အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အခန်း (၁၃၀) - အမှောင်နတ်ဘုရား ဆေးလုံး၊ မြေကမ္ဘာနှင့် သစ်သား ပေါင်းစပ်မှု အောင်မြင်ခြင်း
~သူတို့နှင့် စုမိသားစု၏ ချန်တောင်တန်းမှာ မိုင် (၃၀) ခန့်သာ ကွာဝေးတော့သည်။ သူတို့သည် လမ်းတစ်လျှောက်လုံး ခြေရာလက်ရာများကို လျှို့ဝှက် ဖုံးကွယ်ထားခဲ့ကြ၏။ ယွင်ကျန်းဂိုဏ်း၊ ယွီမိသားစု၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်းများပင်လျှင် သူတို့၏ ခြေရာကို လိုက်နိုင်စွမ်း မရှိကြပေ။
သို့ပါလျက်နှင့် သူတို့ ချန်တောင်တန်းအနီးသို့ ချဉ်းကပ်လာချိန်ကျမှ စုမိသားစုသည် မည်သို့သော အကြောင်းကြောင့် တောင်ကာကွယ်ရေး အခင်းအကျင်းကို ဖွင့်လှစ်လိုက်ရသနည်း။
ချောမောခန့်ညားသော အမျိုးသားသည် နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်မိသည်။ ချန်တောင်တန်း ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း စိတ်ဝင်စားစရာ ကောင်းနေပုံ ရလေ၏။ ထို့နောက် သူသည် ခေါင်းငဲ့လိုက်ပြီး သူ့နောက်ပါးမှ လူကို မေးလိုက်၏။
"မင်း ဘယ်လို ထင်သလဲ"
သူတို့နောက်မှ လိုက်ပါလာသူမှာ မျက်နှာထား အုံ့မှိုင်းနေပြီး နေရထိုင်ရ ခက်ခဲနေပုံ ပေါက်နေသည်။ ထိုသူသည် စုမိသားစု၏ ချန်တောင်တန်း ရှိရာဘက်သို့ ငေးမော ကြည့်ရှုနေလေ၏။
ဒုတိယအဆင့် ထိပ်တန်း တောင်ကာကွယ်ရေး အခင်းအကျင်းမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် သူ အနည်းငယ် အံ့ဩသွားရသည်။ ချန်တောင်တန်း၌ ဤမျှ ကြီးမားသော အခင်းအကျင်းမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
အခြေအနေတွေက တကယ်ပဲ ပြောင်းလဲသွားခဲ့၏။
ချောမောသော အမျိုးသား၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူ အသိစိတ် ပြန်ဝင်လာပြီး ပြန်လည် ဖြေကြားလိုက်သည်။
"ကျွန်တော်တို့ကြောင့်တော့ မဖြစ်နိုင်ပါဘူး... မဟုတ်ရင် အခုအချိန်မှာ စုမိသားစုက တောင်ကာကွယ်ရေး အခင်းအကျင်း ဖွင့်နေမှာ မဟုတ်ဘဲ ယွင်ကျန်းဂိုဏ်းနဲ့ ယွီမိသားစုလို အင်အားစုတွေက လူတွေ ရောက်နေလောက်ပြီ"
"ဒါပေမဲ့ စုမိသားစုက အခုလို လုပ်လိုက်တော့ လူအများကြီးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သလို ဖြစ်သွားပြီ... ကျွန်တော်တို့ အမြန် ထွက်သွားတာ ပိုကောင်းမယ် ထင်တယ်"
ချောမောသော အမျိုးသားက တဟဲဟဲ ရယ်မောလိုက်သည်။
"ငါက နေရာကောင်းကောင်း တစ်နေရာလောက် ရှာပြီး ခဏလောက် အခြေချမလို့ စိတ်ကူးနေတာ... ပြီးတော့ မင်းကို ကျင့်ကြံခြင်း လမ်းစဉ်အကြောင်း သေချာ နားလည်သွားအောင် ကူညီပေးမလို့လေ... စုမိသားစုက ဒီလောက် စိတ်ဝင်စားဖို့ ကောင်းနေမယ်လို့ မထင်ထားမိဘူး"
သူသည် အကြည့်ကို ရွှေ့လိုက်ပြီး ချန်တောင်တန်း ရှိရာဘက်သို့ တဖန် ပြန်လည် ကြည့်ရှုလိုက်ပြန်သည်။ တစ်ခုခုကို လှုပ်ရှား ပြုလုပ်ချင်နေပုံ ရလေ၏။
ထိုအခါ ဆံပင်များမှ ဖျော့တော့သော အနီရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် အမျိုးသားက ချက်ချင်း ဝင်ပြောလိုက်သည်။
"စိတ်မလောပါနဲ့... သွေးဓား မိတ်ဆွေ... ဒါက ဒုတိယအဆင့် ထိပ်တန်း တောင်ကာကွယ်ရေး အခင်းအကျင်းကွ... ငါတို့ ပူးပေါင်းပြီး တိုက်မယ် ဆိုရင်တောင်မှ ဖြိုခွင်းဖို့ အချိန်တစ်ခု ယူရလိမ့်မယ်... ပြီးတော့ လူတွေ အများကြီး အာရုံစိုက်လာကြလိမ့်မယ်"
"ဒါကြောင့် သွားကြစို့"
ဤ ချောမောခန့်ညားသော အမျိုးသား ဆိုသည်မှာ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း တိုက်ခိုက်မှု အများအပြား ကျူးလွန်ခဲ့ပြီး ယွင်ကျန်းဂိုဏ်း၏ လိုက်လံ ဖမ်းဆီးမှုမှ လွတ်မြောက်နေသူ၊ နာမည်ဆိုးဖြင့် ကျော်ကြားသော 'သွေးဓား လော့ပန်း' ပင် ဖြစ်လေ၏။
လော့ပန်းသည် လက်ကာပြလိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"မလောပါနဲ့ကွာ... အရင် သွားကြည့်ရအောင်"
ထိုသို့ ပြောပြီးနောက် လော့ပန်းသည် ရှေ့မှ ဦးဆောင်ကာ စုမိသားစု၏ ချန်တောင်တန်း ရှိရာသို့ ထွက်ခွာသွားလေ၏။
သူ့နောက်မှ လိုက်ပါလာသော 'ပိုင်ယန်' အမည်ရှိ ဆေးပညာရှင်သည် မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း ဆက်လက် လိုက်ပါသွားရရှာသည်။ ကျန်ရစ်နေသော တစ်ယောက်မှာမူ မည်သည့် ကန့်ကွက်စကားမျှ မဆိုရဲဘဲ ခေါင်းငုံ့ကာ တိတ်တဆိတ် လိုက်ပါသွားရလေ၏။
—-----
ချန်တောင်တန်း။
ရုတ်တရက် ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ် အခြေအနေကြောင့် စုမိသားစုဝင် အားလုံး လန့်ဖျတ်သွားကြသည်။ ဆေးလုံးများ ရရှိရန် စောင့်ဆိုင်းနေကြသော ဧည့်သည်များ ဖြစ်ကြသည့် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မိသားစုဝင် တချို့လည်း အပါအဝင် ဖြစ်လေ၏။ သူတို့အားလုံး အလျင်အမြန် ထွက်ပေါ်လာကြပြီး စုဖုန်း၏ ဘေးနားတွင် ဝိုင်းအုံ လာကြသည်။
"မိသားစုခေါင်းဆောင် စု... ဘာဖြစ်တာလဲ... ဘာလို့ တောင်ကာကွယ်ရေး အခင်းအကျင်းကို ဖွင့်လိုက်ရတာလဲ"
"ဘုရားရေ... ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်းကြီးပါလား... စုမိသားစုရဲ့ အခြေခံ အုတ်မြစ်က တကယ်ကို တောင့်တင်းတာပဲ... ဒုတိယအဆင့် ဝိညာဉ်ကြော အထောက်အပံ့ မပါဘဲ ဒီအရာကို မောင်းနှင်ဖို့ ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ကုန်လိုက်မလဲ"
"မိသားစုခေါင်းဆောင် စု... ကျုပ်တို့အားလုံးက ဧည့်သည်တွေပါ... ခင်ဗျားတို့ မိသားစုက ဒီ အခင်းအကျင်းကြီးကို သုံးပြီး ကျုပ်တို့ကို ရန်ရှာမလို့တော့ မဟုတ်ပါဘူးနော်"
လူအုပ်ကြီးသည် စုဖုန်းအနားသို့ တိုးကပ်လာကြသည်။ သူတို့၏ ရင်ထဲတွင် သံသယများနှင့် သတိထားမှုများ ပြည့်နှက်နေသော်လည်း သတင်းအချက်အလက် ရရှိရန်အတွက် ဟာသနှောပြီး စပ်စုမေးမြန်းနေကြခြင်း ဖြစ်သည်။
"မိတ်ဆွေတို့... စိတ်ချကြပါ... ချန်တောင်တန်းပေါ်မှာ ခင်ဗျားတို့ လုံးဝ ဘေးကင်းပါတယ်... ဘာမှ မဖြစ်စေရပါဘူး"
စုဖုန်းသည် သူတို့ကို နှစ်သိမ့်လိုက်သော်လည်း ရင်ထဲတွင်မူ ပြင်းထန်စွာ ဝေခွဲမရ ဖြစ်နေလေ၏။ ဘာဖြစ်နေမှန်း သူကိုယ်တိုင်လည်း မသိပေ။
သူသည် စုယွီ၏ ညွှန်ကြားမှုကို ကြားလိုက်ရသည်နှင့် တပြိုင်နက် မည်သည့် မေးခွန်းမျှ မထုတ်ဘဲ အခင်းအကျင်းကို ဖွင့်လိုက်ခြင်းသာ ဖြစ်သည်။
"ဝူး... ဝူး... ဝူး"
ခဏအကြာတွင် စုယွီ၊ စုပင်း၊ စုကျင်းပန်နှင့် စုမိသားစု၏ အခြား အကြီးအကဲများ အားလုံး ထွက်ပေါ်လာကြသည်။
ဆေးတောင်းခံရန် ရောက်ရှိနေကြသော ဧည့်သည်များသည် စုယွီကို မြင်လိုက်ရသည်နှင့် မျက်လုံးများ အရောင်လက်သွားကြသည်။ သူတို့အားလုံး ရှေ့သို့ တိုးဝင်လာကြပြီး လေးစားမှု၊ မြှောက်ပင့်မှုများ ပါဝင်သော လေသံများဖြင့် နှုတ်ဆက်ကြလေ၏။
"ဂါရဝပြုပါတယ် ဆေးပညာရှင် ယွီ"
"ဟားဟားဟား... ချန်တောင်တန်းကို ရောက်ကတည်းက ဆေးပညာရှင်ကို တွေ့ချင်နေခဲ့တာ... အခုမှပဲ ဆန္ဒပြည့်ဝသွားတော့တယ်"
"အကြီးအကဲ... ကျွန်တော်က သေမျိုး တိုင်းပြည် လီမိသားစုကပါ... ကျွန်တော့်ရဲ့ ဦးလေး 'လီရှီးနန်' က အကြီးအကဲနဲ့ တစ်ခါ ဆုံဖူးတယ်လို့ ပြောပါတယ်... ဒီတစ်ခေါက် ကျွန်တော် ဆေးလာတောင်းရင်း ဦးလေးက အကြီးအကဲကို နှုတ်ဆက်စကား ပါးလိုက်ပါသေးတယ်"
ကနဦးတွင် စုယွီသည် လူများကို ပြုံးပြပြီး ခေါင်းငြိမ့် နှုတ်ဆက်နေရုံသာ ရှိသော်လည်း လူအုပ်ထဲမှ လီရှီးနန်၏ နာမည်ကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောင်အသွားရသည်။
လီရှီးနန် ဟုတ်လား။
ဒီနာမည်က သူ့မှတ်ဉာဏ်ထဲမှာ တော်တော်လေး ဝေဝါးနေပြီ ဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ထိုကဲ့သို့သော လူတစ်ယောက် ရှိခဲ့ဖူးကြောင်း သူ ရေးရေးလေး ပြန်သတိရလာသည်။
သူသည် လူအုပ်ထဲတွင် ရပ်နေသော အသက် (၅၀) ဝန်းကျင်၊ ချီစွမ်းအင် စုစည်းခြင်း (အဆင့် ၆) ရှိပြီး သာမန် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးကို ကြည့်လိုက်သည်။ လီရှီးနန်နှင့် တွေ့ဆုံစဉ်က သူသည် လူသားတိုင်းပြည် တစ်ခုမှ မင်းသား သို့မဟုတ် မင်းသားအမွေခံ တစ်ဦး ဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်ဟု ထင်သည်။
စုယွီ ပြုံးလိုက်ပြီး ပြောလိုက်၏။
"မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်နေတာကိုး... မိတ်ဆွေကြီး လီ တစ်ယောက် ဒီနှစ်တွေထဲ နေကောင်းကျန်းမာရဲ့လား"
စုယွီက အမှန်တကယ် ရပ်တန့်ပြီး ပြန်လည် ပြောဆိုသည်ကို မြင်သောအခါ ထိုအမျိုးသားမှာ အတော်လေး စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
"ကျွန်တော့် ဦးလေးတော်က ယွင်ကျန်းဂိုဏ်းမှာ ကျင့်ကြံနေတုန်း ဒဏ်ရာတချို့ ရခဲ့ပြီးနောက် အခြေခံ တည်ဆောက်ခြင်း အဆင့် တက်လှမ်းဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ယူဆပြီး တိုင်းပြည်ကို ပြန်လာဖို့ ရွေးချယ်ခဲ့ပါတယ်"
"အခုတော့ သူ တော်တော်လေး နေကောင်းပါတယ်... ကျင့်ကြံခြင်း လောက ကိစ္စတွေနဲ့ မပတ်သက်ဘူး ဆိုရင်တော့ သူက လူသားကမ္ဘာမှာ ဖုံးကွယ်နေတဲ့ ဘုရင် တစ်ပါးလိုပါပဲ"
လူသားကမ္ဘာမှာ ဖုံးကွယ်နေတဲ့ ဘုရင်တစ်ပါးလား။
စုယွီ တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။ အကယ်၍ ကျင့်ကြံသူ တစ်ဦးတွင် ရည်မှန်းချက်ကြီးကြီးမားမား မရှိပါက၊ သာမန် လူသားများကို သတ်ဖြတ်ခြင်း မပြုသရွေ့ လူသားကမ္ဘာတွင် ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပေသည်။ သို့သော် လီရှီးနန် အနေဖြင့် အခြေခံ တည်ဆောက်ခြင်း အဆင့်ကို မတက်လှမ်းနိုင်ခဲ့ခြင်းမှာ နှမြောစရာ ကောင်းလှပေသည်။
အတိတ်ကို ပြန်ကြည့်လျှင် သူနှင့် ချန်စီစီတို့သည် လီရှီးနန်နှင့် ဦးစွာ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။
ချန်စီစီသည် အခြေခံ တည်ဆောက်ခြင်း အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
သူ သိကျွမ်းသော ယွင်ကျန်းဂိုဏ်း တပည့် သိပ်မများသော်လည်း လီရှီးနန် တစ်ယောက်တည်းသာ အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် ကျရှုံးခဲ့ရသည်။
ယွီချန်ချင်း ဆိုလျှင် သူ၏ အကူအညီကြောင့် ကနဦး ကျရှုံးမှုပြီးနောက် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
မမှားပါ။
ယွင်ကျန်းဂိုဏ်း တပည့် အများစုကတော့ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို မတက်လှမ်းနိုင်ကြပါ။ ထျဲမုန်ကျူး၊ ရှီလုအာ၊ ချန်ကျားယင်း တို့ကဲ့သို့ သူ ဆုံတွေ့ဖူးသော တပည့်များသည် ယွင်ကျန်းဂိုဏ်းတွင် အတော်ဆုံး စာရင်းဝင်များ ဖြစ်ကြပေသည်။
သူတို့သာ သာမန် ပါရမီရှင်များ ဖြစ်နေခဲ့လျှင် ယွင်ကျန်းဂိုဏ်း၏ ဂုဏ်ယူရသော သမီးပျို လော့ချန်ယွီနှင့် နီးကပ်စွာ နေခွင့်ရကြမည် မဟုတ်ပေ။
စုယွီက ပြောလိုက်သည်။
"မိတ်ဆွေကြီး လီ... သနားစရာ ကောင်းလိုက်တာဗျာ"
ထိုသို့ ပြောပြီးနောက် စုယွီသည် စုဖုန်း၏ ဘေးနားသို့ လျှောက်သွားလိုက်သည်။ စုပင်း၊ စုကျင်းပန်နှင့် အခြားသူများလည်း ဝိုင်းအုံလာကြသည်။
တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မိသားစုများမှ လူများသည် ဘေးသို့ ဖယ်ပေးကြပြီး စုယွီကို စိတ်ဝင်တစား ကြည့်ရှုနေကြလေ၏။
အခန်း (၁၃၁) - အမှောင်နတ်ဘုရား ဆေးလုံး၊ မြေကမ္ဘာနှင့် သစ်သား ပေါင်းစပ်မှု အောင်မြင်ခြင်း (အပိုင်း ၂)
~စုပင်းက လေသံကို နှိမ့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... ဘာကိစ္စ ရှိလို့လဲ.."
စုယွီသည် ချန်တောင်တန်း အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ကျွန်တော်... အန္တရာယ် အငွေ့အသက် တစ်ခုကို အာရုံခံမိနေတယ်"
ထိုစကားကို ကြားသောအခါ စုပင်း၊ စုကျင်းပန်၊ စုဖုန်း၊ စုယွင်နှင့် အခြားသူများ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြသည်။ စုယွီသည် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၂) သာ ရှိသေးသော်လည်း ဒုတိယအဆင့် အလယ်အလတ်တန်းစား ဆေးပညာရှင် တစ်ဦး ဖြစ်သည့်အပြင် သူ၏ အာရုံသိနှင့် ထိုးထွင်းသိမြင်မှု စွမ်းရည်မှာ သူတို့အားလုံးထက် များစွာ သာလွန်ကြောင်း သူတို့ သိကြသည်။
ထို့အပြင် စုယွီတွင် ဒုတိယအဆင့် အလယ်အလတ်တန်းစား ဝိညာဉ် သားရဲ နှစ်ကောင် ရှိနေသည်ကိုလည်း သူတို့ သိထားကြသည်။
စုမိသားစု အတွင်း၌ စုယွီ၏ အဆင့်အတန်းသည် သူတို့အားလုံးထက် မြင့်မားလေ၏။
ထို့ကြောင့် စုယွီ ကိုယ်တိုင်က ခြိမ်းခြောက်မှုဟု ခံစားမိသည် ဆိုလျှင် ထိုအရာသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
ထိုစကားကို ကြားလိုက်ရသော တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း မိသားစုဝင် တချို့သည် နားမလည်နိုင်စွာဖြင့် တီးတိုး ပြောဆိုနေကြသည်။
"အတိတ်က စုမိသားစုနဲ့ ရန်ငြိုး ရန်စ ရှိခဲ့တဲ့ သူတွေများလား"
တစ်ယောက်က သတိကြီးစွာဖြင့် ခန့်မှန်း ပြောဆိုလိုက်သည်။
စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"စုမိသားစုမှာ ပုဂ္ဂိုလ်ရေး ရန်ငြိုးဆိုတာ မရှိပါဘူး... တကယ်လို့ ရှိခဲ့ရင်တောင် စုမိသားစုထက် အင်အားကြီးတဲ့ သူတွေက ပေါ်ပေါ်ထင်ထင်ပဲ လာရင်ဆိုင်ကြမှာပါ... အင်အားနည်းတဲ့ သူတွေကတော့... ဒီလို လုပ်စရာ အကြောင်း မရှိပါဘူး... စုမိသားစုက ကြောက်တတ်တဲ့ အထဲမှာ မပါဘူးလေ"
"ဝုန်း"
ထိုအချိန်တွင် ချန်တောင်တန်းနှင့် မိုင်အနည်းငယ် အကွာ၌ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာ အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး မိုးလုံးပြည့် မည်းမှောင်နေသော တိမ်တိုက်ကြီး တစ်ခုအလား ချန်တောင်တန်းဆီသို့ ရိုက်ခတ်လာလေ၏။
အက်ကွဲသော အသံ တစ်ခုက ချန်တောင်တန်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"ဟဲ... ဟဲ... ငါ လာမယ် ဆိုတာကို စုမိသားစုက ကြိုသိနေတာလား"
"မင်းတို့မှာ ဒုတိယအဆင့် ထိပ်တန်း တောင်ကာကွယ်ရေး အခင်းအကျင်းတောင် ရှိနေတာပဲ... ဒါပေမဲ့ ဒီလို အဆင့်လောက် ရှိတဲ့ အခင်းအကျင်းလေး တစ်ခုက ငါ့ကို တားဆီးနိုင်မယ်လို့ မထင်လိုက်နဲ့"
ထိုအသံမှာ မာန်မာန ထောင်လွှားလွန်းလှသည်။
စကားလုံးတိုင်းတွင် 'ငါ' ဟူသော အသုံးအနှုန်းကို ထပ်ခါတလဲလဲ သုံးစွဲနေ၏။
သို့သော် ထိုအသံကို ကြားလိုက်ရသည်နှင့် စုယွီနှင့် စုယွင်တို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြသည်။
"သွေးဓား လော့ပန်းပဲ"
"ဝူး"
သူတို့ ဘာမှ မတုံ့ပြန်နိုင်မီမှာပင်၊
ချန်တောင်တန်း၏ တောင်ကာကွယ်ရေး အခင်းအကျင်း အပြင်ဘက် ကောင်းကင်ယံတွင် ထီးပုံသဏ္ဍာန် မှော်လက်နက် တစ်ခု ပျံဝဲလာသည်။ ၎င်း၏ အရှိန်အဝါမှာ ကြောက်ခမန်းလိလိပင်။ သေချာ ကြည့်လိုက်သောအခါ ထိုအရာသည် ယွင်ရှန်း ဈေးမြို့တော်မှ သွေးဓား လော့ပန်း ခိုးယူသွားခဲ့သော မပြည့်စုံသည့် အထွတ်အထိပ် အဆင့် မှော်လက်နက် 'လော့ထျန်း ထီး'
( ကောင်းကင်ဘုံ မိုးကောင်းကင်ထီး ) ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
'လော့ထျန်း ထီး' သည် ကျင့်ကြံခြင်း လောကတွင် အလွန် ကျော်ကြားလှပေသည်။ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားအပြင် အခင်းအကျင်းများကို ဖြိုခွင်းနိုင်စွမ်းလည်း ရှိလေ၏။
ကျင့်ကြံခြင်း လောကတွင် ၎င်းကို 'အခင်းအကျင်း ဖျက်ဆီးသူ' ဟုပင် တင်စား ခေါ်ဝေါ်ကြသည်။
"ဝုန်း"
'လော့ထျန်း ထီး' သည် ကောင်းကင်ယံမှ တစ်ဟုန်ထိုး ပျံသန်းလာပြီး လူအုပ်ကြီး၏ ထိတ်လန့်တကြား အကြည့်များ အောက်၌ စုမိသားစု၏ တောင်ကာကွယ်ရေး အခင်းအကျင်း အကာအကွယ် အလွှာကြီးနှင့် ဝင်ရောက် တိုက်မိလေတော့သည်။
ချက်ချင်း ဆိုသလိုပင်၊ ချန်တောင်တန်း အထက်ရှိ ဒုတိယအဆင့် ထိပ်တန်း တောင်ကာကွယ်ရေး အခင်းအကျင်း၏ အကာအကွယ် အလွှာကြီးသည် ပြင်းထန်စွာ တုန်ခါသွားသည်။ အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် 'လော့ထျန်း ထီး' ၏ စွမ်းအား ကုန်ဆုံးသွားသဖြင့် တုန်ခါသံ တစ်ချက်ပေးကာ နောက်သို့ ပြန်ကန်ထွက်သွားလေ၏။ စုမိသားစု၏ အခင်းအကျင်းသည် 'လော့ထျန်း ထီး' ၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ဟန့်တားနိုင်လိုက်သည်။
သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင် စုဖုန်း၏ မျက်နှာမှာ စာရွက် တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားပြီး ပါးစပ်မှ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရသည်။
တောင်ကာကွယ်ရေး အခင်းအကျင်း တုန်ခါသွားမှုသည် အခင်းအကျင်းကို ထိန်းချုပ်ထားသော သူ့အတွက် ခံနိုင်ရည် မရှိလောက်အောင် ပြင်းထန်လွန်းလှပေသည်။
စုယွီ မျက်မှောင်ကြုတ်သွားပြီး စုဖုန်း၏ ဘေးနားသို့ လျင်မြန်စွာ ရောက်သွားကာ လက်တစ်ဖက်ကို စုဖုန်း၏ ပခုံးပေါ်သို့ တင်လိုက်သည်။
"ဝူး"
သူ့ခန္ဓာကိုယ် အတွင်းမှ သစ်သားဓာတ် မှော်စွမ်းအင်များ လည်ပတ် စီးဆင်းသွားပြီး စုဖုန်း၏ ခန္ဓာကိုယ်ထဲသို့ လောင်းထည့်လိုက်သည်။
အားကောင်းသော သစ်သားဓာတ် အသက်စွမ်းအားများသည် စုဖုန်း၏ ခန္ဓာကိုယ် အတွင်းရှိ ဒဏ်ရာများကို လျင်မြန်စွာ ကုစားပေးလိုက်ပြီး သူ၏ သက်လုံကို ပြန်လည် ဖြည့်တင်းပေးလိုက်သည်။
ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာသော ပြင်းထန်သည့် ကုသမှု စွမ်းအားကို ခံစားလိုက်ရသောအခါ စုဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။
ဤကုသမှု အာနိသင်သည် (ပထမအဆင့်) ထိပ်တန်း အားဖြည့်ဆေးလုံး တစ်လုံးထက်ပင် (၁၀) ဆ ခန့် ပိုမို အစွမ်းထက်နေသည် မဟုတ်ပါလော။
"ဝုန်း"
အပြင်ဘက်တွင် သွေးဓား လော့ပန်းသည် မပြည့်စုံသည့် အထွတ်အထိပ် အဆင့် မှော်လက်နက် 'လော့ထျန်း ထီး' ကို အသုံးပြု၍ ချန်တောင်တန်း၏ အခင်းအကျင်းကို ထပ်ခါတလဲလဲ တိုက်ခိုက်နေသည်။ တိုက်ခိုက်မှု တစ်ကြိမ်တိုင်းတွင် စုဖုန်းသည် သွေးတစ်လုပ် အန်ထုတ်ရရှာသည်။
စုဖုန်းကို ကုသပေးနေရင်း စုယွီသည် ချန်တောင်တန်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်း နက်နက်ထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွား၏။
သူ့ကို အနိုင်ကျင့်ရ လွယ်ကူသည်ဟု ထင်နေကြသည်လော။
ထိုစဉ်၊ ချန်တောင်တန်း အပြင်ဘက်၌၊
တစ်ပေခန့် အရွယ်အစားသို့ ကျုံ့ထားသော ရုပ်သေး သားရဲ တစ်ကောင် ဘွားခနဲ ထွက်ပေါ်လာပြီး မိုင်အနည်းငယ် အကွာအဝေး ကောင်းကင်ယံရှိ လူရိပ်ကို ချိန်ရွယ်ရန် ပြင်ဆင်လိုက်သည်။ 'လော့ထျန်း ထီး' ကို ထိန်းချုပ်ကာ ချန်တောင်တန်းကို ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်နေသော သွေးဓား လော့ပန်းသည် ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားပြီး သူ့ရင်ထဲတွင် အန္တရာယ် အငွေ့အသက် တစ်ခု လှိုက်တက်သွားရသည်။
လော့ပန်း လန့်ဖျတ်သွားသည်။
'ဘာလဲဟ'
နောက်တစ်ခဏတွင် လော့ပန်းသည် 'လော့ထျန်း ထီး' ကို ချက်ချင်း ပြန်ခေါ်လိုက်သည်။ 'လော့ထျန်း ထီး' ထံမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေ၏။
"ရွှစ်"
မျက်တောင်တစ်ခတ် အတွင်းမှာပင် 'လော့ထျန်း ထီး' သည် သွေးဓား လော့ပန်းကို သယ်ဆောင်ပြီး မိစ္ဆာ လွတ်မြောက်ခြင်း နည်းစနစ် ကို အသုံးပြုကာ ထွက်ပြေးသွားတော့သည်။
နောက်ဘက် မိုင်အနည်းငယ် အကွာရှိ တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေကြသော ဆေးပညာရှင် ပိုင်ယန်နှင့် အခြား အမျိုးသား တစ်ဦးတို့သည် သွေးဓား လော့ပန်းက စုမိသားစုကို ပြဿနာ ရှာနေသည်ကို ကြည့်ရှုနေရင်း ရုတ်တရက် နှလုံးခုန် ရပ်တန့်သွားမတတ် ခံစားလိုက်ရသည်။
"ဘာဖြစ်တာလဲ"ဟု
ဆေးပညာရှင် ပိုင်ယန် အံ့သြတကြီး မေးလိုက်သည်။
လော့ပန်း၏ အသံတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေပြီး စိတ်ချင်း ဆက်သွယ်ကာ အော်ဟစ်လိုက်သည်။
"ပြေးကြ... ဒီနေရာကနေ အမြန် ထွက်ကြ... ဒီ စုမိသားစုက ရိုးရိုး မဟုတ်ဘူး... စောစောက ငါ့ဆီကို ချိန်ရွယ်လာတဲ့ ခြိမ်းခြောက်မှု အငွေ့အသက် တစ်ခု ခံစားလိုက်ရတယ်... သေရမလို ခံစားချက်မျိုးကွ"
"ချီးပဲ... ငါ ဒီတစ်ခါ ပေါ့ဆမိသွားတယ်... ငါတို့ ဒီမှာ သေလို့ မဖြစ်ဘူး"
"ရွှစ်"
လော့ပန်း၏ စကား မဆုံးမီမှာပင် ဆေးပညာရှင် ပိုင်ယန်သည် ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုကာ ထွက်ပြေးသွားတော့သည်။ မပြည့်စုံသည့် အထွတ်အထိပ် အဆင့် မှော်လက်နက်ကို အသုံးပြုပြီး ထွက်ပြေးသော လော့ပန်း၏ အမြန်နှုန်းနှင့် မယှဉ်နိုင်သော်လည်း သူ၏ အမြန်နှုန်းမှာလည်း အလွန် မြန်ဆန်လှပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေ၏။
ဘာ... ဘာဖြစ်သွားတာလဲ။
ကျန်ရစ်ခဲ့သော အမျိုးသား တစ်ယောက်တည်းသာ ထုံထိုင်းနေလေသည်။ ခဏအကြာမှ အခြေအနေကို သဘောပေါက်သွားပြီး မျက်နှာထား ပြောင်းလဲသွားကာ သူတို့နောက်သို့ အသည်းအသန် လိုက်ပါ ထွက်ပြေးရလေတော့သည်။
သို့သော် လက်တွေ့တွင်မူ...
ရုပ်သေး သားရဲသည် နေရာမှ တစ်လက်မမျှ မရွေ့လျားခဲ့ပေ။ ၎င်း၏ အရှိန်အဝါ တစ်စွန်းတစ်စမျှပင် ထွက်ပေါ်ခြင်း မရှိခဲ့ချေ။ ၎င်းသည် ထွက်ပြေးသွားသော သွေးဓား လော့ပန်းကို ကြည့်ရင်း မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
'သူ့ရဲ့ အာရုံခံနိုင်စွမ်းက ဒီလောက်တောင် ကောင်းတာလား'
သူသည် ရုပ်သေး သားရဲ၏ ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ထိုလူကို မောင်းထုတ်ရန် ပြင်ဆင်နေရုံသာ ရှိသေးသော်လည်း လော့ပန်းက ကြိုတင် အာရုံခံမိပြီး ပြတ်သားစွာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ သူသည် ချန်တောင်တန်းမှ လွတ်မြောက်ရန်အတွက် မိစ္ဆာ ကျင့်ကြံသူများ၏ အစွမ်းထက်သော လွတ်မြောက်ခြင်း နည်းစနစ်ကိုပင် အသုံးပြုသွားခဲ့လေ၏။
ဤနည်းစနစ်သည် သာမန် မဟုတ်ပေ။ အသုံးပြုလိုက်တိုင်း မိမိ၏ သက်စောင့်စွမ်းအားကို ပေးဆပ်ရလေ့ ရှိသည်။
ဒါက မိစ္ဆာ ကျင့်ကြံသူတွေကြားမှာ နာမည်ကြီးသော အသက်ကယ် နည်းလမ်း တစ်ခုပင်။
‘ဒီ လော့ပန်း ဆိုတဲ့ လူက အားမနည်းဘူး... ပြီးတော့ သူ့ရဲ့ အာရုံခံနိုင်စွမ်းကလည်း တော်တော် ကောင်းတာပဲ... ဒါပေမဲ့ သူ ဒီလောက်အထိ သူရဲဘောကြောင်ပြီး ယုတ်မာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။
ဒါကလည်း တစ်မျိုးတော့ ယုတ်မာတာပဲ။’
‘သူ နိုင်မယ်ထင်ရင် ဘယ်သူ့ကိုမဆို... ကောင်းကင်ဘုံ ဧကရာဇ်ကိုတောင် တိုက်ခိုက်လိမ့်မယ်... မနိုင်ဘူး ထင်ရင်တော့ ချက်ချင်းပဲ နောက်မတွန့်ဘဲ ထွက်ပြေးတော့တာပဲ... အဲ့ဒီလူ ဒီလောက်ထိ အသက်ရှည်နေတာ မဆန်းပါဘူးလေ။’
သို့သော်ငြားလည်း…။
အခန်း (၁၃၂) - အမှောင်နတ်ဘုရား ဆေးလုံး၊ မြေကမ္ဘာနှင့် သစ်သား ပေါင်းစပ်မှု အောင်မြင်ခြင်း (အပိုင်း ၃)
~အနာဂတ်ကို ဘယ်သူမှ သေချာ မခန့်မှန်းနိုင်ပေ။
အကယ်၍ သွေးဓား လော့ပန်းနှင့် အခြားသူများ ယခုတစ်ကြိမ် ထွက်ပြေး လွတ်မြောက်သွားခဲ့လျှင်တောင် နောင်လာမည့် နှစ် (၁၈၀) ကြာပြီးနောက်တွင် မည်သို့ ရှိနေမည်နည်း။
'မင်းတို့ အဲဒီအချိန်ထိ အသက်ရှင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... အဲဒီအချိန်ကျမှသာ ဒီနေ့ ဘာကြောင့် ထွက်ပြေးခဲ့ရသလဲ ဆိုတာကို မင်းတို့ နားလည်လာမှာပါ'
ရုပ်သေးခန္ဓာကိုယ်က သူ့ရင်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူတို့ကို လိုက်လံ ဖမ်းဆီးရန် ဆန္ဒ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ် စွမ်းအားမှာ အပြည့်အဝ ပြန်လည် မကောင်းမွန်သေးသောကြောင့် ဖြစ်သည်။ လက်ရှိအချိန်တွင် ရုပ်သေးခန္ဓာကိုယ်သည် အခြေခံ တည်ဆောက်ခြင်း (အဆင့် ၆) ၏ စွမ်းအားနှင့်သာ ညီမျှနေသေး၏။ အကန့်အသတ် ရှိသော စွမ်းအားနှင့် အလွန် တန်ဖိုးကြီးမားသော ဝိညာဉ်ကို အသုံးပြုပြီး လော့ပန်းကဲ့သို့ အန္တရာယ်များသော ပုဂ္ဂိုလ်များကို လိုက်လံ တိုက်ခိုက်ခြင်းသည် အန္တရာယ် ကြီးမားလွန်းပြီး မတန်တဆ ဖြစ်နေသည်ဟု ယူဆမိသောကြောင့် ဖြစ်သည်။
လော့ပန်းကို မောင်းထုတ်နိုင်ခဲ့ခြင်းကပင် စုယွီ၏ ရည်ရွယ်ချက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
သို့သော် လော့ပန်းမှာ သာမန် ကြောက်ရွံ့ထွက်ပြေးသွားရုံ သက်သက် မဟုတ်ဘဲ၊ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်းကိုတော့ စုယွီ မသိရှိခဲ့ပေ။
နောင်လာမည့် ကာလများတွင် လော့ပန်းသည် ချန်တောင်တန်း အနီးသို့ ရောက်တိုင်း ကွေ့ဝိုက် ရှောင်ရှား သွားလာတော့မည်မှာ သေချာသလောက် ရှိပေသည်။
ရုပ်သေးခန္ဓာကိုယ်သည် လူ (၃) ဦး ထွက်ပြေးသွားရာ လမ်းကြောင်းကို တွေးတောဆင်ခြင်ဟန်ဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။ အထူးသဖြင့် နောက်ဆုံးမှ ထွက်ပြေးသွားသော လူ၏ အရှိန်အဝါကို သတိပြုမိလိုက်သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် ရင်းနှီးသော နာမည်တစ်ခု ပေါ်လာသည်။
'စုချင်းယီလား'
ထိုအတွေးသည် ရုပ်သေးခန္ဓာကိုယ်ကို သူတို့နောက်သို့ လိုက်လံ ဖမ်းဆီးချင်စိတ် ပြင်းပြလာစေသည်။
သို့သော် အဝေးတစ်နေရာသို့ ပျောက်ကွယ်သွားပြီ ဖြစ်သော အရှိန်အဝါ (၃) ခုကို ကြည့်ရင်း ရုပ်သေးခန္ဓာကိုယ်သည် ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် လက်မြှောက် အရှုံးပေးလိုက်ရပြီး သက်ပြင်းချလိုက်မိသည်။
'ကျန်တဲ့ တစ်ယောက်က လော့ပန်းနဲ့ အရှိန်အဝါ တူနေသလိုပဲ... နှစ်ယောက်စလုံးက အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) မှာ ရှိနေကြတာလား'
ရုပ်သေးခန္ဓာကိုယ်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်လိုက်ပြီး ခန့်မှန်းကြည့်လိုက်သည်။
'ဝူယန်တောင်က ဆေးပညာရှင် ပိုင်ယန် များလား'
သူ မသေချာပေ။
သို့သော် မကြာသေးမီက ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်း မိစ္ဆာလမ်းစဉ်နှင့် ပတ်သက်ပြီး အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) သို့ ရောက်ရှိနေသူဟု သူ သိထားသည်မှာ ပိုင်ယန် တစ်ယောက်တည်းသာ ရှိလေ၏။ ပိုင်ယန်သည် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ (၁၃) ဦးကို ယဇ်ပူဇော်ခဲ့ပြီး၊ ထိုအထဲတွင် ဆေးပညာရှင် အများစု ပါဝင်ခဲ့သဖြင့် ယွင်ကျန်းဂိုဏ်း နယ်မြေ တစ်ခုလုံးကို ရိုက်ခတ်စေခဲ့သည်။
အကယ်၍ ပိုင်ယန်သည် လော့ပန်းနှင့် အမှန်တကယ် ပူးပေါင်းခဲ့သည် ဆိုပါက အရာရာကို ရှင်းပြနိုင်ပြီ ဖြစ်သည်။
သွေးဓား လော့ပန်း၊ ဝူယန်တောင်မှ ပိုင်ယန်နှင့် မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်သွားသော စုချင်းယီ။
မျှော်လင့်မထားသော လူ (၃) ဦး ပေါင်းစည်းမိသွားကြပြီ။
ဤအချက်ကို စဉ်းစားရင်း စုယွီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသည်။
'ဒါဆိုရင် ပိုင်ယန်က အခြေခံ တည်ဆောက်ခြင်း အဆင့် (၁၃) ယောက်ကို ယဇ်ပူဇော်ရာမှာ လော့ပန်းနဲ့ စုချင်းယီတို့ ပါဝင် ကူညီခဲ့ကြတာလား'
'သူတို့က ချန်တောင်တန်း အနီးမှာ ပေါ်လာပြီး တောင်တန်းအတွက် အကြံအစည် တစ်ခုခု ရှိနေပုံပဲ... ဖြစ်နိုင်တာက... မဟုတ်ဘူး... သေချာတာက... စုချင်းယီဟာ သူ့ရဲ့ မိစ္ဆာလမ်းစဉ်ကို ခိုင်မာစေဖို့အတွက် စုမိသားစု တစ်ခုလုံးကို ယဇ်ပူဇော်ဖို့ ကြံစည်နေတာ ဖြစ်ရမယ်'
'စုချင်းယီ...'
စုယွီ၏ ရင်ထဲတွင် ဒေါသများ လှိုက်တက်လာပြီး ထိန်းချုပ်၍ မရနိုင်လောက်အောင် ဆူပွက်လာသည်။
နောက်ဆုံးတွင် သူ့စိတ်ခံစားချက်များကို အနိုင်နိုင် ထိန်းချုပ်လိုက်ရသည်။
ရုပ်သေးခန္ဓာကိုယ်သည် ချန်တောင်တန်း အပြင်ဘက် ဧရိယာကို တိတ်တဆိတ် စစ်ဆေးကြည့်ရှုလိုက်သည်။ လော့ပန်းနှင့် အခြားသူများ အမှန်တကယ် ထွက်ပြေးသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ ချန်တောင်တန်း အတွင်းသို့ တိတ်တဆိတ် ပြန်ဝင်လာခဲ့သည်။
ချန်တောင်တန်း အတွင်း၌မူ၊ စုဖုန်း၊ စုပင်းနှင့် အခြား အကြီးအကဲများ အပါအဝင်၊ တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် အခြား ဂိုဏ်းအဖွဲ့အစည်းများမှ ကျင့်ကြံသူများ အားလုံးသည် ကြောက်လန့်တကြား ဖြူဖျော့နေကြပြီး တုန်ရီနေကြသည်။ လော့ပန်းက 'လော့ထျန်း ထီး' ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ မိုးကုပ်စက်ဝိုင်း အလွန်သို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ အားလုံး ကြောင်အမ်းသွားကြသည်။
ဘာဖြစ်သွားမှန်း သူတို့ နားမလည်နိုင်ကြပေ။
စောစောကတင် လော့ပန်းသည် ချန်တောင်တန်း၏ တောင်ကာကွယ်ရေး အခင်းအကျင်းကို ရက်စက်စွာ တိုက်ခိုက်နေခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ် အတွင်းမှာပင်... သူသည် ရှုံးနိမ့်ပြီး ထွက်ပြေးသွားသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။
"ငါ... ငါ အခုပဲ မြင်လိုက်တာ... သွေးဓား လော့ပန်းက သွေးလွတ်မြောက်ခြင်း နည်းစနစ် ကို သုံးလိုက်တာလား"
"ဟေ့လူတို့... ခင်ဗျားတို့လည်း သွေးလွတ်မြောက်ခြင်း နည်းစနစ်လို့ ထင်ကြတာလား... ငါက ငါ့မျက်စိ မှုန်နေတယ် ထင်နေတာ... တကယ်ကြီး ဘာဖြစ်သွားတာလဲကွာ"
"ဒါ... ငါ မယုံနိုင်ဘူး"
တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် အခြား ဂိုဏ်းအဖွဲ့အစည်းများမှ လူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
သွေးဓားက ချန်တောင်တန်းရှိ စုမိသားစုကို တိုက်ခိုက်တော့မည် မဟုတ်ပါလော။ ဘာကိစ္စ ထွက်ပြေးသွားရသနည်း။
စုယွီသည် ထိုကိစ္စများနှင့် ပတ်သက်ပြီး ဘာမှ ဖွင့်ဟ ပြောဆိုခြင်း မပြုပေ။ အန္တရာယ် ခေတ္တ ကင်းဝေးသွားပြီ ဖြစ်ကြောင်းသာ ပြောကြားလိုက်သည်။ သို့သော် ဆေးလုံးများ ရယူရန် ရောက်ရှိနေကြသော ဧည့်သည်များကို ဆက်လက် နေထိုင်ကြရန် တောင်းဆိုလိုက်ပြီး အနည်းဆုံး လော့ပန်း အမှန်တကယ် ထွက်ခွာသွားသည် အထိ စောင့်ဆိုင်းစေခဲ့သည်။
ကနဦး အံ့သြမှုများ ပြီးဆုံးသွားသောအခါ ထို တစ်သီးပုဂ္ဂလ ကျင့်ကြံသူများနှင့် အခြား အဖွဲ့အစည်းများမှ လူများသည် ချန်တောင်တန်း အထက်တွင် လွင့်မျောနေသော ကာကွယ်ရေး အခင်းအကျင်းကို မလေးစားဘဲ မနေနိုင်ကြတော့ပေ။
မပြည့်စုံသည့် အထွတ်အထိပ် အဆင့် မှော်လက်နက် 'လော့ထျန်း ထီး' ကို ကိုင်ဆောင်ထားသော လော့ပန်း၏ တိုက်ခိုက်မှုကိုပင် ဟန့်တားနိုင်ခဲ့သည်။ အခင်းအကျင်း၏ ကာကွယ်နိုင်စွမ်းမှာ တကယ်ပင် အားကောင်းလှပေသည်။
သို့သော် သူတို့ နားလည်ထားကြသည်မှာ...
အကယ်၍ လော့ပန်းသာ ဆက်လက် တိုက်ခိုက်နေခဲ့ပါက ချန်တောင်တန်း၏ ကာကွယ်ရေးသည် နောက်ဆုံးတွင် ပျက်စီးသွားမည်သာ ဖြစ်သည်။ တစ်နာရီ အတွင်း ဖြစ်နိုင်သလို၊ နှစ်နာရီ အတွင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။ ဤမျှလောက်ကိုတော့ ခန့်မှန်းနိုင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယအဆင့် ထိပ်တန်း တောင်ကာကွယ်ရေး အခင်းအကျင်း၏ အကာအကွယ် အလွှာကြီးသည် 'လော့ထျန်း ထီး' ၏ တိုက်ခိုက်မှုအောက်တွင် ဆက်တိုက် တုန်ခါနေခဲ့ပြီး ကွဲအက်လုနီးပါး ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ 'လော့ထျန်း ထီး' သာ ပြီးပြည့်စုံသော အထွတ်အထိပ်အဆင့် မှော်လက်နက် ဖြစ်ခဲ့ပါက လော့ပန်းသည် တိုက်ခိုက်မှု အနည်းငယ်ဖြင့်ပင် အခင်းအကျင်းကို ဖြိုခွင်းနိုင်ကောင်း ဖြိုခွင်းနိုင်ပေလိမ့်မည်။
ဧည့်သည်များကို ဖြေသိမ့်ပြီးနောက် စုယွီ၊ စုပင်း၊ စုဖုန်းနှင့် အခြားသူများသည် နောက်ဖေးဝင်းသို့ ဆုတ်ခွာလာခဲ့ကြသည်။
စုယွီက ပြောလိုက်သည်။
"အပြင်မှာ သွေးဓား လော့ပန်း အပြင် တခြား လူနှစ်ယောက်ပါ ရှိနေပုံပဲ... တစ်ယောက်က အခြေခံ တည်ဆောက်ခြင်း (အဆင့် ၉) မှာ ရှိပြီး သက်တမ်းရင့်နေတဲ့ အရှိန်အဝါ တစ်ခု ရှိတယ်... အဲဒါ ဝူယန်တောင်က ဆေးပညာရှင် ပိုင်ယန် ဖြစ်မယ်လို့ ကျွန်တော် သံသယ ရှိတယ်... ကျန်တဲ့ တစ်ယောက်ကတော့..."
စုယွီသည် အခန်းထဲရှိ စုပင်း၊ စုဖုန်းနှင့် အခြား မိသားစု အကြီးအကဲများကို ဝေ့ဝဲကြည့်လိုက်ပြီး လေသံကို နှိမ့်ကာ ပြောလိုက်သည်။
"အခြေခံ တည်ဆောက်ခြင်း (အဆင့် ၄) ရှိတယ်... သူ့ရဲ့ အရှိန်အဝါက ရင်းနှီးနေသလိုပဲ... ကျွန်တော် သံသယ ရှိတာကတော့... အဲဒါ စုချင်းယီ ပါ"
စုပင်း၊ စုဖုန်း၊ စုယွင်၊ စုရို့ဆုနှင့် အားလုံး၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွားပြီး တုန်လှုပ်ခြောက်ခြားသွားကြသည်။
"ချင်း... ချင်းယီ ဟုတ်လား"
"ဝုန်း"
စုပင်း၏ မျက်လုံးများတွင် အနီရောင် သန်းလာပြီး ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ သူသည် ရှေ့ရှိ ကျောက်စားပွဲကို လက်ဖြင့် ရိုက်ခွဲပစ်လိုက်ပြီး ကျိန်ဆဲလိုက်တော့သည်။
"လူယုတ်မာ... ငါတို့ စုမိသားစုမှာ ဘယ်လိုလုပ် ဒီလို အမိုက်ကောင် ရှိနေရတာလဲ... သောက်ကျိုးနည်း.... ဟူး... ဟူး... ဟူး"
စုပင်းသည် အသက်ကို ပြင်းပြင်း ရှူရှိုက်နေရသည်။ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မဝတော့ပေ။
စုဖုန်း၊ စုယွင်၊ စုရို့ဆုနှင့် အခြားသူများသည်လည်း အလွန်အမင်း စိတ်ပျက်နေပုံရပြီး ပုံမှန်ထက် ပိုမို မြန်ဆန်စွာ အသက်ရှူနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ထင်ရှားသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေ၏။