အိမ်ရှင် (၅)
Vol. 2 Ch. 32
ရုတ်တရက်ဆိုသလို မကောင်းဆိုးဝါးလှိုင်းအရေအတွက် များပြားလာသည်ကို ကျနော်ကြည့်နေချိန်မှာပဲ ကျနော့်ပေါင်တွေကိုအားထည့်လိုက်သည်။ အဆင့် ၁၅ရှိသော ခွန်အားမှာ တခါထဲ စုစည်းသွားပြိး ကျနော့်ခြေထောက်တွင် အားကောင်းသော တွန်းကန်အားဖြစ်ပေါ်လာသည်။
မြေကြွက်တွေသည် ကျနော့်ထံ နေရာအနှံ့မှ ပြေးဝင်လာသလို ဦးချိုမာရှိသော ဂရိုးတွေကလည်း မမျှော်လင့်ထားသော နေရာတွေဆီကနေ ပျံဝင်လာ၏။
အဆင့် ၁၅ရှိသော ကိုယ်ခန္ဓာကြံ့ခိုင်မှုကြောင့် တောင့်တင်းနေသည့် ကျနော့်ခန္ဓာကိုယ်တွင် ဂရိုးတွေ၏ဦးချိုတွေကြောင့် ဒဏ်ရာတွေ၊ အညိုအမဲတွေ ရှိကုန်ပြီး သွေးတွေပါထွက်လာသည်။
[စာမှတ် နံပါတ် ၁ကို အသက်သွင်းလိုက်ပါသည်။]
စာမှတ်မှာ အသက်ဝင်သွားပြီး ကင်နမ်ဝန်၏ မဲညစ်မှုအစွမ်းမှာ ကျနော့်ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွား၏။ မကောင်းဆိုးဝါးတွေအားလုံးကို တွန်းထုတ်ပြီး ရှေ့သို့ ကျနော်တက်လိုက်သည်။
ကျနော့်ခန္ဓာကိုယ်တွင် အစွယ်တွေစိုက်ဝင်နေသည့်အပြင် မြေကြွက်တစ်ချို့ကလည်း ကျနော့်ပေါင်ကို ကိုက်ခဲထားကြ၏။ သို့သော် ကျနော်မရပ်ပေ။ ထပ်ကာ ထပ်ကာ ကျနော်ပြေးလိုက်သည်။
နောက်ဆုံးတွင်တော့ မူလနံရံကို မြင်နေရပေပြီ။ မြေကြွက်တွေကို ကျနော် ခုန်ကျော်လိုက်၏။ ရှေ့တွင် လူနှစ်ယောက်စာ အစိမ်းရောင်နယ်မြေတစ်ခု တောက်ပနေသည်ပင်။
ဟာကွာ…ချီးပဲ
[အစိမ်းရောင်နယ်မြေ ၁/၂]
ထိုအစိမ်းရောင်နယ်မြေထဲတွင် လူတစ်ယောက်ရှိနှင့်နေပေသည်။
"..."
နောက်ကနေ မကောင်းဆိုးဝါးတွေ ပြေးဝင်လာနေသည်ကို ကျနော်မေ့သွားပြီး အဆိုပါလူကို စိုက်ကြည့်မိ၏။ ထိုလူသည် ဤအစိမ်းရောင်နယ်မြေထဲတွင် ရှိကိုရှိမနေသင့်ချေ။
"ဟေ့"
ထိုလူ ကျနော့်ဘက်သို့လှည့်လာသည်။
"မင်းထွက်သွားပေးလို့ရမလား။ မင်းက ဒီအစိမ်းရောင်နယ်မြေထဲမှာ နေဖို့တောင် မလိုဘူးလေ"
"ဇာတ်ဝင်ခန်းက အရမ်းခက်ခဲလွန်းတယ်။ ငါဒီနေ့ ပင်ပန်းနေပြီ"
ဤမအေဘေး၏ မျက်နှာကို ပယ်ပယ်နယ်နယ် ကျနော်ထိုးပစ်လိုက်ချင်သည်။ ကျနော်နားမလည်တော့ပေ။ ဤယူဂျွန်ဟော့သည် ကျနော်သိထားသော 'တတိယအကြိမ် နောက်ပြန်ဆုတ်ထားသော'ယူဂျွန်ဟော့နှင့် လုံးဝကိုတူမနေပေ။
Ways of Survivalဇာတ်လမ်းထဲတွင် ယူဂျွန်ဟော့သည် စတုတ္ထအကြိမ် နောက်ပြန်ဆုတ်သည့်အခါတွင်မှ ဝှက်ထားသော အစိမ်းရောင်နယ်မြေကို ပထမဆုံးအနေဖြင့် ရှာတွေ့ခဲ့ခြင်းဖြစ်၏။
ချီးပဲ။ ဒီကောင်က ဒုတိယအကြိမ်နောက်ပြန်ဆုတ်ကတည်းက ဝှက်ထားတဲ့ အစိမ်းရောင်နယ်မြေတွေ ရှိနေတာကိုသိခဲ့တာလား။ သိခဲ့ကြောင်းကို စာအုပ်ထဲမှာ သေချာ ထည့်မရေးထားတာများလား။
ထိုသို့ဆိုလျှင် တတိယအကြိမ်နောက်ပြန်ဆုတ်ချိန်တွင် ဝှက်ထားသော အစိမ်းရောင်နယ်မြေတွေကို သူအဘယ်ကြောင့် မသုံးခဲ့ရသနည်း။
ဂါး
ကျနော့်နောက်သို့လိုက်လာသော မြေကြွက်တွေ၏ အသံထွက်ပေါ်လာသည်။ စာရေးသူကို အပြစ်တင်ဖို့ အလွန်နောက်ကျနေပေပြီ။ လီဂီယောင်၏ အသက်ရှူသံကို ကျနော်ခံစားမိနေ၏။ ယူဂျွန်ဟော့၏မျက်လုံးကို ကျနော်စိုက်ကြည့်လိုက်သည်။ ကျနော်တို့နှစ်ယောက် တပြိုင်တည်းလိုလို စကားပြောမိလိုက်၏။
"ကလေးကိုခေါ်ထားပေး"
"ကလေးကိုပေးလိုက်"
မည်သို့ပင်ဆိုစေကာမူ ကံကောင်းပေသည်။ ကျနော်ပြောသည်ကို နက္ခတ်တို့ ကြားသွားလောက်ပေမည်။
[အစိမ်းရောင်နယ်မြေ ၂/၂]
လီဂီယောင်ကို ယူဂျွန်ဟော့ထံပေးလိုက်သည်နှင့် အစိမ်းရောင်နယ်မြေ၏ အမှတ်အသားက ပြောင်းသွား၏။ ယခုဆိုလျှင် လီဂီယောင် ဘေးကင်းပေပြီ။
"အကိုကြီး။ ခဏနေပါဦ။ အကိုကြီး"
ကျနော့်ထံပြေးလာဖို့ လီဂီယောင်အသဲအသန်ကြိုးစားသော်လည်း ယူဂျွန်ဟော့၏ လက်က တားထား၏။ မြေကြွက်တွေဘက်သို့ ကျနော့်ဓါးကို ဝှေ့ယမ်းလိုက်သည်။
['တရားမျှတမှု၏ ကတုံးပြောင်စစ်သူကြီး'နက္ခတ်သည် မျက်လုံးများကို မှိတ်ထား ပါသည်။]
['မိစ္ဆာကဲ့သို့တရားစီရင်သူ'နက္ခတ်သည် သင့်အား စိတ်မသက်မသာဖြစ်နေသော အကြည့်ဖြင့် ကြည့်နေပါသည်။]
နောက်ဆုံးအချိန်တွင် ယူဂျွန်ဟော့၏မျက်လုံးများ လှုတ်ရှားလာပေသည်။
「မင်းသေလောက်မယ်လို့ ငါပြောခဲ့သားပဲ」
မကောင်းဆိုးဝါးလှိုင်းလုံးကြီးသည် ကျနော့်ထံ ဦးတည်လာပေပြီ။ ယခုဆိုလျှင် မည်သည့်အစိမ်းရောင်နယ်မြေမှ မကျန်တော့ချေ။
"ငါသေမှာမဟုတ်ဘူး"
မကောင်းဆိုးဝါးတွေကိုလျစ်လျူရှုလိုက်ပြီး လက်တစ်ဖက်ကို အိတ်ကပ်ထဲ နှိုက်လိုက်၏။ အမှန်အတိုင်းပြောရလျှင် ဤအရာကို ကျနော်မသုံးချင်ပေ။ နောက်ဆက်တွဲဆိုးကျိုးများ မပေါ်လာဟု သေချာမပြောနိုင်သောကြောင့် ဖြစ်၏။ ယခုတော့ Fourth Wallကိုသာ ကျနော်ယုံကြည်ရပေတော့မည်။
「 ဒါက... 」
အံ့သြမှုကြောင့် ယူဂျွန်ဟော့၏မျက်လုံးများ တောက်ပသွားသည်။
ဒီမအေဘေးကောင် ရိပ်မိသွားပြီလား။ အင်းပါလေ။ ဒီကောင့်ကြောင့်သာ မဟုတ်ရင် ဒီနည်လမ်းရှိမှန်း ငါသိခဲ့မှာတောင်မဟုတ်ဘူး။
ကျနော့်လက်ထဲတွင် တောက်ပနေသည့် အဖြူရောင်ကျောက်တုံးကို ကျနော်ကြည့်လိုက်သည်။
[တစ္ဆေကျောက်တုံး]
ဤပစ္စည်းကို ချွန်မူရိုသို့လာရာလမ်းတွင် တစ္ဆေတွေကိုအမဲလိုက်ပြီး ကျနော်ရခဲ့ခြင်း ဖြစ်၏။
ရာနှင့်ချီသော မြေကြွက်များသည် ကျနော့်ခန္ဓာကိုယ်ကို စတင်ကိုက်ဖြတ်နေကြပေပြီ။
သေးငယ်သောဒဏ်ရာတွေကနေ သွေးတွေထွက်နေပြီး ကျနော့်ပုခုံးကိုလည်း ဂရိုး၏ ဂျိုတွေက စိုက်နေခြင်းကြောင့် သွေးတွေဖြင့် ရဲရဲနီနေ၏။ ကျနော့်ခန္ဓာကိုယ်၏ ခံနိုင်ရည်စွမ်း အလျင်အမြန်ကျဆင်းနေချိန်မှာပဲ တစ္ဆေကျောက်တုံးကို ပါးစပ်ထဲသို့ ကျနော်ထည့်လိုက်သည်။
ထို့နောက်တွင်တော့ ရေငွေ့ကဲ့သို့အရာတစ်ခု ကျနော့်ပါးစပ်ထဲကနေ စတင်ထွက်ပေါ်လာသည်။ ထိုရေငွေ့သည် မြူခိုးငွေ့တစ်ခုအဖြစ် ပြောင်းသွားပြီး ကျနော့်ကိုဖုံးလွှမ်းသွား၏။
[ကြိုဆိုခြင်းအကျဉ်းထောင် အသက်ဝင်သွားပါပြီ။]
မြေကြွက်တွေနှင့် ဂရိုးတွေသည် ကျနော့်ကိုမတိုက်ခိုက်တော့ပေ။
ကျနော့်ပတ်ပတ်လည်ရှိ အရာအားလုံး တွန့်လိမ်ပုံပျက်သွားသည်။ ပလက်ဖောင်း၊ ယူဂျွန်ဟော့နှင့် လီဂီယောင်တို့ရှေ့ကနေ ကျနော်ပျောက်သွား၏။
ကျနော် 'သရဲ'တစ်ကောင်ဖြစ်သွားချေပြီ။
…………………………………………………………………………………………………………..
「ဒေါ့ဂြာ」
ကျနော့်အမေ၏အသံကိုကြားကြားချင်းမှာပဲ ကျနော်သတိထားမိသွားသည်။ ဒါသည် အိပ်မက်တစ်ခုပင်။
အိပ်မက်၏ဆွဲခေါ်မှုနောက် ပါမသွားရန်ကျနော်ကြိုးစားသော်လည်း ဤတစ်ခါတွင်တော့ ကြိုးစားရသည်မှာ မလွယ်လှချေ။ မြေပြင်သည် နင်းရခက်ပြီး ကပ်စေးစေးဖြစ်နေကာ ကျနော့်ကိုဝါးမျိုနေ၏။
[အလွန်အမင်းနစ်ဝင်သွားခြင်းကြောင့် Fourth Wall၏လွှမ်းမိုးနိုင်စွမ်းမှာ ယာယီ အားနည်းသွားပါသည်။]
ကျနော့်စိတ်ထဲမည်သို့ပင်ဖြစ်ချင်စေကာမူ မြင်ကွင်းတွေက လွန်းထိုးသလို စတင်ရုပ်လုံးပေါ်လာ၏။
သွေးတွေစွန်းနေသော ဧည့်ခန်းတစ်ခု။ လူတစ်ယောက်၏အေးစက်နေသော အလောင်း။ ထိုအလောင်းကိုငုံ့ကြည့်နေသည့် မိန်းမတစ်ယောက်၏ကျောပြင်။ မဟုတ်သေးဘူး။ ဤမှတ်ဉာဏ်ကို မှတ်ထားဖို့ရန် အလွန်ခက်လှပေသည်။ ကျနော်မမှတ်မိတော့ပေ။
ဒေါသတကြီးဖြင့် ခေါင်းကို ကျနော်ခါလိုက်ရာ ကျနော့်ရှေ့က မြင်ကွင်းမှာ တစစီ ပျံ့ကျဲသွား၏။
ချီးထုတ်စိတ်ဒဏ်ရာကတော့ကွာ….
ထိုမှတ်ဉာဏ်သည် ကျနော်မမြင်လိုသော မှတ်ဉာဏ်ပေ။
ထို့ေြ…………
ရူးလောက်အောင် ကျနော့်ခေါင်းတွေကိုက်နေလျှင်တောင် ကျနော် တောင့်ခံထားမှ ဖြစ်ပေမည်။
Fourth Wallမှာ သုံးစား၍မရခဲ့သည်ကတော့ သေချာသည်။ Fourth Wall၏ စွမ်းရည်မှာ တစ္ဆေကျောက်တုံး၏ ဝါးမျိုခြင်းကိုပင် ခံရလောက်သည်။ ြ'စိတ်အကာအရံ'ကတောင် တစ္ဆေကျောက်တုံး၏ဆိုးကျိုးကို ကာကွယ်ပေးနိုင်၏။
ဘယ်မှာပါလိမ့်။ ငါ့အထင်သာမှန်မယ်ဆိုရင် ဒီစွမ်းရည်က…
「ယူဂျွန်ဟော့။ နင်က ယူဂျွန်ဟော့လား」
စိတ်ဒဏ်ရာတစ်ခု ထပ်ပြီးပေါ်လာသည်ဟု ကျနော်ထင်လိုက်မိသော်လည်း ကြားလိုက်ရသော အသံက ကျနော့်အသံမဟုတ်ချေ။ ထိုအသံသည် ကျနော့်မှတ်ဉာဏ်တွေကနေ ပေါ်ပေါက်လာသောအသံမဟုတ်တာ သေချာ၏။ နောက်ကိုလှည့်ကြည့်လိုက်ရာ ထူးဆန်းသော မိန်းမတစ်ယောက်ကို ကျနော်မြင်လိုက်ရသည်။
「...နင်က ယူဂျွန်ဟော့ မဟုတ်ဘူး။ နင်က ကိုရီးယားလူမျိုးလို့တော့ ထင်ပေမဲ့ နင်ဘယ်သူလဲ」
ဆံပင်ရွှေရောင်နှင့် နိုင်ငံခြားသူတစ်ယောက်ပင်။ ထိုနိုင်ငံခြားသူသည် အရပ်ခပ်ပုပု ကလေးမလေးဖြစ်၏။ ထိုကလေးမလေးသည် စိတ်ရှုတ်ထွေးနေသည့်အမူအရာဖြင့် ကျနော့်ကိုအကြာကြီးကြည့်နေလေသည်။
「ဒါက...ငါနားမလည်တော့ဘူး။ အနာဂတ်ကိုအကြိမ်ပေါင်းများစွာ ငါမြင်ပြီးပြီပေမဲ့ နင့်ကိုတော့ တခါမှ မမြင်ဖူးဘူး」
အဆိုပါကလေးမ၏ ဘယ်ဘက်မျက်လုံးတွင် ထိတ်လန့်စရာကောင်းသည့် အနီရောင်အကွင်း တစ်ခုကို မြင်နေရ၏။ ကျနော့်ခေါင်းထဲ၌ စာမျက်နှာများ ဖြတ်ခနဲ ပေါ်လာသည်။ ဤကလေးမကို ကျနော်သိသည်။ မဟုတ်သေးပေ။ ဤကလေးမကို ကျနော်မသိစရာ အကြောင်းမရှိဟု ပြောမှသာ ပိုမှန်မည်။
ဒါဆိုရင်တော့….
[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကိုအသက်သွင်းလိုက်ပါသည်။]
['အန်နာ ခရော့ဖ်'ဇာတ်ကောင်သည် 'စိတ်အကာအရံ အဆင့် ၆'ကို သုံးထားပါသည်။]
[ဇာတ်ကောင်စာရင်းသည် စိတ်အကာအရံအဆင့် ၆ကို လျစ်လျူရှုလိုက်သည်။]
[ဤပုဂ္ဂိုဟ်နှင့်ပတ်သတ်သည့်အချက်အလက်များမှာ အလွန်များပြားလွန်းနေပါသည်။ ဇာတ်ကောင်စာရင်းကို ဇာတ်ကောင် အကျဉ်းချုပ်အဖြစ် ပြောင်းလိုက်ပါပြီ။]
[ဇာတ်ကောင်၏အကျဉ်းချုပ်]
အမည် : အန်နာ ခရော့ဖ်
ဝိသေသ လက္ခဏာ : ပရောဟိတ် (ဒဏ္ဍာရီ)၊ ကယ်တင်ရှင် (ဒဏ္ဍာရီ)
သီးသန့်စွမ်းရည်များ : အနာဂတ် မြင်ကွင်း အဆင့် ၅၊ အတိတ်မြင်ကွင်း အဆင့် ၄၊ ထိုးထွင်းသိမြင်နိုင်စွမ်း အဆင့် ၈၊ အကြားအမြင် အဆင့် ၄၊ အဆင့်မြင့် မှော်လေ့ကျင့်ရေး အဆင့် ၄၊ စိတ်အကာအရံ အဆင့် ၆၊ ၊ မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၇၊ မဟာမိစ္ဆာ၏မျက်လုံး အဆင့် ၁………
အာကာသစည်းမျဉ်းများကို လျစ်လျူရှုနိုင်ပြီး တခြားလူတွေ၏ အသိစိတ်ထဲ လွတ်လွတ် လပ်လပ် ဝင်နိုင်သော မိန်းမ။ အနာဂတ်ကိုကြိုမြင်ထားပြီး အနာဂတ်ကမ္ဘာကို စိတ်ကြိုက်ဖန်တီးဖို့ကြိုးပမ်းနေသည့် မိန်းမ။ ထိုကဲ့သို့အတွေးအမြင်ရှိသည့် 'မိန်းမ'သည် Ways of Survivalဇာတ်လမ်းထဲတွင် တစ်ဦးတည်းသာ ရှိ၏။
"အန်နာ ခရော့ဖ်"
「...နင်က ငါ့ကိုဘယ်လိုဖြစ်ပြီးသိနေရတာလဲ」
အန်နာ ခရော့ဖ်၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး ကျနော့်ကိုစိုက်ကြည့်နေသည်။
တိုးတိုးလေး ကျနော်ပြန်ဖြေ၏။
"ငါက ပရောဟိတ်တစ်ယောက်မလို့ပါ"
[အန်နာ ခရော့ဖ်ဇာတ်ကောင်သည် မုသားထောက်လှမ်းနိုင်စွမ်း အဆင့် ၇ကို သုံးလိုက်ပါသည်။]
[သင်၏စကားများသည် မမှန်ကန်ကြောင်း မုသားထောက်လှမ်းနိုင်စွမ်းက အတည်ပြုလိုက်ပါသည်။]
ပရောဟိတ်အစစ်ကို ကျနော်လိမ်၍မရသည်မှာ အမှန်ပင်။
「...နင့်ရဲ့သရုပ်မှန်ကိုပြောပြစမ်း။ နင်က ဘယ်သူလဲ」
ထိုကလေးမ၏ သေးငယ်သောနှုတ်ခမ်းလေးမှာ တင်းတင်းစေ့သွားသည်။ ကြည့်ရသည်မှာ တစ်ခုခုကို ခုခံဖို့ကြိုးစားနေပုံပင်။
အခြေအနေကိုအကြမ်းဖြင်း ကျနော်ခန့်မှန်းကြည့်လိုက်၏။ ကျနော်တည်ရှိနေသည်ကို ဤကလေးမ သတိထားမိခဲ့ခြင်းမှာ ကျနော်၏ Fourth Wallက ယာယီအားနည်းသွားခြင်းကြောင့် ဖြစ်လောက်သည်။ Fourth Wallကြောင့်သာ ဆိုလျှင်…
တကယ်ကို စိတ်ပျက်စရာကောင်းလှသည်။
"ငါဘယ်သူလဲဆိုတာကို နင်တကယ်မသိဘူးလား"
「…ဟမ်」
"နင့်ဆီကို အီသီယိုဆောရဲ့အမြုတေ ငါပို့ပေးခဲ့သေးတယ်လေ"
အန်နာ ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။
" အမြုတေရဲ့အစွမ်းကိုသုံပြီး မဟာမိစ္ဆာ၏မျက်လုံးကို နင်ဟာ ထည့်ခဲ့တာထင်တယ်။ ဟုတ်တယ်မလား"
「ဒါ-ဒါဆိုရငျ နငျပေါ့။ ယုွံကညျမှုမဲ့ကို နင်တောင်းခဲ့တာလေ」
[မဟာမိစ္ဆာ၏မျက်လုံး]
မဟာမိစ္ဆာ၏မျက်လုံးသည် ဒင်္ဂါးတစ်သန်းတန်ကြေးရှိပြီး အလွန်ရက်ရောသော ထောက်ပံ့သူက ဤကလေးမကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
မနာလိုတောင် ဖြစ်နေမိပြီ။
「နင်….နင့်နာမည်က ဘယ်လိုခေါ်လဲ။ ဘယ်လိုဖြစ်ပြီး…」
[သီးသန့်စွမ်းရည် 'Fourth Wall'လွှမ်းမိုးနိုင်စွမ်းမှာ ဖြည်းဖြည်းချင်း ပြန်ကောင်းနေ ပါပြီ။]
「ငါ…ငါဘာလု့ိ ဘာမှ မမြင်ရတာလဲ」
ကလေးမ၏မျက်လုံးများမှာ ဝေဝါးနေပေပြီ။ တခြားလူတွေ၏အသိစိတ်ကို နှောက်ယှက်နိုင်သည့် မဟာမိစ္ဆာ၏မျက်လုံးလွှမ်းမိုးမှုမှာ အားနည်းလာပြီး ကလေးမ၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်နေပါသည်။ ကျနော် တာ့တာပြလိုက်၏။
"တနေ့ကျရင် ငါတို့တွေ ဆုံရမှာပါ။ ဒီနယ်မြေကြီးရဲ့တဖက်ခြမ်းမှာသာ စောင့်နေလိုက်"
[သီးသန့်စွမ်းရည် Fourth Wallမှာ အပြည့်အဝပြန်ကောင်းသွားပါပြီ။]
အန်နာ လုံးဝကိုပျောက်သွားချေပြီ။
စိတ်သက်သာရာရစွာဖြင့် ကျနော်သက်ပြင်းချလိုက်သည်။ အမှန်အတိုင်းဆိုရလျှင် အန်နာ ခရော့ဖ်နှင့်စကားပြောနေခဲ့ချိန်တုန်းက ကျနော့်စိတ်တွေမှာ ဂယောက်ဂယက် ဖြစ်နေခဲ့သည်။ ထိုသို့ဖြစ်ခဲ့ခြင်းမှာ သိပ်မကောင်းလှပေ။
[စွမ်းရည်အာနိသင်ကြောင့် ကြိုဆိုခြင်းအကျဉ်းထောင်ကိုခံနိုင်သွားပါပြီ။]
...ချီးပဲ။ အာနိသင်က ပေါ်လာတာ အရမ်းနောက်ကျလိုက်တာ။
ကျနော့်၏အသိစိတ်များ ရှင်းလင်းသွားသည်ကို ခံစားလိုက်ရသည်။
စိတ်မသက်မသာဖြစ်မှုမှာ ကျန်နေဆဲဖြစ်သော်လည်း စောနကထက်တော့ စိတ်အခြေအနေက ပိုကောင်းလာ၏။ အသက်ကိုပြင်းပြင်း ကျနော်ရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်၏။ ကျနော်၏ရှင်းရှင်းလင်းလင်း ဝေခွဲနိုင်စွမ်းကို ပြန်ရရန်အလို့ငှာ အချက်အလက်များကို တစ်ခုပြီးတစ်ခုကြည့်လိုက်သည်။
ငါ့နာမည်က ကင်ဒေါ့ဂျာ။ ကမ္ဘာက ပျက်ဆီးသွားပြီ။ Ways of Survivalဇာတ်လမ်းဟာ တကယ့်အစစ်အမှန်ဖြစ်လာတယ်။ ဒါက…ကြိုဆိုခြင်း အကျဉ်းထောင်ပဲ။ တစ္ဆေကျောက်တုံးကို ငါဟာ စားခဲ့ပြီး ခဏလောက် သရဲဖြစ်သွားခဲ့သေးတယ်။ ငါသာ သရဲတစ်ကောင်ဖြစ်နေမယ်ဆိုရင် မြေအောက်မျိုးစိတ်တွေရဲ့တိုက်ခိုက်တာကို ခံရမှာ မဟုတ်ဘူး။
အင်း။ ဟုတ်တယ်။ ကမ္ဘာက အခုလိုပုံစံမျိုးဖြစ်နေပြီလေ။
မူးယစ်ဆေးစားပြီး မြင်ချင်တိုင်းမြင်နေရသကဲ့သို့ ပေါ်လာသည့်မြင်ကွင်း၏အလယ်ရှိ အချိန်၏စီးဆင်းမှုကို အာရုံခံမိဖို့ ခက်လှသည်။ ကျနော့်စိတ်ထဲ မသက်မသာ ဖြစ်လာတော့၏။
ယူဆန်းအာ၊ လီဟန်းဆောင်နဲ့ ယောင်ဟီဝမ်တို့ ဘာတွေဖြစ်သွားကြပြီလဲ။ မအေဘေး ယူဂျွန်ဟော့ဆိုတဲ့ကောင် ဂီယောင်ကို သတ်ပစ်လိုက်ပြီလား။ တတိယမြောက် ဇာတ်ဝင်ခန်းက အသက်ဝင်နေဆဲပဲလား။ မြေကြွက်တွေရှိနေဆဲပဲဆိုရင် ဘယ်လိုလုပ်မလဲ။ ဂရိုးတွေဟာ ငါ့ကိုစားဖို့အတွက် ပတ်သွားပြနေတာများလား။
ဒါဆိုရင်တော့…
...အကိုကြီး
...တောင်းဆိုပါတယ်
...ဒေါ့ဂျာ
ကျနော့်ခေါင်းထဲတွင် အသံတွေဖြတ်ခနဲပေါ်လာလေသည်။
[သီးသန့်စွမ်းရည် 'မိစ္ဆာသုတ်သင်ခြင်း အဆင့် ၁' အသက်ဝင်သွားပါပြီ။]
ဟုတ်ပေသည်။ ပြန်ဖို့အချိန်တန်ပေပြီ။
…………………………………………………………………………………………………………..
အသက်ကိုခပ်ကြမ်းကြမ်း ရှူသွင်း၊ ရှူထွက် ကျနော်လုပ်လိုက်သည်။ နူးညံ့သော အထိအတွေ့တစ်ခု ကျနော့်ပါးကို ထိနေ၏။
"ဒေါ့ဂျာ"
မြူခိုးငွေ့များ ပျောက်ကွယ်သွားပြီး ကျနော့်မြင်ကွင်းက ရှင်းလင်းလာသည်။ ကျနော် ပထမဆုံးမြင်လိုက်သည်မှာ ယူဆန်းအာ၏မျက်နှာပင်။ လီဟန်းဆောင်နှင့် ယောင်ဟီဝမ်တို့၏ စိုးရိမ်သောမျက်နှာတွေလည်း ပေါ်လာ၏။
"...ဇာတ်ဝင်ခန်းဘာဖြစ်သွားပြီလဲ"
"ဇာတ်ဝင်ခန်းပြီးသွားပြီ။ ဒေါ့ဂျာ။ ငါတို့ကျော်ဖြတ်နိုင်ခဲ့ပြီ။ ငါတို့ကျော်ဖြတ်နိုင်ခဲ့ပြီဟ"
...ဪ။ ငါတို့ကျော်ဖြတ်နိုင်ခဲ့ပြီပဲ။
စိတ်ပူနေသော ကျနော့်အဖွဲ့သားများကိုကြည့်ပြီး ကျနော့်ခန္ဓာကိုယ်ကို လှုတ်ရှားဖို့ ကြိုးစားကြည့်လိုက်သည်။ မလှုတ်မယှက် ကျနော်နေနေမိသည်မှာ အရမ်းကြာသွားသဖြင့် ကျနော့်ကြွက်သားများမှာ လှုတ်ရှားချင်တိုင်း မလှုတ်ရှားနိုင် ဖြစ်နေသောကြောင့်ဖြစ်သည်။
"ကျေးဇူးပြုပြီး…အေးဆေးနားလိုက်ပါဦး"
"ဟမ်"
"တစ်ရက်ပဲ ကျော်ဖြတ်လို့ပြီးသေးတာလေ။ မနေ့ကမှ တတိယမြောက်နေ့ဗျ"
ကျနော်ထထိုင်ဖို့ကြိုးစားနေသည်ကို လီဟန်းဆောင် သတိထားမိသွားပုံပေါ်သည်။
"ဒေါ့ဂျာ။ လှုတ်လှုတ်ရှားရှားလုပ်လို့မဖြစ်ဘူးလေ။ ခင်ဗျားအိပ်ရသေးတာ မဟုတ်ဘူး"
"အခုဘယ်အချိန်ရှိပြီလဲ"
"မနက် ၈နာရီခွဲရှိပြီ။ ဇာတ်ဝင်ခန်းပြီးသွားတာက မိနစ်သုံးဆယ်ရှိပြီလေ"
၈နာရီခွဲ…ကံကောင်းစွာဖြင့် အချိန်အများကြီး ကုန်မသွားသေးပေ။ ထိုစဉ် လူတစ်ယောက်ကို မတွေ့မိသည်အား ကျနော်သတိထားမိသွား၏။
"ဂီယောင် ဘယ်မှာလဲ"
"အဲ…ဂီယောင်က… "
ယောင်ဟီဝမ်စကားမပြောခင်မှာဘဲ ယောင်ဟီဝမ် မည်သည့်နေရာတွင် ရှိနေသည်ကို ကျနော် သတိထားမိသွားသည်။ လီဂျီဟယ်နှင့် ယူဂျွန်ဟော့တို့သည် ခြေလှမ်းအနည်းငယ်အကွာကနေ လီဂီယောင်ကို ငုံ့ကြည့်နေကြသည်။
...ဟာ….ခွေးမသား ယူဂျွန်ဟော့ ဘာတွေလုပ်ခဲ့တာလဲကွာ။
ကျနော့်အဖွဲ့သားတွေကို ယူဂျွန်ဟော့မြင်ခဲ့စဉ်တုန်းက အံ့အားသင့်သွားခဲ့သည်အား ရုတ်တရက်ဆိုသလို ကျနော်သတိရသွားမိသည်။
မဟုတ်မှလွဲရော….ယူဂျွန်ဟော့ဟာ သူတော်စင်၏မျက်လုံးကိုသုံးခဲ့တာများလား။
"ဘယ်အချိန်….အရွေးခံရတာလဲ။ လုံးဝကို သိသာ…အရင်က ဖြစ်မယ်"
တစ္ဆေကျောက်တုံး၏ဆိုးကျိုးကြောင့် ယူဂျွန်ဟော့၏စကားသံကို ပြတ်တောင်း ပြတ်တောင်းသာ ကြားနေရသည်။ ထို့နောက်တွင်တော့ လီဂီယောင်က စကားစပြော၏။
"မလိုက်တော့ပါဘူး"
"...မင်းတကယ်ကို ငါနဲ့မလိုက်ဘူးလား"
"ဟုတ်ကဲ့"
"ဟိုကောင်နဲ့လိုက်သွားတာထက်စာရင် ငါနဲ့လိုက်တာက မင်းကိုပိုပြီးအစွမ်းထက်လာ စေမှာနော်။ မလိုက်တာ သေချာပြီလား"
"ဟုတ်ကဲ့။ မလိုက်တော့ပါဘူး"
"...မိုက်မဲတဲ့ကလေးပဲ"
ကျနော့်ဆီသို့ ယူဂျွန်ဟော့တစ်ယောက်မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။
[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၂ကို အသက်သွင်းလိုက်ပါသည်။]
「...အတော်ကိုကံကောင်းတဲ့ကောင်ပဲ။ ဒီကောင်လေးက အကူအညီဖြစ်စေနိုင်မယ့် ကောင်လေးဆိုတော့ နည်းနည်းကြာကြာခေါ်ထားရမယ်」
ကျနော်စကားပြောလိုက်ချင်တော့လည်း စကားပြောဖို့အားအင်တွေ ကျနော့်တွင် ရှိမနေချေ။
"အကိုကြီးဒေါ့ဂျာ"
ကျနော်နိုးနေပြီကို လီဂီယောင်တွေ့သွားချိန်တွင် ဖောင်းမို့နေသော မျက်လုံးများဖြင့် ကျနော့်ဆီ ပြေးလာ၏။ ယူဂျွန်ဟော့၏အတွေးများကတော့ ကျနော့်ခေါင်းထဲ မြည်းဟီးနေဆဲပင်။
「နှောင့်နေးနေလို့မဖြစ်ဘူး။ တိုက်ခိုက်မှုကို ဒီနေ့အပြီးသတ်မှဖြစ်မယ်။ မဟုတ်လို့ကတော့…」
...တိုက်ခိုက်မှုဟုတ်လား။ ဒီကောင် ဘာတွေပြောနေတာလဲ။
ကျနော်စဉ်းစားမှဖြစ်ပေမည်။ ပြဿနာက ကျနော်အရမ်းပင်ပန်းနေခြင်းပင်။ ခန္ဓာကိုယ်ကို ဖြေလျော့လိုက်ချိန်တွင် ကျနော်မှီထားသော နူးညံ့သည့်ပေါင်သားလေးက ကျနော့်ပါးကို ထပ်၍ထိသွားခဲ့သည်။
"ယူဆန်းအာ..."
"ဟု-ဟုတ်ကဲ့"
"စိတ်မရှိနဲ့နော်။ ကျနော်ခဏလောက်အိပ်ချင်လို့ပါ..."
ထို့နောက် ကျနော်အိပ်ပျော်သွား၏။ မည်သည့်အိပ်မက်မှမမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းပင်။
…………………………………………………………………………………………………………..
နှစ်နာရီအကြာတွင် ကျနော်နိုးလာခဲ့သည်။
[ဟေ့…မင်းဘယ်လောက်ကြာတဲ့အထိ အိပ်နေဦးမှာလဲ]
မနှစ်မြို့ဖွယ်ကောင်းသည့် ကျယ်လောင်သောအသံကိုကြားလိုက်သဖြင့် ကျနော် မျက်လုံးဖွင့်လိုက်၏။ ဤတခါတွင်တော့ ကျနော့်ပါးကိုထိတွေ့မိနေသည့်အရာမှာ စောနကထက်ပိုမာပြီး ပိုထူလေသည်။
"...အာ…ဒေါ့ဂျာ။ ထပါတော့ဟ"
ပြုံးနေသော နှုတ်ခမ်းတွေကိုမြင်လိုက်ရ၏။ ယောင်ဟီဝမ်သည် ကျနော့်ကို ငုံ့ကြည့်နေလေသည်။
"ယူဆန်းအာ ခဏသွားနားတယ်။ ငါတို့တွေ မနေ့ညတုန်းက မအိပ်ခဲ့ရဘူးလေ"
ကျနော့်ခေါင်းကိုလှည့်ပြီးကြည့်လိုက်ရာ ယူဆန်းအာတစ်ယောက် နံရံကိုမှီကာ အိပ်ပျော်နေသည်ကို မြင်လိုက်ရ၏။ ယောင်ဟီဝမ်က ပြုံးသည်။
"ဒါနဲ့ လီဟန်းဆောင်ရဲ့ပေါင်ပေါ်မှာ အိပ်ရတာ သက်တောင့်သက်သာဖြစ်ရဲ့လား"
ကျနော့်လှည့်ပြီးကြည့်လိုက်ရာ သွားရည်တွေကျပြီး အိပ်ပျော်နေသော လီဟန်းဆောင်ကို မြင်လိုက်ရ၏။
"ဒီနေ့မနက်…တာဝန်ကျအရာရှိဟာ တာဝန်တွေကို လုပ်ဆောင်ပါလိမ့်မယ်..."
ကျနော်ခေါင်းအုံးထားသောအရာက မာလွန်းသည်ဟု ထင်မိခဲ့သေးသည်။ ကျနော် ခေါင်းအုံးထားသည့်အရာမှာ တကယ်တန်းတော့ လီဟန်းဆောင်၏ ပေါင်ဖြစ်နေလေ၏။ ပြောရမည်ဆိုလျှင် သွေးနံ့နံနေသော စစ်တပ်ခေါင်းအုံးနှင့်တောင် တူနေလေသည်။
"အကိုကြီးဒေါ့ဂျာ..."
စိတ်ထဲမသက်မသာဖြစ်သလိုခံစားလိုက်ရပြီး ကျနော့်ကိုမှီပြီး အိပ်ပျော်နေသော လီဂီယောင်ကို ငုံ့ကြည့်လိုက်၏။
ကျနော့်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ထထိုင်ဖို့ကြိုးစားမိသည့်အချိန်တွင် ဘီဟွန်း၏ အသံကိုကြားလိုက်ရတော့သည်။
[ဟားဟား။ မင်းနိုးလာပြီလား။ ဒါဆိုရင် ဒါကိုယူလိုက်]
ကျနော့်နားထဲ၌ မက်ဆေ့ချ်အများအပြား၏အသံကိုကြားလိုက်ရတော့သည်။
['မိစ္ဆာကဲ့သို့တရားစီရင်သူ'နက္ခတ်သည် သင်၏ထိခိုက်မှုအတွက် ဝမ်းနည်းနေပါသည်။]
['မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်သည် သင်၏အတိတ်ကို စိတ်ဝင်စားနေ ပါသည်။]
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင့်အမေအကြောင်းကို တွေးနေပါသည်။]
[နက္ခတ်တွေသည် သင့်အား ဒင်္ဂါး ၁၈၀၀ ထောက်ပံ့လိုက်ပါသည်။]
ခွေးမသားတွေ။ ဒီကောင်တွေဟာ ငါ့ရဲ့အတိတ်ကိုချောင်းကြည့်ဖို့ ကြိုးစားခဲ့ကြတာပဲ။
မက်ဆေ့ချ်များက မဆုံးသေးပေ။
[သင်သည် ချွန်မူရိုညကို အစိမ်းရောင်နယ်မြေမသုံးဘဲ ဖြတ်သန်းခဲ့သည်။]
[သင်သည် ချွန်မူရိုဘူတာရှိ 'ထာဝရမိုးသောက်ယံ'စစ်ဆင်ရေးကို ပြီးမြောက်ခဲ့ပါသည်။]
[စစ်ဆင်ရေးဆုငွေအဖြစ် ဒင်္ဂါး၁၀၀၀ကို သင်သည် ရရှိပါသည်။]
[ပိုင်ဆိုင်သော ဒင်္ဂါးအရေအတွက် ၂၂၆၅၀ရှိပါသည်။]
ပစ်မှတ်ထားထားသည့် ဒင်္ဂါးပမာဏကို ကျနော်ရရှိပေပြီ။ ခက်ခဲသောညတာကို ဖြတ်သန်းခဲ့ရသည်မှာ အလကားမဖြစ်ခဲ့ပေ။
ထိုအချိန်တွင် ယောင်ဟီဝမ်က မေး၏။
"ငါတို့ဒီနေ့ဘာလုပ်ကြမလဲ။ မနေ့ကလိုပဲ… "
"ဒီနေ့တော့ မနေ့ကလို လုပ်လို့မရဘူး။ မနေ့ကလိုလုပ်တာမျိုးက တစ်ရက်ပဲ လုပ်လို့ရမှာဟ"
ကျနော်တို့ကံကောင်းလျှင်တော့ ကျပန်းဖန်တီးထားသည့် အစိမ်းရောင်နယ်မြေကို ရှာတွေ့ချင် တွေ့လောက်ပေသည်။ ကံဆိုးစွာဖြင့်ပင် Ways of Survivalဇာတ်လမ်း ထဲတွင် လေးရက်မြောက်နေ့ အစိမ်းရောင်နယ်မြေများ၏ တည်နေရာမပါရှိခဲ့ချေ။
"ဒါဆိုရင်..."
ယောင်ဟီဝမ်၏ မျက်နှာအမူအရာမှာ မဲမှောင်သွားသည်။ ယောင်ဟီဝမ်တစ်ယောက် မလိုအပ်ဘဲ စိတ်ပူနေခြင်းသာ။
"ငါတို့တွေ တတိယမြောက်ဇာတ်ဝင်ခန်းကို ဒီနေ့အပြီးသတ်ကြမယ်"
"ဟမ်"
လီဂီယောင်ကို ဂရုတစိုက်ဖြင့် အောက်သို့ချလိုက်ပြီး ကျနော်မတ်တပ်ထရပ်လိုက်၏။
လုပ်ဆောင်ဖို့ စဉ်းစားထားတာတွေ မူလတုန်းက ရှိခဲ့သော်လည်း ယူဂျွန်ဟော့၏ အတွေးများကိုကြားမိပြီးသည့်နောက်တွင် ကျနော်မစောင့်နိုင်တော့ပေ။ မနေ့တုန်းက ယူဂျွန်ဟော့သည် အချိန်မဆွဲပေးချင်ဘဲ ဆွဲပေးခဲ့ရ၏။
သို့သော် ယနေ့တွင်တော့ တူတော့မည်မဟုတ်ပေ။
"အိမ်ရှင်တွေကို ငါဆွဲထုတ်တော့မယ်”
"...ဘယ်လိုဆွဲထုတ်မှာလဲ"
ယောင်ဟီဝမ်မေးလိုက်ရာ နှစ်ခြိုက်စွာအိပ်ပျော်နေသော လီဟန်းဆောင်ကို ကျနော်ကြည့်လိုက်၏။
"ငါသိမ်းထားတဲ့ လျှို့ဝှက်လက်နက်ကို သုံးမှဖြစ်တော့မှာပဲ"
ယခုဆိုလျှင် ချွန်မူရို၏ပိုင်ရှင်ကို ပြောင်းဖို့အချိန်တန်ပေပြီ။