မိုလာမိုလာ (၄)
Vol. 3 Ch. 40
ကံမကောင်းစွာဖြင့် ယူဂျွန်ဟော့သည် ဆဌမအထပ်၌ ရှိမနေခဲ့ချေ။
ကျနော်တို့အတွက် စိတ်သက်သာရာရစရာဆိုလို့ ဆဌမအထပ်ရှိရုပ်ရှင်မှာ ကျော်ဖြတ်ဖို့လွယ်ကူခဲ့ခြင်းသာ ရှိ၏။ ထိုရုပ်ရှင်သည် ဒါရိုက်တာ Bryan Singerရိုက်ကူးသော သမာရိုးကျ ထိတ်လန့်စရာကောင်းသော ဇာတ်ကားဖြစ်သည်။ လူသတ်သမားကို ကျနော်သိထားခြင်းကြောင့် ရုပ်ရှင်ကိုလျင်လျင်မြန်မြန်ပဲ ကျော်ဖြတ်နိုင်ခဲ့လေသည်။
[ရုပ်ရှင်ရုံပိုင်ရှင်သည် ရုပ်ရှင်၏ဇာတ်သိမ်းပြောင်းလဲသွားပုံကို ကျေနပ်နေပါသည်။]
[သင်သည် ဆုလာဘ်အဖြစ် ဒင်္ဂါး၅၀၀ရရှိပါသည်။]
လီဂျီဟယ်သည် အံ့အားသင့်စွာဖြင့်မေးသည်။
"…ဟိုလူကမှ တကယ့်လူသတ်သမားအစစ်တဲ့လား"
"ဇာတ်လမ်းကိုကြိုမပြောနဲ့။ ဒီရုပ်ရှင်ကိုမကြည့်ရသေးတဲ့သူ ရှိတယ်ဟ"
['လျှို့ဝှက်ကြံစည်သူ'နက္ခတ်သည် ဇာတ်လမ်းကြိုပြောသည့်လူများအား မုန်းတီး ပါသည်။]
မည်သို့ပင်ဆိုစေကာမူ ရုပ်ရှင်၏ တမူထူးခြားမှုကြောင့် ပစ္စည်းတစ်ခုကို ဆုအဖြစ် ရရှိလေသည်။
[စွမ်းရည်စာအုပ် : တည်ငြိမ်စွာလေ့လာစူးစမ်းနိုင်စွမ်း]
တည်ငြိမ်စွာလေ့လာစူးစမ်းနိုင်စွမ်း ။ ထိုစွမ်းရည်သည် အတော်ကိုအသုံးဝင်သော စွမ်းရည်တစ်ခုဖြစ်ပြီး ပစ်မှတ်၏လှုတ်ရှားမှုကိုရော ပျမ်းမျှအဆင့်များကိုပါ အသုံးပြုသူ သိရှိအောင် လုပ်ပေးနိုင်သည်။ ကျနော့်တွင် ဇာတ်ကောင်စာရင်းစွမ်းရည်ရှိနေသဖြင့် ထိုစွမ်းရည်သည် ကျနော့်အတွက် များစွာအသုံးမဝင်လှသော်လည်း ယူဆန်းအာနှင့် လီဂီယောင်တို့လို လူမျိုးတွေအတွက် အတော်ပင် အတော်အသုံးတည့်လှ၏။ အင်မတန် ဟန်ဆောင်ကောင်းလှသော ရန်သူတွေနှင့်ရင်ဆိုင်ရာတွင် ထိုစွမ်းရည်မှာ အကျိုးရှိစေမည်က သေချာပေသည်။
[သီးသန့်စွမ်းရည် ' တည်ငြိမ်စွာလေ့လာစူးစမ်းနိုင်စွမ်း 'ကို ရရှိပါသည်။]
ကျနော်အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။
Gladiatorလိုရုပ်ရှင်မျိုးကို ကျော်ဖြတ်ရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။
သင့်တော်သော တိုက်ခိုက်ရေးစွမ်းရည်တစ်ခုကို ကျနော်ယခုအချိန်အထိ မရရှိသေးပေ။ လက်နက်လေ့ကျင့်ရေးစွမ်းရည်ကို ယူဂျွန်ဟော့ ရယူထားလောက်ပြီဖြစ်သော်လည်း ယခုအချိန်တွင် ထိုစွမ်းရည်ကိုရယူဖို့ ဒင်္ဂါးများကိုသုံးရမည်ကတော့ ကောင်းမွန်သော အကြံတစ်ခုမဟုတ်ချေ။
"…ရုပ်ရှင်တွေကို စိတ်ကုန်လာပြီ"
ယောင်ဟီဝမ်၏ပြောစကားကို ကျနော်ထောက်ခံမိသည်။ ရုပ်ရှင်ရုံတစ်ခုကို ထပ်ပြီး မရှာချင်တော့ပေ။ မြင့်မားသောစွမ်းဆောင်ခကိုရရှိနေပြီဖြစ်သဖြင့် ကျနော် ကျေနပ်နေပြီဟု ပြော၍ပင် ရ၏။
သတ္တမအထပ်ဆီသို့ ကျနော်တို့တွေ တခါထဲသွားလိုက်ကြသည်။ ဤတစ်ခါတွင်တော့ ယူဂျွန်ဟော့၏ နောက်ကျောလောက်ကို ကျနော်တို့တွေ မြင်ရသင့်လောက်ပေသည်။
လဖွတ်….သတ္တမအထပ်က ရုပ်ရှင်ပိုစတာအများစုက ပြဲနေတာပဲ။
ဟုတ်ပေသည်။ ယခုလောက်ဆိုလျှင် ယူဂျွန်ဟော့သည် နောက်ဆုံးဆရာကြီးအခန်းကို ရောက်နေလောက်ပြီ။ ယခုလိုအခြေအနေမျိုးတွင်ကျနော်တို့တွေ အချိန်ဖြုန်းနေလို့ မဖြစ်ချေ။
"ပြေးကြတော့။ နောက်ဆုံးအထပ်ကိုရောက်ခါနီးနေပြီ"
ကျနော်တို့တွေ စတင်ပြေးကြတော့သည်။ ယူဂျွန်ဟော့ကိုအမြန်ဆုံး အမီလိုက်ဖို့ လိုနေချေပြီ။ ယူဂျွန်ဟော့ အရာအားလုံးကို လက်မလျှော့လိုက်ဖို့သာ ဆုတောင်းရပေတော့မည်။
ရုံထဲရှိထိုင်ခုံများကိုကျော်ဖြတ်ပြီး ကြားလမ်းတလျှောက် ကျနော်တို့ပြေးလိုက်ကြသည်။ သတ္တမအထပ်က ပိုစတာများသည် နာမည်ကျော်ကိုရီးယားရုပ်ရှင်ဟောင်းများ ဖြစ်လေသည်။
ချီး…အကုန်လုံးပြဲနေပါစေကွာ။
သို့သော် ကျနော့်ဆုတောင်းမပြည့်ခဲ့ပေ။ နောက်ဆုံးပိုစတာတစ်ခုမှာ အကောင်းအတိုင်း ကျန်နေလေ၏။
"လဖွတ်…"
[ရုပ်ရှင်စတင်ပါပြီ။]
အပြာရောင်အလင်းတန်းမှာ ကျနော်တို့အဖွဲ့ပေါ်ဖုံးလွှမ်းသွားပြီး မြင်ကွင်းက ပြောင်းသွားတော့သည်။ ကျနော့်ခေါင်းတွေချာချာလည်နေပြီး ဆားနံ့က နှာခေါင်းထဲ တိုးဝင်လာ၏။
ရောက်ရှိနေသောနေရာက ပင်လယ်ပြင်ပင်။ သို့သော် ဤတစ်ခါတွင်တော့ ခရီးသည်တင် သင်္ဘောကြီးပေါ်၌ မဟုတ်။ ရရှိသောအနံ့က အမြောက်နံ့ဖြစ်နေ၏။ လိပ်သင်္ဘော ကုန်းပတ်ပေါ်က ကြမ်းတမ်းသော သစ်သားကြမ်းပြင်ကိုပင် ကျနော်မြင်နေရသည်။
လှုတ်ခါနေသော သင်္ဘောပေါ်၌ ခေါင်းကိုကျနော်လှည့်ကြည့်ချိန်မှာပဲ လူတစ်ယောက်၏ အသံထွက်ပေါ်လာလေသည်။
"အားလုံး။ ဝပ်ကြ "
ချက်ချင်းဆိုသလို ကျနော်လှဲချလိုက်ချိန်တွင် ကျနော့်ပတ်ပတ်လည်၌ သေနတ်ကျည်တွေ မိုးရွာသလိုကျလာ၏။
ထန် ထန် ထန်
သွေးတွေထွက်နေသော စစ်သားတချို့မှာ လဲနေပေပြီ။
"သင်္ဘောကိုကာကွယ်ကြ"
ဟောင်းနွမ်းသောစစ်ဝတ်စုံကိုဝတ်ဆင်ထားသည့် စစ်သားများမှာ လှုတ်လှုတ်ရှားရှား ဖြစ်နေလေသည်။ စိတ်ကိုမသက်သာစေသည့် လေက စစ်ပွဲနှင့်အတူ တိုက်ခတ်နေ၏။ မြုံညံ ရေလက်ကြားတွင် စစ်ငွေ့စစ်ရိပ်များသမ်းနေပြီး အဝေးတစ်နေရာဆီကနေ ဗုံသံများကိုပါ ကြားနေရသည်။
လဖွတ်။
ဤရုပ်ရှင်ကိုကိုရီးယားလူမျိုးတိုင်းကြည့်ဖူးကြသောကြောင့် ဤရုပ်ရှင်ကို မသိသော ကိုရီးယားတစ်ယောက်မှမရှိပေ။
ယောင်ဟီဝမ်သည် မိုးကုပ်စက်ဝိုင်းကိုကြည့်ပြီး တီးတိုးရေရွတ်၏။
"ဒါကြီးကို…ငါတို့တွေ ဘယ်လိုအနိုင်ရအောင်လုပ်ရမှာလဲ"
ရုပ်ရှင်ရုံသခင် စိတ်ကျေနပ်မှုရမှာသာ ရုပ်ရှင်ရုံမြေအောက်ခံတပ်၏ဇာတ်သိမ်းက ပွင့်မည်ဖြစ်သည်။
ဒူ….
အစီး ၃၀၀သော ဂျပန်သင်္ဘောတွေသည် ပင်လယ်ပြင်၌ ပြည့်နေလေသည်။ ကျနော်တို့ ဘက်က အင်အားကို အမြန်သုံးသပ်ကြည့်လိုက်၏။ ဤရုပ်ရှင်သည် သမိုင်းကို အခြေခံပြီးရိုက်ထားသော ရုပ်ရှင်ဖြစ်သောကြောင့် မျှော်လင့်ချက်ကတော့ ရှိနေသေး၏။
"…ဘာလဲဟ"
သမိုင်းအရဆိုလျှင် လိပ်သင်္ဘော ၁၂စီးရှိနေသင့်သော်လည်း ယခုအချိန်တွင်တော့ တစ်စီးသာ ရှိနေ၏။ အနားတွင်ရှိသောစစ်သားတစ်ယောက်ကိုလှမ်းဆွဲပြီး ကျနော် မေးလိုက်သည်။
"ဗိုလ်မှူးက ဘယ်မှာလဲ"
"ဗိုလ်…မှူးဆိုတာ ဘာကြီးလဲ"
"ရေတပ်ဦးစီးချုပ် လီကိုပြောတာ"
ကျနော်မေးသည်ကို ရေတပ်စစ်သားများ နားမလည်ဖြစ်နေကြသည်။ ကျနော့်ရင်ထဲ ပူလာချေပြီ။ ဤအခြေအနေသည် ကျနော်သိထားသော ရုပ်ရှင်နှင့် ကွဲပြားနေ၏။ ရုပ်ရှင်ရုံသခင်သည် ဇာတ်လမ်းကိုပြောင်းလိုက်ခြင်းပင်။
တစ်ခဏအတွင်းမှာပဲ ရန်သူတွေ ကျနော်တို့နှင့် ပိုနီးလာသည်။ တကယ်ကို ပေါက်ကရပင်။
မြုံညံစစ်ပွဲကြီးကို သစ္စာရှင်စစ်သူကြီး၏အကူအညီမပါဘဲ ကျနော်တို့တွေ မည်သို့ အနိုင်ယူရမည်နည်း။
ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အလျင်အမြန် ကျနော်အော်ခေါ်လိုက်သည်။
"လီဂျီဟယ်"
ဤကဲ့သို့ ဖြစ်လာလောက်မည်ဟု ကျနော်ခန့်မှန်းထားပြီးသားပင်။ လိုလိုပိုပို ပြင်ဆင်သည့် သဘောဖြင့် လီဂျီဟယ်ကို အတူတူခေါ်လာခဲ့ခြင်းမှာ လီဂျီဟယ်၏အစွမ်းတစ်ခုထဲကြောင့်မဟုတ်ချေ။
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် လီဂျီဟယ်အတွက် စိတ်မကောင်းဖြစ်နေ ပါသည်။]
လီဂျီဟယ်ကို ရှာတွေ့ဖို့က မခက်လှပေ။ သင်္ဘောကလည်း တစ်စီးထဲသာ ရှိနေသောကြောင့် သစ္စာရှင်စစ်သူကြီး၏မက်ဆေ့ချ်တွေကို ကြားနေရသည့် နေရာကိုလည်း အလွယ်တကူသိနိုင်လေသည်။
"အ-ဝေါ့ …"
လီဂျီဟယ်သည် သင်္ဘော၏ ပထမထပ်ကုန်းပတ်ထောင့်တွင် အန်နေလေသည်။
"ဟေ့…နင်အဆင်ပြေရဲ့လား”
လီဂျီဟယ်သည် မျက်ရည်ဝဲနေသည့်အကြည့်ဖြင့် ကျနော့်ကိုမော့ကြည့်၏။
"ကျမ မလုပ်နိုင်ဘူး။ ကျမ တကယ်ကိုမလုပ်နိုင်လို့ပါ"
လီဂျီဟယ်သည် ကျနော့်ကိုလှမ်းပြောနေခြင်းမဟုတ်ပေ။
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် 'လီဂျီဟယ်'ကို အားပေးနေပါသည်။]
"ဟင့်အင်း။ ကျမလုံးဝမလုပ်ဘူး။ ဝေ့ါ… "
လီဂျီဟယ်ထပ်၍အန်လိုက်သည်။
ပင်လယ်ကိုမုန်းသော်လည်း သစ္စာရှင်စစ်သူကြီး၏ရွေးချယ်ခြင်းကို လီဂျီဟယ် ခံခဲ့ရသည့်အကြောင်းအရင်းကို ကျနော်သိပေသည်။
[သင်၏သီးသန့်ဝိသေသ လက္ခဏာကြောင့် သင်ဖတ်ခဲ့သော စာအုပ်များနှင့် ပတ်သတ်သော မှတ်ဉာဏ်တွေမှာ ပိုပြီး အားကောင်းလာပါလိမ့်မည်။]
ကျနော့်ခေါင်းထဲတွင် Ways of Survival၏ အခန်း ၄၀က ပေါ်လာ၏။
「 "ဟေ့…ဒီကောင်မလေးက ပင်လယ်ကိုကြောက်တာတောင် သစ္စာရှင်စစ်သူကြီးရဲ့ ရွေးချယ်တာကို ဘယ်လိုဖြစ်ပြီး ခံခဲ့ရတာလဲ"
"ငါမသိဘူး….ဖြစ်နိုင်တာက…ဟိုလေ…စစ်သူကြီးက ဒီကောင်မလေးရဲ့ ဘိုးဘေး တော်ခဲ့တာလားမသိဘူး"
"…ဒီကောင်မလေးက ပင်လယ်စစ်နတ်ဘုရားရဲ့မျိုးဆက်တဲ့လား” 」
Ways of Survival၏ အခန်း၄၀အထိရောက်အောင် ဖတ်ခဲ့သော ကျနော်အပါအဝင် စာဖတ်သူအနည်းငယ်က ထိုအချက်ကို အတော်လေးဝေဖန်ခဲ့ကြသေးသည်။
ဒီကောင်မလေးက သစ္စာရှင်စစ်သူကြီးရဲ့သွေးမျိုးဆက် ဆိုတာကြီးက အဓိပ္ပါယ် မရှိဘူးလေ။
အဆုံးသတ်နိဂုံးပိုင်းကလွဲလျှင် Ways of Survivalဇာတ်လမ်းတစ်ခုလုံးကို ကျနော်ဖတ်ထားခြင်းကြောင့်သာ လီဂျီဟယ်က သစ္စာရှင်စစ်သူကြီး၏ သွေးမျိုးဆက် မဟုတ်ကြောင်းကို သိထားခဲ့လေသည်။
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် 'လီဂျီဟယ်'ကိုကြည့်ပြီး သူ၏ မိတ်ဆွေဟောင်းကြီးကို လွမ်းဆွတ်နေပါသည်။]
「 "ဒါဆိုရင် နင်က ဒုတ်ဆူးမျိုးနွယ်စုက လီမျိုးရိုးလား"
"မဟုတ်ဘူး။ ကျမက ဂျွန်ဂျူးမျိုးနွယ်က လီမျိုးရိုးပါ" 」
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် မိတ်ဆွေဟောင်းဖြစ်သူ၏မျိုးဆက်ကို ကြည့်နေ ပါသည်။]
လီဂျီဟယ်သည် သစ္စာရှင်စစ်သူကြီး၏မိတ်ဆွေဖြစ်သော လီအုတ်ဂီ၏ မျိုးဆက် ဖြစ်ပေသည်။
တည်ကြည်သော ဂရုဏာရှင်စစ်သူကြီး လီအုတ်ဂီ
သစ္စာရှင်စစ်သူကြီးနှင့်အတူ လီအုတ်ဂီသည် ထန်ဟန်ပိုစစ်ပွဲကြီးနှင့် ဟန်ဆန်ဒိုစစ်ပွဲကြီးတို့တွင် ရေတပ်ကို အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့သည်။ လီအုတ်ဂီသည် သစ္စာရှင်စစ်သူကြီး လီဆွန်ရှင်း (ယီဆုန်ရှင်)တစ်ယောက် မတရား ဖမ်းဆီးခံရစဉ်က ကာကွယ်ပေးခဲ့သော လူအနည်းစုထဲက တစ်ယောက်ဖြစ်၏။ သို့သော် လီအုတ်ဂီနှင့်ပတ်သတ်သော သမိုင်းကြောင်းမှာ လုံလုံလောက်လောက် မရှိသောကြောင့် လီအုတ်ဂီသည် နက္ခတ်တစ်ပါးဖြစ်မလာခဲ့ပေ။
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် 'လီဂျီဟယ်'ကို ဝမ်းနည်းသောအကြည့်ဖြင့် ကြည့်နေပါသည်။]
ထို့ကြောင့်မလို့လည်း သစ္စာရှင်စစ်သူကြီးက လီဂျီဟယ်ကိုရွေးချယ်ခဲ့ခြင်းဖြစ်၏။
လီဂျီဟယ်သည် သစ္စာရှင်၏မျိုးဆက်မဟုတ်သော်လည်း မိတ်ဆွေကောင်းဖြစ်သူ၏ မျိုးဆက်ဖြစ်သောကြောင့် သစ္စာရှင်စစ်သူကြီးက ရိုးရိုးရှင်းရှင်း ရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။
Ways of Survival၏ဇာတ်လမ်းအရ မိတ်ဆွေကောင်းဖြစ်သူ၏ မျိုးဆက်မှာ သစ္စာရှင်စစ်သူကြီးကိုယ်တိုင် သတ်ပစ်ခြင်းကို ခံခဲ့ရပြီး မိစ္ဆာတစ်ယောက် ဖြစ်သွားမည်ကိုတော့ သစ္စာရှင်စစ်သူကြီး သိလောက်ဦးမည်မဟုတ်ပေ။
[ဆုကြေးဇာတ်ဝင်ခန်းတစ်ခုပေါ်ပေါက်လာပါပြီ။]
[ဆုကြေးဇာတ်ဝင်ခန်း - သေလမ်းရှာသူ ရှင်သန်မည်။ ရှင်လမ်းရှာသူ သေဆုံးမည်။]
အမျိုးအစား - ဇာတ်ဝင်ခန်းအသေး
ခက်ခဲမှု - B+
ပြီးမြောက်ရန်လိုအပ်ချက် - 'ပင်လယ်စစ်နတ်ဘုရား'သည် သင့်ကိုအကူအညီ တောင်းနေပါသည်။ သစ္စာရှင်စစ်သူကြီး၏ ကိုယ်စားလှယ်ဖြစ်သူ လီဂျီဟယ်ကိုအားပေးကာ မြုံညံစစ်ပွဲကို အနိုင်ယူပါ။
အချိန်ကန့်သတ်ချက် - ၂ နာရီ
ဆုလာဘ် - သစ္စာရှင်စစ်သူကြီးဆီမှ အထူးစွမ်းရည်
ကျရှုံးမှု - ―
မြင်နေရသည်အား မယုံနိုင်ဖြစ်သွားမိလေသည်။ နက္ခတ်တစ်ပါးက ဆုကြေးဇာတ်ဝင်ခန်းကိုတောင်းဆိုခြင်းမှာ ရှားပါးသောကိစ္စဖြစ်၏။ ဖြစ်ပျက်နေသည်က ထူးဆန်းလှလွန်းပြီး ရရှိမည့်ဆုလာဘ်က သာမန်ထက်ကိုထူးကဲလွန်းလှသောကြောင့် သေချာအောင် ကျနော်ထပ်၍ကြည့်မိသည်။
…သစ္စာရှင်စစ်သူကြီးရဲ့အထူးစွမ်းရည်တဲ့လား။
ဤဇာတ်ဝင်ခန်းကိုကျော်ဖြတ်အောင် ကျနော်လုပ်နိုင်မည်ဆိုပါက သစ္စာရှင်စစ်သူကြီး၏ အထူးစွမ်းရည်တွေထဲက တစ်ခုကို စာချုပ်ချုပ်ဖို့မလိုဘဲ သုံးနိုင်တော့မည်ဖြစ်လေသည်။ လီဂျီဟယ်ကို ကျနော်ပြောလိုက်၏။
"လီဂျီဟယ်။ တော်လိုက်တော့။ အခြေအနေက အရေးကြီးတယ်ဟ"
"ကျမ ဘာမှမလုပ်ချင်တော့ဘူး။ အား…ရှင်တို့သုံးယောက်ပဲ ဒီရုပ်ရှင်ကို ရင်ဆိုင်လိုက်ပါတော့"
"နင်နည်းနည်းလေးတောင် မတောင့်ခံနိုင်ဘူးလား"
"…တောင့်ခံရမယ်ဟုတ်လား။ ဦးလေးကြီးနားမလည်ပါဘူး"
နားလည်ရမယ်တဲ့လား။ ဟုတ်ပေသည်။ ဤသည်ကား လီဂျီဟယ်၏ ထောင့်မကျိုးသော စကားပြောပုံပင်။ သို့ပေငြားလည်း ယခုအချိန်၌ ကလေးဆန်နေမှုအား အချိန်ပေးနေ၍မဖြစ်ချေ။
"မဟုတ်ဘူး။ ငါနားလည်တယ်။ ဒီရုပ်ရှင်ကို နင်ရင်မဆိုင်ချင်တာက လှိုင်းမူးလို့ မဟုတ်ဘူးမလား"
"…ဟမ်"
"နင့်ရဲ့သေသွားပြီဖြစ်တဲ့သူငယ်ချင်းက ဒီရုပ်ရှင်ကိုအရမ်းသဘောကျခဲ့တာမလို့ နင်က ဒီရုပ်ရှင်ကိုမရင်ဆိုင်ချင်တာလေ။ ဟုတ်တယ်မလား"
လီဂျီဟယ်သည် အရှိုက်ကိုထိုးခံရသကဲ့သို့ တုန်လှုတ်သွား၏။ ဒေးပုံ မိန်းကလေး အထက်တန်းကျောင်း၏ ပထမဆုံးဇာတ်ဝင်ခန်းကို လီဂျီဟယ်တစ်ယောက် ပြန်မြင်ယောင်မိနေသလိုပင်။ လီဂျီဟယ်သည် သူ့သူငယ်ချင်းကိုလည်ပင်းညှစ်ကာ သတ်ခဲ့ခြင်းဖြစ်၏။
"အ-အဲ့ဒါကို…ရှင်ဘယ်လိုဖြစ်ပြီး သိနေရတာလဲ"
"ငါဘယ်လိုသိလဲလာမေးမနေနဲ့။ ရှင်းပြဖို့အချိန်မရှိဘူး"
လီဂျီဟယ်သည် တုန်လှုတ်သောအကြည့်ဖြင့် ကျနော့်ကိုမော့ကြည့်၏။
"နင့်လက်နဲ့နင့်သူငယ်ချင်းကိုသတ်ပစ်ခဲ့တာက အခုလိုမျိုးကြီး အသေခံဖို့အတွက်လား"
ထိုအချိန်တွင် သင်္ဘောပထမထပ်ရှိကုန်းပတ်ဆီသို့ ဆူးကောက်တစ်ခုက ဖောက်ဝင်လာကာ လီဂျီဟယ်ဆီ ဦးတည်လာသည်။ ထိုဆူးကောက်ကို လက်ဗလာဖြင့် ကျနော်လှမ်းဖမ်းလိုက်၏။ လီဂျီဟယ်သည် တုန်လှုတ်စွာဖြင့် ကျနော့်ကိုကြည့်၏။
"ဒီနေရာကနေ နင်ဟာ ထွက်ပြေးနိုင်နိုင်၊ မနိုင်နိုင်…နင်ဟာ ဘယ်တော့မှ ခွင့်လွှတ်ခံရမှာမဟုတ်ဘူး။ ဒါပေမဲ့…. "
ကျယ်လောင်သောအသံများလည်း ထွက်ပေါ်လာ၏။ ဂျပန်ကျူးကျော်ရေးသမားတွေ သင်္ဘောပေါ်တက်လာသည့်အသံတွေကို ကျနော်ကြားနေရပေပြီ။
"နင်အခုအသိဝင်လာမယ်ဆိုရင်တော့ လူတစ်ချို့ကိုတော့ ကယ်နိုင်လောက်မှာပဲ"
တုန်ရီနေသော လီဂျီဟယ်နှင့်အတူ သင်္ဘော ဒုတိယထပ်ရှိကုန်းပတ်ပေါ်သို့ ကျနော် သွားလိုက်၏။
လီဂီယောင်နှင့် ယောင်ဟီဝမ်တို့မှာ ရန်သူတွေ ဝိုင်းခြင်းကို ခံထားရပေပြီ။ ဓါးကို ကျနော်မြှောက်ကိုင်လိုက်၏။ ရန်သူများသည် သာမန်ဂျပန်စစ်သားတွေသာ။ တိုက်ပွဲအတွင်းတွင် တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုပါက ကျနော်တို့ ရှုံးမည်မဟုတ်ပေ။ ပြဿနာက ဂျပန်စစ်သားအရေအတွက်က အလွန်များပြားနေခြင်း ဖြစ်သည်။
"ကျား"
ဝင်လာသောစစ်သားတွေကို ဓါးဖြင့်ကျနော်တောက်လျောက်ခုတ်ပစ်နေသော်လည်း ရန်သူအင်အားက လျော့မသွားဘဲ ဖြစ်နေလေသည်။ ရန်သူသင်္ဘောများကလည်း အဝေးကနေ လှမ်းပစ်နေ၏။ ဤသင်္ဘောသာ နစ်မြုတ်သွားပါက ကျနော်တို့တွေ ဇာတ်သိမ်းသွားကာ ရုပ်ရှင်မှာလည်း ဆိုးရွားစွာအဆုံးသတ်သွားပြီး ကျနော်တို့အားလုံး အမှန်တကယ်သေဆုံးကြရမည်ဖြစ်သည်။
"လီဂျီဟယ်"
လီဆွန်ရှင်း၏ ကြီးမြတ်မှုကို ကျနော်သဘောပေါက်သွားမိ၏။
အဲ့ဒီဘဲကြီး ဒီစစ်ပွဲကိုအနိုင်ရအောင် ဘယ်လိုများဦးဆောင်ခဲ့တာလဲမသိဘူး။
"အသိတရားဝင်တော့ဟ"
ဤဇာတ်ဝင်ခန်းသည် ကျိန်စာသင့်နေသည်ဟုပင် ဆိုနိုင်ပေသည်။ ကျနော်တို့ဘက်၌ ဆုန်ယူဂျောင်ရော၊ ဂျောင်အွန်ဒူပါ ရှိမနေချေ။ (ထိုလူများသည် လီဆွန်ရှင်း၏ ရင်းနှီးသော ရဲဘော်ရဲဘက်များဖြစ်သည်။) သစ္စာရှင်စစ်သူကြီး ကာကွယ်ပေးထားသော အားနည်းသည့် မိန်းကလေးတစ်ယောက်သာ ကျနော်တို့ဘက်တွင် ရှိနေလေသည်။ အဆိုပါမိန်းကလေးသည် ဒယိမ်းဒယိုင်ဖြင့် ကုန်းပတ်ပေါ်သို့ရောက်လာ၏။
"ကျ-ကျမက ရွံဖို့ကောင်းတယ်။ ကျ…ကျမက အသက်ရှင်ဖို့ထိုက်တန်တာ မဟုတ်ဘူး"
ဟုတ်ပေသည်။ အမှန်ပင် ရွံဖို့ကောင်းလှ၏။ ဤကောင်မလေးကို အသုံးချနေမိသည့် ကျနော့်လုပ်ရပ်ကို ကျနော်ရွံနေခဲ့မိသည်သာ။
"ပြီးပြည့်စုံတဲ့လူရယ်လို့ဘယ်သူမှရှိတာမဟုတ်ဘူး"
"ဟ-ဟင့် ဟင့်"
လီဂျီဟယ်၏မျက်ဝန်းထဲကနေ မျက်ရည်များ ဒလဟော စီးကျလာသည်။ ဟယ်ရီကာစ် ဒိုင်းကိုကိုင်ကာ လီဂျီဟယ်ရှေ့တွင် ကျနော်ရပ်လိုက်၏။
ချွမ် ချွမ် ချွမ်
"ရှင်သန်ပြီး ကိုယ့်တာဝန်ကိုယူပါ။ နင့်ဘဝတစ်လျှောက်လုံး အပြစ်ကိုပေးဆပ်ပြီး ဖြတ်သန်းတာပဲဖြစ်ဖြစ်၊ အမှိုက်လိုရှင်သန်တာပဲဖြစ်ဖြစ် လုပ်ချင်ရာသာလုပ်။ အဓိကက တနည်းနည်းနဲ့ နင်ရှင်သန်ဖို့ပဲလိုတယ်"
ရန်သူဘက်က တောက်လျောက်ပစ်ခတ်နေမှုကြောင့် သင်္ဘောမှာ ပျက်ဆီးလာနေချေပြီ။ လီဂျီဟယ်ကို အေးစက်သည့်အကြည့်ဖြင့် ကျနော်ကြည့်လိုက်၏။
"ဒါမှမဟုတ် နင်တကယ်ကိုဒီမှာသေချင်နေတာလား"
['လီဂျီဟယ်'ဇာတ်ကောင်အပေါ် သင်၏နားလည်မှုမှာ တိုးတက်လာပါသည်။]
ငိုကြွေးနေသော လီဂျီဟယ်မှာ ခံစားချက်မျိုးစုံခံစားနေရပေပြီ။ လီဂျီဟယ်သည် နောင်တတရား၏ အမှောင်ထုထဲမှာ နစ်ဝင်နေပြီး ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်၊ လောကကြီးကို လက်မခံလိုသောစိတ်တို့ဖြင့် ပြည့်နေ၏။ ထိုခံစားချက်မျိုးစုံထဲတွင် စစ်မှန်သော ခံစားချက်က တစ်ခုထဲသာ ရှိသည်။
「 ငါမသေချင်ဘူး 」
နက္ခတ်တွေသည် တကိုယ်ကောင်းဆန်လှသည်။ ကိုယ်စားလှယ်ဖြစ်သူကို ထောက်ပံ့မပေးသည့် နက္ခတ်များလည်းရှိသလို ကိုယ်စားလှယ်ဖြစ်သူ သေသေရှင်ရှင် ဂရုမစိုက်သည့် နက္ခတ်တွေလည်းရှိကြ၏။ သို့သော်….
ကောင်းမွန်သော သမိုင်းကြောင်းရှိသည့် နက္ခတ်တွေကတော့ သူတို့၏ကိုယ်စားလှယ်များကို ကျောခိုင်းခြင်းအမှုမပြုကြပေ။
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် 'လီဂျီဟယ်'၏ စိတ်ဆန္ဒကို တုန့်ပြန်လိုက် ပါသည်။]
လီဂျီဟယ်၏ခန္ဓာကိုယ်ပတ်လည်ကနေ တောက်ပသောအနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
['လီဂျီဟယ်'ဇာတ်ကောင်သည် အထူးစွမ်းရည်တစ်ခုကို ရရှိသွားပါသည်။]
ဓါးမိစ္ဆာလီဂျီဟယ်၏ တတိယမြောက် အထူးစွမ်းရည်။ အဆိုပါအထူးစွမ်းရည်သည် လီဂျီဟယ်ကို နောက်ပိုင်းတွင် ပင်လယ်စစ်သူကြီးတစ်ပါးဖြစ်စေခဲ့လေသည်။
"…စစ်သူကြီး"
လီဂျီဟယ်သည် ဓါးလက်ကိုင်ကိုကိုင်ပြီး ပင်လယ်ဘက်သို့ ကြည့်လိုက်၏။ ရန်သူတွေက အများအပြားရှိနေပြီး မဟာမိတ်တွေကတော့ ရှိမနေချေ။ လီဂျီဟယ်သည် ဓါးကိုကိုင်မြှောက်လိုက်သည်။
"ငါ့မှာ သင်္ဘော၁၂စီးကျန်သေးတယ်"
လီဂျီဟယ်၏ဓါးထိပ်ကနေ တောက်ပသော အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။
['လီဂျီဟယ်'ဇာတ်ကောင်သည် အထူးစွမ်းရည်'တစ္ဆေစစ်သင်္ဘောအုပ်စု အဆင့် ၁ကို အသက်သွင်းလိုက်ပါသည်။]
ရေမှုန်ရေမွှားများ ပင်လယ်ထဲကနေ ဖွားကနဲ ဖွားကနဲ ထွက်ပေါ်လာ၏။ ရေစက်များမှာ နေရာအနှံ့ကို စင်ကုန်ပြီး တစ္ဆေသင်္ဘော၁၂စီးသည် ပင်လယ်ထဲကနေ ထွက်ပေါ်လာ လေသည်။
"ရန်သူတွေကို လက်စားချေကြဟေ့"
အမြောက်ဆံများ တစ္ဆေစစ်သင်္ဘောအုပ်ဆီ ဝင်လာသော်လည်း တစ္ဆေစစ်သင်္ဘောများမှာ ဝိညာဉ်ကဲ့သို့ဖြစ်နေပြီး ထိခိုက်မှုမရှိချေ။
"ဒီနေရာမှာပဲ သေလိုက်ကြတော့"
နောက်ဆုံးတွင်တော့ လီဂျီဟယ်၏သင်္ဘောအုပ်စုသည် ရှေ့သို့စတင်ထွက်ခွာကြချေပြီ။ စစ်သင်္ဘော၁၂စီးသည် ရေကိုထိုးခွင်းပြီး ရှေ့သို့ခုတ်မောင်းနေသဖြင့် ရေကြက်ခွပ်များ ဖြစ်ပေါ်လာသည်။ သင်္ဘောပေါ်ရှိ အဖြူရောင်အမြောက်များဖြင့်လည်း ပစ်ခတ်နေသဖြင့် စစ်သင်္ဘောအုပ်စုရှေ့က အတားအဆီးမှန်သမျှ ပြိုကွဲနေလေပြီ။
ခွပ် ခွပ် ခွပ် ခွပ်
မငိုတော့သည့်ကောင်မလေးသည် စစ်မြေပြင်ကိုဦးဆောင်နေပြီဖြစ်၏။
တစ္ဆေသင်္ဘောအုပ်စု၏ရှေ့တွင် စစ်သင်္ဘောများ အလဲလဲအပြိုပြိုဖြစ်ကုန်ကြပေပြီ။ ကျနော်တင်မက၊ ယောင်ဟီဝမ်နှင့် လီဂီယောင်တို့ပါ ရှေ့တွင်ရှိသော မြင်ကွင်းကြောင့် ကြက်သေ သေကုန်ကြ၏။
ဤသည်ကား 'အထူးစွမ်းရည်'တစ်ခု၏ စစ်မှန်သောစွမ်းအားပင်။ ပင်လယ်စစ်ပွဲထဲရှိ စစ်သူကြီး၏စွမ်းအားမှာ ကြီးမားလွန်းလှပေသည်။
မှိန်ပျသော နေဝင်ချိန်အောက်တွင် ဂျပန်တွေ၏ နာကျင်အော်ဟစ်သံများ မီးခိုးငွေ့ထဲမှ ထွက်ပေါ်နေလေသည်။ မြုံညံရေလက်ကြားရှိ ရေဝဲများမှာ အလောင်းတွေကို စုပ်ယူပစ်နေ၏။ တစ်နာရီပင်မကြာသည့်အချိန်အတွင်း ရန်သူသင်္ဘောအားလုံး ပြုတ်ပြုတ်ပြုန်းသွားတော့သည်။
[ရုပ်ရှင်ရုံပိုင်ရှင်သည် ရုပ်ရှင်၏ဇာတ်သိမ်းပြောင်းလဲသွားပုံကို ကျေနပ်နေပါသည်။]
[စတုတ္ထမြောက် ‘ဇာတ်ကားအပြီး စာတန်းထိုး’ကို ရောက်ရှိပါပြီ။]
[ဖျော်ဖြေသူ : ကင်ဒေါ့ဂျာ၊ ယောင်ဟီဝမ်၊ လီဂျီဟယ်၊ လီဂီယောင်]
[သင်သည် ဆုလာဘ်အဖြစ် ဒင်္ဂါး ၅၀၀ ရရှိပါသည်။]
ဇာတ်ကားအပြီးစာတန်းထိုးကို ကျနော်တို့ရရချင်းမှာပဲ မက်ဆေ့ချ်များ ပေါ်လာ လေသည်။
[ဆုကြေးဇာတ်ဝင်ခန်း ပြီးမြောက်သွားပါပြီ။]
[သင်သည် ဆုကြေးဇာတ်ဝင်ခန်းအတွက် ပင်လယ်စစ်နတ်ဘုရားပေးသောဆုကို ရရှိပါသည်။]
အမှန်အတိုင်းပြောရလျှင် ကျနော့်စိတ်ထဲ အများကြီးမျှော်လင့်ထားမိသည်။ ရရှိမည့်ဆုမှာ တစ္ဆေသင်္ဘောအုပ်စုလည်းဖြစ်နိုင်လောက်၏။ ကျနော်သာ တစ္ဆေသင်္ဘောအုပ်စုကို ရရှိမည်ဆိုပါက လီဂျီဟယ်ကို အားကျနေဖို့ လိုတော့မည် မဟုတ်ချေ။
[သင်သည် အထူးစွမ်းရည်'ဓါးတေးသံ'ကို ရရှိပါသည်။]
အဆိုပါမက်ဆေ့ချ်အသံထွက်ပေါ်လာချိန်တွင် ကျနော်နားကြားမှားသည်ဟုပင် ထင်ခဲ့မိ၏။
အထူးစွမ်းရည် ဓါးတေးသံ။ အဆိုပါအထူးစွမ်းရည်သည် မူရင်းဇာတ်လမ်းထဲ၌ ဇာတ်လမ်းအလယ်လောက်မှ လီဂျီဟယ်ရရှိသော အထူးစွမ်းရည်ဖြစ်သော်လည်း သစ္စာရှင်စစ်သူကြီးက ကျနော့်ကို ထိုအထူးစွမ်းရည်ပေးခဲ့၏။
['ပင်လယ်စစ်နတ်ဘုရား'နက္ခတ်သည် သင့်ကို ကျေးဇူးတင်နေပါသည်။]
ပြောရမည်ဆိုလျှင် တစ္ဆေသင်္ဘောအုပ်စုထက်ပင် ဤအထူးစွမ်းရည်ကို ကျနော် ပိုလိုအပ်၏။ ကျနော့်တွင် ဤအထူးစွမ်းရည်ဖြစ်နေပြီဖြစ်သဖြင့် အဌမအထပ်ရှိ အဆိုးဆုံးအခြေအနေကို ကာကွယ်နိုင်လောက်တော့မည်ဖြစ်သည်။
ပတ်ဝန်းကျင်ရှိမြင်ကွင်းမှာ ဖြည်းဖြည်းချင်းပြောင်းလဲသွားပြီးနောက် ကျနော်တို့တွေ ရုပ်ရှင်ရုံထဲ ပြန်ရောက်ရှိသွားတော့သည်။ ပင်ပန်းနေသောလီဂျီဟယ်သည် ကျနော့်ကို စိုက်ကြည့်နေ၏။
"ဦးလေးကြီး"
"နင် ဒီမှာနားလိုက်ဦး။ ယူဂျွန်ဟော့ကို ငါတို့တွေ သွားကယ်လိုက်မယ်"
"ဒါပေမဲ့…"
"ပြောတာကိုနားထောင်စမ်းပါ"
အထူးစွမ်းရည်အသစ်တစ်ခုကိုကျနော်ရခဲ့သော်လည်း ရယ်မောနေဖို့ အချိန်မရှိချေ။ အထူးစွမ်းရည်က မည်မျှပင်ကောင်းမွန်ပါစေ ဤကမ္ဘာသာ ပြီးဆုံးသွားမည်ဆိုပါက အလကားဖြစ်သွားပေလိမ့်မည်။
ထိုသို့အဆုံးသတ်မသွားစေဖို့အတွက် ယူဂျွန်ဟော့ကို ကျနော်ကယ်ပေးမှဖြစ်မည်။
ကျနော်ရယူခဲ့သောဆေးရည်တွေကို လူတိုင်းဆီ ဝေပေးလိုက်၏။ ပျမ်းမျှအဆင့်တွေ တက်လာချိန်တိုင်း အဆင့်၁၀ကိုတစ်ခါ ဒင်္ဂါးလိုအပ်နှုန်းကို ပိုမြင့်လာမည်ဖြစ်၏။
ထို့ကြောင့် ကျနော့်တွင်ရှိသော ဒင်္ဂါးများကို အရင်သုံးဖို့လိုပေသည်။
[ဒင်္ဂါး ၄၀၀၀ကို သုံးစွဲလိုက်ပါသည်။]
[အထွေထွေတိုးတက်စေသည့်ဆေးရည်များကို သုံးလိုက်ပါပြီ။]
[ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၁၈ -> ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် ၂၄]
[ခွန်အား အဆင့် ၁၈ -> ခွန်အား အဆင့် ၂၄]
[လျှင်မြန်မှု အဆင့် ၁၁ -> လျှင်မြန်မှု အဆင့် ၂၀]
[မှော်စွမ်းအား အဆင့် ၁၀ -> မှော်စွမ်းအား အဆင့် ၁၅]
[ပျမ်းမျှစွမ်းရည်အဆင့်များ မြင့်တက်သွားပါပြီ။]
နောက်ဆုံးလှေကားထစ်သို့ ကျနော်တို့တွေ ရောက်ရှိခဲ့ချေပြီ။
"အားလုံး အသင့်ပြင်ထားကြတော့"
[သင်သည် အဌမအထပ် ကောင်းကင်ဘုံဥယျာဉ်ထဲ ဝင်ရောက်သွားပါပြီ။]
အဌမအထပ်သည် ခေါင်းမိုးတစ်ခုသာ ဖြစ်၏။ ဤနေရာသည် အော်ပရာပြဇာတ်ရုံနှင့် တူသော သေးငယ်သည့်အမိုးခုံးတစ်ခုသာ။ ခေါင်မိုးရှိ အစိမ်းရောင်မြက်ခင်းပေါ်သို့ ကျနော်ခြေချမိမိချင်းမှာပဲ ကျနော်ရှာနေသော နောက်ပြန်ဆုတ်သူကြီး၏ နောက်ကျောကို လှမ်းမြင်လိုက်ရတော့သည်။
အာ…ဒီကောင်သေရင် တခြားလူတွေ ဘယ်လိုဖြစ်ပျက်ကုန်မလဲတွေးမိရုံနဲ့တင် ဒေါသက ထွက်လာပြီ။
ကံကောင်းစွာဖြင့်ပင် ယူဂျွန်ဟော့၏ နောက်စေ့ကို ကောင်းကောင်းကြီးလှမ်းရိုက်၍ ရနိုင်လောက်သည့် အခြေအနေဖြစ်နေ၏။
"ဟေ့…ယူဂျွန်ဟော့"
ယူဂျွန်ဟော့ဆီပြေးသွားပြီး ကျနော် နားရင်းအုပ်ထည့်လိုက်တော့သည်။