← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇) - တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်၊ အင်မော်တယ်လမ်းစဉ်သို့ ခြေလှမ်းခြင်း (အပိုင်း ၄)

~"သို့ပေမဲ့... ဒီသွေးမျိုးဆက်ရဲ့ တည်နေရာကိုတော့ ငါတို့ ထျန်းရှု သိုင်းကျမ်းတိုက်ကလည်း မသိရှိပါဘူး"

စုယွီသည် ရှေးဟောင်း ကျင့်စဉ် စာအုပ်ကို ချထားလိုက်ပြီးနောက် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရှေးဟောင်း စာအုပ်စင်တန်း၏ အစွန်းဘက်သို့ ရောက်ရှိနေသော ဆိုင်ရှင် အဘိုးအိုကို တွေ့လိုက်ရသဖြင့် လေးစားစွာ ဦးညွှတ် ဂါရဝပြုလိုက်၏။

"စီနီယာ"

ဆိုင်ရှင် အဘိုးအိုက လက်ကာပြလိုက်သည်။

"ယဉ်ကျေးနေစရာ မလိုပါဘူး... မင်း သဘောကျသလိုသာ ခေါ်ပါ"

စုယွီက ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ဒီကျင့်စဉ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ... ပြန်လည် နုပျိုဖို့အတွက် ကောင်းကင်ဖီးနစ်ရဲ့ သွေးမျိုးဆက် စွမ်းအားကို အသုံးပြုနိုင်တယ် ဆိုတော့လေ... တကယ် ဟုတ်မဟုတ် မသေချာပေမဲ့ ဒီကျင့်စဉ်က တန်ဖိုးရှိတာတော့ သေချာတယ်... ကျွန်တော် ဒါကို ဝယ်ပြီး ဆက်လေ့လာကြည့်ချင်ပါတယ်"

အဘိုးအိုက သူ့ကို စူးစိုက်ကြည့်လိုက်၏။ မျက်ဝန်းထဲမှ အလင်းရောင်မှာ တည်ငြိမ်နေသည်။ ခဏကြာမှ သူက ရယ်မောလိုက်လေ၏။

"ဟုတ်တာပေါ့... တကယ်ပဲ လေ့လာဖို့ ထိုက်တန်ပါတယ်"

"ဒါပေမဲ့ ဒီလို အတွေးမျိုး ရှိတဲ့သူ သိပ်မများဘူး... ဒီကိစ္စတွေကို စိတ်အဝင်စားဆုံးကတော့ ဟိုကောင်လေး 'ပိုင်ယွဲ့' ပဲ ဖြစ်လိမ့်မယ်"

ပိုင်ယွဲ့ ဆိုသော နာမည်ကို ကြားလိုက်ရသောအခါ စုယွီ အံ့အားသင့်သွားသည်။

ဒါက 'တာအိုသခင် ပိုင်ယွဲ့' ဟာ ကျင့်စဉ်တွေကို ပုံမှန် လေ့လာလေ့ရှိပြီး ရှေးဟောင်း ကျင့်စဉ်တွေကိုပါ စိတ်ဝင်စားတယ်လို့ ဆိုလိုတာလား။

"စီနီယာ... ကျွန်တော် ဒီစာအုပ်ကို ယူပါ့မယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀) ပေးပြီး အိမ်မှာ သေချာ လေ့လာကြည့်လိုက်ပါဦးမယ်"

စုယွီသည် အဘိုးအိုထံမှ ကျင့်စဉ် အပြည့်အစုံကို ဝယ်ယူလိုက်ပြီးနောက် လေးစားစွာ နှုတ်ဆက်ကာ ထျန်းရှု သိုင်းကျမ်းတိုက်မှ ထွက်ခွာလာခဲ့သည်။

—----

စုမိသားစု၏ ဆေးလုံးမျှော်စင်။

ယွင်ရှန်း ဈေးမြို့တော်ကို တာဝန်ယူထားရသော (ပထမအဆင့်) ထိပ်တန်း အရည်အသွေး ဆေးပညာရှင် စုကူထုန်းသည် စုယွီ ပြန်ရောက်လာသည်ကို မြင်သောအခါ လေးစားစွာ ကြိုဆိုနှုတ်ဆက်သည်။

"တတိယ ဘိုးဘေးကြီး... ပြန်ရောက်ပါပြီလား"

စုယွီက သူ့ကို တစ်ချက် ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်များဆီက အသက် (၇၀) သာ ရှိသေးသော စုကူထုန်းသည် ယခုအခါ (၉၀) ကျော် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခင်အချိန်များနှင့် နှိုင်းယှဉ်လျှင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် အနည်းငယ် တိုးတက်လာပြီး ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၈) သို့ မတောက်တခေါက် ရောက်ရှိနေပြီ ဖြစ်လေ၏။

ကနဦးတွင် စုယွီသည် သူ့အား မိသားစု နေအိမ်သို့ ပြန်ပြီး ဆေးပညာ ဆက်လက် လေ့လာလိုခြင်း ရှိမရှိ မေးမြန်းချင်ခဲ့သော်လည်း စုကူထုန်း၏ အသက်အရွယ်နှင့် ပါရမီကို ထည့်သွင်း စဉ်းစားပြီးနောက် နှုတ်ဆိတ်နေလိုက်တော့သည်။

သက်တမ်း၏ နေဝင်ချိန်သို့ ရောက်နေသော စုကူထုန်းအတွက် ယွင်ရှန်း ဈေးမြို့တော်တွင် နေထိုင်ပြီး ဤဆေးလုံးမျှော်စင်ကို တာဝန်ယူ စောင့်ရှောက်နေခြင်းက အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"နောက်ကျရင် ယွင်ရှန်း ဈေးမြို့တော်မှာ ဒီသတင်းကို ဖြန့်လိုက်ပါ"

သူသည် စုကူထုန်းအား သူ၏ အကြံအစည်ကို ပြောပြလိုက်သည်။

စုကူထုန်းက စုယွီကို အံ့သြစွာ ကြည့်လိုက်မိသည်။

တတိယ ဘိုးဘေးက ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးပညာရှင် ဖြစ်သွားပြီလား။

သို့သော် သူ ထူးဆန်းနေသည်မှာ အဘယ်ကြောင့် ကြေညာချက် ထုတ်ပြန်ရန် နှောင့်နှေးနေရသနည်း ဟူသောအချက် ဖြစ်သည်။

စုယွီက အသေးစိတ် ရှင်းမပြတော့ဘဲ ဆေးလုံးမျှော်စင်ရှိ သူ့အိပ်ခန်းဟောင်း အောက်ထပ် လျှို့ဝှက်ခန်းမဆောင်သို့ ဝင်ရောက်သွားလေ၏။

ဝူယန်တောင်မှ ထိပ်တန်း ဆေးပညာရှင်ကြီး 'ပိုင်ယန်' ဆေးဖော်တော့မည့် သတင်းသည် ပျံ့နှံ့နေသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ နေ့ရက်ကို နောက်ထပ် တစ်လခွဲ အကြာတွင် သတ်မှတ်ထားသည်။ ယွင်ကျန်းဂိုဏ်း နယ်မြေတွင် နာမည်ကျော်ကြားသော၊ ဒုတိယအဆင့် ထိပ်တန်း တစ်သီးပုဂ္ဂလ ဆေးပညာရှင် ဆိုသူသည် အစစ်အမှန်လော၊ သို့မဟုတ် အတုအယောင်လော ဆိုသည်မှာ ထိုအချိန်ကျမှသာ အဖြေပေါ်မည် ဖြစ်သည်။

အကယ်၍ အစစ်အမှန် ဖြစ်ခဲ့ပါက စုမိသားစု အနေဖြင့် ယွင်ကျန်းဂိုဏ်း နယ်မြေတွင် နာမည်ရလာမည့် အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်ပြီး နှေးကွေးသော နှုန်းထားဖြင့်သာ ဖွံ့ဖြိုးတိုးတက်နိုင်ပေလိမ့်မည်။

သို့သော် ဆေးပညာရှင် ပိုင်ယန်သည် အတုအယောင် သက်သက်သာ ဖြစ်ပြီး ဝူယန်တောင် ကိစ္စများ ကမောက်ကမ ဖြစ်သွားခဲ့လျှင်မူ...

စုယွီ တွေးတောနေလိုက်သည်။

'ငါ့ရဲ့ ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးပညာရှင် ဂုဏ်ပုဒ်ရယ်... အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို ဖော်စပ်နိုင်တယ် ဆိုတဲ့ ဂုဏ်သတင်းရယ်နဲ့ဆိုရင်... ယွင်ကျန်းဂိုဏ်း နယ်မြေထဲက ကျင့်ကြံခြင်း မိသားစု အများစုနဲ့ တစ်သီးပုဂ္ဂလ ကျင့်ကြံသူတွေကို စုမိသားစုဆီ ဆေးဖော်ခိုင်းဖို့ ဆွဲဆောင်နိုင်လောက်ပါတယ်'

ထိုအချိန် ရောက်လာပါက လီပင်ချန်းကို စုမိသားစုထံ ခေါ်ဆောင်လာရမည်။ သာမန် နေ့ရက်များတွင် လီပင်ချန်းနှင့် ယွီချန်ချင်း ဟူသော ဒုတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် နှစ်ဦးကို ဆေးလုံးမျှော်စင်၏ တံဆိပ်အဖြစ် ဦးစီးစေရမည်။

စုရွီအန်းကဲ့သို့သော (ပထမအဆင့်) ဆေးပညာရှင်များ၏ ပံ့ပိုးမှုဖြင့် စုမိသားစုသည် ဆေးပညာရှင် မျိုးနွယ်စုကြီး အဖြစ် ဂုဏ်သတင်း ကျော်ကြားလာနိုင်ပေသည်။

ဤအခြေခံ အုတ်မြစ် ချပြီးသည်နှင့် စုယွီ၏ တာဝန် ကျေပွန်ပြီဟု ဆိုနိုင်ပေသည်။

ကျန်တာကတော့ မိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင်သာ မူတည်တော့မည်။

သူ ခေါင်းခါလိုက်သည်။

စုယွီသည် ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်လိုက်ပြီး မီးဓာတ် ရှေးဟောင်း ကျင့်စဉ် စာအုပ် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းပြားဖြင့် လက်ဆင့်ကမ်းထားခြင်း မဟုတ်သဖြင့် သူသည် တစ်လုံးချင်းစီ ဖတ်ရှုရလေ၏။

တစ်ခေါက် ဖတ်ရှုပြီးနောက် စုယွီသည် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ကို စတင် ကျင့်ကြံရန် ကြိုးစားလိုက်သည်။

သူသည် သဘာဝ ဝိညာဉ် စွမ်းအင်များကို စုစည်းပြီး ကျင့်စဉ်ပါ နည်းစနစ်အတိုင်း သူ၏ သွေးကြောများထဲတွင် လှည့်ပတ် စီးဆင်းစေလိုက်သည်။ တစ်ပတ် ပြည့်အောင် လည်ပတ်ပြီးသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

ဤအချက်ကို စုယွီ မအံ့သြမိပေ။

'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ကို စတင် ကျင့်ကြံစဉ်ကလည်း အလားတူ အတွေ့အကြုံမျိုး ကြုံတွေ့ခဲ့ဖူးသည်။

ကျင့်စဉ်သစ် တစ်ခုကို အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

နောက်တစ်နေ့တွင် သူ၏ နေ့စဉ် ပုံမှန် ကျင့်ကြံခြင်းများ ပြီးဆုံးပြီးနောက် စုယွီသည် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ကို ထပ်မံ ကျင့်ကြံကြည့်ပြန်သည်။ စွမ်းအင် လည်ပတ်မှု ကြီး တစ်ပတ် ပြုလုပ်သော်လည်း တုံ့ပြန်မှု မရှိသေးချေ။

ထို့နောက် စုယွီသည် မြစ်ရေစီးမြို့၊ ချန်တောင်တန်းရှိ မိသားစု နေအိမ်သို့ ပြန်လာခဲ့သည်။

တစ်လခန့် ကြာသောအခါ၊

နံနက်ခင်း တစ်ခုတွင် စုယွီသည် သဘာဝ ဝိညာဉ် စွမ်းအင်များကို စွမ်းအင် လည်ပတ်မှု ကြီး တစ်ပတ် လှည့်ပတ်ပြီးချိန်၌ သူ့ခန္ဓာကိုယ် အတွင်းတွင် မီးပွားလေး တစ်ခု ဖြစ်ပေါ်လာသည်။ ချက်ချင်း ဆိုသလိုပင် စုယွီသည် တစ်ကိုယ်လုံးတွင် မခံမရပ်နိုင်အောင် ပူလောင်လာမှုကို ခံစားလိုက်ရသည်။

မျက်စိဖြင့် မမြင်နိုင်သော မီးတောက်များသည် သူ့ခန္ဓာကိုယ် အတွင်းပိုင်း နက်ရှိုင်းရာမှ မွေးဖွားလာပြီး သူ၏ သွေး၊ အသား၊ အရိုးနှင့် ခြင်ဆီများကို လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။

ဤပြောင်းလဲမှုသည် စုယွီအတွက် မှန်းဆ၍ မရနိုင်သော နာကျင်မှုကို ယူဆောင်လာသည်။

လက်ရှိ စုယွီ၏ စိတ်စွမ်းအားနှင့် ကိုယ်ခန္ဓာ ထိန်းချုပ်နိုင်စွမ်း မြင့်မားနေသော်လည်း ရုတ်တရက် ကျရောက်လာသော ပြင်းထန်သည့် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် တင်ပျဉ်ခွေ ထိုင်နေလျက် ကိုယ်ခန္ဓာကို ငြိမ်သက်အောင် ထိန်းထားသော်လည်း သူ၏ ကြွက်သားများသည် အလိုအလျောက် တုန်ရီနေကြသည်။

သူ့ခန္ဓာကိုယ် အတွင်း၌ မရေမတွက်နိုင်သော မီးတောက်များ အုံကြွလာပြီး သွေးကြောများထဲမှ တိုးထွက်လာသကဲ့သို့ ဖြစ်နေသည်။ ထိုမီးတောက်များသည် အသားစများနှင့် ဆဲလ်များကို တစ်စစီ ဖျက်ဆီးပစ်နေကြ၏။ ပျက်စီးခြင်း၊ ပြန်လည် မွေးဖွားခြင်း... ထပ်မံ ပျက်စီးခြင်းနှင့် ထပ်မံ ပြန်လည် မွေးဖွားခြင်း။

ဤသံသရာသည် ထပ်ခါတလဲလဲ ဖြစ်ပျက်နေသည်။

အရာအားလုံးသည် ဘာမှမရှိသော လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသကဲ့သို့ပင်။

နှစ်နာရီကျော် ကြာပြီးနောက်တွင် စုယွီ၏ ခန္ဓာကိုယ် ပြောင်းလဲမှု ဖြစ်စဉ် ပြီးဆုံးသွားလေ၏။ သူ့ခန္ဓာကိုယ် အတွင်း၌ နက်ရှိုင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်ကို ခံစားလိုက်ရသည်။

ယခင်က 'မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်' ကြောင့် သူ့တွင် ပြိုင်ဘက်ကင်းသော ကြမ်းတမ်းမှုနှင့် လွှမ်းမိုးနိုင်စွမ်း အရှိန်အဝါများ ရှိခဲ့သည် ဆိုပါက...

ယခုအခါ 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ကို ကျင့်ကြံပြီးနောက်တွင်မူ သူ့ခန္ဓာကိုယ်သည် ဖော်ပြ၍ မရနိုင်သော ရှင်သန်ခြင်း စွမ်းအားများနှင့် ပြည့်နှက်နေသကဲ့သို့ ဖြစ်နေလေ၏။

စုယွီ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဖီးနစ် သွေးမျိုးဆက် စွမ်းအားလား"

သူသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။

[အမည် - စုယွီ]

[ကျင့်ကြံခြင်း အဆင့် - အခြေခံ တည်ဆောက်ခြင်း အဆင့် ဒုတိယအဆင့်]

[သက်တမ်း - ၆၃ / ၂၃၂]

[ကျင့်စဉ်များ - အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် (နှစ်ကွင်း၊ နှစ်ပတ်၊ ကျွမ်းကျင်မှု - ၄၁.၇၄%)၊ ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း (အဆင့် ၁၀၊ ကျွမ်းကျင်မှု - ၉၁.၂၅%)၊ ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း (ပထမအဆင့်၊ ပထမအပိုင်း၊ ကျွမ်းကျင်မှု - ၀.၀၁%)၊ မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (အဆင့် ၁၂၊ ကျွမ်းကျင်မှု - ၁၁.၁၈%)၊ သွေးဝေလငါး လမင်းဝါးမြိုခြင်း ကျင့်စဉ် (ဒုတိယအဆင့်၊ ကျွမ်းကျင်မှု - ၆၀%)၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (ဒုတိယအဆင့်၊ ကျွမ်းကျင်မှု - ၆၆.၄၂%)]

အခန်း (၁၂၈) - တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်၊ အင်မော်တယ်လမ်းစဉ်သို့ ခြေလှမ်းခြင်း (အပိုင်း ၆)

~"နွယ်ပင် ထိန်းချုပ်ခြင်း နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ်မွေးမြူခြင်း နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ်လှံတံ နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ် စုစည်းခြင်း နည်းစနစ် (ပြီးပြည့်စုံ)... မြေကမ္ဘာ လွတ်မြောက်ခြင်း နည်းစနစ် (ပြီးပြည့်စုံ)၊ ရွှမ်မင် ချပ်ဝတ် နည်းစနစ် (ပြီးပြည့်စုံ)၊ မြေနဂါး ပြောင်းပြန်လှန် နည်းစနစ် (ပြီးပြည့်စုံ)၊ ရွှမ်မင် နဂါးချုပ်နှောင်ခြင်း နည်းစနစ် (ပြီးပြည့်စုံ)"

သူသည် သစ်သားနှင့် မြေကမ္ဘာ ဓာတ်သဘာဝ နှစ်မျိုး ပေါင်းစပ်ထားသော စွမ်းရည်များကိုမူ ကျွမ်းကျင်စွာ တတ်မြောက်ခြင်း မရှိသေးပေ။

သူ့တွင် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ၏ အလွှာ (၄) ဆင့်ပါဝင်သော အမွေအနှစ် ရှိနေပြီး မူလဝိညာဉ် အဆင့်အထိ ကျင့်ကြံနိုင်မည် ဖြစ်လေ၏။

ထိုအလွှာ (၄) ဆင့်တွင် အလွှာတိုင်းကို အဆင့်ငယ် (၉) ဆင့် ထပ်မံ ခွဲခြားထားပြီး၊ အလွှာတိုင်းနှင့် အဆင့်တိုင်းသည် ချီစွမ်းအင် စုစည်းခြင်း အဆင့်၏ အဆင့်တစ်ခုနှင့် ညီမျှပေသည်။

'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ဟူသော စာလုံးသည် ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင် ထင်ရှားစွာ ပေါ်ပေါက်လာခြင်းက သူသည် ဤမီးဓာတ် ကျင့်စဉ်ကို အမှန်တကယ် ကျင့်ကြံ အောင်မြင်ခဲ့ကြောင်း သက်သေပြနေခြင်းပင်။

ကျွမ်းကျင်မှု မျက်နှာပြင်သည် ကန့်သတ်ချက် အားလုံးကို လျစ်လျူရှုနိုင်စေခဲ့၏။ အခြေခံ အုတ်မြစ် ချရန်အတွက် ကောင်းကင်ဖီးနစ်၏ သွေး၊ နှလုံးသား၊ သို့မဟုတ် သည်းခြေ တစ်ခုမျှ မလိုအပ်ဘဲ သူသည် ဤထူးခြားဆန်းကြယ်သော ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေ၏။

သို့သော် အသစ်စက်စက် ကျင့်ကြံထားသော 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' မှ ရရှိသည့် မီးဓာတ် မှော်စွမ်းအင်မှာမူ အားနည်းနေဆဲ ဖြစ်သည်။ သူ၏ ဒန်တျန် အတွင်း၌ ထူထဲသည့် မြေကမ္ဘာ တောင်ကုန်းကြီးနှင့် မိုးမျှော် သစ်ပင်ကြီးတို့ တည်ရှိနေပြီး၊ ထိုမီးဓာတ် စွမ်းအင်သည် မပြောပလောက်သော မီးပွားလေး တစ်ခု အဆင့်မျှသာ ရှိသေး၏။

စုယွီ၏ မျက်နှာပေါ်တွင် ပီတိအပြုံးတို့ ဖြတ်ပြေးသွားလေ၏။

"ကျင့်ကြံကြစို့"

စုယွီသည် ပြီးပြည့်စုံသော အရည်အသွေးရှိ (ပထမအဆင့်) ချီသန့်စင် ဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်သည်။ ထို့နောက် သဘာဝ ဝိညာဉ် စွမ်းအင်များကို မီးဓာတ် မှော်စွမ်းအင် အဖြစ်သို့ ပြောင်းလဲရန်အတွက် 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ကို စတင် လည်ပတ်လိုက်တော့သည်။

"ဝုန်း"

'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' စတင် လည်ပတ်လိုက်သည်နှင့် တပြိုင်နက် စုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ဝေဝါးသော မီးရောင်ခြည်များ ဖြာထွက်လာပြီး၊ လျှို့ဝှက်ဆန်းကြယ်၍ ခမ်းနားထည်ဝါသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာလေ၏။ သူသည် ကောင်းကင်ဖီးနစ် အစစ်အမှန် တစ်ကောင်အလား ထင်မှတ်ရ၏။

သဘာဝ ဝိညာဉ် စွမ်းအင် အမျှင်တန်းများသည် ဖီးနစ် မှော်စွမ်းအင်များအဖြစ်သို့ ကူးပြောင်းသွားကြသည်။

ချီသန့်စင် ဆေးလုံး၏ ဆေးစွမ်းအာနိသင် ကုန်ဆုံးသွားသောအခါ စုယွီသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

"ဟူး"

ပူနွေးသော လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။

စုယွီ မျက်လုံးဖွင့်လိုက်ပြီး ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်ရာ အနည်းငယ် အံ့အားသင့်သွားရသည်။

'ငါ ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့် ကို ရောက်သွားပြီလား'

(၃) ရက်ခန့် ကြာသောအခါ၊

စုယွီ ထပ်မံ စစ်ဆေးကြည့်လိုက်ရာ 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' သည် ပထမအလွှာ၏ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သူ၏ မီးဓာတ် ကျင့်ကြံမှု အဆင့်သည် ချီစွမ်းအင် စုစည်းခြင်း (တတိယအဆင့်) သို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

နောက်ထပ် (၉) ရက် အကြာတွင်၊

စုယွီ၏ မီးဓာတ် မှော်စွမ်းအင် ကျင့်ကြံမှု အဆင့်သည် ချီစွမ်းအင် စုစည်းခြင်း (စတုတ္ထအဆင့်) သို့ ရောက်ရှိသွားပြန်သည်။

ဤနှုန်းထားသည် သူ 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' ကို ကျင့်ကြံစဉ်ကထက်ပင် ပိုမို လျင်မြန်နေသေး၏။

ထို့အပြင် တူညီသော အဆင့်၌ ဖီးနစ် မှော်စွမ်းအင်၏ အရှိန်အဝါသည် အစိမ်းရောင် သစ်သား မှော်စွမ်းအင်နှင့် ရွှမ်မင် မှော်စွမ်းအင်တို့ထက် ပိုမို အားကောင်းကြောင်း သူ တွေ့ရှိလိုက်ရသည်။ ၎င်းသည် မီးဓာတ် သဘာဝနှင့် တကယ်ပင် လိုက်ဖက်ညီလှပေသည်။

ထိုအချိန်တွင် ဝူယန်တောင်မှ တုန်လှုပ်ဖွယ် သတင်းဆိုးကြီး တစ်ခု ထွက်ပေါ်လာပြီး စုမိသားစု တစ်ခုလုံးကို ရိုက်ခတ်သွားသဖြင့် စုယွီသည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ခွာလာရတော့သည်။

—----

ဧည့်ခန်းမဆောင် အတွင်း၊ မိသားစု ခေါင်းဆောင် စုဖုန်း၏ ပြောပြချက်ကို နားထောင်ပြီးနောက် စုယွီ၏ မျက်နှာတွင် တုန်လှုပ်သော အမူအရာများ ပေါ်လာပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။

"သူက အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၁၃) ယောက်ကို ယဇ်ပူဇော်လိုက်တယ် ဟုတ်လား... အဲဒီအထဲမှာ ယွီ၊ ကျန်း၊ ဟွမ် မိသားစုတွေက ဒုတိယအဆင့် ဆေးပညာရှင် (၃) ယောက်တောင် ပါသွားတယ်ပေါ့"

ခေတ္တမျှ ကြက်သေသေနေပြီးနောက် စုယွီ မနေနိုင်တော့ဘဲ အာမေဋိတ် သံများ ထွက်ပေါ်လာတော့သည်။

"သူ ဘယ်လိုတောင် သတ္တိ ရှိရတာလဲ"

"ရှီး"

လေအေးတစ်ချက်ကို စုပ်သွင်းလိုက်မိသည်။

မိုက်ရိုင်းလိုက်သည့် အဖြစ်။

သူသည် ကောင်းကင်ဘုံကို စိန်ခေါ်လိုက်ခြင်းပင်။

စုဖုန်း၏ မျက်နှာထားမှာ အလွန်အမင်း တည်ကြည်လေးနက်နေပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ပိုင်ယန် မိစ္ဆာ တာအိုဆရာက (တတိယအဆင့်) သက်တမ်းရှည် ဆေးလုံး ဖော်စပ်ရာမှာ ကူညီပေးရင် ဆုလာဘ် အနေနဲ့ ဒုတိယအဆင့် ဂူစံအိမ် တည်ရှိရာ ဝူယန်တောင်ကို ပေးမယ် ဆိုပြီး ဒုတိယအဆင့် ဆေးပညာရှင် အများအပြားကို မြှူဆွယ်ခဲ့တာပါ"

"ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ခန်းမဆောင်သခင် ကိုယ်တိုင် စေလွှတ်လိုက်တယ် ဆိုတဲ့ ဒုတိယအဆင့် ထိပ်တန်း ဆေးပညာရှင် တစ်ယောက်တောင် ပါသွားသတဲ့"

"အခြေခံ တည်ဆောက်ခြင်း (အဆင့် ၈) ရှိတဲ့ အဲဒီ စွမ်းအားရှင်ကြီးတောင် ပိုင်ယန် မိစ္ဆာ တာအိုဆရာရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတယ်"

"ပိုင်ယန် မိစ္ဆာ တာအိုဆရာက သူ့သက်တမ်းကို ဆွဲဆန့်ဖို့အတွက် ဝူယန်တောင် တစ်ခုလုံးမှာ ရှိတဲ့ သက်ရှိသတ္တဝါ အားလုံးကို ယဇ်ပူဇော် ပစ်လိုက်တာပဲ"

"ဒီကိစ္စက ယွင်ကျန်းဂိုဏ်း နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်... ယွင်ကျန်းဂိုဏ်း ရယ်၊ ယွီ၊ ကျန်း၊ ဟွမ် မိသားစုကြီး (၃) ခုရယ်၊ နောက်ပြီး ရေတွက်လို့ မကုန်နိုင်တဲ့ ကျင့်ကြံသူတွေ အားလုံး ဒေါသထွက်နေကြပြီး အခုလက်ရှိ ပိုင်ယန် မိစ္ဆာ တာအိုဆရာကို လိုက် ရှာနေကြတယ်"

"ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က ခန်းမဆောင်သခင်လို အခြား အင်အားစုတွေကလည်း ဒီကိစ္စကို လွှတ်ထားမှာ မဟုတ်ဘူး"

စုယွီ အနည်းငယ် ငိုင်သွားသည်။ ဝူယန်တောင်တွင် တစ်ခုခု ဖြစ်လာနိုင်ကြောင်း သူ ကြိုတင် ခန့်မှန်းခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် ဝူယန်တောင်မှ တပည့်ဟောင်း ဖြစ်သူ လီပင်ချန်းသည် ဆေးပညာရှင် ပိုင်ယန်နှင့် ပတ်သက်သော လျှို့ဝှက်ချက် တချို့ကို သူ့အား ဖွင့်ဟခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော် ဆေးပညာရှင် ပိုင်ယန် ဤမျှအထိ ရူးသွပ်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၁၃) ယောက် တောင်မှ။

ထိုအထဲမှ တစ်ဦးမှာ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၈) ရှိသော ဒုတိယအဆင့် ထိပ်တန်း ဆေးပညာရှင် တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

ဤမျှကြီးမားသော ကပ်ဘေးကြီး ဖြစ်ပွားခဲ့ရ၏။

ထိုအကြောင်းကို တွေးမိရင်း စုယွီ ကိုယ့်ကိုယ်ကို ပြန်ပြောလိုက်သည်။

'ငါ အဲဒီကို မသွားခဲ့မိတာ ကံကောင်းတယ်... အဲဒီ ဆေးပညာရှင် ပိုင်ယန်က ရိုးရိုး မဟုတ်လောက်ဘူး... မိစ္ဆာလမ်းစဉ် လိုက်လိုက်ပြီးတဲ့ နောက်မှာတော့ ပိုပြီး ကြောက်စရာ ကောင်းလာမှာ သေချာတယ်'

ဤအချိန်တွင် ပြဿနာများကို ရှောင်ရှားခြင်း လမ်းစဉ်သည် မည်မျှ အရေးကြီးကြောင်း စုယွီ ပိုမို နားလည်လာသည်။

အထူးသဖြင့် တာအိုဆရာ ပင်းယွီ၏ အင်မော်တယ် အမွေအနှစ်ကို ရရှိပြီးနောက်တွင် ပို၍ သတိထားမိလာ၏။ အတိတ်က ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး၏ ကင်းစခန်း တစ်ခုလုံး ဖျက်ဆီးခံလိုက်ရခြင်းမှာ ပင်လယ်လိပ် ဝိညာဉ်သားရဲကို သွားရောက် ရန်စမိသောကြောင့် ဖြစ်သည် မဟုတ်ပါလော။ ထိုအဖြစ်အပျက်ကြောင့် ကင်းစခန်း လျှို့ဝှက်နယ်မြေ တစ်ခုလုံး ပျက်စီးခဲ့ရပြီး မူလဝိညာဉ် အဆင့် တာအိုဆရာ တစ်ပါးပင် ကျဆုံးခဲ့ရသည်။ တာအိုဆရာ ပင်းယွီမှာမူ ထိုကိစ္စတွင် မပါဝင်ရန် ရွေးချယ်ခဲ့သောကြောင့် ကပ်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်လေ၏။

ဒါက သတိတရား၏ လမ်းစဉ်ပင်။

တတ်နိုင်သမျှ ပြဿနာ မဖြစ်အောင် နေရမည်။

တတ်နိုင်သမျှ အန္တရာယ်များကို ရှောင်ရှားရမည်။

ထိုအချိန်တွင် စုယွင်သည် စုယွီကို အံ့သြစွာ ကြည့်လိုက်ပြီး သံသယဖြင့် မေးမြန်းလိုက်သည်။

"မင်း အရင်က မိသားစုကို ဝိညာဉ်ဆေးပင်တွေ တတ်နိုင်သမျှ စုဆောင်းထားပါ... အခွင့်အရေး တစ်ခုကို စောင့်နေပါ ဆိုပြီး ပြောခဲ့တာ... ဒါကို ပြောတာလား"

"ဝူယန်တောင်မှာ ပြဿနာ တက်မယ် ဆိုတာကို မင်း သိနေခဲ့တာလား"

စုယွီက သက်ပြင်းချလိုက်သည်။

"ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတဲ့ ဝူယန်တောင်က ဒုတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက် ရှိပါတယ်... သူက လျှို့ဝှက်ချက် တချို့ကို ဖွင့်ပြောပြခဲ့ဖူးတယ်"

"ပြဿနာ ရှိနိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိခဲ့တာကြောင့် ဝူယန်တောင်ကို မသွားခဲ့တာပါ"

"ဒါပေမဲ့ ဒီလောက်အထိ ဆိုးရွားမယ်လို့တော့ မထင်ထားခဲ့ဘူး"

ထိုအချိန်တွင် စုပင်း ဝင်ပြောလိုက်သည်။

"ဒီကိစ္စကို ဆက်မပြောကြပါနဲ့တော့... ငါတို့ ဘာမှ မသိဘူးလို့ပဲ မှတ်ထားလိုက်ကြပါ"

"ဝူယန်တောင် ပျက်စီးသွားပြီ ဆိုတော့ ယွင်ကျန်းဂိုဏ်း နယ်မြေမှာ ဒုတိယအဆင့် ထိပ်တန်း ဆေးပညာရှင် လစ်လပ်သွားပြီ... ဒါက ငါတို့ စုမိသားစုအတွက် ဆေးပညာ လောကမှာ နေရာတစ်နေရာ ရယူဖို့ အခွင့်အရေးကောင်း တစ်ခုပဲ"

"ကဲ... စုယွီလေး အကြံပေးခဲ့သလိုပဲ စုမိသားစု ဆေးပညာရှင်တွေရဲ့ ဂုဏ်သတင်းကို စတင် မြှင့်တင်ကြရအောင်"

ထိုအခါ၊ စုဖုန်းက ပြန်လည် ဖြေကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဘိုးဘေး... စိတ်မပူပါနဲ့... ဒီကိစ္စအတွက် ကျွန်တော်တို့ ပြင်ဆင်နေတာ ကြာပါပြီ... ဒီကာလတွေမှာ ဝိညာဉ်ဆေးပင်တွေ အများကြီး စုဆောင်းထားခဲ့တာ ဒီအချိန် အတွက်ပါပဲ”

အခန်း (၁၂၉) - တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်၊ အင်မော်တယ်လမ်းစဉ်သို့ ခြေလှမ်းခြင်း (အပိုင်း ၆)

~ဝူယန်တောင်ဘက်တွင်မူ စုယွီသည် ဝင်ရောက်စွက်ဖက်ခြင်း ၊ သို့မဟုတ် ထိုရှုပ်ထွေးမှုများထဲသို့ ဝင်ရောက်ခြင်း မပြုရန် ရွေးချယ်ခဲ့သည်။

စုမိသားစုသည် ၎င်းတို့၏ မိသားစု ဆေးပညာရှင် ဂုဏ်သတင်းကို တိတ်တဆိတ် မြှင့်တင်နေချိန်၊ ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံးများနှင့် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများကို ဖော်စပ်ပေးနိုင်ကြောင်း ကြွားဝါနေချိန်များ၌ပင် စုယွီ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များမှာ ပြောင်းလဲခြင်း မရှိပေ။ နေ့စဉ် ကျင့်ကြံခြင်း၊ ရေခဲဝိညာဉ်ပုလဲနှင့် သစ်သီးစေ့ မျိုးစေ့ကို ပြုစုပျိုးထောင်ခြင်း၊ ထို့အပြင် သူ၏ ယဉ်ပါးပြီးသား သားရဲနှစ်ကောင်ကို အစာကျွေးရန် အချိန်ပေးခြင်းများသာ ဖြစ်လေ၏။

အားလပ်ချိန်များတွင် သူသည် မြေကြီးနှင့် သစ်သား နည်းဗျူဟာများ ပေါင်းစပ်ခြင်းကို စဉ်းစားတွေးတောသည်။ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၂) ရှိ မြေကမ္ဘာနှင့် သစ်သား ဓာတ်သဘာဝ နှစ်မျိုး ပေါင်းစပ်ခြင်း၌ တိုးတက်မှု အချို့ ရှိလာပြီ ဖြစ်သော်လည်း ပြီးပြည့်စုံရန်အတွက် အချိန်ယူရဦးမည် ဖြစ်ပေသည်။

ယခင်ကနှင့် နှိုင်းယှဉ်လျှင် ယခုအခါ သူ၏ နေ့စဉ် ကျင့်ကြံမှုများထဲတွင် မီးဓာတ် ကျင့်စဉ် ဖြစ်သော 'ကောင်းကင်ဖီးနစ် နိဗ္ဗာန် သိုင်းကျမ်း' ပါ ပါဝင်လာပြီ ဖြစ်သည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ဝူယန်တောင်မှ သတင်းများ ပိုမို ထွက်ပေါ်လာသည်။ ယွီမိသားစုမှ ပိုင်ယန် မိစ္ဆာ တာအိုဆရာ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသော ဆေးပညာရှင်မှာ ယခင်က သူတို့နှင့် တွေ့ဆုံဖူးသည့် တတိယ အကိုင်းအခက် (မိသားစုခွဲ) မှ ဒုတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် 'ယွီတုန်းဖေး' ဖြစ်နေကြောင်း သိလိုက်ရသည်။

ယွီမိသားစုမှာ ဒေါသအမျက် ခြောင်းခြောင်းထွက်နေကြသည်။ ယွီခယ်အာ၏ ဖခင်သည် မိသားစု၏ ဒုတိယအဆင့် ထိပ်တန်း သားရဲထိန်းနှင့် အခြား မိသားစုဝင်များကို ဦးဆောင်ကာ ပိုင်ယန် မိစ္ဆာ တာအိုဆရာကို လိုက်လံ ဖမ်းဆီးနေကြသည်။

ကျန်းမိသားစုနှင့် ဟွမ်မိသားစုမှ စွမ်းအားရှင်များလည်း ပေါ်ထွက်လာကြသည်။ ယွင်ကျန်းဂိုဏ်း အနေဖြင့်မူ ပထမ အကြီးအကဲ ကိုယ်တိုင် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ခွာလာပြီး ဝူယန်တောင် ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ရောက်ရှိလာလေ၏။

ဝူယန်တောင် ဖြစ်ရပ် ဖြစ်ပွားပြီး (၅) ရက်အကြာတွင် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၅) ရှိ ပထမဆုံးသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူသည် စုမိသားစုထံသို့ ရောက်ရှိလာသည်။

"တောင်းပန်ပါတယ်... ခင်ဗျားတို့ မိသားစုမှာ ဆေးဖော်ပေးနိုင်တဲ့ ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးပညာရှင် ရှိပါသလား... ကျွန်တော် ..ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံးတချို့ လိုချင်လို့ပါ"

ယွီချန်ချင်းသည် ထိုလူကို စုယွီနှင့် တွေ့ဆုံပေးခဲ့ပြီး နေ့ဝက်အကြာတွင် စုမိသားစု၏ ဆေးပညာရှင် မိသားစုအဖြစ် ဂုဏ်သတင်းကို မြှင့်တင်ပေးမည့် ပထမဆုံးသော အမှာ ပြီးစီးသွားခဲ့သည်။

ထို့နောက်တွင် ကျင့်ကြံသူ အများအပြား ချန်တောင်တန်းသို့ စုရုံးရောက်ရှိလာကြသည်။ မူလက ဆေးဖော်ရန်အတွက် ပိုင်ယန် မိစ္ဆာ တာအိုဆရာကို မှီခိုနေခဲ့ရသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မိသားစုများသည် ဝူယန်တောင် ဖြစ်ရပ်ကို ကြားသိပြီးနောက် အစားထိုးစရာ နေရာကို အသည်းအသန် ရှာဖွေနေခဲ့ကြသည်။

ကံကောင်းထောက်မစွာပင် မြစ်ရေစီးမြို့၊ ချန်တောင်တန်းမှ စုမိသားစုသည် ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံးများနှင့် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများကို ဖော်စပ်နိုင်စွမ်း ရှိကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံးများကို ဖော်စပ်နိုင်ခြင်းမှာ သိပ်ပြီး ထူးဆန်းသော ကိစ္စ မဟုတ်ပေ။

သို့သော် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများကို ဖော်စပ်ပေးနိုင်ကြောင်း လူသိရှင်ကြား ကြေညာခြင်းမှာမူ ရှားပါးလှပေသည်။

ပုံမှန်အားဖြင့် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများကို ဒုတိယအဆင့် ထိပ်တန်း အရည်အသွေး ဆေးပညာရှင်များကသာ ဖော်စပ်လေ့ရှိပြီး၊ အခြား ဆေးပညာရှင်များမှာမူ ကိုယ်တိုင် လေ့လာသင်ယူရန် အခွင့်အလမ်းကိုသာ ရှာဖွေရလေ့ ရှိသည်။

ယခင်က ယွင်ကျန်းဂိုဏ်း လက်အောက်ရှိ တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မိသားစုများသည် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများအတွက် ဝူယန်တောင်ကိုသာ မှီခိုအားထားခဲ့ရသည်။

ယခုအခါတွင်မူ သူတို့သည် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ပေးနိုင်မည့် ဆေးပညာရှင် တစ်ဦးကို အရေးတကြီး လိုအပ်နေကြပြီ ဖြစ်သည်။

စုမိသားစုသည် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့သည်။

ဧည့်သည်များ ချန်တောင်တန်းသို့ လှိမ့်ဝင်လာကြသည်။ သို့သော် စုယွီ ကိုယ်တိုင် ဧည့်ခံရန် မလိုအပ်ပေ။ ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးလုံးများ သို့မဟုတ် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများ လိုအပ်သူ ရှိမှသာ သူ ထွက်ပေါ်လာလေ့ ရှိသည်။ ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးများနှင့် (ပထမအဆင့်) ဆေးလုံးများကဲ့သို့ အရည်အသွေး နိမ့်သော ဆေးလုံးများကို သူ ဖော်စပ်ပေးရန် မလိုအပ်ပေ။

ထို့ကြောင့် တစ်လအတွင်းမှာပင် စုမိသားစုသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) နီးပါး တန်ဖိုးရှိသော အမှာများကို လက်ခံရရှိခဲ့သည်။

ဤအမှာများသည် စုမိသားစုကို တစ်နှစ်ပတ်လုံး အလုပ်ရှုပ်နေစေရန် လုံလောက်ပေသည်။

တဖြည်းဖြည်းနှင့် စုမိသားစုသည် ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း၌ အသိအမှတ်ပြုမှု တစ်စုံတစ်ရာ ရရှိလာခဲ့သည်။

လျှို့ဝှက်ခန်းမဆောင် အတွင်း၊

စုယွီ သိပ်ပြီး အလုပ်မရှုပ်လှပေ။ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း၌ အခြေခံ တည်ဆောက်ခြင်း အလယ်အလတ် အဆင့်ရှိ တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် မိသားစု ကျင့်ကြံသူများ သိပ်မများလှပေ။ ဆေးအိုး အနည်းငယ် ဖော်စပ်ပေးရုံဖြင့် သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်လေ၏။

ဒုတိယအဆင့် အလယ်အလတ်တန်းစားအောက် နိမ့်သော အလုပ်များကို သူ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဒါက ရှားပါးသော လက်တွေ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်သဖြင့် ယွီချန်ချင်းနှင့် စုရွီအန်းတို့ကဲ့သို့သော စုမိသားစု ဆေးပညာရှင်များအတွက် ဆေးများများ ဖော်စပ်ရခြင်းက အကျိုးရှိစေသောကြောင့် ဖြစ်သည်။ အနာဂတ်တွင် စုမိသားစု၏ ဆေးပညာရှင် ဂုဏ်သတင်းကို သူတို့ကသာ ဆက်လက် ထိန်းသိမ်းသွားရမည် ဖြစ်လေ၏။

စုယွီ လက်လွှတ်လိုက်ရန် ရွေးချယ်လိုက်သည်။

—---------

ယခု အချိန်တွင် စုယွီသည် တာအိုဆရာ ပင်းယွီ ပေးအပ်ခဲ့သော သင်ကြားမှုများနှင့် ဉာဏ်အလင်းများကို ဆက်လက် စုပ်ယူလေ့လာနေသည်။

"အမြုတေ ဖွဲ့စည်းခြင်း အဆင့် ဆိုတာ တစ်သီးပုဂ္ဂလ ကျင့်ကြံသူတွေ ရင်ဆိုင်ရမယ့် ပထမဆုံး အကြီးမားဆုံး အတားအဆီးပဲ... အခြေခံ တည်ဆောက်ခြင်း အဆင့် ဆိုတာက အတားအဆီး မဟုတ်သလို၊ အတားအဆီး ဖြစ်ဖို့လည်း မထိုက်တန်ဘူး... ဒါက ကျင့်ကြံခြင်း လောကရဲ့ တံခါးဝ တစ်ခု သက်သက်ပဲ"

"ငါ့အနေနဲ့ ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၁) ကနေ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့ (၁၀) နှစ်ပဲ ကြာခဲ့တယ်... ဒါပေမဲ့ အခြေခံ တည်ဆောက်ခြင်း (အဆင့် ၁) ကနေ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့တော့ (၁၆၀) နှစ် ကြာခဲ့ရတယ်"

"အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာ အမျိုးအစား (၂) မျိုး ရှိတယ်... ကောင်းပြီလေ... တချို့လူတွေက 'တုပ အမြုတေ'ကိုပါ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ထဲ ထည့်တွက်ကြတယ်... ဒါက ရယ်စရာပဲ... တုပ အမြုတေ ဆိုတာ ဘာလဲ... အခြေခံ တည်ဆောက်ခြင်း (အဆင့် ၈) ၊ (အဆင့် ၉) လောက် ရှိရင် ငါ အလွယ်တကူ ချေမှုန်းပစ်နိုင်တယ်"

"တကယ်တမ်းတော့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် နှစ်မျိုးပဲ ရှိတယ်... တစ်မျိုးက သာမန် အမြုတေ ဖွဲ့စည်းခြင်း ဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ 'ရွှေရောင် အမြုတေ' ကို သန့်စင်ခြင်းပဲ"

"ငါ့ဘဝရဲ့ ရည်မှန်းချက်နဲ့ နောင်တကတော့ ရွှေရောင် အမြုတေ ပါပဲ... ဒါပေမဲ့ ရွှေရောင် အမြုတေ လမ်းစဉ်က ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ"

"ဒါ့အတွက် ငါ နှစ်ပေါင်း (၁၀၀) ကျော် ရုန်းကန်ခဲ့ရတယ်... မှော်စွမ်းအင်နဲ့ အခြေခံ အုတ်မြစ်ကို သန့်စင်ဖို့ ရတနာ ပေါင်းများစွာ စုဆောင်းခဲ့ရတယ်... နောက်ဆုံးတော့ ငါ ပထမအကြိမ် လည်ပတ်ခြင်း ရွှေရောင် အမြုတေ ကို မတောက်တခေါက် ဖွဲ့စည်းနိုင်ခဲ့တယ်"

"ချီစွမ်းအင် စုစည်းခြင်း အဆင့်နဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့် ကာလတွေတုန်းက ငါ့မှာ ပါရမီတချို့နဲ့ မာန်မာနတချို့ ရှိခဲ့တယ်လို့ ပြောနိုင်ရင်... ဒီ ရွှေရောင် အမြုတေ ကတော့ ငါ့ရဲ့ ထက်မြက်မှုတွေကို အကုန် ချေမှုန်းပစ်လိုက်ပြီ... အို... ရွှေရောင် အမြုတေ လမ်းစဉ် ဆိုတာ အင်မော်တယ် ဖြစ်လာမယ့် လမ်းစဉ်ပါလား"

"မှတ်ထားကြ... အမြုတေ ဖွဲ့စည်းခြင်းရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ ဖြစ်နိုင်ခြေ ရှိရင် ဘယ်လိုနည်းနဲ့မဆို ကြိုးစားကြပါ"

"တကယ်လို့ တစ်ယောက်ယောက်က ဒဏ္ဍာရီလာ 'ကိုးကြိမ်မြောက် လည်ပတ်ခြင်း ရွှေရောင် အမြုတေ'ကို ဖွဲ့စည်းနိုင်ခဲ့ရင်...အဲ့ပုဂ္ဂိုလ်က လောကမှာ ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်"

စုယွီ၏ မျက်နှာတွင် မှင်သက်သော အမူအရာ ပေါ်လာသည်။

တာအိုဆရာ ပင်းယွီ၏ အမြုတေ ဖွဲ့စည်းခြင်း အတွေ့အကြုံများနှင့် တာအိုပညာ ဖြန့်ဝေမှုသည် သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအတွက် ရှင်းလင်းသော နားလည်မှုနှင့် လမ်းညွှန်ချက်ကို ပေးစွမ်းလေ၏။ အထူးသဖြင့် တာအိုဆရာ ပင်းယွီ ချန်ထားရစ်ခဲ့သော ရွှေရောင် အမြုတေ ဖွဲ့စည်းနည်းနှင့် အရည်အသွေး မြှင့်တင်နည်းများသည် အဖိုးမဖြတ်နိုင်ပေ။

ဤအရာသည် တာအိုဆရာ ပင်းယွီ၏ အမွေအနှစ်များထဲတွင် တန်ဖိုးအကြီးဆုံး အရာဖြစ်ပြီး ကျင့်စဉ်များထက်ပင် ပိုမို အဖိုးတန်လေ၏။ ဒုတိယ လိုက်မည့်အရာပင် မရှိချေ။

"ဒါဆိုရင်... ငါ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းချင်ရင် ရွှေရောင် အမြုတေ ကို ရည်မှန်းရမှာပေါ့... ရွှေရောင် အမြုတေ အောင်မြင်မှသာ အင်မော်တယ် ဖြစ်လာဖို့ မျှော်လင့်ချက် ရှိနိုင်မှာ... သာမန် အမြုတေ ဖွဲ့စည်းခြင်း ဆိုရင်တော့ အခွင့်အရေး မရှိဘူး"

စုယွီ၏ မျက်နှာထား တည်ကြည်သွားသည်။ အင်အားကြီး အဖွဲ့အစည်းများ၏ အမွေအနှစ်များထဲတွင် ဤအချက် ပါဝင်ခြင်း ရှိမရှိ သူ မသိသော်လည်း ပါဝင်နိုင်ခြေ များသည်ဟု သူ ခံစားမိသည်။

ဤကဲ့သို့သော အသိပညာ ဗဟုသုတ သို့မဟုတ် အတွေ့အကြုံများကို လက်ဆင့်ကမ်း ရရှိခြင်းသည် တစ်သီးပုဂ္ဂလ ကျင့်ကြံသူနှင့် အင်အားကြီး အဖွဲ့အစည်းတို့ကြား ကွာခြားချက်ပင် ဖြစ်လေ၏။

တစ်ဖက်က ကိုယ့်ကိုယ်ကို အားကိုးပြီး စမ်းတဝါးဝါး ရှာဖွေရချိန်တွင်၊ အခြားတစ်ဖက်၌ လမ်းပြမြေပုံ ရှိနေသည်။

လုံးဝ ကွာခြားသော အခြေအနေပင်။

အချိန်ကြာမြင့်စွာ နက်နက်ရှိုင်းရှိုင်း တွေးတောပြီးနောက် စုယွီသည် အမြုတေ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော စိတ်ကူးတစ်ခုကို တဖြည်းဖြည်း ပုံဖော်လာနိုင်ခဲ့သည်။

သူသည် ရွှေရောင် အမြုတေ လမ်းစဉ်ကို အောင်မြင်ရန်အတွက် ဓာတ်ကြီးငါးပါးကို အသုံးပြုနိုင်ကောင်း ပြုနိုင်ပေမည်။

မပေါင်းစပ်ရသေးသော ဓာတ်ကြီးငါးပါးသည် ရွှေရောင် အမြုတေ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခြင်း ရှိမရှိ ဆိုသည်ကိုသာ ရှင်းရှင်းလင်းလင်း မသိရသေးခြင်း ဖြစ်သည်။

အကယ်၍ မရပါက သူသည် ဓာတ်ကြီးငါးပါး ပေါင်းစပ်ခြင်းဖြင့် စတင်ရန် နည်းလမ်း ရှာဖွေရပေမည်။ ထို့နောက် ကိုယ်ပိုင် ဓာတ်ကြီးငါးပါး ကျင့်စဉ် တစ်ခု ဖန်တီးရပေလိမ့်မည်။

ရုတ်တရက် ဆိုသလိုပင် စုယွီ၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက် တစ်ခု လှိုက်တက်လာသဖြင့် သူ့ခန္ဓာကိုယ်မှ မွှေးညှင်းများ ထောင်ထလာတော့သည်။

စုယွီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး လျှို့ဝှက်ခန်းမဆောင် အတွင်းမှ လျင်မြန်စွာ ထွက်ခွာလိုက်သည်။

သူသည် စုဖုန်းထံသို့ အကြောင်းကြားစာ ပေးပို့လိုက်၏။

"မိသားစု ခေါင်းဆောင်... တောင်ကာကွယ်ရေး အခင်းအကျင်းကို ချက်ချင်း ဖွင့်လိုက်ပါ... မြန်မြန်"

အခြားတစ်ဖက်တွင် အခြေခံ တည်ဆောက်ခြင်း မိသားစု တစ်ခုမှ ကျင့်ကြံသူ တစ်ဦးကို ဧည့်ခံနေသော စုဖုန်းသည် သတင်းစကားကို ရရှိသည်နှင့် မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် ချက်ချင်းပင် ဒုတိယအဆင့် ရုပ်သေး သားရဲ တစ်ကောင်ကို ထုတ်ယူကာ သူ့အား ကာကွယ်စေလိုက်သည်။

ထို့နောက် အခင်းအကျင်း အလံတိုင် တစ်ခုကို ထုတ်ယူပြီး မှော်စွမ်းအင်များကို ချက်ချင်း လောင်းထည့်လိုက်တော့သည်။

"ဝူး... ဝူး... ဝူး"

ထိန်းချုပ်ရေး အလံတိုင်သည် တောင်ကာကွယ်ရေး အခင်းအကျင်း၏ ဆုံမှတ်များထဲသို့ ကျရောက်သွားသည်နှင့် တပြိုင်နက် တုန်ခါသံ တစ်ချက် ထွက်ပေါ်လာပြီး ဒုတိယအဆင့် အခင်းအကျင်း စတင် လည်ပတ်လာတော့သည်။ အကန့်အသတ်မဲ့သော အကာအကွယ် အလွှာကြီး တစ်ခုသည် ချန်တောင်တန်း တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး ချန်တောင်တန်းကို ပိတ်ဆို့ထားလိုက်သည်။

ဤမြင်ကွင်းကြောင့် ဆေးတောင်းခံရန် ရောက်ရှိနေကြသော ဧည့်သည်အချို့ ကြောင်အသွားကြသည်။

ထိုအချိန်၌၊

ချန်တောင်တန်းနှင့် မိုင် (၃၀) ပင် မကွာဝေးသော နေရာ၌ လူရိပ် (၃) ခုသည် စုမိသားစုထံသို့ တိတ်တဆိတ် ချဉ်းကပ်လာနေကြသည်။

ထိုအထဲမှ ဆံပင်များမှ ဖျော့တော့သော အနီရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် အမျိုးသား တစ်ဦးက လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။

"ဒီရက်ပိုင်း စုမိသားစု အကြောင်း ပြောနေကြတာ များတယ်... ဝူယန်တောင် ကျဆုံးသွားပြီးတဲ့ နောက်မှာ သူတို့ အကျိုးအမြတ်တွေ အများကြီး ရနေမှာ သေချာတယ်... ဟဲဟဲဟဲ"

ထိုအခါ၊ သူ့ဘေးရှိ ညှို့ဓာတ်ပြင်းသော ရုပ်ရည်နှင့် အမျိုးသားက ပြုံးရင်း ပြောလိုက်သည်။

"ဒီအရာအားလုံးက မင်းကို ဆွဲဆောင်လိုက်မိမှန်း သူတို့ သိရင် ငိုချင်သွားကြမှာပဲ"

ညှို့ဓာတ်ပြင်းသော အမျိုးသား၏ နောက်တွင် တစ်စုံတစ်ယောက်က သူတို့နှစ်ဦးကို လေးစားစွာဖြင့် လမ်းပြ ခေါ်ဆောင်လာနေသည်။

သို့သော် ထိုအချိန်တွင် စုမိသားစုနှင့် မလှမ်းမကမ်းရှိ ချန်တောင်တန်းမှ အရှိန်အဝါ တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ဒုတိယအဆင့် တောင်ကာကွယ်ရေး အခင်းအကျင်း ပွင့်လာသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် လူ (၃) ဦးလုံး ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားကြပြီး မျက်နှာထားများ ပြောင်းလဲသွားကြတော့သည်။

All Chapters