မိုလာမိုလာ (၂)
Vol. 3 Ch. 38
မျက်လုံးဝါကြီးတွေက ကျနော်တို့ကိုကြည့်လိုက်ချိန်တွင် နားကွဲလောက်သည့် ဟိန်းသံတစ်ခု မြည်ဟီးသွားသည်။
ဂါး
[အဆင့်အတန်း ၇ရှိသော တီ-လွက် သည် သင့်အား သတိထားမိသွားပါပြီ။]
['တီ-လွက်'သည် 'သားရဲကြီးကိုကြောက်လော့'စွမ်းရည်ကို သုံးလိုက် ပါသည်။]
[သီးသန့်စွမ်းရည် Fourth Wallသည် 'သားရဲကြီးကိုကြောက်လော့'စွမ်းရည်ကို တားဆီးလိုက်ပါသည်။]
Fourth Wallကျေးဇူးဖြင့် ကျနော့်စိတ်က တည်ငြိမ်နေသော်လည်း ကြက်သီးထနေခြင်းကို တားမရချေ။ သားရဲတစ်ကောင်ကို ကြောက်ရွံ့ခြင်းကြောင့် ကြက်သီးတွေထနေသည်ဟု ဆိုနိုင်သည်။
"အားလုံးပဲ…ရှောင်ကြတော့"
ကြက်သေ သေနေသော ယောင်ဟီဝမ်နှင့် လီဂျီဟယ်တို့သည် သတိပြန်ဝင်လာ ကြ၏။ လီဂီယောင်နှင့်အတူ နောက်သို့ ကျနော်ဆုတ်လိုက်သည်။
ငွား ငွား ငွား ငွား
အမြီးအရှည်ကြီးဖြင့်လွှဲရိုက်လိုက်သည်ကိုမြင်လိုက်ရသည်။
"အား"
ထွက်ပြေးနေသော လူတွေနောက်ပြန်လန်ကျသွားပြီး သွေးများပါ အန်ထုတ်လိုက်ကြ၏။
ကံကောင်းစွာဖြင့် ယောင်ဟီဝမ်နှင့် လီဂျီဟယ်တို့ကတော့ အမြီးရှည်စက်ကွင်းကနေ လွတ်သွားခဲ့သည်။
ကျနော့်ဘေးတွင်လှဲနေသော လီဂီယောင်ကို ကျနော်အော်ပြောလိုက်၏။
"ဂီယောင်…နောက်ဆုတ်။ ယောင်ဟီနဲ့ဂျီဟယ်တို့က ဘယ်တစ်ဖက်၊ ညာတစ်ဖက်ကနေ နေရာယူပေး"
ထို့နောက် မက်ဆေ့ချ်တစ်ခုပေါ်လာသည်။
['လီဂီယောင်'ဇာတ်ကောင်သည် 'ဒိုင်နိုဆောစာအုပ်'စွမ်းရည်ကို အသက်သွင်းလိုက် ပါသည်။]
…ဟမ်
"တိုင်ရန်နိုဆောရက်စ်တွေဟာ ခန္ဓာကိုယ်အရွယ်အစားနဲ့မလိုက်အောင် မြန်ဆန်ကြပေမဲ့ မြင်ကွင်းကျဉ်းကျဉ်းကိုသာ မြင်ရတဲ့အားနည်းချက်ရှိတယ်"
"…ဘာဖြစ်တယ်"
"အဲ့ဒီအကြောင်းကို ကျနော်ကလေးဘဝတုန်းက စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်ဗျ"
"မင်း ကလေးဘဝတုန်းက ဟုတ်လား"
"…အခုထက်အသက်ငယ်တဲ့အချိန်ကိုပြောတာပါ"
လီဂီယောင်ကို မျက်လုံးမှေးပြီး ကျနော်စိုက်ကြည့်လိုက်၏။ သို့သော် ယခုအချိန်သည် စနောက်နေရမည့်အချိန်တော့မဟုတ်ချေ။
ကီးး
[သီးသန့်စွမ်းရည်'အသန့်စင်ဆုံးဓါးစွမ်းအင်'ကို အသက်သွင်းလိုက်ပါသည်။]
တီ-လွက်၏အာရုံစိုက်မှုကိုရရှိအောင် တောက်ပနေသည့်ဓါးအား ကျနော်ဝှေ့ယမ်းပြ လိုက်သည်။ လီဂျယ်ဟယ်နှင့် ယောင်ဟီဝမ်တို့သည် ခံနိုင်ရည်အား မြင့်မားသူ များမဟုတ်ကြပေ။ လီဂီယောင်ဆိုလျှင် ပိုတောင်ဆိုးသေး၏။ ထို့ကြောင့် ဤနေရာတွင် ကျနော်တစ်ယောက်ထဲသာ စွန့်စား၍ဖြစ်ပေမည်။
"ငါအာရုံလွှဲထားတုန်း နောက်က တိုက်…. "
ကျနော့်စကားမပြီးခင်မှာပဲ တီ-လွက်နောက်သို့ လီဂျီဟယ်နှင့် ယောင်ဟီဝမ်တို့တွေ ရောက်သွားသည်ကို မြင်လိုက်ရ၏။ သူတို့သည် အထာပေါက်လွယ်ပေသည်။
ဂါး
သွားဖြင့်လှမ်းကိုက်ပြီး ခြေထောက်ဖြင့်တက်နင်းခြင်းကို ကျနော်မနည်းရှောင်လိုက်ရ လေသည်။ မကျိုးပဲ့နိုင်သော ယုံကြည်မှုဓါးကို သေချာမကိုင်နိုင်ခင်ပဲ တီ-လွက်၏ အမြီးမှာ ကျနော့်ခေါင်းနားရောက်လာ၏။ ကျနော့်တကိုယ်လုံးကြက်သီးများပင် ထသွားသည်။ ကျနော့်ကိုယ်ခန္ဓာကြံ့ခိုင်မှုမှာ အဆင့် ၂၀ကျော်ရှိသဖြင့် အမြီးရိုက်ချက်ကြောင့် မသေနိုင်သော်လည်း မူးတော့ဝေသွားလေသည်။
ကျနော် ယခုအချိန်အထိ ကံကောင်းနေသည်ဟု ပြော၍ပင်ရလေသည်။ ယူဂျွန်ဟော့ထက်စာလျှင် ကျနော်ကမှ 'မိုလာမိုလာ'ဖြစ်လောက်၏။
စွပ် စွပ်
တစ်ဖက်တွင်တော့ ယောင်ဟီဝမ်နှင့်လီဂျီဟယ်တို့သည် နောက်ဘက်ကနေ တောက်လျောက်ထိခိုက်အောင်လုပ်ပေးနေသည်။ ‘ဓါးရေး လေ့ကျင့်ခြင်း’စွမ်းရည်နှင့် ‘ကန်ဒိုဓါး’စွမ်းရည်တို့ပူးပေါင်းကာ တိုက်ခိုက်နေကြခြင်းဖြစ်၏။ တီ-လွက်၏ ကြီးမားသော ခြေထောက်တွေမှာ သိသာထင်ရှားသည့် ဓါးဒဏ်ရာများပင် ရရှိနေချေပြီ။ ဤအတိုင်းသာ ဆက်လုပ်နိုင်မည်ဆိုပါက တီ-လွက်ကိုပင် အနိုင်ယူလောက်၏။
"အကိုကြီး။ အဲ့ဒီကောင်ကြီးကို ကျနော်အာရုံလွှဲပေးမယ်"
နောက်ဘက်တွင်နေဖို့ပြောသော ကျနော့်စကားကို လီဂီယောင်က နားမထောင်ချေ။
"မလုပ်နဲ့။ ဂီယောင်….မင်း…. "
"ကျနော်လုပ်နိုင်ပါတယ်"
ရုတ်တရက်ဆိုသလို လီဂီယောင်သည် ရှေ့သို့တက်လိုက်ပြီး ဘာမှန်းမသိသော အချက်ပြမှုတစ်ခုကို လုပ်လိုက်၏။ ကျနော်တစ်ခုခုကို ပြောချင်နေပေသည်။ ထိုစဉ် ကြီးမားသော ဓါးခုတ်ကောင်ကြီးပေါ်လာပြီး တီ-လွက်၏ မျက်လုံးများကို ထိုးနှက်ပြီး ထွက်ပြေးတော့သည်။ ဤဓါးခုတ်ကောင်သည် စောနတုန်းက လီဂီယောင် ပြောခဲ့သော တိုင်တန်အောပင်။
ကီးးးးး
တီ-လွက်သည် မျက်လုံးကိုတိုက်ခိုက်သွားသော ဓါးခုတ်ကောင်အား အသည်းအသန် လိုက်ရှာတော့သည်။ လီဂီယောင်သည် လက်ကိုမျိုးစုံလှုတ်ရှားပြီး ဓါးခုတ်ကို ထိန်းချုပ်နေ၏။ လီဂီယောင်ကို တစ်ခါမှမမြင်ဖူးသည့်လူကိုကြည့်သည့် အကြည့်ဖြင့် ကျနော်ကြည့်လိုက်မိသည်။
ဒီကောင်လေးက သိုသိုသိပ်သိပ်နေနေတဲ့ ဇာတ်ကောင်တစ်ကောင်များလား။ ဒီကောင်လေးကို ယူဂျွန်ဟော့တစ်ယောက် သူနဲ့အတူ ခေါ်သွားချင်နေတာ ဆန်းတော့ မဆန်းပါဘူးလေ။
ဂါး
လီဂီယောင်၏ကျေးဇူးကြောင့် တိုက်ပွဲမြေပြင်မှာ ကျနော်တို့ဘက်ကို အလေးသာ သွား၏။ တီ-လွက်၏လှုတ်ရှားမှုများ ထိုင်းမှိုင်းသွားချိန်တွင် ယောင်ဟီဝမ်နှင့် လီဂျီဟယ်တို့၏ မျက်လုံးများထဲတွင် အနီရောင်အလင်းတစ်ခု တောက်သွားတော့သည်။
[မိစ္ဆာသုတ်သင်သူ]
ဤစွမ်းရည်သည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရာတွင် အားနည်းချက် ရှိသော်လည်း အသုံးပြုသူစိတ်လှုတ်ရှားနေလျှင်တော့ အလွန်ကောင်းမွန်သော စွမ်းရည်တစ်ခုပင်။ သစ်တောကိုစိုက်ကြည့်နေသည့် ထိုအမျိုးသမီးများ၏ အကြည့်များ လောင်ကျွမ်းတောက်ပနေသည်မှာ အလွန်ပင် ကြည့်၍ကောင်းလှသည်။
ယူဂျွန်ဟော့လက်ထဲ လီဂျီဟယ်ပါသွားခဲ့ပြီးဖြစ်သည်မှာ နှမြောစရာ ကောင်းလွန်းလှသည်။ သို့သော် ယောင်ဟီဝမ်ထံတွင်လည်း လွှမ်းမိုးနိုင်သည့် အလားအလာရှိနေ၏။ ဖျက်ဆီးခြင်း၏တရားသူကြီးသည် ကောင်းမွန်သော ဝိသေသ လက္ခဏာတစ်ခုဖြစ်ပြီး ယောင်ဟီဝမ်ထံတွင် ထောက်ပံ့သူလည်း မရှိသေးချေ။
တီ-လွက်၏သက်လုံမှာ ကျဆင်းလာပုံလည်း ပေါ်နေပေပြီ။ နောက်ဆုံးပွဲသိမ်း တိုက်ကွက်ကို သုံးဖို့အချိန်တန်ပြီဖြစ်၏။
[ယုံကြည်မှုဓါးကို အသက်သွင်းလိုက်ပါသည်။]
ကျနော့်၏ကျန်ရှိသောမှော်စွမ်းအားကိုအာရုံစိုက်လိုက်၏။ ကျနော့်မှာ ထောက်ပံ့သူ တစ်ယောက်လည်း မရှိသလို ယောင်ဟီဝမ် သို့မဟုတ် လီဂျီဟယ်တို့လောက်လည်း ကျနော်က မမြန်သော်လည်း ကျနော်၏တိုက်ခိုက်မှုစွမ်းအားကတော့ အားနည်း မနေချေ။ ပြောရမည်ဆိုလျှင် အားလုံးကိုကျော်ဖြတ်နိုင်သည့် တရားမဝင် စနစ်တစ်ခု ကျနော့်တွင် ရှိနေလေ၏။
ကီး
မကောင်းသောအငွေ့အသက်ဓါး
[မကျိုးပဲ့နိုင်သောယုံကြည်မှုဓါး၏ အထူးကဏ္ဍကို အသက်သွင်းလိုက်ပါသည်။]
[မကောင်းသောအငွေ့အသက်မှာ 'မီး'အဖြစ် ပြောင်းသွားပါပြီ။]
ကြီးမားသောမှော်စွမ်းအားမှာစုပ်ယူခံလိုက်ရပြီး ကျနော်၏ကိုယ်ခန္ဓာကြံ့ခိုင်မှု၏ ခံနိုင်စွမ်းမှာ အလွန်အကျွံလျော့ကျလာလေသည်။ သို့သော် ကျနော်စိတ်အနှောက်အယှက်တော့မဖြစ်မိပေ။ မှော်စွမ်းအားတွေကို နောက်မှ ပြန်ဖြည့်၍လည်း ရပေသည်။
ဓါးမှာတစ်မီတာခန့်ရှည်လျားလာပြီး မီးလျှံတွေက ဝန်းရံနေလေ၏။
တီ-လွက်၏နောက်ကို ကျနော်ပြေးသွားလိုက်သည်။
"အားလုံး…ဖယ်ကြတော့"
တီ-လွက်တွန့်ဆုတ်သွားပြီး လှုတ်ရှားမှုနှေးကွေးသွားချိန်တွင် အမြီးပေါ်သို့ ကျနော်တက်လိုက်၏။ ကျနော့်တွင် ဟန်ချက်ထိန်းနိုင်သောစွမ်းရည်မရှိသောကြောင့် ပြုတ်ကျမလိုအခါခါဖြစ်ခဲ့သော်လည်း တီ-လွက်၏ အရေပြားထဲသို့ ဓါးကို ထိုးစိုက်နိုင် ခဲ့သည်။
ကီး
တီ-လွက်သည်သွေးများထွက်နေပြီး မြေပေါ်တွင်လူးလိမ့်နေချေပြီ။ ကျနော်ကတော့ ဓါးဖြင့်ထိုးလို့ရသမျှ လိုက်ထိုးနေမိ၏။ ဓါးသွားက မီးလျှံတွေကလည်း ဒဏ်ရာတွေထဲသို့ စိမ့်ဝင်နေလေသည်။
နာကျင်နေသော တီ-လွက်သည် အဝါရောင်မျက်လုံးကြီးဖြင့် ကျနော့်ကို မသေခင် စိုက်ကြည့်သွားသည်။
[သင်သည် အဆင့်အတန်း ၇ရှိသော 'တီ-လွက်'မျိုးစိတ်ကို ပထမဆုံး အမဲလိုက်နိုင်ခဲ့သည်။]
[သင်သည် ဆုလာဘ် ၁၀၀၀ရရှိပါသည်။]
"ဟား…ငါတို့တွေ သတ်နိုင်ခဲ့ပြီပဲ"
"လုပ်နိုင်မယ်လို့ ထင်သားပဲ"
ဂုဏ်ယူစွာဖြင့်ပြောနေသော ယောင်ဟီဝမ်သည် အသက်ကိုပြင်းပြင်းရှူကာ မောဟိုက်နေ၏။ ယောင်ဟီဝမ်ဂုဏ်ယူမည်ဆိုလျှင် ယူချင်စရာပင်။ တီ-လွက်သည် အဆင့်အတန်း ၇ရှိသော မကောင်းဆိုးဝါးတွေထဲတွင် ထိပ်တန်းအဆင့်ရှိသည့် သတ္တဝါဖြစ်၏။ ကျနော့်ထံသို့ လီဂျီဟယ် ပြေးလာသည်။
"ကျမသတ်ပေးတာနော်"
"ဘာကိုသတ်ပေးရမှာလဲ။ နင်တိုက်ခိုက်နေပုံနဲ့ဆိုရင် အကြာကြီးနေမှ ဒီကောင်ကြီး သေမှာလေ"
စကားပြောနေချိန်တွင် ဓါးကို ကျနော်သုတ်လိုက်၏။ ယောင်ဟီဝမ်က မေးသည်။
"ဒါနဲ့ ဒီရုပ်ရှင်ထဲမှာ တီ-လွက်တစ်ကောင်အသတ်ခံရတာပါလို့လား"
"မပါဘူး။ ဒါပေမဲ့ အခုလိုဖြစ်သွားတာ ကောင်းပါတယ်"
"…ဟမ်"
"ရုပ်ရှင်အမျိုးအစားက စိတ်ကူးယဉ်၊ အက်ရှင်နဲ့ စွန့်စားရေးလေ။ အခုဆိုရင် အမျိုးအစားကိုစုံလင်အောင် ငါတို့တွေ တွေ့ပြီးသွားပြီ"
ထိုစဉ် စနစ်မက်ဆေ့ချ်တစ်စောင် ကျနော့်ခေါင်းထဲပေါ်လာသည်။
[ရုပ်ရှင်ရုံပိုင်ရှင်သည် ရုပ်ရှင်၏ဇာတ်သိမ်းပြောင်းလဲသွားပုံကို ကျေနပ်နေပါသည်။]
ယောင်ဟီဝမ်က မယုံနိုင်စရာစွာဖြင့် ရေရွတ်သည်။
"ဟာ"
ဟုတ်ပေသည်။ ရုပ်ရှင်ရုံမြေအောက်ခံတပ်၏ ပန်းတိုင်မှာ 'ဇာတ်သိမ်းအစစ်'ကို မြင်ရဖို့ မဟုတ်ချေ။
ဇာတ်သိမ်းအစစ်အတိုင်းသိမ်းအောင်လုပ်ရမည်ဆိုပါက ဤမြေအောက်ခံတပ်ကို ယူဂျွန်ဟော့ အနိုင်ယူနိုင်ခဲ့လောက်မည်မဟုတ်ဟု ပြော၍ရသည်။
ဤမြေအောက်ခံတပ်၏ အလယ်ဗဟိုတွင်ရှိနေသည့် ‘ရုပ်ရှင်ရုံသခင်’အလိုရှိသော ဇာတ်သိမ်းကိုသိမ်းပြဖို့အတွက်သာ ရုပ်ရှင်များကို ဖန်တီးထားခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် ရုပ်ရှင်ရုံပိုင်ရှင်သည် အစွန်းရောက်သည်အထိ ရူးသွပ်နေသူတစ်ယောက်ပင်။
"နင်အခုနားလည်ပြီလား။ ငါတို့တွေ အကုန်လုံးကိုချေမှုန်းပစ်ဖို့ပဲ လိုတာဟ"
တစ်နည်းအားဖြင့်ဆိုရလျှင် ဇာတ်သိမ်းအထိရောက်အောင် အတားအဆီးအားလုံးကို ကျနော်တို့တွေ ဖယ်ရှားနိုင်မယ်ဆိုပါက ရုပ်ရှင်က ပြီးသွားမည်ဖြစ်သည်။
[သင်သည် နောက်အထပ်ဆီသို့ သွား၍ရပါပြီ။]
[ဓါတ်ခွဲခန်းအအောက်အဦးထိပ်က ရဟန်ယာဉ်ရပ်နားရာနေရာဆီသို့ သွားပါ။]
"ငါတို့တွေ ခဏနားပြီး ဆက်သွားကြရအောင်။ ဆုလာဘ်တချို့ ရအောင် လုပ်ဖို့လည်းလိုတယ်"
တီ-လွက်ပတ်ပတ်လည်ကို ကျနော်စတင် ရှာဖွေလိုက်သည်။ သိပ်မကြာခင်မှာပဲ ကျနော်တို့ရှေ့ကနေ အရင်ဝင်သွားခဲ့သည်လူတွေထဲက တစ်ယောက်ကို ကျနော် ရှာတွေ့သွား၏။ ကျန်လူများကတော့ တီ-လွက်၏ စားသောက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
"ဟေ့…ထစမ်းပါဦး"
"အ-အား"
ထိုလူဆီကနေ သွေးတွေတောက်လျောက်ထွက်နေ၏။ တီ-လွက်၏ လက်သည်းကုတ်ချက် မိပြီး ထိုလူဒဏ်ရာရခဲ့ခြင်း ဖြစ်လေသည်။ အရိုးများကိုပင် မြင်နေရသဖြင့် ထိုလူ၏ ဒဏ်ရာမှာ ပြန်၍ ကောင်းတော့မည်မဟုတ်သည်မှာ သေချာနေပေပြီ။
"အသက်ကိုဖြည်းဖြည်းပဲ ရှူပါ"
"အ-အဟွတ်။ …အသက်ရှင်… "
ကျနော်ယူလာသောရေကို ထိုလူအားတိုက်လိုက၏။ ထိုလူသည် ရေနည်းနည်း သောက်ပြီး သွေးတွေထပ်အန်ပြန်သည်။ ထို့ကြောင့် မေးစရာရှိသည်ကို ကျနော် အလျင်စလိုမေးလိုက်ရ၏။
"မင်း ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာခဲ့တာလဲ"
"ပ-ပရောဟိတ်…"
"ပရောဟိတ်တွေဆိုတာ ဘယ်သူတွေလဲ"
ထိုလူ၏အသက်ရှူသံမှာ ပိုပို၍ပြင်းလာလေသည်။
"ဗျာ-ဗျာဒိတ်ကို …. ရထားတယ် …"
…ဗျာဒိတ်ဟုတ်လား။
"ငါ အသက်ရှင်ချင်…သေးတယ်"
ထိုလူ၏ပါးစပ်ကနေ သွေးများ ဒလဟောထွက်ကျလာသည်။ နောက်ဆုံးတွင် ထိုလူသေသွားခဲ့ချေပြီ။ ယောင်ဟီဝမ်နှင့်တခြားလူတွေ ကျနော့်နောက်သို့ ရောက်လာကြ၏။
"အဲ့ဒီလူ…. "
ကျနော်ခေါင်းခါပြီး သေဆုံးသွားသောလူကိုကြည့်လိုက်သည်။
'ဗျာဒိတ်'
သောက်အဓိပ္ပါယ်မရှိတဲ့စကားပါကွာ။
ကျနော်သိရသလောက် အန်နာ ခရော့ဖ် တစ်ယောက်သာ Ways of Survivalထဲတွင် 'အနာဂတ်မြင်ကွင်း'ကို သုံးနိုင်သူဖြစ်၏။
ထိုသို့ဆိုလျှင် အဖြေက တစ်ခုပဲရှိတော့ပေပြီ။
…ငါ့အပြင်နောက်တစ်ယောက်ရှိနေတာပဲ။ အဲ့ဒီလူက ငါသိထားသလောက် မသိထားဘူး။ အချက်အလက်ကိုစစ်ဆေးဖို့ကိုယ်တိုင်ရောက်မလာရဲတာက ငါ့လောက်သိမထားဘူးဆိုတဲ့ သက်သေပဲလေ။
"ဒေါ့ဂျာ"
"ခဏနားကြရအောင်"
ထိုလူ၏အလောင်းကို ကျနော်တို့တွေ ဖုံးပေးလိုက်ပြီး တီ-လွက်အနား၌ ထားလိုက်၏။ ယူဂျွန်ဟော့အနောက်သို့ ကျနော်တို့တွေ အမြန်ဆုံးလိုက်ဖို့လိုသော်လည်း ကျနော်တို့သာ ကောင်းကောင်းအနားမရပါက ယူဂျွန်ဟော့နှင့်မတွေ့ခင်တွင် တစ်ဖွဲ့လုံး အရှင်းခံရနိုင်ပေသည်။
တီ-လွက်၏အလောင်းကို ကျနော်ရှာလိုက်၏။
ခေါင်းနှင့်နှလုံးနေရာကိုရှာကြည့်သော်လည်း ကံဆိုးစွာဖြင့် မကောင်းဆိုးဝါးအမြုတေကို ရှာ၍မတွေ့ချေ။ သို့သော် မည်သည့်အကျိုးအမြတ်မှ မရခဲ့ခြင်းတော့ မဟုတ်ပေ။ မီးဖြင့် တီ-လွက်အသားကိုကင်နေသည်ကို ယောင်ဟီဝမ်ကြည့်ပြီး သွားရည်ယိုနေလေသည်။
"…အဲ့ဒီအသားကို ငါတို့တွေစားလို့ရလား"
"မှော်မီးတောက်တွေနဲ့ကင်ထားတာမလို့ စားလို့ရပါတယ်။ မကျက်တဲ့ အပိုင်းတွေကိုလည်း မှော်စွမ်းအားမီးဖိုနဲ့ချက်ပစ်လို့ရတယ်လေ"
တီ-လွက်၏ခြေထောက်နားတွင် ကျနော်တို့တွေ ဘေးချင်းတိုက် ထိုင်လိုက်ကြ၏။ ကင်ထားသော တီ-လွက်အသားကို ကျနော်တို့တွေဖြည်းဖြည်းချင်း ဖဲ့လိုက်ချိန်တွင် မွှေးပျံ့သော အသားနံ့က လေထဲပျံ့လွင့်သွား၏။ လီဂီယောင်က ထအော်လေသည်။
"အသားက လတ်ဆတ်လိုက်တာ"
လီဂျီဟယ်က အရင်ဆုံး အသားတစ်ပိုင်းကို ပြေးယူသည်။ ကျနော်အပါအဝင် ကျန်အဖွဲ့သားတွေလည်း အသားတစ်ပိုင်းကိုယ်စီ ယူလိုက်ကြ၏။ အသား၏ အရွယ်အစားမှာ ကျနော် ရုံးဝန်ထမ်းလုပ်ခဲ့တုန်းက စားခဲ့သည့်အသားတွေထက်ပင် အများကြီးပိုကြီးပြီးကောင်းလေသည်။ လီဂျီဟယ်သည် မျက်လုံးမှိတ်ကာ အရသာခံနေ၏။ ထို့နောက် ပျော်ရွှင်သောလေသံဖြင့် ရေရွတ်တော့သည်။
"အား…ဒီအသားက ကမ္ဘာမှာအရသာအကောင်းဆုံးအသားပဲ …"
အရသာရှိလွန်းလှသည်မှာ အမှန်ပင်ဖြစ်၏။
အဆီမှာကြွက်သားများပတ်လည်တွင် မနည်းလွန်းမများလွန်း ရစ်ဝဲနေပြီး မြေကြွက်အသားကို စားရသည်နှင့် လုံးဝမတူချေ။ တစ်ချက်ကိုက်လိုက်တိုင်း ဆွေမျိုးပါ မေ့မတတ်ဖြစ်သွားသည်ဟုပြောလျှင် လွန်အံ့မထင်။ ယူဆန်းအာသာ ဤနေရာတွင် ရှိနေပါက ထပါငိုလောက်ပေသည်။
အသားကိုစားပြီးသည့်နောက်တွင် ကျနော့်သက်လုံမှာပြန်ကောင်းလာနေသည်ကို သတိထားမိလိုက်၏။ အဆင့်မြင့်အသားတွင် အထူးအာနိသင်များရှိပေသည်။ သို့သော် တချို့အသားတွေကိုတော့ သတိထားပြီးစားသင့်၏။ ယောင်ဟီဝမ်သက်ပြင်းချကာ ပြောသည်။
"ဟူး…စားလို့ကောင်းလိုက်တာ။ အရသာအတော်ကိုရှိလွန်းတယ်။ ထပ်စားရင်တော့ ငိုပါငိုမိမလားမသိဘူး"
ကျနော်တို့တွေ တစ်ခဏခန့်နားလိုက်ကြပြီး ကျွန်းအလယ်ရှိ ဓါတ်ခွဲခန်းဆီ စတင်ထွက်ခွာတော့သည်။
တွားသွားသတ္တဝါအချို့နှင့် လမ်းတွင် ကျနော်တို့ ရင်ဆိုင်ခဲ့ရသော်လည်း ထိုသတ္တဝါများသည် တီ-လွက်လောက် ရင်ဆိုင်ရမခက်ခဲ့ချေ။
ဓါတ်ခွဲခန်းထဲတွင်တော့ ဓါတ်ခွဲခန်းသုံးဖန်ပုလင်းတွေ၊ ပြွန်ချောင်းတွေ အများကြီး ရှိနေလေသည်။ ဒိုင်နိုဆောသားလောင်းလေးများကိုထည့်ထားသော ဖန်ပေါင်းချောင် အသေးလေးတွေလည်းရှိနေပြီး သွေးနမူနာတွေကို သိမ်းဆည်းထားသည်ကိုလည်း မြင်ခဲ့ရ၏။ တစ်ခုသာ မရှိဘဲ ဖြစ်နေလေသည်။
အတွင်းစြင်္က ံလမ်းထဲ ကျနော်တို့ဝင်ခဲ့ချိန်တွင်တော့ ပစ္စည်းအချို့ကို ကျနော် မြင်လိုက်ရတော့၏။
[ကိုယ်ခန္ဓာကြံ့ခိုင်မှုမြှင့်တင်ပေးသော ဆေးရည်]
[မှော်စွမ်းအင်မြှင့်တင်ပေးသော ဆေးရည်]
[လျှင်မြန်မှုမြှင့်တင်ပေးသော ဆေးရည်]
[ခွန်အားမြှင့်တင်ပေးသော ဆေးရည်]
ထင်သည့်အတိုင်းပင် ဤနေရာတွင်ရှိနေလေသည်။ အဆိုပါ ဆေးရည်တွေကို ကျနော်လိုက်လံသိမ်းဆည်းတော့၏။ အီသီယိုဆော၏အမြုတေတုန်းကလိုပင် ပျမ်းမျှစွမ်းရည်တွေကို တိုးမြှင့်ပေးနိုင်သည့်ပစ္စည်းများမှာ အစောပိုင်း ဇာတ်ဝင်ခန်းများတွင်သာ ရှိလေသည်။
ဆေးရည်က တစ်ပုလင်း၊ နှစ်ပုလင်းသာ ရှိနေခြင်းမဟုတ်ဘဲ အနည်းဆုံးပုလင်း ၂၀ခန့် ရှိနေ၏။ ကျနော့်ပျမ်းမျှအဆင့်မှာ တဟုန်ထိုး တိုးတက်လာတော့မည်မှာ သေချာနေပေပြီ။ ကျနော့်တွင်ရှိသော ဒင်္ဂါးများကို ပျမ်းမျှအဆင့်တိုးအောင် မသုံးခဲ့သည်မှာ ဤဝှက်ထားသောဇာတ်ဝင်ခန်းကဲ့သို့ ဇာတ်ဝင်ခန်းမျိုးတွင် ပစ္စည်းများကို ရနိုင်ခြင်းကြောင့်ဖြစ်၏။
သို့သော်ဆေးရည်နှင့် သက်ဆိုင်သည့်စွမ်းရည်တွေ၏အဆင့်က အဆင့် ၃၀ မကျော်မှသာ ဤဆေးရည်တွေကို သုံး၍ရနိုင်၏။
"ဦးလေးကြီး။ ဘာတွေရှာတွေ့ခဲ့သေးလဲ"
…ဟာ…တကယ်ကိုသရဲလိုမိန်းမပဲ။
"ဘာလဲဟ။ ကိုယ်ခန္ဓာကြံ့ခိုင်မှုမြှင့်တင်ပေးတဲ့ဆေးရည်ဆိုပါလား"
လီဂျီဟယ်၏မျက်လုံးများမှာ အရောင်တွေတောက်သွားပြီး ဆေးရည်တစ်လုံးကို ကောက်ကိုင်လိုက်သည်။
"ရှင်တစ်ယောက်ထဲ ဒီဆေးရည်တွေအားလုံးကိုစားပစ်ဖို့ကြိုးစားနေတာလား"
"ဒီဆေးရည်အကုန်လုံးကို စားပစ်ရမယ်ဟုတ်လား။ တခြားလူတွေကိုပါ ဝေပေးရမှာပေါ့ဟ"
"အမရေ။ ဒီမှာကြည့်လိုက်စမ်းပါဦး။ ဦးလေးကြီးကလေ… "
ရုတ်ရုတ်သဲသဲဖြစ်သွားသဖြင့် ကျန်သည့်အဖွဲ့သားများပါ အနားကို ရောက်လာကြသည်။ ပစ္စည်းတွေ၏အချက်အလက်ကိုစစ်ဆေးပြီးသည့်နောက်တွင် ယောင်ဟီဝမ်သည် အံ့အားသင့်သွားတော့၏။
"ဘုရားရေ…ဒီပစ္စည်းတွေက ဘာတွေလဲဟ"
"…ဒါတွေက ဝှက်ထားတဲ့ဇာတ်ဝင်ခန်းမှာရှိတတ်တဲ့ပစ္စည်းတွေလေ"
မပျော်ရွှင်သောလေသံဖြင့် ကျနော်ပြောလိုက်၏။
ချီးပဲ။
ဆုံးဖြတ်ချက်ချဖို့ခက်ခဲလှပေသည်။ တီ-လွက်ကိုကျနော်တစ်ယောက်ထဲ ရင်ဆိုင်ခဲ့ခြင်း မဟုတ်သောကြောင့် ပစ္စည်းတွေအားလုံးကို တစ်ယောက်ထဲ အပိုင်သိမ်းပစ်ခြင်းမှာ သင့်တော်၏၊ မတော်၏ကို ကျနော်ဝေခွဲမရဖြစ်နေတော့သည်။
[နက္ခတ်အချို့သည် ယခုအခြေအနေနှင့်ပတ်သတ်ပြီး သဘောမကျဘဲ ဖြစ်နေပါသည်။]
လီဂျီဟယ်သည် ခွန်အားမြှင့်တင်ပေးသောဆေးရည်ကိုကြည့်ပြီး ပြောလိုက်သည်။
"ခွန်အားမြှင့်တင်ပေးသောဆေးရည်ကို ကျမကိုပေးလို့ရမလား။ ကျမက ခွန်အားပိုင်းမှာ အတော်ကို အားနည်းတယ်လေ"
[သီးသန့်စွမ်းရည် ဇာတ်ကောင်စာရင်းကို အသက်သွင်းလိုက်ပါသည်။]
အဆင့်တွေကိုသာဖော်ပြသည့် အကျဉ်းချုပ်ဇယားတစ်ခုပေါ်လာလေသည်။
[ဇာတ်ကောင် အကျဉ်းချုပ်]
အမည် : လီဂျီဟယ်
ဝိသေသလက္ခဏာ : ဒဏ်ရာရ ဓါးမိစ္ဆာ (ရှားပါး)
သီးသန့်စွမ်းရည် : ဓါးလေ့ကျင့်ရေး အဆင့် ၄၊ မိစ္ဆာသုတ်သင်ခြင်း အဆင့် ၁၊ အကြွင်းမဲ့နားလည်နိုင်စွမ်း အဆင့် ၂၊ တစ္ဆေလမ်းလျှောက် အဆင့် ၂
အထူးစွမ်းရည် : ပင်လယ်တိုက်ပွဲ အဆင့် ၁၊ စစ်အင်အား ကွပ်ကဲမှု အဆင့် ၁
စွမ်းရည်အလုံးစုံ : ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၃၊ ခွန်အား အဆင့် ၁၇၊ လျှင်မြန်မှု အဆင့် ၁၃၊ မှော်စွမ်းအင် အဆင့် ၁၀
ချီးထုတ်မလေး။ ခွန်အားပိုင်းမှာ အတော်နည်းတယ်ဟုတ်လား။
"ပေးပါနော်။ အမဟီဝမ်။ ဒီဆေးရည်ကို ကျမ ယူလို့ရမလား"
"အဲ…ဆေးရည်တွေကိုရှာတွေ့ခဲ့တဲ့လူက ဒေါ့ဂျာဆိုတော့ သူပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"
ရှင်းရှင်းပြောရလျှင် ကျန်အဖွဲ့သားတွေကို ဆေးရည်တွေပေးဖို့က ကိစ္စမရှိသော်လည်း ကျနော့်ဘက်တော်သားမဟုတ်ဘဲ ယူဂျွန်ဟော့၏ဘက်တော်သားဖြစ်နေသော လီဂျီဟယ်ကို ပေးဖို့ကတော့ အတော်ပင် ဖြုန်းတီးရာ ရောက်သည်။
['မိစ္ဆာကဲ့သို့တရားစီရင်သူ'နက္ခတ်သည် သင့်ဘက်က တရားမျှတစွာ ဆုံးဖြတ်ပေးဖို့ မျှော်လင့်နေပါသည်။]
တရားမျှတရမယ်ဟုတ်လား။ ဟုတ်သားပဲ….ငါသိထားတဲ့ ဗွင်းဗွင်းရှင်းရှင်း ကစားနည်းတစ်ခုအတိုင်းလုပ်ကြတာပေါ့။
ကျနော်ပြုံးလိုက်ပြီး အကြံတစ်ခုပေးလိုက်၏။
"စုံစံစိ ချကြရအောင်"
"စုံစံစိချမယ်ဟုတ်လား"
"စုံစံစိချပြီး ပစ္စည်းရသင့်မရသင့်ကိုဆုံးဖြတ်မယ်လေ"
လီဂျီဟယ်၏မျက်နှာတွင် လောဘအရိပ်အယောင်များ ပြည့်သွားသည်။
"အိုကေလေ"
"အင်း။ ဒေါ့ဂျာ လုပ်ခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးပါမယ်။ ဒါပေမဲ့ ဖြစ်ပါ့မလား။ စုံစံစိမှားချမိတာလည်း ဖြစ်သွားနိုင်တယ်လေ"
"စုံစံစိမှာ အမှားလုပ်မိရင်တော့ ကံဆိုးလို့ပဲ ယူဆရမှာပေါ့"
လီဂျီဟယ်က ပြောသည်။ ပစ္စည်းတွေကိုရရှိနိုင်သည့်အခွင့်အရေးကြောင့် လီဂျီဟယ် စိတ်လှုတ်ရှားနေပေပြီ။
"ခွန်အားမြှင့်တင်ပေးတဲ့ဆေးရည်နဲ့စလိုက်ကြရအောင်"
ခွန်အားမြှင့်တင်ပေးသောဆေးရည်ကို ကျနော်ထုတ်လိုက်ပြီး လီဂျီဟယ်ကို ပြောလိုက်၏။
"ဒီဆေးရည်အတွက် နင်နဲ့ငါပြိုင်မယ်"
"ကျမက စုံစံစိချတဲ့နေရာမှာ တော်တယ်နော်။ ရှင့်ဘက်က အဆင်ပြေပါ့မလား"
"ဪ။ ဟုတ်လား"
လီဂျီဟယ်ကိုပြုံးပြီး ကျနော်ကြည့်လိုက်၏။
[သီးသန့်စွမ်းရည် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ၁ကို အသက်သွင်းလိုက် ပါသည်။]
['လီဂျီဟယ်'ဇာတ်ကောင်သည် ကပ်ကြေးကိုချဖို့ စဉ်းစားနေပါသည်။]