← Chapters

အိမ်ရှင် (၁)

Vol. 2 Ch. 28

အိမ်ရှင် (၁)

Vol. 2 Ch. 28

လီဂျီဟယ်နောက်သို့ ကျနော်တို့လိုက်ပြီး ချွန်မူရိုဘူတာထဲသို့ ဝင်လိုက်၏။ ပျက်ဆီးနေသော ရထားစြင်္က ံပလက်ဖောင်းကို ယူဆန်းအာမြင်ပြီး ပြောသည်။

“ဒီမှာ အတော်ကိုဆိုးရွားတာတွေဖြစ်ခဲ့တာထင်တယ်”

ရထားလိုင်းနံပါတ် ၃ရှိ ရထားလမ်းပေါ်သို့ကျနော်တို့ တက်လိုက်ချိန်မှာပဲ လူတွေ ထိုင်နေကြသည်အား မြင်လိုက်ရ၏။

[သင်သည် ချွန်မူရိုသို့ ဝင်ရောက်ခဲ့ပါပြီ။]

[တတိယမြောက်ဇာတ်ဝင်ခန်းကို လက်ရှိအချိန်တွင် ပြင်ဆင်နေပါသည်။]

[#GIR-8761 ချန်နယ်ကို ဖွင့်ထားပါသည်။]

[#BIR-3642 ချန်နယ်ကို ဖွင့်ထားပါသည်။]

ယခုနေရာကစပြီး ပို၍ကြီးမားသော ဇာတ်ဝင်ခန်းများ နှင့် ဒိုကဲဘီ ချန်နယ် အမြောက်အများ ပေါ်လာပေတော့မည်။ သနားစရာဘီဟွန်းတစ်ကောင်တော့ ယခုဆိုလျှင် အခက်တွေ့တော့မည်ဖြစ်၏။

လူလတ်ပိုင်းအရွယ် လူတချို့ ကျနော်တို့ကိုမြင်ပြီး လက်ဝှေ့ယမ်းပြနေသည်။

“အိုး။ ဆာမူရိုင်းမလေး။ လူသစ်တွေကို ခေါ်လာခဲ့တာလား”

“အင်း”

‘ဆာမူရိုင်းမလေး’ဆိုပဲ။

လီဂျီဟယ်၏ နောက်ကွယ်က ထောက်ပံ့သူမသိပါက ယခုလိုခေါ်သည်မှာ ပြဿနာမရှိသည် မှန်သော်လည်း အနှေးနဲ့အမြန်သိသွားပြီဆိုလျှင် ခေါ်သည့်လူ ဒုက္ခရောက်သွားနိုင်ချေသည်။

လီဂျီဟယ် မျက်မှောင်ကြုတ်လိုက်၏။

“ရှင်ထပ်ပြီးမူးနေပြန်ပြီလား”

“ဟားဟား…ဒီလိုကမ္ဘာကြီးမှာ အရက်သောက်တာကလွဲပြီး ငါတို့မှာ ဘာများ လုပ်စရာရှိလို့လဲဟ”

ထိုလူတွေ၏ပုံစံမှာမှာ ရှင်သန်မှုကပ်ဘေးကနေကျန်ရစ်ခဲ့သော တခြားလူတွေနှင့်မတူဘဲ အတော်ပင်စိတ်အေးလက်အေးနိုင်လှသည်။ ထိုလူတွေသည် စစ်ဝတ်စုံတွေကို ဝတ်ဆင်ထားကြ၏။ ဤနေရာသည် ဂူမိုဘူတာနှင့် ကွဲပြားလှသည်။ ယခုမှပဲ စတင်သည်ဟုပင် ပြော၍ရ၏။

“ဒါနဲ့ နင်ခေါ်လာတဲ့လူတွေက လှိုဏ်ခေါင်းကိုဖြတ်ပြီး ရောက်လာခဲ့ကြတာလား။ သူတို့ဆီမှာ ဒင်္ဂါးတွေအများကြီးရှိနေမယ်ထင်တယ်”

အဆိုပါလူတွေထဲမှ လူလတ်ပိုင်းအမျိုးသားတစ်ယောက်သည် ယူဆန်းအာကို ကြည့်လိုက်သည်။

“မိန်းကလေး။ နင့်နာမည်ဘယ်လိုခေါ်လဲ။ အခန်းတစ်ခန်းကို ဈေးပေါပေါနဲ့ ငှားချင်လား”

“အခန်းဟုတ်လား”

“ဟားဟား...ဒီက စနစ်ကို နင်သိမထားဘူးလား။ ဒီနေရာက…”

စကားပြောနေသည်ကို လီဂျီဟယ် ကြားဖြတ်လိုက်သည်။

“ဦးလေးကြီး။ အခုမှရောက်လာတဲ့လူသစ်တွေကို လှည့်စားဖို့မကြိုးစားပါနဲ့”

“အာ….ဘာပဲဖြစ်ဖြစ် သူတို့တွေသိထားဖို့လိုတယ်လေ။ ဒါက အသက်ရှင်သန်ဖို့အတွက် လူတိုင်းလုပ်တဲ့ကိစ္စပဲ”

“ရှင် မနာချင်ဘူးဆိုရင် လစ်လိုက်တော့”

အဆိုပါလူလတ်ပိုင်း၏မျက်နှာမှာဖြူဖျော့သွားပြီး နောက်သို့ဆုတ်သွား၏။

“ဒီကောင်မလေးကတော့ အကျင့်ဆိုးတွေ တတ်နေပြီပဲ”

“ကန်။ တော်လိုက်တော့”

အဆိုပါလူအုပ်သည် ရထားလိုင်း နံပါတ် ၄ဘက်သို့ ထွက်သွားကြလေသည်။ လီဂျီဟယ်သည် ဓါးကိုပြန်သိမ်းလိုက်၏။

“ရှင်တို့ကို ဒီနေရာဆီ ကျမခေါ်လာပေးပြီးပြီမလို့ အခုကစပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ကြတော့။ ကျမက ရှင်တို့ရဲ့ ကလေးထိန်းမဟုတ်ဘူး”

လီဂျီဟယ်သည် အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

ပတ်ဝန်းကျင်ကို ကျနော်လေ့လာလိုက်၏။ ချွန်မူရိုသည် စည်းကမ်းအသစ်တွေသာ ပါရှိသော တတိယမြောက် ဇာတ်ဝင်ခန်း စတင်မည့်နေရာဖြစ်သည်။

“ခ-ချီးပဲ အနားကိုကပ်လာတဲ့ကောင်ကို သတ်ပစ်မှာနော်”

ရထားလိုင်းနံပါတ်၃ အလယ်က လူတစ်ယောက်သည် ဓါးတစ်ချောင်းကို ဝှေ့ယမ်းကာ လူတွေကိုချိန်းခြောက်နေသည်။ အစိမ်းရောက်တောက်ပနေသော အုတ်ခုံတစ်ခု ပေါ်တွင် အဆိုပါလူသည် မတ်တပ်ရပ်နေခြင်းဖြစ်၏။

“အဲ့ဒီလူက ဘာလို့ဓါးနဲ့ပတ်ရမ်းနေရတာလဲ”

ယူဆန်းအာက မေးသည်။

“မသိဘူး”

ကျနော့်စိတ်ထဲတွင် ခန့်မှန်းမိထားတာရှိသော်လည်း မသိဘူးဟုသာ ပြောလိုက်၏။ ရထားလိုင်းနံပါတ် ၃ စြင်္က ံပလက်ဖောင်းပေါ်တွင် လူတွေအများအပြား ဓါးတစ်ချောင်းစီ ကိုုင်ကာ ထိုင်နေကြသည်။ စောနကတွေ့ခဲ့သော စိတ်အေးလက်အေးနိုင်သည့် လူများနှင့်မတူပဲ စြင်္ကံပလက်ဖောင်းနံပါတ် ၃က လူများ၏ပုံစံမှာ မျှော်လင့်ချက်မဲ့နေကြပုံ ပေါက်၏။

လီဂျီဟယ်ကို ကျနော်မေးလိုက်သည်။

“ယူဂျွန်ဟော့ ဒီမှာရှိလား”

ထွက်သွားဖို့ပြင်နေသည့် လီဂျီဟယ်သည် ကျနော့်ဘက်သို့ လှည့်လာလည်။ လီဂျီဟယ်၏ မျက်လုံးများက သံသယဝင်နေပုံပင်။

“ရှင်က ဘယ်သူလဲ”

ယူဂျွန်ဟော့သည် ဤမိန်းကလေးကို အတော်ပင်ပြောင်းလဲပေးခဲ့ချေပြီ။ ကျနော် နားလည်ပေး၍ရ၏။ ကိုရီးယားတွင် ပင်လယ်ပြင်၏စစ်နတ်ဘုရားကဲ့သို့ အစွမ်းထက်သော နက္ခတ်တစ်ပါးကို ရှာတွေ့ဖို့က ခက်လှသည်။ ကျနော်သာ ယူဂျွန်ဟော့ဆိုပါလျှင်လည်း လီဂျီဟယ်ကိုရှာတွေ့ဖို့ကြိုးစားမိမှာသေချာ၏။

“ငါကယူဂျွန်ဟော့နဲ့အတူတူအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပဲ”

“လုပ်ဖော်ကိုင်ဖက်ဟုတ်လား။ မဖြစ်နိုင်တာ”

သံသယမကင်းသည့်မျက်လုံးများဖြင့် လီဂျီဟယ်သည် ကျနော့်ကို စိုက်ကြည့်နေသည်။

“ယူဂျွန်ဟော့ကိုသာ ပြောလိုက်စမ်းပါ။ ငါဘယ်သူလဲ သူသိတယ်။ ဒါနဲ့ ယူဂျွန်ဟော့က အခုဘယ်မှာလဲ”

“ကျမဆရာက အခုဒီမှာမရှိဘူး”

“ဟုတ်လား။ ဆိုးပါ့ကွာ။ သူနဲ့စကားပြောဖို့လိုနေတာဟ”

သစ္စာဖောက်မိသွားသကဲ့သို့ခံစားမိသဖြင့်တွေဝေနေသည့်အကြည့်ဖြင့် လီဂျီဟယ်သည် ကျနော့်ကိုကြည့်နေလေသည်။ ယူဂျွန်ဟော့ကို “ဆရာ”ဟုပါ လီဂျီဟယ်က ခေါ်နေချေပြီ။ လီဂျီဟယ်ကို စည်းရုံးဖို့ ခက်ခဲတော့မှာ သေချာနေ၏။ ထောင့်တစ်နေရာတွင် ထိုင်နေသော ကောင်လေးတစ်ယောက်ကို လီဂျီဟယ် လှမ်းခေါ်လိုက်သည်။

“ဟေ့…ငါဒီမှာဟ”

“ဟမ်။ ဟုတ်ကဲ့။ ဟုတ်ကဲ့”

“ဒီလူတွေကို စောင့်ကြည့်ထားလိုက်။ ဆရာ့ကို ငါသွားရှာလိုက်ဦးမယ်”

ထိုကောင်လေးသည် ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် ကျနော်တို့ကို ကြည့်နေ လေသည်။

“ဒီလူတွေက ဘယ်သူတွေလဲ”

“မသိဘူး။ ဆရာ့ရဲ့မိတ်ဆွေတွေဖြစ်လောက်မယ်ထင်တယ်”

အထက်ပါစကားကို လီဂျီဟယ်ပြောလိုက်ချိန်မှာပဲ ကျနော်တို့ဘေးနားက လူတိုင်း လှည့်ကြည့်လာကြ၏။

“အကိုယူဂျွန်ဟော့ရဲ့မိတ်ဆွေတွေတဲ့လား”

ကောင်လေးသည် ကျနော်တို့ဆီ ပြေးလာသည်။ ထိုကောင်လေး၏အသက်မှာ လီဂျီဟယ်လောက်သာ ရှိလောက်ဦးမည်။

“ခင်ဗျားတို့တွေက အကို့ရဲ့မိတ်ဆွေတွေဆိုတာ တကယ်ပဲလား”

အပြစ်ကင်းသော ကောင်လေး၏မျက်လုံးများကို မြင်ရသည့်လူတိုင်း ထိုကောင်လေးကို မလိမ်ရက်ကြမှာသေချာသည်။ ကျနော်သာ သာမန်လူတစ်ယောက်ဖြစ်နေပါက မလိမ်နိုင်လောက်ဟု ဆိုလိုခြင်းဖြစ်၏။

“ယူဂျွန်ဟော့က မိတ်ဆွေကောင်းတစ်ယောက်ပါ”

ယခုနောက်ပိုင်းတွင် ကျနော့်ကိုကျနော် သာမန်လူဟု မခံစားမိခဲ့တော့သည်ကတော့ သေချာပေသည်။

……………………………………………………………………………………………………….

သတိလစ်နေသော ယောင်ဟီဝမ်ကို ကျနော်တို့တွေ ဂရုစိုက်ပေးနေချိန်မှာပဲ ချွန်မူရို၏ အခြေအနေအဝဝကို ကောင်လေးက ရှင်းပြပေးခဲ့သည်။ ဤကောင်လေးသည် လီဂျီဟယ်ကဲ့သို့ပင် ယူဂျွန်ဟော့၏နောက်လိုက်တစ်ယောက်ဖြစ်၏။

“ဒါကြောင့်မလို့လည်း ကျနော်တို့တွေ အကိုယူဂျွန်ဟော့နောက်ကို လိုက်ခဲ့ကြတာလေ။ ကျနော်ပြောတာကို နားထောင်နေရဲ့လား”

“အေး”

အမှန်အတိုင်းပြောရလျှင် သူပြောနေသည်ကို ကျနော်သေချာနားထောင်မနေပေ။ စိတ္တဇ ယူဂျွန်ဟော့၏သူရဲကောင်းဆန်သော ဇာတ်လမ်းမှာ ကျနော့်အတွက် စိတ်ဝင်စားဖို့ မရှိဟုသာ ပြောရမည်ထင်၏။

“လိုတိုရှင်းပြောရရင် လွန်ခဲ့တဲ့သုံးရက်တုန်းက ယူဂျွန်ဟော့ပေါ်လာပြီး လီဂျီဟယ်အပါအဝင် မင်းတို့ထဲက လူတချို့ကို ကယ်ပေးခဲ့တယ်။ မင်းပြောခဲ့တာ ဒါပဲမလား”

ကောင်လေး မျက်မှောင်ကြုတ်လိုက်၏။

“ကျုပ်ပြောခဲ့တာ အဲ့လောက်ရိုးရှင်းတာမဟုတ်ဘူး”

ဤကောင်လေးသည် ယူဂျွန်ဟော့ကို လေးစားနေသည်မှာ သေချာ၏။ နားလည်၍ရပေသည်။ စွမ်းအားကြီးသောလူတစ်ယောက်က ဤလူတွေအား ကယ်ပေးခဲ့မှတော့ စွမ်းအားကြီးသောအဆိုပါပုဂ္ဂိုဟ်နောက်ကိုလိုက်ကြမည်မှာ အသေအချာပင်။ တကယ်တန်းတွင်တော့ သူတို့တွေအသက်ရှင်နေခဲ့သည်မှာ ယူဂျွန်ဟော့ကယ်ပေးခဲ့၍မဟုတ်ဘဲ လီဂျီဟယ်နှင့်အတူ ရှိခဲ့ခြင်းကြောင့်သာဖြစ်၏။

“မေးခွန်းတချို့မေးလို့ရမလား”

ကျနော်အတွေးတွေ လွန်နေချိန်မှာပဲ လီဟန်းဆောင်သည် ယဉ်ယဉ်ကျေးကျေးပဲ မေးခွန်းတွေကို စမေးတော့သည်။

“ဟုတ်ကဲ့။ မေးပါ”

“ဒီနေရာရဲ့ ရိက္ခာအခြေအနေက ဘယ်လိုရှိလဲ”

“အင်း...ပြောရရင်တော့ ရှက်ဖို့ကောင်းတယ်။ ကျနော်တို့တွေဟာ ဂျီဟယ်ကိုပဲ အားကိုးနေရတာလေ။ ဂျီဟယ်က အမဲလိုက်ပေးပြီး အကိုယူဂျွန်ဟော့က ချက်ပေးတာဗျ”

ပြောသမျှကို လီဟန်းဆောင်တစ်ယောက် လိုက်ရေးကာ မှတ်နေ၏။ တကယ်ကို စစ်သားတစ်ယောက် ပီသလှသည်ပင်။

“သောက်ရေအခြေအနေရော ဘယ်လိုရှိလဲ”

“အပေါ်ထပ်မှာရှိတဲ့ ‘အိမ်ရှင်မဟာမိတ်’နဲ့ စားစရာတွေ၊ ဒင်္ဂါးတွေ ကျနော်တို့လဲပါတယ်”

“အိမ်ရှင်မဟာမိတ်ဟုတ်လား”

ကျနော့်အကြည့်တွေ တောက်ပသွားသည်။ အခြေအနေက စိတ်ဝင်စားဖို့ ကောင်းလာချေပြီ။

“အပေါ်က အထပ်တွေကို အုပ်စိုးထားပြီး ချွန်မူရိုကို ထိန်းချုပ်ထားတဲ့လူတွေကို အိမ်ရှင်မဟာမိတ်အဖွဲ့လို့ ကျနော်တို့က ခေါ်တာပါ”

အဆိုပါနာမည်သည် Ways of Survivalဇာတ်လမ်းထဲတွင် ပါ၏။

“အဲ့ဒီလူတွေက ဘယ်လိုလူစားမျိုးတွေလဲ”

“အင်း…အိမ်ရှင်တွေလို့ပဲ ဆိုပါတော့”

အဆိုပါအဖြေမှာ တကယ်ကိုတိကျလှ၏။ အိမ်ရှင်မဟာမိတ်အဖွဲ့သားများသည် အဆောက်အဦးများကို ပိုင်ဆိုင်ပြီး အိမ်ငှားခကောက်ခံကြသူများဖြစ်ကြသည်။ ထိုအချိန်တွင် ငြိမ်နေသော လီဂီယောင်က ဝင်ပြောသည်။

“ဟိုလေ…အကို”

“အေး”

“ကျနော်အိမ်သာသွားချင်လို့ပါ”

“ထွက်ကျတော့မှာမလို့လား”

“ဟုတ်ကဲ့”

ကျနော်အံ့အားသင့်မိသည်။ လီဂီယောင်သည် အိမ်သာသွားချင်သည်ဟု ပူဆာတာမျိုး လုပ်လေ့မရှိချေ။ ထို့နောက်တွင်တော့ လီဂီယောင်၏ဘေးက မျက်နှာနီရဲနေသော ယူဆန်းအာကို ကျနော်သတိထားမိသွားတော့သည်။

“ဟိုလေ…ငါပါ နင်နဲ့လိုက်ခဲ့လို့ရမလား”

အာ…ငါသဘောပေါက်ပြီ။

ယူဆန်းအာနှင့် ယောင်ဟီဝမ်တို့သည် ယာဆူးဘူတာတွင် ပစ္စည်းတချို့ကို တိတ်တိတ်လေး စုဆောင်းခဲ့ကြသည်။ လီဂီယောင်က ပထမဆုံး သတိထားမိသွားခဲ့ခြင်းဖြစ်၏။

ကောင်လေးက ပြန်ပြောသည်။

“အိမ်သာသွားချင်ရင် မြေအောက် ဒုတိထပ်ကို သွားဖို့လိုတယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ဝင်လို့ရမှာမဟုတ်ဘူး”

“ဘာလို့ဝင်လို့မရရတာလဲ”

“ကိုယ်တိုင်ပဲ သွားကြည့်လိုက်ပါ။ ကျနော်လိုက်ပြပေးမယ်။ သွားကြမလား”

“သွားမယ်”

အိမ်သာအသုံးပြုဖို့ထက် ပိုအရေးကြီးသော အကြောင်းအရင်းများ ကျနော့်ထံတွင် ရှိနေချေ၏။ အခြေအနေကို ကျနော်လေ့လာချင်သေးသည်။ ယူဂျွန်ဟော့၏ လုပ်ရပ်တွေက ကျနော်သိထားသည့် တတိယမြောက် ပြန်လည်နောက်ဆုတ်ခဲ့ပုံနှင့် အနည်းငယ် ကွဲပြားနေသည်။ ပြောင်းလဲမှုတွေကို ကျနော်နားလည်နေမှဖြစ်မည်။ သတိလစ်နေသေးသော ယောင်ဟီဝမ်ကိုချီပြီး အုပ်စုလိုက် အပေါ်ထပ်သို့ ကျနော်တို့ တက်သွားကြ၏။

“အိုး…လူသစ်တွေပါလား။ အခန်းတွေလာကြည့်တာလား”

စြင်္က ံပလက်ဖောင်းနားရှိ ဓါတ်လှေကားရှေ့မှာရပ်နေသော လူလတ်ပိုင်းတစ်ယောက်က မေးသည်။

ကောင်လေးက ပြန်ဖြေ၏။

“အဲ…စိတ်မရှိပါနဲ့။ ကျနော်တို့တွေ အပေါ်ကိုသွားမလို့ပါ”

“အာ…ဆိုးပါ့ကွာ။ ဂရုစိုက်ကြဦးနော်”

အဆိုပါလူလတ်ပိုင်းသည် လက်ကိုဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

ယူဆန်းအာက မေး၏။

“အဲ့ဒီလူက ‘အခန်း’လို့ပြောလိုက်တယ်နော်။ အဲ့ဒီအခန်းဆိုတာက ဘာကြီးလဲ”

“ရှင်းရှင်းလေးပါ”

လေးထောင့်ပုံစံ အုတ်ခုံတစ်ခုကို ကောင်လေးက လက်ညှိုးထိုးပြသည်။ စာတစ်ချို့ လေထဲတွင် ပေါလောပေါ်နေသည်ကို ကျနော်မြင်လိုက်ရ၏။

[အစိမ်းရောင်နယ်မြေ ဝ/၁]

“အဲ့ဒါက ‘အစိမ်းရောင်နယ်မြေ’တစ်ခုလေ။ အဲ့ဒီအုတ်ခုံတွေကို အခန်းတွေလို့ ခေါ်တယ်”

ကျနော်တို့အနီးတွင် လူနှစ်ယောက် ရန်ဖြစ်ကာ အုတ်ခုံကိုလုနေကြသည်။ လီဟန်းဆောင်က မေး၏။

“အဲ့ဒီအစိမ်းရောင်နယ်မြေဆိုတာက ဘာတွေလဲ။ သူတို့တွေက ဘာလို့ရန်ဖြစ်နေရတာလဲ”

ကောင်လေး၏ပုံစံမှာ ပြန်ဖြေဖို့ မဝံံ့မရဲဖြစ်နေပုံရသည်။

“မြေအောက် ဒုတိယထပ်ကိုရောက်ရင် ခင်ဗျားတို့တွေ နားလည်သွားပါလိမ့်မယ်”

အပေါ်သို့ ကျနော်တို့တွေ တက်လာချိန်တွင် အခန်းတွေကိုလုနေသော လူများအား ပို၍တွေ့လာရ၏။ တချို့အုတ်ခုံတွေ၌ (ဝ/၁)ဟုရေးထားပြီး တချို့အုတ်ခုံတွေမှာတော့ (ဝ/၇)တွေဟု ရေးထားသည်။ (ဝ/၇)ဆိုသည်မှာ ပိုကြီးသော အခန်းများကို ဆိုလိုခြင်း ဖြစ်လောက်ပေမည်။

“မြေအောက် တတိယထပ်ကနေ မြေအောက် ပထမအထပ်အထိကို အိမ်ရှင်မဟာမိတ်အဖွဲ့က ထိန်းချုပ်ထားတာလား”

“အင်း။ အိမ်ရှင်တွေဟာ လူအင်အားနည်းပေမဲ့ အထပ်တော်တော်များများကို အပိုင်ရထားကြတာလေ”

ချွန်မူရို၏ အခြေခံအဆောက်အဦးအားလုံးသည် မြေအောက် ဒုတိထပ်နှင့်မြေအောက် ပထမထပ်တို့တွင်ရှိကြသော်လည်း မဟာမိတ်အဖွဲ့တစ်ဖွဲ့က အကုန်သိမ်းပိုက်ထား လေသည်။

“ယူဂျွန်ဟော့ကရော ဘာမှမလုပ်ဘူးလား။ မင်းကို ယူဂျွန်ဟော့က ကယ်ပေးခဲ့တာမလား”

“အဲ့ဒါက…”

ကောင်လေး၏မျက်နှာသည် ကျနော့်မေးခွန်းကြောင့် မဲမှောင်သွားသည်။ ကောင်လေးမှာ တစ်ခဏခန့် ဘာမှမပြောနိုင်ပဲဖြစ်သွားလေသည်။

“ကျနော်တို့တွေကို ကိုယ့်ဘာသာကိုယ်ရပ်တည်ဖို့ အကိုယူဂျွန်ဟော့က ပြောထားတာပါ”

ထင်သည့်အတိုင်းပင်။ ယူဂျွန်ဟော့ကတော့ သူ့နောက်ကိုလိုက်ဖို့ လူတွေကို တိုက်တွန်းမည်မဟုတ်တာ သေချာ၏။ ယူဂျွန်ဟော့၏ ခွန်အားကိုလေးစားကြ၍သာ လူတွေက ယူဂျွန်ဟော့နောက်ကို လိုက်ကြခြင်းဖြစ်ပေသည်။

နောက်ဆုံးတွင်တော့ မြေအောက် ဒုတိယထပ်ကို ကျနော်တို့ ရောက်ရှိသွား၏။ ကောင်လေး၏မျက်နှာက စိုးရိမ်နေပုံပေါ်သည်။

“အခုကစပြီး သတိထားကြပါ”

ဤနေရာတွင် အခန်းတွေပို၍ရှိနေသော်လည်း အခန်းလုကာ တိုက်ခိုက်နေခြင်းများ မရှိချေ။ အစိမ်းရောင်အုတ်ခုံများကို အေးစက်ပြီး သတိဝီရိယမပြတ်သည့် အကြည့်များဖြင့် စောင့်ကြပ်ပေးနေသောသူများတော့ ရှိနေလေသည်။

[အစိမ်းရောင်နယ်မြေ ၇/၇]

အိမ်သာဆီသို့ ကျနော်တို့တွေ သွားလိုက်ကြ၏။

“ဟာ…ဘာလို့ဒီမှာရပ်လိုက်ရတာလဲ”

လူအုပ်ကြီးတစ်အုပ်က လမ်းကိုပိတ်ပြီး တန်းစီစုဝေးနေသောကြောင့် ကျနော်တို့တွေ ဆက်သွား၍မရတော့ပဲ ရပ်လိုက်ရသည်။

“ရှေ့ကိုဆက်သွားကြရအောင်”ဟု ကျနော်ပြောပြီး လူတွေကို ဘေးသို့ တွန်းဖယ်လိုက်၏။

“ဆရာ ဖီဒူ ။ ကျနော်ထပ်မလုပ်တော့ပါဘူးဗျာ။ ကျနော့်ကို နောက်ထပ် တစ်ရက်လောက်ပဲ ထပ်နေခွင့်ပေးပါ။ ဒင်္ဂါးတွေသွားချေးဆိုလည်း သွားချေးပေးပါမယ်”

လူအုပ်ကြီးရှေ့တွင် လူတစ်ယောက်တောင်းပန်နေလေသည်။

“ကဲ…ကဲ…နောက်ဆုတ်ကြစမ်း။ နောက်ဆုတ်ကြစမ်း”

အိမ်ရှင်မဟာမိတ်အဖွဲ့ကလူများသည် လမ်းကိုပိတ်ပစ်လိုက်၏။

ကျနော့်စိတ်ထဲသော မကောင်းသောခံစားချက်ကိုရနေ၏။ မိစ္ဆာ ၁၀ပါးထဲက တစ်ပါး ဤနေရာတွင် ရှိနေလောက်မည်ထင်သည်။ မိစ္ဆာ၁၀ပါးဆိုသော်ငြားလည်း တကယ့်မိစ္ဆာအကောင်ကြီးတွေတော့မဟုတ်ကြချေ။

ထိုတစ်ပါးသည် မည်သူဖြစ်မည်နည်းကို ဝတ္ထုထဲကနေ ကျနော်ရှာကြည့်ဖို့ ကြိုးစားနေချိန်မှာပဲ ကျနော့်ခြေထောက်ကို လူတစ်ယောက်က လာထိ၏။ လာထိသူမှာ လီဂီယောင်ဖြစ်ပေသည်။ အန္တရာယ်အငွေ့အသက်ကိုခံစားမိလိုက်သောကြောင့် လီဂီယောင်၏ပုခုံးကို လှမ်းဆွဲဖို့ ကျနော်ကြိုးစားလိုက်ချိန်မှာပဲ လူတစ်ယောက်က လီဂီယောင်ကို တွန်းမိသွားသည်။

“အား”

လီဂီယောင် ဟန်ချက်ပျက်သွားပြီး လဲကျသွားချေသည်။

['လီဂီယောင်'သည် ပုဂ္ဂလိကပိုင်နယ်မြေကို ဝင်ရောက်သွားပါသည်။]

ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်အငွေ့အသက်က အေးစက်သွားပြီး အိမ်ရှင်မဟာမိတ်အဖွဲ့သားတွေက လီဂီယောင်ကို ကြည့်လိုက်ကြသည်။

“ဒီကလေးက ဘာလဲဟ”

ထိုအချိန်တွင် လူအုပ်ကြီးသည် ကြောက်အားလန့်အား အော်ဟစ်ပြီး နောက်ဆုတ်သွားကြတော့သည်။

“ရူးချင်စရာပဲ”

“နောက်ဆုတ်။ မြန်မြန်လုပ်ဟ”

လူတွေရပ်နေခဲ့သောနေရာတွင် အနီရောင်မျဉ်းကြောင်းပေါ်လာ၏။

လူတစ်ယောက်ထွက်လာပြီး လီဂီယောင်ကို ကြည့်လိုက်သည်။

“ဟ….မင်းကိုကြည့်ရတာ လမ်းပျောက်နေတာထင်တယ်။ ဒီနေရာက ဘာနေရာလဲ သိရဲ့လား”

“အိမ်သာကိုသွားတဲ့လမ်းမလား”

“အိမ်သာဟုတ်လား။ ဟားဟား…အရင်ကတော့ ဟုတ်တာပေါ့။ ဒါနဲ့ ကောင်လေး။ မင်းရဲ့မိဘတွေရော ဘယ်မှာလဲ”

“ဟမ်”

“သူတပါးပိုင်နက်ကို ကျူးကျော်တာက မှားမှန်း မသိဘူးလား”

သူတပါးပိုင်နက်တဲ့လား။

သေချာပေပြီ။ ထိုလူသည် ဂီယောင်၏ခေါင်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်၏။

“မင်းက သိမနေဘူးဆိုမှတော့လည်း ငါက အခုသင်ပေးရတာပေါ့ကွာ”

['ဂုံဖီဒူ'ဇာတ်ကောင်သည် လက်နက်ဇုန် အဆင့်၃ကို အသက်သွင်းလိုက်ပါသည်။]

ဝှီကနဲ အသံထွက်လာပြီး စက်သေနတ်များ မြေကြီးထဲကနေ ထွက်လာ၏။

[ဂုံဖီဒူသည် သူ၏ပုဂ္ဂလိကပိုင်နယ်မြေကို ကျူးကျော်ခအဖြစ် လျော်ကြေး ဒင်္ဂါး၅၀၀ တောင်းခံနေပါသည်။]

[သင့်ဘက်က ငြင်းပယ်ပါက စက်သေနတ်တွေအားလုံးဖြင့် ပစ်ပါလိမ့်မည်။]

ထိုလူက ပြော၏။

“ငါ့ကို ဒင်္ဂါးပေးစမ်း”

ဂီယောင်တစ်ယောက် တွေဝေစွာဖြင့် ကျနော့်နောက်သို့ ဝင်သွားသည်။ ထိုလူသည် ကျနော့်ကိုကြည့်ကာ ပြုံး၏။

“အိုး။ မင်းက ဒီကောင်လေးကို စောင့်ရှောက်ပေးနေသူပေါ့လေ။ ဒါဆိုရင် မင်းပဲ ဒင်္ဂါး ၅၀၀ကို ပေးလိုက်တော့။ ဟုတ်ပြီလား”

ကျနော့်ဆီကို လှမ်းဆွဲလိုက်သော ထိုလူ၏လက်ကိုကြည့်ပြီး ကျနော်ပြုံးလိုက်သည်။

ရယ်စရာကောင်းလိုက်တာကွာ။ ယူဂျွန်ဟော့ရေ။ ဒီခွေးသူတောင်းစားတွေကို လုပ်ချင်တိုင်းလုပ်ခွင့် မင်းက ပေးထားတာလားဟ။

All Chapters