← Chapters

အိမ်ရှင် (၃)

Vol. 2 Ch. 30

အိမ်ရှင် (၃)

Vol. 2 Ch. 30

ယူဂျွန်ဟော့သည် လီဟန်းဆောင်မှလွဲ၍ လူတိုင်းကို ကြည့်နေသည်။ ကျန်သုံးယောက်မှာ အတူတူရပ်နေသောကြောင့် မည်သည့်တစ်ယောက်ကို ယူဂျွန်ဟော့ ကြည့်နေမှန်း ကျနော်မသိနိုင်ဘဲ ဖြစ်နေ၏။

“…မဖြစ်နိုင်တာ”

မည်သူ့ကို ယူဂျွန်ဟော့ ကြည့်နေသနည်း။ ကျနော်မေးလိုက်ချင်သော်လည်း စိတ်ကိုဖတ်နိုင်သော ကျနော့်စွမ်းရည်ပေါ်သွားမည်စိုးသဖြင့် မမေးဖြစ်ချေ။ စိတ်ကို ဖတ်နိုင်သောစွမ်းရည် ကျနော့်ထံတွင်ရှိနေမှန်း ယူဂျွန်ဟော့ မသိသေးချေ။ ကျနော့် အထင်တော့ ယောင်ဟီဝမ်၏အချက်အလက်များကိုမြင်ပြီး ယူဂျွန်ဟော့တစ်ယောက် အံ့အားသင့်သွားခြင်း ဖြစ်လောက်ပေသည်။ ယောင်ဟီဝမ်သည် ယူဂျွန်ဟော့ စိုက်ကြည့်နေသည်ကို သတိထားမိပြီး ပြော၏။

“နင်ဘာကြည့်တာလဲ”

「……」

တော်လိုက်တာ။ ယောင်ဟီဝမ်…

「သတ်…」

“ယူဂျွန်ဟော့”

ယူဂျွန်ဟော့ကို အာရုံလွှဲရန်အတွက် ကျနော် အလျင်အမြန် စကားဖြတ်ပြောသည်။

“ငါသိချင်နေတာ တစ်ခုရှိတယ်”

ကျနော့်ဘက်သို့ ယူဂျွန်ဟော့လှည့်လာသည်။ သူ၏မျက်လုံးများကတော့ ဘာလဲဟူသော အကြည့်ဖြင့် ကြည့်နေ၏။

“ဂုံဖီဒူကို မင်းဘာလို့လွှတ်ပေးထားတာလဲ”

“မင်းက ပရောဟိတ်တစ်ယောက်ဆိုတော့ သိသင့်တယ်လေ”

“အရာအားလုံးကို ငါမသိဘူး”

အတိအကျပြောရလျှင် အသေးစိတ်ကို ကျနော်မမှတ်မိခြင်းပင်။

[ယူဂျွန်ဟော့ ဇာတ်ကောင်သည် ‘မုသားထောက်လှမ်းနိုင်စွမ်း’စွမ်းရည်ကို သုံးလိုက် ပါသည်။]

[သင်၏စကားလုံးများသည် မှန်ကန်ကြောင်း ယူဂျွန်ဟော့က အတည်ပြုလိုက်သည်။]

ယူဂျွန်ဟော့က အလွန်ပင် သတိကြီးလှ၏။

“အင်း။ အနာဂတ်မြင်နိုင်စွမ်း အဆင့်နိမ့်နိမ့်လေးပဲရှိတဲ့ ပရောဟိတ်ပေါ့လေ”

မင်းထင်ချင်သလိုသာ ထင်ကွာ။

ယူဂျွန်ဟော့က စကားဆက်ပြော၏။

“ဂုံဖီဒူဟာ အသက်ရှင်လျက်ရှိဖို့လိုတယ်”

“အနာဂတ်မှာလာမယ့် ဇာတ်ဝင်ခန်းတစ်ခုကြောင့်မလား”

ယူဂျွန်ဟော့က ပြန်မဖြေပေ။ ကျနော်မည်မျှအထိသိထားသည်ကို သိလိုခြင်းကြောင့် ပြန်မဖြေခြင်း ဖြစ်လောက်ပေမည်။

“အနာဂတ်ဇာတ်ဝင်ခန်းတွေအတွက် ဂုံဖီဒူကို လိုအပ်မှန်း ငါသိတယ်။ ဒါပေမဲ့ ဂုံဖီဒူတစ်ယောက်ထဲကိုပဲ လိုတာလေ။ သူ့တဖွဲ့လုံးကို လိုတာမှမဟုတ်ဘဲ”

「……」

“မလိုအပ်တဲ့လူတွေကို ဖယ်ရှားပစ်တာက မင်းရဲ့အကျင့်ပဲလေ။ ဘာလို့ ဟိုကောင်တွေကို ဒီအတိုင်းလွှတ်ထားရတာလဲ”

「…အာရုံနောက်လိုက်တာကွာ」

ဘာလဲဟ။

“ငါ့မှာလုပ်စရာတွေအများကြီးရှိနေတယ်”

ကျနော့်ကိုစိုက်ကြည့်ပြီး ယူဂျွန်ဟော့က ပြောသည်။

“ဒါကို မင်းဘယ်တော့မှ နားလည်လာမှာမဟုတ်ဘူး”

“နေဦး။ လုပ်စရာရှိတာက အဓိကမဟုတ်ဘူးလေ။ မင်းသာ အခုမလှုတ်ရှားရင် ချွန်မူရိုက လူတော်တော်များများ…”

ယူဂျွန်ဟော့၏အကြည့်များ အေးစက်သွားသည်။

“အဲ့ဒါက အရေးမကြီးဘူး”

ကျနော်သည် လူ့အခွင့်အရေးသမားတစ်ယောက်တော့ မဟုတ်ချေ။ ဤကမ္ဘာပေါ်က လူတိုင်း အသက်ရှင်ဖို့ထိုက်တန်သည်ဟု ကျနော်မယုံကြည်ဟုပင် ပြော၍ရ၏။ ယခုအချိန်တွင် ကျနော့်ကိုစိတ်တိုအောင်လုပ်နေသည်က ယူဂျွန်ဟော့၏ လေသံကြောင့်ပင်။

“ယူဂျွန်ဟော့။ မင်းကို ထိုးလို့ရမလား”

“ထိုးရဲရင် ထိုးကြည့်ပေါ့”

လက်သီးကိုခပ်တင်းတင်း ဆုပ်လိုက်ချိန်မှာပဲ မက်ဆေ့ချ်အသံတစ်ခုကို ကြားလိုက်ရ၏။

[ယူဂျွန်ဟော့သည် အားကောင်းသော ကိုယ့်ကိုကိုယ်ကာကွယ်မှု အဆင့် ၅ကို သုံးလိုက်ပါသည်။]

လက်သီးဆုပ်ကို ကျနော်ဖြည်လိုက်၏။

ချီးထုတ် ငကြောက်ကောင်။

“မင်းပြောလို့ပြီးပြီလား”

ယူဂျွန်ဟော့က မေးသည်။

“…”

“သွားကြစို့”

လီဟီဂျယ်ဟာ တွန့်ဆုတ်နေသော်လည်း ယူဂျွန်ဟော့၏ ခေါ်ဆောင်ရာ နောက်သို့ လိုက်သွားပြီး ကျနော့်ကို တွေဝေသည့်အကြည့်ဖြင့် ကြည့်လေသည်။

[ ‘တရားမျှတမှု၏ ကတုံးပြောင်စစ်သူကြီး’နက္ခတ်သည် သင်၏သတ္တိကို လေးစားနေ ပါသည်။]

[ဒင်္ဂါး၁၀၀ကို ထောက်ပံ့လိုက်ပါသည်။]

ကျနော့်အပေါ်တွင် လုံးဝကိုနားလည်မှုလွဲပြီး ထောက်ပံ့လိုက်ခြင်းသာ။

…………………………………………………………………………………………………………..

[တတိယမြောက် ဇာတ်ဝင်ခန်းအသက်ဝင်ရန် ၁နာရီနှင့် မိနစ် ၃၀သာ ကျန်တော့သည်။]

အချိန်အများကြီးမကျန်တော့ပေ။ ကျနော့်စိတ်များ ရှုတ်ထွေးနေလေပြီ။

[ ‘တရားမျှတမှု၏ကတုံးပြောင်စစ်သူကြီး’နက္ခတ်သည် လူတွေ၏အသက်ကို ရင်းရတော့မည် ဖြစ်သဖြင့် ဒေါသထွက်နေပါသည်။]

[‘တရားမျှတမှု၏ကတုံးပြောင်စစ်သူကြီး’နက္ခတ်သည် ထသောင်းကျန်းနေပါသည်။]

ဆန်းမြုံဒန်၏ မက်ဆေ့ချ်များ ကျယ်လောင်စွာဖြင့် ကျနော့်ခေါင်းထဲတွင် မြည်ဟည်းနေသော်လည်း ဇာတ်ဝင်ခန်းကိုအကောင်းဆုံးဖြေရှင်းနိုင်သည့်နည်း ဆန်းမြုံဒန်၌ ရှိမနေချေ။ တတိယမြောက် ဇာတ်ဝင်ခန်းသည် အချိန်တစ်ပတ်တိတိ ကြာပေလိမ့်မည်။ ယူဂျွန်ဟော့ဆီမှာတော့ ကိုယ်ပိုင်အစီအစဉ်တွေရှိနေလောက်မည် ဖြစ်ပြီး ကျနော်လျစ်လျူရှုပြီး မနေနိုင်ချေ။

[ ‘ရွှေခေါင်းကွင်း၏အကျဉ်းသား’နက္ခတ်သည် သင်စဉ်းစားနေသည်ကို သိချင်နေပါသည်။]

“ယူဂျွန်ဟော့ဆိုတဲ့ မအေဘေးကတော့ကွာ”

[‘ရွှေခေါင်းကွင်း၏အကျဉ်းသား’နက္ခတ်သည် သင်၏ဆဲဆိုမှုကို အားရကျေနပ်သွား ပါသည်။]

[သင့်ကို ဒင်္ဂါး၁၀၀ ထောက်ပံ့လိုက်သည်။]

သို့ပေငြားလည်း ကျနော့်ရှေ့တွင် ရှိနေသည့်ပြဿနာက ယူဂျွန်ဟော့ မဟုတ်ဘဲ ဂုံဖီဒူသာ ဖြစ်လေသည်။ တတိယမြောက် ဇာတ်ဝင်ခန်းကို ကျော်ဖြတ်နိုင်ဖို့ဆိုလျှင် ဂုံဖီဒူ၏အကူအညီကို လုံးဝလိုအပ်၏။ ဂုံဖီဒူဆီက အကူအညီကိုသာ ကျနော်မရဘူးဆိုလျှင်…..

ရုတ်တရက်ဆိုသလို ယောင်ဟီဝမ်က ပြုံးပြီး မေး၏။

“နင်ပြောတာက ဘယ်သူလဲ”

“…ဟမ်”

“ယူဂျွန်ဟော့နဲ့စကားပြောတုန်းက စကားထဲထည့်ပြောခဲ့တဲ့လူကိုပြောတာလေ”

ဂုံဖီဒူအကြောင်းကို ကျနော်ချက်ချင်းရှင်းပြလိုက်သည်။ ယောင်ဟီဝမ်သည် သတိလစ်နေခဲ့သောကြောင့် ဂုံဖီဒူကို မမြင်ခဲ့ရပေ။

ယောင်ဟီဝမ်က ဒေါသထွက်စွာဖြင့် ပြော၏။

“အဲ့ဒီဆန်ကုန်မြေလေးကောင်တွေက ဘာတွေလဲဟ။ အများပိုင်အဆောက်အဦးတွေကို အသုံးချပြီး လူတွေဆီကနေ အခကြေးငွေကောက်ခံတာတဲ့လား”

“အဲ့ဒီဆန်ကုန်မြေလေးတွေက အပေါ်ထပ်မှာ နေကြတာလေ”

“အဲ့ဒီကောင်တွေကိုသွားပြီး နှင်ထုတ်လိုက်မယ်”

မြေကြီးပေါ်က ကြွက်ဓါးကို ယောင်ဟီဝမ် ကောက်ကိုင်လိုက်သည်။ ယခုမှပဲ သတိထားမိ၏။ သူတို့၏လက်နက်များကို ကျနော်ပြောင်းပေးသင့်နေပြီပင်။

လုပ်စရာကိစ္စတွေအများကြီးရှိနေတာပါလား။

“စိတ်လိုက်မာန်ပါမလုပ်စမ်းနဲ့”

“ငါတို့တွေ အတူတူလက်တွဲပြီးတိုက်ခိုက်မယ်ဆိုရင် အနိုင်ရနိုင်ပါတယ်ဟ။ ဂူမိုဘူတာကိစ္စက မေ့သွားပြီလား”

ယောင်ဟီဝမ်၏ပုံစံက အလွန်ပင် ယုံကြည်မှုရှိနေလေသည်။ ထိုသို့ယုံကြည်မှု ရှိနေခြင်းမှာ သဘာဝပင်။ ယောင်ဟီဝမ်တွင် ဝှက်ဖဲအနေဖြင့် တရားစီရင်ချိန် စွမ်းရည်ရှိနေသည်မဟုတ်ပေလော။ ယောင်ဟီဝမ်၏ သင်ယူနိုင်စွမ်းမှာ မြန်ဆန်လွန်း သဖြင့် ယခုဆိုလျှင် ဝိသေသ လက္ခဏာနှင့် စွမ်းရည်တွေကို မည်သို့သုံးရမည်အား သိနေလေပြီ။

“အချိန်ဖြုန်းမနေနဲ့တော့။ ဆန်ကုန်မြေလေးတွေကို သွားသတ်ကြရအောင်”

ရန်သူဖြစ်သူသည် ဆိုးယုတ်သောလူများဖြစ်နေသရွေ့ ယောင်ဟီဝမ်၏ တရားစီရင်ချိန်စွမ်းရည်မှာ အလေးသာနေမည်ဖြစ်သည်။

[ယောင်ဟီဝမ် ဇာတ်ကောင်သည် သီးသန့်စွမ်းရည် ‘တရားစီရင်ချိန်’ကို အသက်သွင်းလိုက်ပါသည်။]

[အလုံးစုံကောင်းမြတ်ခြင်း နက္ခတ်များက ယောင်ဟီဝမ်၏တောင်းဆိုမှုကို နှုတ်ဆိတ်နေပါသည်။]

[တရားစီရင်ချိန်စွမ်းရည်မှာ ပျက်ပြယ်သွားပါသည်။]

ယောင်ဟီဝမ်၏မျက်နှာတွင် စိတ်ရှုတ်ထွေးသော အမူအရာများ ပြည့်သွားသည်။

“မဖြစ်နိုင်တာ….ဒါက…ဘာလဲဟ။ ပျက်သွားတာလား”

တရားစီရင်ချိန်စွမ်းရည်ကိုထပ်၍အသက်သွင်းရန် ယောင်ဟီဝမ် ကြိုးစားလိုက် သော်လည်း စွမ်းရည် အသက်ဝင်မလာပေ။

“ဟာ…ဘာလို့အသက်ဝင်မလာရတာလဲကွာ။ ဟိုကောင်တွေက ဆိုးယုတ်တဲ့ လူတွေဆိုတာ အသိသာကြီးပဲလေ”

ယောင်ဟီဝမ်၏မေးခွန်းထုတ်မှုကို ရယ်မောကာ ကျနော်ဖြေလိုက်သည်။

“ငါတို့လူသားတွေကပဲ ဆိုးယုတ်တယ်လို့ တွေးနေတာလေ”

“နင်ဘာတွေပြောနေတာလဲ”

“နက္ခတ်တွေကျတော့ မတူလောက်ဘူးဟ။ သူတို့သိထားတဲ့ ဆိုးခြင်း၊ ကောင်းခြင်းဆိုတာက ငါတို့သိထားတာနဲ့တူချင်မှတူမှာလေ”

“…အာ…”

“လူများစုကပဲ တရားမျှတမှုဆိုတာဘာလဲ အမြဲဆုံးဖြတ်ပေးတာဟ”

ယခုအချိန်တွင် ‘ဂုံဖီဒူ၏အဖွဲ့သည် ကောင်း၏’ဟု နက္ခတ်အများစုသည် ဆုံးဖြတ်ထားသည်။ လူသားတွေ၌ တရားမျှတမှုဆိုတာဘာလဲဆိုသည်ကို ဆုံးဖြတ်နိုင်စွမ်း ရှိမနေတော့ချေ။ ထောက်ပံ့ပေးသူတွေမှာသာ ဆုံးဖြတ်နိုင်စွမ်းက ရှိတော့၏။ လူသားတွေဆိုသည်မှာ ထောက်ပံ့သူတွေ၏ ရုပ်သေးရုပ်တွေမျှသာ။

“အဲ့ဒါက…”

ကျနော့်အဖွဲ့သားတွေကို ကြည့်လိုက်၏။ အဖွဲ့သားတွေအားလုံး မည်သည့်စကားမှ မပြောကြသော်လည်း အားလုံးကတော့ ယောင်ဟီဝမ်တွေးသည့်အတိုင်း တွေးနေကြသည်ပင်။ မှော်ကျည်ဆံတွေကြောင့် ခြစ်ရာထင်သွားခဲ့သော သံဒိုင်းကို လီဟန်းဆောင်တစ်ယောက် သုတ်နေပြီး ယူဆန်းအာနှင့် ပိုးဟပ်တွေကို ကြည့်နေသော လီဂီယောင်တို့ကတော့ လီဟန်းဆောင်ဘေးတွင် ထိုင်နေကြသည်။

သူတို့၏ စိတ်ပျက်အားငယ်နေမိခြင်းကို ကျနော်နားလည်ပေသည်။ ဂူမိုဘူတာက အဖွဲ့ကို ရှင်းထုတ်ပြီးသည့်နောက်တွင် အရာရာကို နားလည်သွားကြပြီဟု သူတို့တွေ ထင်ခဲ့ကြ၏။ ထို့အပြင် ဤဘူတာကနေ သုံးဘူတာမြောက်တွင် အံ့အားသင့်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးကြီး ရှိနေလေသည်။ ရက်စက်လှသော အမှန်တရားကို လက်ခံဖို့ အချိန်တန်လေပြီ။

“ဒါပေမဲ့လည်း ဆန်ကုန်မြေလေးတွေကိုဖြေရှင်းဖို့က ဘာနည်းလမ်းမှ မရှိတာတော့ မဟုတ်ဘူး”

“ဟမ်”

“ခက်တော့ခက်လောက်ပေမဲ့ ဆန်ကုန်မြေလေးတွေကိုအနိုင်ယူဖို့ နည်းလမ်းတစ်ခု ရှိတယ်”

သူတို့၏အကြည့်များ ကျနော့်ထံ ကျရောက်လာကြသည်။ လီဟန်းဆောင်က မေး၏။

“ခင်ဗျားမှာ တကယ်ကိုနည်းလမ်းတစ်ခုရှိနေတာလား”

“ဘာနည်းလမ်းလဲ”

ဘေးပတ်လည်ကိုကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ကျနော်ပြောသည်။

“ဂုံဖီဒူကို လက်နက်ဇုန်ထဲကနေ ထွက်လာအောင်လုပ်ရမယ်”

“လက်နက်ဇုန်ဆိုတာဘာကြီးလဲ”

“ဂုံဖီဒူရဲ့အထူးစွမ်းရည်ကိုပြောတာ။ သူ့ရဲ့အထူးစွမ်းရည်က နယ်မြေတစ်ခုကို ကာကွယ်တဲ့နေရာမှာ အကောင်းဆုံးပဲ”

လက်နက်ဇုန်ဆိုသော အထူးစွမ်းရည်ကြောင့် ဂုံဖီဒူကို ဆန့်ကျင်ရခက်နေခြင်း ဖြစ်သည်။ အဆိုပါစွမ်းရည်ဖြင့် နယ်မြေတစ်ခုတွင် စက်သေနတ်များကို တပ်ဆင်၍ ရသည်။ ယခုအချိန်တွင်တော့ သာမန်လက်နက်ဇုန်အဖြစ်သာ ရှိနေသော်လည်း နောင်အနာဂတ်တွင် အထူးစွမ်းရည်က ဆင့်ကဲပြောင်းလဲလာပါက လက်နက်ခံတပ် ဖြစ်လာမည်ဖြစ်ပြီး ဂုံဖီဒူကို ရင်ဆိုင်ဖို့ ပို၍ပင်ခက်သွားပေလိမ့်မည်။ သို့သော် ဂုံဖီဒူထံတွင် သိသာထင်ရှားသော အားနည်းချက်တစ်ခုရှိ၏။

“သူသာ လက်နက်ဇုန်ကနေထွက်သွားမယ်ဆိုရင် လက်နက်ဇုန်က အသက်မဲ့သွား လိမ့်မယ်။ သူ့ရဲ့စက်သေနတ်တွေလည်း သုံးစားမရဘဲ ဖြစ်သွားမှာလေ။ နေရာအကျယ်ကြီးကို ကာကွယ်ပေးနိုင်တဲ့စွမ်းရည်မျိုးမှာ ကန့်သတ်ချက်တွေရှိတာက ထုံးစံပဲ”

လီဟန်းဆောင်နှင့် ယောင်ဟီဝမ်တို့သည် ကျနော့်ကို လေးစားသည့်အကြည့်ဖြင့် တပြိုင်တည်း ကြည့်လိုက်ကြ၏။

“အဲ့လိုတဲ့လား”

“တခါလောက်မြင်ရုံနဲ့ အားနည်းချက်ကို တွေ့သွားတာတဲ့လား။ အဲ့လိုမျိုး အားနည်းချက်ကို ရှာနိုင်တာက ဒေါ့ဂျာရရဲ့ ဝိသေသ လက္ခဏာလား”

ကျနော်၏ သိမြင်နိုင်စွမ်းကို သူတို့တွေ မြင်နေရသည်မှာ ခဏခဏဖြစ်နေပြီမလို့ အသားပင်ကျနေကြပေပြီ။ ယူဆန်းအာက မေး၏။

“ဒါဆိုရင် ဂုံဖီဒူကို သူ့နေရာကနေ ထွက်သွားအောင် ဘယ်လိုလုပ်ကြမလဲ”

“ဘယ်လိုလုပ်ရမလဲကိုပဲ အခုစဉ်းစားဖို့ိလိုနေတာလေ”

“အာ…စဉ်းစားရမှာကိုမုန်းလိုက်တာ”

ယောင်ဟီဝမ်က သက်ပြင်းချသည်။

တစ်ခဏခန့် လူတိုင်းတိတ်ဆိတ်သွားကြ၏။ ထို့နောက်တွင်တော့ လီဟန်းဆောင်က အကြံစပေးလေသည်။

“ဂုံဖီဒူ အိမ်သာတက်နေတုန်း ကျုပ်တို့တွေ တိုက်ခိုက်ကြမလား”

“သူ့ထိုင်ခုံဘေးကဟာတွေကို ခင်ဗျားမမြင်ခဲ့ဘူးလား”

ဂုံဖီဒူသည် သူ၏လက်နက်ဇုန်ကနေ မည်သည့်အခါမှ ထွက်မသွားပေ။ သူ၏ထိုင်ခုံတွင် လိုအပ်တာမှန်သမျှ အကုန်ရှိ၏။ စားဖို့အိပ်ဖို့ ပစ္စည်းတွေဖြစ်သော အိပ်ယာလိပ်၊ စောင်၊ စားစရာ၊ ရေနှင့် သေးပေါက်ရန်နေရာပင် ရှိနေလေသည်။ အိမ်ငှားတွေက ထိုအရာအားလုံးကို သူသုံးဖို့ ပေးထားခဲ့ခြင်း ဖြစ်၏။

“ရူးချင်စရာပဲ။ အဲ့ဒီလူက အခန်းအောင်းပြီး လုံးဝကိုနေနေသလိုပဲနော်။ မဟုတ်သေးဘူး။ သူဘယ်ကိုမှထွက်မသွားဘူးဆိုတာက ဒီနယ်မြေထဲမှာ တစ်ခုခုကို ဝှက်ထားလို့ပဲဖြစ်ရမယ်”

“ချွန်မူရိုရဲ့အကြီးဆုံး ‘အခန်း’ရှိနေလို့လေ”

“အခန်းဟုတ်လား”

အခန်းဆိုသည့် စကားလုံးကို ယောင်ဟီဝမ် နားမလည်သေးသော်လည်း ကျနော် မရှင်းပြခဲ့ချေ။

[တတိယမြောက် ဇာတ်ဝင်ခန်းစတင်ရန် အချိန်တစ်နာရီကျန်ပါသည်။]

သိပ်မကြာခင်တွင် ယောင်ဟီဝမ်သိသွားမည်ပင်။

“ငါတို့တွေလည်း အခန်းတစ်ခန်းကို ရှာမှဖြစ်မယ်”

ကျနော်တို့အဖွဲ့မတ်တပ်ရပ်လိုက်စဉ်မှာပဲ ဘေးနားရှိလူများ လှုတ်လှှုတ်ရှားရှား ဖြစ်သွားသည်။

“အ-အနားကိုမလာနဲ့နော်”

စြင်္က ံပလက်ဖောင်း နံပါတ် ၃ပေါ်ရှိ အခန်းတစ်ခန်းကို ဓါးကိုင်ပြီး ကာကွယ်ပေးနေသော လူတစ်ယောက်သည် အလွန်ပင်ရန်လိုကြောင်းပြသနေ၏။ သို့ပေငြားလည်း ကျနော်တို့ ထိုလူနား မကပ်နိုင်ခင်မှာပဲ တခြားလူတွေသည် ထိုလူဆီအပြေးဝင်သွားကြ၏။

“ထွက်သွားကြစမ်း။ မအေဘေးတွေ”

သူတို့အားလုံး မြင်မြင်သမျှ တိုက်ခိုက်ကုန်ကြသည်။ ဓါးကိုင်ထားသောလူ တွန်းထုတ်ခံရချိန်မှာပဲ ထိုလူရပ်နေခဲ့သော အစိမ်းရောင်နယ်မြေက အမှတ်အသားသည် ပြောင်းသွားလေသည်။ ပိုင်ရှင်ပြောင်းသွားချေပြီ။

[အစိမ်းရောင်နယ်မြေ ၁/၁ -> အစိမ်းရောင်နယ်မြေ ဝ/၁]

အခန်းကိုရဖို့အတွက် လူတွေအချင်းချင်း မညှာမတာ တိုက်ခိုက်နေကြသည်။ တချို့လူတွေဆိုလျှင် ပေါင်၌ ဓါးထိုးခံထားရပြီး တချို့လူတွေကတော့ နှာခေါင်းရိုး ကျိုးနေချေပြီ။ ယောင်ဟီဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

“ငါတို့တွေ ဝင်တားသင့်တယ်မထင်ဘူးလား”

“ငါတို့တွေဝင်တားရင်တောင်မှ ရလာဒ်ကတော့ အတူတူပဲ ဖြစ်မှာပဲ။ တစ်ယောက်ယောက်ကတော့ သေကိုသေရမှာလေ”

“လူဘာလို့သေဖို့လိုရတာလဲ”

“ဒီဇာတ်ဝင်ခန်းကိုရှောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ကျနော်စကားပြော၍ ပြီးပြီးချင်းမှာပဲ ဘီဟွန်းပေါ်လာသည်။

[အဓိကဇာတ်ဝင်ခန်းရဲ့တတိယမြောက်နေ့ကို စလိုက်ကြရအောင်လား။ လူသစ်တွေပါ ရှိနေတာဆိုတော့ စိတ်လှုတ်ရှားဖို့ကောင်းမှာသေချာတယ်။ ဟားဟားဟား]

ဘီဟွန်းသည် ကျနော့်ဘက်သို့ ကြည့်နေလေသည်။ ချွန်မူရိုဇာတ်ဝင်ခန်းကို တာဝန်ယူထားသော ဒိုကဲဘီသုံးကောင်ရှိ၏။ ကြည့်ရသည်မှာ ဘီဟွန်းက ယာယီကိုယ်စားပြုအဖြစ် တာဝန်ယူထားပုံရသည်။ ထို့နောက်တွင်တော့ တတိယမြောက် ဇာတ်ဝင်ခန်းသည် ကျနော်တို့ရှေ့တွင် ရောက်လာလေတော့သည်။

[အဓိကဇာတ်ဝင်ခန်း #၃ – အစိမ်းရောင်နယ်မြေ (သုံးရက်မြောက်နေ့)]

အမျိုးအစား : အဓိက

ခက်ခဲမှု : C

ပြီးမြောက်ရန်လိုအပ်ချက် : အစိမ်းရောင်နယ်မြေတစ်ခုရယူပြီး သတ္တဝါတွေ၏ ရန်ကနေ ညစဉ်ညတိုင်း ညသန်းခေါင်ကျော်သည် အထိ အသက်ရှင်အောင်နေပါ။ ဤဇာတ်ဝင်ခန်းသည် ၇ရက်ကြာမြင့်ပါမည်။

အချိန်ကန့်သတ်ချက် : ၈နာရီ

ဆုလာဘ် : ဒင်္ဂါး ၁၀၀၀

ကျရှုံးမှု : -

လီဟန်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဒါ-ဒါက…”

[ရိုးရိုးရှင်းရှင်းလေးပဲ။ တခြားလူတွေထက်ဦးအောင် အစိမ်းရောင်နယ်မြေကို အပိုင်ယူပါ။ တခြားလူတွေဆီကနေ လုယူလည်း ရတယ်။ ဒါနဲ့ မင်းတို့တွေ မြန်မြန်လှုတ်ရှားသင့်နေပြီနော်။ ဇာတ်ဝင်ခန်းစပြီးတဲ့နောက်မှာ အစိမ်းရောင်နယ်မြေ တစ်ခုကို မရထားဘူးဆိုရင် အရမ်းကိုဆိုးရွားတဲ့အတွေ့အကြုံကို ခံစားရလိမ့်မယ်။ ဟားဟားဟား….အားလုံးပဲ….ကံကောင်းကြပါစေ]

ဘီဟွန်း၏စကားကြောင့် လူတိုင်း၏မျက်နှာမှ ဖြူဖျော့သွားသည်။ ထို့နောက်တွင်တော့ လူတွေ၏ အော်သံဆက်ပြီး ထွက်ပေါ်လာတော့သည်။

“သေပေတော့”

“မင်း-မင်းကိုမုန်းလို့ အခုလိုလုပ်ရတာမဟုတ်ပါဘူး။ ငါအသက်ရှင်ချင်သေးလို့ပါ”

လက်တွေ့အမှန်တရားက လူတိုင်းကို နိုးကြားစေနေပြီ။ ကျနော်တို့ရှေ့တွင် ရုန်းကန်နေကြခြင်းမှာ ဇာတ်လမ်းရိုက်နေခြင်း မဟုတ်ပေ။ တုန်ရီသောအသံဖြင့် ယူဆန်းအာက မေး၏။

“ဒီလူတွေလို ကျမတို့တွေ တိုက်ခိုက်ဖို့တော့ မလိုဘူးမလား”

“မလိုပါဘူး။ လူများများဆန့်တဲ့အခန်းတစ်ခန်းကို အရယူဖို့ပဲလိုတယ်”

“အစိမ်းရောင်နယ်မြေရဲ့အရွယ်အစားက မျိုးစုံရှိတယ်။ လူတစ်ယောက်ပဲ ဆန့်တဲ့ အခန်းကနေ ဂုံဖီဒူရဲ့နယ်မြေလို လူအယောက် ၇၀အထိ ဆန့်တဲ့အခန်းလည်း ရှိတယ်”

“အခန်းလွတ်တွေကျန်နေသေးဖို့တော့ လိုတာပေါ့လေ”

ယောင်ဟီဝမ်က ဝင်ပြောသည်။

“ဒေါ့ဂျာဟာ လူတွေကိုစိတ်မသက်မသာဖြစ်အောင်လုပ်တဲ့နေရာမှာ ဆရာ တစ်ဆူ ပဲနော်။ ဒါဆိုရင် အခုချက်ချင်းလှုတ်ရှားကြမယ်လေ။ အခန်းလွတ် တချို့တော့ ကျန်လောက်မယ်ထင်တာပဲ”

“ငါတို့တွေလူခွဲပြီးလှုတ်ရှားတာက ပိုမြန်လိမ့်မယ်။ ဟန်းဆောင်က ဆန်းအာနဲ့အတူတူ လှုတ်ရှားပါ။ ဟီဝမ်ကတော့ ဂီယောင်ကို ခေါ်သွားလိုက်”

“ဒေါ့ဂျာကရော…”

“ငါတစ်ယောက်ထဲလှုတ်ရှားလို့အဆင်ပြေတယ်”

မည်သည့်စကားမှ ကျနော်ထပ်ပြောရန်မလိုချေ။ လူတိုင်း ကျနော့်ကိုယုံကြည်ကြ၏။ လီဂီယောင်ဆီကနေ အရင်ဆုံးစကားသံထွက်လာသည်။

“အကိုကြီး။ ကျနော်တို့တွေ အခန်းတစ်ခန်းမှ ရှာမတွေ့ရင်ရော ဘယ်လိုလုပ်ရမလဲ”

“အခန်းတစ်ခန်းတောင်ရှာမရဘူးဆိုရင် ဇာတ်ဝင်ခန်းမစခင် မိနစ်၂၀အလိုမှာ ဒီနေရာမှာ လူပြန်စုကြမယ်”

“နားလည်ပါပြီ။ ဒါဆိုရင် သွားပြီနော်”

ကျနော့်အဖွဲ့သားတွေ လူစုခွဲကာ စရှာကြပေပြီ။ ယောင်ဟီဝမ်နှင့် လီဂီယောင်တို့က မြေအောက် ဒုတိယထပ်ကိုသွားကြပြီး ယူဆန်းအာနှင့် လီဟန်းဆောင်တို့ကတော့ မြေအောက် တတိယထပ်ကို သွားကြ၏။ အဖွဲ့သားတွေထွက်သွားကြသည်ကိုကြည့်ပြီး ကျနော့်ဖုန်းကို ဖွင့်လိုက်သည်။ Ways of Survivalဇာတ်လမ်းကို ဖွင့်ဖွင့်ချင်းမှာပဲ စာကြောင်းတစ်ကြောင်းပေါ်လာ၏။

「ချွန်မူရိုတွင် မည်သည့်အခန်းမှ မကျန်တော့ပါ။」

ရှင်းရှင်းလေးပင် ရေးထားသည်။ ကျနော့်အဖွဲ့သားအားလုံး မည်သည့်အခန်းလွတ်ကိုမှ ရှာတွေ့မည်မဟုတ်ချေ။ ထို့ကြောင့် နည်းလမ်းတစ်ခုကိုသာ သူတို့တွေ ရွေးချယ်ရပေ တော့မည်။ အသက်ရှင်ဖို့အတွက်ဆိုလျှင် တစ်ယောက်ယောက်ကိုသတ်ပြီး အခန်းကို လုရပေမည်။ သို့သော် လီဟန်းဆောင်နှင့် ယောင်ဟီဝမ်တို့ လုပ်နိုင်ပါမည်လော။ ဤနေရာတွင်ရှိသောလူတိုင်းသည် ဆိုးယုတ်သောလူများ မဟုတ်ကြပေ။ ဂုံဖီဒူလို ပျက်ဆီးနေသော လူတချို့တော့ ရှိလောက်ပေမည်။ သို့ပေငြားလည်း အဆိုပါလူအများစုသည် သူတို့ကိုသူကာကွယ်ရန်အလို့ငှာ လူတွေအပေါ် ရက်ရက်စက်စက် ဆက်ဆံပြထား၏။

ယူဆန်းအာနှင့် လီဂီယောင်တို့သည် အဆိုပါလူတွေကဲ့သို့ ရက်စက်နိုင်လောက် ပေမည်လော။

သိပ်မကြာခင်တွင် ကျနော်သိရတော့ပေမည်။

All Chapters