← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁) - ကောင်းကင်ကြာပန်းကို ရိတ်သိမ်းခြင်း၊ လက်ဝါးသိုင်းကွက် ရတနာ၏ အစပြုခြင်း

~"ရှေးဟောင်း တစ်သီးပုဂ္ဂလ ကျင့်ကြံသူ... ပင်းယွီ"

"ပြီးတော့ သူ့ရဲ့ အမွေအနှစ်... မူလ ဝိညာဉ်အဆင့် ရေခဲဓာတ် ကျင့်စဉ်ဖြစ်တဲ့ 'ကောင်းကင်နှင်းခဲ သက်ဆင်းခြင်း' ကျင့်စဉ်... ဒီဂူစံအိမ်က သူ ကျင့်ကြံခဲ့တဲ့ ရေခဲစခန်း တစ်ခု ဖြစ်ခဲ့တာကိုး"

ကျောက်စိမ်းမှတ်တမ်းထဲတွင် ပင်းယွီ၏ ဘဝဇာတ်ကြောင်းသာမက ကျင့်ကြံခြင်းဆိုင်ရာ အမွေအနှစ်များပါ ပါဝင်လေ၏။ အမြုတေ ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် မူလ ဝိညာဉ်အဆင့်နှင့် ပတ်သက်သည့် ဉာဏ်အလင်းတချို့ပင် ပါဝင်နေသေး၏။

ကံဆိုးသည်မှာ ပင်းယွီသည် နောက်ဆုံးအကြိမ် မူလ ဝိညာဉ် ဖန်တီးရန် ကြိုးပမ်းချိန်တွင် စိတ်အတွင်းမှ နှလုံးသား နတ်ဆိုး ဝင်ရောက် စီးနိုးခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။ နောက်ဆုံးတွင် နှစ်ပေါင်း ရာနှင့်ချီသော ကျင့်ကြံခြင်းများ အချည်းနှီးဖြစ်ကာ သေဆုံးခဲ့ရရှာသည်။

'ရေခဲဝိညာဉ်ပုလဲ' ဟု အမည်ရသည့် အစပျိုး အဆင့်သာ ရှိသေးသော မှော်လက်နက်လောင်း တစ်ခုမှလွဲ၍ ပင်းယွီသည် တစ်သီးပုဂ္ဂလ ကျင့်ကြံသူ ပီပီ ဤဂူစံအိမ်နှင့် မူလ ဝိညာဉ်အဆင့် ရေခဲဓာတ် ကျင့်စဉ် တစ်စုံကိုသာ ချန်ထားရစ်နိုင်ခဲ့သည်။ ရှေးခေတ်ကာလက တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ၏ ဘဝသည် အလွန် ခက်ခဲကြမ်းတမ်းခဲ့ပုံ ရလေ၏။

သို့သော် ဤ မူလ ဝိညာဉ်အဆင့် ကျင့်စဉ် အမွေအနှစ်သည် တာ့ယွဲ့ နယ်မြေ ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် ထိပ်တန်း ကျင့်စဉ်တစ်ခု ဖြစ်သည်မှာ ယုံမှားဖွယ် မရှိချေ။

တာ့ယွဲ့ နန်းတော်မှ လွဲ၍ အခြား မည်သည့် အဖွဲ့အစည်းတွင်မှ မူလ ဝိညာဉ်အဆင့် ကျင့်စဉ် ရှိနိုင်မည် မဟုတ်ပေ။ ယွင်ကျန်းဂိုဏ်းတွင်တော့ ရှိကောင်း ရှိနိုင်ပါ၏။ ယွင်ကျန်းဂိုဏ်းသည် တစ်ချိန်က အလွန် စည်ပင်ဝပြောခဲ့ပြီး မူလ ဝိညာဉ်အဆင့် တန်ခိုးရှင်များ ထွက်ပေါ်ခဲ့ဖူးသဖြင့် အတိတ်က ရှိခဲ့ဖူးသည်မှာ သေချာသည်။ သို့သော် ယခုအချိန်တွင် သူတို့ထံ၌ ကျန်ရှိနေသေးခြင်း ရှိမရှိ၊ သို့မဟုတ် အမွေအနှစ် ပြတ်တောက်သွားခြင်း ရှိမရှိ ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် စုယွီ ရုတ်တရက် တွေးမိလိုက်သည်။

'ငါက ရေခဲဓာတ် ကျင့်စဉ်ကို ကျင့်ကြံလို့ ရပါ့မလား'

ရေခဲဝိညာဉ်အမြစ် ပိုင်ဆိုင်သူဟူ၍ ဤနှစ်များအတွင်း ချန်စီစီ တစ်ယောက်ကိုသာ စုယွီ တွေ့ဖူးခဲ့သည်။ ချန်စီစီမှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ရ၏။

သူ၏ 'ကျွမ်းကျင်မှု မျက်နှာပြင်' က ဤကျင့်စဉ်အပေါ် အလုပ်ဖြစ်မဖြစ် သူ မသိသေးပေ။ အကယ်၍ သူသာ ကျင့်ကြံ၍ မရပါက ဤထိပ်တန်း ကျင့်စဉ်ကြီးကို ခေတ္တ ဘေးဖယ်ထားရုံမှတစ်ပါး အခြား မရှိတော့ချေ။

"အရင် ပြန်ကြတာပေါ့"

ခေတ္တမျှ စဉ်းစားပြီးနောက် တာအို ကိုယ်ပွား ရုပ်သေးသည် ဂူစံအိမ်အပြင်သို့ လှမ်းထွက်လာခဲ့သည်။ ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးချိန်တွင် ရုတ်တရက် တုံ့ခနဲ ရပ်တန့်ကာ နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်၏။

ရေခဲကြေးခွံငါးဘုရင်ကြီးသည် ရေကန်ထဲမှ ခုန်တက်လာကာ သူ့နောက်မှ ခပ်လှမ်းလှမ်းတွင် ကပ်လိုက်လာသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ ရေခဲပုံဆောင်ခဲများအလား တောက်ပနေသော ၎င်း၏ မျက်လုံးကြီးများက တာအို ကိုယ်ပွား ရုပ်သေး လှည့်ကြည့်လိုက်သည်ကို မြင်သောအခါ ပုတ်ခတ် ပုတ်ခတ် လုပ်ပြနေသည်။ ထို့အပြင် ၎င်း၏ မျက်နှာပေးမှာ အစွမ်းကုန် မျက်နှာချိုသွေးကာ ဖားနေသည့် ပုံစံမျိုးဖြင့် ခပ်ပြုံးပြုံး လုပ်ပြနေသေး၏။

"ငါ့နောက် လိုက်ချင်လို့လား"

တာအို ကိုယ်ပွား ရုပ်သေးမှာ ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။

ထိုစကားကို ကြားသောအခါ ရေခဲကြေးခွံငါးဘုရင်၏ မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြလေ၏။ ထို့နောက် ၎င်း၏ ဆူးတောင်များကို ပါးစပ်နားသို့ ယူသွားကာ ဝှေ့ယမ်းပြနေပြန်သည်။

တာအို ကိုယ်ပွား ရုပ်သေးမှာ ဘာမှ မတတ်နိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။

"ငါက သားရဲဆေးလုံး ကျွေးနေသရွေ့ မင်းက ငါ့နောက် လိုက်နေမယ်ပေါ့ လေ"

ရေခဲကြေးခွံငါးဘုရင်က ခေါင်းကို အဆက်မပြတ် ငြိမ့်ပြပြန်သည်။ တာအို ကိုယ်ပွား ရုပ်သေးက ရယ်မောရင်း ဆူပူလိုက်၏။

"အငတ်ကောင်"

ဤမျှ မြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးသည် မိစ္ဆာမျိုးနွယ်များနှင့် မခြားနားတော့ပေ။ သို့သော် စကားမပြောနိုင်သေးသလို လူအသွင်လည်း မပြောင်းလဲနိုင်သေးခြင်းသာ ရှိသည်။

တာအို ကိုယ်ပွား ရုပ်သေးက မသိမသာ ရေရွတ်လိုက်ရင်း ရေခဲကြေးခွံငါးဘုရင်သည် စောစောက သူကျွေးလိုက်သော ထိပ်တန်း အရည်အသွေး (ပထမအဆင့်) သားရဲဆေးလုံးကို ချေဖျက်ပြီးသွားပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူ၏ ချန်ခွန်းအိတ်ထဲမှ နောက်ထပ် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရေခဲကြေးခွံငါးဘုရင်ထံသို့ ပစ်ပေးလိုက်လေ၏။

ထို့နောက် တာအို ကိုယ်ပွား ရုပ်သေးသည် ရေခဲကြေးခွံငါးဘုရင်ကို ခေါ်ဆောင်လျက် ရေမျက်နှာပြင်ထက်သို့ ပြန်တက်လာခဲ့သည်။

"ဘွား"

တာအို ကိုယ်ပွား ရုပ်သေးနှင့် ရေခဲကြေးခွံငါးဘုရင်တို့ ရေပေါ်သို့ ပေါ်လာချိန်တွင် လူအုပ်နောက်၌ ရပ်နေသော ယွီလင်းဖုန်းမှာ လန့်ဖျတ်သွားပြီး အော်ဟစ်လိုက်မိတော့သည်။

"ဟာ... အကြီးကြီးပါလား... ဘယ်လောက်တောင် ကြီးတဲ့ ရေခဲကြေးခွံငါးကြီးပါလ်ိမ့်"

သာမန် ရေခဲကြေးခွံငါးသည် တစ်ပေခန့်သာ ရှည်လျားတတ်သည်။ သို့သော် ဤ ရေခဲကြေးခွံငါးဘုရင်ကြီးမှာမူ (၁၀) ပေ အပြည့် ရှိလေ၏။

ယွီလင်းဖုန်းသည် ဤနေရာတွင် နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း ဤမျှ ကြီးမားသော ရေခဲကြေးခွံငါးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ယွီခယ်အာ၊ ယွီချန်ချင်း၊ စုရွီအန်း၊ စုချီနှင့် အခြားသူများမှာမူ ငါးကြီး၏ အရွယ်အစားထက် ထိုငါးကြီးက ရုပ်သေး၏ နောက်မှ လိမ္မာစွာ လိုက်ပါလာပုံကို ကြည့်ပြီး ပို၍ အံ့အားသင့်နေကြသည်။

စုယွီက ပြုံးလိုက်ပြီး ပြောလိုက်၏။

"သူက ရေခဲကန်အောက်ခြေမှာ အခွင့်အလမ်းတချို့ ရခဲ့ပုံပါပဲ... ဒါကြောင့် သွေးမျိုးဆက် ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်ခဲ့ပြီး ဉာဏ်ရည်ကလည်း မိစ္ဆာတစ်ကောင်နီးပါး မြင့်မားလာတာ"

"ဒီနေ့ကစပြီး သူ့ကို ဒီရေခဲကန်ထဲမှာပဲ နေခိုင်းပြီး စောင့်ကြပ်

ခိုင်းထားလိုက်ပါမယ်"

ထိုသို့ ပြောဆိုရင်း စုယွီသည် ချန်ခွန်းအိတ် ( သိုလှောင်အိတ် ) ထဲမှ သူ ကိုယ်တိုင် သွန်းလုပ်ထားသော 'သားရဲထိန်း တံဆိပ်ပြား' တစ်ခုကို ထုတ်ယူလိုက်သည်။

သူ၏ သားရဲထိန်းသိမ်းခြင်း ပညာရပ် အဆင့်မှာ (ပထမအဆင့်) ထိပ်တန်း အရည်အသွေးတွင်သာ ရှိနေသေး၏။ သူ ဆက်လက် မလေ့ကျင့်ဖြစ်ခဲ့ပေ။ သို့သော် (ချီစွမ်းအင် စုစည်းခြင်း အဆင့် ၉) သာ ရှိသေးသော ရေခဲကြေးခွံငါးဘုရင်ကို ထိန်းချုပ်ရန်အတွက်တော့ ပြဿနာ မရှိနိုင်ပေ။

ရေခဲကြေးခွံငါးဘုရင်ကို နေရာချထားပေးပြီး မည်သူ့ကိုမျှ ရန်မပြုရန် မှာကြားပြီးနောက် စုယွီသည် တာအိုဆရာ ပင်းယွီထံမှ ရရှိခဲ့သော အမွေအနှစ်များကို လေ့လာဆန်းစစ်ရန် စိတ်အားထက်သန်စွာဖြင့် နေအိမ်သို့ ပြန်လာခဲ့လေ၏။ ရေခဲဓာတ် ကျင့်စဉ်က ဒုတိယ အရေးပါသော အရာသာ ဖြစ်၏။

စုယွီအတွက်မူ ပင်းယွီ၏ 'အမြုတေ ဖွဲ့စည်းခြင်း အဆင့်' ဆိုင်ရာ အတွေ့အကြုံများနှင့် 'မူလ ဝိညာဉ် အဆင့်' သို့ တက်လှမ်းရန် ကြိုးပမ်းခဲ့သည့် မှတ်တမ်းများက ပို၍ အဖိုးတန်လေ၏။

လဝက်ခန့် ကြာသောအခါ၊ စုယွီသည် 'မှော်ရတနာ' တစ်ခုဖြစ်သော 'ရေခဲဝိညာဉ်ပုလဲ' ကို ကနဦး သန့်စင်ပြီးစီးသွားခဲ့သည်။ ရေခဲဝိညာဉ်ပုလဲကို သန့်စင်ပြီးနောက်တွင်မှ 'မှော်ရတနာ' နှင့် 'မှော်လက်နက်'တို့၏ ကွာခြားချက် ကြီးမားပုံကို သူ နားလည်လိုက်ရသည်။ ပင်းယွီ ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့သော ဤ ရေခဲဝိညာဉ်ပုလဲသည် ဒုတိယအဆင့် ထိပ်တန်း မှော်လက်နက်များထက်ပင် ပိုမို စွမ်းအားကြီးမားလေ၏။

လက်ရှိအချိန်တွင် သူသည် ရေခဲဝိညာဉ်ပုလဲ၏ စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်နိုင်ခြင်း မရှိသေးသော်လည်း ၎င်း၏ အေးစက်သော အရှိန်အဝါ သက်သက်ဖြင့်ပင် (အခြေခံ တည်ဆောက်ခြင်း အဆင့်) နှောင်းပိုင်း ကျင့်ကြံသူများကို ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

သို့သော် တစ်ခု ရှိသည်မှာ သူသာ ရေခဲဝိညာဉ်ပုလဲကို ထုတ်သုံးလိုက်ပြီ ဆိုသည်နှင့် မည်သူ့ကိုမျှ အသက်ရှင်လျက် လွှတ်ပေး၍ မရတော့ပေ။ သို့မဟုတ်ပါက ဤ ရေခဲဝိညာဉ်ပုလဲသည် သူ့ထံသို့ ကပ်ဘေး တစ်ခု ဆောင်ကြဉ်းလာပေးလိမ့်မည် ဖြစ်ချေသည်။

ရေခဲဝိညာဉ်ပုလဲကို သန့်စင်ပြီး မကြာမီမှာပင် စုယွီသည် ရေခဲကန်သို့ တိတ်တဆိတ် သွားရောက်ခဲ့ပြီး ရေခဲဝိညာဉ်ပုလဲမှ ထွက်ပေါ်လာသော ရေခဲစွမ်းအားတချို့ကို ရေခဲကြေးခွံငါးဘုရင်အား ခွံ့ကျွေးခဲ့သည်။ အကယ်၍ ရေခဲကြေးခွံငါးဘုရင်သာ ဤစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့လျှင် ၎င်း၏ ကန့်သတ်ချက်များကို နောက်တစ်ကြိမ် ထပ်မံ ချိုးဖျက်နိုင်ပြီး ဒုတိယအဆင့် မှော်သားရဲ တစ်ကောင် ဖြစ်လာနိုင်ပေသည်။

ထို့အပြင် သာမန် မှော်သားရဲများနှင့် မတူဘဲ ရေခဲကြေးခွံငါးဘုရင်သည် ဝိညာဉ်အသိဉာဏ် ပိုင်ဆိုင်သော 'ဝိညာဉ် သတ္တဝါ' ဘက်သို့ ပိုမို ယိမ်းလေ၏။

ထို့ကြောင့် ရေခဲကြေးခွံငါးဘုရင်၏ အကန့်အသတ် ဘယ်လောက်ထိ ရှိနိုင်မလဲ ဆိုသည်ကို စုယွီ အလွန် သိချင်နေမိသည်။

တစ်နှစ်ခန့် ကြာသောအခါ၊ စုယွီသည် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' နှင့် (အခြေခံ တည်ဆောက်ခြင်း အဆင့် ၁) ရှိ 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' တို့ကို 'သစ်သားနှင့် မြေကမ္ဘာ ပေါင်းစပ်ကျင့်စဉ်' အတွင်းသို့ အောင်မြင်စွာ ထည့်သွင်း ပေါင်းစပ်နိုင်ခဲ့သည်။ ယခုအချိန်တွင် 'သစ်သားနှင့် မြေကမ္ဘာ ပေါင်းစပ်ကျင့်စဉ်' သည် (အခြေခံ တည်ဆောက်ခြင်း အဆင့် ၂) ရှိ အစိမ်းရောင် သစ်သား မှော်စွမ်းအင်များကို သယ်ဆောင် လည်ပတ်နိုင်ရုံမျှသာ ရှိသေး၏။

သို့သော် လက်ရှိ 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' မှာ (အဆင့် ၁၀) တွင်သာ ရှိနေသေးပြီး ၎င်း၏ မှော်စွမ်းအင်မှာ (အခြေခံ တည်ဆောက်ခြင်း အဆင့် ၁) သာ ရှိသဖြင့် အစိမ်းရောင် သစ်သား မှော်စွမ်းအင်များနှင့် ညီမျှမှု မရှိပေ။

ထို့ကြောင့် လောလောဆယ်တွင် မှော်စွမ်းအင် နှစ်မျိုးကို အမှန်တကယ် ပေါင်းစပ်နိုင်ခြင်း မရှိသေးချေ။

ရှေးဟောင်း နတ်ဘုရားဂိုဏ်းကြီး တစ်ခုဖြစ်သော 'ကောင်းကင်ဖီးနစ် နန်းတော်' အပျက်အစီးများနှင့် ပတ်သက်သော သတင်းများ ပိုမို ထွက်ပေါ်လာခဲ့သည်။

ထိုနေရာသည် ရှေးဟောင်း ကောင်းကင်ဖီးနစ် နန်းတော်မှ တပည့်လောင်းများကို ရွေးချယ် စစ်ဆေးခဲ့သော နေရာ ဖြစ်သည်ဟု ဆိုကြသည်။ အကယ်၍ စမ်းသပ်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါက ဆုလာဘ်များ ရရှိမည် ဖြစ်လေ၏။

အခန်း (၁၂၂) - ကောင်းကင်ကြာပန်းကို ရိတ်သိမ်းခြင်း၊ လက်ဝါးသိုင်းကွက် ရတနာ၏ အစပြုခြင်း

~စမ်းသပ်မှုနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များမှာ ရှင်းလင်းမှု မရှိသေးပေ။

သို့သော် ဝင်ခွင့်တပည့် ရွေးချယ်သည့် စမ်းသပ်မှုများကို အပိုင်း (၃) ပိုင်း ခွဲခြားထားပြီး ဉာဏ်ပညာ၊ ကံတရားနှင့် စွမ်းအားတို့ကို အဓိကထား စစ်ဆေးသည်ဟု ဆိုကြသည်။

အံ့အားသင့်စရာ ကောင်းသည်မှာ ကောင်းကင်ဖီးနစ် နန်းတော်သည် ဝိညာဉ်အမြစ် ပါရမီကို စမ်းသပ်ခြင်း မပြုလုပ်ပေ။

ပထမအဆင့်သည် ဉာဏ်ပညာနှင့် နားလည်နိုင်စွမ်းကို အဓိကထားသော်လည်း အန္တရာယ် ကြီးကြီးမားမား မရှိသလို ဆုလာဘ်လည်း ထူးထူးခြားခြား မရှိချေ။

ကံတရားနှင့် သက်ဆိုင်သော ဒုတိယအဆင့်မှာမူ အန္တရာယ် ရှိမရှိ ဆိုသည်မှာ ကံတရားအပေါ်၌သာ မူတည်နေ၏။ ကံကောင်းလျှင် အန္တရာယ် မရှိသော်လည်း၊ ကံဆိုးပါက အသက်ကိုပင် ပေးဆပ်ရနိုင်ပေသည်။

သတင်းများအရ တာ့ယွဲ့ နယ်မြေမှ လေးစားခံရသော ပုဂ္ဂိုလ် (၂၀) ကျော်သည် ဒုတိယအဆင့်တွင် ကျဆုံးခဲ့ရသည်ဟု ဆိုကြသည်။

လက်ရှိအချိန်ထိ စွမ်းအားနှင့် သက်ဆိုင်သော တတိယအဆင့်ကို မည်သူမျှ ဖြတ်ကျော်နိုင်ခြင်း မရှိသေးပေ။

စုယွီသည် အသေးစိတ် အချက်အလက်များကို မသိရှိရသေးချေ။

အသိဉာဏ် ပွင့်လင်းစေမည့် အခွင့်အရေးများနှင့် ပတ်သက်၍လည်း သတင်းအစအနမျှ မကြားရပေ။ မည်သူကမျှ မိမိတို့ ရရှိခဲ့သော ဉာဏ်အလင်းများကို လူသိရှင်ကြား ကြေညာလောက်အောင် မိုက်မဲကြမည် မဟုတ်ပေ။

"ဂွီ"

တောင်ပံနက် သိမ်းငှက်ကြီးသည် အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသဖြင့် သူတို့၏ ဂူစံအိမ်တော်မှာ အဝေးတစ်နေရာ၌ အစက်ကလေး ပမာ ကျန်ရစ်ခဲ့လေ၏။ စုရွီအန်း၊ စုချီနှင့် အခြားသူများမှာမူ စိတ်လှုပ်ရှားနေကြ၏။ ချန်တောင်တန်းမှ ထွက်ခွာလာခဲ့သည်မှာ ဆယ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ယခုမှသာ အိမ်ပြန်ရတော့မည် ဖြစ်သည်။

ယွီခယ်အာသည် တိမ်ကျားမကြီးနှင့် သားပေါက်နှစ်ကောင်ကို သူမ၏ သားရဲထိန်းအိတ်ထဲသို့ ထည့်လိုက်ရသည်။

သို့မဟုတ်ပါက အသွင်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိထားသော တိမ်ကျားများထံမှ ထွက်ပေါ်နေသည့် မိစ္ဆာအရှိန်အဝါကြောင့် တောင်ပံနက် သိမ်းငှက်ကြီးမှာ ကြောက်ရွံ့တုန်လှုပ်ကာ ပျံသန်းရန် ငြင်းဆန်နေပေလိမ့်မည်။

ခရီးဆက်ရန် ဝေလာဝေးပေဦးမည်။

လဝက်ခန့် ကြာသောအခါ၊ တောင်ပံနက် သိမ်းငှက်ကြီးသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အပြင်ဘက်သို့ သက်ဆင်းလိုက်သည်။ ကျင့်ကြံသူများ ဝင်ထွက်သွားလာနေကြဆဲ ဖြစ်သော်လည်း လွန်ခဲ့သော အနှစ် (၂၀) က စုယွီ စတင် ရောက်ရှိလာစဉ်ကကဲ့သို့ စည်ကားသော မြင်ကွင်းမျိုးနှင့်ကား နှိုင်းယှဉ်၍ မရတော့ပေ။

တောင်ပံနက် သိမ်းငှက်ကြီး မြေပြင်သို့ ခြေချလိုက်သည်နှင့် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၏ ဝင်ပေါက်နှင့် ထွက်ပေါက်ကို တာဝန်ယူထားရသော အစောင့်များမှာ မျက်နှာများ ဖြူဖျော့သွားကြပြီး လေးစားသမှုဖြင့် ဆက်ဆံလာကြသည်။

ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူများသည်လည်း သူတို့အတွက် လမ်းဖယ်ပေးကြလေ၏။

ထိုကျင့်ကြံသူများသည် လေးစားစွာဖြင့် နှုတ်ဆက်ကြ၏။

"စီနီယာကို ကြိုဆိုပါတယ်"

"စီနီယာ"

စုယွီနှင့် အဖွဲ့သားများ ဝင်ပေါက်သို့ ရောက်ရှိလာသောအခါ ဘဏ္ဍာတိုက် အစောင့်များသည် လေးစားစွာ ဦးညွှတ် အလေးပြုကြပြီး၊ ဝင်ကြေး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈) တုံးကို လက်ခံကာ တိုကင်ပြားကို ပေးအပ်ကြသည်။

ဤ သဘောထားနှင့် အစောင့်များ၏ အမူအရာသည် စုယွီ ယွင်ရှန်း ဈေးမြို့တော်မှ ထွက်ခွာလာပြီး ဤနေရာသို့ စတင် ရောက်ရှိလာစဉ်ကနှင့် အလွန်ပင် ကွာခြားလှပေသည်။

သို့သော် စုယွီသည် ဤပြောင်းလဲမှုများကို ယဉ်ပါးနေပြီ ဖြစ်သည်။

တာ့ယွဲ့ မှောင်ခိုဈေးတွင် ဤကဲ့သို့သော အဆင့်အတန်းမျိုးကို မခံစားရသော်လည်း ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင်မူ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး၏ အဆင့်အတန်းမှာ အတော်လေး မြင့်မားလေ၏။

"အင်း"

သူတို့အားလုံးသည် အသာအယာ ခေါင်းငြိမ့်ပြကာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အတွင်းသို့ ဝင်ရောက်လာကြသည်။

ကနဦးတွင် စုယွီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်၌ ခေတ္တ အနားယူပြီး မြို့တော်သို့ ကြိုတင် ပြန်ရောက်နေသော လီပင်ချန်းနှင့် ဝူထုံ ဆေးလုံးမျှော်စင်၏ အခြေအနေကို စစ်ဆေးရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် စုယွီကို မြင်လိုက်သည်နှင့် လီပင်ချန်းသည် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လာသည်။

စုယွီ.. မျှော်စင်၏ နောက်ဖေးဝင်းထဲသို့ ခြေမချရသေးခင်မှာပင် လီပင်ချန်းသည် သူ့ထံသို့ ပြေးဝင်လာပြီး အော်ဟစ် ပြောဆိုလေ၏။

"မျှော်စင်သခင်... သတင်းကို သိပြီးပြီမလား... မျှော်စင်သခင် ရောက်လာတဲ့ အချိန်ကွက်တိပဲဗျ"

စုယွီမှာ ကြောင်အသွားရသည်။

"ဘာဖြစ်လို့လဲ... ဘာသတင်းမို့လို့လဲ"

လီပင်ချန်းက တုံ့ဆိုင်းသွား၏။

"မျှော်စင်သခင် မသိသေးဘူးလား... ကျွန်တော်က မျှော်စင်သခင် ဝူယန်တောင်တန်း ကိစ္စကြောင့် ရောက်လာတယ် ထင်နေတာ"

စုယွီက ခေါင်းခါလိုက်သည်။

"ကျွန်တော်က ကျွန်တော့် မိသားစုကို လာတွေ့ရုံ သက်သက်ပါပဲ"

ခေတ္တမျှ ရပ်တန့်ပြီးနောက် စုယွီက မေးလိုက်၏။

"ဝူယန်တောင်တန်းမှာ ဘာဖြစ်နေလို့လဲ"

ထိုအခါ၊ လီပင်ချန်းက လေသံကို နှိမ့်ကာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ဆရာ... ဆေးပညာရှင် ပိုင်ယန်က ဝူယန်တောင်တန်းမှာ ဆေးဖော်ဖို့ သူ့မိတ်ဆွေတွေကို ဖိတ်ခေါ်ထားတယ်... ကြားတာတော့ သူက (တတိယအဆင့်) သက်တမ်းရှည် ဆေးလုံးကို ဖော်စပ်ချင်တာတဲ့... အကယ်၍ အောင်မြင်သွားရင် ဆေးပညာရှင် ပိုင်ယန်က အဲဒီမှာ ရှိနေတဲ့ ဆေးပညာရှင်တွေထဲက တစ်ယောက်ကို ရွေးပြီး ဝူယန်တောင်တန်းက ဂူစံအိမ်တော်ကို အမွေပေးမယ်တဲ့"

စုယွီ လန့်ဖျတ်သွားသော်လည်း မျက်နှာထား တင်းမာသွားကာ မေးလိုက်သည်။

"ဆေးပညာရှင် ပိုင်ယန်က (တတိယအဆင့်) သက်တမ်းရှည် ဆေးလုံးကို ဖော်စပ်ချင်တာလား... ဘာဖြစ်လို့ (တတိယအဆင့်) ဆေးပညာရှင် တစ်ယောက်ကို အကူအညီ မတောင်းတာလဲ"

"ဒါ့အပြင် ဆေးလုံးသာ အောင်မြင်သွားရင် ဆေးပညာရှင် ပိုင်ယန်က သူ့သက်တမ်းကို ဆွဲဆန့်နိုင်မှာ မဟုတ်ဘူးလား... ဘာကိစ္စ သူ့ဂူစံအိမ်ကို ဆက်ခံဖို့ လူရွေးနေရတာလဲ"

"ပြီးတော့ ဂူစံအိမ်ကို ဘယ်လို အမွေဆက်ခံမှာလဲ... ဆေးပညာရှင် ပိုင်ယန် သေဆုံးပြီးမှလား"

လီပင်ချန်းက စဉ်းစားဟန် ပြုလိုက်သည်။

"အသေးစိတ်ကိုတော့ ကျွန်တော်လည်း သေချာ မသိဘူး... ဒါပေမဲ့ ကျွန်တော် ဝူယန်တောင်တန်းက ထွက်ခွာလာတုန်းက ဆေးပညာရှင် ပိုင်ယန်မှာ နေရမယ့် သက်တမ်း သိပ်မကျန်တော့ဘူး... ကျွန်တော်.. ခံစားမိတာက သူ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ"

"အတိအကျ လက်ညှိုးထိုး မပြနိုင်ပေမဲ့ အခွင့်အရေးရတုန်း ဝူယန်တောင်တန်းကနေ ကျွန်တော် ထွက်ပြေးလာခဲ့တာ"

ထိုစကားကို ကြားသောအခါ စုယွီသည် လီပင်ချန်းကို စူးစိုက်ကြည့်လိုက်ပြီး ခေတ္တမျှ ကြာသောအခါမှ ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။

"ခင်ဗျား.. ဝူယန်တောင်တန်းက ထွက်ပြေးလာတာလား... ဘာသဘောလဲ... ခင်ဗျားဆရာက ခင်ဗျားကို အန္တရာယ် ပေးမယ်လို့ ဆိုလိုချင်တာလား... မိဘဆိုတာ သားသမီးကို စားလေ့ မရှိပါဘူး... ဆေးပညာရှင် ပိုင်ယန်က ခင်ဗျားရဲ့ ဆရာပဲ... ခင်ဗျားကို အန္တရာယ် မပေးလောက်ပါဘူး"

လီပင်ချန်းက မဲ့ပြုံး ပြုံးလိုက်ပြီး ပြန်ဖြေလေ၏။

"သူ့ကိုယ်သူ ဆရာလို့ ခေါ်ချင် ခေါ်မယ်... ၊ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကျွန်တော်က အစေခံ တစ်ယောက်နဲ့ ဘာမှ မခြားနားပါဘူး"

"ဒါ့အပြင် လူသားတွေရဲ့ အဆုံးအစမဲ့တဲ့ လောဘကို မျှော်စင်သခင် သိရင် နားလည်ပါလိမ့်မယ်... ဆေးပညာရှင် ပိုင်ယန်ရဲ့ အကြီးမားဆုံး ဆန္ဒက အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းဖို့နဲ့ သက်တမ်း ရှည်ဖို့ပါပဲ... ဒါပေမဲ့ ထူးချွန်တဲ့ ပါရမီ မရှိတဲ့ တစ်သီးပုဂ္ဂလ ကျင့်ကြံသူ တစ်ယောက် အနေနဲ့ သူ ဘယ်လိုလုပ်ပြီး ဒါကို ဖြစ်မြောက်အောင် လုပ်နိုင်မှာလဲ"

"ဒါကြောင့် သူက သက်တမ်းရှည်စေတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ ဆေးလုံးတွေ၊ လျှို့ဝှက် နည်းလမ်း အမျိုးမျိုးကို စုဆောင်းခဲ့တယ် ဆိုတာ ကျွန်တော် သိတယ်"

ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးနောက် စိတ်ကသိကအောက် ဖြစ်နေပုံ ရသော လီပင်ချန်းသည် အံကို ကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ယဇ်ပူဇော်ပြီး သက်တမ်းရှည်စေတဲ့ မိစ္ဆာနည်းလမ်းတွေ အပါအဝင်ပေါ့"

ထိုစကားအား ကြားလိုက်ရသောအခါ၊ စုယွီ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

ယဇ်ပူဇော်ပြီး သက်တမ်းရှည်စေတဲ့ မိစ္ဆာနည်းလမ်း တဲ့လား။

အကယ်၍ ဆေးပညာရှင် ပိုင်ယန်သာ ဤနည်းလမ်းကို သုံးပြီး သက်တမ်း ရှည်အောင် လုပ်မည် ဆိုပါက မိစ္ဆာလမ်းစဉ်သို့ ကူးပြောင်းသွားခြင်းနှင့် ဘာမှ ခြားနားတော့မည် မဟုတ်ပေ။

ခေတ္တမျှ တွေးတောပြီးနောက် စုယွီက မေးလိုက်သည်။

"ဆေးပညာရှင် ပိုင်ယန် (တတိယအဆင့်) သက်တမ်းရှည် ဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်ခြေ ဘယ်လောက် ရှိသလဲ"

ထိုမေးခွန်းကို ကြားသောအခါ လီပင်ချန်းမှာ များစွာ စိတ်သက်သာရာ ရသွားပုံ ရသည်။ သူက ပြောလိုက်၏။

"(တတိယအဆင့်) သက်တမ်းရှည် ဆေးလုံး ဟုတ်လား... သူ ဖော်စပ်နိုင်မှာ မဟုတ်ပါဘူး... သူ့ရဲ့ ဆေးပညာ စွမ်းရည်ကို ကျွန်တော် ကောင်းကောင်း သိပါတယ်... လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းတွေတောင် အကုန် စုဆောင်းမိသေးရဲ့လား မသိဘူး"

"ဒီအကြောင်းကို တခြား ဘယ်သူ သိသေးလဲ"

လီပင်ချန်း ခေါင်းခါလိုက်သည်။

"မျှော်စင်သခင် တစ်ယောက်တည်းကိုပဲ ပြောပြတာပါ"

လီပင်ချန်း၏ ပခုံးကို ပုတ်လိုက်ရင်း စုယွီက ပြောလိုက်၏။

"ကောင်းပြီ... ဒါဆိုရင် ခင်ဗျား ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့"

လီပင်ချန်းမှာ တစ်စုံတစ်ခု ထပ်ပြောချင်နေပုံ ရသော်လည်း မပြောဖြစ်တော့ပေ။

သူသည် ဆေးပညာရှင် ပိုင်ယန်ထံမှ မကောင်းသော နိမိတ်များကို အာရုံခံမိခဲ့သဖြင့် ဤကိစ္စနှင့် ပတ်သက်၍ စုယွီ၏ အမြင်ကို တောင်းခံခဲ့ခြင်း ဖြစ်လေ၏။

အခန်း (၁၂၃) - ကောင်းကင်ကြာပန်းကို ရိတ်သိမ်းခြင်း၊ လက်ဝါးသိုင်းကွက် ရတနာ၏ အစပြုခြင်း (အပိုင်း ၆)

~ဝူယန်တောင် ဂူစံအိမ်ကို သိမ်းပိုက်ခြင်း ကိစ္စလား။...

ထိုဂူစံအိမ်က ကျင့်ကြံခြင်းအတွက် အကောင်းဆုံး နေရာ တစ်ခု ဖြစ်ပေသည်။

သို့သော် စုယွီသည် မိမိ၏ စိတ်နေသဘောထားနှင့် ကိုယ်ပိုင်အင်အားကို ပြန်လည် ဆန်းစစ်လိုက်ပြီးနောက် မည်သည့်စကားမျှ ဆက်မပြောတော့ချေ။

မှန်ပါ၏။ အကယ်၍ လီပင်ချန်းတို့ သိခဲ့လျှင်တောင် သူတို့ ဘာမှ တတ်နိုင်ကြမည် မဟုတ်ပေ။

ဝူယန်တောင် ဂူစံအိမ်ကို သိမ်းပိုက်နိုင်ခဲ့လျှင်တောင် သူတို့ဘက်က ကာကွယ်ထားနိုင်မည် မဟုတ်ချေ။

သို့သော် လီပင်ချန်း၏ စကားများသည် အကျိုးမယုတ်စေခဲ့ပေ။ အနည်းဆုံးတော့ စုယွီက လစဉ် ဆက်ကြေးအပြင် ဝူထုံ ဆေးလုံးမျှော်စင် ဝင်ငွေ၏ (၁၀) ပုံ (၂) ပုံကို လီပင်ချန်းအား ပေးမည်ဟု ကတိပြုခဲ့လေ၏။ ဆေးလုံးမျှော်စင်၏ ဝင်ငွေမှာ သိပ်မများလှသော်လည်း (၁၀) ပုံ (၂) ပုံ ဆိုသည်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆၀၀) မှ (၇၀၀) ခန့် ရှိပေသည်။

စုယွီသည် ဆေးလုံးမျှော်စင်မှ ထွက်ခွာလာပြီး လမ်းကြားထဲရှိ ခြံဝင်းသို့ ပြန်ရောက်လာခဲ့သည်။ ထိုညကို ယွီခယ်အာနှင့် အခြားသူများနှင့်အတူ ထိုနေရာတွင်ပင် ကုန်ဆုံးလိုက်လေ၏။

လျှို့ဝှက်အခန်း။

"ဝူယန်တောင်..."

စုယွီသည် ကျင့်ကြံခြင်း ပြီးဆုံးပြီးနောက် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။ ထို့နောက် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ ဒုတိယအဆင့် ဝိညာဉ်ကြော ရှိသော ဝူယန်တောင် ဂူစံအိမ်ကို သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ ယခင်ကမူ သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။

သို့သော် ယခုအခါ...

ဝူယန်တောင် ဂူစံအိမ်ကို သိမ်းပိုက်ရန်မှာ သူ့အတွက် အခွင့်အရေး တစ်ခုပင်။

တာ့ယွဲ့ မှောင်ခိုဈေးရှိ ဂူစံအိမ်မှာ မဆိုးလှသော်လည်း ယွီမိသားစု ပိုင်ဆိုင်မှုသာ ဖြစ်လေ၏။

သူ့အား အကန့်အသတ်မရှိ ငှားရမ်းထားသည် ဆိုသော်ငြားလည်း...

သူ့ကိုယ်ပိုင် ပစ္စည်းတော့ မဟုတ်ပေ။

အကယ်၍ ဝူယန်တောင်ရှိ ဒုတိယအဆင့် ဝိညာဉ်ကြော ဂူစံအိမ်ကိုသာ ရယူနိုင်ခဲ့လျှင် သူ့အတွက် သီးသန့် ပိုင်ဆိုင်သော နယ်မြေတစ်ခု ရရှိလာမည် ဖြစ်သည်။

ဒါပေမဲ့...

စုယွီ မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေမိသည်။ ဝူယန်တောင် ဂူစံအိမ်အတွက်နှင့် သူ့အသက်ကို စွန့်စားရလောက်သည်အထိ မတန်တဆ ဖြစ်နေသည်ဟု တွေးမိလိုက်၏။ မလိုအပ်ပေ။

"ထားလိုက်ပါတော့... မိသားစုဆီပဲ ပြန်တာ ပိုကောင်းပါတယ်"

"ပုံမှန်လေး ကျင့်ကြံပြီး အင်အားတိုးတက်လာမယ့် အချိန်ကို စောင့်နေလိုက်ရင် ငါ မရနိုင်တာ ဘာမှ မရှိဘူး"

"တကယ်လို့များ ငါသာ မူလ ဝိညာဉ် အဆင့်ကို ရောက်သွားရင်... ဒါမှမဟုတ် ကိုယ်ခန္ဓာ ကျင့်စဉ် (၃၆) ဆင့်အထိ ရောက်သွားရင်... တာ့ယွဲ့ နန်းတော်က အရက်ကြမ်း တာအိုဆရာတောင် ငါ့ကို စီနီယာလို့ လေးလေးစားစား ခေါ်ရတော့မှာ"

ထိုသို့ တွေးမိလိုက်သည်နှင့် စုယွီ၏ စိတ်အခြေအနေမှာ ရှင်းလင်း ပြတ်သားသွားတော့သည်။ လောဘစိတ်များ ပျောက်ကွယ်သွားပြီး အသိဉာဏ် ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ့စိတ်လည်း အနည်းငယ် ကြည်လင်လာသလိုပင်။

ဝူယန်တောင်ရော၊ ဆေးပညာရှင် ပိုင်ယန်ပါ ဘေးဖယ်ထားလိုက်တော့မည်။

နောက်တစ်နေ့ နံနက်ခင်း၊ အားလုံး ကျင့်ကြံခြင်း ပြီးဆုံးပြီးနောက် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထပ်မံ ထွက်ခွာလာကြသည်။ သူတို့၏ ပထမဆုံး ခရီးတစ်ထောက်မှာ ယွီမိသားစုထံသို့ ကြိုတင် ဖော်စပ်ထားသော 'အခြေခံ တည်ဆောက်ခြင်း ဆေးလုံး' များ သွားရောက် ပေးပို့ရန် ဖြစ်၏။

ကျောက်မည်းတောင်တန်း၊

ယွီမိသားစု နေအိမ်။

"ဂွီ"

စုယွီ ဒီနေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်လာပြန်သည်။ ယခုတစ်ကြိမ်တွင် တောင်ပံနက် သိမ်းငှက်ကြီးသည် ယွီမိသားစု နယ်မြေအပြင်ဘက်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။ တောင်ကာကွယ်ရေး အခင်းအကျင်းကို စောင့်ကြပ်နေသော ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူ အနည်းငယ်က စုယွီနှင့် ယွီခယ်အာ ပြန်ရောက်လာသည်ကို မြင်သောအခါ လေးစားစွာ နှုတ်ဆက်ကြလေ၏။

"(၁၂) ယောက်မြောက် အကြီးအကဲကို ဂါရဝပြုပါတယ်... သခင်လေးကို ဂါရဝပြုပါတယ်"

မိသားစု၏ တတိယ အကိုင်းအခက် နေထိုင်ရာ ဝိညာဉ်တောင်တန်းသို့ ရောက်သောအခါ ယွီပိုင်ဟယ်၏ ရယ်မောသံကို အဝေးမှပင် ကြားလိုက်ရသည်။

"ဟားဟားဟား၊ မင်းတို့က ဘယ်လိုလုပ် ပြန်ရောက်လာကြတာလဲ"

ညဘက်တွင် တတိယ အကိုင်းအခက်၏ စားသောက်ပွဲ၌ အကြီးအကဲများနှင့် မိသားစုဝင်များ အားလုံး စုံညီစွာ တက်ရောက်ကြသည်။

စားသောက်ပွဲ ပြီးဆုံးသောအခါ ခြံဝင်းထဲတွင် ယွီပိုင်ဟယ်၊ လော့ချင်းယာနှင့် ယွီခယ်အာတို့သာ ကျန်ရစ်ခဲ့သည်။ ထိုအချိန်တွင် စုယွီက အခြေခံ တည်ဆောက်ခြင်း ဆေးလုံး (၅) လုံး ပါဝင်သော ကျောက်စိမ်းသေတ္တာကို ထုတ်ယူပြီး လော့ချင်းယာအား ပေးအပ်လိုက်သည်။

"ဒေါ်ဒေါ်... ဒါက မိသားစုက ဖော်စပ်ပေးဖို့ တောင်းဆိုထားတဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးတွေပါ... စုစုပေါင်း (၅) လုံး ရှိပါတယ်... (၂) လုံးက အဆင့်မြင့် ဖြစ်ပြီး (၃) လုံးကတော့ ရိုးရိုး အရည်အသွေးပါ... သေချာ သိမ်းထားပေးပါ"

ထိုစကားကို ကြားသောအခါ ယွီပိုင်ဟယ်မှာ ကြောင်အသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဆေးဖို တစ်ဖိုစာအတွက်သာ တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး ကုန်ကြမ်း ပစ္စည်းတိုင်းအတွက် ဆေးလုံး ပြန်ရမည်ဟု မမျှော်လင့်ခဲ့သောကြောင့် ဖြစ်သည်။

ယွီပိုင်ဟယ် စကားပြောရန် ပြင်လိုက်စဉ် စုယွီ ဖြတ်ပြောလိုက်၏။

"ဒါက အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဆေးဖို တစ်ဖိုစာ အစစ်ပါ... မမှားပါဘူး"

"ဒါပေမဲ့ ဒီအောင်မြင်မှုကို လူအများကြီး မသိစေချင်ဘူး... ကျွန်တော်က အေးအေးဆေးဆေး နေချင်သေးတယ်"

ယွီပိုင်ဟယ်က လော့ချင်းယာအား ကျောက်စိမ်းသေတ္တာကို လက်ခံရန် အချက်ပြလိုက်ပြီး စုယွီကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

‘အစတုန်းကတော့ ခယ်အာလေးကို အိမ်ထောင်ပြုစေချင်ခဲ့တာ... အခုတော့ ခယ်အာက လူမှန်ကို ရွေးချယ်နိုင်ခဲ့ပါပြီ’

ဤလူငယ်က အကျင့်စာရိတ္တရော အရည်အချင်းပါ ပြည့်စုံသူ ဖြစ်ပေသည်။

မကြာမီ၊ ယွီပိုင်ဟယ်နှင့် လော့ချင်းယာတို့ ထွက်ခွာသွားကြသည်။

စုယွီက ယွီပိုင်ဟယ်ကို တာ့ယွဲ့ မှောင်ခိုဈေး၌ လွန်ခဲ့သော မကြာသေးမီကမှ တွေ့ခဲ့ရသော်လည်း သူ့ဒေါ်ဒေါ် လော့ချင်းယာနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမသည် ယခင်အတိုင်းပင် ပညာတတ်ဟန်၊ ကျက်သရေရှိဟန်၊ တင့်တယ်ဟန်များနှင့် ပြည့်စုံနေဆဲ

ဖြစ်ပြီး အိုမင်းသော လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရပေ။

ထိုညတွင် ခယ်အာသည် ရှားရှားပါးပါး တက်ကြွနေခဲ့သည်။

မိသားစုက စုယွီကို အသိအမှတ်ပြု လက်ခံလိုက်ခြင်းကြောင့် သူမ အလွန် စိတ်လှုပ်ရှားနေခြင်း ဖြစ်ပါသည်။

လဝက်ခန့် ကြာသောအခါ၊ နောက်ဆုံးတွင် စုယွီသည် ယွီခယ်အာ၊ ယွီချန်ချင်း၊ စုရွီအန်းတို့နှင့်အတူ ထွက်ခွာလာခဲ့သည်။ ချန်မိသားစု နေအိမ်ကို ဖြတ်သန်းသွားချိန်တွင် ခေတ္တမျှ ဝင်ရောက် ရပ်နားခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် ကြာကြာ မနေဘဲ အနောက်ရေစီးမြို့မှ လျင်မြန်စွာ ထွက်ခွာခဲ့လေ၏။

သူသည် ရိုးရိုး အရည်အသွေးရှိ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်လုံးကို ချန်မိသားစုအား ပေါက်ဈေးအတိုင်း ရောင်းချပေးခဲ့ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈,၀၀၀) ရရှိခဲ့သည်။

ဤဈေးနှုန်းသည် ချန်စီစီနှင့် ပတ်သက်သော ကံကြမ္မာ ကြွေးကြော်သံများကို ဖြေရှင်းခြင်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပေသည်။

ယခုအချိန်မှ စ၍ အရာအားလုံးသည် ချန်မိသားစုအပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။

ချန်မိသားစု ခေါင်းဆောင် ချန်ရွှီနှင့် ချန်ကတော်တို့သည် စုယွီကို ကျေးဇူးတင်ကြသည်။ သူတို့သည် မြို့ပြင်အထိ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးပြီး သူ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးမှ မိသားစုထံသို့ ပြန်လှည့်ခဲ့ကြသည်။

—-----

မြစ်ရေစီးမြို့၊ ချန်တောင်တန်း၊ စုမိသားစု။

တောင်ပံနက် သိမ်းငှက်ကြီး ပြန်ရောက်လာပြန်ပြီ။ ယခုတစ်ကြိမ်တွင် ၎င်း၏ အော်မြည်သံ ထွက်ပေါ်လာသောအခါ မိသားစုဝင် မည်သူမျှ ကြောက်ရွံ့ခြင်း မရှိကြတော့ပေ။ ထို့အစား အားလုံး ပျော်ရွှင်နေကြ၏။ တောင်ကာကွယ်ရေး အခင်းအကျင်းကို စောင့်ကြပ်နေသော လူငယ်အစောင့် နှစ်ဦးပင်လျှင် စိတ်လှုပ်ရှားလွန်းသဖြင့် အိမ်သို့ ပြေးပြန်ကာ သတင်းပို့ကြလေ၏။

"တတိယ ဘိုးဘေးကြီး… ပြန်လာပြီဟေ့"

"တတိယ ဘိုးဘေးကြီး... တတိယ ဘိုးဘေးကြီး တာ့ယွဲ့ မှောင်ခိုဈေးကနေ ပြန်လာပြီ"

"ဟားဟားဟား... ဒါ တတိယ ဘိုးဘေးကြီးရဲ့ ဒုတိယအဆင့် သားရဲ တောင်ပံနက် သိမ်းငှက်ကြီးပဲ"

"မိသားစု ခေါင်းဆောင်... အကြီးအကဲ... တတိယ ဘိုးဘေးကြီး ပြန်ရောက်လာပါပြီ"

သူတို့နှစ်ဦးသည် လမ်းတစ်လျှောက် အော်ဟစ်ကာ ပြေးလွှားနေကြသည်။

တောင်ပံနက် သိမ်းငှက်ကြီး၏ အသံကို ကြားကတည်းက မိသားစုဝင် အများအပြား ခန့်မှန်းမိပြီး ဖြစ်သော်လည်း ဤနှစ်ဦး၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ မိသားစုမှ သက်ကြီးရွယ်အိုများသည် သဘောကျစွာ ရယ်မောလိုက်ကြသည်။

ကျင့်ကြံခြင်း လမ်းစဉ်ကို ယခုမှ စတင် လျှောက်လှမ်းကာစ ကလေးငယ် တချို့နှင့် 'တတိယ ဘိုးဘေးကြီး' ဆိုသော စုယွီကို တစ်ခါမှ မမြင်ဖူးသော သူများမှာမူ ဇဝေဇဝါဖြင့် ငေးကြည့်နေကြသည်။

မကြာမီတွင် အနည်းငယ် ပိုကြီးသော ကလေးများ၏ ဦးဆောင်မှုဖြင့် သူတို့သည် အူမြူးစွာ အော်ဟစ်ကာ မိသားစုဝင်းအတွင်းသို့ ပြေးဝင်သွားကြလေ၏။

စုယွီ တောင်ပံနက် သိမ်းငှက်ကြီးပေါ်မှ ဆင်းသက်ပြီး မိသားစုဝင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် မိသားစုဝင် တချို့က ကြိုဆိုရန် ရောက်ရှိနေကြပြီ ဖြစ်သည်။

"တတိယ ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"

"တတိယ ဘိုးဘေးကြီး ပြန်လာတာကို ကြိုဆိုပါတယ်"

"တတိယ ဘိုးဘေးကြီး"

အသက်ကြီးသော မိသားစုဝင်များ သို့မဟုတ် အသက် (၄၀) (၅၀) အရွယ် လူများသည် စုယွီကို မြင်သောအခါ လေးစားစွာ ဦးညွှတ် နှုတ်ဆက်ကြသည်။

စုယွီထက် အသက်ကြီးသူများပင်လျှင် သူ၏ 'ဘိုးဘေး' ဆိုသော အဆင့်အတန်းကြောင့် ဦးညွှတ်ကြရသည်။

အမှန်စင်စစ်တွင် မိသားစု တစ်ခု၏ ဘိုးဘေး ဆိုသည်မှာ သူတို့၏ စောင့်ရှောက်သူ နတ်ဘုရားသဖွယ် ဖြစ်ပေသည်။ ဘိုးဘေးကြီး ရှေ့မှောက်တွင် မည်သူက စည်းကျော်ရဲပါမည်နည်း။

စုယွီသည် သူတို့၏ နှုတ်ဆက်ခြင်းကို တုံ့ပြန်လိုက်ပြီး နောက်ထပ် ပြေးလာကြသော မိသားစုဝင်များကို မြင်လိုက်ရသည်။ တချို့ဆိုလျှင် လပိုင်း သို့မဟုတ် နှစ်ပိုင်းအရွယ် ကလေးငယ်များကို ပွေ့ချီထားကြသေးသည်။ သူတို့၏ ကလေးများကို မိသားစု၏ တတိယ ဘိုးဘေးကြီးနှင့် တွေ့မြင်စေချင်ပုံ ရသည်။ စုယွီ မတတ်နိုင်တော့သဖြင့် စုရွီအန်း၊ စုတင်းပန်းနှင့် အခြားသူများကို ထားရစ်ခဲ့ပြီး မိသားစုဝင်များကို ဖြေသိမ့်ခိုင်းလိုက်ရသည်။

ထို့နောက် သူသည် ယွီခယ်အာ၊ ယွီချန်ချင်းတို့နှင့်အတူ ထွက်ခွာလာခဲ့သည်။

ထိုည၊

ကြီးကျယ်ခမ်းနားသော မိသားစု စားသောက်ပွဲ ပြီးဆုံးပြီးနောက် စုယွီ၊ စုပင်း၊ စုကျင်းပန်း၊ စုဖုန်း၊ စုယွင်၊ စုချန်၊ စုရို့ဆုနှင့် အခြားသူများသည် နောက်ဖေးဝင်းရှိ ကျောက်စားပွဲဝိုင်းတွင် စုဝေးကာ မီးဖိုပေါ်၌ လက်ဖက်ရည်ကျိုရင်း စကားစမြည် ပြောနေကြသည်။

စုပင်းက စုယွီကို ကြည့်ပြီး အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"မင်း ဘာလို့ ရုတ်တရက်ကြီး ပြန်လာဖို့ ဆုံးဖြတ်လိုက်တာလဲ"

စုယွီက စုယွင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

သူ့ဆရာ စုယွင်သည် အသက် (၁၁၀) ကျော်နေပြီ ဖြစ်ပြီး သက်တမ်း ကုန်ဆုံးရန် မဝေးတော့ပေ။ သဘာဝကျစွာပင် သူ ပြန်လာသင့်သော အချိန်ဖြစ်လေ၏။

စုယွီက ပြောလိုက်၏။

" ဒီရက်ပိုင်း အခြေခံ တည်ဆောက်ခြင်း ဆေးလုံးတချို့ ဖော်စပ်ဖြစ်ခဲ့ပါတယ်... ဒါကြောင့် ပြန်လာပြီး မိသားစု ခေါင်းဆောင်ရယ်၊ ဆရာရယ်၊ ပထမ အကြီးအကဲ၊ ဒုတိယ အကြီးအကဲနဲ့ စတုတ္ထ အကြီးအကဲတို့ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ ကြိုးစားကြည့်လို့ ရမလားဆိုပြီး လာကြည့်တာပါဗျ"

တတိယ အကြီးအကဲ စုဟယ်သည် လွန်ခဲ့သော (၃) နှစ်က အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းရန် ကြိုးစားခဲ့ဖူးသော်လည်း ကံဆိုးစွာဖြင့် သူ၏ အခြေခံ အုတ်မြစ်မှာ မခိုင်မာသဖြင့် နောက်ဆုံးတွင် ကျရှုံးခဲ့ရရှာသည်။

All Chapters