← Chapters

မိုလာမိုလာ (၁)

Vol. 3 Ch. 37

မိုလာမိုလာ (၁)

Vol. 3 Ch. 37

တစ်ခဏအကြာတွင် မြေအောက် ပထမထပ်ရှိ ‘လျှို့ဝှက်ခံတပ်’၏ ဝင်ပေါက်ဆီသို့ ကျနော်တို့ သွားလိုက်ကြသည်။ လီဂျီဟယ်၊ လီဂီယောင် နှင့် ယောင်ဟီဝမ်တို့နောက်မှာပဲနေပြီး ကျနော့်ဖုန်းကို ထုတ်ကြည့်လိုက်၏။

「ခေါင်းကွဲလုနီးပါးခေါင်းကိုက်နေစဉ်အတွင်း ယူဂျွန်ဟော့သည် သတိပြန်ဝင်လာည်။

‘ဒီအသက်ကိုလက်လျှော့လိုက်’

ထို့နောက်တွင်တော့ ယူဂျွန်ဟော့၏ ရှစ်ကြိမ်မြောက်အသက်မှာ အဆုံးသတ်သွားခဲ့ တော့သည်။」

မဖြစ်နိုင်လောက်ပါဘူး။ ဒါက ဖြစ်မှမဖြစ်သေးတာလေ။

ချီး။ အဲ့ဒီကောင် တတိယအကြိမ်ပဲရှိသေးတာကို ဘာလုပ်နေတာလဲဟ။ သူသာ သူ့ရဲ့ဒုတိယအကြိမ်နောက်ပြန်ဆုတ်ခဲ့တုန်းကလိုမျိုး ဂရုတစိုက်နဲ့လှုတ်ရှားမယ်ဆိုရင် ဇာတ်ဝင်ခန်းတွေ တဝက်ကျော်ကျော်ရောက်တဲ့အထိ ကျော်ဖြတ်နိုင်မှာပဲလေ။

ကျနော့်ကိုကြည့်နေသော ယောင်ဟီဝမ်ကို ကျနော်ခေါင်းမော့ကာ ကြည့်လိုက်သည်။

“ဒေါ့ဂျာ။ နင် ဘာကိုကြည့်နေတာလဲ”

“အဲ…ပြက္ခဒိန်ကိုကြည့်နေတာလေ…လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကြောင့် ဘယ်ရက် ရောက်နေပြီလဲဆိုတာကို ငါမေ့သွားလို့ပါ”

အမှန်အတိုင်းဆိုရလျှင် ပြက္ခဒိန်ကိုကြည့်ချင်စိတ်လည်း ကျနော်ဖြစ်မိသည်။ ဤဝတ္ထုကို မည်သို့ပြီးအောင် ကျနော်ဖတ်ခဲ့သနည်းဟုပင် ရံဖန်ရံခါ တွေးမိ၏။

ယောင်ဟီဝင်သည် သံသယရှိသည့်မျက်လုံးဖြင့် ကျနော့်ကိုကြည့်ပြီး လီဂျီဟယ်ဘက်သို့ လှည့်လိုက်သည်။

"ဒါနဲ့…နင့်နာမည်ကို ဂျီဟယ်လို့ပြောခဲ့တာမလား။ နင်ကလည်း ဓါးသုံးတဲ့လူလား"

"အင်း။ ကျမက ဓါးကိုသဘောကျတယ်လေ"

"တကယ်လား။ ဓါးသုံးတာက အကောင်းဆုံးပဲ။ သုံးရတာ အရသာရှိတယ်လေ"

"…အမကလည်း ဓါးသုံးရတဲ့အရသာကိုသိတာလား"

လီဂျီဟယ်၏ဓါးကိုကြည့်ရင်း ယောင်ဟီဝမ်ပြုံးသည်။ လီဂျီဟယ်၏ဓါးသည် အသာအယာလွှဲခုတ်၍ကောင်းသော တန်ဖိုးကြီးဓါးတစ်လက်ဖြစ်၏။ ကြည့်ရသည်မှာ လီဂျီဟယ်ကို ယူဂျွန်ဟော့က ဓါးပေးခဲ့ပုံပေါ်သည်။

"နင့်ဓါးက အတော်ကြည့်လို့ကောင်းတာပဲ"

"အဲ့…ဒီဓါးကို ဆရာက ကျမကိုပေးခဲ့တာပါ။ အမကြီးရဲ့ဓါးကရော ဘယ်ကရခဲ့တာလဲ"

"ငါ့ဓါးက…ငါ-ငါ့ဓါးကို ငါသဘောကျပါတယ်"

ဂရိုးဦးချိုဓါးကို ယောင်ဟီဝမ်ငုံ့ကြည့်ပြီး တဖက်လူ၏ခါးက ဓါးကိုချောင်းကြည့်လေသည်။

ကျနော်အမှားမလုပ်မိထားသော်လည်း စိတ်မကောင်းတော့ဖြစ်မိ၏။ လီဂျီဟယ်ကို စကားလမ်းကြောင်းလွှဲမှဖြစ်တော့မည်။

"ဟေ့…နင်က ဟီဝမ်ကိုပဲ စကားပြောပြီး ငါ့ကိုဘာလို့လျစ်လျူရှုထားရတာလဲ"

"ဟိုလေ…ကျမက ကျမထက် အမကြီးတွေနဲ့တွေ့ရင် စကားမပြောရမနေနိုင်လို့ပါ"

လီဂျီဟယ်သည် စိတ်လှုတ်ရှားသောလေသံဖြင့်ပြန်ဖြေရာ လီဂျီဟယ်က ချစ်ဖို့ကောင်းသည်ဟူသော သဘောဖြင့် ယောင်ဟီဝမ်က ဖက်လိုက်၏။ ကြည့်ရသည်မှာ 'မိစ္ဆာသုတ်သင်သူတွေ'ကြားမှာ ဆက်နွယ်မှုတစ်ခုရှိနေပုံပင်။ လီဂျီဟယ်သည် ဖက်ထားသည်ကို ဆွဲဖယ်ကာ ကျနော့်ကိုမေးသည်။

"ဒါနဲ့ ရှင်က ဘာလို့ဆရာ့ကို ကယ်ပေးဖို့လုပ်နေရတာလဲ"

"ငါတို့တွေက လုပ်ဖော်ကိုင်ဖက်တွေမလို့လေ"

"အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့"

"ယူဂျွန်ဟော့က အသုံးဝင်တဲ့လူမလို့ပါ"

"ရှင့်လေသံက ဆရာနဲ့အတော်တူတာပဲ"

['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် သင့်စိတ်ထဲတွေးနေသည်ကို သိချင်နေပါသည်။]

ယခုမှတွေးမိသည်။ လီဂျီဟယ်တင်သာမက၊ နက္ခတ်တွေပါ ကျနော့်လုပ်ရပ်တွေနှင့် ပတ်သတ်ပြီး သိချင်နေကြပြီဖြစ်သည်။ ယူဂျွန်ဟော့ဆိုသည့်ကောင်သည် အခွင့်အရေး ရလျှင် ကျနော့်ကို သတ်ပစ်မယ့်လူစားမျိုးဖြစ်သည်။ ထိုသို့လူမျိုးကို ကျနော်က သွားကယ်ဖို့ကြိုးစားနေခြင်းမှာ ထူးဆန်းသည်က အမှန်ပင်။

['မိစ္ဆာကဲ့သို့တရားစီရင်သူ'နက္ခတ်သည် လမ်းပျောက်နေသောမိတ်ဆွေဖြစ်သူကို ကူညီပေးချင်သည့် သင်၏ဆန္ဒကိုသဘောကျနေပါသည်။]

[ဒင်္ဂါး ၁၀၀ကို ထောက်ပံ့လိုက်ပါသည်။]

ဤနက္ခတ်သည် ကျနော့်ကိုနားလည်မှုလွဲနေခြင်းသာ။ ယူဂျွန်ဟော့ကို ကျနော်ကယ်တင်ပေးလိုခြင်းမှာ မီးလျှံကဲ့သို့တရားစီရင်သူ ဟုခေါ်သော နတ်ခေါင်ချုပ် ယူရီအယ် ထင်ထားသကဲ့သို့ မဟုတ်ဘဲ အကြောင်းရှိသည်။

ယူဂျွန်ဟော့ သေဆုံးသွားပြီးနောက်တွင် 'နောက်ပြန်ဆုတ်မည်'ကို မဖြစ်အောင် တားလိုခြင်းသာ။

သေပြီးနောက် အချိန်နောက်ပြန်ဆုတ်ခြင်းသာ ကြားလို့တော့ ကောင်းလှ၏။ 'နောက်ပြန်ဆုတ်ခြင်း အထူးစွမ်းရည်'သည် နောက်ပြန်ဆုတ်သူ သေဆုံးသည့် အခါတိုင်း အသက်ဝင်လေသည်။ အဓိကဇာတ်လိုက်ထံတွင် တရားမဝင်သော စွမ်းရည်တစ်ခုရှိနေခြင်းပင်။

ပြဿနာက ထိုစွမ်းရည်သည် ပတ်ဝန်းကျင်ရှိဇာတ်ကောင်တွေ၏ စိတ်ကို ရှုတ်ထွေးစေနိုင်လေသည်။

「ဒါနဲ့ မင်းနောက်ပြန်ဆုတ်တဲ့အချိန်ကျရင် ကမ္ဘာက ဘာဖြစ်သွားမှာလဲ」

ယူဂျွန်ဟော့၏အသက်တွေ ဆယ်ခါမက သေဆုံးပြီးနောက်တွင် ထိုစကားကို ဇာတ်ပို့တစ်ယောက်က မေးဖူးသည်။ မေးခဲ့သည့်လူ၏နာမည်ကို ကျနော်မေ့နေပြီ ဖြစ်သော်လည်း ထိုအချိန်တုန်းက ယူဂျွန်ဟော့ ပြန်ဖြေခဲ့သည်က ရှင်းပေသည်။

「 …ငါလည်းမသိဘူး။ လူတွေအများကြီးရှင်သန်နိုင်မယ့်ကမ္ဘာကိုပဲ ငါက အမြဲ ရွေးချယ်ခဲ့တာလေ」

ယူဂျွန်ဟော့၏အဖြေက အကျိုးအသင့်အကြောင်းသင့်ရှိသည်ဟု ထင်ရသော်လည်း တကယ်တန်းတွင်တော့ သူချန်ခဲ့သောကမ္ဘာ မည်သို့ဆက်ဖြစ်မည်ကို ယူဂျွန်ဟော့ မသိဟု ပြောရလိမ့်မည်။ ပြောရမည်ဆိုလျှင် Ways of Survivalထဲတွင်လည်း ယူဂျွန်ဟော့ ချန်ခဲ့သော ကမ္ဘာမည်သို့ဆက်ဖြစ်သွားသည်ကို တိကျသော ရှင်းပြချက်မပါခဲ့ပေ။

မည်သည့်ကိစ္စမဆို ဖြစ်ပျက်သွားနိုင်လေသည်။

ထို့ကြောင့်လည်း ကျနော်စိတ်ပူမိခြင်းဖြစ်၏။ နောက်ပြန်ဆုတ်သူ ပျောက်ကွယ်သွားသော ကမ္ဘာ မည်သို့ဆက်ဖြစ်လောက်မည်နည်း။

နောက်ပြန်ဆုတ်သူနှင့်အတူ ကမ္ဘာကပါ အစက ပြန်စသည်လော။ သို့မဟုတ် အပြိုင်စကြဝဠာအဖြစ် ခွဲထွက်မည်လော။ အပြိုင်စကြဝဠာအဖြစ် ခွဲထွက်သွားလျှင်တော့ တော်သေးသည်ဟု ပြော၍ရသော်လည်း ယူဂျွန်ဟော့နှင့်အတူ အစကပြန်စမည်ဆိုလျှင်တော့….

"အကိုကြီး"

"ဟမ်။ ပြောလေ"

ကျနော့်အင်္ကျီစကိုဆွဲထားသော လီဂီယောင်သည် စိတ်လှုတ်ရှားသည့် အကြည့်ဖြင့် ကျနော့်ကိုမော့ကြည့်နေ၏။

"ကျနော်တို့တွေရောက်ပြီလို့ထင်ပါတယ်"

[သင်သည် အပြင်ဘက်နယ်မြေဆီ ချည်းကပ်နေပါသည်။ ဇာတ်ဝင်ခန်းနယ်မြေထဲက ထွက်မသွားဖို့သတိပြုပါ။]

အဆိုပါမက်ဆေ့ချ်ပေါ်လာ၏။ ကိစ္စတော့မရှိပေ။ ချွန်မူရို၏ လျှို့ဝှက်ခံတပ်တွေကို နယ်မြေအတွင်းထဲဟုသာ သတ်မှတ်ထားသည်။

လမ်းချိုးတစ်ခုကိုချိုးလိုက်ရာ ထွက်ပေါက် ၁ ပေါ်လာ၏။ ကြောက်စရာကောင်းသော အရိပ်မည်းကြီးဖုံးလွှမ်းနေသည့် မြေအောက်ခံတပ် အဝင်ဝသည် ကျနော်တို့ကို ဆီးကြိုနေပေပြီ။

[သင်သည် လျှို့ဝှက်မြေအောက်ခံတပ်တစ်ခုကို ရှာတွေ့ခဲ့ပါပြီ။]

[ဤမြေအောက်ခံတပ်အား ရှာတွေ့သူ ရှိထားပြီးဖြစ်သည်။ သင်သည် ပထမဆုံး ရှာတွေ့ခြင်းဆုလာဘ်ကို မရတော့ပါ။]

[ဝှက်ထားသော ဇာတ်ဝင်ခန်းတစ်ခု ဝင်ရောက်လာပါပြီ။]

[ဝှက်ထားသော ဇာတ်ဝင်ခန်း – ရုပ်ရှင်ရုံ မြေအောက်ခံတပ်]

အမျိုးအစား : ဝှက်ထားသော ဇာတ်ဝင်ခန်း

ခက်ခဲမှု : A-

ပြီးမြောက်ရန်လိုအပ်ချက် : ရုပ်ရှင်ရုံ မြေအောက်ခံတပ်သခင်ကို အနိုင်ယူပါ။

အချိန်ကန့်သတ်ချက် : မရှိ

ဆုလာဘ် : ဒင်္ဂါး ၄၀၀၀

ကျရှုံးမှု : ―

အံ့အားသင့်သွားသော လီဂျီဟယ်သည် တွန့်ဆုတ်သွားပြီး နောက်ကိုဆုတ်လိုက်၏။

"…ဒါက ဘာကြီးလဲ။ ရုပ်ရှင်ရုံ မြေအောက်ခံတပ်တဲ့လား"

လီဂီယောင်ပုံစံမှာ အံ့အားသင့်နေပုံပေါ်သည်။ အံ့အားသင့်မည်ဆိုက သင့်လောက် ပေသည်။ ဝှက်ထားသောဇာတ်ဝင်ခန်းတစ်ခုကို ယခုမှ သူတို့တွေ ပထမဆုံး ကြုံဖူးခြင်းပင်။ ယောင်ဟီဝမ်ကလည်း စကားဝင်ပြောသည်။

"ရုပ်ရှင်ရုံတစ်ခုက မြေအောက်ခံတပ်ဖြစ်နေတာတဲ့လား။ ကဗျာတောင် ဆန်နေသလိုပဲ"

ကဗျာဆန်တယ်တဲ့လား။ ရုပ်ရှင်ရုံက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို မသိသေးလို့ ဒီမိန်းမ အခုလိုပြောရဲနေတာပဲ။

ရုပ်ရှင်ရုံထဲသို့ ကျနော်တို့ဝင်လိုက်၏။ ရုံပေါင်းများစွာရှိသော ရင်းနှီးသည့် ရုံ၏ လော်ဘီအခန်းသည် ကျနော်တို့ကို ကြိုဆိုနေလေသည်။

[သင်သည် ရုပ်ရှင်ရုံမြေအောက်ခံတပ်ထဲသို့ ဝင်သွားခဲ့ပါပြီ။]

စိတ်ပျက်စရာကောင်းသောမြေအောက်ခံတပ်ထဲ ကျနော်တို့ ဝင်လိုက်ချိန်တွင် ကျနော်တို့တွေ၏စိတ်ထဲ နောက်ဆံတင်းသွား၏။ ဤရုပ်ရှင်ရုံသည် ရုံပေါင်းများစွာ ရှိသော ရုပ်ရှင်ရုံဖြစ်ပြီး မြေအောက် ပထမထပ်ကနေ ရှစ်လွှာအထိ အထပ်ငါးထပ် ရှိသည်။

"အကိုကြီး။ ပိုစတာတွေက ပြဲနေတယ်။ ဘယ်သူဖြဲထားတာလဲမသိဘူးနော်"

"ငါလည်း မသိဘူး"

ထိုသို့ပြောလိုက်သော်လည်း အမှန်တွင်တော့ မည်သူဖြဲထားမှန်း ကျနော်သိ၏။

ဤ'ရုပ်ရှင်ရုံ မြေအောက်ခံတပ်'တွင် အဓိကရင်ဆိုင်ရမည်က နံရံတွေပေါ်က ထိုပိုစတာတွေ ဖြစ်သည်။

ကြည့်ရသည်မှာ ယူဂျွန်ဟော့သည် အပေါ်ကိုတက်ရင်း ရှိသမျှပိုစတာတွေကို အနိုင်ယူခဲ့ခြင်း ဖြစ်လောက်သည်။

ယူဂျွန်ဟော့ဆိုသည့်ကောင်သည် ဆုလာဘ်တွေအားလုံးကို သိမ်းကြုံးယူပစ်ချင်နေတာ သေချာ၏။

မြေအောက် ပထမထပ်တွင် ပြဲနေသော ပိုစတာတွေမှလွဲ၍ မည်သည့် ထူးဆန်းသော အရာမှ ရှိမနေချေ။ ပစ္စည်းတွေရော၊ မကောင်းဆိုးဝါးတွေကိုပါ မတွေ့ရ။ ပျက်ဆီးနေသော တံခါးရှိသော ဓါတ်လှေကားပျက်တစ်ခုကိုသာ ကျနော်တို့ ရှာတွေ့ခဲ့၏။

လီဂျီဟယ်က မေးသည်။

"ဒါက မြေအောက်ခံတပ်တစ်ခုမဟုတ်ဘူးလား။ ဘာလို့ဒီမှာဘာမှရှိမနေရတာလဲ"

"တစ်ခုခုတော့ ပေါ်လာပါလိမ့်မယ်"

"…ရှင်သိထားတာရှိလို့လား"

"နည်းနည်းသိထားတာတော့ ရှိတယ်"

"ဘယ်လိုဖြစ်ပြီး ရှင်က သိနေရတာလဲ။ ဦးလေးကြီးနဲ့ပတ်သတ်ပြီး တစ်ခုခု မူမမှန်ဘူး။ အခုတစ်ခေါက်က ဦးလေးကြီးရဲ့ဒုတိယအသက်လား"

နောက်ပြန်ဆုတ်သည့်ကောင်က နင့်ဆရာဟ။ နင့်ဆရာက ဒါနဲ့ဆိုရင် သုံးခါတောင် နောက်ပြန်ဆုတ်ထားပြီးပြီ။

ထိုအချိန်တွင် ယောင်ဟီဝမ်က ပြော၏။

"ဒေါ့ဂျာနောက်က ထောက်ပံ့သူကြောင့် ဒေါ့ဂျာက သိနေတာပါ"

"…တကယ်ကြီးလား"

ထိုမိန်းမနှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး မြေညီထပ်သို့သွားလိုက်ချိန်တွင် လီဂီယောင်ကို ကျနော်သတိထားမိလိုက်၏။ လီဂီယောင်ခေါင်းပေါ်က ပိုးဟပ်သည် ရူးတော့မတတ် လှုတ်ရှားနေပေပြီ။ လီဂျီဟယ် ဓါးကိုဆွဲထုတ်လိုက်ချိန်တွင် လီဂျီဟယ်၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ကျနော် လှမ်းပိတ်လိုက်၏။

"ရှူး။ ငါတို့နောက်မှာ လူပါလာတယ်"

အသံသေးသေးလေးတွေကြားလိုက်ရချိန်တွင် အသက်ကို ကျနော်ရှူထုတ်လိုက်သည်။ အပေါ်ဘက်ကနေ ကြားနေရခြင်းပင်။

ဒါဆိုရင်…အသံတွေက အပေါ်မှာရှိတဲ့ လော်ဘီအခန်းကနေ လာတာလား။

အစပိုင်းတွင်ယူဂျွန်ဟော့၏အသံဟု ကျနော်ထင်ခဲ့သော်လည်း တကယ်တန်းတော့ ယူဂျွန်ဟော့၏အသံဟုတ်မနေခဲ့ချေ။

"…မင်းသေချာရဲ့လား။ ဒီမှာက…ပစ္စည်းတွေ မျိုးစုံရှိနေတာနော်"

"သေချာပါတယ်ကွ။ သတင်းအချက်အလက်တွေကို ဒင်္ဂါး ၁၀၀၀နဲ့တောင် ငါဝယ်ခဲ့ရတာလေ"

"ပရောဟိတ်ဆီကနေ ဝယ်ခဲ့တာလား"

"ဟုတ်တယ်လေ။ ပရောဟိတ်တွေက ရွံစရာကောင်းပေမဲ့ ရထားတဲ့သတင်းကတော့ သေချာပါတယ်"

စကားပြောနေသောလူသံတွေကို ကျနော်ကြားနေရခြင်းဖြစ်သည်။ ကျနော်တို့တွေ စက်လှေခါးအတိုင်းတက်သွားပြီး ထိုလူတွေအနားသို့ ချည်းကပ်လိုက်၏။ ပထမထပ်ရှိ လော်ဘီအခန်းတွင် လူလေးယောက်စုဝေးနေကြသည်။

လီဂျီဟယ်က တိုးတိုးလေးပြော၏။

"သူတို့တွေက ဘယ်သူတွေလဲ။ ဒီလူတွေရဲ့မျက်နှာကို ချွန်မူရိုမှာ တစ်ခါမှ မတွေ့ဖူးပါလား"

"ကြည့်ရတာ မြေပြင်ဘေးဝင်ပေါက်ကနေ သူတို့တွေ ဝင်လာခဲ့ကြတာထင်တယ်"

"မြေပြင်ဘေးပေါက်ဟုတ်လား။ အဲ့ဒီဘက်မှာက အဆိပ်ငွေ့တွေနဲ့ ပြည့်နေတာ မဟုတ်ဘူးလား။ ပြီးတော့ ဇာတ်ဝင်ခန်းကလည်း… "

"မတူညီတဲ့ဘူတာတွေမှာ မတူညီတဲ့ဇာတ်ဝင်ခန်းတွေက မတူညီတဲ့အရှိန်နဲ့ ရှိနေကြတာလေ။ ဇာတ်ဝင်ခန်းတွေကိုကျော်ဖြတ်တဲ့နေရာမှာ ငါတို့ဘူတာထက် ပိုမြန်မြန်ကျော်ဖြတ်ထားတဲ့လူတွေလည်းရှိတယ်ဟ။ အဆိပ်ငွေ့က အားမကောင်းဘူး ဆိုရင်တော့ မြေအောက်မျိုးစိတ်တွေရဲ့အသားကိုစားပြီး သူတို့တွေကျော်ဖြတ်လို့ ရတယ်လေ"

လီဂျီဟယ်ကို ရှင်းသာ ရှင်းပြနေသောလည်း ကျနော့်စိတ်ထဲ ဇဝေဇဝါဖြစ်နေ၏။

'ပရောဟိတ်တဲ့လား'

ယူဂျွန်ဟော့၏ဇာတ်လမ်းထဲတွင် ထိုကဲ့သို့လူများရှိသည်ဟု အချက်အလက် မပါခဲ့ချေ။ ပြောရမည်ဆိုလျှင် ဤလျှို့ဝှက်မြေအောက်ခံတပ်အကြောင်းကို ယူဂျွန်ဟော့နှင့် ကျနော်သာ သိနေသင့်ပေသည်။

ပြောင်းလဲသွားအောင် မည်သူက လုပ်ခဲ့သနည်း။ ထိုလူကို ကျနော်ရှာမှဖြစ်ချေမည်။

"ဒါဆိုရင်လည်း အထဲကိုဝင်ကြရအောင်"

စကားပြောနေသော ထိုလူတွေ၏အပေါ်၌ အပြာရောင်အလင်းတစ်ခု ရှိနေသည်။ အပြာရောင်အလင်းသည် ထိုလူတွေကို လွှမ်းခြုံသွားပြီး ထိုလူတွေပျောက်သွား၏။

"…အဲ့ဒီလူတွေ ဘာဖြစ်သွားတာလဲ"

ယောင်ဟီဝမ်က ကျနော့်ကိုမေးသော်လည်း ကျနော်ပြန်မဖြေခဲ့ချေ။ ပြန်ဖြေရမည့်အစား နံရံပေါ်ရှိ ပိုစတာတွေကို ရှာမိ၏။ ပြဲနေသောပိုစတာများကြားတွင် မပြဲဘဲရှိနေသော ပိုစတာတစ်ခုကို ကျနော် ရှာလို့တွေ့သွားသည်။ ထိုပိုစတာပေါ်က စာသားကို ကျနော်ဖတ်လိုက်၏။

Steven Spielberg ၊ Samuel L Jackson၊ Jeff Goldblum…

မအေဘေးယူဂျွန်ဟော့ကတော့ကွာ….ဒီပိုစတာတစ်ခုကိုတော့ ချန်ထားခဲ့တာတဲ့လား။ တတိယအကြိမ်နောက်ပြန်ဆုတ်တဲ့ကောင်ပီသပါပေတယ်။

ထိုအချိန်တွင် စောနက အလင်းရောင်က ထပ်ပြီးထွက်ပေါ်လာသည်။ ဤတစ်ခါတွင်တော့ ထိုအလင်းရောင်သည် ကျနော်တို့ကို ဦးတည်ပြီး ရောက်လာလေ၏။ အံ့အားသင့်နေသော လီဂျီဟယ်နှင့် လီဂီယောင်တို့သည် နောက်ကိုဆုတ်လိုက်ကြသော်လည်း ထိုအလင်းရောင်ကို မရှောင်နိုင်တော့ပေ။ ထိုအလင်းရောင်မှာ 'ရောင်ခြည်'ကဲ့သို့ ကျနော်တို့အပေါ် ကျဆင်းလာလေသည်။

ယောင်ဟီဝမ်ကို ကျနော်မေးလိုက်၏။

"ဟီဝမ်။ ရုပ်ရှင်တွေကို ကြိုက်လား"

"ကြိုက်တာပေါ့။ ရုပ်ရှင်တွေကို တော်ရုံလူ ကြိုက်ကြတာပဲလေ"

"ဒီကိစ္စကြီးပြီးသွားရင် ရုပ်ရှင်တွေကို နင်မုန်းသွားလိမ့်မယ်"

"နင်ဘာကိုဆိုလို… "

[သင်သည် ဖြာထွက်လာသောအလင်းရောင်ဖြင့် ထိမိသွားပါသည်။]

[ပြတင်မှုစတင်ပါတော့မည်။]

ပတ်ဝန်းကျင်မြင်ကွင်းသည် ဖြည်းဖြည်းချင်း စတင်ပြောင်းလဲသွား၏။ ရိုးရှင်းသော ထင်ယောင်ထင်မှားဖြစ်ပျက်ခြင်းမဟုတ်သဖြင့် အရင်တုန်းကလို Fourth Wallသည် အသက်ဝင်မလာခဲ့ချေ။ ကြမ်းခင်းဖယောင်းပုဆိုးဟောင်းခင်းထားသော ကြမ်းပြင်သည် အစိမ်းရောင်ခြုံပုတ်တွေဖြင့် ဖုံးလွှမ်းသွား၏။ ဧည့်ကြိုစားပွဲနှင့် ပေါက်ပေါက်ဆုပ်ဆိုင်မှာလည်း လှပသော သစ်တောကြီးတစ်ခုအဖြစ် ပြောင်းသွား တော့သည်။ မျက်နှာကြက်ကတော့ တိမ်တွေမရှိသည့် အဆုံးအစမရှိသော ကောင်းကင်ပြာကြီးအဖြစ်ပြောင်းသွားလေသည်။

လီဂျီဟယ်သည် တိုးတိုးလေးရေရွတ်လိုက်သည်။

"ဒီနေရာက ဘယ်နေရာလဲဟ"

လီဂျီဟယ်သည် အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်တွေနှင့် ခြုံပုတ်တွေကို ဓါးဖြင့်လိုက်ခုတ်သော်လည်း ဘာမှပြောင်းမသွားချေ။ လီဂီယောင်ကတော့ တည်ငြိမ်သောမျက်နှာထားဖြင့် ပိုးကောင်တွေကိုစတင်ရှာတော့၏။

အနားရှိသစ်ပင်တွေကို ကျနော်ထိကြည့်လိုက်သည်။ သစ်ပင်တွေမှာကြမ်းတမ်းပြီး စိုစွတ်သော မျက်နှာပြင်ရှိကြသည်။ ဤသစ်တောသည် ဒိုင်နိဆောခေတ်က တကယ့်သစ်တောကြီးဖြစ်နေလေ၏။ ဤနေရာသည် တစ္ဆေ၏ စိတ်တစ္ဆေ အကျဉ်းထောင်နှင့် မတူဘဲ လက်တွေ့ကျလှသည်။ ဤသို့ဖြစ်နေခြင်းမှာ မြေအောက်ခံတပ် အဌမထပ်က ရုပ်ရှင်ရုံသခင်၏အစွမ်းကြောင့်ပင်။

"ဒါက ရုပ်ရှင်တစ်ခုပဲ"

"…တကယ်ကိုပေါက်တတ်ကရနိုင်တဲ့ကိစ္စတွေက လက်တွေ့ဖြစ်ပျက်လာတာပါလား"

ဝတ္ထုတစ်ခုမှာ အသက်ဝင်လာပေပြီ။ ရုပ်ရှင်တစ်ခုအသက်မဝင်လာရဟု စည်းမျဉ်းဥပဒေဿလည်း မရှိချေ။

ယောင်ဟီဝမ်သည် ခပ်မြန်မြန်အသားကျသူဖြစ်သဖြင့် အလျင်အမြန် သဘောပေါက်သွားသည်။

"ဦးလေးကြီး။ ဒါက ဘယ်ရုပ်ရှင်လဲ"

"ခဏနေရင် နင်သိလာရတော့မှာပါ"

"…ကျမကို အခုပြောပြလိုက်လို့မရဘူးလား။ ခဏနေပါဦး။ ဟိုကလေးက ဘာလုပ်နေတာလဲ"

ထိုစဉ် ခြုံပင်များလှုတ်ယမ်းသွားပြီး လီဂီယောင်ရှေ့သို့ တစ်စုံတစ်ခု ဘွားကနဲ ပေါ်လာ၏။ ဧရာမဓါးခုတ်ကောင်နှင့်တူသော ပိုးကောင်တစ်ကောင် ပေါ်လာခြင်းပင်။ ထိုပိုးကောင်သည် အရွယ်အစား ၄၀ စင်တီမီတာခန့်ရှိသည်။ လီဂျီဟယ်သည် ကြောက်ရွံ့စွာဖြင့် အော်လေသည်။

"ဟေ့…ကလေး။ နောက်ကိုဆုတ်ဟ"

သို့သော် လီဂီယောင်သည် အေးအေးဆေးဆေးပဲ ပြန်ဖြေ၏။

"ဒါက ဓါးခုတ်ကောင်မဟုတ်ဘူး။ ထရိုင်အေစစ် ကာလက(လွန်ခဲ့သော နှစ်ပေါင်း သန်း၂၅၀ခန့်က) တိုင်တန်အော့တဲလွာတစ်ကောင်ပါ”

"ဘာဖြစ်တယ်"

လီဂီယောင်သည် တိုင်တန်အောထံသို့ လက်လှမ်းကာ ထိလိုက်၏။ အဆိုပါပိုးကောင်သည် လီဂီယောင်၏ ထိတွေ့ခြင်းကိုမငြင်းဆန်ချေ။ တစ်ခဏခန့်အကြာတွင် လီဂီယောင်နှင့် အဆိုပါပိုးကောင်တို့၏ခန္ဓာကိုယ်ကို အပြာရောင်အလင်းတစ်ခုက လွှမ်းခြုံသွား၏။

လီဂျီဟယ်သည် အူကြောင်ကြောင်ဖြစ်နေသောမျက်နှာပေးဖြင့် ကြည့်နေလေသည်။

"အဲ့ဒါက…ဘာတွေလဲ"

"အမျှင်တွေလေ"

လီဂီယောင်ကိုခေါ်လာခဲ့သည်မှာ တကယ်ကိုမှန်လှ၏။ လီဂီယောင်၏စွမ်းရည်သည် ကျနော်တို့တွေ ဂိတ်တံခါးကိုကျော်ဖြတ်ရာတွင် ပိုမိုလွယ်ကူစေအောင် လုပ်ပေးနိုင်လောက်ပေမည်။

ဧရာမဓါးခုတ်ကောင်၏ ပါးစပ်မှာလှုတ်ရှားသွားပြီး လီဂီယောင်က ခေါင်းညိတ်လိုက်၏။ ဘာတွေပြောနေသည်ကို ကျနော်မသိသော်လည်း သူတို့နှစ်ယောက် စကားပြောနေကြသည်မှာ သေချာ၏။ တစ်အောင့်ခန့်အကြာတွင် ဓါးခုတ်ကောင်နှင့် စကားပြောနေသော လီဂီယောင်၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

…ဘာဖြစ်တာလဲဟ

လီဂီယောင်သည် ကျနော့်ဘက်သို့ အလျင်စလိုဖြင့် လှည့်ပြောသည်။

"အကိုကြီး"

သူစကားပြောလိုက်ချိန်တွင် မြေပြင်၏တုန်ဟီးသံကို ကြားလိုက်ရသည်။ ကြီးမားသော ထန်းပင်ကြီးတွေကို တွန်းလှဲကာ အလွန် လျင်မြန်သောအမြန်နှုန်းဖြင့် တစ်စုံတစ်ခု ချည်းကပ်လာနေခြင်း ဖြစ်လောက်ပေမည်။

ကီးးးး

ပါးစပ်တွင် သွေးများပေနေသော ဧရာမတွားသွားသတ္တဝါကြီးတစ်ကောင်သည် သစ်တောထဲကနေ ပေါ်လာ၏။ သွေးတွေထွက်နေသော လူအချို့သည် ထိုအကောင်ကြီးရှေ့ကနေ ထွက်ပြေးနေကြ၏။ ထိုလူတွေသည် ကျနော်တို့ရှေ့ကနေ အရင်ဝင်သွားခဲ့ကြသော လူတွေဖြစ်ကြလေသည်။

"အား"

"က-ကယ်ကြပါဦး"

လီဂျီဟယ်သည် နောက်ကိုဆုတ်လိုက်ပြီး ယောင်ဟီဝမ်ကို စကားပြောလိုက်သည်။

"ဒီရုပ်ရှင်ကို ကျမသိပြီ"

"…အေး။ ငါလည်းသိပြီ"

သတ္တဝါကြီး၏ခန္ဓာကိုယ်မှာ မီတာဒါဇင်နှင့်ချီအောင် ရှည်ပြီး မာကျောသော အရည်ပြား ရှိ၏။ တောင့်တင်းသောကြွက်သားများကလည်း တကိုယ်လုံးကို ဖုံးလွှမ်းနေသည်။ ဒိုင်နိုဆောခေတ်၏ အားအကောင်းဆုံးသားရဲကြီးသည် ကျနော်တို့ရှေ့တွင် ရောက်လာချေပြီ။

ရုတ်တရက်ကြည့်လိုက်လျှင်တော့ ဤအကောင်ကြီးသည် အဆင့်အတန်း ၇ရှိသော မကောင်းဆိုးဝါးတစ်ကောင်နှင့် ဆင်တူသည်။ ဤနေရာသည် မြေအောက်ခံတပ်၏ ပထမထပ်သာရှိနေသေးသော်လည်း ခက်ခဲခြင်းအဆင့်မှာ ကြောက်စရာကောင်းအောင် မြင့်မားလှသည်။ သို့သော် ကျနော့်ရင်တွေခုန်နေပေပြီ။ မြေအောက်ခံတပ်၏ ခက်ခဲမှုမှာ မြင့်လေလေ၊ ရရှိမယ့်ဆုက ပိုကောင်းလေလေပင်။

ဓါးကိုဆွဲထုတ်ပြီး ကျနော်ပြောလိုက်သည်။

"တိုက်ခိုက်ဖို့အသင့်ပြင်ကြတော့"

ဤရုပ်ရှင်တွင်ပါဝင်သောအရာများကြောင့် ယူဂျွန်ဟော့သည် ဤရုပ်ရှင်ကို ရင်မဆိုင်ခဲ့ခြင်း ဖြစ်လောက်သည်။ ရရှိမည့်ဆုမှာ ရုပ်ရှင်တွင်ပါသောအရာများနှင့် ဆက်နွယ်လေသည်။ ဒိုင်နိုဆောတွေရှိသောရုပ်ရှင်တွင် ထိုက်တန်သောဆုတွေ မရှိလောက်ဟု ယူဂျွန်ဟော့ တွေးခဲ့ခြင်းဖြစ်လောက်၏။ သို့သော် သူမသိခဲ့ခြင်းသာ။

ဤရုပ်ရှင်တွင် အလွန်အရေးကြီးသောဆုတစ်ခုကို ဝှက်ထား၏။

"…တကယ်ပြောနေတာလား။ အဲ့ဒီကောင်ကြီးကို တိုက်ခိုက်ရမှာလား"

"ထွက်ပေါက်တစ်ခုဖန်တီးဖို့ဆိုရင် အဲ့ဒီကောင်ကြီးကို ငါတို့တွေအနိုင်ယူဖို့လိုတယ်"

"ထွက်ပေါက်ဟုတ်လား"

"ဒါက ရုပ်ရှင်အရှည်တစ်ခုလေ။ နင်မေ့နေပြီလား"

တီ-လွက် သည် လျင်မြန်စွာပဲ ချည်းကပ်လာသည်။ တီ-လွက်၏နောက်တွင် ကျွန်း၏ ဗဟိုဓါတ်ခွဲခန်းကိုပင် လှမ်းမြင်နေရ၏။ ထိုဓါတ်ခွဲခန်းခေါင်မိုးအပေါ်တွင် ထွက်ပြေးရာတွင် သုံးနိုင်သည့် ရဟတ်ယာဉ်တစ်စီးရှိနေသည်။

ဒါက ရုပ်ရှင်တစ်ခုပဲ။ ရှင်းရှင်းပြောရရင် ရုပ်ရှင်ရုံမြေအောက်ခံတပ်က အသက်ဝင်အောင် ဖန်တီးထားတဲ့ရုပ်ရှင်တစ်ခုလေ။ ဒါကြောင့် ဒီနေရာကနေထွက်ဖို့ ဆိုရင် တစ်နည်းပဲရှိတယ်။

"ကောင်းမွန်တဲ့အဆုံးသတ်တစ်ခုကို ဖန်တီးကြရအောင်"

All Chapters