← Chapters

အရေးပေါ်ကာကွယ်မှု (၄)

Vol. 2 Ch. 36

အရေးပေါ်ကာကွယ်မှု (၄)

Vol. 2 Ch. 36

တိုက်ခိုက်မှုစတင်ပြီး တစ်နာရီကြာသည့်တိုင်အောင် ဂုံဖီဒူသည် တိုက်ခိုက်ပြီးရင်း တိုက်ခိုက်နေဆဲဖြစ်သည်။ မကောင်းဆိုးဝါးတွေ၏အရေအတွက်မှာ ကျဆင်းသွား သော်လည်း အရေအတွက်က များနေဆဲပင်။ ဂုံဖီဒူသည် မိစ္ဆာ ၁၀ပါးထဲတွင် ကာကွယ်မှု အကောင်းဆုံးလူဟုပင် ဆိုနိုင်၏။

"ဆန်ကုန်မြေလေးတွေ"

[ဂုံဖီဒူဇာတ်ကောင်၏ လက်နက်ဇုန်မှာ အဆင့်တက်သွားပါပြီ။]

[ဂုံဖီဒူဇာတ်ကောင်၏ ပုဂ္ဂလိကပိုင်နယ်မြေမှာ အဆင့်တက်သွားပါပြီ။]

[ဂုံဖီဒူဇာတ်ကောင်သည် ကာကွယ်ရေးတံတိုင်းစွမ်းရည်ကိုရရှိသွားပါသည်။]

ဂုံဖီဒူ၏အဆင့်တက်သွားပုံမှာ မြန်လှသည်။ ဂုံဖီဒူနောက်က ထောက်ပံ့သူသည် ဂုံဖီဒူကို အားကောင်းလာအောင် အလောတလျင် လုပ်ပေးနေလေ၏။ သူသာ ဤနေရာတွင် အသက်ရှင်မည်ဆိုပါက ဂုံဖီဒူ၏တိုးတက်မှုမှာ အရမ်းပင်ကြီးမားသွားမည်ဖြစ်သည်။

ဒီလူဒီနေရာမှာ အသက်ရှင်ဖို့တော့ လိုတာပေါ့လေ။

"ကျား..."

ဇာတ်ဝင်ခန်းအရဆိုလျှင် ဂုံဖီဒူသည် နောက်ထပ် ခုနစ်နာရီကြာအောင် တောင့်ခံထား ရမည် ဖြစ်သည်။။

ဘေးကနေထိုင်ကြည့်ရင်းစားဖို့ ပေါက်ပေါက်ဆုပ်တွေရှိရင်ကောင်းမှာပဲ။ ဆိုးပါ့ကွာ။

အောက်ထပ်ကအခြေအနေကိုလှမ်းကြည့်ပြီး ကျနော့်ဘေးက လီဂျီဟယ်သည် ရယ်နေလေသည်။ အစောပိုင်းတုန်းကတင် အောက်ထပ်ရှိလူတွေကို သွားကူညီပေးရန် လီဂျီဟယ်က ကျနော့်ကိုပြောနေသေး၏။ ယူဂျွန်ဟော့၏သစ္စာရှိကျောင်းသူသည် အမှန်ပင် စိတ်အပြောင်းအလဲမြန်လှသည်။

"ဒါနဲ့ ယူဂျွန်ဟော့ ဘာလို့ဒီမှာရှိမနေရတာလဲ”

"ကျမက ဘယ်လိုလုပ်သိမှာလဲ။ ဆရာက အမြဲအလုပ်ရှုတ်နေတဲ့လူလေ"

အလုပ်ရှုတ်တယ်တဲ့လား။ အေးပါ့လေ။ အလုပ်ရှုတ်လောက်မှာပါ။ တစ်ယောက်ထဲနေချင်တဲ့ အဲ့ဒီကောင်ဟာ အလုပ်အများဆုံးပဲပေါ့။

သေမလိုဖြစ်နေသည့် ဂုံဖီဒူကို ငုံ့ကြည့်ပြီး ကျနော်မေးလိုက်သည်။

"ကြောက်ဖို့ကောင်းပြီး မှောင်မိုက်နေတဲ့မြေအောက်ကို ယူဂျွန်ဟော့ ဘယ်အချိန်က ဝင်သွားခဲ့တာလဲ"

"ဒီမနက် ၉နာရီလောက်က ဖြစ်..."

လီဂျီဟယ်သည် စကားကိုဆုံးအောင်မပြောဘဲ ကျနော့်ကိုစိုက်ကြည့်၏။

"ခဏနေပါဦး။ မှောင်မိုက်ပြီး ကြောက်ဖို့ကောင်းတဲ့မြေအောက်ထဲ ဆရာဝင်သွားတာကို ရှင်က ဘယ်လိုလုပ်ပြီးသိနေရတာလဲ"

လီဂျီဟယ်အမေးကို လျစ်လျူရှုလိုက်ပြီး အချိန်ကို ကျနော်တွက်ကြည့်လိုက်၏။ ယခုက ည ၈နာရီရှိနေပေပြီ။ ရိုးရိုးရှင်းရှင်းတွက်ချက်မည်ဆိုလျှင်တောင် မြေအောက်ထဲ ယူဂျွန်ဟော့ဝင်သွားခဲ့သည်မှာ ၁၁နာရီကျော်သွားပြီဖြစ်၏။ သို့ပေငြားလည်း ယူဂျွန်ဟော့ပြန်ထွက်မလာသေးချေ။

လဖွတ်။ ငါလှုတ်ရှားမှဖြစ်မယ်။ ယူဂျွန်ဟော့ဆိုတဲ့ကောင်က အဓိကဇာတ်ကောင် ဆိုတော့ တစ်ခုခုဖြစ်လို့မဖြစ်ဘူး။

ဒိုကဲဘီဆက်သွယ်ရေးကို ကျနော်ဖွင့်လိုက်၏။

'ဘီဟွန်း'

လေထဲ၌ပျံနေသော ဘီဟွန်းသည် ကျနော့်ကိုလှည့်ကြည့်သည်။

[ဘာကိစ္စလဲ။ ရုတ်တရက်ကြီး ငါ့ကိုဘာလို့လှမ်းခေါ်ရတာလဲ]

'ဒိုကဲဘီအိတ်ကိုဖွင့်ပေး'

[ဟမ်။ မ-မရဘူး။ အခုဆိုရင် ငါ့ချန်နယ်ကို မန်ဘာဝင်တဲ့သူတွေ အများကြီး ရနေပြီကွ]

ကျနော်သိပေသည်။ ဂုံဖီဒူနှင့်ပတ်သတ်ပြီး ကျနော်လုပ်ခဲ့သည့်လုပ်ရပ်တွေကြောင့် ကျနော့်တန်ကြေးမှာ တက်သွားခဲ့၏။ ထောင်ချောက်ဆင်ပြီး ဘေးကနေ ထိုင်ကြည့်နေသည့် ကျနော့်လုပ်ရပ်ကြောင့် ‘ပျော်စရာရှာသူ’နက္ခတ်များသည် ဂုံဖီဒူ၏ ချန်နယ်ကို ကြည့်မနေလောက်တော့ပေ။

ထိုချန်နယ်ကနေ ထွက်ပြီး နက္ခတ်တွေ မည်သည့်နေရာဆီသွားကြလောက်မည်နည်းကို တွေးကြည့်လို့တောင်ရသည်။

[နက္ခတ်အသစ်တွေ ချန်နယ်ထဲဝင်လာပါသည်။]

ဘီဟွန်း၏ချန်နယ်ဆီကိုပဲ လာကြမည်မှာ သဘာဝပင်။

[#BI-7623ချန်နယ်သည် တိုးချဲ့ဖို့အတွက် အသင့်ဖြစ်နေပါပြီ။]

[ဟူးဟူး၊ ဟူးဟူးဟွတ်….ကြည့်စမ်းပါဦး။ ကြည့်စမ်းပါဦး။ အခုဆိုရင် ငါ့ချန်နယ်လည်း…]

ဘီဟွန်းပျော်မည်ဆိုကာ ပျော်ချင်စရာပင်။ သို့သော် ယခုအချိန်က ပျော်နေရမည် အချိန် မဟုတ်။

'မင်းရဲ့ချန်နယ်ပျက်ဆီးမသွားချင်ဘူးဆိုရင် ဒိုကဲဘီအိတ်ကို မြန်မြန်ဖွင့်ပေးတော့။ ချန်နယ်တိုးချဲ့ဖို့အတွက် ကြော်ညာထည့်တာလို့ အကြောင်းပြလို့ရတယ်မလား'

[အာ…ချီး…တကယ်ပါပဲ...]

ဘီဟွန်းသည် တိတ်တိတ်လေးကျိန်ဆဲလိုက်သော်လည်း ကြော်ညာတစ်ခုကိုပြပြီး ဒိုကဲဘီအိတ်ကို ဖွင့်ပေးလိုက်သည်။ ကျနော်စုဆောင်းထားသော ဒင်္ဂါးတွေကိုသုံးစွဲရန် အချိန်ရောက်လာပေပြီ။

'ဒင်္ဂါး ၅၀၀၀ပေးမယ်။ ငါ့ကို gold memberတစ်ယောက်အဖြစ် အဆင့်မြှင့်ပေးပါ'

ဘီဟွန်းသည် ကျနော့်ကိုစိုက်ကြည့်ပြီး သက်ပြင်းချသည်။ ထို့နောက်တွင်တော့ စနစ်မက်ဆေ့ချ်ပေါ်လာ၏။

[ဒင်္ဂါး ၅၀၀၀ကို သုံးစွဲလိုက်ပါသည်။]

[ဂုဏ်ပြုပါသည်။ သင်သည် ဒိုကဲဘီအိတ်၏ gold memberတစ်ယောက် ဖြစ်သွားပါပြီ။]

ကျနော်၏အသင်းဝင်အဆင့်မှာ ပြောင်းသွားပြီး ဒိုကဲဘီအိတ်၏အနေအထားလည်း ပြောင်းသွားလေသည်။ ဒင်္ဂါးတွေရှိနေခြင်းမှာ အမှန်ပင် ကောင်းလှ၏။ ပစ္စည်းအသစ် စာရင်းလည်း ပေါ်လာသည်။ လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန်စာရင်းထဲ ကျနော် ထည့်လိုက်၏။

* ရိုက်ကွင်းနောက်ကွယ်က စာချုပ် - ဒင်္ဂါး ၁၀၀၀၀

* အလယ်အလတ်မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်းဆေးရည် X ၁၀ - ဒင်္ဂါး၅၀၀၀

စာချုပ်တစ်ခုနှင့် အလယ်အလတ်ဆေးရည် ၁၀ပုလင်း…ဤမျှဆိုလျှင် လုံလောက်မည် ထင်သည်။

သုံးစွဲရမည့် ဒင်္ဂါးအရေအတွက်မှာ များပြားသော်လည်း ချန်နယ်က ကြီးမားလာတော့မှာ ဖြစ်၏။ ကျနော့်စွမ်းအားများပြန်မပြည့်ခင်မှာတင် ချန်နယ်က တိုးချဲ့ပြီးလောက်ပေမည်။ ကျနော်ဝယ်ခဲ့သောပစ္စည်းများကိုမြင်လိုက်ရချိန်တွင် ဘီဟွန်း တုန်လှုတ်သွားသည်။

[စာချုပ်တစ်ချုပ်ကို ဘာလို့ဝယ်ရတာလဲ။ ငါတို့စာချုပ်ရဲ့သဘောတူညီချက်ကို မေ့နေပြီလား။ မင်းအတွက် ထောက်ပံ့သူတစ်ယောက်ရှာလို့မရဘူးလေ]

'မင်းဘာတွေပြောနေတာလဲ။ ငါက အခုမှ ဘာလို့ ထောက်ပံ့သူတစ်ယောက်ရှာရမှာလဲ'

ထောက်ပံ့သူတစ်ယောက်ရှာမည်ဆိုလျှင်တောင် စာချုပ်ကို ကျနော်ပိုင်သော ဒင်္ဂါးများဖြင့် အဘယ်ကြောင့်ဝယ်ရမည်နည်း။ ဘီဟွန်းဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားသင့်သည်။ မည်သို့ပင်ဆိုစေကာမူ ဘီဟွန်းလုပ်ရမည့်အလုပ်တွေကတော့ ရှိနေပေပြီ။

[ဒင်္ဂါး ၁၅၀၀၀ကို သုံးစွဲလိုက်ပါသည်။]

['ရိုက်ကွင်းနောက်ကွယ်က စာချုပ်'တစ်ခုကို ရရှိပါသည်။]

[အလယ်အလတ်မှော်စွမ်းအားပြန်ဖြည့်ခြင်းဆေးရည် ၁၀ပုလင်းကို ရရှိပါသည်။]

လေထဲကနေ ပစ္စည်းတွေပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ယူဆန်းအာ၏ မျက်နှာတွင် သိချင်သော အရိပ်အယောင်များ ပေါ်လာသည်။

"အဲ့ဒါက ဘာတွေလဲ"

" 'ချုပ်ဆိုခံ'တစ်ယောက်နဲ့ချုပ်မယ့် စာချုပ်လေ"

စာချုပ်ကိုဂရုတစိုက် ကျနော်ရေးဖြည့်လိုက်ပြီး ကျနော့်နာမည်ကို 'ချုပ်ဆိုသူ'နေရာတွင် ရေးကာ တိတ်တိတ်လေး စောင့်လိုက်၏။ ယခုဆိုလျှင် 'ချုပ်ဆိုခံ' ရောက်လာဖို့အချိန်တန် ပေပြီ။

['ဂုံဖီဒူ'ဇာတ်ကောင်၏ ထောက်ပံ့သူသည် အနီးအနားရှိ နက္ခတ်တွေကို အကူအညီ တောင်းနေပါသည်။]

နောက်ဆုံးတွင် ဂုံဖီဒူ၏နောက်က ထောက်ပံ့သူမှာ ထောက်ပံ့ပေးနိုင်သည့် အကန့်အသတ်ကို ရောက်သွားပြီး ချန်နယ်ပြင်ပသို့ မက်ဆေ့ချ်များ စတင်ပို့လေ တော့သည်။ ထောက်ပံ့သူထံတွင ဒင်္ဂါးတွေအများကြီးရှိမနေခြင်းမှာ သဘာဝပင်။ နက္ခတ်ဖြစ်တိုင်း ချမ်းသာမည်ဟု ယူဆ၍မရချေ။

['ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်သည် လှောင်ပြောင်နေပါသည်။]

ဂုံဖီဒူ၏ချန်နယ်မှ အခြားနက္ခတ်များသည် ထောက်ပံ့ပေးနေမှုကိုရပ်တန့်ပြီး ကိုယ်စားလှယ်ကို အသေခံလောက်တော့မည်ဖြစ်သဖြင့် ကျနော်စီစဉ်ထားသည့် အတိုင်း ဖြစ်နေပေပြီ။

တစ်ခုခုကိုသတိထားမိသွားသည့် ဘီဟွန်းသည် တိတ်တိတ်လေး ရေရွတ်သည်။

[နေပါဦး။ မဟုတ်မှလွဲရော မင်းက…]

သေလုမျောပါးအခြေအနေကို ကျရောက်နေသော ဂုံဖီဒူဘက်သို့ ကျနော်စကား လှမ်းပြောလိုက်သည်။

"ဟေ့….ဘဲကြီး"

ဒက် ဒက် ဒက်

ဂုံဖီဒူသည် အရူးလို ပစ်ခတ်နေပြီး အသက်ကိုပြင်းပြင်းရှူကာ ကျနော့်ကိုမော့ကြည့်၏။

"ခင်ဗျား ဒီအတိုင်းစမုံတုံးသွားချင်လား။ ဒါမှမဟုတ် ကျနော်နဲ့စာချုပ်တစ်ခုချုပ်မလား"

"ဘာ-ဘာပြောတယ်"

"ကျနော်က နက္ခတ်တစ်ပါးမဟုတ်တော့ ထောက်ပံ့သူအဖြစ်တော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားအလိုရှိမယ်ဆိုရင်တော့ နောက်ကွယ်က လူအဖြစ် နေပေးလို့ရတယ်။ ဘယ်လိုလဲ။ စိတ်ဝင်စားလား"

"ဒီမအေဘေး ဘာတွေပြောနေတာလဲဟ"

"ဂုံဖီဒူ…ပါးစပ်ပိတ်ထားစမ်း။ ခင်ဗျားကို စကားပြောနေတာမဟုတ်ဘူး။"

"ဘာဖြစ်တယ်"

'စာချုပ်'ကို လက်တစ်ဖက်ဖြင့်ဝှေ့ယမ်းပြီး 'အလယ်အလတ်မှော်စွမ်းအား ပြန်ဖြည့်ဆေးရည်'ကို နောက်လက်တစ်ဖက်ဖြင့် ကျနော်ပြလိုက်သည်။

"မြန်မြန်အဖြေပြန်ပေးတော့။ ကျနော်နဲ့စာချုပ်ချုပ်မယ်ဆိုရင် ဒီပစ္စည်းတွေကိုပေးမယ်"

ကျနော့်ရှေ့တွင် မက်ဆေ့ချ်တစ်ခု ဖြတ်ကနဲပေါ်လာ၏။

['ဂုံဖီဒူ'နောက်ကွယ်က ထောက်ပံ့သူသည် ကိုယ်ထင်ပြပါပြီ။]

['ခံစစ်သခင်'နက္ခတ်သည် သင့်အား အရူးတစ်ယောက်ကိုကြည့်နေသကဲ့သို့ ကြည့်နေ ပါသည်။]

အမှန်တကယ်တန်းတော့ ခံစစ်သခင်သည် စာချုပ်ချုပ်ဆိုခံဖြစ်ဖို့ အသင့်မဖြစ်သေးဟု ပြော၍ရသည်။ စိတ်တော့မပူပေ။ အချိန်တွေကုန်လာသည်နှင့်အမျှ သူ့ဘက်က အလျှင်လိုလာမည်မှာ သေချာ၏။

ဘီဟွန်းသည် ကျနော့်ကိုစောင့်ကြည့်နေသည်။

[ဟေ့ကောင်...မင်းရူးသွားတာလား]

'ရူးတယ်လို့ထင်ချင်လည်းထင်ပေါ့'

[နက္ခတ်တစ်ပါးကိုထောက်ပံ့ဖို့ပထမဆုံးကြိုးစားတဲ့သူက မင်းပဲရှိတယ်]

'ထောက်ပံ့တာကို ငါက လုပ်လို့မရဘူးလား'

[အဲ့ဒါက နက္ခတ်ကြီးကွ။ နက္ခတ်တစ်ပါးက အရေးမပါတဲ့လူသားတစ်ယောက်နဲ့ စာချုပ်ချုပ်မှာတဲ့လား]

'အဲ့ဒါကတော့ မင်းအထင်ပဲလေ'

အလယ်အလတ်နက္ခတ်ဖြစ်သည့် ခံစစ်သခင်သည် သူ၏စွမ်းရည်အရဆိုလျှင် အဆင့်နိမ့်နက္ခတ်တစ်ပါးသာဖြစ်၏။

သူ့ကမ္ဘာသည် ဟိုအရင်ကာလရှည်ကြာလှသည့်အချိန်ကတည်းက 'ဇာတ်ဝင်ခန်း'တစ်ခု ဖြစ်သွားခဲ့ပြီး ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ခံတပ်သခင်၏ သမိုင်းကို ပြောဆိုသူဟူ၍မရှိတော့ချေ။ သမိုင်းကြောင်းက ပျောက်သွားခဲ့ပြီမလို့ နက္ခတ်ဖြစ်သူလည်း မည်သည့်ဒင်္ဂါးမှမရနိုင်တော့ဘဲ ဖြစ်နေပြီဖြစ်သည်။ နောင်တွင် သူ၏ တည်ရှိမှုပါ ပျောက်သွားလိမ့်မည်။

ထို့ကြောင့်မလို့လည်း ခံတပ်သခင်အပါအဝင် နက္ခတ်အချို့သည် 'ကိုယ်စားလှယ်' ရှာဖို့သာ စိတ်အားထက်သန်နေကြခြင်းဖြစ်၏။ ရွေးချယ်ထားသော ကိုယ်စားလှယ်တွေကြောင့် နက္ခတ်တွေကိုပါ လူသိများလာနိုင်ခြင်းကြောင့်ပင်။

'အဲ့ဒီကောင်ဆီမှာ ဘာဒင်္ဂါးမှရှိတော့တာမဟုတ်ဘူး'

[ဘာဖြစ်တယ်]

ဂုံဖီဒူ၏အစွမ်းမှာ ယခင်ကထက်စာလျှင် အများကြီး ကျဆင်းသွားပြီဖြစ်သည်။ ခံတပ်သခင်သည် 'သာမန်ညောင်ညတွေ၏ဧကရာဇ်'နက္ခတ်ကဲ့သို့မဟုတ်ဘဲ သူ၏ ကိုယ်စားလှယ်ကို ဂရုစိုက်သူဖြစ်သည်။ ဂုံဖီဒူသေမလိုဖြစ်နေသည်ကိုကြည့်ပါက ခံတပ်သခင်ထံတွင် ဒင်္ဂါးမရှိတော့သည်ကို သိနိုင်သည်။

ဒင်္ဂါးမရှိပါက 'ထောက်ပံ့သူစာချုပ်အသစ်'တစ်ခုကို ချုပ်ဆိုဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။ ကိုယ်စားလှယ်အသစ်တစ်ယောက်ကို မဖန်တီးနိုင်သည့် နက္ခတ်တစ်ပါး၏ ကံကြမ္မာမှာ ဆိုးရွားသွားမည်မှာသေချာ၏။

'ဂုံဖီဒူသေတာနဲ့ အဲ့ဒီကောင်ကို မေ့သွားကြမှာပဲ'

နက္ခတ်တစ်ပါးအတွက် အမေ့ခံရခြင်းမှာ သေသည်နှင့်အတူတူပင်။

ဘီဟွန်း၏မျက်လုံးထဲတွင် ကြောက်ရွံ ့သော အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။

[မင်းက…]

ကျနော့်အစီအစဉ်သာ အလုပ်ဖြစ်မည်ဆိုပါက ဂုံဖီဒူသည် ကျနော့်အတွက် အကောင်းဆုံးလက်နက်တစ်လက်ဖြစ်လာပေလိမ့်မည်။ နောက်ပြန်ဆုတ်ခြင်းကို အခါခါလုပ်ပြီး ဂုံဖီဒူကို အနိုင်ယူဖို့ ယူဂျွန်ဟော့တောင်မှ ကြိုးစားခဲ့၏။ သို့သော် အောင်မြင်မှုတော့မရခဲ့ချေ။

ယူဆန်းအာက ကျနော့်ကိုပြောသည်။

"ဒေါ့ဂျာ။ ဒီလူ သေတော့မယ်"

ဂုံဖီဒူသည် နှုတ်ခမ်းကိုအားဖြင့်ကိုက်ထားခြင်းကြောင့် သွေးများပင် ထွက်နေချေပြီ။ ယခုဆိုလျှင် လက်နက်ဇုန်အတွင်း၌ စက်သေနတ် ၂လက်သာ ကျန်တော့သည်။ အဆုံးသတ်ဖို့ အချိန်ရောက်လာတော့မည်ပင်။

['ခံတပ်သခင်'နက္ခတ်သည် စာချုပ်ပါ အချက်အလက်များကို သိချင်နေပါသည်။]

ခံတပ်သခင်ကတော့ စိတ်ပါလာပေပြီ။ ဘီဟွန်း၏မျက်လုံးများကတော့ ရှေ့က မြင်ကွင်းကြောင့် ပြူးကျယ်နေ၏။

[တကယ်ကြီးလားဟ။ ဟင့်အင်း။ တကယ်မဖြစ်နိုင်ဘူး]

စာချုပ်ကို ချက်ချင်းကျနော်ပြလိုက်၏။

['ခံတပ်သခင်'နက္ခတ်သည် စာချုပ်ကို စတင်ဖတ်ရှုနေပါသည်။]

ကြမ်းပြင်ပေါ် သွေးတွေကျဆင်းနေသော ဂုံဖီဒူသည် ရုတ်တရက်အော်လိုက်၏။ သူ၏ထောက်ပံ့သူဆီကနေ မက်ဆေ့ချ်ရလိုက်ခြင်း ဖြစ်ပေါ်ပုံသည်။

"ဟ-ဟမ်။ ဒီမက်ဆေ့ချ်က ဘာလဲဟ"

"ဘာ-ဘာဖြစ်လို့လဲ။ ဆရာဖီဒူ "

['ခံတပ်သခင်'နက္ခတ်သည် စဉ်းစားဖို့အချိန်ပေးရန်တောင်းဆိုနေပါသည်။]

တစ်ခဏအကြာတွင် သတင်းကောင်းကို ကျနော်ကြားလိုက်ရ၏။

['ခံတပ်သခင်'နက္ခတ်သည် အချက်တစ်ချို့အား စာချုပ်ထဲတွင် ထည့်လိုက်ပါသည်။]

[သင်သာ ထိုအချက်တွေကိုလက်ခံပါက 'ခံတပ်သခင်'သည် သင်နှင့်စာချုပ်ချုပ်ဖို့ သဘောတူပါလိမ့်မည်။]

ချက်ချင်းဆိုသလို စာချုပ်ကို ကျနော်ဖတ်လိုက်၏။

...

၁၄ ။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ်ကင်ဒေါ့ဂျာသည် စာချုပ်ချုပ်ဆိုခံ ခံတပ်သခင် နက္ခတ်၏ ပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ‘ဂုံဖီဒူ’အသက်ရှင်အောင် ကူညီပေးရမည်။

၁၅ ။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် စာချုပ်ချုပ်ဆိုခံ ခံတပ်သခင် နက္ခတ် ပိုင်ဆိုင်သော ‘ဂုံဖီဒူ’အားကောင်းလာအောင် ကူညီပေးရမည်။

...

ခံတပ်သခင်နက္ခတ်၏ တောင်းဆိုမှုသည် ဂုံဖီဒူ၏အသက်ကိုကယ်တင်ပြီး အားကောင်းလာအောင်လုပ်ပေးဖို့ အာမခံတောင်းနေခြင်းသာ။အမှန်အတိုင်းပြောရလျှင် ထိုအချက်များကို မထည့်၍ပင် ရ၏။ ဤစာချုပ်တွင် လက်မှတ်ထိုးလိုက်ပြီဆိုပါက ဂုံဖီဒူသည် အသက်ရှင်ကိုရှင်ရတော့မည်ပင်။ တတိယမြောက် စာချုပ်ပါ အချက်ကသာ ကျနော့်အတွက် အရေးပါလေသည်။

၃ ။ စာချုပ်ချုပ်ဆိုသူ ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် စာချုပ်ချုပ်ဆိုခံ ခံတပ်သခင် ပိုင်ဆိုင်သော ဂုံဖီဒူကို အမိန့်ပေးနိုင်သည်။ (တစ်ရက်လျှင် ဆယ်ကြိမ်အထိ အမိန့်ပေးခွင့်ရှိ၏။)

စာချုပ်ကိုစစ်ဆေးပြီးနောက် ကျနော်ခေါင်းညိတ်ပြလိုက်သည်။

"စာချုပ်ကိုလက်မှတ်ထိုးမယ်"

တစ်ခဏအတွင်းမှာပဲ ကျနော်နှင့် ဂုံဖီဒူတို့ကို မှေးမှိန်သော ချည်မျှည်တစ်ခုက ဆက်သွယ်ပေးသွား၏။ ထု့ိနောက် စနစ်မက်ဆေ့ချ်အသံကို ကြားလိုက်ရတော့သည်။

[စာချုပ်ချုပ်ဆိုမှု ပြီးပါပြီ။]

[ဤစာချုပ်ကြောင့် သင်သည် 'ဂုံဖီဒူ'၏ ပူးတွဲထောက်ပံ့သူ ဖြစ်လာပါသည်။]

[ဤစာချုပ်ကြောင့် သင်သည် 'ဂုံဖီဒူ'ကို အမိန့်ပေးပိုင်ခွင့်ရရှိသွားပါသည်။]

[စာချုပ်သက်တမ်းမှာ ငါးနှစ်ရှိမည်ဖြစ်ပြီး အလိုအလျောက် သက်တမ်းတိုးခြင်း ရှိမည်မဟုတ်ပါ။]

ဂုံဖီဒူကို အလွယ်တကူရယူနိုင်ခဲ့ကြောင်းကိုသာ ယူဂျွန်ဟော့သိသွားမည်ဆိုပါက ကြက်သေ သေသွားလောက်သည်။ ကျနော်သာ Ways of Survivalဇာတ်လမ်း၏ နောက်ပိုင်းတစ်ဝက်ကိုသာ မဖတ်မိခဲ့ပါက ရိုက်ကွင်းနောက်ကွယ်ကစာချုပ် အကြောင်းကို သိခဲ့လိမ့်မည်မဟုတ်ချေ။

ပြန်လည်ဖြည့်တည်းခြင်းဆေးရည်တွေကို ယူဆန်းအာအား ကျနော်ပေးလိုက်၏။

"ဒါတွေကို ဂုံဖီဒူကိုပေးပေးပါ။ မိနစ်လေးဆယ်ကြာတိုင်း တစ်ပုလင်း သူ့ကိုပေးဖို့ လိုတယ်"

"ဂုံဖီဒူကို ပေးလိုက်လို့ အဆင်ပြေပ့ါမလား"

ဆေးရည်တွေကို ယူဆန်းအာ ပေးပေးဖို့လိုသည်။ ဂုံဖီဒူသာ ဆေးရည်တွေမရပါက ယခုအဓိကဇာတ်ဝင်ခန်းသည် ပြီးမြောက်လောက်မည်မဟုတ်ချေ။ ယူဆန်းအာက ဆေးရည်တစ်ပုလင်းကို လှမ်းပေးနေခြင်းကြောင့် ဂုံဖီဒူ ဇဝေဇဝါဖြစ်သွားသည်။

"ဒါက ဘာကြီးလဲ"

"သောက်ပြီးတိုက်ခိုက်ပါ"

ဂုံဖီဒူသည် တစ်ခဏခန့် သံသယဝင်နေသော်လည်း ဆေးရည်အဖုံးကိုဖွင့်လိုက်သည်။ အပြာရောင်အငွေ့များ ဂုံဖီဒူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာပြီးနောက် ပျက်ဆီးသွားသော စက်သေနတ်များမှာ မူလအခြေအနေအတိုင်း ပြန်ပေါ်လာ၏။

['ဂုံဖီဒူ'ဇာတ်ကောင်၏ မှော်စွမ်းအားမှာ အပြည့်အဝပြန်လည်ဖြည့်တင်းပြီးသွားပါပြီ။]

ဂုံဖီဒူသည် ပါးစပ်တွင်ပေနေသော ဆေးရည်ကို လက်ဖြင့်သုတ်လိုက်ပြီး ကျနော့်ကိုမော့ကြည့်၏။

"ငတုံးကောင်။ ဆေးရည်ပေးလိုက်တာနဲ့ပဲ မင်းကို ငါက ခွင့်လွှတ်ပေးမယ်ထင်နေတာလား။ ဒီနေရာကနေ ငါထွက်နိုင်ပြီဆိုတာနဲ့ မင်းဟာ အဆုံးသတ်ပြီသာ မှတ်လိုက်တော့"

"တိတ်စမ်း။ ဂုံဖီဒူ"

[စာချုပ်ပါ သဘောတူညီချက်ကြောင့် 'အမိန့်ပေးပိုင်ခွင့်'မှာ အသက်ဝင်သွားပါသည်။]

"အ-အု….အု….အု….အု"

သနားစရာကောင်းသောလူပင်။ မည်သည့်အခြေအနေတွင် ရောက်နေသည်ကိုတောင် သူမသိဘဲ ဖြစ်နေရှာ၏။

"ကြိုးကြိုးစားစားတိုက်ခိုက်ပေးစမ်း။ ငါ့အဖွဲ့သားတွေကိုလည်း မထိနဲ့"

"ဟ…အု အု… "

ဒက် ဒက် ဒက်

ကျနော့်အမိန့်ကို ဂုံဖီဒူနာခံနေသည်ကို မြင်လိုက်ရသဖြင့် ယူဆန်းအာ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

"ဒ-ဒေါ့ဂျာ။ ဘာ-ဘာလို့ အဲ့ဒီလူက…"

"ချုပ်ဆိုသူနဲ့ချုပ်ဆိုခံဖြစ်အောင် လုပ်လိုက်တာလေ"

"ရှင်တစ်ခုခုရေးခဲ့တယ်မလား"

"ဂုံဖီဒူနဲ့ပတ်သတ်ပြီး စိတ်ချလက်ချသာ နေလိုက်တော့"

ထို့နောက်တွင်တော့ နက္ခတ်တွေ၏ များပြားလှသော မက်ဆေ့ချ်များ တရကြမ်း ပေါ်လာတော့သည်။

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင်၏အကြံအစည်ကို သဘောကျနေပါသည်။]

['ရွှေခေါင်းကွင်း၏အကျဉ်းသား'နက္ခတ်သည် သင်၏ဗျူဟာကို ဆလံသနေပါသည်။]

['မဟူရာမီးလျှံ အသူတစ်ရာနဂါး'နက္ခတ်သည် သင်ဟာ ရိုင်းစိုင်းသည်ဟု ထင်နေပါသည်။]

...

စာချုပ်ကိုတိတ်တဆိတ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သော်လည်း နက္ခတ်တွေက သတိထားမိသွားခဲ့ချေပြီ။ ခံတပ်သခင်သည် အလယ်အလတ်တန်းစားအဆင့်ပဲ ရှိသော်လည်း နက္ခတ်တစ်ပါးဖြစ်နေဆဲပင်။

သာမန်ညောင်ညလူသားတစ်ယောက်သည် နက္ခတ်တစ်ပါးနှင့်အတူ ပူးတွဲ ထောက်ပံ့သူ ဖြစ်လာခြင်းမှာ နက္ခတ်တွေအပေါ် ရိုက်ခတ်မှု ကြီးလှ၏။ မဟူရာမီးလျှံ အသူတစ်ရာနဂါးနက္ခတ်ကဲ့သို့ မကောင်းသည့်တုံ့ပြန်မှုမျိုး ရှိကိုရှိလောက်မှာကတော့ သေချာသည်။ သို့သော်….

[နက္ခတ်အများအပြားသည် သင့်ကိုအာရုံစိုက်နေကြပါပြီ။]

[နက္ခတ်အချို့သည် သင်၏ထောက်ပံ့သူ ဖြစ်လိုနေကြပါသည်။]

ကျနော့်တန်ဖိုးကိုသဘောပေါက်သွားကြသည့် နက္ခတ်အရေအတွက်မှာ ပိုမို များပြားလာသည်။ သူတို့တွေသာ ကျနော့်ထောက်ပံ့သူဖြစ်လာမည်ဆိုပါက ခံတပ်သခင်၏ အစွမ်းကိုပါ သုံးနိုင်သွားကြမည်ဖြစ်၏။

ထို့နောက်တွင်တော့ ဂုံဖီဒူ၏ချန်နယ်ပိုင်ရှင် ဒိုကဲဘီ ဘီရု လေထဲတွင် ပေါ်လာတော့သည်။

[နက္ခတ်အပေါင်းတို့။ ဘာ-ဘာလို့….ရုတ်တရက်ကြီး ထွက်သွားကြရတာလဲ။ မ-မသွားကြပါနဲ့။ ခဏလောက်ပဲ စောင့်ပေးကြပါ]

ချန်နယ်ပျက်ဆီးမလိုဖြစ်နေသည့် ဘီရုသည် အသည်းအသန်လိုက်၍ တောင်းပန်နေ ပါသည်။ ဘီရုဆိုသည်မှာ ဂူမိုဘူတာတုန်းက စားစရာပြစ်ဒဏ်နှင့် 'ရှင်သန်မှုအဖိုးအခ'ကို ဖန်တီးခဲ့သူဖြစ်၏။

[အ-အီး။ ဟင့်အင်း]

ဒိုကဲဘီ ဘီရု ဖြည်းဖြည်းချင်းမှုန်ဝါးသွားပြီး ပျောက်ကွယ်သွားသည်။

[အသင်းဝင်သူတွေ လျော့ကျသွားခြင်းကြောင့် # BIR-3642ချန်နယ်မှာ ထွက်သွား ရပါပြီ။]

ချန်နယ်တစ်ခုပျက်ဆီးသွားသည်ကိုမြင်လိုက်ရပြီးနောက် ဘီဟွန်းသည် တုန်လှုတ်စွာဖြင့် ပြောသည်။

[ဟိုလေ…ဒေါ့ဂျာ]

'ဘာတုန်း'

[အစကတည်းက…မင်းဟာ ဂုံဖီဒူကို ပစ်မှတ်ထားခဲ့တာလား]

ပုခုံးနှစ်ဖက်ကို ကျနော်တွန့်ပြလိုက်၏။

[အရူး…လူသားပဲ။ ဘယ်လိုလူသားနဲ့ ငါက စာချုပ်ချုပ်မိခဲ့တာလဲကွာ]

ဘီဟွန်းတစ်ယောက် ပါးစပ်မပိတ်နိုင်တော့သော်လည်း ကျနော်ကတော့ ဂရုမစိုက်ပေ။ ဤနေရာတွင်လုပ်စရာရှိတာ လုပ်ပြီးပြီမလို့ နောက်တစ်နေရာဆီ သွားဖို့လိုနေပေပြီ။

အခြေအနေကိုနားမလည်နိုင်ဖြစ်နေသေးသည့် ဇဝေဇဝါဖြစ်နေသော အဖွဲ့သားများကို ကျနော်ပြောလိုက်သည်။

"ကိုယ့်လူတို့။ စိတ်တော့မရှိပါနဲ့။ ကျနော်ခဏလောက်ထွက်သွားရဦးမယ်'

"ဟမ်။ အခုသွားမှာလား"

"ကျနော်သွားကိုသွားဖို့လိုတဲ့နေရာတစ်ခုရှိနေလို့ပါ။ ဟန်းဆောင်နဲ့ယူဆန်းအာ… ကျေးဇူးပြုပြီး ဒီမှာပဲ နေပေးပါ။ ခင်ဗျားတို့တွေ ဘာမှလုပ်စရာမလိုဘူး။ ဇာတ်ဝင်ခန်း ပြီးတဲ့အထိ ဂုံဖီဒူကို ဆေးရည်တွေပေးနေရုံပါပဲ။ အေးအေးဆေးဆေးသာ နေပါ"

ယောင်ဟီဝမ်က မေးသည်။

"ဂီယောင်နဲ့ ငါကရော ဘာလုပ်ရမှာလဲ"

"နင်တို့တွေက ငါနဲ့လိုက်ခဲ့ရမယ်"

"ဘယ်ကိုလိုက်ခဲ့ရမှာလဲ"

"အင်း…ရှင်းပြဖို့တော့ခက်တယ်။ လူဆိုးတစ်ယောက်ရှိနေလို့ဟ"

"လူဆိုးဟုတ်လား"

"အေး။ အဲ့ဒီလူဆိုးက လူတွေ သေသေ၊ မသေသေ ဂရုမစိုက်ဘဲ ပစ္စည်းတွေကို တစ်ယောက်ထဲစားဖို့ ပျောက်သွားတဲ့ကောင်လေ။ အခုအချိန်ကစပြီး အဲ့ဒီကောင် နောက်စေ့ကို ငါသွားရိုက်တော့မှာဟ"

တစ်ခဏခန့် ယောင်ဟီဝမ် စဉ်းစားလိုက်ပြီး မေး၏။

"ဂုံဖီဒူထက်တောင် ဆိုးတဲ့ကောင်လား"

ပြန်မဖြေခင် တစ်ခဏခန့် ကျနော်စဉ်းစားလိုက်၏။

"အများကြီးကို ပိုဆိုးတယ်"

"ဒါဆိုရင် သွားကြတာပေါ့"

"နောက်မှ အသေးစိတ်ကို ငါရှင်းပြပေးမယ်"

ယောင်ဟီဝမ်၊ လီဂီယောင်တို့နှင့်အတူ ကျနော်ထွက်သွားလိုက်၏။ ထိုစဉ် ကျနော့်ပုခုံးကို လူတစ်ယောက်က လှမ်းဆွဲလေသည်။ ထိုလူက လီဂျီဟယ်ပင်။

"နေဦး။ ရှင်အခုဘယ်သွားမလို့လဲ"

ဘာပဲဖြစ်ဖြစ် အခုလိုမေးတော့လည်း ကောင်းသည်ဟုဆိုရမည်။

"အတော်ပဲ။ နင်ပါလိုက်ခဲ့လို့ရတယ်"

"ရှင်က ဘယ်သွားမှာလဲ"

"ယူဂျွန်ဟော့ အန္တရာယ်ရှိနေပြီ"

ကျနော် နောက်နေသည်ဟုထင်ပြီး လီဂျီဟယ်က ရယ်၏။

"ပေါက်ကရတွေလာပြောနေတာပဲ။ ဆရာက အန္တရာယ်ရှိနေတယ်တဲ့လား"

ကျနော် မျက်နှာတည်တည်ဖြင့် ကြည့်နေလိုက်ရာ လီဂျီဟယ်၏ ရယ်သံမှာ ပျောက်သွားတော့သည်။

"ရှင်အတည်ပြောနေတာလား။ မဟုတ်သေးဘူး။ ဆရာ အန္တရာယ်ရှိနေမှန်း ရှင်က ဘယ်လိုသိတာလဲ"

ငါဘယ်လိုသိလဲဟုတ်လား။ ငါက ကမ္ဘာပေါ်မှာ နင့်ဆရာအကြောင်း အသိဆုံး…. မဟုတ်သေးဘူး….နင့်ဆရာအကြောင်း ဒုတိယ အသိဆုံးလူဟ။

အချိန်ကို ကျနော်ကြည့်လိုက်သည်။

"ဟိုမအေဘေးက မှောင်မဲပီးကြောက်ဖို့ကောင်းတဲ့ မြေအောက်ခန်းရဲ့ ထွက်ပေါက် ၁မှာ ပုန်းနေတာမလား"

"ဟ-ဟမ်"

"မအေဘေးယူဂျွန်ဟော့ မြေအောက်ထဲဝင်သွားတာ ၁၁နာရီရှိနေပြီမလား"

"ဟ..."

မည်သည့်ခံစားချက်မှမရှိသော လေသံဖြင့် လီဂျီဟယ်က ပြန်ပြောသည်။

ရှစ်နှစ်လုံးလုံး ယူဂျွန်ဟော့သည် ချွန်မူရို၏ ‘မှောင်မိုက်ပြီး ကြောက်စရာကောင်းသော မြေအောက်ခန်း’ကို တိုက်ခိုက်ခဲ့သည်အား ကျနော်မှတ်မိသည်။ ယူဂျွန်ဟော့သည် နှစ်ကြိမ်ကျရှုံးခဲ့ပြီး ခြောက်ကြိမ်အောင်မြင်ခဲ့သည်။ ကျရှံးခဲ့သည်မှာ အစောပိုင်း နောက်ပြန်ဆုတ်ခြင်းအခေါက်တွေဖြစ်သည့် ၈ကြိမ်မြောက်နှင့် ၁၁ကြိမ်မြောက်တို့တွင် ဖြစ်၏။

ရှစ်ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းတွင် ယူဂျွန်ဟော့သည် ချွန်မူရို၏ မှောက်မိုက်ပြီး ကြောက်ဖို့ကောင်းသော လျှို့ဝှက်မြေအောက်ခန်းတွင် သေသွားခဲ့သည်။

လက်ရှိယူဂျွန်ဟော့မှာ သုံးကြိမ်မြောက်နောက်ပြန်ဆုတ်ထားသူသာ ဖြစ်၏။

"ဒီပုံစံအတိုင်းဆိုရင် ယူဂျွန်ဟော့တစ်ယောက် ဒီနေ့သေရလိမ့်မယ်"

ကျနော်တွေးထားသလိုသာ မှန်နေမည်ဆိုပါက ကျနော်တို့၏ ချီးထုတ်နောက်ပြန်ဆုတ်သူကြီးသည် 'မိုလာမိုလာ လမ်းကြောင်း'ပေါ်တွင် ရှိနေလောက်ပေပြီ။

All Chapters