← Chapters

အိမ်ရှင် (၃)

Vol. 2 Ch. 29

အိမ်ရှင် (၃)

Vol. 2 Ch. 29

Ways of Survivalဇာတ်လမ်းထဲ၌ “မိစ္ဆာ ၁၀ ပါး”သည် ထိပ်တန်းလူဆိုးများဖြစ်ကြပြီး ယူဂျွန်ဟော့၏ နောက်ပြန်ဆုတ်မှုအပေါ်မူတည်ပြီး မိစ္ဆာ၁၀ပါးစာရင်းက အပြောင်းအလဲ ရှိလေသည်။ လက်နက်ခံတပ်ဖြင့် ချွန်မူရိုကို အုပ်စိုးနေသော ဂုံဖီဒူသည် မိစ္ဆာ၁၀ပါး ထဲက တစ်ပါးဖြစ်၏။ ဝတ္ထုကိုအဆုံးအထိဖတ်ထားသောလူသာ (ကျနော်ကဲ့သို့လူမျိုး) ဂုံဖီဒူကို သိလောက်ပေမည်။

[အစိမ်းရောင်နယ်မြေ ၅၆/၇၀]

အဆိုပါအစိမ်းရောင်နယ်မြေအားလုံးကို ဂုံဖီဒူက ပိုင်ဆိုင်သည်။ ပြောရမည်ဆိုလျှင် သူ၏ကိုယ်ပိုင်နယ်မြေပင်။

လီဂီယောင်ကို ကျနော့်နောက်၌ဝှက်ကာ မေးလိုက်၏။

“ငါတို့တွေက ဒင်္ဂါးတွေ ဘာလို့ပေးရမှာလဲ။ ဒီနေရာက ပြည်သူပိုင်နယ်မြေပဲလေ”

“ဟားဟား…လွန်ခဲ့တဲ့ ရှစ်ရက်ကအထိတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး”

သူ၏နယ်မြေအပေါ်တွင် ခြေချမိရုံဖြင့် ဒင်္ဂါး ၅၀၀ကို ပေးခိုင်းသည်မှာ လွန်လွန်းလှ၏။

“ကောင်းပြီလေ။ ငါပေးမယ်။ ဒါပေမဲ့ ဂုံဖီဒူကိုပဲ တိုက်ရိုက်ပေးနိုင်မယ်”

“ဘာဖြစ်တယ်”

“မင်းက ဂုံဖီဒူမဟုတ်ဘူး”

ဂုံဖီဒူသည် လူဆိုးတစ်ယောက်ဖြစ်ကောင်းဖြစ်လောက်သော်လည်း ယခု ကျနော့်အရှေ့တွင် ရှိနေသောလူကတော့ အိမ်ရှင်မဟာမိတ်အဖွဲ့က လူတစ်ယောက်သာဖြစ်၏။

“ခင်ဗျားဘယ်မှာလဲ။ ဂုံဖီဒူ”

ကျနော်ချက်ချင်းဆိုသလို ဂုံဖီဒူအစစ်ကို ရှာလိုက်၏။

“ဟားဟား…မင်းက တကယ်ရယ်ရတဲ့အကောင်ပဲ။ ဟေ့…မင်းက ငါနဲ့ လာကစားနေ တာလား”

“ဂုံဖီဒူရေ။ ခင်ဗျားဘယ်မှာလဲ။ လျော်ကြေးပေးမလို့ လာယူလေဗျာ”

ဘေးပတ်ဝန်းကျင်က စကားသံများကို ကျနော်လျစ်လျူရှုလိုက်ပြီး ဆက်၍ ရှာလိုက်သည်။

[သင်သည် ပုဂ္ဂလိကပိုင်နယ်မြေထဲ ဝင်သွားပါပြီ။]

စက်သေနတ်တွေသည် ကျနော့်ကိုချိန်ထားသော်လည်း ရှာနေသည်ကို ကျနော်မရပ်ပေ။ ဂုံဖီဒူတစ်ယောက် ကျနော့်ကို လျှော့မတွက်စေရန်အလို့ငှာ ကျနော့်ဘက်က အစွမ်းထက်ကြောင်း ပြပေးဖို့လို၏။

“ရပ်လိုက်စမ်း။ မင်းထပ်ပြီး ရှေ့တိုးလာရင် ငါပစ်ရလိမ့်မယ်နော်”

နောက်ဆုံးတွင်တော့ ဂုံဖီဒူထွက်ပေါ်လာချေပြီ။ ဂုံဖီဒူသည် ပစ္စည်းမျိုးစုံရှိနေသော ခုံပေါ်တွင်ထိုင်ကာ မဂ္ဂဇင်းတစ်အုပ်ကို ဖတ်နေလေသည်။ သူ့ပုံစံက သာမန်လူလတ်ပိုင်းတစ်ယောက်ပုံစံပေါက်နေပြီး ဗိုက်တစ်ဝက်ခန့်လည်း ပေါ်နေကာ ဗိုက်မွှွေးတွေကိုပါ ကျနော်မြင်နေရ၏။

“မင်းစောက်ခွက်ကို တခါမှ မမြင်ဖူးပေမဲ့ မင်းက ခေတဲ့လူမဟုတ်ဘူးပဲ”

“ခင်ဗျားကိုတွေ့ရဖို့အတွက် ဒင်္ဂါးတွေကိုပေးဖို့လိုတာက မတရားဘူးလို့မထင်ဘူးလား”

[ ‘ဂုံဖီဒူ’ဇာတ်ကောင်သည် သင့်ကို စိတ်ဝင်စားနေပါသည်။]

ကျနော့်ပုံစံက လူဆိုးတွေ၏အမြင်ကြည်မှုကိုရရှိသော ပုံစံ ဖြစ်နေသည်ထင်၏။ ပြောရမည်ဆိုလျှင် ကျနော်သည် ကင်နမ်ဝန်ကဲ့သို့ လူဆိုးကြိုက်ဖြစ်နေသည်ပင်။

“မင်းရဲ့အပြောကတော့ အလာကြီးပါလားကွ။ ဒါပေမဲ့ ဖင်ခေါင်းကျယ်ပြတိုင်း ကောင်းတာ မဟုတ်ဘူးနော်”

ဂျောက်ဂျက်

စက်သေနတ်တွေထဲ မှော်ကျည်ဆံများကို ဖြည့်လိုက်သည်အား ကျနော်ကြားလိုက် ရသည်။

‘ခွေးမသားကတော့ကွာ’

ဂုံဖီဒူသည် အသိဦးလေးကြီးတစ်ယောက်လို ဖော်ဖော်ရွေရွေပြုံးပြနေသော်လည်း ဂုံဖီဒူသည် ဖော်ရွေတတ်သည့်လူမဟုတ်မှန်း ကျနော်ကောင်းကောင်းသိ၏။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

ဇာတ်ကောင် အကျဉ်းချုပ်

အမည် : ဂုံဖီဒူ

အသက် : ၄၈နှစ်

ထောက်ပံ့သူ : ခံစစ် သခင်

ဝိသေသလက္ခဏာ : အိမ်ရှင် (ရှားပါး)၊ မဟာ နယ်မြေပိုင်ရှင် (ရှားပါး)

သီးသန့်စွမ်းရည် : ပုဂ္ဂလိကပိုင် နယ်မြေ အဆင့် ၃၊ အမြတ်အစွန်း တွက်ချက်မှု အဆင့် ၂၊ လက်နက်လေ့ကျင့်ရေး အဆင့် ၁

အထူးစွမ်းရည် : လက်နက်ဇုန် အဆင့် ၃

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၉၊ ခွန်အား အဆင့် ၁၁၊ လျှင်မြန်မှု အဆင့် ၁၀၊ မှော်စွမ်းအင် အဆင့် ၁၉

ခြုံငုံအကဲဖြတ်ချက် : ချွန်မူရို အိမ်ရှင်မဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ် ဖြစ်သော ဂုံဖီဒူတွင် ‘ပုဂ္ဂလိကပိုင် နယ်မြေ’စွမ်းရည်နှင့် ‘လက်နက်ဇုန်’အထူးစွမ်းရည်ရှိသောကြောင့် လူအများအပြားနှင့် တိုက်ခိုက်ရသော နေရာတွင် အလေးသာသူဖြစ်၏။ ဤလူနှင့် ရန်သူမဖြစ်စေရန် သတိထားဖို့ အကြံပေးလိုပါသည်။

ဂုံဖီဒူသည် ကနဦးလူသစ်များအတွက် အခြေခံပစ္စည်းများဒင်္ဂါးထုပ်ကို အသုံးပြုထား ပါသည်။

ဂုံဖီဒူသည် ကြီးထွားမှုဒင်္ဂါးထုပ်ကို အသုံးပြုထားပါသည်။

ဤကမ္ဘာတွင် ကွာခြားချက်တွေ အများအပြားရှိကြသည်။ ကွာခြားချက်ကြီးမားသော သူများထဲတွင် အတည်ငြိမ်ဆုံးအခြေအနေကိုပိုင်ဆိုင်ထားသူများကတော့ အိမ်ရှင် သို့မဟုတ် နယ်မြေပိုင်ရှင်များ ဖြစ်ကြ၏။ ပျမ်းမျှအဆင့်များကိုတိုးမြှင့်ထားသော သူများထဲတွင် လက်နက်ခံတပ်သခင် ဂုံဖီဒူလည်း အပါအဝင်ဖြစ်သည်။ သူ၏မှော်စွမ်းအင် အဆင့်မှာ အဆင့် ၁၉သို့ပင် ရောက်နေလေပြီ။ အနာဂတ် မိစ္ဆာ၁၀ပါးထဲက တစ်ပါးဖြစ်လာမည့်လူ ပီသလှချေသည်။

“ဒါနဲ့ မင်းက ဒီကိုဘာလို့ရောက်လာတာလဲ။ လျော်ကြေးပေးချင်ရုံသက်သက်နဲ့ ဒီကိုရောက်လာတယ်လို့တော့ မထင်ဘူး”

ဤလူသည် ဆက်ဆက်ထိမခံသောလူမျိုးလည်း ဖြစ်၏။ ဤလူနှင့် ကျနော် ညှိနှိုင်းရမည်လော၊ တိုက်ခိုက်ရမည်လော။ တစ်ခဏခန့် ကျနော်ချိန်ဆမိနေသည်။ ကျနော့်အစွမ်းအားလုံးကို အသုံးပြုလျှင်တော့ ဤလူကို အနိုင်ယူဖို့က ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း လက်နက်ဇုန်ကိုကျော်ဖြတ်ဖို့ကတော့ ထင်သလောက် လွယ်မည် မဟုတ်လောက်ချေ။ စက်သေနတ်တွေကို အနိုင်ယူဖို့ဆိုလျှင် ဒဏ်ရာကြီးကြီးမားမား ရနိုင်ချေကိုပါ ကြိုပြီးမျှော်မှန်းထားသင့်၏။

ငါဘာလုပ်သင့်လဲ။

ဒင်္ဂါးများကိုအသုံးပြုဖို့လိုသည့် နေရာတစ်ခုရှိနေသေးသဖြင့် လက်ရှိအချိန်တွင် ကျနော်၏ ပျမ်းမျှအဆင့်ကိုတိုးမြှင့်ဖို့က မဖြစ်နိုင်သေးချေ။

“မဟုတ်တရုတ်တွေ ကြံစည်မနေဖို့ မင်းကို ငါသတိပေးချင်တယ်”

ဂုံဖီဒူက ကျနော့်ကိုပြုံးပြသည်။ သူ၏လူတွေက လီဟန်းဆောင်ကို ဝိုင်းထား၏။ သူ့ဘက်က လှုတ်ရှားမှုကတော့ အတော်ပင်မြန်ဆန်လှသည်ဟု ပြောရမည်ပင်။

ကျနော်ရယ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ထားလိုက်သည်။

“ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါဗျာ။ အိမ်ငှားဆိုတာက အိမ်ရှင်ကို လာတွေ့မှာပဲလေ”

“မင်းက အခန်းလိုချင်နေတာလား”

“အင်း။ ကျေးဇူးပြုပြီး ကျနော့်ရဲ့မိတ်ဆွေတွေနဲ့ ကျနော့်ကို ခင်ဗျားရဲ့ အစိမ်းရောင်နယ်မြေထဲမှာ ထိုင်ခွင့်ပေးပါ”

အစိမ်းရောင်နယ်မြေထဲတွင် နေဖို့က လိုကိုလိုသည်။ တတိယမြောက် ဇာတ်ဝင်ခန်းကို ဘေးကင်းစွာဖြင့် ဖြတ်သန်းနိုင်ဖို့ဆိုလျှင် ဂုံဖီဒူ၏ အစိမ်းရောင်နယ်မြေထဲတွင် ကျနော်တို့တွေ ရှိနေဖို့လို၏။ သို့ပေငြားလည်း ဂုံဖီဒူသည် ကျနော်မျှော်လင့်ထားသည့် အတိုင်း ပြန်ဖြေသည်။

“မရဘူး။ မဟာမိတ်အဖွဲ့ဟာ အပြင်လူတွေကို လက်ခံမပေးနိုင်ဘူး။ လူတိုင်း တစ်ရက်ကို ဒင်္ဂါး ၅၀၀ပေးမယ်ဆိုရင်တော့ စဉ်းစားပေးမယ်”

တစ်ရက်ကို ဒင်္ဂါး ၅၀၀တဲ့လား။ အဲ့ဒါက ဒင်္ဂါးတွေကို ရောင်းစားပစ်နေသလိုပဲလေ။ ဒိုကဲဘီအိတ်ထက်တောင် ဈေးကြီးနေတယ်။

“ဒါဆိုရင်လည်း ခင်ဗျားနဲ့သတင်းအချက်အလက်ဖလှယ်ပေးမယ်”

“ဘယ်လိုသတင်းအချက်အလက်မလို့လဲ”

“ယူဂျွန်ဟော့အကြောင်းပေါ့”

“ယူဂျွန်ဟော့ဟုတ်လား”

အိမ်ရှင်တို့မှာ ထိုနာမည်ကြောင့် အာရုံစိုက်ကုန်ကြသည်။

“ယူဂျွန်ဟော့ဆိုတဲ့ကောင်က သိပ်မကြာသေးခင်ကပဲ အတော်ကိုမွှေသွားခဲ့တာကွ”

“ခွေးသူတောင်းစား။ အဲ့ဒီကောင်နဲ့ မင်းနဲ့ဘာတော်တာလဲ”

“ဆရာဖီဒူ။ ဒီကောင့်ပုံစံက သံသယဝင်ဖို့ကောင်းတယ်”

ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ ယူဂျွန်ဟော့သည် ပြဿနာရှာထားလောက်မည်ဟု ကျနော်တွေးထားခဲ့ပြီးဖြစ်သော်လည်း သေတော့မသေချာခဲ့ပေ။ မူရင်းဇာတ်လမ်းအရ ဆိုလျှင် တတိယအကြိမ်နောက်ပြန်ဆုတ်ခဲ့သည့် ယူဂျွန်ဟော့သည် ယခုအချိန်တွင် အိမ်ရှင်မဟာမိတ်အဖွဲ့နှင့် တိုက်ခိုက်နေသင့်ပေပြီ။

ယူဂျွန်ဟော့ ဘာလုပ်နေတာလဲဟ။

ဂုံဖီဒူသည် သံသယမျက်လုံးများဖြင့် ကျနော့်ကို စိုက်ကြည့်နေ၏။

“ယူဂျွန်ဟော့နဲ့ မင်းနဲ့က ဘယ်လိုပတ်သတ်နေတာလဲ”

“ကျနော်တို့တွေက သေအတူ ရှင်မကွာရှိကြမယ့် ရောင်းရင်းတွေပါ”

“မင်းနဲ့က ရောင်းရင်းတွေတော့ မဟုတ်လောက်ဘူးထင်တယ်”

“ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေက ရင်းနှီးပါတယ်”

“မင်းပြောတာကို ဘာလို့ယုံပေးရမှာလဲ”

“ကျနော့်ကိုမယုံချင်မယုံနဲ့ပေါ့။ ယုံလိုက်လို့လည်း ခင်ဗျားအတွက် ဘာအကျိုးယုတ်စရာ ရှိလို့လဲ”

ယခုအချိန်တွင် ယူဂျွန်ဟော့သည် ချွန်မူရို၏ အာဏာချိန်ခွင်လျှာကို ချိန်းခြောက် နိုင်သော တစ်ဦးထဲသောလူဖြစ်သဖြင့် ကျနော်၏ ကမ်းလှမ်းမှုကို ဂုံဖီဒူ လက်ခံလောက်၏။

[‘ဂုံဖီဒူ’ဇာတ်ကောင် အကျိုးအမြတ်တွက်ချက်မှု အဆင့် ၂ကို အသက်သွင်းလိုက် ပါသည်။]

“ငါ့အတွက် အကျိုးယုတ်စရာမရှိဘူးတဲ့လား”

“….”

“မင်းဟာ လူလိမ်တစ်ယောက်မဟုတ်ဘူးဆိုတဲ့ အာမခံချက်လည်းရှိတာမဟုတ်ဘူး။ ငါ့ရဲ့နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ မင်းလိုကောင်စားမျိုးတွေဟာ အိမ်ငှားခ မပေးချင်တာနဲ့ လကုန်ပြီဆိုရင် ထွက်ပြေးသွားတတ်ကြတာများတယ်”

တွက်ချက်ပြမှုမှာ အလွန်ပင်တိကျလွန်းလှသောကြောင့် ကျနော့်ကိုကျနော်တောင် အမှားလုပ်နေမိပြီဟု ထင်မိလာသည်။ သို့ပေငြားလည်း ဆက်၍ဖိအားပေးမှ ဖြစ်မည်။

“ကျနော့်ကိုမယုံလည်း မတတ်နိုင်ဘူးလေ။ ထိခိုက်မှုတွေတောင် ရှိချင်ရှိလာနိုင်တယ်နော်”

ဂုံဖီဒူ၏မျက်နှာအမူအရာမှာ အလွန်ပင်တွေဝေသွားသောပုံပေါက်နေ၏။ တွန့်ဆုတ်မှု မရှိဘဲ ကျနော်လှည့်ထွက်လိုက်သည်။ ကမ်းလှမ်း၍မရလည်း အရေးမကြီးသောပုံ ဖမ်းထားဖို့လို၏။ ထိုမှသာလျှင် ဂုံဖီဒူ၏စိတ်ထဲတွင် ပို၍နောင်တရချင်စိတ် ပေါ်လာပေလိမ့်မည်။

“ခဏနေဦး”

ဂုံဖီဒူဘက်က လှမ်း၍တားနေချေပြီ။

“ငါ့နယ်မြေကိုကျူးကျော်ခဲ့တဲ့အတွက် လျော်ကြေးပေးရဦးမယ်လေ။ မင်းက ဘယ်ကို ထွက်ပြေးချင်နေတာလဲ”

ကျနော်ကတော့ နောင်တရချင်သွားသည်။

လဖွတ်ပဲ။

ဂုံဖီဒူဘက်သို့ ကျနော်ပြန်လှည့်ကာ ကို့ယို့ကားယားနိုင်စွာပြုံးပြလိုက်၏။

“ဘယ်လောက်လျော်ရမှာလဲ။ ဒင်္ဂါး ၁၀၀လား”

“မဟုတ်ဘူး။ မင်းနဲ့အဲ့ဒီကလေး နှစ်ယောက်ပေါင်း ဒင်္ဂါး ၁၀၀၀ ပေးရမယ်”

ကျနော်ပေါက်ကွဲမလိုဖြစ်သွားချေသည်။ ဤမအေဘေးကြီးသည် ဒင်္ဂါး ၁၀၀၀ကို ဝမ် ၁၀၀၀လို့များ ထင်နေသည်လားမသိ။

“လျော်ကြေးက များလွန်းတယ်”

ဒိုကဲဘီသည် ကျနော်၏ဝေစုကို မပေးရသေးသလို ဂုံဖီဒူလို ချီးထုတ်ကိုလည်း ဒင်္ဂါး၁၀၀၀ ကျနော် မပေးလိုပေ။ ဂုံဖီဒူက မဲ့ပြုံးပြုံးလိုက်၏။

“ဒါဆိုရင် မင်းတို့တွေဟာ အိမ်ငှားအဖြစ် အဆင့်မမီဘူးပေါ့။ သေလိုက်တော့”

ချက်ချင်းဆိုသလို ဘေးနားရှိလူများကို ကျနော်တွန်းပစ်ပြီး ကျနော်၏အဖွဲ့သားများ ရှိရာသို့ ပြေးသွားလိုက်သည်။ ပထမဆုံးသေနတ်ပစ်သံထွက်ပေါ်လာပြီး လီဟန်းဆောင်က သတ္တုဒိုင်းတစ်ခုကို ကိုင်ထားကာ ကျနော့်နောက်ကျောကို ကာပေးထား၏။ လီဟန်းဆောင်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် ခွန်အားတို့မှာ အဆင့် ၁၄ ရှိနေပြီဖြစ်သော်လည်း ကျည်ဆံများကိုတော့ ကြာကြာမတောင့်ခံနိုင်လောက်ချေ။

“ဒေါ့ဂျာ”

လီဟန်းဆောင်၏ တုန်ယင်နေသော ကြွက်သားများကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ လီဟန်းဆောင်သည် ဒုတိယမြောက် အထူးစွမ်းရည်ကို မရရှိသေးသဖြင့် စက်သေနတ် များကို မတောင့်ခံနိုင်ဘဲ ဖြစ်နေလေသည်။ ထို့အပြင် ဘေးနားတွင်လည်း ယောင်ဟီဝမ်က ရှိမနေချေ။ ကျနော်သာ ထိပ်တိုက် တိုက်ခိုက်မှုကို လုပ်လိုက်ပါက ကျနော့်အဖွဲ့ထဲက တစ်ယောက်လောက်တော့ သေရမည်မှာ သေချာ၏။

“ဂုံဖီဒူ။ ခဏနေပါဦး။ ကျနော်တို့တွေ တိုက်ခိုက်မယ်ဆိုရင် ခင်ဗျားပါ ထိခိုက်လိမ့်မယ်နော်”

“ဘာဖြစ်တယ်”

“ကျနော်တို့တွေ အခုမတိုက်ခိုက်တာက ပိုကောင်းလိမ့်မယ်”

“ဘာလို့လဲ”

“ကျနော်တို့အခုတိုက်ခိုက်မယ်ဆိုရင် ခင်ဗျားဒီမှာ သေလိမ့်မယ်ဗျ”

ဂုံဖီဒူတစ်ယောက် ကြက်သေ သေသွားသည်။ ကျနော်ဘာမှ ထပ်မပြောလျှင်တောင် မြေအောက် ပထမထပ်ကနေ ဆင်းလာနေသည့် လူတစ်ယောက်၏ အငွေ့အသက်ကို ဂုံဖီဒူ ရနေလောက်မှာသေချာသည်။

“ကျနော့်ရဲ့ရောင်းရင်းကြီးလာနေပြီ”

ယူဂျွန်ဟော့ ရောက်လာခြင်းပင်။ ချီးထုတ်နောက်ပြန်ဆုတ်သည့် အကောင်ပေါ်လာ သဖြင့် ပျော်ရလိမ့်မည်ဟု ကျနော် ထင်တောင်မထင်ခဲ့ဖူးချေ။

“ဆရာ…အဲ့ဒီလူပါ။ သူက ဆရာ့ရဲ့အသိမိတ်ဆွေလို့ပြောတယ်ရှင့်”

ကျနော့်ကိုလက်ညှိုးထိုးပြီး လီဂျီဟယ်က အော်ပြောသည်။ ယခုဇာတ်လမ်း၏ အဓိကဇာတ်ကောင်ဖြစ်သော အထီးကျန်သူရဲကောင်းကြီးသည် လီဂျီဟယ်ဘေးတွင် ရှိနေလေသည်။ ယူဂျွန်ဟော့သည် ကျနော့်ကိုအံ့အားသင့်သည့် အကြည့်ဖြင့် စူးစူးရှရှ ကြည့်နေ၏။

[ ‘ယူဂျွန်ဟော့’ဇာတ်ကောင်သည် အကြီးအကျယ်စိတ်ရှုတ်ထွေးနေပါသည်။]

[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၂ကို အသက်သွင်းလိုက် ပါသည်။]

တစ်ခဏခန့် မူးဝေသွားပြီးနောက် ယူဂျွန်ဟော့၏ အတွေးများကို ကျနော်စကြားရတော့သည်။

「ဒီကောင်က ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ」

ယူဂျွန်ဟော့ကို ကျနော်လက်ဝှေ့ယမ်းပြလိုက်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်၏။

“ဟိုင်း…ဂျွန်ဟော့”

「…」

“နေကောင်းရဲ့လား။ မင်းရဲ့မျက်နှာက ကြည့်ကောင်းနေပါလားကွ”

「…」

လီဂျီဟယ်နှင့် ဂုံဖီဒူတို့သည် ကျနော်တို့ကို မယုံနိုင်စွာဖြင့် ကြည့်နေကြသည်။ ကျနော်သည် ယူဂျွန်ဟော့၏ မိတ်ဆွေတစ်ယောက်ဖြစ်လောက်မည်ဟု သူတို့တွေ လုံးဝကိုထင်ထားပုံမရချေ။ ပတ်ဝန်းကျင်ရှိအငွေ့အသက်သည် လေးလံသွား၏။

“ငါကမင်းရဲ့လုပ်ဖော်ကိုင်ဖက်ဆိုတာကို ဒီလူတွေက မယုံဘူးဖြစ်နေတာလေ။ ဟုတ်တယ်လို့ ပြောပြပေးပါလား”

ယူဂျွန်ဟော့အကြောင်းကို ကျနော်သိ၏။ ဤမအေဘေးသည် အလွယ်တကူ သတ်ဖြတ်တတ်သော်လည်း ကတိတော့ အလွန်တည်သည်။

[နက္ခတ်အချို့သည် ယူဂျွန်ဟော့ဇာတ်ကောင်၏ အဖြေကို စောင့်ကြည့်နေကြပါသည်။]

[ ‘မိစ္ဆာကဲ့သို့တရားစီရင်သူ’နက္ခတ်သည် ယူဂျွန်ဟော့၏ သစ္စာရှိမှုကို စောင့်ကြည့်နေ ပါသည်။]

「……」

ကျနော့်ကိုစိုက်ကြည့်ပြီး ယူဂျွန်ဟသည် ဖြည်းညင်းစွာဖြင့် ပါးစပ်ကိုဖွင့်လိုက်သည်။ သို့သော် ကျနော်စကားသံက ပိုမြန်၏။

“အဲ…နေဦး။ ငါအိမ်သာသွားလို့ရမလား”

နောက်ဆုံးတော့ ယူဂျွန်ဟော့တစ်ယောက် ဓါးကိုဆွဲထုတ်လေပြီ။

…………………………………………………………………………………………………………

ထို့နောက်တွင်တော့ ကျနော်တို့တွေ ဘေးကင်းကင်းဖြင့် အိမ်သာကိုသွားခဲ့ကြပြီး စြင်္က ံပလက်ဖောင်းနံပါတ် ၃ကို ပြန်လာခဲ့ကြ၏။ ကျနော်အကြီးကြီး ပြုံးပြလိုက်သည်။

“တွေ့ရတာဝမ်းသာပါတယ်။ ဘော်ဒါကြီးရေ”

“မင်းက အသက်ရှင်နေတုန်းပဲတဲ့လား”

ကျနော်သည် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဟု ယူဂျွန်ဟော့က မပြောခဲ့ဘဲ ဓါးဖြင့်သာ ဂုံဖီဒူကို ချိန်ရွယ်ခဲ့သည်။ ကံကောင်းစွာဖြင့်ပင် ဂုံဖီဒူသည် ကျနော်တို့နှင့် မငြိချင်သောကြောင့် ကျနော်တု့ိကို သွားခွင့်ပေးလိုက်၏။

“ငါသေဖို့ မင်းက မျှော်လင့်နေတာလား”

“သေသွားလည်း အေးတာပဲလို့ တွေးရုံပါ”

ဒီမအေဘေးကတော့ကွာ…

ကျနော်ဒေါသထွက်လာသဖြင့် ယူဂျွန်ဟော့၏ မျက်နှာကိုပြေး၍ ထိုးချင်လာမိ သော်လည်း ထိုး၍ကလည်း မဖြစ်ချေ။

[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]

[ဤလူနှင့်ပတ်သတ်သောအချက်အလက်တွေမှာ များလွန်းလှသည်။ ဇာတ်ကောင် စာရင်းကို ဇာတ်ကောင်အကျဉ်းချုပ်အဖြစ် ပြောင်းလိုက်ပါသည်။]

ဗားရှင်းအစုံအလင်။

[ယူဂျွန်ဟော့ဇာတ်ကောင်၏ အချက်အလက်တွေအား ဗားရှင်းအစုံအလင်အဖြစ် ပြောင်းနေပါသည်။]

[ဇာတ်ကောင် အကျဉ်းချုပ်]

အမည် : ယူဂျွန်ဟော့

အသက် : ၂၈ နှစ်

ထောက်ပံ့သူ : ???

ဝိသေသ လက္ခဏာ : နောက်ပြန်ဆုတ်ခြင်း (သုံးကြမ်မြောက်) (ဒဏ္ဏာရီလာ)၊ ပရိုဖက်ရှယ်နယ် ဂိမ်းမာကြီး (ရှားပါး)

သီးသန့်စွမ်းရည် : သူတော်စင်၏မျက်လုံး အဆင့် ၈၊ လက်ဗလာတိုက်ခိုက်ရေး အဆင့် ၈၊ အဆင့်မြင့်လက်နက်လေ့ကျင့်ရေး အဆင့် ၅၊ အားကောင်းသော ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်း အဆင့် ၅၊ စိတ်အကာအရံ အဆင့် ၅၊ လူစုလူဝေးထိန်းချုပ်နိုင်စွမ်း အဆင့် ၅၊

ချင့်ချိန်နိုင်စွမ်း အဆင့် ၅၊

မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၄

…(ဆက်ရှိသေးသည်)….

အထူးစွမ်းရည် : နောက်ပြန်ဆုတ်ခြင်း အဆင့် ၃

စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၂၄၊ ခွန်အား အဆင့် ၂၄၊ လျှင်မြန်မှု အဆင့် ၂၅၊ မှော်စွမ်းအင် အဆင့် ၂၃

ခြုံငုံအကဲဖြတ်ချက် : ဤပုဂ္ဂိုဟ်ကို ခြုံငုံအကဲဖြတ်ထားသည့်စာမှာ ရှည်လျားလွန်းသဖြင့် ပေါ်မလာပါ။

ဝတ္ထုဖတ်တုန်းကတော့ ဤမျှလောက်ကြမ်းနေသည်ကို သတိမထားခဲ့မိချေ။ ကိုယ်တိုင် ကိုယ်ကျ မြင်လိုက်ရမှပဲ အလွန်ပင် တမူခြားနေမှန်း ကျနော်သဘောပေါက်သွား၏။ တတိယမြောက် ဇာတ်ဝင်ခန်းကို ကျနော်တို့ ရင်ဆိုင်ရတော့မည့်အချိန်၌ ယူဂျွန်ဟော့၏ ရုပ်ပိုင်းဆိုင်ရာ စုစုပေါင်းအဆင့်မှာ ၇၀လောက်အထိ ရှိနေပေပြီ။

‘တကယ်ကိုရူးချင်စရာကောင်းတဲ့မအေဘေးပဲ’

လဖွတ်။ အဓိကဇာတ်ကောင်ဆိုတော့ နင်းကန်တွေ ချွန်ထွက်နေအောင် လုပ်ပေးထားတာပဲ။

“မင်းဘက်က ပြောချင်တာရှိနေတာလား”

ယူဂျွန်ဟော့က မေး၏။

ယူဂျွန်ဟော့၏တိုးတက်နှုန်းမှာ မူရင်းဝတ္ထုဇာတ်လမ်းထဲက ထက်ပင် မြန်ဆန်လွန်းနေသည်။ ဤမျှလောက်အထိ တိုးတက်နှုန်းမြန်ဆန်နေရသည်မှာ စွန့်စားမှုတွေအများကြီးကို သူလုပ်ခဲ့ခြင်းဖြစ်လောက်မည်ပင်။

နောက်ပြန်ဆုတ်မှုသုံးခါပဲလုပ်ရသေးတဲ့ဒီကောင်က ဘာတွေလုပ်နေခဲ့တာလဲဟ။

ကျနော့်စိတ်ထဲမသက်မသာဖြစ်လာမိသည်။ အနှေးနဲ့အမြန်ဆိုသလို ဤကောင်နဲ့ ပတ်သတ်သမျှကို ကျနော်စုံစမ်းမှဖြစ်မည်ပင်။

"မင်းမှာဘာပြောစရာရှိလဲလို့ ငါမေးနေတယ်လေ"

“မရှိပါဘူး။ ဒီအတိုင်း ကြည့်မိတာပါ”

「ဒီကောင်က ငါထင်ထားတာထက်ကို အကြောမာပြနေတာပဲ။ ဒီကောင့်ကို ငါအခုသတ်လိုက်သင့်လား」

“နောက်တာပါ”

ခပ်မြန်မြန် ကျနော်ရယ်ပြလိုက်၏။ ယူဂျွန်ဟော့သည် စိတ်မဝင်စားသကဲ့သို့ ခေါင်းကိုလှည့်သွားတော့သည်။

[ ‘ရွှေခေါင်းကွင်း၏အကျဉ်းသား’သည် သင့်ကိုစိတ်ပျက်သွားပါသည်။]

မည်သို့ပင်ဆိုစေကာမူ ယူဂျွန်ဟော့၏ရန်သူအဖြစ် ကျနော်မနေလိုပေ။ နောင်လာမည့် ဇာတ်ဝင်ခန်းတွေကိုကျော်ဖြတ်နိုင်ဖု့ိဆိုလျှင် ယူဂျွန်ဟော့ အသက်ရှင်လျက် ရှိဖို့ လိုသည်။ ကျနော်တို့တွေအချင်းချင်း လုပ်ဖော်ကိုင်ဖက်ဟု မသတ်မှတ်လျှင်တောင်မှ ယူဂျွန်ဟော့ကို တောက်လျောက်အသုံးချချင်သေး၏။

ငါက ဘာလို့ဆင်ခြေပေးသလိုမျိုး စဉ်းစားနေမိတာလဲ။

“ကြည့်ရတာတော့ မင်းဟာ လုပ်ဖော်ကိုင်ဖက်တွေ ရှာခဲ့တဲ့ပုံပဲ”

ကျနော့်နောက်တွင်ရှိသောလူများအား ခံစားချက်မဲ့သော မျက်လုံးဖြင့် ယူဂျွန်ဟော့ ကြည့်လိုက်သည်။

[ ‘ယူဂျွန်ဟော့’ဇာတ်ကောင်သည် သင့်အား အနည်းငယ်စိတ်ပျက်နေပါသည်။]

ဟမ်။ ဘာလို့လဲဟ။

[ ‘ယူဂျွန်ဟော့’ဇာတ်ကောင်သည် သူတော်စင်၏မျက်လုံး အဆင့် ၈ကို သုံးလိုက်သည်။]

「လီဟန်းဆောင်ကို ဒီကောင်ခေါ်ခဲ့ပေမဲ့ ဒီအဆင့်အထိပဲ လီဟန်းဆောင်ကို တိုးတက်လာအောင် လုပ်ပေးနိုင်ခဲ့တာလား」

အလွန်ပင် မှန်ကန်နေသဖြင့် တစ်ခဏခန့် ကျနော်အာစေးမိသွား၏။ လီဟန်းဆောင်သာ ယူဂျွန်ဟော့နှင့်အတူတူ ရှိနေခဲ့ပါက လီဟန်းဆောင်၏ တိုးတက်နှုန်းက ပိုမိုမြန်ဆန်နေလောက်သည်မှာ သေချာ၏။

‘လဖွတ်မလို့ ဝေဖန်နေတာလားဟ။ မအေဘေးကတော့ကွာ’

ကျနော်သည် ကံကောင်းစွာဖြင့် အနာဂတ်ကိုသိထားသော သာမန်စာဖတ်သူ တစ်ယောက်သာ ဖြစ်သည်ပင်။

「စိတ်ပျက်စရာပဲ」

ယူဂျွန်ဟော့တွေးနေသည်ကို ကျနော့်စိတ်ထဲကြားနေရသောကြောင့် ခံစားချက်မှာ ပိုမိုဆိုးရွားလာ၏။ ထိုအချိန်တွင် ဟိုဟိုဒီဒီကြည့်နေသော ယူဂျွန်ဟော့၏ အကြည့်မှာ ရပ်တန့်သွားတော့သည်။ ပထမဆုံးအနေဖြင့် တွေဝေမှုအရိပ်အယောင်များ ယူဂျွန်ဟော့၏ မျက်လုံးထဲတွင် ပေါ်လာ၏။

「…အဲ့ဒါက ဘာလဲဟ」

All Chapters