← Chapters

တရားစီရင်ချိန် (၁)

Vol. 2 Ch. 24

တရားစီရင်ချိန် (၁)

Vol. 2 Ch. 24

ရှားပါး ကျပန်း ပစ္စည်းသေတ္တာဆိုသည်မှာ Ways of Survival၏ဇာတ်လမ်းအရ အတိတ်က ဇာတ်ဝင်ခန်းတစ်ခုမှာ ဒင်္ဂါးဖြင့်ရောင်းချခဲ့သော ရှားပါးပစ္စည်းတစ်မျိုးပင်။

[အာ…မဟုတ်သေးပါဘူး။ ဒီပစ္စည်းက ဘာလို့ဒီမှာရှိနေတာလဲ]

တအောင့်ခန့်အကြာမှ သတိထားမိခဲ့သည့် ဘီရုက ထအော်လိုက်၏။

[ဒီ-ဒီ-ဒီပစ္စည်းက ထုတ်လုပ်ပြီးပြီးချင်းမှာပဲ တန်းပိတ်ပင်ခံခဲ့ရတာလေ]

မူရင်း Ways of Survival အရ ဤပစ္စည်းက အတော်ပင် ရှုတ်ထွေးလှသည်။ ဤပစ္စည်းသည် နေအဖွဲ့အစည်း ၈၆၁၂၏ ဇာတ်ဝင်ခန်းတွေ မစတင်ခင်ကတည်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကြယ်တာရာ စီမံခန့်ခွဲရေးဌာနကနေ အင်အားသုံးကာ ပိတ်ပင်ခဲ့ရသော ပစ္စည်းဖြစ်၏။

ဤသေတ္တာထဲ ပစ္စည်းအသေးတွေကိုထည့်လိုက်ပါက ထိပ်တန်းပစ္စည်းတစ်ခု မလွဲမသွေထွက်လာမည်ဖြစ်သောကြောင့် ဇာတ်ဝင်ခန်းတွေ၏ ချိန်ခွင်လျှာကို ကြီးမားစွာ ထိခိုက်စေနိုင်ပေသည်။ ထို့အပြင် အဆိုပါ ကျပန်းပစ္စည်းတစ်ခု၏ ဈေးနှုန်းက ဒင်္ဂါးတစ်သန်းဖြစ်သည်။ ထိုကဲ့သို့ အဓိပ္ပါယ်မရှိလှသည့် ငွေတောင်းခံမှုမူဝါဒကို နက္ခတ်တွေ ဒေါသထွက်ခဲ့ကြသောကြောင့် အဆိုပါ ပစ္စည်းသေတ္တာကို တီထွင်ခဲ့သည့် ဒိုကဲဘီပင် စီမံခန့်ခွဲရေးဌာနကနေ ထုတ်ပယ်ခံခဲ့ရ၏။

[န-နက္ခတ်တို့... ဒါက ဒီလိုပါ...ဒီပစ္စည်းဘာလို့ ဒီမှာရှိနေမှန်း မသိပါဘူး... အ-အစ်အစ်။ ထုတ်လွှင့်မှုပြီးဆုံးပါပြီ]

[#BI-7623 ချန်နယ်ကို ယာယီပိတ်ထားလိုက်ပါသည်။]

ယောက်တိယောက်ယာတွေ ပြောနေသော ဘီရုက ချန်နယ်ကို ပိတ်လိုက်သဖြင့် နက္ခတ်တွေ၏ အသံပျောက်သွားသည်။ နက္ခတ်တွေ၏ တုံ့ပြန်မှုကို မမြင်နိုင်တော့ သဖြင့် ကျနော်စိတ်ပျက်မိသော်လည်း ဘာမှမလုပ်နိုင်ပေ။ တုန်ခါနေသည့် သေတ္တာကိုသာ ကျနော် ငုံ့ကြည့်လိုက်၏။ ကျပန်းပစ္စည်းပေးပို့မှုသည် စတင်ပေတော့မည်။

[ထည့်သွင်းလိုက်သော ပစ္စည်း အမျိုးအစားနှင့်တူညီသော ဓားအမျိုးအစားပစ္စည်းကို ဆုအဖြစ်ရရှိပါမည်။]

[ကျပန်းပစ္စည်းပေးပို့မှု စတင်ပါပြီ။]

ရှားပါး ကျပန်း ပစ္စည်းသေတ္တာက ထည့်လိုက်သည့် ပစ္စည်းနှင့်ဆက်စပ်သော အဆင့်မြင့် ပစ္စည်းများအား ကျပန်းထုတ်ပေးပေလိမ့်မည်ဖြစ်သဖြင့် Cအဆင့် ပစ္စည်းကနေ SSSအဆင့်ရှိသောပစ္စည်းအထိ မည်သည့်ပစ္စည်းမဆို ထွက်လာနိုင်၏။ ပြောရလျှင်တော့ ကံတရားပေါ်တွင်သာ မူတည်လေသည်။

[ထည့်သွင်းလိုက်သော ပစ္စည်းများသည် နက္ခတ်တစ်ပါးနှင့် ဆက်နွယ်နေပါသည်။]

[အဆိုပါနက္ခတ်နှင့်သက်ဆိုင်သော ပစ္စည်းထွက်ပေါ်လာနိုင်ချေ အလွန်မြင့်မားသည်။]

'...အဲ'

တကယ်ကို မမျှော်လင့်ထားသော မက်ဆေ့ချ်ဖြစ်နေသော်လည်း ကျနော့်အတွက် အကျိုးမရှိသော မက်ဆေ့ချ်တော့ မဟုတ်ချေ။ ကျနော့်လက်နှစ်ဖက်စလုံးမှာပင် ချွေးတွေထွက်နေပေပြီ။ အွန်လိုင်းဂိမ်းတစ်ခုမှာ ကျပန်းပစ္စည်းတစ်ခုကို ဝယ်ခဲ့တုန်းကတောင် ယခုလောက် စိတ်မလှုတ်ရှားမိခဲ့ပေ။

'ကျေးဇူးပြုပြီး Aအဆင့် ပစ္စည်းတစ်ခုြ[ထိပ်တန်းပစ္စည်း တစ်ခုပေါ်ထွက်လာပါပြီ။]

[ထပ်မံ၍ ရရှိနိုင်သော ကျပန်းသေတ္တာပစ္စည်း အရေအတွက်မှာ သုညဖြစ်၏။]

သေတ္တာက ခဏအတွင်းမှာပဲ တုန်ခါမှုရပ်သွားပြီး ထွက်ပေါ်နေသည့် အလင်းရောင်ကလည်း မှိန်ပျသွားသည်။ ထို့နောက် မျက်လုံးအရောင်တောက်စွာဖြင့် ကြည့်နေသည့် ယူဆန်းအာနှင့် လီဂီယောင်တို့ကို ကျနော် လှည့်ကြည့်လိုက်၏။

"ဖွင့်ကြည့်ကြရအောင်"

"အင်း"

သေတ္တာကို ကျနော်တို့ဖွင့်လိုက်ပေပြီ။

"ဝ-ဝိုး"

လီဂီယောင်ဟာ အံ့အားသင့်စွာဖြင့် အော်လိုက်၏။

ပြောရလျှင် အမှန်ပင် အံ့အားသင့်စရာကောင်းလွန်းသည်။ တန်ဖိုးကြီးငွေထည်ဖြင့် လုပ်ထားသည့် အေဖြူရောင်ဓားတစ်လက်တို့ ရခဲ့ခြင်းပင်။ ဓါးသွား၏ ပုံပန်းသဏ္ဍာန်က ယုံကြည်မှုမဲ့နှင့် အနည်းငယ်ဆင်သည်။ ပစ္စည်းအချက်အလက်ကို ကျနော်ချက်ချင်း စစ်ကြည့်လိုက်၏။

[ပစ္စည်း အချက်အလက်]

အမည် : မကျိုးပဲ့နိုင်သော ယုံကြည်မှုှ

အဆင့် : ကြယ်အမွေအနှစ်

ဖော်ပြချက် : လွန်ခဲ့ပြီးသော မဟာမိစ္ဆာခေတ် အတွင်း၌ ဂရူဆီယဒ်ကို ဦးဆောင်ခဲ့သည့် သူရဲကောင်း 'ကိုင်ဇီနဇ်'၏ ဓါးဖြစ်သည်။ ကိုင်ဇီနဇ်၏ မဟာအာကာသဓါတ်ဖြင့် မီး၊ အမှောင်နှင့် နတ်ဘုရားတို့၏ အစွမ်းတွေပါဝင်သော 'မကျိုးပဲ့နိုင်သော ယုံကြည်မှုှ'ကို ဖန်တီးနိုင်ခဲ့သည်။

အပိုဆုလာဒ်အနေဖြင့် မကျိုးပဲ့နိုင်သော ယုံကြည်မှုသည် ကိုင်ဆောင်သူ၏ ခွန်အားနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အဆင့်၂ ဆင့်တိုးစေပါသည်။

ဘာပြောရမှန်းပင် မသိတော့သည်အထိ အံ့အားသင့်မိ၏။

ဘုရားရေ။ တကယ်ကြီးလားဟ။ Aတွေ၊ Sတွေ အစရှိတဲ့ စကားလုံးအဆင့်တောင် မဟုတ်ပဲ ကြယ်အမွေအနှစ်ပစ္စည်းတစ်ခုဆိုပဲ။

"ဒေါ့-ဒေါ့ဂျာ။ ဒီပစ္စည်းက အရမ်းကိုကြီးမားတဲ့ပစ္စည်းနဲ့တူတယ်နော်"

အမှန်ပင် ကြီးမားသောပစ္စည်းဖြစ်၏။

Ways of Survival၏ ကမ္ဘာတွင် 'ကြယ်အမွေအနှစ်'တွေက အဆင့်သတ်မှတ်ချက် ဇယားကနေပင် ချန်လှပ်ထားရသည့် တစ်ခုတည်းသော ပစ္စည်းတွေပင်။ ကြယ်အမွေအနှစ်ပစ္စည်းတွေ၏ စွမ်းဆောင်ရည်မှာ ကောင်းလွန်း၍သာမက အထူးခြားဆုံး ဖြစ်နေခြင်းကြောင့် ချန်လှပ်ထားရခြင်းဖြစ်သည်။

ကြယ်အမွေအနှစ်တိုင်းတွင် နက္ခတ်တစ်ပါး၏ အစွမ်းတွေ ပါဝင်နေပြီး အဆိုပါနက္ခတ်က ကမ္ဘာတစ်ခု၏သူရဲကောင်းဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မည်မျှသတိထားမိသနည်းပေါ် မူတည်ပြီးသာ စွမ်းရည်ကွာခြားကြ၏။ မည်သို့ပင်ဆိုစေကာမူ နက္ခတ်တစ်ခု၏ အစွမ်းတွေပါဝင်နေသည့်အတွက် အမွေအနှစ်တွေမှာ အလွန်တန်ဖိုးကြီးမားကြသည်။

ထို့အပြင် ကျနော်၏ခွန်အားနှင့်ကိုယ်ခန္ဓာကြံ့ခိုင်မှုကိုပါ အဆင့် ၂ဆင့် တိုးစေခဲ့သည်။ Aအဆင့်ပစ္စည်းတွေက စွမ်းရည်တန်ဖိုးစုစုပေါင်းကို ၁တိုးစေသည်နှင့် နှိုင်းယှဉ်ကြည့် ပါက ဤပစ္စည်းသည် Sအဆင့်ရှိသော ပစ္စည်းတစ်ခုသာ ဖြစ်ပေမည်။ ယူဂျွန်ဟော့ပင် ယခုကဲ့သို့ပစ္စည်းတစ်ခုကို မရသေးပေ။

ယူဆန်းအာနှင့် လီဂီယောင်တို့ကို ကျနော်လှည့်ကြည့်လိုက်၏။

"ဒီပစ္စည်းကို ငါယူလိုက်လို့ရမလား"

"ရတာပေါ့။ ဒီပစ္စည်းကို ဒေါ့ဂျာပဲ ပိုင်တာလေ "

ယူဆန်းအာက ကျနော်ထပ်မေးမည့် မေးခွန်းကို အလိုလိုသိကာ ဖြေလိုက်၏။ လီဂီယောင် ကလည်း အားရပါးရခေါင်းညိတ်သည်။ ဟန်မြုံအိုကိုလည်း ကျနော် ကြည့်လိုက်သော်လည်း ဟန်မြုံအိုသည် တစ်ယောက်ထဲစကားတွေ ရေရွတ်ရင်း မြေကြွက်ခြေထောက်ကို စားနေလေ၏။ ဒီပစ္စည်းကို လိုချင်သည်ဟု ဟန်မြုံအို တောင်းဆိုမည်ဟုထင်ခဲ့သော်လည်း ထူးဆန်းစွာပင် ငြိမ်နေလေသည်။

[သင်သည် ကြယ်အမွေအနှစ် တစ်ခုရရှိပါပြီ။]

[ကြယ်အမွေအနှစ်၏ပိုင်ရှင်က သင့်အကြောင်းကို သိချင်နေပါသည်။]

ပေါ်လာသော မက်ဆေ့ချ်အရ ဤကြယ်အမွေအနှစ်၏ပိုင်ရှင်ဖြစ်သော နက္ခတ်သည် တစ်နေရာရာတွင် ရှိနေသည်မှာ သေချာနေပေပြီ။ နောက်မှပဲ Ways of Survivalကို ဖွင့်ပြီး ရှာကြည့်ရမည်။

"ဒါဆို ပြန်သွားကြရအောင်။ အပြင်မှာ မြေကြွက်တွေ အများကြီးရှိတော့ မှော်စွမ်းအင်မီးဖိုကိုပဲယူပြီး ပြန်သွားကြတာပေါ့ "

"ဒါပေမဲ့ ဘယ်လိုပြန်သွားကြမလဲ"

"ဂီယောင်ရဲ့အစွမ်းနဲ့ဆိုရင် အေးဆေးပြန်သွားလို့ရပါတယ်။ ကွဲပြားသော ဆက်သွယ်နိုင်စွမ်းကို သုံးပြီး..."

သို့သော် လီဂီယောင်၏မျက်နှာက ရွှင်ပြမနေချေ။

"အကိုကြီး။ ကျနော်… "

"ဟမ်"

"ဒီနားတဝိုက်မှာ ဘာပိုးကောင်မှမရှိဘူးဗျ "

ယခုမှသတိရမိသည်။ အမှောင်အစောင့်အရှောက်နှင့် တိုက်ခိုက်တုန်းက ဖိအားကြောင့် အနီးအနားရှိ ပိုးကောင်တွေအားလုံး ပေါက်ကွဲသွားခဲ့သည်ပင်။ အမှန်ပင် မတွေးမိခဲ့သော ပြဿနာဖြစ်၏။

"တကယ်မရှိဘူးလား။ ပိုးကောင်တချို့တော့ ရှိသင့်သေးတယ်လေ။ ငါတို့တွေ နည်းနည်းလှုတ်ရှားပြီး မင်းရဲ့အစွမ်းကိုသုံးမယ်ဆိုရင်…"

ကမ္ဘာပေါ်တွင် ပိုးကောင်တွေအများကြီးရှိသဖြင့် ပိုးကောင်အနည်းငယ် သေသွားခဲ့သည်ကို ကျနော်စိတ်မကောင်းမဖြစ်မိသော်လည်း လီဂီယောင်၏ မျက်နှာကတော့ မရွှင်လန်းသေးချေ။

"တကယ်တော့ ကျနော်ခေါ်လို့ရတဲ့ တစ်ကောင်ရှိပါတယ်"

မျက်လုံးကိုမှိတ်ပြီး လီဂီယောင် အာရုံစိုက်လိုက်၏။

"ဒေါ့ဂျာ။ နည်းနည်းထူးဆန်းတယ်မလား"

လီဂီယောင်၏မျက်လုံးတွေက ဖြည်းဖြည်းချင်း အာရုံစိုက်မရသည့်ပုံ ပေါ်လာသည်။ နှာခေါင်းကနေပါ သွေးတွေစီးကျလာ၏။

"ဂီယောင်"

ရုတ်တရက်ဆိုသလို အပေါ်ဘက်ကနေ တုန်ခါမှုကြီးတစ်ခုပေါ်လာပြီး ဖုန်တွေပါ ကျလာသည်။ အဆိုပါတုန်ခါမှုသည် အပေါ်ဘက်ရှိ မြေပြင်ကနေလာနေခြင်း ဖြစ်၏။

ထိုအချိန်တွင် ကျနော့်တကိုယ်လုံး ကြက်သီးထသွားတော့သည်။

"ဂီယောင်။ လီဂီယောင်။ ထဟ"

"ဟုတ်ကဲ့...အကိုကြီး"

လီဂီယောင်၏မျက်လုံးတွေက ပုံမှန်ပြန်ဖြစ်သွား၏။

"ဂီယောင်။ မင်းရဲ့စွမ်းရည်ကို ချက်ချင်းရပ်လိုက်။ အခုရပ်တော့"

အံ့အားသင့်သွားသည့် လီဂီယောင်က သုံးနေသောစွမ်းရည်ကို ရပ်လိုက်သည့် အခါမှတော့ တုန်ခါမှုတွေ လျော့သွားလေသည်။ စိတ်သက်သာရာရစွာဖြင့် ကျနော်သက်ပြင်းချလိုက်၏။

အပေါ်ဘက်ရှိ မြေပြင်တွင် အင်မတန်အန္တရာယ်များသည့် သတ္တဝါများ ပြေးနေကြသည်။ အဆင့်အတန်း ၇ရှိသော ကြံ့ကြီးတွေအပါအဝင် အဆင့်မြင့် သတ္တဝါတွေ အများကြီး ရှိနေ၏။ အဆိုပါသတ္တဝါများထဲတွင် ပိုးကောင်ဘုရင်ကြီးလည်း ပါသည်။ ပိုးကောင်ဘုရင်သည် ပိုးကောင်ဘုရင် ဆိုသည့်နာမည်အတိုင်း ပိုးကောင်တစ်မျိုးဖြစ်၏။

"မင်းတကယ်ပဲ..."

လီဂီယောင်၏ခေါင်းကို လက်ဖြင့် ပုတ်ပြီး ကျနော်ဘာမှဆက်မပြောတော့ချေ။ ဂီယောင်က အပေါ်ဘက်ရှိ မြေပြင်ပေါ်က ပိုးကောင်ဘုရင်တစ်ကောင်ကို ခေါ်ဖို့ ကြိုးစားခဲ့ခြင်းသာ။

ဒီကောင်က ဖာဘရေ(နာမည်ကျော်ပိုးကောင်ပညာရှင်)လားဟ။ ငါတို့တွေ ဒီမှာ မြေမြုတ်သေမလိုကို ဖြစ်သွားခဲ့တာပဲ။

"အခုလောလောဆယ်တော့ မင်းရဲ့အဲ့ဒီစွမ်းရည်ကို မသုံးပဲ ပိတ်ထားပေး။ ငါမပြောမချင်း မသုံးနဲ့။ နားလည်ရဲ့လား"

"ဟုတ်ကဲ့..."

လီဂီယောင်က ဝမ်းနည်းသည့်လေသံဖြင့် ပြန်ဖြေသည်။ ယခုဆိုလျှင် စောင့်ရန်သာ ကျန်တော့၏။

"အမှောင်ထဲဆိုရင် လမ်းပျောက်နိုင်တယ်။ ဒီနားမှာ ပိုးကောင်သေးသေးလေးတွေ ပေါ်လာတဲ့အထိ ခဏလောက်စောင့်ပြီးမှ သွားကြတာပေါ့ "

အမှောင်စွန်းသည် ဝင်ရလွယ်သော်လည်း အင်မတန်အန္တရာယ်များသော နေရာ ဖြစ်၏။ လူတစ်ယောက် တစ်ချက်လောက်အမှားလုပ်မိသည်နှင့် တစ်ရက်၊ နှစ်ရက်လောက် ပျောက်သွားနိုင်သော နေရာပင်။ထိုအချိန်တွင် ယူဆန်းအာက လက်ထောင်လိုက်၏။

"ပြန်ဖို့ပဲဆိုရင် ဂီယောင်နေရာကို ကျမ ယူပေးလို့ရမယ်ထင်တယ် "

"ဘယ်လိုယူပေးမှာလဲ"

အမှောင်စွန်းနှင့် စကားပြောကြည့်မလို့လားဟု မေးမိမလိုဖြစ်သွားခဲ့သော်လည်း ရွဲ့ပြောသည်ဟု အထင်ခံရမည်စိုး၍ ကျနော်ထုတ်မမေးမိချေ။ ယူဆန်းအာက အနည်းငယ် မသေချာသော အသံဖြင့် ပြန်ဖြေသည်။

"ဂီယောင်ရဲ့စွမ်းရည်နဲ့တူတဲ့ စွမ်းရည်တစ်ခုတော့ရှိတယ် "

ယခုမှစဉ်းမိသည်။ ယူဆန်းအာ၏ ဝိသေသ လက္ခဏာနှင့် ထောက်ပံ့သူ၏ အကြောင်းကို ကျနော်မသိရသေးချေ။

"ဘာစွမ်းရည်လဲ"

"အဲ့ဒါက... ရှင်းပြဖို့ခက်တဲ့စွမ်းရည်ပါ"

ရှင်းပြဖို့ခက်တယ်တဲ့လား။

"ဟိုလေ။ ယူဆန်းအာရဲ့ဝိသေသ လက္ခဏာက ဘာလဲလို့မေးလို့ရမလား"

ယူဆန်းအာသည် လီဂီယောင်နှင့် ဟန်မြုံအိုတို့ကဲ့သို့ ဝတ္ထုထဲဇာတ်ကောင်မဟုတ်သဖြင့် ယူဆန်းအာ၏ ဝိသေသ လက္ခဏာကို ကျနော်မသိချေ။

"ဟိုလေ…အဲ့ဒါက..."

ယူဆန်းအာက ဖြေရခက်နေသည့် အမူအရာကိုလုပ်ပြသည်။ ယူဆန်းအာအပေါ် ဇာတ်ကောင်စာရင်းကိုသုံးလို့ရမည်ဆိုပါက ဤမျှစိတ်ညစ်ရမည်မဟုတ်ချေ။ ဇာတ်ကောင်စာရင်းကို စမ်းသပ်သည်အနေဖြင့် နောက်တစ်ခါ ထပ်သုံးကြည့်၏။

[သီးသန့်စွမ်းရည်၊ ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

[ဤလူကို 'ဇာတ်ကောင်စာရင်း' တွင်မှတ်ပုံတင်ထားခြင်းမရှိပါ။]

အမှန်ပင် ကြည့်မရချေ။ သို့သော် နောက်ထပ်မက်ဆေ့ချ်တစ်ခုရှိနေ၏။

[လက်ရှိတွင် ဤလူနှင့်သက်ဆိုင်သောအချက်အလက်များကိုစုဆောင်းနေပါသည်။]

'...အဲ'

ယခင်ကတစ်ခါမှမမြင်ဖူးသည့် မက်ဆေ့ချ်ပင်။ ယခုမှစဉ်းစားမိသည်။ ဘာသာပြန် စွမ်းရည်ကို ယူဆန်းအာသုံးခဲ့စဉ်က စနစ် မက်ဆေ့ချ်တစ်ခုအား ကျနော်ကြားမိခဲ့၏။ ထိုသို့ကိစ္စမျိုး မူလတုန်းက ကြားပင်မကြားဖူးသည့် ကိစ္စမျိုးပင်။ ဇာတ်ကောင် စာရင်းသည် အချိန်အနည်းငယ်ပေးလိုက်ရုံဖြင့် အသစ်တွေကို မှတ်တမ်း တင်နိုင်ခြင်းလော။ ဖြစ်လောက်ပေသည်။

ကျနော်သေချာတွေးလိုက်ပြီး ယူဆန်းအာကို ဆက်မမေးရန် ဆုံးဖြတ်လိုက်သည်။

"မမေးခဲ့ဘူးလို့ပဲ ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ယူဆန်းအာက တော်ပါတယ်။ ကိုယ့်ရဲ့ဝိသေသ လက္ခဏာအကြောင်းကို တခြားလူတွေသိအောင် မပြောတာက ကောင်းတယ်"

"မဟုတ်ပါဘူး။ ဒေါ့ဂျာကို ကျမယုံပါတယ်"

ယုံသည်ဟုသာ ပြောသော်လည်း ယူဆန်းအာက သူ၏ဝိသေသ လက္ခဏာကို မပြောပြချေ။

ထိုစဉ် ကျနော့်ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာ၏။

"ယူဆန်းအာရဲ့ ထောက်ပံ့သူအကြောင်းပြောပြလို့ရမလား"

ယူဆန်းအာဟာ ခေါင်းကိုငုံ့လိုက်သည်။

"တောင်းပန်ပါတယ်"

ယူဆန်းအာ၏တုန်ရီနေသောနှုတ်ခမ်းတွေကနေ အဆိုပါစကား ထွက်လာ၏။ ထိုသို့ ဆိုလျှင်တော့ ယူဆန်းအာနှင့် ထောက်ပံ့သူကြားချုပ်ဆိုထားသောစာချုပ်တွင် ကတိ ကဝတ် တစ်မျိုးမျိုးရှိရချေမည်။ အချက်အလက်တွေကို ယူဆန်းအာ ထုတ်ပြောလိုက် သည်နှင့် အသက်အန္တရာယ်ပင် ရှိနိုင်၏။ ယူဆန်းအာ၏ထောက်ပံ့သူက မည်သူလဲ မသိသော်လည်း ယူဆန်းအာကိုတော့ ကြာကြာရှင်သန်စေချင်ပုံရသည်။

"ကိစ္စမရှိပါဘူး။ ကျနော်နားလည်ပါတယ်။"

"တကယ်ကျေးဇူးတင်ပါတယ်..."

ကျနော့်ကို ကျေးဇူးတင်ဖို့ မလိုပေ။ ထောက်ပံ့သူအကြောင်း မပြောပြနိုင်သည့်အချက်က ကျနော့်ရင်ထဲတင်းခံနေ၏။ ဆိုရမည်ဆိုလျှင်တော့ ဗလာဖြစ်နေသော စာကြောင်းတွေကို ဖြည့်ပေးချင်သည့် စာဖတ်သူတစ်ယောက်၏ဆန္ဒပင်။

"ဒါဆိုရင်လည်း ယူဆန်းအာရဲ့စွမ်းရည်ကို စမ်းသုံးကြည့်လိုက်တော့"

သိပ်မကြာခင်မှာပဲ ယူဆန်းအာ၏လက်ချောင်းထိပ်ကနေ မှိန်ပျပျတောက်ပနေသော ချည်မျှင်တစ်ချောင်းဆန့်ထွက်လာသည်။

"တကယ်တော့ ကျမအဖမ်းခံရတုန်းက 'ချည်မျှင်' တစ်ချောင်း ချည်ထားခဲ့တယ်လေ"

ချည်မျှင်၏အစွန်းတစ်ဖက်က ကျနော့်ဆီတွင်ဖြစ်ပြီး ကျန်အစွမ်းတစ်ဖက်ကတော့ အပြင်ဘက်ကို ဆက်နေ၏။ လီဟန်းဆောင် သို့မဟုတ် ယောင်ဟီဝမ်ဆီကို ချည်ထားတာ ဖြစ်နိုင်၏။

"သွားကြရအောင်"

ယူဆန်းအာတွင် အစကတည်းက ယခုကဲ့သို့စွမ်းရည်မျိုး မရှိလောက်ချေ။ ဤသည်က ယူဆန်းအာ၏ထောက်ပံ့သူပေးထားသော အထူးစွမ်းရည်သာ ဖြစ်လောက်သည်။ ထို့အပြင် 'ဝင်္ကပါ'ကနေ ထွက်ဖို့ 'ချည်မျှင်'တစ်ချောင်းဆိုသည်က ကျနော်သိသော နက္ခတ်တစ်ပါးဆီက အထူးစွမ်းရည်ဖြစ်လောက်မည်။

[#BI-7623 ချန်နယ်ကို ဖွင့်လိုက်ပါသည်။]

နက္ခတ်တွေ၏ မက်ဆေ့ချ်အသံများကို ပြန်ကြားလာရသည်။

[နက္ခတ်အချို့က ချန်နယ်၏ထုတ်လွှင့်မှုစနစ်ကို အပြစ်တင်နေပါသည်။]

[' မဟူရာမီးလျှံ အသူတစ်ရာနဂါး 'က ကျပန်းပစ္စည်းသေတ္တာကနေ မည်သည့်ပစ္စည်းထွက်လာသည်ကို သိချင်နေပါသည်။]

အဲ…သူတို့မမြင်ခဲ့ဘူးလား။ နှမြောစရာပါကွာ။

[ချီးပဲ။ ဒီကောင်က ငါ့ချန်နယ်ကို ဝင်ပြီးနှောက်ယှက်နေတယ်ပေါ့လေ။ ဟားဟား… ငါမရှိတုန်း ဘယ်လိုနေခဲ့ကြလဲဟ]

ကောင်းမွန်သော…မဟုတ်သေးဘူး။ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရ၏။

ဘီဟွန်း။

…………………………………………………………………………………………………..

[ငါမရှိတုန်း အရမ်းမိုက်တာတွေ မင်းက လုပ်ခဲ့တာတဲ့လား]

'မင်းပြန်မလာနိုင်ခဲ့တာက ငါကြောင့်လား'

[အဲ…အင်း။ မဆိုင်ပါဘူးကွာ။ ကြော်ငြာထည့်တာ အကြာကြီးဖြစ်သွားခဲ့လို့ စီမံခန့်ခွဲရေးဌာနကနေ ငါ့ကိုခေါ်ယူသတိပေးခဲ့တာလေ]

ယခုအချိန်တွင် ကျနော်တစ်ယောက်ပဲ ဘီဟွန်း၏အသံကို ကြားနေရသည်။ ထိုသို့ဖြစ်နေရခြင်းမှာ ဒိုကဲဘီတွေသာ သုံး၍ရသော 'ဒိုကဲဘီဆက်သွယ်မှုှ'ကို သုံးထားခြင်းကြောင့်သာ။ သို့သော် ကျနော့်ကို သုံးခွင့်ပေးထားသည်ကတော့ စည်းဖောက်ခြင်းဖြစ်၏။

[အခုအချိန်ကစပြီး အသေးအဖွဲတွေကိုဂရုမစိုက်ဖို့ ငါဆုံးဖြတ်ထားတယ်။ ပြီးတော့ စီမံခန့်ခွဲရေးဌာနဆီ သွားလိုက်ပြန်လိုက်လုပ်ဆိုလည်း ငါလုပ်မယ်။ ဒါနဲ့…'ကျပန်း သေတ္တာ' အကြောင်းကို မင်းက ဘယ်လိုသိခဲ့တာလဲ]

'ကံကောင်းလို့တွေ့ခဲ့တာ'

[ချီးပဲ။ အရှက်ရစရာအတိတ်က အကြွင်းအကျန်တွေ ကျန်နေသေးတယ်ဆိုပဲ။ ဒီသေတ္တာက ဘာလို့ဒီမှာ ရှိနေရတာလဲကွာ]

'အရှက်ရစရာအတိတ် ဟုတ်လား'

[······]

"နေဦး။ ကျပန်းသေတ္တာကို ဒီမှာထားထားတဲ့သူက မင်းလား"

Ways of Survival စာဖတ်သူတစ်ယောက်အနေဖြင့် ကျနော်မသိခဲ့ပေ။

[ချီးပဲ။ ငါသာ လောဘမကြီးခဲ့မိရင် သိပ်ကောင်းမှာပဲကွာ]

ယောင်ဟီဝမ်၏ အားရပါးရအော်သံကြောင့် ဘီဟွန်း၏ညည်းညူသံပင် ပျောက်သွားသည်။

"ဝိုး… တကယ်စားလို့ကောင်းတာပဲ။ အံ့သြဖို့ကောင်းလိုက်တာ"

လွန်ခဲ့သော ၁၀မိနစ်ခန့်ကတည်းက ယူဆန်းအာ၏လမ်းညွှန်မှုဖြင့် ကျနော်တို့ သည် ကျန်အဖွဲ့သားများနှင့် ဘေးကင်းစွာ ပြန်ဆုံမိခဲ့ကြပြီဖြစ်၏။ ကံကောင်းစွာဖြင့်ပင် ယောင်ဟီဝမ်နှင့် လီဟန်းဆောင်တို့သည် ကျနော်တို့ပြန်မလာခင်အထိ ဝင်ပေါက်အစပ်ကို ထိန်းပေးထားနိုင်ခဲ့သည်။

"စားပြီးရင် နင်တော်တော်လေး ပြန်ကောင်းလာလိမ့်မယ်"

"ဟုတ်တယ်။ ငါ့ခန္ဓာကိုယ်က ပြန်ကောင်းလာတယ်လို့ တကယ်ကို ခံစားမိနေတယ်"

ပုခုံးတွေကိုစမ်း၍လှုတ်ကြည့်နေသည့် ယောင်ဟီဝမ်၏ပုံစံက ပို၍သက်သာလာပုံပင်။ ထိုသို့ဖြစ်ရခြင်းမှာ မြေအောက်မျိုးစိတ်တို့၏အသားတွင် အဆိပ်ဖြေပစ္စည်းတွေ ပါဝင်နေခြင်းကြောင့် ဖြစ်၏။

"အထဲမှာ ပစ္စည်းတွေအများကြီးရခဲ့လား။ မှော်စွမ်းအင်မီးဖိုအပြင် ဘာတွေရခဲ့လဲ"

လီဟန်းဆောင်ကိုကြည့်ကာ ကျနော်ပြောလိုက်သည်။

"ပစ္စည်းနည်းနည်း ရခဲ့ပါတယ်"

လီဟန်းဆောင်သည် ကျနော့်ဆီကရသည့် သံဒိုင်းဟောင်းလေးကို တောက်လျောက်ကို ဝတ်ကြည့်လိုက် ချွတ်ကြည့်လိုက် လုပ်နေသည့်အပြင် ဒိုင်း၏မျက်နှာပြင်ကိုပါ ထပ်ခါ ထပ်ခါ ပွတ်ပေးနေပြန်၏။ သူ့ပုံစံက ကားအသစ်တစ်စီးရထားသည့်လူနှင့်တောင် တူနေချေသည်။

[ဇာတ်ကောင် 'လီဟန်းဆောင်'သည် သင့်အပေါ် အနည်းငယ် သစ္စာရှိလာပါပြီ။]

ယောင်ဟီဝမ်ကလည်း ဘေးမှကြည့်ပြီး အားကျနေပုံရ၏။

"ငါသုံးလို့ရတာ တစ်ခုခုရှိလား"

"မရှိဘူး"

"ဒါက ဘာဓားလဲ"

"ဒီဓါးက ငါ့ဟာ"

"လူတွေကိုရော နင်အသားဝေပေးမှာလား"

"ဒင်္ဂါးတွေပေးရင်တော့ ဝေပေးမှာပေါ့ "

"နင်ဟာ တကယ်ကို တွန့်တိုတဲ့အကောင်ပဲ။ ကင်ဒေါ့ဂျာ "

"ငါက အသက်ရှင်သန်နိုင်စွမ်းပြင်းတယ်လို့ပဲ ပြောစမ်းပါ"

ချက်ပြုတ်ထားသော မြေကြွက်အသား အသားကို ဝေမျှပေးကာ လမ်းလျှောက် နေစဉ်မှာပဲ လှိုဏ်ခေါင်းအဆုံးသို့ ရောက်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်က ရုတ်တရက်တောက်ပလာပြီး လူတွေကိုမြင်လာရတော့၏။ သို့သော် ပတ်ဝန်းကျင် အခြေအနေ ကထူးဆန်းနေ၏။

အရေးတကြီးဖြစ်နေပုံရတဲ့ ဆူညံနေတဲ့ ဒီခံစားချက်တွေက ဘာတွေပါလိမ့်။

[အခကြေးငွေရှင်းတမ်းအတွက် မိနစ် ၂၀ ကျန်ပါသည်။]

[ရှင်သန်မှုအဖိုးအခကို ပြင်ဆင်ထားပါ။]

တစ်အောင့်ခန့်အကြာမှာ အချိန်ကို ကျနော် သတိထားမိသည်။ ဟုတ်ပေသည်။ ရှင်သန်မှုအဖိုးအခပေးရမည့်အချိန်ကို ရောက်တော့မည်ပင်။ ‘အခကြေးငွေ’ဆိုသည့် စကားလုံးသည် ဧကန်ပင် ကြောက်စရာကောင်း၏။

"ဒင်္ဂါးတွေ။ ဒင်္ဂါးတွေ။ ကျေးဇူးပြုပြီး ပေးကြပါ"

"ဒင်္ဂါး မလောက်ဘူး။ ကျေးဇူးပြုပြီး ဒင်္ဂါးနည်းနည်းလောက် ပေးပါ"

ဇာတ်ဝင်ခန်းတွင် သေချာပါဝင်ခဲ့ပါက ဒင်္ဂါး ၁၀၀ပေးဖို့က ပြဿနာမရှိသော်လည်း သေချာပါဝင်ခဲ့သူတွေက ရှားလှသည်။

"ဝမ် တစ်သန်း…မဟုတ်ဘူး။ ဆယ်သန်းပေးမယ်။ ဒင်္ဂါး ၁၀၀ ကို ဘယ်သူရောင်းမလဲ"

ဒင်္ဂါးတွေ၏ ဈေးက တက်နေပေပြီ။ ရယ်စရာကောင်းလှ၏။ ကမ္ဘာမပျက်ခင်ကပဲ တန်ဖိုးရှိခဲ့သောပိုက်ဆံများဖြင့် ဒင်္ဂါးများကို လဲလှယ်လိုနေကြခြင်းပင်။ အဝေးကနေ ပြုံး၍ကြည့်နေသူတွေလည်း ရှိသည်။ ထိုလူတွေထံ၌ ဒင်္ဂါးတွေ အလုံအလောက် ရှိနေမှာ သေချာ၏။ ထိုလူတွေကတော့ ချွန်အင်ဟိုနှင့် ချောဒူးအဖွဲ့က လူတို့ပင်။ အချို့သော အမျိုးသမီးတွေသည် ထိုအဖွဲ့သားတွေဆီပြေးသွားကာ အော်ပြောနေကြ၏။

"ရှင်-ရှင်ပြောတော့ ကျမကို ဒင်္ဂါး၁၀၀ပေးမယ်ဆို"

"ဟမ်…ဟုတ်လား။ ငါတော့ မမှတ်မိဘူး "

"ဘ-ဘာ…"

"နောက်တစ်ခါထပ်ထည့်ခွင့်ပေးမယ်ဆိုရင် ပြန်စဉ်းစားပေးမယ်လေ။ ဘယ်လို သဘောရလဲ"

ယောင်ဟီဝမ်က ဓားကိုဆွဲထုတ်ပြီး သူတို့ကိုစိုက်ကြည့်နေသည်။

"ခွေးမသားတွေကတော့ဟာ"

[ဇာတ်ကောင် 'ယောင်ဟီဝမ်'၏ ဝိသေသ လက္ခဏာ ပွင့်ခါနီးနေပါပြီ။]

ယောင်ဟီဝမ် အတွက် အချိန်ရောက်လာပေပြီ။ ယောင်ဟီဝမ်၏ ဝိသေသ လက္ခဏာ ယခုပွင့်မည်ဆိုပါက မဆိုးလှသော်လည်း ကျနော်တွေးထားသည့် 'ဝိသေသ လက္ခဏာ'ကို ယောင်ဟီဝမ်ရဖို့ဆိုလျှင် ယောင်ဟီဝမ်တစ်ယောက် အနည်းငယ် စိတ်ရှည်ဖို့လိုပေသည်။ ထိုအချိန်မှာပဲ စနစ် မက်ဆေ့ချ်တစ်ခု ပေါ်လာ၏။

[သိပ်မကြာခင်တွင် ရှင်သန်မှုရှင်းတမ်း စတင်ပါမည်။]

"က-ကယ်ပေးကြပါ။ ကျေးဇူးပြုပြီးကူညီပေးပါ"

ကျနော့်အဖွဲ့သားတွေ၏ မျက်နှာအမူအရာ ပြောင်းသွား၏။ လီဟန်းဆောင်က ဝမ်းနည်းစွာဖြင့် ခေါင်းကိုငုံ့နေပြီး ယောင်ဟီဝမ်ကတော့ ဓားကိုကိုင်ထားရင်း နှုတ်ခမ်းကိုကိုက်နေသည်။ 'အခကြေးငွေရှင်းတမ်း'၏အဖိုးအခက မည်သည့်အရာဖြစ်သည်ကို လူတိုင်းသိကြ၏။ အခကြေးငွေရှင်းတမ်းကို မကြုံဖူးသူ ဤနေရာ၌မရှိချေ။ ထိုအချိန်တွင် ယူဆန်းအာက ကျနော့်ကိုကြည့်လိုက်သည်။

"ဒေါ့ဂျာ"

"အင်း"

ဤကမ္ဘာတွင် ဒင်္ဂါးတွေသည် အာဏာဖြစ်သည်။ ဒင်္ဂါးတွေရှိသောသူသည် ကောင်းသော ပစ္စည်းတွေ၊ ကောင်းသော အဆင့်တွေကို ရနိုင်၏။ ဒင်္ဂါးတွေသည် အရာရာပင်။

[ဇာတ်ဝင်ခန်းကိုကြည့်ရှုရန်အကြံပြုချက်ရရှိသော နက္ခတ်အချို့ကိ ုချန်နယ်ထဲ ထည့်လိုက်ပါသည်။]

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်က သင်၏ရွေးချယ်မှုကိုစောင့်ကြည့်နေပါသည်။]

[' ရွှေခေါင်းကွင်း၏အကျဉ်သား'နက္ခတ်က သင်၏ရွေးချယ်မှုကိုစောင့်ကြည့်နေပါသည်။]

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ'နက္ခတ်က သင်၏ရွေးချယ်မှုကို စောင့်ကြည့်နေ ပါသည်။]

လက်ရှိအချိန်တွင် ဤဘူတာ၌ ဒင်္ဂါးအများဆုံးရှိသောလူမှာ ကျနော်သာလျှင် ဖြစ်ပေတော့သည်။

All Chapters