တရားစီရင်ချိန် (၂)
Vol. 2 Ch. 25
စကားပြောဖို့ ကျနော်ပါးစပ်ဖွင့်လိုက်ချိန်မှာပဲ ချွန်အင်ဟို၏ အသံကို ကြားလိုက်ရသည်။
"အိုး…ဒေါ့ဂျာ…. မင်းရောက်လာတာနဲ့ အတော်ပဲ"
ချွန်အင်ဟိုက ကျနော်တို့ကိုတွေ့တော့ ပြုံးပြလိုက်၏။ အသံကျယ်ကျယ်ဖြင့် သူပြောလိုက်သည်ကို ကျနော့်စိတ်ထဲ စနိုးစနောင့်ဖြစ်မိသည်။
"ဒေါ့ဂျာမှာ ဒင်္ဂါးတွေအများကြီးရှိတယ်မလား။ ဘယ်လောက်ရှိလဲ။ မင်းက ငါတို့ထဲမှာ အချမ်းသာဆုံးပဲ ထင်တယ်"
[ 'ချွန်အင်ဟို' ဇာတ်ကောင်သည် 'လှုံ့ဆော်မှု အဆင့် ၂' စွမ်းရည်ကို အသက်သွင်း လိုက်သည်။]
လူအုပ်ကြီး၏အကြည့်တွေက ကျနော့်ထံ လှည့်လာချေပြီ။
"ဒ-ဒင်္ဂါးတွေဟုတ်လား"
"ဘယ်သူ့မှာ ဒင်္ဂါးတွေအများကြီးရှိနေတာလဲ"
ခဏလေးအတွင်းမှာပဲ ကျနော့်ကို လူတိုင်းအာရုံစိုက်လာကြ၏။ ချွန်အင်ဟိုဆိုသည့် ကောင်သည် တကယ့်ကောင်ပင်။
"ရှင်-ရှင်က ဒေါ့ဂျာလား"
"ကျေးဇူးပြုပြီး ကျနော့်ကို ကယ်ပေးပါနော်"
လူတွေက မောဟိုက်နေတဲ့အသံဖြင့် ကျနော့်ဆီပြေးလာပြီး ခြေထောက်တွေကို ဆုပ်ကိုင်ကြသည်။ ကျနော့်ဆီ လာရောက်စုဝေးနေကြသော လူဦးရေက အနည်းဆုံး ၂၀လောက် ရှိပေမည်။ အကယ်၍သာ ဤလူတွေကို ဒင်္ဂါးတွေပေးလိုက်ပါက ကျနော့်တွင် ဒင်္ဂါး၂၀၀၀ ဆုံးရှုံးသွားမှာ သေချာ၏။ ဒင်္ဂါးတွေမပေးပြန်လျှင်လည်း ဂူမိုဘူတာ၏ အကြီးဆုံးလူဆိုးကြီးဖြစ်သွားမည်ပင်။
[ 'ချွန်အင်ဟို' ဇာတ်ကောင်အပေါ် သင်၏နားလည်မှု တိုးတက်လာပါသည်။]
"ဟားဟား…ဒေါ့ဂျာ။ ဒီဆင်းရဲသားတွေကို ကူညီဖို့ ငါ့မှာ ဒင်္ဂါးမရှိဘူး။ ဒါပေမဲ့ ဒေါ့ဂျာမှာတော့ ရှိတယ်မလား။ မင်းက ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ပါဘူးနော်"
ကျနော်တိတ်တခိုး သက်ပြင်းချလိုက်၏။ ယခုလိုလှည့်ကွက်မျိုးကို တစ်ခါမက ကျနော်မြင်ဖူးသည်ပင်။
[ 'အလုံးစုံကောင်းမြတ်ခြင်းကြယ်တာယာ'မှ နက္ခတ်တွေသည် 'ချွန်အင်ဟို' ကို 'ဆိုးယုတ်သူ' အဖြစ် သတ်မှတ်လိုက်သည်။]
ချွန်အင်ဟိုဆိုသည့်ကောင်ကို သည်းခံမနေချင်တော့ပေ။
"ငါ-ငါ့ကိုကယ်ပေးပါ"
"ကျေးဇူးပြုပြီး ကယ်ပေးပါ"
လူတွေက ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးပုံစံမျိုးဖြင့် ငိုပြနေကြ၏။
[ဟားဟား…ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့ကောင်းလာနေပြီပဲ။ ဒါနဲ့ အချိန်က ၁၀မိနစ်ပဲ ကျန်တော့တာနော်]
ဘီဟွန်းက ပျော်ရွှင်နေသောအသံဖြင့် ပြောလိုက်သည်။ လူအုပ်ကြီးက ထူးဆန်းသောအကြည့်တွေဖြင့် ကျနော့်ကို ကြည့်နေကြပေပြီ။
ကျနော် သက်ပြင်းချလိုက်ပြီး မျက်လုံးကို ခေတ္တမှိတ်ကာ ပြန်ဖွင့်လိုက်သည်။
"ဪ။ မင်းတို့တွေက ဒင်္ဂါးတွေလိုချင်တယ်ပေါ့လေ"
ထို့နောက် ကျနော်ရယ်လိုက်၏။
"ဒင်္ဂါးတွေကို ငါက ဘာကြောင့် မင်းတို့တွေကို ပေးရမှာလဲ"
လူတွေကို ကျနော်ဝေ့ကြည့်လိုက်သည်။ ပထမဆုံးဇာတ်ဝင်ခန်းက တကယ့်ကို အပြစ်သားတွေ ပေါ်ထွက်လာစေခဲ့သည်။ ပြောရမည်ဆိုလျှင် ဤနေရာတွင် ရှိသောလူတိုင်းသည် အပြစ်မရှိသောလူဟူ၍ မရှိပေ။ စဉ်းစားကြည့်လေ ရွံဖို့ကောင်းလှ၏။ အသက်ရှင်ဖို့အတွက် အခြားလူတွေကိုချနင်းခဲ့သည့် ဤလူများသည် ကိုယ့်အသက်အတွက် ကြိုးစားရုန်းကန်ဖို့တောင် မလုပ်ခဲ့ကြပေ။
"ဘ-ဘာဖြစ်တယ်"
"မင်းမှာ ဒင်္ဂါးတွေ အများကြီးရှိတာပဲလေ။ နည်းနည်းလောက် ပေးလို့မရဘူးလား"
ရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင် ချွန်အင်ဟိုက ကျယ်လောင်စွာဖြင့် ရယ်လိုက်၏။
"ဒေါ့ဂျာ ဒီလိုပြောမယ်လို့ထင်သားပဲ "
"..."
"ဒေါ့ဂျာ ဒီမှာပထမဆုံးပေါ်လာတုန်းက ဒင်္ဂါးတွေရဖို့ စားစရာတွေ ရောင်းခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒီအချိန်တုန်းကသာ စားစရာတွေကိုဝယ်ဖို့ မင်းဘက်က မလုပ်ခဲ့ရင် အခုအချိန်လောက်ဆိုရင် လူတွေအများကြီးမှာ အသက်ရှင်ဖို့ ဒင်္ဂါးတွေရှိနေမှာကွ"
"ဟုတ်တယ်။ သူပြောတာ မှန်တယ်"
"ချီးပဲ။ ငါ့ဒင်္ဂါးတွေ ပြန်ပေးစမ်း"
ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်တစ်ခုလုံးမှ ကျနော့်ကိုဆန့်ကျင်သော အသံများ လွင့်ပျံလာ၏။ ဤကဲ့သို့ဖြစ်လာဖို့ ချွန်အင်ဟိုလိုချင်နေခဲ့သည်ပင်။
"ခဏနေပါဦး။ ကိုယ့်လူတို့….ခင်ဗျားတို့လုပ်နေတာက…. "
"ဒေါ့ဂျာက အဲ့လိုလူစားမျိုးမဟုတ်ပါဘူး"
ယူဆန်းအာနှင့် လီဟန်းဆောင်တို့က လူအုပ်ကြီးကို နားချဖို့ကြိုးစားနေကြသော်လည်း လူအုပ်ကြီးသည် အကျိုးသင့်အကြောင်းသင့် မစဉ်းစားနိုင်ကြတော့ချေ။ ထို့နောက်တွင်တော့ ချွန်အင်ဟိုဆီကနေ ကုန်းချောသောအသံထပ်မံ၍ ထွက်လာပြန်သည်။
"ဒေါ့ဂျာ။ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ လူတွေဆီ ဒင်္ဂါးတွေ ပြန်ပေးလိုက် "
"ငါမပေးချင်ဘူးဆိုရင်ရောကွာ"
"အဲ့လိုသာဆိုရင်တော့ အဆိုးရွားဆုံးကိစ္စဖြစ်လာလိမ့်မယ် "
လူ ၂၀ လောက်ပါသော လူအုပ်ကြီးက ကျနော့်ထံ ဖြည်းဖြည်းချင်း ချည်းကပ်လာသည်။
"ချီး-ချီးပဲ။ မင်းရဲ့ဒင်္ဂါးတွေကိုပေးစမ်း"
သို့ပေငြားလည်း မည်သူမှ စ၍မတိုက်ခိုက်ကြပေ။ နောက်ဆုံးတွင်တော့ ချောဒူးအဖွဲ့ဝင်တစ်ယောက် ရှေ့ကိုထွက်လာ၏။
"သောက်သုံးမကျတဲ့ကောင်တွေ။ ဘာတွေလုပ်နေတာလဲကွ။ သူ့ကိုသတ်ပစ်ကြတော့လေ။ သူ့ကိုသတ်ပြီး ဒင်္ဂါးတွေကို လုယူလို့ရတာကို ဘာလို့ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေကြတာလဲ"
အော်ပြောနေသည့် ထိုလူတွင် အလွန်တောင့်တင်းခိုင်မာသော ကိုယ်ခန္ဓာကြံ့ခိုင်မှု ရှိ၏။ ထိုလူ၏အချက်အလက်ကိုအတည်ပြုရန် ဇာတ်ကောင်စာရင်းကိုကျနော်သုံးလိုက်သည်။
[ဇာတ်ကောင်၏ အကျဉ်းချုပ်]
အမည် : ဟန်မင်ဆုန်း
သီးသန့်ဝိသေသ လက္ခဏာ : အနိုင်ကျင့်သမား (ယေဘူယျအားဖြင့်)
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်၈၊ ခွန်အားအဆင့် ၈၊ လျှင်မြန်မှု အဆင့် ၈၊ မှော်စွမ်းအား အဆင့် ၂
ဤလူ၏စွမ်းရည်တွေက အနိုင်ကျင့်သမားတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော စွမ်းရည်တွေဖြစ်သော်လည်း စွမ်းရည်အဆင့်တွေကတော့ သိပ်ပြီးသဘာဝမကျလှချေ။ ဤလူသည် သူ၏အဆင့်တွေကို ယုံကြည်မှုရှိနေခြင်းကြောင့်သာ ယခုလို ပြောရဲနေခြင်းပေ။
"အဲ့ဒီခွေးသူတောင်းစားကို သတ်ပစ်ကြဟေ့"
ဟန်မင်ဆုန်း၏လက်ထဲက သံတုတ်က ဖြတ်ခနဲ လှုတ်ရှားလာသည်။ ပြောရမည်ဆိုလျှင် ခွန်အား အဆင့် ၈ဖြင့် လွှဲရိုက်လိုက်သော သံတုတ်ပင်။ ယခင်က 'ကင်ဒေါ့ဂျာ' ဆိုလျှင်တော့ ဤခြိမ်းခြောက်မှုကို ကြောက်ကောင်း ကြောက်လောက်ပေမည်။ သို့သော် ယခုလက်ရှိကျနော့်အတွက်တော့ ရယ်စရာသာကောင်းလှ၏။ ဟန်မင်ဆုန်း၏ လက်ကို ကျနော်ဖြတ်ချလိုက်ရာ ဟန်မင်ဆုန်း၏ လက်သည် သံတုတ်နှင့်အတူ မြေကြီးပေါ်သို့လိမ့်ဆင်းသွား၏။
"အား"
မကျိုးပဲ့နိုင်သောယုံကြည်မှုတွင် သွေးများစွန်းထင်းနေပြီး အဖြူရောင်အလင်းတန်းတွေ ထွက်နေသည်။ တိတ်ဆိတ်နေသော လူတွေကို ကျနော်လှမ်းကြည့်လိုက်၏။
"စိတ်ပျက်စရာပဲ။ ဒီအခြေအနေက ငါ့ကြောင့်ဖြစ်တာလို့ မင်းတို့တွေက တကယ် ယုံနေကြတာလား"
လူအုပ်ထဲက လူတစ်ယောက်ချင်းစီ၏ မျက်နှာတွေကို ကျနော်ကြည့်လိုက်သည်။ တခြားတဖက်မှာတော့ ချွန်အင်ဟိုက စိတ်ရှုပ်နေသည့်ပုံဖြင့် ကြည့်နေ၏။
"တကယ်တော့ ငါ့ကြောင့်မဟုတ်ဘူးဆိုတာကို မင်းတို့တွေ ကောင်းကောင်းကြီး သိတယ်"
အာစေးမိသကဲ့သို့ပင် လူတွေ၏ ပါးစပ်ကနေ မည်သည့်စကားမှ ထွက်မလာချေ။ ချွန်အင်ဟိုက ရယ်လိုက်သည်။
"ဟားဟား…ကြည့်စမ်းပါဦးကွာ။ ဒေါ့ဂျာ။ မင်းဘာတွေပြောနေတာလဲ"
"ဒီကောင်တွေဟာ မင်းတို့ထက် ပိုအားကောင်းကြတယ်။ သူတို့ရဲ့ပျမ်းမျှစွမ်းရည်တွေက မင်းတို့ထက် ပိုမြင့်ပြီး ဒင်္ဂါးတွေအများကြီးကိုလည်း ဒီကောင်တွေ ပိုင်ဆိုင်ထားတယ်။ အဲ့ဒါ ဘာကြောင့်လဲ"
မေးခွန်းထုတ်ရင်း လူအုပ်ကြီးထံ ကျနော်လျှောက်သွားလိုက်သည်။ လူအုပ်ကြီးသည် အံ့အားသင့်နေသည့် ရွှေငါးအုပ်ကြီးကဲ့သို့ နောက်ကိုဆုတ်သွားကြသော်လည်း သူတို့တွေသည် ကျနော့်ငါးကန်ထဲက ငါးတွေကဲ့သို့ ဖြစ်နေပေပြီ။
“သူတို့တွေဟာ ဘာလို့ မင်းတို့တွေထက် ပိုအားကောင်းနေရတာလဲ”
နောက်ထပ် ခြေလှမ်းတစ်လှမ်းကို ကျနော်ထပ်လှမ်းလိုက်၏။
“ပိုပြီးအရေးကြီးတာက သူတို့ဆီမှာ မင်းတို့ထက် ဘာလို့ ဒင်္ဂါးတွေ ပိုရှိနေရတာလဲ။ ဒီကောင်တွေက လူမိုက်တွေမလို့ ပိုရှိနေတာလား”
[သင့်အနားက ဇာတ်ကောင်တွေ တုန်လှုပ်နေပါသည်။]
ကြောက်ရွံ့နေကြလျှင်တောင် မေးခွန်းထုတ်လိုသော စိတ်က သေချာပေါက်ကို ရှိ၏။
"ခ-ချွန်အင်ဟို။ ခင်ဗျားမှာ ဒင်္ဂါးဘယ်လောက်ရှိလဲ..."
"ဟားဟား…. မင်းတို့မသိဘူးလား။ ငါက စားစရာတွေကို နည်းနည်းပဲ ရောင်းခဲ့တာမလို့…."
"စားစရာတွေနည်းနည်းလောက်ရောင်းရုံနဲ့ ဒီလောက်များတဲ့ ပျမ်းမျှစွမ်းရည်တွေကို ရမယ်လို့ မင်းတို့ထင်လား"
ချွန်အင်ဟို ပါးစပ်ပိတ်သွားသည်။ လူအုပ်ထဲက လူတစ်ယောက်ချင်းစီ၏ မျက်နှာကို ကျနော်လိုက်ကြည့်၏။
"ဂူမိုဘူတာကို ငါစရောက်ခဲ့တုန်းက လူ ၈၇ ယောက်ရှိခဲ့တယ်"
"..."
"အခု ဘယ်နှစ်ယောက်ကျန်သေးလဲ။ ၅၀ လောက်တောင် မကျန်ဘူးထင်တယ်။ ဘာလို့အဲ့လောက်ပဲ ကျန်လဲဆိုတာကို မင်းတို့သိလား"
"ကင်း-ကင်းထောက်တွေအနေနဲ့ အပြင်ကိုထွက်ခဲ့ကြတာမလို့ မကောင်းဆိုးဝါးတွေက…"
"မကောင်းဆိုးဝါးတွေဟုတ်လား။ အခုထိ မင်းတို့တွေက ယုံနေတုန်းပဲလား"
"ဒါ-ဒါဆိုရင်..."
"အရူးတွေ။ ဦးနှောက်နဲ့ စဉ်းစားကြည့်ကြစမ်းပါ။ သေသွားတဲ့လူတွေဟာ တကယ်ပဲ မကောင်းဆိုးဝါးတွေကြောင့် သေသွားတာလား။ ဒါဆိုရင် ချောဒူးအဖွဲ့က လူတွေ ဘာလို့မသေကြတာလဲ"
နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။
"သူတို့ ဘာလို့ ပိုအားကောင်းလာကြတာလဲ"
[ 'လျှို့ဝှက်ကြံစည်သူ' နက္ခတ်က သင်၏ထောက်ပြမှုကို ခေါင်းညိတ်ကာ သဘောတူလိုက်သည်။]
"ဒါ-ဒါမဖြစ်နိုင်ဘူး..."
လူတွေက ချွန်အင်ဟိုဆီကို လှည့်ကြည့်လိုက်ကြ၏။ ချောဒူးအဖွဲ့ဝင်တွေ မတည်မငြိမ် ဖြစ်နေကြပေပြီ။ ယခုတော့ ကျနော့်အလှည့်ပင်။
"ငါ့ကိုသတ်ရင် ဒင်္ဂါးတွေရမယ်လို့ သူတို့တွေပြောခဲ့ကြသေးတယ်လေ "
[ 'ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်က စိတ်လှုပ်ရှားမှုကြောင့် ဆံပင်ကို ဆွဲဆုတ် နေပါသည်။]
"လူတစ်ယောက်ကိုသတ်တာနဲ့ ဒင်္ဂါးတွေရမယ်ဆိုတာ သူတို့ဘယ်လိုသိကြတာလဲ"
"မ-မင်း... အင်ဟို။ သူပြောတာ အမှန်ပဲလား"
"တိတ်စမ်း။ ဒီကောင်က ငါ့ကိုချောက်ချနေတာကွ"
ချွန်အင်ဟို နောက်သို့ဆုတ်သွားပြီး ချောဒူးအဖွဲ့ဝင်တွေက လက်နက်တွေကို ဆွဲထုတ်လိုက်ကြ၏။ ထိတ်လန့်နေတဲ့လူတွေ ငိုကြွေးကုန်ကြပေပြီ။
[ဟားဟား။ ၇ မိနစ်ပဲကျန်တော့တယ်]
လူတွေဆီကို ကျနော်တိုးလိုက်သည်။
"မင်းတို့မှာ ကိုယ့်ကိုကိုယ်လေးစားတဲ့စိတ်ရှိသေးရင် ကိုယ့်လက်နဲ့ပဲ ကိုယ်တိုင် တိုက်ပွဲဝင်ကြည့်ကြတော့ "
လူတွေ၏မျက်လုံးတွေမှာ အမျက်ဒေါသတွေဖြင့် ပြည့်နေချေပြီ။
"အနည်းဆုံးတော့ မင်းတို့ဆီက ယူသွားတာတွေကို ပြန်ယူကြတော့"
ကျနော်စောင့်နေစဉ်မှာပဲ ချောဒူးအဖွဲ့ဝင်တွေက ကျနော့်ဆီကို တစ်ပြိုင်တည်း ပြေးဝင်လာကြသည်။ ကျနော်လည်း သူတို့ဆီကို ပြေးဝင်သွားလိုက်၏။
"လက်ရှိလောကကြီးဟာ ဒီလိုမျိုးရက်စက်တဲ့လောကကြီးပဲ "
အဖြူရောင်အလင်းတန်းက ရွေ့လျားသွားပြီး လူတွေ၏ အော်သံထွက်လာသည်။ ထို့နောက် လူတစ်ယောက်က အော်ပြောလိုက်၏။
“ဟုတ်တယ်။ ချီးပဲ”
"ခွေးမသားတွေ"
လူတွေ စတင်လှုပ်ရှားလာကြပေပြီ။ ပြောရမည်ဆိုလျှင် လူတိုင်းသည် လူသတ်ဖူးသူချည်းသာ။
"အ-အမေ"
"ဒါယောင်း။ ဒီကိုလာ…လုပ်လိုက်ကြရအောင်။ အမေနဲ့အတူ ရထားပေါ်မှာ လုပ်ခဲ့သလို လုပ်ကြမယ်"
ကလေးတွေနှင့် မိခင်ဖြစ်သူတွေလည်း ရှိနေ၏။
"ခွေးသူတောင်းစားတွေ"
လူလတ်ပိုင်း ကုလားတစ်ယောက်လည်း ရှိနေလေသည်။
"မအေဘေးတွေကတော့ကွာ"
သို့သော် ချောဒူးအဖွဲ့နှင့် သူတို့တွေ မယှဉ်နိုင်ကြချေ။ ချောဒူးအဖွဲ့တွင် လူအင်အားအများကြီးကျန်နေသေးပြီး သူတို့၏ တိုက်ခိုက်အားက လူသတ်ခြင်းကနေ ရရှိထားတဲ့ ဒင်္ဂါးတွေကြောင့် အလွန်အမင်းအားကောင်းနေ၏။ သို့သော် ကျနော့်အတွက်တော့ သူတို့တွေသည် လုံလောက်အောင် အားမကောင်းလှပေ။
ကျနော့်ဆီကို ပြေးဝင်လာသော ချောဒူးအဖွဲ့ဝင်တွေ၏ လက်တွေ၊ ခြေတွေ ပြတ်ထွက်သွားသည်။ လူတစ်ယောက်၏ ခြေတွေလက်တွေကို ဖြတ်တောက် လိုက်သည့် ထူးဆန်းသော ခံစားချက်ကို ကျနော့်လက်ထဲတွင် ခံစားမိနေချေပြီ။ လှုပ်ရှားမရတော့သည့် ချောဒူးအဖွဲ့ဝင်တွေက ကျနော့်ကို ငေးကြည့်နေကြ၏။
"အ-အသက်ကိုချမ်းသာပေးပါ"
ထိုအချိန်တွင် ကျနော့်ရှေ့ကိုလူတစ်ယောက်ရောက်လာပြီး လဲကျနေသည့် ချောဒူးအဖွဲ့ဝင်တွေကို ဓားဖြင့်ထိုးလိုက်သည်။
"သူ့ကိုသတ်မယ်လို့ ငါပြောခဲ့သားပဲ"
[ ' သားလောင်းသွင်ပြင်လက္ခဏာ 'ဝိသေသ လက္ခဏာ၏ ဆင့်ကဲပြောင်းလဲရန် အခြေအနေ ပြည့်စုံသွားပါပြီ။]
[ 'ယောင်ဟီဝမ်' ဇာတ်ကောင်၏ ဝိသေသ လက္ခဏာသည် ဖူးပွင့်နေပါပြီ။]
ယောင်ဟီဝမ်၏ခန္ဓာကိုယ်ကနေ တောက်ပြောင်သော အလင်းတန်းတွေ ထွက်ပေါ်နေ လေ၏။ ကျနော်ခေါင်းညိတ်လိုက်သည်။ ယခုတော့ အချိန်တန်ပေပြီ။
[ 'ယောင်ဟီဝမ်' ၏ ဝိသေသ လက္ခဏာက 'ဖျက်ဆီးခြင်း၏ တရားသူကြီး (သူရဲကောင်း)' အဖြစ် ဖူးပွင့်လာပါသည်။]
ဆိုးယုတ်မှုကို သုတ်သင်ဖို့ တရားသူကြီး။ အကောင်းဆုံး 'တရားသူကြီး'ဝိသေသ လက္ခဏာ သုံးပါးထဲက တစ်ပါးသည် သားလောင်းသွင်ပြင်လက္ခဏာကနေ နိုးထလာခဲ့ချေပြီ။
[ 'သားလောင်းသွင်ပြင်လက္ခဏာ'ဝိသေသ လက္ခဏာအတွက် သင်သည် အများကြီး အထောက်အကူပြုခဲ့သည်။]
[ 'ယောင်ဟီဝမ်' ဇာတ်ကောင်သည် နောင်တွင် သင်၏ဓားအဖြစ် တွန့်ဆုတ်မှုမရှိပဲ အမှုထမ်းပေလိမ့်မည်။]
"နင်အခုနားနေလိုက်တော့"
ယောင်ဟီဝမ်က ပြောလိုက်၏။ ယောင်ဟီဝမ်၏မျက်လုံးတွေက အပြာနုနု အလင်းရောင်ဖြင့် တောက်ပနေပြီး "ဒီကောင်တွေက ငါ့အပိုင်ပဲ"ဟုပါ ကြွေးကြော်လိုက်သည်။
[ 'ယောင်ဟီဝမ်' ဇာတ်ကောင်က 'တရားစီရင်ချိန်'သီးသန့်စွမ်းရည်ကို အသုံးပြုလိုက်သည်။]
[ 'အလုံးစုံကောင်းမြတ်ခြင်း'နက္ခတ်တွေသည် ဤစွမ်းရည်ကိုအသုံးပြုခြင်းအား သဘောတူကြပါသည်။]
['တရားစီရင်ချိန်' အသက်ဝင်လာပါပြီ။]
ယောင်ဟီဝမ်၏ ခန္ဓာကိုယ်ဝန်းကျင်တွင် သွေးဆာသည့်အငွေ့အသက်က ဖုံးလွှမ်းနေပြီး ယောင်ဟီဝမ်၏ဓားက ထူးဆန်းသောလမ်းကြောင်းတစ်ခုအတိုင်း လှုတ်ရှားနေသည်။ ချောဒူးအဖွဲ့ဝင်တွေကြား၌ ရွေ့လျားနေသည့် ပေါ့ပါး တိကျသော ကင်ဒိုဓါးစွမ်းရည်ပင်။ သွေးတွေက နေရာတိုင်းတွင် ပန်းထွက်နေ၏။
"အား"
တကယ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် မြင်ကွင်းပင်။ အမှန်တကယ်တန်းတော့ ယောင်ဟီဝမ်တစ်ယောက်တည်း တိုက်ခိုက်နေတာမဟုတ်ဘဲ ယူဆန်းအာ၊ လီဟန်းဆောင်နှင့် လီဂီယောင်တို့ကလည်း သက်ဆိုင်ရာ နေရာအသီးသီးကနေ ကာကွယ်ပေးနေကြ၏။ သို့သော် ယောင်ဟီဝမ်ကတော့ အတက်ကြွဆုံးပင်။ လူသတ်ဖို့အတွက် မွေးဖွားလာသူတစ်ယောက်ကဲ့သို့ပင် ယောင်ဟီဝမ်က သတ်ပြီးရင်း သတ်ဖြတ်နေသည်။ လူတစ်ယောက်၏ လက်ကို ကျနော်ဖြတ်လိုက်ပါက ယောင်ဟီဝမ်က ထိုလူ၏နှလုံးထဲသို့ ဓါးကို ထိုးသွင်း၏။ ခြေထောက်ကို ကျနော်ကိုဖြတ်လျှင် ယောင်ဟီဝမ်က ထိုလူ၏ လည်ပင်းကို ဝင်လှီးသည်။ ယောင်ဟီဝမ်က ကျနော်ချန်ထားခဲ့သည့်လူအားလုံးကို ရှင်းထုတ်ပေး နေခြင်းပင်။ ယောင်ဟီဝမ်၏ပုံစံမှာ ယခုအခိုက်အတန့်ကို စောင့်မျှော်နေသူတစ်ဦး ကဲ့သို့ ဖြစ်နေပြီး တွန့်ဆုတ်မှုမရှိပဲ လှုတ်ရှားနေတော့၏။
"..."
နေရာတစ်ခုလုံး သွေးတွေဖြင့် ပြည့်နေပေပြီ။ ချောဒူးအဖွဲ့တွင် ချွန်အင်ဟို တစ်ယောက်သာ ကျန်ရစ်တော့သည်။ ချွန်အင်ဟို၏ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများသည်လည်း လူတွေကြောင့် ဒဏ်ရာရနေပေပြီ။ ယောင်ဟီဝမ်က ကျနော့်ကို ကြည့်လိုက်သဖြင့် ကျနော်ခေါင်းညိတ်ပြလိုက်၏။
ချွန်အင်ဟိုက ကျနော့်ကို ကြည့်ပြီး ရယ်လိုက်သည်။
"ဟားဟား….မင်း-မင်းက… "
ချွန်အင်ဟိုစကားမဆုံးခင်မှာပဲ ယောင်ဟီဝမ်က နောက်မှပေါ်လာပြီး ချွန်အင်ဟိုကို အပေါ်ကနေ အောက်အထိ ဓါးဖြင့် ခုတ်ပစ်လိုက်သည်။
[ချန်နယ်ထဲက နက္ခတ်အားလုံးက ပြင်းထန်စွာ ပျော်နေကြပါသည်။]
နောက်ဆုံးတွင်တော့ လူတိုင်းရပ်လိုက်ကြ၏။ တိုက်ပွဲက ပြီးဆုံးသွားပေပြီ။ သို့သော် ပြီးဆုံးသွားကြောင်းကို သူတို့တွေ မခံစားနိုင်ကြပေ။ အသားကင်တွေကိုစားခဲ့သည့် အချိန်၊ အသက်ရှင်ခြင်း၏အဓိပ္ပါယ်ကို ခံစားခဲ့သည့်အချိန်၊ လမ်းလျှောက်ရင်း ဟာသတွေ ပြောခဲ့သည့်အချိန်၊ ငြိမ်းချမ်းမှုကို ခံစားခဲ့ရသည့်အချိန် အစရှိသော အချိန်တွေအားလုံးသည် လှည့်စားမှုတစ်ခုလိုသာ ခံစားမိနေကြ၏။ အတော်ကို မုန်းတီးစရာကောင်းသော ဇာတ်ဝင်ခန်းပင်။
ယူဆန်းအာက ငိုနေသည်။ လီဂီယောင်က မျက်လုံးတွေကို မှိတ်ထားပြီး လီဟန်းဆောင်က နှုတ်ခမ်းကို သွေးထွက်အောင် ကိုက်ထား၏။ ယောင်ဟီဝမ်ကတော့ အားအင်တွေကုန်ခမ်းသွားပြီး သွေးအိုင်ထဲမှာ ထိုင်နေသည်။
ဟုတ်ပေသည်။ ဤသည်ကား ဤကမ္ဘာ၏ လက်တွေ့အမှန်တရားပင်။
[ရှင်သန်မှုအဖိုးအခကို ရှင်းလင်းပါတော့မည်။]
ကျနော်တို့ပတ်ပတ်လည်၌ ပေါက်ကွဲသံတွေ ထွက်ပေါ်လာ၏။ ဒင်္ဂါးရှိသူတွေ အသက်ရှင်ပြီး ဒင်္ဂါးမရှိသူတွေ သေဆုံးသွားခြင်းပင်။ မည်သူမှ တစ်ဦးကိုတစ်ဦး မကယ်တင်နိုင်ခဲ့ကြဟု ပြောရပေမည်။ လူတွေကို ကျနော်ပြောလိုက်သည်။
"အားလုံးပဲ။ နိုးနိုးကြားကြားနေကြပါ "
ခေါင်းကိုမော့ကြည့်လိုက်သော်လည်း ကောင်းကင်ကို မမြင်ရပေ။ မမြင်ရသော ကောင်းကင်အား တစ်ခဏခန့် ကျနော်ငေးကြည့်နေပြီး ကြီးမားသော ကံကြမ္မာကို ခုခံနေမိ၏။ ဆူညံသည့် နက္ခတ်တွေထံတွင် ဤတစ်ကြိမ်တော့ မည်သည့် အဖြေမှရှိမနေပေ။
"ဒီဇာတ်ဝင်ခန်းက အစပဲရှိသေးတယ်။"
လူတိုင်း အတွေးနက်နေချိန်တွင် ကျနော်တစ်ယောက်တည်း နောက်ဇာတ်ဝင်ခန်း အကြောင်းကို တွေးနေမိသည်။ စာမျက်နှာတွေ တစ်ခုပြီးတစ်ခု လှန်ကြည့်နေမိသကဲ့သို့ ကျနော့်စိတ်က အေးဆေးတည်ငြိမ်နေ၏။ ဂူမိုဘူတာကနေ လိုအပ်တာတွေအားလုံးကို ကျနော်ရပြီးလေပြီ။ နောက်အဆင့်က ချွန်မူရိုပင်။