အရေးပေါ်ကာကွယ်ရေး (၁)
Vol. 2 Ch. 33
「လီဟန်းဆောင်သည် တာဝန်ကျအရာရှိတစ်ယောက်ကဲ့သို့ အိပ်ပျော်နေသည်။」
ထိုကဲ့သို့ရေးသားမှုမျိုး Ways of Survivalထဲတွင်ရှိလောက်သည်။ ထို့အပြင် ဤကဲ့သို့သော စာကြောင်းမျိုးလည်း ပါလောက်သေးသည်။
「 ကြည့်ရသည်မှာ လီဟန်းဆောင်တစ်ယောက် ယနေ့ သူမည်ကဲ့သို့ ကိစ္စမျိုးဖြင့် ကြုံရတော့မည်ကို မသိလောက်ပေ။」
"ဟန်းဆောင်"
"...အာ…ဟမ်။ ကျုပ်ခဏလောက်အိပ်ပျော်သွားခဲ့တာပဲ။ ဒေါ့ဂျာ…ခင်ဗျား ကောင်းကောင်း နားပြီးပြီလား"
"အင်း။ ကျနော်နားပြီးပါပြီ။ ဒါနဲ့ ခင်ဗျားအိပ်မက်ယောင်နေသေးတယ်နော်။ တာဝန်ကျ အရာရှိဆိုလားပဲ..."
"ဟမ်…တကယ်ယောင်နေခဲ့တာလား"
"တပ်သားလီဟန်းဆောင်ဆိုတာလည်း ပါသေးတယ်"
လီဟန်းဆောင်၏မျက်နှာမှာ ရဲရဲနီသွားချေသည်။
"အ-အဲ့ဒါက…စစ်သားဘဝတုန်းက ကျုပ်ရဲ့စိတ်ဒဏ်ရာတွေပါ"
"စစ်သားဘဝတုန်းက ဟုတ်လား။ လီဟန်းဆောင်က အရာရှိတစ်ယောက် မဟုတ်ဘူးလား"
"အဲ့ဒါကလေ…တပ်ကြပ်အဖြစ် ကျုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက အမှတ် (၃) တပ်ရင်းဆီကို ပြောင်းရွှေ့ခံခဲ့ရတယ်"
"ပြောင်းရွှေ့ခံရတယ်ဆိုတာမျိုးက ကြုံရခဲတယ်လို့ ကြားဖူးတယ်။ ကြည့်ရတာ ခင်ဗျားဟာ စစ်တပ်ထဲနေရတာ သဟဇာတ ဖြစ်တယ်ထင်တယ်"
လီဟန်းဆောင်က ရယ်သည်။ ထိုသို့ရယ်ခြင်းကို ကျနော်နားလည်ပေး၍ ရ၏။ လူအချို့သာ စစ်တပ်ထဲနေရခြင်းကို သဟဇာတဖြစ်ကြပေသည်။ ကျန်လူများကတော့ စစ်တပ်ထဲနေရခြင်းကို အံဝင်ခွင်ကျ မဖြစ်ကြပေ။
ယခုအချိန်တွင် လီဟန်းဆောင်ကို လှုတ်နှိုးပေးဖို့အချိန်တန်ပေပြီ။
"ဘာပဲပြောပြော လီဟန်းဆောင် ဒီမှာရှိနေတာကို ကျနော်ဝမ်းသာမိတယ်”
"ဟမ်"
"ရှေ့ကနေ လီဟန်းဆောင် ကာပေးချိန်မှာဆိုရင် ကျနော့်စိတ်ထဲ စိတ်သက်သာရာရတယ်လေ။ ပြောရရင်တော့ ကျနော့်ကိုကာကွယ်ပေးနေတဲ့လူ ရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးပေါ့ဗျာ"
"...တကယ်လား"
လီဟန်းဆောင် အနည်းငယ်ပြုံး၏။ အပြုံးကမှိန်လျသော်လည်း နှစ်လိုလက်ရရှိသော အပြုံးမျိုးဖြစ်လေသည်။ ဟိုဟိုဒီဒီစကားတွေပြောပြီးသည့်နောက် လီဟန်းဆောင်ဆီ ကနေ ကျနော်ထွက်လာလိုက်၏။
Ways of Survivalဇာတ်လမ်း၏ တတိယအကျော့တွင် လီဟန်းဆောင်၏ ဇာတ်ကောင်အား တိုးတက်ဖွံ့ဖြိုးစေသည့် အတွေ့အကြုံကို ဂူမိုဘူတာက လူတွေအား ချောဒူးအဖွဲ့၏ရန်ကနေ ကာကွယ်ပေးရာမှ ရရှိခဲ့သည်။ သို့သော် ထိုအခွင့်အရေးကို ယခုအခါတွင်တော့ ယောင်ဟီဝမ်က ရယူခဲ့လေသည်။
ထိုစဉ် ယူဆန်းအာ၊ ယောင်ဟီဝမ်နှင့် လီဂီယောင်တို့သည် ကျနော့်အနားသို့ ချည်းကပ်လာကြသဖြင့် သူုတို့ဖက်သို့ ကျနော်လှည့်ကြည့်လိုက်၏။
"စောနတုန်းက ငါ အားပေးစကားပြောခဲ့တာကို မြင်ခဲ့ကြတယ်မလား"
"အင်း။ မြင်ပါတယ်။ အဲ့လိုအားပေးစကားပြောတာကို ငါတို့က ဘာလုပ်ရမှာလဲ"
ထိုသို့အားပေးရခြင်းမှာ အကြောင်းအရင်းရှိပေသည်။
['လီဟန်းဆောင်'ဇာတ်ကောင်သည် တာဝန်ရှိသည်ဟူသောခံစားချက်ကို စတင်ခံစား လာရပါပြီ။]
ယခုဆိုလျှင် လီဟန်းဆောင်သည် အပြစ်ကင်းသောအမူအရာဖြင့် သူ၏ဒိုင်းကို သုတ်နေလေသည်။
အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်သည် လိမ်စားသလို အစွမ်းဟုပင် ပြော၍ရ၏။ 'ဇာတ်ကောင်တွေ'၏ အလားအလာကို ဤအစွမ်းက ကောင်းကောင်းကြီး ပြပေးနိုင်သည်။
"ဟန်းဆောင်ကို ငါကူညီပေးချင်တယ်။ အခုတလော ဟန်းဆောင်ရဲ့ပုံစံက စိတ်ဓါတ် နည်းနည်းကျနေသလိုပဲလေ။ သူ့ကိုအားပေးကြမယ်ဆိုရင် သူ့ခံစားချက်တွေ ပြန်ကောင်းလာမယ်ထင်တယ်"
လီဟန်းဆောင်၏အကျိုးအတွက် ဤစကားကို ကျနော်ပြောလိုက်ခြင်းဖြစ်သည်။ ရိုးသားသော ယူဆန်းအာသည် ခေါင်းကိုညိတ်လိုက်၏။
" 'အားပေးသူရှိက အားတက်၏'ဆိုတဲ့ စကားလိုမျိုးပေါ့နော်"
"ဟုတ်တယ်လို့ပဲ ပြောရမယ်ထင်တယ်"
"နားလည်ပါပြီ။ ကျမလည်း အားပေးကြည့်လိုက်မယ်"
ယောင်ဟီဝမ်ကတော့ ယူဆန်းအာကဲ့သို့မဟုတ်ဘဲ မရေရာသော အမူအရာဖြင့်သာ ရှိနေလေသည်။
"ဒေါ့ဂျာ"
"အေး"
"ဒေါ့ဂျာကို ထောက်ပံ့ပေးသူက 'မျက်လုံးတစ်လုံးဗေဒင်ဆရာ'လို နက္ခတ်မျိုးလား"
"...မျက်လုံးတစ်လုံးဗေဒင်ဆရာဆိုတာ ဘာကြီးတုန်း"
"နင်မသိဘူးလား"
ထိုကဲ့သို့သော နာမည်ဖြင့် နက္ခတ်ရှိပေသည်။ ယောင်ဟီဝမ်သည်Ways of Survivalကို ရေးသော စာရေးသူများလားဟုပင် တစ်ခဏခန့် ကျနော်တွေးမိသွား၏။ ဥပမာအနေဖြင့် ဆိုရလျှင် ဂွန်းယေသည် 'မျက်လုံးတစ်လုံး မေတ္တယျ' ဖြစ်သည်။
"နင်ပြောသလိုတော့ မဟုတ်ဘူး။ ငါ့မှာ အထူးစွမ်းရည်တစ်ခုရှိတယ်။ အဲ့ဒီစွမ်းရည်က လူတွေကိုကောင်းကောင်းကြီးနားလည်အောင် လုပ်ပေးနိုင်တယ်"
"...ဘာစွမ်းရည်လဲ မေးချင်ပေမဲ့ မမေးတော့ပါဘူးလေ"
"ကျေးဇူးတင်ပါတယ်"
"ဒါနဲ့ အဲ့ဒီစွမ်းရည်ကို ငါ့အပေါ်မှာ သုံးခဲ့သေးလား"
ကျနော့်မျက်နှာပေါ်တွင် ခံစားချက်မျိုးစုံ၏အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ယောင်ဟီဝမ်ထံတွင် မုသားထောက်လှမ်းနိုင်စွမ်း မရှိသည်မှာ ကံကောင်းလှပေသည်။ လီဂီယောင်ကိုကြည့်ပြီး ကျနော်ပြောလိုက်၏။
"ယောက်ျားတွေအပေါ်မှာပဲ ငါ့စွမ်းရည်ကိုသုံးတာပါ"
"သောက်ကျိုးနည်း"
ကျနော်လိမ်လိုက်ခြင်းမဟုတ်ပေ။ ယောင်ဟီဝမ်၏စိတ်ကို ကျနော်မဖတ်ရသေးဟု ပြောလို့ရသေး၏။
"ဘာပဲဖြစ်ဖြစ် အားပေးစကားပြောပေးဖို့ လူတိုင်းကို အကူအညီတောင်းချင်တယ်။ အရင်ဆုံး ယောင်ဟီဝမ်က သွားပြောပေးပါ။ ပြီးရင် ယူဆန်းအာ၊ ယူဆန်းအာပြီးရင် လီဂီယောင်က နောက်ဆုံး သွားပြောပေးရမယ်။ ကျေးဇူးပြုပြီး တစ်ယောက်တစ်လှည့်စီ ပြောပေးဖြစ်အောင် ပြောပေးကြပါ"
" 'ဘုရားရေ…ဟန်းဆောင်ကို ငါကတော့ တကယ်ယုံကြည်တာ'ဆိုတဲ့ ခံစားချက်မျိုး ထည့်ပြီးပြောပေးရမှာလား"
"ကျေးဇူးပြုပြီး အဲ့လောက်တော့ မပိုပြပါနဲ့"
"ဟူး…ငါတော့ တကယ်ကိုသေတော့မှာပဲ"
သို့ပေငြားလည်း ယောင်ဟီဝမ်ပြောပေးဖို့လိုသည်။ ယခုလုပ်မည့်အစီအစဉ်အောင်မြင်ဖို့ ဆိုလျှင် လီဟန်းဆောင်၏ ဝိသေသ လက္ခဏာဆင့်ကဲပြောင်းလဲသွားဖို့ လုံးဝကို လိုအပ်၏။ ယူဂျွန်ဟော့သာ ယခုလိုမျိုးပြုမူမည်မှန်း သိခဲ့မည်ဆိုပါက ကျနော့် အစီအစဉ်ကို ပိုစော၍ ဆွဲခဲ့မိမည်မှာ သေချာသည်။ အစီအစဉ်ကိုသာ စောစီးစွာ ကြိုးစားပြီး ကျနော်တို့တွေ အကောင်အထည်ဖော်ခဲ့ပါက ယခုလောက်ဆိုလျှင် ရလာဒ်ကို မြင်နေရလောက်ပေပြီ။
မည်သို့ပင်ဆိုစေကာမူ ကျနော့်အဖွဲ့သားတွေကတော့ ကျနော်ခိုင်းထားသည်ကို ကောင်းကောင်းကြီးလုပ်နိုင်နေသည်ပင်။
"ဟန်းဆောင်က တကယ်ကိုအားကိုးရတယ်။ ထင်းရှူးသစ်ပင်ကြီး ကျနေတာပဲ"
"ဟားဟား…ကျေးဇူးတင်ပါတယ်။ ဟီဝမ်ရေ။ ငါ့အကြိုက်ဆုံးသီချင်းကလည်း ‘ထင်းရှူးပင်စိမ်းလေး’လေ"
['လီဟန်းဆောင်'ဇာတ်ကောင်သည် ဂုဏ်ယူနေပါသည်။]
"နင်ဘာသီချင်းကြိုက်လဲ ငါမေးမိလို့လား"
['လီဟန်းဆောင်'ဇာတ်ကောင်သည် အနည်းငယ်ရှက်ရွံ့သွားပါသည်။]
"ဟန်းဆောင်လို ဖြောင့်မတ်မှန်ကန်တဲ့လူမျိုးကို ကျမ တခါမှ မမြင်ဖူးဘူး"
"အာ…ဖြောင့်မတ်တယ်ရယ်လို့လည်းမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။ ယူဆန်းအာ"
['လီဟန်းဆောင်'ဇာတ်ကောင်သည် သူ၏လုပ်ရပ်များ တရားမျှတမှုမရှိမည်ကို စတင်ပူပန်လာပါသည်။]
"အကိုကြီးဟန်းဆောင်ရဲ့ကြွက်သားတွေက အရမ်းကိုတောင့်တင်းနေတာပဲနော်"
"အားလုံးကို ကျေးဇူးတင်ပါတယ်"
['လီဟန်းဆောင်'ဇာတ်ကောင်သည် ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုရှိလာပါသည်။]
ကံကောင်းသည်မှာ လီဟန်းဆောင်သည် ရိုးရိုးအေးအေးလူဖြစ်သောကြောင့် ဤကဲ့သို့ အနှစ်မပါသော ချီးကျူးမှုတွေက ကောင်းကောင်းကြီးအလုပ်ဖြစ်နေ၏။ ချီးကျူးမှုတွေကို ထပ်ခါထပ်ခါလုပ်ခဲ့ပြီးသည့်နောက်မှာတော့ စနစ်မက်ဆေ့ချ်မှာ စတင်ပြောင်းလဲလာ တော့သည်။
['လီဟန်းဆောင်'ဇာတ်ကောင်သည် သူ၏ဝိသေသ လက္ခဏာ ဆင့်ကဲပြောင်းလဲမည့် အခွင့်အရေးအား စောင့်နေပါပြီ။]
ကောင်းတယ်။ စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ဖြစ်နေတယ်။
အနည်းငယ်စိတ်ပူသည့်လေသံဖြင့် ယူဆန်းအာက မေးသည်။
"ဒါနဲ့ ဟန်းဆောင်က ဝန်ထုပ်ဝန်ပိုးတွေကိုထမ်းထိုးရသလိုဖြစ်နေသလိုပဲနော်..."
ယူဆန်းအာသည် အမှန်တကယ်ကိုစိတ်ထားကောင်းလှ၏။
ယခုလိုမျိုးအခြေအနေတွင်ပင် တခြားလူ၏စိတ်ခံစားချက်အတွက် ယူဆန်းအာက စိတ်ပူပေးနေသေးသည်။ ထိုကဲ့သို့စိတ်ပူပေးနိုင်စွမ်းမျိုး ကျနော့်တွင် မရှိချေ။
"ဝန်ထုပ်ဝန်ပိုးနည်းနည်းရှိတယ်ပဲ ပြောရမယ်ထင်တယ်။ ဒါပေမဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားဖို့က လိုတယ်ဗျ။ ဝန်ထုပ်ဝန်ပိုးတွေကို သယ်ပေးထားတဲ့ ဒီကမ္ဘာပေါ်က လူတချို့ဆိုရင် ပိုပြီးအစွမ်းထက်လာကြတယ်လေ"
"ဪ..."
"စိတ်မပူနဲ့။ ဒါနဲ့…ဂီယောင်။ ငါခိုင်းတာကို လုပ်ခဲ့ပြီလား"
"ဟုတ်ကဲ့။ အကိုကြီး"
ယူဆန်းအာဘေးကနေ လီဂီယောင်က ပြန်ဖြေသည်။ လီဂီယောင်၏ ခေါင်းပေါ်တွင် အန်တန်နာတိုင်ကဲ့သို့ပြုမူနေသည့် ပိုးဟပ်နှစ်ကောင်ရှိနေသည်။
"ဟိုအမကြီးက မြေအောက် ပထမထပ်မှာရှိနေပါတယ်"
"ကျေးဇူးပဲ"
လီဟန်းဆောင်ရဲ့အခြေအနေက ကောင်းနေပေပြီ။ ယခုဆိုလျှင် တခြားလူတွေ၏ အစွမ်းတွေကို ခိုးယူဖို့အချိန်တန်ပြီပင်။
တစ်ယောက်ထဲ လှေကားပေါ်သို့ ကျနော်တက်သွား၏။ အိမ်ရှင်မဟာမိတ်အဖွဲ့က လူများသည် လှေကားပေါ် ကျနော်တက်လာချိန်တွင် ကျနော့်ကို ကြိုဆိုကြတော့သည်။
"ဟားဟား…ဒါက ဘယ်သူများလဲ။ မင်းက တရားမဝင်အိမ်ငှားတစ်ယောက်မလား"
"..."
"မင်းက ဒီပေါ်ကိုတက်လာပြီပေါ့လေ။ မနေ့တုန်းက အခန်းတစ်ခန်းမှမရဘဲနဲ့ မင်းဟာ အသက်ရှင်ခဲ့တာတဲ့လား။ ယူဂျွန်ဟော့က မင်းကိုကူညီခဲ့တာလား"
ထိုလူတွေကိုလျစ်လျူရှုပြီး ကျနော်ဆက်သွားလိုက်၏။ ကျနော်ကြောက်နေသည်ဟု ထင်သောကြောင့် အိမ်ရှင်မဟာမိတ်အဖွဲ့က လူတွေသည် ဆက်ပြော၏။
"ယူဂျွန်ဟော့နဲ့အတူနေရတာ မခက်ဘူးလား။ ငါတို့မဟာမိတ်အဖွဲ့ထဲ ဝင်ပါလား။ မင်းသာ ငါတို့အဖွဲ့ထဲဝင်မယ်ဆိုရင် ဆရာဖီဒူက လက်ခံပေးမယ်လို့ ပြောခဲ့တယ်ကွ"
ပြောနေသည်ကို ကျနော်ဂရုမစိုက်ဘဲ အထပ်တိုင်းတွင်ရှိသော အစိမ်းရောင်နယ်မြေ အရေအတွက်ကို ကျနော်ရေတွက်ခဲ့၏။ တစ်၊ နှစ်၊ သုံး….ယခုအစီအစဉ် အောင်မြင်ဖို့ ဆိုလျှင် အခန်းတစ်ခန်းမှ ကျန်ခဲ့၍မဖြစ်ချေ။
"အဖွဲ့ဝင်အဖြစ်လက်ခံဖို့ဆိုရင် ဟိုကောင်မနှစ်ကောင်ကိုတော့ ခေါ်ခဲ့ရမယ်နော်"
အစိမ်းရောင်နယ်မြေ၁၁ခု ကျန်နေသေးသည်။ မနေ့က ဇာတ်ဝင်ခန်းအပြီးတွင် အစိမ်းရောင်နယ်မြေအရေအတွက်မှာ ကျဆင်းသွားခဲ့၏။ ကျနော့်အစီအစဉ်ကို လုပ်ဆောင်ဖို့အတွက် လုံလောက်သော အရေအတွက်ကိုရောက်သွားသည်ဟုပင် ပြော၍ရသည်။
"ဟေ့…ငါစကားပြောနေတာကို မသိချင်ယောင်ဆောင်နေတာလား"
"ငါနားထောင်နေပါတယ်။ ငါနားထောင်နေကြောင်း ဒီကောင့်ကိုပြောပေးကြစမ်းပါ"
အိမ်ရှင်မဟာမိတ်အဖွဲ့သည် ကျနော့်စကားကြောင့် အချင်းချင်းကြည့်ပြီး ရယ်ကုန်ကြသည်။ ယခုအချိန်တွင်တော့ သူတို့တွေ ယခုကဲ့သို့ ရယ်နိုင်သေး၏။
ဓါတ်လှေကားပေါ်သို့ ကျနော်တက်လိုက်သောအချိန်တွင် ကျနော့်နောက်ကျောကို ဓါးတစ်ချောင်းက လာထောက်၏။ ဓါးဖြင့်ထောက်တော့မည်ဟူသော ခံစားချက် အချို့ကိုသာ ရခဲ့သည်။ ချည်းကပ်လာသည်ကို ဖုံးကွယ်ပေးနိုင်သော စွမ်းရည်မျိုးမှာ တစ်ခုသာရှိ၏။
[သရဲခြေလှမ်း]
"ကျမ စိတ်ပျက်သွားပြီ။ ဦးလေးကြီး"
လီဂျီဟယ်။ ထူးချွန်သောတိုက်ခိုက်ရေးစွမ်းရည်များရှိသည့် ဂုဏ်ယူနေသည့် ကောင်မလေး။ သစ္စာရှင်စစ်သူကြီးနက္ခတ်သည် ဤမိန်းကလေးအား အလကားသက်သက် ရွေးချယ်ခဲ့ခြင်းမဟုတ်ဟု ပြော၍ပင်ရ၏။
"ဦးလေးကြီး။ ဟိုမိန်းမတွေနဲ့ညှိနှိုင်းရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို မသိဘူးလား"
"ငါသိပါတယ်"
"ရှင်တကယ်သိလို့လား။ မနေ့ကဆိုရင် ရှင်ဟာ သေမလိုတောင် ဖြစ်ခဲ့တာ မဟုတ်ဘူးလား"
ပုခုံးနှစ်ဖက်ကို ကျနော်တွန့်ပြလိုက်၏။
"ဓါးကိုဖယ်လိုက်။ စကားပြောကြရအောင်"
"စကားပြောမယ်ဟုတ်လား။ ရှင်က ကျမကို တမင်လာရှာတာလား"
"အေး"
လီဂျီဟယ်သည် ဓါးကိုဖယ်လိုက်၏။ လီဂျီဟယ်နောက်သို့ ကျနော်လိုက်သွားသည်။ လီဂျီဟယ်သည် မြေအောက် ပထမထပ်ကနေ ဝင်ပေါက်ရှိ လက်မှတ်ဖြတ်စက်ရှိရာအထိ လမ်းလျှောက်သွား၏။ ကျနော်တို့တွေ လမ်းအတော် လျှောက်ခဲ့သည်ဟု ပြော၍ရလေသည်။
"ရှင်က ဘာကိစ္စပြောချင်တာလဲ"
"ဒါနဲ့ နင်က ဘာလို့အဲ့မှာရပ်နေရတာလဲ"
"ဒီနေရာကိုကာကွယ်ပေးဖို့ ဆရာက ကျမကို မှာထားတယ်လေ"
"...ကာကွယ်ပေးဖို့ဟုတ်လား"
"ဆရာမှာထားတာမလို့ ရှင့်ကိုဆက်ပြီးသွားခွင့်မပေးနိုင်ဘူး"
လီဂျီဟယ်သည် လက်မှတ်ဖြတ်စက်ဂိတ်ကိုထိလိုက်ပြီး သူ(မ)၏ဂုတ်ကို လက်နှစ်ဖက်ဖြင့် ချိတ်ထားလိုက်သည်။ လက်မှတ်ဖြတ်စက်ဂိတ်၏ အလွန်က လမ်းကို ကျနော်ကြည့်လိုက်၏။ မြေပြင်ဆီသွားရာ ထွက်ပေါက်နံပါတ်တွေ ဆိုင်းဘုတ်ပေါ်တွင် ရေးထားသည်။ ထွက်ပေါက်တိုင်းက မြေပြင်ပေါ်သို့ ရောက်ရှိစေသည့် ထွက်ပေါက်တွေတော့ မဟုတ်ကြပေ။ ထိုအချိန်မှာပဲ ကြောက်စရာကောင်းသည့် ခံစားချက်ကို ကျနော်ရလိုက်၏။
...ယူဂျွန်ဟော့ဆိုတဲ့ကောင်ဟာ ဟိုလမ်းကြောင်းကို သွားဖို့ကြိုးစားနေတာတော့ မဟုတ်လောက်ပါဘူးနော်။
ယူဂျွန်ဟော့သာ ဤနေရာကို ကာကွယ်ပေးချင်နေတာဆိုလျှင် အကြောင်းအရင်းက တစ်ခုသာရှိ၏။
ဇာတ်ဝင်ခန်းအသက်ဝင်နေချိန်တုန်းက ယူဂျွန်ဟော့သည် ချွန်မူရို၏ 'လျှို့ဝှက်ခံတပ်'ကို တိုက်ခိုက်ဖို့ ကြိုးစားနေခဲ့ခြင်းသာ ဖြစ်သည်။ တိုက်ခိုက်သည်ဟုပြောသည်က မိုက်သလိုတော့ရှိ၏။ အဓိကဇာတ်ကောင် ပိုပြီးအစွမ်းထက်လာသည်က ဆိုးရွားသည့် ကိစ္စတော့မဟုတ်ချေ။
ပြဿနာရှိနေသည်မှာ တတိယအကြိမ်နောက်ပြန်ဆုတ်ခြင်း၏ အဆုံးသတ် မတိုင်ခင် အထိ အဆိုပါခံတပ်ကို ယူဂျွန်ဟော့ မရှင်းလင်းနိုင်သေးပေ။ ကြည့်ရသည်မှာ ကျနော့်ဘက်က အမြန်လက်စသတ်ဖို့ လိုနေချေပြီ။
"နင့်အကူအညီကို ငါလိုတယ်"
"ကျမရဲ့အကူအညီဟုတ်လား"
"ဂုံဖီဒူရဲ့အဖွဲ့ကို ဒီနေ့ချေမှုန်းပစ်မယ်"
"...ရှင်တကယ်ပြောနေတာလား"
ကျနော့်စိတ်ကိုမြင်နိုင်အောင်ကြည့်နေသကဲ့သို့ လီဂျီဟယ်သည် ကျနော့်ကို ကြည့်လိုက်၏။
['လီဂျီဟယ်'အပေါ်တွင် သင်၏နားလည်မှုတိုးတက်လာပါသည်။]
"ဦးလေးကြီးက လုံလောက်အောင် သန်မာတာမဟုတ်ဘူး။ ဂုံဖီဒူရဲ့အဖွဲ့ကို ရှင်ဟာ ရှင်းထုတ်နိုင်မှာမဟုတ်ဘူး"
"နင်က ငါ့ကိုကူညီပေးရင်တောင် မရှင်းထုတ်နိုင်ဘူးလား'
လီဂျီဟယ်သည် ဂုဏ်သိက္ခာထိပါးခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး ခေါင်းကို ဆတ်ခနဲ မော့၏။
ဂုဏ်သိက္ခာထိခိုက်ခံရသကဲ့သို့ခံစားရမည်မှာ သဘာဝပင်။ လီဂျီဟယ်သည် ဤဘူတာသို့ ပထမဆုံးရောက်သည့်နေ့မှာတင် ဂုံဖီဒူကို စိန်ခေါ်ပြီး ထွက်ပြေးခဲ့သည်။ ယူဂျွန်ဟော့သာ လီဂျီဟယ်ကိုကယ်တင်ဖို့ပေါ်မလာခဲ့ဘူးဆိုလျှင် ယခုလောက်ဆိုလျှင် လီဂျီဟယ်သေနေလောက်ချေပြီ။
"ငါ့မှာအကြံတစ်ခုရှိတယ်။ နင်သာ ငါ့ကိုအကူအညီပေးမယ်ဆိုရင် အဲ့ဒီနည်းလမ်းကို အကောင်အထည်ဖော်လို့ရတယ်"
"...ကျမကိုဒီမှာပဲနေဖို့ ဆရာက မှားထားတယ်"
"နင်မကူညီဘူးဆိုရင် လူတွေအများကြီးသေသွားလိမ့်မယ်"
"လူတွေက သေရမှာပဲလေ"
"အဲ့ဒီစကားကိုယူဂျွန်ဟော့က ပြောခဲ့တာလား"
လီဂျီဟယ်၏မျက်လုံးများတောက်ပလာသည်။
"မနေ့က ကျမတို့နဲ့စကားပြောခဲ့တဲ့ကောင်လေး ဆုံးသွားပြီ။ ရှင်နားလည်ရဲ့လား"
"...ကျမ သိပါတယ်"
"အဲ့ဒီကောင်လေးဟာ အသက်ရှင်ချင်ရှင်နိုင်ခဲ့လောက်မှာလေ။ ဒီနေ့လောက်ဆိုရင် ငါတို့ဆီကိုပြေးလာပြီး ယူဂျွန်ဟော့အကြောင်းကိုတောင် ပြောပြနေလောက်တယ်"
"အဲ့ဒါက..."
"အဲ့ဒီကောင်လေးကို ယူဂျွန်ဟော့က သတ်ပစ်ခဲ့တာဟ။ ကောင်လေးကို ကယ်မယ်ဆိုရင် ယူဂျွန်ဟော့က ကယ်ပေးလို့ရလောက်တယ်"
စကားပြောနေစဉ်အချိန်မှာပဲ ကျနော့်ခံစားချက်များ ရှုတ်ထွေးလာသည်။ ကျနော်သည် ယူဂျွန်ဟော့နှင့် သိပ်မကွာသောလူဖြစ်ကြောင်း ကျနော်သတိထားမိခဲ့ခြင်း ဖြစ်၏။ မြေအောက်ဘူတာရုံဖြစ်သည့် ဂူမိုဘူတာတွင် ကျနော့်အတွက် ဘေးမကင်းသဖြင့် ကျနော်ကယ်ပေး၍ရခဲ့နိုင်လောက်သည့် လူများအား ကျနော် မကယ်ဘဲ လျစ်လျူရှုခဲ့သည်။
ကြောင်သူတော်ဆန်ဆန်စိတ်မကောင်းပြသလိုပင် ဖြစ်နေချေပြီ။
"မြေအောက်ရထားပေါ်မှာရှိနေခဲ့တုန်းက နင့်ရဲ့ဇာတ်ဝင်ခန်းကျော်ဖြတ်ခဲ့ပုံကို ငါကြည့်ခဲ့ရတယ်"
လီဂျီဟယ်၏ သေးငယ်သောပုခုံးများ တုန်လှုတ်သွားသည်။
"နင့်သူငယ်ချင်းကို နင်ကိုယ်တိုင်သတ်ပစ်ခဲ့တဲ့ ဗီဒီယိုကိုကြည့်ခဲ့ရတာလေ"
"...တော်တော့"
"နင်မသတ်ချင်ခဲ့တာတော့ မှန်ပါတယ်"
['လီဂျီဟယ်'ဇာတ်ကောင်သည် အလွန်စိတ်အနှောက်အယှက်ဖြစ်နေပါပြီ။]
"ရှင်ဘာတွေသိထားသေးလဲ"
"ငါက သိတော့သိပေမဲ့ မသိဘူး။ ငါက ငါ့ကိုငါ စကားပြောနေတာပါဟ"
"..."
"ဒါပေမဲ့ စကားပြောဖြစ်နေပြီဆိုတော့လည်း ဒါလေးကိုတော့ ပြောထားလိုက်ချင်တယ်။ ဒီနေ့ နင်လှည့်ထွက်သွားမယ်ဆိုရင်တော့ ကျန်ရှိတဲ့ နင့်ဘဝတစ်လျှောက်လုံး နောင်တရသွားလိမ့်မယ်လို့ ငါသေချာပြောရဲတယ်"
['လီဂျီဟယ်'ဇာတ်ကောင်သည် အလွန်နာကျင်နေပါပြီ။]
လီဂျီဟယ်ဆိုသော 'လူသား'ကို ကျနော်မသိသော်လည်း လီဂျီဟယ် 'ဇာတ်ကောင်'ကိုတော့ ကျနော်သိ၏။ ဤမိန်းကလေးသည် ယူဂျွန်ဟော့၏ သစ္စာရှိ လက်ထောက်တစ်ယောက်ဖြစ်ပေသည်။ သို့သော် သစ္စာရှိလက်ထောက်အဖြစ် အနာဂတ်တွင်မှ ဖြစ်လာမည်ဖြစ်ပြီး ယခုလောလောဆယ်တော့ မဖြစ်သေးပေ။ လီဂျီဟယ်သည် ယူဂျွန်ဟော့၏ခွန်အားကို သဘောကျပြီးလေးစားသော်လည်း ယူဂျွန်ဟော့နှင့် လုံးဝမတူသူ ဖြစ်၏။
တစ်ခဏခန့်အကြာတွင် လီဂျီဟယ် စကားပြောလိုက်သည်။
"ကျမ ကူညီပေးရင် လူတွေအသက်ရှင်နိုင်မှာလား"
"လူတိုင်းတော့မရှင်ဘူး။ ဒါပေမဲ့ လူတစ်ချို့တော့ ရှင်လိမ့်မယ်"
"...ကျမ ဘာလုပ်သင့်လဲ"
"ဒီညနေ ၇နာရီကျရင် ငါစလှုတ်ရှားမယ်"
ကျနော့်အစီအစဉ်ကို လီဂျီဟယ်သိအောင် ပြောပြခဲ့ပေပြီ။ ဤအစီအစဉ်ကိုအသုံးပြုဖို့ အတွက်ဆိုလျှင် လီဂျီဟယ်တစ်ယောက် ကျနော်မှာထားသည့်ကိစ္စမျိုးကို လုပ်ပေးဖို့ လို၏။
လီဂျီဟယ်သည် ခံစားချက်မဲ့စွာဖြင့်စိုက်ကြည့်ပြီး ပြောသည်။
"ရှင် စိတ်ရောမှန်ပါတယ်နော်။ တကယ်ကြီးဒီလိုလုပ်တော့မှာလား"
"အေး"
"...အမှန်အတိုင်းပြောရရင် ရှင့်အစီအစဉ်က အလုပ်ဖြစ်မယ်လို့တော့ မထင်ဘူး။ ရှင့်ကို ကြိုတော့ပြောထားလိုက်မယ်။ ကျမဘက်က အကူအညီပေးနိုင်မယ်လို့ မထင်ဘူး"
"ရွေးချယ်တာက နင်ပဲလုပ်ရမှာ"
ယခုလိုမျိုးစကားကို လီဂျီဟယ်ပြောခဲ့သော်လည်း လီဂျီဟယ်တစ်ယောက် လှုတ်ရှားပေးမည်ကတော့ သေချာသည်။ လီဂျီဟယ်သည် သစ္စာရှင်စစ်သူကြီးနက္ခတ်၏ ရွေးချယ်ခြင်းကိုခံထားရသောသူဖြစ်သဖြင့် ပြောသည့်အတိုင်းလုပ်ပေးမည်မှာ အသေအချာပင်။
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏ရိုင်းစိုင်းသောအပြောအဆိုကို သဘောကျနေ ပါသည်။]
[ဒင်္ဂါး ၁၀၀ကို ထောက်ပံ့လိုက်ပါသည်။]
[လီဂျီဟယ်၏ထောက်ပံ့သူသည် သင့်ကို သဘောကျနေပါသည်။]
[ဒင်္ဂါး ၁၀၀ကို ထောက်ပံ့လိုက်ပါသည်။]
ယခုဆိုလျှင်ပြင်ဆင်စရာရှိတာအားလုံးကို ပြင်ဆင်ပြီးသွားလေပြီ။