← Chapters

တရားစီရင်ချိန် (၄)

Vol. 2 Ch. 27

တရားစီရင်ချိန် (၄)

Vol. 2 Ch. 27

မိနစ်အနည်းငယ်အကြာတွင် ဒုံးဒေတက္ကသိုလ်ဘူတာသို့ ကျနော်ပြန်ဝင်ပြီး မြေကြွက်တစ်ကောင်ကို စားလိုက်၏။ အဆိပ်ငွေ့များကြောင့် ညစ်ညမ်းသွားသော ကျနော်၏ အရေပြားကို ပြန်လည်ကောင်းမွန်စေရန်အတွက် စားခြင်းဖြစ်သည်။ ပြန်လည်ကောင်းမွန်ရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သော်လည်း မြေအောက်မှ သတ္တဝါ၏ အသားကို စားခြင်းသည် ညစ်ညမ်းမှုကို ပြန်လည်ကုသနိုင်လေသည်။

[ဟေ့…. မင်း ရူးနေပြီလား။ စောနက မင်းဘာလုပ်လိုက်တာလဲ]

မြေကြွက်ကို ကျနော်စားနေစဉ် အလွန်ဒေါသထွက်နေသော ဘီဟွန်း၏အသံ ထွက်ပေါ်လာပြီး ကျနော့်ကို ဆူလေသည်။

'ပါးစပ်ပိတ်ထားစမ်း'

[မပိတ်နိုင်ဘူး။ ဒါက လျစ်လျူရှုထားလို့ရတဲ့ ကိစ္စမဟုတ်ဘူးကွ။ နက္ခတ်တစ်ပါးရဲ့ ရုပ်တုကို မင်းက ဖျက်ဆီးလိုက်တာလေ။ ငါ့ရဲ့ချန်နယ် ပျက်စီးသွားတာကို မြင်ချင်နေတာလား။ 'တရားမျှတမှု၏ကတုံးပြောင်စစ်သူကြီး'သာ မကျေနပ်ကြောင်း ပြောလာရင် ငါတို့အကုန်ဒုက္ခရောက်သွားလိမ့်မယ်]

ကမ္ဘာတိုင်းတွင် ထိုကမ္ဘာ၏ နက္ခတ်တွေရှိကြပြီး တောင်ကိုရီးယားတွင်လည်း ရှိသည်။ ထို့အပြင် ‘တရားမျှတမှု၏ကတုံးပြောင်စစ်သူကြီး’ဟု ဘီဟွန်းက ပြောခဲ့သည်။ အဆိုပါ စစ်သူကြီးသည် တောင်ကိုရီးယားတွင် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ကျနော်ကတော့ မထင်ချေ။

[ကောက်ရိုးဝတ်ရုံဝတ်ထားသော နက္ခတ်တစ်ပါးသည် သင်၏ကြမ်းတမ်းသော လုပ်ရပ်ကို အလွန်ဒေါသထွက်နေပါသည်။]

['ရွှေခေါင်းကွင်း၏အကျဉ်းသား' သည် ရယ်မောနေပါသည်။]

ရုပ်တုအားလုံးသည် အရွယ်အစားကွာခြားမှုရှိသော်လည်း ၎င်းတို့တွင် နက္ခတ်တို့၏ စွမ်းအားကို ချိတ်ပိတ်သိုလှောင်ထားသည်။ အကယ်၍ ကျနော်သာ ရုပ်တု၏ ချိတ်ပိတ်ထားမှုကို ပျက်ပြယ်အောင်လုပ်လိုက်ပါက အဆိုပါနက္ခတ် ကမ္ဘာပေါ်တွင် ရှင်သန်ခဲ့စဉ်က အသုံးပြုခဲ့သော စွမ်းရည် သို့မဟုတ် ပစ္စည်းတစ်ခုခုကို ရရှိနိုင်ပေသည်။ သို့သော် 'ချိတ်ပိတ်မှုကိုပျက်ပြယ်အောင်'လုပ်ဖို့ အချိန်အတော်ပေးရပြီး ကိုယ်လိုချင်သော စွမ်းရည်ရမရကလည်း မသေချာပေ။

မိုဘိုင်းဖုန်းပေါ်က Ways of Survival ကို ကျနော်ကြည့်လိုက်သည်။

「 "ဒါပေမဲ့ ဆန်းမြုံဒန်ရဲ့ ကြေးရုပ်တုထဲမှာ ချိတ်ပိတ်ထားခဲ့တာအမှန်ပဲဆိုရင် အဲ့ဒီစွမ်းရည်ကို မင်းဘယ်လိုများ ရအောင်ယူခဲ့တာလဲ"

"ဗုဒ္ဓကို တွေ့ရင် ဗုဒ္ဓကို သတ်ဆိုတဲ့ စကားရှိတယ်"

"ဟမ်….မဟုတ်မှလွဲရော..."

"ဟားဟား…ငါက စမ်းကြည့်ခဲ့ရုံပါ။ ဒါပေမဲ့ အလုပ်ဖြစ်ခဲ့တယ်လေ။ ရုပ်တုတိုင်းက ကိုးကွယ်ဖို့သက်သက် ရှိနေတာ မဟုတ်ဘူး"

"ဟေ့…မအေဘေး။ အပြောအဆိုဆင်ခြင်စမ်း။ နက္ခတ်ကြီးက မင်းကို ကျိန်စာတိုက် လိမ့်မယ်ကွ" 」

ချွန်မူရိုသို့ဝင်ရန် နောက်ဆုံးလမ်းကြောင်းတွင် ဆန်းမြုံဒန်၏ 'စွမ်းရည်'ကိုလိုအပ်ပြီး ထိုစွမ်းရည်ကိုရရှိရန် အထိရောက်ဆုံးနည်းလမ်းမှာ ရုပ်တုကို ဖျက်ဆီးခြင်းဖြစ်သည်။ ဟုတ်ပေသည်။ ဒိုကဲဘီအိတ်ကနေ အလားတူစွမ်းရည်တစ်ခုကို ဝယ်ယူနိုင် သော်လည်း... ကျနော့်အတွက် ဒင်္ဂါးတွေ များများစုဆောင်းထားနိုင်လေလေ ကောင်းလေလေပင်။

" 'ယောက်ျားလေးတွေရဲ့လျှို့ဝှက်ချက်'ဆိုတဲ့ကိစ္စကို နင်ဖြေရှင်းလို့ပြီးပြီလား"

မိုဘိုင်းဖုန်းဖန်သားပြင်ကို ကျနော်လျင်မြန်စွာ ပိတ်လိုက်၏။ ယောင်ဟီဝမ် အပါအဝင် ကျနော့်အဖွဲ့သားများ စုဝေးနေကြပေပြီ။

"အေး။ ပြီးတော့ နင့်ကိုပေးစရာလည်းရှိတယ် "

ရုပ်တုမှ ရရှိခဲ့သော ပစ္စည်းများကို ကျနော်ထုတ်ယူလိုက်၏။ ကံကောင်းစွာဖြင့်ပင် ဆန်းမြုံဒန်ရုပ်တုတွင် ပစ္စည်းများနှင့် စွမ်းရည်များ ရှိနေခဲ့သည်။

[ဆန်းမြုံဒန်၏ ပုတီး]

[ဆန်မြုံဒန်၏ ကောက်ရိုးဝတ်ရုံ]

အဝတ်စုတ်နှင့် ဟောင်းနွမ်းနေသော ပုတီး။ လူတိုင်း၏ မျက်လုံးများတွင် မေးခွန်းများ ပေါ်လာသည်။ သူတို့စဉ်းစားနေသည်ကို ကျနော်သိ၏။ သေချာတာ တစ်ခုတော့ရှိသည်။ ဤကမ္ဘာတွင် 'ဟောင်းနွမ်းသော' အရာများသည် 'ကောင်းမွန်သော' အရာများ ဖြစ်နိုင်ခြေ ပိုများပေသည်။

"ဒါတွေက ကြီးမြတ်တဲ့လူတစ်ယောက်ချန်ခဲ့တဲ့ပစ္စည်းတွေမလို့ ကောင်းမွန်တဲ့ ပစ္စည်းတွေဖြစ်မယ်ထင်တာပဲ"

"ကြီးမြတ်တဲ့လူဟုတ်လား"

"ဆန်းမြုံဒန်ကို သိလား"

[ကောက်ရိုးဝတ်ရုံခြုံထားသော နက္ခတ်တစ်ပါးသည် သင်၏လုပ်ရပ်ကြောင့် ကြက်သေ သေနေပါသည်။]

ယောင်ဟီဝမ်က မသိနားမလည်သည့်အမူအရာဖြင့် မေးသည်။

"ဆန်းမြုံဒန်ဆိုတာ...ဘယ်သူလဲ"

[ကောက်ရိုးဝတ်ရုံခြုံထားသော နက္ခတ်သည် 'ယောင်ဟီဝမ်' ဇာတ်ကောင်၏ ရှေ့မှောက်၌ လူလုံးထွက်ပြချင်စိတ် ပေါ်နေပါသည်။]

"အာ…ကျမ သိတယ်"

ကံကောင်းစွာဖြင့်ပင် သိသည့်လူပေါ်လာပေပြီ။ ထိုလူကား မည်သူနည်းဟု ပြောစရာမလိုအောင်ပင် ယူဆန်းအာသာ ဖြစ်၏။

"ကိုရီးယားသမိုင်းကို လေ့လာခဲ့တုန်းက မြင်ဖူးတယ်။ ဆန်းမြုံဒန်ဆိုတာက ဂျိုဆွန်းမင်းဆက်က ရဟန်းတစ်ပါးမလား"

"ဟုတ်တယ်၊ မှန်တယ်"

"ဂျပန်တွေရဲ့ကျူးကျော်မှုကို ကိုရီးယားစစ်တပ်က ကာကွယ်ဖို့ အသဲအသန် ကြိုးစားခဲ့ချိန်တုန်းက ဆန်းမြုံဒန်ဟာ နိုဝန်ပြောင်း တိုက်ပွဲနဲ့ ဝူကွမ်ဒုံတိုက်ပွဲတွေမှာ တိုက်ပွဲဝင်ခဲ့တယ်"

ယူဆန်းအာပီသလှပေသည်။ ကိုရီးယားသမိုင်းကို ကျနော်လေ့လာဖူးသော်လည်း ဤအချက်ကို မသိခဲ့ချေ။

[ကောက်ရိုးဝတ်ရုံခြုံထားသော နက္ခတ်သည် 'ယူဆန်းအာ'ဇာတ်ကောင်၏ စကားလုံးများကို သဘောကျနေပါသည်။]

ကျနော် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေမှာ ဆန်းမြုံဒန်ရဲ့ခွန်အားတွေ ရှိနေတယ်"

"...တကယ်လား"

"ဝိုး…တကယ်ကြီးပဲ"

ယောင်ဟီဝမ်နှှု့် လီဟန်းဆောင်တို့သည် ပစ္စည်းအချက်အလက်များကို အတည်ပြုကြည့်လိုက်သည့်အခါမှာ အံ့အားသင့်သွားကြသည်။

"ဒါနဲ့ ဒီပစ္စည်းတွေကို ဒေါ့ဂျာ ဘယ်လိုရလာတာလဲ"

"ဆန်းမြုံဒန်ရုပ်တုရှေ့မှာ လက်အုပ်ချီလိုက်တော့...ကောင်းကင်ကနေ ကျလာတာပါ"

"ဟမ်။ မဖြစ်နိုင်တာ..."

ကျနော်၏စကားက မယုံနိုင်စရာကောင်းသည်ဟု ထင်ရသော်လည်း မယုံနိုင်စရာ ကောင်းသောစကားများကို လူတွေပြောကြခြင်းမှာ အကြောင်းရှိသည်။ အဖွဲ့သားတွေကိုကြည့်လိုက်ပြီး လေးနက်သည့်အမူအရာဖြင့် ကျနော်ပြောလိုက်သည်။

"ငါ့အထင်တော့….တောင်ကိုရီးအတွက် ဆန်းမြုံဒန်က သူ့ပစ္စည်းတွေကို စွန့်ကြဲပေးလိုက်တာပဲ ဖြစ်ရမယ်"

"ဪ..."

ကျနော့်အဖွဲ့သားတွေဆီကနေ ထွက်ပေါ်လာသော “ဪ”ဟူသော စကားသံမှာ အဓိပ္ပါယ်မျိုးစုံရှိနေလေသည်။ သူတို့တွေကိုလျစ်လျူရှုလိုက်ပြီး ကျနော်စကား ဆက်ပြော၏။ ကျနော်ပြောသည်ကို သူတို့တွေ နားထောင်နေလောက်မည်ဟုလည်း မထင်ချေ။

"ကိုရီးယားကို ဂျပန်တွေကျူးကျော်ခဲ့ချိန်တုန်းကလိုမျိုး လူတွေကိုကယ်တင်ဖို့ ဆန်းမြုံဒန်ဟာ သူ့ပစ္စည်းတွေကို ချန်ရစ်ခဲ့တာပဲ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ကိုရီးယားက ဒုက္ခရောက်နေတာလေ"

[ကောက်ရိုးဝတ်ရုံဝတ်ထားသော နက္ခတ်သည် သင်၏စကားကြောင့် စိတ်လှုတ်ရှားသွား ပါသည်။]

ယခုလိုအချိန်မျိုးတွင် လူလိမ်တွေသာ အာဏာရမည်ပင်။

"ထူးဆန်းတဲ့ဒီကမ္ဘာမှာ ဒီလိုကိစ္စတွေ ဖြစ်တတ်တာပဲလေ။ ကြည့်ရတာ ဆန်းမြုံဒန်ဟာ နက္ခတ်တွေထဲက တစ်ပါးထင်တယ်။ ဆန်းမြုံဒန်ဟာ နက္ခတ်တစ်ပါးဖြစ်နေပြီလို့ ရှင်တို့ရောထင်လား"

အံ့အားသင့်ဖို့ကောင်းလှအောင်ပဲ ယူဆန်းအာက ကျနော်ပြောသည်ကို အရင်ဆုံး ထောက်ခံလိုက်လေသည်။ ကြည့်ရသည်မှာ ကျနော်ရှက်မသွားအောင်လို့ ရေလိုက်ငါးလိုက် ထောက်ခံပြခြင်း ဖြစ်လောက်မည်။ ယူဆန်းအာ ထောက်ခံပြလိုက်သည်နှင့် လီဟန်းဆောင်ကပါ ကျနော်ပြောသည်ကို လက်ခံကြောင်း ချက်ချင်းပြော၏။

"အင်း။ ဆန်းမြုံဒန် "

မျိုးချစ်စိတ်အမြဲပြင်းထန်လေ့ရှိသော လီဟန်းဆောင်ကို ကြည့်ရသည်မှာ သူ၏ စစ်သားတာဝန်ကို ပြန်အောက်မေ့သွားပုံရသည်။ လီဂီယောင်ပုံစံကတော့ သဘောကျနေပုံရ၏။ ယောင်ဟီဝမ်တစ်ယောက်ပဲ ကျနော်ပြောသည်ကို တစ်လုံးမှ မယုံသည့် ပုံဖြစ်နေလေသည်။

[ကောက်ရိုးဝတ်ရုံဝတ်ထားသော နက္ခတ်သည် သင်၏ရိုးသားသောစကားလုံးများကို သဘောကျနေပါသည်။]

['တရားမျှတမှု၏ ကတုံးပြောင်စစ်သူကြီး'သည် သင်၏အဓိပ္ပါယ်မဲ့သောလုပ်ရပ်ကို ခွင့်လွှတ်ပေးလိုက် ပါသည်။]

ဘီဟွန်းတစ်ကောင် ကောင်းကင်ယံသို့ကြည့်လိုက်ပြီး “ခွင့်လွှတ်ပေးဖို့ အဆင်ပြေလို့လားဟင်”ဆိုသည့်အမူအရာဖြင့် ကြက်သေသေနေလေသည်။ နက္ခတ်တစ်ပါး၏ အစွမ်းသည် လူသိများခြင်းအပေါ်တွင်မူတည်သောကြောင့် နက္ခတ်တို့သည် သူတို့အကြောင်းကိုလူတွေပြောကြသည်အား သဘောကျကြသည်။ ထို့အပြင် ချီးမွမ်းသည်ကို မကြိုက်သော နက္ခတ်ဟူ၍လည်း မရှိချေ။

"ဆန်းမြုံဒန်ကို ယူဆန်းအာက ကောင်းကောင်းသိနေတာမလို့ ဆန်းမြုံဒန်ရဲ့ ပုတီးကို ပေးမယ်"

"တကယ်လား။ အဲ့ဒီပုတီးကို ကျမယူလို့ရတယ်လား"

"ပုတီးကို ယူဆန်းအာအသုံးပြုမည်ဆိုရင် ဆန်းမြုံဒန်လည်း သဘောကျမှာ သေချာပါတယ်"

တကယ်တန်းတော့ အဆိုပါပုတီးသည် ထောက်ပံ့သူအစစ်တစ်ယောက်၏ ပစ္စည်းလောက်တော့ အားမကောင်းလှချေ။ ဆန်းမြုံဒန်သည် ကမ္ဘာကျော်ပုဂ္ဂိုဟ် မဟုတ်သောကြောင့် ထိုပစ္စည်း၏အစွမ်းတွင်လည်း စွမ်းအားအနည်းငယ်သာ ရှိလေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုပုတီးသည် Bအဆင့်ရှိသော ပစ္စည်းဖြစ်ပြီး မှော်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းရာတွင် ကူညီပေးနိုင်သည်။

ယောင်ဟီဝမ်သည် ယူဆန်းအာကိုကြည့်ပြီး မနာလိုစွာဖြင့် ပြော၏။

"ယူဆန်းအာက သိတာအတော်များတာပဲနော်။ ငါတက်တဲ့ ကျောင်းမှာတော့ ဆန်းမြုံဒန် အကြောင်းကို မသင်ဖူးဘူးလိုပဲ"

"အဲ…အဲ့ဒါကလေ …"

"ငါက နောက်နေတာပါ။ အရမ်းကြီးစိတ်လှုတ်ရှားမသွားစမ်းပါနဲ့"

ယောင်ဟီဝမ်ကို ကျနော်ပြောလိုက်၏။

"နင့်ကိုပေးဖို့ပစ္စည်းလည်း ငါ့မှာရှိနေတယ်"

"ငါ့အတွက်ဟုတ်လား။ မဟုတ်မှလွဲရော အဲ့ဒီကောက်ရိုးဝတ်ရုံကို ပြောနေတာလား"

"အေး"

"မယူတော့ဘူး။ ကျေးဇူးပဲ။ အဲ့လိုဝတ်ရုံမျိုးက အသုံးဝင်မယ်ဆိုရင်တောင် ငါမဝတ်ချင်ဘူး"

"စမ်းဝတ်ကြည့်စမ်းပါ။ နင်နောင်တမရစေရပါဘူးဟ"

ယောင်ဟီဝမ် အနည်းငယ်တွ့န်ဆုတ်နေခဲ့သော်လည်း နောက်ဆုံးတွင် ကောက်ရိုးဝတ်ရုံကို ဝတ်ကြည့်လိုက်သည်။ ကောက်ရိုးဝတ်ရုံဖြင့် ယောင်ဟီဝမ်တစ်ယောက် စတိုင်ထုတ်ဖို့ကြိုးစားနေသော်လည်း သူတောင်းစားမနှင့်သာ တူနေလေ၏။

[မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးကို သဘောကျကြသည့် နက္ခတ်တစ်ပါးသည် သင်၏လုပ်ရပ်ကို အကဲဖြတ်နေပါသည်။]

[မိတ်ဆွေသူငယ်ချင်းရင်းဆက်ဆံရေးကို တန်ဖိုးထားသည့် နက္ခတ်တစ်ပါးသည် သင်၏ လုပ်ရပ်ကို ချီးကျူးနေပါသည်။]

‘ဆန်းမြုံဒန်’၏ ဝါးတုတ်နှင့် ကောက်ရိုးဖိနပ်ကဲ့သို့ အမွေအနှစ်အပြည့်အစုံသာ ကျနော့်တွင်ရှိနေမည်ဆိုပါက ပိုကောင်းမည်ဖြစ်သော်လည်း ယခုအချိန်တွင်တော့ ကျနော့်အတွက် ကျန်ပစ္စည်းများကို မလိုအပ်လှချေ။ ယောင်ဟီဝမ်သည် မီးရထားစြင်္ကံလမ်းပေါ်ရှိ ဖန်သားပြင်ပေါ်တွင် ပေါ်နေသော ကိုယ့်ပုံရိပ်ကိုကြည့်ပြီး အနည်းငယ်တွေဝေနေလေသည်။

"ဘယ်လိုရှင်းပြရမလဲတော့မသိဘူး။ တရားမျှတမှုအတွက် ငါဟာ တိုက်ခိုက် ပေးနိုင်တယ်လို့ ရုတ်တရက်ကြီးခံစားနေရတယ်"

ကောက်ရိုးဝတ်ရုံသည် ဝတ်ဆင်သူ၏ တရားမျှတလိုစိတ်နှင့် စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်၏။ ကောက်ရိုးဝတ်စုံကို ကျနော့်အတွက်မလိုအပ်သော်လည်း ယောင်ဟီဝမ်အတွက်တော့ လိုက်ဖက်ညီလှသည်။

"နင်ပြောခဲ့တာက ဆန်းမြုံဒန်ဆိုတာနော်။ သူ့ဝတ်ရုံကို ဝတ်ထားရတော့ သူ့ကိုမသိခဲ့မိတာကို အားနာမိတယ်။ ကြည့်ရတာ လေ့လာတဲ့အပိုင်းမှာ ငါပိုပြီး အားထုတ်သင့်တယ်ထင်တယ်"

['တရားမျှတမှု၏ကတုံးပြောင်စစ်သူကြီး'သည် ကျေနပ်နေပါသည်။]

[ဒင်္ဂါး ၁၀၀ကို ထောက်ပံ့ပေးလိုက်သည်။]

ကျနော်စနောက်ပြီးပြောလိုက်၏။

"ငါတို့တွေလက်အုပ်အတူတူချီပြီး ဆုတောင်းကြရအောင်"

…………………………………………………………………………………………………………..

ကျနော်စနောက်ပြီး ပြောခဲ့ခြင်းဖြစ်သော်လည်း ယောင်ဟီဝမ်က အမှန်တကယ်ကို စတင် ဆုတောင်းနေချေပြီ။

ဆုတောင်းပြီးသည်နှင့် ယောင်ဟီဝမ်သည် အဆိပ်မြူကြောင့် အဆိပ်သင့်ခံခဲ့ရသော မြေကြွက်တစ်ကောင်ကိုစားလေသည်။ ထို့နောက် ကျနော့်ကို မေး၏။

"ဒါနဲ့ ရုပ်တုကို ဖျက်ဆီးခဲ့တာက ဘယ်သူလဲ။ နင်မလား…ဒေါ့ဂျာ"

"…"

"ဒေါ့ဂျာ"

"အသင့်ပြင်ကြတော့။ ငါတို့တွေ ချွန်မူရိုကို ရောက်ခါနီးနေပြီ"

မှောင်မဲနေသော လှိုဏ်ခေါင်းကို ကျနော်ကြည့်လိုက်၏။ ကျနော်တို့တွေ ဘေးကင်းစွာဖြင့် ရှေ့ဆက်သွားနိုင်ဖို့အတွက် ကွဲပြားသောဆက်သွယ်နိုင်စွမ်းကို လီဂီယောင်သုံးပေးထားသည်မှာ မိနစ်၂၀ရှိနေချေပြီ။ ဒုံးဂုတက္ကသိုလ်ကနေ ချွန်မူရိုဆီ တည့်တည့်သွားပါက တစ်ကီလိုမီတာအကွာအဝေးပဲ ရှိ၏။ ထိုအချိန်တွင် တစ်စုံတစ်ခု စတင်ဖြစ်ပေါ်လာသည်။

[ဇာတ်ဝင်ခန်းအသေး အသစ်တစ်ခု ရောက်ရှိလာပါပြီ။]

ကျနော်ထင်ထားသည့်အတိုင်းပင်။

"အားလုံးပဲ…နောက်ဆုတ်"

[ဇာတ်ဝင်ခန်းအသေး – စိတ်တစ္ဆေအကျဉ်းထောင်]

အမျိုးအစား : ဇာတ်ဝင်ခန်းအသေး

ခက်ခဲမှု : D~F

ပြီးမြောက်ရန်လိုအပ်ချက် : သတ်မှတ်ထားသောအချိန်အတွင်း လွတ်မြောက်အောင် ကြိုးစားပါ။

အချိန်ကန့်သတ်ချက် : ၁ နာရီ

ဆုငွေ : ဒင်္ဂါး ၃၀၀

ကျရှုံးမှု : ???

[ဇာတ်ဝင်ခန်းအသေး – စိတ်တစ္ဆေအကျဉ်းထောင် စတင်ပါပြီ။]

ဤနေရာတွင် ယူဂျွန်ဟော့ အခက်တွေ့ခဲ့ပုံ ပေါ်သည်။ ဤနေရာသည် အတိတ်တွင် ရစ်ဝဲနေသောလူတွေအတွက် အဆိုးရွားဆုံးထောင်ချောက်တွေရှိရာ နေရာတစ်ခု ဖြစ်၏။

ယူဆန်းအာက မေးသည်။

"စိတ်တစ္ဆေအကျဉ်းထောင်ဟုတ်လား။ အဲ့ဒါက ဘာကြီးလဲ"

အမှန်တွင် မမေးလည်း ယူဆန်းအာ သိသွားမည်ပင်။

"လာနေပြီ။ အားလုံးပဲ…စိတ်ကိုသတိမလွတ်စေနဲ့"

ကျနော်စကားပြော၍မဆုံးခင်မှာဘဲ လှိုဏ်ခေါင်းတစ်ခုလုံးကို ထူထပ်သောမြူတစ်ခုက ဖုံးလွှမ်းသွားသဖြင့် မည်သည့်အရာမှ မမြင်ရတော့ပေ။ ကျနော့်ပတ်ဝန်းကျင်တစ်ခုလုံး မြူတွေဖုံးလွှမ်းသွားသဖြင့် မူးယစ်ဆေးသုံးပြီး စိတ်တွေရစ်ဝဲသွားသကဲ့သို့ပင် ခံစားနေရ တော့သည်။

"အား…ဖျားချင်သလိုဖြစ်လာပြီ"

ယောင်ဟီဝမ်က အော်လိုက်၏။ ကျနော်မြင်နေရသည်နှင့် ကွဲပြားသောအရာများကို ယောင်ဟီဝမ်မြင်နေရခြင်း ဖြစ်နေလောက်သည်။

「ဒေ့ါဂျာ」

ကျနော်မကြားလိုသောအသံသည် ထင်ယောင်ထင်မှားဖြစ်နေစဉ်အတွင်း ထွက်ပေါ် လာ၏။ ကျနော်တောင် ယခုလိုမျိုး သက်ရောက်မှုခံနေရပြီဆိုပါက တခြားအဖွဲ့သားတွေ ဆိုလျှင် ပိုဆိုးလောက်ပေမည်။

"တခုခုမှားနေပြီ။ ဒေါ့ဂျာ။ ခင်ဗျား ဘယ်မှာလဲ"

"ဒေါ့ဂျာ။ ဒေါ့ဂျာ"

ကျန်လူတို့၏ အသံများ ဖြည်းဖြည်းချင်း တိုးဝင်သွားသည်။

[စိတ်တစ္ဆေအကျဉ်းထောင်]

စိတ်တစ္ဆေအကျဉ်းထောင်သည် မြူအတွင်းရှိနေသောလူများ၏ စိတ်ဒဏ်ရာကို ပြန်လည်ပေါ်ထွက်လာအောင်လုပ်ပြီး ရူးပါရူးသွားစေနိုင်သည်။

「 ဒေါ့ဂျာ။ မင်းဘာမှမြင်ခဲ့တာမဟုတ်ဘူး။ နားလည်ရဲ့လား」

ကျနော့်ရှေ့တွင် မျက်နှာတစ်ခုပေါ်လာသည်။ ခါးသီးစွာဖြင့် ကျနော်ပြုံးလိုက်၏။ အဖြစ်မှန်ကို ကျနော်ငြင်းပယ်ချင်နေခြင်းသာ။

[သီးသန့်စွမ်းရည်'Fourth Wall'ကို အသက်သွင်းလိုက်ပါပြီ။]

[သင်သည် Fourth Wallကြောင့် စိတ်တစ္ဆေအကျဉ်းထောင်ကို ခံနိုင်ရည်ရှိသွားပါပြီ။]

ကျနော့်၏စိတ် ပေါ့ပါးသွားသည်နှင့် ထူးဆန်းသောခံစားချက်က ပျောက်ကွယ် သွားသည်။

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏စိတ်ခွန်အား ကောင်းမွန်မှုကို အံ့အားသင့်နေ ပါသည်။]

[စပ်စုလိုသောနက္ခတ်များသည် သင်၏မှတ်ဉာဏ်များကိုမကြည့်နိုင်ဘဲ ဖြစ်နေ ခြင်းကြောင့် စိတ်ပျက်နေပါသည်။]

စိတ်တစ္ဆေအကျဉ်းထောင် အားနည်းသွားသည်နှင့် ဘာတွေဖြစ်ပျက်နေသည်ကို ကျနော်သဘောပေါက်သွား၏။

"အားလုံးပဲ…စိတ်ကိုအေးအေးထားပြီး အသက်ကိုခပ်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်ကြပါ"

စိတ်တစ္ဆေအကျဉ်းထောင်အတွင်း၌ လူတွေရူးသွပ်သွားနိုင်ပြီး အကြမ်းပါ ဖက်လာတတ်ကြသည်။ ထို့ကြောင့်မလို့လည်း ဤနေရာတွင် အန္တရာယ်အပေးနိုင်ဆုံး လူများမှာ ကိုယ့်အဖွဲ့သားတွေသာ ဖြစ်ချေတော့၏။ ယူဂျွန်ဟော့သည် တစ်ယောက်ထဲ သွားလိုခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်နိုင်သည်။

"စ-စစ်သားကြီး လီဟန်းဆောင်။ မင်း နားကြားမှားခဲ့တာကွ"

"သားမှားပါတယ်။ သားတောင်းပန်ပါတယ်။ မေမေ"

"ခွေးသူတောင်းစား"

အလွန်ပင် နောက်ကျသွားချေပြီ။ အဖွဲ့သားတချို့ရူးသွားကြပြီဖြစ်၏။ သို့သော် မရူးသေးသော လူတွေလည်း ကျန်သေးသည်။

"ဒေါ့ဂျာ"

မြူထဲကနေ ယူဆန်းအာပေါ်လာ၏။ ယူဆန်းအာ၏လက်ကောက်ဝတ်ရှိ ပုတီးကုံးသည် တလက်လက်တောက်ပနေသည်။ ပုတီးကုံး၏အာနိသင်က အလုပ်ဖြစ်နေချေပြီ။

"ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထား။ ဒီနေရာကို ကျနော်ဖျက်ဆီးလိုက်မယ်"

စိတ်လှုတ်ရှားစွာဖြင့် ယူဆန်းအာ ခေါင်းညိတ်ပြ၏။

[သီးသန့်စွမ်းရည် 'မိစ္ဆာသုတ်သင်ခြင်း အဆင့် ၁'ကို အသက်သွင်းလိုက်ပါပြီ။]

မိစ္ဆာ တွန်းကန်ခြင်းထက်ပို၍အားကောင်းသော မိစ္ဆာသုတ်သင်ခြင်းကို ဒင်္ဂါးများဖြင့် ဝယ်၍ရသည်။ ဤစွမ်းရည်ကို ဆန်းမြုံဒန်၏ ကြေးရုပ်တုကိုဖျက်ဆီးခဲ့စဉ်က ကျနော်ရခဲ့ခြင်းဖြစ်၏။

[စိတ်တစ္ဆေအကျဉ်းထောင် အသက်မဲ့သွားပါပြီ။]

မြူတွေမရှိတော့သည်နှင့် ကျနော်၏အဖွဲ့သားများ ပြန်၍ပေါ်လာသည်။

"ငါတို့တွေက ငါတို့ပြည်သူတွေကိုသစ္စာခံထားတဲ့ ကိုရီးယားစစ်တပ်ကွ"

"မေမေ…"

သူတို့၏စိတ်ဒဏ်ရာများမှာ သိသာထင်ရှားလှ၏။ လီဟန်းဆောင်သည် ကွေးကွေးလေး ဖြစ်နေပြီး လီဂီယောင်ကတော့ ဒူးနှစ်ခုကြားထဲ ခေါင်းထည့်ထားကာ တဆတ်ဆတ် တုန်နေလေသည်။ သူတို့တွေကို အကူအညီပေးရန် ယူဆန်းအာ ပြေးသွားလိုက်၏။

"လီဟန်းဆောင်။ ဂီယောင်။ ထကြပါဦး"

ထိုအချိန်မှာပဲ နောက်ဘက်ကနေ ဓါးရိပ်တစ်ခုပေါ်လာသည်။ ဓါးရိပ်က အရမ်းမမြန်သဖြင့် ကျနော်အလွယ်တကူ ရှောင်လိုက်နိုင်၏။

"နင်တို့အားလုံးကို သတ်ပစ်မယ်"

ယောင်ဟီဝမ်သည် ရူးသွပ်စွာဖြင့် ဓါးကိုဝှေ့ယမ်းနေ၏။ ယောင်ဟီဝမ်၏မျက်လုံးများမှာ နီရဲနေချေသည်။ 'မိစ္ဆာသုတ်သင်ခြင်း'အစောပိုင်းအဆင့်ကို သုံးနေခြင်းဖြစ်၏။ ယောင်ဟီဝမ်ကို သတိမေ့သွားအောင် နောက်စေ့ကိုကျနော်ရိုက်ထည့်လိုက်သည်။ ကံကောင်းစွာဖြင့်ပင် ယောင်ဟီဝမ် ဘာမှမဖြစ်ချေ။ ကောက်ရိုးဝတ်ရုံသည် ယောင်ဟီဝမ်ကို ကာကွယ်ပေးလောက်မည်ဟု မျှော်လင့်မိခဲ့သော်လည်း ယောင်ဟီဝမ်၏ စိတ်က ကျနော်ထင်ထားတာထက်ပင် ပြိုကွဲလွယ်နေ၏။

"ယူဆန်းအာ။ ကျေးဇူးပြုပြီး ယောင်ဟီဝမ်ကို ဂရုစိုက်ပေးထားပါ"

"ဟ-ဟုတ်ကဲ့"

"ပြီးသေးတာမဟုတ်ဘူး"

[သင်သည် ဇာတ်ဝင်ခန်းအသေးကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။]

[သင်သည် ဒင်္ဂါး ၃၀၀ ရရှိပါသည်။]

အဆိုပါ မက်ဆေ့ချ်ပေါ်ပေါ်လာချင်းမှာပဲ မကောင်းဆိုးဝါးတွေ ပေါ်လာ၏။ အဆိုပါ မကောင်းဆိုးဝါးများသည် အရည်လိုလို၊ သရဲလိုလို ပုံစံတွေရှိကြပြီး စိတ်တစ္ဆေ အကျဉ်းထောင်၏ တစ္ဆေများဖြစ်ကြသည်။ အသန့်စင်ဆုံးဓါးစွမ်းအင်ကိုသုံးပြီး ယုံကြည်မှုဓါးအား ကျနော် ဆင့်ခေါ်လိုက်၏။ စိတ်တစ္ဆေအကျဉ်းထောင်ကို ကျနော်တို့တွေ ဖျက်ဆီးခဲ့ပြီဖြစ်သောကြောင့် တိုက်ပွဲက မခက်ခဲလှပေ။ တစ္ဆေအားလုံးကို ကျနော်အနိုင်ယူပစ်လိုက်၏။

[တစ္ဆေကျောက်တုံး]

ပြုတ်ကျလာသော အဆိုပါကျောက်တုံးများကို ကျနော့်အိတ်ထဲ ထည့်လိုက်၏။ ဤကျောက်တုံးများကို ကျနော်တို့ လိုအပ်ပေသည်။ ယူဆန်းအာ၏ကျေးဇူးကြောင့် တခြားအဖွဲ့သားများ လျှင်လျှင်မြန်မြန်ပဲ ပြန်ကောင်းလာကြ၏။

"အ-အဆင်ပြေကြရဲ့လား"

ပထမဆုံးပြန်ကောင်းလာသူက လီဟန်းဆောင်ပင်။ လီဟန်းဆောင်သည် ဦးညွတ်ကာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်။ ကျုပ်ဟာ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခဲ့ဘူးဖြစ်သွားတယ်။ တကယ်ကိုကျေးဇူးပါပဲဗျာ။ ဒေါ့ဂျာ"

"ရပါတယ်"

"ခေါင်းကိုက်လိုက်တာ" လီဂီယောင်က ဆိုသည်။ လီဂီယောင်၏ ဆံပင်ကို အသာအယာ ကျနော်ဖွလိုက်၏။ လီဂီယောင်သည် အဆင်ပြေသည့်ပုံစံဖြစ်အောင် ဟန်ဆောင်နေသော်လည်း သူသည် ကျနော်တို့အားလုံးထဲတွင် စိတ်ဒဏ်ရာအကြီးဆုံး ရထားသူ ဖြစ်လောက်၏။ ထိုစဉ် အဝေးတစ်နေရာရှိ ခပ်မှိန်မှိန်အလင်းရောင်တစ်ခုကို ကျနော်မြင်လိုက်ရ၏။

ယူဆန်းအာက ပြောသည်။

"ဒေါ့ဂျာ။ ဇာတ်ဝင်ခန်းအသေးက ပြီးသွားပြီထင်တယ်"

သို့ပေငြားလည်း ကျနော်တွန့်ဆုတ်မိနေသည်။ ယောင်ဟီဝမ်သည် သတိလစ်နေပြီး တခြားလူတွေမှာလည်း အားနည်းနေဆဲပင်။ ချွန်မူရိုဆီ ယခုလိုပုံစံမျိုးဖြင့် ကျနော်တို့ သွား၍ဖြစ်ပေမည်လော။

ထိုအချိန်တွင် ဓါးကိုင်ထားသော လူတစ်ယောက်ပေါ်လာ၏။ ထိုလူဆီက ထွက်ပေါ်နေသည့် အငွေ့အသက်သည် ချိန်းခြောက်နိုင်သော အငွေ့အသက်ရှိနေ သော်လည်း သေလောက်သည့် အငွေ့အသက်တော့ မဟုတ်ချေ။

"ရှင်တို့တွေက ဘယ်သူတွေလဲ။ ဒီနေရာက ကျမတို့နယ်မြေဆိုတာ မသိဘူးလား"

ဓါးရှည်တစ်ချောင်းကိုကိုင်ထားသည့် ကျောင်းဝတ်စုံဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက်သည် မှိန်ပျသော အလင်းဝင်ပေါက်တွင် ရပ်နေလေသည်။ အဆိုပါ မိန်းကလေးသည် ခေါင်းစွပ်အင်္ကျီကိုဝတ်ဆင်ထားပြီး နာမည်ပြားကိုလည်း ဖုံးထား၏။ သို့သော် ဤမိန်းကလေးသည် အလွယ်တကူမှတ်မိရလွယ်သောလူဖြစ်သည်။

"အာ…ဒီကောင်မလေးက …"

အဆိုပါမိန်းကလေးကို ယူဆန်းအာက ပထမဆုံးမှတ်မိခဲ့၏။ ဤမိန်းကလေးကို ကျနော်လည်း သိပေသည်။ သူသည် Ways of Survivalဇာတ်လမ်း၏ အဓိက ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပြီး ဒေးပုံမိန်းကလေး အထက်တန်းကျောင်း၏ တစ်ဦးထဲသော အသက်ရှင်ကျန်ရစ်သူဖြစ်သော လီဂျီဟယ်ပင်။ ယူဂျွန်ဟော့ တစ်ယောက် ချွန်မူရိုဆီ ပြန်လာခဲ့ရသော အကြောင်းအရင်းများထဲတွင် ဤမိန်းကလေးလည်း ပါ၏။

"တစ္ဆေတွေကို ရှင်က အနိုင်ယူခဲ့တာလား"

ကျနော့်လက်ထဲက ကျောက်တုံးကိုမြင်ပြီး လီဂျီဟယ် အံ့အားသင့်သွားသည်။

"ရှင်ဘယ်လိုအနိုင်ယူခဲ့တာလဲ။ ကျမဆရာတစ်ယောက်ပဲ သူတို့ကိုအနိုင်ယူနိုင်တာလို့ ထင်ထားခဲ့တာ"

စွမ်းရည်တစ်ခုကို ကျနော်ချက်ချင်းသုံးလိုက်၏။

[သီးသန့်စွမ်းရည် 'ဇာတ်ကောင်စာရင်း'ကို အသက်သွင်းလိုက်ပါပြီ။]

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည် : လီဂျီဟယ်

အသက် : ၁၇ နှစ်

ထောက်ပံ့သူ : ပင်လယ်စစ်နတ်ဘုရား

ဝိသေသလက္ခဏာ : ဒဏ်ရာရ ဓါးမိစ္ဆာ (ရှားပါး)

သီးသန့်စွမ်းရည် : ဓါးလေ့ကျင့်ရေး အဆင့် ၃၊ မိစ္ဆာသုတ်သင်ခြင်း အဆင့် ၁၊ အကြွင်းမဲ့နားလည်နိုင်စွမ်း အဆင့် ၂၊ တစ္ဆေလမ်းလျှောက် အဆင့် ၁

အထူးစွမ်းရည် : ပင်လယ်တိုက်ပွဲ အဆင့် ၁၊ စစ်အင်အား ကွပ်ကဲမှု အဆင့် ၁

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၃၊ ခွန်အား အဆင့် ၁၂၊ လျှင်မြန်မှု အဆင့် ၁၃၊ မှော်စွမ်းအင် အဆင့် ၉

ခြုံငုံအကဲဖြတ်ချက် : အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူကို သတ်ပစ်ခဲ့ပြီးသည့် နောက်တွင် ဒဏ်ရာရဓါးမိစ္ဆာဖြစ်လာခဲ့သည်။ လီဂျီဟယ်၏ ထောက်ပံ့ပေးသူသည် သင်နှင့် သင်၏ အဖွဲ့သားများအပေါ်တွင် အကောင်းမြင်နေပါသည်။

ကနဦးလူသစ်များအတွက် အခြေခံပစ္စည်းများဒင်္ဂါးထုပ်ကို လတ်တလောတွင် အသုံးပြုထား ပါသည်။

ပုံမှန်မဟုတ်သည်ကို မတွေ့ရပေ။ ပင်လယ်စစ်နတ်ဘုရားသည် လီဂျီဟယ်၏ ထောက်ပံ့ပေးသူဖြစ်၏။ လီဂျီဟယ်သည် အနာဂတ်ပင်လယ်တိုက်ပွဲများတွင် အရမ်းကိုအရေးပါသောလူဖြစ်လာလိမ့်မည်။

['တရားမျှတမှု၏ ကတုံးပြောင်စစ်သူကြီ'နက္ခတ်သည် မိတ်ဆွေဟောင်းကြီး တစ်ယောက်နှင့် တွေ့ဆုံနေရသည့်အတွက် ကျေနပ်နေပါသည်။]

[လီဂျီဟယ်အား ထောက်ပံ့ပေးသူသည် 'တရားမျှတမှု၏ကတုံးပြောင်စစ်သူကြီး'အား နှုတ်ဆက်နေပါသည်။]

မြေအောက်ရထားလှိုဏ်ခေါင်းတွင် လေပြေလေညင်းလေးတစ်ခု ဖြတ်သန်းသွားသည်။ အဆိုပါလေပြေလေးကြောင့် လီဂျီဟယ်၏ဆံပင်တွေ လှုတ်ခါသွားသည်ကို ကြည့်ရင်း ကိစ္စတစ်ခုကို ကျနော် သတိရမိသွားသည်။

[အဓိကဇာတ်ဝင်ခန်း #၂ – တွေ့ဆုံခြင်း ပြီးဆုံးပါပြီ။]

[ပေးချေမှုရှင်းတမ်းကို စတင်ပါမည်။]

ဟုတ်ပေသည်။ နောက်ဆုံးတော့ ကျနော်တို့ ရောက်သွားခဲ့ပြီဖြစ်၏။

ဤနေရာသည် ချွန်မူရိုပင်။

All Chapters