တရားစီရင်ချိန် (၃)
Vol. 2 Ch. 26
နောက်တစ်နေ့မနက်၌ ဂူမိုဟိုဘူတာတွင် အပြောင်းအလဲတချို့ရှိလာခဲ့သည်။ ပြောရမည်ဆိုလျှင် ဟန်မြုံအိုအိုပျောက်သွားခဲ့လေပြီ။ ဟန်မြုံအိုသည် တိုက်ပွဲ စတင်ချိန် ကတည်းက ပုန်းအောင်းနေခဲ့ပြီး တိုက်ပွဲပြီးသွားခဲ့ချိန်တွင် ပျောက်သွားခဲ့ခြင်းသာ။ ဘူတာအတွင်း တစ်နေရာရာ၌ ပုန်းနေသည်လော၊ သို့မဟုတ် နောက်ဘူတာဆီ ထွက်သွားသည်လောကို ကျနော်မသိပေ။
"သူ့ကို စိုးရိမ်နေစရာမလိုဘူး။ အစကတည်းက သူ့ကိုသိပ်ကြိုက်တာ မဟုတ်ဘူး။ ပြီးတော့ သူတစ်ယောက်ထဲ ပျောက်နေတာလည်း မဟုတ်ဘူးလေ"ဟု ယောင်ဟီဝမ်က ပြောသည်။ မနေ့က တိုက်ခိုက်မှုအပြီးတွင် ဂူမိုဘူတာတွင် ကျန်ရှိသော လူဦးရေမှာ မရှိသလောက် နည်းသွားခဲ့၏။ အသက်ရှင်ကျန်ရစ်သူ အရေအတွက်က အနည်းငယ်ပဲ ကျန်ရှိခဲ့ခြင်းကြောင့်တော့ မဟုတ်ချေ။ ပြောရမည်ဆိုလျှင် မူရင်းဇာတ်လမ်းနှင့်ယှဉ်ပါက လူအရေအတွက်တော့ ပိုများပေသည်။ သို့ပေငြားလည်း အသက်ရှင်ကျန်သူ အများစုသည် မနေ့ညကတည်းက ဘူတာကနေ ထွက်ခွာသွားခဲ့ကြ၏။ သူတို့ထံတွင် ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိသောကြောင့် ထွက်သွားခြင်းဖြစ်မည်ထင်သည်။
"ကျန်တဲ့လူတွေရော အဆင်ပြေပါ့မလား..."
ယူဆန်းအာက အသက်ရှင်ကျန်သူတွေကိုကြည့်ရင်း မေးလိုက်၏။ ကျနော်၊ ယူဆန်းအာ၊ လီဟန်းဆောင်၊ လီဂီယောင်နှင့် ယောင်ဟီဝမ်။ ကျနော်တို့ ငါးယောက်အပြင် ဤဘူတာတွင် နောက်ထပ်လူငါးယောက်သာ ကျန်တော့သည်။
ယောင်ဟီဝမ်က စကားစပြောလိုက်၏။
"ဟေ့လူတွေ။ ငါတို့နဲ့လိုက်မလား"
ရိုးရိုးလေးပြောလိုက်သောစကားက လူတွေကို လှုတ်လှုတ်ရှားရှား ဖြစ်စေခဲ့သည်။ ထိုလူတွေထဲက ကလေးတစ်ယောက်၏လက်ကို ကိုင်ထားသော အမျိုးသမီးငယ် တစ်ယောက်က ပြန်ဖြေ၏။
"ကျမတို့သီးသန့်ပဲ သွားလိုက်မယ်။ ကျမတို့မှာ ဒင်္ဂါးတချို့ ကျန်ပါသေးတယ် "
ထိုသားအမိ သွေးထွက်သံယိုတိုက်ပွဲအတွင်းတွင် အသက်ရှင်ကျန်ရစ်ခဲ့သည်ကို အမှန်ပင် ချီးကျူးမိသည်။ မိခင်ဖြစ်သူသည် တိုက်ပွဲတွင် မသေအောင် ကြိုးစားနိုင်ခဲ့သည်မလို့ သူတို့သားအမိ ကျနော်တို့နှင် မလိုက်ပဲနေရင်တောင် ရှင်သန်နိုင်မည်ဟု ယူဆရသည်။ ယောင်ဟီဝမ်က ခေါင်းညိတ်လိုက်၏။
"အင်း။ ကံကောင်းပါစေနော်"
ယောင်ဟီဝမ်နောက်လှည့်သွားသောအခါ ထိုလူအုပ်စု၏မျက်နှာပေါ်တွင် စိတ်သက်သာရာ ရသွားသော အမူအရာပေါ်လာသည်။ အမှန်တကယ်တန်းတော့ ထိုသို့တုန့်ပြန်ကြသည်မှာ မထူးဆန်းလှပေ။ မနေ့ကအခြေအနေက အလွန်ပင် ထိတ်လန့်စရာကောင်းခဲ့၏။ ဒင်္ဂါးမပေးနိုင်ဟု လူတစ်ယောက်က ငြင်းဆန်ခဲ့ပါက နောက်လူတစ်ယောက်က အကြောင်းပြချက်မပေးပဲ ရက်ရက်စက်စက် သတ်ပစ်တာမျိုး လုပ်ခဲ့သည်ပင်။ သူတို့အတွက် ယောင်ဟီဝမ်သည် ချောဒူးအဖွဲ့နှင့် သိပ်မကွာလောက် ဟုသာ ထင်ကောင်းထင်နိုင်လောက်၏။ ကျနော့်ဘေးတွင် တွေဝေစွာဖြင့် ရပ်နေသော လီဟန်းဆောင်ကို ကျနော်လှမ်း၍ထိလိုက်၏။
"လီဟန်းဆောင်"
"အဲ… ဟုတ်ကဲ့"
ယောင်ဟီဝမ်ကို အဝေးကနေစိုက်ကြည့်နေသည့် လီဟန်းဆောင်က အံ့အားသင့်သည့် အမူအရာဖြင့် ကျနော့်ကိုလှမ်းကြည့်သည်။ လီဟန်းဆောင် ဘာတွေးနေသည်ကို ကျနော်သိပေသည်။ မနေ့တုန်းက ချောဒူးအဖွဲ့ဝင်တွေကို အရူးအမူးသတ်ဖြတ်ခဲ့သည့် အမျိုးသမီးမှာ ေ"ပြင်ဆင်စရာရှိတာ ပြင်ပြီးပြီလား"
လီဟန်းဆောင်က ပြန်ဖြေ၏။
"အင်း။ ပြင်ရဆင်ရတာ နည်းနည်းတော့ခက်တယ်ဆိုပေမဲ့ ပြီးပါပြီ။ ရေထည့်ဖို့ ပလတ်စတစ်ပုလင်းတွေ၊ အအေးကာတဲ့ပစ္စည်းတွေ၊ အရေးပေါ်သုံး ပစ္စည်းတွေ အကုန်ပြင်ထားပြီးပြီ"
စစ်သားတစ်ယောက်သည် ဤကဲ့သို့အခြေအနေမျိုးတွင် အမှန်တကယ်ကို အသုံးဝင်လှသည်။
"တခြားလိုအပ်တဲ့ပစ္စည်းရော ရှိသေးလား"
ဘာမှမလိုအပ်တော့ဘူးဟုပြောချင်သော်လည်း ရုတ်တရက်စဉ်းစားမိ၏။
"အိုး…. လက်ကကိုင်သွားလို့ရတဲ့ အားသွင်းကိရိယာတစ်ခုလောက် ရှာပေးနိုင်မလား"
"Power Bankကို ပြောတာလား။ ဘာလို့Power Bankကို လိုချင်ရတာလဲ"
လီဟန်းဆောင်မေးခွန်းထုတ်မည်ဆိုက ထုတ်ချင်စရာပင်။ ဖုန်းလိုင်းတွေ မမိတော့သည့်အတွက် စမတ်ဖုန်းတွေက သုံးလို့မရတော့ပဲ ဖြစ်နေသည်လေ။ ရိုးရိုးလေးပဲ ကျနော်ပြန်ဖြေလိုက်၏။
"သုံးစရာရှိလို့ပါ"
လီဟန်းဆောင်က ရှာကြည့်ပေးမည်ဟုပြောပြီး ချောဒူးအဖွဲ့သားတွေ ကျန်ရစ်ခဲ့သော ပစ္စည်းတွေကို စတင်မွှေနှောက်တော့၏။ လီဂီယောင်နှင့် ယူဆန်းအာကလည်း ကူရှာပေးမည်ဟု ပြော၏။ ယောင်ဟီဝမ်က ကျနော့်ကိုကြည့်ပြီးမေးသည်။
"အခုသွားကြတော့မလား"
"သွားမယ်"
အတူတူသွားကြမလားဟု ယောင်ဟီဝမ်က မေးမနေချေ။ တကယ်ကို ယောင်ဟီဝမ် ပီသလှ၏။ အဖွဲ့ထဲ ယောင်ဟီဝမ်ပါလာမည်မှာ ကောင်းလှ၏။ 'ဖျက်ဆီးခြင်း၏ တရားသူကြီး'ဆိုသည်မှာ ယူဂျွန်ဟော့ပင် အာရုံစိုက်ရသော အလားအလာရှိသည့် လူစားမျိုးဖြစ်သည်။
"မေးစရာတွေအများကြီးရှိတယ်"
"အခုမမေးနဲ့ဦး"
"အာ…. တကယ်ပါပဲ။ နင်က မေးရမြန်းရတာခက်လိုက်တာ"
ကျနော့်ကို ဖွဖွလေးထိုးပြီး ယောင်ဟီဝမ်ရယ်သည်။
[သင်သည် ဇာတ်ကောင် 'ယောင်ဟီဝမ်' ဆီကနေ ဒင်္ဂါး ၁၅၀၀ ရရှိပါသည်။]
"ဒါက..."
"ခွဲငေါတစ်ယောက်ထဲ မောင်ပိုင်စီးထားတာမျိုး မလုပ်ချင်ဘူး။ တခြားသူတွေကို ဝေမျှပေးမယ်"
ယောင်ဟီဝမ်ဆိုလိုချင်သည်ကို ကျနော်နားလည်၏။ မနေ့တုန်းက ယောင်ဟီဝမ် တစ်ယောက်တည်း ချောဒူးအဖွဲ့သားအများစုကိုသတ်ခဲ့သည်။ တနည်းအားဖြင့် ဆိုရလျှင် ယောင်ဟီဝမ်က ချောဒူးအဖွဲ့သားတို့၏ဒင်္ဂါးအများစုကိုရခဲ့ခြင်း ဖြစ်၏။ သို့သော်…ယခုလို ဒင်္ဂါးတွေပေးသည်ကိုတော့ ကျနော့်စိတ်ထဲ သက်တောင့်သက်သာ မဖြစ်လှပေ။
"နင်အခုလိုပေးစရာမလိုပါဘူး"
ယောင်ဟီဝမ်ကတော့ မသိရှာပေ။ တကယ်တန်းတွင် ကျနော့်ထံ၌ ဒင်္ဂါးအများအပြား ရှိနေ၏။
"ငါက ဒေါ့ဂျာမဟုတ်ပါဘူးဟာ"
ကျနော့်လက်မောင်းကို ထပ်ပုတ်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ လှိုဏ်ခေါင်းဆီသို့ ယောင်ဟီဝမ် သွားလိုက်သည်။
"လက်စသတ်ကြတော့။ ကျမ ရှေ့ကနေ သွားနှင့်ပြီး စီစဉ်စရာရှိတာ စီစဉ်ထား လိုက်မယ် "
"သိပ်ဝေးဝေးမသွားနဲ့။ တစ်ယောက်ထဲသွားရင် အန္တရာယ်များတဲ့နေရာတွေရှိတယ်နော်"
ယောင်ဟီဝမ်က ‘စိတ်မပူနဲ့’ဆိုသည့် အမူအရာဖြင့် လက်ကိုဝှေ့ယမ်းပြပြီး ရှေ့ကို ဆက်သွား၏။
[' မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ 'နက္ခတ်သည် သင်၏မိတ်ဆွေသူငယ်ချင်း ဆက်ဆံရေးကို သဘောကျနေပါသည်။]
[' မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်သည် လျှို့ဝှက်သည့် အပြုံးဖြင့် ပြုံးနေ ပါသည်။]
လေထဲတွင်ပေါ်နေသည့်စာများအား စိုက်ကြည့်ပြီး ကျနော်ပြောလိုက်၏။
'မနေ့က အများကြီးရခဲ့တယ်မလား။ ကောင်းတာပေါ့'
ပြန်ဖြေသံကို မကြားရချေ။ ကျနော် နောက်တစ်ခါ ထပ်ပြောလိုက်သည်။
'ဆက်ပြီးဟန်မဆောင်နဲ့တော့။ မင်းကြည့်နေတာကို ငါသိတယ်'
[အဲ... ဟားဟား... မင်းရိပ်မိသွားတာလား]
ဘီဟွန်း၏ အသံထွက်လာ၏။
'ဘယ်လောက်ရခဲ့လဲ'
[...အ...အဲဒါက...ဟိုလေ…]
မည်သည့်စကားမှမပြောပဲ ကျနော်စိုက်သာကြည့်လိုက်သည်။
[ဟူး… ဟုတ်ပါပြီကွာ။ ဒါနဲ့ မင်းဘယ်လိုထပ်သိသွားရပြန်တာလဲ။ တကယ်ကို နားမလည်နိုင်တော့ဘူး။ ရော့…ယူလိုက်]
[ဒိုကဲဘီ ဘီဟွန်းသည် သင့်အား ဒင်္ဂါး ၄၅၀၀ ပေးလိုက်ပါသည်။]
ထင်သည့်အတိုင်းပင်။ အတော်ပင်ချီးထုတ်ကျသော ဒိုကဲဘီပါပဲ။
[နက္ခတ်တွေဟာ ထောက်ပံ့ရေးစနစ်ကိုမသုံးဘဲ ငါ့ဆီ တိုက်ရိုက်ပို့ပေးတာကွ။ ဘာကြောင့် အဲ့လိုလုပ်တာလဲတော့မသိဘူး။ နောက်မှပဲ မင်းကိုပေးတော့မယ်။ ဪ…ဒါနဲ့ ဒီစာတွေလည်းရှိသေးတယ်]
ရုတ်တရက်စာတွေပေါ်လာသည်။
['ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်က သင်၏ဇာတ်ဝင်ခန်းကို ကျေနပ်မှုရှိပါသည်။]
['မိစ္ဆာကဲ့သို့တရားစီရင်သူ'နက္ခတ်သည် သင်၏တရားစီရင်မှုကို အားရနေပါသည်။]
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏အစီအစဉ်ကို ကျေနပ်မှုရှိပါသည်။]
…………………………………………………………………………………………………………..
ဒင်္ဂါးများကို ဒိုကဲဘီထံ တိုက်ရိုက်ပေးပို့ကြခြင်းကြောင့် ထောက်ပံ့ပါသည်ဟူသော မက်ဆေ့ချ်တွေကို မနေ့တုန်းက မရခဲ့ခြင်းပင်။ အရမ်းကောင်းသောကိစ္စတစ်ခု ဖြစ်ခဲ့သည့်တိုင်အောင် ထင်ထားသည်ထက် နည်းပါးစွာ ဝင်ငွေကိုသာ ရရှိခဲ့သည်မှာ အဘယ်ကြောင့်နည်းဟုပင် ကျနော်တွေးမိခဲ့သေး၏။
[ပိုင်ဆိုင်သော ဒင်္ဂါးအရေအတွက် : ၂၃၀၅၀ ဒင်္ဂါး]
ယခင်တုန်းက ရရှိခဲ့သော ဒင်္ဂါးများကို ပျမ်းမျှစွမ်းရည်တွေ၌ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခုဆိုလျှင် ဒင်္ဂါးများကို ထပ်၍ရပြန်သဖြင့် ပျမ်းမျှစွမ်းရည်တွေကို ထပ်တိုးမြှင့်ရန် အချိန်တန်ပေပြီ။ ထို့ကြောင့် အတော်အသင့်မြှင့်တင်မှုကို လုပ်ရပေမည်။ ကျနော်၏ ဝိသေသ လက္ခဏာ ဇယားကိုဖွင့်မရသဖြင့် ကျနော့်စွမ်းရည်တွေ၏ အဆင့်အတိအကျကို မှတ်မိနေဖို့တော့ လို၏။
အရင်ဆုံး…ကိုယ်ခန္ဓာကြံ့ခိုင်မှုကို အဆင့်မြှင့်တင်ရမည်။ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်များနေဖို့က အရေးကြီး၏။
[ဒင်္ဂါး ၁၂၀၀ ကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၌ ရင်းနှီးမြှုပ်နှံလိုက်ပါပြီ။]
[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၂ -> ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၅]
[သင်၏ခန္ဓာကိုယ်ခံနိုင်စွမ်းမှာ အများကြီးတိုးတက်လာပါပြီ။]
ကျနော့်တွင် သဘာဝအလျောက်တိုက်ခိုက်မှုစွမ်းရည်သီးသန့်မရှိသေးသည့်အတွက် ခွန်အားကိုလည်း တိုးမြှင့်လိုက်၏။
[ဒင်္ဂါး ၁၆၀၀ ကို ခွန်အားတွင် ရင်းနှီးမြှုပ်နှံလိုက်ပါပြီ။]
[ခွန်အား အဆင့် ၁၁ -> ခွန်အား အဆင့် ၁၅]
[သင်၏ကြွက်သားတွေကနေ ပိုအားကောင်းသောအားတစ်ခု ထွက်လာပါလိမ့်မည်။]
လျှင်မြန်မှုှအတွက်ကတော့ ရှောင်နိုင်ရုံလောက်ပဲ လိုသည်။
[ဒင်္ဂါး ၄၀၀ ကို လျှင်မြန်မှုတွင် ရင်းနှီးမြှုပ်နှံလိုက်ပါပြီ။]
[လျှင်မြန်မှု အဆင့် ၁၀ -> လျှင်မြန်မှု အဆင့် ၁၁]
[ယခုဆိုလျှင် သင်သည် အနည်းငယ် ပို၍မြန်မြန်လှုတ်ရှားနိုင်ပါပြီ။]
အသန့်စင်ဆုံးဓါးစွမ်းအင်ကို သေချာသုံးနိုင်ရန် မှော်စွမ်းအားက အနည်းဆုံး အဆင့် ၁၀တွင် ရှိဖို့လို၏။
[ဒင်္ဂါး ၁၂၀၀ ကို မှော်စွမ်းအားတွင် ရင်းနှီးမြှုပ်နှံလိုက်ပါပြီ။]
[မှော်စွမ်းအား အဆင့် ၆ -> မှော်စွမ်းအား အဆင့် ၁၀]
[သင်၏ဝိညာဉ်ထဲ၌ ထူးဆန်းသောစွမ်းအင်တစ်ခု ရှင်သန်လာပါပြီ။]
ရင်းနှီးမြုတ်နှံမှုကို ပို၍လုပ်လို့ရသော်လည်း ကျနော်မလုပ်တော့ပေ။ ချွန်မူရိုကို ရောက်သည့်တဲ့အခါ ဒင်္ဂါးတွေအများကြီးသုံးရမည့်နေရာတစ်ခုရှိနေ၏။
ထို့အပြင် ယခုလေးတင် ဒင်္ဂါး ၄၄၀၀ကို ကျနော်သုံးလိုက်လေပြီ။ ဒင်္ဂါးတွေက သုံးရလွယ်သလောက် ရှာရခက်လှ၏။ အကယ်၍သာ အစကတည်းက ကောင်းမွန်သော စွမ်းရည်အဆင့်တွေဖြင့် ကျနော်စခဲ့ရမည်ဆိုပါက ယခုလောက် ဒင်္ဂါးအများအပြားကို သုံး၍လိုလောက်မည်မဟုတ်ချေ။ စလာကတည်းက ကျနော်သည် ကိုယ်ခန္ဓာကြံ့ခိုင်မှုအဆင့် ၁ဖြင့် စခဲ့ရ၏။ Ways of Survivalမှာဆိုလျှင် လီဂီယောင်၏ သက်လုံကတောင် စစချင်း အဆင့် ၁ထက် ပိုသည်။
[စကားမစပ်….မေ့နေတာ... နောက်ထပ်ဇာတ်ဝင်ခန်း၂ခုကို ထပ်ပြီး အကြံပြုထားတယ်ကွ။ မင်းက တကယ့်ကောင်ပဲ။ ငါ့ရဲ့ချန်နယ်အဆင့်ကိုတောင် သိပ်မကြာခင်မှာ အဆင့်တိုးနိုင်တော့မယ်ထင်တယ်]
'အင်း'
တခြားကိုယ်စားလှယ်တွေကဲ့သို့ ထောက်ပံ့သူဆီကနေ ထောက်ပံ့မှုတွေ မရနိုင်သောကြောင့် ဒင်္ဂါးတွေကို ပိုစုရပေမည်။ ဘီဟွန်းနှင့် စာချုပ်ချုပ်ခဲ့သော အကျိုးသက်ရောက်မှုကို မတွေ့ရသေးသည်မှာ ဘီဟွန်း၏ချန်နယ်က သေးနေခြင်းကြောင့်ဖြစ်၏။ 'အနည်းငယ်သော'နက္ခတ်တွေကြည့်ရုံလောက်ဖြင့် မလုံလောက်ပေ။ ဒင်္ဂါးတွေထပ်ရဖို့ဆိုလျှင် နက္ခတ်တွေ အများအပြား ချန်နယ်ကို ကြည့်ကြဖို့လိုသည်။
ချွန်မူရိုကိုသွားပြီဆိုသည်နှင့် အခြေအနေက ခဏလေးအတွင်း အသင့်ဖြစ်သွားလောက်ပေမည်။
"အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ထွက်ကြရအောင်။ ဘာပစ္စည်းမှ မကျန်ကြဘူးမလား"
ကျနော့်အဖော်တွေ စုဝေးလာပြီး ခေါင်းညိတ်ပြကြ၏။ မနေ့ကဖြစ်ရပ်ကြောင့် အားလုံး အသိတရားဝင်သွားကြပုံပေါ်သည်။ နောက်ဆုံးတွင်တော့ ချွန်မူရိုခရီးစဉ်စတင်ပေပြီ။
…………………………………………………………………………………………………………..
ရထားလမ်းတစ်ဝက်ကိုဖြတ်ကူးပြီးသည့်အခါ စနစ် မက်ဆေ့ချ် ပေါ်လာ၏။
[ဒုတိယမြောက် အဓိကဇာတ်ဝင်ခန်းကို ဖွင့်လှစ်ပါပြီ။]
[အဓိက ဇာတ်ဝင်ခန်း #၂ – တွေ့ဆုံခြင်း]
အမျိုးအစား : အဓိက
ခက်ခဲမှု : E
ပြီးမြောက်ရန်လိုအပ်ချက် : လှိုဏ်ခေါင်းကိုဖြတ်ပြီး ပထမဆုံး ပင်မစခန်းက အသက်ရှင်ကျန်သူတွေနှင့် တွေ့ဆုံပါ။
အချိန်ကန့်သတ်ချက် : မရှိ
ဆုလာဘ် : ဒင်္ဂါး ၅၀၀
ကျရှုံးမှု : ???
မက်ဆေ့ချ်ကြောင့် ဇာတ်ဝင်ခန်း တကယ်စတော့မည်ဆိုသည်ကို သိလိုက်ရသည်။ ပထမဆုံး အဓိကဇာတ်ဝင်ခန်းနှင့် မတူပဲ ဒုတိယမြောက် အဓိက ဇာတ်ဝင်ခန်းတွင် 'ပင်မစခန်း'ဆိုတာ ရှိ၏။
ယောင်ဟီဝမ်က "ပင်မစခန်းဟုတ်လား။ အဲ့ဒါက ဘယ်မှာရှိတာလဲ "ဟု မေးသည်။
ပြန်ဖြေရန်ပင် မလိုခဲ့ချေ။ မက်ဆေ့ချ် အသစ်တစ်ခုချက်ချင်းပေါ်လာ၏။
[နောက်ထပ်လာမည့် ပင်မစခန်းသည် 'ချွန်မူရို' ဖြစ်ပါသည်။]
"ချွန်မူရိုလား။ နောက်ထပ် သုံးဘူတာလောက်ပဲ ထပ်သွားဖို့လိုတာပေါ့"
မူရင်းဇာတ်လမ်းအတိုင်းပင်။ ထို့နောက် မြေကြွက်တွေ ပေါ်လာ၏။ အကောင် ၃၀လောက် ရှိပေသည်။ ယောင်ဟီဝမ်တစ်ယောက် ကြက်သေ သေသွားပြီး ရေရွတ်သည်။
"ဒီကောင်တွေကိုတိုက်ခိုက်ပြီး သုံးဘူတာကို ကျော်ဖြတ်ရမှာလား..."
ရှေ့သို့အရင်ဆုံးထွက်လိုက်သည့်လူကတော့ လီဟန်းဆောင်ပင်။
“ရှေ့ဆုံးကနေ ကျုပ်နေပေးမယ်”
ထောက်ပံ့သူ၏ ပံ့ပိုးမှုကြောင့် ဟီဟန်းဆောင်သည် ယခုဆိုလျှင် စွမ်းရည်ပျမ်းမျှအဆင့် ၃၇ကို ရောက်နေလေပြီ။ လီဟန်းဆောင်သည် ကျနော့်ထက် ဒင်္ဂါးအနည်းငယ်ပဲ ရခဲ့သော်လည်း ကျနော့်ကိုအမီလိုက်နိုင်နေ၏။ ဤသို့ဖြစ်ရခြင်းမှာ စထွက်စွမ်းရည် ပျမ်းမျှအဆင့်များများဖြင့် စတင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခုလိုဖြစ်မည်မှန်းသိခဲ့ပါက နေ့စဉ်နေ့တိုင်း ကျနော်ဒိုက်ထိုးခဲ့မည်ပင်။
"နောက်ပိုင်းကို ကျနော်တာဝန်ယူပေးမယ်။ အကိုကြီး "
လီဂီယောင်၏ စွမ်းရည်ပျမ်းမျှအဆင့်မှာ နည်းနေသော်လည်း စွမ်းရည်လေ့ကျင့်ခန်း ပုံမှန်လုပ်ရာကနေတဆင့် ကွဲပြားသောဆက်သွယ်နိုင်စွမ်းကို ပိုမို ကျွမ်းကျင်စွာ သုံးနိုင်လာပေပြီ။
"ကျမတာဝန်ထားလိုက်"
ယူဆန်းအာက မှော်စွမ်းအားဖြင့် ချည်မျှင်ဖန်တီးပြီး မြေကြွက်လှေုပ်ရှားမှုကို ပိတ်ဆို့လိုက်သည်။ ယူဆန်းအာ၏ တိုက်ခိုက်ခြင်းစွမ်းရည်မှာ နိမ့်သော်လည်း စွမ်းရည်ပျမ်းမျှအဆင့်က ယောင်ဟီဝမ်နှင့်အတူတူလောက်ပင်။
"ဒီကောင်တွေက အရေအတွက်များတာပဲ ရှိတာပါ"
ယောင်ဟီဝမ်ကိုတော့ ထည့်ပြောဖို့လိုမည်မထင်ချေ။ လီဟန်းဆောင်နှင့်ယှဉ်လျှင် ယောင်ဟီဝမ်၏ စွမ်းရည်ပျမ်းမျှအဆင့်က နိမ့်သော်လည်း လုံလောက်သော စွမ်းရည်တွေတော့ ရှိ၏။ 'ဖျက်ဆီးခြင်း၏တရားသူကြီး'တွင် သီးသန့်စွမ်းရည် 'တရားစီရင်ချိန်'ဆိုတာ ရှိသည်။ အလုံးစုံကောင်းမြတ်ခြင်းနက္ခတ်တွေ၏အဆိုအရ ရှေ့တွင်ရှိသော ရန်သူတွေသည် 'ဆိုးယုတ်သူ'တွေသာ ဖြစ်နေမည်ဆိုပါက ယောင်ဟီဝမ်ရှုံးစရာအကြောင်းမရှိချေ။
မြေကြွက်တစ်ကောင်မကျန် ပြုတ်ပြုတ်ပြုန်း သွား၏။
ဒိုင်းကိုကိုင်ထားသော လီဟန်းဆောင်တစ်ယောက် ချွေးတွေ စထွက်လာနေပေပြီ။
"ဟူး... ပြီးပြီထင်တယ်"
ပုံမှန်ဆိုလျှင်တော့ ယခုလောက် အလွယ်တကူဖြင့် မပြီးသွားသင့်ချေ။ မြေကြွက်တွေက ဘယ်လောက်ပဲ ရိုးရှင်းပါစေ အကောင် ၃၀နှင့် တိုက်ခိုက်ရသည် ကတော့ လွယ်ကူသော ကိစ္စမဟုတ်ဟု ပြောလို့ရ၏။ ကျနော်တစ်ယောက်ထဲသာဆိုလျှင် စာမှတ်ကို မဖွင့်ပဲ မြေကြွက်တွေကို ရှင်းထုတ်နိုင်လောက်မည်မဟုတ်။ ကျနော်တို့ အဖွဲ့ အားကောင်းလာနေပေပြီ။
လှိုဏ်ခေါင်းထဲ ကျနော်တို့ဆက်သွားလိုက်၏။ နောက်ဆုံးတွင် ကျနော့်ရှေ့၌ ရထားစြင်္က ပလက်ဖောင်းတစ်ခု ပေါ်လာသည်။
"ယာဆူးဘူတာရောက်ပြီ။ ဒါနဲ့…ဒီမှာ ဘယ်သူမှမရှိပါလား။ အဲ…မရှိတာတော့ မဟုတ်ဘူး "
ယာဆူးဘူတာတွင် လူသေတွေ၊ မြေကြွက်အလောင်းတွေဖြင့် ပြည့်နေ၏။ ဒဏ်ရာတွေကို ကြည့်ရသလောက် တချို့လူတွေကို ယူဂျွန်ဟော့က သတ်ခဲ့ခြင်းပင်။ မြေကြွက်တွေ၏ လက်ချက်မိပြီး သေခဲ့ခြင်းမဟုတ်တာ သေချာသည်။
"ဆက်သွားကြရအောင်။ နောက်ထပ်နှစ်ဘူတာကျန်သေးတယ်"
ကျနော်တို့ ဆက်သွားကြ၏။ ယာဆူးဘူတာကနေ ဒုံးဂုတက္ကသိုလ်အထိ တစ်ကီလိုမီတာလောက် ကွာဝေးသည်။ ဒုံးဂုတက္ကသိုလ်ဘူတာဝင်းကို ကျနော်တို့ ရောက်သည့်အခါမှာ နောက်ထပ် မြေကြွက်အုပ်နှင့် ထပ်တွေ့ပြီး ထိုမြေကြွက်အုပ်ကို တိုက်ခိုက်ခဲ့ရပြန်သည်။ စုစုပေါင်း ၂ ကီလိုမီတာလောက်ပဲ သွားရသေးသော်လည်း တိုက်ပွဲတွေကပြင်းထန်လွန်းသဖြင့် ကျနော့်အဖွဲ့သားအားလုံး ပင်ပန်းနေကြချေပြီ။
"ဒီမှာ ခဏလောက်အနားယူကြတာပေါ့"
"ဟူး... နောက်တစ်ဘူတာပဲကျန်တာလေ။ နောက်ဘူတာဆီရောက်အောင် သွားပြီးမှ နားသင့်တယ်"
"နောက်ဘူတာဆီရောက်ရင် နားလို့ရမရ သေချာတာမဟုတ်ဘူး"
ကျနော့်စကားကြောင့် အားလုံးတိတ်သွား၏။ ဟုတ်ပေသည်။ ဤကမ္ဘာတွင် သတ္တဝါတွေကပဲ အန္တရာယ်ပေးနိုင်သည် မဟုတ်ချေ။ ကျနော်ခဏလောက်ပတ်ကြည့်ပြီး ပြောလိုက်၏။
"ဒီဘူတာကလူတွေ အလျင်စလိုနဲ့ ထွက်သွားကြပုံပဲ။ နေ့စဉ်သုံးပစ္စည်းတချို့ ကျန်ခဲ့နိုင်တယ်"
"အဲ…ဒါဆိုရင်… "
'နေ့စဉ်သုံးပစ္စည်း'ဆိုသည့်စကားကိုကြားသည်နှင့် ယူဆန်းအာက လက်ကို ဖြည်းဖြည်းမြောက်လိုက်သည်။ ယူဆန်းအာက ယောင်ဟီဝမ်ကိုကြည့်လိုက်ရာ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွား၏။ နှစ်ယောက်စလုံး စကားမပြောပဲ တပြိုင်တည်းခေါင်းညိတ်လိုက်ကြသည်။ ငေးကြည့်နေသော ကျနော့်ကို ယောင်ဟီဝမ်က ပြောသည်။
"ဘာလဲ။ ဒေါ့ဂျာက သိချင်နေတာလား "
ယူဆန်းအာ၏ မျက်နှာဖြူဖျော့သွား၏။
"ဟီဝမ်…"
"ခစ်ခစ်။ ငါက စတာပါ။ ဘယ်သူ့ကိုမှ ငါမပြောပြပါဘူးဟာ"
ဤသည်ကား မိန်းမတွေပဲသိသော လျှို့ဝှက်ချက်ပင်။ သူတို့မည်သည့်ကိစ္စကို ပြောနေသည်အား ကျနော်မသိမှသာ ထူးဆန်းနေလိမ့်မည်။ ဤကဲ့သို့ကမ္ဘာတွင်တောင် လူတွေ၏ဇီဝကမ္မဖြစ်စဉ်တွေက ရပ်မနေချေ။ လီဟန်းဆောင်လည်း စကားဝင်ပြော၏။
"အဲ…ဒါဆိုရင် ငါအိမ်သာသွားလိုက်ဦးမယ်နော် "
တစ်ခဏခန့် ကျနော်အံ့အားသင့်သွားမိသော်လည်း ကောင်းမွန်စွာ ဆောက်လုပ် ထားသော အိမ်သာတွေရှိသည့်နေရာတွင် အပေါ့အပါး ၊ အလေးအပင်ကို ဖြေရှင်းသင့်သည်မှာအမှန်ပင်။ မြေအောက်ဘူတာတွေသည် အလွန်ပင် အသုံးပြုရအဆင်ပြေလှသည်မှာ အမှန်ပင်ဖြစ်ချေ၏။
"ကျနော်လည်း လိုက်မယ်"
လီဂီယောင် ဝင်ပြောလိုက်ခြင်းသာ။ လီဟန်းဆောင်နှင့် လီဂီယောင်တို့ ဘေးချင်းယှဉ်ကာ အိမ်သာဆီ လျှောက်သွားကြ၏။ သူတို့နှစ်ယောက်၏ နောက်ကျောကိုကြည့်နေရင်း အသက်ကွာသည့် အလွန်ချစ်ကြသော ညီအကိုတွေလို့တောင် ထင်မိလာသည်။
ယူဆန်းအာက ကျနော့်ကိုမေးသည်။
"ဒေါ့ဂျာတစ်ယောက်ထဲ နေခဲ့မှာလား"
"မြေပြင်ပေါ်ကို ခဏလောက်သွားကြည့်လိုက်ဦးမယ်"
"ဟမ်။ အပြင်ကိုထွက်ရင် အဆိပ်မြူနဲ့တိုးမှာလေ။ အဆင်ပြေပါ့မလား "
"ခဏလောက်ပဲ သွားကြည့်ရုံပါ"
ကျနော့်စကားကြောင့် ယောင်ဟီဝမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"သံသယဖြစ်စရာပဲ။ ဒေါ့ဂျာ။ နင်တစ်ယောက်ထဲ စားလို့ကောင်းတာတွေ သွားစားမလို့လား "
ယောင်ဟီဝမ်ကိုကြည့်ပြီး ကျနော်ပြောလိုက်သည်။
"ဒါက ယောက်ျားလေးတွေရဲ့လျှို့ဝှက်ချက်"
…………………………………………………………………………………………………………
တစ်အောင့်ခန့်အကြာတွင် ဒုံးဒေဘူတာ၏ ထွက်ပေါက် ၆ရှေ့၌ ကျနော်ရပ်နေမိ ချေပြီ။ ဖတ်ထားသော အချက်အလက်တွေအရ ဤနေရာဆိုတာ သေချာ၏။
[သင်သည် အဆိပ်မြူဖြင့် ထိတွေ့နေပါပြီ။]
အဆိပ်ရှိကြံ့တွေ၏ အာနိသင်က မြင်နေရဆဲပင်။ ဤတစ်ခါတွင်တော့ အဲလိန်းမျောက်၏ အဆုတ်တွေကို ကျနော် မဝယ်ခဲ့သဖြင့် အမြန်လှုတ်ရှားမှ ဖြစ်ပေမည်။ အရှေ့အရပ်တွင် ရှိသော ဓါတ်လှေကားပေါ် အသက်အောင့်ကာ ကျနော်ခုန်တက်လိုက်၏။ သိပ်မကြာခင်မှာပဲ ကြေးရောင်တောက်ပနေသောရုပ်တုတစ်ခုပေါ်လာသည်။
[ကောက်ရိုးဝတ်ရုံတစ်ခုဝတ်ထားသော နက္ခတ်တစ်ပါးက သင်၏လုပ်ရပ်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေပါသည်။]
အဆိုပါရုပ်တုသည် ဂျိုးဆွန်းခေတ်အလယ်က ရဟန်းတစ်ပါး၏ရုပ်တုဖြစ်သည်။ ဝါးတုတ်ကိုင်ထားသော အဆိုပါရဟန်း၏မျက်နှာကနေ ဘာမှန်းမသိရသော မြင့်မြတ်သည့်အငွေ့အသက်ကို ခံစားမိနေသည်။ ရုပ်တုအောက်တွင် ဒေါင်လိုက်ရေးထားသောနာမည်ကို သေချာအောင် ဖတ်ကြည့်လိုက်၏။
ယူဂျုံး ဆန်းမြုံဒန်
အိုကေ။ ကောင်းတယ်။ ဒီမှာဘယ်သူမှရှိမယ့်ပုံမပေါ်ဘူး။
ရုပ်တုရှေ့၌ ကျနော်လက်အုပ်ချီပြီးရပ်လိုက်၏။
[ကောက်ရိုးဝတ်ရုံဝတ်ထားသော နက္ခတ်သည် သင်၏လုပ်ရပ်ကို အားရကျေနပ် ဝမ်းသာနေပါသည်။]
[ဒင်္ဂါး ၁၀၀ ထောက်ပံ့ခံရပါသည်။]
ယုံကြည်မှုဓါးကိုအသက်သွင်းဖို့အတွက် အသန့်စင်ဆုံးဓါးစွမ်းအင်အား ကျနော် သုံးလိုက်၏။
[ကောက်ရိုးဝတ်ရုံ ဝတ်ထားသော နက္ခတ်သည် သင်၏လုပ်ရပ်ကို အံ့အားသင့်နေပါသည်။]
ထို့နောက် ဆန်းမြုံဒန်၏ရုပ်တုကို ကျနော်ခုတ်ချပစ်လိုက်တော့သည်။
[ကောက်ရိုးဝတ်ရုံဝတ်ထားသောနက္ခတ်သည် သင်၏လုပ်ရပ်ကို အံ့အားသင့်သွား ပါသည်။]
…………………………………………………………………………………………………………
မှတ်ချက်
ယူဂျုံး ဆန်းမြုံဒန် သည် ကိုရီးယားသမိုင်းတွင် ဂျပန်ကျူးကျော်စစ်ကာလက စစ်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာရဟန်းတစ်ပါးလည်းဖြစ်သည်။