖွဲ့က လူတွေသည် ချွန်အင်ဟို၏ ဘေးတဖက်တချက်စီတွင်ပေါ်လာပြီး စီးကရက်နှင့် မီးခြစ်ကို ကမ်းပေး၏။

ဒီကောင်ရုပ်ရှင်တွေအတော်ကြည့်ခဲ့ဖူးတဲ့အကောင်ထင်တယ်။ ရုပ်ရှင်ထဲက အထာလာလုပ်နေတာပဲ။

"ဒေါ့ဂျာက စကားကိုဝေ့ဝိုက်ပြောတာမကြိုက်တဲ့လူလို့ထင်ရတဲ့အတွက် လိုရင်းပဲ ပြောတော့မယ် "

"ပြော"

"ငါတို့အဖွဲ့ထဲဝင်ပါ"

ကျနော်မျှော်လင့်ထားသော ကမ်းလှမ်းသည့်စကားပြောလာခြင်းပင်။

"ေ"ဘာလို့ ငါ့ကိုအဖွဲ့ထဲဝင်စေချင်ရတာလဲ"

"ဘာလို့လဲဆိုတာကို မင်းသိမှာပါ"

ချွန်အင်ဟိုက ဒဏ်ရာရနေသော ချောဒူးအဖွဲ့ဝင်တွေကို မျက်စောင်းထိုး ကြည့်လိုက်သည်။

"ဒေါ့ဂျာက မကောင်းဆိုးဝါးတွေဆီကနေ လူတွေကိုကယ်တင်ခဲ့တဲ့ သူရဲကောင်း တစ်ယောက်လေ။ သူရဲကောင်းတစ်ယောက်အတွက် နေရာပေးရမှာပေါ့ "

စိတ်ဝင်စားဖို့ကောင်းသည့် တွေးခေါ်မှုပုံစံပင်။ ဤကောင်သည် ကျနော်၏ တည်ရှိမှုကို အခွင့်ကောင်းယူဖို့ ကြိုးစားနေခြင်းသာ ဖြစ်၏။

"ငြင်းမယ်ဆိုရင်ရော"

"ငြင်းမယ်ဟုတ်လား။ စိတ်ဝင်စားစရာပဲ။ ဒါကိုတွေးမထားမိဘူး"

ချွန်အင်ဟိုက စီးကရက်မီးခိုးငွေ့တွေအား ကျနော့်ဆီ မှုတ်ထုတ်လိုက်သည်။

"ဒေါ့ဂျာ။ ဒါက မင်းကို အခွင့်အရေးပေးနေတာမဟုတ်ဘူး။ မင်းလုပ်ကိုလုပ်ရမယ့် တာဝန်ကိုပေးနေတာကွ။ ဒီမှာရှိတဲ့ သနားစရာကောင်းတဲ့လူတွေကို မင်းမမြင်ဘူးလား"

လူတွေက ညစ်ပတ်နေသောမျက်နှာတွေဖြင့် ကျနော့်ဘက်သို့ ကြည့်နေကြ၏။ ထိုသို့ကြည့်နေကြသည့်လူများထဲတွင် ငိုနေသောကလေးတွေ၊ ပင်ပန်းနွမ်းနယ်နေသည့် သက်ကြီးရွယ်အိုတွေလည်း ပါသည်။

"မင်းကိုကြီးကြီးမားမားလုပ်ခိုင်းနေတာမဟုတ်ဘူး။ အသက်ဆက်ရှင်ဖို့အတွက် အတူတူလက်တွဲလုပ်ဖို့ တောင်းဆိုနေတာပါ။ ဒေါ့ဂျာ။ မင်းမှာ အတူလက်တွဲဖို့ ခွန်အားမရှိဘူးလား"

"တကယ်တန်း မင်းလိုချင်နေတာက ဘာလဲ"

"ကြေးစားတစ်ယောက်အနေနဲ့နေပေးမယ့်လူတစ်ယောက်ကို ငါလိုချင်တယ်"

ကြေးစားဟုတ်လား။

"ပြီးခဲ့တဲ့ရက်ပိုင်းတွေအထိ ကြေးစားအလုပ်ကိုလုပ်ပေးမယ့်လူတစ်ယောက် ရှိခဲ့တယ်ကွ။ အဲ့ဒီလူဟာ စားစရာတွေကို တစ်ယောက်ထဲရှာပြီး လှိုဏ်ခေါင်းတွေထဲမှာ အမဲလိုက်ပေးတယ်လေ။ တိတိကျကျပြောရရင်တော့ ငါတို့ဖက်က အခွင့်အရေးယူသလိုဖြစ်ခဲ့တာပေါ့ကွာ "

သေချာပေသည်။ ထိုကြေးစားသည် ယူဂျွန်ဟော့ပင်။

"နောက်တော့ မနေ့ညမှာပဲ အဲ့ဒီလူဟာ ရုတ်တရက်ထွက်သွားတယ်လေ"

"ဒါကြောင့် အစားထိုးတစ်ယောက်လိုနေတာလား"

"မင်းဟာ မင်းရဲ့ခွန်အားကို ချောဆူးနဲ့ သက်သေပြခဲ့ပြီးပြီလို့ပဲ ငါကတော့ ထင်တယ်"

လီဟန်းဆောင်နှင့် ယောင်ဟီဝမ်တို့၏မျက်လုံးများ ပြူးကျယ်သွားသည်။ ယခုအချိန်တွင်တော့ မည်သို့ဖြစ်ပျက်နေသည်ကို သူတို့တွေ သဘောပေါက် သွားကြသည်ပင်။

"ဒေါ့ဂျာအတွက်လည်း အကျိုးမယုတ်ပါဘူး။ မင်းဟာ လူတွေရဲ့သူရဲကောင်း ဖြစ်တဲ့အပြင် ငါတို့နဲ့အတူ ဒီအုပ်စုရဲ့ခေါင်းဆောင်လည်း ဖြစ်မှာလေ။ လူတိုင်းဟာ မင်းကိုသဘောကျကြမှာဆိုတော့…"

ကျနော် စကားဖြတ်လိုက်သည်။

"စိတ်မရှိပါနဲ့။ ဘယ်သူ့အတွက်မှ ငါတာဝန်မယူပေးနိုင်ဘူး။ မင်းအဖွဲ့ထဲ ငါမဝင်ချင်ဘူး"

"အာ…တကယ်ပြောတာလား"

"အထူးသဖြင့် အဖွဲ့ကို မင်းရဲ့စီမံပုံက ငါနဲ့မကိုက်ဘူး"

အကောင်းအတိုင်းကျန်းမာနေသော ချောဒူးအဖွဲ့ဝင်တွေနှင့် နေမကောင်းသကဲ့သို့ ဖြစ်နေသည့် အရေးမပါသောအုပ်စုဝင်တွေကို ကျနော်ကြည့်လိုက်၏။ ယောင်ဟီဝမ်ဟာ ချွန်အင်ဟိုကို ရန်သူတော်ကြီးသဖွယ် စိုက်ကြည့်နေသည်အား ကျနော် မြင်လိုက်ရသည်။

"ဟုတ်လား။ ကောင်းပါပြီ။ ဒါပေမယ့် စိတ်ပြောင်းသွားရင်တော့ အချိန်မရွေးပြန်လာပါ"

"စိတ်ပြောင်းသွားစရာအကြောင်းမရှိဘူး"

"ဟားဟား။ ကြည့်ရသေးတာပေါ့ "

ချွန်အင်ဟိုပြောသောစကားလုံးတွေ၏ အဓိပ္ပါယ်ကို သိရန် သိပ်မကြာလိုက်ပေ။ ချောဒူးအဖွဲ့ဝင်များ ထွက်ခွာသွားသည်နှင့် အခြားအဖွဲ့ဝင်များသည် စောင့်မျှော်နေသကဲ့သို့ ကျနော့်ထံသို့ချဉ်းကပ်လာကြသည်။ ချည်းကပ်လာသူများမှာ အရေးမပါသောအုပ်စုဝင်များဖြစ်၏။ သူတို့သည် ကျနော့်ကိုဖမ်းကိုင်ပြီး အသံကျယ်ကျယ်ဖြင့် စကားကိုပြောလိုက်သည်။

"ဟေ့…ထွက်နေတဲ့ကောလဟာလက အမှန်ပဲလား"

"မင်းဟာ တကယ်ပဲ စားစရာတွေကို မောင်ပိုင်စီးထားတာလား"

"အားလုံးကို ဝေမျှပြီးစားလို့ရတဲ့အထိ စားစရာတွေရှိနေတာကို မင်းက တစ်ယောက်ထဲ အကုန်လုံးစားပစ်မလို့လား"

"ငါတို့အားလုံး ဒီမှာအတူနေနေကြတာလေ။ ဘာလို့ မင်းတစ်ယောက်ထဲပဲ စားစရာတွေကိုရနေတာလဲ"

"စားစရာတွေကို အကိုအင်ဟိုဆီ ထားခဲ့လိုက်။ စားစရာတွေကို အကိုအင်ဟိုက မျှမျှတတ ခွဲပေးမှာကွ"

ဖြစ်ပျက်နေသည်အား ကျနော်နားလည်သွားသည်။ ထိုလူများ၏နောက်တွင် ချွန်အင်ဟို၏ ပြုံးနေသောမျက်နှာကိုပင် မြင်နိုင်လေ၏။ ချွန်အင်ဟို၏နှုတ်ခမ်းများက လှုပ်ရှားသွားသည်။

'ရွေးချယ်တော့'

စားစရာများကိုပေးပြီး သူရဲကောင်းအဖြစ် ငါခံယူလိုက်ရမလား။ ဒါမှမဟုတ် လူဆိုးအဖြစ် စားစရာတွေကို အပိုင်စီးရမလား။

သူရဲကောင်းအဖြစ်ကျနော်ရွေးချယ်လိုက်မည်ဆိုပါက ချွန်အင်ဟို၏ကစားကွက်ထဲသို့ ကျနော် ကျသွားပေမည်။ စားစရာတွေအားလုံးကိုခွဲဝေပြီးသည့်နောက်တွင်လည်း အဖွဲ့ဝင်များနှင့်အတူ စားစရာ ရှာဖွေရမည်ဖြစ်ပြီး တစ်နေ့တွင် နောက်ကျော ဓါးဖြင့် ထိုးခံရနိုင်ချေပါရှိ၏။ သူရဲကောင်းအဖြစ်မရွေးချယ်ပဲ စားစရာတွေကို တစ်ဦးတည်း အပိုင်ယူလိုက်ပါကလည်း တစ်ခဏအတွင်း အဖွဲ့ထဲ၌ သင်းကွဲဖြစ်သွားမှာသေချာ၏။

[နက္ခတ်အချို့၏ မျက်လုံးများ တောက်ပလာပါသည်။]

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် စိတ်လှုတ်ရှားနေပါသည်။]

လူအများ စိတ်လှုပ်ရှားလာသည်နှင့်အမျှ ချွန်အင်ဟို ရှေ့သို့တက်လာသည်။

"အာ...အားလုံး။ စိတ်ကိုထိန်းကြပါ။ နားလည်မှုလွဲနေကြတာ ထင်တယ်။ ကင်ဒေါ့ဂျာက တကိုယ်ကောင်းဆန်တဲ့လူစားမျိုး မဟုတ်ပါဘူး "

ဘာလဲဟ။ လူတွေကိုတည်ကြက်အနေနဲ့ထားနေတာလား။

"ကင်ဒေါ့ဂျာက ငါတို့နဲ့အတူ အလုပ်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ သူယူလာတဲ့ စားစရာတွေကို အဓိကအုပ်စုဆီမှာ ထားမှာဖြစ်ပြီး အားလုံးကို မျှမျှတတပဲ ခွဲဝေပေးမှာပါ။ သူကလည်း ငါတို့နဲ့အလုပ်ဆက်လုပ်ဖို့ ကတိပေးထားပါတယ်—"

သူ့ကို ကျနော်ရွေးမည်ဟု သူယုံကြည်နေခြင်းပင်။ သူ၏ပြောစကားများအား ဆက်ပြီးနားထောင်ရန် အလွန်ပင်ခက်လာ၏။

"တော်လိုက်တော့"

တစ်ခဏမျှ ကျနော်ပူပန်သွားမိသည်။ ကျနော့်နေရာတွင် ယူဂျွန်ဟော့ဆိုပါက မည်သို့လုပ်မည်နည်း။

အာ... ဟုတ်သားပဲ။ သူထွက်သွားခဲ့တာပဲလေ။

သို့သော် ကျနော်က ယူဂျွန်ဟော့မဟုတ်ပေ။

"ဟုတ်ပါတယ်။ စားစရာတွေကို ခွဲဝေပေးမှာပါ"

ချွန်အင်ဟို၏နှုတ်ခမ်းတွေ ပြုံးတက်လာတာအား မြင်လိုက်ရ၏။ သို့သော် စကားကို အဆုံးထိ နားထောင်သင့်ပေသည်။

"ဒါပေမဲ့ အလကားတော့မရဘူး "

ယူဂျွန်ဟော့နှင့်မတူပဲ ကျနော်သည် ရှေ့ဆက်ဖို့အတွက်ဆိုလျှင် အရာအားလုံးကို စွန့်ပစ်တာမျိုး လုပ်မည့်သူမဟုတ်ချေ။ သို့သော် လူတိုင်းကိုတော့ ကျနော် တာဝန် မယူနိုင်ချေ။ စားစရာတွေပေးမည်မှန်သော်လည်း အခမဲ့ပေးမည်ကား မဟုတ်။ ကျနော်ပြောသောစကားကို နားမလည်သကဲ့သို့ ဤလူတွေ အူကြောင်ကြောင် လုပ်နေကြသည်။

"ခ-ခဏနေပါဦး။ အလကားပေးမှာမဟုတ်ဘူးလား"

"တခါထဲပြောလိုက်မယ်။ စားစရာတွေကိုလက်ဝါးကြီးအုပ်ထားဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိပေမဲ့ စားစရာတွေကို ချွန်အင်ဟိုအဖွဲ့ဆီ ပေးမှာမဟုတ်ဘူး။ ငါက လူသားချင်း ထောက်ထားမှုဆိုင်ရာအဖွဲ့ကြီးဖြစ်တဲ့ UNICEFအဖွဲ့ဝင်လည်းမဟုတ်သလို ချွန်အင်ဟိုတို့ကိုလည်း မယုံဘူး "

ချွန်အင်ဟိုကို ကျနော်ပြုံးပြလိုက်၏။

"မင်းတို့နဲ့ သဘောတူညီချက်တစ်ခုလုပ်မယ်။ တရားမျှတတဲ့ဈေးနှုန်းနဲ့ စားစရာတွေကို ငါရောင်းပေးမယ်"

"ရ-ရောင်းမှာဟုတ်လား"

"ဘာ..."

"အဲ။ ငွေဘယ်လောက်နဲ့….ရောင်းမှာလဲ"

ခပ်လှမ်းလှမ်းရှိ ချွန်အင်ဟို၏မျက်နှာ တင်းမာသွားသည်ကို မြင်လိုက်ရ၏။ သူ့ကိုမျက်နှာမူပြီး ကျနော်ရယ်လိုက်သည်။

"ငွေမဟုတ်ဘူး။ ငါက ဒင်္ဂါးပဲလက်ခံတယ်"

……………………………………………………………………………………………………….....

သိပ်မကြာခင်မှာပဲ အရေးမပါသောအုပ်စုထဲက လူအများစု လှည့်ပြန်သွားကြ၏။

"ဒါက...ဒ-ဒေါ့ဂျာ။ ဒီလိုရွေးချယ်လိုက်လို့ ကောင်းပါ့မလား"

"တော်စမ်းပါ။ လောကကြီးမှာ အခမဲ့ရတဲ့အရာရယ်လို့ ရှိလို့လား။ ဒေါ့ဂျာ။ နင်ပြောတာကောင်းတယ်။ စိတ်ထဲ လုံးဝကို ကျေနပ်သွားတယ်ဟ"

ယောင်ဟီဝမ်က လီဟန်းဆောင်၏ စိုးရိမ်စွာပြောသောစကားကို ဟန့်တားလိုက်၏။ 'လဲလှယ်မည်'ဟု ကျနော်ကြေညာပြီးနောက် လူအတော်များများ ကျနော့်ဆီကနေ လှည့်ထွက်သွားကြလေသည်။ သူတို့တွေ စိတ်ပျက်သွားတာ ဖြစ်မည် ထင်၏။

"ဟီဝမ်ပြောတာကို သဘောတူတယ်။ ဒီကလူတွေဟာ အဓိကအုပ်စုရဲ့ ချုပ်ကိုင်တာကို အရမ်းကြီးခံနေရတာလေ"

"ဟုတ်တယ်။ တကယ့်ခွေးမသားတွေ။ ဂူမိုဘူတာဟာ အခုဆိုရင် သူတို့ရဲ့ လက်ထဲရောက်နေပြီ။ သူတို့တွေဟာ လူတွေကို ကျွဲတွေနွားတွေလို ဆက်ဆံကြတယ်၊ တစ်ခါတလေ သေတွင်းဆီလည်း ပို့ကြသေးတယ်။ ဒီမနက်တုန်းက ကျမ ဖြစ်ခဲ့သလိုမျိုးပေါ့"

ယောင်ဟီဝမ်၏ခန္ဓာကိုယ်သည် တုန်ရီနေ၏။ တကယ်တန်းတွင် စားစရာတွေကို လက်ဝါးကြီးအုပ်ထားသည်က ကျနော်မဟုတ်ပဲ အဓိကအုပ်စုသာ။ သူတွေတို့သည် 'မျှတစွာခွဲဝေပေးမည်'ဟု အကြောင်းပြချက်ဖြင့် စားစရာတွေကို မောင်ပိုင်စီးထားပြီး သူတို့ထိန်းချုပ်လို့ရသည့်လူများကိုသာ ကျွေးမွေးနေခြင်းဖြစ်၏။ လူသားတွေသည် တစ်စုံတစ်ယောက်က သူတို့ကာကွယ်ပေးနေသည်ဟု ယုံကြည်သောအချိန်တွင် အားအနည်းဆုံးဖြစ်သည်။ အာဏာရှိသူက တစ်ဖက်သတ်ဆန်သော ဆက်ဆံရေးကို ထူထောင်လိုက်ပြီဆိုသည်နှင့် လူတွေက အာဏာရှိသူတွေကိုမှီခိုလာကြမည်ပင်။

"ကျုပ်လည်း သဘောတူတယ်။ ဒီနေ့ အေရမ်းအဓိပ္ပါယ် ရှိတယ်လို့ ကျုပ်ယုံကြည်တယ်။ လူတွေဆိုတာက တစ်ခုခုကိုလုပ်ဖို့ စိတ်အားထက်သန်နေဖို့ လိုတယ်လေ။ ဒါပေမဲ့..."

လီဟန်းဆောင်က စားစရာတွေဘက်ကို ကြည့်လိုက်သည်။

"တစ်ခုတောင် မရောင်းရသေးဘူး။ တစ်ခုကို ဒင်္ဂါး ၅၀က ဈေးကြီးလွန်းမနေဘူးလား။ ငါတို့ကိုရောင်းပေးသလို ၁၀ ဒင်္ဂါးပဲထားလိုက်ပါလား..."

ဤသို့တွေးသည်မှာ မမှားပေ။ လူတွေက အဓိကအုပ်စုကိုပဲ အာရုံစိုက်နေပြီး ဒီဘက်ကို လှည့်ကြည့်မယ့်လက္ခဏာမပြဟုပင် ထင်ရ၏။ ထိုလူတွေအတွက် အချိန်နည်းနည်း လိုသည်။ အေးအေးဆေးဆေးပဲ ကျနော်ပြန်ဖြေလိုက်၏။

"ခဏလောက် ထပ်စောင့်ကြည့်ရအောင်"

ညအချိန်သို့ ရောက်လာ၏။ ဘူတာအပြင်ဘက်ကနေ ကြီးမားသော သတ္တဝါတွေ၏ အသံတွေကို ကြားနေရသောကြောင့် လူတွေလည်း မကြာခဏဆိုသလို အိပ်မက်ဆိုးပါ မက်ကြလေသည်။ လီဂီယောင်နှင့် ယူဆန်းအာ အရင်အိပ်ပျော်သွားပြီး ယောင်ဟီဝမ်ကတော့ ငိုက်မြည်းနေသည်။

လီဟန်းဆောင်က "ဒေါ့ဂျာလည်း အိပ်သင့်တယ်။ ကျုပ် ကင်းစောင့်ပေးပါမယ်"ဟု ပြော၏။

"မအိပ်တော့ဘူး။ ကျနော်အဆင်ပြေပါတယ်။ လီဟန်းဆောင်ပဲ အရင်အိပ်လိုက်ပါ"

"ဒါပေမဲ့ မအိပ်ပဲနေရင် ပင်ပန်းမယ်နော်"

"ကျနော့်မှာ လုပ်စရာရှိသေးတယ်"

"လုပ်စရာရှိတယ်ဟုတ်လား"

လီဟန်းဆောင်၏ နောက်ကို ကျနော်ညွှန်ပြလိုက်၏။ အံ့အားသင့်စရာကောင်းသည်က လူအရိပ်တွေ တစ်ခုမက ရှိနေခြင်းပင်။

"ဒီ...စားစရာတွေကို ရောင်းပေးသေးတယ်မလား"

နောက်ဆုံးတွင်တော့ လူတွေစတင်လှုပ်ရှားလာကြပေပြီ။

All Chapters