အမှောင်အစောင့်အရှောက် (၂)
Vol. 2 Ch. 21
ကျနော်တို့အဖွဲ့သည် ကောင်းကောင်းတိုက်ခိုက်နိုင်ကြပေသည်။ အမှန်အတိုင်း ဆိုရလျှင် အနည်းငယ်တော့ အံ့သြမိ၏။ အထူးသဖြင့် ကျနော်နှင့်အတူ ရှေ့ထွက်ကာ တိုက်ခိုက်သော လီဟန်းဆောင်နှင့် ယောင်ဟီဝမ်တို့၏ တိုက်ခိုက်မှုမှာ အလွန်ပင် ထိရောက်မှုရှိလှသည်။ ထို့ကြောင့် ကျနော်တို့ သုံးယောက်က ရှေ့ကနေ တိုက်ခိုက်ပြီး ကျန်သုံးယောက်ကတော့ နောက်ဘက်ကနေ တိုက်ခိုက်သည့်ပုံစံ ဖြစ်သွားတော့၏။ တိုက်ပွဲစပြီး တစ်မိနစ်မပြည့်ခင်မှာပဲ မြေကြွက်အချို့ လည်ပင်းတွေပြတ်ထွက်ကုန်ပြီး မြေကြီးပေါ်လဲကျသွားသည်။
လီဟန်းဆောင်က နောက်ထပ်မြေကြွက်တစ်ကောင်ကို အနိုင်ယူပြီး နဖူးက ချွေးတွေကို သုတ်ကာ ပြော၏။
"…ငါရှင်သန်နိုင်မယ်ထင်တယ်"
ပျမ်းမျှစွမ်းရည်တွေ တိုးတက်လာသည့်အခါ လူသားမျိုးနွယ်ဖြစ်သော သူတို့သည် အရမ်းကြီး အားမနည်းကြတော့ပေ။ သို့ပေငြားလည်း လီဟန်းဆောင်၏ စိတ်ထားဟာ ဤကမ္ဘာမှာ အထူးခြားဆုံးပင်။ သာမန်လူသားတစ်ယောက်သာ ယခုလိုသတ္တဝါတွေနှင့် ကြုံတွေ့ရမည်ဆိုပါက သူ့လောက်အေးဆေးတည်ငြိမ်နိုင်မှာမဟုတ်တာ သေချာသည်။ အနာဂတ်တွင် "သံမဏိဓား"ဟု သူနာမည်ရခဲ့ခြင်းမှာ အလကားရခဲ့ခြင်းမဟုတ်။ ပို၍အံ့အားသင့်စရာကောင်းသောသူမှာ ယောင်ဟီဝမ်ဖြစ်၏။
"တိုက်ပွဲဗျူဟာခင်းရတာက ထင်တာထက် ပိုရိုးရှင်းတယ်နော်"ဟု ယောင်ဟီဝမ်က ပြောသည်။
ကန်ဒိုဓါးသိုင်းစွမ်းရည်ကြောင့်လားတော့ မသိပေ။ ဓားဖြင့် ယောင်ဟီဝမ် လှမ်းထိုးလိုက်တိုင်း ပစ်မှတ်ထားခံရသော မြေကြွက်၏ ခြေထောက်တွေ (သို့မဟုတ်) အမြီးမှာ ပြတ်တောက်သွားသည်။
"ယား"
ဤသို့တချက်ထဲဖြင့် ပြတ်တောက်သွားအောင်လုပ်နိုင်ခြင်းမှာ ယောင်ဟီဝမ်သည် ပိုင်ဆိုင်သော ဒင်္ဂါးအများစုအား ခွန်အားကိုတိုးမြှင့်ရာတွင် သုံးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ယောင်ဟီဝမ်၏ခံနိုင်ရည်စွမ်းအားက ကျဆင်းလာတေိုက်ခိုက်မှုအစွမ်းကတော့ ကျနော်ထင်ထားတာထက်ပင် ပိုကောင်းနေ၏။ ယောင်ဟီဝမ်၏ဓား လေထဲမှာ လှုပ်ရှားနေပုံမှာ ကြောက်စရာကောင်းလွန်းလှသည်။
"ချီး။ တစ်ကောင်လွတ်သွားပြီ။ အဲ့တစ်ကောင်ကို သတ်ပေးပါဦး"
ယောင်ဟီဝမ်၏အသံမှာ တုန်နေပေပြီ။ ယောင်ဟီဝမ်၏ တစ်ခုတည်းသော အားနည်းချက်က ကိုယ်ခန္ဓာကြံ့ခိုင်မှုနိမ့်ပါးသောကြောင့် ခံနိုင်ရည်စွမ်းအား မလုံလောက်ခြင်းပင်။ ကျနော့်အဖွဲ့ဝင်တွေကြားတွင် ပြေးလွှားနေသည့် မြေကြွက်တွေသည် အတန်အသင့်တော့ ဉာဏ်ရည်ရှိကြသည်။ အဖွဲ့ထဲမှ လူအသီးသီး၏ စွမ်းရည်အဆင့်တွေကို ရိပ်မိသွားပြီးနောက် မြေကြွက်တွေသည် မုဆိုးတွေ၏ဗီဇအတိုင်း အားအနည်းဆုံးသူဆီရွေးပြီး ပြေးသွားကြတော့၏။
"ကျနော့်တာဝန်ထားလိုက်"
သို့သော် မြေကြွက်တွေဟာ သူတို့ရွေးမိသော ပြိုင်ဘက်မှားသွားကြောင်းကို မသိကြပေ။ လီဂီယောင်၏လက်ကနေ ပစ်လိုက်သော ထိပ်ချွန်သည့်လက်နက်က မြေကြွက်တစ်ကောင်၏ခေါင်းကို ထိမှန်သွားသည်။ လီဂီယောင်သည် ကလေးတစ်ယောက်ဖြစ်သောကြောင့် အားနည်းသော်လည်း မြေကြွက်တွေကိုတော့ ကောင်းကောင်း ရင်ဆိုင်နိုင်ပေသည်။ အခြားသူတွေကလည်း မြေကြွက်တွေကို အဆုံးသတ်ဖို့ ဝိုင်းကူညီကြ၏။
ယူဆန်အာ၏လှံတံက မြေကြွက်တစ်ကောင်၏ကိုယ်ကို ထိုးဖောက်လိုက်သဖြင့် မြေကြွက်မှာ လူးလိမ့်နေတော့သည်။ ယူဆန်အာတွင် စိတ်ရှုတ်ထွေးသော အမူအရာ ရှိသော်လည်း လှံတံပေါ်က လက်ကိုတော့ မလွှတ်ချေ။ နောက်ဆုံးတွင်တော့ မြေကြွက်သည် အားအင်ကုန်ခန်းကာ ငြိမ်သက်သွားတော့၏။ အမှန်အတိုင်း ဆိုရလျှင် ယူဆန်အာအတွက် အခြေအနေအပေါ် အသားကျဖို့ ခက်လောက်မည်ဟု ကျနော် ထင်ခဲ့သော်လည်း ကျနော်သာ အံ့အားသင့်ခဲ့ရသည်။ ပုံမှန်ဆိုလျှင် ဟန်မြုံအိုကဲ့သို့ တစ်နေရာထဲတွင်ရပ်ကာ ကြောက်ရွံ ့တုန်လှုတ်နေသင့်ပေသည်။
"အီး…အီး…"
အကုန်လုံးကြိုးစားတိုက်ခိုက်နေချိန်တွင် ဟန်မြုံအိုသည် နောက်ဘက်တွင် ပုန်းနေလေသည်။ ပုန်းနေသည်ဟုဆိုသော်လည်း ကောင်းမွန်စွာ ပုန်းနေနိုင်ခြင်း မရှိပဲ ခြေသလုံးနား၌ သွေးထွက်နေ၏။
နောက်ဆုံးကျန်သော မြေကြွက်ကို ဆူးချွန်ဖြင့် ကျနော်ထိုးပြီးသည့်နောက် ပတ်ဝန်းကျင်မှာ ငြိမ်ကျသွားသည်။ ဟန်မြုံအိုကလွဲလျှင် လူတိုင်းကိုယ်စီ ခြစ်ရာသေးသေးလေးတွေရခဲ့သော်လည်း ကြီးမားသော ဒဏ်ရာများတော့ မရခဲ့ကြပေ။ ဤသည်မှာ ပထမဆုံးအောင်ပွဲအတွက် အလွန်ကောင်းမွန်သောအရာပင် ဖြစ်၏။
ယူဆန်းအာနှင့် လီဂီယောင်က စိတ်ကိုလျှော့ပြီးထိုင်ချလိုက်ချိန်မှာပဲ လီဟန်းဆောင် ကတော့ လှံတံကို မြေကြီးထဲစိုက်ပြီး နဖူးက ချွေးတွေကိုသုတ်လိုက်သည်။ ယောင်ဟီဝမ်က အနီးအနားရှိ မြေကြွက်အရေအတွက်ကို ရေတွက်ရင်း "ဒေါ့ဂျာ။ နင်ဘယ်နှစ်ကောင်သတ်ခဲ့လဲ"ဟု မေး၏။
"လေးကောင်"
"ကျွတ်။ ငါကတော့ နှစ်ကောင်ပဲ"
"ကျုပ်ကတော့ သုံးကောင်သတ်ခဲ့တယ်"
လီဟန်းဆောင်၏ ဂုဏ်ယူဝံ့ကြွားစွာပြောဆိုမှုကြောင့် ကျနော်လည်း မာန်တက်ပြ၍ မရတော့ပေ။ ကျနော်နှင့်သူ၏ သတ်ခဲ့သော အကောင်အရေအတွက်မှာ တစ်ကောင်သာ ကွာခြားသည်။ စွမ်းရည်ကိုသုံးပြီး လီဟန်းဆောင်၏ ဝိသေသလက္ခဏာပြဇယားကို ကျနော်ကြည့်လိုက်သည်။
[ဇာတ်ကောင်၏အကျဉ်းချုပ်]
အမည် : လီဟန်းဆောင်
အသက် : ၂၈ နှစ်
ထောက်ပံ့သူ : သံမဏိသခင်
သီးသန့်ဝိသေသလက္ခဏာ : တရားမမျှတခြင်းအား မျက်ကွယ်ပြုခဲ့သော စစ်သား (ယေဘူယျအားဖြင့်)
သီးသန့် စွမ်းရည်များ : လှံစွပ်စွမ်းရည် အဆင့် ၂၊ ကိုယ်ရောင်ဖျောက်ခြင်း အဆင့် ၁၊ စိတ်ရှည်မှု အဆင့် ၁၊ တရားမျှတလိုစိတ် အဆင့် ၁၊ လက်နက်လေ့ကျင့်မှု အဆင့် ၂
အထူးစွမ်းရည် : မဟာတောင်ဖြိုတွန်းအား အဆင့် ၁
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၂၊ ခွန်အား အဆင့် ၉၊ လျှင်မြန်မှု အဆင့် ၉၊ မှော်စွမ်းအား အဆင့် ၆
ခြုံငုံအကဲဖြတ်ချက် : ဝိသေသ လက္ခဏာဆင့်ကဲပြောင်းလဲမှုဖြစ်ပေါ်ရန် အလွန်နီးကပ်နေပါပြီ။ သင့်အပေါ် အလွန်ယုံကြည်သူ ဖြစ်၏။ သူ့နောက်ကွယ်မှ ထောက်ပံ့သူကတော့ သင့်ကို သတိထားနေပါသည်။
* ' ကနဦးလူသစ်များအတွက် အခြေခံပစ္စည်းထုပ်'ကို လောလောဆယ် အသုံးပြုထား ပါသည်။
ဟား…အခြေခံပစ္စည်းထုပ်ပေါ့လေ။ ဒါကြောင့်မလို့လည်း သူအစွမ်းထက်နေတာပဲ။
သံမဏိသခင်သည် လီဟန်းဆောင်ကို အတော်လေးသဘောကျနေပုံပေါ်၏။ ကနဦးလူသစ်များအတွက် အခြေခံပစ္စည်းထုပ်ဆိုသည်မှာ ကိုယ်စားလှယ်၏ ပျမ်းမျှစွမ်းရည် အဆင့် ၁၀ အောက်တွင် ရှိမှသာ အသုံးပြုနိုင်သော ဒင်္ဂါးအထုပ်တစ်ခု ဖြစ်သည်။ ထိုဒင်္ဂါးအထုပ်သည် အစပိုင်းတွင် အသုံးဝင်သည့် လက်နက် လေ့ကျင့်မှု စွမ်းရည်ကိုသင်ယူခွင့်ရရှိစေပြီး စွမ်းရည်အလုံးစုံကိုအဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်သော ပစ္စည်းကောင်းတစ်ခုပင်။ ကိုယ်စားလှယ်အများစု ဘာမှမရပဲ ခေါင်းပုံဖြတ်ခံနေရချိန်တွင် လီဟန်းဆောင်ကတော့ အခြေခံပစ္စည်းထုပ်ကိုရရှိခြင်းသည် ကံကောင်းသည်ဟု ပြော၍ရ၏။
"ဒေါ့ဂျာ။ ခင်ဗျားမျက်နှာမကောင်းပါလား"
"အာ… မဟုတ်ပါဘူး။ နည်းနည်းအတွေးလွန်သွားလို့ပါ"
ယခုအချိန်တွင် အနည်းငယ်တော့ အားကျမိသည်။ အမှန်အတိုင်းဆိုရလျှင် အခြေခံ ပစ္စည်းထုပ်ကို ဝယ်ရန်ပိုက်ဆံရှိခဲ့သော်လည်း ကျနော်မဝယ်ခဲ့ပေ။ ကျနော့်ပျမ်းမျှ စွမ်းရည်အဆင့်က ၁၀ ကျော်နေပြီး ဝယ်လျှင်လည်း ကျနော့်အတွက် ဘာမှမထူး၍ ဖြစ်၏။
လဖွတ်။ ဒိုကဲဘီအိတ်ကို ဖွင့်ခဲ့တာ နည်းနည်းစောသွားတယ်။
"မြေကြွက်တွေကို စုကြရအောင်။ ဒီနေ့အတွက် စားစရာတွေ ပြင်ဖို့လိုတယ်"
"အင်း….ဒါနဲ့ ဘယ်လိုချက်ကြမှာလဲ။ ဒီအတိုင်းစားလို့မရဘူးလေ"
"အခုစားလို့မရပေမဲ့ စားလို့ရမယ့်နည်းလမ်းရှိလာမှာပါ" အရမ်းကိုအေးဆေးစွာပဲ ကျနော်ပြန်ဖြေလိုက်မိသည် ထင်၏။ ကျနော့်အဖွဲ့ဝင်တွေအကုန်လုံး တိတ်ဆိတ် သွားကြသည်။ လီဟန်းဆောင်က ပထမဆုံးစကားပြော၏။
"တစ်ခုလောက် မေးချင်ပါတယ်"
"မေးပါ"
"ဒေါ့ဂျာ။ အခုဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သတ်ပြီး တစ်ခုခုသိထားတာလား"
အဲ…ငါအမှားလုပ်မိသွားပြီ။
"အဲ့ဒါက…"
လီဟန်းဆောင်၏ပြောစကားကြောင့် ရုတ်တရက်ဆိုသလို မူရင်းဝတ္ထုထဲက နောက်ပြန်ဆုတ်သူတွေအကြောင်းကို သတိရမိသွားသည်။ နောက်ပြန်ဆုတ်သူ တစ်ယောက်၏ ခံစားချက်သည် ယခုလိုမျိုးပဲ ဖြစ်မည်ထင်၏။ ပုံမှန်အားဖြင့်ဆိုရလျှင် ယခုလိုကိစ္စမျိုး နောက်ပြန်ဆုတ်သူတွင် ဖြစ်လေ့ရှိသည်။ ပြန်ဖြေလို့ရမည့် အဖြေတွေ ကျနော့်ခေါင်းထဲဝင်လာ၏။ စိတ်ထင်တာဟု ဖြေတာမျိုး သို့မဟုတ် ယူဂျွန်ဟော့ကဲ့သို့ လိမ်လိုက်တာမျိုး အရှက်မရှိစွာ ကျနော်ပြောလိုက်၍ရသည်။
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်ပြန်ပြောမည့်အဖြေကို စောင့်မျှော်နေပါသည်။]
[နက္ခတ်အချို့က သင်၏အဖြေကို စောင့်မျှော်နေပါသည်။]
သို့သော် စာဖတ်သူတစ်ယောက်၏ရှုထောင့်ကနေ အကောင်းဆုံး ပြန်ဖြေသင့်သည်ကတော့…
"အ…အာ"
မည်သည့်စကားမှပြောရန်မလိုအပ်သောအခြေအနေတစ်ခုကို ဖန်တီးရန်သာ။
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်က သင်၏ရွေးချယ်မှုကို သဘောကျစွာ ခေါင်းညိတ်လိုက်ပါသည်။]
"တစ်ကောင်ကျန်သေးတယ်"
ယောင်ဟီဝမ် အော်လိုက်ချိန်မှာပဲ လီဟန်းဆောင်က ထပြေး၏။ သို့သော် ပုန်းနေသော မြေကြွက်၏လှုပ်ရှားမှုက လူတိုင်းထက် ပိုမြန်နေသည်။ ထိုမြေကြွက်သည် အခြားမြေကြွက်တွေထက် အကောင်ပိုကြီး၏။
"က-ကယ်ကြပါဦး"
ထိုမြေကြွက်သည် ဟန်မြုံအို၏ခြေတစ်ဖက်ကို ဆွဲပြီး လှိုဏ်ခေါင်းထဲ ပြေးဝင်သွားသည်။ အနီးဆုံး၌ရှိနေသော ယူဆန်းအာက လှံတံကို လွှဲယမ်းလိုက်သော်လည်း ဟန်မြုံအိုက ယူဆန်းအာကို ဆွဲထားသောကြောင့် အခြေအနေက ပိုဆိုးသွား၏။
"ဒါကိုလှမ်းဆွဲလိုက်"
လီဟန်းဆောင်က လှံတံ၏လက်ကိုင်ကိုဆန့်ထုတ်ပေးလိုက်သော်လည်း မြေကြီးကိုသာ ထိသွားသည်။ မြေကြွက်နှင့်လူနှစ်ယောက် မြေအောက်ထဲကို ပျောက်ကွယ်သွားချေပြီ။
[' ရွှေခေါင်းကွင်း၏အကျဉ်သား 'နက္ခတ်က မုန်းစရာကောင်းသော လူသားအား ကျိန်ဆဲလိုက်သည်။]
ယောင်ဟီဝမ်က "အား…အဲ့ဒီဦးလေးကြီးကြောင့် ဒေါသထွက်ပြီး သေတော့မှာပဲ"ဟု ပြော၏။
"တောင်းပန်ပါတယ်။ ငါတုန့်ပြန်တာနောက်ကျသွားတယ်"
လီဟန်းဆောင်က ဝမ်းနည်းစွာဖြင့် ပြောသည်။ စိတ်မပူရန် သူ့ပုခုံးကို ကျနော်ပုတ်လိုက်သည်။
"ဘယ်သူမှ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးလေ"
"သူတို့နောက်ကို လိုက်သွားသင့်လား"
သူတို့တွေပျောက်ကွယ်သွားသည့် အပေါက်ကို ကျနော်ကြည့်လိုက်၏။ ထိုအပေါက်သည် သာမန်အပေါက်မဟုတ်ချေ။ ထိုပတ်ဝန်းကျင်၌ စွမ်းအင်တစ်ခု ရှိနေပြီး အမှောင်ထုက စိတ်ညစ်စရာခံစားမှုကိုပေးနေလေသည်။ နောက်ကိုဆုတ်ပြီး စမတ်ဖုန်းကို ကျနော်ဖွင့်လိုက်၏။ ဘက်ထရီ ၅% ပဲကျန်တော့သည်။ မိုးသောက်ချိန်တုန်းက အရေးမပါသောအုပ်စုမှ လူတစ်ယောက်ဆီကနေ ဖုန်းအားသွင်းကြိုးကို စားစရာဖြင့် ကျနော်လဲခဲ့သေးသည်။
[သင်၏ သီးသန့်ဝိသေသ လက္ခဏာအာနိသင်ကြောင့် သင်၏စာဖတ်သည့် အမြန်နှုန်းသည် တိုးတက်လာပါသည်။]
သိပ်မကြာခင်မှာပဲ ကျနော်လိုချင်သောစာပိုဒ်ကိုရှာတွေ့သွား၏။
「…'အမှောင်စွန်း'ဆိုသည်မှာ မြေကြွက်တွေနေထိုင်ရာနေရာဖြစ်ပြီး 'အမှောင်သစ်မြစ်' ကနေ ထုတ်လွှတ်သည့် ဟင်းလင်းပြင်အသေး အမျိုးအစားဖြစ်သည်။ အောက်ဆီဂျင် အစား မကောင်းသောအငွေ့အသက်ကို ရှူရှိုက်သည့် မြေကြွက်တွေဟာ 'အမှောင်စွန်း' အနီးမှာမနေပါက မကြီးထွားကြပေ။…」
အကြမ်းဖျင်းသာ သိထားသည့်အချက်ဖြစ်သော်လည်း သေချာသုံးသပ်ဖို့တော့ လို၏။
ဟုတ်ပြီ၊ ဒါက အမှောင်စွန်းရဲ့ဝင်ပေါက်ပဲ။
စာဖတ်ပြီးနောက် စမတ်ဖုန်းကို ကျနော့်အိတ်ထဲထည့်လိုက်သည်။
"ဒေါ့ဂျာ" စိတ်ပျက်နေသော အမူအရာဖြင့် လီဟန်းဆောင်က ကျနော့်ကို ကြည့်နေသည်။ ကျနော်ခေါင်းညိတ်ပြလိုက်၏။
"ဝင်ကြတာပေါ့"
"အာ…ဒါဆိုရင်… "
"ဒါပေမဲ့လည်း လူအများကြီးဝင်သွားမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်။ လီဟန်းဆောင်နဲ့ယောင်ဟီဝမ်က ဝင်ပေါက်အစပ်မှာပဲ ဒီအတိုင်းစောင့်နေပေးပါ။ တစ်ခုခုဖြစ်ရင် အချက်ပြလိုက်မယ်"
အံ့အားသင့်သွားသည့် ယောင်ဟီဝမ်က မေး၏။
"နင်တကယ်ကို ဂီယောင်နဲ့ နှစ်ယောက်ထဲ ဝင်သွားမလို့လား"
"ဂီယောင်ရဲ့စွမ်းရည်က သူတို့ကိုခြေရာခံတဲ့နေရာမှာ အသုံးဝင်တယ်လေ"
အပြင်းအထန်ကန့်ကွက်ရန် ယောင်ဟီဝမ်ပြင်လိုက်ချိန်မှာပဲ လက်တစ်ဖက်မြှောက်ကာ လီဟန်းဆောင်ကို ကျနော်ခေါ်လိုက်သည်။
"လီဟန်းဆောင်။ ယောင်ဟီဝမ်က အခြေအနေမကောင်းတာမလို့ သူ့ကို ဂရုစိုက်ပေးပါ"
တစ်ခုခုကိုနားလည်သလိုဖြစ်သွားပြီး လီဟန်းဆောင်က ပြော၏။
"ကျုပ်နားလည်ပါပြီ"
"ခဏနေပါဦး။ ငါဘာမှဖြစ်တာမဟုတ်ဘူးလေ"
"ယောင်ဟီဝမ်။ ကိုယ့်ကိုကိုယ် ယုံကြည်တာက ကောင်းပေမဲ့ စိတ်လက် မာန်ပါ မလုပ်နဲ့ "
"…"
ယောင်ဟီဝမ်၏အသက်ရှူသံက မမှန်ပေ။ အဆိပ်ငွေ့မှုန်တွေကနေ ယောင်ဟီဝမ် လုံးဝပြန်မကောင်းသေးခြင်း ဖြစ်၏။ သူတို့နှစ်ယောက်ကို ထားခဲ့ပြီး လီဂီယောင်နှင့်အတူ အပေါက်ထဲကို ကျနော်ဝင်လိုက်သည်။ အပေါက်က ဒေါင်လိုက်အောက်ကို ဆင်းသွားသော အပေါက်ဖြစ်သော်လည်း ဝင်လိုက်သည်နှင့် တပြိုင်တည်း မြေပြင်ပေါ်မှာ ရပ်နေသကဲ့သို့ အပေါက်နံရံပေါ်တွင် ရပ်လို့ရ၏။
ထိုသို့ဖြစ်ရခြင်းမှာ အမှောင်စွန်းကနေထုတ်လွှတ်သည့် မှော်စွမ်းအားကြောင့်ပင်။
"ဒီဘက်ကိုသွားမယ်"
အမှောင်က အရမ်းကိုထူပိန်းနေသောကြောင့် ဘာမှမမြင်ရပေ။ ထို့ကြောင့် လီဂီယောင်ပါမှသာ ရှေ့သို့ ဆက်သွား၍ ရ၏်။ မကောင်းသောအငွေ့အသက်၌ အလင်းကိုစုပ်ယူနိုင်သော ဂုဏ်သတ္တိရှိသဖြင့် ဓာတ်မီးကိုသုံး၍မရပေ။ လီဂီယောင်၏ ကွဲပြားသောဆက်သွယ်နိုင်စွမ်းသာမရှိပါက ဒင်္ဂါးတွေကိုသာ ထပ်ပြီး ကျနော်သုံးရလောက်သည်။
"ဟိုလေ။ တခုလောက်မေးပါရစေ။ အကိုကြီး "
လီဂီယောင်က ကျနော့်ကိုလှမ်းပြော၏။
"အကိုကြီး တမင်လုပ်ခဲ့တာလား"
"…ဘာကိုလဲ"
"ဟိုဦးလေးကြီးက အမကြီးကို လှမ်းဆွဲတဲ့အချိန် အကိုကြီးက ဒီအတိုင်း ကြည့်နေခဲ့တာလေ "
ကျနော်တစ်ခဏခန့် တုံ့ဆိုင်းသွားသည်။ အမှောင်ထဲ၌ လီဂီယောင်၏ လက်ချောင်းလေးတွေက ထူးဆန်းစွာ လှုတ်ရှားနေကြသည်။ ဘယ်လိုသိတာလဲဟု ကျနော် မမေးခင်မှာပဲ လီဂီယောင်က "အဲ့ဒီ့အချိန်တုန်းက အကိုကြီးရဲ့မျက်နှာကို ကျနော်ကြည့်နေခဲ့လို့ပါ "ဟု ပြော၏။
တိုတောင်းသော ထိုအချိန်ကာလမှာတောင် ကျနော့်ကို သူကြည့်နေခဲ့ခြင်း ဖြစ်သည်။ အလွန်ကြောက်စရာကောင်းသောကလေးပင်။ မြန်မြန်ဆန်ဆန်သိသွားသော သူ့ကို ဆက်၍ဖုံးကွယ်ရန်မှာ မဖြစ်နိုင်ဟု ထင်၏။
"အေး၊ မှန်တယ်"
အဖြေက ဆိုးဝါးပြီး ကျနော့်ခေါင်းထဲ၌ မက်ဆေ့ချ်တွေ အမြောက်အများ ပေါ်လာတော့သည်။ နက္ခတ်တွေအတွက် ဖျော်ဖြေပွဲတစ်ခုလို ဖြစ်သွားခြင်းသာ။
[အလုံးစုံကောင်းမြတ်ခြင်းနက္ခတ်တွေက သင်၏ရက်စက်မှုကို မျက်မှောင် ကြုတ်နေကြသပါည်။]
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်က သင့်ကို တောက်ပသောမျက်လုံးတွေဖြင့် ကြည့်နေပါသည်။]
"ဘာကြောင့်လုပ်ခဲ့တာလဲ"
"မြေကြွက်တွေရဲ့အလေ့အထကြောင့်လေ"
ရိုးသားစွာဖြေဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။
"မြေကြွက်တွေဟာ သူတို့ဖမ်းမိတဲ့အရာတွေကို ရတနာတွေအဖြစ် သိမ်းထားတတ်ကြတယ်။ စားစရာတွေတင်မကဘူး။ ရှားပါးတယ်လို့ ထင်ရတဲ့အရာတွေအများကြီးကိုပါ စုထားတတ်ကြတယ်ကွ။ ဥပမာအနေနဲ့ ပြောရရင် ပစ္စည်းတစ်ခုအနေနဲ့ပေါ့။ ဒါပေမဲ့ လမ်းကြောင်းတွေက အရမ်းရှုပ်ထွေးလွန်းတော့ သူတို့နောက်ကို တိုက်ရိုက်မလိုက်ရင် ရှာလို့တွေ့မှာမဟုတ်ဘူး"
တစ်ခဏခန့် လီဂီယောင် တိတ်ဆိတ်သွားသည်။ ကျနော်ဆက်ပြော၏။
"ဟန်မြုံအိုကိုပဲ ခေါ်သွားမယ်လို့ထင်ထားခဲ့တာ မမျှော်လင့်ပဲ ဟန်မြုံအိုက ယူဆန်းအာကိုပါ ဆွဲခေါ်သွားခဲ့တာလေ "
"ဒါဆို အကိုကြီးရဲ့ရည်မှန်းချက်က ဦးလေးကြီးနဲ့အမကြီးတို့ကိုကယ်ဖို့မဟုတ်ပဲ ပစ္စည်းတွေရချင်လို့ပေါ့နော်"
"အေး၊ စိတ်ပျက်သွားလား"
"ဟင့်အင်း"
လီဂီယောင်၏လက်ကလေးက ကျနော့်လက်ချောင်းကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
"အကိုကြီး မလိမ်သင့်ဘူး "
"…"
"အကိုကြီးသာ အဲ့လိုလူစားမျိုးဆိုရင် မြေအောက်ရထားပေါ်မှာ ကျနော့်ကို ကယ်ခဲ့မှာ မဟုတ်ဘူးလေ။ အကိုကြီးကို ကျနော် ယုံတယ်"
လီဂီယောင်သည် ကလေးတစ်ယောက်လိုမပြုမူသော်လည်း ကလေးတစ်ယောက်သာ ဖြစ်လေသည်။ လူကြီးတစ်ယောက်လိုဖြစ်ဖို့နှင့် ရင့်ကျက်ဖို့ဆိုလျှင် အများကြီး လိုသေး၏။
[နက္ခတ်အချို့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်တွေကျနေပါသည်။]
[သင်သည် ဒင်္ဂါး ၂၀၀ ထောက်ပံ့ခံရသည်။]
ဤကမ္ဘာတွင် မရင့်ကျက်သောသူများကို အခွင့်ကောင်းယူတတ်သည့် ရက်စက်သော လူကြီးများရှိကြသည်ပင်။ ကျနော်ထင်ထားသည်ထက်ပင် အပေါက်က ပိုရှည်သဖြင့် အတော်ကြာသည်အထိ အောက်ကိုဆင်းသွားရ၏။
"အကိုကြီး"
"အေး"
"အကိုကြီးက နတ်ဘုရားတစ်ပါးလားဟင်"
"…ဘာဖြစ်တယ်"
"ဒါမှမဟုတ် အဓိကဇာတ်ကောင်လား"
ကလေးတွေက တစ်ခါတရံတွင် ထက်မြက်သောမေးခွန်းတွေကို မေးတတ်၏။ ကလေးတွေသည် လက်တွေ့လောကနှင့် ဇာတ်လမ်းတို့အကြား မခွဲခြားနိုင်သေးခြင်းကြောင့်သာ ယခုလိုမေးခွန်းတွေ မေးတတ်ကြခြင်းဖြစ်သည်။ လီဂီယောင်သည် သူ့မေးခွန်း၏ အဓိကဆိုလိုရင်းကို ကိုယ်တိုင်နားလည်ခြင်း မရှိပေ။
"ငါအဓိကဇာတ်ကောင်မဟုတ်ဘူး။ ဒါပေမဲ့ အဓိကဇာတ်ကောင်ကိုတော့အားကျတယ်"
"ဒါပေမဲ့ အကိုကြီးက ဒီကမ္ဘာအကြောင်းတစ်ခုခုသိထားတယ်မလား"
ခဏလောက် ကျနော်တွေးပြီးမှ ပြန်ဖြေသည်။
"ဟုတ်တယ်"
"ဒါဆို တစ်ခုမေးမယ်"
"ဖြေနိုင်ရင်ဖြေမယ်"
"ဒီဇာတ်ဝင်ခန်းတွေ အားလုံးပြီးသွားရင်…ဆုတောင်းလို့ရမလားဟင်"
"ဆုတောင်းမယ်ဟုတ်လား"
ကျနော်နည်းနည်းဇဝေဇဝါဖြစ်သွားသည်။
"ပုံမှန်ဆိုရင်ဇာတ်လမ်းတွေရဲ့အဆုံးမှာ ဆုတစ်ခုရတယ်လေ။ ဒီဇာတ်လမ်းအဆုံးမှာရော အဲ့လိုမျိုးဆုရတာရှိလား"
အမှောင်ထဲ၌ လီဂီလယောင်၏အသက်ရှူသံက တုန်ရီနေသည်။ အမေဖြစ်သူ သေဆုံးချိန်က ဖြစ်ပေါ်ခဲ့သည့် လီဂီယောင်၏မျက်နှာအမူအရာမှာ တဖန်ပြန်ပေါ်လာ၏။ ဤကမ္ဘာတွင် အသားကျသွားခဲ့သူများသည် မတူညီသော နည်းလမ်းမျိုးစုံဖြင့် ဒုက္ခကို ရင်ဆိုင်ခဲ့ကြရသည်။ ထိုသို့အသားကျသွားသော လူအများစုသည် အရူး သို့မဟုတ် အစွဲအလန်းကြီးသူ သို့မဟုတ် အလကားနေရင်းအကောင်းမြင်စိတ်ရှိကြသူများသာ ဖြစ်ကြကုန်၏။
"အေး၊ ရှိတယ်"
ဤနေရာတွင် မှောင်နေသည်ကိုပင် ကျေးဇူးတင်မိသည်။ အဘယ်ကြောင့်ဆိုသော် လီဂီယောင်က ကျနော့်မျက်နှာကို မမြင်နိုင်ခြင်းကြောင့် ဖြစ်၏။
"အကိုကြီး။ နီးနေပြီ"
ပတ်ဝန်းကျင်ရှိ မကောင်းသောအငွေ့အသက်တွေက အလျှင်အမြန်ပင် ကျုံ့ဝင်သွားသည်။ ထိုသို့ဖြစ်ရခြင်းမှာ အမှောင်သစ်မြစ်အနားသို့ ရောက်လာခြင်း သက်သေပင်။ သတိအနေအထားဖြင့် ဆူးချွန်တွေကို ကျနော်ဆုပ်ကိုင်လိုက်၏။
[နက္ခတ်အချို့က ရင်တမမဖြင့် အသက်အောင့်ထားကြသည်။]
မြေကြွက်တွေ၏အသံကို မြေကြီးထဲကနေ ကြားလိုက်ရသည်။ အသံနီးလာသည်နှင့် အမျှ ဘေးပတ်လည်လည်ရှိ မြင်ကွင်းက ပိုကျယ်လာသလိုပင်။ လူတစ်ယောက် မီးတစ်ပွင့်ကိုထွန်းညှိလိုက်သည့်အလား အမှောင်ထဲတွင် အလင်းရောင်တစ်ခုကို မြင်လိုက်ရ၏။ ထို့အပြင် ထိုအလင်း၏အလွန်၌ စုတ်ပြတ်နေသော သေတ္တာတစ်လုံးကိုပါ တွေ့လိုက်ရတော့သည်။ သွားချင်သောနေရာသို့ရောက်ပြီဆိုသော အသိဖြင့် ကျနော့်စိတ်ထဲ ကျေနပ်သွားချိန်မှာပဲ နားထဲ၌ မက်ဆေ့ချ်အသံတွေ မြည်လာတော့၏။
[ဇာတ်ဝင်ခန်းအသေး၏ ပါဝင်အချက်အလက်များကို တိုးမြှင့်လိုက်သည်။]
[သင်သည် 'မြေကြွက်'၏ ရတနာသိုက်ထဲကို ဝင်ရောက်သွားပါပြီ။]