← Chapters

အိမ်ရှင် (၄)

Vol. 2 Ch. 31

အိမ်ရှင် (၄)

Vol. 2 Ch. 31

ဒိုကဲဘီပျောက်သွားပြီးနောက် စြင်္က ံပလက်ဖောင်း ၃တွင် ဒါဇင်နှင့်ချီသော လူများ သေကုန်ပြီဖြစ်သည်။

ယခုဆိုလျှင် စြင်္က ံပလက်ဖောင်း ၃တွင် အခန်းတစ်ခန်းသာ ကျန်တော့ပေသည်။

အစွမ်းထက်သူ မည်သူမှ ဤနေရာတွင်ရှိမနေခြင်းကြောင့် အားနည်းသူများလည်း နောက်သို့ပြန်မဆုတ်တော့ပဲ အချင်းချင်း တိုက်ခိုက်ကုန်ကြသည်။

"သေစမ်း။ သေစမ်း"

[တတိယမြောက်ဇာတ်ဝင်ခန်းစတင်ရန် မိနစ် ၃၀ ကျန်ပါသည်။]

ကျနော့်ပတ်ပတ်လည်၌ အော်သံတွေနှင့် ပြေးလွှားသံတွေ ပြည့်နေချိန်တွင် Ways of Survivalကို တိတ်တဆိတ် ကျနော်ဖတ်နေ၏။ ယနေ့ဇာတ်ဝင်ခန်းသည် ကျနော်ထင်ထားသလို ဖြစ်လာလိမ့်ဟု ယူဆရသည်။ Ways of Survivalဇာတ်လမ်း ထဲက စားလုံးတစ်လုံးကိုမှ မဖတ်မိဘဲ ကျော်သွားတာမျိုး အဖြစ်ခံ၍မဖြစ်ချေ။

[မင်းဘာလုပ်နေတာလဲ]

ဘီဟွန်း၏စကားသံနှင့်အတူ နက္ခတ်တွေ၏ မက်ဆေ့ချ်အသံကို ကျနော်ကြားလိုက်ရသည်။

['ရွှေခေါင်းကွင်း၏အကျဉ်းသား'သည် သင်ဘာလုပ်နေသည်ကို သိချင်နေပါသည်။]

ဖုန်းကို ချက်ချင်း ကျနော်ပိတ်လိုက်၏။ ယခုအချိန်အထိ ကျနော်မတွေးမိသေးသည့်ကိစ္စ ရှိနေသည်ပင်။ Ways of Survivalဇာတ်လမ်းကို ကျနော်ထုတ်ဖတ်သည့်အချိန်တွင် နက္ခတ်တွေက အဘယ်ကြောင့် မတုန့်ပြန်ရသနည်း။

မူရင်း Ways of Survivalဇာတ်လမ်းထဲတွင် ယူဂျွန်ဟော့၏ အစွမ်းမှာ နောက်ပြန်ဆုတ်နိုင်သောအစွမ်းဖြစ်မှန်း သိသွားချိန်၌ တရားမျှတမှုမရှိသလို ဖြစ်နေသည်ဟု နက္ခတ်တွေက မေးခွန်းထုတ်ကြ၏။ ကျနော်စာထုတ်ဖတ်ချိန်တွင်လည်း နက္ခတ်တွေဘက်က ထိုကဲ့သို့မေးခွန်းထုတ်သင့်ပေသည်။

[ဖုန်းမျက်နှာပြင်ပေါ်မှာ ဘာစာမှမပါတဲ့ စာမျက်နှာအလွတ်ကြီးကို မင်းဘာလို့ကြည့်နေရတာလဲ။ မင်းကြောင့် နက္ခတ်တွေ စိတ်တိုပြီး သောင်းကျန်းနေကြပြီကွ]

...စာမျက်နှာအလွတ်ကြီးတဲ့လား။

ဖုန်းကို ကျနော်ထပ်ပြီးဖွင့်လိုက်သည်။ Ways of Survivalက ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်လာ၏။

"စာမျက်နှာအလွတ်ဆိုတာ ဒါကိုပြောတာလား"

[ဟုတ်တယ်လေ။ အဲ့ဒီစာမျက်နှာအလွတ်ကြီးကို မင်းက ဘာလို့ဖွင့်ကြည့်နေရတာလဲ။ ဒီအတိုင်းငြိမ်နေရင် မင်းသေရမှာနော်။ ဟ…ဒီလိုကောင်စားမျိုးကိုယုံစားမိပြီး ငါက စာချုပ်ချုပ်ခဲ့မိတယ်ဆိုပဲ]

ကျနော်ကြက်သီးတွေထသွားမိသည်။

ဤဇာတ်ဝင်ခန်းစနစ်ကို စီမံပေးရသော ဒိုကဲဘီပင် ကျနော့်ဖုန်းထဲက ‘text’ကို ဖတ်မရဘဲ ဖြစ်နေသည်ဆိုလျှင် နက္ခတ်တွေလည်း ဖတ်မရဘဲဖြစ်နေမှာ သေချာ၏။ ဒါဆိုရင် ကျနော့်ကို ဤtextပေးခဲ့သည့်သူက မည်သူနည်း။

"အား"

အော်သံတစ်ခုထွက်ပေါ်လာသည်။ ယခုဆိုလျှင် ပလက်ဖောင်းစြင်္ကံ၃ပေါ်က အခန်းတွင် ပိုင်ရှင်ရှိသွားပေပြီ။

[အစိမ်းရောင်နယ်မြေ ၁/၁]

"...အနားကိုကပ်မလာနဲ့"

ကောင်လေးတစ်ယောက် ကျနော့်ကိုဓါးတစ်လက်ဖြင့် ချိန်ထား၏။ အံ့အားသင့်ဖို့ ကောင်းစွာပဲ ကျနော်တို့ကို အစောပိုင်းတုန်းက လမ်းပြပေးခဲ့သော ကောင်လေးသည် အခန်းကိုပိုင်ဆိုင်သူဖြစ်နေလေပြီ။ ထိုကောင်လေး၏နာမည်ကို ကျနော်မသိရသေးပေ။

"စိတ်မပူနဲ့။ မင်းရဲ့အခန်းကို ငါမယူဘူး"

ကောင်လေးစိတ်အေးသွားစေရန် ကျနော်ပြောလိုက်သည်။

"တကယ်ပြောနေတာလား။ ဦးလေးကြီး….ရှင့်ပုံစံက အရမ်းကို စိတ်အေးလက်အေး ရှိနေသလိုပဲနော်။ ရှင်က သေချင်နေတာလား"

စကားပြောနေသည်မှာ မည်သူဖြစ်သူကို ကျနော်လှည့်ကြည့်ဖို့ပင် မလိုချေ။

"ကြည့်ရတာ ရှင်က သိပ်အားယားနေတဲ့ပုံပဲနော်"

"ငါ့အခန်းကို ဘယ်သူမှထိခွင့်မရှိဘူး။ ထိတဲ့ကောင်တိုင်းကို ငရဲဆီပို့ပစ်မယ်"

လီဂျီဟယ်သည် အပြာနက်ရောင်ဓါးတစ်လက်ကို ဝှေ့ယမ်းကာ ဆော့ကစားနေလေသည်။ လက်ရည်ချင်းယှဉ်မည်ဆိုပါက ယူဂျွန်ဟော့ သို့မဟုတ် အိမ်ရှင်မဟာမိတ်က လူများကလွဲလျှင် မည်သူမှ လီဂျီဟယ်ကို ယှဉ်နိုင်မည်မဟုတ်ချေ။ လီဂျီဟယ်သည် ကျနော့်ကို သေချာစိုက်ကြည့်ပြီး ပြော၏။

"ဦးလေးကြီးကို မသေစေချင်ဘူး။ ဦးလေးကြီးဟာ စောတုန်းက ဆရာနဲ့တွေ့ခဲ့ချိန်မှာ အရမ်းကိုမိမိုက်ခဲ့တာလေ"

"စိတ်မပူနဲ့။ ငါသေမှာမဟုတ်ဘူး။ အခန်းတစ်ခန်းကို ငါရှာမတွေ့ရင်တောင် ငါက သေမှာ မဟုတ်ဘူး"

ဤစကားက အမှန်ပင်။ အခန်းတစ်ခန်းကို ကျနော်ရှာ၍မတွေ့လျှင်လည်း ကျနော်သေမည်မဟုတ်။ ဤဘူတာတွင် အခန်းမရှာဘဲ အသက်ရှင်အောင် နေပြခဲ့သည့် လူထူးလူဆန်းတစ်ယောက်ပင် ရှိခဲ့သေးသည်။ ထိုသို့နေပြခဲ့ခြင်းမှာ သုံးရက်သာ ရှိသေး၏။

လီဂျီဟယ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ဦးလေးကြီး။ ရှင်အခုဘာပြောနေတာလဲကို သိရောသိရဲ့လား"

"အေး"

"ဦးလေးကြီး။ ရှင်က အစွမ်းထက်တာလား။ ဆရာ့နီးပါးကို အစွမ်းထက်လား"

ထိုအချိန်တွင် လီဂျီဟယ်၏နောက်၌ ယူဂျွန်ဟော့ ပေါ်လာ၏။

"တော်လိုက်တော့။ နင့်အခန်းဆီပဲ ပြန်သွားစမ်း"

"အာ…ဟုတ်ကဲ့…ဆရာ"

လီဂျီဟယ်သည် နာခံစွာဖြင့် ထွက်သွားချိန်၌ ယူဂျွန်ဟော့က ကျနော့်ဘက်သို့ လှည့်လိုက်၏။

"မကောင်းဆိုးဝါးတွေကို မင်းက တိုက်ခိုက်မလို့လား"

ပုခုံးနှစ်ဖက်ကို ကျနော်တွန့်ပြလိုက်သည်။

"မင်းသေသွားလိမ့်မယ်။ မင်းရဲ့အဖော်လေးယောက်ပါ သေသွားမှာနော်"

"သေမသေကို မသိရသေးပါဘူးကွာ"

ယူဂျွန်ဟော၏မျက်လုံးထဲတွင် အမျိုးအမည်မသိသော ခံစားချက်တစ်ခုပေါ်လာပြီး ကျနော့်ကိုစိုက်ကြည့်ကာ ထွက်သွားတော့သည်။ အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ကိုပင် ကျနော်မသုံးခဲ့ချေ။ ခံစားချက်တိုင်းကို စကားလုံးတွေဖြင့် ဖော်ပြနိုင်ဖို့ဆိုသည်မှာ ဖြစ်နိုင်သည်မဟုတ်ပေ။

[တတိယမြောက်ဇာတ်ဝင်ခန်းအသက်ဝင်ရန် မိနစ် ၂၀သာ လိုပါတော့သည်။]

လှေကားကနေ လူတွေဆင်းလာသံထွက်လာ၏။ ကျနော်မျှော်မှန်းထားသည့်အတိုင်း လီဟန်းဆောင်၊ လီဂီယောင်နှှု့် ယူဆန်းအာတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့် အမူအရာပေါ်နေလေသည်။ စိတ်ညစ်သည့်အမူအရာဖြင့် ယူဆန်းအာက ပြော၏။

"ဘာအခန်းမှ မကျန်တော့ဘူး”

"ကိစ္စမရှိဘူး။ ဒါနဲ့ ဟီဝမ်ရော ဘယ်မှာလဲ"

"ဟီဝမ်က အပေါ်က လူတွေဆီသွားပြီးညှိနှိုင်းနေတယ်"

ထိုအချိန်တွင် ယောင်ဟီဝမ်တစ်ယောက် အသံကျယ်ကျယ်ဖြင့် စကားပြောပြီး အပေါ်ကနေ ဆင်းလာလေသည်။

"တစ်ညကို ဒင်္ဂါး ၂၀၀၀တဲ့လား။ လာနောက်နေတာလားဟ။ ဒီကောင်တွေကို ငါတော့ စောက်ခွက်ရိုက်မိတော့မယ်"

ယောင်ဟီဝမ်သည် စိတ်ဆိုးစွာဖြင့် ဆက်ပြောသည်။

"ဒေါ့ဂျာ။ အပေါ်ထပ်မှာ ဘာတွေဖြစ်ပျက်နေလဲ နင်သိလား။ အဲ့ကောင်တွေက… "

"အိမ်ငှားခကို ရုတ်တရက်ကြီးတိုးလိုက်တာမလား"

"ဟာ…နင်သိထားပြီးပြီလား"

ဤသို့ငှားရမ်းခတိုးမြှင့်မည်မှန်း ကျနော်မှန်းထားပြီးသားပင်။ မိနစ်၂၀အတွင်း အခန်းတစ်ခန်းကို မရသည့်လူများသည် သေရတော့မည်ဖြစ်၏။ ယခုအချိန်၌ အိမ်ရှင်တွေဘက်က အိမ်ငှားခကို တိုးတောင်းမည်က သဘာဝကျသည်။

"ဒေါ့ဂျာရော အခန်းတွေရှာလို့ရခဲ့လား"

"မရခဲ့ဘူး"

"အာ..."

ကျနော့်အဖွဲ့သားတွေ၏မျက်နှာတွေကို တစ်ယောက်ချင်း ကျနော်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ရွေးချယ်ရမည့်အချိန်က ရောက်လာခဲ့ချေပြီ။

"ငါ့မှာ နည်းလမ်းနှစ်ခုရှိတယ်"

ထိုသို့ကျနော်ပြောလိုက်သဖြင့် ကျနော့်အဖွဲသားတွေ၏မျက်လုံးများ တောက်ပလာ ကြသည်။ သို့ပေငြားလည်း ကျနော်ပြောပြမည့်နည်းလမ်းတွေက သူတို့၏မျှော်လင့်ချက် များကို ရိုက်ချိုးလောက်ပေသည်။

"ပထမနည်းလမ်းကတော့ ငါတို့အားလုံးကို လွယ်လွယ်နဲ့အသက်ရှင်အောင် လုပ်ပေး နိုင်တယ်"

ယောင်ဟီဝမ်၏ မျက်လုံးများကျဉ်းမြောင်းသွားသည်။

"ဒုတိယနည်းလမ်းက ပိုကောင်းမယ်ထင်တယ်။ ဒုတိယနည်းလမ်းကရော ဘာလဲ"

"ဒုတိယနည်းလမ်းကတော့ အရမ်းအရမ်းကိုဆိုးတယ်။ ငါတို့ထဲက လူတစ်ချို့တောင် သေသွားနိုင်တယ်"

"အာ...အဲ့လိုဖြစ်လို့ မရဘူးလေ။ ဒါဆိုရင် ပထမနည်းလမ်းကိုပဲ ရွေးတော့မယ်"

"တခြားလူတွေရော ဘယ်လိုသဘောရလဲ"

လီဟန်းဆောင်က အရင်ဆုံးပြန်ဖြေသည်။

"လူတိုင်းအသက်ရှင်နိုင်မယ်ဆိုရင်တော့ ပထမနည်းလမ်းကိုရွေးတာ ကောင်းတာပေါ့"

လီဂီယောင်က ခေါင်းညိတ်ပြသည်။ ယူဆန်းအာတစ်ယောက်ပဲ မည်သည့်အဖြေမှ မပြောဘဲ နေနေလေသည်။

"ပထမနည်းလမ်းက ဘာလဲသိလို့ရမလား"

ကျနော်ခေါင်းညိတ်ပြလိုက်ပြီး ရထားလိုင်းနံပါတ် ၄ဆီ အဖွဲ့သားတွေကို ခေါ်သွားလိုက်သည်။

"ဒါက ပထမနည်းလမ်းပဲ"

ကျနော်ညွှန်ပြသည်ကို အဖွဲ့သားများ ကြည့်လိုက်ကြ၏။ ကျနော်ညွှန်ပြရာနေရာတွင် တုန်ရီနေသော လူငါးယောက်ပါ အဖွဲ့တစ်ဖွဲ့ရှိနေလသည်။

[အစိမ်းရောင်နယ်မြေ ၅/၅]

"အဲ့ဒီလူတွေယူထားတဲ့အခန်းက လူငါးယောက်စာ နေရာရှိတယ်။ ဒါပေမဲ့ အဲ့ဒီလူတွေရဲ့စွမ်းရည်တွေကတော့ သိပ်မမြင့်ဘူး။ အမှန်အတိုင်းပြောရရင် ငါတို့ငါးယောက်ကတောင်…. "

"နေဦး။ ဒေါ့ဂျာ"

"ဟုတ်တယ်။ သူတို့ကိုသတ်ပစ်ပြီး သူတို့ရဲ့အခန်းကိုယူရမှာလေ"

ကျနော်၏တည်ငြိမ်သောစကားသံက ထိုလူတွေကို ပို၍တုန်ရီသွားစေသည်။ ယောင်ဟီဝမ်၏ မျက်နှာသည် ရှုံ ့မဲ့သွား၏။

"လူသတ်ပြီးလုတဲ့နည်းလမ်းကို ဘယ်သူက မသိလို့လဲ"

"အကိုကြီးက လုပ်မယ်ပြောရင် ကျနော်လည်း လုပ်မယ်"

လီဂီယောင်က အရင်ဆုံးအဖြေပေးသည်။

"ကျနော်မကြောက်ဘူး။ ကျနော်လုပ်မယ်"

"မဟုတ်သေးဘူး။ ဂီယောင်"

ယူဆန်းအာက လီဂီယောင်၏ပုခုံးကို ဖမ်းကိုင်လိုက်သည်။ ဂရုမစိုက်သည့်အမူအရာဖြင့် ကျနော်ကြည့်လိုက်၏။

"အဲ့ဒီအခန်းကိုရဖို့အတွက် အဲ့ဒီလူတွေလည်း တစ်ယောက်ယောက်ကိုသတ်ခဲ့မှာပဲလေ။ အမှန်အတိုင်းပြောရရင် ငါတို့တွေမသတ်ဖြတ်ဘူးဆိုရင် ဒီဇာတ်ဝင်ခန်းကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး"

"ဒေါ့ဂျာ"

ယောင်ဟီဝမ်က စကားဖြတ်ကာ ဝင်ပြောသည်။

"ဂူမိုဘူတာတုန်းက လူတွေကို ငါသတ်ခဲ့တယ်။ ငါကိုယ်တိုင်ကိုက သတ်ချင်လို့ သတ်ခဲ့တာဖြစ်တဲ့အပြင် နောင်တလည်းမရဘူး။ ဒါပေမဲ့… "

ယောင်ဟီဝမ်၏ မျက်နှာပေါ်တွင် နာကျင်သောအမူအရာပေါ်လာသည်။

"ငါဟာ လူသတ်သမားတစ်ယောက်ဖြစ်နေပြီဆိုပေမဲ့ ဆက်ပြီးသတ်ဖြတ်ချင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ငါ…မကောင်းဆိုးဝါးတစ်ကောင် ဖြစ်မသွားချင်ဘူး”

"..."

"ဒေါ့ဂျာ။ ဒုတိယနည်းလမ်းကို ကျုပ်သိချင်တယ်"

တစ်ခဏခန့် မျက်လုံးကိုမှိတ်ပြီး လီဟန်းဆောင်၏အမေးကို ပြန်ဖြေလိုက်သည်။

"ခင်ဗျားတို့တွေရဲ့အတွေးတွေကို ကျုပ်နားလည်ပါတယ်"

ဟုတ်ပေသည်။ တော်လောက်ပေပြီ။

"ဒုတိယနည်းလမ်းကိုပဲ လုပ်ကြတာပေါ့"

အဖွဲ့သားတွေ၏မျက်နှာအမူအရာမှာ တောက်ပသွားပုံပေါ်သည်။ အမှန်အတိုင်း ပြောရလျှင် အစကတည်းက ဒုတိယနည်းလမ်းကိုအသုံးပြုဖို့ ကျနော်တွေးထား ခဲ့ခြင်းသာ။

အသက်ရှင်ဖို့အတွက် သတ်ဖြတ်မှုကိုလုပ်ဖို့က လွယ်ကူသောနည်းလမ်းဖြစ်သော်လည်း လွယ်ကူသောနည်းလမ်းကိုသာ ကျနော်ရွေးချယ်မည်ဆိုပါက နက္ခတ်တွေ၏ အာရုံစိုက်မှုကို ကျနော်လုံးဝရနိုင်တော့မည်မဟုတ်ပေ။

သို့ပေငြားလည်း ဒုတိယနည်းလမ်းတွင် ခိုင်မာသောစိတ်ဓါတ်ကို လိုအပ်သည်။ ကျနော့်တွင်သာမက အဖွဲ့သားအားလုံး၌ပါ ခိုင်မာသောစိတ်ဓါတ်ရှိဖို့လို၏။ ထို့ကြောင့် အဖွဲသားတွေတွင် ခိုင်မာသောစိတ်ရှိမရှိကို စမ်းသပ်ကြည့်ရန် လိုခဲ့ခြင်းဖြစ်သည်။ တကယ်တန်းတွင် ဤလူတွေမည်သို့တွေးတောနေသည်ကို ကျနော်သိဖို့လို၏။

ယောင်ဟီဝမ်က ရယ်သည်။

"ငါထင်သားပဲ။ ဒုတိယနည်းလမ်းကိုရွေးမယ်လို့ နင်စဉ်းစားထားပြီးသားကို ဘာလို့ရှည်ရှည်ဝေးဝေးတွေ ပြောနေရတာလဲ"

"နင်တို့တွေကို ငါစမ်းသပ်ခဲ့တာမဟုတ်ဘူး။ နင်တို့တွေ ဘာရွေးရွေး နင်တို့တွေ ရွေးချယ်တာကို ငါလေးစားမှာပါ"

စိတ်မသက်မသာဖြစ်နေသည့်မျက်လုံးတွေဖြင့် ကြည့်နေသော လီဂီယောင်၏ခေါင်းကို ကျနော်ပွတ်လိုက်သည်။ ယူဆန်းအာက သက်ပြင်းချလိုက်ပြီး ပြောသည်။

"ဒေါ့ဂျာက အတော်ကို စိတ်တိုဖို့ကောင်းတဲ့လူပဲ"

"စိတ်တော့မရှိပါနဲ့။ ကျနော်က လူကောင်းတစ်ယောက်မဟုတ်ဘူး"

"ဒုတိယနည်းလမ်းက ဘာလဲ"

"ဒုတိယနည်းလမ်းမှာဆိုရင် လူသတ်ဖို့မလိုပေမဲ့ လုပ်ဆောင်ရမှာက အရမ်းအရမ်းကို ခက်ခဲတယ်"

ကျနော့်၏လေးနက်သောလေသံကြောင့် အဖွဲ့သားတွေ၏မျက်နှာအမူအရာက တည်ကြည်သွားသည်။

"ဒုတိယနည်းလမ်းကိုရွေးမယ်ဆိုရင် ငါပြောတဲ့အတိုင်းကို အတိအကျလိုက်နာပေးကြဖို့ လိုတယ်။ ငါပြောတာက အဓိပ္ပါယ်မရှိဘူးဆိုရင်တောင် ကျေးဇူးပြုပြီး ငါ့ကိုယုံကြည်ပေး ကြပါ။ ငါ့ကိုမယုံကြည်တဲ့လူတစ်ယောက်ပါတာနဲ့တင်… "

"..."

"…ငါတို့အားလုံးသေရလိမ့်မယ်"

တံတွေးမျိုချသံကိုကြားလိုက်ရ၏။ အဖွဲ့သားတွေသည် တပြိုင်တည်းလိုလို ခေါင်းကို ညိတ်ပြကြသည်။ လီဟန်းဆောင်က ပြော၏။

"ဒေါ့ဂျာကို ကျုပ်ယုံတယ်။ ကျုပ်ဒီနေရာအထိ အသက်ရှင်လျက်ရောက်လာခဲ့တယ် ဆိုတာက ဒေါ့ဂျာကြောင့်ပဲ"

[တတိယဇာတ်ဝင်ခန်းအသက်ဝင်ရန် ငါးမိနစ်သာလိုပါတော့သည်။]

"ဒါဆိုရင် ငါ့နောက်လိုက်ခဲ့ကြတော့"

ရထားလိုင်းနံပါတ် ၃ရှိ ရထားလမ်းအတိုင်း အဖွဲ့သားတွေနှင့်အတူ ကျနော် သွားလိုက်သည်။ ပျက်နေသော စြင်္က ံတံခါးကို ကျနော်တို့တွေ ကျော်ဖြတ်ပြီးနောက် လွေဂျိလို-၃သို့ သွားရာ ဝင်ပေါက်ရှေ့တွင် ရပ်လိုက်ကြ၏။

မှောင်မဲနေသော လှိုဏ်ခေါင်းထဲတွင် တောက်ပနေသော 'အနီရောင်နယ်မြေ'တစ်ခုကို မြင်နေရသည်။ မကောင်းဆိုးဝါးတွေကို ဤနေရာတွင် ဖန်တီးခြင်းဖြစ်လောက်ပေသည်။ မကောင်းဆိုးဝါးတွေသည် ရထားလိုင်း နံပါတ် ၃ တလျှောက်သတ်ဖြတ်ပြီး မြေပြင်ပေါ်သို့ သွားရာ အထပ်တိုင်းကို သွားကြမည်မှာ သေချာ၏။

လီဟန်းဆောင်က စိတ်လှုတ်ရှားစွာဖြင့် မေးသည်။

"ဒီနေရာမှာ မကောင်းဆိုးဝါးတွေနဲ့ ကျုပ်တို့တွေ တိုက်ခိုက်ရမှာလား"

"မဟုတ်ဘူး။ မတိုက်ခိုက်ဘူး။ ဒီနေရာမှာ ကျနော်တို့တိုက်ခိုက်မယ်ဆိုရင် ကျနော်တို့တွေ သေလိမ့်မယ်"

အစိမ်းရောင်နယ်မြေမရှိဘဲ အလွန်ကြောက်ဖို့ကောင်းသော မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ပြီး မိုးသောက်ချိန်အထိ မသေအောင်နေဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

ဤတစ်ခေါက်တွင်တော့ ယောင်ဟီဝမ်က ဝင်မေးသည်။

"ဒါဆိုရင် ...ငါတို့တွေ ဒုံးဒေနယ်မြေဆီကို ပြေးသွားကြရမှာလား"

"အဲ့လိုပြေးသွားလို့လည်း အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဇာတ်ဝင်ခန်းအသက်ဝင်ပြီဆိုတာနဲ့ ချွန်မူရိုကနေ ငါတို့တွေထွက်သွားတာနဲ့ အလိုအလျောက် သေသွားလိမ့်မယ်"

"ဒါဆိုရင်..."

"ဒီစစ်ဆင်ရေးကိုအတူတကွပူးပေါင်းပြီးလုပ်ဖု့ိလိုတယ်။ လီဟန်းဆောင်၊ ယူဆန်းအာနဲ့ ယောင်ဟီဝမ်။ ခင်ဗျားတို့တွေက မကောင်းဆိုးဝါးတွေပေါ်လာပြီဆိုတာနဲ့ အဲ့ဒီမကောင်းဆိုးဝါးတွေ ပေါ်လာတဲ့အရပ်မျက်နှာဆီကို တည့်တည့်ကြီးပြေးကြ"

"...ဟမ်"

"နားလည်ကြလား။ မကောင်းဆိုးဝါးတွေဆီ ပြေးရုံပဲပြေး။ မကောင်းဆိုးဝါးတွေနဲ့ ထိတွေ့မှုဖြစ်ခါနီးအချိန်ကိုရောက်တာနဲ့ဘယ်ဘက်က နံရံကို ကြည့်ဖြစ်အောင် ကြည့်ကြပါ။ ဒါဆိုရင် ကျနော်ဘာကိုဆိုလိုချင်လဲဆိုတာကို ခင်ဗျားတို့ သိသွားလိမ့်မယ်"

ကျနော်ပြောသောစကားများကို ထိုလူတွေနားမလည်ကြသော်လည်း ရှင်းပြဖို့ အချိန်ရှိမနေချေ။

"ကျနော်ပြောတာကိုသာ ယုံပါ။ မဟုတ်လို့ကတော့ ခင်ဗျားတို့သေရလိမ့်မယ်။ ဘယ်ဘက်က နံရံကိုကြည့်ဖို့သာ မမေ့ကြနဲ့"

"နားလည်ပါပြီ။ ဒေါ့ဂျာ"

ကျနော်ဆိုလိုသည်ကိုနားလည်ပုံရသော ယူဆန်းအာ အရင်ဆုံးပြန်ဖြေသည်။

"ကျနော်သေချာထပ်ပြောမယ်။ မကောင်းဆိုးဝါးတွေပေါ်လာပြီးမှ ခင်ဗျားတို့တွေ စပြေးရမယ်"

ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ပြီး လှိုဏ်ခေါင်းဆီသို့ ကျနော်ပစ်လိုက်သည်။ ထိုကျောက်တုံးသည် တစ်စုံတစ်ခုကို ထိမိသလိုဖြစ်သွားပြီး မြေပေါ်သို့ပြုတ်ကျသွား၏။ လီဟန်းဆောင်နှင့် ယောင်ဟီဝမ်တို့သည် နားလည်ကြောင်း ခေါင်းညိတ်ပြကြသည်။

"ဒေါ့ဂျာကရော ဘာလုပ်မှာလဲ"

"ကျနော်က ဂီယောင်နဲ့အတူ နောက်ထပ်လမ်းတစ်ခုကိုရှာမယ်"

ကျနော့်အဖွဲ့သားတွေ ကျနော့်ကိုမယုံပါက ဤနည်းလမ်းကိုသုံး၍ ရမည်မဟုတ်ချေ။ ကိုယ့်ကိုကိုယ်သတ်သေသလို မကောင်းဆိုးဝါးတွေဆီပြေးခိုင်းတာမျိုးကို မည်သို့သော လူက လိုက်လုပ်ပေမည်နည်း။

သူတို့တွေတွင် ခိုင်မာသောစိတ်ရှိနေဖို့သာ လိုတော့၏။

[တတိယမြောက်ဇာတ်ဝင်ခန်း အသက်ဝင်ပါပြီ။]

လွေဂျိလိုသို့သွားရာလှိုဏ်ခေါင်းကိုပိတ်ဆို့ထားသော အကာအရံမှာ ပျောက်ကွယ် သွားသည်။

"ပြေးကြတော့"

ကျနော်အော်ပြောလိုက်ချိန်မှာပဲ သုံးယောက်စလုံး စတင်ပြေးထွက်သွားကြတော့၏။

ဂါး

မကောင်းဆိုးဝါးတွေ အနီရောင်နယ်မြေ၌ စတင်ပေါ်လာပေပြီ။ ထိုမကောင်းဆိုးဝါး အများစုမှာ အဆင့်အတန်း ၉ရှိသော မြေကြွက်များ ဖြစ်ကြ၏။ ထို့နောက်တွင်တော့ အဆင့်အတန်း၉ရှိသော မြေကြွက်တွေနှင့်အတူ အလယ်အလတ်အဆင့်ရှိသည့် ‘ဂရိုး’ ပေါ်လာတော့သည်။

ကြွိ

ဝက်ဝံတစ်ကောင်ပုံစံကဲ့သို့ အမဲရောင်လည်ဆံမွှေးရှိသည့် မကောင်းဆိုးဝါးတွင် ထက်မြသော ဂျိုတွေ နဖူး၌ပေါက်နေပြီး ချိန်းခြောက်နိုင်သော အသွင်အပြင် အပြည့် ရှိနေလေသည်။

တစ်ကောင်ချင်းဆိုလျှင် ရင်ဆိုင်ရလွယ်ကောင်းလွယ်လောက်မည်ဖြစ်သော်လည်း ပြဿနာက အကောင်အရေအတွက် အလွန်များပြားနေခြင်းဖြစ်၏။ ပြည့်ညပ်နေသော အကောင်ရေကို အုပ်စုတစ်စုဟုပင် ခေါ်၍မသင့်တော့ချေ။ ထိုမကောင်းဆိုးဝါးလှိုင်းနှင့် ကျနော်တို့တွေ ထိတွေ့မိမည်ဆိုပါက သေရမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။

လီဟန်းဆောင်တစ်ယောက် ဂရိုးတစ်ကောင်နှင့် ပထမဆုံးရင်ဆိုင်မိချိန်မှာပဲ ကျနော်အော်ပြောလိုက်၏။

"ဘယ်ဘက်ကိုလှည့်ကြည့်တော့"

ယူဆန်းအာက အရင်ဆုံးရှာတွေ့သွား၏။ အစိမ်းရောင်အုတ်ကြွပ်က နံရံပေါ်၌ တလက်လက်တောက်ပလျက် ရှိနေပေသည်။

"ဟုတ်ပြီ"

ချက်ချင်းဆိုသလိုနားလည်သွားကြပေပြီ။ နံရံကို ယူဆန်းအာ၏လက်ဖြင့် ထိထိခြင်းမှာပဲ တောက်ပသော အလင်းရောင်တစ်ခုပေါ်လာတော့သည်။

[အစိမ်းရောင်နယ်မြေ ၁/၃]

အားကစားသမားကြီးယောင်ဟီဝမ်ကလည်း နောက်တွင်ရှိနေသော နံရံကို ချက်ချင်းထိလိုက်၏။

[အစိမ်းရောင်နယ်မြေ ၂/၃]

သို့သော် လီဟန်းဆောင်ကတော့ နံရံကို မထိနိုင်ဘဲ ဖြစ်နေလေသည်။ ထိုသို့ဖြစ်နေရခြင်းမှာ လီဟန်းဆောင်၏ဒိုင်းပေါ်သို့ မြေကြွက်တွေက တွယ်တက်လာခြင်းကြောင့် ဖြစ်၏။

"ဟန်းဆောင်။ ဖမ်းလိုက်"

ယူဆန်းအာပစ်ပေးလိုက်သော 'ချည်မျှင်'ကို လီဟန်းဆောင် လှမ်းဖမ်းလိုက်သည်။ မိန်းမနှစ်ယောက်၏အားဖြင့် ဆွဲပေးမှုကြောင့် လီဟန်းဆောင်သည် လေထဲပျံဝဲသွားပြီး နံရံဆီသို့ ရောက်သွားတော့သည်။

[အစိမ်းရောင်နယ်မြေ ၃/၃]

ကောင်းတယ်

ဂါး

မကောင်းဆိုးဝါးများသည် သူတို့ကို စိုက်ကြည့်နေကြသော်လည်း အစိမ်းရောင်နယ်မြေ ထဲသို့ သူတို့တွေဝင်သွားကြပြီမလို့ သူတို့ကို တိုက်ခိုက်၍မရတော့ချေ။

"ဒေါ့ဂျာ"

ကျနော့်ကို ယူဆန်းအာလှမ်းခေါ်သော်လည်း လှည့်ကြည့်ဖို့ အချိန်မရှိပေ။ လီဂီယောင်ကို ကျောပိုးပြီး ကျနော်စပြေးနေလေပြီ။

「...တတိယမြောက်ဇာတ်ဝင်ခန်းထဲတွင် ဖုံးကွယ်ထားသော အစိမ်းရောင်နယ်မြေ နှစ်ခုထက်မက ရှိသည်။ ထိုနယ်မြေများသည် နံရံတစ်ခုခုပေါ်တွင် ရှိနေကြပြီး ဇာတ်ဝင်ခန်းမစမချင်း ပေါ်လာမည်မဟုတ်ချေ။ ပြောရမည်ဆိုလျှင် 'အခန်း'တစ်ခန်း၏ သွင်ပြင်လက္ခဏာဟု ဆိုနိုင်ပေသည်။ 」

Ways of Survivalဇာတ်လမ်းထဲတွင် ယူဂျွန်ဟော့သည် အကြိမ်ပေါင်းများစွာ နောက်ပြန်ဆုတ်ခဲ့ပြီး ချွန်မူရိုထဲရှိ လျှို့ဝှက်အစိမ်းရောင်နယ်မြေတချို့ကို ရှာတွေ့ခဲ့သည်။

စြင်္က ံပလက်ဖောင်း ၃ပေါ်တွင် ထိုကဲ့သို့အစိမ်းရောင်နယ်မြေ နှစ်ခုရှိ၏။

ကြွိ

ကျနော့်နောက်ကိုလိုက်နေသော မြေကြွက်တချို့သည် ကျနော့်ပေါင်ကို လိုက်ကိုက်နေ ကြ၏။ ကျနော့်၏မြင့်မားသောခွန်အားကြောင့် ကိုက်ခံရသည့်ဒဏ်ရာက မပြင်းထန် သော်လည်း သေးငယ်သောဒဏ်ရာများက များပြားလာသည်။

ကြွိ

လီဂီယောင်သည် ကျနော့်နောက်ကျောကနေ တုတ်တစ်ချောင်းဖြင့် မြေကြွက်တချို့ကို ရိုက်ထုတ်နေသည်။ သို့သော် မြေကြွက်များ၏ အရေအတွက်မှာ အလွန်ပင် များပြားလှ၏။ ထို့အပြင် ဂရိုးကလည်း မြန်လွန်းလှသည်။

၁၂မီတာအကွာအဝေးတွင်ရှိသော ကောင်လေးသည် ကြောက်လန့်သော မျက်လုံးများဖြင့် ကျနော့်ကို ကြည့်နေလေသည်။

[အစိမ်းရောင်နယ်မြေ ၁/၁]

ငကြောက်လုပ်ရပ်ဟုပဲပြောချင်ပြောပါစေ အလွယ်လမ်းကိုသာ လိုက်တော့မည်ဟုပင် တစ်ခဏခန့် ကျနော်တွေးမိခဲ့၏။

[ဟားဟားဟား….အခြေအနေက ပျော်စရာပဲ။ ဒါဆိုရင် မနေ့ကလိုပဲ အပြစ်ပေးမှုှတစ်ခုတော့ ရှိသင့်တယ်မလား]

ဒိုကဲဘီတစ်ကောင်၏ပြောသံထွက်လာပြီးနောက် စနစ် မက်ဆေ့ချ်များ ပေါ်လာသည်။

[ဇာတ်ဝင်ခန်းအပြစ်ပေးတစ်ခုကို ထည့်သွင်းလိုက်ပါသည်။]

[အစိမ်းရောင်နယ်မြေအချို့ကို သုံးမရတော့ပါ။]

"ဟင့်-ဟင့်အင်း။ ဟာ….အား"

ချွန်မူရိုဘူတာတလျောက် အော်သံများ ထွက်ပေါ်လာ၏။ အနီးဆုံးအော်သံက ကောင်လေးဆီကပင်။

ကြွိ

"အား"

အစိမ်းရောင်နယ်မြေပျောက်သွားပြီးပြီးချင်းမှာပဲ ကောင်လေး၏သေးငယ်သော ခန္ဓာကိုယ်မှာ မြေကြွက်တွေ၏ တစစီကိုက်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ကောင်လေးကိုဝိုင်းကိုက်နေကြခြင်းကြောင့် ကျနော့်အတွက် ပြေးချိန်ရသွားသည်။ သို့သော် ပျက်နေသောတံခါး၏အလွန်ကနေ ထွက်လာသည့် မကောင်းဆိုးဝါးများသည် လမ်းကိုပိတ်ထားကြလေ၏။

လီဂီယောင်ကို ကျနော့်နောက်မှာ ဝှက်လိုက်ပြီး မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို ထုတ်လိုက်၏။ အသန့်စင်ဆုံးဓါးစွမ်းအင်သည် ပြေးဝင်လာသော မကောင်းဆိုးဝါးတွေကို နောက်သို့ချက်ချင်းတွန်းထုတ်ပေးသည်။

သို့သော် မကောင်းဆိုးဝါးများ၏အရေအတွက်က နည်းမသွားချေ။ ဤမကောင်းဆိုးဝါးများနှင့် မနက်ရောက်သည်အထိ တိုက်ခိုက်ခဲ့သော ယူဂျွန်ဟော့သည် တကယ်ကို မကောင်းဆိုးဝါးဆန်လှပေသည်။ ကျနော့်၌ရှိသော ဒင်္ဂါးအားလုံးကိုသုံးပြီး အဆင့်မြှင့်တင်လျှင်တောင် ယူဂျွန်ဟော့ကဲ့သို့ မနက်အထိ ရင်ဆိုင်နိုင်လောက်ဖို့ မသေချာပေ။

ထိုအချိန်တွင် လီဂီယောင်က စကားပြောလိုက်သည်။

"အကိုကြီး"

"စကားမပြောနဲ့ဦး။ ငါအလုပ်များနေတယ်"

"ကျနော့်ကိုဒီမှာထားချင်ထားခဲ့လို့ရပါတယ်"

"...ဟမ်"

"ကျနော်တကယ်ကိုနားမလည်တော့ဘူး။ အကိုကြီးရော၊ အကိုဟန်းဆောင်နဲ့ အမကြီးတို့တွေပါ ကျနော့်ကိုဘာလို့ကူညီပေးနေရတာလဲဟင်။ အကိုကြီးတို့တွေချည်းပဲ ဆိုရင် အသက်ရှင်နိုင်ချေက ပိုများတယ်လေ"

လီဂီယောင်သည် သေသွားနိုင်လောက်သည့်အခြေအနေတွင်ပင် အေးအေးဆေးဆေးပဲ စကားပြောနိုင်နေလေသည်။ ကြည့်ရသည်မှာ ဤကလေး၏စိတ်မှာ သေသွားလောက်ပြီ ထင်၏။

"အေး။ မင်းမှန်တယ်"

နောက်ထပ်မြေကြွက်တစ်ကောင် ခေါင်းပြတ်ထွက်သွားပြီး လဲကျသွားသည်။

"တစ်ယောက်ထဲရှင်သန်ပြီး တစ်ယောက်ထဲစား တစ်ယောက်ထဲအသက်ရှင်ရတာက သက်တောင့်သက်သာရှိတာ အမှန်ပဲ။ ဒါပေမဲ့… "

ကျနော်မည်သည့်အတွက်ကြောင့် ယခုလိုပြုမူနေရသနည်းဟု တစ်စုံတစ်ယောက်က လာမေးလျှင် ကျနော်ရှင်းပြတတ်မည်ဟု မဟုတ်ချေ။ သို့သော် ကျနော်ပြောနိုင်တာ တစ်ခုတော့ရှိပေသည်။

"အဲ့လိုသက်တောင့်သက်သာနေပြီးဖြတ်သန်းခဲ့လို့ ပျက်ဆီးသွားရတဲ့အကြောင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ကိုတော့ ငါသိတယ်"

"ဟမ်"

အချိန်တိုင်းကျနော်တွေးနေမိခဲ့သော်လည်း ကျနော်က အဓိကဇာတ်ကောင်တစ်ဦး မဟုတ်ချေ။ ကျနော်သည် သူရဲကောင်းတစ်ယောက်ရော၊ ကယ်တင်ရှင်တစ်ပါးပါ ဖြစ်လာနိုင်လောက်မည်မဟုတ်။ သို့သော်….

လီဂီယောင်၏မျက်လုံးများက တုန်ရီနေသည်။ လီဂီယောင်ကို ကျောထပ်ပိုးလိုက်ပြီး ကျနော်ပြောလိုက်၏။

"သေချာကိုင်ထား"

လီဂီယောင်မသေစေရဘူး။

အနည်းဆုံးတော့ ဒီနေ့မသေစေရဘူး။

All Chapters